Saturday, August 31, 2019
နမူနာပြရလျှင် -
အထားအသိုမှားပြီး ကကြီးချောင်းငင်လုံးကြီးတင်လိုက်ပါက ကို ဟု တလွဲတွေ ဖြစ်ကုန်မည်။
ဝဆွဲကို အရင်မရေးဘဲ နောက်ပစ်ကို အရင်ရေးပါက တွဲ ဟု ဖြစ်သွားမည်။
အေးငြိမ်း
၃၁ ဩဂုတ်လ၊​ ၂၀၁၉
ည ၉:၀၉ နာရီ
++++++++++++++++++++
ယူနီကုဒ်ဖြင့်စာရေးခြင်းကို အလွယ်မှတ်ပုံအကြောင်း
=====================================
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎဏ ဆေးကျမ်းကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျှက် ဂဃနဏဖတ်ခဲ့သည်။ 
ယခုအခါ ကျွန်ုပ်သည် ယူနီကုဒ်ဖြင့် အတော်ရေးတတ်နေပြီ ဖြစ်၏။
လွယ်လွယ်လေးမဟုတ်ကြောင်း မိတ်ဆွေတို့ သိပါသည်။
မြန်မာယူနီကုဒ်ဧရိယာ ကို မွှေနှောက်ရှာဖွေ ဖတ်ရှုရသည်။
မရွှန်းမီရေးထားသည့် ယူနီကုဒ်စာရိုက်နည်းကို အစအဆုံး ဖတ်ရသည်။
နောက် မြန်မာသင်ပုန်းကြီးဖတ်စာသစ်ကိုလှန်ကာ ရိုက်ကြည့်ရသည်။
အမှန်က သိပ်မခဲယဉ်းလှပါ။
ယူနီကုဒ်တွင် စာလုံးကို မှန်မှန်ကန်ကန် စီနိုင်စေရန် သဝေထိုးကို ရှေ့တင်ရေးသည်မှ အပ စာရေးပုံမှာ ကျွန်ုပ်တို့ ငယ်စဉ်က ရွတ်ဆိုခဲ့သည့် စာလုံးပေါင်းအတိုင်း ရေးတာသာ ဖြစ်ပါသည်။ 
နမူနာပြရလျှင် -
ရေ ရေးလိုပါက ရ ကိုဦးစွာရေးပြီးမှ သဝေထိုးကို ရေးရ၏။
နောက်ပြီး ဗျည်းတွဲများရှေ့တွင် သဝေထိုးကို ရေးရသည်။
ဗျည်းတွဲ ဆိုသည်မှာ ကျွန်ုပ်တို့ငယ်စဉ်က အလွတ်ကျက်ခဲ့သည့် ပင့်၊ ရစ်၊ ဆွဲ၊ ထိုး (ယပင့်၊ ယရစ်၊ ဝဆွဲ၊ ဟထိုး) ပင် ဖြစ်သတည်း။
မှေး ကို ရေးလိုလျှင် မှ ကိုဦးစွာရေးပြီးမှ သဝေထိုး ရေးရ၏။
ဆွေ ဆိုလျှင်လည်း ဆွ နောက်မှ သဝေထိုး ရေးရသည်။
မြွေ = မယရစ်ဝဆွဲ နောက်မှ သဝေထိုး ရေးရ၏။
မျှော ဟု ရေးလိုပါက မယပင့်ဟထိုးကို ဦးစွာရေးပြီးမှ သဝေထိုး ရေးရသည်။ ပြီးမှ ရေးချရ၏။
ရွှေ ရေးလိုပါကလည်း အလားတူပင် ဖြစ်၏။ ရွှ ပြီးမှ သဝေထိုး ရေးရသည်။
ကို ရေးလိုပါက ကကြီးလုံးတင်ချောင်းငင် ကို ဟု ရေး၏။
အထားအသိုမှားပြီး ကကြီးချောင်းငင်လုံးကြီးတင်လိုက်ပါက ကုိ ဟု တလွဲတွေ ဖြစ်ကုန်မည်။
ကြီး ရေးလိုပါက ကကြီးယရစ်လုံးကြီးတင်ဆံခတ်ကြီ ဝစ္စနှစ်လုံးပေါက် ကြီး ဖြစ်၏။
တွဲ ရေးလိုပါက တဝမ်းပူဝဆွဲနောက်ပစ်တွဲ ဟု ရေးရ၏။
ဝဆွဲကို အရင်မရေးဘဲ နောက်ပစ်ကို အရင်ရေးပါက တဲွ ဟု ဖြစ်သွားမည်။
မြို့ = မယရစ်တလုံးတင်ချောင်းငင်မြို၊ အောက်ကမြစ် မြို့
ကျွန် = ကကြီးယပင့်ဝဆွဲနသတ်ကျွန်
မွှေးကြိုင် = မဝဆွဲဟထိုး+ေ+း+ ကယရစ်လုံးတင်ချောင်းငသတ် ကြိုင်
MS Word က စာလုံးပေါင်းမှားနေလည်း မပြ။ ထို့ကြောင့် ကျွန်တော်rabbit-converter ထဲတွင် ကျင့်ပါသည်။
သည်နေရာတွင်တော့ စာလုံးပေါင်းမှားတာ ချက်ချင်းမြင်ရ၏။
နောက်ပြီး ဇော်ဂျီကိုပါ တစ်ခါတည်း ပြောင်းပြီးသား ဖြစ်၏။
ယူနီကုဒ်၏ချစ်စရာကောင်းသည့် အချက်မှာ အလွန်စနစ်ကျစွာ စီစဉ်ထားခြင်းကြောင့် ဇော်ဂျီလောက် စာလုံးမများသလို ပေါက်တတ်ကရ ရိုက်ချင်သလို ရိုက်လို့မရခြင်း ဖြစ်ပါသည်။
ဇော်ဂျီနှင့်ရိုက်လျင် ယရစ် တစ်မျိုးထဲပင်လျှင် (၈) မျိုးရှိ၏။
မြ၊ မြွေ၊ ပြိ၊ မြိုင် တွင်လေးမျိုး
ကြ၊ ကြွေ၊ ကြိ၊ ကြိုင် တွင်လေးမျိုး
ယူနီကုဒ်၌မူ သူ့ဖာသူ ဘာစာလံုးဖြစ်ဖြစ်၊ ယရစ်တစ်လုံးဆို ရပြီ။ ကျန်တာ စက်က အလိုလိုပြောင်းပေးသွားလိမ့်မည်။
ကျန်စာလုံးများတွင်လည်း အလားတူပင် ဖြစ်၏။
သို့ဖြစ်ပါသောကြောင့် မိတ်ဆွေများကိုလည်း ယူနီကုဒ်ကြပါရန် တိုက်တွန်းလိုက်ပါကြောင်း . . . . 
