Saturday, July 18, 2009

Build Your Future VII

အခန်း (၄)

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး

အခြားတစ်နိုင်ငံ ရောက်နေသူများ သည် မိမိလက်ရှိရောက်ရှိနေရာ နိုင်ငံမှ မိမိတို့နိုင်ငံ သံရုံးနှင့် အဆက်အသွယ် ရှိနေ ရမည် ဖြစ်ပါသည်။ သံရုံးဟူသည် မိမိတို့နိုင်ငံ အစိုးရကို ကိုယ်စားပြုနေသည် ဖြစ်ရာ အကြောင်းကိစ္စ တစ်ခုခု ရှိလျှင် သံးရုံးနှင့် ဆက်သွယ် ဆောင်ရွက် နိုင်ပါသည်။

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး လိပ်စာမှာ -

Embassy of the Union of Myanmar

15 St Martin's Drive
Tel: 6735-1672
Fax: 6735-6236 - ဖြစ်ပါသည်။

သံရုံးဖွင့်ချိန်မှာ နံနက် ၉ နာရီဖြစ်ပါသည်။ သံရုံးသို့ Orchard MRT မှ သွားလျှင် အနီးဆုံး ဖြစ်ပါသည်။ Orchard MRT မှ Orchard လမ်းမကြီးဘက်သို့ ထွက်လိုက်ပါ။ ထို့နောက် လက်ဝဲဘက်သို့ Orchard လမ်းမကြီး အတိုင်း တည့်တည့် လျှောက်သွားလျှင် St Martin’s Drive ကို တွေ့ရပါလိမ့်မည်။ ထိုလမ်းကလေး အတိုင်း အထက်သို့ တက်လိုက်သွားလျှင် မြန်မာ သံရုံးသို့ ရောက်ပါသည်။
မြန်မာနိုင်ငံသားများအတွက် သံရုံးမှ အောက်ပါ ၀န်ဆောင်မှု လုပ်ငန်းများကို ပေးပါသည်။

ပတ်စ်ပို့ သက်တမ်းတိုးခြင်း
ကျောင်းသားပတ်စ်ပို့ သက်တမ်းတိုးခြင်း
ပတ်စ်ပို့ အသစ်လုပ်ခြင်း
နိုင်ငံတိုးခြင်း
သက်သေခံလက်မှတ် (Certificate of Identity - C of I ) သက်တမ်းတိုးခြင်း
သက်သေခံလက်မှတ် (Certificate of Identity - C of I ) အသစ်လုပ်ခြင်း
အခွန်ဆောင်ခြင်း
မှီခိုလျှောက်ခြင်း
အလုပ်မလုပ်ကြောင်း ထောက်ခံစာ
ကျောင်းသားထောက်ခံစာ
နာမည်ပြောင်းခြင်း

၁။ ပတ်စ်ပို့ သက်တမ်းတိုးခြင်း

ပတ်စ်ပို့ သက်တမ်းတိုးခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။
၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် ပတ်စ်ပို့ သက်တမ်းတိုးလိုကြောင်း လျှောက်လွှာ*
၂။ ပတ်စ်ပို့ မူရင်းနှင့် မိတ္တူ
၃။ သက်တမ်းတိုးမည့် လအထိ အခွန်ဆောင်ထားသော ပြေစာ
၎။ သက်တမ်းတိုးခ စင်ကာပူ ဒေါ်လာ ၃၀၀ (ငွေသားဖြင့်သာ)
* လျှောက်လွှာအားလုံးကို သံရုံးတွင် အခမဲ့ ရယူနိုင်ပါသည်။
မှတ်ချက်။ ။ သက်တမ်းတိုးခြင်းကို သက်တမ်းမကုန်မီ ပြုလုပ်ရပါမည်။ သက်တမ်း ကုန်ပြီးမှ သက်တမ်းတိုး သော ပတ်စ်ပို့များအတွက် ဒါဏ်ကြေး ပေးဆောင်ရပါမည်။

