Sunday, March 30, 2014
Foreign Domestic Worker အကြောင်း သိကောင်းစရာ
HOME ဟု ရေးပြီး ဖွဘုတ်ပေါ်တင်လိုက်ရာမှ ဟိုလူတက်၊ ဒီလူတက်၊ ဟိုကရှယ်၊ ဒီကရှယ်ဖြင့် ကျွန်ုပ်မှာ အလိုလို နေရင်း ရွှေမန်းတင်မောင်ဖြစ် (ဟုတ်ပေါင်) နာမည်ကြီး (Name with font size 76) လာရလေ၏။ သို့ပြီးတကား ဟိုကမက်ဆေ့ပို့၊ သည်က ဖုံးခေါ်၊ ဖွဘုတ်ကျူရွမ်း (ဟုတ်ပေါင်) ချက်ရွမ်းမှ အကူအညီတောင်းဖြင့် ကျွန်ုပ်မှာ အလွန် အလုပ်ရှုပ်နေလေသော ဟူသတတ်။
အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း စာအုပ်ရေးစဉ်က FDW - Foreign Domestic Worker (ကျေးဇူးပြု၍ maid ဟူ၍သော် လည်းကောင်း၊ အိမ်ဖော်ဟူ၍သော်လည်းကောင်း မသုံးပါနှင့်) များနှင့်ပတ်သက်၍ အနည်းငယ် ထည့်ရေးခဲ့ ၏။ သို့သော် အပြည့်အစုံမဟုတ်။ ယခု သည်အကြောင်း အပြည့်အစုံရေးလိုက်ရလျှင်ဖြင့် ၇ ရက်သားသမီးတို့ အကျိုးများ လိမ့်မည်ဟု ယူဆပါသဖြင့် (အခြားရေးစရာများ ဘေးဖယ်ထားလျက်) ဤစာကို ရေးပါသတည်း။
ဤစာများမှာ Government Gazette ဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၈ ရက်၊ ည ၇း၀၀ နာရီတွင် ပထမအကြိမ် ထုတ်ပြန်ထားသော အီလက်ထရောနစ် အက်ဒီရှင် EMPLOYMENT OF FOREIGN MANPOWER ACT; EMPLOYMENT OF FOREIGN MANPOWER (WORK PASSES) REGULATIONS 2012 မှ ဖြစ်ပါသည်။
Foreign Domestic Worker ကို ရှေ့တွင် FDW ဟု သုံးစွဲသွားပါမည်။
မှတ်ချက်။            ။ ၁။ ဥပဒေကြီးတစ်ခုလုံးကို ဘာသာပြန်ထားခြင်းမဟုတ်ပါ။ Domestic worker များနှင့် ပတ်သက်သော အပိုင်းကိုသာ ထုတ်နုတ်ပြန်ဆိုထားခြင်း ဖြစ်၏။
၂။ ဥပဒေပါစာသားများအတိုင်း အတိအကျပြန်ဆိုထားခြင်းမဟုတ်ဘဲ မူရင်းအဓိပ္ပာယ်မပျောက်စေဘဲ အများနားလည်အောင် ရေးသားထားခြင်းဖြစ်ပါသည်။
=====================
၁။ အလုပ်ရှင်သည် FDW ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့အတွက် ကုန်ကျမှုအစုစုကို ကျခံရမည်။
၂။ အလုပ်ရှင်သည် FDW အတွက် အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ရန် လိုအပ်သော ပံ့ပိုးမှုများ လုပ်ပေးရမည်။ ထိုအထဲတွင်
    အောက်ပါတို့ပါဝင်၏။
၁) မြေညီထပ် သို့မဟုတ် ၀ရံတာဘက်တွင်ရှိသော ပြူတင်းပေါက်များမှ အပ ကျန်ပြူတင်းပေါက်များ၏ အပြင်ဘက် မျက်နှာပြင်၊ လက်လှမ်းမမီသောနေရာများကို သန့်ရှင်းရေး မလုပ်ခိုင်းရ။
၂) အထက် အပိုဒ် (၁) တွင်ဖော်ပြထားသော ပြူတင်းပေါက်များကို သန့်ရှင်းရေးလုပ်ခိုင်းရာတွင် -
က) ပြူတင်းပေါက် အကာအရံတန်းများ (grille) ကို သော့ခတ်ထား (သို့မဟုတ်) မပွင့်နိုင်စေရန် ခိုင်ခိုင်မြဲမြဲတုပ်နှောင်ထား ရမည်။
ခ) FDW သည် ပြူတင်းပေါက်အတွင်းဘက် အခန်းထဲ၌ပင် ရှိနေရမည်။
ဂ) လက်မှအပ FDW ၏ ခန္ဓာကိုယ်သည် အပြင်ဘက်သို့ ကိုင်းထွက်မနေစေရ။
ဃ) အထက် အပိုဒ် က၊ ခ၊ ဂ တို့တွင်ဖော်ပြထားသည်တို့ သေချာစေရန် အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်၏ကိုယ်စား အရွယ်ရောက်သူ တစ်ဦးဦး၏ ကြီးကြပ်မှုအောက်တွင်သာ လုပ်စေရမည်။
၃။ အပိုဒ် (၂) တွင် ဖော်ပြထားသည်နှင့်ပတ်သက်၍ အလုပ်ခန့်ထားစဉ်အတွင်း FDW အား ၎င်း၏ ဘေးအန္တရာယ်ကင်းစေရေး အတွက် အန္တရာယ်တစုံတရာ မကျရောက်စေရ။ ထိုသို့အန္တရာယ်ကင်းရန် FDW သည် သင်တန်းတွင်ပို့ချလိုက်သည့်အတိုင်း၊ သက်ဆိုင်ရာ သင်တန်းစာအုပ်များတွင် ညွှန်ပြထားသည့်အတိုင်း လိုက်နာလုပ်ကိုင်ရမည်။ 
၎။ အလုပ်ရှင်သည် FDW အတွက် သင့်တော်သော နေရာထိုင်ခင်း စီစဉ်ပေးရမည်။ ထိုနေရာထိုင်ခင်းသည် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်။
၅။ FDW သည် ၀ပ်ပါမစ်ကဒ်ပြားထဲ၌ ဖော်ပြထားသည့် လိပ်စာတွင်နေထိုင်ကြောင်း အလုပ်ရှင်သည် သေချာစေရမည်။
၆။ FDW ၏ ပုံသေလစာကို သတ်မှတ်ထားသော နောက်ဆုံးလခထုတ်ရက်မှ ၇ ရက်ထက်ပိုပြီး နောက်မကျစေဘဲ ထုတ်ပေး ရမည်။ အလုပ်ရှင်၊ အလုပ်သမားသဘောတူစာချုပ်တွင် သတ်မှတ်ထားသော လစာကာလမှာ တစ်လထက် မပိုစေရ။
၇။ FDW သည် လစာမဲ့ခွင့်နှင့် စင်ကာပူပြင်ပတွင် ရောက်ရှိနေသည်မှ အပ အလုပ်ရှင်သည် (အလုပ်ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ) -
က) WP လျှောက်ထားစဉ်အခါက ဖော်ပြထားသည့် ပုံသေလစာထက် မလျော့နည်းစေရဘဲ
ခ) အပိုင်း (၂)၊ အပိုဒ် ၅ (က) တွင်ဖော်ပြထားသကဲ့သို့ ပြန်လည်ညှိနှိုင်းထားသည့် လခထက် မလျော့နည်းစေရဘဲ ထုတ်ပေး ရမည်။
ထိုသို့ထုတ်ပေးရာတွင် သတ်မှတ်ထားသော နောက်ဆုံးလခထုတ်ရက်မှ ၇ ရက်ထက်ပိုပြီး နောက်မကျစေဘဲ ထုတ်ပေး ရမည်။ အလုပ်ရှင်၊ အလုပ်သမားသဘောတူစာချုပ်တွင် သတ်မှတ်ထားသော လစာကာလမှာ တစ်လထက် မပိုစေရ။
၇က။ အပိုဒ် ၆၊ ၇၊ ၇ခ တို့တွင်ဖော်ပြထားသည့် ပုံသေလစာဆိုသည်မှာ စုစုပေါင်းအခြေခံလစာ နှင့် လစဉ်ပုံသေခံစားခွင့်များကို ဆိုလိုသည်။
၇ခ။ အပိုဒ် ၇ တွင်ဖော်ပြထားသည့် ပြန်လည်ညှိနိုင်းထားသည့် လစာဟူသည် အပိုင်း ၂၊ အပိုဒ် ၅က အရ ပြန်လည် ညှိနှိုင်း ထားသော လခကိုဆိုလိုသည်။
၇ဂ။ အခြေခံလစာဆိုရာတွင် လတိုင်းပြောင်းလဲမနေသော ပေးစရာရှိသမျှအားလုံးပါသည့် ကန်ထရိုက်စာချုပ်ထဲတွင် ဖော်ပြထားသည့် ပုံသေလစာကို ဆိုလိုသည်။ သို့ရာတွင် ထိုလစာ၌ အောက်ပါတို့မပါဝင်ပါ။
က) အခြားခံစားခွင့်များ
ခ) အချိန်ပိုလုပ်အားခ၊ ဘိုးနပ်၊ ကော်မရှင်၊ နှစ်စဉ်ထပ်ဆောင်းပေးငွေ
ဂ) အခြားမည်သည့် ပေးငွေမဆို
ဃ) အလုပ်ခန့်ထားမှုအတွက် ကုန်ကျစရိတ်များ
င) စွမ်းဆောင်ရည်အတွက်ပေးသော ဆုကြေးငွေများ
စ) အလုပ်ရှင်က ပေးစရာရှိသော ငွေကြေးများ
ဆ) ဘောက်ဆူး၊ စုငွေ၊ ပင်စင်ကြေး စသည်
၇ဃ။ လစဉ်ပုံသေခံစားခွင့်ဆိုရာတွင် တစ်လနှင့်တစ်လ ပြောင်းလဲမနေသော ပုံသေခံစားခွင့်ကို ဆိုလိုသည်။ အထက် အပိုဒ် ၇ဂ။ ခ) မှ ဆ) အထိ ငွေကြေးများမပါဝင်ပါ။
၈။ MOM မှ လိုအပ်ချက်အရ ပြုလုပ်ရသော ဆေးစစ်ခြင်းများအတွက် ကုန်ကျစရိတ်ကို အလုပ်ရှင်မှ ကျခံရမည်။
၉။ အလုပ်ရှင်သည် ၎င်းကိုယ်တိုင် သို့မဟုတ် ၎င်းကိုယ်စားအခြားသူတစ်ဦးဦးအား FDW ကို အနိုင်အထက်မလုပ်ရ။ FDW အား အနိုင်အထက်ပြုခြင်းတွင် အောက်ပါတို့ပါဝင်သည်။
က) ကိုယ်ထိလက်ရောက် သို့မဟုတ် နသားပါးယားပြုခြင်း သို့မဟုတ် ရာဇ၀တ်မှုဆိုင်ရာ ခြိမ်းခြောက်မှုပြုခြင်း 
ခ) အလုပ်ရှင် သို့မဟုတ် အခြားသူတစ်ဦးဦးက FDW ၏ ဘေးအန္တရာယ်ကင်းရေး သို့မဟုတ် ကျန်းမာရေးဆိုင်ရာ ထိခိုက်ဒဏ်ရာရစေခြင်း
ဂ) အလုပ်ရှင် သို့မဟုတ် အခြားသူတစ်ဦးဦးက FDW ၏ ဘေးအန္တရာယ်ကင်းရေး သို့မဟုတ် ကျန်းမာရေးဆိုင်ရာ ထိခိုက်ဒဏ်ရာရစေနိုင်ခြင်းကို လျစ်လျူရှုထားခြင်း၊ သို့မဟုတ် ပစ်ပယ်ထားခြင်း
ဃ) အလုပ်ရှင် သို့မဟုတ် အခြားသူတစ်ဦးဦးက FDW ၏ လူမှုဖူလုံရေး (welfare) ကို ထိခိုက်ပျက်ပြားစေခြင်း
၁၀။ အလုပ်ရှင်သည် FDW အား -
က) နေ့စဉ် နားချိန် လုံလောက်စွာပေးရမည်။
ခ) ၂၀၁၃၊ ဇန္န၀ါရီလ ၁ ရက်နေ့တွင် ထုတ်ပေးထားသော သို့မဟုတ် အသစ်လဲထားသော ၀ပ်ပါမစ်သမားများအတွက် နားရက် သတ်မှတ်ခြင်းမှာ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ပါအတိုင်း ဖြစ်သည်။
၁၁။ အပိုဒ် ၁၂၊ ၁၃၊ ၁၄ တို့မှာ ၂၀၁၃၊ ဇန္န၀ါရီလ ၁ ရက်နေ့တွင် ထုတ်ပေးထားသော သို့မဟုတ် အသစ်လဲထားသော ၀ပ်ပါမစ် သမားများအတွက် ဖြစ်သည်။
၁၂။ အပိုဒ် ၁၃ အရ တနင်္ဂနွေနှင့် အများပြည်သူ အလုပ်ပိတ်ရက်များအပါအ၀င် အလုပ်ရှင်သည် FDW အား ၇ ရက်တွင် (လုပ်အားခမရသော) နားရက်တစ်ရက်ပေးရမည်။ ထိုနားရက်သည် အလုပ်ရှင်နှင့် အလုပ်သမား သဘောတူထားသည့် အတိုင်း ၇ ရက်တစ်ပတ်အတွင်း မည်သည့်ရက်မဆို ဖြစ်နိုင်သည်။ 
၁၃။ အကယ်၍ အောက်ပါအတိုင်း အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုထားမည်ဆိုပါက အပိုဒ် ၁၂ တွင် မည်သို့ပင်ဆိုစေကာမူ အလုပ်ရှင်သည် FDW ကို နားရက် ၁ ရက်ပေးရန်မလိုပေ။ စာချုပ်၌ပါသည့်အတိုင်း ထို နားရက်၌ အလုပ်လုပ်ခြင်းအတွက် FDW သည် လုပ်အားခ ရရမည်။
က) အနားယူရက်တွင် အလုပ်လုပ်ရန်
ခ) အနားယူရက်တွင် အလုပ်လုပ်ခြင်းအတွက် -
၁) အခကြေးငွေမရပဲ နားရက် အစားတစ်ရက် ပြန်ပေးရန် (ထို အစားထိုးနားရက်သည် ထိုလအတွင်းသာဖြစ်ရမည်ဖြစ်ပြီး အလုပ်ရှင် အလုပ်သမားနှစ်ဦးနှစ်ဘက် သဘောတူထားရမည်။)
၂) ထို နားရက်တွင် အလုပ်လုပ်ခြင်းအတွက် သာမန်လုပ်ခထက် မလျော့နည်းသော လုပ်အားခကို ပေးရန်
၁၄။ အပိုဒ် ၁၂ နှင့် ၁၃ အတွက် -
က) တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက်ကို နားရက်အဖြစ် ပေးပါမည်ဟု အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူ ထားပါမှ တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက်ကို နားရက်အဖြစ် သတ်မှတ်ပေးရမည်။
ခ) အကယ်၍ နားရက်အတွက် သတ်မှတ်ထားသော ၇ ရက်သည် ၂ လတွင် ခွပါနေပါက မည်သည့်လတွင် နားရက်ယူမည်ကို
အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူ ထားရမည်။
ဂ) အပိုဒ် ၁၃ တွင်ဖော်ပြထားသော နားရက်တွင် အလုပ်လုပ်ခြင်းအတွက် အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူ ထားရမည်။
ဃ) အပိုဒ် ၁၃၊ ခ) ၂) တွင်ဖော်ပြထားသော နားရက်တွင် အလုပ်လုပ်ခြင်းအတွက် တစ်ရက်လုပ်ခ အခကြေးငွေမှာ အခြေခံ လစာကို ၂၆ နှင့်စား၍ တန်ဘိုးဖြစ်သည်။
င) ထို နားရက်တွင် အလုပ်လုပ်ခြင်းအတွက် ရရမည့် လုပ်ခကို အလုပ်ရှင်က FDW အား လာမည့် အနီးဆုံးထုတ်ရမည့် လခတွင် ထည့်ပေးရမည်။
၁၅။ အလုပ်ရှင်သည် FDW အား တရားမ၀င်သော၊ အကျင့်ပျက်စေသော၊ ကိုယ်ကျင့်တရားအရ မလိုလားအပ်သော မည်သည့်အပြုအမူ၊ အလုပ်မျိုးကိုမှ ခွင့်မပြုရ။
၁၆။ အလုပ်ရှင်သည် FDW ၏ မူရင်း ၀ပ်ပါမစ်ကဒ်ကို သိမ်းဆည်းထားပိုင်ခွင့်မရှိ။ FDW အားသာ မူရင်း ၀ပ်ပါမစ်ကဒ်ကို သိမ်းဆည်းထားစေရမည်။
၁၇။ အကယ်၍ ၀ပ်ပါမစ်ကဒ်ပေါ်တွင် ဖော်ပြထားသော အိမ်လိပ်စာပြောင်းသွားသည်ဆိုပါက အလုပ်ရှင်သည် MOM သို့ ပြောင်းသည်မှ ၁၄ ရက်အတွင်း အကြောင်းကြားရမည်။
၁၈။ အကယ်၍ FDW သည် စင်ကာပူနိုင်ငံအတွင်း သေဆုံးခဲ့ပါက အလုပ်ရှင်သည် သေဆုံးသူ FDW ၏ မိသားစု၏ ဆုံးဖြတ်ချက်အရ -
က) အောက်ပါစရိတ်များကို ကျခံရမည်။
၁) စင်ကာပူနိုင်ငံအတွင်း သဂြိုဟ်စရိတ်
၂) စင်ကာပူနိုင်ငံ၌ သဂြိုဟ်ပြီး ပြာအိုးကို မိခင်နိုင်ငံသို့ ပြန်ပို့စရိတ်
၃) အလောင်းကို မိခင်နိုင်ငံသို့ ပြန်ပို့စရိတ်
ခ) FDW ၏ ကျန်ခဲ့သော ပစ္စည်းများကို မိသားစုထံ ပြန်ပို့စရိတ်
ဂ) FDW အားပေးရန်ကျန်ရှိသော လခအားလုံး
၁၉။ အလုပ်ရှင်သည် အလုပ်ရှာအေးဂျင့်မှသော်လည်းကောင်း၊ အခြားသူတစ်ဦး တစ်ယောက်ထံမှသော်လည်းကောင်း FDW အား အလုပ်ခန့်ထားခြင်းအတွက် အခကြေးငွေ တစ်စုံတစ်ရာ မတောင်းရ။
ဝပ်ပါမစ်အား ပယ်ဖျက်ခြင်း (cancellation) နှင့် FDW အား ပြန်မပို့မီနှင့် ပြန်ပို့ချိန်တွင် ရှိသော တာဝန်များ
၂၀။ ၀ပ်ပါမစ်အား ပယ်ဖျက်ပြီး အလုပ်ရှင်သည် ၀ပ်ပါမစ်ကဒ်ကို ၇ ရက်အတွင်း MOM သို့ ပြန်ပို့ရမည်။
၂၀က။ အလုပ်ရှင်သည် FDW စင်ကာပူတွင်ရှိနေစဉ်အတွင်း စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့အတွက် ကုန်ကျမှုအစုစုကို ကျခံရမည်။
၂၀ခ။ အလုပ်ရှင်သည် FDW အတွက် သင့်တော်သော နေရာထိုင်ခင်း စီစဉ်ပေးရမည်။ ထိုနေရာထိုင်ခင်းသည် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်။
၂၁။ အပိုဒ် ၂၂ တွင် ဖော်ပြထားသကဲ့သို့ FDW ၏ ၀ပ်ပါမစ်ကဒ် သက်တမ်းကုန်လျှင် သို့မဟုတ် ပယ်ဖျက်ခံရလျှင် (နှင့်) ထို FDW အား အခြားအလုပ်ရှင်အသစ်ထံ အလုပ်ခန့်မထားမီ အလုပ်ရှင်သည် FDW ကို မိခင်နိုင်ငံထံပြန်ပို့ရန် လေဆိပ်သို့ လိုက်ပို့ရမည်။
၂၂။ အပိုဒ် ၂၁ တွင်ဖော်ပြထားသည်မှအပ အောက်ပါအခြေအနေတွင် အလုပ်ရှင်သည် FDW ကို မိခင်နိုင်ငံထံ ပြန်ပို့နိုင်သည်။
၁) FDW သည် အိမ်ပြန်ချင်ပါသည်ဟု တောင်းဆိုလာလျှင် (နှင့်) အလုပ်ရှင်သည် ပြန်မပို့မီ MOM သို့ ကြိုတင်အကြောင်းကြား ထားလျှင်
၂) MOM က ပြန်ပို့ခိုင်းလျှင်
၂၃။ MOM က ခွင့်ပြုသည်မှလွဲ၍ မည်သည့်အကြောင်းကြောင့် ပြန်ပို့သည်ဖြစ်စေ FDW အား ပြန်ပို့စရိတ်ကို အလုပ်ရှင်က ကျခံရမည်။ အလုပ်ရှင်သည် FDW အား ၎င်းရစရာရှိသော လခနှင့် အခကြေးငွေအားလုံးကို ပြန်မပို့မီ အကျေပေးရမည်။
=============== ပြီး၏။ ===============
Ref:
No. S 569 : EMPLOYMENT OF FOREIGN MANPOWER ACT; EMPLOYMENT OF FOREIGN MANPOWER (WORK PASSES) REGULATIONS 2012, FOURTH SCHEDULE, PART I.
