Monday, December 14, 2020

သင်တန်းနည်းပြတစ်ယောက်ဖြစ်ဘို့ ဘာတွေလိုအပ်သလဲ

ဟိုတစ်နေ့က မိတ်ဆွေတစ်ယောက်က “သင်တန်းနည်းပြတစ်ယောက်ဖြစ်ဘို့ ဘာတွေလိုအပ်သလဲ” ဟု မေးလာပါသဖြင့် မိတ်ဆွေတို့ ဗဟုသုတ အလို့ငှာ ရေးသားတင်ပြလိုက်ရပြန်ပါကြောင်း။

 

ဆိုတော့ လွန်ခဲ့သည့် အနှစ် (၃၀) လောက်က ကိုသန်းထွန်းဦး ပြောတာလေး သွားသတိရမိပါသည်။

ကျွန်တော်ရေဆင်းတွင် ကျောင်းဆရာဖြစ်ခါစက ကိုသန်းထွန်းဦးမှာ ရူပဗေဒဌာနမှ နည်းပြတစ်ယောက်ဖြစ်၏။

တစ်နေ့ မုံ့စားလာရင်း ကျွန်တော့်အစ်မကြီးကို သူက ပြော၏။ 

“ကိုယ်ကျွမ်းကျင်တဲ့အကြောင်းဆိုရင်တော့ အာပေါင်အာရင်း သန်သန်နဲ့ သင်တာပေါ့ဗျာ။ ကိုယ်သိပ်မပိုင်တာဆိုရင်တော့ ခပ်တိုးတိုးပဲ . . . . . ဟဲ ဟဲ ဟဲ”

 

တခြားသူကို သင်ပြဘို့ရာ ကိုယ်ကိုယ်နှိုက်က သင်မည့်အကြောင်းအရာကို ကျွမ်းကျွမ်းကျင်ကျင်၊ ဂဃနဏ သိထားဘို့ လို၏။ ဆိုတော့ Stranger Things ရုပ်ရှင်ထဲက ရူပဗေဒ ဆရာကြီးကို သွားသတိရမိပြန်၏။ သူက သူသင်တာကို သေသေချာချာ သိရုံမျှမက ကျောင်းသားများ စာမေးလာလျှင်လည်း အချိန်မရွေး ဖြေပေးလေ့ရှိ၏။ 

 

တစ်နေ့တွင် ကလေးများက သန်းခေါင်လောက်ကြီး သူ့ဆီဖုန်းဆက်မေး၏။ ဟကောင်တွေ ဘယ်အချိန်ရှိပြီလဲ ဟု သူက ပြန်ဖြေသော် ကောင်လေးများက ဆရာပဲ သိချင်တာရှိရင် အချိန်မရွေးမေးလို့ရတယ်ဆို ဟု ပြန်ကိုင်လေရာ ‘အေးဘာခွာ’ ဟုညည်းပြီး ပြန်ဖြေပေးလေသည်။

 

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အန္တရာယ်ကင်းရေးသင်တန်း၌ သင်တန်းဆရာလုပ်မည်ဆိုပါက ဆောက်လုပ်ရေး လုပ်ငန်းမှ အလုပ်များအကြောင်း၊ သုံးသည့်စက်ယန္တယားများ၊ လက်သုံးကိရိယာများအကြောင်း အသေးစိတ်မဟုတ် တောင် အတော် စုံစုံစိစိ သိထားဘို့လို၏။ ထိုသို့သိဘို့ရန် စာဖတ်ရုံမျှနှင့်မပြီး။ လက်တွေ့ အတွေ့အကြုံလိုပါသည်။ ဆောက်လုပ်ရေး အန္တရာယ်ကင်းရေး သင်တန်းဆရာ တစ်ယောက်ဖြစ်ရန် ဆောက်လုပ်ရေးလုပ်ငန်း အတွေ့အကြုံ (၅) နှစ်ရှိရမည်ဟု MOM က သတ်မှတ်ထားပါသည်။ မြေတူးတာမမြင်ဘူးဘဲ၊ ဖောင်ဝပ်ဆင်တာ မမြင်ဘူးပဲ မည်ကဲ့သို့ ဆောက်လုပ်ရေးလုပ်ငန်း အန္တရာယ်ကင်းရေးအကြောင်း သင်မည်ကို ကျွန်ုပ် မစဉ်းစားတတ်ပါ။ Cofferdam Tank ဆိုတာ ဘာမှန်း မသိသူတစ်ယောက်က သင်္ဘောကျင်း အန္တရာယ်ကင်းရေးသင်တန်း သင်နေတာလည်း တွေ့ရဖူး၏။

 

အသင်သည် Flashback arrestor နှင့် check valve ကို ဘယ်နေရာမှာ သုံးမှန်းမသိဘဲ မည်ကဲ့သို့ Hotwork Safety ကို သင်မည်နည်း။

 

MOM က သင်တန်းနည်းပြတစ်ယောက်အတွက် လိုအပ်ချက်ကို သင်တန်းတစ်ခုချင်းအလိုက် သတ်မှတ်ထားရာ အောက်တွင် နမူနာတစ်ခုကို screen shot ရိုက်ပြထားပါသည်။


တတိယလိုအပ်ချက်ဖြစ်သော ACTA ဆိုသည်မှာ သင်တန်းနည်းပြတစ်ယောက်အတွက် လိုအပ်ချက်ချက်များကို သင်ပေးသည့် သင်တန်းဖြစ်၏။ ထိုအထဲတွင် အဝတ်အစားဝတ်ပုံ၊ စကားပြောပုံ၊ ကိုယ်နေဟန်ထား၊ မျက်နှာ အမူအရာ၊ လက်အမူအရာကအစ သင်တန်းသားများနှင့် အပြန်အလှန် ဆွေးနွေးမှု - အားလုံးပါသည်။

 

စာသင်သည်ဆိုသည်မှာ စကားပြောရသည့်အလုပ်ဖြစ်လေရာ တစ်ဖက်သား နားလည်အောင် ရှင်းရှင်းလင်းလင်း ပြောတတ်ခြင်းမှာလည်း အရည်အချင်းတစ်ရပ်ဖြစ်၏။ လူအထင်ကြီးအောင် အင်္ဂလိပ်လိုပြောရလျှင်တော့ effective communication ဖြစ်ပါသည်။

 

နောက်ပြီး slide များကို ဖတ်တတ်ရုံနှင့်လည်း သင်တန်းနည်းပြတစ်ယောက် ဖြစ်မလာနိုင်ပါ။ Slide ဆိုတာ သင်မည့်သူ အတွက် ရည်ညွှန်းလို့ရရုံမျှ ဖြစ်ပြီး သင်သည့်အခါ slide ကို ဖတ်ပြရုံနှင့် မပြီးပါ။ ထို slide ပါ အကြောင်းအရာများကို မိမိ အတွေ့အကြုံနှင့် ယှဉ်လျက် သင်တန်းသားများ နားလည်အောင် သေသေချာချာ ရှင်းပြရပါမည်။ Slide များကို တစ်ချပ်ချင်း ဖတ်ပြနေသည့် သင်တန်းဆရာများကိုလည်း ကျွန်ုပ်မျက်စိနှင့် တပ်အပ်သေချာ တွေ့ခဲ့ရဖူးလေရာ ကျွန်ုပ်မှာ ‘ကျွတ် ကျွတ် ကျွတ်’ ဟုသာ စုပ်သပ်မိပါတော့၏။

 

သင်သည့်အချိန်အတိုင်းအတာ တစ်ခုအတွင်း၌ သင်ပြသည့် အကြောင်းအရာ တစ်ခုတည်း ဖြစ်သည့်တိုင် သင်ပြသည့် နည်းပြအပေါ်မူတည်ကာ သင်တန်းသားများ၏ ရရှိမှု ကွာသွားပါသည်။

 

မြန်မာယဉ်ကျေးမှုတွင် ဆရာများအတွက် စံ (၃) ခု သတ်မှတ်ပေးထားရာ ၎င်းတို့မှာ စေတနာ၊ ဝါသနာ၊ အနစ်နာတို့ ဖြစ်၏။ ကျောင်းသားများ စာတတ်ပါစေဆိုသည့် စေတနာ မပါဘဲလျက် ဆရာကောင်းတစ်ယောက် ဖြစ်မလာနိုင်။ လခရရုံမျှ အဖြစ်သာ သင်နေသည့် သင်တန်းနည်းပြ၏ အတန်းတွင် တက်ရောက် လေ့လာနေသူများအား ကျွန်ုပ်မှာ လွန်စွာ သနားမိတော့၏။ ၎င်းတို့အနေနှင့် ပေးရသည့်ပိုက်ဆံနှင့် မတန်လှပါ။ ကျွန်ုပ်ရည်ညွှန်းသည့် သင်တန်းသား ဆိုသူများထဲတွင် လက်မှတ်တစ်ခု ရရုံမျှ လာတက်သူများ မပါကြောင်း သည်လောက် ဒုံးမဝေးသည့် ကျွန်ုပ် မိတ်ဆွေများ သိပါသည်။

 

အကယ်၍ အသင်သည် အကြောင်းအရာတစ်ခုကို သင်ပြတော့မည်ဆိုအံ့။ “ငါ - ဒီအကြောင်းကို ဘယ်လောက် သိသလဲ” ဟု ကိုယ့်ကိုယ်ကိုယ် ပြန်မေးရန် သင့်လှ၏။ တစ်နည်းဆိုရလျှင် သူများကို သင်ပြဘို့ရာ ကိုယ်ကိုယ်နှိုက်က ဦးစွာ ဝမ်းစာ ဖြည့်ထားရန်လို၏။

 

ဤမျှဆိုလျှင် ကျွန်ုပ်မိတ်ဆွေ မေးလှာသည့် “သင်တန်းနည်းပြတစ်ယောက်ဖြစ်ဘို့ ဘာတွေလိုအပ်သလဲ” ဆိုသည့် မေးခွန်းကို ဖြေပြီး ဖြစ်သွားလိမ့်မည် ထင်ပါသည်။ စင်ကာပူမှ သင်တန်းနည်းပြတစ်ယောက်အတွက် လိုအပ်ချက်များကို အသေးစိတ်သိလိုပါက “သင်တန်းဆရာများကို ပြုစုပျိုးထောင်ခြင်း” ဟူသည့် ခေါင်းစဉ်ဖြင့် ၂၀၁၄ ခုနှစ်က ကျွန်ုပ် ပို့စ် တစ်ခု ရေးထားတာ ရှိပါသည်။ ၂၀၁၈ အောက်တိုဘာလထုတ် WSH Myanmar ဂျာနယ်တွင်လည်း ဖော်ပြခဲ့၏။ ဖတ်ကြည့်ကြပါကုန်။

 

Link:

http://shwenyein.blogspot.com/2014/03/blog-post_27.html

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၄ ဒီဇင်ဘာလ၊ ၂၀၂၀


Monday, December 7, 2020

ကျွန်ုပ် တရုတ်များကို ဖင်ပိတ်ကန်ချင်ရခြင်း အကြောင်း

ကျွန်ုပ်သည် တရုတ်များကို ဖင်ပိတ် ကန်ချင်မိလေ၏။

 

အဘယ်ကြောင့်ဆိုသော် ၎င်းတို့ မဟုတ်က မဟတ်က တီထွင်ထုတ်လုပ်လိုက်သော ကိုရိုနာဗိုင်းရပ်စ်ကြောင့် သည်နှစ် ကျွန်ုပ် မြန်မာပြည်ပြန်လည်ခွင့် ဆုံးရှုံးသွားရသောကြောင့် ဖြစ်သတည်း။

 

(ကျွန်ုပ်အပါအဝင် လူတော်တော်များများကပင် ကိုရိုနာဗိုင်းရပ်စ်မှာ မဟုတ်က မဟတ်ကတွေစားပြီး ဖြစ်လာသည့် ဗိုင်းရပ်စ်မဟုတ်ဘဲ တမင်တကာ ဓာတ်ခွဲခန်းထဲ၌ ထုတ်လုပ်လိုက်သော ဗိုင်းရပ်စ်ဖြစ်သည်ဟု ယုံကြည်နေကြ၏။ သို့သော်လည်း မိုင် ၂၀၀၀ ကျော်ဝေးသည့် ဝူဟန်သို့ သွားရောက်ရန် ခရီးစရိတ်မတတ်နိုင်၍ ကျွန်ုပ်မှာ ထိုအမှု သေချာ မသေချာ မလေ့လာ၊ မစူးစမ်းနိုင် ဖြစ်ရလေ၏။ ဝမ်းနည်းဖွယ် ကောင်းလေစွ။

 

ကျွန်ုပ်မိတ်ဆွေကြီး ဒေါ်နယ်ထရမ့်ကမူ ဒေါသထွက်လှသဖြင့် တရုတ်တွေကို သေနတ်နှင့် ပစ်ပါမည်ချည်း တကဲကဲ လုပ်နေသဖြင့် လူအများ သေကြေပျက်စီးမည့်အရေး တွေးကာ စိတ်လျှော့ဘို့အကြောင်း ကျွန်ုပ်မှာ ၎င်းကို အတော် နားချယူလိုက်ရ၏။ ကျွန်ုပ် နားအချကောင်းသဖြင့်သာ စီနို-အမေလိကန် စစ်ဘေးကို ရှောင်ရှားနိုင်ခဲ့သည်ဖြစ်ရာ အသင်တို့သည် ကျွန်ုပ်ကို ကြံဖန် ကျေးဇူးတင်သင့်လှ၏။)

 

သူများသားသမီးတွေဆို ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်ကို ဝှဲချီးကျင်းပလိုက်တာ ကိုဗစ် ၁၉ ပင် လက်လန်ကာ တရုတ်ပြည်သို့ ပြန်ပြေးရလေသောဟူ၏။ နင့် ကိုဗစ်ကြောင့် သေလည်း တစ်ခါပဲ သေရမှာ။ နှစ် (၁၀၀) ပြည့်ပွဲဆိုတာ တစ်သက်မှာ တစ်ခါပဲ ကြုံရတာ။ နောင် ဘယ်လိုနည်းနဲ့မှ ပြန်ကြုံချင်လို့ရတော့တာ မဟုတ်။ သည်တော့ ချသာချ။

 

ပျော်ရာမှာ မနေရ၊ တော်ရာမှာနေရဆိုသည့်စကားအရ ကျွန်ုပ်မှာ ကျွန်ုပ်ချစ်သော အမိမြန်မာပြည်ကြီးတွင် နေလို့မရ။ တပြေရပ်ခြား တိုင်းတပါး၌ အောင့်အည်းသည်းခံကာ နေနေရလေ၏။ ကျွန်ုပ်၏ တစ်ဦးတည်းသော သားတော်မောင်မှာ ယခုမှ လူပျိုဖြစ်ကာစ ရှိသေးရာ သူ့ချည်းထားခဲ့ပြီး တရားစခန်းသွားဝင်နေလို့မဖြစ်။ 

 

သို့အတွက် အလွမ်းပြေအဖြစ် ကျွန်ုပ်တို့သည် တစ်နှစ်တစ်ခါ မြန်မာပြည် အလည်ပြန်လေ့ရှိ၏။ သားတို့ကျောင်းက နိုဝင်ဘာ လလယ်မှ ဒီဇင်ဘာ လကုန်ထိ ပိတ်သည်ဖြစ်ရာ ထို ကျောင်းပိတ်ရက်များအတွင်း မြန်မာပြည်ကို ပြန်၏။ အသင်တို့သည် နိုင်ငံရပ်ခြားမှ မြန်မာပြည်သို့ပြန်ဖူးသည့် အတွေ့အကြုံမရှိသည်ဖြစ်အံ့။

မြန်မာပြည်ပြန်ရသည့်အရသာကို အသင်တို့ ခံစားတတ်မည်မဟုတ်။ သို့ဖြစ်သောကြောင့် ကျွန်ုပ်ရေးပြလည်း အသင်တို့ ခံစားနိုင်မည် မဟုတ်ချေ။

 

မြန်မာပြည်ပြန်ရတာ ပီဘိ ရက်တိုတိုကလေးဖြစ်၏။ 

သို့သော် ခံစားရသည့် ဖီလင်မှာ ပုပ္ဖ၊ မုဉ္စ၊ ပရ ကာလအားဖြင့် ရက်အတန်ကြာလေသည်။ 

 

မြန်မာပြည်ပြန်မည်ဆိုကတည်းက ဘယ်ရက်ပြန်မည်၊ ဘယ်တွေသွားမည်၊ ဘယ်သူတွေနှင့်တွေ့မည် စသဖြင့် တွေးရတာကိုက ပျော်စရာကြီးဖြစ်၏။ သည်အပျော်မှာ လေယာဉ်လက်မှတ်ဝယ်ရ၊ ဟဲ့၊ ပတ်စ်ပို့တွေ အကုန်ပါပလား။ ဘယ်သူ့ဘို့ ဘာဝယ်သွားဘို့ မမေ့နဲ့အုံး နှင့် ပြန်မည့်ရက်နီးလေ အရှိန်တက်လေ ဖြစ်၏။

 

ကျွန်ုပ်က လေယာဉ်နှင့် ခရီးသွားရတာကို အလွန်သဘောကျ နှစ်သက်၏။ လေယာဉ်ကွင်းကို သွားရတာ၊ လ.ဝ.က ဖြတ်တာ၊ လေယာဉ်စောင့်တာ၊ လေယာဉ်စီးရတာတို့မှာ အလွန်စမတ်ကျလှ၏။ 

 

မြန်မာပြည်ကို လေယာဉ်ပေါ်က စီးကြည့်ရတာလည်း တမျိုးကြည်နူးစရာ ကောင်းလေသည်။ အင်း - ငါတို့ပြည် ပြန်ရောက်တော့မှာပါလား ဟူသည့်အသိက ခုန်နေသည့် ရင်တစုံကို ပိုမိုနွေးထွေးစေသည်။

 

ကောင်းကင်ပေါ်၌ တိမ်များအကြားတွင် ဘာကိုမှ မမြင်ရသည့်အချိန် စာဖတ်ကာနေတတ်သော်လည်း မြေပြင်ကို မြင်ရသည့်အချိန်၌ ပတ်ဝန်းကျင်အလှကို ငေးမောကြည့်ကာ ကျွန်တော် လိုက်ပါလာတတ်၏။ 

 

လေဆိပ်မှထွက်ကာ ရန်ကုန်မြို့ကြီးကို ခြေချမိသည့်အခါတွင်မူ လပေါင်းများစွာ စောင့်စားခဲ့ရသည့် အာသီသတို့ ပြေပျောက်သွားရပေတော့သည်။ 

 

မြန်မာပြည်တွင် ဆွေမျိုးသင်္ဂဟ၊ မိတ်ဆွေတို့နှင့် တွေ့ကြဆုံကြ၊ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောင်းပြောကြ၊ ရီကြမောကြသည့် အချိန်များမှာမူ မမေ့နိုင်စရာ အချိန်များပင် ဖြစ်တော့၏။ 

 

ကျွန်ုပ်က တောမှာမွေးလာတာဖြစ်၍ ဘယ်နေရာမှာ ဘယ်လောက်ကြာအောင် နေသည့်တိုင် တောဟင်း၊ တောကြွေးများကိုသာ တောင့်တပါသည်၊ ခံတွင်းတွေ့ပါသည်။ ထိုတောဟင်းလျာများ စားရဘို့ဆိုတာ မြန်မာပြည် မပြန်ဘဲနှင့် ဘယ်လိုမှ မဖြစ်နိုင်။ ငါးပိချက်နှင့် ဟင်းညို၊ ချဉ်ဟင်းတို့မှာ ကျွန်ုပ်အတွက် ဘယ်တော့မှ မရိုးနိုင်သည့် ဟင်းလျာများ ဖြစ်၏။ 

 

တခါ ရက်စေ့လို့ စင်ကာပူပြန်ရတော့မည် ဆိုပြန်တော့ ရင်ထဲမှာ ဘာဂလိုတိုတိုကြီး ဖြစ်ရပြန်၏။

သို့သော် သိပ္ပံမောင်ဝရေးသလို တာဝန်ဝါးခြမ်းကို ကြောက်ရပြန်တော့ မသွားလို့ကလည်း မဖြစ်ပြန်။

မြန်မာပြည်ပြန်စဉ်က အလွန်တက်ကြွခဲ့သည့် ခြေလှမ်းများမှာ စင်ကာပူကိုတစ်ခေါက် ရောက်ရပြန်တော့မည်ဆိုတော့ အလွန်လေးလံလွန်းလှပေသည်။

 

စင်ကာပူပြန်ရောက်ပြန်တော့ မြန်မာပြည်ကရလာသည့် အရသာကလေးများကို ပြန်ပြောင်းစမြုံ့ပြန်ရတာလည်း တမျိုး မြိန်ရပြန်၏။ ရိုက်လာခဲ့သည့် ဓာတ်ပုံကလေးများကို ဖန်တရာ တေနေအောင် ကြည့်ရင်း မြန်မာပြည်တုံးက ရခဲ့သည့် အပျော်ကလေးများကို အနည်းငယ် ပြန်ရနိုင်လေသည်။

 

သည်နှစ်အတွက်မူ -

မြန်မာပြည်ကို အလည်ပြန်ဘို့ဆိုတာ ဘယ်နည်းနှင့်မှ မဖြစ်နိုင်တော့ပြီ။

ကျွန်ုပ်မှာ အင်း၊ မနှစ်ကဆို ငါတို့ အခု ဘယ်သွားနေပြီ စသဖြင့် စိတ်ကူးဖြင့်သာ လွမ်းရလေတော့သည်။

ဤသည်ကို တွေးမိလေ ကိုရိုနာဗိုင်းရပ်စ်ကို တီထွင်ခဲ့သည့် တရုတ်များကို ဖင်ပိတ်ကန်ချင်မိလေ ဖြစ်တော့၏။

 

ကျွန်ုပ်သာ လုပ်လို့ရမည်ဆိုလျှင် ထိုတရုတ်များကို ကျွန်ုပ်တို့အိမ်နောက်ဘက်မှ ကမ်းပါးထိပ်တွင် ဖင်လှန် တန်းစီခိုင်းကာ ငဝန်မြစ်အတွင်း အဘား၊ အဘားအော်ပြီး ထိုးဆင်းသွားအောင် နောက်မှနေ၍ ဖနောင့်နှင့် အသားကုန် ပေါက်ချမိမည် ဖြစ်ပါတော့သတည်း။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၇ ဒီဇင်ဘာလ၊ ၂၀၂၀