၂။ ကျောင်းသားပတ်စ်ပို့ သက်တမ်းတိုးခြင်း

ကျောင်းသားပတ်စ်ပို့ သက်တမ်းတိုးခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။
၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် ပတ်စ်ပို့ သက်တမ်းတိုး လိုကြောင်း လျှောက်လွှာ
၂။ ကျောင်းတက်နေကြောင်း အထောက်အထား ကျောင်းမှ စာရွက်စာတမ်း
၃။ ကျောင်းသားကဒ် သို့မဟုတ် Student Pass မိတ္တူ
၎။ ကျောင်းသားပတ်စ်ပို့ မူရင်းနှင့် မိတ္တူ (မိတ္တူတွင် တံဆိပ်တုံးထုထားသော စာမျက်နှာ အားလုံး ပါဝင်ရမည်။)
၅။ လွန်ခဲ့သည့် သုံးလအတွင်းက ရိုက်ထားသော ပတ်စ်ပို့အရွယ် ဓါတ်ပုံတစ်ပုံ
၆။ ကိုယ်ရေးမှတ်တမ်း (C.V Form)
မှတ်ချက်။ ။ ဆောင်ရွက်ချိန် ၂ ရက်မှ ၃ ရက်ထိ ကြာပါမည်။

၃။ ပတ်စ်ပို့ အသစ်လုပ်ခြင်း

ပတ်စ်ပို့ အသစ်လုပ်ခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။
၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် ပတ်စ်ပို့ အသစ်လုပ်လိုကြောင်း လျှောက်လွှာ
၂။ ပတ်စ်ပို့အဟောင်း မိတ္တူ (စာမျက်နှာအားလုံးကို မိတ္တူဆွဲရမည်)
၃။ ပတ်စ်ပို့ အသစ်လုပ်မည့်လအထိ အခွန်ဆောင်ထားသော ပြေစာ
၎။ လွန်ခဲ့သည့် သုံးလအတွင်းက ရိုက်ထားသော ပတ်စ်ပို့အရွယ် ဓါတ်ပုံနှစ်ပုံ
၅။ ကိုယ်ရေးမှတ်တမ်း (C.V Form)
၆။ ပတ်စ်ပို့အသစ်ထုတ်ပေးခ - စင်ကာပူ ဒေါ်လာ ၆၀၀ (ငွေသားဖြင့်သာ)

မှတ်ချက်။ ။ (၁) ပတ်စ်ပို့တွင် စာမျက်နှာ အနည်းငယ်သာ ကျန်တော့သောအခါ အသစ် ထပ်လုပ်ရန် လိုပါသည်။
(၂) လျှောက်လွှာတင်ပြီးသည်မှ ၁၀ ရက်အတွင်း စာအုပ်အသစ် ထုတ်ပေးမည် ဖြစ်ပါသည်။

၎။ နိုင်ငံတိုးခြင်း

နိုင်ငံတိုးခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။
၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် နိုင်ငံတိုးလိုကြောင်း လျှောက်လွှာ
၂။ ပတ်စ်ပို့ မူရင်း
၃။ နိုင်ငံတိုးလိုသည့်လအထိ အခွန်ဆောင်ထားသော ပြေစာ
၎။ နိုင်ငံတိုးခ - စင်ကာပူ ဒေါ်လာ ၂၇၀ (ငွေသားဖြင့်သာ)

မှတ်ချက်။ ။ တစ်ခါတိုးလျှင် ၅ နိုင်ငံထိ တိုးနိုင်ပါသည်။ နိုင်ငံအားလုံး (ထိုင်ဝမ်နှင့် မြောက်ကိုးရီးယား မပါ) တိုးလိုလျှင် သီးသန့် လျှောက်ထားရပါမည်။ အဘယ်ကြောင့် ထိုနိုင်ငံများသို့ သွားလိုသည်ကို ထည့်သွင်း ဖော်ပြရပါမည်။

၅။ သက်သေခံလက်မှတ် (Certificate of Identity - C of I) သက်တမ်းတိုးခြင်း

သက်သေခံလက်မှတ် သက်တမ်းတိုးခြင်း အတွက် အောက်ပါ စာရွက် စာတမ်းများ တင်ပြရပါမည်။
၁။ မြန်မာသံအမတ်ကြီးထံ လိပ်မူထားသည့် သက်တမ်းတိုး လိုကြောင်း လျှောက်လွှာ (မိဘများက လျှောက်ရပါမည်)
၂။ သက်သေခံလက်မှတ် မူရင်း နှင့် မိတ္တူ
၃။ သက်တမ်းတိုးလိုသည့်လအထိ မိဘ၊ အုပ်ထိန်းသူများ၏ အခွန် ဆောင်ထားသော ပြေစာ
၎။ သက်တမ်းတိုးခ - စင်ကာပူ ဒေါ်လာ ၁၅၀ (ငွေသားဖြင့်သာ)

