Friday, July 3, 2026

Proud of Your Job

သည်ကနေ့ အတန်းအားချိန်၌ ကျွန်ုပ်၊ ကိုပီတာနှင့် လဖက်ရည်ဆိုင်ထိုင်ရင်း ထွေရာလေးပါးပြောနေစဉ် မိတ်ဆွေ ထလိန်နာတစ်ဦး ပေါက်ချလာ၏။ သူနှင့်ကိုပီတာက တမီလိုပြောကြ၏။ ကျွန်ုပ်လည်း ပါးစပ်အဟောင်းသားနှင့် နားထောင်နေရ၏။

 

သူထွက်သွားမှ ကိုပီတာက ပြောပြ၏။

 

သူက Safety Officer လုပ်ချင်နေတာဗျ။ အဲဒါ MOM ကိုတင်တော့ reject ဖြစ်တယ်။ အဲဒီတော့ ကိုအေးငြိမ်းကလည်း စာရေးကောင်းတယ် ဆိုတော့ သူက ကိုအေးငြိမ်းကို သူ့အတွက် write up ရေးပေးစေချင်တာ။

 

အဲဒီတော့ ကျွန်တော်လည်း ပြောလိုက်တယ်။

ဒီမယ်ကိုယ့်လူရဲ့။ Write up ရေးတယ်ဆိုတာ ရီးစားစာရေးသလို စိတ်ရူးထင်ရာလျှောက်ပြီး ရေးချင်တိုင်း ရေးလို့မရဘူး။ ခင်ဗျားမှာ ဘာအတွေ့အကြုံတွေရှိသလဲ၊ Safety နဲ့ ပတ်သက်လို့ ဘာတွေလုပ်ခဲ့ဖူးသလဲ၊ အသေးစိတ်တွေ အကုန်သိဘို့ လိုတယ်။ နောက်ပြီး ခင်ဗျားက MOM ကို တစ်ခါတင်ပြီးသားဆိုတော့ အလျင်တင်ထားခဲ့တဲ့စာကိုလည်း ဖတ်ကြည့်ဘို့ လိုတယ်။ ဘာတွေရေးထားပြီး ဘာကြောင့် reject ဖြစ်သလဲ။ Review လုပ်ကြည့်ရမယ်။ blah blah blah . . .

 

သူက စီဗယ်အင်ဂျင်နီယာဗျ။ အင်ဂျင်နီယာမှ တကယ့် စီနီယာအင်ဂျင်နီယာကြီး။ ဆိုတော့ ဆက်ဆံရတာကလည်း ပရောဂျက်မန်နေဂျာတို့၊ အလုပ်ရှင်တို့၊ အရာရှိကြီးတွေနဲ့ ဆက်ဆံရတယ်။

 

အခု သူ ဒီရောက်လာတော့ သူ့ကို အလုပ်သမားတန်းတွေပဲ ပေးထားတော့ သူ အတော် စိတ်ပျက်နေတယ်။ သူက အင်ဂျင်နီယာကြီးဆိုတော့ အင်ဂျင်နီယာ ဒီပလိုမာတန်းတွေ၊ Supervisor တန်းတွေ သင်ချင်တယ်။ နေတာကလည်း ရီရွှန်းမှာဆိုတော့ အဝေးကြီး။

 

အခု သူက အလုပ်သမားတန်းတွေ သင်ရတော့ ဆက်ဆံရတာက အလုပ်သမားတွေ။ လာတာက ဗျောက်သောက်။ ပြောလို့ဆိုလို့ရတဲ့ကောင်တွေ ရှိတယ်။ ဂျစ်ကန်ကန်ကောင်တွေ ရှိတယ်။ စာအနည်းအပါး တတ်လို့ သင်လွယ် တတ်လွယ်တဲ့ကောင်တွေ ရှိသလို ဒီလိုပြောလို့လည်း မရ၊ ဟိုလိုပြောလို့လည်းမသိ၊ တကယ့် စောက်တလွဲ ကောင်တွေနဲ့လည်း တွေ့ရတယ်။ ဆိုတော့ သူ အတော်လေး ဓာတ်ပျက်နေတယ်။

 

ရောက်စတုံးက သူ့ကို second trainer မနက်တစ်တန်း၊ နေ့ခင်းတစ်တန်းပဲ ပေးတော့ အတော် ရင်ခံသွားတယ်။

 

