Friday, May 28, 2010

Sunday, May 23, 2010

စောင့်လေမျိုးနွယ်

(၂၂-၀၅-၂၀၁၀)

(၁)

ပြီးခဲ့သည့်အခေါက် မြန်မာပြည်ပြန်သွားတော့ အမျိုးသမီးဘက်မှ အဒေါ်တော်သူ အန်တီပြုံးတို့ အိမ်ကို အလည်အပတ်သွားရင်း အမျိုးသမီး၏ အဒေါ်ဝမ်းကွဲမိသားစုနှင့် ဆုံတွေ့ခဲ့ရပါသည်။ ထို အဒေါ့်နာမည်အား ခေါ်ရလွယ်စေရန် အန်တီဖွေး ဟု ဆိုကြပါစို့။ အန်တီဖွေးမှာ အလွန် ရုပ်ရည်သန့်သော အမျိုးသမီးကြီး တစ်ဦးဖြစ်ပါသည်။ အနောက်တိုင်းဝတ်စုံနှင့် အတော်ကြည့်ကောင်းလှ၏။ ထို့အပြင် သူပြောပုံ၊ ဆိုပုံ၊ နေပုံထိုင်ပုံ၊ သွားလာလှုပ်ရှားပုံများမှာလည်း အထက်တန်းကျလှသည်။
ဇနီးသည်ပြောပြချက်အရ အန်တီဖွေး အလွန်ထက်မြက်ကြောင်း ကျွန်တော်ကြားသိခဲ့ရသည်မှာ ကြာပြီ ဖြစ်ပါသည်။ လူကိုတော့ ခုမှမြင်ဖူးခြင်း ဖြစ်၏။ သူသည် မြန်မာပြည်မှာကတည်းက ကလေးဆေးရုံ အုပ်ကြီး ဖြစ်၏။ ယခု ဟောင်ကောင်မှာ ကလေးအထူးကုဆရာဝန်ကြီးအဖြစ် ဂုဏ်သရေရှိစွာ နေထိုင်လျှက် ရှိသည်။
အန်တီဖွေးတွင် သမီးတစ်ယောက်၊ သားတစ်ယောက်ရှိမှန်း၊ သူတို့ အင်္ဂလန်တွင်နေထိုင်ကြမှန်း ဇနီးသည်၏ ပြောပြချက်အရလည်း ကြိုတင်သိထားပါသည်။ ယခု ထိုမိသားစုနှင့် အန်တီပြုံးတို့အိမ်တွင် နေ့လည်စာ အတူစားခွင့်ရ၏။ မိသားစုဆိုရာတွင် အန်တီဖွေး၊ အန်တီဖွေး၏ သားနှင့်သမီး၊ သမီးဖြစ်သူ၏ ကလေးနှစ်ယောက်တို့ဖြစ်သည်။ သူတို့အားလုံး မြန်မာပြည်သို့ ခေတ္တအလည်လာကြခြင်း ဖြစ်ပါသည်။
အန်တီဖွေး၏ သားသမီးများမှာ ငယ်စဉ်ကတည်းက အင်္ဂလန်သို့သွားရောက် နေထိုင်ခဲ့ကြသည် ဖြစ်ရာ မြန်မာစကားကို ကောင်းစွာ မပြောတတ်။ သမီးဖြစ်သူမှာ အကြီးဖြစ်ပြီး အတန်ငယ်ကြီးမှ (မြန်မာပြည် တွင် နှစ်အနည်းငယ်နေခွင့်ရပြီး မြန်မာစကားပြောတတ်သွားခဲ့သည်) အင်္ဂလန်သို့သွားရသည် ဖြစ်ရာ မြန်မာ လို ပြောတတ်သေးသည်။ ပြောတတ်သည်ဆိုတာတောင် မနည်းစဉ်းစားပြီး ပြောနေရသည်။ သူပြောနေတာ ကြည့်ပြီး ကျွန်တော့်မှာ ဘေးကနေ မောနေသည်။