CONDITIONS TO BE COMPLIED WITH BY EMPLOYER OF FOREIGN EMPLOYEE WHO IS DOMESTIC WORKER ISSUED WITH WORK PERMIT
Thursday, March 27, 2014
သင်တန်းဆရာများကို ပျိုးထောင်ခြင်း
(၁) သင်တန်းဆရာများ၏ ကျွမ်းကျင်မှု အရေးကြီးပုံ
            နိုင်ငံတစ်ခုတည်ဆောက်ရာတွင် အရည်အသွေးပြည့်မီသော လူအရင်းအမြစ်များ မရှိမဖြစ်လိုအပ်ကြောင်း အမျိုးသား ကျွမ်းကျင်မှု စံနှုန်း (National Competency Standard) ဆောင်းပါးတွင် ဖော်ပြခဲ့ပါသည်။
            ဤ လူအရင်းအမြစ်များရအောင် စနစ်တကျ ပြုစုပျိုးထောင်ယူရမည်။ ဤလုပ်ငန်းမှာ အလွန်ကြီးမား ကျယ်ပြန့်လှ၏။ မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဆောင်ရွက်ရမည်ဖြစ်သဖြင့် ငွေအရင်းအနှီးများစွာ စိုက်ထုတ်ရန်လိုသလို အချိန်များစွာလည်း လိုအပ် ပေသည်။ အရေးကြီးဆုံးမှာကား ထို အမှန်တကယ်တတ်မြောက်ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည့် သင်တန်းဆရာကောင်းများ လိုအပ်ခြင်းပေတည်း။
မြန်မာနိုင်ငံတွင် သက်မွေးဝမ်းကျောင်းပညာရပ်များနှင့်ပတ်သက်၍ အစိုးရကဖွင့်လှစ်ထားသော ကျောင်းများရော ပြင်ပ ပုဂ္ဂလိက သင်တန်းကျောင်းများပါ အတော်များများရှိပါသည်။ ဤသင်တန်းများသို့ တက်ရောက်သင်ကြားကြမည့် လူကြီး၊ လူငယ်သင်တန်းသားများ လည်း နည်းလှမည်မဟုတ်ပါ။ သို့ဆိုလျှင် ထိုသင်တန်းကျောင်းများမှ ဆင်းလာသည့် သင်တန်းသားများသည် မည်မျှ တတ်မြောက် ကျွမ်းကျင်သည်ကို ပြန်လည်စစ်ဆေးပါသလား။ ထိုသင်တန်းကျောင်းများတွင် ရှိသင့်ရှိထိုက်သည့် သင်ကြားမှုအထောက်အကူပစ္စည်းများ ရှိပါသလား။ ထိုကျောင်းများမှ သင်ရိုးများသည် တကယ့်လက်တွေ့လုပ်ငန်းခွင်နှင့် အံဝင်ခွင်ကျ ရှိပါသလား။
ထို့ထက် ထိုသင်တန်းကျောင်းများမှ သင်ပုံသင်နည်းများသည် သင်တန်းသားများနှင့်ကိုက်ညီသော သင်နည်းများဖြစ်ပါသလား။ ပို့ချနေသော သင်တန်းဆရာများသည် စနစ်တကျလေ့ကျင့်ပေးထားသော အရည်အသွေးပြည့် သင်တန်းဆရာများဖြစ်ပါသလား။
ဤတွင်ကြားဖြတ်၍ တစ်ခုပြောလိုပါသည်။
များမကြာမီ ကာလတစ်ခုက ကျွန်တော်နှင့် အလွန်ရင်းနှီးလှသော မိသားစုတစ်ခုတွင် အမေလုပ်သူက အသက် ၆ နှစ်လောက်ရှိ သော သားဖြစ်သူကို မြန်မာစာသင်ပေးရန် ဆရာမတစ်ဦးငှားပါသည်။ ထိုဆရာမကို မည်သည့်နေရာမှ ငှားလာသည်မသိ။ သို့သော် အစိုးရ ကျောင်းများတွင် သင်နေသော မူလတန်းပြဆရာမတော့ မဟုတ်ပါ။
အနှီဆရာမက သားဖြစ်သူကို မြန်မာစာ စသင်တော့ ညအခါ၊ လသာသာ၊ ကစားမလား၊ နားမလားကို စာမျက်နှာပြည့် ချရေးခိုင်း ပါသည်။ ခဲတံတောင် သေသေချာချာ မကိုင်တတ်သေးသော သည်ကလေးကို ခဲတံမည်သို့ကိုင်ရမည်။ လက်ကိုဘယ်သို့ထားရမည်ကို စသင်ရမည်။ နောက်ပြီး အလွယ်ဆုံးဖြစ်သော ၀လုံးကို ဦးစွာဝိုင်းခိုင်းရမည်။ ၀လုံးပြီးတော့မှ ထဆင်ထူး။ ထိုမှ တစ်ဆင့်တက်ကာ ကကြီး စသဖြင့် အဆင့်ဆင့်သင်ရမည်ကို တော်ရုံဗဟုသုတရှိသူပင် သိပါသည်။
ကလေးမှာ ဆရာမခိုင်းသည့်အတိုင်း မနည်းကြိုးစားပမ်းစား ပင်ပမ်းကြီးစွာ ရေးနေရသည်။ မလွဲပါသလော။ အလွန်လွဲ၏။ ယခုမှ စာစသင်ရမည့် ကလေးကို ၀လုံးဝိုင်းခိုင်းရမည်ဟုပင် မသိသူတစ်ဦးက သင်ပေးနေသည်ဖြစ်ရကား ထိုကလေးမှာ စာကို သေသေချာချာ ရေးတတ်နိုင်ပါမည်လား။ ဝေးစွ။ ဤကဲ့သို့ သင်ကြားပေးနေသော ဆရာ၊ ဆရာမအမည်ခံနေသူများ မြန်မာနိုင်ငံတွင် အဘယ်မျှ ရှိနေပါ သနည်း။
မြန်မာနိုင်ငံအနှံ့အပြားတွင် တရားဝင် ဖွင့်လှစ်သင်ကြားပေးနေသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် သီလရှင်သင် ပညာရေးကျောင်းများ အများအပြားရှိပါသည်။ အချို့ကျောင်းများမှာ မူလတန်း၊ အချို့ကျောင်းများမှာ အလယ်တန်း၊ အချို့ကျောင်းများမှာ အထက်တန်းပညာများထိ သင်ကြားပေးနေကြပါသည်။ ထိုကျောင်းများမှ ဆရာဆရာမ အများစုမှာ သင်ကြားမှုနှင့်ပတ်သက်သော မည်သည့် သင်တန်းမှ စနစ်တကျပေးမထားသည့် သာမန် ဆယ်တန်း၊ ဆယ်တန်းအောင်၊ ဘွဲ့ရ စသူတို့သာ ဖြစ်ပါသည်။
ထိုကျောင်းများတွင် လခနည်းနည်းနှင့် သင်ကြားပေးနေသော ၎င်းတို့၏ စေတနာကို အသိအမှတ်ပြုပါသည်။ သို့သော် စေတနာ တစ်ခုတည်းနှင့် မပြီးပါ။ သေသေချာချာ သင်တတ်ဘို့လည်း အရေးကြီးပါသည်။ သို့မဟုတ်ပါက အထက်တွင် ဖော်ပြခဲ့သော ဆရာမဆိုသူ သင်ပုံအတိုင်းသာသင်ခဲ့လျှင် ကလေးများအဖို့ အလွန်နစ်နာလှပါသည်။ အသင်မတတ်ပါက ပိုးသာ လှည်းနှစ်စီးတိုက်လောက် ကုန်သွား မည်။ မောင်ပုံကလေး စောင်းတတ်မည် မဟုတ်ပါချေ။
စာသင်ခြင်းဟူသည် ပညာရပ်တစ်ခုဖြစ်၏။ လေးတန်းအောင်ရုံမျှနှင့် မူလတန်းမှစာများကို သင်နိုင်ပြီ။ ဆယ်တန်းအောင်ကာမျှနှင့် အလယ်တန်း၊ အထက်တန်းများကို သင်နိုင်ပြီဟု ယူဆ၍ မရပါ။ သို့သော် ထိုကျောင်းများမှာ လက်ရှိဖြစ်နေသော ပြဿနာကို လောလောလတ်လတ် ဖြေရှင်းရန် ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့် အခြား စိတ်အားထက်သန်သူ လူပုဂ္ဂိုလ်များက ၀ိုင်းဝန်းကြိုးပမ်း ကြခြင်း ဖြစ်ပါသည်။ အချို့မှာ အစိုးရကျောင်းမှ ဆရာ၊ ဆရာမဟောင်းများ ဖြစ်သည့်တိုင် အရေအတွက်အားဖြင့် အလွန်နည်းပါသည်။
ယခုအခါတွင် ထိုကျောင်းများမှ ဆရာဆရာမများကို ဆရာဖြစ်သင် သင်တန်းများ ပို့ချပေးသည်ဟု သတင်းသဲ့သဲ့ကြားမိ၏။ သို့သော် ဤကိစ္စမှာ တစ်ကျောင်းနှစ်ကျောင်းမျှ လုပ်ရမည့်ကိစ္စမဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ ဘုန်းတော်ကြီးသင်ကျောင်း နှင့် သီလရှင်သင် ကျောင်းများမှ ရာပေါင်းများစွာသော ဆရာဆရာမများကို စနစ်တကျ သင်ပေးရမှာ ဖြစ်ပါသည်။ ကလေးများကို အရင်စာသင်ဘို့ထက် ထိုဆရာဆရာမများကို ဦးစွာ လေ့ကျင့်ပေးဘို့က ပိုအရေးကြီးပါသည်။ သို့မဟုတ်ပါက ထို ဘုန်တော်ကြီးသင်နှင့် သီလရှင်သင်ကျောင်းများမှ ကလေးများမှာ ဒေါက်တာရမ်းကုနှင့် အကုခံရသော လူနာများသဖွယ် ဖြစ်နေပါလိမ့်မည်။
            ပြန်ကောက်ရလျှင် သင်တန်းကျောင်းများမှ သင်တန်းဆရာများလည်း ဤနည်းအတိုင်း ဖြစ်ပါသည်။ သင်တန်းဆရာများ အသင်မတတ်လျင် သင်တန်းလာတက်သူတို့မှာ ပိုက်ဆံကုန်၊ အချိန်ကုန်၊ ကြိုးစားရကျိုး နပ်မည်မဟုတ်ပါ။
            ထို့ကြောင့် ထိုသင်တန်းများမှ သင်တန်းဆရာများကို သေသေချာချာ ပို့ချတတ်သော အရည်အသွေးပြည့်မီသည့် သင်တန်း ဆရာများ ဖြစ်လာစေရန် စနစ်တကျ လေ့ကျင့်သင်ကြားပေးရန် အရေးကြီးပါသည်။
            သင်တန်းကောင်းတစ်ခု၌ သင်တန်းပို့ချရန် ပတ်ဝန်းကျင်၊ သင်တန်းကို အထောက်အကူပြုမည့် ကိရိယာများစသည်တို့နှင့် ပြည့်စုံ သည့် သင်တန်းကျောင်း၊ စနစ်တကျ ရေးဆွဲထားသော သင်ရိုး၊ သင်တန်းသားကိုင်စာအုပ်၊ ဆရာကိုင်စာအုပ်၊ သင်တန်းအချိန်ဇယား၊ သင့်တော်သော သင်တန်းချိန်၊ သင်တန်းအပေါ်လေ့လာသုံးသပ်ချက်၊ လိုအပ်လျှင် ထပ်မံလေ့လာရန် သင်တန်းနှင့်ပတ်သက်သည့် ရည်ညွှန်းစာအုပ်စာတမ်းများ၊ လေ့ကျင့်ပေးထားသော အရည်အသွေးပြည့်ဝသည့် သင်တန်းဆရာ၊ သင်တန်းအား စီမံခန့်ခွဲသည့် နည်းစနစ် စသည်တို့ ရှိရမည်။  
(၂) သင်တန်းဆရာတစ်ဦး၏ အခန်းကဏ္ဍ
သင်တန်းဆရာတစ်ဦး၏ အခန်းကဏ္ဍသည် ပုံမှန်ကျောင်းမှ ကျောင်းဆရာ၊ ဆရာမများနှင့် မတူချေ။ ပုံမှန်ကျောင်းများမှာ ဆရာမှ တပည့်သို့ တစ်လမ်းသွား ပညာရေးစနစ်ဖြစ်သည်။ အခြေခံကျောင်းများတွင် ၀ိဇ္ဇာသိပံ္ပပညာရပ်များ၊ လူမှုရေးဆိုင်ရာအခြေခံ ပညာရပ်များကို သင်ကြားပေးသည်။ ၎င်းတို့သင်ယူရသော ပညာရေးမှာ အခြေခံအသိပညာရရှိရေးဖြစ်ပြီး အသုံးချသည့် နယ်ပယ်သို့မရောက်သေး။ ထို အသိပညာများကို အခြေခံလျက် လက်တွေ့နယ်ပယ်တွင် အသုံးချရသည်။ တစ်နည်းအားဖြင့် ပုံမှန်ကျောင်းတွင် သင်ယူလေ့လာနေသော ကျောင်းသားများမှာ အသိပညာရရှိရေး သီးသီးသာ ဖြစ်၏။
            သို့သော် သက်မွေးဝမ်းကျောင်းပညာရပ်များကို ပို့ချနေသော ကျောင်းများ၊ ထိုကျောင်းများတွင် တက်ရောက်သင်ယူနေသော သင်တန်းသားများမှာမူ အထက် ပုံမှန်ကျောင်းများနှင့် လုံးဝ ကွာသွားသည်။ သင်တန်းကျောင်းများ၌ လေ့လာသင်ယူမှုများသည် အသိပညာ ရရေး သက်သက်သာမဟုတ်တော့ဘဲ လက်တွေ့နယ်ပယ်နှင့် တိုက်ရိုက်ပတ်သက်နေသည်။ ထို့ကြောင့်ပင် ထိုသင်တန်းသားများကို လေ့ကျင့်ပေးရာ၌ အခြေခံကျောင်းများ၌ သင်ပေးသကဲ့သို့ မရတော့။ လက်တွေ့ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးရန် လိုလာသည်။ ထိုသင်တန်းသားများသည် အခြေခံကျောင်းများမှာကဲ့သို့ စာများကို သဘောပေါက်သည်ဖြစ်စေ၊ မပေါက်သည်ဖြစ်စေ၊ အလွတ်ကျက်မှတ်ရုံမျှသာ မဟုတ်တော့ဘဲ သေသေချာချာ နားလည်သဘောပေါက်ရန် အရေးကြီးလာသည်။ သို့မှသာ ဤသင်တန်းမှ ရရှိလာသော အသိပညာများကို လက်တွေ့နယ်ပယ်နှင့် ဆက်စပ် အသုံးချနိုင်မည်ဖြစ်၏။
            သင်တန်း၏ သဘောသဘာဝ ကွာခြားသွားသကဲ့သို့ သင်တန်းပို့ချမည့် လေ့ကျင့်ပေးသူ (trainer) ၏ အခန်းကဏ္ဍ၊ တာဝန် ၀တ္တရားမှာလည်း ကျောင်းဆရာဆရာမများ၏ တာဝန်ဝတ္တရားနှင့် မတူတော့ပေ။ 
            လေ့ကျင့်ပေးသူတစ်ဦးသည် ကျောင်း၌ဆရာဆရာများ စာသင်သကဲ့သို့ အတန်းရှေ့တွင်နေကာ ကိုယ်ကချည်း တစ်ချိန်လုံး ပြောပြ နေရန် မဟုတ်ပေ။ ယေဘူယျအားဖြင့် သင်တန်းဆရာတစ်ဦး၏ တာဝန်ဝတ္တရားများမှာ အောက်ပါတို့ဖြစ်၏။
v  သင်ကြားပြသခြင်း
v  (သင်တန်းသားများအား) လေ့လာခြင်း၊ စောင့်ကြည့်အကဲခတ်ခြင်း
v  အမှားပြင်ပေးခြင်း
v  (သင်တန်းသားတို့၏) အတုယူဖွယ်ဖြစ်ခြင်း
v  (သင်တန်းသားများ၏) ယူဆချက်များကို မေးမြန်းခြင်း
v  ရှင်းလင်းတင်ပြခြင်း 
ထိုမျှသာမက သင်တန်းဆရာသည် မိမိ၏အတတ်ပညာကို အသုံးချလျက် သင်တန်းသားများအား အသိပညာနှင့်ကျွမ်းကျင်မှုကို -
v  သင့်တော်သော သင်နည်းဖြင့်ပေးရမည်။
v  မှန်ကန်သောအချိန်တွင် ပေးရမည်။
v  သင်တန်းသားတွင် ရှိပြီးသား အရည်အသွေးများနှင့် ပေါင်းစပ်ပေးရမည်။
လေ့ကျင့်ပေးသူတစ်ဦးအနေနှင့် တိုးတက်ပြောင်းလဲနေသော နည်းပညာများကို အမီလိုက်နိုင်ရန်နှင့် ခေတ်နှင့် မျက်ခြေမပြတ် စေရန် အမြဲမပြတ် လေ့လာသင်ယူနေရန် (life long learning) လိုသည်။ ၎င်းသည် သင်တန်းသားများအတွက် စံပြဖြစ်နေရမည်။
(၃) သင်တန်းဆရာတစ်ဦး၏ လိုအပ်သော ကျွမ်းကျင်မှု (Competencies of a trainer)
က) ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်လိမ္မာမှု (Professional Skill)
            သင်တန်းနည်းပြသည် မိမိသင်ကြားပြသမည့် ဘာသာရပ်ကို ပိုင်ပိုင်နိုင်နိုင်၊ ကျွမ်းကျင်နေရမည်။ ယောင်ဝါးဝါးဖြစ်မနေစေရ။ သင်တန်းဆရာလုပ်မည့်သူသည် စာတွေ့ရော (လုပ်ငန်းခွင်) လက်တွေ့ဗဟုသုတပါ ရှိထားရန်လိုသည်။ သို့မှသာ လုပ်ငန်းခွင်၌တွေ့ရမည့် အခက်အခဲများကို ကိုယ်တွေ့ဗဟုသုတများနှင့်ယှဉ်ကာ ပြောပြနိုင်မည်။ စာအုပ်ဖတ်ပြီး သင်ပေးနေသူသည် တကယ့်သင်တန်းနည်းပြ ကောင်းတစ်ဦး ဖြစ်မည်မဟုတ်ချေ။ လိုအပ်ပါက သင်တန်းဆရာများသည် မိမိဘာသာရပ်နှင့် သက်ဆိုင်သည့် အခြားသင်တန်းများကိုလည်း တက်ထား၊ လေ့လာထားရမည်။ မိမိမကျွမ်းကျင်သောအပိုင်းဆိုပါက အခြား ကျွမ်းကျင်တတ်မြောက်သူများထံ နာခံမှတ်သားရမည်။ ထိုသူများထဲတွင် -
Ø  မိမိနှင့်အဆင့်တူ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ မိတ်ဆွေများ
Ø  မိမိဘာသာရပ်နှင့်သက်ဆိုင်သည့် အထူးကျွမ်းကျင်သူ ၀ါရင့်ပညာရှင်များ၊ အကြံပေးပုဂ္ဂိုလ်များ
Ø  မိမိဘာသာရပ်နှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများ
Ø  မိမိဘာသာရပ်နှင့်သက်ဆိုင်သည့် တက္ကသိုလ်များမှ ဌာနမှူးများ၊ ကထိက၊ ပါမောက္ခများ
Ø  မိမိဘာသာရပ်နှင့်သက်ဆိုင်သည့် စက်ကိရိယာ ထုတ်လုပ်သူ၊ ငှားရမ်းသူ၊ ရောင်းဝယ်သူများ စသည်တို့ ပါဝင်သည်။
ခ)  ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ကျွမ်းကျင်လိမ္မာမှု (Personal Skill)
            ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ကျွမ်းကျင်မှုတွင် အောက်ပါတို့ ပါဝင်နိုင်သည်။
v  သင်တန်းသားများနှင့် သင့်တင့်လျောက်ပတ်စွာ ဆက်ဆံနိုင်ခြင်း (Communicate in an appropriate way)
v  သင်တန်းသားများအား လမ်းညွှန်မှုပေးနိုင်ခြင်း (Guide the trainees)
v  သင်တန်းသားများအား ဝေဖန်သုံးသပ်ချက်ပေးခြင်း (Give the trainee feedback)
v  လူငယ်တို့၏ အလေ့အထများကို သိနားလည်ခြင်း (Know something about youth culture)
v  သင်တန်းအစီအစဉ်များကို သင်တန်းသားများ ပါဝင်စေလျှက် ရေးဆွဲခြင်း (Plan a training programme together with the trainees) . . . စသည်
အကယ်၍ သင်တန်းဆရာသည် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာကျွမ်းကျင်မှု အားနည်းနေသည်ဆိုပါက ၎င်းအား သင့်တော်သည့် သင်တန်းများ (ဥပမာ - အများပြည်သူနှင့် ဆက်ဆံရေး (public relationship) သင်တန်း၊ ပြောဆိုဆက်ဆံရေးကျွမ်းကျင်မှုသင်တန်း (communication skill) စသည်) သို့စေလွှတ်လေ့လာစေသင့်သည်။
ဂ) မိမိပညာရပ်တွင် စဉ်ဆက်မပြတ် တိုးတက်နေမှု (Continuous professional development)
            မိမိဘာသာရပ်နှင့် ပတ်သက်၍ တိုးတက်ပြောင်းလဲနေသော နည်းပညာများအား အမီလိုက်နိုင်ရန် ကုမ္ပဏီ၏ အစီအစဉ်ဖြင့်သော် လည်းကောင်း၊ မိမိကိုယ်တိုင်၏ ကြိုးစားအားထုတ်မှုဖြင့် သော်လည်းကောင်း စဉ်ဆက်မပြတ်လေ့လာသင်ယူနေဘို့ လိုသည်။ နည်းပညာ ဆိုင်ရာ နေ့စဉ်သတင်းများ၊ အရည်အသွေးမြှင့်သင်တန်းများ၊ အင်တာနက် သတင်းအချက်အလက်များ၊ စာအုပ်စာတမ်းများမှ လေ့လာ သင်ယူနိုင်သည်။ အင်တာနက်ရှိလျှင် တိုးတက်သောနိုင်ငံကြီးများမှ ပို့ချသည့် e-learning သင်တန်းများကိုလည်း တက်ရောက်နိုင်သည်။ သက်မွေးဝမ်းကျောင်း တက္ကသိုလ်များမှ ပို့ချသော ညနေပိုင်းသင်တန်းများကို တက်ရောက်နိုင်သည်။
            လက်ရှိဖြစ်ပေါ်နေသော အခြေအနေကို မျက်ခြေမပြတ်မှသာ ဈေးကွက်၏လိုအပ်ချက်နှင့် ကိုက်ညီသော သင်ရိုးများ ရေးဆွဲနိုင် မည်။ သင်တန်းသားများအား ၎င်းတို့ အလုပ်ခွင်တွင် တိုက်ရိုက်အသုံးချနိုင်သော အသိပညာများ ပံ့ပိုးပေးနိုင်မည်။ သင်တန်းမှ ပို့ချပေးလိုက် သောစာများနှင့် လက်တွေ့ကို ပေါင်းစပ်ပေးနိုင်မည်။
(၄) သင်တန်းဆရာအတွက် အရေးကြီးသော အချက် (၁၀) ချက်
 ၁။ သင်တန်းစစချင်း သင်တန်းဆရာနှင့် သင်တန်းသားတို့ အပြန်အလှန် နားလည်မှုရရန် အရေးကြီးသည်။ အဖွင့်သည် အရေးကြီး သဖြင့် သင်တန်းမစမီ အချင်းချင်း မိတ်ဆက်ချိန်၌ သင်တန်းဆရာသည် သင်တန်းသားအားလုံး၏ အပြုအမူ၊ အလေ့အထတို့ကို တတ်နိုင်သမျှ ခြုံမိငုံမိဖြစ်အောင် လေ့လာရမည်။ 
၂။ သင်တန်းဆရာသည် မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ထားရမည်။ သင်တန်းစစချင်း၌ပင် မိမိသည် ဤဘာသာရပ်နှင့်ပတ်သက်၍ ကျွမ်းကျင်တတ်မြောက်သူဖြစ်ကြောင်း ပြရမည်။ အထူးသဖြင့် မိမိထက် ပိုမိုတတ်ကျွမ်းသော သင်တန်းသားများ ပါလာပါက မိမိ၏ လေ့လာမှု၊ အတွေ့အကြုံတို့ကို ပိုမိုအသေးစိတ်စွာ ပြောပြရန်လိုပါက ပြောပြရမည်။
၃။ မိမိယခု ပြသမည့် သင်ခန်းစာများကို ကောင်းစွာ ကျေညက်နေရမည်။ မည်သည့် ဆလိုက်ပြီးလျှင် မည်သည့်ဆလိုက်လာမည် စသည်တို့ကိုပါ အသေးစိတ်သိနေလျှင် ပိုမိုခရီးရောက်သည်။ ထိုသို့ဖြစ်နေစေရန် သင်တန်းမစမီကတည်းက သင်တန်း၌ တကယ်သုံးမည့် ဆလိုက်များ၊ လက်စွဲစာအုပ်များနှင့် အထပ်ထပ် လေ့ကျင့်ထားရမည်။ ကိုယ်လုံးပေါ်မှန်ရနိုင်က ကိုယ်လုံးပေါ် မှန်ရှေ့၌ လေ့ကျင့်ရမည်။ ပြောသည့်လေသံအတိုးအကျယ်၊ အနိမ့်အမြင့်၊ ကိုယ်နေဟန်ထား၊ မျက်နှာအမူအရာ စသည်တို့ကို အကဲခတ်၍ ပြင်သင့်တာရှိလျှင် စောစောစီးစီး ကြိုပြင်ထားရမည်။ အကယ်၍ လက်တွေ့သရုပ်ပြရန်လိုပါက သင်တန်းခန်းအတွင်း၌ အခက်အခဲ၊ အထစ်အငေါ့မရှိ သရုပ်ပြနိုင်ရန် (အဖော်ရလျှင် အဖော်ခေါ်ကာ) ကြိုတင်လေ့ကျင့်ထားရမည်။  
၎။ သင်တန်းဆရာဟူသည် အတန်းရှေ့တွင် ရပ်နေရသည်ဖြစ်ရာ အားလုံးက ၀ိုင်းကြည့်နေကြမည်ဖြစ်၏။ ထိုအခါ ၎င်းတွင် အများရှေ့၌ အမှားတစ်ခုခုလုပ်မိမှာကို စိုးရိမ်စိတ်ဝင်နေတတ်သည်။ ထိုစိုးရိမ်စိတ်ကြောင့်ပင် ၎င်းသည် အမှားများကို ပြုလုပ်မိတတ်သည်။ ထိုအခါ ထိုအမှားကို (ဣနြေ္ဒမပျက်စေဘဲ) အချိန်မီ ပြန်လည် အဖတ်ဆည်နိုင်ရန် ကြိုးစားရမည်။
၅။ ရိုးသားပါ။ အကယ်၍ သင်တန်းသားတစ်ဦးဦး မေးလာခဲ့သော မေးခွန်းကို မသိပါက ယောင်ဝါးပြီး မဖြီးပါနှင့်။ “အဲဒါနဲ့ပတ်သက်လို့ ငါ ထပ်ရှာလိုက်ဦးမယ်။ နက်ဖြန်ကျ ပြန်ဖြေပေးပါမယ်” စသဖြင့် ပြောပါ။ မသိခြင်းသည် အပြစ်မဟုတ်။ သိချင်ယောင်ဆောင်ခြင်းသာ အပြစ်ဖြစ်သည်။ သို့သော် ထိုအဖြေကိုမူ သေသေချာချာ၊ ဂဃနဏ ရှင်းရှင်းလင်းလင်းသိသည်ထိ ရှာပြီး အဖြေပြန်ပေးရန် အရေးကြီးသည်။
၆။ မိမိပို့ချနေသော သင်တန်း၏ အဓိက ရည်ရွယ်ချက် (learning outcome) ကို မပျောက်ပါစေနှင့်။ ထိုရည်ရွယ်ချက်ရောက်အောင် သင်ပါ။ ပို့ချချက်များကို အပိုင်းများခွဲပြီး တစ်ပိုင်းပြီးတိုင်း သင်ခန်းစာ၏ ရည်ရွယ်ချက်များ ပြည့်မီသလားဟု ပြန်လည်စစ်ဆေးပါ။ ပြီးခဲ့သော ပို့ချချက်များသည် ရည်မှန်းထားသည့် ရည်ရွယ်ချက်ကို ပြည့်မီပါစေ။ အားလုံးပြည့်စုံပြီဆိုမှ နောက်တစ်ပိုင်းကို ဆက်ပါ။
၇။ သင်တန်းဆရာသည် မိမိပို့ချနေသည့် ပို့ချချက် ခေါင်းစဉ်မှ သွေဖီမသွားစေရန် အမြဲသတိပြုနေရမည်။ သင်တန်းသားများမှ သင်ခန်းစာ နှင့် ပတ်သက်သော မေးခွန်းများ၊ စပ်စုမှုများ၊ ၎င်းတို့၏အတွေ့အကြုံများကို မေးမြန်း၊ ပြောပြလာနိုင်သည်။ ထိုအခါ ထိုမေးခွန်းနှင့် ဆွေးနွေး ချက်များသည် မူလခေါင်းစဉ်မှ သွေဖီသွားလျင် အချိန်မီပြန်လည် တည့်မတ်ပေးရမည်။ ထိုအကြောင်းကို နောင် အချိန်ရလျှင်သော် လည်းကောင်း၊ ကော်ဖီနားချိန်တွင်လည်းကောင်း ဆွေးနွေးမည်ဖြစ်ကြောင်း ပြောပါ။
၈။ ပို့ချနေသော အကြောင်းအရာအား အထောက်အကူပြုမည့် ဥပမာများ၊ ပုံပြင်များ၊ နမူနာများ၊ သင်၏ အတွေ့အကြုံများကို ပြောပြပါ။ ဤသို့ပြောပြရာတွင် ရုပ်ပုံကားချပ်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ ပြသနိုင်သည်။ ခက်ခဲရှုပ်ထွေးသော အကြောင်းအရာဖြစ်ပါက ပိုမိုလွယ်ကူ သည့် ဥပမာများ၊ အခြားနှိုင်းယှဉ်စရာများနှင့် ပြောပြပါ။ ဥပမာ၊ ဥပမေးယျများသည် အကြောင်းအရာကို ပိုမိုလွယ်ကူစွာ မှတ်မိစေသည်။
၉။ ပို့ချသည့်အကြောင်းအရာကို သင်တန်းသားများနှင့် ဆက်စပ်ပတ်သက်၍ အနှစ်သာရတစ်ခုခု ပေးနိုင်စွမ်းရှိရမည်။ ရှုထောင့်စုံမှ မေးလာသော မေးခွန်းများကို ဖြေကြားရာတွင် စိတ်ရှည်သည်းခံခြင်း အလွန်အရေးကြီး၏။
၁၀။ အရေးကြီးဆုံးကား သင်တန်းကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ရေးဖြစ်သည်။ သင်တန်းပြီးဆုံးသွားသည့်အခါ သင်တန်းမှ ပို့ချလိုက်သမျှထဲမှ သော့ချက်ဖြစ်သော အကြောင်းအရာများကို ပြန်နွှေးပေးရမည်။ ၎င်းတို့တကယ် တတ်သိနားလည်ခြင်း ရှိမရှိ၊ ရေးဖြေ၊ နှုတ်ဖြေ မေးခွန်းများမေးခြင်း ပြုလုပ်နိုင်သည်။ လက်တွေ့လုပ်ရန်လိုအပ်ပါက လက်တွေ့လုပ်ခိုင်းရမည်။ ယခုသင်တန်းမှ လေ့လာသင်ယူသွားသည်များအား လက်တွေ့နယ်ပယ်တွင် မည်ကဲ့သို့အသုံးချနိုင်သည်ဆိုခြင်းကို သင်တန်းသားများ သေချာစွာ နားလည်သဘောပေါက်ရန် အရေးကြီးပေသည်။
            ထိုမျှသာမကသေး။ သင်တန်းနည်းပြလုပ်သူသည် စိတ်ရှည်ရမည်။ သည်းညည်းခံရမည်။ ဇွဲသန်ရမည်။ မိမိပို့ချနေသော အကြောင်းအရာကို စိတ်ဝင်စားရမည်။ စိတ်အားထက်သန်မှု ရှိရမည်။ သင်တန်းသားများမှာ မ,ပေါင်းတစ်ထောင်သားများ ဖြစ်သဖြင့် လူအမျိုးမျိုး၊ စိတ်အထွေထွေပါလာမည်ကို သိထားရမည်။
ရစ်လာသူများ၊ အလွန်စကားများသူများ၊ စကားတစ်လုံးမှ မပြောသူများ၊ ဘာကိုပြောပြော အမြဲ ဆန့်ကျင်နေသူများ၊ သင်တန်းခန်း ထဲတွင် အိပ်ငိုက်နေသူများ၊ အခန်းတွင်း ၀င်လိုက်ထွက်လိုက် လုပ်နေသူများ၊ သင်တာကို စိတ်မ၀င်စားဘဲ အချင်းချင်း စကားများနေသူများ၊ သင်တန်းသားသည် သင်တန်းဆရာ၏ သူငယ်ချင်းဖြစ်နေသဖြင့် မခန့်လေးစား လုပ်သူများ၊ ၎င်းတော်ကြောင်းတတ်ကြောင်း ပြလိုသူများ၊ အများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ကို ကြောက်ရွံ့စိုးထိတ်နေသူ၊ ရှက်ရွံ့နေသူများ၊ ဤသင်တန်းသည် မိမိအတွက် အလွန်မြင့်လွန်းသည် ထင်ပြီး စိတ်ဓာတ်ကျနေသူများ စသူတို့ကို ကောင်းစွာ ကိုင်တွယ်တတ်ရမည်။
အခန့်သင့်လျှင် ရယ်ရွှင်ဘွယ်ရာလေးများ ပြောသင့်သည်။ ရီမောပျော်ရွှင်နေခြင်းဖြင့် သင်တန်းကို စိုစိုပြေပြေဖြစ်အောင် ထိန်းထားနိုင်သည်။ သို့သော် တမင်လုပ်ပြောသည့် ပြက်လုံးများနှင့် ညစ်ပတ်သော ပြက်လုံးများကို မပြောရ။
(၅) သင်တန်းဆရာများအား ပြုစုပျိုးထောင်ခြင်း
            စင်ကာပူနိုင်ငံတွင်မူ ကိုယ့်ဘာသာသင်တန်းကျောင်းထောင်၊ ကိုယ့်ဘာသာကိုယ် သင်တန်းနည်းပြဆရာခန့် လုပ်လို့မရပါ။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး သင်တန်းကျောင်းထောင်ရန် MOM (Ministry of Manpower) တွင် လိုင်စင်တင်ရသည်။ လိုင်စင်ရ သင်တန်းဌာနများကို ATP (MOM Accredited Training Provider) ဟု ခေါ်သည်။ ထိုကျောင်းတွင်သင်မည့် သင်တန်းဆရာများသည် အချိန်ပြည့်သင်တန်းဆရာဆိုလျှင် ACTA (Advanced Certificate in Training and Assessment) Module ၆ ခု (CU1, CU2, CU3, CU4, CU5, CU6) တက်ပြီး အောင်မှ သင်လို့ရသည်။ သို့တိုင် ထိုသင်တန်းအောင်ကာမတ္တမျှနှင့်မရသေးပါ။ ပို့ချမည့် ဘာသာရပ်နှင့် သက်ဆိုင်သည့်နယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၅ နှစ်ရှိရမည်။ (ဥပမာ - ဆောက်လုပ်ရေး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး သင်တန်းများအတွက် ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ပရော်ဖက်ရှင်နယ်အဖြစ် လုပ်သက် ၅ နှစ်ရှိရမည်။ သင်္ဘောကျင်းသင်တန်းများအတွက် သင်္ဘောကျင်းလုပ်သက် ၅ နှစ်ရှိရမည်။)
ဆူပါဗိုက်ဆာနှင့် မန်နေဂျာအဆင့်သင်တန်းများအတွက် Safety Officer သင်တန်းဆင်းလက်မှတ်ရှိမှရသည်။ အချိန်ပိုင်း သင်တန်းဆရာဆိုလျှင် ACTA, Module ၄ ခု (CU1, CU2, CU4, CU6) အောင်ရသည်။
            ထို ACTA သင်တန်းများကို အစိုးရအသိအမှတ်ပြု သင်တန်းကျောင်းများတွင် တက်၍ရပါသည်။ IAL (Institute for Adult Learning), STADA (Singapore Training and Development Association), Sigma Solution, NTUC Learning Hub တို့မှာ ထင်ရှားသည်။ ထိုကျောင်းများအနက် ကျွန်တော်ကတော့ IAL ကို ပိုပြီး သဘောကျပါသည်။ ထိုကျောင်းတွင် နေ့သင်တန်းရှိသလို ညသင်တန်းများလည်း ရှိ၏။ အလုပ်မဖျက်ချင်သော ကျွန်တော်တို့အတွက် အလွန်အဆင်ပြေပါသည်။ ညနေ ၆ နာရီမှ ၁၀ နာရီထိ ဖြစ်၏။ ည ၇ နာရီခွဲတွင် သင်တန်းခေတ္တနားကာ ညစာကျွေးပါသည်။
            ACTA သင်တန်းများတွင် သင်တန်းဆရာတစ်ဦးအဖို့ မသိမဖြစ်၊ မတတ်မဖြစ် တတ်ထားရမည့်အရာများအားလုံးကို သင်ပေးပါ သည်။ ACTA Module ၆ ခုမှာ အောက်ပါတို့ ဖြစ်ပါသည်။
            သင်တန်း ၆ ခုစလုံးမှ ပို့ချချက်များကို ဆောင်းပါးတစ်ပုဒ်မျှဖြင့် ရေးသားဖော်ပြရန် မဖြစ်နိုင်ပါ။ ထိုသင်တန်းပို့ချချက်အားလုံးကို ရေးသားဖော်ပြရလျှင် စာအုပ်တစ်အုပ်စာမျှ ရှိပါသည်။
အကြမ်းဖျဉ်းပြောရလျှင် ပထမဦးစွာ စင်ကာပူနိုင်ငံ၌ ကျင့်သုံးနေသည့် National Compentecy Standard အကြောင်းနှင့် စင်ကာပူ လုပ်သားထုကျွမ်းကျင်မှုအရည်အသွေး မြင့်မားလာစေရန် ချမှတ်ထားသောဘောင်ကို  နားလည်အောင် ရှင်းပြသည်။ ထို့နောက် သင်တန်းဆရာတစ်ဦး၌ ရှိသင့်ရှိထိုက်သော အရည်အသွေး၊ ထားရှိရမည့် စိတ်နေသဘောထား၊ ကျင့်ဝတ် စသည်တို့ကို သင်ကြားသည်။ ထို့နောက် သင်တန်းပို့ချချက် မှတ်စုများ (training material) ပြင်ဆင်နည်းကို စာတွေ့လက်တွေ့ သင်ကြားပေးသည်။ သင်ကြားပို့ချနည်းကို လက်တွေ့လေ့ကျင့်ပေးသည်။
ထို့ပြင် သင်တန်းသားတစ်ဦးအား တကယ်တတ်မြောက်ကျွမ်းကျင်မှု ရှိ/မရှိ စစ်ဆေးခြင်း (Assessment plan) အစီအမံ ရေးဆွဲခြင်း နှင့် လက်တွေ့စစ်ဆေးခြင်းတို့အား အတန်းထဲ၌ပင် လေ့ကျင့်ခိုင်းသည်။ သို့လေ့ကျင့်ရာ၌ အစစ်ဆေးခံရသူက ကဖျက်ယဖျက် (disruptive behaviour) လုပ်လာခဲ့လျှင် မည်သို့ကိုင်တွယ်ရမည်ကိုပါ တစ်ပါတည်း ညွှန်ကြားပြသပေးသည်။ ကဖျက်ယဖျက်အပြုအမူ ဆိုသည်မှာ အထက်တွင်ဖော်ပြခဲ့သလို စိတ်ဝင်စားမှုမပြခြင်း၊ အိပ်ငိုက်နေခြင်း၊ မိမိပြောသမျှ ငြင်းဆန်နေခြင်း၊ မိမိပြောသည်ကို နားမထောင်ဘဲ သူစိတ်ထင်ရာချည်း လျှောက်ပြောနေခြင်း၊ ကြိုးစားချင်စိတ်မရှိဘဲ လာဘ်ထိုးသောနည်းဖြင့် စာမေးပွဲအောင်ရန် ကြိုးစားခြင်း စသည်တို့ပါဝင်ပါသည်။
            သင်တန်းကြေးမှာ စုစုပေါင်း module ၆ ခုအတွက် စင်ကာပူဒေါ်လာ ၃၀၀၀ ပတ်ဝန်းကျင်ရှိပါသည်။
(၆) နိဂုံး
            ကောင်းမွန်လှပသော ပန်းပုရုပ်တစ်ခု ဖြစ်လာစေရေးအတွက် ပန်းပုဆရာ အလွန်အရေးကြီးပါသည်။ ပန်းပုဆရာများ များစွာ ရှိနိုင်ပါသည်။ သို့သော် ပန်းပုဆရာ၏ အရည်အသွေးကိုလိုက်၍ အရုပ်ဖြစ်ရုံမျှထုထားသော ပန်းပုရုပ်၊ ရောင်းတန်းဝင်ရုံမျှ ပန်းပုရုပ်၊ ဂန္ဓ၀င်မြောက် ပန်းပုရုပ်စသဖြင့် ကွာသွားပါသည်။
            ဤကဲ့သို့ပင် သင်တန်းတစ်ခု၌လည်း သင်ကြားပေးသော သင်တန်းဆရာ၏ အရည်အသွေးကိုလိုက်၍ သင်တန်းသား၏ တတ်မြောက်မှု၊ ကျွမ်းကျင်မှု ကွာသွားနိုင်ပါသည်။ ယခု မြန်မာနိုင်ငံသည် နိုင်ငံတကာဈေးကွက်သို့ဝင်ရန် တာစူနေပါသည်။ နိုင်ငံအတွင်း၌ ရောင်းတန်းဝင်ရုံ ပန်းပုရုပ်များနှင့် စခန်းသွားလို့ရသော်လည်း နိုင်ငံတကာနှင့် ယှဉ်မည်ဆိုလျှင် ဂန္ဓ၀င်ပန်းပုရုပ်များ ထုလုပ်နိုင်ရန် ကြိုးစားကြရပါမည်။ ဂန္ဓ၀င်ပန်းပုရုပ်များ ထုတ်လုပ်နိုင်ရန် အရည်အသွေးမီ ပန်းပုဆရာများ မွေးထုတ်ရပါမည်။
မြန်မာနိုင်ငံတွင် သင်တန်းဆရာများအား ပြုစုပျိုးထောင်ပေးသောကျောင်း မရှိသေးပါ။
ယခု ထို (Train the Trainer) သင်တန်းကျောင်းများ စတင်ဖွင့်လှစ်ရန် အချိန်ကျနေပြီဖြစ်ကြောင်း မောင်းထုလိုက်ရပါသည်။
အေးငြိမ်း (လေးမျက်နှာ)
၂၆ - ၃ - ၂၀၁၄
ရည်ညွှန်းကိုးကား စာအုပ်စာတမ်း၊ အင်တာနက် website များ
www.ial.edu.sg/‎
Sunday, March 23, 2014
အမျိုးသား ကျွမ်းကျင်မှုစံနှုန်း (National Competency Standard)
(၁) သက်ကြီး နှင့် စဉ်ဆက်မပြတ်ပညာရေး (Adult and Continuing Education)
နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရာတွင် အရည်အသွေးပြည့်ဝသော လူသားအရင်းအမြစ်များ မရှိမဖြစ်လိုအပ်ကြောင်း ယုံမှားသံသယရှိစရာမလိုပါ။ သို့ဆိုလျှင် နိုင်ငံတည်ဆောက်ရေးအတွက် ထိုလူသားအရင်းအမြစ်များရအောင် ပျိုးထောင်ယူရပေမည်။
ကျွမ်းကျင်တတ်မြောက်သူများ ဖြစ်လာရန် ပညာရေးသည် အဓိကအရေးပါ၏။ ပညာရေးတွင် နှစ်မျိုးရှိ၏။ တစ်မျိုးမှာ ပုံမှန် ကျောင်းသင်ပညာရေး (normal education) နှင့် နောက်တစ်မျိုးမှာ လုပ်ငန်းခွင်ဝင်ရောက်နေသူများအား အရည်အသွေးမြှင့်တင်ပေးမည့် သက်ကြီးပညာရေး (adult education) နှင့် စဉ်ဆက်မပြတ်ပညာရေး (continuous education) ဖြစ်၏။
            လူအရင်းအမြစ် ပြုစုပျိုးထောင်ရာတွင် ဤပညာရေးနှစ်မျိုးလုံး အရေးကြီး၏။ ကျောင်းသင်ပညာရေးမှာ လူတိုင်းသိပြီးဖြစ်သည့် မူလတန်းမှသည် ဘွဲ့ရ၊ ဘွဲ့လွန်ထိ ပုံမှန်သင်သွားသော ပညာရေးဖြစ်သည်။
လုပ်ငန်းခွင်ဝင်နေသူများအား လေ့ကျင့်သင်ကြားပေးခြင်းမှာ သက်ကြီးပညာရေး ဖြစ်၏။ မြန်မာနိုင်ငံတွင် ကျောင်းဆရာ ဆရာမများအား လေ့ကျင့်သင်ကြားပေးသည့် ဆရာအတတ်သင်သိပ္ပံ၊ ၀န်ထမ်းများအား လေ့ကျင့်သင်ကြားပေးသည့် ဗဟိုဝန်ထမ်း တက္ကသိုလ်တို့သည် သက်ကြီးပညာရေး သင်တန်းကျောင်းများဖြစ်၏။ ဆရာအတတ်သင်သိပ္ပံသို့ ကျွန်တော်မတက်ခဲ့ဖူးသဖြင့် မသိပါ။ သို့သော် ဗဟိုဝန်ထမ်းတက္ကသိုလ်ကိုမူ ၁၉၉၁ ခုနှစ်က တစ်ကြိမ်၊ ၁၉၉၃ ခုနှစ်က တစ်ကြိမ်။ နှစ်ကြိမ်တက်ခဲ့ဖူးသဖြင့် သူတို့ သင်ပုံသင်နည်း ကို သိပါသည်။ ဆရာအတတ်သင်သိပံ္ပတွင်လည်း သိပ်ထူးမည်မဟုတ်ပါ။ အတူတူပင်ဖြစ်ဖို့များပါသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်၌ သင်ပုံမှာ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်များတွင်သင်သကဲ့သို့ ဆရာများက တစ်ယောက်ပြီး တစ်ယောက်လာကာ ပို့ချသွားခြင်းဖြစ်ပါသည်။ ဆရာအတတ်သင်သိပံ္ပတွင်လည်း ဤအတိုင်းဖြစ်ဘို့များ၏။ အကယ်၍သာ ယခုတိုင် ဤနည်းအတိုင်းဆက်သင်နေသေးသည်ဆိုပါက ဤသင်ကြားနည်းသည် သက်ကြီးသင်တန်းသားများအတွက် ပြည့်စုံခြင်းမရှိသေးပါဟု ဆိုချင်ပါသည်။ ဤသင်တန်းများမှာ လုပ်ငန်းခွင်အတွင်းမှ လူကြီးများအား လေ့ကျင့်သင်ကြားပေးသော သင်တန်းများဖြစ်၏။ မိဘထံမှ ပိုက်ဆံတောင်းသုံး နေသော ဘာမှအပူအပင်မရှိသည့် ကျောင်းသား၊ သူငယ်များအား သင်ကြားပေးနေခြင်းမဟုတ် ဆိုသည်ကို သတိထားရ ပါမည်။ သို့သော်လည်း ပြောင်းလဲတိုးတက်လာသော အခြေအနေများအရ ထိုတက္ကသိုလ်သို့ နိုင်ငံခြားတက္ကသိုလ်ကြီးများမှ သင်တန်းများ လာရောက်ပို့ချခြင်း၊ တက္ကသိုလ်ဆရာဆရာမများကို နိုင်ငံခြားတိုင်းပြည်များသို့စေလွှတ်ကာ လေ့လာစေခိုင်းခြင်းများ ရှိလိမ့်မည်ဟု ယူဆရ ပါသည်။
ပြင်ပအရပ်ထဲတွင်လည်း သူ့နည်းသူ့ဟန်နှင့် ပို့ချနေကြသော စက်ပြင်သင်တန်း၊ ရေဒီယိုပြင်သင်တန်း၊ ဆံပင်ညှပ်သင်တန်း၊ ပုံဆွဲသင်တန်း စသဖြင့် သက်မွေးဝမ်းကျောင်းသင်တန်း အသီးသီးရှိပါသည်။ ဤသင်တန်းများမှာလည်း သက်ကြီးပညာရေးပင် ဖြစ်၏။ ထိုသင်တန်းအားလုံးမှာ ကိုယ့်နည်းကိုယ့်ဟန်နှင့် အဆင်ပြေသလို သင်ကြားပေးနေကြတာသာ ဖြစ်ပါသည်။ မည်သည့်စံနှုန်းစံထားမှမရှိ။ သို့ဆိုလျှင် ထိုသင်တန်းမှဆင်းလာသူများမှာ တကယ်တတ်မတတ် မည်ကဲ့သို့ တိုင်းတာနိုင်ပါမည်နည်း။ ထိုသင်တန်းမှ ပို့ချမှုများသည် မည်မျှထိရောက်သည်ကို မည်သူတို့ ဆန်းစစ်ကြည်ပါသနည်း။
ယခုဆောင်းပါးမှာ Compentency Standard အကြောင်းရေးမည်ဖြစ်၍ သက်ကြီးသင်တန်းများ၌ သင်ကြားရမည့် နည်းစနစ်များ ကို ချန်ခဲ့ပါမည်။ နောင် ဆောင်းပါးသီးသန့်ရေးပါမည်။
(၂) ကျွမ်းကျင်လိမ္မာသူ (Competent Person)
            ရေပိုက်သွယ်တန်းသူ၊ လျှပ်စစ်မီးကြိုးသွယ်တန်းသူ၊ စက်ပြင်သူ၊ အလှပြင်သူ၊ ဆံပင်ညှပ်သူ၊ မုန့်ဖုတ်သူ၊ ဂဟေဆော်သူ၊ သင်တန်းပို့ချသူ၊ ဟောပြောသူ စသည့် နှုတ်မှုလက်မှု အတတ်ပညာရှင်အားလုံးတွင် သူတို့ သိသင့်သိထိုက်၊ တတ်သင့်တတ်ထိုက်သည့် အရာများရှိ၏။ သူသိသင့်သည်ကိုသိမှ၊ တတ်သင့်သည်ကိုတတ်မှ တကယ့် အရည်အသွေး ပြည့်ဝသော အတတ်ပညာရှင် ဖြစ်မည်။ သူများလုပ်တာ ကြည့်ရုံ၊ မှတ်ရုံမျှဖြင့် တကယ်တတ်သည့်သူ မဖြစ်နိုင်ပါ။ အဘယ်ကဲ့သို့ကွာသနည်းဆိုလျှင် ဆရာဝန်နှင့် ဒေါက်တာရမ်းကု ကွာသကဲ့သို့ ကွာပါသည်။
            မည်သည့်အလုပ်ကိုလုပ်သူသည် မည်သည်တို့ကို တတ်ထားရမည်ဟု သတ်မှတ်ထားခြင်းသည် Competency Standard ဖြစ်၏။ ဤစံနှုန်းသည် သူတစ်ယောက်၊ ငါတစ်ပေါက် ဖြစ်နေလို့မရ။ တစ်နိုင်ငံလုံး တပြေးညီဖြစ်နေရမည်။ ထို့ကြောင့် ဤစံနှုန်းကို National Competency Standard ဟု ခေါ်၏။ ဆိုလိုသည်မှာ စက်ပြင်ဆရာမှန်လျှင် ရန်ကုန်က စက်ပြင်ဆရာ၊ မန္တလေးက စက်ပြင်ဆရာ၊ မော်လမြိုင်က စက်ပြင်ဆရာ၊ တောင်ကြီးက စက်ပြင်ဆရာ၊ မည်သည့်စက်ပြင်ဆရာဖြစ်စေ စက်ပြင်ဆရာတစ်ဦး သိ၊ တတ်ထားရမည်တို့ကို တတ်၊ သိ၊ နားလည်ထားရမည် ဖြစ်၏။ ဤကဲ့သို့ တကယ်တတ်၊ သိထားမှ ထိုသူကို competent person ဟု ခေါ်သည်။
            Competent Person ကို KSA ဟူသော အရည်အသွေးသုံးရပ်ဖြင့် သတ်မှတ်သည်။
K – Knowledge = သိခြင်း
S – Skill = တတ်ခြင်း
A – Attitude (Attribute) = စေတနာပါခြင်း (အရည်အသွေးပြည့်ဝခြင်း)
            Knowledge ဟူသည် စာတွေ့ (သဘောတရား)။ Skill ဟူသည် လက်တွေ့ (ကျွမ်းကျင်မှု)။ Attitude ဟူသည် မိမိအလုပ်အပေါ် စေတနာထားခြင်း၊ မှန်မှန်ကန်ကန်လုပ်ကိုင်ပေးသည့် စိတ်နေသဘောထား၊ ရိုးသားမှု ဖြစ်၏။
            လမ်းစဉ်ပါတီခေတ်က “သဘောတရားမပါသော လက်တွေ့သည် အကန်းနှင့်တူ၍၊ လက်တွေ့မပါသော သဘောတရားသည် အကျိုးနှင့်တူသည်” ဟု ဆောင်ပုဒ်ရှိခဲ့၏။ အလွန်မှန်လှသောစကား ဖြစ်လေသည်။
            ဥပမာပြရလျှင် စက်ပြင်ဆရာတစ်ဦးသည် Four stroke cycle, two stroke cycle များအကြောင်းနားလည်ထားရမည်။ Fuel injection system အကြောင်း၊ Ignition system အကြောင်း သိထားရမည်။ သို့မှ အင်ဂျင်ပျက်၍ ပြင်သည့်အခါ သူ့အပိုင်းနှင့်သူ စနစ်တကျ အပြစ်ရှာတတ်မည်။ တကယ်ပျက်နေသည့်အပိုင်းကို သေသေချာချာသိကာ အမှန်တကယ် ပြင်နိုင်မည်ဖြစ်သည်။
            သို့တိုင် ပါးစပ်ကချည်း ဆီပေးစနစ် (fuel system) အကြောင်း ပြောနေလို့မဖြစ်သေး။ ပုံဆွဲပြီး ရှင်းပြတတ်ရုံနှင့် တတ်သည် မခေါ်နိုင်သေး။ ကာဘရိုက်တာကို ကိုယ်တိုင်ဖြုတ်၊ ကိုယ်တိုင်တပ်၊ ကိုယ်တိုင်ချေးဆေးတတ်မှ တကယ်တတ်သည်ဟု ခေါ်နိုင်သည်။
            ထိုကဲ့သို့ပင် ချောဆီပို့စနစ် (lubricating system) တွင်လည်း ချောဆီပို့စနစ်တစ်ခုတည်း သိရုံမျှမဟုတ်မူ၍ ချောဆီအမျိုးအစား များ၊ မည်သည့်ရာသီတွင် မည်သည့်ချောဆီကို သုံးရသည်။ မြန်မာနိုင်ငံတွင် မည်သည့်ချောဆီကို သုံးလျှင် အဆင်ပြေသည် စသည်တို့ကိုပါ ရွေးချယ်တတ်ရမည်။ ချောဆီပန့်ကို ကိုယ်တိုင် ဖြုတ်၊ တပ် တတ်ရမည်။ 
            ထို့အတူ စက်ချုပ်သမတစ်ဦးသည်လည်း ဖျင်စကိုညှပ်တတ်ရုံ၊ စက်နင်းတတ်ရုံမျှဖြင့် မပြီး။ ချည်ထည်၏ သဘောတရား၊ ပိုးထည်၊ နိုင်လွန်ထည်တို့၏ သဘောသဘာဝကို သိရသည်။ အပ်ချုပ်စက်တစ်လုံး၏ တည်ဆောက်ပုံကို နားလည်ရသည်။ ချည်ကျော်တွေများနေလျှင် ကိုယ့်ဘာသာကိုယ် ချိန်ညှိတတ်ရမည်။
            ဤကဲ့သို့ အသိပညာရှင်၊ အတတ်ပညာရှင်တစ်ဦး သိ၊ တတ်ထားရမည့်အရာများကို စာဖြင့်ချရေးကာ စံနှုန်းတစ်ခုပြုလျှက် တစ်နိုင်ငံလုံးလိုက်နာ သုံးစွဲစေခြင်းကို အမျိုးသားကျွမ်းကျင်မှုစံနှုန်း (National Competency Standard) ဟု ခေါ်၏။
(၃) အမျိုးသား ကျွမ်းကျင်မှုစံနှုန်း (National Competency Standard)
            ကျွမ်းကျင်မှုစံနှုန်းဆိုသည်မှာ လုပ်ငန်းတစ်ခုကို လုပ်တတ်ရုံမျှသာမကပဲ ထိုလုပ်ငန်းနှင့်ပတ်သက်သည့် အပြောအဆို ကျွမ်းကျင်မှု၊ လိုအပ်သော အတွက်အချက်များကို တွက်တတ်မှု၊ အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်မှု စသည်အားလုံးပါသည်။
            နိုင်ငံတစ်နိုင်ငံတွင် မိမိနိုင်ငံ၏ လုပ်ငန်းလိုအပ်ချက် အနေအထားအလိုက် အမျိုးသားကျွမ်းကျင်မှုစံနှုန်းကို ရေးဆွဲချမှတ်ထားရန် လိုပါသည်။ သင်တန်းကျောင်းများ၊ သင်တန်းများတွင် (သင်တန်းကျောင်း ကြီးငယ်မဟူ၊ ပုဂ္ဂလိကသင်တန်း၊ အစိုးရသင်တန်းဖြစ်စေ) သင်တန်းများပို့ချသောအခါ ထို အမျိုးသားကျွမ်းကျင်မှုစံနှုန်းကို လက်ကိုင်ထားကာ ထိုစံနှုန်း လိုအပ်ချက်များပြည့်မီအောင် သင်ကြားပေး ရမည်။
            သင်တန်းပြီးဆုံးသောအခါ သင်တန်းသားများကို ကျွမ်းကျင်မှုအကဲဖြတ်စစ်ဆေးခြင်း (Assessment) လုပ်ရပါသည်။ လက်တွေ့လည်း လုပ်တတ်သည်၊ စာတွေ့ဗဟုသုတလည်း ပြည့်စုံပြီဆိုမှ ထိုသူကို ကျွမ်းကျင်သူ (competent person) အဖြစ် သတ်မှတ်သည်။ မည်သည့်လုပ်ငန်းကိုမဆို ထို ကျွမ်းကျင်သူ (competent person) အားသာလုပ်ရန် ခွင့်ပြုရပါမည်။ သို့မှသာ အရည်အသွေးပြည့်မီသော ထုတ်ကုန် (product)၊ ၀န်ဆောင်မှု (service) များကို ရရှိမည်ဖြစ်ပါသည်။
            အမျိုးသား ကျွမ်းကျင်မှုစံနှုန်း (National Competency Standard) ရေးဆွဲရာတွင် အောက်ပါ နယ် (၅) ခုကို မလွဲမသွေ ထည့်သွင်းစဉ်းစားရမည်။
(၄) ကျွမ်းကျင်မှုအတွက် နယ် ၅ မျိုး (5 Dimensions of Competency In Action)
ကျွမ်းကျင်မှုတွင် အောက်ပါအတိုင်း နယ် (၅) ခုရှိသည်။ ဤသည်ကို လူနာထံမှ သွေးဖောက်ရသော သူနာပြုတစ်ဦး၏ ဥပမာ ဖြင့်ရှင်းပြပါမည်။
လုပ်ငန်းကျွမ်းကျင်မှု
(Task Skills)
သူနာပြုသည် သွေးဖောက်ရန်အတွက် သွေးဖောက်သည့်ကိရိယာကို နိုင်နိုင်နင်းနင်း ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သည်။
လုပ်ငန်းစီမံခန့်ခွဲခြင်းဆိုင်ရာ ကျွမ်းကျင်မှု
(Task Management Skills)
သွေးဖောက်ခြင်းကိုသာမက အပ်ကို မည်သို့ထားရမည်၊ မည်ကဲ့သို့ စွန့်ပစ်ရမည် ကိုလည်း သိသည်။
အရေးပေါ်စီမံခြင်းဆိုင်ရာ ကျွမ်းကျင်မှု
(Contingency Management Skills)
သွေးဖောက်စဉ် သွေးထုတ်သည့်အပ်နှင့်ပိုက် ကောင်းကောင်းအလုပ်မလုပ်ပါက မည်ကဲ့သို့လုပ်ရမည်ကို သိသည်။
တာဝန်ဝတ္တရားဆိုင်ရာ ကျွမ်းကျင်မှု
(Role and Job Environment Skills)
အကယ်၍ သွေးဖောက်နေစဉ် လူနာမူးမေ့သွားပါက အခြားလုပ်ဖော်ကိုင်ဖက်များနှင့် ဆက်သွယ်ကာ မည်သို့လုပ်ရမည်ကို သိသည်။
ကျွမ်းကျင်မှုကို လွှဲပြောင်းအသုံးချတတ်မှု
(Transfer Skills)
လူကြီးများအား သွေးဖောက်နည်းကို သင်ကြားထားသော်လည်း ထိုအသိပညာကို ကလေးငယ်များအား သွေးဖောက်ရာတွင်လည်း အသုံးချတတ်သည်။
(၅) အမျိုးသား ကျွမ်းကျင်မှုစံနှုန်း (National Competency Standard) နမူနာ
            အမျိုးသား ကျွမ်းကျင်မှုစံနှုန်း (National Competency Standard) အကြောင်း ထင်သာမြင်သာရှိစေရန် စင်ကာပူမှ နမူနာတစ်ခုကို အကျဉ်းရုံး၍ ထုတ်နုတ်ဖော်ပြလိုက်ပါသည်။
လုပ်ငန်းအမျိုးအစား                         - အစားအစာနှင့် အဖျော်ယမကာ
ကျွမ်းကျင်မှုအမျိုးအစား                     - အစားအစာနှင့် အဖျော်ယမကာကုန်ထုတ်လုပ်မှု လုပ်ငန်း
ကျွမ်းကျင်မှုဘာသာရပ်                      - အစားအစာနှင့် အဖျော်ယမကာများကို အန္တရာယ်ကင်းစွာကိုင်တွယ်ခြင်းနှင့် အစီအစဉ်များ
သင်တန်းချိန်နာရီပေါင်း                      - ၁၂ နာရီ
သင်တန်းရည်ရွယ်ချက်                      - တစ်ကိုယ်ရည်သန့်ရှင်းရေးကို ထိန်းသိမ်းတတ်စေရန်
                                                - အစားအသောက်များ ပြင်ဆင်ရန်သုံးသည့် ကိရိယာများကို ကိုင်တွယ်အသုံးချတတ်စေရန်
                                                - အစားအသောက်များကို ဘေးကင်းစွာ ချက်ပြုတ်တတ်စေရန်
                                                - အစားအသောက်များကို ဘေးကင်းစွာ ပြင်ဆင်တတ်စေရန်
                                                - အစားအသောက်များကို ဘေးကင်းစွာ သိုလှောင်တတ်စေရန်
            - အစားအသောက်များသိုလှောင်သည့်နေရာ၊ ချက်ပြုတ် ပြင်ဆင်သည့်နေရာ၊
  တည်ခင်းကျွေးမွေးသည့်နေရာများကို ကောင်းစွာထိန်းသိမ်းတတ်စေရန်
ကျွမ်းကျင်မှုနယ်
မသိမဖြစ် သိထားရမည့် ဗဟုသုတများ
၁။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ထိန်းသိမ်းခြင်း
Ø ဘက်တီးရီးယား၊ ဗိုင်းရပ်၊ မှိုစသည့်ပိုးမွှားများအကြောင်း
Ø အစာကြောင့်ဖြစ်တတ်သောရောဂါများ (ဥပမာ- တိုက်ဖွိုက်၊ ၀မ်းကိုက်ခြင်း)
Ø အစားအသောက်ကြောင့်ဖြစ်သော ရောဂါများ ပျံ့ပွားပုံ
Ø တစ်ကိုယ်ရည်မသန့်ရှင်းမှုကောင်းလျှင် အစားအသောက်ကြောင့်ဖြစ်သော ရောဂါများကို ကာကွယ်နိုင်ပုံ
Ø ဆိုင်မသန့်ရှင်းပါက အမှတ်လျှော့သည့်စနစ် (PDS – Points Demerit System)
၂။ အစားအသောက်များ ပြင်ဆင် ရန်သုံးသည့် အိုးခွက်ပန်းကန် များ၊ ကိရိယာများကို ကိုင်တွယ် အသုံးချခြင်း
Ø ဘက်တီးရီးယား၊ ဗိုင်းရပ်၊ မှိုစသည့်ပိုးမွှားများအကြောင်း
Ø အစာကြောင့်ဖြစ်တတ်သောရောဂါများ
Ø အစားအသောက်ကို ကူးစက်ညစ်ထေးခြင်း အဓိပ္ပာယ်
Ø အညစ်အထေးများ တစ်ခုမှတစ်ခုသို့ ပျံ့ပွားပုံ (cross contamination)
Ø အစားအသောက်ကို ကူးစက်ညစ်ထေးသည့် အရာများ (food cantaminants)
Ø (ဥပမာ - ပိုးသတ်ဆေး၊ သတ္တု၊ မီသိုင်းအယ်လ်ကိုဟော စသည်)
Ø အစားအသောက်ထဲတွင် ပိုးမွှားများပျံ့ပွားခြင်းနှင့် အပူချိန်ဆက်စပ်နေပုံ
Ø အစားအသောက်များ ဆေးကြောသန့်စင်ရာတွင် သန့်ရှင်းသောရေ၊ ဆပ်ပြာတို့ အသုံးပြုရန် အရေးကြီးပုံ
Ø မသန့်ရှင်းသော စဥ့်နီတုံး၊ ဒါး၊ ပန်းကန်ခွက်ယောက်များ၏ အန္တရာယ်
Ø မသန့်ရှင်းပါက အမှတ်လျှော့သည့်စနစ် (PDS – Points Demerit System)
၃။ အစားအသောက်များကို ဘေးကင်းစွာ ချက်ပြုတ်ခြင်း
Ø ဘက်တီးရီးယား၊ ဗိုင်းရပ်၊ မှိုစသည့်ပိုးမွှားများအကြောင်း
Ø အစာကြောင့်ဖြစ်တတ်သောရောဂါများ
Ø အညစ်အထေးများ တစ်ခုမှတစ်ခုသို့ ပျံ့ပွားပုံ (cross contamination)
Ø အစားအသောက်ကို ကူးစက်ညစ်ထေးသည့် အရာများ (food cantaminants)
Ø (ဥပမာ - ပိုးသတ်ဆေး၊ သတ္တု၊ မီသိုင်းအယ်လ်ကိုဟော စသည်)
Ø အစားအသောက်ထဲတွင် ပိုးမွှားများပျံ့ပွားခြင်းနှင့် အပူချိန်ဆက်စပ်နေပုံ
Ø အစားအသောက်များ ဆေးကြောသန့်စင်ရာတွင် သန့်ရှင်းသောရေ၊ ဆပ်ပြာတို့ အသုံးပြုရန် အရေးကြီးပုံ
Ø အစားအသောက်များချက်ပြုတ်ရာ၌ သန့်ရှင်းသောရေကို အသုံးပြုရန် အရေးကြီးပုံ
Ø အဆိပ်သင့်တတ်သော အသီးအနှံ၊ အသားငါးများ (ဥပမာ - မှို၊ ဖားပြုတ်) အား သိထားခြင်း
Ø မသန့်ရှင်းပါက အမှတ်လျှော့သည့်စနစ် (PDS – Points Demerit System)
၎။ အစားအသောက်များကို ဘေးကင်းစွာ ပြင်ဆင်ခြင်း
Ø ဘက်တီးရီးယား၊ ဗိုင်းရပ်၊ မှိုစသည့်ပိုးမွှားများအကြောင်း
Ø အစာကြောင့်ဖြစ်တတ်သောရောဂါများ (ဥပမာ- တိုက်ဖွိုက်၊ ၀မ်းကိုက်ခြင်း)
Ø အစားအသောက်ကြောင့်ဖြစ်သော ရောဂါများ ပျံ့ပွားပုံ
Ø အညစ်အထေးများ အစားအသောက်တစ်ခုမှတစ်ခုသို့ တစ်ခုမှတစ်ခုသို့ ပျံ့ပွားပုံ
Ø အညစ်အထေးများ အစားအသောက်တစ်ခုမှတစ်ခုသို့ မပျံ့ပွားရန် ကာကွယ်ရေး အရေးကြီးပုံ
Ø ချက်ပြုတ်ပြီး အစားအသောက်များကို သတ္တုဖြင့် ပြုလုပ်ထားသော ထုပ်ပိုးပစ္စည်းများ၊ သတ္တချိတ်များ မသုံးရန် အရေးကြီးပုံ
Ø အစားအသောက် သယ်ယူပို့ဆောင်ပေးသောယာဉ်အား အခြားပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အသုံးမပြုရန် အရေးကြီးပုံ
Ø အချို့အစားအသောက်များသည် အဘယ်ကြောင့် အလွန်အန္တရာယ်ရှိသနည်း
Ø အန္တရာယ်ရှိသောအစားအသောက်များကို ကိုင်တွယ်ရာတွင် ထည့်သွင်း စဉ်းစားရမည့်အချက်များ
Ø မသန့်ရှင်းပါက အမှတ်လျှော့သည့်စနစ် (PDS – Points Demerit System)
၅။ အစားအသောက်များကို ဘေးကင်းစွာ သိုလှောင်ခြင်း
Ø  ဘက်တီးရီးယား၊ ဗိုင်းရပ်၊ မှိုစသည့်ပိုးမွှားများအကြောင်း
Ø  အစာကြောင့်ဖြစ်တတ်သောရောဂါများ (ဥပမာ- တိုက်ဖွိုက်၊ ၀မ်းကိုက်ခြင်း)
Ø  အစားအသောက်ကြောင့်ဖြစ်သော ရောဂါများ ပျံ့ပွားပုံ
Ø  အညစ်အထေးများ အစားအသောက်တစ်ခုမှတစ်ခုသို့ တစ်ခုမှတစ်ခုသို့ ပျံ့ပွားပုံ
Ø  အစားအသောက်များကို သင့်တော်သောအပူချိန်တွင် သိုလှောင်ထားရန် အရေးကြီးပုံ
Ø  အစားအသောက်သိုလှောင်သည့်နေရာကို သင့်တော်အောင်ပြုပြင်စီမံခြင်း အရေးကြီးပုံ
Ø  အစားအသောက်သိုလှောင်သည့်နေရာ၊ ပြုပြင်သည့်၊ ချက်ပြုတ်သည့်နေရာများသည် အိမ်သာ၊ ရေချိုးခန်း၊ ဓာတုပစ္စည်းများထားသည့်နေရာ၊ သန့်ရှင်းရေးပစ္စည်းများ သိမ်းထား သည့်နေရာ၊ အမှိုက်ပုံ စသည်တို့မှ ဝေးနိုင်သမျှဝေးဝေး ထားရန် အရေးကြီးပုံ
Ø  ဦးစွာရောက်လာသည့် အစားအသောက်ကို ဦးစွာထုတ်သုံးသည့်စနစ် အရေးကြီးပုံ
Ø  မသန့်ရှင်းပါက အမှတ်လျှော့သည့်စနစ် (PDS – Points Demerit System)
၆။ အစားအသောက်ပြင်ဆင် ချက်ပြုတ်သည့်နေရာ၊ တည်ခင်း ဧည့်ခံသည့်နေရာ နှင့် သိုလှောင် သည့်နေရာများကို အသင့်တော်ဆုံး အနေအထားတွင် ထိန်းထားခြင်း
Ø ဘက်တီးရီးယား၊ ဗိုင်းရပ်၊ မှိုစသည့်ပိုးမွှားများအကြောင်း
Ø အစာကြောင့်ဖြစ်တတ်သောရောဂါများ (ဥပမာ- တိုက်ဖွိုက်၊ ၀မ်းကိုက်ခြင်း)
Ø အစားအသောက်ကြောင့်ဖြစ်သော ရောဂါများ ပျံ့ပွားပုံ
Ø အညစ်အထေးများ အစားအသောက်တစ်ခုမှတစ်ခုသို့ တစ်ခုမှတစ်ခုသို့ ပျံ့ပွားပုံ
Ø ပုရွက်ဆိတ်၊ ပိုးဟပ်၊ ယင်၊ ကြွက်စသော အကောင်ပလောင်များ အစားအသောက်များဆီ မလာနိုင်အောင် ကာကွယ်ရေး အရေးကြီးပုံ
Ø အင်းဆက်ပိုးမွှားများနှင့် ကြွက်များ လာရောက်စားသောက်ကြသည့် သင်္ကေတ၊ အမှတ်လက္ခဏာများ
Ø အစားအသောက်ကြောင့်ဖြစ်သော ရောဂါများပျံ့ပွားပုံ
Ø မသန့်ရှင်းပါက အမှတ်လျှော့သည့်စနစ် (PDS – Points Demerit System)
မှတ်ချက်။             ။ သိထားရမည့် ဗဟုသုတများကို Underpinning Knowledge (UK) ဟု ခေါ်ပါသည်။ ဤသည်တို့ကို သင်တန်းသား များ တကယ်သိမသိဆိုသည်ကို မေးခွန်းများကို ဖြေဆိုစေခြင်းဖြင့်လည်းကောင်း၊ နှုတ်မေးခြင်းဖြင့်လည်းကောင်း စစ်ဆေးနိုင်ပါသည်။
လက်တွေ့ဆောင်ရွက်မှု မှတ်ကျောက်များ (Performance Criteria (PC))
၁။ ကျွမ်းကျင်မှုနယ် (CE - Competency Element) - တစ်ကိုယ်ရည်သန့်ရှင်းရေးကို ထိန်းသိမ်းခြင်း
လက်တွေ့ဆောင်ရွက်မှု မှတ်ကျောက်များ
ပါဝင်သည့် အကြောင်းအရာများ
၁၊ ၁။ တစ်ကိုယ်ရေသန့်ရှင်းမှု
- အိမ်သာတက်ပြီးတိုင်း၊ နားချိန်မှပြန်လာတိုင်းတွင် လက်ကို ဆပ်ပြာ၊
  ရေနွေးတို့သုံးလျှက် စင်ကြယ်သန့်ရှင်းစွာ ဆေးကြောခြင်း
- လက်သည်းများကို ညှပ်ထားခြင်း၊ လက်သည်း ဆိုးဆေးများ မဆိုးခြင်း၊
  သန့်ရှင်းစွာထားခြင်း
- သန့်ရှင်းစင်ကြယ်သော အ၀တ်အစားများ၊ အပေါ်ဝတ်အင်္ကျီများ
- ဆံပင်များကို သပ်ယပ်စွာထုံးနှောင်ထားခြင်း၊ နောက်လှန်ဖြီးခါ ဆံညှပ်
  များဖြင့် ထိုးထားခြင်း၊ ဆံပင်အုပ်ဆောင်းများဖြင့် ဖုံးထားခြင်း
- ဒါးရှရာ၊ အနာများကို ရေစိုခံပလာစတာများ ဖြင့်စည်းနှောင်ထားခြင်း၊
  တစ်ခါသုံးလက်အိတ်များသုံးခြင်း
၁၊ ၂။ ကျန်းမာရေးကောင်းမှ အလုပ်လုပ်ခြင်း
- တိုက်ဖွိုက်ရောဂါကို ၃ နှစ်တစ်ကြိမ်စစ်ဆေးခြင်း
- အသက် ၄၅ နှစ်ကျော်လျှင် ၃ နှစ်တစ်ကြိမ် တီဘီရောဂါရှိမရှိ စစ်ဆေးခြင်း
- ဖျားနာနေစဉ်၊ ၀မ်းလျှောနေစဉ် ချက်ပြုတ်ခြင်း၊ အစားအသောက်
  ပြင်ဆင်ခြင်းမှ ရှောင်ကြဉ်ခြင်း
- ဖျားနာလျှင် ဆရာဝန်ထံ အမြန်ပြခြင်း
၁၊ ၃။ ညစ်ပတ်သော၊ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိသော အပြုအမူ
       များကို ရှောင်ကြဉ်ခြင်း
- ဆေးလိပ်သောက်ခြင်း၊ တံတွေးထွေးခြင်း၊ နှာခေါင်းနှိုက်ခြင်း
- နားအတွင်း လက်ဖြင့်နှိုက်ခြင်း
- ဆံပင်သပ်ခြင်း၊ ခေါင်းဖြီးခြင်း
- အစားအသောက်များအနီး နှာချေခြင်း၊ ချောင်းဆိုးခြင်း
- ချွေးများကို လက်ဖြင့်သုတ်ခြင်း
- အစားအသောက်များအတွင်း ပြုတ်ကျနိုင်သည့် လက်စွပ်၊ လက်ကောက်
  စသည့် လက်ဝတ်ရတနာများ ၀တ်ဆင်ခြင်း
- လက်ညှိုးဖြင့်နှိုက်၍သော်လည်းကောင်း၊ ယောက်မကို လက်ဖြင့်သပ်ပြီး
  သော်လည်းကောင်း ဟင်းမြီးခြင်း
အသုံးပြုရမည့် ကိရိယာများ
Ø  ဆပ်ပြာ၊ လက်ဆေးခွက်၊ လက်ဆေးဇလုံ
Ø  ဆံပင်အုပ်ဆောင်း၊ ဆံညှပ်များ
Ø  အေပၚ၀တ္အက်ႌ (apron)
Ø  ရေစိုခံပလာစတာများ
ဥပဒေစည်းမျဉ်းများ
Ø  Environmental Public Health Act
Ø  Environmental Public Health (Food Hygiene) Regulations
Ø  National Environment Agency Licensing requirements, including grading and demerit points systems
Ø  Ministry of Manpower occupational safety and health
လုပ်ကိုင်ရမည့်အစီအစဉ်
Ø လုပ်ငန်းခွင် တစ်ကိုယ်ရည်သန့်ရှင်းမှု
Ø အ၀တ်အစား
Ø ကူးစက်တတ်သော တီဘီရောဂါရှိမရှိ စစ်ဆေးခြင်း
ပါဝင်ပတ်သက်နေသူများ
Ø ကြီးကြပ်ရေးမှူးများ
Ø လုပ်ဖော်ကိုင်ဖက်များ
Ø ဖောက်သည်များ
ကြိမ်နှုန်း
မကြာခဏ
၂။ ကျွမ်းကျင်မှုနယ် (CE - Competency Element) - အစားအသောက်များ ပြင်ဆင်ရန်သုံးသည့် ကိရိယာများကို ကိုင်တွယ်အသုံးချခြင်း
၂၊ ၁။ ချက်ပြုတ်သည့် အိုးခွက်များ၊ ယောက်မ၊ဒါး၊ စဥ့်နီတုံး၊ ငြုပ်ဆုံ၊ အစားအသောက်များ ထည့်သည့် ပန်းကန်ခွက်ယောက်များ အစရှိ သည်တို့ကို ဆပ်ပြာ၊ ရေပူများသုံးလျှက် သေချာစွာ ဆေးကြောခြင်း
- ဟင်းသီးဟင်းရွက်၊ သားငါးအကြွင်းအကျန်များကို ဦးစွာသန့်ရှင်းခြင်း၊
- ရေဖြင့်အကြမ်းဆေးခြင်း၊ ဆပ်ပြာရေဖြင့် စိမ်ထားခြင်း၊
- အိုးခွက်ပန်းကန်များကို ရေသန့်ဖြင့် သေချာစွာဆေးကြောခြင်း၊
  အခြောက်ခံခြင်း
၂၊ ၂။ ချက်ပြုတ်သည့် အိုးခွက်များ၊ ယောက်မ၊ ဒါး၊ စဥ့်နီတုံး၊ ငြုပ်ဆုံ၊ အစားအသောက်ထည့်သည့် ပန်းကန်ခွက်ယောက် အစရှိသည်တို့ကို အသုံးပြုပြီးပြီးချင်း အချိန်မဆိုင်းဘဲ ချက်ချင်းဆေးကြောခြင်း
- ချက်ပြုတ်သော အိုး၊ ပန်းကန်ခွက်ယောက်စသည်တို့ကို ညသိပ်မထားဘဲ သုံးပြီးပြီးချင်း ဆေးကြောခြင်း
- စဥ့်နီတုံးနှင့် ဒါးတို့ကို အသားငါး စသည်တို့ကို တစ်ခါခုတ်ပြီးတိုင်း တစ်ခါဆေးခြင်း
၂၊ ၃။ ချက်ပြုတ်သော အိုးခွက်ပန်းကန်များကို ပန်းကန်စင်များ၊ ကြောင်အိမ်၊ ဘီရိုများထဲတွင် လုံခြုံစွာ သိမ်းဆည်းခြင်း
၂၊ ၄။ ချက်ပြုတ်ရာတွင် ကောင်းမွန်သော၊ အပြစ်အနာအဆာမရှိသော အိုးခွက်ပန်းကန်များကိုသာသုံးခြင်း
- ကွဲနေသောအိုးများ၊ ပန်းကန်များ၊ စဥ့်နီတုံးများကို လွှင့်ပစ်ခြင်း၊ အရိုးကျိုးနေသောဒါးများကို ပြင်ဆင်ခြင်း
- တစ်ခါသုံး ခွက်၊ ပန်းကန်၊ ဇွန်းများကို ပြန်မသုံးဘဲ သုံးပြီးသည်နှင့် လွှင့်ပစ်ခြင်း
၂၊ ၅။ လက်သုတ်ပုဝါများကို ခွဲခြားသုံးခြင်း
- အစားအသောက်ချက်ပြုတ်ရာတွင်သုံးသည့် ပုဝါ
- စားပွဲများသုတ်သည့် ပုဝါ
- လက်သုတ်သည့် လက်သုတ်ပုဝါ
၂၊ ၆။ ပန်းကန်ခွက်ယောက်များသုတ်သည့်ပုဝါ၊ စားပွဲခင်း၊ ပုဝါ၊ လက်သုတ်ပုဝါများကို ပုံမှန်လျှော်ဖွပ်ခြင်း
အသုံးပြုရမည့် ကိရိယာများ
Ø  ပန်းကန်ဆေးဆပ်ပြာ၊ လက်ဆေးဆပ်ပြာ
Ø  ပုဝါ၊ လက်သုတ်ပုဝါများ
Ø  ပန်ကန်ဆေးအင်တုံ
Ø  အိုးခွက်ပန်းကန်များတင်သည့်စင်၊ ကြောင်အိမ်၊ ဘီရို
ဥပဒေစည်းမျဉ်းများ
Ø  Environmental Public Health Act
Ø  Environmental Public Health (Food Hygiene) Regulations
Ø  National Environment Agency Licensing requirements, including grading and demerit points systems
Ø  Ministry of Manpower occupational safety and health
လုပ်ကိုင်ရမည့်အစီအစဉ်
Ø ပန်းကန်ခွက်ယောက်များဆေးခြင်း၊ လက်သုတ်ပုဝါ၊ ပုဝါများလျှော်ဖွပ်ခြင်း
Ø ဒါးများ၊ စဥ့်နီတုံးများအသုံးပြုပုံ
Ø ပျက်စီးနေသော၊ မကောင်းတော့သော အိုး၊ ပန်းကန် ခွက်ယောက်၊ ဒါးများကို ပစ်ခြင်း၊ ပြင်ဆင်ခြင်း
ပါဝင်ပတ်သက်နေသူများ
Ø ကြီးကြပ်ရေးမှူးများ
Ø လုပ်ဖော်ကိုင်ဖက်များ
ကြိမ်နှုန်း
မကြာခဏ
၃။ ကျွမ်းကျင်မှုနယ် (CE - Competency Element) - အစားအသောက်များကို ဘေးကင်းစွာ ချက်ပြုတ်ခြင်း
၃၊ ၁။ သန့်ရှင်းလတ်ဆတ်ပြီး အရည်အသွေးကောင်းသော ဟင်းချက် ပစ္စည်းများကို သုံးပါ။
- သင့်တော်သော အပူချိန်တွင် သိုလှောင်ထားသော ပစ္စည်းများ
- ရက်မလွန်သေးသောပစ္စည်းများ၊ ဆိုင်ပေါ်၌သိုလှောင်ထားချိန် မကြာသေးသော ပစ္စည်းများ
- မှိုတက်ခြင်း၊ ပိုးစားခြင်းတို့ကင်းသော ပစ္စည်းများ
၃၊ ၂။ ချက်ပြုတ်ရာတွင် သောက်၍ရသောရေကိုသာ သုံးခြင်း
၃၊ ၃။ ခဲနေသော အစားအသောက်များအား အရည်ဖျော်ခြင်း
- ရေခဲသေတ္တာအတွင်း၌ အရည်ပျော်စေခြင်း (အခန်းအပူချိန်၌ မဟုတ်)
- မချက်ပြုတ်မီ လုံးဝအရည်ပျော်သွားစေခြင်း
- ပျော်ကျလာသော ရေများအား သေချာစွာခံယူစွန့်ပစ်ခြင်း
၃၊ ၄။ အစားအသောက်များကို မချက်ပြုတ်မီ သေချာစွာဆေးကြောခြင်း
- ရေလောင်း၍ဆေးခြင်း
- ရေဇလုံအတွင်း နှစ်၍ဆေးခြင်း
- အခွံနွှာခြင်း နှင့် အခွံနွှာပြီးနောက် သေချာစွာဆေးခြင်း
၃၊ ၅။ ချက်ပြုတ်ရန် ဟင်းချက်ပစ္စည်းများကို ချက်ပြုတ်ရန်သတ်မှတ်ထား သောနေရာတွင်သာ ပြင်ဆင်ခြင်း
- ကြမ်းပေါ်တွင် လုပ်ကိုင်ခြင်းကို ရှောင်ကြဉ်ခြင်း
- အိမ်သာ၊ ရေမြောင်းစသည့်အနီးအနားတို့တွင် မလုပ်ကိုင်ခြင်း
၃၊ ၆။ ပိုးမွှားများ မကူးစက်နိုင်စေရန် သားစိမ်း၊ ငါးစိမ်းများခုတ်သည့် စဥ့်နီတုံးနှင့် ချက်ပြုတ်ပြီးသား ဟင်းလျာများလှီးသည့် စဥ့်နီတုံးကို ခွဲခြားထားပါ။
၃၊ ၇။ အသားကြိတ်စက်များကို စာကပ်ပြီး သီးခြားခွဲထားပါ။
၃၊ ၈။ အစားအစာကို သေချာစွာ ကျက်အောင် ချက်ပြုတ်ပါ။
- ချက်ပြုတ်ရာတွင် လိုအပ်သော အပူချိန်ရပါစေ။
- ကောင်းစွာကျက်ရန်လိုအပ်သော အချိန်အပြည့်အ၀ ချက်ပါ။
၃၊ ၉။ ဟင်းများကို ကောင်းစွာ ပြန်နွှေးခြင်း
- အပူချိန် ၇၀ ဒီဂရီစင်တီဂရိတ်ဖြင့် အနည်းဆုံး ၂ မိနစ်ကြာအောင် နွှေးပါ။
- အစားအသောက်တစ်ခုတည်းကို တစ်ရက်အတွင်း အကြိမ်ကြိမ် ပြန်နွှေးခြင်း မလုပ်ပါနှင့်။ သို့မဟုတ် အကြိမ်ကြိမ်ပြန်နွှေးပြီး ၂ ရက်၊ ၃ ရက် ကြာအောင် သိမ်းဆည်းထားခြင်းမျိုး မလုပ်ပါနှင့်။
၃၊ ၁၀။ အန္တရာယ်များသည့်အစားအသောက်များကို သေချာစွာကိုင်တွယ် ချက်ပြုတ်ပါ။
- အခွံပါသောပင်လယ်စာများ၊ ယောက်သွား၊ ခရု၊ ပြည်ကြီးငါး၊ ကျောက်ပုစွန် စသည်
- ကြက်သားအစိမ်းနှင့် ကြက်ဥများ
- အသားစိမ်းများနှင့် အသားအခြေခံ စားသောက်ကုန်များ
- အစိမ်းစား သို့မဟုတ် မကျက်တကျက်အစားအသောက်များ၊ ဥပမာ - ဆလပ်ရွက်၊ သခွားသီး၊ နို့၊ ကြက်ဥအကာကျက် စသည်
အသုံးပြုရမည့် ကိရိယာများ
Ø  လက်အိတ်များ
Ø  သာမိုမီတာ
Ø  ဒါး၊ စဥ့်နီတုံး၊ အခွံနွှာဒါး စသည်
Ø  ရေခဲသေတ္တာ၊ မီးဖို၊ မွှေစက်၊ ငြုပ်ဆုံ၊ ငြုပ်ကျည်ပွေ့၊ အသားကြိတ်စက် စသည်
ဥပဒေစည်းမျဉ်းများ
Ø  Environmental Public Health Act
Ø  Environmental Public Health (Food Hygiene) Regulations
Ø  National Environment Agency Licensing requirements, including grading and demerit points systems
Ø  Ministry of Manpower occupational safety and health
လုပ်ကိုင်ရမည့်အစီအစဉ်
Ø အစားအသောက်ဆေးကြောခြင်း
Ø ရေခဲအရည်ဖျော်ခြင်း
Ø အသားကြိတ်ခြင်း
Ø ထမင်းဟင်းချက်သည့်အပူချိန် ညှိခြင်း
Ø အန္တရာယ်များသည့် အစာများကို ချက်ပြုတ်ခြင်း
ပါဝင်ပတ်သက်နေသူများ
Ø ကြီးကြပ်ရေးမှူးများ
Ø လုပ်ဖော်ကိုင်ဖက်များ
ကြိမ်နှုန်း
မကြာခဏ
၎။ ကျွမ်းကျင်မှုနယ် (CE - Competency Element) -အစားအသောက်များကို ဘေးကင်းစွာ ပြင်ဆင်ခြင်း
၎၊ ၁။ အသင့်စားနိုင်သောအစားအသောက်များ၊ ချက်ပြုတ်ပြီး အစားအစာ များကို ကိုင်တွယ်၊ ပြင်ဆင်ရာတွင် တစ်ခါသုံးလက်အိတ်များ သုံးပါ။
- လက်အိတ်များ စုတ်ပြဲ၊ ညစ်ပတ်နေလျှင် အသစ်လဲပါ။
- သားစိမ်း၊ ငါးစိမ်းကိုင်သောလက်အိတ်နှင့် ချက်ပြုတ်ပြီးအစားအသောက် များကိုင်သော လက်အိတ်ကို ခွဲထားပါ။
၎၊ ၂။ အစားအသောက်များပြင်ဆင်ရာတွင် ဘေးမကင်းသည့် အပြုအမူ များကို ရှောင်ပါ။ ဥပမာ -
- ပလတ်စတစ်အိတ်များဖွင့်ရန် အိတ်ကို လေဖြင့်မှုတ်ခြင်း၊ လက်ကို တံတွေးဆွတ်ပြီး ပွတ်ခြင်း
- လက်အိတ်မပါဘဲ အစားအသောက်များကို ကိုင်တွယ်ခြင်း
- အစားအသောက်များပြင်နေစဉ် ပိုက်ဆံကိုင်တွယ်ခြင်း
- အစားအသောက်များကို မဖုံးအုပ်ဘဲထားသဖြင့် ယင်နားခြင်း၊ ပုရွက်ဆိတ် များတက်ခြင်း၊ ပိုးဟပ်များလာခြင်း၊ ဖုံတက်ခြင်း၊ ကြမ်းပြင်ပေါ် ဖိတ်စဉ် ကျခြင်း
- အသစ်ရောက်လာသော ဟင်းသီးဟင်းရွက်များကို လက်ကျန် ဟင်းသီး ဟင်းရွက်များနှင့် ရောထားခြင်း
၎၊ ၃။ အစားအသောက်များ သယ်ခြင်း၊ ပြင်ဆင်ခြင်းအတွက် ပန်းကန်၊ ဇွန်း၊ ဗန်း၊ ဖန်ခွက် စသည်တို့ကို သုံးပါ။
- ခွက်များကို လက်ဖြင့်မကိုင်ဘဲ ညှပ်ဖြင့်ကိုင်တွယ်ခြင်း
- ဖန်ခွက်များသယ်ရန် ဗန်းများသုံးခြင်း
- အစားအသောက်များ ပေးခြင်း၊ ယူခြင်း၊ ပြင်ခြင်းတို့အတွက် ဇွန်း၊ ခက်ရင်း၊ ဒါးများသုံးခြင်း
၎၊ ၄။ အန္တရာယ်များသည့်အစားအသောက်များကို သေချာစွာပြင်ဆင်ပါ။
- အခွံပါသောပင်လယ်စာများ၊ ယောက်သွား၊ ခရု၊ ပြည်ကြီးငါး၊ ကျောက်ပုစွန် စသည်
- ကြက်သားအစိမ်းနှင့် ကြက်ဥများ
- အသားစိမ်းများနှင့် အသားအခြေခံ စားသောက်ကုန်များ
- အစိမ်းစား သို့မဟုတ် မကျက်တကျက်အစားအသောက်များ၊ ဥပမာ - ဆလပ်ရွက်၊ သခွားသီး၊ နို့၊ ကြက်ဥအကာကျက် စသည်
၎၊ ၅။ အစားအသောက်များကို သေချာစွာ ထုပ်ပိုးပါ။
- သန့်ရှင်းပြီး အရည်အသွေးကောင်းသော ထုပ်ပိုးပစ္စည်းများကို သုံးပါ။
- အစားအသောက်များကို တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ရမည် ဆိုလျှင် နှုတ်ခမ်းပါသည့်အဖုံး (အလွယ်တကူ ကျွတ်မထွက်နိုင်) ပါသော ဘူးများ သုံးပါ။
- အစားအသောက်များထုပ်ပိုးရာတွင် သံဝါယာကြိုး၊ တွယ်ချိတ်၊ အပ် စသော သတ္တုပစ္စည်းများ မသုံးပါနှင့်။
- အစားအသောက်များ သိုလှောင်တော့မည်ဆိုလျှင် အိုး၊ ပန်းကန်ခွက် ယောက်များအတွင်းမှ ပန်းကန်ထဲသို့လှယ်ထည့်ပါ။
၎၊ ၆။ အစားအသောက်များကို တည်ခင်းပြသရာတွင် လုံခြုံပါစေ။
- အစားအသောက်များ ခင်းကျင်းပြသရာတွင် အဖုံးအကာပါသော မှန်ဘီရို သုံးပါ။
- အစားအသောက်များကို တာရှည် (တစ်နေ့လုံး) ပြသထားရမည်ဆိုလျှင် သတ်မှတ်ထားသော အပူချိန်တစ်ခုတွင် ထိန်းသိမ်းထားပါ။
၎၊ ၇။ အစားအသောက်များကို တစ်နေရာမှ တစ်နေရာသို့သယ်ယူရာတွင် အန္တရာယ်ကင်းစေရန် သေချာစွာထုပ်ပိုးပါ။
- သယ်ယူပို့ဆောင်မည့်ယာဉ်တွင် အစားအသောက်များသယ်ယူရန် စင်များ၊ သေတ္တာများ သေချာစွာပါရှိပါစေ။
- အစားအသောက်ထည့်သည့် ဘူးများတွင် ကျွတ်မထွက်နိုင်သော ရေလုံ သည့်အဖုံးများ ပါပါစေ။
- အစားအသောက်သယ်မည့်ယာဉ်ကို သန့်ရှင်းစွာထားပါ။
- အစားအသောက်သယ်မည့်ယာဉ်ကို အစားအသောက်များသယ်ရန် အတွက်သာ သုံးပါ။ အခြားပစ္စည်းများ မသယ်ရ။
အသုံးပြုရမည့် ကိရိယာများ
Ø  လက်အိတ်
Ø  ယောက်ချိုဇွန်း၊ ယောက်မ၊ ညှပ် စသည့်ပစ္စည်းများ
Ø  အစားအသောက် ထုပ်ပိုးပစ္စည်းများ
Ø  သားရေကွင်း၊ ပလတ်စတစ်ကြိုး စသည့် ချည်နှောင် သည့် ပစ္စည်းများ
Ø  အစားအသောက်ထည့်သည့် ဘူးများ၊ ဥပမာ - စက္ကူ ဘူး၊ ပလတ်စတစ်ဘူး စသည်
ဥပဒေစည်းမျဉ်းများ
Ø  Environmental Public Health Act
Ø  Environmental Public Health (Food Hygiene) Regulations
Ø  National Environment Agency Licensing requirements, including grading and demerit points systems
Ø  Ministry of Manpower occupational safety and health
လုပ်ကိုင်ရမည့်အစီအစဉ်
Ø ဆန်ကို ကိုင်တွယ်ချက်ပြုတ်ခြင်း
Ø အန္တရာယ်ရှိသောပစ္စည်းများကို ကိုင်တွယ် ချက်ပြုတ်ခြင်း
ပါဝင်ပတ်သက်နေသူများ
Ø ကြီးကြပ်ရေးမှူးများ
Ø လုပ်ဖော်ကိုင်ဖက်များ
Ø ဖောက်သည်များ
ကြိမ်နှုန်း
မကြာခဏ
၅။ အစားအသောက်များကို ဘေးကင်းစွာ သိုလှောင်ခြင်း
၅၊ ၁။ သားစိမ်း၊ ငါးစိမ်း၊ ဟင်းသီးဟင်းရွက်များကို သင့်တော်သော ပုံး၊ သေတ္တာများအတွင်း ထည့်သွင်းသိမ်းဆည်းပါ။
- ထုပ်ပိုးပစ္စည်းများသည် သန့်ရှင်းပြီး အရည်အသွေးကောင်းပါစေ။
- အသားငါးများထည့်သည့် ဘူး၊ ခွက်များတွင် နှုတ်ခမ်းပါသော အဖုံး ရှိပါစေ။
- ချက်ပြုတ်မည့် အိုးခွက်များနှင့် သားစိမ်းငါးစိမ်းများ မသိုလှောင်ရ။
၅၊ ၂။ အစားအသောက်များကို သင့်တော်သော အပူချိန်တွင်ထားပါ။
- အပူပေးခြင်းအတွက် အပူချိန်သည် ၆၀ ဒီဂရီစင်တီဂရိတ် အထက်တွင် ရှိရမည်။
- အေးခဲထားမည့် အပူချိန်သည် ၄ ဒီဂရီစင်တီဂရိတ်ထက် မပိုရ။
၅၊ ၃။ အစားအသောက်များကို သင့်တော်သော အပူချိန်တွင် ထားပါ။
- ခဲထားရန်လိုသည့်အသားငါးများ = - ၁၂ ဒီဂရီစင်တီဂရိတ်ထက် မပိုရ။
- ရေခဲမုန့် = - ၂ ဒီဂရီစင်တီဂရိတ်ထက် မပိုရ။
- အေးခဲထားရန်လိုသည့် အသားငါးစိမ်းများ = ၀ မှ ၄ ဒီဂရီစင်တီဂရိတ်။
- ရေခဲပျော်ရန်ထားသည့် အသားငါးများ = ၀ မှ ၄ ဒီဂရီစင်တီဂရိတ်။
- နို့နှင့် နို့ထွက်ပစ္စည်းများ = ၇ ဒီဂရီစင်တီဂရိတ်ထက် မပိုရ။
- အသီးအရွက်များကို လတ်ဆတ်နေစေရန် အပူချိန်ကို ချိန်ညှိထားပါ။
၅၊ ၄။ အသားငါးများကို ပုပ်သိုးမသွားစေရန် အအေးခန်းထဲတွင်ထားပါ။
- ချိန်ထားသောအပူချိန်ကို စစ်ဆေးပါ။
- ချက်ပြုတ်ပြီးသားအစားအစာများကို အပေါ်စင်တွင် မချက်ရသေးသော အစားအစာများကို အောက်ဘက်ရှိစင်တွင် ထားပါ။
- အစားအသောက်များကိုအေးခဲထားစဉ် တစ်ခုနှင့်တစ်ခု ဆင့်မထားပါနှင့်။
- အမျိုးအစားမတူသော အသားငါးများကို သီးခြားစီ ခွဲထားပါ။
၅၊ ၅။ အသားများကို ကြာရှည်ခံရန် အေးခဲထားပါ။ (freezed)
- ချိန်ထားသောအပူချိန်ကို စစ်ဆေးပါ။
- အအေးခန်းအဖုံး၊ တံခါးများကို သေချာစွာပိတ်ပါ။
- ပစ္စည်းများကို တစ်ခုနှင့်တစ်ခု ထပ်မထားပါနှင့်။
- အသားများကို အတုံးငယ်များတုံးပြီးမှ အအေးခံပါ။
၅၊ ၆။ ကုန်ခြောက်များကို ဘေးကင်းစွာသိုလှောင်ပါ။
- ပစ္စည်းတင်သည့်စင်သည် ကြမ်းပြင်မှ အနည်းဆုံး ၁ ပေ မြင့်ရမည်။
- ပြတင်းပေါက်ဘောင်များပေါ်တွင် ချက်ပြုတ်ပစ္စည်းများ တင်မထားရ။
- ချက်ပြုတ်ပစ္စည်းများကို ရေပိုက်၊ မိလ္လာပိုက်များအောက်တွင် မထားရ။
- ချက်ပြုတ်ပစ္စည်းများကို ထုတ်သည့်အခါ ညှပ်များသုံးပြီး ဆွဲထုတ်ပါ။
- ဖိတ်စဉ်ကျသည်များကို ချက်ချင်းဆေးကြောရှင်းလင်းပါ။
- ဘူးများ၏အဖုံးများကို တင်းကြပ်စွာပိတ်နေပါစေ။
- ချက်ပြုတ်ပစ္စည်းများနှင့် သန့်ရှင်းရေးပစ္စည်းများ၊ ခြင်ဆေးဘူးများ၊ ကြွက်ဆေးများ စသည်တို့ကို ရောမထားပါနှင့်။ သီးသန့်ခွဲထားပါ။
- အိမ်သာခန်း၊ စတိုခန်း၊ မော်တာခန်းစသည်တို့တွင် ချက်ပြုတ် ပစ္စည်းများကို သိုလှောင်မထားပါနှင့်။
၅၊ ၇။ FIFO စည်းမျဉ်းကို လိုက်နာပါ။ (FIFO = First In First Out) (အရင်ရောက်တဲ့ပစ္စည်းကို အရင်သုံး)
- ယခင်လက်ကျန်ပစ္စည်းများကို ဦးစွာသုံးပြီး နောက်မှရောက်လာသည့် ပစ္စည်းများကို နောက်မှသုံးနိုင်ရန် စီစဉ်ထားပါ။
- ပစ္စည်းများပေါ်တွင် ၀ယ်ယူသည့်ရက်စွဲကို မှတ်ထားပါ။
အသုံးပြုရမည့် ကိရိယာများ
Ø  သာမိုမီတာ
Ø  ရေခဲသေတ္တာ၊ ချေလာ၊ အေးခဲစက်၊ နွှေးစက် စသည်
Ø  စင်များ၊ ထမင်းဘူးများ၊ တံဆိပ်များ
Ø  ယောက်ချိုဇွန်းများ၊ ဇွန်းကြီးများ
Ø  အစားအသောက် ထုပ်ပိုးပစ္စည်းများ
ဥပဒေစည်းမျဉ်းများ
Ø  Environmental Public Health Act
Ø  Environmental Public Health (Food Hygiene) Regulations
Ø  National Environment Agency Licensing requirements, including grading and demerit points systems
Ø  Ministry of Manpower occupational safety and health
လုပ်ကိုင်ရမည့်အစီအစဉ်
Ø အစားအသောက်များက သိုလှောင်နည်း
ပါဝင်ပတ်သက်နေသူများ
Ø ကြီးကြပ်ရေးမှူးများ
Ø လုပ်ဖော်ကိုင်ဖက်များ
ကြိမ်နှုန်း
မကြာခဏ
၆။ ကျွမ်းကျင်မှုနယ် (CE - Competency Element) -အစားအသောက်များသိုလှောင်သည့်နေရာ၊ ချက်ပြုတ် ပြင်ဆင်သည့်နေရာ၊ တည်ခင်း ကျွေးမွေးသည့်နေရာများကို ကောင်းစွာ ထိန်းသိမ်းခြင်း
၆၊ ၁။ ကြမ်းပြင်အား သန့်ရှင်းခြောက်သွေ့စွာထားပါ။
- သန့်ရှင်းခြောက်သွေ့သော ဖျာများသုံးပါ။
၆၊ ၂။ ရေမြောင်းများအား အမြဲသန့်ရှင်းစွာထားပါ။
- ရေဆိုးထွက်ပေါက်များအား ဇကာများဖြင့် ဖုံးအုပ်ထားပါ။
- ရေမြောင်းများအား ကြွက်များ၊ ပိုးဟပ်များမ၀င်နိုင်အောင် ကာကွယ်ထားပါ။
၆၊ ၃။ အစားအသောက် ချက်ပြုတ်ရာ၊ သိုလှောင်ရာနေရာများကို ကြွက် များ၊ ပိုးဟပ်များ၊ ပုရွက်ဆိတ်များ မ၀င်နိုင်စေရန် အကာအကွယ် အတား အဆီးများ ပြုလုပ်ထားပါ။
- မလိုအပ်သော ပုံးများ၊ ခွက်များ၊ အိတ်များကို လွှင့်ပစ်ပါ။
- ပိုးမွှားများ၊ ကြွက်များခိုအောင်းမနေနိုင်စေရန် တံခါးများချောင်နေခြင်း၊ နံရံနှင့်ကြမ်းခင်းများ ပေါက်နေခြင်း စသည်တို့ကို ပြင်ဆင်ပါ။
- ရေထွက်ပေါက်၊ ရေမြောင်းစသည်တို့ကို ဖုံးအုပ်ထားပါ။
- သေတ္တာများ၊ ပုံးများ၊ သတင်းစာစက္ကူအထပ်များကို အစားအသောက် များနှင့် ရောမထားပါနှင့်။
- အစားအသောက်ပြင်ဆင်ရာနေရာတွင် မဆေးကြောပဲထားသော ညစ်ပတ်နေသည့် အိုးခွက်ပန်းကန်များ၊ အင်တုံများ၊ ဒါးများ၊ ကပ်ကြေးများ၊ ယောက်မများ၊ စဥ့်နီတုံးများ၊ ငြုပ်ဆုံများ စသည့် ဟင်းချက်ပစ္စည်းများကို မထားပါနှင့်။
၆၊ ၄။ ဟင်းချက်ပစ္စည်း (ဆီ၊ ဆား၊ ငြုပ်၊ ကြက်သွန် စသည်) ထားသိုသည့် နေရာကို ခြောက်သွေ့သန့်ရှင်းစွာ ထားပါ။
- ထားသိုသည့်နေရာကို အမြဲလှဲကျင်း၊ သန့်ရှင်းပါ။ ရေပတ်တိုက်ပါ။
- စင်များ၊ ကြောင်အိမ်၊ ဘီရိုများကို အမြဲတိုက်ချွတ်နေပါ။
- ရေခဲခန်း၊ အအေးခန်းအတွင်း ၀င်ဝကို အမြဲရေပတ်တိုက်ပါ။
- အစားအသောက်များပြထားသော စင်ကို အမြဲတိုက်ချွတ်နေပါ။
- အစားအသောက်များ သယ်ယူပို့ဆောင်သောယာဉ်ကို အမြဲရေဆေးခြင်း၊ သန့်ရှင်းခြင်း၊ လေစုပ်စက်ဖြင့် စုပ်ယူခြင်းတို့ လုပ်ပါ။
၆၊ ၅။ အမှိုက်များကို သိမ်းဆည်းပါ။
- အမှိုက်များကို အမှိုက်အိတ်နှင့်ထည့်ပါ။
- အမှိုက်တောင်း၊ အမှိုက်ပုံးများကို အမြဲ အဖုံးဖုံးထားပါ။
- အမှိုက်တောင်း/ပုံးများနှင့် ထိတွေ့ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။ ခြေဖြင့်နင်းဖွင့်ရသော အဖုံးပါသည့် အမှိုက်ပုံးကို သုံးပါ။
- အမှိုက်ပုံးကို အမြဲသွန်ပါ။ အမှိုက်များလျှံကျမနေပါစေနှင့်။
အသုံးပြုရမည့် ကိရိယာများ
Ø  တံမြက်စည်း၊ ရေပတ်တိုက်တံများ
Ø  ဆပ်ပြာမှုန့်
Ø  အမှိုက်တောင်း၊ အမှိုက်အိတ်
Ø  ရေသန့်ပစ္စည်းများ
ဥပဒေစည်းမျဉ်းများ
Ø  Environmental Public Health Act
Ø  Environmental Public Health (Food Hygiene) Regulations
Ø  National Environment Agency Licensing requirements, including grading and demerit points systems
Ø  Ministry of Manpower occupational safety and health
လုပ်ကိုင်ရမည့်အစီအစဉ်
Ø သန့်ရှင်းရေး
Ø ပိုးကောင်မွှားကောင်များအား ထိန်းသိမ်းခြင်း
ပါဝင်ပတ်သက်နေသူများ
Ø ကြီးကြပ်ရေးမှူးများ
Ø လုပ်ဖော်ကိုင်ဖက်များ
ကြိမ်နှုန်း
မကြာခဏ
            လက်တွေ့ဆောင်ရွက်မှု မှတ်ကျောက်များ (Performance Criteria - PC) ကို လက်တွေ့ဆောင်ရွက်စေခြင်းဖြင့် အကဲဖြတ် ပါသည်။ ဤသို့အကဲဖြတ်ရာတွင် လက်တွေ့ဆောင်ရွက်ပြမှု (Practical Performance, Role Play), လုပ်ငန်းခွင်အတွင်း ကွင်းဆင်း လေ့လာမှု (Field Observation) စသည်တို့ ပြုလုပ်ခိုင်းကာ အကဲဖြတ်၏။
နိဂုံး
            အထက်ဖော်ပြပါ စင်ကာပူနိုင်ငံမှ National Competency Standard for “Follow Food and Beverage Safety and Hygiene Policies and Procedures” ကို ကြည့်လျှင် အလွန်ပြည့်စုံစွာ ရေးဆွဲထားသည်ကို တွေ့နိုင်ပါသည်။ ဤကဲ့သို့ ပြည့်စုံစွာရေးဆွဲထားခြင်းဖြင့် ဤသင်တန်းမှဆင်းလာသူအား ကောင်းမွန်စွာ တတ်ကျွမ်းနားလည်ပြီးသူဟု ယူဆ၍ ရပါသည်။ သို့သော် လက်တွေ့အကောင်အထည်ဖော်မှု၊ လိုက်နာမှုရှိမရှိကိုလည်း စစ်ဆေးနေရန် လိုသေး၏။
            စင်ကာပူတွင် အစားအသောက်ရောင်းချခြင်းကို ကြီးကြပ်သူမှာ NEA (National Environment Agency) ဖြစ်၏။ စားသောက်ဆိုင်၏ သန့်ရှင်းမှုကို အမှတ်ပေးစနစ်ဖြင့် သတ်မှတ်သည်။ အမှတ် ၄၀ မှ ၄၉ မှတ်ထိကို အဆင့် D ။ အမှတ် ၅၀ မှ ၆၉ မှတ်ထိကို အဆင့် C ။  အမှတ် ၇၀ မှ ၈၄ မှတ်ထိကို အဆင့် B ။  အမှတ် ၈၅ နှင့်အထက်ကို အဆင့် A ဟု သတ်မှတ်သည်။ ထိုအဆင့်များကို ဆိုင်ရှေ့ တွင် ကပ်ထားရသည်။
            သတ်မှတ်ထားသော စည်းကမ်းနှင့်မညီလျှင် အမှတ်လျှော့သည်။ အသေးစားချိုးဖောက်မှု - ၂ မှတ်။ အလတ်စားချိုးဖောက်မှု - ၄ မှတ်။ အကြီးစားချိုးဖောက်မှု - ၆ မှတ်။ တစ်နှစ်အတွင်း ၁၂ မှတ်အလျှော့ခံရလျှင် လိုင်စင်ကို ၂ ပတ်မှ ၄ ပတ်ထိ ဆိုင်းငံ့ထားနိုင်သည်။ သို့မဟုတ် လိုင်စင်ကို ရုပ်သိမ်းနိုင်သည်။
အစားအသောက်လုပ်ငန်းသာမက အခြားသော လုပ်ငန်းများကိုလည်း ထို National Competency Standard ဖြင့် သတ်မှတ် ထား၏။ လုပ်ငန်းတစ်ခုလုပ်ရာတွင် ထိုသင်တန်းတက်ပြီးသား competent person များကို လုပ်ကိုင်စေသည်။ ဤသို့ဖြင့် အရည်အသွေး ပြည့်ထုတ်ကုန်နှင့် ၀န်ဆောင်မှုများရလာသည်။ ဤသို့ဖြင့် တိုင်းပြည်၏ အဆင့်အတန်းကို မြှင့်နိုင်သည်။
            သြစတေးလျနိုင်ငံ၌ဆိုလျှင် ရေးဆွဲထားသော competency standard များမှာ အလွန်များပြားလှပါသည်။ ရာဂဏန်းတော်တော် များများရှိမည်ထင်ပါသည်။ ဂဟေဆော်ခြင်းတစ်မျိုးတည်းပင်လျှင် အမျိုးပေါင်း ၁၀၀ ကျော်ရှိ၏။ အောက်တွင် နမူနာအချို့ကို ဖော်ပြထားပါ သည်။
မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဗီယက်နမ်တို့တွင်လည်း National Competency Standard ရေးဆွဲ ကျင့်သုံးရန် ကြိုးစားလျှက်ရှိသည်ကို တွေ့ရပါသည်။ သို့တိုင် National Competency Standard မှာ ကဏ္ဍပေါင်းစုံ၊ လုပ်ငန်းပေါင်းစုံအလိုက် အလွန်ကျယ်ပြန့်လှသည်ဖြစ်ရာ အပြည့်အစုံရေးဆွဲနိုင်ခြင်းမရှိသေးသည်ကို တွေ့ရပါသည်။
            ထို့ကြောင့် မြန်မာနိုင်ငံမှ ထုတ်ကုန်နှင့် ၀န်ဆောင်မှုအရည်အသွေးများကို ကမ္ဘာ့စံနှုန်းများနှင့် ရင်ဘောင်တန်းနိုင်စေရန် မြန်မာ့ အမျိုးသားကျွမ်းကျင်မှုစံနှုန်း (National Competency Standard) ကို ရေးဆွဲချမှတ် ကျင့်သုံးရန် အချိန်တန်နေပြီဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ရပါသတည်း။
အေးငြိမ်း (လေးမျက်နှာ)
ရည်ညွှန်းကိုးကား စာအုပ်စာတမ်းများ
၁။ WSQ (Singapore) - Interpretation Of WSQ Competency Standards for Training and Assessment
၃။ https://www.wshc.sg