(မှတ်ချက်။      ။ အလုပ်သမားသင်တန်းများ၏ လက်တွေ့ပိုင်း၌ ငြမ်းစင်တက်ရတာပါ၏။ ငြမ်းစင်မှာ နှစ်ထပ်ဖြစ်ပြီး အပေါ်ထပ်မှာ သင်တန်းဆရာ တစ်ယောက်၊ အောက်ထပ်မှာ သင်တန်းဆရာတစ်ယောက် ရှိရ၏။ အောက်က သင်တန်းဆရာမှာ အဓိကဖြစ်ပြီး အားလုံး သူပဲလုပ်ပြရ၏။ အပေါ်ထပ်က သင်တန်းဆရာမှာ second trainer ဖြစ်ပြီး ဘာမှ အထွေအထူး လုပ်စရာမလို။ အပေါ်တက်လာသည့် သင်တန်းသားတွေကို သူတို့လုပ်တာ မှန်/မမှန်ကြည့်ပြီး မှားနေလျင် ပြင်ပေးရုံရှိ၏။ second trainer အတွက် သင်တန်းချိန်ကို ၂ နာရီပေးထား၏။ သို့သော် လက်တွေ့လုပ်ချိန်မှာ တစ်နာရီထက် ပိုမကြာသည်ဖြစ်ရကား ကျန်သည့်တစ်နာရီမှာ ကော်ဖီသောက်ရင်း ဖေ့စ်ဘုတ်ပွတ်လျက် ရသောပိုက်ဆံ ဖြစ်၏။ အင်မတန် သက်သာသည့် အလုပ်ဖြစ်၏။

 

သည်တော့ ကိုယ့်ဆရာက မနက်ပိုင်းတစ်တန်း၊ နေ့ခင်းပိုင်းတစ်တန်းအတွက်ကို second trainer ပေးထားတော့ တစ်နေ့လုံးမှ နှစ်နာရီပဲလုပ်ရပြီး အချိန်တွေ သောက်စ်ကျိုးနဲ ပိုနေသည့်အတွက် ရင်ခံရခြင်း ဖြစ်သတည်း။ ဤကား စကားချပ်)

 

ဒီတော့ ကျွန်တော်က သူ့ကိုအကြံပေးတယ်။

မင်း သီလာ့ကိုပြော။ (သီလာ့မှာ အတန်းများကို စီစဉ်ပေးရသူဖြစ်၏။) ငါ ဒါတွေဒါတွေ တတ်တယ်။ ဒါတွေ ဒါတွေ သင်နိုင်တယ်။ အဲဒီအတန်းတွေရှိရင် ငါ့ကိုစီစဉ်ပေးပါကွာ ပြောထား။ သူတို့ အတန်းရှိရင် ထည့်ပေးလိမ့်မယ်။

 

နောက်တော့ သူ MEWP သင်တတ်မှန်းသိသွားတော့ အခု သူ့ကို Scissor Lift, Boom Lift သင်တန်းတွေ တောက်လျှောက်ပေးနေတယ်။ ဒါပေမယ့် အဲဒါကျတော့လည်း သူ မကြိုက်ပြန်ဘူးတဲ့ဗျ။

 

ကိုအေးငြိမ်းလဲ ဒါတွေသင်နေတာ သိပါတယ်ဗျာ။ MEWP တို့ ဖောက်ကလစ်တို့ဆိုတာ အင်မတန် သက်သာတဲ့အလုပ်။ မနက်ပိုင်း စာလေးသင်ပြီးရင် နေ့ခင်းကျ ‘ဟေ့ကောင်တွေ ဒါကို ဒီလိုလုပ်ရတယ်၊ ဒါကို ဒီလိုမလုပ်ရဘူး’ ပြပေးပြီး သူတို့ကိုလုပ်ခိုင်း၊ ကိုယ်က အနည်းအပါးပြင်ပေး၊ တယ်တူနိမ်ခတ်နေလို့ရတာကို။ ဒါပေမယ့် အဲဒါကိုလည်း သူမကြိုက်ဘူး။

 