၆။ သက်သေခံလက်မှတ် (Certificate of Identity - C of I) အသစ်လုပ်ခြင်း

သက်သေခံလက်မှတ် အသစ်လုပ်ခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။
၁။ မြန်မာသံအမတ်ကြီးထံ လိပ်မူထားသည့် လျှောက်လွှာ (မိဘများက လျှောက်ရပါမည်)
၂။ လျှောက်ထားသည့်လအထိ မိဘ၊ အုပ်ထိန်းသူများ၏ အခွန်ဆောင်ထားသော ပြေစာ
၃။ လက်ရှိသက်သေခံလက်မှတ် မူရင်း နှင့် မိတ္တူ (ရနိုင်လျှင်)
၎။ ကိုယ်ရေးမှတ်တမ်း (C.V Form)
၅။ လွန်ခဲ့သည့် သုံးလအတွင်းက ရိုက်ထားသော ပတ်စ်ပို့အရွယ် ဓါတ်ပုံနှစ်ပုံ
၆။ စာအုပ် အသစ်လုပ်ခ - စင်ကာပူ ဒေါ်လာ ၃၀၀ (ငွေသားဖြင့်သာ)

၇။ အခွန်ဆောင်ခြင်း

ဝင်ငွေခွန် ထမ်းဆောင်ခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။
၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် အခွန်ဆောင်လိုကြောင်း လျှောက်လွှာ
၂။ ပတ်စ်ပို့ မူရင်း နှင့် မိတ္တူ
၃။ နောက်ဆုံးဆောင်ထားသည့် အခွန်ပြေစာ မူရင်း နှင့် မိတ္တူ
၎။ အခွန်ထမ်းဆောင်ရန် လိုအပ်သော ငွေကြေး (ငွေသားဖြင့်သာ)

အခွန်ဆောင်ရန် နှုံးထားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

v ကျောင်းသား (ကျောင်းသားကဒ် နှင့် ကျောင်းထောက်ခံစာ လိုပါသည်) – S$ 20.00
v Maid (အိမ်ဖော်) – S$ 30.00
v Work Permit – S$ 40.00
v S Pass – S$ 80.00
v Permanent Resident (PR) – S$ 120.00
v EP - S$ 150.00

၈။ ပထမဆုံးအကြိမ် အခွန်ဆောင်ခြင်း

ဝင်ငွေခွန် ထမ်းဆောင်ခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။
၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် အခွန်ဆောင်လိုကြောင်း လျှောက်လွှာ
၂။ ပတ်စ်ပို့ မူရင်း နှင့် မိတ္တူ
၃။ မူရင်းလစာ ဖော်ပြထားသည့် ကုမ္ပဏီမှ စာ
၎။ EP/ S Pass / Work Permit ကဒ်များ၏ မူရင်း နှင့် မိတ္တူ
၅။ လွန်ခဲ့သည့် သုံးလအတွင်းက ရိုက်ထားသော ပတ်စ်ပို့အရွယ် ဓါတ်ပုံတစ်ပုံ
၆။ ကိုယ်ရေးမှတ်တမ်း (C.V Form)
၇။ အခွန်ထမ်းဆောင်ရန် လိုအပ်သော ငွေကြေး (ငွေသားဖြင့်သာ)

၉။ Social Visit Pass အတွက် တစ်နှစ်သက်တမ်း ရှိသော ပတ်စ်ပို့ကို သက်တမ်းတိုးခြင်း

မြန်မာသံရုံးအနေနှင့် ထို ပတ်စ်ပို့ စာအုပ်များကို သက်တမ်းတိုးရန် အခွင့်မရှိပါ။ သို့သော် လိုအပ်ချက်များ အရ လျှောက်ထားလာသည့်အပေါ်တွင် လျှောက်လွှာ တစ်စောင်ချင်းစီကို စိစစ် ဆောင်ရွက် ပေးမည် ဖြစ်ပါသည်။