နောက်ပြီး သူကပြောလိုက်သေးသည်။ မြန်မာစကားကို ယခုမှ ပြန်ပြီးတတ်လာတာ။ ဒီလိုတတ်ဖို့ မြန်မာမိတ်ဆွေတွေနှင့်ပေါင်းပြီး သူတို့ဆီ မကြာခဏအလည်သွား၊ မြန်မာလို မကြာခဏ ပြောပေးရင်း လေ့ ကျင့်ယူခဲ့ရသည် ဆို၏။ ယခုတစ်ခေါက်လာရာတွင် ယခင်တစ်ခေါက်ကထက် မြန်မာလို ပိုပြီးပြောတတ်လာ ကြောင်း ကျွန်တော့်ဇနီးသည်က ဖြည့်စွက်ပြောပါသည်။
သို့သော် သားဖြစ်သူကမူ စကားပြောတတ်စအရွယ်ကတည်းက အင်္ဂလန်ရောက်နေခဲ့သည်ဖြစ်ရာ ယခု မြန်မာလို လုံးဝမပြောတတ်တော့ပါချေ။ တစ်လုံးစနှစ်လုံးစ ပြောနိုင်အောင် ကြိုးစားနေတာ တွေ့ရပါ သည်။ သို့သော် သူဘာပြောမှန်း ကျွန်တော်နားမလည်ပါ။ ကျွန်တော်တို့ မြန်မာလိုပြောနေတာလည်း သူနား လည်လိမ့်မည် မထင်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ပြောနေတာတွေကို အကြောင်သား ကြည့်နေတာ တွေ့ရ၍ ဖြစ်ပါသည်။ စကားမပြောတတ်ရုံသာမက၊ ရုပ်မှာလည်း မြန်မာနှင့်မတူ။ အင်္ဂလိပ် တစ်ဦးနှင့် ပိုတူပါသည်။
အန်တီဖွေးပြောသော အင်္ဂလိပ်စကားတွင် ငါးပိသံ အနည်းငယ်စွက်နေသည်။ ငယ်စဉ်ကတည်းက အင်္ဂလိပ်အသိုင်းအ၀ိုင်းတွင် ကြီးပြင်းခဲ့ရသော သူ့သားနှင့်သမီးပြောသော စကားမှာမူ လူကိုသာမမြင်ရလျှင် အင်္ဂလိပ်တစ်ဦးပြောနေသည်ဟုပင် ထင်ရပါသည်။ ကျွန်တော်တို့ပြောသော အင်္ဂလိပ်စကားတွင် ငါးပိနံ့ ပါနေသကဲ့သို့ သူပြောသော မြန်မာစကားတွင်လည်း ပေါင်မုံ့နံ့မကင်းပါချေ။
သမီးဖြစ်သူ၏ ကလေးကလေးနှစ်ဦးမှာမူ မြန်မာနှင့်လုံးဝမတူ၊ ပီဘိ အင်္ဂလိပ်ကလေးများ ဖြစ်တော့ သည်။ ထိုကလေးများသည် မြန်မာအမျိုးသမီးတစ်ဦးမှ မွေးထားသော ကလေးများဖြစ်ပါသည် ဟု ကျွန်တော်တို့ရွာမှ ဘကြီး၊ ဦးကြီး၊ အဒေါ်ကြီးများကို သွားပြောလျှင် မိုးကြိုးအချက်နှစ်ဆယ် ပစ်ရပါစေ့ရဲ့ဟု ကြိမ်ပြောလျှင်တောင်မှ ယုံမည်မဟုတ်ပါ။ အမေလုပ်သူတောင်မှ မြန်မာလို မနည်းကြိုးစား ပြောနေရသည် ဖြစ်ရာ ကလေးများမြန်မာလို မပြောတတ်ဟုဆိုလျှင် အံ့သြစရာ မရှိပါချေ။
(၂)

ဒီမိုကရေစီအရေးတော်ပုံကြီး၏ ကျေးဇူးကြောင့် ဒေါ်စုကို ပြန်လည်မြင်တွေ့ခွင့်၊ သူပြောတာ ဆိုတာတွေ နားထောင်ခွင့် ရခဲ့ပါ၏။ ကျေးဇူးပါ ၈၈၈၈။ ကျွန်တော်တို့ငယ်စဉ်ကမူ ဗိုလ်ချုပ်အောင်ဆန်းတွင် သားသမီးများရှိသည်။ အောင်ဆန်းလင်း၊ အောင်ဆန်းဦး နှင့် အောင်ဆန်းစုကြည်တို့ ဖြစ်သည် ဆိုတာ စာထဲတွင်ဖတ်ဖူး၊ မှတ်ဖူးခဲ့ရသည်။ သို့သော် အောင်ဆန်းစုကြည်ဟူသည် ဘယ်ပုံရှိသနည်း၊ ဖြူသလား၊ မဲသလား၊ ပိန်သလား၊ ၀သလား ဆိုတာ မသိစဖူး။ မကြားစဖူးခဲ့။ အမှန်ကိုဆိုရလျှင် သူမ ဘယ်ပုံ အသက်ရှင်နေထိုင်ပြီး ဘယ်ရောက်၊ ဘာလုပ်နေသလဲ ဆိုတာတောင် ကျွန်တော်မသိခဲ့ပါ။
၈၈ အရေးတော်ပုံကြီး အလန့်တကြားနှင့်ရောက်လာတော့မှ သြော် - အောင်ဆန်းစုကြည်ဆိုတာ သူကိုး ဟု သိခွင့်၊ မြင်ခွင့်ရပါတော့၏။ သူ့ယောက်ျားသည် အင်္ဂလိပ်ကြီးမှန်း၊ သူ့သားများသည် အင်္ဂလိပ် ကလေးများမှန်း သည်တော့မှ သိရပါတော့၏။ ဒေါ်အောင်ဆန်းစုကြည်၏ သားများကို လက်ဆွဲပြီး ကျွန်တော် တို့ရွာခေါ်သွားကာ ကျွန်တော့်ကြီးဒေါ်ကြီးကို ပြ၍ ဟောဒါ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြေးတွေဗျ ဟု ပြောပါက ဟဲ့ကောင်လေး၊ တောက်တီးတောက်တဲ့၊ နင်က ငါ့ကိုတောကဆိုပြီး လာလှိမ့်နေတာပေါ့လေ၊ ငါ အဲဒီလောက် လဲ မတုံးသေးပါဘူးဟဲ့။ နင်တော့ နာချင်ပြီထင်တယ် ဟု ခေါင်းခေါက်ခံရမှာ သေချာသလောက် ရှိပါ၏။ (စကားကြုံ၍ ပြောရပါလျှင် ကျွန်တော့်ဘကြီးများ၊ ကြီးဒေါ်များကား လကမ္ဘာသို့လူရောက်သည် ဆိုခြင်း၊ ကမ္ဘာကြီး လုံးသည်ဆိုခြင်းများကို လုံးဝ အယုံအကြည်ရှိကြသူများ မဟုတ်ပါပေ။)
သားကြီးသြရသဖြစ်သူ အောင်ဆန်းလင်းသည် အသက် ၈နှစ်သားမျှနှင့် လူ့ပြည်ကို စွန့်ခွာခဲ့ရသူ ဖြစ်၍ ဗိုလ်ချုပ်တွင် အောင်ဆန်းဦးနှင့် အောင်ဆန်းစုကြည် ဆိုသည့် ရင်သွေးနှစ်ဦးမျှ မျိုးဆက်အဖြစ် ချန်ခဲ့ နိုင်ပါ၏။ သို့ဆိုလျှင် ထို ရင်သွေးနှစ်ဦးအနက် မည်သူသည် ဗိုလ်ချုပ်အောင်ဆန်း၏ မျိုးဆက်များကို ဆက်လက် အမွေချန်ထားနိုင်ခဲ့ပါသနည်း။
ဦးအောင်ဆန်းဦးသည် ဆင်းရဲနုံချာလှသော စတုတ္ထ အဲလေ ယောင်လို့ တတိယနိုင်ငံအစုတ်ပလုတ် ကလေးကို အထင်မကြီးလှသည်ဖြစ်၍ ပထမနိုင်ငံတော်ကြီး၏ နိုင်ငံကြီးသားအဖြစ်ခံယူလိုက်ပြီးသကာလ စန်ဒီယေဂိုမြို့၏ လူချမ်းသာရပ်ကွက်တွင် မိသားစုနှင့်အတူချမ်းသာစွာနေထိုင်ခဲ့လေပြီ။ ဖခင်ကိုယ်တိုင်ကမှ အထင်မကြီးခဲ့လေသော မြေကြီးစော်နံလှသည့်တိုင်းပြည်ကို ၎င်း၏ သားသမီးများသည် လာရောက်နေထိုင် ကြလိမ့်မည်ဟု စိုးစဉ်းမျှ အကျွန်ုပ် မထင်ရက်ပါလေ။ သို့ဆိုလျှင် ငါလိုယောက်ျားကောင်းတစ်ယောက် ရှိနေလျှက်ကနဲ့ ငါတို့တိုင်းပြည် သူ့ကျွန်ဘ၀ ရောက်နေတာ ရာဇ၀င်ရိုင်းလှတယ် ဟု ကြုံးဝါးကာ အရိုးကြေကြေ အရေခန်းခန်း အသက်ကို ပဓါနမထားပဲ ကြိုးစားခဲ့သည့် ဗိုလ်ချုပ်၏ မျှော်လင့်စရာ ပထမ မျိုးဆက်ကလေးမှာ ဖုတ်လှိုက် ဖုတ်လှိုက်နှင့် အသက်ငင်နေချေပြီ။
သို့ဆိုလျှင် သမီးထွေးကရော။ မည်သို့သော အကြောင်းကံများက မည်သို့ဖန်တီးသည်ဟု ကျွန်တော် မသိပါ။ ဒေါ်စုမှာ ငယ်စဉ်ကပင် မိခင် သံအမတ်ကြီးနှင့် လိုက်ပါလျှက် မြန်မာပြည်မှ ဝေးရာဒေသများတွင် ကျင်လည်ကျက်စားခဲ့ပြီး တစ်ခုသောအချိန်တွင် တစ်ခုသောအကြောင်းကြောင့် မစ္စတာ မိုက်ကယ်အဲရစ်နှင့် လက်ဆက်ပြီး သကာလ အမောင်တို့ အမိတို့သိကြသည့်အတိုင်း -
မစ္စတာ အလက်ဇန္ဒားနှင့် မစ္စတာ ကင်း ဟူသော သားတော်မောင်နှစ်ဦးကို မွေးထုတ်ခဲ့လေပြီ။ အလက်ဇန္ဒားနှင့် ကင်း ဆိုပါမှတော့ မောင်ဖိုးခွေးနှင့် မောင်သံချောင်း မဟုတ်တုံ၍ ဤနှစ်ဦးသည်ကား ဗိုလ်ချုပ်အောင်ဆန်း၏ မျိုးဆက်အမွေခံဖြစ်ရေးမှာ ရေဝေးထက်ဝေးသော ဝေလာဝေးထဲက ဖြစ်ရချေပြီ။
သို့ပြီးတကား ကျွန်ုပ်တို့၏ အသည်းနှလုံးထဲမှ လှိုက်လှိုက် လှိုက်လှိုက်နှင့် ချစ်ခင်လေးစားရပါသော ခေါင်းဆောင်ကြီး၏ မျိုးဆက်များမှာ ပထမတစ်ဆက်နှင့်ပင် တစ်ခန်းရပ်၍ နိဌိတံရသည်မှာ အလွန်မှ စိတ်မကောင်းစရာ ကိစ္စကြီးပင် ဖြစ်ပေတော့သည်။ (ကျွန်ုပ်ကသာ စိတ်မကောင်းစရာကိစ္စလို့ ဆိုတာပါဗျာ၊ ဒီကိစ္စ ဗမာပြည်က လူ သန်း ၅၀ လိုက်မေးကြည့်ပါ။ တစ်ယောက်တလေကတောင် စိတ်ဝင်စားတာ မရှိပါ ဘူး။ အနို့ မောင်ရယ်၊ ကာယကံရှင်တွေကိုယ်နှိုက်ကတောင် စိတ်ကောင်းသေးတာ၊ ကျုပ်တို့က ဘာ စိတ်မကောင်းစရာ ရှိသလဲဗျ။ ဟုတ်ဖူးလား။ အင်း၊ ဒါလဲ ဟုတ်တုတ်တုတ်။)

(၃)

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊ လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊
ကျင့်ဖွယ် သားတို့တာ။

မြတ်စွာဘုရားက သိင်္ဂါလသတို့သားကို ဟောကြားတော်မူခဲ့သည့် သည် သားသမီးဝတ် ငါးပါးကို မြန်မာမှန်က (ခုခေတ်ကလေးတွေတော့ မပြောတတ်ဖူး) သိကြသည်ချည်း။ သဟာဖြင့် စောင့်လေမျိုးနွယ် ဆိုတာ ဘာလဲ။
အို၊ ခင်ဗျား၊ သူများသာလျှောက်ပြောနေတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ပါအုံး။
အဲ၊ ဟုတ်သဗျ။ ခင်ဗျားပြောမှ သတိရတယ်။ နေအုံး၊ ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ကြည့်ရအောင်။
ကျွန်တော့်တွင် အသက် ၄၅ နှစ်ကျော်မှ မွေးသော သားတစ်ယောက် ရှိပါ၏။ (အသက် ၄၅ နှစ် မတိုင်မီကမူ မိန်းမပင် မရသေးပါ။ ဤကား စကားချပ်) ခု ကျွန်တော်က စင်ကာပူမှာ အလုပ်လုပ်နေတာ (နေတာမဟုတ်ဖူး၊ အလုပ်လုပ်နေတာ) ဆိုတော့ အခြားသူများနည်းအတိုင်း ကိုယ့်သားကိုလည်း စင်ကာပူမှာ ခေါ်ပြီးကျောင်းထားတော့ မပေါ့။ ကျွန်တော်ကိုယ်နှိုက်ကတောင် စင်ကာပူ ရောက်စနှစ်တွေတုံးကသာ မြန်မာပြည် ပြန်ချင်လှချည်ရဲ့ ဖြစ်နေတာ။ ခုတော့ စင်ကာပူမှာပဲ နေရတာ ပို အဆင်ပြေသလိုလို၊ မြန်မာပြည် ခဏပြန်တာတောင် နည်းနည်း နေရတာ တစ်မျိုး၊ သိပ်အထာမကျသလိုလို၊ ပိုက်ဆံကိုင်သုံးရတာကိုပဲ ရောဂါပိုးတွေ ကူးလာတော့မှာလိုလို။



ဒါဆို ကျွန်တော့်သားကိုသာ စင်ကာပူခေါ်ကျောင်းထားလိုက်ရင် စင်ကာပူမှာပဲ အလုပ်လုပ်မှာ သေချာသလောက် ဖြစ်နေပြီ။ ဒါဖြင့် စင်ကာပူမှာကြီးပြင်းလာတဲ့ အဲဒီ သကောင့်သားလေးဟာ မြန်မာပြည် ပြန် နေချင်ပါဦးမလား တဲ့။ ပိုပြီးဖြစ်နိုင်တာကတော့ သြစတေးလျ သွားချင်သွားမယ်။ အမေရိက သွားချင် သွားမယ်။ မြန်မာပြည် ပြန်ဘို့ ရာခိုင်နှုံးက ခပ်နည်းနည်းရယ်။
အလိုလေးဗျာ၊ ဒါဖြင့် စောင့်လေမျိုးနွယ် ဆိုတဲ့ ဘောင်ထဲကကျော်နေတဲ့သူတွေထဲမှာ ကွန်ုပ်ပါ ပါနေပါရော့လား အရပ်လူကြီးတို့။ နောင်ကာလကျ ဦးမြကြီးတို့၊ ဦးကောက်တို့ (ကျွန်တော့်အဘိုးများ) အဆက် အနွယ်တွေထဲက ဘယ်သူတွေ ကျန်သေးလဲ ဟဲ့ လို့ မေးလာရင် ဘယ်လိုဖြေရပါ့။ ကျွန်တော့်သား က နိုင်ငံခြားမှာနေ၊ နိုင်ငံခြားသူနဲ့ရ။ ဗမာ ဆိုတာ ငါးမူးကျန်။ အဲဒီကောင်ရဲ့သား ဒါမှမဟုတ် သမီးက နောက် နိုင်ငံခြားသူနဲ့ ထပ်ရ။ ဗမာမျိုးပြုတ်။ ဟိုက်ရော။
ဗျို့ - ဦးဇော်အောင်၊ ခင်ဗျားရော။
ကိုဌေးဝင်းနိုင်ရေ။ မောင်သူရိယရော၊ ဘယ့်နဲ့လဲ။
ကိုရေချမ်းဆိုတဲ့လူကတော့ အော်စီသားခံလိုက်ပြီ တဲ့။ သူ့သမီးကလေးနှစ်ယောက်ကတော့ အော်စီ အကောင်အကြီးကြီးတွေနဲ့ရ၊ ရေချမ်းမျိုးပြုတ်။
ကိုဂိုင်ကြီးရော၊ အင်း၊ အတူတူပဲပေါ့ဗျ။
အောင်မယ်လေး၊ ကုန်ပါပြီဗျာ။
ဟို၊ သတင်းစာထဲမယ် အရင်တုံးက တွေ့တွေ့နေရတဲ့ဟာလေး သွား အောက်မေ့မိသဗျာ။ ဘာတဲ့။
အမျိုးပျောက်မှာ စိုးကြောက်ပါသည် တို့။
မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်သည် တို့။

ကျွန်တော်တို့ကို ဘာမျိုသဖြင့် ဗမာမျိုးပြုတ်ရပါသနည်း။ စဉ်းစားကြပါကုန်။

Monday, May 10, 2010

Sunday, May 2, 2010

Saturday, May 1, 2010