(ကြားဖြတ်၍ပြောရလျင် သူ ဘာကြောင့် MEWP သင်တန်းကို မယူချင်မှန်း သည်ကနေ့မှ ကျွန်ုပ် Scissor Lift သင်တန်း သွားသင်တော့မှ သိရ၏။ MEWP သင်တန်း လက်တွေ့ကို ဟို့ ၃ ထပ်မှာ လုပ်ရ၏။ ၃ ထပ်ဆိုလို့ လွယ်လွယ်လေး မမှတ်နဲ့ ခညာ။ သူက Industrial building ဆိုတော့ တစ်ထပ်ကို ၆ မီတာလောက် (အဲဒါထက်တောင် ပိုချင်ပိုနိုင်ပါသည်) မြင့်၏။ သူ့ ၃ ထပ်က သာမန်အဆောက်အဦ ၆ ထပ်စာလောက် မြင့်၏။ ထိုအထပ်ကို တက်ဘို့ ယခင်က ဓာတ်လှေကား ရှိ၏။ သို့သော် ဓာတ်လှေကားမှာ မဖြစ်ညစ်ကျယ် သာမန် လူစီးဓာတ်လှေကားကလေးမဟုတ်။ ဓာတ်လှေကားထဲမှာ နာဠာဂီရိဆင်ကို အာဠာဝကဘီလူး တက်စီးထားသည့် အတွဲ ၄ တွဲစာလောက် ထည့်သယ်နိုင်သော ဧရာမ Cargo Lift အကြီးကြီးဖြစ်၏။

 

အမေရိကန်က အီရန်ကို နားဘန်ကျင်းသဖြင့် ၂၀% မျှသော ရေနံလမ်းကြောင်း ပိတ်သွားသည်ကို အကြောင်းပြ၍ ကမ္ဘာပေါ်ရှိနိုင်ငံများမှာ သူ့ထက်ငါ အပြိုင်အဆိုင် ဈေးတွေ လှိမ့်တက်ကြလေရာ ယခင်က တစ်လကို ၈၀ - ၁၀၀ လောက်သာ ပေးရသော ကျွန်ုပ်အိမ်မှ မီတာခမှာ ယခုအခါ ၃၅၀ လောက်ဖြစ်လာလေရာ . . .

 

လူ ၅၀ - ၆၀ လောက်တင်နိုင်သော ထို cargo lift ကြီးကို ယခင်က ၅ ယောက်လည်းစီး၊ တစ်ယောက်တည်းလည်း စီး လုပ်နေရာ မီးခများ မည်မျှတောင် ကျနေသည်မသိ။

 

ယခု ညောင်ဦးကမ်းပါးပြိုသဖြင့် စမ္ပာနဂိုရ်က နွားမကြီး ပေါင်ကျိုးသည့်ကိစ္စကြောင့် အဲစ်ဗားဆေ့က ထို ကာဂိုလစ်ကြီးကို ပျက်သည်ဆိုကာ ပိတ်ထားလိုက်လေတော့၏။ ဗိန်ပိန့်ပိန်

 

စက်ဘီးကို ကီလို ၂၀ လောက် မမောမပန်းဘဲ တောက်လျောက်စီးနိုင်သည့် ကျွန်ုပ်ပင်လျင် အပေါ်ရောက်တော့ လျှာတန်းလန်း ထွက်နေလေရာ ဗိုက်ပူပူကြီးနှင့် ကီလို ၈၀ လောက်လေးသည့် ခန္ဓာကိုယ်ကြီးကို သယ် တက်လာရသော ကျွန်ုပ်တို့ မိတ်ဆွေကြီးကို ကျွန်ုပ် ကိုယ်ချင်းစာမိရပါတော့သတည်း။

 

ကျွန်ုပ်သင်သည့်အတန်းကို သူစာမေးပွဲစစ်ရမည်ဖြစ်သဖြင့် သူနှင့်တွေ့၏။ ကိုယ့်လူ၊ ဒီနေ့ ဒီမှာလားဟု မေးတော့ ဒီကို နေ့တိုင်းလိုလို လာရတယ် ဟု မချိသွားဖြဲကလေး ပြောပါ၏။ တခါတလေ တက်ရသည့် ကျွန်ုပ်ပင်လျင် သေချင်စိတ် ပေါက်နေရာ နေ့တိုင်းတက်နေရသည့် သူ့ကို လွန်စွာမှ သနားမိပါတော့၏။ အင်း, ဒီပုံနဲ့ဆိုရင်တော့ ကိုယ့်လူ နောက် ၂ လ လောက်နေရင် ကီလို ၆၀ လောက်ထိ ကျသွားလိမ့်မယ် ဟု ပြောခဲ့ပါ၏။ ဤကား စကားမချပ်)

 