၁၀။ အိမ်ဖော်၊ Maid၊ Foreign Domestic Workers

မြန်မာမိသားစုတွင် ခန့်ထားခြင်းမှ လွဲ၍ မြန်မာနိုင်ငံသား အမျိုးသမီးများ ကို နိုင်ငံခြားသားများ ထံတွင် အိမ်ဖော်အဖြစ် ခန့်ထားခြင်းကို မြန်မာသံရုံး အနေနှင့် အားလည်းမပေး၊ အသိအမှတ်လည်း မပြုပါ။ လူမှုရေး လိုအပ်ချက်များနှင့် အခြေအနေ တစ်ရပ်ရပ် အပေါ်တွင်သာ စဉ်းစားပေးမည် ဖြစ်ပါသည်။

၁၁။ ပတ်စ်ပို့ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း

ပတ်စ်ပို့ ပျောက်ဆုံး၊ ပျက်စီးလျှင် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။
၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် ပတ်စ်ပို့ ပျက်စီးကြောင်း၊ ပျောက်ဆုံးကြောင်း အသေးစိတ်
ဖော်ပြထားသော လျှောက်လွှာ
၂။ ရဲသို့ သတင်းပို့ထားသော စာ (ပျောက်ဆုံးခြင်း အတွက်သာ)
၃။ ပတ်စ်ပို့ မိတ္တူ
၎။ ကိုယ်ရေးမှတ်တမ်း (C.V Form)
၅။ လွန်ခဲ့သည့် သုံးလအတွင်းက ရိုက်ထားသော ပတ်စ်ပို့အရွယ် ဓါတ်ပုံနှစ်ပုံ
၆။ ပတ်စ်ပို့ ပျောက်ဆုံး၊ ပျက်စီးခြင်းအတွက် ဒါဏ်ငွေ (ငွေသားဖြင့်သာ)

၁၂။ သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ ရည်ညွှန်းရန် လိုအပ်သော ဆောင်ရွက်ချက်များ

၁။ ယခုမှ မွေးဖွားလာသော ကလေးများအတွက် မိခင်၏ ပတ်စ်ပို့အတွင်း ကလေးနာမည် ထည့်သွင်းခြင်း
၂။ အခြေအနေ ပြောင်းလဲခြင်း (အလုပ်လုပ်သူမှ မှီခိုအဖြစ်ပြောင်းခြင်း၊ မှီခိုမှ အလုပ်လုပ်သူ အဖြစ် ပြောင်းခြင်း၊ ရာထူးပြောင်းခြင်း၊ ၀င်ငွေပြောင်းခြင်း စသည်)
၃။ ကလေးကို မိခင်၏ ပတ်စ်ပို့စာအုပ်မှ ခွဲထုတ်ကာ သီးသန့် သက်သေခံ လက်မှတ် ပြုလုပ်ခြင်း
၎။ သီးသန့် သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ ကလေး၏ နာမည်ကို မိခင်၏ ပတ်စ်ပို့အတွင်း ထည့်သွင်းခြင်း
၅။ သင်္ဘောသားအဖြစ်မှ ကုန်းပေါ်အလုပ် သို့မဟုတ် ကုန်းပေါ်အလုပ်မှ သင်္ဘောသား အဖြစ် ပြောင်းလဲခြင်း

အထက်ပါ ဆောင်ရွက်ချက်များအတွက် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ၀န်ကြီးဌာနများ သို့ ရည်ညွှန်းရမည် ဖြစ်ပါသဖြင့် ကြိုတင် ဆောင်ရွက် ထားရန် လိုအပ်ပါသည်။

၁၃။ ကိုယ်စားလှယ် လွှဲစာကို ထပ်ဆင့်ထောက်ခံခြင်း

ကိုယ်စားလှယ် လွှဲစာကို ထပ်ဆင့်ထောက်ခံခြင်း အတွက် -
၁။ ကိုယ်စားလှယ် လွှဲစာတွင် အခွန်တော်တံဆိပ်ခေါင်း ပါရမည်။
၂။ သက်သေ နှစ်ဦး၏ လက်မှတ် ပါရှိရမည်။
၃။ သက်သေများ၏ ပတ်စ်ပို့နံပါတ်၊ မှတ်ပုံတင်နံပါတ်၊ လိပ်စာ စသည်တို့ ပါရှိရမည်။
၎။ ကိုယ်စားလှယ်လွှဲမည့်သူသည် မြန်မာသံရုံးသို့ လူကိုယ်တိုင်လာ၍ ကောင်စစ်အရာရှိ ရှေ့မှောက်တွင် လက်မှတ် ရေးထိုးရ ပါမည်။ (ဤသို့လာရာတွင် ပတ်စ်ပို့ မူရင်းပါ ယူဆောင်လာရပါမည်။)
၅။ ကိုယ်စားလှယ်လွှဲစာ မိတ္တူ ပါရမည်။

