Tuesday, June 25, 2019

ကျွန်ုပ် အလွန်စိတ်မကောင်းဖြစ်ရသော နေ့တစ်နေ့


(၁)

၂ဝ ရာစု ဗားရှင်း

မောင်လေးရေ ထပါတော့ကွယ်။
အရှေ့ဘက်မှာ ရောင်နီသမ်းလာနေပြီ။
ငှက်ကလေးတွေလည်း တေးသီနေကြပြီကွဲ့။
ကြွေကျနေတဲ့ပန်းခရေလေးတွေ သွားကောက်ရအောင်ကွယ်။

၂၁ ရာစု ဗားရှင်း

မောင်လေးရေ ထ ပါတော့
ဟင် ဒါလောက်နှိုးနေတာတောင် ခုထိ သေတုန်း။
ပျင်းလိုက်တဲ့ဘဝတော့၊ ကြီးပွားအုန်းမယ့်အမျိုး။
ဟဲ့ သောက်ဂမြင်းမသား။ ထ မလား မထဘူးလား။
နင်တော့ နာချင်ပြီထင်တယ်။

အောင်မငီး -
သူ မောင်လေးကိုနှိုးပုံကလည်း ကျောင်းဆရာကြီး။

ဆောတီးပါခင်ဗျာ။ ကျွန်ုပ်စိတ်မကောင်းဖြစ်ရတာ တကျော့နှစ်ကျော့ တေးကိုသီ ကြောင့် လုံးဝ မဟုတ်ရပါ။

(၂)

တမြန်မနေ့က ကျွန်ုပ် (သင်တန်းမရှိ၍) အိမ်၌ သန့်ရှင်းရေးလုပ်နေစဉ် ဖုန်းဝင်လာ၏။

အကြောင်းကား -

စင်ကာပူကို ယခုမှလာသည့် လူသစ်များအတွက် SIP သင်တန်းကို မတက်မနေရ တက်ရ၏။ ထိုသင်တန်းဆင်းလက်မှတ်နှင့်မှ Work Permit ကဒ် ထုတ်ပေး၏။
ထိုသင်တန်းတွင် အလုပ်သမားများ သိသင့်သိထိုက်သည်တို့ကို သင်ပေး၏။
ထိုအထဲ၌ အလုပ်သမားများသည် IPA letter ထဲ၌ ဖော်ပြထားသည့်အတိုင်း လခကို ရရမည်။ မရလျှင် MOM ကိုတိုင်ပါ ဟု ပါ၏။
MOM website ၌လည်း အလုပ်ရှင်များကို MOM သို့ declare လုပ်ထားသည့်အတိုင်း လခပေးရမည်ဟု ညွှန်ကြားထား၏။



IPA letter ထဲ၌ လခကို ၄၅၀၊ ၅ဝဝ စသဖြင့် ဖော်ပြထားသူတို့အဖို့ အကြောင်းမဟုတ်။ သူတို့မှာ အဲသလောက်ပဲ ရကြသည်။ ဒါကို သူတို့လည်းသိသည်။

သို့သော် တချို့ကျတော့ IPA letter ထဲ၌ လခကို ၁၆ဝဝ ဟု ပြထားပြီး မြန်မာပြည်မှအေးဂျင့်က နင်တို့နော် တစ်နေ့ကို ၂၁ ကျပ်ပဲ ရမှာဟု မှာလိုက်သည် ဆို၏။

အကယ်၍ လခမှာ တစ်နေ့လျှင် စင်းဒေါ်လာ S$21.00 ဖြစ်မည်ဆိုပါက တစ်နာရီလျှင် $2.625 ဖြစ်မည်။ သို့ဆိုလျှင် လခမှာ $500.50 သာ ဖြစ်ရမည်။ လခ ၅ဝဝ ကို အဘယ်ကြောင့် IPA letter ၌ S$1600 ဟု ပြရဘိသနည်း။


 ကျွန်ုပ်က စာထဲတွင်ပါသည့်အတိုင်း အကယ်၍ IPA letter ထဲ၌ဖော်ပြထားသည့်အတိုင်း လခမရပါက MOM ကို သွားတိုင်ပါ ဟု သင်၏။ ကျွန်ုပ်မှားပါသလော။

ထိုအခါ IPA letter ၌ လခကို S$1600 ဟုဖြော်ပထားသည့် သကောင့်သားကလေး သုံးယောက်မှာ MOM သို့သွား၏။ အင်းဂလစ်ရှ်လို တစ်လုံးမှ မမှုတ်တတ်။
သို့မို့ကြောင့် ဘာသာပြန်ပေးဘို့ရာ ကျွန်ုပ်ထံ ဖုန်းဆက်ခြင်းဖြစ်သတည်း။

သို့သော် officer က "သူက ဘာကောင်မှန်းငါမသိဘဲ ငါ ဘယ်လိုလုပ်စကားပြောမတုန်းကွ" ဆိုကာ သူပေးသည့်ဖုန်းကိုမကိုင်လေ။

ထိုအခါ ကျွန်ုပ်လည်း မနေနိုင်သည်ဖြစ်၍ -
ကိုင်း - ကိုယ့်လူတို့ ဘယ်မှလျှောက်မသွားနဲ့။ အဲဒီမှာပဲ စောင့်နေ။ ကိုယ်လာခဲ့မယ် ဆိုကာ MOM သို့လိုက်သွား၏။
သို့သော် အရာမထင်ပါ။ သူတို့က ရောက်ခါက၊ work permit တောင်မထုတ်ရသေးသဖြင့် ဝပ်ပါမစ်ထုတ်ပြီးမှလာခဲ့ဆိုကာ ပြန်လွှတ်လိုက်၏။

ထိုအကြောင်း အေးဂျင့်မမသိသော် အကြီးအကျယ်ဒေါပွလေ၏။
နင်တို့ ငါတို့ပေးတဲ့လခနဲ့မလုပ်နိုင်ဘူးဆို "ပြန်ပို့မယ်"
အနှီ "ပြန်ပို့မယ်" ဆိုသည့်စကားလုံးမှာ ပြဿနာတစ်ခုခုဖြစ်တိုင်း ထုတ်သုံးသည့် ၎င်းတို့၏ လက်နက်ဖြစ်၏။
ဝပ်ပါမစ်သမားတို့ အကြောက်ရဆုံးသော စကားလုံးတစ်ခုလည်း ဖြစ်လေသည်။

ကျွန်ုပ်ကိုလည်း အနှီမမက ဘာလုပ်လိုက်မယ်၊ ညာလုပ်လိုက်မယ် ဟု ခြိမ်းခြောက်သည်ဆို၏။
၎င်း၏ခြိမ်းခြောက်စကားကို ကြားလိုက်ရပြီးသကာလ ကျွန်ုပ်မှာ ကြောက်လွန်းလှသည်ဖြစ်၍ ရင်တုန်ပန်းတုန် (ရင်တုန်တာတော့ သိပါရဲ့။ ဘာ့ကြောင့် ပန်းက တုန်ရသနည်းဆိုတာ ကိုယ့်ဘာသာကိုယ် ကြံဆကြပါကုန်။ ဤကား စကားချပ်) ဖြစ်ကာ ရေထ သောက်လိုက်ရာ ရေသုံးခွက်ပင် ကုန်သွားလေသော ဟူ၏။

များမကြာမီပင် အနှီ ငနဲကလေးသုံးယောက်ထဲမှ တစ်ယောက်က ဖုန်းဆက်လာ၏။
သူတို့ကို အလုပ်ရှင်ဆီမှာ ခေါ်ထားတယ်။ အထုပ်အပိုးတွေလည်း ပြင်ပြီးပြီ။ ပြန်ပို့ဘို့ ရဲတွေလည်း ခေါ်ထားတယ် ဆို၏။
အဲ့ငှယ် - အလုပ်ရှင်နဲ့ အလုပ်သမားကိစ္စ။ ဘယ့်နှာကြောင့် ရဲက ပါရမတုန်း။ (နောက်မှ ထိုလူများမှာ ရဲမဟုတ်။ Gang star များ ဖြစ်မည်ဟု ခန့်မှန်းမိလေသည်။)

ထို့နောက် ဖုန်းအဆက်အသွယ်မရတော့။ သူတို့ဖုန်းကို ကျွန်ုပ်ဆက်တော့ အမျိုးသမီးတစ်ယောက်ကိုင်၏။ ငါ . . . . နဲ့ စကား ပြောချင်တယ် ဆိုတော့ ဖုန်းမှားနေတယ် ဆိုကာချသွား၏။ သူတို့ ဖုန်းကို သိမ်းလိုက်လေပြီ။

နောက်တစ်ကြိမ် ဖုန်းဆက်တော့ ကျွန်တော်တို့ လေဆိပ်ထဲရောက်နေပြီ ဆို၏။ ဟိုက် ရှားဘားစ်။
ကျွန်ုပ်လည်း ကိုယ့်လူတို့ immigration မဖြတ်နဲ့အုံး။ အဲဒီမှာ ရဲတွေရှိတယ်။ MOM case ဆိုပြီး အပြင်မှာ စောင့်နေ ဆိုတော့ -
ကျွန်တော်တို့ကို immigration အတင်းဖြတ်ခိုင်းတယ်။ အထဲရောက်မှ ဖုန်းပေးတာ ဆိုလေသည်။ ကောင်းလေစွ။

ကျွန်ုပ်လည်း MWC (Migrant Worker Centre) ကို ကသုတ်ကရက် ဆက်သွယ်ရ၏။ (အမှန်ဆို သည်ကိစ္စ နေ့လည်ကတည်းက ကျွန်ုပ်ပြောထားတာဖြစ်ပါသည်။ သို့သော် ကျွန်ုပ်မိတ်ဆွေ MWC မှ မမကလေးမှာ သူ့နားရက်ဖြစ်နေသဖြင့် ကျွန်ုပ်လည်း မနှောက် ယှက်လိုသည်နှင့် ထပ်မဆက်သွယ်တာ ဖြစ်၏။)

သူက ဟဲ့၊ သူတို့ ဘယ်လေယာဉ်နဲ့တဲ့လဲ၊ ဘယ် terminal မှာလဲ။ ဂိတ်နံပါတ်ဘယ်လောက်လဲ။ သူတို့ကို လေယာဉ်ပေါ် မတက်နဲ့ အုံးလို့ ပြောလိုက်။ ငါ immigration နဲ့ ဆက်သွယ်လိုက်မယ် ဆိုလေသော် -

ကျွန်ုပ်လည်း ဖိုးကံဆိုးကလေးများထံ ထပ်ဆက်သွယ်၏။
သို့သော် မြန်မာပြည်မှ လူကြီးမင်းမှာ စင်ကာပူသို့ ပြောင်းရွှေ့လာသည်ထင့်။
လူကြီးမင်းဆက်သွယ်သောဖုန်းမှာ စက်ပိတ်ထားပါသဖြင့် . . . ဟိုက်ရော
ကျွန်ုပ်လည်း မျက်စိများပြာဝေလျှက် ၂ ခါပြန် ဆက်သွယ်၏။ ၃ ခါပြန် ဆက်သွယ်၏။ ၄ ခါ ၅ ခါပြန် ဆက်သွယ်၏။ အခါခါပြန် ဆက်သွယ်သည့်တိုင် လုံးဝမရတော့ပါလေ။ ည ၁၁ နာရီလောက်တွင် စိတ်မကောင်းစွာနှင့်ပင် လက်လျှော့လိုက်ရလေတော့ သတည်း။

ထို့နေ့က ကျွန်ုပ်မှာ သားက မနက်ဖြန် ကျောင်းကအစီအစဉ်နှင့် တရုတ်ပြည် သွားမှာဆိုတော့ လိုသည့်ပစ္စည်းများ luggage ထဲထည့်၊ လိုသေးတာတွေ ထပ်ဝယ် စသဖြင့် အလွန်အလုပ်ရှုပ်သောနေ့လည်း ဖြစ်၏။ မနက် ၃ နာရီခွဲလောက် အိပ်ယာက ထရမှာဆိုတော့ သားကို စောစောအိပ်ဖို့ သူနှင့်အတူ အိပ်ယာထဲလဲ အိပ်ပေးနေရသေးသည်။ ဖြစ်ချင်တော့ အဲယားကွန်းက ရေများ ယိုလာသဖြင့် အိပ်ယာတွေ ရွှေ့၊ ရေခံနှင့် အလုပ်က ရှုပ်သေး။ စောနေသေးတော့ သားက တော်တော်နှင့် အိပ်မပျော်။

ကျွန်ုပ်မှာ ရူးချင်စိတ်တောင် ပေါက်မိ၏။

သည်ကနေ့မနက်ကျတော့ ဘုန်းကြီးတစ်ပါး Whatsapp ကနေ ဖုန်းဆက်လာ၏။

ဒဂါဂျီး -
တင်ပါ့ဖျာ့ -
ဒဂါဂျီးကူညီပေးလိုက်တဲ့ မောင်ဟဝှာရဲ့ဦးလေးဘုန်းကြီးပါ။ သူတို့ ညကပဲ ပြန်ရောက်တယ်။ အဲဒါ ဒီကအေးဂျင့်ကို တိုင်ချင်တယ်။ ဘယ်လိုလုပ်ရမလဲ။
အဲဗျ။ တပည့်တော် စင်ကာပူက ဥပဒေတွေအကြောင်းတော့ သိပါရဲ့။ ဒါပေမယ့် မြန်မာပြည်ကအကြောင်းတွေတော့ မသိဘူးဖျာ့။
(သေဇမ်းဘာ့၊ မြန်မာပြည်သားလုပ်နေပြီး သူများဥပဒေတော့သိတယ်။ ကိုယ့်တိုင်းပြည်က ဥပဒေတော့ မသိဘူးတဲ့လား။)
အဲဒီအတွက် တပည့်တော် မကူညီနိုင်တာ ခွင့်လွှတ်ပါ ဖျာ့။

(၃)

မိတ်ဆွေများခင်ဗျား -
စင်ကာပူကိုလာရတာ လွယ်သည်မထင်ပါနှင့်။ သူရို့ခမျာ - သိန်း ၆၀ - ၇၀ လောက်ရင်းပြီးလာရတာဖြစ်သည်။ ပိုက်ဆံမရှိလို့ စင်ကာပူ လာပါတယ်ဆိုမှ ဘယ့်နှာ သိန်း ၄ - ၅ - ၆၀ လက်ထဲ ရှိပါမတုန်း။ ဟိုကဆွဲ။ သည်ကဆွဲ။ ဟိုဟာရောင်း။ သည်ဟာပေါင် ပြီး လာကြရတာ ဖြစ်၏။
အခုလို သူတို့ကို ပြန်လွှတ်လိုက်တော့ အေးဂျင့်ခ တစ်ဝက်ပဲ ပြန်ရတယ်ထားပါဦး။ သိန်း ၃ - ၄၀ လောက် ပလုံသွားပြီ ဖြစ်၏။

ကိုယ်ရစရာရှိတာ၊ ရပိုင်ခွင့်ရှိသလောက်တောင်းတာ အပြစ်ဟုတ်ပါသလား။
မည်သူသည် ဥပဒေဘောင် ပြင်ပက ဖြစ်ပါသနည်း။

ထို့ပြင် ဟိုတစ်ယောက်ကို စင်ကာပူလိုင်စင်လည်း မရှိပါဘဲလျက် ကားမောင်းခိုင်းစေလေသေး၏။ ဤသည်ကရော ဥပဒေနှင့် ညီပါသလား။ ကားမောင်းလျှင် ကားမောင်းလိုင်စင်ရှိရမည်ဆိုတာ IPA letter ထဲ၌ အလုပ်ရှင်များကို ညွှန်ကြားထားပါသည်။ 



ထိုငနဲကလေးများနှင့် ကျွန်ုပ် မည်ကဲ့သို့မှ သွေးမတော်၊ သားမစပ်ပါ။
သို့သော် သူတို့ကို ချက်ချင်းလက်ငင်း ဤကဲ့သို့ပြန်လွှတ်လိုက်ခြင်းအတွက်မူ ကျွန်ုပ် ဘယ်လိုမှ မခံစားနိုင်ပါ။
တစ်နေ့လုံး စိတ်မကောင်းဖြစ်ပြီး ရင်ထဲတွင်လည်း တနုပ်နုပ်ဖြစ်နေသည်။
စားချင်စိတ်၊ သောက်ချင်စိတ်လည်းမရှိ။ ဘာမှလည်း လုပ်ချင်ကိုင်ချင်စိတ်မရှိ။ စိတ်ဓာတ်လည်း ကျနေလေသည်။

အသင်တို့ ကာယကံရှင်များနေရာကို ခဏလောက်ဝင်ကာ စဉ်းစားကြည့်လိုက်ကြစမ်းပါဘိ။
အိမ်အကူမိန်းခလေးတွေမှာလည်း ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့်ဖြစ်သည်။
သည်လို ပြဿနာမျိုးတွေ ဘယ်တော့များမှ ဆုံးခန်းတိုင်မှာပါလိမ့်။

ကာလဝိပါက်ဆိုတာ နောက်ပိုးတက်တတ်သည်။
ကျွန်ုပ်တို့ စိတ်ဆင်းရဲသလို အသင်လည်း စိတ်မဆင်းရဲရပါစေနှင့်ဟု ဆုတောင်းလိုက်ပါသည်။

လူအချင်းချင်း မတရားလုပ်ခြင်း၊ ကင်းရှင်းကြပါစေ။


ကျေးဇူးတင်ပါသည်။


အေးငြိမ်း
၂၅ ဇွန်လ၊ ၂၀၁၉။ ည ၁၀ နာရီတိတိ


Saturday, June 15, 2019

သတ္တုတွင်း အန္တရာယ် ကင်းရှင်းရေး




၁။ မတော်တဆမှုများ

မြန်မာနိုင်ငံတွင် ကျောက်မီးသွေးတွင်းမတော်တဆမှုများကို ခပ်စိပ်စိပ် ကြားလာရပါသည်။


v  ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ကျောက်အုံကျေးရွာရှိ ကျောက်မီးသွေးတွင်း တွင် အောက်ဆီဂျင်ပြတ်၍ လုပ်သားတစ်ဦးသေဆုံးခဲ့သည်။
v  ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့က မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်း ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် ပိတ်မိနေသည့် အလုပ်သမား (၅) ဦး သေဆုံးခဲ့ရ၏။
v  ထိုကျောက်မီးသွေးတွင်း၌ပင် ၂၀၁၅ ခုနှစ်က ကျောက်မီးသွေးတွင်း လိုဏ်ခေါင်းပြိုကျ၍ လုပ်သား (၁) ဦး သေဆုံးခဲ့ သေး၏။
v  ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့က မင်းဘူးမြို့နယ်ရှိ ကျောက်မီးသွေးလုပ်ကွက် (၂) တွင် ဇလားခွက်ပြုတ်ကျ၍ လုပ်သား (၁) ဦးသေဆုံးကာ (၁) ဦးဒဏ်ရာရခဲ့၏။
v  ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့က မင်းဘူးမြို့နယ်ရှိ ကျောက်မီးသွေးလုပ်ကွက်၌ ကျင်းအတွင်းသို့ အောက်ဆီဂျင် ပို့လွှတ်နေသည့်ပိုက် ပွင့်ထွက်၍ တွင်းနံရံနှင့် ဘေးကာများပြိုကျပြီး လုပ်သား (၈) ဦးသေဆုံးကာ (၄) ဦး ဒဏ်ရာရခဲ့၏။

မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်လည်း အလွန်ဆိုးဝါးသည့် မိုင်းတွင်းပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ဥပမာ - ၁၉၀၆ ခုနှစ် မတ်လ ၁၀ ရက်နေ့က ပြင်သစ်နိုင်ငံမြောက်ပိုင်း၊ Courrières mine disaster တွင် လူပေါင်း ၁၀၉၉ ယောက် သေကျေ ပျက်စီးခဲ့၏။ သူ့ထက်သူ လူစွမ်းကောင်းအဖြစ် ၁၉၄၂ ခု၊ ဧပြီလ ၂၆ ရက်နေ့က ဖြစ်ခဲ့သော တရုတ်နိုင်ငံ၊ Benxihu Colliery accident တွင် လူပေါင်း ၁၅၄၉ ယောက် သေခဲ့လေ၏။

ကျောက်မီးသွေးတွင်းမတော်တဆမှုများတွင် လူအသေအပျောက်များ ရှိခဲ့၏။ ကျောက်မီးသွေးတွင်းများ အန္တရာယ်ကင်းရေးကို တာဝန်ရှိသူများအနေနှင့် မည်ကဲ့သို့သော အစီအမံများ ပြုလုပ်နေသည်ကို မသိပါ။




ကျောက်မီးသွေးတွင်းထဲ၌ အလုပ်လုပ်ရသည့် လုပ်သားများအနေနှင့် အလွန် အန္တရာယ်များပါသည်။ ကျောက်မီးသွေးတွင်း ပြိုကျခြင်း၊ ပေါက်ကွဲခြင်း၊ ကျောက်မီးသွေးတွင်းထဲတွင် အလုပ်လုပ်နေသော လုပ်သားများအတွက် အောက်ဆီဂျင်ပြတ်ခြင်း စသည့် အန္တရာယ်များ အချိန်မရွေး ဖြစ်နိုင်ပါသည်။


မတော်တဆမှုတစ်ခုဖြစ်ပြီးတိုင်း ထိုမတော်တဆမှု အဘယ်ကြောင့်ဖြစ်ရသည်ဆိုသည့် အကြောင်းရင်းကိုရှာကာ နောင် တွင် အလားတူ မတော်တဆမှုမျိုး မဖြစ်အောင် အကာအကွယ် အတားအဆီးများ ပြုလုပ်ရမည် ဖြစ်၏။

ယနေ့အခါတွင် မိုင်းတွင်းအန္တရာယ်ကင်းရေးကို ယခင်ကထက်ပိုမိုကောင်းမွန်လာအောင် ပြုလုပ်လာနိုင်ခဲ့ပြီ ဖြစ်၏။ သို့သော် မြန်မာနိုင်ငံတွင်မူ မတော်တဆမှုများကြောင့် မိုင်းလုပ်သားများ သေဆုံးနေရမှုကို သတင်းများ၌ မကြာခဏ ဖတ်နေရဆဲ ဖြစ်ပါသည်။

ကျောက်မီးသွေးတွင်းလုပ်သားများ မတော်တဆမှုမဖြစ်ရလေအောင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စံနှုန်း၊ စနစ်များ ချမှတ်ပြဋ္ဌာန်းကာ လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ကြရန် အလွန်အရေးကြီးပါသည်။ ထိုလုပ်သားများသည် မိမိ အသက်ကိုရင်းကာ လုပ်ကိုင်နေကြရသူများဖြစ်သဖြင့် ၎င်းတို့အတွက် ထိရောက်သော အစီအမံများ ပြုလုပ်ပေးရန် လိုသည်။
မြန်မာနိုင်ငံ သတ္တုတွင်းဥပဒေတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့်ပတ်သက်၍ သတ်မှတ် ပြဋ္ဌာန်းထားတာတွေ ပါပါသည်။ သို့သော် မည်မျှ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြသည်ကိုမူ မသိပါ။

၂။ မြန်မာနိုင်ငံမှ သတ္တုတွင်းဥပဒေ နှင့် နည်းဥပဒေ

၁၉၉၄ ခုနှစ်၊ စက်တင်ဘာလက နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ဥပဒေအမှတ် ၈/၄၉ ဖြင့် မြန်မာ့သတ္တုတွင်း ဥပဒေကို ပြဋ္ဌာန်းခဲ့၏။ ထိုဥပဒေကို ဒီဇင်ဘာလ၊ ၂၀၁၅ တွင် လွှတ်တော်ဥပဒေအမှတ် ၇၂ ဖြင့် ပြင်ဆင်ခဲ့၏။

ထိုဥပဒေတွင် အန္တရာယ်ကင်းရေးနှင့် ပတ်သက်၍ အောက်ပါအတိုင်း ပြဋ္ဌာန်းထား၏။
အခန်း (၄) ပုဒ်မ (၁၃)
(ဂ) သတ္တုတွင်း၌ ဘေးအန္တရာယ်ကင်းရှင်းရန်နှင့် မတော်တဆဖြစ်ပွားမှုမှ ကာကွယ်ရန် စီမံဆောင်ရွက်ခြင်း
(ဃ) သတ္တုတွင်းဝန်ထမ်းများ၊ အလုပ်သမားများ၏ သက်သာချောင်ချိရေး၊ ကျန်းမာရေး၊ သန့်ရှင်းရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးတို့အတွက် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ခြင်း
(စ) သတ္တုတွင်း၌ဖြစ်ပွားသည့် မတော်တဆဖြစ်ပွားမှုများနှင့် ယင်းမတော်တဆဖြစ်ပွားမှုကြောင့် လူ့အသက်ဆုံးရှုံးခြင်းနှင့် ကိုယ်ခန္ဓာ ထိခိုက်ဒဏ်ရာရမှုများကို သတင်းပို့ အစီရင်ခံခြင်း
(ဆ) စစ်ဆေးရေးအရာရှိချုပ်နှင့် စစ်ဆေးရေး အရာရှိများ၏ စစ်ဆေးမှုကို ခံယူခြင်း (ပုဒ်မ ၂၅။ စစ်ဆေးရေးအရာရှိချုပ်သည် ညွှန်ချုပ်)

၂၆ (ခ) သတ္တုတွင်း၌ လုပ်ကိုင်လျှက်ရှိသော ဝန်ထမ်းများ၊ အလုပ်သမားများ၏ ကျန်းမာသန့်ရှင်းရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ မတော်တဆဖြစ်ပွားမှုမှ ကာကွယ်ရေး၊ သက်သာချောင်ချိရေး၊ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ကြည့်ရှုစစ်ဆေးခြင်း

၂၇။ စစ်ဆေးရေးအရာရှိချုပ်သည် -
(က) ဦးစီးဌာနမှ သင့်လျော်သော အရာရှိကို ဤဥပဒေအလို့ငှာ စစ်ဆေးရေးအရာရှိအဖြစ် တာဝန်ပေးအပ်နိုင်သည်။
(ခ) မိမိ၏ လုပ်ပိုင်ခွင့်များကို စစ်ဆေးရေးအရာရှိများအား လွှဲအပ်၍ ဆောင်ရွက်စေနိုင်သည်။

Myanmar Mines Law, Rules - 30th December 1996 တွင်ပါသည့် အန္တရာယ်ကင်းရေး ပြဋ္ဌာန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ သို့သော် အားလုံး မဖော်ပြတော့ပါ။ သက်ဆိုင်ရာ ဥပဒေတွင် လေ့လာနိုင်ပါသည်။

အပိုဒ် ၂၄၊ (က) (၂) အန္တရာယ်ကင်းရေးနှင့် ပတ်ဝန်းကျင်ကာကွယ်ရေး အစီအစဉ်များ
အပိုဒ် ၂၈၊ (င) အန္တရာယ်ကင်းရေးနှင့် ပတ်ဝန်းကျင်ကာကွယ်ရေး အစီအစဉ်များ
အခန်း ၁၁၊ အပိုဒ် ၆၃၊ (ဃ) ခွင့်ပြုမိန့်ကိုင်ဆောင်ထားသူသည် သတ္တုတွင်း ဝန်ကြီးဌာန၏ ညွှန်ကြားမှုများအတိုင်း သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အန္တရာယ်ကင်းရေးအစီအမံများ ဆောင်ရွက်ထားရှိကြောင်း သေချာစေရမည်။

အခန်း ၁၇ - မိုင်းတွင်း၌ ဝန်ထမ်းများနှင့် လုပ်သားများ ခန့်ထားရေး၊ အလုပ်တာဝန် အပ်နှံမှု၊ အသက်၊ လုပ်ခ၊ လစာနှင့် အခြားလုပ်အားခ ပေးခြင်းများ

အပိုဒ် ၉၁ - အရည်အသွေး ပြည့်မီသူကို မန်နေဂျာခန့်ထားရေး
၉၂ - မည်သည့်မိုင်းတွင်းတွင်မှ ကလေးများကို မခန့်ရ။
၉၃ - ကျန်းမာရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများမှအပ မိန်းမများကို မိုင်းတွင်း မြေအောက်လုပ်ငန်းများအတွက် မခန့်ရ။
၉၄ - အသက် ၁၈ နှစ်ပြည့်ပြီး သို့မဟုတ် သူ့အသက်အရွယ်အရ ခန့်ထားသည့် ရာထူး၌ လုပ်ကိုင်ရန် သင့်တော်ပါသည်ဟု ကျန်းမာရေးဌာနက ထုတ်ပေးထားသည့် လက်မှတ်ရှိသူ

အခန်း ၁၈ - မြေပေါ် သို့မဟုတ် မြေအောက်မိုင်းတွင်းများ၌ အလုပ်သမားများ၏ အလုပ်ချိန်နာရီနှင့် နေ့ရက်

ပုဒ်မ - ၉၉

(က) - မိုင်းတွင်း၌ အလုပ်လုပ်နေသူ မည်သူမဆို တစ်ပတ်ကို ၅ ရက်ထက်မပိုစေရ
(ခ) - တစ်နေ့ကို ၈ နာရီ၊ တစ်ပတ်ကို နာရီ ၄၀ ထက် မပိုစေရ။ အခြေအနေ လိုအပ်ချက်အရ တစ်ရက်လုံးဆက်တိုက် အလုပ်လုပ်ခဲ့ရလျှင် ထိုသူကို တစ်ပတ်လျှင် ၄၈ နာရီထက် ပိုမလုပ်ခိုင်းရ။
(ဂ) - မိုင်းတွင်း မြေပေါ်၌ အလုပ်လုပ်ရသူများအနေနှင့် တစ်ရက်လျှင် (နားချိန်များ အပါအဝင်) ၁၀ နာရီထက် ပိုမလုပ်စေရ။ အကယ်၍ အနည်းဆုံး (၁) နာရီလောက် နားချိန်မရဘဲ ဆက်တိုက်လုပ်ရမည်ဆိုပါက တစ်ရက်လျှင် (၅) နာရီထက် ပိုမခိုင်းရ။
(ဃ) - မိုင်းတွင်းတစ်ခု၌ တစ်ရက်တာအတွင်း ၈ နာရီထက် ပိုမခိုင်းရ။
(င) - မိုင်းတွင်းဝင်ရန် မှတ်ပုံတင်ထားသူမှအပ အခြားမည်သူ့ကိုမှ မိုင်းအတွင်း ဝင်ခွင့်မပြုရ။
(စ) - အလုပ်သမားတစ်ဦးသည် အလုပ်လုပ်နေရင်း ည သန်းခေါင်ကျော်သွားပါက အလုပ်လုပ်ချိန်နာရီကို သန်းခေါင်မကျော်မီ က အလုပ်စလုပ်ခဲ့သည့်အချိန်မှ စတင်မှတ်ရမည်။
(ဆ) - အလုပ်စချိန်၊ ပြီးချိန်တို့ကို မိုင်းတွင်း အပေါ်တွင်ရော၊ အောက်တွင်ပါ ပြသထားရမည်။
(ဇ) - (ဆ) တွင်ဖော်ပြထားသည့် အလုပ်လုပ်ချိန်များကို လုပ်ငန်းမစတင်မီ (၇) ရက် အနည်းဆုံးကြိုတင် ပြထားရမည်။
(ဈ) - (ဆ) တွင်ဖော်ပြထားသည့် အလုပ်လုပ်ချိန်ကို ပြောင်းလဲခဲ့ပါက အလုပ်ချိန်ပြောင်းလဲ မလုပ်မီ အနည်းဆုံး (၇) ရက် ကြိုတင်၍ ကြော်ငြာသင်ပုန်းတွင် ကပ်ထားရမည်။ စစ်ဆေးရေးမှူးချုပ်ကိုလည်း တင်ပြရမည်။
(ည) - (ဆ) တွင်ဖော်ပြထားသည့်အချိန်များမှလွဲ၍ မည်သူမှ မိုင်းအတွင်း အလုပ်မလုပ်ရ။
(ဋ) - အကယ်၍ လုပ်သားတစ်ဦးသည် စနေ၊ တနင်္ဂနွေနေ့များ၏ ရှေ့ ၃ ရက် သို့မဟုတ် နောက် ၃ ရက်အတွင်း နားရက် တစ်ရက်မှ ရမထားခဲ့ပါက ထို စနေ၊ တနင်္ဂနွေနေ့များတွင် အလုပ်လုပ်ခွင့် မပြုရ။
(ဌ) - နားရက်ကို အစားထိုးခွင့် မပြု။
(ဍ) - နားရက်များတွင် အလုပ်လုပ်ခဲ့ရသော လုပ်သားများအတွက် နားရက်အစားထိုးပေးမည် ဆိုပါက အလုပ်လုပ်ခဲ့ရသော နားရက် အရေအတွက်နှင့် ညီမျှစွာ ထိုလအတွင်း အစားထိုးနားရက်များကို ခံစားစေရမည်။
(လ) - ၂ ရက် အပြည့်အဝ မနားရဘဲ မည်သူ့ကိုမှ တစ်ဆက်တည်း ၁၀ ရက် မလုပ်ခိုင်းရ။

ထိုမိုင်းတွင်းနည်းဥပဒေ အခန်း (၁၉) တွင် မိုင်းတွင်း၌ အန္တရာယ်ကင်းရေး ပံ့ပိုးမှုများနှင့် မတော်တဆမှု ကာကွယ်ရေးကို ပုဒ်မ - ၁၀၁၊ ၁၀၂၊ ၁၀၃၊ ၁၀၄၊ ၁၀၅ တို့ဖြင့် ပြဋ္ဌာန်းထား၏။

၃။ မိုင်းတွင်း၌ ကြုံတွေ့ရနိုင်သော အန္တရာယ်များ နှင့် ထိန်းချုပ်နည်းများ

၃၊ ၁။ လေဝင်လေထွက် ကောင်းမွန်မှု

မိုင်းတွင်း၌ လေဝင်လေထွက် ကောင်းမွန်မှုမှာ အရေးကြီးဆုံးနေရာမှ ပါ၏။ အဘယ်ကြောင့်ဆိုသော် လူသည် အောက်ဆီဂျင်ဖြင့် အသက်ရှင်နေရသည်။ အကယ်၍ အောက်ဆီဂျင်သာမရခဲ့ပါက ၁၀ မိနစ်အတွင်း သေနိုင်သည်။ သေသည်ဆိုရာတွင် တစ်ဦးတည်း သေတာမဟုတ်။ ထိုအောက်ဆီဂျင် အပြည့်အဝမရရှိသည့် နေရာမှ လူအားလုံး သေနိုင်လေသည်။ ထို့ကြောင့် မိုင်းတွင်း၌ အောက်ဆီဂျင်မပြတ်ရနေရေးမှာ အသက်တမျှ အရေးကြီးလှ၏။

လူတို့အသက်ရှင်ရန် လိုအပ်သော အောက်ဆီဂျင် (O2) ပမာဏမှာ ၁၉.၅% မှ ၂၃.၅% ထိ ဖြစ်ပါသည်။ ထို့ထက်နည်းလျှင်သော် လည်းကောင်း၊ များလျှင်သော်လည်းကောင်း အသက်အန္တရာယ်ရှိ၏။

အောက်ဆီဂျင်မပြတ်ရနေစေရန် လေဝင်လေထွက်ကောင်းအောင် လုပ်ထားရမည်။ ထို့ပြင် လေပေးမှုစနစ် ပျက်ယွင်းမသွားစေရန် လည်း ထိန်းသိမ်းထားရမည်။ လေပေးမှုစနစ်ရှိနေသည့်တိုင် ထိုစနစ် ပျက်ယွင်းသွားမည်ဆိုပါကလည်း သေနိုင်သည်သာ ဖြစ်၏။
မိုင်းအတွင်း၌ အဆိပ်ငွေ့များ၊ အပူ၊ ဖုန်မှုန့်တို့ ရှိနေနိုင်သည်ဖြစ်ရာ ထိုအရာများသည် ကျန်းမာရေးကို ချွတ်ယွင်းစေနိုင်သည်၊ သေစေနိုင်သည်။ မီသိန်းအစုအဝေး နှင့် အခြားမြေအောက်ရှိ လေထုကို ညစ်ညမ်းစေသည့် အရာများ လျော့နည်းစေရန် ကောင်းမွန်ထိရောက်သော လေပေးစနစ် လို၏။

မိုင်းတွင်း၌ လူများရှိနေစဉ် တလျှောက်လုံး လေမှုတ်သွင်းပေးထားရမည်။ တစ်ခု သို့မဟုတ် ထိုထက်မကသော လေမှုတ်စက်များ ကို မိုင်းတွင်းအပြင်ဘက်၌ တပ်ဆင်ပေးထားရမည်။ လေသည် တစ်လမ်းသွားဖြစ်ပြီး မိုင်းအတွင်း လူများအလုပ်လုပ်ရာ နေရာ အားလုံးသို့ရောက်အောင် လေပိုက်လိုင်းခွဲများဖြင့် သွယ်တန်း ပို့ပေးထားရမည်။ 

လေမှုတ်စက်အရွယ်အစား၊ အရေအတွက်၊ တပ်ဆင်ပုံတပ်ဆင်နည်းကို ကျွမ်းကျင်သော အင်ဂျင်နီယာက တွက်ချက်ပေးသည့် အတိုင်း တပ်ဆင်ရမည်။ လေမှုတ်စက်နှင့် လေပိုက်ကို အရံတစ်လုံး အမြဲထားရမည်။ (ထို့အတူ လျှပ်စစ်လိုင်းကိုလည်း အရံ တစ်လိုင်း အမြဲထားရမည်။) သို့မှသာ တစ်လိုင်းမကောင်းက ကျန်တစ်လိုင်းကို ချက်ချင်းသုံးနိုင်မည်ဖြစ်၏။






ရေပန်းများဖြင့် ပက်ဖြန်းပေးခြင်းသည် မိုင်းအတွင်း ဖုန်များ လျော့နည်းသွားအောင် လုပ်ပေးသည့် နည်းလမ်းတစ်ခုဖြစ်၏။ ထို့ပြင် scrubber fan များ တပ်ဆင်ထားခြင်းဖြင့် ဖုန်မှုန့်အားလုံး ကုန်စင်သည့်တိုင် လုပ်ပေးနိုင်သည်။




မှတ်ချက်။            ။ Scrubber fan ဆိုသည်မှာ ဖုံ အမှုန်များပါသည့် လေများကို ပန်ကာဖြင့် စုပ်ယူကာ ထိုပန်ကာကြီးအတွင်း၌ပင် ဖုန်၊ အမှုန်များကို ရေမှုန်ရေမွှားများဖြင့် ဖြန်းကာ သန့်စင်စေခြင်း ဖြစ်သည်။ ပုံတွင် ကြည့်ပါ။

မိုင်းတွင်း၌ ရှိနိုင်သော ဓာတ်ငွေ့များသည် အောက်ဆီဂျင်ကို ဖယ်ထုတ်ပစ်နိုင်သည်၊ မိုင်းလုပ်သားများအား အဆိပ်သင့်စေနိုင် သည်။ ထို့ကြောင့် မိုင်းတွင်းသို့ ဆင်းမည့် လုပ်သားများသည် ဓာတ်ငွေ့တိုင်းမီတာများ ဝတ်ဆင်ကာ ဆင်းရမည်။ ထို ဓာတ်ငွေ့တိုင်း မီတာများသည် အနည်းဆုံးအားဖြင့် ဟိုက်ဒြိုဂျင်ဆာလဖိုဒ် (H2S), ကာဘွန်မိုနောက်ဆိုဒ် (CO), အောက်ဆီဂျင် (O2) နှင့် မီးလောင်ပေါက်ကွဲစေတတ်သော ဓာတ်ငွေ့ (LEL - Lower Explosive Limit) လေးမျိုးကို တိုင်းပေးနိုင်ရမည်။ မီသိန်းဓာတ်ငွေ့ ကိုပါတိုင်းနိုင်လျှင် အလွန်ကောင်းသည်။ မီးလောင်စေတတ်သော ဓာတ်ငွေ့ (flammable gas) 1.4% ထက် ပိုများနေပြီဆိုလျှင် အလုပ်အားလုံးကို ချက်ချင်းရပ်၍ လူအားလုံး မိုင်းတွင်းအပြင်သို့ ထွက်လာကြရမည်။

ဓာတ်ငွေ့များ၏ ခွင့်ပြုပမာဏ (PEL - Permissible Exposure Limit) မှာ အောက်ပါအတိုင်း ဖြစ်၏။

စဉ်
ဓာတ်ငွေ့
PEL
STEL
ဟိုက်ဒြိုဂျင်ဆာလဖိုဒ်
၁၀
၁၅
ကာဘွန်မိုနောက်ဆိုဒ်
၂၅
--
အမိုးနီးယား
၂၅
၃၅
ကလိုရင်း
ဝ.၅
၁.ဝ
နိုက်တြိုဂျင်အောက်ဆိုဒ်
၂၅
--
ဆာလဖာဒိုင်အောက်ဆိုဒ်

PEL (Permissible Exposure Limit) = ၈ နာရီအတွက် ခံနိုင်သည့် ပမာဏ
STEL (Short Term Exposure Limit) = ၁၅ မိနစ်အတွက် ခံနိုင်သည့် ပမာဏ




၃၊ ၂။ ဓာတ်ငွေ့နှင့်မီးပွား ပွတ်တိုက်မိခြင်း

ကျောက်မီးသွေးမိုင်းများတွင် ဓာတ်ငွေ့နှင့် မီးပွားထိတွေ့ရာမှ ပေါက်ကွဲမှုများ ဖြစ်တတ်သည်။ အထူးသဖြင့် မီသိန်းဓာတ်ငွေ့သည် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုများကို အများဆုံးဖြစ်စေနိုင်သည့် ပင်မ အရင်းအမြစ်ပင် ဖြစ်၏။ နောက်တစ်ခုမှာ ကျောက်မီးသွေး မှုန်များကြောင့် ပေါက်ကွဲခြင်းဖြစ်၏။ ကျောက်မီးသွေးမှုန်များကြောင့် ပေါက်ကွဲမှုမဖြစ်စေရန် မိုင်းတွင်းတစ်ခုလုံးကို ထုံးကျောက်မှုန် များကို ဖြူးပေး၏။

မီသိန်းဓာတ်ငွေ့ကြောင့် ပေါက်ကွဲမှုနှင့် ကျောက်မီးသွေးမှုန်များကြောင့် ပေါက်ကွဲမှုမှာ သီးသန့်စီဖြစ်၏။ ဓာတ်သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် စက်ကိရိယာများ၏ ပွတ်တိုက်မှုကြောင့် ထွက်လာသော အပူနှင့် သတ္တုနှင့်ကျောက်သားတို့ ထိခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် မီးပွားများသည် မီသိန်းဓာတ်ငွေ့နှင့် ကျောက်မီးသွေးမှုန်များကို ထိမိရာမှ မီးလောင်ပေါက်ကွဲမှု ဖြစ်တတ်၏။
ထို့ကြောင့်ပင် ကျောက်သားများကို အအေးဖြတ်နည်း (cool rock-cutting) ဖြင့်ဖြတ်ပါက ရေဖြန်းပေးသည့်နည်းကို သုံးကြသည်။

မီးလောင်လျှင် မီးငြိမ်းသတ်နိုင်ရန် အလုပ်လုပ်သည့်နေရာတွင် မီးသတ်ဘူးများ အရံသင့်ထားရှိပေးရမည်။ သို့သော် မိုင်းအတွင်း၌ ကာဘွန်ဒိုင်အောက်ဆိုဒ်ဖြင့် မီးငြိမ်းသတ်လျှင် အန္တရာယ်များသည်။ ဓာတုဆေးမှုန့်ပါ မီးသတ်ဘူး (ABC fire extinguisher) သာ သုံးသင့်သည်။ သို့တိုင် အလုံပိတ်နေရာဖြစ်သည့်အတွက် မီးသတ်သူကို အန္တရာယ်မဖြစ်စေရေးလည်း အရေးကြီး၏။

မီးသတ်သည့်အခါ မီးသတ်သူသည် ထွက်ပေါက်ရှိရာဘက်မှ နေ၍ မီးသတ်ရမည်။ လောင်နေသည့်မီးကို ထိန်းနိုင်သည် ထင်မှ သတ်ပါ။ မီးများလျှင် အရဲကိုးပြီး မီးမသတ်ပါနှင့်။ ထိုနေရာမှ လွတ်ရာသို့ ထွက်ပြေးဘို့သာ ကြိုးစားပါ။

၃၊ ၃။ ဆူညံသံ

မိုင်းလုပ်သားများသည် အလွန်မာကျောလှသည့် ကျောက်ဖျာများကို ခွဲရန် စွမ်းအားအလွန်ကောင်းသော စက်များလိုသည်။ မိုင်းတွင်းများမှာ အလုံပိတ်အခန်းများဖြစ်သဖြင့် စက်ကြီးများ၏ ဆူညံမှုမှာ ပြင်ပမှာထက် ပိုသည်။ ထိုဆူညံမှုကြောင့် မိုင်းလုပ်သား များ အကြားအာရုံ ချို့ယွင်းနိုင်သည်။

မိုင်းတွင်းများ ပြိုမကျစေရန် အမိုးများလုပ်ပေးသည့် roof bolter စက်များဆိုလျှင် ဆူညံသံ ၁၁၅ ဒက်ဆီဘယ်ထိ ရှိသည်။ အလုံခန်းဖြစ်၍ စက်မှထွက်လာသည့် အသံများမှာ အပြင်မရောက်ဘဲ အတွင်း၌ပင် ပဲ့တင်သံများဖြင့် ပိုမိုဆူညံနေလေရာ သင့်တော်သည့် နားအကာအကွယ်များသာ ဝတ်ဆင်မထားပါက မိုင်းလုပ်သားများမှာ အနှေးနှင့် အမြန် နားလေးသည့် ဝေဒနာကို ခံစားရမည် ဖြစ်ပေသည်။




Roof bolter များသာမက အခြား မိုင်းတွင်းသုံးစက်များဖြစ်သည့် လော်ရီကားကြီးများ၊ လွန်စက်များ၊ ဘူဒိုဇာများ၊ front End Loader များသည်လည်း ဆူညံသံများကို ထုတ်လွှတ်ပေးသည့် စက်ကြီးများဖြစ်၏။ ထိုဆူညံသံများကို ထိန်းချုပ်ဘို့ အသင့်တော် ဆုံးနည်းလမ်းမှာ အင်ဂျင်နီယာနည်းနှင့် ထိန်းချုပ်ခြင်းဖြစ်ပါသည်။ ဒုတိယ အသင့်တော်ဆုံးမှာ အုပ်ချုပ်ရေးပိုင်းမှ ထိန်းချုပ်ခြင်း ဖြစ်၏။

မှတ်ချက်။            ။ အင်ဂျင်နီယာနည်းနှင့် ထိန်းချုပ်ခြင်းတွင် မိုင်းလုပ်သားများ အလုပ်လုပ်နေသည့်နေရာနှင့် စက်များရှိသည့် နေရာအကြားတွင် အသံထိန်းနံရံများ ကာထားပေးခြင်း ပါဝင်ပြီး အုပ်ချုပ်ရေးပိုင်းမှ ထိန်းချုပ်ခြင်းတွင် ဆူညံသံနေရာ၌ လုပ်ကိုင်ရသော လုပ်သားများကို အဆိုင်းခွဲ၍ လုပ်စေခြင်း ပါဝင်ပါသည်။

ထိန်းချုပ်ခြင်းနောက်ဆုံးအဆင့်ကား နားအကာ (ear muff)၊ နားအဆို့ (ear plug) များ ဝတ်ဆင်စေခြင်းဖြစ်၏။ မိုင်းလုပ်သားတိုင်း ကို သင့်တော်သော နားအကာအကွယ်ပစ္စည်းများ ထုတ်ပေးထားရမည်။

လူတစ်ဦးသည် ၈ နာရီအတွင်း ဆူညံသံ ၈၅ ဒက်ဆီဘယ်ကိုသာ ခံနိုင်၏။ ထို့ထက်ပိုပါက နားလေးသည့်ရောဂါကို ရမည်။ ၈ဝ% သောမိုင်းလုပ်သားများ ၈၅ ဒက်ဆီဘယ်ထက်၊ ၂၅% သောမိုင်းလုပ်သားများမှာ ၉၀ ဒက်ဆီဘယ်ထက်ပိုသည့် ဆူညံသံများကို အမြဲမပြတ်ကြားနေရသည်။ ထို့ကြောင့် မိုင်းလုပ်သားများ၏ ထက်ဝက်ခန့်မှာ အသက် ၅၀ အရောက်တွင် နားလေးသည့် ဝေဒနာကို စတင်ခံစားကြရသည် ဟု အစီရင်ခံစာများက ဆိုပါသည်။ (Ref: OSH in Mining New Development and Concerns_M.A.Hermanus (from the Journal of The Southern African Institute of Mining and Metallurgy.))
ပြဿနာမှာ နားလေးခြင်းသည် ချက်ချင်းဖြစ်သည့်ရောဂါမဟုတ်။ ၆ နှစ်မှ ၁၀ နှစ် ခန့်ကြာမှ စတင်ခံစားရသည်ဖြစ်ရာ မည်သူကမှ ဆူညံသံကို ဂရုမစိုက်ကြခြင်း ဖြစ်သည်။ ဤအကြောင်းကို မိုင်းလုပ်သားများ နားလည်သဘောပေါက်အောင် ရှင်းပြရေးမှာလည်း အရေးကြီးပါသည်။

၃၊ ၄။ မြေပြိုပြီး ပိတ်မိနေခြင်း နှင့် ကျောက်တုံးများ ပြိုကျခြင်း

မိုင်းတွင်းတူးရာတွင် ဖုန်အမှုန်များနှင့် ကျောက်တုံးကျောက်သားများစွာကို ထွင်းထုတ်ရသဖြင့် အတွင်း၌ လိုဏ်ကြီး ဖြစ်နေသည်။ ထို့ကြောင့် မြေပြိုခြင်း၊ ကျောက်သားများကို ခွဲထုတ်ရာမှ ကျောက်တုံးများ ပြိုကျလာခြင်းစသည့် အန္တရာယ်များကို ကြုံတွေ့ရ တတ်ပါသည်။

ယခုအခါ နည်းပညာများတိုးတက်လာခြင်းနှင့်အတူ မိုင်းတွင်းများကို သစ်သားဒေါက်များ၊ သံယက်မများဖြင့် ထောက်ကန်ပေးထား ခြင်းဖြင့် မြေပြိုမှု၊ ကျောက်တုံးများ ပြိုကျမှုများကို လျှော့ချလာနိုင်သည့်တိုင် မိုင်းတွင်းလူအသေအပျောက်များအနက် မြေပြိုပြီး လူသေမှုမှာ ၅၀% ထိ ရှိနေဆဲ ဖြစ်ပါသည်။ မြေပြိုမှုကြောင့် လူသေဆုံးမှုများတွင် လူကိုမြေပို့ခြင်း၊ ကျောက်တုံးများဖြင့် ထိခိုက်မိခြင်း စသည်တို့သာမက မြေကျင်းအတွင်း ပိတ်မိနေ၍ အောက်ဆီဂျင်မရသောကြောင့် သေဆုံးခြင်းများပါ ပါဝင်ပါသည်။ ၂၀၁၀ ခုနှစ်က ချီလီတွင် မိုင်းတွင်းပြိုကျမှုဖြစ်ခဲ့ရာ အတွင်း၌ ပိတ်မိနေသည့် မိုင်းလုပ်သား ၃၃ ဦးကို တူးဖော်ကယ်တင်ခဲ့ရာ ၆၉ ရက်ကြာခဲ့ပါသည်။

၃၊ ၅။ အပူလွန်ကဲခြင်း

မိုင်းတွင်း၌ တွေ့ကြုံရသည့် နောက်အန္တရာယ်တစ်ခုမှာ အပူလွန်ကဲခြင်း ဖြစ်ပါသည်။ မိုင်းတွင်းသည် အလုံပိတ်နေရာဖြစ်၏။ ထို့ကြောင့် စက်ယန္တယားနှင့် မိုင်းလုပ်ငန်းမှထွက်လာသည့် အပူများသည် အခြားနေရာသို့မရောက်ဘဲ လှောင်နေတတ်သည်။ အပူလွန်ကဲခြင်း (heat stroke, heat stress) ကြောင့်လည်း လုပ်သားများ အသက်ဆုံးရှုံးရနိုင်သည်။ အပူဒဏ်ကိုလျှော့ချနိုင်သည့် နည်းတစ်နည်းမှာ လေမှုတ်သွင်းပေးခြင်းဖြစ်၏။ အလုံပိတ်အခန်းတွင်းရှိ အပူများသည် မသန့်စင်သောလေများနှင့်အတူ အပြင်သို့ ထွက်သွားသည်။

ခေတ်မီ မိုင်းတူးဖော်ခြင်းနည်းများတွင် လူများမိုင်းတွင်း ဝင်နေချိန်ကို လျှော့ချရန် အဝေးမှ ထိန်းချုပ်သည့်စနစ် (remot control operation system) များကို အသုံးပြုလာကြသည်။ သို့တိုင် မိုင်းတွင်းများသို့ လူကိုယ်တိုင် ဆင်းကြည့်နေရသေးသဖြင့် အန္တရာယ် ကတော့ ရှိနေမြဲဖြစ်ပါသည်။

အလွန်ပူသောနေရာ၌ အလုပ်လုပ်ရလျှင် လူခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးပါသည်။ ထိုအခါ ထိုရေဓာတ်ကို ပြန်လည် အစားထိုးရန် ရေများများ သောက်ရမည်။ သို့သော် အရက်၊ အချိုရည်များကို အများအပြား မသောက်ရ။ ရေကိုမူ သောက်နိုင်သလောက် သောက်ပါ။

နောက်တစ်နည်းမှာ အလွန်ပူသည့်နေရာမှ ဝေးရာသို့သွားကာ မကြာခဏ အပန်းဖြေခြင်း ဖြစ်ပါသည်။