နောက်ပြီး ကိုအေးငြိမ်းလဲ Safety Officer လုပ်ဖူးတာပဲဗျာ။ သိပါတယ်။ MOM ဆိုလည်း ကိုယ့်ဆီရောက်လာ၊ NEA ဆိုလည်း ကိုယ်ပဲ ဖြေရှင်းရ။ အလုပ်သမားတွေက ပြောလို့မရ၊ မန်နေဂျာက ဖိထောင်းဆိုတော့ တကယ်လို့ သူသာ Safety Officer ဖြစ်လာရင်လည်း အဲဒီဒဏ်တွေ သူခံနိုင်မှာ မဟုတ်ဘူးဗျ။

 

အဓိကပြဿနာက ငါ ဘာကောင်ပဲဆိုပြီး သူ့ကိုယ်သူ မာန်မချနိုင်တာပဲဗျ။

ကျွန်တော်တို့လည်း အင်ဂျင်နီယာဒီပလိုမာတန်းတွေ သင်ချင်တာပေါ့ဗျာ။ ဒါပေမယ့် ကိုယ်က သူတို့ကုမ္ပဏီမှာ လုပ်နေရတာ။ သူတို့ မပေးတာချည်း ဘယ့်နှယ်လုပ်မလဲ။ ငါ့တော့ မပေးရကောင်းလားဆိုရင် ကိုယ်ပဲ စိတ်ဆင်းရဲ ရမှာပဲ။

 

ကျွန်တော်တို့တာဝန်က ကိုယ်သင်ရတဲ့အတန်းကို အကောင်းဆုံးဖြစ်အောင် သင်ပေးဘို့ပဲ မဟုတ်ဘူးလားဗျာ။

စူပါဗိုက်ဆာတန်းသင်လဲ ပိုက်ဆံရမှာပဲ၊ အလုပ်သမားတန်း သင်လဲ ပိုက်ဆံရမှာပဲ။ ကျွန်တော်တို့ အခုလုပ်နေတာ ဘာကြောင့်လုပ်နေတာလဲ။ ပိုက်ဆံရဘို့ပဲ မဟုတ်ဘူးလား။ အလုပ်သမားတန်းပဲ သင်သင်။ စူပါဗိုက်ဆာတန်းပဲ သင်သင် ပိုက်ဆံရ မပြီးဘူးလားဗျာ။

 

ဒီတော့ တကယ်လို့ သူသာ အဲဒီ ‘ငါဘာကောင်လဲ’ ဆိုတာကြီးကို ခွာချလိုက်နိုင်ရင် ပြီးပြီ။ သူ့ရဲ့ “ငါက စီနီယာ အင်ဂျင်နီယာကွ၊ ငါက အရာရှိကြီးတွေနဲ့ပဲ ဆက်ဆံလာတဲ့ အကောင်ကွ” ဆိုတဲ့ အဲဒီ မာနကြီးကို ဖယ်ပစ်လိုက်မှ အဆင်ပြေလိမ့်မယ်။

 

ကိုင်း အချိန်တွေလဲ ကျော်ကုန်ပြီ။ သွားကြစို့ရဲ့။

 

ကိုပီတာထွက်သွားတော့ ကျွန်တော် ငယ်ငယ်က ကျက်ခဲ့ဖူးသည့် ကဗျာလေးတစ်ပုဒ်ကို ရွတ်လိုက်မိပါသည်။

 

တောင်တွင်း ယဉ်မင်းကြိုင် ၏ နေကြာ (သို့မဟုတ်) သောကရာဇဝင်ကို ဖတ်ကြားခြင်း

 

ခဝါချထား၊ မာနများလည်း

ဖဝါးနုအောက်၊ အားပြုမှောက်လျက်

မြွေဟောက်အသေ၊ ကြွေခြောက်နေသလို

ဟန်တွေမပြ၊ မာန်ဖြေချလို့

တစ်စမဖြုံ၊ ဘဝဘုံမှာ

ကြုံသလိုပျော်၊ ကျွန်တော်နေကြာ

 

ဪ - အကျွန်ုပ်သည်လည်း မြွေဟောက်အသေ၊ ကြွေခြောက်နေသလို၊ ဟန်တွေမပြ၊ မာန်ဖြေချထားတာ နှစ် အတန် ကြာခဲ့ပါပြီ ပကောလေ။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း (လေးမျက်နှာ)

၃ ဇူလိုင်၊ ၂၀၂၆