Sunday, July 19, 2009

Working in Singapore Part XXIII (About Work Permit)

အခန်း (၂)

Work Permit အကြောင်း သိကောင်းစရာများ

၂၊ ၁။ Work Permit အလုပ်သမားများ ခန့်ထားရန် ခွဲတမ်း Quota နှင့်
MYE (Man Year Entitlement)

နိုင်ငံခြားသားများကို ၀န်ထမ်း ခန့်အပ်ခြင်း အတွက် Employment of Foreign Manpower Act (Chapter 91A) ဟု စင်ကာပူ အစိုးရမှ ဥပဒေ ပြဌာန်းထား ပါသည်။ အောက်ဖော်ပြပါ အချက်အလက် တော်တော်များများမှာ ထို ဥပဒေ ထဲမှ ကောက်နှုတ် ဖော်ပြ ထားခြင်း ဖြစ်ပါသည်။ အသေးစိတ် ဖတ်ရှုလိုသူများ http://statutes.agc.gov.sg/ တွင် ၀င်ရောက် ဖတ်ရှုနိုင်ပါ၏။

စင်ကာပူနိုင်ငံတွင် Industrial Sector လုပ်ငန်း ၅ မျိုး ခွဲထားပါသည်။

1. Manufacturing Industry - ကုန်ထုတ်လုပ်ငန်း
2. Construction Industry - ဆောက်လုပ်ရေး လုပ်ငန်း
3. Marine Industry - သင်္ဘောကျင်းလုပ်ငန်း
4. Process Industry - ရေနံဓါတုကဲ့သို့ ကုန်ထုတ် လုပ်ငန်း
5. Services Industry - ၀န်ဆောင်မှု လုပ်ငန်း - စသည်တို့ဖြစ်ပါ၏။

ကုမ္ပဏီတစ်ခုတွင် Work Permit ကိုင်ဆောင်သူ အလုပ်သမားများ ခန့်ထားရန် MOM မှ ခွဲတမ်း (Quota) ချပေး ပါသည်။ ဤ ခွဲတမ်းသည် ကုမ္ပဏီတွင် ခန့်ထားသော ၀န်ထမ်းဦးရေ စုစုပေါင်း ပေါ်မူတည်ပါသည်။
ကုန်ထုတ်လုပ်ငန်း(Manufacturing Sector)များ အတွက် Work Permit ကို စုစုပေါင်း ၀န် ထမ်း ဦးရေ၏ ၂၅ ရာခိုင်နှုံး၊ S Pass ကို စုစုပေါင်း ၀န်ထမ်းဦးရေ၏ ၂၅ ရာခိုင်နှုံး။
ဝန်ဆောင်မှုလုပ်ငန်း(Service Sector)များ အတွက် Work Permit ကို စုစုပေါင်း ၀န်ထမ်းဦးရေ ၏ ၁၀ ရာခိုင်နှုံး၊ S Pass ကို စုစုပေါင်း ၀န်ထမ်းဦးရေ၏ ၂၅ ရာခိုင်နှုံး။
ဆောက်လုပ်ရေးလုပ်ငန်း (Construction Sector)များ အတွက် Work Permit ကို စုစုပေါင်း ၀န်ထမ်းဦးရေ ၏ ၈၇.၅ ရာခိုင်နှုံး၊ S Pass ကို စုစုပေါင်း ၀န်ထမ်းဦးရေ ၏ ၂၅ ရာခိုင်နှုံး။
ဓါတု၊ ရေနံချက်စက်ရုံ(Process Sector) များ အတွက် Work Permit ကို စုစုပေါင်း ၀န်ထမ်း ဦးရေ၏ ၈၇.၅ ရာခိုင်နှုံး၊ S Pass ကို စုစုပေါင်း ၀န်ထမ်းဦးရေ၏ ၂၅ ရာခိုင်နှုံး။
သင်္ဘောကျင်း(Marine Sector) များ အတွက် Work Permit ကို စုစုပေါင်း ၀န်ထမ်း ဦးရေ၏ ၈၃.၃ ရာခိုင်နှုံး၊ S Pass ကို စုစုပေါင်း ၀န်ထမ်းဦးရေ၏ ၂၅ ရာခိုင်နှုံး။
စိုက်ပျိုးရေး လုပ်ငန်းများ အတွက် Work Permit ကို စုစုပေါင်း ၀န်ထမ်း ဦးရေ၏ ၅၀ ရာခိုင်နှုံး၊ S Pass ကို စုစုပေါင်း ၀န်ထမ်းဦးရေ၏ ၂၅ ရာခိုင်နှုံး။
- ခန့်ထားနိုင်ပါသည်။ ဤတွင်ဖော်ပြ ထားသော အရေအတွက်မှာ အကြမ်းဖျဉ်း ခန့်မှန်းသိရှိနိုင်ရန်အတွက်သာ ဖြစ်ပြီး အသေးစိတ်ကိုမူ MOM Website http://www.mom.gov.sg/ တွင် လေ့လာနိုင်ပါသည်။