ပယ်ရယ်လယ်ကြီးပြုတ်ကျသွားတာ ကျေးဇူးပါခင်ဗျ -
တစ်ခုဆုံးရှုံးတာ နောက်တစ်ခုကောင်းဘို့ပေါ့ခညာ။
ကူညီခဲ့သူအားလုံးကို ကျေးဇူးအထူးတင်ပါသည်။
အေးငြိမ်း
၃၁ ဩဂုတ်လ၊​ ၂၀၁၉
ည ၉:၀၉ နာရီ
Friday, August 23, 2019
ပုဂ္ဂိုလ်ခင်၍ တရားကိုမင်ကြခြင်းအကြောင်း
(၁) ပုဂ္ဂိုလ်ခင်မှ တရားမင်သည်
မြန်မာစကားပုံတွင် ပုဂ္ဂိုလ်ခင်မှ တရားမင်သည် ဟူသောစကားသည် ရှိ၏။
အမှန်ဆို သည်စကားပုံ ဘယ်ကဆင်းသက်လာသည်၊ တရားမင်သည် ဆိုခြင်းမှာ အဘယ်ဖြစ်သည်ကို ကျွန်တော် ရေရေရာရာ မသိပါ။ သို့သော် လူပုဂ္ဂိုလ်အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ခင်မင်ရင်းနှီးမှုရှိပါက ပြောရဆိုရ၊ လုပ်ရကိုင်ရ အလွန် အဆင် ပြေသည် ဟု ဆိုလိုကြောင်းတော့ သိပါသည်။
အချင်းချင်း ခင်မင်ရင်းနှီးတာ ကောင်းသော်လည်း ပုဂ္ဂိုလ်ခင်လို့ တရားမင်ခြင်းကိုမူ နေရာတကာ ကောင်းလှသည်ဟု ကျွန်ုပ်က တော့ မမြင်မိပါ။ အဘယ်ကြောင့်ဆိုသော် လူတို့သည် လူသာဖြစ်၍ ခင်မင်ရင်းနှီးမှုကို အခွင့်ကောင်းယူကာ မတရားမှုတို့ ဖြစ်လာ တတ်သည်။
ဥပမာ - (ဥပမာသည် ဥပမာသာဖြစ်၍ တစ်စုံတစ်ယောက်ကို ရည်ညွှန်းသည်ဟု မယူဆကြစေလို။) တင်ဒါခေါ်သည် ဆိုကြပါစို့။
တင်ဒါတင်သွင်းလာသူ များစွာတို့အနက် မိမိနှင့် အလွန်ခင်မင်ရင်းနှီးသူ တစ်ယောက်လည်း ပါလာသည်ဖြစ်စေ။ သူငယ်ချင်း၊ မင်း တို့ကြေငြာထားတဲ့ တင်ဒါကို ငါလည်းတစ်စောင် တင်ထားတယ်ကွာ။ အဲဒါ ကျုပ်ကျက်လိပေးပါအုံး။ ဟာ - ဖြစ်ရမှာပေါ့ သူငယ်ချင်း ရာ၊ တခြားသူတွေမှတ်လို့။
ဤသည်မှာ ပုဂ္ဂိုလ်ခင်၍ တရားမင်လိုက်ရခြင်း၏ ဆိုးကျိုးပင်မဟုတ်ပါလော။ အကယ်၍သာ တင်ဒါခေါ်သည့်အထဲတွင် မိမိ သူငယ်ချင်းပါလာသဖြင့် သူငယ်ချင်းကို ချပေးလိုက်မည်ဆိုပါက တင်ဒါခေါ်ခြင်း၏ အနှစ်သာရ ပျောက်မသွားပါသလော။
၂ဝ၁၅ ရွေးကောက်ပွဲလုပ်မည်ဆိုတော့ ရွေးကောက်ပွဲကော်မတီအတွက် ဘယ်သူ့ကို တာဝန်ပေးရမှန်းမသိ။ ဟေ့ကောင်၊ မင်းက အတွေ့အကြုံရှိတယ်။ မင်းလုပ်လိုက် ဟု ပြောသည်ဆို၏။ ဤသည်မှာလည်း ပုဂ္ဂိုလ်ခင်လို့ တရားမင်ခြင်းပင် မဟုတ်ပါလော။
ဤသည်ကို ကောင်းလှသည်ဟု ကျွန်ုပ်ကတော့ မယူဆပါ။
တရားသူကြီးတို့အဖို့ဆိုလျှင် ပိုလို့တောင် ဆိုးသေးသည်။ မိမိနှင့်မျက်နှာနာနေသူ သို့မဟုတ် မိမိအပေါ် ကျေးဇူးပြုခဲ့ဖူးသူနှင့် အခြား သူတစ်ဦးတို့ တရားတဘောင်ဖြစ်သည်ဆိုပါစို့။ ထိုအမှုတွင် အခြားသူက မှန်နေသည်လည်း ဆိုပါစို့။ ထိုတရားသူကြီးအတွက် အတော့်ကို ခေါင်းကိုက်ရမည့်ကိစ္စ ဖြစ်လေသည်။ ထိုအချိန်တွင် တရားသူကြီးသည် ဘယာဂတိ၊ မောဟာဂတိ ဟူသည့် အဂတိ တရား လေးပါးမှ ကင်းစင်စွာ အဆုံးအဖြတ်ပေးနိုင်ပါမှ တရားသူကြီး ဖြစ်ပေမည်။ ပုဂ္ဂိုလ်ခင်လို့ တရားမင်ကာ မိမိလူကို အနိုင် ပေးလိုက်ပါမူ ၎င်းအား တရားသူကြီးဟု ခေါ်နိုင်တော့မည်မဟုတ်။ မတရားသူကြီးသာ ဖြစ်ပေမည်။
(၂) Competent Person
ကျွန်ုပ်တို့လူ့ဘောင်အဖွဲ့အစည်းတွင် ပုဂ္ဂိုလ်ခင်၍ တရားမင်ခြင်းကိစ္စများကို နေရာအတော်များများတွင် တွေ့နိုင်၏။
တရားမမင်ရဘူးဟု ကျွန်ုပ်မဆိုလို။ သို့သော် တော်တည့်မှန်ကန်ဘို့တော့ လိုပေလိမ့်မည်။
အလုပ်တစ်ခုကို တာဝန်ပေးသည့်အခါ တာဝန်ပေးခံရသူသည် ထိုလုပ်ငန်းနယ်ပယ်၌ အမှန်တကယ် တတ်သိနားလည်သူဖြစ်ရန် အလွန်အရေးကြီးလှ၏။ အင်္ဂလိပ်လိုတော့ competent person / professional ဟု ခေါ်ပါသည်။ Competent person / Professional အကြောင်း ကျွန်ုပ် စာတစ်ပုဒ် ရေးဖူးသည်ထင်၏။ ပြန်ရှာကြည့်ပါမည်။ မရေးရသေးလျှင် ရေးပါဦးမည်။
ပရော်ဖက်ရှင်နယ်ဆိုသည်မှာ စာတွေ့လက်တွေ့ ကျွမ်းကျင်သူကို ဆိုလိုသည်။ ဗုဒ္ဓဘာသာစာပေများတွင်မတော့ သုတာမယဉာဏ်၊
စိန္တာမယဉာဏ်၊ ဘာဝနာမယဉာဏ် ဟု သတ်မှတ်၏။
သုတာမယဉာဏ်ဆိုသည်မှာ သူများပြောတာ၊ စာအုပ်ထဲမှာရေးထားတာ စသည်တို့မှရသော ဗဟုသုတကို ဆိုလို၏။
စိန္တာမယဉာဏ်ဆိုသည်ကား မိမိ၏ စိတ်ကူးဖြင့် တွေးခေါ်မြော်မြင်၍ရသော အသိဉာဏ်ဖြစ်၏။
ဘာဝနာမယဉာဏ်ဆိုသည်မှာ လက်တွေ့လုပ်ဆောင်ခြင်းမှရသော အသိဉာဏ်ကို ဆိုလို၏။
ရှေးလူကြီးတွေကတော့ စာသိ နှင့် ငါသိ ဟု ခပ်တိုတိုပင် အဓိပ္ပာယ်ဖွင့်ဆိုကြ၏။
ငါသိ အရေးကြီးပုံအကြောင်းကိုလည်း ယခင်က ကျွန်ုပ် နေရာတော်တော်များတွင် ရေးခဲ့ဖူးပါပြီ။ အခြားမဟုတ်ပါ။
မြတ်စွာဘုရား၏ညီတော်အာနန္ဒာအကြောင်း ဖြစ်၏။
ဘုရားမှလွဲ၍ မြတ်စွာဘုရား၏ တရားတော်များအားလုံးကို ညီတော်အာနန္ဒာလောက်သိသူ နှစ်ယောက်မရှိ။
ထို့ကြောင့်ပင် တရားဘဏ္ဍာထိန်း - ဓမ္မဘဏ္ဍာဂါရိက ဘွဲ့ထူးကို ရရှိတော်မူသည်။
မြတ်စွာဘုရား၏ တရားအားလုံးကို သိရုံမျှနှင့် အရဟတ္တမဂ်ဖိုလ်ကို မရသေး။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည့်တိုင် သောတာပန်အဆင့်မျှသာ ရှိသေးသည်။
ထို့နောက် ကိုယ်တိုင် ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်တော့မှ အရဟတ္တမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရတာဖြစ်၏။
ဤဥပမာတစ်ခုတည်းနှင့်ပင် စာတွေ့နှင့်မလုံလောက်။ လက်တွေ့အရေးကြီးကြောင်း သိသာနိုင်ပါပြီ။
ကျွန်ုပ်တို့ရွှေပြည်ကြီးတွင် စာလေးအနည်းအကျဉ်းဖတ်ဖူးရုံနှင့် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု ထင်နေသူများသည် ရှိ၏။ အကုန်လုံးကို သိမ်းကြုံးပြီးတော့ ဝါးလုံးချေးသုတ် ရမ်းတာမဟုတ်ပါ။ အချို့အချို့သော ပုဂ္ဂိုလ်များကိုသာ ဆိုလိုပါသည်။ ကျွန်ုပ်သိသော ထိုသူများကတော့ နည်းနည်းလွန်ပါသည်။
အစိုးရအဖွဲ့မှလူများက ၎င်းတို့ကို ဆရာကြီးတင်လျက် ဘုရားတစ်ဆူ၊ ဂူတစ်လုံးကိုးကွယ်လိုက်သည့်အခါတွင်မတော့ ဝက်ကို ချိုတပ်ပေးလိုက်သလို ဖြစ်သွားလေ၏။
ဤနေရာ၌ ပုဂ္ဂိုလ်ခင်၍ တရားမင်ခြင်းကား အလွန်ဆိုးလေသည်။
ကျွန်ုပ်တို့သည် ပညာရှင်ပီသလိုလျှင် ကိုယ့်ကိုယ်ကိုယ် တန်ဘိုးထားကြရပါမည်။
အာဏာရှိသူများက မြှောက်ပင့်ပေးလိုက်ရုံမျှနှင့် မိုးမမြင်လေမမြင် ဖြစ်သွားစရာအကြောင်း မရှိပါ။
ခင်မင်ရာ ခင်မင်ကြောင်းနှင့် မိမိကို တာဝန်ပေးလာခဲ့လျှင် မိမိမလုပ်နိုင်သော အလုပ်ဖြစ်က မလုပ်နိုင်ပါ/မလုပ်တတ်ပါဟု ရိုးရိုး သားသား ငြင်းပယ်နိုင်ရပါမည်။
တတ်ယောင်ကားလုပ်ခြင်းသည် အလုံးစုံ ပျက်စီးစေ၏။
ကြက်ဆူပင်မှ ဒီဇယ်ထုတ်ခြင်း ဆိုသည်မှာ တတ်ယောင်ကားများ၏ လက်ချက်ပင် မဟုတ်ပါလော။
မသိသူက မတတ်သူကိုခိုင်းခြင်း၏ ရလဒ်လည်း ဖြစ်ပေသည်။
(တချို့ကတော့ ဤသည်မှာ ယတြာချေခြင်းဖြစ်သည် ဆို၏။ ကြက်ဆူ ဆိုသည်မှာ စုကြည် ၏ ကက်ကင်းမဟုတ်လော။ သို့ကြောင့် ကြက်ဆူပင်များ နိုင်ငံအနှံ့စိုက်ခြင်းဖြင့် စုကြည်ကို နံနှိမ်နိုင်မည် ဆို၏။ ဤသတင်းသာ မှန်မည်ဆိုပါက ဤကဲ့သို့အတွေးအခေါ် အယူအဆရှိသူများ အုပ်ချုပ်သည့် တိုင်းပြည်တွင်နေထိုင်ရသော ကျွန်ုပ်ကိုယ်ကျွန်ုပ် အလွန်သနားမိမည် ဖြစ်လေသည်။)
လုံးဝမတတ်သေးသူကို သင်ပေးရတာလွယ်၏။
တတ်ယောင်ကားများကို သင်ပေးလို့မရပါ။
အိပ်ချင်ယောင်ဆောင်သောသူကို အနှိုးရခက်သလို ဖြစ်၏။
ဤနေရာတွင် ဆရာကြီးမင်းသိင်္ခ၏ အယူအဆကို ကျွန်ုပ်အလွန်နှစ်သက်လှ၏။ မည်သည့်ဝတ္ထုထဲတွင်ပါသည်ကို မမှတ်မိတော့ပါ။
ကျောင်းသားဘဝက ဖတ်ဖူးခဲ့တာ ဖြစ်ပါသည်။
သူက တစ်ခုခုကို လေ့လာသင်ယူတော့မည်ဆိုလျှင် မိမိ၌ရှိသမျှ အကုန်လွှင့်ပစ်လိုက်ဘို့ ပြောပါသည်။
ငါ ဘာမှမသိသေး ဟူသောစိတ်ဖြင့် သင်ယူရမည်။
ခွက်တစ်ခုခုထဲသို့ ရေထည့်မည်ဆိုပါက ခွက်ထဲ၌ နဂိုအခံရေ ရှိနေပါက အပြည့်အဝမထည့်နိုင်။
ထို့ကြောင့် ရေအသစ်ကို အပြည့်အဝလိုချင်ပါက ခွက်ထဲမှရှိသမျှရေအားလုံးကို သွန်ထုတ်ပစ်ဘို့လိုသည်။
သို့မှ ရေကောင်းရေသန့်ကို ခွက်နှင့်အပြည့် ရမည်။
သူ့သီအိုရီကား အလွန်ရှင်းပါသည်။ ပညာရပ်တစ်ခုကို လေ့လာရာတွင် ငါဘာမှမသိသေးဟု ခံယူကာ အူမချေးခါးမကျန် ရသမျှ အကုန်သင်ယူလေ့လာဘို့ ဖြစ်၏။ သို့မှလည်း တကယ့်ပညာတတ်တစ်ယောက် ဖြစ်လာနိုင်လေသည်။
ဆက်စပ်၍ပြောရလျှင် ဆရာကြီးက ပညာ၏တန်ဘိုးကို ပုဏ္ဏားဘကွန်း ဝတ္ထုထဲတွင် ကျောက်တုံးလေးတစ်တုံးကို ဟောင်နေသည့် ခွေး နှင့် ဥပမာထားပြောသွားပါသည်။ ရှာဖတ်ကြည့်ကြပါ။
ယခုတော့ မြန်မာပြည်တွင်လည်း ခေတ်များပြောင်းလာသကဲ့သို့ ပညာရှင်များလည်း ထိုက်သင့်အားလျော်စွာ ပေါ်ထွက်လာပြီ ဖြစ်၏။ သို့သော် တိုင်းပြည်အခြေအနေနှင့် နှိုင်းစာလျှင် အလွန့်အလွန်ကို နည်းပါးလှပါသေးသည်။ အထူးသဖြင့် နယ်ပယ် တစ်ခုတွင် professional ခေါ်ရလောက်အောင် တစ်ဖက်ကမ်းခတ် တတ်မြောက်သူများကား လက်ချိုးလို့ရသည့် အခြေအနေ တွင်ပင် ရှိနေပါသေးသည်။ အချို့ပညာရပ်များဆိုလျှင် လက်ချိုးရေရလောက်အောင်ကို မရှိပါဟု ဆိုရမလောက်ဖြစ်၏။
ဤအခြေအနေကပင် မြန်မာပြည်ကို ပုဂ္ဂိုလ်ခင်၍ တရားမင်ရန် ဖန်တီးရန်အကြောင်းတစ်ခု ဖြစ်လာပါလေတော့၏။
(၃) မယောင်သည့်နေရာကို ဆီလူးပြီး ကြောင်ကိုသာ အတင်းအကြပ် ရေချိုးပေးနေသည့် တိုင်းပြည်
ကျွန်ုပ်တို့ဆီတွင် တိုင်းပြည်အတွက်လည်း အကျိုးမရှိ၊ အများပြည်သူတို့အတွက်လည်း အကျိုးမရှိ၊ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ ဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ ပိုက်ဆံများကို ဘီလျံနှင့်ချီကာ ဘုံးဘောလအော ဖြုန်းပစ်ခဲ့ကြသည်ကို နေရာအတော်များများ တွင် တွေ့နိုင်လေသည်။ ကျွန်ုပ် ဥပမာ မပြတော့ပါ။ ဖေ့စ်ဘုတ်ပေါ်တွင် ဗလပွ ထလျှက်ရှိ၏။
တကယ်အရေးကြီးသည့် အလုပ်များ လုပ်ဘို့ကျတော့ ပိုက်ဆံမရှိဟု ဆို၏။ မဆိုင်သူများကို အလကားမတ်တင်း လုပ်ခိုင်းချင်ကြ လေ၏။ (ကျွန်ုပ် ISO 45001 စာအုပ်ကို ဘာသာပြန်ပေးသည့်အကြောင်းကို ပြောတာမဟုတ်ပါ။ အဲသဟာကတော့ ကိုယ်လုပ်ချင် လို့ လုပ်ပေးတာသာ ဖြစ်ပါသည်။ နောက်ထပ်လည်း ISO 14001, 9001 စာအုပ်များကိုလည်း ဘာသာပြန်ပါဦးမည်။ ပိုက်ဆံ အတွက် မဟုတ်ပါ။ ဘယ်သူကမှ ခိုင်းလို့လည်း မဟုတ်ပါ။ ကျွန်ုပ်လုပ်ချင်လို့ လုပ်တာသာဖြစ်ပါသည်။) (အဲလေ၊ အဲဒါတွေ လုပ်ဖို့ အတွက်လည်း ပိုက်ဆံမရှိ ဆို၏။ အံ့သြဘ။)
ကျွန်ုပ်ဘာသာပြန်သကဲ့သို့ ကိုယ့်စေတနာနှင့်ကိုယ် လုပ်ပေးတာကလွဲလို့ ဘာတစ်ပြားမှမပေးဘဲ တိုင်းပြည်အတွက်ဆိုကာ အလကားမတ်တင်း ခိုင်းသည့်ကိစ္စမျိုးကိုမူ ကျွန်ုပ်အနေနှင့် လားလားမှ သဘောမတူပါ။ လူအားလုံးသည် ကိုယ့် စားဝတ်နေရေး အတွက် (အီကြာကွေး၏) ဖွတ်ကလိဒင်္ဂါးများရဘို့လည်း အလုပ်လုပ်နေရသေးသည်ဖြစ်ရာ သည်ကိစ္စများကို ဘယ့်နှာလုပ် အချိန် ပေးလုပ်နိုင်ပါမည်နည်း။
နောက်ပြီး ကိုယ့်အလုပ်နှင့်ကိုယ်မို့လို့ သူရို့ခိုင်းထားသည်များကို စိတ်ကူးရမှ သို့မဟုတ် အလုပ်အားသည့်အချိန်ကျမှ ထ လုပ်ရ သည်ဖြစ်ရာ မည်ကဲ့သို့သာလျှင် ကွာလတီပရောဒတ် ရနိုင်ပါမည်နည်း။
အရေးကြီးသည့်အလုပ်တစ်ခုကို လုပ်သည်ဆိုရာ၌ ဘာမှ မလုပ်ဘဲ သည်အလုပ်ကိုသာလျှင် ဇောက်ချ၊ စိတ်နှစ်ကာ လုပ်ရတာ ဖြစ်လေသည်။ ကျွန်ုပ် စာအုပ်များရေးသည့်အခါတွင်လည်း နေ့ခင်းတွင် အလုပ်လုပ်၍ ညဘက်ရောက်သည့်အခါ မည်သည့်ကိစ္စမှ ခေါင်းထဲ အရောက်မခံဘဲ သည်အထဲ စိတ်ရောကိုယ်ပါနှစ်၍လုပ်တာ ဖြစ်ပါသည်။ တခါတလေ စာရေးရတာပျင်းလာလျှင် ရုပ်ရှင် ကြည့်ပါသည်။
အစိုးဌာနကလူတွေကိုလည်း အပြစ်တင်လို့ မဖြစ်ပြန်။
သူတို့မှာလည်း သူတို့ပြဿနာနှင့် သူတို့ဖြစ်၏။
ဘတ်ဂျက်ဆိုသည့်အရာမှာ ကောင်းကင်ဘုံက ချပေးမှ ရတာဆိုတော့ သူ့အဆင့်နှင့်တောင် (လူလုံးလှစေရန်) မည်ကဲ့သို့ အကြံအဖန်လုပ်နေရကြောင်း ကျွန်ုပ်နှင့်ရင်းနှီးသည့် အရာရှိကြီးတစ်ယောက် ပြောတာ စိတ်မကောင်းစွာ ကြားခဲ့ရပါသည်။ သူ့၌ သူ့ဋ္ဌာနအတွက် idea ကောင်းကောင်းများ ရှိသည့်တိုင်၊ သူလုပ်ပေးချင်သည့်တိုင် ဘတ်ဂျက်အခြေအနေကြောင့် သည်အတိုင်း လက်ပိုက်ကြည့်နေရကြောင်းများ ကြားသည့်အခါ ကျွန်ုပ် အတော်စိတ်မကောင်း ဖြစ်မိ၏။
လိုအပ်သည့်နေရာများ၌မသုံးဘဲ မလိုအပ်သည့် ကြောင်ကိုရေချိုးခြင်းကိစ္စများအတွက် ပိုက်ဆံများဖြုန်းတီးခြင်းကိုမူ ရင်နာမိပါသည်။ သို့သော် သည်ကိစ္စမှာ ကျွန်ုပ်ဘာမှ တတ်နိုင်သည့်ကိစ္စမဟုတ်၍ ရင်နာရုံမျှသာ တတ်နိုင်ပါသည်။
ကျွန်ုပ်ကိုယ်တိုင်ပင်လျှင် အစိုးရဝန်ထမ်းမလုပ်နိုင်တော့၍ ထွက်လာသည့်နောက် ဝန်ထမ်းလုပ်နေသည့်သူများကို အပြစ်မတင်မိ အောင်လည်း ကြိုးစားရပါသည်။ ဤသည့်အတွေးအခေါ်မျိုးကို မွေးမြူပေးသည့် ဆရာဦးနေမျိုးမောင်ကိုလည်း အလွန်ကျေးဇူး တင်ရပါ၏။
ဤသည့်အကြောင်းအချက်များကပင် ပုဂ္ဂိုလ်ခင်၍ တရားမင်ရန် ဖန်တီးလာခြင်း အကြောင်းများ ဖြစ်လေသည်။
မိမိတို့ဌာနတွင် ဘတ်ဂျက်မရှိလေတော့ ကိုယ်လုပ်ချင်သည့်ကိစ္စများကို ပုဂ္ဂိုလ်ရေးရင်းနှီးမှုအရ ဟိုလူ့လုပ်ပေးပါအုံး၊ ဒီလူ့ လုပ်ပေးပါအုံး အပူကပ်ရ၏။ သူတို့ကိုလုပ်ခိုင်းပြီဆိုမှတော့ မျက်နှာနာခြင်းတည်းဟူသော တရားသည်လည်း အလိုလို ကပ်ပါလာလေတော့၏။ ထိုအခါ . . ထါအခို . . ထိုအခါ . . .
ထို့ကြောင့် ပုဂ္ဂိုလ်ခင်၍ တရားမင်ခြင်းများကို လျှော့ချနိုင်ကြစေရန် တိုင်းပြည်၏ ဘတ်ဂျက်များကို အကျိုးရှိမည့်နေရာများတွင် မှန်မှန်ကန်ကန် သုံးစွဲကြပါရန် အမတ်မင်းများကိုလည်း ကျွန်ုပ်က မေတ္တာရပ်ခံပါ၏။
အစိုးရအရာရှိမင်းများအားလည်း ကြောင်ရေချိုးသည့်အလုပ်များကို လျှော့ချကာ တကယ် အလုပ်ဖြစ်မည့်၊ တိုင်းပြည်အတွက် အကျိုးရှိမည့်အလုပ်များကို လုပ်ကြပါရန်လည်း မေတ္တာရပ်ခံပါ၏။
ရေးစရာအကြောင်းတစ်ခုပေါ်လာ၍ ရေးလိုက်ရပြန်ပါ၏။
ကျွန်ုပ် ဘာဆိုလိုသည်ကို သက်ဆိုင်သူများ သိပါလိမ့်မည်။
ကျွန်ုပ်ရေးတာ သင်တို့ကို ပြစ်တင်ပြောဆိုလို၍ မဟုတ်။ ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပြောခြင်းမျှသာ ဖြစ်ကြောင်း အသင်တို့ နားလည်ပေးလျှင် ကျွန်ုပ်လက်ညောင်းခံရေးရကျိုးနပ်ပါပြီ။
လက်နက်ကိုင်အချင်းချင်း လောင်ချာပစ်ခြင်း၊ ကင်းရှင်းကြပါစေ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၇ သြဂုတ်၊ ၂၀၁၉
ဂွန်ဒိုလာ (Gondola) အကြောင်း သိကောင်းစရာ
WSH Myanmar Journal တွင် ဖော်ပြပါမည်။
ယခု
Forklift အကြောင်း ဆက်ရေးပါမည်။
Thursday, August 22, 2019
Line Walker 2
မဟေသီလုပ်သူက ရုပ်ရှင်ကြည့်ချင်လှချည်ရဲ့ ဂဒီးဂဒီးလုပ်နေသဖြင့် ကျွန်ုပ်လည်း စိတ်မရှည်တော့ဘဲ ကိုင်း၊ ဒါလောက်တောင်မှ ကြည့်ချင်နေရင်လဲ သွားပေါ့လကွ ဟု GV မှ ကားများလိုက်ကြည့်ရာ ကျွန်ုပ်ကြိုက်သည့် Fast and Furious ကို တွေ့၏။ သို့သော် မိနစ် ၂၀ အချိန်ကျော်သွားပြီဖြစ်၍ ကြည့်လို့မရတော့။ သည်ကနေ့အဖို့ နောက်ပွဲစဉ်လည်း မရှိတော့သဖြင့် နောက်တစ်ကား လိုက်ရှာရာ Line Walker 2 တွေ့၏။
ပထမ တရုတ်စာတန်းကြီး အပြူးသားနှင့်ဆိုတော့ သိပ်စိတ်မဝင်စားမိ။ သို့သော် ဒီကားနာမည် ကြားဖူးပါတယ် ဟု ထွေလာ ဖွင့်ကြည့်လိုက်တော့ လားလား ဆူးလေဘုရားပုံကြီးတွေ့တော့မှ ရန်ကုန်မှာလာရိုက်သွားသောကားမှန်း သတိရလေ၏။ တေဇမ်းဘာ့။ သို့နှင့် ကိုင်းကိုင်း မယ်မင်းကြီးမ ခပ်မြန်မြန်အဝတ်လဲ၊ အချိန်သိပ်မရှိတော့ဘူးဟု လောဆော်ရလေ၏။ ရုပ်ရှင်က ည ၉း၄၀၊ အခု ၉ နာရီခွဲနေပြီ။ ရုပ်ရှင်ရုံနှင့်အိမ်မှာ ခပ်သုတ်သုတ်လျှောက်လျှင် ၈ မိနစ်မျှသာ လျှောက်ရလေရာ အချိန်မီသေး၏။
ကျွန်ုပ်ကျောင်းပြီးစ ၁ဝ၉/၁၁ဝ ဘဝဖြင့် ဗီဒီယိုလျှောက်ပြစဉ် ဟောင်ကောင်ကား တော်တော်များများ ကြည့်ဖူးပါသည်။ ကြိုက်လည်းကြိုက်၏။ ဟောင်ကောင်ဂျက်မဆိုလျှင် လူမကြည့်မှာ မပူရ။ ပိုက်ဆံမျိုးမျိုးမျက်မျက်ကလေး ရတတ်၏။
ယခုကားမှာလည်း ဇာတ်လမ်းစပျိုးလိုက်ကတည်းက စိတ်ဝင်စားဘွယ်ဖြစ်၏။ ဇာတ်လမ်းအစကို ဖိလစ်ပိုင်၌စ၏။ ဆုံးတော့ စပိန်မှာ။ မြန်မာကတော့ ဝမ်းအော့ဖ်သည် နိုင်ငံတစ်ခုပေါ့လဗျာ။
ကျွန်ုပ်ချီးကျူးမိသည်မှာ မြန်မာရဲများ ဖြစ်၏။ ရုပ်ရှင်ထဲ၌ အကြမ်းဖက်သမားများကို နှိမ်နှင်းပစ်ခတ်နေသည့် မြန်မာရဲများမှာ ဟောင်ကောင်မင်းသားများလားဟုပင် ထင်မှတ်ရလေ၏။ တကယ့်ကို တောင့်တောင့်တင်းတင်း။ သွက်သွက်လက်လက်။ ဒါမှ ငါတို့ မြန်မာရဲကွဟု ကျွန်ုပ်မှာ လက်သီးလက်မောင်းထကာ တန်းလိုက်တော့မိမလိုပင် ဖြစ်လိုက်သေး၏။ နောက်မှ ဘေးဘီမှလူများကို အားနာသောကြောင့် ကိုယ့်စိတ်ကို အနိုင်နိုင်ချုပ်တည်းကာ ပြန်ထိုင်လိုက်ရလေသော ဟူသတတ်။
နောက်ချီးကျူးမိသည့်တစ်ခုမှာ ဟောင်ကောင်ရဲများ အသက်ပြင်းပုံ ဖြစ်လေသည်။
နောက်ဆုံးအခန်း၌ ယောက်ျားမှန်းမသိ၊ မိန်းမမှန်းမသိသည့် လူဆိုးကောင်လေး (သို့) ကောင်မလေးက နှုတ်ခမ်းထောင့်စွန်း တစ်ဖက်ကိုမဲ့ကာ ပြုံးပြီး ပစ်ထည့်လိုက်သည့် တစ်တောင့်သော ကျည်ဆံသည် ဟောင်ကောင်ရဲနှစ်ဦး၏ ဦးခေါင်းကို ဖောက်ထွင်း သွားလေ၏။ အနှီကောင်/ကောင်မလေးမှာ ဇာတ်တော်ထဲမှ ရန်သူဆင်စီးစစ်သည် ၅၀၀ ကို မြားတစ်ချောင်းတည်းဖြင့် အသေပစ် သတ်ခဲ့သည့် ဗန္ဓုလစစ်သူကြီးဝင်စားတာဖြစ်မည်ဟု ကျွန်ုပ်လည်း အံ့သြတမောဖြစ်မိလေ၏။
ထို့ထက်အံ့သြစရာကောင်းသည်မှာ ခေါင်းကို ကျည်ဆံဖောက်ထွင်းသွားသည့်တိုင် အသက်မထွက်သော ငယ်သူငယ်ချင်းနှစ်ဦး ဖြစ်ခဲ့ဖူးသည့် ဟောင်ကောင်ရဲနှစ်ဦးဖြစ်၏။ ခေါင်းကို သေနတ်မှန်သည့်ဒဏ်ရာနှင့်ပင် အနားသို့ရောက်လာသည့် လူဆိုး ကောင်လေးကို နှစ်ဦးချုပ်ညှပ်ကာ စပိန်နွားသိုးကြီး၏ ဦးချိုဖျားတွင် အသက်ပါအောင် စွမ်းဆောင်သွားနိုင်လေ၏။ အံ့သြဘနန်း ရှိလှပေစွတကား။ မဖြစ်စဖူး ထူးကဲပေစွတကား။
အကယ်၍သာ သေနတ်ပစ်ခံရသူမှာ လူဆိုးဖြစ်ပါမူ နားရွက်ကိုရှပ်ထိရုံနှင့် သေမည်ဖြစ်လေ၏။ အာဂရဲများ ပေတကား။
ထိုလူဆိုးသေပြီဆိုတော့မှ ငယ်သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ကာ . . .
ဇာတ်သိမ်းတရုတ်သီချင်းမှာလည်း အလွန်လွမ်းဆွတ်ဘွယ်ကောင်းလေရကား ဘာတွေဆိုနေမှန်းမသိသည့် ကျွန်ုပ်သည်ပင် မျက်ရည်နှစ်ပေါက်ကျလုဆဲဆဲဖြစ်နေ၍ မနည်းချုပ်တည်းကာ ရုံထဲမှထွက်ခဲ့ရလေသောဟူ၏။
ဇာတ်လမ်းမှာ ဒုစရိုက်နှိမ်နှင်းရေးကား ဖြစ်၏။ အကြမ်းဖက်အဖွဲ့ကြီးတစ်ခုက ကလေးများကို ဖမ်းကာ သူလျှိုလုပ်ခိုင်းပြီး နိုင်ငံတကာမှ ရဲတပ်ဖွဲ့များအတွင်း ထည့်သွင်းထား၏။ ဤသည်ကို ဟောင်ကောင်ရဲများက နှိမ်နှင်းပုံဖြစ်ပါသည်။ ဇာတ်လမ်းမှာ သိပ်ပင်မကောင်းလှသော်လည်း ဇာတ်အိမ်ဖွဲ့ထားပုံလေးမှာ လှသည်။ လူကောင်းရဲ နှင့် လူဆိုးရဲတို့ အားပြိုင်ပုံကိုလည်း တွေ့ကြရ မည်ဖြစ်၏။ Full action ကားဖြစ်ပြီး ကြည့်၍ မငြီး။ ကျွန်ုပ်ဝမ်းနည်းမိသည်မှာ ကားက NC16 ဖြစ်နေ၍ သားတော်မောင် ကြည့်လို့ မရခြင်းဖြစ်၏။ သားက ဒါမျိုးကားတွေကို ကြိုက်တတ်လေသည်။
ရုပ်ရှင်ရုံထဲရောက်လျှင် ဇာတ်လမ်းမစမီကပင် အိပ်ပျော်နေတတ်သော ကျွန်ုပ်၏မဟေသီပင်လျှင် တစ်ကားလုံး မအိပ်ဘဲ ကြည့်သွားတာကို ထောက်လျှင် မိတ်ဆွေတို့လည်း သေချာပေါက်ကြိုက်လိမ့်မည်ဟု ကျွန်ုပ်အာမခံပါသည်။ အနည်းဆုံးတော့ ငါတို့ရဲတွေလည်း (ဟုတ်ပေါင်) ငါတို့တိုင်းပြည်လည်း သူများတိုင်းပြည်က ရုပ်ရှင်ထဲမှာတော့ မဆိုးဘူးဟ ဟု ချီးကျူးနိုင်လေသည်။
မှတ်ချက်။           
၁။ Hacker လုပ်သည့် တရုတ်မင်းသမီးလေးမှာ အတော်ချောလှ၏။ အဘယ်မျှချောသနည်းဆိုသော် ကျွန်ုပ်တို့တိုင်းပြည်မှ နှစ်လုံးပြူးပိုင်ရှင် မမတင်ဇာကိုပင် မီလုနီးနီးဖြစ်လေသည်။
၂။ Line Walker 2 ကားထဲမှ မြန်မာပြည်မြင်ကွင်းများကို screen shot ရိုက်ပြထားပါသည်။
သဗ္ဗေသတ္တာ၊ ကမ္မသကာ
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၂ သြဂုတ်လ၊ ၂၀၁၉
Thursday, August 15, 2019
ကျွန်ုပ်မရေးချင်သော စာတစ်ပုဒ်
အချီး
===
ဤစာမျိုးကို ကျွန်ုပ်မရေးချင်ပါ။
အဘယ်ကြောင့် မရေးချင်သနည်းဆိုသော် ကျွန်ုပ်ဘာတစ်ခုမှ လုပ်မပေးနိုင်၍ ဖြစ်၏။
ကျွန်ုပ်ကား အဝေးကနေလှမ်းအော်နေသည့် လေသမားသီးသီးမျှသာ ဖြစ်ချေသည်။
သို့သော် မပြောဘဲလည်း မနေနိုင်ပြန်ပါချေ။
ကိုရင်သန်းနိုင်ကလည်း ပြောပါအုံးဗျဟု တိုက်တွန်းလာသည့်အခါ ငိုချင်လျက် လက်တို့ဖြစ်နေသည့် ကျွန်ုပ်မှာ ရေးချလိုက်ရပြန် ပါ၏။
အခြားမဟုတ်ပါ။
နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှုကိစ္စအပါအဝင် အရေးပေါ်အခြေအနေများပင် ဖြစ်ပါသည်။
ငရဲပြည်သို့သွားရန် လက်မှတ်ရထားသည့် ဒေဝဒတ်၏ အဆက်အနွယ်အပေါင်းတို့သည် ငါတို့ခိုးလို့ရတုန်း အသားကုန် သမသွားမှ ဟု အလွန်အင်မတန် အမြော်အမြင်ကြီးလှစွာဖြင့် မိမိကိုယ်တိုင်သာမက ဉာတကာနဉ္စသင်္ဂဟောတရားကို လက်ကိုင်ပြုကာ ဆွေတော်မျိုးတော် အပေါင်းအား ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက် စားလို့မကုန်အောင် မြန်မာပြည်၏ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် (မီးထွန်းပွဲတော်ကျင်းပနေသော ဦးစံလင်း၏ နဂါးပြည်မပါ) လေပေါ်လေအောက် သယံဇာတရှိသမျှကို ၎င်းတို့၏ ပထွေး၏ ယောက္ခမက အမွေပေးထားခဲ့သည့်အလား ရှေ့ရေးနောက်ရေးဘာမျှ မတွေးဘဲ (အဲလေ၊ တွေးရလောက် အောင်လည်း အသိပညာက မရှိ။ အသိပညာတစ်ပြားဘိုးမှမရှိသည့်တိုင် သူတို့ကျောင်းတော်ကြီးက သင်ပေးလိုက်တာ အမေရိကန်ပြည်၊ ယေးလ်တက္ကသိုလ်က သင်ပေးတာထက်တောင် ပိုပြည့်စုံသေးသည်ဟု အခြောက်တိုက် ကြွားချင်ကြပေ လေသေး၏။) ပေါ်တင်တစ်မျိုး၊ ခိုး၍တသွယ်၊ သိသိသာသာတမျိုး၊ ရူးချင်ယောင်ဆောင်၍တစ်နည်း ရှိသမျှ တက်ခနော် လော်ဂျီပေါင်းစုံသုံးကာ ယူငင်သွားကြလေကုန်၏။ (အမြင်ကပ်လွန်းမက ကပ်လှ၍ ဝါကျရှည်သွားခြင်းကို ခွင့်လွှတ်တော်မူပါ ဆရာသိပ္ပံမောင်ဝ ခင်ဗျား)
ထိုငရဲသားများ လက်စွမ်းပြသွားမှုကို ယခု ကျွန်ုပ်တို့ တိုင်းသူပြည်သားများ ခါးစည်းကာ ခံနေကြရလေပြီ။
နောက်ကြောင်းပြန် အရေးမယူရဆိုတော့ အဲဒါတွေ ထားလိုက်ပါတော့။ ခြေလွန်လက်လွန်တွေ ဖြစ်ကုန်ပြီဆိုတော့ ဘာမှလည်း လုပ်လို့မရတော့။
ထားလို့မရသည်မှာကား အစိုးရအရာရှိမင်းများဟု သမုတ်ကြရကုန်သော လူကြီးလူကောင်း အပေါင်းတို့ပင် ဖြစ်၏။
(၁) သတင်းနှင့် ပြန်ကြားရေး
-----------------------------
သည်ရေကြီးမှုဆိုသည်မှာ တစ်နှစ်လည်း မဟုတ်။ နှစ်နှစ်လည်းမဟုတ်။ နှစ်တိုင်းကြီးနေတာဖြစ်၏။
နောက်ပြီး သည်နှစ်တော့ ရေကြီးချင်မှ ကြီးမှာပါကွာဟု မသေချာ၊ မရေရာသည့်အရာလည်းမဟုတ်။
မြေကြီးကို လက်ဖဝါ်းနှင့်ပုတ်က လွဲချင်လွဲဦးမည်။
ရေကား ကြီးမည်မုချ ဖြစ်၏။
သည်အချိန်ရောက်လျှင် ဒါဖြစ်မည် သေချာပေါက်သိနေပါလျက် ဘာမှပြင်ဆင်မထားခြင်းလောက် မိုက်မဲသူ ဤလောက၌ ရှိမည် မဟုတ်ချေ။
Safety လောက၌ မတော်တဆဖြစ်ခြင်းနှင့်ပတ်သက်၍ Take the lesson form other people's mistake. ဟူသောစကားသည် ရှိ၏။ ကိုယ်မှားသည်ထိ စောင့်မနေနှင့် သူများအမှားက သင်ခန်းစာယူပါ ဟု ဆိုလိုသည်။ သူတို့ ဒီလိုလုပ်လို့ သေရတာ။ ငါတို့တော့ အဲသလိုလုပ်လို့ မဖြစ်ဘူး ဟု ကြိုတင်ကာကွယ်ကြရန် သတိပေးခြင်း ဖြစ်ပါသည်။ သူများအမှားပေါ်မှ သင်ခန်းစာယူနိုင်မှ ပညာရှိ ပီသမည်။
ကိုယ်မှားပြီဆိုတော့မှ သင်ခန်းစာရခြင်းကား လူမိုက်ဖြစ်၏။
တစ်ခါမှားပြီးတာတောင် သင်ခန်းစာမရ၊ ထိုအမှားကိုပင် ထပ်ခါထပ်ခါ ကျူးလွန်နေသူကား လူ့အန္ဓ၊ လူမိုက်၊ လူ့နလဘိန်းဒုံး၊ လူ့ဗလချီးနမ်း ဖြစ်တော့၏။
ဖေ့စ်ဘုတ်တွင် ဖတ်ရသလောက် အစိုးရသတင်းစာကလည်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဘာမှ သေသေချာချာ ထုတ်ပြန်ကြေငြာကာ လူထုကို အသိပေးတာမျိုးမရှိဟု သိရပါသည်။ မြန်မာ့အလင်းနှင့် ကြေးမုံကို ကျွန်တော်မဖတ်တာ ကြာပြီ ဖြစ်၍ ထိုသတင်းမှန်မမှန် ကျွန်ုပ်မသိပါ။ အကယ်၍ ဤအဆိုသာမှန်မည်ဆိုပါက ထိုသတင်းစာနှစ်စောင် တည်ရှိနေခြင်း၏ အဓိပ္ပာယ်ကား ဘာပါနည်းဟု မေးခွန်းထုတ်ရမည် ဖြစ်ပါသည်။
ယခင်ခေတ်အခါ ကာလများက အစိုးရသတင်းစာများမှာ ပြည်သူလူထုအတွက် ဘာမှ အကျိုးမပြု။ ၎င်းတို့၏ ဝါဒဖြန့်ချိရေးအတွက် သက်သက်မျှသာဖြစ်သည်ဟု ကျွန်ုပ်တို့ ဤကဲ့သို့ပင် ယူဆခဲ့ကြ၏။ ပြည်သူလူထုအတွက် အရေးကြီးသော၊ အရေးပါ အရာရောက် သောသတင်းဆို၍ တစ်ခုကမျှ မပါခဲ့။ နာဂစ်ကဲ့သို့ လူပေါင်း သိန်းနှင့်ချီသေမည့် ဘေးကြီးကိုတောင် ဘာမှမဖြစ်ပါ ဟု ဂျင်းထည့်ခဲ့ ပေလေသေး၏။
ဟေး . . . ပြည်သူ့အစိုးရတက်လာပကွ။ သတင်းစာတောင် အရောင်တွေ ပြောင်းကုန်ပြီဟု လော်သူများ အသားကုန်လော်သည်ကို ကျွန်ုပ်မှာ မဆင်မခြင်ယုံမိကာ အသားလွတ် အထင်တွေဘာတွေတောင် ကြီးခဲ့မိသေး၏။ လှလှပပ ရွှေလေးဘာလေး ချထားတော့ ဘုရားမှတ်မိပါ၊ ဖွတ်ထက်ကြီးသည့် အင်ဒိုနီးရှား ကိုမိုဒိုနဂါးကြီးထွက်လာတော့မှ အောင်မငီး။ သုံးလို့စားလို့မရသည့် ဖွတ်တောင်ပို့ကြီးမှန်း သိရတော့၏။ အလွန်ဒူသောကျွန်ုပ် ဖြစ်ပေသကိုး။
အစိုးရသတင်းစာများ၌ ကျွန်ုပ် အော့နှလုံးအနာဆုံးနှင့် အမုန်းဆုံးသတင်းများကို ပြပါဆိုလျှင် . . . .
- နိုင်ငံတော်သမ္မတကြီးက ဘယ်သူ့ကို ဘာနိုင်ငံသံအမတ်ကြီးခန့်အပ်လွှာပေးအပ်ပွဲ ဆိုသည့်သတင်း
- ဘယ်တိုင်းပြည်က ဘာဝန်ကြီးကို ဘယ်နေရာတွင် လက်ခံတွေ့ဆုံသည် ဆိုသည့်သတင်း
- မည်သူတို့ကိုဖြင့် ဘာအောင်ပွဲကြီးအတွက် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်ဆိုသည့်သတင်း
- တိပိဋက ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရုဆရာတော်ကြီးများအား ကထိန်သင်္ကန်းကပ်လှူသည့် သတင်း
- ဘယ်လူကြီးက ဘယ်တိုင်းပြည်ကို ဘာလုပ်ရအောင်သွားသည်ကို ဘာအလုပ်မှမရှိသဖြင့် အားလျားနေကြကုန်ထသော ဘာဌာနမှ ဘာအရာရှိကြီးများက လေဆိပ်သို့ တပျော်တပါးကြီး လိုက်ပါပို့ဆောင်ကြသည် ဆိုသည့်သတင်း
-  ဘယ်ဌာနမှ ဘာကောင်ကြီးက ဘာလုပ်ရေးလုပ်ငန်းကိုသွားပြီး မယောင်ရာဆီလူးကာ လိုအပ်သည်များကို မှာစားသွားသည် ဆိုသည့်သတင်း
. . . .  စသည့် စသည့် သတင်းများပင် ဖြစ်ပါ၏။ ဤသည်မှာ အကုန်မဟုတ်သေး။ အများကြီး ကျန်ပါသေးသည်။
ဘယ်နိုင်ငံက ဘာဝန်ကြီးကို သမ္မတကြီးက လက်ခံတွေ့ဆုံသည် ဆိုသည့်သတင်းကို သိရခြင်းဖြင့် ကျွန်ုပ်တို့၌ အဘယ်အကျိုးထူးပါ သနည်း။ ထိုသတင်းကို မသိရခြင်းဖြင့် ကျွန်ုပ်တို့တိုင်းသူပြည်သားများ၌ အဘယ်အကျိုးများ ဘယ်လောက် ဆုတ်ယုတ်သွားပါ သနည်း။ ဤကဲ့သို့လက်ခံတွေ့ဆုံသည်ဆိုပြီး ဓာတ်ပုံကြီးနှင့် အခန့်သားပြမည့်အစား မည်သည်တို့ကို ဆွေးနွေးပြီး မည်သည့် သဘောတူညီချက်များ ရခဲ့သည်၊ မည်သည်တို့ကို လက်မှတ်ရေးထိုးခဲ့သည် စသည်တို့ကိုဖြော်ပပါက ပို အကျိုးရှိပေမည်။ ယခု ဤဓာတ်ပုံကြီးကို ကျွန်ုပ်တို့က ဘာလုပ်ရပါမည်နည်း။ သတင်းစာပါ ဓာတ်ပုံကို ကပ်ကြေးဖြင့်ညှပ်၊ လက်သမားဆီက မှာထားသော ကျွန်းဖြင့်လုပ်ထားသည့် နှစ်သိန်းတန် မှန်ဘောင်ကြီးထဲထည့်။ ဧည့်ခန်းမှာ ခန့်ခန့်ကြီး ချိတ်ထားရပါမည်လော။ ဤဓာတ်ပုံကြီး ချိတ်ထားခြင်းဖြင့် ကျွန်ုပ်တို့၏ ဧည့်ခန်းကြီး ပိုခန့်ညားကာ ပို ကျက်သရေရှိသွားပါမည်လော။
အသင်တို့သည် လွန်ခဲ့သော အနှစ် (၃၀) လောက်က သတင်းစာများကိုသာ စုလျက် သုတေသန စာရင်းအင်းပြုစုကြည့်မည် ဆိုပါက ဤကဲ့သို့သော အာပလာသတင်းများမှာ သတင်းအားလုံး၏ ၉၀ ရာခိုင်နှုန်းလောက် ရှိသည်ကို တွေ့ရပါလိမ့်မည်။
ထိုသတင်းစာများ၌ ပြည်သူလူထုနှင့် သက်ဆိုင်သည့် သတင်းဆို၍ အောက်ပါသတင်းများကိုသာ တွေ့ရမည်ဖြစ်၏။
- နာရေးသတင်း (ဤသတင်းကို ဖတ်မိခြင်းဖြင့် အင်း၊ ဟိုကောင်တော့ သွားရှာပြီ။ ငါ့အလှည့်ဘယ်တော့လဲ ဟု သံဝေဂ ယူနိုင်သည်။ ဤမှဆက်ကာ ဝိပဿနာပွားလိုက်ပါက အခန့်သင့်လျှင် နိဗ္ဗာန်တောင် ရောက်ချင်ရောက်နိုင်သေး၏။)
- မင်္ဂလာဆောင်သည့်သတင်း (ဤသတင်းကိုဖတ်ခြင်းဖြင့် ဟိုက်၊ ငါ့သမီးဘို့ ချိန်ထားတဲ့တစ်ကောင်တော့ ပါသွားပါပေါ့ ဟု ဝမ်းနည်းနိုင်သည်။)
- နာမည်ပြောင်းသည့်သတင်း (ဤသတင်းကိုဖတ်ခြင်းဖြင့် ဟယ် - ခင်ကလျာသင်းသင်းသက် က ခင်ဝင့်ဝါစိန်လင်းဖြာထိန် လို့ နာမည်ပြောင်းလိုက်ပဟဲ့ ဟု သိနိုင်လေသည်။)
- ဆေးကြော်ငြာ - ၉၆ ပါးရောဂါများကို နေ့မဆိုင်းဘဲ ပျောက်စေသည့်ဆေး။ မပျောက်လျှင် ပိုက်ဆံပြန်အမ်းမည်။ (မှတ်ချက်။      ။ ပျောက်သည်ဆိုရာတွင် ရောဂါနှင့်အသက် နှစ်ခုရှိသည့်အနက် တစ်ခုမဟုတ်တစ်ခု မုချပျောက်ရမည်ဖြစ်ကြောင်း အာမခံပါသည်။)
သို့အတွက် ကျွန်ုပ်တို့သည် သဘာဝဘေးအန္တရာယ်သတိပေးချက်များအတွက် ကျွန်ုပ်တို့၏ ပိုက်ဆံများကို ဖြုန်းတီးနေသော (ဟုတ်ပေါင်) ထုတ်ဝေနေသော အစိုးရသတင်းစာများကို အားကိုးလို့မရ။ ပုဂ္ဂလိကပိုင်သတင်းစာများကိုသော် လည်းကောင်း၊ ပညာရှိများဖြင့် ဖွဲ့စည်းထားသော ဖေ့စ်ဘုတ်တည်းဟူသော ရောရာသောင်းပြောင်းမီဒယာကြီးကိုသော်လည်းကောင်း အားကိုးရ ပေတော့သတည်း။
(၂) အရေးပေါ်အစီအမံ
-------------------------
အရေးပေါ်ကိစ္စဆိုတာ ချေးယိုခါနီးမှ ချေးခံတွင်းပေါက်ရှာရသော အလုပ်မဟုတ်။ မဖြစ်ခင်က ကြိုတင်စီမံထားရတာ ဖြစ်သည်။ ထိုကဲ့သို့ ကြိုတင်စီမံနိုင်ရန်မှာလည်း အရေးပေါ်ဖြစ်လာလျှင် ဘယ်လိုလုပ်ရမည်ဆိုတာကို စီမံခန့်ခွဲနိုင်သည့် အသိဉာဏ် ပညာ၊ အစွမ်းအစလည်းရှိဘို့လို၏။
သို့သော် သူတို့မသိတာ မတတ်တာမရှိသော ကျွန်ုပ်တို့ ရွှေပြည်ကြီးတွင်မူ အရေးပေါ်စီမံခန့်ခွဲမှုပညာဆိုသည်မှာ ပီဘိ ကလေးကစားစရာ ကိစ္စမျှလောက်သာ ရှိလေသည်။ ကျွန်ုပ်တို့၏ လူကြီးများမှာ သည်လိုအသေးအဖွဲကိစ္စကလေးများကို စိတ်မဝင် စားနိုင်အားရှာကြ။ စင်ကာပူကိုကျော်ရေး နေ့မအား၊ ညမနားကြိုးစားနေကြရသဖြင့် အရေးပေါ်ကိစ္စကို ပြည်သူများနှင့် လက်လွှဲ ထားရရှာချေ၏။
အရေးပေါ်အစီအမံအကြောင်း ကျွန်တော် နေရာတော်တော်များများမှာ ရေးခဲ့ပြီးပါပြီ။ သို့ကြောင့် ပျင်းစရာကောင်းလှသည့် ထို အစီအမံကြီးတစ်ခုလုံးကို ပြန်ရေးပြရန် မရည်ရွယ်ပါ။ ဒါက ဒီလိုရှိတယ်ဟု သိသာရုံမျှသာ ရေးမည် ဖြစ်ပါသည်။ အသေးစိတ်သိလို သူများ ကျွန်ုပ်၏ shwenyein blog တွင် ဖတ်နိုင်ကြပါသည်။
အရေးပေါ်အစီအမံကို ရေးဆွဲရာတွင် သုံးဆင့်ပါသည်။
၁။ ကြိုတင်ပြင်ဆင်ခြင်း
၂။ အရေးပေါ်အခြေအနေတွင် ကွင်းဆင်းဆောင်ရွက်ကြခြင်း နှင့်
၃။ အရေးပေါ်ကိစ္စပြီးသွားသည့်အခါ ပြန်လည်ထူထောင်ရေးကိစ္စ ဆောင်ရွက်ကြခြင်း ဖြစ်၏။
ပထမ - ဖြစ်နိုင်သည့်အရေးပေါ်အခြေအနေအားလုံးကို ချရေးရ၏။
Ø  မီးလောင်ခြင်း
Ø  ငလျင်လှုပ်ခြင်း
Ø  ရေကြီးခြင်း
Ø  မြေပြိုခြင်း
Ø  မုန်တိုင်းတိုက်ခြင်း
Ø  တံတားကျိုးကျခြင်း
Ø  သင်္ဘောမှောက်ခြင်း . . . . စသည်။
ထို့နောက်မှ ထိုအခြေအနေတစ်ခုချင်းစီအတွက် အရေးပေါ်အစီအမံကို ရေးဆွဲရမည်။
ကျွန်တော်ရှာဖွေကြည့်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန website အောက်တွင် "ပိုမိုကောင်းမွန်သော ပြန်လည်ထူထောင်ရေးဆိုင်ရာသင်တန်း၊ သင်တန်းသားလက်စွဲ" ဟူသည့်စာအုပ်တစ်အုပ် တွေ့ပါသည်။
အခြားစာအုပ်များဟူသည့် ခေါင်းစဉ်အောက်တွင်မူ ရေကြီးခြင်း ဘေးအန္တရာယ်လက်စွဲ၊၊ မီးဘေးအန္တရာယ်လက်စွဲ၊ မုန်တိုင်း ဘေးအန္တရာယ်လက်စွဲ၊ ငလျင်ဘေးအန္တရာယ်လက်စွဲ၊ ရပ်ရွာအခြေပြုသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုစာအုပ်၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ပါးရေးဆိုင်ရာ အခြေခံဝေါဟာရများ စသည့် စာအုပ်များကို ပြုစု ထုတ်ဝေလျက်ရှိပါသည် . . ဟု ဖော်ပြထားပါသည်။
ထုတ်ဝေလျက်ရှိပါသည် ဟူသည့်စကားရပ်ကို ထောက်ထား၍ ထိုစာအုပ်များကို ပြုစုပြီး၊ ထုတ်ဝေပြီး၊ ဈေးကွက်တွင် ရောက်ရှိပြီး ဖြစ်သည်ဟု ယူဆရပါသည်။
အရေးပေါ်စီမံကိန်း -
၁။ ကြိုတင်စီမံခြင်း
--------------------
Ø  မည်သည့်ဘေးအန္တရာယ်များ မည်သည့်ဒေသတို့တွင် မည်သည့်အချိန်၌ မည်မျှများများ ဖြစ်တတ်သည်၊ မည်မျှလူတွေ သေကြေသည်၊ အဆောက်အအုံများ၊ တိရစ္တာန်များ၊ စိုက်ခင်းများ မည်မျှပျက်စီးကြသည်ကို ယခင်သမိုင်းကြောင်းများအရ ရှာဖွေဖော်ထုတ်ရမည်။
Ø  ထို့နောက် ထိုသဘာဝဘေးဒဏ်ကြောင့် အပျက်အစီးနည်းအောင် မည်သည်တို့ ဆောင်ရွက်ထားသင့်သည်ကို ကြံဆရမည်။
Ø  သဘာဝဘေးဒဏ်ကျရောက်ခဲ့သော် ကယ်ဆယ်ရေးလုပ်ငန်းများကို မည်ကဲ့သို့လုပ်မည်ကို ရေးဆွဲရမည်။
Ø  ထိုကယ်ဆယ်ရေးလုပ်ငန်း၌ ပါဝင်မည့်သူများကို လုပ်မည့်လုပ်ငန်းအစီအစဉ်၊ လုပ်နည်းကိုင်နည်း၊ ရှေးဦးသူနာပြုစုနည်း များကို သင်တန်းပေးထားရမည်။
Ø  ထိုသင်တန်း၌ ကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်ရင်း မိမိအသက်အန္တရာယ်မဖြစ်အောင်၊ မတော်တဆမှု မဖြစ်အောင်၊ ရောဂါများကူးစက်မခံရလေအောင်၊ မြွေကင်း စသည့် အဆိပ်ရှိသတ္တဝါများ၏ ရန်မှ ရှောင်ရှားနိုင်အောင် စသည့် အန္တရာယ်ကင်းရေးကိုပါ ထည့်သွင်း သင်ကြားရမည်။
Ø  မည်သည့်ရောဂါများ ကျရောက်တတ်သည်၊ မည်သည့်ဒဏ်ရာအနာတရများ ဖြစ်တတ်သည် ဆိုသည့်အပေါ် မူတည်၍ ဆေးဝါးများစုဆောင်းရမည်။
Ø  ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လိုအပ်သော ပစ္စည်းကိရိယာ၊ စက် စသည်တို့ကို ကြိုတင်စုဆောင်းရမည်။
Ø  လိုအပ်ပါက အစားအစာနှင့် သောက်ရေ၊ ရိက္ခာများပါ တစ်လတန်သည်၊ နှစ်လတန်သည် ကြိုတင်စုဆောင်းရမည်။
၂။ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းကို လက်တွေ့ဆောင်ရွက်ခြင်း
----------------------------------------------------------------------
အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စစ်သားများ စစ်တိုက်သည့်ပုံစံကို အတုယူရမည်။
Ø  အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းအတွက် Organization Chart ရေးဆွဲရမည်။
Ø  ကြီးကြပ်ကွပ်ကဲသည့်ရုံး ထားရမည်။ ကွပ်ကဲရုံးသည် အရေးပေါ်ဖြစ်ပွားရာဒေသနှင့် အနီးစပ်ဆုံးမြို့တွင် ရှိရမည်။
Ø  ပစ္စည်းလက်ခံရေး၊ ထုတ်ပေးရေးအဖွဲ့ ထားရမည်။ လုပ်ကိုင်မည့်သူများကို logistics အကြောင်း ကောင်းကောင်းသင်ပေးထားရမည်။
Ø  စားရေရိက္ခာ၊ ဆေးဝါးနှင့် လိုအပ်သောပစ္စည်းများ ပံ့ပိုးပေးသည့် တပ်ဖွဲ့ ထားရမည်။ ဆေးဝါးအကြောင်းနားလည်သူများပါလျှင် ပိုကောင်းပါသည်။
Ø  ကြက်ခြေနီတပ်ဖွဲ့များ ဖွဲ့စည်းထားရမည်။ ကြက်ခြေနီသင်တန်းတက်ဖူးပြီးသား သူများသာ ဖြစ်ရမည်။
Ø  သယ်ယူပို့ဆောင်ရေးတပ်ဖွဲ့ရှိလျှင် ပိုကောင်းသေးသည်။ လော်ရီများ၊ ကားသေးများ၊ အရေးပေါ်ယာဉ်များ၊ မော်တော်ဘုတ်များ လိုမည်။
Ø  ဆက်သွယ်ရေးကိရိယာ ကောင်းကောင်းလိုသည်။ (ဥပမာ - ဝေါ်ကီတော်ကီ) ရှေ့တန်းတပ်ဖွဲ့များနှင့် ကြီးကြပ်ကွပ်ကဲရေးရုံးတို့ မပြတ်ဆက်သွယ်နေရမည်။
Ø  ထို့ပြင် မှတ်တမ်းတင်သည့်အဖွဲ့ ထားနိုင်လျှင် ကောင်းလေသည်။ သို့မှသာ မည်သည့်နေရာများတွင် မည်သည်တို့ကို ဆောင်ရွက် ခဲ့သည်ကို အတိအကျသိနိုင်မည် ဖြစ်၏။ ဓာတ်ပုံ၊ ဗီဒီယို၊ စာရွက်စာတမ်းစသည်တို့ကို စနစ်တကျ ပြုစုနိုင်ရမည်။
၃။ ပြန်လည်ထူထောင်ခြင်း
အပျက်အစီးများကို စာရင်းကောက်ယူရမည်။ (လူ၊ ကျွဲနွားတိရိစ္ဆာန်၊ အိမ်ယာအဆောက်အဦ၊ လယ်ယာကိုင်းကျွန်း စသည်)
Ø  ပထမနှင့် အဓိကလိုအပ်ချက်မှာ အစားအစာ ဖြစ်၏။
Ø  ဒုတိယလိုအပ်ချက်မှာ နေရေးထိုင်ရေးဖြစ်၏။
Ø  တတိယလိုအပ်ချက်မှာ ကျန်းမာရေးစောင့်ရှောက်မှုဖြစ်ပြီး
Ø  စတုတ္ထလိုအပ်ချက်မှာ အဝတ်အထည်နှင့် အခြားလူမှုရေး အထွေထွေလိုအပ်ချက်များ ဖြစ်ပါသည်။
ပြန်လည်ထူထောင်ခြင်းအပိုင်းမှာ ပိုမိုခက်ခဲပြီး လုပ်ငန်းပိုမိုကျယ်ပြန့်သလို ပိုက်ဆံအလိုအပ်ဆုံးလုပ်ငန်းလည်း ဖြစ်ပါသည်။
ဤသည်ကို ဒေသဆိုင်ရာအာဏာပိုင်များ၊ အစိုးရအဖွဲ့များ၊ ပုဂ္ဂလိကအဖွဲ့များ၊ ပရဟိတအဖွဲ့များ ပူးပေါင်းပြီး စနစ်တကျ လုပ်ကြရမည်။
မျိုးစပါးများရရှိရေး၊ ကျွဲနွားများ ပြန်လည်အစားထိုးနိုင်ရေး၊ ပျက်စီးသွားသည့် သီးနှံများ ပြန်လည်စိုက်ပျိုးရေး အိမ်ယာအဆောက်အဦများ၊ ကျောင်းများ ပြန်လည် တည်ဆောက်ပေးရေး
အထူးသဖြင့် သဘာဝဘေးအန္တရာယ်နှင့်အတူ ပါလာသည့် ရောဂါဘယများ ဖြစ်၏။ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါ၊ အဖျားအနာတို့ များစွာဖြစ်မည်ဟု ကြိုတင်တွက်ဆထားရမည်။
ကျေးရွာများတွင် ယာယီဆေးပေးခန်းများ ဖွင့်လှစ်ထားရမည်။ (လုပ်အားပေးဆရာဝန်နှင့် သူနာပြုများ လိုကောင်းလိုပါလိမ့်မည်။)
လူနားများထားစရာ လုပ်ပေးရန်လိုမည်။ အိမ်သာများလိုမည်။
(၃) အမြော်အမြင်နှင့် စီမံခန့်ခွဲတတ်မှု
---------------------------------------
တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတို့ အမြော်အမြင်ကြီးလျှင်၊ စီမံခန့်ခွဲတတ်လျှင်၊ တိုင်းပြည်အပေါ် စေတနာထားကြလျှင် ထိုတိုင်းပြည်မှာ သာယာဝပြော၍ တိုင်းသူပြည်သားများ ပျော်ရွှင်စွာ၊ စည်းစိမ်ဥစ္စာများ ကြွယ်ဝလျှက်၊ စိတ်လက်ချမ်းသာစွာ သက်တောင့်သက်သာ နေကြရမည်။
ပြောင်းပြန်အားဖြင့် တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတို့ အမြော်အမြင်နည်းလျှင်၊ မစီမံ မခန့်ခွဲတတ်လျှင်၊ တိုင်းပြည်အပေါ် စေတနာတုံးကြလျှင် တိုင်းပြည်ဆင်းရဲမည်၊ တိုင်းသူပြည်သားများ စိတ်ညစ်ညူးရမည်၊ ဒုက္ခသုက္ခများနှင့် နပန်းလုံးကြရမည်။
အမြော်အမြင်ကြီးမှု၊ စီမံခန့်ခွဲတတ်မှုဆိုသည်မှာ ပညာရှိမှုနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။ ပညာရှိခြင်း မရှိခြင်းဆိုသည်မှာ ဘာဘွဲ့ကြီးတွေ ဘယ်နှစ်ခုရထားခြင်းနှင့် လားလားမှ မဆိုင်ကြောင်း ဒုံးမဝေးသည့် ကျွန်ုပ်မိတ်ဆွေများ သိပါသည်။
ကျွန်ုပ်တို့ကား လူလွန်မသားတစ်စုတို့ ဖျက်ဆီးခဲ့သော စနစ်အောက်တွင် ကျင်လည်ခဲ့ကြရ၍ ဘာမှ မတတ်နိုင်ကြတော့။
ဤသည်ကို ပြန်လည်ထူထောင်ရန် အချိန်များစွာယူရလိမ့်ဦးမည်။
အထူးသဖြင့် လူအများ၏ ကိုယ်ကျင့်တရားနှင့် စိတ်ဓာတ်များဖြစ်၏။ ဤကိစ္စသည် လွယ်ကူလှသည့် ကိစ္စမဟုတ်။
အနာဂတ်ကာလတွင် ကျွန်ုပ်တို့တိုင်းသူပြည်သားများ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနေကြရရန် ယခုအချိန်မှစကာ ကလေးငယ်များကို ပြုစုပျိးထောင်ဘို့၊ လေ့ကျင့်ပေးဘို့ အထူးအရေးကြီးလှသည်။
စာလည်းအတန် ရှည်သွားပြီမို့ သည်မျှနှင့် နိဂုံးချုပ်ပါတော့မည်။
ဒုက္ခရောက်နေသူများအတွင်း၊ ဈေးတင်ရောင်းခြင်း၊ ကင်းရှင်းကြပါစေ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၅ သြဂုတ်လ၊ ၂၀၁၉