Thursday, November 2, 2017

ရာဇာဓိရာဇ် နှင့် လဂွန်းအိမ်

အဝေးသင်တက္ကသိုလ် မြန်မာစာဒုတိယနှစ်တွင် ရာဇာဓိရာဇ် နှင့် လဂွန်းအိမ်အကြောင်း ပါသည်။ ထိုဆောင်းပါးမှာ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းမှ ထုတ်နုတ်ထားခြင်းဖြစ်၏။ ဆောင်းပါးတွင် ရာဇာဓိရာဇ် နှင့် လဂွန်းအိမ်တို့အကြောင်းကို ဖော်ပြထားရာ ၎င်းတို့၏ စိတ်ဓာတ်ကို အလွန် လေးစားမိရ၏။ ယခင်က လူများ၏ ကတိနှင့်သစ္စာတရားကိုလည်း မြတ်နိုး၊ တန်ဘိုးထားမိလေသည်။

ရာဇာဓိရာဇ်သည် ပုသိမ်မြို့ကို တိုက်ခိုက်သိမ်းယူရန်စီစဉ်၏။ ပုသိမ်ရေတပ်မှာ အင်အားတောင့်တင်းလှ၏။ အသက်စွန့် တိုက်ရမည့်ပွဲဖြစ်သည်။ တိုက်ရင်းခိုက်ရင်း သေသွားနိုင်၏။

ထိုအခါ လဂွန်းအိမ်က သူ့ကို သူ့သခင် တကယ်ချစ်မချစ် စမ်းသပ်လို၏။ တကယ်ချစ်သည်ဆိုမှ အသက်စွန့်တိုက်မည်။

သူအချစ်စမ်းပုံကလည်း ကြောက်စရာဖြစ်၏။ အခန့်မသင့်လျှင် အသက်ပါသေသွားနိုင်သည်။

စစ်ထွက်သည့်အခါ လဂွန်းအိမ်ကလိုက်မသွားဘဲ စောင်ကိုခေါင်းမြီးခြုံကာ အိပ်နေသည်။ မင်းကြီးက လဂွန်းအိမ် အဘယ်ကြောင့်မလိုက်သည်ကို စုံစမ်းခိုင်းသော် အမတ်တိန်နှင့် ဗြတ်ဇတို့ သွားမေး၏။ မေးသော် ဖျားနာပုံမပေါ်သည်နှင့် အကြောင်းကိုမေး၏။ လဂွန်းအိမ်က -

မနေ့က မိဖုရား တလသုမာယာကို ကွမ်းပေးရအောင် စေလိုက်ရာမှာ မိဖုရား ရင်ဝတ်လျှောပြီး ပေါက်စီနှစ်လုံးထွက်လာတာ မြင်လိုက်ရလို့ မစားနိုင် မအိပ်နိုင် ဖြစ်နေပါသဖုရာ့။ စစ်တိုက်သွားလည်း သေရမယ်။ အခု ဒီမှာနေလည်း သေရမယ်။ သေတာချင်းအတူတူ စစ်တိုက်ရအောင် မသွားတော့ဘူး။ ဒီမှာပဲနေပြီး အသေခံတော့မယ် -

ဟု လျှောက်၏။

ထိုအကြောင်း ရာဇာဓိရာဇ်ကို ပြန်လျှောက်သော် - အောင်မယ်လေးကွယ်၊ ဒါလေးများ။ ပြောပြောကစောရောပေါ့။ ငါ့သူရဲကောင်းကိုပဲ ငါချစ်ပါသကွယ်။ မိဖုရားတော့ လွမ်းလောက်စရာမရှိပါဘူး ဟု ဆိုကာ မိဖုရား တလသုမာယာကို လောင်းလှေပေါ်တင်ကာ လဂွန်းအိမ်ထံ ပို့လိုက်လေသည်။

မိဖုရားရောက်လာသည်ကို လဂွန်းအိမ်မြင်သော် လက်ဆောင်ပဏ္ဏာများစွာနှင့် ကန်တော့ဦးခိုက်ပြီး ငါ့သခင် ငါ့ကို ချစ်မချစ် စမ်းကြည့်တာပါကွယ် ဆိုကာ ပြန်လွှတ်လိုက်ပြီး စစ်ချီသွားလေသည်။

အသက်ကိုရင်းကာ အချစ်စမ်းရဲသော အာဂသူရဲကောင်းနှင့် -
သူရဲကောင်းကို ချစ်မြတ်နိုးတတ်သောဘုရင် -

သဟာ ဟိုးယခင်က ဖြစ်ပါသည်။ ယခု သွားစမ်းလျှင်တော့ မည်သို့ဖြစ်လေမည်မသိ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၇ အောက်တိုဘာ၊ ၂၀၁၆



ရွှေဥဒေါင်း ၏ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ

ဆရာကြီးရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်ကို online မှ download လုပ်ပြီး save လုပ်ထားတာ ကြာပါပြီ။ သို့သော် အနည်းအပါးပဲ မြည်းစမ်းကြည့်မိပြီး အစအဆုံးမဖတ်ဖြစ်။

ယခု ဒုတိယနှစ်မြန်မာစာတွင် ဆရာကြီး၏ဆောင်းပါး ပါပါသည်။ အမှားအယွင်းတွေ များလွန်းသဖြင့် မူရင်းနှင့် တိုက်ကြည့်မည်ဟု ထို save လုပ်ထားသော စာအုပ်ကြီးကို ဖတ်ကြည့်လိုက်တော့မှ ပိုဆိုးနေသည်။

သူတို့က မူရင်းစာအုပ်ကို scan ဆွဲထားတာမဟုတ်ပဲ ပြန်ရိုက်ထားတာ ထင်ပါသည်။ စာအုပ်ကြီးမှာ အတော်ထူသည်။ စုစုပေါင်း စာမျက်နှာ ၁၃၉၆ မျက်နှာ ပါ၏။ စာမျက်နှာ ၁၄၀၀ လောက်ကို စာရိုက်ရတာ အတော့်ကို လွယ်လှမည် မဟုတ်ပါ။

သည်မျှ အလုပ်ကြီးအကိုင်ကြီး လုပ်ပြီး သည်မျှအမှားတွေပါနေတာ အတော့်ကို နှမြောစရာကောင်းပါသည်။ သည်မျှ အမှားတွေပါနေတော့ သည်စာအုပ်ကို မည်ကဲ့သို့ ယုံစား၍ ရည်ညွှန်းကိုးကားနိုင်ပါတော့မည်နည်း။

ကျွန်တော့်သဘောပြောရပါမူ သည်ခေတ်ကြီးတွင် ebook လုပ်တာ ဘာမှ မခဲယဉ်းပါ။ လုပ်ချင်လျှင် စာအုပ်တစ်အုပ်လုံးကို scan ဆွဲကာ ebook လုပ်စေချင်ပါသည်။ ပုံနှိပ်စာအုပ်တွင်မတော့ စာပြင်ဆရာများက စီစစ်မည်ဖြစ်သဖြင့် အမှားအယွင်း နည်းပါလိမ့်မည်။

ယခု စာအုပ်ပါ အမှားအယွင်းအချို့ကို နမူနာ ပြပေးလိုက်ပါသည်။ တစ်အုပ်လုံးစာ မဟုတ်ပါ။ ကျွန်တော်ဖတ်ခဲ့သည့် အပိုင်းမျှသာ ဖြစ်ပါသည်။

(ဒုတိယနှစ်ပြဌာန်းစာအုပ်မှ အမှားများမှာမူ အလွန့်အလွန်များပြားလှသဖြင့် ခဏလေးနှင့်ရေးလို့မရပါ။ စာမေးပွဲပြီးလျှင် ယခင်တစ်ခါရေးသလို အပြည့်အစုံရေးပြီး ဂျာနယ်ထဲ ထည့်ပါဦးမည်။ အိပ်ချင်ယောင်ဆောင်နေသူများကို သွားသွား ဆွပေးသည့်သဘောဖြစ်ပါ၏။)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂ နိုဝင်ဘာ၊ ၂၀၁၇