Wednesday, December 24, 2008

Working in Singapore Part XIII

၂၊ ၃၊ ၃။ ITE (Institute of Technical Education)

စင်ကာပူတွင် လုပ်စားကိုင်စား၍ ရသော သင်တန်းများ အမြောက်အများ ရှိပါသည်။ မိမိလေ့လာလျှင် လေ့လာသလို တက်လမ်းများလည်း ရှိပါ၏။ ၎င်းကို Continuous Education ဟု ခေါ်ပါသည်။ ပိုက်ဆံမရှိလျှင်လည်း ကိစ္စမရှိပါ။ အလုပ်လုပ်ရင်း ညနေပိုင်း သင်တန်းများ တက်နိုင်ပါသည်။ သို့သော် အခြေခံ ပညာတော့ ရှိထားမှ ရပါမည်။ သို့အတွက် မြန်မာပြည်မှ စင်ကာပူသို့လာလိုသူ လူငယ်များကို လောလောလတ်လတ် ပိုက်ဆံရရုံလောက် သာ သဘောမထားပဲ မိမိ၏ ဘ၀တစ်ခုလုံးအတွက်ပါ ထည့်သွင်းစဉ်းစားကြရန် တိုက်တွန်းလိုပါသည်။ အရေးကြီးသည်မှာ အခြေခံပညာကို ကောင်းစွာတတ်မြောက်အောင် အလျင်သင်ကြားဘို့ ဖြစ်ပါသည်။ အနည်းဆုံး ဆယ်တန်းကို အမှတ်ကောင်းကောင်း၊ ဂုဏ်ထူးများများနှင့် အောင်အောင် ကြိုးစားကြရန် ဖြစ်ပါသည်။ ပိုက်ဆံလိုချင် အလျင်လိုပြီး ဆယ်တန်းမှ အောင်အောင်မကြိုးစားချင်ပဲ ခုနစ်တန်းလောက်နှင့် ဆိုလျှင်တော့ တစ်သက်လုံး သူများခိုင်းတာပဲ လုပ်သွားရမည် ဖြစ်ပါသည်။

ITE ပညာရေးမှာ အထက်တွင် ဖော်ပြခဲ့သော သင်တန်းများထက် ပိုပြီး အခွင့်အလမ်းကောင်းသည် ဟု ဆိုချင် ပါသည်။ အထက်ပါ သင်တန်းများမှာ ရက်တိုတိုနှင့် ငွေပေါ်တက်သော သင်တန်းများဖြစ်ပြီး ITE ပညာရေးကိုမူ ရေရှည်အတွက် ရည်မှန်းသင့်ပါသည်။ ITE သင်တန်းပြီးသွားလျှင် မိမိ၏ကြိုးစားမှုပေါ်မူတည်ပြီး Polytechnic ဆက်တက်၍ ရပါသည်။ Poly မှ ကျောင်းပြီးသောအခါ မိမိ၏ကြိုးစားမှုပေါ်မူတည်ပြီး တက္ကသိုလ် ဆက်တက်၍ ရပါမည်။ သို့သော် တန်ဖိုးရှိသော မည်သည့်အရာကိုမှ လွယ်လွယ်နှင့် မရနိုင်။ နှစ်ပေါင်းများစွာ အပင်ပန်း၊ အဆင်းရဲ ခံပြီး ကြိုးစားမှ ရနိုင်ပါမည်။ စင်ကာပူတွင် ဇုံအလိုက် ခွဲခြားထားသော ITE ကျောင်းများ ရှိပါ၏။ ၎င်းတို့မှာ - 1. ITE College Central (စင်ကာပူ အလယ်ပိုင်းတွင် ITE ကျောင်း ၅ ကျောင်း ရှိပါသည်။)

2. ITE College East (အရှေ့ပိုင်းတွင်မူ တစ်ကျောင်းသာ ရှိပါ၏)။
ITE College East
10 Simei AveSingapore 486047
Telephone : (+65) 6544 9100
Fax : (+65) 6544 9111
General Enquiries / Services: college_east@ite.edu.sg
Student Admission Enquiries: training@ite.edu.sg

3. ITE College West (အနောက်ပိုင်းတွင် ကျောင်း ၅ ကျောင်း ရှိပါသည်။)
ITE ကျောင်းများတွင် အချိန်ပြည့် (Full Time) သင်တန်းများနှင့် အချိန်ပိုင်း သင်တန်းများ (Part Time) ဟူ ၍ ရှိရာ အလုပ်လုပ်ရင်း ကျောင်းတက်သူများအဖို့ Part Time သင်တန်းများက ပိုအဆင်ပြေပါသည်။ အလုပ်လုပ်ရင်း ကျောင်းတက်မည့်သူများအတွက် ဦးစားပေးဖော်ပြမည်ဖြစ်သဖြင့် Full Time သင်တန်းများကို ချန်လှပ်ခဲ့ပါမည်။

Part Time သင်တန်းများကို သုံးမျိုးသုံးစား ခွဲထားပါ၏။ ၎င်းတို့မှာ -

၁။ Skills Programmes (ကျွမ်းကျင်မှု ဆိုင်ရာသင်တန်းများ)
Higher Nitec (Programmes for Higher National ITE Certificate)
Nitec & ISC (Programmes for National ITE Certificate and ITE Skills Certificate)
Short Courses (Continuing Training)
TTT (Train The Trainer)
ITE Online Knowledge
WSQ (Singapore Workforce Skills Qualifications)

၂။ ReNEW Initiative
Fast Track (Programmes for intensive training and certification)
Post-Nitec (Programmes for continuing updating and upgrading)
Top-up Certification Scheme (Programmes for reskilling and conversion)

၃။ Academic Programmes
GE (General Education)
WISE (Worker Improvement through Secondary Education)
BEST (Basic Education for Skills Training)
Short Courses (Functional English)

Short Courses သင်တန်းများထဲတွင် အောက်ပါသင်တန်းများ ပါဝင်ပါ၏။ (အပြည့်အစုံ မဟုတ်ပါ။ စိတ်ဝင်စားမည် ထင်သည့် သင်တန်းများကိုသာ ရွေးချယ်ဖော်ပြထားခြင်း ဖြစ်ပါသည်)။
v Automotive (မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှု သင်တန်း)
v Building Services (အဆောက်အဦ ပြုပြင်ထိန်းသိမ်းမှု သင်တန်း)
v Computer-Aided Drafting (ကွန်ပြူတာဖြင့် ပုံဆွဲခြင်း သင်တန်း)
v Electrical & Electronics (လျှပ်စစ်)
v Healthcare (ကျန်းမာရေး)
v Information Technology (သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ)
v Mechanical & Mechatronics (စက်မှု)
v Precision Engineering

Nitec & ISC သင်တန်းများထဲတွင် အောက်ပါသင်တန်းများ ပါဝင်ပါ၏။ (အပြည့်အစုံ မဟုတ်ပါ။ စိတ်ဝင်စားမည် ထင်သည့် သင်တန်းများကိုသာ ရွေးချယ်ဖော်ပြထားခြင်း ဖြစ်ပါသည်)။ သင်တန်းကြေးမှာ Nitec အတွက် Module တစ်ခုလျှင် S$993.00 ဖြစ်ပါသည်။ ISC အတွက် Module တစ်ခုလျှင် S$754.00 ဖြစ်ပါသည်။
v Nitec in Automotive Technology
v Nitec in Building Drafting
v Nitec in Communications Technology
v Nitec in Electrical Technology
v Nitec in Electronics
v Nitec in Mechanical-Electrical Drafting
v Nitec in Mechatronics
v Nitec in Mechanical Technology
v Nitec in Precision Engineering
v ISC in Electrical Wiring

Higher Nitec သင်တန်းများထဲတွင် အောက်ပါသင်တန်းများ ပါဝင်ပါ၏။(အပြည့်အစုံ မဟုတ်ပါ။ စိတ်ဝင်စားမည် ထင်သည့် သင်တန်းများကိုသာ ရွေးချယ်ဖော်ပြထားခြင်း ဖြစ်ပါသည်)။

v Higher Nitec in Business-Information Technology
v Higher Nitec in Electronics Engineering
v Higher Nitec in Electrical Engineering
v Higher Nitec in Information Technology
v Higher Nitec in Mechatronics Engineering
v Higher Nitec in Mechanical Engineering
v Higher Nitec in Mechanical & Electrical Engineering Design

သင်တန်းအလိုက် Modules နှင့် သင်တန်းကြေးများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

ပညာအခြေခံ နည်းသူများအတွက်လည်း အခွင့်အလမ်းများ ဖွင့်ပေးထားရာ သာမန်ဆယ်တန်းအောင်ရုံမျှနှင့် ဘွဲ့ရ သည်ထိ မိမိကြိုးစားမှုအလိုက် တက်လမ်းရှိပါသည်။ မိမိစိတ်ဝင်စားရာ သင်တန်းတစ်ခုကိုရွေးချယ်ပြီး ITE သင်တန်း ကို တက်ရောက် သင်ကြားပါ။ တစ်ပြိုင်နက်ထဲမှာပင် ထိုသင်တန်းနှင့် ပတ်သက် ဆက်နွယ်နေသည့် အလုပ်ကို ကြိုးစား လုပ်ကိုင်ရင်း လုပ်ငန်းအတွေ့အကြုံရယူရပါမည်။ ထိုအခါ လက်တွေ့မှလည်း အသိပညာ ဗဟုသုတများ ရမည်။ ထိုမှ တစ်ဆင့် ITE ပြီးသွားသောအခါ Polytechnic ဆက်တက်၍ ရပါမည်။ Polytechnic ပြီးလျှင် NTU, NUS စသည့် တက္ကသိုလ်များသို့ တက်ရောက် ပညာသင်ယူကာ မိမိဘ၀တက်လမ်းကို မိမိဘာသာ ဖန်တီးယူနိုင်ပါသည်။

သို့သော် အထက်တွင်ဖော်ပြခဲ့သလို အလုပ်လုပ်ရင်း ပညာသင်ရမည်ဖြစ်ပေရာ အပင်ပန်းဒါဏ်ကိုတော့ ခံနိုင်ရပေ မည်။ ဤကဲ့သို့ အလုပ်လုပ်ရင်း၊ ကျောင်းတက်ရင်းမှ ရာထူးကြီးများသို့ တက်လှမ်းသွားသူများလည်း မနည်းလှပါတော့ပေ။ သို့အတွက် နောင်လာနောက်သားများသည်လည်း မိမိတို့နောင်တော်ကြီးများကဲ့သို့ မိမိတို့ အနာဂါတ်ကို မိမိတို့ ဖန်တီး ယူနိုင်ကြပါစေသတည်း ဟု ဆန္ဒပြုလိုက်ပါသည်။

Working in Singapore Part XII

၂၊ ၃။ ၀ပ်ပါမစ် ကိုင်ဆောင်သူ (Work Permit Holder) တစ်ဦး တက်ရောက်နိုင်သော သင်တန်းများ

၂၊ ၃၊ ၁။ BCA (Building Construction Authority) Academy မှ ပေးသော သင်တန်းများ အောက်ဖော်ပြပါ သင်တန်းများမှာ http://www.bca.gov.sg/academy/ မှ ထုတ်နှုတ် ဖော်ပြထားခြင်း ဖြစ်ပါ ၏။ ထိုလက်မှတ်ရပြီး လုပ်ငန်းကျွမ်းကျင်သွားလျှင် သာမန်လုပ်သားဘ၀ထက် အများကြီးသာသွားသလို လခ လည်း ပိုကောင်းလာမည် ဖြစ်ပါ၏။ လုပ်ငန်းသဘာဝ နှင့် ကုမ္ပဏီပေါ်မူတည်ကာ လခ S$ ၈၀၀ မှ ၁၂၀၀ ထိ ရနိုင်ပါသည်။ ထိုမှတဆင့် လုပ်သက်ရင့်လာသောအခါ Supervisor အဆင့်ကို တက်လှမ်းနိုင်ပါသည်။ သင်တန်းပြီးဆုံးသောအခါ CSC (Certificate of Successful Completion) လက်မှတ် ထုတ်ပေးပါလိမ့်မည်။ သို့သော် သင်တန်းတက်ချိန် ၇၅% ရှိရမည် ဖြစ်ပါ၏။ သင်တန်းကျောင်းတည်နေရာမှာ - BCA Academy 200 Braddell Road Singapore 579700 ဖြစ်ပြီး ဖုံးနံပါတ် (၆၅) ၆၂၄၈ ၉၈၆၈ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
GTI လက်မှတ်ရထားသူ၊ သိပ္ပံဘွဲ့ (B.Sc) ရထားသူများသည် အောက်ဖော်ပြပါ သင်တန်းများသို့ တက်ရောက် နိုင်ပါ၏။
စိတ်ဝင်စားစရာကောင်းမည်ထင်သည့် အခြား Diploma/Specialist သင်တန်းများမှာ အောက်ပါတို့ ဖြစ်ပါသည်။ ဆယ်တန်းအောင်ပြီးသူ မည်သူမဆို တက်နိုင်ပါသည်။ (ဆယ်တန်းတွင် အင်္ဂလိပ်စာ နှင့် သင်္ချာ ဘာသာရပ်တို့ကို သင်ယူခဲ့သူ ဖြစ်ရမည်။) ဤသင်တန်းပြီးဆုံးပါက လခ ၁၈၀၀ နှင့် အထက် ရနိုင်ပါသည်။
အခြား Diploma သင်တန်း၊ Professionals သင်တန်း၊ Specialist သင်တန်းများလည်း ရှိပါသေးသည်။ http://www.bca.gov.sg/academy/Downloadforms.aspx တွင် ၀င်ရောက် ဖတ်ရှုနိုင်ကြပါ၏။

၂၊ ၃၊ ၂။ NTUC Learning Hub မှ ပေးသော သင်တန်းများ

Trade Skill Courses (ဤသင်တန်းများ တက်ရန် အင်္ဂလိပ်လို ပြောတတ်ရမည်)
သင်တန်းကျောင်း တည်နေရာမှာ -
16 Boon Lay WayTradeHub21#01-50Singapore 609965 ဖြစ်၏။

နောက်ထပ် စိတ်ဝင်စားစရာကောင်းသော Safety Assessor သင်တန်းများမှာ -

Manhole Safety Assessor Course (ဆောက်လုပ်ရေးလုပ်ငန်း)
ဤလက်မှတ်ရလျှင်လည်း လခကောင်းကောင်း (S$2000 – 2500.00) ရနိုင်ပါသည်။ သို့သော် ဤသင်တန်းတက်ရန် သိပ္ပံတွဲ (ရူပဗေဒ၊ ဓါတုဗေဒ၊ သင်္ချာ) များပါသော ဒီပလိုမာ သင်တန်း အောင်မြင်ပြီးသူ ဖြစ်ရပါမည်။ နောက်ထပ် လိုအပ်ချက်များမှာ Manhole နှင့်ပတ်သက်သော အလုပ်တွင် ၃ နှစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ရမည်။ Safety Instruction Course (Manhole) for Supervisors နှင့် Building Construction Supervisors Safety Course များ တက်ခဲ့ဖူး ရမည်။ သင်တန်းချိန် ၂၂ နာရီ (၃ ရက်) ။

Confined Space Safety Assessor Course (သင်္ဘောကျင်း လုပ်ငန်း)
ဤလက်မှတ်ရလျှင်လည်း လခကောင်းကောင်း (S$2000 – 2500.00) ရနိုင်ပါသည်။ သို့သော် ဤသင်တန်းတက်ရန် သိပ္ပံတွဲ (ရူပဗေဒ၊ ဓါတုဗေဒ၊ သင်္ချာ) များပါသော ဒီပလိုမာ သင်တန်း အောင်မြင်ပြီးသူ ဖြစ်ရပါမည်။ သင်တန်းချိန် ၃၀ နာရီ (၄ ရက် ခွဲ) ။

Shipyard Safety Assessor (Hot-Work Certification) (သင်္ဘောကျင်း လုပ်ငန်း)
ဤလက်မှတ်ရလျှင်လည်း လခကောင်းကောင်း (S$2000 – 2500.00) ရနိုင်ပါသည်။ သို့သော် ဤသင်တန်းတက်ရန် သိပ္ပံတွဲ (ရူပဗေဒ၊ ဓါတုဗေဒ၊ သင်္ချာ) များပါသော ဒီပလိုမာ သင်တန်း အောင်မြင်ပြီးသူ ဖြစ်ရပါမည်။ သင်တန်းချိန် ၃၄ နာရီ (၅ ရက်) ။ ထိုသင်တန်းများအတွက် သင်တန်းကျောင်း တည်နေရာမှာ -
Employment and Employability Institute141 Redhill Road Block B.310Singapore 158828 ဖြစ်ပါ၏။
ဤ Safety သင်တန်းများကို တစ်ခုထဲတက်တာထက် အခြားသင်တန်းများပါ တက်ထားပါက အလုပ်အကိုင် အခွင့် အလမ်း ပိုကောင်းသလို ပိုကောင်းသော လခကိုလည်း ရနိုင်ပါသည်။ ဤသင်တန်းများနှင့် အတူ Safety Supervisor သင်တန်းကိုပါ တွဲဖက် တက်ထားသင့်ပါသည်။ အလျဉ်းသင့်၍ ဤနေရာတွင် Safety Supervisor သင်တန်းကိုပါ ဖော်ပြလိုက်ပါသည်။ ထိုသင်တန်းပြီးဆုံးပြီးနောက် Safety Supervisor အဖြစ်သာ အလုပ်ရပါက လခ S$ 2500 မှ S$3000 လောက်ရနိုင်ပါ၏။ သင်တန်းပေးသော ကျောင်းများမှာ များပြားလှပါဘိ။ စုစုပေါင်း ၁၅ နေရာ ရှိပါသည်။
Ref: http://www.mom.gov.sg/workplace_safety_and_health/building_capabilities/Supervisors.html
အကုန်မဖော်ပြတော့ပါ။ ထင်ရှားသော နေရာအနည်းငယ်မျှသာ ဖော်ပြပါအံ့။ သင်တန်းအမည်မှာ -
Building Construction Supervisors Safety Course ဖြစ်ပါ၏။

1. BCA Academy of the Built Environment 200 Braddell Road Tel: (65) 6248 9999Website: http://www.bca.gov.sg/academy

သင်တန်းချိန် ၂၉ နာရီ၊ သင်တန်းကာလ ၄ ရက်၊ သင်တန်းကြေး ၂၈၃.၅၀ ဖြစ်ပါ၏။

2. Industrial Training Centre Pte Ltd39 Tuas Basin Link Tel: (65) 6863 4148Website: http://www.itc2007.com.sg E-mail: itc2007@singnet.com.sg

3. NTUC LearningHub Pte Ltd 25 Peck Seah StreetTel: (65) 6416 6611Website: http://www.ntuclearninghub.com E-mail: enquiries@ntuclearninghub.com
သင်တန်းချိန် ၃၂ နာရီ၊ သင်တန်းကာလ ၅ ရက်၊ သင်တန်းကြေး ၃၅၀.၀၀ ဖြစ်ပါ၏။

4. School of the Built EnvironmentSingapore Polytechnic, Continuing Education Centre (CEC)500 Dover Road Tel: (65) 6772 1288
သင်တန်းချိန် ၂၇ နာရီ၊ စုစုပေါင်း ၉ ချိန်၊ သင်တန်းကြေး ၂၉၉.၆၀ ဖြစ်ပါ၏။

Safety Supervisor အဖြစ် လုပ်သက်ရင့်၊ အတွေ့အကြုံများရလာပြီးသောအခါ နောက်တစ်ဆင့်အဖြစ် Safety Coordinator သင်တန်းကို တက်လှမ်းနိုင်ပါသည်။ ထိုသင်တန်းတက်ရန် NTC2 သို့မဟုတ် GCE O အောင်ပြီး ဖြစ်ရမည်။ ထို့ပြင် အောက်ပါ သင်တန်းတစ်ခုခုကို တက်ထားရမည် ဖြစ်ပါသည်။
1. Building Construction Supervisors Course (BCSS)
2. Shipyard Safety Assistant Course (SSAC)
3. Shipyard Supervisors Safety Course (SSSC)
4. Basic Industrial Safety Course (BISH)
5. Oil/Petrochemical Supervisors Safety Course (OPSSC)
6. Construction Safety Course for Project managers

အကယ်၍ NTC2 သို့မဟုတ် GCE O အောင်လက်မှတ်မရှိပါက အထက်ဖော်ပြပါ သင်တန်း ၆ ခုအနက် တစ်ခုခု ကို တက်ထားပြီး Safety Supervisor အဖြစ် လုပ်သက် ၃ နှစ် ရှိရမည် ဖြစ်ပါ၏။ မြန်မာများအဖို့ ဆယ်တန်း အောင်ပြီး Safety Supervisor လုပ်သက် ၃ နှစ် ရှိလျှင် တက်နိုင်ပါလိမ့်မည်။ အကယ်၍ Safety Coordinator အလုပ်သာ ရပါက လခ ၄၀၀၀ ကျော်အထိ ရရှိနိုင်ပါသည်။
သင်တန်းချိန် - ၃၃ နာရီ၊ စုစုပေါင်း - ၄ ရက်။ သင်တန်းကြေး- ၃၈၈.၅၀။ သင်တန်းတည်နေရာမှာ -
BCA Academy ဖြစ်ပါသည်။ (အထက်တွင် ဖော်ပြပြီး)

Safety Coordinator အလုပ်တွင် လုပ်သက်ရလာပါက အကယ်၍ မိမိတွင် GTI လက်မှတ်လည်း ရှိထားမည် ဆိုပါလျှင် Safety Officer သင်တန်းကို ဆက်တက်ကာ လခ ၅၀၀၀ မှ ၇၀၀၀ ထိရနိုင်ပါသည်။ သင်တန်း အမည်မှာ Specialist Diploma in Workplace Safety and Health ဖြစ်ပြီး သင်တန်း ကာလ ၅ လ။ သင်တန်းချိန်စုစုပေါင်း နာရီ ၂၄၀။ သင်တန်းကြေး - ၄၄၉၄.၀၀။ သင်တန်း တည်နေရာ -
School of the Built EnvironmentSingapore Polytechnic, Continuing Education Centre (CEC)500 Dover Road Tel: (65) 6772 1288 ဖြစ်ပါသည်။

IT Training Courses
ထိုသင်တန်းများအပြင် IT သမားများအတွက်လည်း အောက်ပါသင်တန်းများရှိပါသေးသည်။ IT သင်တန်း များမှာမူ အများအပြားရှိပါ၏။ စုစုပေါင်း သင်တန်း ၄၀ ရှိရာ အောက်ပါတို့ ဖြစ်ပါသည်။

Beginner IT
Introduction to Computers
WSQ ESS Basic ICT Skills
WSQ ESS Workplace ICT Applications (Operations)
WSQ ESS Workplace ICT Applications (Supervisory)
National PCDT-ICDL Certificate in Using the Computer & Managing Files

Office Applications
Microsoft Project 2003
National PCDT-ICDL Certificate in Word Processing (using MS Word)
National PCDT-ICDL Certificate in Spreadsheet (using MS Excel)
National PCDT-ICDL Certificate in Database (using MS Access)
National PCDT-ICDL Certificate in Presentation (using MS Powerpoint)
Microsoft Office Specialist Certification - Word 2003 (Core)
Microsoft Office Specialist Certification - Excel 2003 (Core)
Microsoft Office Specialist Certification - Access 2003
Microsoft Office Specialist Certification - Powerpoint 2003
Microsoft Office Specialist Certification - Word 2003 (Expert)
Microsoft Office Specialist Certification - Excel 2003 (Expert)
Microsoft Certified Application Specialist (MCAS) - Word 2007
Microsoft Certified Application Specialist (MCAS) - Excel 2007
Microsoft Certified Application Specialist (MCAS) - PowerPoint 2007
Microsoft Certified Application Specialist (MCAS) - Access 2007

Web Design
WebPage Fundamentals using Microsoft FrontPage
WebPage Animation using Macromedia Flash
Website Design using Macromedia Dreamweaver
Website Authoring using Macromedia Dreamweaver
Building Website for e-Retailing and e-Shopping using Shopfactory

Digital Imaging
Digital Image Editing using Photoshop CS
Advanced Digital Image Editing using Photoshop CS

CAD Design
AutoCAD 2008 Essential
AutoCAD 2008 Intermediate
AutoCAD 2008 Advanced
AutoCAD 2008 - Creating and Presenting 3D Models
Autodesk 3D Studio Max for Design Visualization

System Administration and Networking
PC Building and Maintenance
PC Networking Course
Office Networking Course

Application Developer
Jumpstart to Visual Basic .Net

အသေးစိတ်ကိုမူ မဖော်ပြတော့ပါ။ http://www.ntuclearninghub.com တွင် ကြည့်နိုင်ပါသည်။

Working in Singapore Part XI

အပိုင်း (၂)

၂၊ ၁။ မိမိအနာဂါတ်ကို မိမိဘာသာ ဖန်တီးတည်ဆောက်ခြင်း အပိုင်း (၁) တွင် စင်ကာပူတွင် အလုပ်လုပ်နေသူ သို့မဟုတ် စင်ကာပူနိုင်ငံသို့ သွားရောက်ကာ အလုပ်လုပ် လိုသော မြန်မာနိုင်ငံမှ လူငယ်များ သိသင့် သိထိုက်သည့် ဗဟုသုတများကို ဖော်ပြခဲ့ပါသည်။ ကျွန်တော့်မှာ Project ပြီးခါနီး အလုပ်များကို နေ့မအား ညမအား လှိမ့်လုပ်ရလျှက် ရှိရာ စာရေးရန် အချိန် အလွန်နည်းပါးပါသည်။ သို့သော် အားသည့် အချိန်လေး များတွင် ဖြစ်စေ၊ အိပ်ချိန်များထဲမှ အနည်းငယ်ဖဲ့၍ ဖြစ်စေ ရသလောက် တက်သုတ်ရိုက် ရေး လိုက်ရခြင်း ဖြစ်ပါ၏။ သို့ဖြစ်ရာ ပြည့်စုံသင့်သလောက် ပြည့်စုံချင်မှ ပြည့်စုံပါမည်။ နောင် အချိန်ရလျှင် ထပ်မံ ဖြည့်စွက် ရေးသားပါဦးမည်။ ဥပမာအားဖြင့် အပိုင်း(၁) တွင် စင်ကာပူတွင် အလုပ်လုပ်သူများ Safety နှင့် ပတ်သက် ၍ လိုက်နာရမည့် စည်းကမ်း၊ နည်းလမ်းများကို လုံးဝ မဖော်ပြလိုက်ရပါ။ အဘယ်ကြောင့်ဆိုသော် ထိုအကြောင်းအရာ မှာ အတော်များသည်ဖြစ်ရာ နောက်ထပ် အခန်းတစ်ခုအနေနှင့် သီးသန့်ရေးမှ ပိုမိုသင့်တော်မည် ဖြစ်သောကြောင့် ပါတည်း။
ယခု အပိုင်း(၂) တွင် စင်ကာပူရောက် လူငယ်များအနေနှင့် မိမိတက်လမ်းကို မိမိဖာသာ ဖန်တီးယူလို့ ရနိုင် သော လမ်းစများကို ဖွင့်လှစ် ပြပါမည်။ စင်ကာပူတွင် အလုပ်လုပ်သူများ Safety နှင့် ပတ်သက် ၍ လိုက်နာရမည့် စည်းကမ်း၊ နည်းလမ်းများ၊ သိသင့် သိထိုက်သည့် အချက်အလက်များကို အပိုင်း (၃) တွင်လည်းကောင်း၊ မိမိ Supervisor ဖြစ်လာသောအခါ Supervisor တစ်ဦး သိသင့်သိထိုက်၊ လုပ်သင့် လုပ်ထိုက်၊ လေ့လာသင့်လေ့လာထိုက်သည့် တာဝန်၊ ၀တ္တရား၊ ဗဟု သုတများ (Soft skill) ကို အပိုင်း (၄) တွင် လည်းကောင်း ဆက်လက်ရေးသားမည် ဖြစ်ပါသည်။ ပထမဦးစွာ သိထားသင့်သည်မှာ မိမိပညာအရည်အချင်း အဆင့်အတန်းနှင့် မိမိမည်မျှ လေ့လာတတ်မြောက် ထားသနည်း ဆိုတာ ဖြစ်ပါ၏။ ခုနစ်တန်းလောက်သာ တက်ဖူးသူတစ်ဦးအနေနှင့်တော့ သင်တန်းများ ဆက်လက် တက်ရောက်ရန် အင်္ဂလိပ်စာ အဆင့်အတန်း မီပါမည်လား ဟု မေးစရာ ရှိပါသည်။ သင်တန်းတက်ရောက်ရန် အဆင့် မမီပါပဲလျှက် သွားတက်လျှင်တော့ ကိုယ့် ဒုက္ခ ကိုယ်ဝယ်သလိုသာ ဖြစ်ပါလိမ့်မည်။ ဆယ်တန်းပညာအရည်အချင်း လောက် ရှိထားလျှင်မူ ဖြစ်နိုင်ပါလိမ့်မည်။ သို့သော် ဆယ်တန်းမည်ကာမတ္တ ဆိုလျှင်လည်း အထက်တွင် ဖော်ပြခဲ့ သလို ငါ ဒီသင်တန်းကို တက်ဖို့ ဖြစ်နိုင်ပါ့မလား ဟု ကိုယ့်ကိုယ်ကိုယ် အလျင် မေးခွန်းထုတ်ရမည် ဖြစ်ပါသည်။ ဘွဲ့ရ ဆိုပြီးတော့လည်း ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်မကြီး လိုက်ပါနှင့်။ မိမိဘယ်လောက် တတ်မြောက်ထားသည်ကို မိမိမှ လွဲ၍ မည်သူမျှ မသိနိုင်ပါ။
သို့အတွက် အကြံပေးလိုသည်မှာ သင်တန်းတစ်ခုတက်တော့မည် ဆိုလျှင် မိမိတက် မည့် သင်တန်းအကြောင်း ဦးစွာလေ့လာပြီး မိမိနှင့် သင့်တော်မည် ဆိုမှ လျှောက်ရန် ဖြစ်ပါ၏။ ကျွန်တော်တို့ မြန်မာများမှာ နားပါးသူ၊ သင်ယူတတ်မြောက်လွယ်သူများ ဖြစ်ပါ၏။ ထို့ပြင် အလုပ်ကို မခိုမကပ် ပဲ (တချို့ စုန်းပြူးများမှလွဲ၍) ကြိုးစားလုပ်ကိုင် တတ်ကြသူများလည်း ဖြစ်ပါ၏။ သို့အတွက် အခွင့်အလမ်းရှိသူများ သင့်တော်သော သင်တန်းများကို တက်ရောက် လေ့လာသင်ယူကာ မိမိတက်လမ်းကို ရှာဖွေနိုင်ကြပါစေသတည်း။

၂၊ ၂။ စင်ကာပူတွင် ရရှိနိုင်သော အလုပ်အကိုင်နှင့် လခများကို လေ့လာသုံးသပ်ကြည့်ခြင်း ကျွန်တော်တို့ စင်ကာပူသို့လာရန် ကြိုးစားစဉ် လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအကျော်က စင်ကာပူနှင့် ပတ်သက်သည့် ဗဟုသုတ တစ်ပြားဖိုးမှ မရှိဟု ဆိုလျှင် လွန်မည် မထင်ပါ။ စင်ကာပူတွင် မည်သည့်အလုပ်အကိုင် များကို လခ မည်မျှနှင့် လုပ်လို့ ရနိုင်သည် မသိခဲ့ပါ။ ထို့ပြင် မည်သူတို့ လခ မည်မျှလောက်နှင့် လုပ်ကိုင်နေသည် ဆိုသည့် အဆက်အသွယ်လည်း လုံးဝမရှိခဲ့။ စင်ကာပူတွင် အလုပ်လုပ်နေစဉ် ကာလများကလည်း စင်ကာပူသို့ မြန်မာများ နည်းမျိုးစုံ၊ အဆင့်မျိုးစုံတို့တွင် လုပ်ခမျိုးစုံ နှင့် လာရောက်လုပ်ကိုင်နေမှန်း သိခဲ့သော်လည်း ထို ဗဟုသုတ များကို ထိုသူများသို့ ပြန်လည် ဝေငှရန် မစဉ်းစားမိခဲ့ပါ။ တနည်းအားဖြင့် ၀န်ခံရလျှင် ကျွန်တော်ကိုယ်နှိုက်လည်း မည်သည့်အလုပ်အကိုင်များကို လခမည်မျှနှင့် ရနိုင်မှန်း မသိခဲ့ပါ။ မိမိလုပ်ကိုင်နေသော အလုပ်ကလေးတွင်သာ မှေးလုပ်နေခဲ့ပါသည်။ သို့အတွက် ယခု ကျွန်တော် သိရှိထားသလောက် လက်လှမ်းမီသမျှသော ဗဟုသုတ ကလေးများကို ပြန်လည် ဝေမျှပါမည်။ အကယ်၍ တစုံတရာ မှားယွင်းဖော်ပြမိခဲ့ပါလျှင် အချိန်မရွေး ကျွန်တော့်ထံ အကြောင်းကြား နိုင်ပါသည်။ ပြန်လည် ပြင်ဆင်ပေးရန် ၀န်မလေးပါ။ ဤကဲ့သို့ ကျွန်တော်မှားနေသည်ကို ထောက်ပြခဲ့လျှင် အလွန်ကျေးဇူးတင် မည် ဖြစ်သလို ဤစာဖတ်သူများအတွက်လည်း အလွန် အကျိုးများမည် ဖြစ်ကြောင်း ထပ်လောင်း ပြောလိုပါသည်။

စင်ကာပူတွင် ရနိုင်သော အလုပ်အကိုင်များနှင့် မျှော်မှန်းလခများကို ကျွန်တော် သိသမျှ ပြန်လည် ဖောက်သည်ချ လိုက်ပါ၏။ အလုပ်အကိုင်၊ ရာထူးပင် တူသော်ငြားလည်း မိမိလုပ်ကိုင်နေ သည့် ကုမ္ပဏီ၊ မိမိ၏ ကျွမ်းကျင်မှု၊ လုပ်ငန်း အတွေ့အကြုံအလိုက် လခ ကွာသွားနိုင်ပါသည်။ တရားသေ မှတ်ထားလို့ မရပါ။ ဤတွင် ဖော်ပြထားချက်များသည် ပျမ်းမျှ ရနိုင်သော လခများသာ ဖြစ်ပါသည်။ ထို့ပြင် ကျွန်တော့်စာရင်းကို ပြည့်စုံသည်ဟု မမှတ်ယူစေလိုပါ။ အခြား ကျွန်တော်မသိသော အလုပ်များ နှင့် ရနိုင်သော လခများ အများအပြား ရှိနိုင်ပါသေးသည်။


ယေဘုယျအားဖြင့် ခြုံပြောရလျှင် ဘာအတွေ့အကြုံမှမရှိ၊ ဘာပညာမှ မတတ်သူများ သည် တစ်ရက်လျှင် S$၁၄.၀၀ မှ ၁၆.၀၀။ ယခုမှ GTI ပြီးလာသူများ၊ ဘာမှ အတွေ့အကြုံမရှိသေးသူများသည် တစ်ရက်လျှင် S$ ၂၀.၀၀ မှ ၂၄.၀၀။ IT နည်းနည်းပါးပါး အတွေ့အကြုံရှိသူများ လခ S$ ၁၀၀၀။ နည်းနည်း အတွေ့အကြုံရှိ လုပ်တတ်၊ ကိုင်တတ်သဖြင့် Supervisor လုပ်နိုင်လျှင် S$ ၁၂၀၀ မှ ၁၅၀၀ စသဖြင့် ရနိုင်ပါသည်။ အတွေ့အကြုံရင့်ကျက်ပြီး သော သမ္ဘာရင့် Pipe Fitter များ သည် တစ်လလျှင် S$ ၁၀၀၀ မှ ၁၅၀၀ ထိ။ လုပ်သက်ရင့်ပြီး ဂဟေ ကောင်း ကောင်းဆော်တတ်သူ၊ မျိုးစုံ ဆော် တတ်သူ ( Arc Welding, TIG, MIG, FCAW) Welder ကြီးများသည် လခ S$ ၁၂၀၀ မှ ၁၈၀၀ ထိ ရနိုင်ပါ သည်။ သင်္ဘောကျင်းများတွင် လုပ်နေသူ ကျွန်တော့်မိတ်ဆွေ welder များ(လုပ်သက် ဆယ်နှစ်ကျော်) ဆိုလျှင် အချိန်ပို လုပ်ခများပါ ထည့်တွက်လိုက်ပါ က တစ်လလျှင် ၂၀၀၀ မှ ၂၅၀၀ ထိ ရကြပါသည်။
စင်ကာပူရောက် မြန်မာ ခန့်မှန်း ၅ သောင်းခန့် အနက် မန်နေဂျာရာထူးတွင် တာဝန် ထမ်းဆောင်နေသူ၊ စီနီယာ အင်ဂျင်နီယာ၊ အင်ဂျင်နီယာ များစွာရှိပါသည်။ ထို့အတူ GTI ကျောင်းဆင်း Supervisor နှင့် လုပ်နေသူများ လည်း မနည်းလှပါ။ အချို့သည် လခ သောင်းကျော်ရရှိပြီး အများစုမှာ လခ ၂၀၀၀ ပတ်ဝန်းကျင်၊ သာမန်အလုပ်သမား များမှာမူ လခ ၁၀၀၀ နှင့် အောက် စသဖြင့် အစားစား ရှိပါ၏။
လူချင်းအတူတူ၊ လက်မှတ်ချင်းအတူတူ၊ တတ်တာချင်း အတူတူ ကျွန်တော်တို့ မြန်မာများမှာ အနှိမ်ခံ ဘ၀နှင့် လုပ်ကိုင်နေရကြောင်း ကိုယ်တွေ့ခံစားခဲ့ရသူ မိတ်ဆွေတစ်ဦးက ပြောပြပါသည်။ ကျွန်တော်တို့ မြန်မာပြည်တွင် နာ့စ် (Nurse) နှင့် ပတ်သက်၍ ဒီပလိုမာ (Diploma) သုံးနှစ် သင်တန်းရော ဒီဂရီ (Bachelor of Nrusing) ၄ နှစ် သင်တန်းများပါ ပေးနေပါသည်။ ဆယ်တန်းစာမေးပွဲတွင် ရရှိသောအမှတ်နှင့် ခွဲကာ အမှတ်မီသူများ တက်ခွင့် ရပါ သည်။ မြန်မာပြည်မှ ဒီပလိုမာ လက်မှတ်ရပြီး လုပ်သက်လည်း ၅ နှစ်နှင့် အထက်ရှိမည်ဆိုပါက စင်ကာပူတွင် အလုပ် လုပ်ကိုင်လို့ ရပါမည်။ သို့သော် စင်ကာပူ၊ ဖိလစ်ပိုင် စသည့်တိုင်းပြည်များမှ ဒီပလိုမာသမားများနှင့် ကွာ၏။ တော်တော်လေးကို ကွာပါသည်။
ကျွန်တော်တို့ မြန်မာဒီပလိုမာသမားများကို Nurse Aid (နာ့စ် အကူ) နှင့်သာ ခန့်ထားပြီး လခကိုလည်း S$၄၅၀ သာ ပေးပါသည်။ ထိုရာထူးနှင့် ၁ နှစ် တန်သည်၊ ၂ နှစ်တန်သည် လုပ်ပြီးမှ ကုမ္ပဏီ ထောက်ခံစာနှင့် Singapore Nursing Board မှကျင်းပသော စာမေးပွဲကို ၀င်ဖြေ။ ထိုစာမေးပွဲအောင်မှ Enrolled Nurse (EN) ဖြစ်လာကာ လခလည်း တိုးပေးပါသည်။ EN တစ်ဦးအနေနှင့် Nursing Home (ဘိုးဘွားရိပ်သာ ပဲ ခပ်လွယ်လွယ် ဆိုလိုက်ကြပါစို့) များတွင် အလုပ်ရလျှင် လခ S$ ၁၂၀၀ လောက် ရပါသည်။ ကံကောင်းထောက်မသဖြင့် ဆေးရုံများ တွင် အလုပ်ရပါမူ လခ ပိုကောင်းပါ၏။ S$ ၂၀၀၀ လောက်ထိ ရပါသည်။ EN ရာထူးနှင့် တစ်နှစ်လုပ်ပြီးလျှင် ကုမ္ပဏီ ထောက်ခံစာနှင့်ပင် စာမေးပွဲ ထပ်ဖြေကာ အောင်ပါက SRN (Singapore Registered Nurse) ဖြစ်လာပါသည်။ SRN ဖြစ်လာလျှင် လခ S$ ၂၅၀၀ နှင့် အထက် ရနိုင်ပါသည်။ ကွာပုံက ဖိလစ်ပိုင်မှ ခုမှကျောင်းဆင်းပြီး ဒီပလိုမာလက်မှတ် ကိုင်လာသူများကျတော့ ဘာမှမသိ၊ နားမလည် သေးသော်ငြား EN အဖြစ်ခန့်အပ်ကာ လခကိုလည်း S$ ၂၀၀၀ လောက်ထိ ပေးပါသည်။
မိမိမသိသဖြင့် များစွာသော အခွင့်အလမ်းတို့ ရှိပါလျှက် လက်ရှိဘ၀မှ မတက်နိုင်သူများ မှာလည်း ထောင်ပေါင်းများစွာ ရှိလေရာ ထိုသူများသည် ယခုစာဖတ်အပြီး လက်ရှိအဆင့်မှ ပိုမြင့်မားသော ရာထူးနှင့် လခများ ရရန် ကြိုးစားနိုင်ကြလိမ့်မည်ဟု ယုံကြည်မိပါသည်။ ဥပမာအားဖြင့် သာမန်အလုပ်သမား ဘ၀၌ တစ်ရက်လျှင် ၂ ကျပ်ခွဲ၊ သုံးကျပ်မျှသာ ရနိုင်သော်လည်း အင်္ဂလိပ်လို ပြောတတ်ဆိုတတ်၊ ရေးတတ်ဖတ်တတ်သူ ဆယ်တန်းအောင် များသည် Signalling for Lifting Operation and Rigging Operation သင်တန်းကို ၃ - ၄ ရက်မျှ သွားတက် လိုက်ပြီး လက်မှတ် (certificate) ရလာလျှင် လက်ရှိလုပ်ခထက် ၃ ဆမျှ ပိုသော လုပ်ခကို အသာကလေး ရယူ နိုင်ပါမည်။ ထိုမှ လုပ်သက်ရင့်လာသောအခါ Lifting Supervisor သင်တန်းကိုဆက်တက်ပြီး လခ ၁၀၀၀ ကျော် ရသည်ထိ အခွင့်အလမ်း ပွင့်သွားမည် ဖြစ်ပါ၏။

Working in Singapore Part X

၁၊ ၂၊ ၉။ အထွေထွေ

၂၀၀၇ ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ စင်ကာပူကို ဆေးလိပ်ကင်းစင်သော လူ့ဘောင်တစ်ခုဖြစ်လာ စေရေး အတွက် ဆေးလိပ်နှင့်ပတ်သက်သည့် ကန့်သတ်ချက်များကို တိုးမြှင့်လိုက်ပါသည်။ ၂၀၀၄ ခုနှစ် ကွင်းဆင်းလေ့လာ ချက်များအရ စင်ကာပူတွင် အရွယ်ရောက်ပြီးသူများ၏ ၁၃ ရာခိုင်နှုံးသာ ဆေးလိပ်သောက်ကြသည်ဖြစ်ရာ ကမ္ဘာ့ ဆေးလိပ်သောက်သုံးမှု အနည်းဆုံး နိုင်ငံများစာရင်းတွင် ပါဝင် ခဲ့ပါသည်။
စင်ကာပူနိုင်ငံတွင် ဆေးလိပ်သောက်ခြင်း၊ ဆေးလိပ်များရောင်းချခြင်း ကို ဥပဒေဖြင့် ကန့်သတ် ထားသည်။ ရည်ညွှန်း - 1. Smoking Act (Chapter 309) ၊ 2. www.nea.gov.sg

အကယ်၍ အခွန်မဆောင်ထားသော (SDPC – Singapore Duty-Paid Cigarettes စာတမ်းမပါသော) ဆေးလိပ်များ ကို ရောင်းဝယ်ဖောက်ကားခြင်း ပြုပါက စီးကရက်တစ်ဗူးလျှင် ဒါဏ်ငွေ S$၅၀၀ ထိ၊ သို့မဟုတ် ဒါဏ်ငွေ+ထောင်ဒါဏ် တပ်ရိုက်နိုင်သည်။ (ထိုဥပဒေသည် ၂၀၀၉ ခုနှစ် ဇန္န၀ါရီလ ၁ ရက်နေ့မှ စတင် အတည် ဖြစ်သည်။)
နိုင်ငံခြားမှ လာသော ခရီးသည်များသည် မိမိတို့နှင့်ပါလာသည့် စီးကရက်များကို အခွန် ပေးဆောင်ရမည် ဖြစ်ပါသည်။
အသက် ၁၈ နှစ်အောက် လူငယ်များကို ဆေးလိပ်ရောင်းချခြင်း ခွင့်မပြုပါ။ (ထိုဥပဒေ အပိုဒ် ၆)
စင်ကာပူနိုင်ငံအတွင်း ခွင့်ပြုထားသည့် ဆေးလိပ်များမှလွဲ၍ အခြားစီးကရက်များ၊ ဆေးလိပ်များကို ရောင်းချခွင့်၊ သုံးစွဲခွင့် မပြုပါ။ (ထိုဥပဒေ အပိုဒ် ၈)
ဖျော်ဖြေရေးခန်းမများ၊ ကော်ဖီဆိုင်များ၊ စားသောက်ဆိုင်များ၊ လေအေးစက်တပ်ထားသော ခန်းမများ၊ ရုပ်ရှင်ရုံများ၊ စာသင်ခန်းများ၊ ဘဏ်များ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဘိုးဘွားရိပ်သာများ၊ မိုးလုံလေလုံအားကစားရုံများ၊ ဓါတ်လှေခါးများ၊ စာကြည့်တိုက်များ၊ ပန်းချီခန်းမများ၊ လေဆိပ်များ၊ တရားရုံးများ၊ လေအေးပေးစက် တပ်ဆင်ထား သည့် ကုန်တိုက်ကြီးများ၊ ဈေးများ၊ မြေအောက် လူသွားလမ်းများ၊ ကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များ၊ ရေကူး ကန်များ၊ ကလေးကစားကွင်းများ၊ အားကစားလေ့ကျင့်ရာ နေရာများ၊ အဆောက်အဦ ၀င်ပေါက်ထွက်ပေါက် မှ ငါးမီတာ အတွင်း မည်သည့်နေရာ မဆို၊ အိမ်သာများ၊ ဘတ်စ်ကားမှတ်တိုင်များ၊ ဘတ်စ်ကားဂိတ်များ၊ ဘတ်စ်ကား ပေါ်၊ ရထားပေါ်များ၊ တက္ကစီများ၊ တန်းစီသည့် နေရာများ၊ လေအေးစက်တပ်ထားသည်ဖြစ်စေ၊ မတပ်ထား သည် ဖြစ်စေ အလုပ်လုပ်သည့်နေရာ အားလုံး စသည့်နေရာများတွင် ဆေးလိပ်မသောက်ရပါ။ သို့သော် ဆေးလိပ်သောက် ရန် နေရာများ သတ်မှတ်ပေးထားလျှင်တော့ (Designated Smoking Area) ထိုနေရာများတွင် သောက်နိုင်ပါသည်။
၂၀၀၉ ဇန္န၀ါရီလ ၁ ရက်နေ့မှစကာ ဟော်တယ်ခန်းမများ (Hotel Lobbies) နှင့် ကားရပ်ရာနေရာများ (Car Parks) ကိုပါ ဆေးလိပ်မသောက်ရ နေရာများအဖြစ် တိုးချဲ့သတ်မှတ်လိုက်ပါသည်။ ထို့ပြင် လေအေးစက် မတပ်ထားသော ရုံးခန်းများ၊ အထပ်မြင့် ကားရပ်ရာ အဆောက်အဦ (Multi-storey car parks) များတွင် ပါ ဆေးလိပ်သောက်ခွင့် မပြုပါ။
ရည်ညွှန်း - ၁။ http://app.nea.gov.sg/cms/htdocs/category_sub.asp?cid=248
၂။ The Straits Times Saturday, December 13 2008, Page A8
ကန့်သတ်ထားသော နေရာများတွင် ဆေးလိပ်သောက်ပါက ပထမအကြိမ် ကျူးလွန်ခြင်း - ဒါဏ်ငွေ S$ ၂၀၀. ထပ်မံ ကျူးလွန်ခြင်း S$၁၀၀၀ ထက်မများသော ဒါဏ်ငွေ ချမှတ်နိုင်သည်။ ထို့ပြင် အဆောက်အဦ ပိုင်ရှင်သည် ဆေးလိပ်သောက်သူများကို တားမြစ်ခြင်း မပြုပါက ဒါဏ်ငွေ S$ 2000 ထိ ချမှတ်နိုင်ပါသည်။
ရည်ညွှန်း - www.nea.gov.sg

ရည်ညွှန်းကိုးကား Internet Website များ

၁။ www.mom.gov.sg
၂။ http://statutes.agc.gov.sg/ Employment Act
၃။ http://agcvldb4.agc.gov.sg/ Employment Of Foreign Workers Act
၎။ http://www.bca.gov.sg/
၅။ http://www.iras.gov.sg
၆။ www.nea.gov.sg
၇။ http://statutes.agc.gov.sg/ Misuse Of Drugs Act (Chapter 185)
၈။ http://statutes.agc.gov.sg/ Offences Involving Controlled Drugs And Substances
၉။ http://statutes.agc.gov.sg/ Immigration Act (Chapter 133)
၁၀။ http://statutes.agc.gov.sg/ Smoking Act (Chapter 309)
၁၁။ http://statutes.agc.gov.sg/ Workmen’s Compensation Act

Working in Singapore Part IX

၁၊ ၂၊ ၈။ လုပ်ငန်းခွင်တွင် ထိခိုက်ဒါဏ်ရာ ရခြင်းအတွက် တောင်းခံနိုင်သော လျော်ကြေးများ

အလုပ်သမားတစ်ဦး အလုပ်ခွင်အတွင်း၍ မတော်တဆထိခိုက်ဒါဏ်ရာရခဲ့ပါက လျော်ကြေးတောင်းခံနိုင်ရန် MOM မှ အလုပ်သမား လျော်ကြေးဥပဒေ (Workmen’s Compensation Act) ကို ပြဌာန်းထားပါသည်။ အောက်ပါ အချက်အလက်များကို ထိုဥ့ဒေ လမ်းညွှန် http://www.mom.gov.sg/WICA Guide (English).pdf မှ ကောက်နှုတ် ဖော်ပြထားခြင်း ဖြစ်ပါသည်။

၁၊ ၂၊ ၈၊ ၁။ မည်သူသည် ထိခိုက်ဒါဏ်ရာ ရခြင်းအတွက် လျော်ကြေးတောင်းခံနိုင်သနည်း

အလုပ်သမားတစ်ဦးသည် အလုပ်နှင့်ပတ်သက်၍ ထိခိုက်ဒါဏ်ရာရခြင်း၊ သေဆုံးခြင်းများ ဖြစ်ခဲ့ပါက ဆေးကုသခြင်း အတွက် ကုန်ကျစရိတ်၊ ဆေးခွင့်ယူထားစဉ် ခံစားခွင့် နှင့် ပြန်မကောင်းနိုင်တော့သော ဒါဏ်ရာ ရခြင်းများအတွက် လျော်ကြေးများကို တောင်းခံနိုင်သည်။

၁၊ ၂၊ ၈၊ ၂။ လျော်ကြေးဥပဒေတွင် မည်သူတို့ အကျုံးဝင်သနည်း

Ø ကာယလုပ်သားများ (၀င်ငွေ မည်မျှရှိသည်ဖြစ်စေ)
Ø ဉာဏ လုပ်သားများ (၀င်ငွေ လခ S$ ၁၆၀၀ အောက် ရသူ)

မှတ်ချက်။ ။ မိမိကိုယ်မိမိ အလုပ်ခန့်ထားသူများ (Self-employed persons)၊ အိမ်ဖော်များ၊ စင်ကာပူ စစ်သား၊ ရဲ၊ မီးသတ်၊ မူးယစ်ဆေးဝါးဝန်ထမ်း၊ အကျဉ်းထောင် ၀န်ထမ်းများ ဤ ဥပဒေနှင့် အကျုံးမ၀င်ပါ။

၁၊ ၂၊ ၈၊ ၃။ လစဉ် ပျမ်းမျှဝင်ငွေ (AME – Average Monthly Earining) ဆိုသည်မှာ အဘယ်နည်း

လျော်ကြေးကိုတွက်ချက်ရာတွင် လစဉ်ပျမ်းမျှဝင်ငွေပေါ် မူတည်ပြီး တွက်ပါသည်။ သို့ဆိုလျှင် လစဉ် ပျမ်းမျှ ၀င်ငွေ (AME) ဆိုသည်မှာ မည်သည်ကို ခေါ်ပါသနည်း။ လစဉ် ပျမ်းမျှ ၀င်ငွေဆိုသည်မှာ ထိုသူ အလုပ်လုပ်ခဲ့သော လ စုစုပေါင်း ၀င်ငွေ ကို လအရေအတွက်နှင့် စား၍ ရသော ငွေပမာဏ ဖြစ်၏။ ထို စုစုပေါင်း ၀င်ငွေထဲတွင် အပိုကြေး (allowance)၊ အချိန်ပိုလုပ်အားခ(overtime payments)၊ bonuses များပါဝင်သည်။ သို့သော် CPF, လုပ်ငန်း သဘာဝအရ သူခံစားခွင့်ရှိသည့် အထူးခံစားခွင့်များ မပါဝင်ပါ။

၁၊ ၂၊ ၈၊ ၄။ မည်သည့်အခါတွင် လျော်ကြေး တောင်းခံနိုင်ခွင့်ရှိသနည်း

Ø မိမိသည် ကုမ္ပဏီတစ်ခုတွင် တရားဝင် အလုပ်ခန့်ထားစဉ် အလုပ်လုပ်နေစဉ် သို့မဟုတ် အလုပ်တာဝန် တစ်ခုခု ကို အလုပ်ချိန်ပြင်ပတွင် ဆောင်ရွက်နေစဉ် (ဥပမာ - အရေးကြီးသဖြင့် ညဘက်တွင် တစ်နေရာသို့ ပစ္စည်းသွားပို့ရခြင်း) မတော်တဆ ထိခိုက်ဒါဏ်ရာရခြင်း
Ø ကုမ္ပဏီမှကားဖြင့် (အများပြည်သူသုံး ဘတ်စ်ကား၊ မီးရထားတို့ မပါဝင်ပါ) အလုပ်သွားစဉ် သို့မဟုတ် အလုပ်မှ ပြန်လာစဉ် ထိခိုက်ဒါဏ်ရာရခြင်း
Ø စင်ကာပူ အလုပ်ရှင်မှ ခန့်အပ်ထားပြီး စင်ကာပူတွင်နေထိုင်သော်လည်း အလုပ်တာဝန်အရ အခြားနိုင်ငံ သို့ သွားရောက် အလုပ်လုပ်နေစဉ် ထိခိုက် ဒါဏ်ရာရခြင်း - များအတွက် လျော်ကြေးတောင်းခံနိုင်ပါသည်။

၁၊ ၂၊ ၈၊ ၅။ မည်သည့် ခံစားခွင့်များ ရနိုင်သနည်း
(ဤခံစားခွင့်များသည် ၂၀၀၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင် အကျုံးဝင်သည်)

၁။ ထိခိုက်ဒါဏ်ရာဖြင့် ဆေးခွင့်ယူထားစဉ် (ပြင်ပလူနာအဖြစ်) ထိုဆေးခွင့်ယူနေစဉ်အတွင်း သာမန်လုပ်ခ
အပြည့်အ၀ ရရမည်။ (တစ်နှစ်လျှင် ယူခွင့်ရှိသော ဆေးခွင့် ရက်ပေါင်း - ၁၄ ရက်)

၂။ အကယ်၍ ဆေးရုံတက်ရပါက ထို ဆေးရုံတက်နေသော ရက်များအတွက် သာမန်လုပ်ခ အပြည့်အ၀ ရရမည်။ (တစ်နှစ်လျှင် ယူခွင့်ရှိသော ဆေးရုံတက်ခွင့် ရက်ပေါင်း - ၆၀ ရက်)

၃။ အကယ်၍ ရက်ရှည် ဆေးရုံတက်ရပါက သာမန်လုပ်ခ၏ သုံးပုံ နှစ်ပုံကို ခံစားခွင့်ရှိသည်။ (အများဆုံးခံစားခွင့် ရှိသော ဆေးရုံတက်ရက်ပေါင်း - တစ်နှစ်)
မှတ်ချက်။ ။ အထက်ပါ ခံစားခွင့်ရှိသော ဆေးခွင့်ရက်များတွင် အများပြည်သူရုံးပိတ်ရက်၊ နားရက်၊ အလုပ်မလုပ်ရသော ရက်များ မပါဝင်ပါ။ အများပြည်သူရုံးပိတ်ရက် အတွက် ရနေကျ ပုံမှန်လုပ်ခ ရ ရမည်
ဖြစ်ပါ၏။ ထိုခံစားခွင့် ရှိသော လစာကို ပုံမှန် လခထုတ်ရက်များထက် နောက်မကျစေဘဲ ထုတ်ပေးရမည် ဖြစ်ပါသည်။

၎။ ဆေးကုသစရိတ်များ
Ø ထိခိုက်ဒါဏ်ရာ ရအပြီး တစ်နှစ်အတွင်း ဆေးကုသစရိတ် (သို့မဟုတ်) အများဆုံး ဆေးကုသစရိတ် S$၂၅ ၀၀၀ ကို ခံစားခွင့် ရှိသည်။
Ø အထက်ပါ ဆေးကုသစရိတ်အတွင်း အစိုးရ အသိအမှတ်ပြု ဆေးရုံဆေးခန်းများတွင် ဆေးကုသခြင်းအတွက် ကုန်ကျ စရိတ်အားလုံးကို အလုပ်ရှင်မှ ကျခံရမည်။ အလုပ်ရှင်သည် ဆေးကုသရိတ်ကို ဆေးရုံသို့ တိုက်ရိုက် ပေးရမည်။
Ø ဆေးကုသ စရိတ် ထဲတွင် ဆရာဝန်ပြခ၊ ဆေးဖိုး၊ ဆေးကုသ ခံယူမှု၊ ခွဲစိတ်ခ၊ ဆေးမှတ်တမ်းခ စသည် အားလုံး ပါဝင်သည်။
မှတ်ချက်။ ။ အလုပ်သမားသည် မိမိဆေးကုသစရိတ်အားလုံးကို ပြန်ရရန် တရားရုံး၌ တရားစွဲဆို တောင်းယူခွင့်ရှိပါ၏။ သို့သော် ဤကဲ့သို့ တရားစွဲဆိုတောင်းယူလျှင် ထိုသူသည် ယခုဖော်ပြပါ လျော်ကြေး ဥပဒေနှင့် အကြုံးမ၀င် တော့ပါ။

၅။ တစ်သက်တာ မသန်မစွမ်းဖြစ်မှုအတွက် လျော်ကြေး

v အနည်းဆုံး ရနိုင်သော လျော်ကြေး = S$ ၆၀ ၀၀၀ x ၀င်ငွေ ဆုံးရှုံးမှု ရာခိုင်နှုံး
v အနည်းဆုံး ရနိုင်သော လျော်ကြေး = S$ ၁၈၀ ၀၀၀ x ၀င်ငွေ ဆုံးရှုံးမှု ရာခိုင်နှုံး

ရနိုင်သည့် လျော်ကြေး = လစဉ် ၀င်ငွေ x မြှောက်ဖော်ကိန်း x ၀င်ငွေရနိုင်ခွင့် ဆုံးရှုံးမှု ရာခိုင်နှုံး
(မြှောက်ဖော်ကိန်းကို အောက်ပါ ဇယားတွင် ကြည့်နိုင်ပါသည်။)
အကယ်၍ ဆရာဝန်က ထိုထိခိုက်ဒါဏ်ရာရသူသည် သူ့တစ်သက်တာပတ်လုံး အခြားသူများ၏ အကူအညီဖြင့် အသက်ရှင် နေထိုင်သွားရမည် ဟု ဆုံးဖြတ်ပါက အထက်ဖော်ပြပါ ရပိုင်ခွင့်အပြင် အပိုဆောင်းငွေ ၂၅ ရာခိုင်နှုံး ပါ ထပ်လောင်း ရရှိရမည် ဖြစ်ပါသည်။ (The permanent total incapacity award will be 125%.)

၆။ သေဆုံးမှု အတွက် လျော်ကြေး

အကယ်၍ ထိခိုက်ဒါဏ်ရာရမှုဖြင့် သေဆုံးခဲ့ပါက သေဆုံးသူ၏ ကျန်ရစ်သူ မိသားစုသည် လျော်ကြေးငွေ အနည်းဆုံး S$ ၄၇ ၀၀၀ မှ အများဆုံး S$ ၁၄၀ ၀၀၀ ထိ ရရှိနိုင်ပါသည်။

၁၊ ၂၊ ၈၊ ၆။ မည်သည့်အခါတွင် ထိခိုက်ဒါဏ်ရာရမှုကို မည်သို့ သတင်းပို့ရမည်နည်း

၂၀၀၆ ခုနှစ် မတ်လ ၁ ရက်နေ့မှ စတင် ပြဌာန်းသော Workplace Safety & Health (Incident Reporting) Regulation နှင့် Workmen’s Compensation Act တို့ အရ လုပ်ငန်းခွင်နှင့် ပတ်သက် ဆက်နွယ်နေသည့် (ဆေးခွင့် ဆက်တိုက် ၃ ရက်ထက်ပိုယူရသော သို့မဟုတ် အနည်းဆုံး ၂၄ နာရီ ဆေးရုံတက်ရသော) ထိခိုက်ဒါဏ်ရာရမှု အားလုံးတို့ကို အလုပ်ရှင်သည် -
(၁) Ministry of Manpower သို့ လည်းကောင်း
(၂) Insurance Company (အာမခံ ကုမ္ပဏီ) သို့ လည်းကောင်း ဖြစ်ပျက်မှုအပြီး ၁၀ ရက်အတွင်း သတင်း ပို့ရမည် ဖြစ်ပါသည်။ အကယ်၍ သတင်းပို့ရန် ပျက်ကွက်ခဲ့ပါက ပထမအကြိမ် S$ ၅၀၀၀၊ နောက်ထပ် ကျူးလွန်မှုများ အတွက် S$ ၁၀ ၀၀၀ ထက်မများသော ဒါဏ်ငွေ သို့မဟုတ် ၆ လထက် မများသော ထောင်ဒါဏ် ကို အလုပ်ရှင်အား တပ်ရိုက်နိုင်ပါသည်။

၁၊ ၂၊ ၈၊ ၇။ အလုပ်ရှင်သည် မိမိအလုပ်သမားများအတွက် ထိခိုက်မှု အာမခံ ထားပေးရန် လိုပါသလား

အလုပ်ရှင်သည် မိမိအလုပ်သမားများအတွက် ဆေးအာမခံ ထားပေးရန် ဥပဒေအရ လိုကို လိုပါသည်။ အကယ်၍ အာမခံထားပေးရန် ပျက်ကွက်ခဲ့ပါက အလုပ်ရှင်အား S$ ၁၀ ၀၀၀ ထက်မများသော ဒါဏ်ငွေ သို့မဟုတ် ၁ နှစ်ထက် မများသော ထောင်ဒါဏ် သို့မဟုတ် ထောင်ဒါဏ် ငွေဒါဏ် နှစ်ရပ်စလုံး တပ်ရိုက် နိုင်ပါသည်။
အကယ်၍ အလုပ်ရှင်သည် အလုပ်သမားအတွက် အာမခံထားပေးရန် ပျက်ကွက်ခဲ့ပါက အလုပ်သမားတစ်ဦး ထိခိုက် ဒါဏ်ရာရခဲ့ပါလျှင် လျော်ကြေးကို မိမိပိုင် ဘဏ္ဍာငွေထဲမှ ပေးလျော်ရပါမည်။ ဤသို့ လျော်ကြေးပေးရန် ပျက်ကွက်ခဲ့ပါက အလုပ်ရှင်အား S$ ၁၀ ၀၀၀ ထက်မများသော ဒါဏ်ငွေ သို့မဟုတ် ၁၂ လထက် မများသော ထောင်ဒါဏ် သို့မဟုတ် ငွေဒါဏ် ထောင်ဒါဏ် နှစ်ရပ်စလုံး တပ်ရိုက်နိုင်ပါသည်။
သို့သော် ထိခိုက်မှု အာမခံထားပေးရန်ကိုမူ အလုပ်ရှင်၏ သဘောအတိုင်း ဖြစ်ပါသည်။ သို့သော် ထိခိုက်ဒါဏ် ရာ ရခဲ့ပါက မိမိကိုယ်ပိုင်ငွေထဲမှ စိုက်ကာ ပေးလျော်ရမည် ဖြစ်ပါ၏။
အလွန် ရှုပ်ထွေးပွေလီလှသည့် မည်ကဲ့သို့ လျော်ကြေးတောင်းခံရမည် ဆိုသည့် အဆင့်များကိုမူ ချန်လှပ်ခဲ့ပါ မည်။ အသေးစိတ် သိလိုသူများ Workmen’s Compensation Act တွင် ဖတ်ရှုနိုင်ပါသည်။

Working in Singapore Part VIII

၅။ ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်း ချို့ယွင်းနေသူ ညီအစ်ကို၊ မောင်နှမများအတွက် - မိမိ သို့မဟုတ် မိမိအိမ်ထောင်ဘက်၏ ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်း ချို့ယွင်းနေသူ အောက်ဖော်ပြပါ ညီအစ်ကို၊ မောင်နှမများ အတွက် တစ်ဦးလျှင် S$ ၃၅၀၀ နှုတ်ခွင့် ရှိသည်။
၁။ မိမိနှင့် တစ်အိမ်ထဲတွင် အတူနေထိုင်သူ
၂။ ၀င်ငွေ S$ ၂၀၀၀ ထက် မပိုသူ

၆။ အထက်ဖော်ပြပါ နှုတ်ပိုင်ခွင့်များအပြင် အောက်ပါတို့ကိုလည်း မိမိဝင်ငွေမှ နှုတ် နိုင်ပါသည်။
၁။ CPF (အများဆုံး နှုတ်နိုင်သော ပမာဏ - တစ်လလျှင် S$ ၄၅၀၀)
၂။ မိမိအတွက် သို့မဟုတ် မိမိအိမ်ထောင်ဖက်အတွက် အသက်အာမခံ (အသက်အာမခံကြေး၏ ၇ %)
၃။ မိမိလုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်နေသော သင်တန်းတစ်ခုခုကို တက်နေလျှင် သင်တန်းကြေးကို (အများဆုံး S$ ၃၅၀၀ ထိ) နှုတ်နိုင်ပါသည်။
၎။ ခင်ပွန်းဖြစ်သူနှင့် အတူနေသူ အမျိုးသမီး ဖြစ်ပါက (သို့မဟုတ်) မိမိခင်ပွန်း စင်ကာပူနိုင်ငံတွင် ရှိမနေပါက (သို့မဟုတ်) သားသမီးများနှင့် အတူနေသော တစ်ခုလပ် (သို့မဟုတ်) မုဆိုးမ ဖြစ်ပါက ထို အမျိုးသမီးသည် မိမိငှားရမ်းထားသော အိမ်ဖော်အတွက် ပေးဆောင်နေရသည့် levy ၏ နှစ်ဆကို နှုတ်နိုင်ပါသည်။

၁၊ ၂၊ ၅။ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ သယ်ဆောင်မှု နှင့် ရောင်းဝယ်ဖောက်ကားမှု

နောက်တစ်ခု သိထားစရာ အရေးကြီးတာ တစ်ခုပြောချင်ပါသေးသည်။ စင်ကာပူတွင် သေဒါဏ်ပေးနိုင်သော ပြစ်မှု အကြောင်းဖြစ်ပါ၏။ Misuse of Drugs Act တွင် အောက်ပါ မူးယစ်ဆေးဝါးပမာဏ နှင့် အထက် ကို လက်ဝယ် တွေ့ရှိပါက သို့မဟုတ် ပိုင်ဆိုင်ထားပါက သို့မဟုတ် သယ်ဆောင်ပါက သို့မဟုတ် ရောင်းဝယ်ဖာက်ကားပါက သေဒါဏ်ပေးနိုင်သည် ဟု ဖော်ပြထားပါသည်။

ထို ဥပဒေ Schedule I နှင့် Schedule II တွင် တားမြစ်ထားသော ဓါတုဗေဒ ဆေးဝါးများ (Controlled Drugs) ကို ဖော်ပြထားပါ၏။ ဤနေရာတွင် သာမန်စာဖတ် ပရိသတ်တို့နှင့် မရင်းနှီးသော ဓါတုဗေဒ နာမည်များကို ဖော်ပြလိုက်ပါက စာရှည်ပြီး အလွန် ပျင်းစရာ ကောင်းမည်စိုးသောကြောင့် ထိုဆေးဝါးနာမည်များကို မဖော်ပြ တော့ပါ။ သိလိုသူများ အောက်ပါ Link သို့မဟုတ် Misuse of Drugs Act တွင် ဖတ်ရှုကြပါရန်။
ရည်ညွှန်း။ ။ http://en.wikipedia.org/wiki/Misuse_of_Drugs_Act_(Singapore)

၁၊ ၂၊ ၆။ စင်ကာပူနိုင်ငံအတွင်း တရားမ၀င် နေထိုင်မှု

Immigration Act (Chapter 133) လူဝင်မှုကြီးကြပ်ရေး ဥပဒေ (အခန်း ၁၃၃) အပိုဒ် ၆ တွင် စင်ကာပူနိုင်ငံ အတွင်း တရားမ၀င်နေထိုင်မှု အတွက် အောက်ပါအတိုင်း ပြဌာန်းထားပါသည်။

စင်ကာပူနိုင်ငံအတွင်း သို့အောက်ပါသူများသာ ၀င်ရောက်ခွင့်ရှိသည်။
၁။ သက်တမ်းရှိ ၀င်ခွင့်လက်မှတ် (သို့မဟုတ်) ပြန်လည်ဝင်ခွင့် လက်မှတ် ကိုင်ဆောင်ထားသူ
၂။ အထက်ပါ ၀င်ခွင့် / ပြန်လည်ဝင်ခွင့် လက်မှတ်ပေါ်တွင် ကိုင်ဆောင်ထားသူ၏ နာမည် ပုံနှိပ်ထားသူ
၃။ တရားဝင် ထုတ်ပေးထားသည့် သက်တမ်းရှိ pass တစ်ခုခု ကိုင်ဆောင်ထားသူ
စင်ကာပူနိုင်ငံမှ ပြန်လည်ထွက်ခွါသည့်အခါ မိမိ၏ ပတ်စ်ပို့ နှင့်အတူ အထက်ပါ ၀င်ခွင့်လက်မှတ်၊ pass များကို လူဝင်မှုကြီးကြပ်ရေးဌာနသို့ တင်ပြရမည်။

အထက်ပါ ဥပဒေကို ချိုးဖောက်သူများအား - ၆ လထက်မများသော ထောင်ဒါဏ် နှင့် ၃ ချက်ထက် မနည်းသော ကြိမ်ဒါဏ် ကို ကျခံစေရမည်။ အကယ်၍ ထိုသူသည် ကြိမ်ဒါဏ်ပေးရန် မသင့်တော်ဟု ဆုံးဖြတ်ပါက စင်ကာပူဒေါ်လာ ၆၀၀၀ ထက် မများသော ဒါဏ်ငွေကို ပေးဆောင် စေရမည်။

၁၊ ၂၊ ၇။ စင်ကာပူနိုင်ငံတွင်း ၀င်ခွင့်ကန့်သတ်ချက်များ

လူဝင်မှုကြီးကြပ်ရေး ဥပဒေ (အခန်း ၁၃၃) အပိုဒ် ၈ တွင် စင်ကာပူနိုင်ငံတွင်း ၀င်ခွင့်မပြုနိုင်သူများကို ဖော်ပြထားပါသည်။ ဤနေရာတွင် သိသင့်သည့် အချက်အနည်းငယ်သာ ဖော်ပြလိုက်ပါသည်။ အသေးစိတ် သိလိုသူများ http://statutes.agc.gov.sg/ Immigration Act (Chapter 133) တွင် ဖတ်ရှုနိုင်ပါသည်။

၁။ စိတ်မနှံ့သူများ
၂။ အများပြည်သူသို့ ကူးစက်စေနိုင်သည့် ရောဂါ ရှိသူများ
၃။ AIDS (ခုခံအားကျဆင်းမှု ရောဂါ) ခံစားနေရသူများ၊ သို့မဟုတ် HIV ဗိုင်းရပ် စွဲကပ်နေသူများ
၎။ ပြစ်မှုပြစ်ဒါဏ် ကျခံနေရသဖြင့် တိုင်းပြည်တွင်း ၀င်ရောက်မှု တားမြစ်ခံထားရသူများ
၅။ ပြည့်တန်ဆာများ နှင့် ပြည့်တန်ဆာ ခေါင်းများ
၆။ ဖုန်းတောင်း၊ ယာစကာများ .......... စသည်။

A Diary at Orchard Road

သြချတ်(Orchard) လမ်းမပေါ်မှ နေ့စဉ်မှတ်တမ်း တစ်ပုဒ်

(၂၂-၁၂-၂၀၀၈)

၁။ ၀ဋ်ကြီးသူများ

အိပ်ယာမှ ထခါစ သရက်ပင်ကြီးမှာ ကျွန်တော်တို့တတွေကို အိပ်မှုံစုံမွှား ကြည့်ပြီး အလွန်ရင်မောလှဟန်ဖြင့် မသက်မသာ ခေါင်းကို ခါယမ်းလိုက်ပါသည်။ ညစ်ပတ်ပေရေနေပြီး အိုမင်းလှပြီဖြစ်သော အဆောက်အဦး ခေါင်းမိုး ရေတံလျှောက်ပေါ်မှ စာလေးနှစ်ကောင်ကမူ ဒုက္ခကြီးလှသော သကောင့်သားများကို သနားလှသဖြင့် ကျွတ်ကျွတ်၊ ကျွတ်ကျွတ် ဖြင့် စုတ်ထိုးလိုက်ပါ၏။ မိုးလင်းလုပြီဖြစ်သဖြင့် အနီးရှိ ဆောက်လက်စ တိုက်သို့ လုပ်ငန်းခွင် ၀င်ရန် လာသော ပြည်ကြီးတရုပ်များမှာ ကျွန်တော်တို့အုပ်စုကို ဘာတွေများ လုပ်နေကြပါလိမ့်ဟု စူးစမ်းသော အကြည့်ဖြင့် ကွက်ကြည့် ကွက်ကြည့် လုပ်သွားပါသည်။

ထိုအခါမှ ကျွန်တော်လည်း ကျွန်တော်တို့ အုပ်စုကို အနည်းငယ် ခေါင်းမော့ကာ စပ်စု လိုက်မိပါသည်။ သံတံခါး ကြီးနံဘေး အုတ်ခုံပေါ်တွင်ထိုင်ကာ လူငယ်တစ်ဦးသည် စာရွက်တစ်ရွက်ဖြင့် လာသမျှ လူများကို စာရင်းကောက်လျှက် ရှိပါ၏။ ထိုလူငယ်နှင့် မလှမ်းမကမ်း လူသွားလမ်း ပလက်ဖောင်းပေါ်တွင်ထိုင်ပြီး အုတ်နံရံကို မှီလျှက် ကောင်မလေး နှစ်ယောက် မှာ ကျောပိုးအိတ်ကလေးများကို ကိုယ်စီပိုက်ကာ ခေါင်းမော့ပြီး အိပ်ငိုက်နေကြပါသည်။ အုတ်ခုံ၏ ဟိုမှာ ဘက် ပလက်ဖောင်းတွင်မတော့ အမျိုးကောင်းသား၊ အမျိုးကောင်း သမီးကလေးများမှာ အစီအရီထိုင်လျှက် တချို့သည် လည်း အချင်းချင်း စကားပြောလျှက်၊ တချို့သည်လည်း အနာဂါတ်ကို မျှော်မှန်းကြည့်လျှက်။
ကျွန်တော်နှင့် မလှမ်းမကမ်း ဘယ်ဘက်ရှိ စုံတွဲတစ်တွဲမှာမူ တွတ်ထိုးလျှက် ရှိပါ၏။ သူတို့ဘာတွေပြောနေမှန်း သဲသဲ ကွဲကွဲ မကြားရပါ။ ထိုစုံတွဲနှင့် ကျွန်တော့်အကြားတွင်မူ ခပ်မိုက်မိုက် ၀တ်စားထားသော ရှမ်းလိုလို၊ ကချင်လိုလို မိန်းကလေးတစ်ဦးမှာမူ ဖုံးကို message များပို့နေသည်လားမသိ၊ ကလိနေပါသည်။ ထိုကလေးမ၏ နောက်ဖက်ခပ် ကျကျတွင် ကျောင်းသားနှင့်တူသည့် ကောင်ကလေးတစ်ဦးမှာ ဒူးခေါင်းပေါ် လက်တင်၊ လက်ပေါ်နဖူးတင်ကာ လှပသော အိပ်မက်များမက်နိုင်ရန် ကြိုးစားနေပါသည်။

၂။ အလွန်အရေးကြီးလှသော အလုပ်တစ်ခု

ကျွန်တော့်မှာ လောလောဆယ် အနာဂါတ်တစ်ခုကို ဖန်တီးတည်ဆောက်ခြင်း ဟူသည့်ခေါင်းစဉ်ဖြင့် ဒုတိယပိုင်း ကို ဆက်လက်ရေးသားလျှက်ရှိရာ အချိန်ရှိသမျှ ထိုအကြောင်းသာ ခေါင်းထဲဝင်နေပြီး တချို့ကိစ္စများကို အမေ့မေ့ အလျော့လျော့ ဖြစ်နေမိပါ၏။ တနင်္ဂနွေနေ့ည သန်းခေါင်ကျော် စာရေး၍ ဇက်များ ခေါင်းများ အလွန်ညောင်းညာ လာသောအချိန်တွင်မှ အိမ်သာထဲဝင်ရင်း ညနေက ညီတစ်ယောက်နှင့်ပြောခဲ့သည့် booking လုပ်ထားသည့် လေယာဉ်လက်မှတ် ကိစ္စ သွားသတိရပါသည်။ တဆက်တည်းမှာပင် ဟိုက်- ငါ အခွန်မဆောင်ရသေးပါလား ဟု အလွန် အရေးကြီးသည့် ကိစ္စကို အထိတ်တလန့် သွားသတိရလိုက်ပါ၏။ ထိုအခါမှ အိမ်သာထဲက ကမန်းကတန်း ထွက်လာရင်း လိုအပ်သည့် စာရွက်စာတမ်းများကို လွယ်အိတ်အတွင်း ထိုးထည့်ကာ ၅ နာရီခွဲ နှိုးစက်ပေးပြီး အိပ်ယာထဲ ကမန်း ကတန်း ၀င်လိုက်ရပါတော့၏။ တော်ပါသေးသည်။ လက်မတင်ကလေး သတိရလိုက်ပေလို့။

နှိုးစက်၏ ပယောဂကြောင့် ငါးနာရီခွဲတွင်နိုး၊ လုပ်စရာရှိသည်များ ခပ်သုတ်သုတ်လုပ်ကာ ထွက်ခဲ့ပါသည်။ Lake Side MRT ရောက်တော့ ၅း၄၀။ ကျွန်တော်လည်း ဘူတာရောက်၊ ရထားလည်းဆိုက်။ ထိုရထားမှာ မနက်အစောဆုံး ထွက်သည့် ဒုတိယ ရထား ဖြစ်ဟန် တူပါသည်။ ကျွန်တော်လည်း ရထားပေါ်ရှိ အခြားသူများကဲ့သို့ပင် အိပ်ငိုက်ရင်း လိုက်ပါလာခဲ့ရာ Orchard ဘူတာသို့ ၆ နာရီခွဲတွင် ရောက်ရှိ။ ထိုမှ ဟိုငေး၊ သည်ငေး နှင့် နံနက်ခင်းလေကို တ၀ကြီး ရှူရှိုက်ရင်း ခပ်သုတ်သုတ်လျှောက်။ ၁၅ မိနစ်လျှောက်မိသည်ဆိုလျှင်ပင် စင်ကာပူရောက် မြန်မာများအားလုံး မရောက် မဖြစ် ရောက်ရသည့် St. Martin Drive လမ်းပေါ်မှ တစ်ခုသော ရှေးဟောင်းပြတိုက်ရှေ့သို့ ရောက်ရှိပါတော့၏။


၃။ ကြွက်ခိုးစားသည့် ကြောင်သူတော်များ

ဘာလုပ်ရမှန်း မသိသေးသဖြင့် အရင်ရောက်နှင့်နေသော သူများကို မေးကြည့်ရပါသည်။ ထိုအခါ တစ်ဦးက ရေညှိတက်ပြီး အရောင်မရှိတော့ပြီဖြစ်သော ကနုတ်ပန်းများနှင့် ရေးချယ်ထားသည့် ဆိုင်းဘုတ်ကြီးအနီး၊ ဖွင့်လိုက်လျှင် သူရဲရုပ်ရှင်ကားများထဲမှ တံခါးကြီးအလား ကျွီ၊ ဂျွိ ဂျွိ ဂျွိ ဟု အသံပေးတတ်သည့် သံတံခါးကြီးဘေး အုတ်ခုံပေါ်တွင် ထိုင်နေသည့် မောင်ရင်ကလေးတစ်ဦးကို ညွှန်ပြကာ စာရင်းသွားပေးရန် ပြောပါသည်။ ကျွန်တော်လည်း ထို သူငယ်ကို မြင်ဖူးပါသည် ဟု ကြည့်ရင်း နာမည် စာရင်း ပေးလိုက်၏။ နံနက် ၆ နာရီ ၄၅ မိနစ်၊ ကျွန်တော့်နံပါတ်မှာ ၃၅ ဖြစ်ပါ၏။
စာရင်းပေးအပြီး လွတ်သော ပလက်ဖောင်းတစ်နေရာတွင် ၀င်ထိုင်ကာ အလင်းရောင်သမ်းလာပြီ ဖြစ်၍ ကြာလိမ့်မည်ဟု ကြိုသိနေသဖြင့် ယူလာခဲ့သော စာအုပ်ကို ထုတ်ကာ ဖတ်နေလိုက်ပါ၏။ တခဏမျှ အကြာတွင် ခြေသံ လျှပ်လျှပ် လျှပ်လျှပ်ကို ကြားလိုက်ရပြီး ဦးလေးကြီး ဟု ခေါ်သံနှင့်အတူ ကျွန်တော်နှင့် အရွယ်ချင်း သိပ်ကွာလှဟန် မတူသော အမျိုးသမီးတစ်ဦး နံဘေးနား လာထိုင်ပါ၏။ (ထိုအခါမှ ကျွန်ုပ်လည်း အလုပ်ရှုပ်လှသဖြင့် ခေါင်းကို ဆေးမဆိုး မိခြင်းအပေါ် နောင်တ ရမိသလိုလို ရှိပါတော့သည်။)
တစ်ခုလောက် မေးပြစေ ဟု စကားပလ္လင်ခံကာ သူက S Pass ကို ကိုင်ထားကြောင်း၊ ယခင်က တစ်ခါမှ အခွန် မဆောင်ဖူးသေးပဲ ယခု ပထမဆုံးအကြိမ် ဆောင်မှာ ဖြစ်ကြောင်း၊ ဘာတွေလိုပြီး ဘာတွေလုပ်ရမည် ဆိုသည်ကို မေးလာပါသည်။ ထိုအခါ ကျွန်တော်လည်း ကိုယ်သိသမျှ ပြောပြလိုက်ပါသည်။ ပထမဦးဆုံးအကြိမ် အခွန်ဆောင်သူ များမှာ မိမိကိုင်ဆောင်ထားသော ကဒ်၊ မူရင်း + မိတ္တူ။ ပတ်စ်ပို့ မူရင်း + မိတ္တူ။ လစာဝင်ငွေ ဖော်ပြထားသော အလုပ်ခန့်စာ မူရင်း တို့ကို အခွန်ဆောင်လိုကြောင်းစာတွင် ပူးတွဲ တင်ပြရမည် ဟု ပြောလိုက်ပါ၏။ ထိုအခါ သူမက သူ ရုံးမှ စာတောင်းလာကြောင်း၊ S Pass ဖြစ်သဖြင့် လစာကို ရုံးမှ ၁၈၀၀ ဟု ရေးပေးလိုက်ကြောင်း ပြောရင်း စာထုတ်ပြပါ ၏။ ကျွန်တော်လည်း မနေသာသဖြင့် မိန်းကလေးဖြစ်သဖြင့် လစာကို ၈၀၀ သို့မဟုတ် အများဆုံး ၁၀၀၀ သာပြသင့် ကြောင်း၊ တစ်လလျှင် ၁၈၀ ဆောင်ဘို့ဆိုတာ အလွန်များကြောင်း၊ ထို့ကြောင့် စာပါ လစာကိုပြင်သင့်ကြောင်း ပြောလိုက် ရာ သူက ဒါဆို နောက်နေ့မှ လာဆောင်မှပဲ ဟု ငြီးငြီးငြူငြူ ပြောပါ၏။ ကျွန်တော်က အိမ်နှင့်နီးလျှင် အိမ်တွင် ပြန်ပြီး ပြင်ကာ ပြန်လာလို့ အချိန်မီနိုင်သေးကြောင်း၊ အိမ်တွင်မရှိလျှင်လည်း ဆိုင်ဖွင့်ချိန်ကိုစောင့်ပြီး ဆိုင်တစ်ဆိုင်ဆိုင်တွင် ပြင်ရန် အကြံပေးလိုက်ပါ၏။
ရိုးသားလှသော မမကလေးက သူ့တွင် ကုမ္ပဏီ Letter head နှင့်စာရွက် မရှိကြောင်း၊ ထို့ပြင် မန်နေဂျာ လက်မှတ်ထိုးရန်လည်း လိုသေးကြောင်း ပြောပါ၏။ ထိုအခါတွင်မတော့ ကျွန်ုပ်လည်း မနေသာတော့ပဲ အောင်မယ်လေး ဗျာ၊ ကိုယ့်ဟာကိုယ် ရိုက်ပြီး မန်နေဂျာ နာမည် တစ်ခုရိုက်ထည့်လိုက်၊ ကိုယ့်ဟာကိုယ် ဆိုင်းထိုးလိုက် ပြီးတဲ့ကိစ္စ ခက် နေပြန်ပါပြီ။ သို့တိုင် သူ့မှာ တွေဝေနေပြန်ပါသဖြင့် ဒီမှာ သူတို့ခုလို အခွန် ၁၀ ရာခိုင်နှုံးကောက်နေတာ ဘယ်ဥပဒေ အရ ကောက်တာရယ်လို့ အတိအကျ ရှိလို့လား။ ကျုပ်တို့ ကိုယ့်ဝင်ငွေအတိုင်း အမှန်ပြောဆောင်လို့ကတော့ သေဖွယ်ရာသာ ရှိတော့ မပေါ့ဗျာ။ လူတိုင်း ဒီအတိုင်းလုပ်နေတာပါ။ ဘာမှ ပူမနေပါနဲ့။ အချိန်ရှိတုံး အမြန်သွားလိုက် ဟု အတင်းတွန်း လွှတ်လိုက် မှ တွန့်ဆုတ် တွန့်ဆုတ် နှင့် မလုံမလဲ ထွက်ခွါသွားပါ၏။ ချစ်စရာကောင်းသော မြန်မာ့ရိုးသားမှုများ ပါပေတည်း။
ကျွန်ုပ်လည်း စာအုပ်ကို ပြန်လှန်လိုက်၏။ ခဏကြာသော် တံခါးပေါက်ဝတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသဖြင့် ဘာများပါလိမ့်ဟု သွားရောက် စပ်စု၊ ဘာမှ မဟုတ်မှန်းသိသော် နေရာ ပြန်လာထိုင်။ တစ်ယောက်က ၈ နာရီခွဲမှ ဖွင့်မှာ တဲ့ ဟု ခပ်ကျယ်ကျယ် ကြေငြာလိုက်မှ ကျွန်ုပ်လည်း စာအုပ်ကို စိတ်ချလက်ချ ပြန်ဖတ်။ တက္ကစီနှင့် တစ်မျိုး၊ ခြေလျင် လျှောက်၍ တဖုံ၊ အလုပ်သွားသည့် ကားကြီးနှင့်တနည်း အလှူဒါန ပြုကြသူငါ လုပ်လိုသူများ တဖွဲဖွဲနှင့် ရောက်လာပါ၏။
သို့နှင့် ၈ နာရီခွဲလတ်သော် အပေါက်ဝတွင် ရုတ်ရုတ် ရုတ်ရုတ်နှင့် ဖြစ်သွားပြီး ဖွင့်လိုက်သော လူဝင်ပေါက်မှ အတွင်းသို့ အလုအယက် တိုးဝှေ့ဝင်သွားကြသည်ကို တွေ့လိုက်ရပါသည်။ အို၊ ငါ စာရင်းပေးပြီးသားပေကပဲ ဟု စိတ်ချ လက်ချနှင့် အများနောက်မှ ခပ်အေးအေးပင် လိုက်ဝင်သွားပါ၏။ သံရုံးအတွင်းတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်နေသည် ကို တွေ့ရ၍ ဘာများပါလိမ့်ဟု အနားသွားကြည့်။ တစ်ဦးက မနက်ကယူထားတဲ့ စာရင်းအတိုင်းပဲ သွင်းလိုက်ပါ့မယ် ဟု ဆိုမှ အားလုံး ရှဲလာကာ ထိုင်ခုံများတွင် နေရာယူကြ၏။ ခဏအကြာတွင် ကိုအေးငြိမ်း ဟု လာနှုတ်ဆက်မှ မနက်က ကျွန်တော် စာရင်းပေးခဲ့သော ကိုရင်ကလေးကို သေသေချာချာ တွေ့ရပါသည်။ သူ့ကို ကျွန်တော် အတော်လေး ရင်းရင်း နှီးနှီး သိပါသည်။ သို့သော် နာမည်ကိုသော်လည်းကောင်း၊ ဘယ်မှာတွေ့ဖူးသည်ကို လည်းကောင်း၊ ခေါင်းနောက်လာ သည့်တိုင် အပြေးအလွှား စဉ်းစားပါသော်လည်း ဘယ်လိုမှ အဖြေရှာမရနိုင်သည့် အဆုံး တည့်တိုးပင် မေးရပါ၏။
နေပါဦး၊ ကိုရင့်ကို ကိုယ် သေသေချာချာ သိပါတယ်။ ဘယ်မှာ သိပါလိမ့် ဟု မေးရာ သူက ကိုရောဘတ် မိတ်ဆက်ပေးလို့ ကနေဒါ ကိစ္စနဲ့ အစ်ကို့ဆီကို လာဖူးတယ်လေ ဟု တည့်တည့်ပြောမှ ရိပ်မိပါသည်။ အနီးတွင် ရှိသော လူ တစ်ယောက် အနားကပ်လာကာ အဲဒီလူက နောက်ဆုံးမှ ရောက်လာတာဗျ။ သူ့အရင် မနက်အစောကြီးကတဲက ရောက်နှင့်နေတဲ့ သူတွေကို အားနာဘို့ကောင်းတာပေါ့ဗျာ။ ဒီလိုလုပ်လို့ ဘယ်ကောင်းမလဲ ဟု ပြောလာပါ၏။ ထိုအခါမှ ကျွန်တော့်မိတ်ဆွေကလေးက အင်း၊ ကျွန်တော်လည်း ပြဿနာမဖြစ်ချင်လို့ ဘာမှမပြောပဲ နေလိုက်တာပါ ဟု ဆိုပါ၏။ ကျွန်ုပ်လည်း ထိုအခါမှ ကျွန်ုပ်လည်း ဘာ့ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည် ကို နည်းနည်း ရိပ်မိလာကာ သေသေ ချာချာ မေးရပါ၏။
ဟို ကတုံးနဲ့လူပေါ့ အစ်ကိုရာ၊ ကျွန်တော်က ရောက်တဲ့လူတွေကို စာရင်းလုပ်ထားတာ။ အဲဒါ ၈ နာရီခွဲလို့ တံခါး ဖွင့်တော့ သံရုံးက စာရွက်တစ်ရွက် လာပေးတယ်။ အဲဒါ အဲဒီလူက စာရွက်ကို အတင်းဆွဲလုသွားပြီး သူ့နာမည်ကို အတင်းရေးလိုက်တယ်။ နောက်ပြီး သူနဲ့ပါလာတဲ့ သူတွေလည်း ရေးတယ်။ အဲဒီတော့ သူက (နောက်မှရောက်လာသူ ကို လက်ညှိုးထိုးပြလျှက်) စာရွက်ကို အတင်းလုပြီး ကျွန်တော်လုပ်ထားတဲ့ စာရင်းအတိုင်း ဖြည့်ရေးတာ။ ဒါတောင် ၄ ယောက် ရေးပြီးသွားပြီ။
ထိုအခါ ကျွန်တော်လည်း အတော်ခံပြင်းသွားလျှက် ကျွန်တော့်ကို ဘာလို့စောစောက မခေါ်လိုက်သလဲဗျာ၊ အဲလို လူပေါ်လူကျော်တဲ့ကိစ္စ ကိုယ်ကနည်းနည်းမှ သည်းခံတတ်တာ မဟုတ်ဘူး ဟု သူခိုးပြေးမှ ထိုးကွင်းထလိုက်ပါ၏။ သူ့တစ်ယောက်အတွက်နဲ့ ပြဿနာမတက်ချင်လို့ ကျွန်တော်တို့လည်း ငြိမ်နေလိုက်တာပါ ဟု ပြောပါသည်။ ထိုသူများ ကား ကျွန်တော့်ထက် ပိုလိမ္မာသူများ ဖြစ်ပါသည်။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်စဉ်က ထိုနေရာတွင် ကျွန်တော်ရှိနေပါက ထိုသူ ရော ကျွန်တော်ပါ မလွယ်ပါ။ ကျွန်တော့်မှာ ထိုကိစ္စမျိုးကို အနည်းငယ်မှ ခွင့်လွှတ်တတ်သူမဟုတ်ရကား ကိစ္စများမှာ သေချာနေပါသည်။
ဘယ်လိုလူစားပါလိမ့် ဟု သိချင်သည်နှင့် ထို ကတုံးနှင့်လူ ဆိုသူကို လိုက်ရှာပါသည်။ သိပ်မရှာလိုက်ရပါ။ ကောင်တာရှေ့ဆုံးတွင် ရပ်လျှက်ရှိသည်ကို တွေ့ရပါသည်။ မျက်မှန်အနက် တပ်ထားလျှက် အရပ်ရှည်ရှည်၊ ရှပ်လက်ရှည် အစင်း၊ ဘောင်းဘီအနက်၊ ပြောင်လက်နေအောင် တိုက်ထားသော ရှူးဖိနပ် စသည်တို့ကို သေချာစွာ ၀တ်စားထား သည်ကို တွေ့ရပါသည်။ သူ့ပုံကိုကြည့်ခြင်းဖြင့် ထိုသူသည် သာမန် အလုပ်သမားတစ်ဦး မဟုတ်နိုင်မှန်း သေချာလှပါ သည်။ သူနှင့်အတူ ပါလာသော အမျိုးသမီးမှာလည်း အနံကြီး ကွင်းကျယ် ဒီဇိုင်းမျိုးဖြစ်လေရာ ကျွန်တော့်ခန့်မှန်းချက်မှာ မမှားနိုင်ပါ။
မိမိဝတ်စားထားသော အ၀တ်များကိုမှ အားမနာပဲ ခွေးဝဲစားအကျင့်မျိုး ကျင့်ခြင်းကိုမူ ကျွန်တော် အလွန် ရွံရှာမိ ပါသည်။ ဤကဲ့သို့သော လူစားမျိုးများ ကျွန်တော်တို့ မြန်မာလူမျိုးများအတွင်း ဘယ် နှရာခိုင်နှုံးလောက် ရှိပါသနည်း။ ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကြောင့် ၁ ရာခိုင်နှုံးထက် မကျော်ပါစေနှင့် ဟု ဆုတောင်းမိပါသည်။ သို့သော် ကျွန်တော့် ဆုတောင်း ပြည့်ဘို့ မလွယ်လှပါ။ မိတ်ဆွေတို့ သိပြီးဖြစ်သည့်အတိုင်း မြန်မာနိုင်ငံ တနံတလျားတွင် ထို ဒေ၀ဒတ်၏ သားသမီး၊ မြေးမြစ်၊ အဆက်အနွယ်များ အမြောက်အများ ရှိပါပေသည်။ သို့မို့ကြောင့်ပင် ထိုသည်ကို မြင်ပြင်းကပ်လှသည့် အချုပ်တန်းဆရာဖေက ကျွန်တော်တို့အတွက် အောက်ပါကဗျာကို ရေးဖွဲ့ထားခဲ့ခြင်း ဖြစ်ပါသည်။

ဗမာတွေ စည်းကမ်းဖောက်လို့
ထီးနန်းပျောက် ဖြစ်ပြီ
နည်းလမ်းမှောက် အသစ်ကို မှီသည်
ညစ်ပလီလူမျိုး
မိပစ်လို့ ဘ ရှောင်သွေသည်
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။

ဗမာချင်း ကြွားကြချင်
ဓါးပြသွင် လူဆိုး
ကုလားမြင် သူ့အမေ ရိုးတော့မလို
ခုမြေလျှိုး ပုန်းရှောင်၊
မိုက်မနော် ပြုမဟေးတို့က
သူ့ပထွေးတော့ ခွေးသို့မဟောင်
ပြောရော့ဟဲ့ ရာဇ၀င်ပြောင်အောင်
စာသင် တောင် ဦးချလို့ (စာသင် = ဆာဂျင် = ရဲ သုံးပွင့် အဆင့်)
ပလူးရ ပြေးကြို့ခါခါ
ခွေးသို့ ပမာ
တွေးမိတိုင်း အရိုးနာသည်
အမျိုးပါ ဆဲချင်ပေါ့လေး။ ။

ကျွန်တော်သည်လည်း အမျိုးကိုပါ ဆဲလိုက်ချင်ပါသည်။ ဤသည်ကို အတွင်းသိဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း ကလည်း ဒီကနေ့ကစပြီး ခင်ဗျားတို့ေ-ာက်ကျင့်တွေကို ပြင်ဘို့လိုပြီ ဟု ပြောခဲ့ခြင်း ဖြစ်ပါသည်။

၎။ အသက်တစ်ရာမနေရ၊ အမှု တစ်ရာတွေ့ရ

အနီးမှ အစ်မကြီးတစ်ဦးက အင်း အရင်က ၃၁။ ခု ၄ ယောက် ပေါင်းလိုက်တော့ ၃၅ ဖြစ်သွားပြီ ဟု စိတ်မောစွာ ရေရွှတ်လိုက်ပါသည်။ ခဏအကြာတွင် ( ၉နာရီ ၁၅မိနစ်) နံပါတ် ၁ ကနေ ၅ လာပါ ဟု မိုက်မှ ကြေငြာသံ ကြားလိုက် ရ၏။ ကိုယ့်အလှည့်ရောက်ဖို့ အဝေးကြီးလိုသေးသည်နှင့် အပြင်ထွက်ကာ ခြံစည်းရိုးနားတွင် တန်းစီချထားသည့် ထိုင်ခုံ များတွင် သွားရောက်ထိုင်ကာ စာအုပ်ကို ထုတ်လိုက်ပါ၏။ ထိုခဏ လူရိပ်မြင်လိုက်ရသဖြင့် မော့ကြည့်လိုက်ရာ လွန်ခဲ့ သည့် ၈ နှစ်ကျော်က Keppel Shipyard တွင် လုပ်စဉ် အတူလုပ်ကိုင်ခဲ့ရသည့် မိတ်ဆွေဟောင်း တစ်ဦးကို တွေ့လိုက်ရ ပါ၏။ ရှေးဟောင်းနှောင်းဖြစ် အနည်းငယ်ပြောကြရင်းမှ သူနှင့် ပါလာသည့်ပုဂ္ဂိုလ်က အင်း၊ လွယ် လွယ်ပါ့မလား မသိဘူး ဟု ရေရွတ်လိုက်ပါ၏။ အကြောင်းကို စုံစမ်းသော် ဒီလို အစ်ကိုရဲ့ ဟု ဇာတ်စုံခင်းပြပါ၏။
သူ့သူငယ်ချင်းဖြစ်သူမှာ စင်ကာပူ PR တစ်ဦးဖြစ်ပြီး ထိုင်းသို့ ခေတ္တအလည်သွားစဉ် အလုခံရသဖြင့် ပတ်စ်ပို့ ပျောက်သွားကြောင်း၊ ထို့ကြောင့် အသစ်လုပ်ရန် လာစုံစမ်းကြောင်း ပြောပါ၏။ ကျွန်တော်ကလည်း အို၊ ဒါ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပါ၊ ဟိုမှာ လျှောက်လွှာသွားယူချေ။ ပြီးတော့ ပတ်စ်ပို့မိတ္တူ။ အခွန်ပြေစာ မိတ္တူတွေ ယူပြီး တင်လိုက်ပါ ဟု ပြောလိုက်ပါသည်။ ထိုအခါသူက သူ့သူငယ်ချင်းသည် ထိုင်းမှ မြန်မာသံရုံးသို့ သွားပြီးအကြောင်းကြားရာ သံရုံးက စင်ကာပူရှိသံရုံး အကြောင်းကြားစာ ယူရန် ပြောသဖြင့် သူလာရခြင်း ဖြစ်ကြောင်း၊ ထိုင်းမှ မြန်မာသံရုံးက စင်ကာပူ မြန်မာသံရုံးသို့ ဖုံးဆက်ပြီး ဖြစ်ကြောင်း ပြောပါ၏။ ထို့နောက် သူ လျှောက်လွှာသွားယူရင်း စုံစမ်းပြီးပြန်ထွက်လာပါသည်။ ယခင် အခွန်ဆောင်ထားသော နောက်ဆုံးလမှ ယခုထိ ထပ်မံ အခွန်ဆောင်ရန် လိုကြောင်း (ထို အခွန် ဆိုသည့် ကိစ္စကြီး မှာ ကျွန်တော်တို့ ဘာလုပ်လုပ် ငုတ်တုတ်မေ့အောင် ချည်နှောင်ထားသော သံကြိုးကြီးတစ်ချောင်း ဖြစ်ပါ၏)၊ ထို ပုဂ္ဂိုလ်မှာ PR ဖြစ်လာတာ မကြာသေးကြောင်း၊ ယခင်က work permit နှုံးနှင့် ဆောင်လာသဖြင့် ယခု ပြဿနာ တက်ရပါကြောင်းများ ထပ်မံ ကြားသိရပြန်ပါ၏။
ထို့နောက် ထိုသူလည်း ဟိုလူ့ ဖုံးဆက်လိုက်၊ သည်လူ့ ဖုံးဆက်လိုက်၊ သံရုံးအတွင်းဝင်သွားလိုက်၊ ပြန်ထွက်လာ လိုက်နှင့် အလွန် ဗျာများလျှက် ရှိသည်ကို တွေ့ရပါသည်။ သြော်၊ အသက်တစ်ရာသာ မနေရ ရှိမယ်၊ အမှု တစ်ရာ ကတော့ သေချာပေါက် တွေ့ကြသူချည်း။

၅။ အလှူဒါန ပြုကြသူငါ

ဗဟုသုတ အနေနှင့် မသိသေးသူများ သိစေရန် ပြန်လည် ဝေငှပါအံ့။ ကျွန်တော်တို့ ပေးဆောင်နေရသော (အခွန်ထမ်းတာ မဟုတ်ပါ။ အခွန်ပေးတာ ဖြစ်ပါ၏။ အခွန်ထမ်းလျှင် ထို အခွန်ငွေများမှာ နိုင်ငံတော်ဘဏ္ဍာ အတွင်း ရောက်သွားမည်ဖြစ်ပြီး ယခု ကျွန်တော်တို့ ပေးလိုက်ရသော အခွန်ဟု နာမည်ခံထားသည့် ပိုက်ဆံများမှာတော့ မည်သည့်နေရာသို့ စီးမျောသွားမည် ဖြစ်ကြောင်း ခင်ဗျားတို့ ကျွန်တော်တို့ မသိနိုင်ပါ၊ သိခွင့်လည်း မရှိပါ။) အခွန်များကို အကြမ်းဖျဉ်း အောက်ပါအတိုင်း သတ်မှတ်နိုင်ပါ၏။ (တစ်လချင်း နှုံးထားများ ဖြစ်ပါသည်)

v ကျောင်းသား (ကျောင်းသားကဒ်ပြနိုင်လျှင်)(ကျောင်းထောက်ခံစာ လိုကောင်းလိုပါမည်) – S$ 20.00
v Maid – S$ 30.00
v Work Permit – S$ 40.00
v S Pass – S$ 80.00
v Permanent Resident (PR) – S$ 120.00
v (ယခင်က) EP - S$ 150.00

ယခုအခါ ကျွန်ုပ်တို့ စင်ကာပူ မြန်မာသံရုံးမှာလည်း အတော်အတန် (ခေတ်နှင့်အမီ) ဖွံ့ဖြိုးတိုးတက်လာပါပြီ ဟု ဆိုနိုင်ပါသည်။ ယခင်က သံရုံးကိစ္စရှိလျှင် အိမ်မှ လျှောက်လွှာစာရွက် ယူသွားရပြီး ကြော်ငြာသင်ပုန်းတွင် ကပ်ထားသည့် နမူနာပုံစံအတိုင်း လက်ရေးဖြင့် -
သို့

သံအမတ်ကြီး
မြန်မာသံရုံး
.......
ဘာညာကွိကွ ----- ကူးရေးရပါသည်။ အိမ်မှ လျှောက်လွှာစာရွက် မပါလာသည့် အနှီသကောင့်သား၊ သကောင့် သမီးများအတွက် ကျွန်တော် သံရုံးသွားတိုင်း စာရွက်အပိုများ ထည့်ယူသွားလေ့ရှိပါ၏။ ယခုမူ ထို လျှောက်လွှာပုံစံများ (အခွန်ပေးဆောင်ရန်ကိစ္စ၊ ပတ်စ်ပို့ သက်တမ်းတိုးရန် ကိစ္စ၊ ပတ်စ်ပို့ပျောက်ဆုံးသဖြင့် အသစ် လုပ်ရန် ကိစ္စ၊ ကျောင်းသား ထောက်ခံစာ၊ အလုပ်မလုပ်ကြောင်းထောက်ခံစာ စသည်) ကို စားပွဲတစ်လုံးပေါ်တွင် ထားပေးထားပါ၏။ မိမိနှင့် သက်ဆိုင်သော လျှောက်လွှာကိုယူ၊ ဖြည့်ပြီး တင်လိုက်ရုံသာ ဖြစ်ပါ၏။ ထို့ပြင် သံရုံးတည်ရှိရာ နေရာမှာလည်း ဟို့....လူမနီး သူမနီး (အဲလေ) လူကုံထံများနေသော ပိုက်ဆံဝါလားများသာ လာနိုင်သည့် ဆိုင်ကြီး ကနားကြီးများ တည်ရှိရာနေရာ ဖြစ်ရကား စာရွက်ကလေးတစ်ခု မိတ္တူကူးချင်လျှင် အင်မတန် ဒုက္ခရောက်ပါသည်။ ထို အနီးတ၀ိုက်တွင် မိတ္တူကူးစက်သော်လည်းကောင်း၊ ATM စက်သည်လည်းကောင်း၊ စားသောက်ဆိုင်သည် လည်းကောင်း ဘာကမှ မရှိသော နေရာ ဖြစ်ပါ၏။ ယခုမူ သံရုံးအတွင်းတွင် ပိုက်ဆံထည့်ပြီး ကူးနိုင်သော (လွန်ခဲ့သော အနှစ်၃၀ က ဒီဇိုင်း) မိတ္တူကူးစက် တစ်လုံး ရှိနေပြီ ဖြစ်ပါ၏။ ( Customer များအား take care လုပ်သည့် သံရုံးအား ကျွန်ုပ်မှ customer များကိုယ်စား အလွန်အထူး ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ် ပါ၏။)
စက်ကလည်း အလွန် လူလည်ကျ(အဲလေ) စက်လည်ကျသော စက်ဖြစ်ပါ၏။ ကျွန်တော့မှာ မိတ္တူကူးစက် နံဘေး ထိုင်နေရင်း သူတို့လုပ်ပုံကိုင်ပုံများကို တစေ့တစောင်း အကဲခတ်မိပါ၏။ လာကူးလိုက်။ လေးငါးရွက်လောက် ကူးပြီး စာရွက် ဂျမ်းဖြစ်သည်ဆိုကာ ဟိုဖွင့်၊ သည်ဖွင့် လုပ်လိုက်။ သို့နှင့် မနေနိုင်သူပီပီ စပ်စုမိပြန်ပါသည်။ စက်ကို ဂလုံး ဂလွမ်းနှင့် ပိတ်လိုက် ဖွင့်လိုက် လုပ်ပြီးသကာလ စက်က ပိုက်ဆံတောင်းပါသည်။ ကဒ် ထည့်ပြီး ပြန်နှိပ်ပါ ဟူ၏။ သို့နှင့် ကူးလက်စ အစ်မကြီးကို ပိုက်ဆံ အပြား ၂၀ ထပ်ထည့်ရန် ပြောလိုက်ပါသည်။ (သူတို့အကြွေကုန်သွားတိုင်း ကျွန်တော် ကူညီလိုက်ရရာ ပါသမျှ အကြွေစေ့အားလုံး ချောသွားပါသည်)။ အဖုံးဖွင့်ကြည့်သော အခါ စာရွက်တစ်ရွက်မှ ငြပ်မနေ သော စက်က စက္ကူ ဂျမ်းဖြစ်နေပါသည် ဟု သတင်းပေးလျှက် အဖုံး ပိတ်လိုက်ပြီး ပိုက်ဆံထည့်လိုက်သောအခါ ပြန်ကောင်း၊ ပြန်ကူးလို့ ရသွားပြန်ပါ၏။ ဗိုက်ကလေးလိုသာ ထူးဆန်းပါပေ့ ဆတွတ်ရယ် ဟု အာမေဋိတ် ပြုလိုက်ချင် ပါတော့သည်။ နောက်လူများကိုလည်း ဤအတိုင်းဆက်လုပ်ရန် သတင်းပေးလိုက်ရပါ၏။
နောက်တစ်ခုက အဲယားကွန်း အလုပ်လုပ်လာခြင်း ဖြစ်ပါ၏။ ယခင်က အဲယားကွန်းရှိသော်လည်း အလုပ်မလုပ် သဖြင့် အခန်းကျဉ်းအတွင်း လူပေါင်းများစွာဖြင့် အလွန် ပူအိုက်လှပါသည်။ ယခုမူ အနည်းငယ် နေသာထိုင်သာ ရှိလာပါပြီ။ ထို့ပြင် water cooler လည်း ရှိပါသည်။ (ဒါပေသိ ခံသောက်ဖို့ ခွက်တော့ လိုပါလိမ့်မည်။ ရေဗူးပါလာသူများ ကတော့ ရေဗူးနှင့် ထည့်သောက်ပါသည်။ ကျွန်တော့်မှာ ဘာကမှ ပါမလာသလို တောမှာလို လက်ခုပ်နှင့် ခံသောက်ဖို့ရာ လည်း လူမြင်မတော်လှသဖြင့် မြင်သာမြင် မကြင်ရ ဖြစ်နေရပါ၏။)
နံပတ် ၁ ကနေ ၂၀ စသဖြင့် နံပါတ်စဉ်အလိုက်ခေါ် နေပါသည်။ ကိုယ့်အလှည့်ရောက်ရန် လိုသေးမှန်း သိနေ သော်လည်း ကျွန်တော့်မှာ စိတ်အေးလက်အေး စာဖတ်မနေနိုင်ပါ။ ဂဏှာမငြိမ် ဖြစ်နေပြီး စာမျက်နှာ တစ်ခုပြီး တစ်ခုသာ ကုန်သွားသည် ဘာဖတ်လိုက်မှန်းမသိ။ သို့နှင့် စာအုပ်ကို လွယ်အိတ်ထဲ ထည့်ထားလိုက်ပြီး ဟိုငေး သည်ငေး ဖြင့် စောင့်ဆိုင်းနေလိုက်ပါသည်။ နံပတ် ၃၀ ကနေ ၄၀ ဟု ခေါ်လိုက်သောအခါတွင်မူ ထီပေါက်စဉ်ကြေငြာသံတွင် မိမိ နံပါတ်ကို ကြားလိုက်ဘိသည့်အလား ၀မ်းသာသွားလျှက် ကောင်တာရှေ့သို့ သွားတန်းစီလိုက်ပါ၏။
ကျွန်တော့် အလှည့်တွင် အစ်မကြီးက ဟော၊ ဟိုတစ်ခါ ကလေးကိစ္စ အဆင်ပြေသွားပြီလား ဟု ပဋိသန္တာရ ပြုပါ၏။ နေ့စဉ် လူပေါင်း သောင်းခြောက်ထောင်နှင့် ဆက်ဆံနေရသည့်တိုင် လွန်ခဲ့သည့် ၁၀ လကျော်က ကျွန်တော့် သား နာမည်ပြောင်းဘို့ကိစ္စကို မှတ်မိနေသေးသော ထို အစ်မကြီး၏ မှတ်ဉာဏ်ကို အတော် လေးစားသွားရပါသည်။ ဟုတ်ကဲ့၊ အစ်မကြီး မှတ်မိသေးတယ်နော်၊ ကျေးဇူးတင်ပါတယ် ခင်ဗျာ ဟု ပြောပြီးချိန်တွင် ဦးအေးငြိမ်းက PR မဟုတ် လား။ အရင်လို ၁၀၀ နဲ့ဆောင်လို့မရတော့ဘူး၊ ခု PR တွေကို ၁၂၀ နဲ့ဆောင်ဘို့ မူပြောင်းထားတယ် ဟု ယဉ်ကျေးချိုသာ စွာ ပြောပြပါသည်။ သြော် ဟုတ်လား၊ ဟုတ်ကဲ့ ဟုတ်ကဲ့၊ ကျွန်တော် ထမင်းစားသွားရင်းနဲ့ လိုတာ ထပ်ထုတ်ထားလိုက် ပါမယ် ဟု ပြောရာ သူက တစ်နှစ်စာကို ၁၂ x ၁၂၀ = ၁၄၄၀ ကျပါမယ် ဟု တွက်ပေးပါသည်။
ထို့နောက် နေ့လည်စာစားရန် Orchard လမ်းမကြီးပေါ်ရှိ Mc Donald သို့ သွားပါသည်။ ကိုယ့်နာမည် လွတ်သွားမှာ စိုးသဖြင့် အေးအေးဆေးဆေး စားမနေနိုင်။ ပါဆယ်ထုပ်ကာ ပြန်လာပါသည်။ ရေသောက်ရန် သတိရ သော်လည်း ရေပုလင်းမေးကြည့်ရာ ၃၅၀ စီစီပါ ရေပုလင်းအသေးတစ်လုံးကို ၂ ကျပ်ခွဲ ဟု ဆိုသဖြင့် ညီမလေးရယ်၊ NTUC မှာ တစ်ပုလင်းမှ ငါးမူးပဲ ရှိပါတယ်ကွာ ဟု မ၀ယ်ပဲ ပြန်ခဲ့ပါ၏။ ဒါက Orchard လေ အန်ကယ်ရဲ့ ဟု ပြန်ပြော ပါသည်။ ထိုကလေးမကလေးများမှာ အသက်ငယ်ငယ် ကုလားမကလေးများ ဖြစ်၍ အတူပါလာသူ သူငယ်ချင်းကို မေးကြည့်ရာ သူက Mc Donald နှင့် KFC များတွင် ကျောင်းများပိတ်သောအခါ ကျောင်းသူ၊ ကျောင်းသားများကို ဦးစားပေး ခန့်ထားကြောင်း၊ သူတို့လည်း ကျောင်းသူများ ဖြစ်နိုင်ကြောင်း၊ ကျောင်းပိတ်ထားသဖြင့် ထိုဆိုင်များတွင် ၀င်လုပ်နေတာ ဖြစ်မည်ထင်ကြောင်း ရှင်းပြပါ၏။ ကောင်းလေစွ တကား။
တိုတို ပြောရလျှင် သံရုံးပြန်ရောက်၊ အထဲ ခဏ၀င် အခြေအနေကို အကဲခတ်။ ကိုယ့်အလှည့်နှင့် အတန်ငယ် ဝေးသေးမှန်း သိရသဖြင့် အပြင်ထွက် ဘာဂါကို နေ့လည်စာအဖြစ်စား။ သံရုံးထဲဝင်။ ပြန်စောင့်။
ဦးအေးငြိမ်း ဟု ခေါ်သံကြားသော် ချွေးနှဲစာကလေးများကို နိုင်ငံတော်သို့ ပေးလှူ။
အားလုံး ကိစ္စ၊ ၀ိစ္စပြီး၍ သံရုံးအတွင်းမှ ပြန်ထွက်လာသော် နေ့လည် ၁၂ နာရီ ၃၅ မိနစ်။

အခွန်ဆောင်လို၍ ဖြစ်စေ၊ အကြောင်းတစုံတရာကြောင့် သံရုံးသို့ သွားလိုလျှင် မနက်စောစော ၈ နာရီ မတိုင်မီ၊ ဖြစ်နိုင်လျှင် ၇ နာရီလောက် အရောက်သွားကြပါဟု သတင်းပေးလိုက်ရပါ၏။
(ပြောစရာများ အတော်များများ ရှိသေးသော်လည်း စာမျက်နှာ အတော်စားသွားပြီဖြစ်ရာ နောက် အလျဉ်းသင့်မှ ထပ်ပြောပါမည်။ သည်းခံ ခွင့်လွှတ် နားဆင်တော်မူကြပါခင်ဗျား)။

Thursday, December 11, 2008

Working in Singapore Part VII

၂၊ ၄။ ပေးဆောင်ရမည့် အခွန်အခများ

အောက်ဖော်ပြပါ သတင်းအချက်အလက်များကို စင်ကာပူ အစိုးရ Website http://www.iras.gov.sg/ မှ ထုတ်နှုတ် ဖော်ပြထားခြင်း ဖြစ်ပါ၏။ စင်ကာပူတွင် အလုပ်လုပ်သူတိုင်းထံသို့ စင်ကာပူ အခွန်ရုံး Inland Revenue Authority of Singapore (IRAS) မှ နှစ်စဉ် အခွန်တောင်းခံလွှာများကို မိမိတို့အလုပ်လုပ်နေသည့် ကုမ္ပဏီများမှ တဆင့် ပို့လေ့ရှိပါသည်။ ကုမ္ပဏီမှ မိမိဝန်ထမ်းအား IR8A ပုံစံထုတ်ပေးရပါသည်။ အလုပ်သမားက ထို IR8A form တွင်ဖော်ပြထားသည့် ၀င်ငွေအတိုင်း IRAS မှ ပို့ပေးသော ပုံစံတွင် ဖြည့်စွက်ကာ နှစ်စဉ် ဧပြီလ ၁၅ ရက်မတိုင်မီ IRAS ရုံးသို့ ပြန်လည် ပေးပို့ ရပါသည်။ အခွန်တောင်းခံလွှာ ပို့ကတည်းက ပုံစံနှင့်တကွ အပိုစာအိတ်တစ်အိတ်ပါလာကာ ပုံစံထဲတွင် ဖြည့်စွက်ပြီးသောအခါ ထိုစာအိတ်အတွင်း ထည့်ကာ စာတိုက်ပုံးထဲထည့်ပြီး ပြန်ပို့လိုက်ရုံသာ ဖြစ်ပါ၏။ စာအိတ်ပေါ် တွင် လိပ်စာ တပါတည်းရေးထားပြီး တံဆိပ်ခေါင်းကပ်ရန်လည်း မလိုပါ။ အခွန်ပေးဆောင်ခြင်းသည် အရေးကြီးသော အခန်းဏ္ဍမှ ပါဝင်နေသဖြင့် ဤနေရာတွင် ကျွန်တော် ပြည့်စုံနိုင် သမျှ ပြည့်ပြည့်စုံစုံ ဖော်ပြပါမည်။ မိမိနှင့် မသက်ဆိုင်သည်များကို ကျော်ဖတ်သွားကြရန် ဖြစ်ပါ၏။

၂၊ ၄၊ ၁။ မည်သူသည် Income Tax ပေးဆောင်ရန် လိုသနည်း

ဝင်ငွေခွန်တွက်ရာတွင် ၀င်ငွေဆိုသည်မှာ လစာအပြင် အပိုရရှိသော ဆုကြေး (bonus) နှင့် အခြားဝင်ငွေများ အားလုံးကို ပေါင်းပြီး ဆိုလိုခြင်း ဖြစ်ပါသည်။ အောက်ဖော်ပြပါသူများသည် သတ်မှတ်ထားသော ၀င်ငွေခွန် ပေးဆောင်ရန် လိုပါသည်။ ၁။ စင်ကာပူ နိုင်ငံသား ၂။ ဧည့်နိုင်ငံသား (Singapore Permanent Resident) ၃။ စင်ကာပူနိုင်ငံတွင် ၁၈၃ ရက်ထက် ပိုမို နေထိုင်သူ (သို့မဟုတ်) အလုပ်လုပ်ကိုင်နေသူ

တစ်နှစ်လျှင် လခ နှစ်သောင်းအောက်သာ ရသော Work Permit သမားများအနေနှင့် စင်ကာပူ အစိုးရ သို့ ၀င်ငွေခွန် ပေးဆောင်ရန် မလိုပါ။ ပေးပင် မပေးဆောင်ရသော်ငြား မိမိတို့ ၀င်ငွေ မည်မျှရှိသည်ကိုမူ အခွန်ရုံးသို့ ဖော်ပြရမည် ဖြစ်ပါ၏။ ထိုအခါ အခွန်ရုံးက မိမိသည် ထိုနှစ်အတွက် အခွန်ပေးဆောင်ရန် S$ 0.00 သာ ရှိပါသည် ဟု အကြောင်းပြန်လိမ့်မည် ဖြစ်ပါ၏။ မိမိသည် ထိုနှစ်အတွက် အခွန်ပေးဆောင်ရန် မလိုကြောင်း ထို စာ (Income Tax Statement) ကို သေသေချာချာ သိမ်းထားရပါလိမ့်မည်။ အကြောင်းတစုံတရာ ပေါ်ပေါက်လာပါက ပြနိုင်ရန် ဖြစ်၏။ တစ်နှစ်လျှင် ၀င်ငွေ နှစ်သောင်းအထက် ရသူများသည် အထက်ပါ ဇယားအတိုင်း အချိုးကျ ပေးဆောင်ရန် ဖြစ်ပါ၏။ ၀င်ငွေခွန်ပေးဆောင်ရာတွင်လည်း အလွန် လွယ်ကူပါသည်။ စာတိုက်တွင်ပေးဆောင်၍ ရသလို နေရာတိုင်းလိုလို တွင် ရှိသည့် SAM (Selfservice Automated Machine) များတွင်လည်း ပေးဆောင်နိုင်ပါသည်။ သို့မဟုတ် Internet Banking ဖွင့်ထားသူများအဖို့မူ မိမိစားပွဲပေါ်မှနေပြီး ကျသမျှ ငွေကို ရိုက်ထည့်ကာ ကလစ်နှိပ်လိုက်ရုံသာ ဖြစ်ပါသည်။

၂၊ ၄၊ ၃။ အခွန်ပေးဆောင်ရန် မလိုသော (အခွန်ပေးဆောင်ရာတွင် နှုတ်ထားနိုင်သည့်) ကြေးငွေများ
မိမိဝင်ငွေများအားလုံး (Gross Income) ကို အခွန်ပေးဆောင်ရန် မလိုပဲ ကျသင့်သလောက် (Taxable Income) ကိုသာ ပေးဆောင်ရမည် ဖြစ်ပါသည်။ ကျသင့်သလောက်ဆိုသည်မှာ မိမိဝင်ငွေများထဲမှ မိမိကိုယ်တိုင်၏ ၀င်ငွေအတွက်လည်းကောင်း၊ မိမိဇနီးအတွက် လည်းကောင်း၊ မိမိသားသမီးများအတွက် လည်းကောင်း၊ မိမိနှင့် အတူနေ မိဘများ၊ ယောက္ခမများအတွက် လည်းကောင်း၊ အဖိုးအဖွားများအတွက် လည်းကောင်း အတိုင်းအတာ တစ်ခုထိ နှုတ်ထားနိုင်ပါသည်။ မည်မျှ နှုတ်နိုင်သည်ကို အောက်တွင် ဇယားများဖြင့် ဖော်ပြထားပါ၏။ မိမိဝင်ငွေထဲမှ နှုတ်လို့ရသမျှ နှုတ်ပြီး ကျန်သော ငွေပေါ်တွင်သာ အခွန်ပေးဆောင်ရန် လိုပါသည်။

အခွန်ဆောင်ရန် ငွေတွက်ချက်ရာတွင် မိမိဝင်ငွေခွန်ထဲမှ နှုတ် နိုင်သော ပမာဏများ

၁။ မိမိအတွက် (လျှော်လိုက်သည့် ၀င်ငွေခွန်)

အသက် ၅၅ နှစ်အောက် S$ ၁၀၀၀
အသက် ၅၅ မှ ၅၉ ထိ S$ ၃၀၀၀
အသက် ၆၀ နှင့် အထက် S$ ၄၀၀၀
အကယ်၍ မိမိသည် မသန်မစွမ်း ဖြစ်ပါက -

အသက် ၅၅ နှစ်အောက် S$ ၂၀၀၀
အသက် ၅၅ မှ ၅၉ ထိ S$ ၅၀၀၀
အသက် ၆၀ နှင့် အထက် S$ ၆၀၀၀
၂။ မိမိ၏ ဇနီးအတွက် -
သာမန် ဇနီးအတွက် - S$ ၂၀၀၀
ခြေလက်အင်္ဂါ မသန်စွမ်းသော ဇနီးသည်အတွက် - S$ ၃၅၀၀
မှတ်ချက်။ ။ အကယ်၍ ဇနီးသည် သည် အလုပ်လုပ်သူ ဖြစ်ပါက လခ S$၂၀၀၀ အောက်ရသူ ဖြစ်ရပါမည်။

၃။ မိမိ၏ သားသမီးများ အတွက် -
(မိမိ၏ သားသမီးအရင်းများသာမက တရားဝင် မွေးစား သားသမီးများအတွက် ပါ ပါဝင်ပါသည်။)

ခြေလက် သန်စွမ်းသော အောက်ဖော်ပြပါ သားသမီး/မွေးစား သားသမီးများ (Qualifying Child Relief – QCR) အတွက် -
၁။ မိမိထောက်ပံ့နေရသော အသက် ၁၆ နှစ်အောက် အိမ်ထောင်မရှိသူ
၂။ အချိန်ပြည့် ကျောင်းတက်နေသော အသက် ၁၆ နှစ်ကျော် အိမ်ထောင်မရှိသူ
၃။ အကယ်၍ သားသမီးသည် အလုပ်လုပ်နေပါက လခS$၂၀၀၀ ထက် မကျော်သူ

သားသမီး ကြီးစဉ်ငယ်လိုက် နှုတ်နိုင်သော ပမာဏ (QCR Allowable)
ပထမ၊ ဒုတိယ နှင့် တတိယ ကလေး တစ်ဦးလျှင် S$ ၂၀၀၀ ကျစီ
စတုတ္ထ ကလေး S$ ၂၀၀၀

ခြေလက် မသန်စွမ်းသော၊ စိတ်မူမှန်သော လက်မထပ်ရသေးသူ သားသမီးများအတွက်မူ S$ ၃၅၀၀ နှုတ်လို့ရပါ၏။
အကယ်၍ ကလေးများ၏ မိခင်သည် အလုပ်လုပ်နေသူ ဖြစ်ပါက ထိုအတွက် ထပ်မံခံစားခွင့် (Working Mother’s Child Relief – WMCR) ကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။

သားသမီး ကြီးစဉ်ငယ်လိုက် နှုတ်နိုင်သော ပမာဏ (WMCR Allowable)
ပထမ ကလေး မိခင် ၀င်ငွေ၏ ၅ ရာခိုင်နှုံး
ဒုတိယ ကလေး မိခင် ၀င်ငွေ၏ ၁၅ ရာခိုင်နှုံး
တတိယ ကလေး မိခင် ၀င်ငွေ၏ ၂၀ ရာခိုင်နှုံး
စတုတ္ထ ကလေး မိခင် ၀င်ငွေ၏ ၂၅ ရာခိုင်နှုံး
အများဆုံး ခံစားနိုင်ခွင့် ကလေးတစ်ဦးလျှင် S$ ၂၅ ၀၀၀ ကျစီ

၎။ အောက်ပါ မိမိ၏ သို့မဟုတ် မိမိခင်ပွန်း/ဇနီးသည်၏ မိဘ/မသန်မစွမ်း မိဘ/အဖိုး၊ အဖွားများ အတွက် -

၁။ အခွန်ပေးဆောင်ရမည့် နှစ်တွင် စင်ကာပူနိုင်ငံအတွင်း နေထိုင်သူ
၂။ အသက် ၅၅ နှစ်နှင့် အထက် သို့မဟုတ် ရုပ်ပိုင်း/စိတ်ပိုင်း ချို့ယွင်းနေသူ
၃။ မိဘ တစ်ဦးလျှင် ၀င်ငွေ S$ ၂၀၀၀ ထက် မပိုသူ (လခ သို့မဟုတ် ပင်စင်လခ သို့မဟုတ် အတိုးနှုံး စသည်)

သာမန် မိဘများအတွက် ခြေလက်မသန်စွမ်းသူ မိဘများအတွက်
မိမိနှင့် အတူမနေလျှင် S$ ၃၅၀၀ S$ ၆၅၀၀
မိမိနှင့် အတူနေလျှင် S$ ၅၀၀၀ S$ ၈၀၀၀

Working in Singapore Part VI

အကယ်၍ မိမိကိုယ်ကိုယ် စိတ်ချသဖြင့် သင်တန်းမတက်ပဲ တိုက်ရိုက် စာမေးပွဲပဲ ၀င်ဖြေမည်ဆိုလျှင် သင်တန်း ကြေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ၏။ စာမေးပွဲကတော့ တစ်ရက်သာ ဖြစ်ပါသည်။ သို့သော် ၂ လ၊ ၃ လ ခန့် ကြိုတင် စာရင်းပေးထားမှ ကိုယ်လိုချင်သော အချိန်ကို ရနိုင်ပါမည်။



၂။ အထွေထွေ သိစရာ မှတ်စရာများ

စင်ကာပူတွင် အလုပ်လုပ်နေသည့်အတွက် စင်ကာပူမှ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေ များကို အများကြီးမဟုတ်တောင် သိသင့် သိထိုက်သည်များကို သိထားမှ ရသင့်ရထိုက်သည်များကို ရမည် ဖြစ်ပါ၏။ မဟုတ် ပါက သူများပြောတိုင်း အဟုတ်မှတ်၍ ယုံနေရသည်နှင့် သူများဖြတ်တိုင်း ညာတိုင်း ခံနေရမည် ဖြစ်သည်။ သို့အတွက် work permit သမားများသာမက အခြားသူများပါ သိနိုင်စေရန် Employment Act မှ ထုတ်နှုတ်ပြီး ဖော်ပြလိုက်ပါ သည်။
သို့သော် Employment Act တွင် လခ ၁၆၀၀ အောက်ရသူ ကာယလုပ်သားများ (နိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ) သာ ပါဝင်ပြီး အောက်ဖော်ပြပါ သူတို့ အကြုံးမ၀င်ပါ။
၁။ မန်နေဂျာ၊ ဒါရိုက်တာ စသည့် ရာထူးကြီးများတွင် တာဝန်ထမ်းဆောင်နေသူများ
၂။ သင်္ဘောသားများ
၃။ အိမ်ဖော်များ
၎။ အစိုးရ၀န်ထမ်းများ

၂၊ ၁။ အလုပ်ချိန်၊ အချိန်ပို

တစ်ပတ်လျှင် ၃၅ နာရီထက် နည်းပြီး လုပ်ရသောသူများကို အချိန်ပိုင်း လုပ်သားအဖြစ် သတ်မှတ်သည်။
Employment Act အပိုင်း ၄ တွင် အလုပ်သမားတစ်ဦး၏ သာမန်လုပ်ချိန်ကို တစ်ရက်လျှင် ၈ နာရီ။ (တနင်္လာမှ တနင်္ဂနွေ ထိ) ခုနစ်ရက် တစ်ပတ်လျှင် ၄၄ နာရီ အဖြစ် သတ်မှတ်သည်။ သို့သော် shift အဆိုင်းလိုက် လုပ်ရသူ များ မှာမူ တစ်ရက်လျှင် ၁၂ နာရီထိ လုပ်နိုင်သည်။ ရည်ညွှန်း - Employment Act အပိုဒ် ၃၈ (၄)
ထိုသာမန်လုပ်ချိန်ထက် ပိုပြီးလုပ်ရသမျှ အလုပ်ချိန်နာရီအားလုံးကို အချိန်ပို လုပ်အားခဖြင့်တွက်ပေးရမည် ဖြစ်သည်။ အချိန်ပိုလုပ်ခမှာ တနင်္လာနေ့မှ စနေနေ့ထိ သာမန်လုပ်ခ၏ တစ်ဆခွဲ (1.5 times the normal wages) ဖြစ်ပြီး တနင်္ဂနွေနှင့် အများပြည်သူ ရုံးပိတ်ရက်များအတွက် နှစ်ဆ (double the normal wages) ဖြစ်ပါသည်။

ရည်ညွှန်း - http://www.mom.gov.sg/publish/momportal/en/general/changes_to_employment_act/Public_Consultation_on_Proposed_Amendments_to_Employment_Act.html

၂၊ ၂။ အများပြည်သူ ရုံးပိတ်ရက်များ (Public Holiday)

ဤတွင် မည်သည့်ရက်များသည် အများပြည်သူ ရုံးပိတ်ရက် (Public Holiday) များဖြစ်သည်ကို သိထားရန်လည်း လိုပါ၏။ စင်ကာပူမှ အများပြည်သူ ရုံးပိတ်ရက်များမှာ (၂၀၀၉ ခုနှစ်အတွက်) –

၁။ New Year's Day - နှစ်သစ်ကူးနေ့ - (Thursday) 1 January 2009
ဤနေ့မှာ အပြောင်းအလဲမရှိ နှစ်စဉ် ဇန္န၀ါရီလ ၁ ရက်နေ့တွင် အမြဲ ကျရောက်ပါသည်။
၂။ Chinese New Year - တရုပ်နှစ်သစ်ကူးနေ့ - 26 January 2009 နှင့် 27 January 2009
ဤနေ့မှာ တစ်နှစ်နှင့်တစ်နှစ်မတူ။ နှစ်စဉ် ပြောင်းလဲနေပါသည်။
၃။ Good Friday – (Friday) 10 April 2009
ဤနေ့မှာ တစ်နှစ်နှင့်တစ်နှစ်မတူ။ နှစ်စဉ် ပြောင်းလဲနေပါသည်။
၎။ Labour Day - အလုပ်သမားနေ့ - (Friday) 1 May 2009
ဤနေ့မှာ အပြောင်းအလဲမရှိ နှစ်စဉ် မေလ ၁ ရက်နေ့တွင် အမြဲ ကျရောက်ပါသည်။
၅။ Vesak Day - ကဆုန်လပြည့် ဗုဒ္ဓနေ့ - (Saturday) 9 May 2009
ဤနေ့မှာ တစ်နှစ်နှင့်တစ်နှစ်မတူ။ နှစ်စဉ် ပြောင်းလဲနေပါသည်။
၆။ National Day - အမျိုးသားနေ့ - (Sunday) 9 August 2009
ဤနေ့မှာ အပြောင်းအလဲမရှိ နှစ်စဉ် သြဂုတ်လ ၉ ရက်နေ့တွင် အမြဲ ကျရောက်ပါသည်။
၇။ Hari Raya Puasa - အစ္စလာမ် ဥပုသ်နေ့ - (Sunday) 20 September 2009
ဤနေ့မှာ တစ်နှစ်နှင့်တစ်နှစ်မတူ။ နှစ်စဉ် ပြောင်းလဲနေပါသည်။
၈။ Deepavali - ဒီပါဝလီနေ့ - (Sunday) 15 November 2009
ဤနေ့မှာ တစ်နှစ်နှင့်တစ်နှစ်မတူ။ နှစ်စဉ် ပြောင်းလဲနေပါသည်။
၉။ Hari Raya Haji - ဟာ့ဂ်ျနေ့ - (Friday) 27 November 2009
ဤနေ့မှာ တစ်နှစ်နှင့်တစ်နှစ်မတူ။ နှစ်စဉ် ပြောင်းလဲနေပါသည်။
၁၀။ Christmas Day - ခရစ်စမတ်နေ့ - (Friday) 25 December 2009
ဤနေ့မှာ အပြောင်းအလဲမရှိ နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အမြဲ ကျရောက်ပါသည်။
မှတ်ချက်။ ။ အကယ်၍ ရုံးပိတ်ရက်သည် တနင်္ဂနွေနေ့ (အမှတ်စဉ် ၆၊ ၇၊ ၈) တွင် ကျရောက်ပါက ထိုနေ့၏ နောက်တစ်ရက် တနင်္လာနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးပါသည်။
ရည်ညွှန်း - http://www.mom.gov.sg/publish/momportal/en/general/2009_Public_Holidays.html

သို့သော် မည်သည့်အကြောင်းနှင့်မျှ အလုပ်သမားတစ်ဦးသည် တစ်ရက်လျှင် ၁၂ နာရီထက် ပိုပြီး မလုပ်ရ။ တစ်လလျှင် အချိန်ပို လုပ်ချိန် ၇၂ နာရီထက် မပိုစေရပါ။ ရည်ညွှန်း - Employment Act အပိုဒ် ၃၈ (၅)။

၂၊ ၃။ ခွင့်၊ ဆေးခွင့်၊ ဆေးရုံတက်ခွင့် နှင့် မီးဖွားခွင့် များ
အများပြည်သူရုံးပိတ်ရက်များတွင် အလုပ်မလုပ်ရပါက သာမန်လုပ်ခ(တစ်ရက်လျှင် ၈ နာရီလုပ်အားခ) ရရမည်ဖြစ်ပြီး အကယ်၍ အလုပ်လုပ်ရသည် ဆိုပါက သာမန်လုပ်ခ၏ နှစ်ဆရရမည် ဖြစ်ပါ၏။ သို့သော် ကျွန်တော်နှင့် အလွန်ရင်းနှီးသော မိတ်ဆွေများ လုပ်နေသော အချို့သော ကုမ္ပဏီများသည် ထိုရုံးပိတ်ရက်များတွင် နှစ်ဆ မပေးပဲ သာမန်လုပ်ခသာ ရသည်ဟု သိရ ပါ၏။ ထို့အတွက် ၎င်းတို့ ပြန်ခါနီး MOM တွင် တိုင်ပြီး ထိုလုပ်ခများကို ပြန်တောင်းပါဟု အကြံပေးရပါသည်။ ရည်ညွှန်း - Employment Act အပိုဒ် ၄၂။

ဝန်ထမ်းတစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် လုပ်သက် သုံးလ ပြည့်ပြီးသည်မှ စ၍ အောက်ပါ လုပ်သက်ခွင့် (Annual Leave) ကို ခံစားခွင့် ရှိပါသည်။ ရည်ညွှန်း - Employment Act အပိုဒ် ၄၃။

အလုပ်စတင်ဝင်သည်မှ စ၍ ခံစားခွင့်ရှိသော လုပ်သက်ခွင့်
ပထမ နှစ် ၇ ရက်
ဒုတိယ နှစ် ၈ ရက်
တတိယ နှစ် ၉ ရက်
စတုတ္ထ နှစ် ၁၀ ရက်
ပဉ္စမ နှစ် ၁၁ ရက်
ဆဌမ နှစ် ၁၂ ရက်
သတ္တမ နှစ် ၁၃ ရက်
အဌမ နှစ် နှင့် အထက် ၁၄ ရက်

ဝန်ထမ်းတစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် လုပ်သက် ခြောက်လ ပြည့်ပြီးသည်မှ စ၍ အောက်ပါ ဆေးခွင့် (Sick Leave) ကို ခံစားခွင့် ရှိပါသည်။ ရည်ညွှန်း - Employment Act အပိုဒ် ၄၄။
က။ ဆေးရုံမတက်ရပါက တစ်နှစ်ခံစားခွင့်ရှိသည့် ဆေးခွင့် - ၁၄ ရက်
ခ။ ဆေးရုံတက်ရပါက တစ်နှစ်ခံစားခွင့်ရှိသည့် ဆေးရုံတက်ခွင့် - ၆၀ ရက်
ဂ။ အကယ်၍ ဆေးရုံတက်ရသည့်ရက်ပေါင်းသည် ထိုနှစ်တွင် ၄၆ ရက်ထက်နည်းပါက ထိုနှစ်အတွက်
ခံစားခွင့် ရှိသည့် အများဆုံးဆေးခွင့် ရက်မှာ သာမန် ဆေးခွင့်ရက် ၁၄ ရက် + ဆေးရုံတက်ရက်
ဝန်ထမ်းသည် ထိုဆေးခွင့်ယူထားသည့်ရက်များအတွက် သာမန်အလုပ်လုပ်ခ (၈နာရီခ)(allowance များမပါ) ကို ရရှိရမည် ဖြစ်ပါသည်။
(ပိတ်ရက်နှင့် အများပြည်သူရုံးပိတ်ရက်များတွင် ဆေးခွင့်ယူလို့ မရပါ။)
မီးဖွားခွင့် (Maternity Leave) အမျိုးအစားများမှာကား များပြားလှပါဘိတောင်း။ သို့သော် အကျဉ်းချုပ်၍ ပြောရပါမူ -
၁။ မွေးဖွားလာသော ကလေးသည် စင်ကာပူနိုင်ငံသား ဖြစ်သူ
၂။ ကလေး၏ မိဘနှစ်ပါးသည် တရားဝင် လက်ထပ်ထိမ်းမြား ထားသူ
၃။ ကလေးအမေသည် လက်ရှိအလုပ်ရှင်ထံ၌ ကလေးမီးမဖွားမီ ရက် ၉၀ အနည်းဆုံး
တာဝန်ထမ်းဆောင်ခဲ့သူ - ဖြစ်ပါက ကလေး၏ မိခင် သည် မီးမဖွားမီ ၄ ပတ်၊ မီးဖွားပြီး ၁၂ ပတ်။ စုစုပေါင်း
၁၆ ပတ် မီးဖွားခွင့် ခံစားခွင့် ရှိပါ၏။

ယေဘူယျအားဖြင့် ထို မီးဖွားခွင့် ၁၆ ပတ်ထဲမှ ပထမ ၈ ပတ်စာအတွက် လစာ အပြည့် ခံစားခွင့်ရှိပါသည်။ ကျွန်တော့် ရေးလိုရင်း ရည်ရွယ်ချက်မှ ဘေးချော် သွားမည် စိုးပါသဖြင့် အပြည့်အစုံ သိလိုသူများ အောက်ပါ web page တွင် ဖတ်ရှုကြပါရန် မေတ္တာ ရပ်ခံပါ၏။
http://www.mom.gov.sg/publish/momportal/en/communities/workplace_standards/employment_standards/the_employment_act/Maternity_Leave.html#eli

Working in Singapore Part V

Skill Evaluation Certificate (Knowledge) သင်တန်းများ



ထိုသင်တန်းများထဲမှ အချို့ကို မြန်မာပြည်တွင်ပင် တက်ပြီး ဖြေလို့ရသည်ဟု သိရပါသည်။ အသေးစိတ်တော့ မပါပါ။ သို့သော် ကုမ္ပဏီနာမည်များတော့ ဖော်ပြထားပါသည်။ ၎င်းတို့မှာ -
၁။ ထက်ဦး - Teambuild Training and Test Centre
၂။ Khian Heng Test Centre
၃။ Tiong Seng Test Centre တို့ ဖြစ်ပါသည်။

ဤသင်တန်းနှင့် စာမေးပွဲများမှာ Low levy အတွက်သာ ဖြစ်ပြီး အခြား လုပ်ကိုင်စား၍ ရသော သင်တန်းများ လည်း များစွာ ရှိပါသေး၏။ နောက်ပိုင်းတွင် မည်သည့်သင်တန်းများတက်ပါက မည်ကဲ့သို့အလုပ်များ ရနိုင်ပြီး ခန့်မှန်း လခ မည်မျှ ရနိုင်သည် ကို ကျွန်တော် လေ့လာမိသလောက် အသေးစိတ် ဖော်ပြပါမည်။

Working in Singapore Part IV

၁၊ ၅။ မည်သူများကို Skilled Worker (low levy) ဟု ခေါ်နိုင်သနည်း
ကျွန်တော်တို့ NTS များအနေနှင့် မိမိတို့လုပ်ငန်းနှင့်ပတ်သက်သည့် NTC-3 (Practical) Trade Certificate သို့မဟုတ် ITE’s Skills Evaluation Certificate (SEC Level 1) လက်မှတ်ရပြီးသူကို Skilled Worker (low levy) ဟု ခေါ်နိုင်ပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်မည့်သူတစ်ဦးသည် ထိုလက်မှတ် ကိုင်ဆောင်ထားရန် လို၏။ ထိုလက်မှတ်သည် BCA (Building and Construction Authority) အသိအမှတ်ပြု လက်မှတ်ဖြစ်ရမည်။ SEC (K) အတွက် စာတွေ့ရော လက်တွေ့ပါဖြေရမည် ဖြစ်ပြီး K မှာ Knowledge ဖြစ်၏။ ပြင်ဆင်လိုက်သော ဥပဒေအရ ၂၀၀၄ ခုနှစ်မှ စကာ ဆောက်လုပ်ရေးလုပ်ငန်းများသို့ အသစ် ၀င်ရောက်လာသူများ သည် မိမိတို့လုပ်ငန်းနှင့် ပတ်သက်နေ သည့် SEC(K) လက်မှတ် နှစ်စောင် ရမှသာ low levy အဖြစ် သတ်မှတ်မည် ဖြစ်ပါ၏။

သင်တန်းတည်နေရာမှာ -

BCA Academy
200 Braddell Road
Singapore 579700 ဖြစ်ပြီး ဖုံးနံပါတ် (၆၅) ၆၂၄၈ ၉၈၆၈ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

BCA မှပေးသော SEC(K) သင်တန်းများမှာ -
Metal Formwork
Steel Reinforcement Work
Timber Formwork
Precast Concrete Components Erection
Autoclaved Aerated Concrete Precision Blocklaying
Bricklaying
Plastering
Spray Plastering
Tiling
Suspended Ceilings & Drywalls (Acoustical)
Interior Drywall Installation
Plumbing & Pipefitting
Ducting Installation for Air-conditioning & Ventilation
Gas Pipefitting
Painting
Electrical Wiring Installation
Metal Scaffold Erection တို့ ဖြစ်သည်။

ထို့ပြင် မိမိတတ်ကျွမ်းပါက သင်တန်းတက်စရာမလိုပဲ စာမေးပွဲ တိုက်ရိုက် ၀င်ဖြေလို့လည်း ရပါ၏။ သို့သော် အင်မတန် ကိုယ့်ကိုယ်ကိုယ် ယုံကြည် စိတ်ချမှ ဖြေတာကောင်းသည်။ မဟုတ်ပါက ပိုက်ဆံကုန်တာသာ အဖတ်တင်ပြီး အောင်နိုင်မည် မဟုတ်ပါ။



ဖြေဆိုနိုင်သော စာမေးပွဲများမှာ -

Architectural
Autoclaved Aerated Concrete Precision Blocklaying
Bricklaying
Plastering
Tiling
Painting
Waterproofing (Felt System)
Interior Drywall Installation
Suspended Ceiling Installation (Acoustical)
Doors & Windows Installation (Timber)
Glazing

Building Services
Electrical Wiring Installation
Plumbing & Pipefitting
Ducting Installation for Air-conditioning & Ventilation
Gas Pipefitting
Pipe Fitting
Lift Installation

Civil and Structural
1. Metal Formwork
2. Steel Reinforcement Work
3. Timber Formwork
4. Interlocking Block Pavement Construction
5. Precast Concrete Components Erection
6. Underground Pipe Jacking Installation
7. Structural Steel Fitting

Other Trades
1. Metal Scaffold Erection
2. Welding

Plant & Related Trades
Hydraulic Excavator Operation
Telescopic Handler Operation
Construction Plant Operation
Bored Piling Operation
Jack-in Piling Operation တို့ ဖြစ်၏။
သင်တန်းအမျိုးအစားအလိုက် သင်တန်းချိန်နာရီ၊ သင်တန်းကာလ၊ သင်တန်းကြေး စသည်တို့ ကွဲပြားသွား ပါသည်။ ဤသင်တန်းအားလုံးအတွက် အသေးစိတ်ဖော်ပြလိုက်ပါသည်။ ထပ်မံ သိလိုသေးသူများ ထိုကျောင်း၏ အင်တာနက်စာမျက်နှာ http://www.bca.gov.sg/academy/Downloadforms.aspx တွင် ၀င်ရောက် ဖတ်ရှု နိုင်ပါသည်။ သို့မဟုတ် အထက်ဖော်ပြပါ လိပ်စာ၌ မေးမြန်းနိုင်ပါသည်။

Working in Singapore Part III

၁၊ ၂။ စင်ကာပူတွင် အလုပ်လုပ်သူနေသူ တစ်ဦး၏ ရပိုင်ခွင့်၊ ခံစားပိုင်ခွင့်များ

နိုင်ငံခြားသားများကို ၀န်ထမ်းခန့်အပ်ခြင်းအတွက် Employment of Foreign Manpower Act (Chapter 91A) ဟု ဥပဒေ ပြဌာန်းထားပါသည်။ အောက်ဖော်ပြပါ အချက်အလက် တော်တော် များများမှာ ထို ဥပဒေထဲမှ ကောက်နှုတ် ဖော်ပြထားခြင်း ဖြစ်ပါသည်။ အသေးစိတ် ဖတ်ရှုလိုသူများ အောက်ပါ link တွင် ၀င်ရောက် ဖတ်ရှုနိုင်ပါ၏။
http://statutes.agc.gov.sg/non_version/cgi-bin/cgi_getdata.pl?actno=1968-REVED-91&doctitle=EMPLOYMENT%20ACT%0a&date=latest&method=part&segid=888373176-000783#888373176-000879

စင်ကာပူနိုင်ငံတွင် Industrial Sector လုပ်ငန်း ၅ မျိုးခွဲထားပါသည်။

1. Manufacturing Industry - ကုန်ထုတ်လုပ်ငန်း
2. Construction Industry - ဆောက်လုပ်ရေး လုပ်ငန်း
3. Marine Industry - သင်္ဘောကျင်းလုပ်ငန်း
4. Process Industry - ရေနံဓါတုကဲ့သို့ ကုန်ထုတ် လုပ်ငန်း
5. Services Industry - ၀န်ဆောင်မှု လုပ်ငန်း - စသည်တို့ဖြစ်ပါ၏။


Work permit (WP) ကိုင်ဆောင်သူ တစ်ဦး၏ လုပ်ပိုင်ခွင့်၊ ခံစားပိုင်ခွင့်များ

မြန်မာပြည်မှ work permit နှင့် အလုပ်လုပ်ရန် လာမည့် သူများသည် စင်ကာပူမှ safety များအကြောင်း တင်ကြိုလေ့လာထားရန် လိုသည်။ စင်ကာပူသို့ အလုပ်လာလုပ်သူ မည်သူမဆိုအား လုပ်ငန်းခွင်တွင် အလုပ်လုပ်စဉ် ဘေးအန္တရာယ် ကင်းရှင်းရန် လိုက်နာရမည့် အခြေခံ စည်းမျဉ်းစည်းကမ်းများကို အစိုးရမှ တစ်ရက် သင်တန်း (Construction Safety Orientation Course – CSOC) ပေးကာ စာမေးပွဲ ဖြေဆိုစေသည်။ ယခင်ကတော့ ကိစ္စမရှိ။ တစ်ခါမအောင် နောက်တစ်ခါ ထပ်ဖြေ။ မအောင်မချင်းဖြေ။ ယခုတော့ ကိစ္စ ရှိလာပြီ။ ၂၀၀၇ ဇူလိုင်လ ၁ ရက်နေ့မှစကာ ထိုစာမေးပွဲကို သုံးခါပဲ ဖြေခွင့်ရှိတော့သည်။ သုံးခါဖြေလို့ မှ မအောင်လျှင် တာ့တာ။ ဘိုင့်ဘိုင်။ စင်ကာပူတွင် အလုပ်လုပ်လို့ မရသေး။ ကိုယ့်တိုင်းပြည် ပြန်ကာ လေ့လာ လိုက်ဦး။ သေချာမှ ပြန်လာ။ အဲလေ၊ အေးဂျင့်ဖီးလေးတော့ ၃-၄ ထောင်လောက် ထပ်ကုန်မှာပေါ့။
စင်ကာပူမြေသို့ ခြေချမိသည်မှ နှစ်ပတ်အတွင်း ထိုသင်တန်းကို တက်ရောက် ဖြေဆိုရမည် ဖြစ်သည်။ ထို စာမေးပွဲအောင်လျှင် SOC pass ကဒ် ထုတ်ပေးမည် ဖြစ်၏။ ထိုကဒ်ရမှသာ Work Permit ကဒ်ကို ထုတ်ယူခွင့် ရှိမည် ဖြစ်သည်။ အကယ်၍ အလုပ်သမားသည် ထို သင်တန်းကို မအောင်မြင်။ ကျရှုံးသည်ဖြစ်အံ့။ ၎င်း၏ အလုပ်ရှင်သည် နောက်ထပ် သုံးလအတောအတွင်း နောက်ထပ် Work Permit အသစ်ထပ်မံလျှောက်ထားခြင်းမှ တားမြစ်ခံရမည် ဖြစ်၏။ သက်တမ်းတိုးမည့် အလုပ်သမားများအနေနှင့် မိမိတို့ သက်တမ်းတိုးမည့် ရက် ထက် CSOC ကဒ်၏ သက်တမ်းက အနည်းဆုံး တစ်လ ပိုနေရမည် ဖြစ်၏။
လုပ်ငန်းရှင်များအနေနှင့် မိမိခန့်ထားသော အလုပ်သမားများအတွက် အစိုးရသို့ levy ပေးဆောင်ရပါသည်။ မိမိလုပ်ငန်းအလိုက် levy မှာ အမျိုးမျိုးရှိ၏။ ကျွမ်းကျင်လုပ်သား လက်မှတ်ရ (low levy) များအတွက် တစ်ဦးလျှင် တစ်လ ၁၅၀ (ယခု ၅၀)၊ မကျွမ်းကျင်သူ (high levy) များအတွက် တစ်ဦးလျှင် တစ်လ ၂၄၀ မှ ၄၇၀ အထိ မိမိလုပ်ငန်း၊ ခန့်ထားသော လုပ်သားဦးရေကို လိုက်ကာ အစားစား ပေးဆောင် ရပါသည်။ (Ref: http://www.mom.gov.sg/publish/momportal/en/communities/work_pass/work_permit/application/requirements/foreign_worker_levy.html)
high levy တစ်ဦးသည် စင်ကာပူတွင် ကြာကြာ လုပ်၍မရ။ စင်ကာပူတွင် အလုပ်လုပ်ချိန် စုစုပေါင်း လေးနှစ် သာ ခွင့်ပြုသည်။ Low levy သမားဆိုလျှင်တော့ ၁၈ နှစ်ထိ(ယခင်က ၁၅ နှစ်သာ) လုပ်လို့ ရသည်။ သို့အတွက် WP တစ်ဦးအနေနှင့် Low levy ဖြစ်ရန်လည်း အရေးကြီးသေး၏။
ကျွန်တော်အသိ အချို့ WP များထဲတွင် သူတို့ အလုပ်ရှင်က သူတို့ကို levy ဆိုကာ ပိုက်ဆံ ဖြတ်သည် ဆို၏။ အမှန်မှာ levy သည် အလုပ်ရှင်က ပေးဆောင်ရမည်သာဖြစ်ပြီး အလုပ်သမားများထံမှ ဖြတ်ပိုင်ခွင့်မရှိ။ ဤသို့ဖြတ် သည်ဆိုပါက MOM (Ministry of Manpower) တွင် တိုင်ကာ ပြန်တောင်းလို့ရပါသည်။ (သို့သော် မိမိ Work permit သက်တမ်းကုန်ပြီး ဤကုမ္ပဏီမှ ထွက်တော့မည် ဆိုမှ တိုင်တာကောင်းသည်ပေါ့။ မဟုတ်လျှင် တစ်ဝက်တစ်ပျက် နှင့် သူတို့က Work permit ကို cancel လုပ်လိုက်လျှင် မခက်ပါလား။ နောက်ပြီး နားလည် တတ်ကျွမ်းသည့် သူများနှင့် တိုင်ပင်ပြီးမှ လုပ်သင့်သည် ဟု အကြံပေးလိုပါသည်။)
အလုပ်ရှင်သည် WP တစ်ဦးအတွက် ဆေးကုသစရိတ်များကို ကျခံရမည်ဖြစ်သည်။ ဤသို့ ဆေးကုသစရိတ် ကျခံနိုင်ရန် အလုပ်ခေါ်စဉ်ကတည်းက အလုပ်သမားတစ်ဦးလျှင် တစ်နှစ်အတွက် ကျန်းမာရေးအာမခံ S$5000.00 တင်ထားရပါ၏။ ၀န်ထမ်းအတွက် ဆေးကုသစရိတ်ကို အလုပ်ရှင်က ပေးစရာမလိုပဲ အာမခံ ကုမ္ပဏီက ပေးပါသည်။ သို့အတွက် မိမိတို့ မမာမကျန်းဖြစ်၍ ဆေးခန်းသွားသည့် စရိတ်စက အားလုံးကို ကုမ္ပဏီသို့ ပြန်တောင်းနိုင်ပါသည်။
Work permit လျှောက်ခြင်း၊ အသစ်ပြန်လုပ်ခြင်း၊ သက်တမ်းတိုးခြင်း၊ သက်တမ်းပြည့်၍ဖြစ်စေ သက်တမ်း မပြည့်သေးမီ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ မိမိတိုင်းပြည်သို့ ပြန်ပို့သည့် လေယာဉ်လက်မှတ်ခ၊ လုံခြုံရေး အာမခံကြေး၊ Safety Orientation Course, Safety Induction Course များအတွက် သင်တန်းကြေး စသည် အားလုံးကို အလုပ်ရှင် ကသာ ပေးဆောင်ရမည် ဖြစ်ပါသည်။ ထို ကုန်ကျစရိတ်များကို အလုပ်သမား၏လုပ်ခထဲမှ ဖြတ်၍မရပါ။ (ရည်ညွှန်း ၊ http://www.mom.gov.sg/publish/etc/medialib/mom_library/work_pass/files.Par.8149.File.dat/WP_S_Pass_Conditions.pdf ) Second Schedule အပိုဒ် ၃၄။

အလုပ်ရှင်သည် အလုပ်သမားတစ်ဦး ရရှိရမည့် လခကို လခထုတ်ရက်မှ ၇ ရက်အတွင်း ထုတ်ပေးရမည် ဖြစ်ပါသည်။ (အထက်ပါ ရည်ညွှန်း Third Schedule အပိုဒ် ၄။)
အလုပ်ရှင်သည် အလုပ်သမား၏ Work permit မူရင်းကို မည်သည့်အကြောင်းနှင့်မှ သိမ်းမထားရပါ။ အလုပ်သမားသည်သာ Work permit မူရင်းကို ကိုင်ထားပိုင်ခွင့် ရှိပါသည်။(အထက်ပါ ရည်ညွှန်း Third Schedule အပိုဒ် ၁၃။)
အလုပ်ရှင်သည် မိမိအလုပ်သမားများအတွက် နေစရာစီစဉ်ပေးရပါမည်။ ထို့ပြင် လုပ်ငန်းခွင်ထဲတွင် ထိခိုက် ဒါဏ်ရာ ရပါက လျော်ကြေး ရရပါမည်။ မည်သည့် ထိခိုက်ဒါဏ်ရာများအတွက် မည်မျှလျော်ကြေးရထိုက်သည်ကို နောက်ပိုင်းတွင် တတ်နိုင်သမျှ ပြည့်စုံအောင် ဖော်ပြပေးပါမည်။
အကယ်၍ မိမိအလုပ်သမားသည် စင်ကာပူနိုင်ငံ အတွင်း အကြောင်းတစုံတရာကြောင့် သေဆုံးခဲ့ပါက အလုပ်သမား၏ ရုပ်အလောင်းကို သဂြိုဟ်စရိတ်၊ ရုပ်အလောင်း ကို မိသားစုထံ ပြန်ပို့စရိတ်၊ ကျန်ရစ်ခဲ့သော ပစ္စည်း၊ ငွေ စသည်တို့ကို မိသားစုထံ ပြန်ပို့ စရိတ်အားလုံးကို အလုပ်ရှင် က ကျခံရမည် ဖြစ်ပါသည်။ (အထက်ပါ ရည်ညွှန်း Third Schedule အပိုဒ် ၁၇။)

၁၊ ၃။ Work permit (WP) ကိုင်ဆောင်သူ တစ်ဦး လုပ်ပိုင်ခွင့်မရှိသော အချက်များ

WP ကိုင်ဆောင်ထားသူ တစ်ဦးသည် မိမိကိုင်ဆောင်ထားသည့် Work permit ထဲတွင် ဖော်ပြထားသော လုပ်ငန်းအမျိုးအစား တစ်ခုထဲတွင်သာ လုပ်ပိုင်ခွင့်ရှိပါသည်။ Construction Industry မှ လုပ်သားတစ်ဦးသည် Marine Industry တွင် သွားလုပ်လို့ မရ။ အပြန်အလှန် သင်္ဘောကျင်း မှ အလုပ်သမားတစ်ဦးကို ဆောက်လုပ်ရေး တွင်တွေ့ရှိပါက ဖမ်းလို့ ရသည်။ သည် အချက်ကို သေသေချာချာ သိထားရန် လိုပေသည်။
အကယ်၍ အလုပ်သမားသည် အိမ်ဖော် ဖြစ်ခဲ့ပါက မိမိအတွက် သတ်မှတ်ပေးထားသော အိမ်တွင်သာ လုပ် ကိုင်နိုင်ပြီး ထိုအိမ်နှင့် အိမ်ခြံဝင်းအတွင်းမှလွဲ၍ အခြားအိမ်တွင် လုပ်ခွင့်မရှိပါ။
မိမိ၏ Work Permit ကို ကိုယ်နှင့်မကွာ သွားလေရာအမြဲ ယူသွားရမည်ဖြစ်ပြီး သက်ဆိုင်ရာမှ လိုအပ်၍ တောင်းခံလာလျှင် ထုတ်ပြနိုင်ရမည် ဖြစ်ပါသည်။
WP ကိုင်ဆောင်ထားသူ တစ်ဦးသည် စင်ကာပူနိုင်ငံတွင် နေထိုင်စဉ်အတွင်း မည်သူနှင့်မျှ (လူမျိုးမရွေး၊ ဘာသာမရွေး) လက်ထပ်ခွင့်မရှိ။ WP ကိုင်ဆောင်သူသည် အမျိုးသမီးဖြစ်ပါက ကိုယ်ဝန်ဆောင်ခွင့်၊ သားဖွားခွင့် မရှိ။
WP ကိုင်ဆောင်ထားသူ တစ်ဦးသည် တရားဥပဒေနှင့် မလွတ်မကင်းသော ကိစ္စရပ်တို့တွင် မည်သည့် ပုံသဏ္ဍာန်နှင့်မျှ ပါဝင် ပတ်သက်ခွင့်မရှိ။

၁၊ ၄။ မည်သူများ Work Permit လျှောက်ထားနိုင်သနည်း

အသက် ၁၆ နှစ်မှ ၅၀ အတွင်း (မလေးရှားများကိုတော့ ချွင်းချက်အဖြစ် အသက် ၆၀ နှစ်ထိ လက်ခံသည်)၊ လခ S$၁၈၀၀ အောက် ရရှိသူများ စင်ကာပူတွင် လာရောက်အလုပ်လုပ်လိုလျှင် work permit လျှောက်ထားနိုင် သည်။ သူတို့လာရာ နိုင်ငံအလိုက် အမျိုးအစား လေးမျိုးခွဲထားရာ ကျွန်တော်တို့ မြန်မာနိုင်ငံသားများမှာ NTS (Non-Traditional Sources) ထဲတွင် ပါဝင်ပါသည်။ ၎င်း အမျိုးအစား လေးမျိုးမှာ -
၁။ မလေးရှား
၂။ NAS (North Asian Sources) - ထိုအုပ်စုထဲတွင် ဟောင်ကောင်၊ မကာအို၊ တောင်ကိုးရီးယားနှင့် ထိုင်ဝမ် တို့
ပါဝင်ပါသည်။
၃။ NTS (Non-Traditional Sources) - ထိုအုပ်စုထဲတွင် အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊
ဖိလစ်ပိုင် နှင့် ပါကစ္စတန် တို့ပါဝင်ပါသည်။
၎။ PRC (People’s Republic of China) - တရုပ်ပြည်
Work permit ကိုင်ဆောင်ထားသူများအနေနှင့် ၎င်းတို့၏ ဇနီး၊ သားသမီးများကို ခေါ်ဆောင်ခွင့်မရှိပါ။ သို့သော် ၎င်းတို့၏ သားသမီးများကို စင်ကာပူတွင် ကျောင်းထားလိုပါက အရည်အချင်းစစ် စာမေးပွဲ QT (Qualifying Test) သို့မဟုတ် AEIS (Admissions Exercise for International Students) ဖြေဆိုအောင်မြင်လျှင်မူ တက်ခွင့် လျှောက်ထားနိုင်ပါသည်။
* Dependent pass ကိုင်ဆောင်ထားသူများ စင်ကာပူတွင် အလုပ်လုပ်လိုပါက Work pass division တွင် Letter of Consent လျှောက်ထားရပါမည်။