၁၄။ လက်မှတ်များကို ထပ်ဆင့်ထောက်ခံခြင်း

မွေးစာရင်း၊ လက်ထပ်စာချုပ်၊ ဘွဲ့လက်မှတ်၊ ဒီပလိုမာ အောင်လက်မှတ်၊ ယာဉ်မောင်းလိုင်စင် စသည်တို့ကို ထပ်ဆင့် ထောက်ခံပေးရန် လိုအပ်ပါက ထိုလက်မှတ် ကို မြန်မာသံရုံးသို့ မတင်ပြမီ မြန်မာပြည်ရှိ လိုင်စင်ရ နိုတြီပတ်ဗလစ် ထံတွင် နိုတြီလုပ်ပြီး ဖြစ်ရမည့် အပြင် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ အသိအမှတ်ပြု ထောက်ခံချက်ပါ ရယူပြီး ဖြစ်ရန် လိုပါသည်။

၁၅။ မှီခိုလျှောက်ခြင်း

မှီခိုလျှောက်ခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။
၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် လျှောက်လွှာ
၂။ မှီခိုလျှောက်မည့်သူ၏ ပတ်စ်ပို့ မူရင်း နှင့် မိတ္တူ
၃။ အမှီခိုခံမည့်သူ၏ ပတ်စ်ပို့ မူရင်း နှင့် မိတ္တူ
၃။ အမှီခိုခံမည့်သူ၏ ယခုလထိဆောင်ထားသည့် အခွန်ပြေစာ မူရင်း နှင့် မိတ္တူ
၎။ မှီခိုလျှောက်ထားခ (ငွေသားဖြင့်သာ)


၁၆။ အလုပ်မလုပ်ကြောင်း ထောက်ခံစာ

စင်ကာပူတွင် နေထိုင်ပြီး အလုပ် မလုပ်သူများအတွက် အခွန်ဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရရန် အလုပ်မလုပ်ကြောင်း ထောက်ခံစာ လိုပါမည်။ ထိုထောက်ခံစာကို မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် လျှောက်လွှာ ဖြင့် လျှောက်ထား ရယူ နိုင်ပါသည်။ လျှောက်လွှာကြေး S$ 8.00 ဖြစ်ပါသည်။ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာလည်း အလားတူပင် ဖြစ်ပါသည်။

၁၇။ နာမည်ပြောင်းခြင်း
နာမည်မှားယွင်းနေသဖြင့် ပြင်ဆင်လိုလျှင် မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် လျှောက်လွှာဖြင့် လျှောက်ထား နိုင်ပါသည်။ ပတ်စ်ပို့စာအုပ် မူရင်း ယူသွားရပါမည်။ ပတ်စ်ပို့စာအုပ်ထဲ တွင် နာမည်မှန်ကို ရေးထည့်ပြီး တံဆိပ်တုံး ထုပေးပါ လိမ့်မည်။ နာမည်မှန်ပြောင်းခ S$ 150 ဖြစ်ပါသည်။ မြန်မာပြည်မှ ထုတ်ပေးထားသော ပတ်စ်ပို့များအတွက် မြန်မာပြည် ပြည်ထဲရေး ၀န်ကြီးဌာနသို့ ပြန်ပြီး ရည်ညွှန်းရမည် ဖြစ်သဖြင့် ဆောင်ရွက်ချိန် အနည်းဆုံး တစ်လခွဲခန့် ကြာမည် ဖြစ်ပါသည်။
အခြားမည်သည့် အကြောင်းကြောင့်ဖြစ်စေ ပြည်ပရောက် မြန်မာ နိုင်ငံသားများ အနေနှင့် အကြောင်း တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက မြန်မာသံရုံးနှင့် ဆက်သွယ် ဆောင်ရွက်သင့် ပါသည်။

No comments: