Tuesday, June 28, 2016

ခေါင်းဆောင်

(၁)

နိုင်ငံတစ်နိုင်ငံ၏ သမ္မတ (သို့မဟုတ်) သက်ဦးဆံပိုင်ဘုရင် ဖြစ်နေရုံမျှနှင့် လူထုကချစ်ခင်အားကိုးသော လူထုခေါင်းဆောင် ဖြစ်မလာနိုင်။

သို့ဆိုလျှင် အဘယ်ကို လူထုခေါင်းဆောင် ခေါ်သနည်း။

ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ပါလေ။

(၂)

သူမနှင့်ပတ်သက်လာတိုင်း ကျွန်ုပ်မှာ ထိထိခိုက်ခိုက် ခံစားရသည်ချည်း ဖြစ်၏။ သို့သော် အခြေအနေကိုလိုက်၍ ခံစားရတာ ခြင်း မတူ။ တခါတလေ ပီတိဖြစ်သည်။ တခါတလေ ၀မ်းသာသည်။ တခါတလေ ၀မ်းနည်းပြီး တခါတလေကျတော့ ဒေါသ ထွက်သည်။ တခါတခါ ချစ်ခင်နှစ်သက်သည်။ တခါတလေ သနားသည် - စသည့် ခံစားချက်ပေါင်းများစွာ။ တခါတလေ ကျတော့ ၀မ်းနည်းဝမ်းသာ တပြိုင်နက် ခံစားရတာရှိသလို တခါတလေကျတော့လည်း သနားတာနှင့် ဒေါသထွက်တာ ရောနှောခံစားရသည်။

သို့သော် သူမနှင့်ပတ်သက်၍ ခံစားရတာ ကျွန်တော်တစ်ဦးထဲမဟုတ်။ သူမကို ချစ်ခင်နှစ်သက်သော ကျွန်ုပ်တို့ မြန်မာပြည်သူ ပြည်သားအပေါင်းတို့လည်း ကျွန်ုပ်ကဲ့သို့ပင် နှစ်နှစ်ကာကာ ခံစားရလိမ့်မည်ဟု ယုံကြည်ပါသည်။ ဤသည်မှာ မေတ္တာဖြစ်၏။ မေတ္တာဆိုတာ အသွားအပြန်ရှိသည်။ သူက ကျွန်ုပ်တို့ မြန်မာပြည်သားများအပေါ် မေတ္တာသက်ဝင် ချစ်ခင်သည့်အတွက် ကျွန်ုပ်တို့ကလည်း သူ့အပေါ် မေတ္တာသက်ဝင် ချစ်ခင်နှစ်သက်ကြခြင်း ဖြစ်လေသည်။

(၃)

ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်ကို ကြည့်ပြီး ကျွန်ုပ်မှာ ၀မ်းနည်းခြင်း၊ ၀မ်းသာခြင်း၊ ပီတိဖြစ်ချင်း၊ ချစ်ခင်ခြင်းတို့ ပေါင်းစု ခံစားမိ၏။

ပထမ - ကားဆိုက်လာတော့ ပြေးဝင်လာသည့် ရာပေါင်းများစွာသော လူအုပ်ကြီးကိုကြည့်ကာ ၀မ်းသာဝမ်းနည်း ဖြစ်ရသည်။
ဝမ်းသာရခြင်းမှာ ကျွန်ုပ်တို့ မြန်မာပြည်သား လူအများ၏ သူမအပေါ် ချစ်ခင်ခြင်း၊ ယုံကြည်ကိုးစားခြင်းတို့ကို တွေ့မြင်ရ၍ ဖြစ်၏။

သို့ဆိုလျှင် အဘယ်ကြောင့် ၀မ်းနည်းရသနည်း။

ကမ္ဘာ့နိုင်ငံအသီးသီးသို့ မြန်မာအများ သွားရောက်အလုပ်လုပ်ကိုင်နေကြရာတွင် အောက်ခြေအလုပ်သမားအများစု လုပ်ကိုင်နေကြသောနိုင်ငံများမှာ ထိုင်းနှင့် မလေးရှားတို့ ဖြစ်၏။ ကျွန်ုပ်တို့ ရောက်ရှိနေထိုင် လုပ်ကိုင်နေရာ စင်ကာပူတွင် လည်း မြန်မာလုပ်သား ၂ သိန်းခန့် ရှိသည့်အနက် ၀ပ်ပါမစ်အလုပ်သမား တော်တော်များများ ရှိပါသည်။ အင်ဂျင်နီယာ၊ မန်နေဂျာ၊ ကိုယ်ပိုင်လုပ်ငန်းရှင်၊ အနည်းဆုံး ကြီးကြပ်ရေးမှုးများအင်အားမှာ မနည်းလှ။ ၀ပ်ပါမစ်အလုပ်သမားများ ရှိသည့်တိုင် (ဘာပဲပြောပြော) စင်ကာပူက တရားဥပဒေစိုးမိုးရေးကို အလေးပေးသည့် နိုင်ငံဖြစ်သဖြင့် အလုပ်သမားများ ရသင့်ရထိုက်သည့် အခွင့်အရေးများကို တရားဥပဒေဘောင်အတွင်းမှ တောင်းယူလို့ရပါသည်။

(S Pass တွေကို လခ ၁၅၀၀ နဲ့ ခိုင်းထားတာကရောကွာ ဟု ကွန်ပလိန်းမတက်ပါနှင့်။ ဤသည်မှာ လူတင်ပါလို့ နွားကျားကိုက် ခြင်း ဖြစ်၏။ မိမိကိုယ်၌က ကိုယ့်ကိုယ်ကိုယ် မယုံကိုး၊ စိတ်မချ။ ငါ လုပ်မှလုပ်တတ်ပါ့မလားဟု စိုးတထိတ်ထိတ်ဖြင့်။ သို့မဟုတ်ပါကလည်း အလုပ်ကလေးတစ်ခုရဘို့ အရေးကြီးနေသဖြင့် လုပ်ပါကွာ ငါ့ကို ၁၅၀၀ ပဲပေးပါ။ S Pass လေး ရရင် တော်ပါပြီ ဆိုသူများ ရှိနေသောကြောင့် ဤကဲ့သို့ ဥပဒေကို လက်တစ်လုံးခြား လုပ်နေသူများ ရှိနေရခြင်းဖြစ်ပါသည်။ သို့ဆိုလျှင် ထိုသူများအတွက်ကရော။ ကိုယ်သာ အမှန်တကယ် လုပ်တတ်ကိုင်တတ်သူများဖြစ်ပါလျှင် S Pass အတွက် သတ်မှတ်ထားသည့် လစာ ၂၂၀၀ ရအောင် တောင်းပါ။ မရလျှင်မလုပ်ပါနှင့်။ ၂၂၀၀ ပေးပါမည်ဟု သဘောတူပြီးမှ လစာ အပြည့်မပေးဘူးဆိုပါစို့။ MOM ကို အချိန်မရွေး သွားတိုင်လို့ရပါသည်။ MOM သည် အလုပ်သမားများအတွက် အပြည့်အ၀ အကာအကွယ်ပေးပါသည်။ အင်္ဂလိပ်စကားမပြောတတ်လို့ စိတ်မပူပါနှင့်။ စကားပြန်ခေါ်ပေးပါလိမ့်မည်။)

သို့သော် ထိုင်းနှင့် မလေးရှားမှ အလုပ်သမားများမှာ နည်းမျိုးစုံဖြင့် အလုပ်သမားများရပိုင်ခွင့်ကို ချိုးဖောက်ခံနေကြရပါသည်။ ကျွန်တော်က ထိုင်းနှင့် မလေးရှားတွင် မလုပ်ဖူးသဖြင့် အတွင်းကျကျ မသိပါ။ သို့တိုင် ထိုနိုင်ငံများ၌ လုပ်ကိုင်ခဲ့ဖူးသူများနှင့် အင်တာဗျူးဖူးသဖြင့် အနည်းအကျဉ်းတော့ ရိပ်မိပါသည်။
အခွင့်အရေးချိုးဖောက်ခံရသည့် လုပ်သမားများတွင် မြန်မာတို့ ထိပ်ဆုံးက ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့မြန်မာများမှာ ခေါ်စရာအဖေမရှိသဖြင့် အမိမဲ့သား ရေနည်းငါးပမာ လုပ်ချင်တိုင်း လုပ်၍ ရနေသောကြောင့် လုပ်ချင်တိုင်းလုပ်တာ ခံနေကြရသောကြောင့် ဖြစ်ပါသည်။ ယုတ်စွအဆုံး သတ်ပြီး ပင်လယ်ထဲပစ်ချခဲ့၍ လူမသိ သူမသိသေခဲ့ရသူများ မည်မျှများသည်ကို မည်သူမှ မသိပါ။

ယခု ဒေါ်အောင်ဆန်းစုကြည် ထိုင်းကိုလာတော့ သူတို့တတွေ ၀မ်းသာအားရပြေးလာကြသည်မှာ သူမကို ချစ်ခင်နှစ်သက်စွာ ကြိုဆိုလိုကြ၍ တကြောင်း၊ နောက်တကြောင်းမှာ ငါတို့အတွက် ကယ်တင်ရှင်ကြီးလာပြီဟု အားကိုးတကြီး မျှော်လင့်တကြီး ဖြင့် လာကြတာ ဖြစ်ပါသည်။

ထို့ကြောင့် ၎င်းတို့ကိုကြည့်ပြီး ကျွန်တော် ၀မ်းနည်းရခြင်းဖြစ်၏။ ကျွန်တော်တို့နိုင်ငံသားများမှာ သူတို့ကိုယ်သူတို့ အစိုးရဟု နာမည်တပ်ထားသူများက နည်းနည်းမှ လှည့်ကြည့်ဖော်မရဘဲ ပစ်စလက်ခတ် ထားခဲ့သည်မှာ ရာစုနှစ်ပင် တစ်ဝက်ကျိုးခဲ့ပြီ ဖြစ်၏။

ယခု ဒေါ်အောင်ဆန်းစုကြည်တည်းဟုသော ကျွန်ုပ်တို့၏ မျှော်လင့်ချက်လမင်းကြီးကား မည်သည့်နည်းနှင့်မျှ ကျွန်ုပ်တို့ကို ပစ်မထားဟု သေချာလှသောကြောင့် သူတို့ ယုံကြည်ကိုးစားကြခြင်းဖြစ်၏။ သူတို့ယုံကြည်သည်မှာ အလွန်မဟုတ်။ သူ့ကို လူအုပ်ကြီးထံမှဝေးရာ ဟိုဘက်ကိုခေါ်သွားတော့ သူ့မှာ သားပေါက်ကလေးများကို ထားခဲ့ရသော ကြက်သားအုပ်မကြီးပမာ သံယောဇဉ်မပြတ်နိုင်ဘဲ နောက်ကို လှည့်ကြည့်လှည့်ကြည့်နှင့် ယက်ကန်ယက်ကန် ပါသွားရရှာလေသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် သူသည် လူမြင်ကောင်းရုံလောက် ဟန်ပြလုပ်တာမဟုတ်။ တကယ်ရင်ထဲအသည်းထဲမှ စေတနာအပြည့် ပါကြောင်း သက်သေပြနေပေသည်။

နောက်ပြီး မြန်မာများနှင့် တွေ့ဆုံစကားပြောတော့ မိုက်မရှိသဖြင့် အောက်ကပြောတာ ဘာမှမကြားရ။ သည်တော့ သူက ဖြုတ်ဆို အောက်သို့ အတင်းဆင်းသွားတာတွေ့ရတော့လည်း ကျွန်ုပ်မှာ သူ့ကို အလွန်ချစ်ခင်မိရသည်။ သူ့မှာ ဟန်ဆောင်တာ ဘာမှ မရှိ။ အလုပ်သမားတွေကြားထဲ သွားရမှာ သူ့အတွက် ဘာပြဿနာမှ မရှိ။ သူတို့ခံစားချက်တွေကို သိချင်သည်။ သူတို့ ပြောတာ နားထောင်ချင်သည်။ သူတို့ ဘာတွေလိုနေသလဲဆိုတာ စေ့ငုချင်သည်။ မိုက်မပါလို့ သူ့အတွက် ဘာမှဖြစ်မသွား။ အဝေးကပြောလို့မကြားရရင် အနားကပ်ပြောမကွာ။

(သူ့အတွက် ဘာမှ မဖြစ်ပေမဲ့ ဟိုဆရာကြီးများမှာတော့ ဘာပါဝါမှမရှိသော ချောင်ထဲသို့ပို့တာ ခံလိုက်ရလေသည်။)

နောက်ပြီး လူငယ်လေးပြောတာကို ကျကျနန နားထောင်သည်။ အပြန်အလှန်ပြောဆိုဆွေးနွေးသည်။ ချစ်စရာ ကောင်းလိုက်ပါပေ့။

နောက်ပြီးတော့ လမ်းဘေးမှာဝိုင်းအော်နှုတ်ဆက်နေကြသူများကို ဗြုန်းဒိုင်းကြီးဆင်းစကားပြောတော့လည်း ကျွန်ုပ်မှာ အင်း၊ သူ့အဖေနဲ့ အတော်တူတာပဲ ဟု တွေးမိလေသောဟူ၏။ (အောင်မယ်၊ ဗိုလ်အောင်ဆန်းကို သူမီလိုက်တဲ့အတိုင်း) သူများတွေလို ကျွန်ုပ်ကတော့ သူ့လုံခြုံရေးအတွက် မစိုးရိမ်မိပါ။ အဘယ်ကြောင့်ဆိုသော သူဒီလိုဆင်းလာမယ်မှန်း မသမာသူတွေ ထင်ထားလိမ့်မည် မဟုတ်ပါ။ သို့အတွက် သည်နေရာတွင် မည်သည့်အကြောင်းနှင့်မျှ ရှိမနေနိုင်ပါ။ သူ့ကို ၀ိုင်းအော်နှုတ်ဆက်ကြသူအားလုံးသည် သူ့သားသမီးများသာ ဖြစ်ပေလိမ့်မည်။ သို့အတွက် ဘာစိုးရိမ်စရာမှ မရှိပါ။

ဤကဲ့သို့ ရုတ်တရက် သူဆင်းနှုတ်ဆက်တော့လည်း ကျွန်ုပ်မှာ သဘောကျမိသည်သာ ဖြစ်လေ၏။ တကယ်မေတ္တာမရှိဘဲ ဆင်းလာစရာ အကြောင်းမရှိ။

(၄)

သို့သော်လည်း သူ့ကိုကြည့်ပြီး ကျွန်ုပ် အလွန်ဝမ်းနည်းမိလေသည်။

သူထိုင်းကို ခဏတဖြုတ်သွားတာ ထိုင်းနိုင်ငံရောက် ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများအတွက် များစွာ အကျိုးရှိသွားလေသည်။ သူလက်မှတ်ထိုးခဲ့သော စာချုပ်များနှင့် ထိုင်းအစိုးရကို သူပြောခဲ့သည့်စကားများ၊ မြန်မာနိုင်ငံသားများကို သူမှာခဲ့သည့် စကားများကို ပြန်ကြည့်ပါ။

ငါတို့နိုင်ငံသားတွေအတွက် ငါတို့အကုန်တာဝန်ယူတယ်။ . . . . . ဧည့်သည်ဟာ ဧည့်သည်လို နေရမယ်။

ယူတတ်မည်ဆိုလျှင် အလွန်အဖိုးတန်လှသော စကားများဖြစ်၏။
ဧည့်သည်ဟာ ဧည့်သည်လိုနေရမယ် ဆိုသည့်စကားကို မိတ်ဆွေများပင်သိပြီးဖြစ်သော်လည်း နည်းနည်းလောက် လျှာရှည်ခွင့် ပြုပါ။

ကျွန်ုပ်တို့သည် စင်ကာပူနိုင်ငံတွင်နေကြ၏။ ထိုအခါ စင်ကာပူ၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစား လိုက်နာရပါမည်။ ၎င်းတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ လူနေမှုဘ၀များကို တန်ဘိုးထားရပါမည်။ သူတို့ဥပဒေတွေက တင်းကြပ်လွန်းသလား၊ သူတို့သည်လိုနေတာထိုင်တာ မကြိုက်ဖူးလား။ မကြိုက်သည့်တိုင် အောင့်အည်းသည်းခံနေရပါမည်။ ဒါမှမကြိုက်သေးဘူးဆို ရှုံ့မဲ့တော့မနေပါနှင့်။ အချိန်မရွေး ကောက်ပြန်သွားလို့ရပါသည်။ မည်သူမှ တားနေမည်မဟုတ်ပါ။

ဥပမာ - သင့်အိမ်သို့ ဧည့်သည်များ ရောက်လာသည်ဆိုပါစို့။ ထိုဧည့်သည်များသည် သူ့အိမ်မှာနေသလို ကွမ်းတံတွေးတွေကို ပြစ်ကနဲ ဟိုထွေးဒီထွေး ထွေးမည်ဆိုလျှင် သင်ဘယ်လိုနေပါမည်နည်း။

ကျွန်ုပ်ဝမ်းနည်းမိရသည့်အကြောင်းကား -

သည်မျှတန်ဘိုးရှိလှသည့် ရတနာတုံးကြီးကား အိုမင်းလှပြီဖြစ်၏။ အသက် (၇၀) ကျော်နေတာတောင် သည်မျှ သွားလာ လှုပ်ရှားနိုင်တာကိုပင် ကျေးဇူးတင်ရဦးတော့မည်။ သို့သော် သူ စိတ်မည်မျှပင် ရှိနေသည်ဖြစ်စေ၊ ရုပ်က လိုက်နိုင်ပါဦးမည် လော။ လိုက်နိုင်တောင် မည်မျှကြာကြာ လိုက်နိုင်ပါမည်နည်း။ သူရှိနေတာနှင့်ပင် ကျွန်ုပ်တို့မှာ အလိုလိုနေရင်း မျက်နှာပန်း ပွင့်ရသည်။ ဟိုနိုင်ငံ၊ သည်နိုင်ငံတွေက တန်ဘိုးထား လေးစားတာ ခံရသည်။ (ထိုင်းနိုင်ငံမှ အဓိကရ စစ်ဗိုလ်ချုပ်ကြီးက သူ့အပါးတွင် မခုတ်တတ်သည့် ကြောင်ကလေးကဲ့သို့ ယို့ယို့ကလေး ရပ်နေတာကြည့်ပါ။)

သူဦးဆောင်သည့်အစိုးရတက်လာသည် ဆိုရုံမျှဖြင့် ပြည်သူ့ရဲများမှာ အလိုလို အချိုးပြောင်းကုန်ရသည်။ သူ့ကို ကန့်လန့်တိုက်သူများ ရှိနေသည်ဆိုစေ၊ ပြည်သူအများစုမှာ သူ့စကားကို နားထောင်ကြသည်။

သို့ဆိုလျှင် သူမရှိတော့သည့်အခါ  . . . . .
ကျွန်ုပ်မှာ တွေးတောင်မတွေးရဲ။
ဤအတွေးဝင်လာသည့်အခါတိုင်း ၀မ်းပမ်းတနည်း ဖြစ်ရသည်။
ကျွန်ုပ်တို့တိုင်းသူပြည်သားတွေ စည်းကမ်းရှိလာသည်အထိ၊ ကိုယ်ကျင့်တရားများ ကောင်းလာသည့်အထိ၊ ပေါက်တတ်ကရ စကားများကို မပြောကြတော့သည်အထိ၊ မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်မှာ ဂုဏ်ဝင့်ထည်လာသည်အထိ သူ ဆက်ရှိ နေနိုင်ပါဦးမည်လား။

သည်မှဆက်၍တွေးတောမိသည်မှာ . . . .
သည်မျှတန်ဘိုးရှိလှသည့် ရတနာကို ထောင်ထဲပိတ်ကာ၊ အကျယ်ချုပ်ချကာဖြင့် အချိန်များဖြုန်းပစ်ခဲ့သော ခွေးသား၊ ၀က်မြေး၊ ကြွက်ယောက်ဖ အပေါင်းကို . . .
အမှုန့်ကြိတ်စက်ထဲထည့် အမှုန့်ကြိတ်ပစ်ပြီး ကျောက်ပွင့်သုတ်နှင့် ရောစားပစ်လိုက်ချင်သည်။
မဟာအ၀ီစိငရဲသို့ပို့၊ ဒယ်အိုးကြီးကြီးထဲထည့်ကာ KFC ကြက်ကြော်ကဲ့သို့ကြော်လျှက် အချဉ်ရေဖြင့် တို့စားပစ်လိုက်ချင်သည်။
ပေါင်းအိုးထဲထည့်ပေါင်းပြီး ဟ၀ှာကို အကွင်းလိုက်အကွင်းလိုက်လှီးကာ ငြုပ်ဆီဖြင့် တို့စားပစ်လိုက်ချင်သည်။
(ဟ၀ှာ = လက်ညှိုး)

ထို့ထက် ပုဂံခေတ်က ကျောက်စာများတွင် ကျိန်သကဲ့သို့ အောက်ပါအတိုင်းသာ ကျိန်စာတိုက် ပစ်လိုက်ချင်မိလေ၏။

၎င်းတို့ကိုယ်၎င်းတို့ နိုင်ငံချောက်ထဲကျမလို့ လက်နှစ်လုံးလောက်အလိုတွင် ကယ်တင်ခဲ့ရပါသည်ဟု အသံကောင်းဟစ်ခဲ့သော ကယ်တင်ရှင်ကြီးများသည် မဟာအ၀ီစိငရဲသို့ ကျချင်းကြီးကျလျှက် ဘုရားအဆူဆူချွတ်သော်မှ မကျွတ်နိုင်ပါစေသတည်း။

(၅)

သူမကိုချစ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် -

စည်းကမ်းရှိသော -
တာဝန်ယူတတ်သော -
ကိုယ်ကျင့်စာရိတ္တကောင်းသော -
ကိုယ်ချင်းစာတတ်သော -
သူတပါးအား လေးစားတန်ဘိုးထားတတ်သော -
တစ်ယောက်ကိုတစ်ယောက် ကဲ့ရဲ့သဂြိုဟ် အတင်းဆိုမနေသော သူများဖြစ်လာစေရန် ကြိုးစားကြပါစို့ဟု တိုက်တွန်းလိုက်ရ ပါသတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၈ ဇွန်၊ ၂၀၁၆





Tuesday, June 7, 2016

မိုးကြိုးနှင့် ကျွန်ုပ်အကြောင်း၊ သောင်းပြောင်းထွေလာ

(၁) သစ္စာမဲ့သောမိုးကြိုး

“လောက၌ အဆင်မပြေမှုများနှင့် တွေ့သောအခါ ရယ်မောခြင်းဖြင့် ခွင့်လွှတ်နိုင်ပါစေ။” ဟူသောစကားသည် ရှိ၏။ ဤစကားသည် အဆင်ပြေနေသည့်အခါ၌သာ မှန်၏။ တကယ်အဆင်မပြေသည့်အခါတွင်မူ ရယ်မောနိုင်ရန် အတော်ခက်ကြောင်း မိတ်ဆွေတို့ သိပါသည်။

ယခု ကျွန်ုပ်မှာလည်း သူများတွေ တူးပို့နေချိန်၌ တူးမပို့နိုင်ပဲ ထမ်းပို့နေရ (ဟုတ်ပေါင်) MOM နှင့် နပန်းလုံးနေရလေ၏။
အကြောင်းကား အခြားမဟုတ်။ ကျွန်ုပ်တို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ၌ ဘန်းဂလားလေးတစ်ယောက်ကို မိုးကြိုးပစ်သော ကြောင့် စင်းစင်းသားသေရသည့် ကိစ္စ ဖြစ်လေသည်။

ကျွန်ုပ်တို့ငယ်စဉ်က ကိုယ်မလုပ်တာ မဟုတ်ကြောင်း အများယုံအောင် ပြောလိုသည့်အခါ ဘုရားစူး၊ မိုးကြိုးပစ်ရပါစေ့ စသည်ဖြင့် ကျိန်ဆိုကြ၏။ ဤသည်မှာ မဟုတ်မတရားတာလုပ်လျှင် သိကြားမင်းကြီးက မိုးကြိုးနှင့်ပစ်ကာ ဒဏ်တပ်တတ်သည် ဟု ယုံကြည်ခြင်းမှ ဆင်းသက်လာခြင်း ဖြစ်တန်ရာသည်။ မိဘကိုစော်ကားလျှင် မိုးကြိုးပစ်တတ်သည်ဟု ယုံကြည်ကြသူများ ကျွန်ုပ်တို့တော့၌ ယခုတိုင် ရှိသေး၏။

မိုးကြိုးဆိုတာကို မိတ်ဆွေတို့သိပါသည်။ မိုးတွင်းအခါ ကောင်းကင်တွင် မိုးတိမ်တို့ဖြစ်သည်။ ထိုမိုးတိမ်တို့အတွင်း သေးငယ်သော ရေခဲတုံးကလေးများ တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိရာမှ လျှပ်စစ်ဓာတ်အဖိုနှင့် အမတို့ ဖြစ်သည်။ လျှပ်စစ်အဖိုဓာတ်တို့သည် တိမ်တိုက်များ၏ အထက်ပိုင်းတွင် နေကြ၏။ တချိန်တည်းမှာပင် လျှပ်စစ်အမဓာတ်တို့သည် တိမ်တိုက်များ၏ အောက်ပိုင်းတွင် နေရာယူကြကုန်သည်။

လှပစွာဝတ်စားထားသော မိန်းကလေးတို့သည် ယောက်ျားဘသားများကို ဖမ်းစားတတ်သည့်သဘာဝကဲ့သို့ တိမ်တောင်များ အောက်ခြေမှ လျှပ်စစ်အမတို့သည်လည်း ကမ္ဘာပေါ်မှ လျှပ်စစ်ဖိုများကို ဆွဲဆောင်ခေါ်ယူလျှက် ရှိ၏။ ကိုလူပျိုတို့သည် မချော ကလေးများထံသို့ နည်းမျိုးစုံသုံးပြီး ရောက်အောင် ကြံဆောင်ကြသကဲ့သို့ လျှပ်စစ်အဖိုများသည်လည်း တိမ်တောင်အောက်မှ လျှပ်စစ်အမများထံ သစ်ပင်များ၊ အိမ်များ၊ တောင်ကုန်းများ စသည်တို့မှတဆင့် ခုန်ကူးရန် ကြိုးစားကြ၏။ အချို့မှာ လျှပ်စစ် အမများနှင့် အကြောင်းဆက် ပေါင်းဘက်ရ၏။ အချို့တို့မှာမူ ပင်မြင့်သဇင်ကို မလှမ်းနိုင်သောကြောင့် အဝေးမှ ငေးမှိုင်ကုန် ကြရ၏။

မြေပြင်မှ လျှပ်စစ်အဖိုနှင့် ကောင်းကင်မှ လျှပ်စစ်အမတို့ အကြောင်းဆက်ပေါင်းဖက်ကြလျှင် မိုးကြိုးပစ်ခြင်းတည်းဟူသော အရာ ဖြစ်ပေါ်၏။ ထို့ကြောင့် မိုးကြိုးပစ်ခြင်းသည် သစ်ပင်များ၊ တောင်ကုန်းစသော မြင့်မားသည့် အဆောက်အဦ၊ ပစ္စည်းတို့ တွင်ဖြစ်လေ့ရှိ၏။

ကျွန်ုပ်တို့ လုပ်ငန်းခွင်ထဲသို့ ကြွချီတော်မူလာသော ကိုရွှေမိုးကြိုးမှာမူ သစ္စာမရှိ။ လောကနိယာမတရားကို ဖောက်ဖျက် လေသည်။
မိုးကြိုးပစ်သည့် အလုပ်သမားများ ကွန်ကရိလောင်းနေသည့် နေရာမှာ Block 7, level 1 ဖြစ်၏။ ထိုအနီး၌ ၄၅ မီတာမြင့်သော တာဝါကရိန်းကြီးရှိ၏။ ထို့ပြင်တ၀ အနီးတွင်ရှိသော Block 8, Block 5, 6, 4, 3, 2, 1 စသည်တို့မှာ ၄ ထပ်၊ ၅ ထပ်၊ ၆ ထပ် စသည်မြင့်ကြ၏။ ယခု မိုးကြိုးပစ်သောနေရာမှာ ထိုအဆောက်အဦများအကြား၊ အနိမ့်ဆုံးနေရာမှာ ဖြစ်၏။

ထို့ပြင် မိုးကြိုးပစ်ချိန် ရာသီဥတုကိုလည်း ကြည့်လိုက်ဦး။ ပီဘိ မိုးဖွဲဖွဲကလေး ကျနေတာသာ ဖြစ်သည်။ မိုးသည်းသည်း မည်းမည်းရွာနေတာမဟုတ်။ ကောင်းကင်သည်လည်း အုံ့ဆိုင်းမှုန်မှိုင်းကာ တိမ်တောင်များ ထူထပ်နေတာ မဟုတ်။ ပတ်ဝန်းကျင်မှာလည်း မိုးကြိုးများ တဒိုင်းဒိုင်းပစ်မနေ။ လျှပ်စီးများလည်း တ၀င်းဝင်းတောက်နေတာမျိုးမရှိ။ ပုံမှန် သာသာ ယာယာပင်ဖြစ်သည် တဲ့။ အလုပ်သမားတွေကို အင်တာဗျူးတော့ ပြန်ပြောပြတာ။ ကိုင်း။

မိုးကြိုးပစ်တာ ၉ - ၄ - ၁၆ (စနေနေ့) နေ့လည် ၂ နာရီ။

ထိုင်းအလုပ်သမားများကတော့ တီးတိုးတီးတိုး သဖန်းပိုး လုပ်နေကြလေ၏။ ဖျက်လိုက်သော ဟိုဘက်ဂိတ်အနီးမှ နတ်စင်ကို သည်ဘက်ဂိတ်သို့ မိုးကြိုးမပစ်ခင် ညနေက ပြောင်းကြသည်။ ထိုနတ်စင်အနီးမှ လုပ်ငန်းခွင်ထဲသို့ ရေပေးနေသော ပင်မရေပိုက်လိုင်းကြီးမှာ နတ်စင်ရွှေ့ပြီး နောက်နေ့မနက်တွင် ပေါက်သည်။ သူတို့ပြောတာတော့ သည်ရေပိုက်မှာ သူတို့မြေတူးနေသည့်နေရာနှင့် မလှမ်းမကမ်းတွင် ရှိသည်။ သူတို့မြေတူးနေသည့် မြေတူးစက်နှင့် သည်ပိုက်လိုင်းကို လုံးဝ မထိ။ သို့တိုင် ရေပိုက်လိုင်းကြီးက အကြောင်းခြင်းရာမရှိပဲ ပေါက်သည်။ ရေပိုက်ပေါက်တာ မနက်ပိုင်း။ မိုးကြိုးပစ်တာ နေ့ခင်း ၂ နာရီလောက် ဆိုတော့ သူတို့က နတ်စင်ကို သံသယရှိသည်။ တစ်နည်းအားဖြင့် မိုးနတ်မင်းကြီး စိတ်ဆိုးတော်မူ၍ ဒဏ်ပေးလားဆိုတာ သံသယရှိသည်ဆို၏။ ဒီကိစ္စတွေ ကျွန်တော် နားမလည်ပါ။

မိုးကြိုးပစ်သည့်ကိစ္စ ကျွန်တော့်ကို မည်သူမှ သတင်းမပေး။ ဆိုတော့ ကျွန်တော် ဆိုဒ်ထဲကိုရောက်သည့်အချိန်တွင် ရဲများ ပြန်သွားပြီး၍ MOM မှ စစ်ဆေးရေးအရာရှိများပင် ရောက်နေပြီ။ သူတို့ စစ်ကြ၊ ဆေးကြနှင့် အတော်ကြီးမိုးချုပ်မှ ကျွန်တော် အိမ်ပြန်ရောက်သည်။

တနင်္လာနေ့တွင် MOM မှ စစ်ဆေးရေး နှစ်ဖွဲ့လာသည်။ တစ်ဖွဲ့က အမှုအခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖြစ်ပြီး နောက်တစ်ဖွဲ့မှာ လုပ်ငန်းခွင်စစ်ဆေးရေးအဖွဲ့ဖြစ်၏။ ကျွန်တော်က မှုခင်းစုံစမ်းရေးအဖွဲ့နှင့် လိုက်ရသည်။ အခင်းဖြစ်သည့်နေရာသွား၊ လိုအပ်သည်များကို တိုင်းထွာ၊ ဘယ်သူဘယ်နေရာမှာရှိသလဲ စသည်ဖြင့် စုံတကာစေ့အောင်စစ်ချက်ယူပြီး နေ့ခင်း ၂ နာရီလောက်တွင် သူတို့ပြန်သွားသည်။ ကျွန်ုပ်မှာ နေ့လည်စာမစားရသေး။

သူတို့ပြန်သည့်တိုင် လုပ်ငန်းခွင်စစ်ဆေးရေးအဖွဲ့မှာ မပြီးသေး။ တစ်ခန်းဝင်တစ်ခန်းထွက်၊ အပေါ်တက်လိုက်အောက်ဆင်း လိုက်နှင့် non-compliance, unsafe condition များကို ကောက်ရိုးပုံထဲ အပ်ရှာသလို ရှာလေ၏။ ဓာတ်ပုံတဖြတ်ဖြတ်ရိုက်တာ ပုံ ၂၀၀ ကျော်ကျော် ရှိလေသည်။ 

Block ၈ ခုစလုံးစစ်ပြီးတော့ ကျွန်ုပ်တို့ကိုခေါ်ကာ “ဟောဒီနေရာမှာ safe access မရှိတာ မင်းမသိဘူးလား။ သိတယ်ဆို ဘာဖြစ်လို့ သူတို့ကို အလုပ်လုပ်ခွင့် ပြုထားသလဲ” စသဖြင့် အဖြေရကျပ်သောမေးခွန်းများ တစ်ခုပြီးတစ်ခု ဆက်တိုက် မေးလေ၏။ ကျွန်ုပ်မှာလည်း ၇ ရက် ထမင်းမစားရသော လူမမာကဲ့သို့ လေပျော့ကလေးဖြင့် တတ်သမျှ မှတ်သမျှ မနည်းကြိုးစားပြီး ဖြေရလေသော ဟူ၏။ ထို့နောက် ကိုင်း၊ အမိန့်ချမယ်၊ နာခံစေ ဆိုကာ နောက်ထပ် ညွှန်ကြားချက် တစုံတရာမရမချင်း မည်သည့်အလုပ်မှ မလုပ်ရန် အမိန့်ထုတ်သွားလေ၏။ Stop Work Order စာကိုမူ နောက်နေ့ လာယူပါ ဆို၏။

ထိုကနေ့မှစကာ ကျွန်ုပ်မှာလည်း သူတို့မေးလာသော အီးမေးများကို အကြောင်းပြန်ရခြင်း၊ သူတို့လိုသော စာရွက်စာတမ်းများ ရှာရခြင်း၊ မှတ်တမ်းများ၊ အစီရင်ခံစာများ ရေးရခြင်း စသည်တို့ဖြင့် မနားရအောင် ရှိလေ၏။ တနင်္လာနှင့် အင်္ဂါ နှစ်ရက် နေ့လည်စာ ငတ်လေသည်။ ခေါင်းများလည်း အတော်ကိုက်၏။ ခါးများလည်း အတော်ညောင်း၏။ မျက်စိများလည်း အတော်အောင့်၏။ သည်ကိစ္စနှင့်ပင် တစ်ပတ်လုံး အချိန်ကုန်ရလေသည်။ သည်ကြားထဲ ကျွန်ုပ်တို့ကို in-charge လုပ်သည့် ကျွန်ုပ်တို့ကုမ္ပဏီမှ မန်နေဂျာဆိုသည့်အကောင်က သခွတ်ပင်က မီးတကျည်လုပ်နေသဖြင့် မျက်နှာကြီးဖြတ်ရိုက်ချင်စိတ်ကို မနည်း အောင့်ထားရသည်။

ခုတော့ အတော်များများ ပြီးသွားပြီ။ လူလည်း အတော် ဖွတ်စာပတ်စာ တက်သွား၏။
ကနေ့ညနေတော့ ပြန်ရောက်ရောက်ချင်း မြနန္ဒာတစ်ပုဒ်လောက် ကောက်ကက်တီးလိုက်သည်။

(၂) အဆင်သင့်ပြင်ထားရမည့် စာရွက်စာတမ်းများ

(စင်ကာပူ၌) မတော်တဆမှု၊ အထူးသဖြင့် မတော်တဆမှုကြောင့် လူသေမှုဖြစ်သည့်အခါ ထိုအမှုအခင်းနှင့် ပတ်သက်သော စာရွက်စာတမ်းများပြင်ဆင်ထားရန် အရေးကြီးသည်။

အခင်းဖြစ်တော့ ကျွန်တော်တို့ ဆိုဒ်ထဲသို့ MOM မှ Investigation Team လာပြီး စစ်သည်။ အတော်လေးကို စစ်စစ် ပေါက်ပေါက် စစ်သည်။ ထို့နောက် စာရွက်စာတမ်းများတောင်းသည်။ အမှုက ကွန်ကရိလောင်းရင်း ဖြစ်တာဆိုတော့ ကွန်ကရိလောင်းခြင်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို မူရင်းအားလုံး ယူသွား၏။

ထိုအထဲတွင် အောက်ပါစာရွက်စာတမ်းများပါသည်။

1.     Workplace Safety and Health Management System
2.     Permit To Work (all)
3.     Risk Assessment for Concrete Casting and Formwork
4.     Safe Work Procedure for Concrete Casting and Formwork
5.     Tookbox Meeting Records
6.     Lifting Machine (LM) certs of Tower Crane
7.     Lifting crew (Lifting Supervisor, Signalman, Riggerman) certs
8.     Tower Crane operator certs
9.     Workers particulars involving in the concreting work
10.  Site Plan (with grid lines) described with the incident place and location of workers

နောက်ပြီး သေဆုံးသည့်အလုပ်သမား၊ ဒဏ်ရာရသည့်အလုပ်သမားများနှင့် ပတ်သက်သော မှတ်တမ်းမှတ်ရာများ (အလုပ်ခန့်စာ၊ လခပြေစာ၊ ဆေးမှတ်တမ်း၊ တက်ထားသော သင်တန်းမှတ်တမ်းများ စသည်) တို့တောင်းသည်။
Enforcement Team ကတော့ သူတို့ရိုက်သွားသည့် ဓာတ်ပုံတွေအပေါ် Inspection Findings နှင့် Action Plan ရေးတင်ခိုင်းသည်။ နောက်ပြီး အလုပ်သမားတွေကို ပြန်ပြီး သင်တန်းပေးရအောင် Work At Height Safety, Formwork Safety သင်တန်းမှတ်စုများ ပြင်ပြီး တင်ခိုင်းသည်။
ကျွန်ုပ်တို့ကိုယ်တိုင်လည်း အခင်းဖြစ်ပွားရာနေရာမှ အလုပ်သမားအားလုံးကို ခေါ်ကာ တစ်ယောက်ချင်းစီ အင်တာဗျူး၊ နောက်ပြီး အင်တာဗျူးမှတ်တမ်းများရေး၊ Safety Officer Report ရေး လုပ်ရသည်။
နောက်ထပ် သူတို့တောင်းမည်ထင်သည့် စာရွက်စာတမ်းများ (Formwork PE design, Formwork Training Records, RA, SWP briefing record, etc. . .) ရှာဖွေ အဆင်သင့်ပြင်၊ မရှိသေးလျှင် ရှိအောင်ပြင်ထား စသဖြင့် လုပ်ရသည်။

မိတ်ဆွေများခင်ဗျား၊ ပြောတော့သာ သိပ်မများလှတာ။ ကျွန်တော့်မှာ အဲဒီကိစ္စတွေနှင့် နပန်းလုံးနေရတာ တစ်ပတ်လုံးလုံး အချိန်ကုန်သည်။

စင်ကာပူမှ မိတ်ဆွေများ သင်ခန်းစာယူနိုင်စေရန် မျှဝေခြင်း ဖြစ်ပါ၏။

(၃) အဖြေရှာပါ၊ လက်ညှိုးမထိုးပါနှင့်

. . . အထူအပါးနားမလည်တဲ့ဟာတွေ၊ အရပ်သားအစိုးရဆိုတော့ သောက်ဂရုမစိုက်ဘူးပေါ့။ အရင်အစိုးရလက်ထက်တုံးက အဲသလို လုပ်ရဲသလား။ . . .

. . . လူကြီးဖြစ်လျက်နဲ့ အဲသလိုပြောရသလား၊ ဟဲ့ သမီးတို့။ ဟိုမှာ ၀န်ကြီးချုပ်စကားပြောနေပြီ။ တော်ကြပါတော့ကွယ် လို့ ပြောလိုက်ရင် သိက္ခာကျသွားမှာမို့လား။ ခုတော့ ဟိုကလေးမလေးနှစ်ယောက် ဘယ်လောက် အရှက်ရလိမ့်မလဲ။ . . .

. . . ကျုပ်တို့မီဒီယာအကြောင်း ခင်ဗျား ဘယ်လောက်နားလည်သလဲ။ အလကား၊ ထမိန်ခြုံထဲကဟာတွေ။ . . .

. . . ဟဲ့၊ ငါတို့ကို မွေးတယ်ဆိုတာ ထမိန်ခြုံထဲကထွက်လာတာ မဟုတ်လား။ ထမိန်ခြုံထဲကထွက်မှ လူဖြစ်တော့မပေါ့။ နင်က ထမိန်ခြုံထဲက ထွက်တာမဟုတ်ဘူးဆိုတော့ ဘာကောင်လဲ . . . .

. . . စသည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာမှာ ဗွက်ပေါက်လျက်ရှိ၏။

ကျွန်ုပ်မှာလည်း ဘာမှမရေးဖြစ်ဘဲ သူများဆဲတာတွေလိုက်ဖတ်ရင်း အချိန်ဖြုန်းမိ နေလေ၏။

အပေါ်ယံကြောအမြင်လေးဖြင့် ဆုံးဖြတ်တာ အင်မတန် မှားတတ်ပါသည်။ အကြောင်းရင်းကို ဂဃနဏသိမှ ပြောတာ ပိုကောင်းပါလိမ့်မည်။ နောက်ပြီး အပြစ်တင် ဝေဘန်နေမည့်အစား ဘာဖြစ်တာလဲ၊ ဘယ်လိုလုပ်ရင်ကောင်းမလဲဟု အဖြေရှာတာ ပိုကောင်းပါလိမ့်မည်။

သက်ဦးဆံပိုင် ဘုရင်စနစ်တုံးက ပြည်သူတွေမကျေနပ်လျှင် ဘုရင်ကိုတိုင်တည်ရအောင် အော်စရာတစ်နေရာ လုပ်ပေးထား သည်ဆို၏။ ထိုနေရာကို ဟစ်တိုင်ဟု ခေါ်သည် ဆိုထင့်။ ယခု ၂၁ ရာစုကျတော့ ပြည်သူတို့မှာ တကူးတက ဟစ်တိုင်ကိုသွား ဟစ်နေစရာမလို။ ဖေ့စ်ဘုတ်ကို ရင်ဖွင့်စရာ ဟစ်တိုင်သဖွယ် သဘောထားကြသည်။ အီးညှစ်မရတာလည်း ဖေ့စ်ဘုတ်ပေါ် တင်သည်။ အိပ်နေရင်း အုံးလွဲတာလည်း ဖေ့စ်ဘုတ်ပေါ်ရောက်သည်။ တစ်ယောက်က တစ်ခုခုကို ဖွလိုက်ပြီဆိုလျှင်လည်း (ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ) ဖေ့စ်ဘုတ်ပေါ်တွင် ၀ိုင်းပြီး ဆွမ်းကြီးလောင်းလိုက်ကြသည်။

ထိုအကိုကာလသား၊ ကာလသမီးများသာ စင်ကာပူမှာဆိုလျှင်တော့ စင်ကာပူထောင်နှင့် မဆန့်၍ မလေးရှားနှင့် အင်ဒိုနီးရှားက ထောင်တွေတောင် ငှားရလောက်သည်။ ဟိုတလောက ၀န်ကြီးချုပ်ကို သရော်မော်ကားပြောမိသူတော့ နစ်နာကြေး စင်ကာပူဒေါ်လာ ၅ သိန်းပေးလိုက်ရ၏။ (မြန်မာငွေ သိလိုလျှင် ၈၀၀ နှင့် မြှောက်လိုက်ပါ။) ကျွန်ုပ်တို့ဆီမှာတော့ ဖေ့စ်ဘုတ်ပေါ်မှာ လွတ်လွတ်လပ်လပ် ဆဲချင်တာဆဲခွင့် ရနေသေး၏။ ဖေ့စ်ဘုတ်ပေါ်တွင် မဟားတရားမရေးနိုင်အောင် ထိန်းကွပ်မည့် ဥပဒေတစ်ခု မကြာမီထွက်ပေါ်လာကာ ဥပဒေအရ အပြစ်ပေးအရေးယူမှုတွေ စတင်လုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

ပြန်ကောက်ရလျှင် ကျွန်တော့်အထင်မမှားဘူးဆိုပါက (အကြောင်းရင်းကို သေသေချာချာမသိရသဖြင့် မှားချင်လည်း မှားပါလိမ့်မည်။) ပထမကတည်းက ဘာပြီးဘာလုပ်မည် အခမ်းအနားအစီအစဉ်ကို ကျကျနနရေးဆွဲထားရပါမည်။ (ရှိချင်လည်း ရှိပါလိမ့်မည်။ မတော်တဆ ချွတ်ချော်မှားယွင်းတာလည်း ဖြစ်နိုင်ပါ၏။)  ၀န်ကြီးချုပ်စကားပြောတာနှင့် ကလေးမတွေ စကားပြောတာ တပြိုင်နက် မဖြစ်သင့်ပါ။ ကလေးမတွေက အရင်ပြော၊ ဒါမှမဟုတ် ၀န်ကြီးချုပ်က အရင်ပြော။ တစ်ယောက်ပြီးမှ တစ်ယောက်ပြောပေါ့။ ဘာပြဿနာမှ မရှိ။ ကလေးမတွေ စကားပြောနေတာ မပြီးသေးလျှင် ၀န်ကြီးချုပ် စကားပြောနေသဖြင့် အမြန်ဖြတ်ပေးဘို့ စီစဉ်သူကို သွားပြောပါ။ စီစဉ်သူ ဆက်လုပ်ပါလိမ့်မည်။

ကျွန်တော်ကတော့ ယခုလို တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ဆော်ပလော်တီးနေတာ မဖြစ်စေချင်ပါ။ သည်ကဲ့သို့ ဖြစ်နေသည်မှာလည်း ဖေ့စ်ဘုတ်ကို ဘာအထိန်းအကွပ်မှ မရှိဘဲ လွှတ်ပေးထား၍ ဖြစ်၏။ အကယ်၍ ဥပဒေနှင့် ထိန်းကျောင်း ပေးလိုက်ပါက သည်မျှ အရုပ်ဆိုးတော့မည် မဟုတ်ဟု ထင်မြင်မိပါသည်။

(၄) ပူမှုရယ်က ဆယ်ကုဋေ

စာရေးမည်ကြံထားသော်လည်း ကျွန်တော့်မှာ ယခုတိုင် မရေးနိုင်သေး။ ဆယ်ကုဋေသော ပူမှုများနှင့် နပန်းလုံးနေရတုံး ရှိသေးသည်။

ယခု ၂၀၁၆ ဧပြီလ ၁၁ ရက်နေ့တွင် -
၁။ Safety Audit ရှိသည်။
၂။ ၂၀၁၅ သြဂုတ်လက သားဘို့ PR တင်ဘို့ eappoint လျှောက်တာ ဧပြီ ၁၁ တွင် ရက်ချိန်းရသည်။
၃။ သားတို့ SAEIS result ထွက်သည်။
၎။ ၉ ရက်နေ့က ဆိုဒ်ထဲတွင် အလုပ်သမားလေး မိုးကြိုးပစ်သေသဖြင့် ရဲနှင့် MOM ကလာပြီး စစ်လားဆေးလား လုပ်သည်။

သားက SAEIS မအောင်သဖြင့် ကျောင်းရှာရသည်။ ပုဂ္ဂလိကကျောင်းတွေကလည်း ဈေးကကြီးမှကြီး၊ ကျောင်းလခက တစ်လကို တစ်ထောင်ကျော်သည်။ နောက်ပြီး သူတို့က အစိုးရကျောင်း သင်ရိုးအတိုင်းသင်တာမဟုတ်။ သူတို့သင်ရိုးနှင့် သူတို့သင်တာဆိုတော့ ကလေးက အစိုးရကျောင်းရလို့ ပြန်တက်လျှင် ကိုးရိုးကားယားဖြစ်နေမှာလည်း စိုးရသေးသည်။ ဘာလုပ်ရမှန်းတောင်မသိ။

သည်ကနေ့တော့ ညနေပိုင်း သင်တန်း နှစ်ခုရှိသည်နှင့် သင်တန်းအပြီး အိမ်မပြန်သေးပဲ ရေးလိုက်ခြင်းဖြစ်၏။

မိတ်ဆွေအပေါင်းတို့ (ဖေ့စ်ဘုတ်မှာ အဆဲကလေးတွေလျှော့ကြလို့) နှစ်သစ်မှာ ဘေးဘယာဝေးကွာလျှက် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည် ခင်ဗျား။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၆ ဧပြီ၊ ၂၀၁၆။ ည ၉း၅၄ နာရီ

အာဆီယံပညာသင်ဆု

တစ်ယောက်က မေးလာ၍ မြန်မာနိုင်ငံအတွက် အာဆီယံပညာသင်ဆုအကြောင်း ပြောပြပါအံ့။

(၁)

အာဆီယံနိုင်ငံများမှ ထူးချွန်သောကလေးငယ်များကို ပညာတတ်မြောက်ကျွမ်းကျင်မှုမြှင့်တင်ပေးရန် စင်ကာပူနိုင်ငံက နှစ်စဉ် ပညာသင်ဆုများ ခေါ်၏။

၂၀၁၇ ခုနှစ်အတွက် အာဆီယံပညာသင်ဆုကို မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံများမှ ကျောင်းသားကျောင်းသူများ ယခုအခါ လျှောက်ထားနိုင်ပါပြီ။ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် လာအိုနိုင်ငံများအတွက် ပညာသင်ဆုများ မကြာမီခေါ်ပါမည်။ ဘရူနိုင်း၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံများအတွက် ပညာသင်ဆုများမှာမူ ပိတ်သွားပြီဖြစ်၏။


၆ ဧပြီ၊ ၂၀၁၆ ထုတ် ကြေးမုံသတင်းစာ၊ စာမျက်နှာ ၂၀ တွင် အာဆီယံပညာသင်ဆုလျှောက်လွှာခေါ်ယူသည့်ကြေငြာကို အောက်ပါအတိုင်း တွေ့ရ၏။ (screen shot ပုံတွင်ကြည့်ပါ။)


အာဆီယံပညာသင်ဆုဆိုကာ စင်ကာပူတွင်ကျောင်းတက်ရန် စင်ကာပူအစိုးရက မြန်မာနိုင်ငံမှ ထူးချွန်သော ကျောင်းသားများ ကို နှစ်စဉ်ခေါ်ယူ၏။ ထိုပညာသင်ဆုမှာ ၄ နှစ်စာအတွက်ဖြစ်ပြီး Singapore-Cambridge General Certificate of Education Advanced Level - GCE (A) လက်မှတ် (သို့မဟုတ်) ထိုလက်မှတ်နှင့်ညီမျှသောလက်မှတ် ရရန်ရည်ရွယ်သည်။

ထိုလေးနှစ်မှာ Secondary 3, Secondary 4, Pre-University ၂ နှစ် တို့ဖြစ်၏။ သို့သော် ပညာသင်ဆုရပြီဆိုသည်နှင့် အောင်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ ထို ၄ နှစ်လုံးတက်ရန် အာမခံသည်မဟုတ်။ စာကြိုးစားမှုအပေါ်မူတည်ပြီး နှစ်စဉ် ပြန်လည် သုံးသပ်သွားမည်။ ဆိုလိုသည်မှာ စာမေးပွဲကျလျှင် ပညာသင်ဆုကိုရုပ်သိမ်းပြီး ပြန်လွှတ်မည် စသဖြင့် ဖြစ်၏။ မြန်မာနိုင်ငံမှကျောင်းသားများကို မြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာနမှ ရွေးချယ်စေလွှတ်သော ကျောင်းသားများအား ပညာသင်ဆုပေးမည်ဖြစ်ပါသည်။

စာမေးပွဲကို ကောင်းစွာဖြေနိုင်ပြီး ပညာသင်ဆုအရွေးမခံရသော ကျောင်းသားများကို Merit Award ပေးပါမည်။ Merit Award ရသောကျောင်းသားများကို စင်ကာပူအစိုးရ သို့မဟုတ် အစိုးရအထောက်အပံ့ခံကျောင်းများတွင် တက်ခွင့်ပေးမည်။ ထိုကျောင်းသားများမှာ ပညာသင်ဆု မရစေကာမူ စင်ကာပူပီအာ (SPR) များ၏ ကျောင်းလခအတိုင်းသာ ကောက်ခံပါမည်။ သို့သော် စာကြိုးစားရန်တော့လို၏။

ပညာသင်ဆုလျှောက်ရန် လိုအပ်သောအရည်အချင်းကို အောက်တွင်ဖော်ပြထားသည့် ကြော်ငြာတွင် ကြည့်ပါ။

အရေးကြီးသော နေ့ရက်များ (အပြောင်းအလဲ ရှိနိုင်ပါသည်။)

အရည်အချင်းစစ် စာမေးပွဲ - ဇူလိုင်၊ ၂၀၁၆
အရည်အချင်းစစ် လူတွေ့နှုတ်ဖြေ - စက်တင်ဘာ၊ ၂၀၁၆
ပညာသင်ဆုပေးခြင်း - အောက်တိုဘာ၊ ၂၀၁၆
စင်ကာပူသို့ ပညာသင်ကြားရန် ရောက်ရှိခြင်း - နိုဝင်ဘာ၊ ၂၀၁၆

အရွေးခံရသောကျောင်းသားများကို အရည်အချင်းစစ် စာမေးပွဲ/ အရည်အချင်းစစ် လူတွေ့နှုတ်ဖြေ စာမေးပွဲများမတိုင်ခင် တစ်ပတ်တင်ကြို အကြောင်းကြားပါမည်။ အရွေးမခံရသူများကို အကြောင်းကြားမည် မဟုတ်ပါ။

အရည်အချင်းစစ် စာမေးပွဲ/ အရည်အချင်းစစ် လူတွေ့နှုတ်ဖြေ စာမေးပွဲများကို ရန်ကုန်တွင် ကျင်းပပါမည်။

ပညာသင်ဆုအတွက် ထောက်ပံ့မည့် အရာများ

၁။ Secondary အတန်းများအတွက် နှစ်စဉ်ထောက်ပံ့ကြေး - စင်ကာပူဒေါ်လာ ၂၂၀၀၊ Pre-University အတန်းများအတွက် နှစ်စဉ်ထောက်ပံ့ကြေး - စင်ကာပူဒေါ်လာ ၂၄၀၀
၂။ ပြင်ဆင်စရိတ် - စင်ကာပူဒေါ်လာ ၄၀၀ (တစ်ကြိမ်သာပေးပါမည်။)
၃။ အပြန်လေယာဉ်လက်မှတ်
၎။ ကျောင်းလခအားလုံး (အခြားအထွေထွေစရိတ်များမပါ)
၅။ GCE - O နှင့် GCE - A level စာမေးပွဲကြေးများ (တစ်ကြိမ်သာ)
၆။ ဆေးကုသခြင်းအတွက် အစိုးရထောက်ပံ့ကြေး နှင့် အာမခံကြေး

(၂) လက်တွေ့ဘဝ

ဆရာဝန်အမှတ်မီတဲ့သူတွေတော့ ဖြေဘို့မသင့်ဘူးအစ်ကိုရ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ ဘယ်လောက်တော်နေတဲ့ ကလေးဖြစ်နေပါစေ၊ စင်ကာပူမှာ ဆရာဝန်မှတ်မီဘို့ တော်တော်ကြီးကို မဖြစ်နိုင်လို့ပါ။ တကယ်လို့ စင်ကာပူလာတက်ပြီး ဆရာဝန်မှတ်မမီခဲ့ရင် ကလေးတစ်ဘ၀လုံးအတွက် နစ်နာတယ် . . ဟု ကိုနွယ်ဝင်းက ပြောပါသည်။

သူတို့ရွာရှိ သူ့အမျိုးသမီးအိမ်နားမှ ကျောင်းသားတစ်ယောက် ထိုအာဆီယံစကောလားရှစ်ရပြီး ကျောင်းတက်နေသောကြောင့် ကျွန်တော်ကသိချင်၍ အကျိုးအကြောင်း မေးကြည့်ခြင်းဖြစ်၏။

မြန်မာပြည်ကကျောင်းမှာ ဘယ်လောက်တော်နေပါစေ။ စင်ကာပူရောက်ရင်တော့ ကျူရှင်ယူရသေးတာပဲ။ ဘာကြောင့်လဲ ဆိုတော့ ဟိုကသင်တာနဲ့ ဒီကသင်တာ အရမ်းကွာတယ်။ အထူးသဖြင့် ပထ၀ီ၊ သမိုင်းတို့၊ အင်္ဂလိပ်တို့မှာ မလိုက်နိုင်ကြဘူး။ သင်္ချာနဲ့သိပံ္ပက သိပ်မဆိုးလှဘူး။ ဆိုတော့ သူတို့ ကျူရှင်မယူဘူးဆို စာမလိုက်နိုင်တော့ စိတ်ဓာတ်ကျတယ်။ နောက်ပြီး စာမေးပွဲကလည်း ကျလို့မဖြစ်ဘူးမဟုတ်လား။ ကျလို့ပြန်လွှတ်ခံရရင် အရမ်းနစ်နာတယ်။

ကျူရှင်က တစ်နာရီကို ၅၀ ပေးရတယ်။ တစ်နာရီခွဲတစ်ချိန်စာကို ၇၅ ကျပ်။ တစ်လကို လေးချိန်ဆိုတော့ တစ်ဘာသာထဲနဲ့တင် တစ်လ ၃၀၀ ဖြစ်နေပြီ။ ၃ ဘာသာယူရင် ၉၀၀။ တစ်လတစ်လ ကျူရှင်ဘိုးချည်း ၉၀၀ ရှိတယ်။ တခြား အသုံးစရိတ် သွားတာ လာတာတွေနဲ့ပေါင်းရင် တစ်လကို အနည်းဆုံး စင်ကာပူဒေါ်လာ ၁၅၀၀ လောက်ကုန်တယ် အစ်ကိုရေ့။

ဟိုက်ရှားဘား။ သူပြောသလိုဖြင့် မလွယ်ပါလား အရပ်လူကြီးတို့။ တစ်လ ၁၅၀၀ ဆိုတာ မြန်မာငွေနဲ့ ၁၂ သိန်းလောက်ရှိသည်။ သောက်ကယိုးနဲ။

ထားတာတော့ သူတို့ hostel တွေမှာထားပေးတယ်။ တစ်ခန်းကို ၂ ယောက်နေရတယ်။ ကျွန်တော်တို့အိမ်နောက်နားက River Valley Highschool ကျောင်းမှာ hostel တွေရှိတယ်။ အဲသလို ကျောင်းသားတွေကို ထားတယ်။ နောက်ပြီး Secondary 4 စာမေးပွဲမှာ Junior College တက်ဘို့ အမှတ်မမီရင် ပညာသင်ဆုကို ဆက်မပေးဘူး။

ဤသည်မှာ အိပ်မက်ထဲကနိဗ္ဗာန်နှင့် လက်တွေ့ဘ၀ ကွာခြားပုံဖြစ်၏။

အာဆီယံစကောလားရှစ်ဖြေမည့်သူများ ချင့်ချိန်နိုင်ရန်၊ ကြိုတင်ပြင်ဆင်နိုင်ရန် သတင်းစကား ပါးလိုက်ရပါကြောင်း။

စိတ်ရှည်လက်ရှည် ရှင်းပြပေးသော ကိုနွယ်ဝင်းကို ကျေးဇူးအထူးတင်ပါသည်။

အေးငြိမ်း
၁၇ ဧပြီ၊ ၂၀၁၆။ ည ၁၁း၀၁ နာရီ

Reference:

Monday, June 6, 2016

အဘ ဘ၀၊ အဘ အကြောင်း

(၁)

ဦးထင်ကျော် သမ္မတဖြစ်ပြီဆိုတော့ သူနှင့်အတူ သူရေးခဲ့သည့် ‘အဘဘ၀၊ အဘအကြောင်း တစေ့တစောင်း’ ဆိုသည့် စာအုပ်ပါ ကျော်ကြားလာသည်။ ယခင်က သည်စာအုပ်အကြောင်း ကျွန်တော် ကြားမျှပင် မကြားစဖူး။ အမှန်ကိုဆိုရလျှင် သမ္မတကြီးက ဒလဘန်း ဆိုသည့် ကလောင်နာမည်ဖြင့် သူ့ဘခင်ဖြစ်သူ ဆရာကြီးမင်းသုဝဏ်အကြောင်း ရေးခဲ့သည်ဆိုတော့ ကျွန်တော် သိပ်အထင်မကြီးမိ။ ဆရာကြီးရေးခဲ့သည့် နေ့စဉ်မှတ်တမ်းများကို ပြန်လည် စုစည်းထားတာနေမှာပါဟုသာ ထင်ခဲ့သည်။

ခေတ်စမ်းစာပေကို အရူးအမူးစွဲလမ်းသူများတွင် ကျွန်တော်လည်း တစ်ယောက်အပါအ၀င်ဖြစ်၏။ ခေတ်စမ်းစာပေကို စွဲလမ်းသည်ဆိုတော့ ခေတ်စမ်းသူရဲကောင်းသုံးယောက်ကိုလည်း ကိုးကွယ်သပေါ့။

သည့်အတွက် ဒလဘန်းက ဆရာကြီးမင်းသုဝဏ်အကြောင်းရေးသည်ဆိုတော့ ကျွန်တော်မသိသေးတာတွေ အများကြီး ပါမှာဖြစ်သည့်အတွက် သည်စာအုပ်ကို ဖတ်ချင်လှသည်။

ဟိုတလောက သမီးမြန်မာပြည်က ပြန်လာတော့ ဤစာအုပ်ပါလာသည်။
ကျွန်တော်ဖတ်ချင်နေသောစာအုပ်ဖြစ်၍ အငမ်းမရ မြည်းစမ်းကြည့်မိ၏။
အာ ပါး။

ကျွန်တော်ကား လူကဲခတ်ညံ့ဖျင်းလေစွတကား။
ဒလဘန်းကား တော်ရုံစာရေးဆရာမဟုတ်။
ဒလဘန်းအား မူလက အထင်သေးခဲ့မိသည့်အတွက် ရှိခိုးဦးတင်၍ အနူးအညွတ်တောင်းပန်ပါသည် ဆရာကြီးခင်ဗျာ။

ဒလဘန်း သူ့ဘခင်အကြောင်း ပြုစုထားသည်မှာ ရိုးရိုးဖတ်ကောင်းရုံ ရေးထားတာမဟုတ်။ သုတေသနစာတမ်းတစ်စောင်ကို ပြုစုထားသကဲ့သို့ အချက်အလက် တိကျ ခိုင်လုံလှသည်။
ပထမတစ်ပုဒ်နှင့်ပင် ကျွန်ုပ် ဒလဘန်းကို ပစ်ကျသွားလေ၏။

အတော်အသင့် နာမည်ကြီးသော ယခုခေတ်ပေါက် စာရေးဆရာများရေးထားသည့် အတ္ထုပ္ပတ္တိဆန်ဆန် စာအုပ်များကို စိတ်ဝင်စားလှသည်နှင့် ကျွန်တော် ၀ယ်ယူဖတ်ရှုပါသည်။ သို့သော် အထင်နှင့်အမြင် ကွာခြားလွန်းလှ၏။ သူတို့စာအုပ်များကို ဖတ်ရတော့ ကျွန်တော် ဆရာ တက္ကသိုလ်စိန်တင်ကို လွမ်းလှသည်။

ယခု ဒလဘန်း၏ အဘဘ၀၊ အဘအကြောင်းကိုဖတ်ရတော့ ကျွန်ုပ်တို့သမ္မတကြီးကို မလေးစားဘဲ မနေနိုင်။ ယခင်က သူ့စာများကို ကျွန်တော်မဖတ်ဖူးခဲ့။ သို့သော် ဒလဘန်း၌ စာရေးဆရာဝိဉာဉ် အပြည့်ရှိကြောင်း သူ့စာများ၌ တွေ့ရသည်။

စာဝါသနာပါသူ မိတ်ဆွေများအားလည်း ဖတ်ကြည့်စေချင်စမ်းလှသည်။ ဖတ်ဖြစ်အောင် ဖတ်ကြပါဟုလည်း တိုက်တွန်းလိုက်ပါသည်။

(၂)

မင်းသုဝဏ်၊ ဇော်ဂျီ နှင့် သိပ္ပံမောင်ဝတို့စာများကို ကျွန်တော်ကျောင်းသားဘ၀ကတည်းက ကြိုက်လွန်းလှ၍ ဖတ်မိသမျှကို အတော်များများ အလွတ်ကျက်မှတ်ခဲ့ဖူးပါ၏။ သို့သော် သူတို့ဘ၀အကြောင်းကိုမူ အသက်နည်းနည်းရလာမှ စာတိုပေစများ ထဲမှ အတန်ငယ် တီးမိ ခေါက်မိတာ ဖြစ်သည်။

ထို့ပြင် ခေတ်စမ်းစာပေအကြောင်းကိုလည်း လေ့လာမိသည့်တိုင် ယခုလောက် ပြည့်ပြည့်စုံစုံ မသိခဲ့ရ။

ယခု ဒလဘန်း၏ အဘဘ၀၊ အဘအကြောင်းတွင်မူ ခေတ်စမ်းစာပေ ရေစီးကြောင်းကြီးတစ်ခုလုံးကို အလုံးစုံနီးပါး သိခွင့် ရလိုက်သည်။ ထို့ပြင် သည်စာအုပ်တွင် ဆရာကြီးမင်းသုဝဏ်အကြောင်းသာမကဘဲ သူနှင့် ဆက်စပ်ပတ်သက်နေသူများ၏ အကြောင်းများ၊ ယခင်ကာလက ပညာရေးစနစ်အကြောင်း၊ လူနေမှုစနစ်များအကြောင်း၊ စီးပွားရေး၊ စစ်ရေးနှင့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းများကိုပါ သိနိုင်လေသည်။

ဒလဘန်း၏ သရုပ်ဖော်ကောင်းမှုကြောင့် အဘဘ၀၊ အဘအကြောင်းတွင် ကိုလိုနီခေတ်နှောင်းကာလပိုင်း မြန်မာ့စာပေ လောကအကြောင်းကို တော်တော်ပြည့်ပြည်စုံစုံ သိခွင့်ရ၏။ တစ်နည်းအားဖြင့်လည်း အဘဘ၀၊ အဘအကြောင်းသည် ခေတ်စမ်းစာပေ၏ သမိုင်းကြောင်းမျှသာမက ကိုလိုနီခေတ်နှောင်း မြန်မာ့နိုင်ငံရေးသမိုင်း၏ မှတ်တိုင်ပါ ဖြစ်လေ၏။

မြန်မာ့စာပေ တစ်နည်းအားဖြင့် ခေတ်စမ်းစာပေသမိုင်းအတွက် အဘဘ၀၊ အဘအကြောင်းသည် အလွန်အဖိုးတန်လှသော ရည်ညွှန်းစာအုပ်ကောင်းတစ်ခု ဖြစ်လေသည်။ ဆရာကြီးမင်းသုဝဏ်၏ သားကိုယ်တိုင်က မူရင်းအချက်အလက်များကို ကိုးကား ရေးသားထားသည်ဖြစ်၍ သည်မျှခိုင်လုံသော အကိုးအကား မရှိတော့။

အားလုံးခြုံ ပြောရလျှင် အဘဘ၀၊ အဘအကြောင်းသည် သာမန်စာအုပ်တစ်အုပ်မျှသာမဟုတ်။ စာပေသမိုင်း၏ မှတ်တိုင်တစ်ခု ဖြစ်ပြီး စာသမားတိုင်း၊ ကျောင်းတိုင်း၊ စာကြည့်တိုက်တိုင်း၊ သုတေသနသမားတိုင်း လက်ကိုင်ပြုထားရမည့် အဘိုးတန်စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါကြောင်း။

 အချိန်သိပ်မရ၍ တက်သုတ်ရိုက် ရေးလိုက်ပါသည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၄၊ မေ၊ ၂၀၁၆


မြန်မာသံရုံးနှင့် အလုပ်သမားများ တွေ့ဆုံနှီးနှောဖလှယ်ပွဲ

(Workers Conference at Myanmar Embassy)

(၁)

မြန်မာသံရုံးက ကမကထပြု၍ မြန်မာသံရုံးနှင့် မြန်မာအလုပ်သမားများ၏ တွေ့ဆုံဆွေးနွေးပွဲကို လာမည့်တနင်္ဂနွေ (22/05/2016) နေ့လည် ၁ နာရီမှ ညနေ ၄ နာရီထိ မြန်မာသံရုံးတွင် ကျင်းပပါမည်။ ထိုတွေ့ဆုံပွဲ၌ အောက်ပါ အကြောင်းအရာတို့ကို ဟောပြောမည်ဖြစ်ပါသည်။

၁။ သံရုံးကိစ္စများဆောင်ရွက်ရန် ရက်ချိန်း (online appointment) ယူပုံ
၂။ လုပ်ငန်းခွင်ကြောင့် ရနိုင်သော ရောဂါဘယများနှင့် ကာကွယ်တားဆီးပုံ
၃။ လိင်ကြောင့်ကူးစက်သောရောဂါများ နှင့် လူငယ်များ၏ ကျန်းမာရေး
၎။ ကျန်းမာရေးဆိုင်ရာနံပါတ်များအကြောင်း

ထိုမျှသာမက အလုပ်သမားများအနေနှင့် မိမိတို့ တွေ့ကြုံခံစားရသည်များ၊ နစ်နာမှုများ၊ မကျေနပ်ချက်များ၊ လိုအပ်ချက်များ၊ သိလိုသည်များကိုလည်း တိုင်ပင်နိုင်၊ မေးမြန်းနိုင်၊ အကြံတောင်းနိုင်၊ အကူအညီတောင်းနိုင်ပါသည်။
သွေးတိုး၊ ဆီးချို စသည်တို့ကိုလည်း အခမဲ့ စစ်ဆေးပေးပါဦးမည်။ ကောင်းလေစွ။

မြန်မာသံရုံးအနေနှင့် ပြည်ပရောက်မြန်မာနိုင်ငံသားများ မည်သို့သော အခက်အခဲများနှင့် ကြုံတွေ့နေရသည်။ မည်ကဲ့သို့သော ပြဿနာများနှင့် ရင်ဆိုင်နေရသည် စသည်တို့ကို သိလိုပါသည်။ လူမှုရေးပြဿနာများအပါအ၀င် ၎င်းတို့ တွေ့ကြုံနေရသော အခက်အခဲများကို ဥပဒေဘောင်တွင်းမှ အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးလိုပါသည်။

ဤပွဲ၌ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုများ၊ Employment Act, Foreign Manpower Employment Act, Work Permit, S Pass စသည်တို့ အကြောင်း သိလို၍ မေးမြန်းလာသူများကိုလည်း ကျွန်ုပ်က တတ်သမျှ မှတ်သမျှ ပြန်ဖြေပေးမည် ဖြစ်ပါ ကြောင်း။

ထို့ပြင် ကျွန်ုပ်ပြုစုထားသော အိမ်အကူလုပ်သားများနှင့်ပတ်သက်၍ သိကောင်းစရာ စာစောင်ကို သံရုံးက စာအုပ်ပြုလုပ် ဝေပေးမည်ဖြစ်ကြောင်း သိရပါသည်။

ထို့ကြောင့် ဖြစ်နိုင်လျှင် မပျက်မကွက် တက်ရောက်ကြပါဟု တိုက်တွန်းလိုက်ရပါသည်။

(၂)

သံမှူးကြီးက အလုပ်သမားများ (များသောအားဖြင့် ၀ပ်ပါမစ်လုပ်သားများ) မည်သည့်နေရာတွင် ရှိသည်၊ ထိုပွဲသို့ မည်မျှတက်နိုင်မည် စသည်တို့ကို သိလိုကြောင်း ကျွန်တော့်ထံဖုံးဆက်ပြော၏။ ကျွန်တော် အလုပ်သမားများ မည်သည့် နေရာတွင် နေသည်ကို သိသည်။ သို့သော် မည်သူတွေ မည်သည့်နေရာ၌ နေသည်ကို ဂဃနဏ မသိ။

ကိုနွယ်ဝင်းတို့ရွာ တစ်ရွာလုံးမှ (လုပ်နိုင်ကိုင်နိုင်ရှိသမျှ လူငယ်) အဆွေအမျိုးအားလုံး စလုံးရောက်နေသည်ဖြစ်ရာ သူ့မှာ အဆက်အသွယ်များလှ၏။ သို့နှင့် ကိုင်း ကိုယ့်လူ။ ကိုရင့်အဆွေအမျိုးတွေကို ကိုယ်တို့လာတွေ့မယ်ဆိုပြီး စီစဉ်ခိုင်းလိုက်ဦးဟု အပူကပ်ရ၏။ သို့နှင့် ကျွန်ုပ်တို့အားမည့်ရက်ကိုတွက်ကာ လာမည့် တနင်္လာနေ့ည ၈ နာရီလောက် သူတို့အဆောင်သွားကြမည် ဟု တိုင်ပင်။ ကျွန်တော်တို့အစီအစဉ်ကို သံမှူးကြီးကို ပြန်ပြောပြ။

သူက အားတက်သရော ဟာ၊ အဲသလိုဆို ကျွန်တော်တို့လာခဲ့မယ်။ စောင့်နေ၊ လာခေါ်မယ် ဆိုလေသော် ကျွန်ုပ်မှာ မျက်လုံး မျက်ဆန်များ ပြူးရ၏။ အာ၊ အမြင်မတော် ဆင်တော်နဲ့ခလောက် ဖြစ်နေပါမယ်။ မလိုက်ခဲ့ပါနဲ့။ ကျွန်တော်တို့ ကိုယ့်ဘာသာ သွားပါမယ်။ စိတ်မပူပါနဲ့ ဆိုရ၏။ အနို့ - သူတို့က မိန်းမသားတွေ။ အလုပ်သမားတွေနေတဲ့ အဆောင်ဆိုတာ မိတ်ဆွေတို့ သိတော်မူကြသည့်အတိုင်း အလုပ်သမားများနှင့် ရှုပ်ရှက်ခပ်၊ နံစော်၊ ရှုပ်ပွနေတာ ဖြစ်၏။ သင့်တော်ပါ့မလား ခင်ဗျ။
သို့တိုင် သူက ဇွတ်။ ရပါတယ်။ ဘာမှ မပူပါနဲ့။ တနင်္လာနေ့ ည ၈ နာရီ အရောက်လာခဲ့မယ်။ အိမ်ကစောင့် ဟူ၏။ သို့နှင့် ကျွန်ုပ်လည်း လက်လျှော့လိုက်ရ၏။

တနင်္လာနေ့ညနေ အလုပ်ကပြန်လာတော့ မိုးအသည်းအသန်ရွာနေသည်။ ကျွန်တော်လည်း အဲဒါမှ ခွကျတာပဲဟု တစ်ကိုယ် တည်း ခေါင်းကိုက်လျှက် ရှိ၏။ ကိုယ်တော်တို့က မိုးအေးအေးနှင့် ဘီယာကလေးသောက်ကာ ငြိမ့်နေလို့ တစ်ယောက်မှ မတွေ့ရဘဲ ပြန်လာရရင် မျက်နှာပျက်စရာ။ (ဟိုတစ်ခါ Keppel အဆောင်ထဲသို့ အိမ်တိုင်ယာရောက် သွားပြောတာတောင် မလာချင့်လာချင်နှင့်၊ အတင်းရောအဓမ္မပါ ခေါ်လို့ ၄-၅၀ လောက် မနိုင့်ရင်ကာ လာကြတာမဟုတ်လော။)
ကိုနွယ်ဝင်းကမူ သူ့တူတွေကို မှာထားသည်ဆို၏။
ည ၈ နာရီလောက်တွင် သူတို့လာသဖြင့် ထွက်ခဲ့ကြ၏။ မိုးကလေးကလည်း တအေးအေး။

ပထမ Blue Star သို့သွားသည်။ အရင်တုံးကတော့ ရောက်ဖူးသည်။ မရောက်တာကြာတော့ အခု မျက်စေ့က ခပ်လည်လည်။ နောက်တော့ ကန်တင်းထဲဝင်ထိုင်ကြ၏။ ကိုနွယ်ဝင်း၏ တူနှင့် သူ့သူငယ်ချင်း သုံးလေးယောက်လာသဖြင့် အကျိုးအကြောင်း ပြောပြ။ လက်ကမ်းစာစောင်များပေးကာ ကပ်ဘို့ပြော။

နောက် အဆောင်တစ်ခုသို့ ထပ်ရွှေ့။ အပေါက်ဝတွင် မြန်မာများတွေ့သော် အကျိုးအကြောင်း ပြောပြ။ ချင်းလူမျိုး တစ်ဦးကိုတွေ့ရှိ၊ အကျိုးအကြောင်း ပြောပြလေသော် သူတို့လည်း ဘယ်လိုဘာတွေလုပ်ကြောင်းများ ပြောပြသဖြင့် သူတို့အဖွဲ့ ကို ရှင်းပြစည်းရုံးဘို့ပြောရင်း ကြော်ငြာစာရွက်များ ပေးခဲ့။

နောက်တစ်ဆောင်တွင်မူ ကန်တင်းပင်မရှိ။ ထွက်လာသူကို လမ်းဘေးတွင်ပင်ရပ်ကာပြောပြ။ နောက် တစ်နေရာ (Soon Lee dormitory) ထပ်ရွှေ့။ ဒီမှာ လူသိပ်ရှိမယ်မထင်ပါဘူး အစ်ကိုရယ် ဟု ကိုနွယ်ဝင်းက ဆိုသော် ကိုင်းကိုယ့်လူ၊ ရောက်နေမှတော့ တွေ့တဲ့လူကို အတင်းစည်းရုံးတာပေါ့ကွာ ဟု ဇွတ်အတင်းဝင်၏။ Sankyu အင်္ကျီများ ၀တ်ထားသည့် သုံးယောက် စင်္ကြန်ဘေးတွင် ဘီယာသောက်နေ၏။ ကျွန်ုပ်တို့လည်း အလိုက်မသိ အတင်းဝင်ရော၏။ ဒီမှာကွဲ့ ဟု အစချီကာ တွေ့ဆုံပွဲအကြောင်း ပြောကြ၏။ ဟိုတစ်ယောက်က ကျွန်တော့်ကို သိသည်။ ကျွန်ုပ်မှာ ထိုသူ့ကိုပင် မမြင်ဘူးသော်လည်း ရောချရသည်။

အမျိုးသမီးများလည်း ပါလေတော့ အနားမှဖြတ်သွားသူများမှာ ဒီလူတွေ ဘာလာလုပ်ပါလိမ့်ဟု စူးစမ်းသောအကြည့်ဖြင့် ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြ၏။

စွန်းလီမှ နောက်တစ်ဆောင်မှာမူ အခြေအနေမကောင်း။ မြန်မာနှင့်တူတာ တစ်ယောက်မှ မတွေ့ရ။ ကိုနွယ်ဝင်းလည်း အပေါက် ၀သွားကာ ကတွတ်ပေါက်က ဗျိုင်းစောင့်သလို စောင့်လေ၏။ ထို့နောက် ဘယ်ကဘယ်လို မျက်စိလည် လမ်းမှားရောက်လာ သည် မသိသော ကိုရွှေမြန်မာတစ်ယောက်ကို ဆွဲခေါ်လာကာ အတင်းရောအဓမ္မပါ စည်းရုံးလေ၏။ ဟိုသကောင့်သားလည်း မအူမလည်နှင့် အတင်းရောကာရော ခေါင်းငြိမ့်လေ၏။

အချိန်မှာလည်း ည ၉နာရီကျော်နေပြီဖြစ်၍ ပန်ဂျူးရူးဆောင်များသွားရန် ဖြစ်နိုင်ပါဦးမလားဟု ကိုနွယ်ဝင်းကို သူ့တူ ဆိုသူများ အား လှမ်းဖုံးဆက်ခိုင်းရပြန်လေ၏။ ဟေ့ကောင်တွေ၊ မင်းတို့မအိပ်ကြနဲ့ဦး။ ငါတို့လာမလို့။

အားပါး။ Jurong Penjuru Dormitory ဆိုတာ အကြီးကြီးကိုး ခင်ဗျာ။ ကျွန်တော် ခုမှ ရောက်ဖူးသည်။ ကိုနွယ်ဝင်းလည်း သူ့လူတွေကို ဟိုပြေးလိုက် သည်ပြေးလိုက်နှင့် လိုက်ရှာ၏။ တော်တော်နှင့် မတွေ့။ ကျွန်တော်တို့က လမ်းဘေးတွင် ရပ်နေတာဆိုတော့ ဖြတ်သွားဖြတ်လာတွေက သည်ဘက်က လှည့်ပြီး ကွက်ကြည့် ကွက်ကြည့်လုပ်လိုက်၊ ဟိုဘက်ကလှည့်ပြီး ကွက်ကြည့် ကွက်ကြည့်လုပ်လိုက်ဆိုတော့ မဖြစ်ချေဘူး ဟု အနီးတွင်တွေ့ရသော စားသောက်ဆိုင်အတွင်း ၀င်ကာ အအေးမှာသောက်၊ ဖရဲသီးဝယ်စား လုပ်ရ၏။

တော်တော်ကြီးကြာမှ ဟိုးဘက်မှာ ရုတ်ရုတ်ရုတ်ရုတ်နှင့် ကိုယ်တော်ချောတို့ ရောက်လာသည်။ သူတို့နေတာက dormitory 2, ကျွန်တော်တို့ရောက်နေတာက dormitory 1, ဆိုတော့ လွဲနေတာဖြစ်၏။

နောက်တော့ လာရင်းကိစ္စကိုပြောပြ။ သူငယ်ချင်းများကိုလည်း ပြောပြဘို့။ အလုပ်မရှိရင် လာကြဘို့။ လာနိုင်မည့်လူစာရင်းကို သောကြာနေ့ နောက်ဆုံးထားပြီး ကိုနွယ်ဝင်းထံပေးဘို့ စသည်များပြောပြကာ ပြန်ခဲ့ကြသည်။ ပြန်လာတော့ ည ၁၀ နာရီ ကျော်နေပြီ။

တာဝန်ချိန်ပြင်ပမှ အလုပ်သမားများအဆောင်အရောက် ညကြီးမိုးချုပ်လာရောက် ပြောပြသည့် သံမှူးကြီး ဒေါ်ထွေးထိပ်တင် တို့နှစ်ယောက်၏စေတနာကို ကျွန်ုပ်မှာ မလေးစားပဲ မနေနိုင်ပါချေ။ နောက်ပြီး ပွဲလုပ်မည့်နေ့မှာ တနင်္ဂနွေနေ့ဖြစ်သည့်အတွက် သူတို့အတွက်တော့ အချိန်ပိုဖြစ်ပါ၏။ စေတနာအလျောက်လုပ်သည့်ပွဲဖြစ်သမို့ အချိန်ပိုကြေးရမည် မထင်။ သို့သော် အချိန်ပို ကြေးထက် ပိုပြီး တန်ဘိုးကြီးသည့် (ငွေကြေးနှင့်တန်ဘိုးဖြတ်မရနိုင်သည့်) အရာများကို သူတို့ရမည် မလွဲပါ။

“မြန်မာတွေရဲ့ သဘာဝအရ ရုံးပြင်ကနား မသွားချင်ကြဘူး။ နောက်ပြီး အများစုက သံရုံးဘာတွေလုပ်ပေးနေတယ်ဆိုတာ မသိကြဘူး။ ဒီတော့ သံရုံးက သူတို့အတွက် ဘာတွေ အကူအညီတွေပေးနေတယ်။ ပေးနိုင်တယ်။ မြန်မာနိုင်ငံသားတွေ အတွက် ဘယ်လို ကြည့်ရှုစောင့်ရှောက်တယ်ဆိုတာ သူတို့ကို သိစေချင်တယ်” ဟု သံမှူးကြီးက ပြောပါသည်။

(၃)

ယခင်အခါ ကာလများကမူ သံရုံးဟူသည် အခွန်ဆောင်ရာ၊ ပတ်စ်ပို့သက်တမ်းတိုးရာ၊ ကျောင်းသားထောက်ခံစာ၊ မှီခို ထောက်ခံစာစသည်တို့ ယူရန်အတွက်သာ အသုံးတည့်၏။ စင်ကာပူရောက် မြန်မာအများစုက သံရုံးသည် မြန်မာနိုင်ငံသားများ အရေးကို ဘာမှ အရေးတယူလုပ် ဆောင်ရွက်မပေးဟု သည်လိုပင် ခံစားမိကြ၏။

စင်ကာပူရောက် သောင်းဂဏန်းတော်တော်များများမျှသော မြန်မာနိုင်ငံသားများ၏ ကိစ္စအ၀၀ကို သည်တစ်နေရာတည်းက ဆောင်ရွက်ပေးနေရတာမို့ သူတို့လည်း အတော် အလုပ်ရှုပ်ကြပေလိမ့်မည်။ သည့်အတွက် တခြားကိစ္စများဘက် လှည့်မကြည့် အားတာလည်း ပါပါလိမ့်မည်။ ကိုယ်ချင်းစာကြည့်ကြပါဘိ။

ယခုတော့ ခေတ်တွေလည်း ပြောင်းလာပြီ။ အခွန်ဆောင်ခြင်းတည်းဟူသော ဘေးဒုက္ခဆိုးကြီးမှ ကင်းလွတ်ရခြင်းသည်ပင် ကျွန်ုပ်တို့အတွက် မဟာမင်္ဂလာကြီးတစ်ပါး ဖြစ်တော့၏။ အခွန်ဆောင်ရာတွင် ကျွန်တော်တို့ မည်မျှ ဒုက္ခရောက်ကြရသည်ကို ကျွန်ုပ်၏ “သြချတ်လမ်းပေါ်မှ နေ့စဉ်မှတ်တမ်းတစ်ပုဒ်” ၌ အသေးစိတ် ဖော်ကျူးထားပါ၏။

အခွန်မဆောင်ရခြင်းအားဖြင့် ကျွန်ုပ်တို့သာမဟုတ်။ သံရုံးဝန်ထမ်းများမှာလည်း အတော် တာဝန်ပေါ့သွားပေမည်။ ကျွန်ုပ်တို့က တစ်နှစ်မှ တစ်ခါလောက် သွားရတာ။ သူတို့က နေ့တဓူဝ သည်ဒုက္ခနှင့်ကြုံနေရတာဆိုတော့ ကျွန်ုပ်တို့ထက် သူတို့က ပိုလို့တောင် ပျော်ပေလိမ့်ဦးမည်။ သည်သို့ဆိုလိုက်သဖြင့် ကျွန်ုပ်အား အခွန်မဆောင်ချင်သူဟု မထင်လိုက်ကြပါနှင့်။ Double Taxation agreement အရ စင်ကာပူတွင် အလုပ်လုပ်နေသူတို့ အခွန်ဆောင်ကို ဆောင်စရာမလိုဘဲ ဆောင်နေရသည် တစ်ကြောင်း၊ ထို့ပြင် ကျွန်ုပ်တို့ဆောင်လိုက်သော အခွန်များသည် အဘယ်သို့ရောက်ကုန်သည်ကို မသိရသည်က တကြောင်း တို့ကြောင့် ဖြစ်ပါ၏။

ကျွန်ုပ်သည်လည်း လူထဲကလူပေမို့ ယခင်အခါကာလများက အခွန်ဆောင်ခြင်း၊ ပတ်စ်ပို့ သက်တမ်းတိုးခြင်း ကိစ္စများမှလွဲ၍ မည်သည့်အကြောင်းကိစ္စနှင့်မှ သံရုံးသို့မရောက်ဖြစ်ခဲ့သလို သံရုံးနှင့်လည်း အဆက်အသွယ်မရှိခဲ့။
ယခုတော့ ယခင်ကလို မဟုတ်တော့ပြီ။

၂၀၁၆ ခုနှစ် ဇန္န၀ါရီလ ၂၄ ရက်နေ့က မြန်မာသံရုံး (စင်ကာပူ) ၏ ကမကထပြုမှုဖြင့် Singapore Police Force, SCDF, HDB, LTA, NEA တို့နှင့် ပူးပေါင်းကာ မြန်မာအလုပ်သမားများအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး၊ Safety and Security Awarness Workshop ကို Home Team Ns Balestier, 31, Ah Hood Road, Singapore 329979 တွင် နေ့လည် ၁ နာရီ မှ ညနေ ၄ နာရီခွဲထိ ကျင်းပခဲ့၏။

ထိုအလုပ်ရုံဆွေးနွေးပွဲတွင် -

Dengue Prevention and Pest Control
Road Safety Outreach Pedestrian and Cyclist Safety
Fire Safety
Safety at HDB flats

- စသည်တို့ သရုပ်ပြ ဆွေးနွေး ဟောပြောခဲ့ကြ၏။ အင်္ဂလိပ်လို မကျွမ်းကျင်သူများအတွက် အခက်အခဲမရှိရလေ အောင် မြန်မာလိုလည်း ပြန်ဆို ရှင်းပြခဲ့ကြပါသည်။

ထိုပွဲသို့ ကျွန်ုပ်တို့ Safety for Myanmar Nation အဖွဲ့မှလည်း တက်ရောက်ခဲ့ရာ ပွဲစီစဉ်သူများ၊ သံရုံးအရာရှိများနှင့် သိကျွမ်း ခင်မင် ရင်းနှီးခွင့် ရခဲ့၏။ ကျွန်ုပ်တို့ ဘာတွေလုပ်နေသည်ကိုလည်း သူတို့ကို ရှင်းလင်းပြောပြလိုက်ပါသည်။ သည်မှစ အဆက်ရ သောကြောင့် နောက်တစ်ကြိမ် Keppel မှ အဆောင်ဖြစ်သော Acacia Lodge တွင် ကျွန်ုပ်တို့ Safety For Myanmar Nation အဖွဲ့နှင့် သံရုံးတို့ပူးပေါင်းကာ ဟောပြောပွဲတစ်ခု ကျင်းပခဲ့သေး၏။ ကျွန်တော်က Work Injury Compensation Act (WICA) အကြောင်း ပြောခဲ့၏။ အိမ်တိုင်ယာရောက်လာပြောတာတောင် အားတက်သရောမရှိလှသော မောင်မင်းကြီးသားများကို အားမရပါ။ ပြောရတာ အားမရှိလှ။

ဒေါ်ထွေးထိပ်တင်၏ ဦးဆောင်မှုဖြင့် သံရုံးကလုပ်တာ ပွဲအတော်များပါသည်။ ကျွန်ုပ်တို့မှာ ကိုယ့်ကိစ္စနှင့်ကိုယ် မအားလပ်သဖြင့် သူတို့ဖိတ်တိုင်း မသွားနိုင်ကို အလွန် အားနာရပါသည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၉ မေ၊ ၂၀၁၆။ ၀၀း၂၇ နာရီ