ဆောက်လုပ်ရေး ပရောဂျက် များအတွက် အလုပ်သမားများ ခန့်ထားရန် MYE (Man Year Entitlement) လိုပါသည်။ ၁၉၉၈ ခုနှစ်များကမူ MYE ကို သန်း ၂၀ တန် ပရောဂျက် ရလျှင် ၁ သန်းဘိုးတိုင်း အတွက် (12 MYE) ၁၂ ယောက် ခန့်ပိုင်ခွင့် ရှိသည် စသဖြင့် သတ်မှတ် ထားပါသည်။ သို့သော် ၂၀၀၇ ခုနှစ် တွင် ပြောင်းလဲ သွားပါသည်။ ရှည်လျှား ထွေပြားလှသော အတွက်အချက် များကို ချန်လှပ်ထားခဲ့လျှက် နမူနာ တစ်ခုသာ ဖော်ပြလိုက်ပါသည်။
ပရောဂျက်တန်ဘိုး ၄ သိန်း နှင့် အောက်အတွက် MYE လျှောက်လို့ မရပါ။ ပရောဂျက်တန်ဘိုး ၇ သန်း အတွက် MYE မှာ Building Project များအတွက် ၉၉ ယောက် ဖြစ်ပြီး Upgrading Project များအတွက် ၁၃၂ ယောက်၊ Civil Engineering Project များအတွက် ၄၁ ယောက် ဖြစ်ပါသည်။ ပရောဂျက် တန်ဘိုး ၁၅ သန်း အတွက် MYE မှာ Building Project များအတွက် ၁၆၆ ယောက် ဖြစ်ပြီး Upgrading Project များအတွက် ၂၄၁ ယောက်၊ Civil Engineering Project များအတွက် ၇၄ ယောက် စသဖြင့် ဖြစ်ပါသည်။
အချို့ကုမ္ပဏီများတွင် မိမိတို့ခန့်လိုသည့် အလုပ်သမားဦးရေ အတွက် လုံလောက်သော MYE မရှိသဖြင့် အခြား ကုမ္ပဏီများမှ 1 MYE လျှင် စင်ကာပူဒေါ်လာ မည်မျှ စသဖြင့် ၀ယ်ယူရသည်များလည်း ရှိပါသည်။

၂၊ ၂။ မည်သူများ Work Permit လျှောက်ထားနိုင်သနည်း

အသက် ၁၆ နှစ်မှ ၅၀ အတွင်း (မလေးရှားများကိုတော့ ချွင်းချက် အဖြစ် အသက် ၅၈ နှစ်ထိ လက်ခံသည်)၊ လခ S$၁၈၀၀ အောက် ရရှိသူများ စင်ကာပူတွင် လာရောက် အလုပ်လုပ်လိုလျှင် work permit လျှောက်ထားနိုင် သည်။ သူတို့ လာရာ နိုင်ငံအလိုက် အမျိုးအစား လေးမျိုးခွဲထားရာ ကျွန်တော်တို့ မြန်မာနိုင်ငံသားများမှာ NTS (Non-Traditional Sources) ထဲတွင် ပါဝင်ပါသည်။ ၎င်း အမျိုးအစား လေးမျိုးမှာ -
၁။ မလေးရှား
၂။ NAS (North Asian Sources) - ထိုအုပ်စုထဲတွင် ဟောင်ကောင်၊ မကာအို၊ တောင်ကိုးရီးယားနှင့် ထိုင်ဝမ် တို့
ပါဝင်ပါသည်။
၃။ NTS (Non-Traditional Sources) - ထိုအုပ်စုထဲတွင် အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊
ဖိလစ်ပိုင် နှင့် ပါကစ္စတန် တို့ ပါဝင်ပါသည်။
၎။ PRC (People’s Republic of China) - တရုပ်ပြည်
Work permit ကိုင်ဆောင်ထားသူများ အနေနှင့် ၎င်းတို့၏ ဇနီး၊ သားသမီးများ ကို ခေါ်ဆောင်ခွင့်မရှိပါ။ သို့သော် ၎င်းတို့၏ သားသမီးများ ကို စင်ကာပူတွင် ကျောင်းထား လိုပါက အရည်အချင်းစစ် စာမေးပွဲ QT (Qualifying Test) သို့မဟုတ် AEIS (Admissions Exercise for International Students) ဖြေဆိုအောင်မြင်လျှင်မူ တက်ခွင့် လျှောက်ထား နိုင်ပါသည်။
* Dependent pass ကိုင်ဆောင်ထားသူများ စင်ကာပူတွင် အလုပ်လုပ် လိုပါက Work pass division တွင် Letter of Consent လျှောက်ထားရပါမည်။

၂၊ ၃။ Work permit (WP) လျှောက်ထားခြင်း

Work permit (WP) ကို online မှ လျှောက်ထားနိုင် ပါသည်။ မြန်လည်း မြန်ပါ၏။ သည်နေ့လျှောက် နောက်နေ့ ကျ ဖြစ်ပါသည်။ လူကိုယ်တိုင် သွားစရာပင် မလိုပါ။ အင်တာနက်မှ download လုပ်ပြီး print ထုတ်လိုက်ရုံသာ ဖြစ်ပါသည်။ စာရွက် (Hard Copy) များဖြင့် ဖြည့်တင်၍လည်း ရပါ၏။ ထိုသို့ ဖြည့်တင်လျှင် စင်ကာပူရှိ မည်သည့် စာတိုက်မှ မဆို MOM သို့ ပို့နိုင်ပါသည်။ သို့သော် စာတိုက်မှ ပို့လျှင် အနည်းဆုံး တစ်ပတ်ကြာမှ ကျပါသည်။ ကျ၊ မကျ ကို စာတိုက်မှ ပင် အကြောင်းပြန်လိမ့်မည် ဖြစ်ပါသည်။
လျှောက်ထားခ စင်ကာပူ ဒေါ်လာ ၁၀ ကျသင့်ပါသည်။
Work Permit ကျပြီ ဆိုသည်နှင့် အလုပ်သမားကို ဆေးစစ်ရန် စီစဉ်ရပါမည်။ WP card ထုတ်ပေးရန် လျှောက်ထားရပါ မည်။ ဤသို့ လျှောက်ထားခြင်း ကိုလည်း WP online မှပင် လုပ်၍ ရပါသည်။ အလုပ်သမား နေထိုင်မည့် လိပ်စာကိုလည်း MOM တွင် မှတ်ပုံတင် ရပါမည်။
ကဒ်ထုတ်ပေးရန် လျှောက်ထားခြင်း အတည်ဖြစ်ပြီ ဆိုသည်နှင့် အလုပ်သမား သည် 7, Keppel Road, Work Pass Service Centre, Tanjong Pagar Complex သို့သွားကာ ဓါတ်ပုံရိုက်ခြင်း၊ လက်ဗွေ နှိပ်ခြင်း များ ပြုလုပ်ရပါသည်။ ထိုသို့ ဓါတ်ပုံရိုက် ပြီးသည်မှ နောက် ခုနစ်ရက် အတွင်း WP Card ကို ထုတ်လို့ရ ပါသည်။

၂၊ ၄။ Work permit (WP) ကိုင်ဆောင်သူ တစ်ဦး၏ လုပ်ပိုင်ခွင့်၊ ခံစားပိုင်ခွင့်များ

မြန်မာပြည်မှ work permit နှင့် အလုပ်လုပ်ရန် လာမည့် သူများသည် စင်ကာပူမှ safety များအကြောင်း တင်ကြို လေ့လာ ထားရန် လိုသည်။ စင်ကာပူသို့ အလုပ် လာလုပ်သူ မည်သူမဆို အား လုပ်ငန်းခွင်တွင် အလုပ်လုပ်စဉ် ဘေး အန္တရာယ် ကင်းရှင်းရန် လိုက်နာရမည့် အခြေခံ စည်းမျဉ်း စည်းကမ်းများ ကို အစိုးရမှ တစ်ရက် သင်တန်း (Construction Safety Orientation Course – CSOC) ပေးကာ စာမေးပွဲ ဖြေဆို စေသည်။ ယခင်ကတော့ ကိစ္စမရှိ။ တစ်ခါမအောင် နောက်တစ်ခါ ထပ်ဖြေ။ မအောင်မချင်း ဖြေ။ ယခုတော့ ကိစ္စ ရှိလာပြီ။ ၂၀၀၇ ဇူလိုင်လ ၁ ရက်နေ့မှစကာ ထိုစာမေးပွဲကို သုံးခါပဲ ဖြေခွင့်ရှိ တော့သည်။ သုံးခါဖြေလို့ မှ မအောင်လျှင် တာ့တာ။ ဘိုင့်ဘိုင်။ စင်ကာပူတွင် အလုပ်လုပ်လို့ မရသေး။ ကိုယ့်တိုင်းပြည် ပြန်ကာ လေ့လာ လိုက်ဦး။ သေချာမှ ပြန်လာ။ အဲလေ၊ အေးဂျင့်ဖီးလေး တော့ ၃-၄ ထောင်လောက် ထပ်ကုန်မှာပေါ့။
စင်ကာပူမြေသို့ ခြေချမိသည်မှ နှစ်ပတ်အတွင်း ထိုသင်တန်းကို တက်ရောက် ဖြေဆိုရမည် ဖြစ်သည်။ ထို စာမေးပွဲ အောင်လျှင် SOC pass ကဒ် ထုတ်ပေးမည် ဖြစ်၏။ ထိုကဒ်ရမှသာ Work Permit ကဒ်ကို ထုတ်ယူခွင့် ရှိမည် ဖြစ်သည်။ အကယ်၍ အလုပ်သမား သည် ထို သင်တန်းကို မအောင်မြင်။ ကျရှုံးသည် ဖြစ်အံ့။ ၎င်း၏ အလုပ်ရှင်သည် နောက်ထပ် သုံးလ အတောအတွင်း နောက်ထပ် Work Permit အသစ် ထပ်မံ လျှောက်ထားခြင်းမှ တားမြစ်ခံရမည် ဖြစ်၏။ သက်တမ်း တိုးမည့် အလုပ်သမားများ အနေနှင့် မိမိတို့ သက်တမ်း တိုးမည့် ရက်ထက် CSOC ကဒ်၏ သက်တမ်းက အနည်းဆုံး တစ်လ ပိုနေရမည် ဖြစ်၏။
စင်ကာပူသို့ရောက်သည်နှင့် ပထမဆုံး လုပ်ဆောင်ရသော အလုပ်မှာ ဆေးစစ်ဆေး ခြင်း ဖြစ်ပါသည်။ Work Permit ကိုင်ဆောင်ထားသူ အလုပ်သမား တစ်ဦးအတွက် MOM မှ သတ်မှတ်ထား သော ဆေးစစ် ဆေးခြင်းကို အလုပ်ရှင်မှ ကျခံ စီစဉ် ပေးရပါသည်။ ထိုဆေးစစ်ခြင်း အောင်ပါမှ နောက်ဆက်တွဲ လုပ်ငန်းများ ဆက်လုပ်လို့ ရသည်။ ဆေးမအောင်လျှင် စင်ကာပူတွင် အလုပ်လုပ်ခွင့် မပြု။

လုပ်ငန်းရှင်များ အနေနှင့် မိမိခန့်ထားသော အလုပ်သမားများ အတွက် အစိုးရသို့ levy ပေးဆောင်ရ ပါသည်။ မိမိ လုပ်ငန်းအလိုက် levy မှာ အမျိုးမျိုးရှိ၏။ ကျွမ်းကျင်လုပ်သား လက်မှတ်ရ (low levy) များအတွက် တစ်ဦးလျှင် တစ်လ ၁၅၀ (ယခု ၅၀)၊ မကျွမ်းကျင်သူ (high levy) များအတွက် တစ်ဦးလျှင် တစ်လ ၂၄၀ မှ ၄၇၀ အထိ မိမိလုပ်ငန်း၊ ခန့်ထား သော လုပ်သား ဦးရေကို လိုက်ကာ အစားစား ပေးဆောင် ရပါသည်။ Levy အမျိုးအစား များမှာ များမြောင်လှ သည်ဖြစ်၍ ဤနေရာတွင် အသေးစိတ် မဖော်ပြတော့ပါ။ ပိုမို သိရှိလိုသူများ MOM အင်တာနက် စာမျက်နှာတွင် ၀င်ရောက် လေ့လာနိုင်ပါသည်။
high levy တစ်ဦးသည် စင်ကာပူတွင် ကြာကြာ လုပ်၍မရ။ စင်ကာပူတွင် အလုပ်လုပ်ချိန် စုစုပေါင်း ခြောက်နှစ် သာ ခွင့်ပြုသည်။ Low levy သမားဆိုလျှင်တော့ ၁၈ နှစ်ထိ(ယခင်က ၁၅ နှစ်သာ) လုပ်လို့ ရသည်။ သို့အတွက် WP တစ်ဦး အနေနှင့် Low levy ဖြစ်ရန်လည်း အရေးကြီး သေး၏။
ကျွန်တော်အသိ အချို့ WP များထဲတွင် သူတို့ အလုပ်ရှင်က သူတို့ကို levy ဆိုကာ ပိုက်ဆံ ဖြတ်သည် ဆို၏။ အမှန်မှာ levy သည် အလုပ်ရှင်က ပေးဆောင်ရ မည်သာဖြစ်ပြီး အလုပ်သမားများ ထံမှ ဖြတ်ပိုင်ခွင့်မရှိ။ ဤသို့ဖြတ်သည် ဆိုပါက MOM (Ministry of Manpower) တွင် တိုင်ကာ ပြန်တောင်းလို့ ရပါသည်။ (သို့သော် မိမိ Work permit သက်တမ်း ကုန်ပြီး ဤကုမ္ပဏီမှ ထွက်တော့မည် ဆိုမှ တိုင်တာ ကောင်းသည်ပေါ့။ မဟုတ်လျှင် တစ်ဝက် တစ်ပျက် နှင့် သူတို့က Work permit ကို cancel လုပ်လိုက်လျှင် မခက်ပါလား။ နောက်ပြီး နားလည် တတ်ကျွမ်းသည့် သူများနှင့် တိုင်ပင်ပြီးမှ လုပ်သင့် သည် ဟု အကြံပေး လိုပါသည်။)
အလုပ်ရှင်သည် WP တစ်ဦးအတွက် ဆေးကုသ စရိတ်များကို ကျခံရမည် ဖြစ်သည်။ ဤသို့ ဆေးကုသ စရိတ် ကျခံ နိုင်ရန် အလုပ်ခေါ်စဉ် ကတည်းက အလုပ်သမား တစ်ဦးလျှင် တစ်နှစ်အတွက် ကျန်းမာရေး အာမခံ S$5000.00 တင်ထားရ ပါ၏။ ၀န်ထမ်းအတွက် ဆေးကုသ စရိတ်ကို အလုပ်ရှင်က ပေးစရာမလိုပဲ အာမခံ ကုမ္ပဏီက ပေးပါသည်။ သို့အတွက် မိမိတို့ မမာမကျန်း ဖြစ်၍ ဆေးခန်းသွားသည့် စရိတ်စက အားလုံးကို ကုမ္ပဏီသို့ ပြန်တောင်းနိုင် ပါသည်။
Work permit လျှောက်ခြင်း၊ အသစ်ပြန်လုပ်ခြင်း၊ သက်တမ်းတိုးခြင်း၊ သက်တမ်းပြည့် ၍ဖြစ်စေ သက်တမ်း မပြည့်သေးမီ အကြောင်း အမျိုးမျိုး ကြောင့်ဖြစ်စေ မိမိတိုင်းပြည်သို့ ပြန်ပို့သည့် လေယာဉ်လက်မှတ်ခ၊ လုံခြုံရေး အာမခံ ကြေး၊ Safety Orientation Course, Safety Induction Course များအတွက် သင်တန်းကြေး စသည် အားလုံးကို အလုပ်ရှင်ကသာ ပေးဆောင်ရ မည် ဖြစ်ပါသည်။ ထို ကုန်ကျစရိတ်များကို အလုပ်သမား၏ လုပ်ခထဲမှ ဖြတ်၍မရပါ။ (ရည်ညွှန်း ၊ http://www.mom.gov.sg/WP_S_Pass_Conditions.pdf Second Schedule အပိုဒ် ၃၄။)
