Tuesday, July 18, 2017

ငခွေး နဲ့ ငမိုး ပြဿနာ

တနေ့သ၌ ကျွန်ုပ်သည် ဖေ့စ်ဘုတ်ပေါ်မှ အရေမရအဖတ်မရများဖြင့် အလုပ်ရှုပ်နေစဉ် အပြင်ဘက်မှ စီကနဲ အသံကြားလိုက်ရသဖြင့် ဘာများဖြစ်ပြန်ပါလိမ့် ဟု လှမ်းကြည့်မိလေ၏။

ကြီးကြီး ကြီးကြီး၊ ဒီမှာ ငမိုးရယ်။ သားဘာသာနေတာကို အလကား လာစနေတယ် အီး အီး ဟီး ဟီး၊

ကျွန်တော်လှမ်းကြည့်လိုက်တော့ ငိုယိုတိုင်တန်းနေသော ဖိုးခွေးကို တွေ့ရသည်။

အလို လူကောင်ကြီးကဖြင့် အရပ်ထဲမှာ သူ့လောက်ထွားတဲ့ကလေးတောင်မရှိဘဲ အသည်းကလည်း နုလှချည့်။

ဟဲ့ ငမိုး။ နင့်မလဲ သူမကြိုက်တာ သွားသွားမစပါနဲ့လို့မှာထားလျက်နဲ့၊ ငါတော့ သေသာ သေလိုက်ချင်တော့တာပဲ။

အာ၊ ကြီးကြီးကလည်း သားက တကယ်ပြောတာ ဟုတ်ပါဘူးခင်ည။ ပျော်စေပျက်စေရယ်လို့ နောက်တာပါ။

ကိုင်း ကိုင်း ငါ အလုပ်ရှုပ်နေတယ်။ သွားတောင်းပန်လိုက်စမ်း။

ကိုကြီးဖိုးခွေးကလည်းဗျာ။ စိတ်အရှိုးပါနဲ့။ သားက ခင်လို့စတာပါဗျ။ တောင်းပန်ပါတယ်။ ရော့ အရင်တခါ ခင်ဗျားရှုံးထားတဲ့ လောက်စာလုံး သုံးလုံးပြန်ပေးမယ်။

ဟင့်၊ ရွှတ်၊ အဲသလိုမှပေါ့ကွ။ အဟိ။

ကြမ်း။ မျက်နှာကိုက ခု စာလေးကြော်၊ ခု ဆီထမင်း။ တတ်လဲတတ်နိုင်ပါ့။

ထိုအခါကျမှ ကျွန်ုပ်လည်း သက်မကြီး ချမိလေ၏။

ဟူး - တော်ပါသေးရဲ့၊ ဒီငမိုးနဲ့တော့ ဘာတွေများပြဿနာ တက်ဦးမလဲလို့။ အလျင်တခါကလည်း မဘွားသန်းကို သွားစသေးတယ်။ ဟိုခမျာ အခု အိမ်ရှေ့ ဆိုင်းဘုတ်တောင် မချိတ်ရတော့ဘူး။

မှတ်ချက်။

နေ့ခင်းထမင်းစားအပြီး တမှေးအိပ်ရာမှမက်သော အိပ်မက်ကို ပြန်ရေးပြခြင်းဖြစ်ပါသည်။


ကျွန်ုပ်အိပ်မက်နှင့် အပြင်လောကမှ အဖြစ်အပျက်များ မတော်တဆ တိုက်ဆိုင်ခဲသည်ဆိုလျှင် ခွင့်လွှတ်ကြပါကုန်။

နှုတ်ထွက် စကားတစ်ခွန်း_2017

နှုတ်ကြောင့်သေ၊ လက်ကြောင့်ကျေ ဟူသောစကားသည် ရှိ၏။
သည်စကားမှာ ရှေးလူကြီးတို့ အလကားထားခဲ့တာမဟုတ်။
စကားကို အရမ်းကာရောမပြောပါနှင့်။ စကားအပြောမှားတာကြောင့် အသက်ပါ သေဆုံးရတတ်သည်ဟု သတိပေးခဲ့တာ ဖြစ်ပါသည်။

သည်အကြောင်း ၂၀၁၀ လောက်တုံးက ကျွန်တော်တစ်ခါရေးခဲ့ဖူးပါသည်။
ယခုတော့ အိမ်ပြန်နောက်ကျနေ၍ အရှည်ကြီး မရေးတော့ပါ။ ယခင်ရေးထားသည့်စာထဲမှာ တော်တော်များများပါသမို့ ထိုစာကိုပင် ပြန်လည်ဝေငှလိုက်ပါသည်။

ကျွန်တော်ပြောလိုသည်မှာ သာမန်လူများ အရပ်ထဲမှာ ပြောနေကြတာ ဘာမှ သိပ်ပြဿနာမရှိ။ စကားမှားသွားရင်တောင် အာ၊ ငါမှားသွားတယ်။ ဆောရီးကွာ ဟု ပြောလိုက်ပါက ပြီးသွားနိုင်သည်။

သို့သော် လူသိထင်ရှားသူတစ်ဦးဖြစ်ပါမူ စကားကို အထူးသတိထား ပြောရလေသည်။ ၎င်းအပြောမတတ်သည့်အတွက် လူအများကြား ဂယက်ရိုက်သွားနိုင်သည်။ မိမိပုံရိပ်ကို ထိခိုက်နိုင်သည်။

အထူးသဖြင့် နိုင်ငံကိုအုပ်ချုပ်၊ မင်းလုပ်နေသူများ ပိုပြီး သတိထားရသေးသည်။ ၎င်းတို့မှာ အများပြည်သူတို့နှင့် နေ့တဓူဝ ဆက်ဆံနေရသူများ မဟုတ်ပါလား။ မြို့ရွာ၊ လူအများကို အုပ်ချုပ်နေရသူတစ်ဦးအနေနှင့် စကားကို ဖြစ်ကတတ်ဆန်း မပြောရ။
ပြောသင့်၊ မပြောသင့် စဉ်းစားချင့်ချိန်ပြီးမှ ပြောရပေမည်။

မြတ်စွာဘုရားကတော့ အကျိုးရှိမယ်၊ မှန်မယ်ဆို သူကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပြောသည်ဟု ကျမ်းဂန်များ၌ ဆို၏။ သူကြိုက်ကြိုက် မကြိုက်ကြိုက် သူ့အကျိုးအတွက်ပြောသင့်က ပြောကို ပြောရမည်။ (၎င်းကို စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းထယ် ဟု လူသိများ၏။)

သို့သော် မှန်သည်ပင်ဖြစ်စေကာမူ အကျိုးမရှိက မပြောရ။ ပြောချင်လျှင်သော်မှ အောင့်အည်းမြိုသိပ်ထားရမည်။ မအောင့်လို့ မမြိုသိပ်နိုင်လျှင် အိမ်ကမိန်းမကို ပြောပါ။ အိမ်ကမိန်းမကလည်း နှုတ်မလုံ၊ စိတ်မချရဆိုလျှင်တော့ ကိုယ့်မကျေနပ်ချက်များ အားလုံးကို စာရွက်ပေါ်ချရေးပြီး ထိုစာရွက်ကို မီးရှို့လိုက်ပါဟု ကျမ်းဂန်များတွင် ညွှန်ကြားထားတာကိုလည်း ဖတ်ဖူးပါသည်။

အသင်တို့သည် လူကြီး၊ ခေါင်းဆောင်စသူတို့ဖြစ်ပါက အပြောအဆိုများကို (နယ်လှည့်ပြီးပါးရိုက်လာတဲ့ကောင်ကွ၊ ငါသာအတတ်ဆုံး၊ ထမင်းတစ်နပ်လျှော့စားပါ စသည့် နာမည်ကျော် အဆိုအမိန့်များကဲ့သို့။ ဟိုလေ ဒါတွေက ဟိုးအရင်တုံးက ပြောတာတွေနော်။ ခုခေတ်ပြောတာတွေ သားမပြောဘူးနော် . . နော်လို့ . . ) . . ဆင်ခြင်ပါလေ။ မဟုတ်လျှင် ဒေါင်းများကဲ့သို့ ရှေ့ဘက်ကကြည့်တော့ လှမလိုလိုနဲ့ နောက်ဘက်လှည့်ပြလိုက်တော့မှ - င်ဟောင်းလောင်းပေါ်နေတာ မြင်ရသကဲ့သို့ ရှိချိမ့်မည်။


ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၃ ဇူလိုင်၊ ၂၀၁၇။ ည သန်းခေါင်ကျော် ၁၈ မိနစ်

ထိမ်းမြားလက်ထပ်ခြင်း အနုပညာ

(၁) ထိမ်းမြားလက်ထပ်ခြင်းဟူသည် အဘယ်နည်း

ကိစ္စမြားမြောင်၊ လူတို့ဘောင် ဟူသော စကားနှင့်အညီ လူတို့သည် များပြားလှစွာသော ကိစ္စများကို ဆောင်ရွက်ကြရကုန်၏။ ထို များပြားလှသော ကိစ္စများအနက် လူအများနှင့် ဆက်စပ်ပတ်သက်နေသော ကိစ္စတစ်ခုကား အိမ်ထောင်သားမွေးခြင်းကိစ္စ ဖြစ်၏။

သတ္တလောကကြီးတွင် လှုပ်ရှားသွားလာနေကြကုန်သော သတ္တ၀ါအပေါင်းတို့သည် နောင်မျိုးဆက်သစ် ချန်ရစ်ဘို့အတွက် သံဝါသ ပြုခြင်းတည်းဟူသော အမှုကို ပြုကြရကုန်၏။ သည်ကိစ္စအတွက် တိရစ္ဆာန်များမှာ အထွေအထူး ဘာအလုပ်မှ ရှုပ်စရာမရှိ။ ဘယ်သူ့ကိုမှ လက်စွပ်ဝတ်ပေးနေစရာမလို။ ဘာဘိသိက်တွေ၊ ဘိသက်တွေမှ ပေးနေစရာမလို။ သဘာဝအလျောက် ဒီလိုပင် ကိစ္စပြီးသွားကြသည်။ သို့သော် တိရစ္ဆာန်နှင့်မတူ၊ တမူထူးခြားသော လူတို့တွင်မူ သည်လိုလုပ်လို့မရ။

မိမိတို့ကိုယ်ကို မိမိတို့ အလွန်ယဉ်ကျေးလှပါသည်ဟု သမုတ်ထားသော (သို့မဟုတ်) အသံကောင်းဟစ်နေသော လူသားတို့မူကား တိရစ္ဆာန်များကဲ့သို့ ကိုယ်နှစ်သက်သူကို လွတ်လွတ်လပ်လပ် နသားပါးယား သွားလုပ်လို့မရ။ ပြဿနာ အကြီးအကျယ်တက်သွားမည်။

(သူတို့ပြောစကားအရ) အလွန်ယဉ်ကျေးလှပါသည်ဆိုသည့်လူများတွင်မူ တရားဝင် နသားပါးယားလုပ်ခွင့်တည်းဟူသော အလွန် ရှက်စရာကောင်းသည့်အလုပ်ကြီးကို အခန်းအနားကြီးများကျင်းပကာ လူတကာအား ကြေငြာမောင်းခတ်ရလေ၏။ ဟိုလူ့ သွားဖြဲပြ၊ ဒီလူ့သွားဖြဲပြနှင့် ကျွန်တော် တရားဝင်ပြီဗျနော် ဟု လိုက်လံနှုတ်ဆက်ရလေ၏။ ဤကဲ့သို့ တရားဝင် သံဝါသပြုခွင့်လက်မှတ် ချီးမြှင့်ခြင်းအခမ်းအနားကို မင်္ဂလာဆောင်သည် သို့မဟုတ် လက်ထပ်ထိမ်းမြားသည် ဟု ခေါ်ကြလေသတည်း။

(ရိုင်းသွားလျှင် ခွင့်လွှတ်ပါခင်ဗျာ။ လူများနားမလည်မှာစိုးလို့ နားလည်အောင် အဓိပ္ပာယ်ဖွင့်ပေးရတာပါခင်ဗျ။)

(၂) မည်သူ့ကို အိမ်ထောင်ဘက်အဖြစ် ရွေးချယ်မည်နည်း

အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး။ သည်သုံးခု ချက်မပိုင်လျှင် နောင်ပြင်ရန်ခက်သည့်အမျိုး - ဟု ရှေးလူကြီး တို့ ဆိုဆုံးမခဲ့ကြ၏။ (ခုခေတ်မတော့ သည်အဆိုအမိန့် မှန်သေးလား၊ မမှန်တော့ပြီလား ကျွန်တော် မသိပါ။ မိတ်ဆွေတို့သာ ဆုံးဖြတ်ကြပါကုန်။)

ဆိုလိုသည်မှာ အိမ်ထောင်ပြုတော့မည်ဆိုလျှင် မိမိအိမ်ထောင်ဘက်ကို သေသေချာချာ ကျကျနန စိစစ်ရွေးချယ်ပါ။ ရွေးပြီးသွားပြီဆိုလျှင်လည်း တစ်သက်တာပတ်လုံး မဖောက်မပြန် သစ္စာရှိရှိပေါင်းသင်းသွားပါ ဟု ဆုံးမခဲ့ခြင်း ဖြစ်လေသည်။

ဟိုတုန်းကတော့ မိမိယူမည့် အိမ်ထောင်ဘက်ကို သုံးနှစ်သုံးမိုး စောင့်ကြည့်လေ့လာကြသည် ဆို၏။ အနို့ ရွေးမိပြီဆို သည်ပစ္စည်းကြီးနှင့် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တစ်သက်လုံး ပေါင်းရတော့မှာကိုး။ သည်တော့ သေသေချာချာ ရွေးဘို့လိုပေမပေါ့။

ကျွန်တော် ငယ်ငယ်တုံးက သည်စကားကို လက်မခံခဲ့ပါ။ လွန်ကိုလွန်လွန်းတယ်ဟု ထင်မိလေသည်။ သို့သော် ရှေးလူကြီးများ က အမြော်အမြင်နှင့်ထားခဲ့သော သည်စကားမှာ သွေးထွက်အောင်မှန်ကြောင်း အသက်ကလေးရလာမှ သိသည်။

အောင်မယ်၊ အပြင်ထွက်လာတော့ဖြင့် မင်းသမီးရှုံးလို့ပါလား။ အခန်းထဲသွားကြည့်တော့မှ ဘရာစီယာတွေက တိုးလို့ တွဲလောင်း။ မနက်က ချွတ်ပြီးလဲထားသောလုံချည်က ကြမ်းပြင်ပေါ်မှာ အကွင်းလိုက်။ မျက်နှာသုတ်ပုဝါက နံလို့စော်လို့။ ခေါင်းအုံးမှာက ပင်နယ်စလင်ထုတ်ဘို့ မှိုတွေမွေးထားလိုက်လို့။ တံခါးနောက်ကွယ်က ချောင်ထဲမှာ လွန်ခဲ့သည့် သုံးနှစ်လောက်ကတည်းက စုထားသည့် အမှိုက်တွေက ပွစာတက်လို့၊ ထောင်ထားသည့်ခြင်ထောင်နှင့် ခြုံနေသည့် စောင်တွေကိုသာ ရေစိမ်ပြီး ညှစ်ထုတ်လိုက်လျှင် ငံပြာရည်သုံးပုံးလောက်ထွက်လာနိုင်သည်။ မီးဖိုထဲဝင်ကြည့်လိုက်လျှင် လက်ဆေးကန်ထဲမှာ လွန်ခဲ့သော သုံးရက်လောက်က စားသောက်ထားသည့် ပန်းကန်ခွက်ယောက်များကို အထပ်လိုက် . . ဆိုတာတွေ တွေ့ရလိမ့်မည်။

အရီးတို့ကတော့ ”မျက်နှာမှာတော့ သနပ်ခါးနဲ့၊ ပေါင်မှာတော့ သေးစီးကြောင်းနဲ့” ဟု ဆိုစမှတ်ပြုသည်။

ကောင်လေးတွေလည်းကြည့်လိုက်ဦး။ ၀တ်စားလာလိုက်တာကတော့ ကိုးရီးယားမင်းသားရှုံးလို့။ အလုပ်ကျတော့ လက်ကြောတင်းအောင် မလုပ်ချင်။ ဝေလေလေနှင့် အချိန်ကုန်သည်။ အတတ်ပညာတစ်ခုခုကိုသာ မယ်မယ်ရရ တတ်အောင်မသင်ချင်တယ်။ ညနေဆို အရက်ကလေးတမြမြနှင့် အပေါင်းအသင်းက မင်လိုက်သေးသည်။ ည သန်းခေါင် မိုးချုပ်မှ ပြန်လာမည် . . . စတာတွေ တွေ့ရမည်။

ဆိုတော့ အိမ်ထောင်ပြုတယ်ဆိုတာ သွေးမတော်သားမစပ်၊ တစိမ်းယောက်ျားကလေးတစ်ယောက်နှင့် တစိမ်း မိန်းကလေး တစ်ယောက်တို့ တစ်သက်လုံး အတူနေရတာ ဖြစ်သည်။ သည့်အတွက် သည်ကောင်လေးဟာ ဘယ်လိုကောင်မျိုးလဲ။ သူ့ မိဘမျိုးရိုး၊ ပညာရေးအခြေအနေ၊ စိတ်သဘောထား။ လူအများနှင့်ပေါင်းသင်းဆက်ဆံမှု၊ တစ်ဖက်သားအပေါ် သနားကြင်နာ တတ်မှု၊ ငဲ့ညှာတတ်မှု၊ အိမ်ထောင်တစ်ခုကို ဦးဆောင်နိုင်သည့် အရည်အသွေးရှိမရှိ . . အစရှိသည်တို့ကို အသေးစိတ် လေ့လာရသည်။ 

သည်လိုပင် ယောက်ျားလေးများဘက်ကလည်း သည်ကောင်မလေးဟာ ဘယ်လိုအမျိးအစားထဲကလဲ။ အိမ်တကာလည် အတင်းတုတ်ရင်း အချိန်ဖြုန်းတတ်တဲ့မိန်းမလား (ယခုခေတ်မှာတော့ အိမ်တကာလည် အတင်းတုတ်စရာမလိုပါ။ ဖုန်းတလုံး နှင့် အရေမရအဖတ်မရကိစ္စတွေနဲ့ အချိန်ကုန်နေသလား)၊ အိမ်မှုကိစ္စ ဘယ်လောက်နိုင်နင်းသလဲ။ သူ့မိဘတွေကရော သေသေချာချာ သင်ပေးထားသလား။ ကိုယ့်ကို ရိုသေရကောင်းမှန်း သိသလား။ စီးတဲ့ရေ ဆည်တဲ့ကန်သင်းလုပ်မဲ့ မိန်းမ လား။ ပလိုင်းပေါက်နဲ့ ဖားကောက်မဲ့ မိန်းမလား။

ရှေးလူကြီးတွေကတော့ ငရုပ်သီးထောင်းတာ သွားကြည့်ခိုင်းသည်။ ငရုပ်သီးကို သေသေချာချာ ညက်နေအောင် ထောင်းသလား။ ဘေးဘီမှာ ငြုပ်သီးတွေ စင်ကျနေသလား စသည်။ ဆိုလိုသည်မှာ အလုပ်တစ်ခုကို ဘယ်လောက် စေ့စေ့ စပ်စပ်လုပ်တတ်သလဲဆိုတာကို အကဲခတ်ခိုင်းတာ ဖြစ်သည်။

တချို့ကျ အတိုင်းအရှည်ဆိုတာ ဘာမှန်းမသိ။ သည်အိမ်သားဦးရေအတွက် သည်လောက်ချက်ရင် လောက်နိုင်မလား မတွက်တတ်။ ဟင်းတွေပိုတော့ လွှင့်ပစ်ရသည်။ နှမြောရကောင်းမှန်းမသိ။ သူတို့မီးဖိုချောင်အမှိုက်ပုံးထဲ သွားကြည့်လိုက်လျှင် လွှင့်ပစ်ထားသော ထမင်းကြမ်းခဲများ၊ ပုပ်နေလို့ လွှင့်ပစ်ထားသည့် သစ်သီးများ၊ မှိုတက်နေလို့ ပစ်လိုက်ရသော ငါးပိကြော် ပုလင်းများ စသည်များကို နေ့စဉ်လိုလို တွေ့ရမည်။

စည်းကမ်းနှင့်နေတတ်သော ယောက်ျားနှင့် ဖြစ်ကတတ်ဆန်းမိန်းမတို့ တွေ့သောအခါ ပြဿနာ တက်တော့သည်။ စစ်စစ်စီစီ နေချင်သော မိန်းမနှင့် ပေါက်ပန်းဈေးနေတတ်သော ယောက်ျားတို့ ငြားသောအခါ နေ့တိုင်း ဆူညံပူညံ ဖြစ်မည်။ နင်ဘာကောင်လဲ၊ ငါဘာကောင်လဲ ယောက်ျားနှင့်မိန်းမတို့ ငြားသည့်အခါလည်း ပြဿနာဖြစ်မှာ သေချာလှပါသည်။

သုံးနှစ်ဆိုတာ တင်စား၍ပြောတာ ဖြစ်ပါလိမ့်မည်။ တစ်ဦးအကြောင်းတစ်ဦး သေသေချာချာ သိနားလည်ဘို့ရာ ခဏလေးနှင့် မဖြစ်နိုင်။ သူ့ဘက်ကမိဘမျိုးရိုး၊ သူတို့သဘောထား၊ နေပုံထိုင်ပုံ၊ သွားပုံလာပုံ၊ အပြောအဆိုမှအစ၊ အားလုံးကို ခရေစေ့ တွင်းကျသိဘို့ရာ အချိန်ယူပြီး လေ့လာရပါမည်။ သည်လို အချင်းချင်း အပြန်အလှန် သူ့သဘော၊ ကိုယ့်သဘောသိပြီ ဆိုတော့ ပြဿနာရှိသည်ဆိုစေ ဖြေရှင်းလို့ရသော အသေးအဖွဲပြဿနာလေးများလောက်သာ ရှိပါတော့သည်။ မိဘချင်းကလည်း အကြောင်းသိနေပြီဆိုတော့ ဟဲ့၊ ဒီလိုမပြောနဲ့၊ မဆိုနဲ့ဟု ဖြန်ဖြေပေးလိုက်လျှင် ကိစ္စပြီးသည်။ သည်တော့ စလယ်ဝင်၊ ဖင်မမည်းခင်က ကွဲကြပြဲကြဆိုတာတွေ မရှိသလောက် နည်းသွားမည်။

(ဟဲ့ကောင်ကလေး၊ ကောင်မကလေးတွေ၊ စလယ်ဝင် ဖင်မမည်းခင်က ဆိုတာရော သိကြရဲ့လားဟဲ့။

၂ လမြူ၊ ၁ လမက်
၂ လမက်၊ ၁ စလယ်
၂ စလယ်၊ ၁ ခွက်
၂ ခွက်၊ ၁ ပြည်
၎ ပြည်၊ ၁ စိတ်
၂ စိတ်၊ ၁ ခွဲ
၂ ခွဲ၊ ၁ တင်း ဆိုတဲ့ လင်္ကာအရ -

၁ စလယ်မှာ ဆန်နို့ဆီဘူး ၂ လုံးရှိသကွဲ့။
လူတစ်ယောက်ကို ထမင်း ဆန်နို့ဆီဘူး ၁ လုံး စားသဟဲ့။ (ကျွန်တော်ကတော့ နို့ဆီဘူး တစ်ဝက်မရှိတတ်ရှိတတ်လောက်ပဲ ကုန်ပါသည်။ ဤကား စကားချပ်။)
လင်မယားနှစ်ယောက်ဆိုတော့ ဆန်နို့ဆီဘူး ၂ ဘူး လိုမပေါ့ဟဲ့။
ဆန်နို့ဆီဘူး ၂ လုံးဆိုတော့ ၁ စလယ်ပေါ့။

အဲသဟာကြောင့် မင်္ဂလာဆောင်ခါစမှာ လင်ကိုယ်မယားနှစ်ယောက် စားဘို့ ဆန်နို့ဆီဘူး ၂ လုံးဝင်တဲ့ မြေထမင်းအိုးကလေး ၀ယ်သဟဲ့။ အဲဒါကို စလယ်ဝင်အိုးလို့ ခေါ်သဟဲ့။

ခုခေတ်လို ဂက်စ်အိုးတွေ၊ ထမင်းပေါင်းအိုးတွေမရှိတော့ ငရို့တောမှာ ထင်းမီးနဲ့ချက်ရသပေါ့ဟယ်။
အဲသဟာကြောင့် မီးခိုးတွေကပ်ပြီး အိုးဖင်တွေဟာ မည်းနေသဟဲ့။

ဒါပေမယ့် တစ်ခါတည်းချက်တာနဲ့တော့ မည်းမသွားဘူးပေါ့ကွယ်။ ဆယ်ရက်၊ တစ်လလောက်ချက်မှ မည်းပေမပေါ့။
ဖင်မမည်းခင်က ကွဲတယ် ဆိုတော့ ညားတာဖြင့် တစ်လတောင်မပြည့်သေးဘူး ကွဲမယ်၊ ကွာမယ်တွေ ဖြစ်ကုန်တာကို ပြောတာဟဲ့။

အယ်မယ်လေး၊ နင်ရို့ပြောရတာ မောထှာ။)

(၃) အိမ်ထောင်ပြုခြင်း အနုပညာ

အိမ်ထောင်ပြုခြင်းဟူသည် လူ့ဘ၀တွင် အလွန်ကြီးမားသော အလှည့်အပြောင်းတစ်ခု ဖြစ်၏။
အိမ်ထောင်ပြုပြီးသည်နှင့် အရာရာ ပြောင်းလဲသွားသည်။

အိမ်ထောင်မပြုမီက မိဘအိမ်မှာ အလွန်လွတ်လပ်စွာ နေနိုင်သည်။ စားချိန်တိုင် ၀င်စားလိုက်မည်။ အိပ်ချိန်တိုင် ၀င်အိပ်လိုက် မည်။ အ၀တ်လည်း ကိုယ့်ဘာသာ လျှော်ချင်မှလျှော်မည်။ မိဘဆိုတော့ သားသမီးကို ချစ်သည့်ဇောနှင့် ဘာမှမပြော။ မိဘ အိမ်တွင် ကိုယ်သည် ဘုရင်ဖြစ်သည်။ ကိုယ်မကြိုက်သည့်ဟင်း ချက်ထားလျှင် အမေ့ကို ဂျီကျမည်။ အမေက ငါ့သားလေး ကြိုက်တာ ပြေးဝယ်ပေးလိမ့်မည်။

နောက်ပြီး အပေါင်းအသင်းများနှင့် လွတ်လပ်စွာ ပျော်ပါးနေလို့ရသည်။ ပိုက်ဆံကိုလည်း လွတ်လွတ်လပ်လပ် သုံးမည်။ ပိုက်ဆံကုန်လျှင် အမေ့ချွေးခံအင်္ကျီထဲ နှိုက်မည်။ အလုပ်လုပ်သည်ဆိုလျှင်တောင် ပိုက်ဆံကို အပ်ချင်သလောက်သာ အပ်နိုင်သည်။ ဟဲ့ကောင်လေး၊ အသုံးအဖြုန်းကြီးလှချည်လား ဆိုရုံကလွဲပြီး မပို။ ဘယ်သူကမှ မဆူမဆောင့်။

မိန်းကလေးဆိုလည်း ထို့အတူပင်ဖြစ်သည်။ သနပ်ခါးသွေးပြီး ကျောက်ပျဉ်ကို မဆေးဘဲထားလည်း ဘာမှမဖြစ်။ အမေဆေးပေးလိမ့်မည်။ ထမင်းစားပြီး ပန်းကန်တွေကို အင်တုံထဲ ပစ်ထည့်ခဲ့ရုံ။ စားချိန်တန်တော့ ပန်းကန်စင်ပေါ်မှ ယူလိုက်ရုံ ဖြစ်သည်။ ဘယ်သူကမှ အော်ငေါက်နေမည် မဟုတ်။ သို့ပေသိ ယောက်ျားရပြီး အဲသလို လုပ်ကြည့်ပါလား။ ဟင်း ဟင်း . . .

လက်ထပ်ပြီးသည့်အခါ အချို့က မိဘအိမ်တွင်ပင်နေသည်။ အချို့က အိမ်ခွဲနေသည်။ မည်သူက မည်သည့်အိမ်လိုက်နေ သနည်း ဆိုသည့်အပေါ်မူတည်ကာ အာဝါဟ၊ ၀ိဝါဟ မင်္ဂလာဟု ကွဲသွားသည်။

မိန်းကလေးက ယောက်ျားလေးအိမ်ကို လိုက်နေလျှင် အာဝါဟမင်္ဂလာ။
ယောက်ျားလေးက မိန်းကလေးအိမ်ကို လိုက်နေလျှင် ၀ိဝါဟမင်္ဂလာ။

ဤသည်မှာ လောကီမင်္ဂလာ (၁၂) ပါးလာ အယူအဆဖြစ်၏။ လောကီမင်္ဂလာ (၁၂) ပါးသည် မြန်မာအယူအဆ စစ်စစ်မဟုတ်။ မြန်မာနိုင်ငံသို့ အခြား ဟိန္ဒူစာပေ၊ ယဉ်ကျေးမှု၊ အယူအဆများနှင့်ရောကာ ၀င်ရောက်လာခြင်းဖြစ်မည် ထင်ပါသည်။ သို့သော် ဟိန္ဒူယဉ်ကျေးမှုစစ်စစ်လည်း မဟုတ်ပါ။ ဗုဒ္ဓဘာသာယဉ်ကျေးမှုများနှင့် စုပေါင်းစပ်ပေါင်းလုပ်ထားတာ ဖြစ်၏။ မင်္ဂလာ (၁၂) ပါးကို ဘယ်ခေတ်ကစသည်။ မြန်မာနိုင်ငံသို့ အဘယ်ပုံရောက်လာသည်။ မည်သူများက မော်ဒီဖိုင်းလုပ်သုံးသည် စသည်တို့ ကိုမူ ကျွန်တော်မသိပါ။

မြန်မာတို့ထုံးစံအရ မင်္ဂလာမဆောင်ခင် ဦးစွာ နားဖောက်ရသည်။ အကြောင်းဆိုသည်ဟုလည်း ခေါ်ကြသည်။ ယခုခေတ်တွင် စေ့စပ်ကြောင်းလမ်းပွဲဟုလည်း လူသိများ၏။

နေ့ကောင်းရက်သာရွေးပြီး သတို့သားဘက်မှ မိဘများက ရပ်ရွာလူကြီးများကိုခေါ်ကာ သတို့သမီးအိမ်သို့ နားဖောက်ရအောင် သွားရသည်။ ကျွန်တော်တို့ သားကလေးကတော့ဖြင့် လူကြီးမင်းတို့သမီးနဲ့ ရည်ငံနေကြပါတယ်။ အဲဒီအတွက် မိသားဖသားပီပီ တောင်းရမ်းလိုပါတယ်။ သမီးရှင်များဘက်ကလည်း ကျုပ်တို့ကတော့ လူကြီးမင်းတို့နဲ့လည်း သိကျွမ်းပြီးသားဖြစ်သည့်အတွက် အထွေအထူး ငြင်းစရာမရှိပါဘူး။ သမီးကလေး သဘောအတိုင်းပါပဲ။ ကဲ ရှင်မရေ - သမီးကိုခေါ်မေးကြည့်စမ်းပါဦးကွဲ့။ ဟဲ့ - သမီးရေ၊ ချောမေ။ မေးစရာလေးရှိလို့ လာစမ်းပါဦးကွယ်။ ဘာညာသာရကာ။

ထို့နောက် ပြက္ခဒိန်ကို ရှေ့ချကာ ဒါကတော့ ၀ါရမိတ္တုရက်၊ ဒီရက်ကတော့ သမားညို။  ဒီရက်ကတော့ ပြဿဒါး။ ရွေးလို့မကောင်းဘူး။ ဟောဒါကတော့ဖြင့် ရက်ရာဇာဖြစ်လို့ အဲဒီရက်ကို မင်္ဂလာအခမ်းအနားကျင်းပချင်ပါတယ်။ သမီးရှင်များဘက်ကလလည်း ဘုရားဒကာတို့ ရွေးထားတဲ့ရက်ကို ကျွန်ုပ်တို့ဘက်ကလည်း ငြင်းစရာအကြောင်းမရှိပါဘူး။ ဟုတ်တယ်မဟုတ်လား ရှင်မရဲ့ စသဖြင့် နေ့ကောင်းရက်သာ ရွေးကြသည်။

ထိုမျှသာမက ထိုစေ့စပ်ပွဲတွင် -
ယောက်ျားလေးဘက်က - နွားတစ်ယှဉ်း၊ လှည်းတစ်စီး၊ လယ်ဆယ်ဧက၊ ဘယ်နားက ကိုင်းတစ်ခုံ။ ဆွဲကြိုးတစ်ကုံး။
မိန်းကလေးဘက်က - မောင်နှံခုနစ်ဖော် လက်ကောက် တစ်စုံ။ နားဆွဲတစ်ရံ၊ အိမ်ထောင်ပရိဘောဂ ဘာညာ။
တစ်ခါတစ်ရံ ထိုအရောင်းအ၀ယ်ပွဲတွင် ဈေးမကိုက် (ဟိုက် - ပစ္စည်းအရောင်းအ၀ယ်နဲ့လွဲကုန်ပြီ။ ဆောရီး) စေ့စပ်ပွဲတွင် တင်တောင်းသောပစ္စည်းများကို သူသာသည်၊ ငါနာသည် စသဖြင့် စကားအချေအတင် ပြောကြရတတ်သည်။ ငါတို့ နွားတစ်ယှဉ်းက သုံးသိန်းလောက်တန်တာကွ။ မင်းတို့နားဆွဲက သေရောကြေရော တန်လှမှ နှစ်သိန်းထက် မပိုဘူး စသဖြင့်။ ထိုအခါ အတူပါလာသူ ရပ်ရွာလူကြီးများက ကိုင်း ကိုလူကလေးကလည်း ဘယ်လောက်ထပ်ပေးလိုက်။ မခွေးမကလည်း ဘယ်လောက်တော့ထား စသဖြင့် ကြားဝင်ဖြန်ဖြေပေးရတတ်၏။

အားလုံး သဘောတူပြီးသည့်နောက် မင်္ဂလာအခမ်းအနားအတွက် တွက်ရချက်ရ၊ တိုင်ပင်ကြရတော့သည်။ ဘယ်သူ့တွေကို ဖိတ်မယ်၊ ဘာနဲ့ကျွေးမယ်။ ဘယ်နေရာမှာ မဏ္ဍပ်ဆောက်မယ်။ ဘယ်ဘိသိက်ဆရာကို ငှားမယ် စသည်။

ကာလသားများနှင့် ကာလသမီးများလည်း ထိုနေ့ထိုအချိန်မှ စကာ အလုပ်ရှုပ်တော့၏။
ဖိတ်စာရိုက်ခြင်း၊ ဝေခြင်း၊ အစားအသောက်များအတွက် ပြင်ဆင်ခြင်း၊ မင်္ဂလာ အခမ်းအနားအတွက် အခန်းငှားခြင်း၊ မဏ္ဍပ် ထိုးခြင်း စသည်တို့ကို လုပ်ကြသည်။ သတို့သားအရံ နှင့် သတို့သမီးအရံရွေးဘို့လည်း အရေးကြီးလေသည်။ ဘာတဲ့၊ အိပ်ယာ ခမ်းနားပြင်တာတောင် မိစုံဘစုံရှိတဲ့သူမှ ဆိုလား။ ခင်ဗျားတို့ဟာကလည်း အယူကို သည်းလွန်းသည်။

သတို့သားကြည့်လိုက်ပါအုံးဟဲ့။ အောင်မယ်။ ပြုံးပြုံး ပြုံးပြုံးနဲ့ပါလား။
မှန်း၊ သတို့သမီးကရော။ သူကလည်း အောင်မငီး၊ ငါတော့ အိုရချေသေးရဲ့ဆိုပြီး ရှက်သလိုလိုနဲ့ ပီတိတွေဖြာလို့။ 

မင်္ဂလာဆောင်သည့်နေ့တွင်မတော့ အရာအားလုံးသည် မင်္ဂလာရှိနေ၏။ ကမ္ဘာလောကကြီးသည် သာယာလျှက်ရှိ၏။ ကလေးများသည်လည်း အ၀တ်သစ် အစားသစ်များဝတ်ကာ ခုန်ပေါက်ပြေးလွှား ဆော့ကစားလျှက် အထူး ပျော်ရွှင်မြူးတူး လျက် ရှိ၏။

ဓာတ်စက်ကြီးမှ တွံတေးသိန်းတန်နှင့်တင်တင်မြတို့၏ တူနှစ်ဖြာ ရွှေဂဟေဆက်လို့၊ သွေမပျက်တဲ့ မေတ္တာ . . ဟူသော မင်္ဂလာ တေးကို အသံကုန်တင်ကာ ဖွင့်လျှက်ရှိ၏။ ဓာတ်စက်ဆရာဘေးနားတွင် လူမငယ့်တငယ်များ ရုတ်ရုတ် ရုတ်ရုတ်နှင့် ရှိ၏။ (အဲဒီသီချင်းမပေါ်ခင်က ဘယ်သီချင်းတွေများ ဖွင့်ပါလိမ့်။)

ကာလသားခေါင်းမှာ ဟေ့ကောင်တွေ၊ မင်းတို့ထမင်းပွဲတွေပြင်နေတာကလည်း ကြာ ကြာလှချည်လား။ ဟိုအကောင် ဖိုးထူး ခုထိ ရောက်မလာသေးဘူးလား။ ဘယ်သူရေ သွားခေါ်ချေစမ်းဟေ့။ ဟုတ်ကဲ့ အစ်ကိုကြီး စသဖြင့် အလွန် အလုပ်ရှုပ်လျှက် ရှိ၏။

ကာလသမီးလေးငါးယောက်မှာ လက်ဖွဲ့ခန်းတွင် သူထိုင်မယ်၊ ငါထိုင်မယ်နှင့် အသည်းအသန် ငြင်းနေကြရာ ကာလသမီးခေါင်း လာပြီး ငေါက်လိုက်မှ ကိစ္စပြီးသည်။

တော်ကြာတော့ အနယ်နယ် အရပ်ရပ်မှ ဆွေမျိုးသားချင်းများ တဖွဲဖွဲနှင့် ရောက်လာကြလေ၏။ ဧည့်သည်များအား နေရာချထား ပေးခြင်း၊ လက်ဖွဲ့ငွေကောက်ခံခြင်း စသည်တို့ဖြင့် အသီးသီး အလုပ်ရှုပ်ကြ၏။

သိပ်မကြာပါ။ ဟဲ့ ဟဲ့ သတို့သားနဲ့ သတို့သမီး မလာကြသေးဘူးလား။ မင်္ဂလာအချိန်ကျနေပြီဟဲ့။ ဧည့်သည်တွေလည်း စုံပြီမဟုတ်လား။ နှစ်ဖက်မိဘတွေရောဟဲ့ စသဖြင့် ကြေငြာသံ ကြားရ၏။ အသံကြားရာသို့လှမ်းကြည့်လိုက်တော့ အလို ဘိသိက်ဆရာတောင် ရောက်နေမင့်ကိုး။ မောင့်ကြက်သရေ ခေါင်းပေါင်းကြီးနှင့်။ ဘိသိက်ပေးမှ ထုတ်ဝတ်လေ့ရှိသော အမြတ် တနိုးသိမ်းထားသည့် တိုက်ပုံအင်္ကျီပန်းနုရောင်နှင့်။ သိပ်မကြာသေးခင်ကမှ ဟိုဘက်ရွာသူကြီးသား မင်္ဂလာဆောင်က ရလာသည့် အင်းမပုဆိုး အသစ်ကျပ်ချွတ်နှင့်။ ဘိသိက်ဆရာမှာ ကိုယ်ရောင်ကိုယ်ဝါ တောက်ပလျှက်ရှိလေသည်။

လက်ထပ်ထိမ်းမြားပွဲတွင် ဘိသိက်ဆရာက အောင်ဇေယျတု၊ အောင်ဇေယျတု အစချီကာ အောင်ပါစေသော၊ အောင်စေသော ဟု ဘိသိက်မင်္ဂလာ ပေးပါသည်။ ဘယ်အရာကို အောင်ပါစေဆုတောင်းပေးသည်တော့ ကျွန်တော်မသိပါ။ သားသမီး မွေးဖွားဘို့ဖြစ်ချင်ဖြစ်မည်၊ စီးပွားဥစ္စာများ ဒီရေအလား တိုးတက်ပါစေ ဆိုတာ ဖြစ်ချင်ဖြစ်မည်။ ဤစကားလုံးကို ရွတ်နေသူ ဘိသိက်ဆရာကိုယ်တိုင် သေသေချာချာ သိပါလေရဲ့လား။ ကျွန်တော် မသိပါ။

ဘိသိက်ပွဲတွင် ယောက်ျားလေးဘက်က ဘာတွေတင်တောင်းတယ်။ မိန်းကလေးဘက်က ဘာတွေထည့်တယ် စသဖြင့်လည်း ကြေငြာပါသည်။ ထိုအခါကျမှ ပရိသတ်များလည်း သိခွင့်ရ၏။ တချို့က အင်း၊ ကိုရင်သြတို့က ကလေးတွေကို တယ်ကြည့် သကွဲ့။ တယ်တော်တဲ့လူတွေကွယ် ဟု ဆို၏။ အချို့ကျတော့ ဟင်၊ သူတို့ဒါလောက်ချမ်းသာတာတောင် ကလေးတွေကို ဒါလောက်ပဲ ပေးရသလား။ အတော် ကပ်စေးနည်းတဲ့သူတွေဟု အတင်းတုတ်၏။

မင်္ဂလာပွဲတွင် ဘိသိက်ခန်းသည် အရေးကြီးဆုံးဖြစ်၏။ ဘိသိက်ခန်းတွင် သတို့သားနှင့် သတို့သမီးကို မင်္ဂလာငွေဖလားတွင် လက်ထပ်ပေးသည်။ ဤသို့လက်ထပ်ပြီးသည်နှင့် လင်မယားအရာ မြောက်တော့၏။ မြန်မာ့ဓလေ့ထုံးတမ်းတွင် လူကြီးစုံရာနှင့် အများရှေ့၌ မင်္ဂလာဆောင်ခြင်းသည် ဥပဒေနှင့်ညီညွတ်၏။ ရုံးတက်လက်မှတ်ထိုးစရာမလို။ လက်ထပ်စာချုပ်မလို။ ထိုသူနှစ်ဦး ကို ရပ်ရွာက အကြင်လင်မယားအဖြစ် အသိအမှတ်ပြုသည်။ ဘာစာမှ ချုပ်မထားသည့်တိုင် သည်ကဲ့သို့ ရပ်သိရွာသိ မင်္ဂလာ ဆောင်ထားတာကို အလေးအနက်ထားကြသည်။ တော်ရုံတန်ရုံကိစ္စလောက်နှင့် ကွဲတာကွာတာ မလုပ်ကြ။ လူကြီးမိဘ အရှက်ရမည်ကို ငဲ့ရသည်။

ဘိသိက်ပြီးတော့ လာသည့်ပရိသတ်ကို ထမင်းကျွေးကြသည်။ ထမင်းစားပြီးတော့ အသီးသီးအသကအသက နှုတ်ဆက်ကာ ပြန်ကြတော့၏။

ဧည့်သည်တွေစဲသွားတော့ အင်မတန်အရေးကြီးသည့်အလုပ်ကို လုပ်ကြရသည်။ ဤသည်မှာ လက်ဖွဲ့ငွေ ရေတွက်ခြင်းဖြစ်၏။ ဘုရားဘုရား၊ ကုန်ထားတာနဲ့ ကာမှ ကာမိပါ့မလား။ ဘယ်လောက်မြတ်မလဲ။

ညကျတော့ ကာလသားများက ခဲဖိုးတောင်း၏။ ကျွန်တော်ငယ်ငယ်က ခဲဖိုးတောင်းတယ်ဆိုတာ နားမလည်။ နောက်ပြီး ရွှေကြိုးငွေကြိုးတန်းတယ်ဆိုတာကိုလည်း မသိ။ ဘယ်လိုများ ရွှေတွေကို ကြိုးနဲ့လုပ်ပြီး တန်းပါလိမ့်။ ဘာဖြစ်လို့ တန်းပါလိမ့်။

ရွှေကြိုးငွေကြိုးတန်းတယ်ဆိုတာ သတို့သမီးနှင့်သတို့သား တွဲထွက်လာတော့ မင်္ဂလာခန်းမမ၀င်မီ ဆွဲကြိုးတစ်ကုံးကို ဟိုဘက် တစ်ယောက် သည်ဘက်တစ်ယောက် ကိုင်ကာ တားထားခြင်းဖြစ်၏။ ထိုသို့တားသူများကို လိုက်လာသူ သတို့သားသတို့သမီး အရံများက ကျေနပ်လောက်အောင် မင်္ဂလာကြေးပိုက်ဆံပေးရသည်။ ပိုက်ဆံလိုချင်လို့မဟုတ်ပါ။ အပျော်လုပ်တာ ဖြစ်ပါသည်။

ညကျတော့ ကာလသားများက စားဘို့သောက်ဘို့ ပိုက်ဆံလာတောင်းသည်။ သူတို့အတွက် ပိုက်ဆံထုတ်ပေးရသည်။ မပေးလျှင် ခဲနှင့်ပေါက်ကြသည်။ ဤသည်ကို ခဲဖိုးတောင်းသည် ခေါ်၏။ ဤသည်မှာလည်း အပျော်အပါးအတွက် ဖြစ်ပါသည်။ မည်သူကမှ စိတ်မဆိုးကြ။ ရပ်ရွာဓလေ့ဖြစ်၏။

ဤသို့ဖြင့် ထိုသူငယ်ကလေးနှင့် သူငယ်မကလေးမှာ ထိုနေ့မှစကာ ပုဆိုးတန်းတင် အကြင်လင်မယား (အီး၊ ခင်ဗျားတို့ စကားကြီးကလည်း ကျောချမ်းဘို့ကောင်းလိုက်တာ၊ ဘယ့်နဲ့ဗျာ။ ၀တ်ထားတဲ့ပုဆိုးကို တန်းပေါ်တင်လိုက်တော့ . . ဝေါ့ . . )
ဖြစ်လေတော့သတည်း။

(၄) အိမ်ထောင်သည်ဘဝ

တစ်ဦးနှင့်တစ်ဦး ပေါင်းဖက်ကြရာတွင် အချင်းချင်းကြိုက်ပြီး ခိုးရာလိုက်ပြေးကာ ပေါင်းသင်းသည်လည်း ရှိ၏။ အချင်းချင်း ကြိုက်ပြီး မိဘများကို တောင်းရမ်းခိုင်းပြီး ပေါင်းဖော်ကြတာလည်း ရှိ၏။ အချို့မှာမူ တစ်ဦးနှင့်တစ်ဦး မသိကျွမ်းဘဲ မိဘများ အချင်းချင်းတိုင်ပင်ကာ ပေးစားလိုက်ကြတာလည်း ရှိပါသည်။

မည်သည့်အိမ်ထောင်များက မြဲသည်။ မည်သည့်အိမ်ထောင်များ မမြဲဆိုသည်မှာ ပုံသေတွက်ထားလို့မရပါ။ မငြားခင်ကတော့ သောက်ကျိုးနည်း၊ တစ်ယောက်နဲ့တစ်ယောက်မမြင်ရရင် သေမလောက်ဖြစ်နေရာကနေ ရလည်းသွားရော . . . .
ဟင်၊ ကောင်မ၊ အပျင်းထူချက်တော့ အခု ငါ့မှာ ၀တ်စရာအ၀တ်တောင်မရှိတော့ဘူး၊ ဘယ်သွားသေနေလို့လဲ ပြောစမ်းပါဦး။ ဟင်၊ သေနာကောင်။ င့ါကို အိမ်မှာ အလကားနေရင်း အိပ်နေတယ် အောင့်မေ့လို့လား &$@#!&*%#@”>

တချို့ကျ မိဘပေးစားလို့ ယူလိုက်ရတယ်ဆိုပေမင့် ဘာပြဿနာမှ ဖြစ်သံမကြားရ။ ဖြူးလို့ခင်ဗျာ . . ငယ်ချစ်တွေထက်တောင် သာသေး။

မတူသော မိသားစုမှ၊ မတူသောသူတို့ ပေါင်းဖော်ကြသည်ဖြစ်ရာ အဘယ်မှာလျှင် သူနှင့်ကိုယ် စင်းလုံးချော သဘောမျှ နေတယ်ဆိုတာ ရှိပါမည်နည်း။ သူများမပြောပါနှင့်။ ကိုယ့်ကိုယ်ကိုယ်တောင် အခု ဟိုနေရာသွားမယ်ပြင်နေရာကနေ ဟယ်၊ သွားတော့ပါဘူး။ နောက်နေ့မှ သွားတော့မယ် ဟု ဖြစ်သွားတတ်သေးသည်။

အချင်းချင်း မတူတာတွေ၊ သဘောထားမတိုက်ဆိုင်တာတွေ ညှိယူရတာကိုက အိမ်ထောင်ရေးဘ၀၏ အဓိပ္ပာယ် ဖြစ်လေသည်။

မကျေနပ်ဘူးလား။ ထရန်ဖြစ်လိုက်။ ပြီးတော့မှ ပြန်ချော့။ ဤသည်မှာ အိမ်ထောင်ရေးအရသာ ဖြစ်၏။ အနို့ လင်နဲ့မယား၊ လျှာနဲ့သွား ဆိုသမို့လား။

သူမကြိုက်တာ ကိုယ်မပြောနဲ့။ ကိုယ်မကြိုက်တာ သူမလုပ်နဲ့။ လင်နဲ့မယားအကြား ဘာမှ ဖုံးဝှက်မထားနဲ့။ ပွင့်ပွင့်လင်းလင်း ရှိပါစေ။

အရေးကြီးသည်မှာ တစ်ဦးအပေါ်တစ်ဦး သစ္စာရှိဘို့၊ အိမ်ထောင်ရေး မဖောက်ပြန်ဘို့ ဖြစ်လေသည်။ သူ့ကို နှစ်သက်သည် ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ ရလာပြီဆိုလျှင်မူ အတတ်နိုင်ဆုံးသည်းခံကာ ချစ်ခင်ကြင်နာရမည် ဖြစ်လေသည်။ ကိုယ့်လင်/မယား တစ်ပါးသူနှင့် ပျော်ပါးနေတာကို မည်သူသည် အသည်းမာစွာနှင့် လက်ပိုက်ကြည့်နေနိုင်ပါမည်နည်း။ ဘာတဲ့၊ မုန့်ကိုသာ ဝေစားနိုင်မယ်။ အချစ်ကိုတော့ ဝေမပေးနိုင်ဘူး ဆိုလား။ ၀တ္ထုတွေထဲ ဖတ်ဖူးတာပြောပါတယ်။

လင်နဲ့မယား လျှာနဲ့သွား ဆိုပေသိ နေ့တိုင်း တကျက်ကျက်ဖြစ်နေလို့ အဘယ်မှာလျှင် နေပျော်ပါမည်နည်း။ တဆိတ်ရှိ ကွဲမယ်၊ ကွာမယ်ဆိုတာ မဖြစ်သင့်သော ကိစ္စ ဖြစ်လေသည်။ ကွဲပြီ၊ ကွာပြီ ဆိုပါစို့။ ကိုယ်တို့နှစ်ဦးတည်းမဟုတ်။ သူ့ဘက်ကိုယ့်ဘက် အသိုင်းအ၀ိုင်းတွေ၏ မျက်နှာရှိသည်။ သားသမီးများရှိပါက ကလေးတွေ၏ နောင်ရေးရှိသည်။ အစစ ထည့်သွင်း စဉ်းစားဘို့လိုသည်။

အိမ်ထောင်ပြုခြင်းကို အချစ်၏နေ၀င်ချိန် ဟု ဆိုကြ၏။ အမှန်မှာမူ အိမ်ထောင်ပြုတယ်ဆိုတာ ယခုမှ ဇာတ်လမ်းစရမှာ ဖြစ်သည်။ သမီးရည်းစားဘ၀ဆိုတာ လက်တွေ့ဘ၀နှင့်ကင်းကွာပြီး စိတ်ကူးယဉ်များနှင့် တည်ဆောက်ပျော်မြူးနေတာ ဖြစ်သည်။ ဆန်တွေ၊ ငါးပိတွေ၊ ဆီတွေ၊ ဆားတွေမပါ။ အိမ်ရှင်က အိမ်လခကို တကျီကျီတောင်းနေတာတွေ မပါ။ သားဘို့ ကျောင်းဝတ်စုံချုပ်ပေးစရာ ပိုက်ဆံမရှိတာတွေ မပါ။ သည်တော့ အင်မတန်ပျော်ဘို့ ကောင်းပေသပေါ့။

အိမ်ထောင်သည်ဘ၀ဖြစ်လာပြီဆိုတာနှင့် အထက်ပါ ပြဿနာတွေ တန်းစီဝင်လာလိမ့်မည်။ သည်ပြဿနာများကို နှစ်ယောက် အတူလက်တွဲဖြေရှင်းရမည်။ ရှောင်လွှဲနေလို့မရ။ တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုးနေလို့မရ။ ဤကဲ့သို့ ပြဿနာများကို လင်မယားနှစ်ယောက် အတူခေါင်းချင်းဆိုင်ဖြေရှင်းကာ သာယာသော အိမ်ထောင်တစ်ခုကို ထူထောင်ကြရမည် ဖြစ်လေသတည်း။


ထိမ်းမြားလက်ထပ်ခြင်း အနုပညာ ဤတွင်ပြီးပါပြီ။


မိတ်ဆွေတို့သည် သာယာချမ်းမြေ့သော သီရိဂေဟာကလေးကို တည်ဆောက်နိုင်ကြပါစေသတည်း။


ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၅ ဇူလိုင်၊ ၂၀၁၇