၃၊ ၆။ ဖောက်ခွဲရေးပစ္စည်းများ အန္တရာယ်

မိုင်းတွင်းများ၌ ဖောက်ခွဲရေးပစ္စည်းများကိုလည်း သုံးရတတ်ပါသည်။ ဖောက်ခွဲရေးပစ္စည်းများကို သိုလှောင်ရာတွင်လည်းကောင်း၊ သယ်ယူပို့ဆောင်ရာ၊ ကိုင်တွယ်ရာတွင်သော် လည်းကောင်း၊ အသုံးပြုရာတွင်သော်လည်းကောင်း အန္တရာယ်ကင်းရေးနည်းနာများ ကို လိုက်နာပြီး စနစ်တကျ မသုံးစွဲပါက မလိုအပ်သည့် အချိန်၊ နေရာများ၌ ပေါက်ကွဲမည့် အန္တရာယ်ကို ကြုံတွေ့ရတတ်ပါသည်။ ထို့ကြောင့် ဖောက်ခွဲရေးပစ္စည်းများကို ကိုင်တွယ်သုံးစွဲမည့်သူများအား နားလည်တတ်ကျွမ်းစေရန် သေသေချာချာ သင်ကြား လေ့ကျင့်ပေးထားရပါမည်။

၃၊ ၇။ ဖုန်၊ အမှုန်များ၏ အန္တရာယ်

မိုင်းလုပ်သားများအတွက် နောက်အန္တရာယ်တစ်ခုမှာ ဖုန်၊ အမှုန်များဖြစ်ပါသည်။ မိုင်းတွင်း၌ မြေကြီး၊ ကျောက်တုံးကျောက်ခဲများကို တူးရသည်၊ ကော်ရသည်၊ ခြေရသည်၊ ခွဲရသည်။ ထို့ကြောင့် မိုင်းတွင်းအလုပ်သည် ဖုန်အမှုန် အလွန်ထွက်သော အလုပ်ဖြစ်၏။ ကျောက်မီးသွေးမှုန်များမှာ အလွန့်အလွန်သေးငယ်လှသဖြင့် အချို့အမှုန်များကို သာမန်မျက်စိဖြင့်ပင် မမြင်ရပေ။ အချို့အမှုန်များမှာ ၁၀ မိုက်ခရွန်အောက်ပင် ငယ်လေသည်။ (၁ မိုက်ခရွန် = ၁ မီတာ၏ အပုံတစ်သန်းပုံ - ၁ ပုံ) အခြားအမှုန်များမှာ ကျောက်မှုန်များ၊ သဲမှုန်များနှင့် ဆီလီကာမှုန်များဖြစ်သည်။

ထိုအမှုန်များကို ရှူမိပါက မိုင်းလုပ်သားများတွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများရနိုင်သည်။ ပို၍ဆိုးဝါးသော အခြေအနေ တွင် အဆုပ်ကင်ဆာပါရနိုင်လေ၏။ ထို့ကြောင့် ထိုဖုန်အမှုန်များကို စုပ်ယူနိုင်သည့် ဖုန်စုပ်စက် (dust absorbe) များ တပ်ဆင် အသုံးပြုရမည်။ လုပ်သားများကိုလည်း အသက်ရှူ အထောက်အကူကိရိယာ (respirator) များ ဝတ်ဆင် အလုပ်လုပ်ခိုင်းစေရမည်။




၃၊ ၈။ လျှပ်စစ်အန္တရာယ်

မီးထွန်းရန်အတွက်သော်လည်းကောင်း၊ လက်သုံးကိရိယာများ၊ စက်များအတွက်သော် လည်းကောင်း လျှပ်စစ်သည် မရှိမဖြစ် လိုအပ်၏။ မြေအောက်တွင် အလုပ်လုပ်ရာ၌ နေရာအခက်အခဲကြောင့် ဓာတ်ကြိုးများနှင့်လူတို့ ထိမိခိုက်မိနိုင်သည်။ ထို့ကြောင့် ဓာတ်ကြိုးများ ကောင်းမွန်နေရေး အရေးကြီး၏။ ဓာတ်ကြိုးများပေါက်ပြဲနေပါက ချက်ချင်းပြင်ဆင်သုံးရပါမည်။ သို့မဟုတ်လျှင် ပေါက်ပြဲနေသည့် နေရာကို ထိမိ၍ ဓာတ်လိုက်နိုင်၏။

ဓာတ်လိုက်သည့်အခါ ဗို့အားမြင့်လျှပ်စစ်ထက် ဗို့အားနိမ့်လျှပ်စစ်က လူအတွက် အန္တရာယ်ပိုနည်းသည်။ ထို့ကြောင့် အလုံပိတ် အခန်းများတွင် အလုပ်လုပ်သည့်အခါ အိမ်သုံး ၂၄၀ ဗို့အားထက်။ တစ်ဆင့်နိမ့်သော ၁၁၀ ဗို့အားကိုသာ သုံးသင့်သည်။ ထို့ပြင် လက်သုံးလျှပ်စစ်ကိရိယာများကိုလည်း ဗို့အားနိမ့် ၅၅ ဗို့ လျှပ်စစ်ပစ္စည်းများသာ သုံးသင့်၏။

ဓာတ်ကြိုးများကို လျှပ်ကာနှစ်ထပ်ပါသော ဓာတ်ကြိုး (double insulated electrical cables) များသာ သုံးသင့်၏။ မီးသွယ်သည့် အခါ မီးကြိုးများကို သတ္တုမဟုတ်သည့် ချိတ်များဖြင့် ၆ ပေအမြင့်မှ သွယ်တန်းရမည်။ (သံချိတ်များဖြစ်လျှင် ပလတ်စတစ်ဖြင့် အုပ်ထားရမည်။) မီးကြိုးများကို distribution box များမှသာ သွယ်ယူရမည်။ Distribution box များတွင် ELCB (Earth Leakage Circuit Breaker), RCCB (Residual Current Circuit Breaker), MCB (Miniature Circuit Breaker) စသည်တို့ တပ်ဆင်ထားရမည်။ ထိုကိရိယာများက ရှော့ဖြစ်သည့်အခါ လျှပ်စီးကို ဖြတ်ထောက်ပေးသည်။ သို့ဖြင့် လူကို ဓာတ်လိုက်မည့် အန္တရာယ်မှ ကာကွယ်ပေးသည်။

နောက်အရေးကြီးသည့်အရာတစ်ခုမှာ တကယ်နားလည် တတ်ကျွမ်းသည့် လျှပ်စစ်ကျွမ်းကျင်သူကိုသာ ဓာတ်ကြိုးများသွယ်ခိုင်း ခြင်းဖြစ်ပါသည်။ လျှပ်စစ်ပစ္စည်းကိရိယာများ တပ်ဆင်ခြင်း၊ ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း စသည်တို့ကိုလည်း လျှပ်စစ်လုပ်သား အဖြစ် အလုပ်ခန့်ထားသူကိုသာ စေခိုင်းရပါမည်။ မတတ်ကျွမ်းသာများ မီးလိုင်းများဆင်ခြင်း၊ ပြင်ခြင်းတွေ့ပါက ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေး၊ အရေးယူရပါမည်။

၎။ မိုင်းလုပ်သားများ၏ ကျန်းမာရေး

လုပ်ငန်းခွင် အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေး (Safety and Health) ဟု ဆိုရာတွင် များသောအားဖြင့် အန္တရာယ်ကင်းရေး လောက်သာ စိတ်ဝင်စားကြပြီး အလုပ်လုပ်ရင်း လုပ်သားများရရှိသွားမည့် ရောဂါဘယများကိုမူ မေ့ထားတတ်ကြ၏။ လုပ်ငန်းခွင်အန္တရာယ်မှာ လတ်တလောကြုံတွေ့ရမည့် အရာဖြစ်၍ ရောဂါဘယဟူသည် ရေရှည်ခံစားရမည့် ဝေဒနာဖြစ်သည်။ ထို့ကြောင့် လုပ်သားများ၏ ကျန်းမာရေးကိုလည်း အထူးအလေးထား စဉ်းစားရမည် ဖြစ်၏။

မိုင်းလုပ်သားများရနိုင်သည့် ရောဂါများထဲတွင် အောက်ပါရောဂါများပါ၏။
၁။ ဖုန်၊ အမှုန်များကို ရှုရသောကြောင့်ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ များ (coal workers´ pneumoconiosis, silicosis, asbestosis, emphysema, chronic bronchitis)
၂။ ဆူညံသံကြောင့်ဖြစ်သည့် နားလေးမှု (Noise Induced Deafness)
၃။ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ အရိုးအဆစ်လွဲခြင်း (musculoskeletal disorders), ခါးနာခြင်း

Pneumoconiosis ကဲ့သို့သော ရောဂါများမှာ ရောဂါလက္ခဏာကို စောစီးစွာမပြ။ အနှစ် ၂၀ ခန့်ကြာမှ ရောဂါပေါ်သည်ဖြစ်ရာ ရောဂါဖြစ်သည့်အချိန်တွင် အလုပ်သမားမှာ မိုင်းတွင်း၌ အလုပ်မလုပ်တော့သောကြောင့် အဘယ်ကြောင့် ရောဂါဖြစ်ရသည်ကို လမ်းစရှာမရ ဖြစ်တတ်သည်။ ရပ်ဝေးမှလာလုပ်သူများမှာ မိမိနေရပ်သို့ပြန်သွားပြီ ဖြစ်သောကြောင့် ဆေးကုသရာတွင် ပိုမို ရှုပ်ထွေး ခက်ခဲစေသည်။

ကျောက်မီးသွေးမှုန်များကို ကြာရှည်စွာ ရှူရှိုက်နေရသူများအနေနှင့် Coalworker's pneumoconiosis သို့မဟုတ် black lung disease ရောဂါများ ရနိုင်၏။ ထိုအမှုန်များမှာ ခန္ဓာကိုယ်အတွင်း ကာလကြာရှည်စွာ စုဆောင်းလာသည်ဖြစ်ရာ ကိုယ်အတွင်းမှ ဖယ်ထုတ်ဖို့ရာ မဖြစ်နိုင်။ ထိုအခါ inflammation, fibrosis နှင့် necrosis ရောဂါများ ရစေသည်။

၅။ အရေးပေါ်အခြေအနေ

Ref: "Code of Practice on Emergency Preparedness and Response"_Mineral Resources Department, Republic of South Africa

မိုင်းတွင်း၌ ဖြစ်ပေါ်နိုင်သည့် အရေးပေါ် အခြေအနေအားလုံးကို ချရေးပါ။ ဥပမာ - မြေပြိုခြင်း၊ ကျောက်တုံးများ ပြိုကျခြင်း၊ ရေကြီးခြင်း၊ အဆိပ်ငွေ့များ ထွက်ခြင်း၊ အောက်ဆီဂျင်ပြတ်ခြင်း၊ မီးလောင်ခြင်း၊ လျှပ်စစ်ဓာတ် ပြတ်တောက်ခြင်း၊ ဓာတ်လိုက်ခြင်း စသည်။

ထိုအရေးပေါ် အခြေအနေတိုင်းအတွက် တုံ့ပြန် ဆောင်ရွက်ရမည်တို့ကို ရေးသားပါ။ အရေးပေါ်အခြေအနေတွင် ကယ်တင်ရန် အတွက် ကယ်ဆယ်ရေးပစ္စည်းကိရိယာများကို အဆင်သင့်ပြင်ထားပါ။ ကယ်ဆယ်ရေးအဖွဲ့ကိုလည်း ဖွဲ့ထားပြီး မည်သည့် အရေးပေါ်အခြေအနေတွင် မည်ကဲ့သို့ ပြုမူရမည် ဆိုသည်ကို သေသေချာချာ ကျကျနန သင်တန်းပေးထားပါ။ တကယ် လုပ်တတ်၊ မလုပ်တတ်လည်း လေ့ကျင့်ထားပါ။

မိုင်းလုပ်သားများအားလည်း အရေးပေါ် အခြေအနေတွင် မည်ကဲ့သို့ တုန့်ပြန်ရမည်ကို လေ့ကျင့် သင်ကြားပေးထားပါ။ အသစ် ဝင်လာသည့် လုပ်သားအားလုံးကိုလည်း လုပ်ငန်းခွင် မဝင်မီကတည်းက သင်ကြားပေးရန် လိုပါသည်။

အရေးပေါ်အခြေအနေတွင် ဆက်သွယ်ရမည့် ဖုံးနံပါတ်အားလုံးကို လူတိုင်း သိနေပါစေ။ ဥပမာ - မန်နေဂျာ၊ အင်ဂျင်နီယာ၊ ကြီးကြပ်ရေးမှူး၊ ရှေးဦးသူနာပြု၊ အနီးဆုံးဆေးခန်း၊ အနီးဆုံးဆေးရုံ၊ မီးသတ်၊ ရဲ၊ အုပ်ချုပ်ရေးမှူးရုံး စသည်။

၅၊ ၁။ အရေးပေါ်အခြေအနေအတွက် စီစဉ်ရမည့်အရာများ

ü အချက်ပေးစနစ် - အချက်ပေးစနစ်သည် လျှပ်စစ်ဖြင့် အချက်ပေးစနစ် ဖြစ်နိုင်သလို လူအားဖြင့် လှည့်သော ခေါင်းလောင်းလည်း ဖြစ်နိုင်ပါသည်။ အရေးကြီးသည်မှာ အချက်ပေးစနစ်သည် တကယ် အလုပ်ဖြစ်ဖို့ လိုပါသည်။ အရေးပေါ် အခြေအနေတွင် အချက်ပေးစနစ် ပျက်နေပါက အလွန် အန္တရာယ်များပါသည်။
ü ဓာတ်ငွေ့တိုင်းမီတာ ဆောင်ထားပါ။ မိုင်းအတွင်း အလုပ်လုပ်နေသူများအားလုံးတွင်လည်း တစ်ဖွဲ့လျှင် ဓာတ်ငွေ့တိုင်း မီတာ တစ်လုံးရှိနေသင့်သည်။ အရေးပေါ်အခြေအနေကြုံတွေ့ရပါက မိုင်းအတွင်းသို့ အရမ်းမဆင်းပါနှင့်။ အဆိပ်ငွေ့များ ရှိနေနိုင်သည်။ ဓာတ်ငွေ့တိုင်းမီတာဖြင့် တိုင်းတာပြီး အန္တရာယ်ကင်းကြောင်း သေချာမှ ဝင်ပါ။
ü ဆက်သွယ်ရေးစနစ် - လက်ကိုင်ဖုန်းများသည် မြေအောက်တွင် လိုင်းမိချင်မှ မိပါလိမ့်မည်။ သို့အတွက် ရေဒီယို စကားပြောစက် များ ဆောင်ထားရပါမည်။ ထိုစကားပြောစက်များ ကောင်းကောင်း အလုပ်လုပ်နေမနေကို အမြဲ စစ်ဆေးနေရပါမည်။
ü ရှေးဦးသူနာပြု - အလုပ်လုပ်သည့်နေရာတွင် အနည်းဆုံး ရှေးဦးသူနာပြုတစ်ဦး ရှိနေရမည်။ ရှေးဦးသူနာပြု ဆေးသေတ္တာကို လည်း အရံသင့်ထားပေးရမည်။ ဆေးသေတ္တာထဲတွင် ပစ္စည်းစုံမစုံ အမြဲ စစ်ဆေးရမည်။ မိုင်းတွင်း အရွယ်အစားကိုလိုက်၍ ရှေးဦး သူနာပြုအရေအတွက်နှင့် ဆေးသေတ္တာအရေအတွက်ကို ခန့်မှန်းထားရှိပါ။
ü ကယ်ဆယ်ရေး ပစ္စည်းများ - ဓာတ်ငွေ့တိုင်းမီတာ၊ ထမ်းစင်၊ အသက်ရှူကိရိယာ (Respirator)၊ အောက်ဆီဂျင်ဘူးပါ အသက်ရှူ ကိရိယာ (SCBA - Self-Contained Breathing Appratus)၊ သောက်ရေ (အလုံအလောက် ပါရမည်။ လူတစ်ဦးလျှင် သောက်ရေ ၂ လီတာရနိုင်ရန် ဆောင်ထားရမည်)၊ အသက်ကယ်ကြိုး (lifeline)၊ ကိုယ်သိုင်းကြိုး (Full body harness)၊ လှေခါး၊ ပေါက်ချွန်းပေါက်ပြားစသည့် မြေတူးကိရိယာများ၊ ဓာတ်မီး စသည်

၅၊ ၂။ အရေးပေါ်အခြေအနေတွင် ကယ်ဆယ်ခြင်း

v မိုင်းတွင်း၌ မိုင်းလုပ်သားအားလုံး မည်မျှရှိနေသည်ကို သိနေရပါမည်။
v မည်သည့် အရေးပေါ်အခြေအနေဖြစ်သည် ဆိုသည့်အပေါ်မူတည်၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ရပါမည်။
v ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ခြင်းဖြင့် ကယ်ဆယ်ရေးလုပ်သားများပါ ထပ်မံ အန္တရာယ်နှင့် မတွေ့ကြုံရစေရန် အထူးသတိထားပါ။
v အရေးပေါ်အခြေအနေအတွက် မိမိတို့တွင် လုံလောက်သော ကယ်ဆယ်ရေးကိရိယာ၊ စက်ပစ္စည်းများ ရှိသလား ချင့်တွက်ပါ။ မီးသတ်တပ်ဖွဲ့ကို အကူအညီတောင်းရန် လိုအပ်ပါက ဆက်သွယ် အကူအညီတောင်းပါ။
v အရေးပေါ် အခြေအနေတိုင်းကို အသေးစိတ် မှတ်တမ်းယူထားပါ။

၆။ အန္တရာယ်ကင်းရေးအတွက် အကြံပြုချက် (၇) ချက်
Ref: 7 Safety Tips to Reduce Mining Accidents_Machala Maly @ Reliable Plant

မိုင်းတွင်း၌ အလုပ်လုပ်ခြင်းသည် အန္တရာယ်များလှ၏။ ထို့ကြောင့် အန္တရာယ်ကင်းစေရေးအတွက် လိုက်နာလုပ်ဆောင်သင့်သည် တို့ကို လုပ်ကြရန် အလွန်အရေးကြီးပါသည်။ သို့မဟုတ်က အသက်များစွာ ဆုံးရှုံးနိုင်ပါသည်။

၁။ အန္တရာယ်တစ်ခုခုတွေ့ပြီဆိုလျှင် အလျင်အမြန် အရေးတယူပြုပါ။ လျစ်လျူရှုမနေပါနှင့်။

ဤအရေးမှာ လူတိုင်းနှင့်သက်ဆိုင်သည်။ မည်သူမဆို အန္တရာယ်တစ်ခုခုတွေ့ပြီဆိုလျှင် ငါနှင့်မဆိုင်ဟု လျစ်လျူရှုမသွားပါနှင့်။ တာဝန်ရှိသူများကို ချက်ချင်း သတင်းပို့ပါ။ တာဝန်ရှိသူများကလည်း သိသိချင်း ချက်ချင်း အရေးယူဆောင်ရွက်ရန် လိုပါသည်။
မိမိအလုပ်လုပ်နေသည့် ပတ်ဝန်းကျင်ကို အမြဲမပြတ် စစ်ဆေး အကဲခတ်နေပါ။ မိမိလုပ်ဖော်ကိုင်ဘက်များကိုလည်း အမြဲ စောင့်ကြည့်နေရန် လိုပါသည်။ ၎င်းတို့ မူးမေ့လဲကျ၊ နေထိုင်မကောင်းဖြစ်ပြီဆိုလျှင် အခြေအနေကို ချက်ချင်းသတင်းပို့ပါ။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို အကြောင်းကြားဘို့ လိုချင်လိုပါမည်။

၂။ လုပ်ငန်းမစတင်မီ အန္တရာယ်ကင်းရေးအစီအမံများကို ကြိုတင်စီစဉ်ပါ။ ထိုအစီအမံများကို မိုင်းလုပ်သားအားလုံးကို ရှင်းပြထားပါ။

မိုင်းတွင်း၌ ကြုံတွေ့ရနိုင်သမျှ ဘေးအန္တရာယ်များအားလုံးကို ထည့်သွင်းစဉ်းစားပါ။ မည်သည့်အရာကိုမှ ပေါ့လေးတဆ သဘောမထားပါနှင့်။ အချိန်ယူပြီး စီစဉ်ပါ။ အန္တရာယ်ကင်းရေး အစီအမံများကို အချိန်ယူပြီး တပ်ဆင်ပါ။ အန္တရာယ်ကင်းရေး ဆိုရာတွင် မျက်မှန်တပ်ရုံ၊ ခမောက်ဆောင်းရုံမျှမဟုတ်။ အန္တရာယ်များကို လျှော့ချနိုင်သည့် နည်းများကို ဦးစွာစဉ်းစားပါ။ ဖြစ်နိုင်သမျှ နည်းအားလုံးသုံး၍ မတော်တဆမှုမဖြစ်စေရန် ထိန်းသိမ်းထားပါ။ အန္တရာယ်ကင်းရေးအစီအမံများဟူသည် လူမြင် ကောင်းရုံမျှမဟုတ်။ တကယ်ထိရောက်သော၊ အကျိုးရှိသော၊ အလုပ်ဖြစ်သော၊ အန္တရာယ်ကို အမှန်တကယ် အကာအကွယ် ပေးသည့် နည်းလမ်းများဖြစ်ပါစေ။

၃။ မိုင်းလုပ်သားအားလုံးကို လုပ်ငန်းခွင် အန္တရာယ်ကင်းရေး သင်တန်းများ ပေးပါ။ ၎င်းတို့သည် အန္တရာယ်ကင်းအောင် မည်ကဲ့သို့ အလုပ်လုပ်ရမည်ကို သေချာစွာ သိနေပါစေ။

သင်တန်းပေးရာတွင် ယခုမှရောက်လာသည့် လူသစ်များကိုသာမက အလုပ်လုပ်နေဆဲ လုပ်သားများကိုပါ သင်ကြားပေးရန် လိုသည်။ တစ်နှစ်လျှင်တစ်ခါ မွမ်းမံသင်တန်းပေးရမည်။ သင်တန်းတက်ပြီးကြောင်း မှတ်တမ်းမှတ်ရာများ ပြင်ဆင်ထားရမည်။ ၎င်းတို့ကိုယ်တိုင်ယူရမည့် တာဝန်ဝတ္တရားများကို ပြောပြရမည်။ သင်ကြားရာတွင် စာတွေ့သာမက လက်တွေ့ပါ ထည့်သွင်း သင်ကြားပေးရမည်။ ဥပမာ - အသက်ရှုထောက်ကူပြုကိရိယာ ဝတ်ဆင်နည်း၊ ကိုယ်သိုင်းကြိုးဝတ်ဆင်နည်း၊ အရေးပေါ် အခြေအနေတွင် မည်ကဲ့သို့ လုပ်ဆောင်ရမည် စသည်။

၎။ တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်းများ (Personal Protective Equipments) ဝတ်ဆင်ပါ။

မိုင်းလုပ်သားများအနေနှင့် အောက်ဖော်ပြပါ တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်းများကို လိုအပ်သလို ဝတ်ဆင်ရပါမည်။

- ဦးခေါင်းအကာအကွယ် (helmet)
- မျက်လုံးအကာအကွယ် (safety glasses)
- မျက်နှာအကာအကွယ် (face shield)
- အကြားအာရုံအကာအကွယ် (hearing protection, ear plug, ear muffs)
- ခြေထောက်အကာအကွယ် (safety shoe)
- လက်အိတ် (handglove)
- အသက်ရှူ အထောက်အကူကိရိယာ (dust mask, respirator)

မိုင်းတွင်းသို့ ဝင်ပြီဆိုသည်နှင့် အနည်းဆုံးတော့ ခမောက်နှင့်ဘွတ်ဖိနပ်ကို ဝတ်ရပါမည်။ လက်အိတ်သည်လည်း မဝတ်မဖြစ် ဝတ်ရန်လို၏။ ကယ်ဆယ်ရေးအတွက် ကိုယ်သိုင်းကြိုးလည်း လိုပါလိမ့်မည်။ မိုင်းအတွင်း အလုပ်လုပ်နေရသောကြောင့် အကြမ်း ပတမ်းခံနိုင်သော အလုပ်ဝတ်စုံလည်း ထုတ်ပေးထားရမည်။ ထို့ပြင် ထို တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ သိမ်းဆည်းရန်၊ ဆေးကြောရန် နေရာလည်း ပံ့ပိုးပေးရပါမည်။

၅။ ကျွမ်းကျင်သော ကြီးကြပ်ရေးမှူးတစ်ယောက်၏ အနီးကပ် ကြီးကြပ်ပေးမှု

အန္တရာယ်များသည့် အလုပ်များကို လုပ်ရာတွင် ကျွမ်းကျင်သည့် ကြီးကြပ်ရေးမှူး၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးပါသည်။ လုပ်သားများ၏ အန္တရာယ်ကင်းရေး၊ ရောဂါကင်းရေးသည် ကြီးကြပ်ရေးမှူး၏ တတ်သိလိမ္မာမှု၊ စီမံခန့်ခွဲတတ်မှုပေါ် များစွာ မူတည်နေ၏။

ကျွမ်းကျင်လိမ္မာသည့် ကြီးကြပ်ရေးမှူးသည် ၎င်းလုပ်ရမည့်လုပ်ငန်းကို သေချာစွာနားလည်သည်။ မည်သည့်လက်နက်ကိရိယာ များလိုသည်ကို သိသည်။ မည်သည့်စက်ကိရိယာများလိုသည်ကို ကြိုတင်စီမံတတ်သည်။ လုပ်ရမည့် လုပ်ငန်းအစီအစဉ်ကို တစ်ခုပြီးတစ်ခု အစဉ်အတိုင်း သေသပ်ကျနစွာ လုပ်သွားတတ်သည်။ လုပ်ငန်းတစ်ခုကို မတော်တဆမှုမဖြစ်စေရဘဲ ချောချော မောမောပြီးသွားအောင် လုပ်ဆောင်နိုင်သည့် အရည်အချင်းရှိသည်။

ထို့အတူပင် ၎င်းလက်အောက်ရှိလုပ်သားများ၏ ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေးအတွက် လိုအပ်သည့် အစီအမံများကို စီမံတတ်သည်။ ၎င်းသည် အလုပ်သမားများကို လုပ်ခိုင်းရုံမျှသာမဟုတ်။ ၎င်းတို့လုပ်နေသည်များ မှန်မမှန်၊ အန္တရာယ် ကင်းမကင်း၊ သုံးနေသည့် လက်သုံးကိရိယာများသည် သင့်တော်သည့် လက်နက်ကိရိယာများ ဟုတ်မဟုတ် စသည်တို့ကို အမြဲ အနီးကပ် စောင့်ကြည့်နေကာ လုပ်ပုံလုပ်နည်းမှားနေပါက ပြန်လည် တည့်မတ်ပေးသည်။ လုပ်သားများ အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင် ရေးအတွက် အလုံးစုံတာဝန်ယူ လုပ်ကိုင်တတ်သည်။

အန္တရာယ်ကင်းရေး စည်းမျဉ်းများကို မလိုက်နာသည့် လုပ်သားများကို မထောက်မညှာအရေးယူတတ်သည်။ လုပ်ငန်းခွင်အတွင်း မသက်ဆိုင်သူများ မဝင်ရအောင် တင်းကြပ်စွာ တားမြစ်သည်။ အချုပ်အားဖြင့် ၎င်းတာဝန်ယူလုပ်ကိုင်နေသည့် လုပ်ငန်းခွင်အတွင်း အန္တရာယ်တစ်စုံတစ်ရာမကျအောင် ထိန်းထားနိုင်လေသည်။

 ၆။ စာရွက်စာတမ်းဖြင့် မှတ်တမ်းတင်ထားသည့် အန္တရာယ်ကင်းရေး အစီအစဉ်များ

မည်သည့်လုပ်ငန်းကို လုပ်သည်ဖြစ်စေ အန္တရာယ်ကင်းရေး အစီအစဉ်ရှိရမည်။ ထိုအစီအစဉ်သည် မိမိလုပ်မည့်လုပ်ငန်းနှင့် သင့်လျော်ကိုက်ညီမှုရှိရမည်။ ပြည့်စုံလုံလောက်ရမည်။ ထိုအစီအစဉ်ကို မန်နေဂျာက အတည်ပြု လက်မှတ်ထိုးထားရမည်။

ထိုအစီအစဉ်ကို ထိုအလုပ်လုပ်မည့် လုပ်သားများ သေသေချာချာ သိနားလည်အောင် ရှင်းပြထားရမည်။ ရှင်းပြထားကြောင်းလည်း မှတ်တမ်းယူထားရမည်။ ထို အန္တရာယ်ကင်းရေး အစီအစဉ်ကို အလိုရှိသည့်အခါတိုင်း အလွယ်တကူရနိုင်စေရန် လုပ်ငန်းခွင်ထဲ၌ ထားရှိရမည်။

၇။ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စံနှုန်းများကို တင်းကျပ်စွာ လိုက်နာရမည်။

ဥပဒေ၊ နည်းဥပဒေ၊ စံနှုန်းများတွင် လုပ်သားများ အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ရေးအတွက် ပြည့်စုံစွာဖြော်ပထားသည် ဖြစ်ရာ ချမှတ် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စံနှုန်းများကို တင်းကျပ်စွာ လိုက်နာရမည်။ မန်နေဂျာ၊ အင်ဂျင်နီယာ၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး အရာရှိသည် အတည်ပြုထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စံနှုန်းများကို သေချာစွာ သိနားလည်ထားရမည်။ ထို့ပြင် မိမိလုပ်ငန်းခွင်ကိုလည်း ဥပဒေနှင့်အညီ ထိန်းထားရန် အရေးကြီး၏။
ချမှတ်ထားသည့် ဥပဒေများကို မလိုက်နာသည့် ဝန်ထမ်းများအားလည်း အရေးယူ အပြစ်ပေးရမည်။ အကယ်၍ ဥပဒေချိုးဖောက်မှု များ မကြာခဏ ဖြစ်နေပါက အဘယ်ကြောင့် ဖြစ်ကြောင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးရမည်။ ဝန်ထမ်းများသည် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို သေသေချာချာ နားမလည်ပါက နားလည်သည်ထိ ရှင်းပြရမည်။

အကယ်၍ မတော်တဆမှုများ ဖြစ်ပေါ်ပါက မည်သည့်အတွက် ဖြစ်ရကြောင်း အခြေခံအကြောင်းရင်းကို ဖော်ထုတ်ပါ။ ထို့နောက် လိုအပ်သည့် အကာအကွယ်၊ အတားအဆီးများ ပြုလုပ်ပါ။ ဆင်တူအမှားများ ထပ်ခါထပ်ခါ မဖြစ်ပါစေနှင့်။ အမှားများမှ သင်ခန်းစာ ယူပါ။

နိဂုံး

မတော်တဆမှုဟူသည် ကြိုတင်ကာကွယ်လို့ရ၏။ လူအသေအပျောက် အနည်းဆုံးဖြစ်စေရန် အလုပ်မလုပ်မီက အန္တရာယ်ကင်းရေး အစီအမံများကို ကြိုတင်ပြင်ဆင်ထားရသည်။ လောကတွင် လူ့အသက်ထက် အရေးကြီးတာ ဘာမှ မရှိ။ အန္တရာယ်များသည့် မိုင်းတွင်းများ၌ အလုပ်လုပ်နေရသော လုပ်သားများ အန္တရာယ်ကင်းရေးအတွက် ကုန်ကျသင့်သည့် ငွေကြေးကုန်ကျခံရန် အလုပ်ရှင်များကို တိုက်တွန်းပါသည်။

မိမိလုပ်ငန်းတွင် မတော်တဆမှုဖြစ်၍ လုပ်သားများ သေကြေပျက်စီးရလျှင် မိမိအတွက် မည်သည့်နည်းနှင့်မှ ကောင်းနိုင်စရာ မရှိပါ။ ဥပဒေဖြင့် အရေးယူမှာကနောက်၊ မိမိပြုသည့်ကံက မိမိထံ ဦးစွာလာမှာဖြစ်ပါသည်။

ဤဆောင်းပါးသည် မိုင်းတွင်းအန္တရာယ်ကင်းရေးကို တစ်စုံတစ်ရာ အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ယူဆပါသည်။ ပိုမိုသိလို သေးသူများ၊ မိမိမိုင်းတွင်း၌ အန္တရာယ်ကင်းရေးလုပ်ငန်းကို ကျကျနန လုပ်လိုသူများ ထုတ်ဝေသူမှတဆင့် စာရေးသူထံ ဆက်သွယ်နိုင်ပါသည်။

မောင်လူအေး

Ref:
1. Mine Safety - Wikipedia
2. Occupational Safety and Health in Mining - Arbete Och Halsa_University of Gothenburg
3. 7 Safety Tips to Reduce Mining Accidents_Machala Maly @ Reliable PlantTop of Form