အလုပ်ရှင်သည် အလုပ်သမား တစ်ဦး ရရှိရမည့် လခကို လခထုတ်ရက်မှ ၇ ရက်အတွင်း ထုတ်ပေး ရမည် ဖြစ်ပါ သည်။ (အထက်ပါ ရည်ညွှန်း Third Schedule အပိုဒ် ၄။)
အလုပ်ရှင်သည် အလုပ်သမား တစ်ဦးကို ၎င်း ကိုင်ဆောင်ထား သော Work Permit ကဒ်ပြားပေါ်တွင် ဖော်ပြထား သည့် အလုပ် အမျိုးအစားမှ လွဲ၍ အခြား အလုပ်များ ကို လုပ်ခိုင်းပိုင်ခွင့် မရှိ။ မိမိ အလုပ်သမား ကို ၎င်းကိုယ်တိုင် ပိုင်သော စီးပွားရေး လုပ်ငန်း လုပ်ရန် ခွင့်ပြုပိုင်ခွင့် မရှိ။ အိမ်ရှင်သည် အိမ်ဖော် တစ်ဦးအား မိမိအိမ်မှလွဲ၍ အခြား မိမိ၏ မိဘ ဆွေမျိုး အိမ်များတွင် ခိုင်းပိုင်ခွင့် မရှိ။ Work Permit ပေါ်တွင် ဖော်ပြထားသော လိပ်စာတွင်သာ လုပ်ခိုင်းရမည်။
အလုပ်ရှင်သည် အလုပ်သမား၏ Work permit မူရင်းကို မည်သည့် အကြောင်းနှင့်မှ သိမ်းမထား ရပါ။ အလုပ်သမား သည်သာ Work permit မူရင်းကို ကိုင်ထားပိုင်ခွင့် ရှိပါသည်။(အထက်ပါ ရည်ညွှန်း Third Schedule အပိုဒ် ၁၃။)
အလုပ်ရှင်သည် မိမိ အလုပ်သမားများ အတွက် နေစရာ စီစဉ်ပေးရ ပါမည်။ ထို့ပြင် လုပ်ငန်းခွင် ထဲတွင် ထိခိုက် ဒါဏ်ရာ ရပါက လျော်ကြေး ရရပါမည်။ မည်သည့် ထိခိုက် ဒါဏ်ရာများ အတွက် မည်မျှ လျော်ကြေး ရထိုက်သည်ကို နောက်ပိုင်းတွင် တတ်နိုင်သမျှ ပြည့်စုံအောင် ဖော်ပြပေးပါမည်။
အလုပ်ရှင်သည် အလုပ်သမားကို ပစ်စလက်ခတ် ပစ်မထားရ။ ဥပဒေ ပြင်ပမှ လုပ်ရပ်များကို တားဆီးရမည်။ အလုပ်ရှင်သည် မိမိ အလုပ်သမား ကို အန္တရာယ်ရှိနိုင်သည့် အခြေအနေမှ ကာကွယ် ပေးရမည်။ ဥပမာ - လုံလောက်စွာ အနားယူ စေရမည်။ ထို့ပြင် အလုပ်သမား ကိုယ်တိုင်သော် လည်းကောင်း၊ သူ့ပတ်ဝန်းကျင်မှ အခြားသူများအတွက်သော် လည်းကောင်း အန္တရာယ်ကင်းစွာ အလုပ်လုပ် နိုင်စေရန် ဖန်တီး ပေးရမည်။
အကယ်၍ မိမိအလုပ်သမားသည် စင်ကာပူနိုင်ငံ အတွင်း အကြောင်း တစုံတရာကြောင့် သေဆုံးခဲ့ပါက အလုပ် သမား၏ ရုပ်အလောင်းကို သဂြိုဟ်စရိတ်၊ ရုပ်အလောင်း ကို မိသားစုထံ ပြန်ပို့စရိတ်၊ ကျန်ရစ်ခဲ့သော ပစ္စည်း၊ ငွေ စသည် တို့ကို မိသားစုထံ ပြန်ပို့ စရိတ် အားလုံးကို အလုပ်ရှင် က ကျခံရမည် ဖြစ်ပါသည်။ (အထက်ပါ ရည်ညွှန်း Third Schedule အပိုဒ် ၁၇။)

No comments: