Thursday, October 23, 2014

လူမှန်၊ နေရာမှန်၊ အလုပ်မှန်

ဖြစ်ရပ် (၁)


နင်ငါ့ကို မညာပါနဲ့ကွယ်၊ ဘယ်သူဘာလုပ်ရတယ်ဆိုတာ ငါအကုန်သိတယ်။
မဟုတ်ဘူး အစ်ကို၊ အဲဒါ သူတကယ် လုပ်နေရတာ။

ကျွန်တော်တို့ IOSS (Institute of Safety Studies) သင်တန်းကျောင်း ဖွင့်တော့ ရုံးထိုင်စာရေးမ တစ်ယောက် ငှားရန် တိုင်ပင်ကြ၏။ သင်တန်းစုံစမ်းလာသူများအား ပြန်လည်ဖြေကြားရန်၊ လိုအပ်သော စာရွက်စာတမ်းကိစ္စများ လုပ်ခိုင်းရန် အတွက် ဖြစ်သည်။ သည်တော့ ကိုနွယ်ဝင်းက သူ့မိတ်ဆွေတစ်ဦး၏ သမီး၊ လောလောဆယ်လည်း သင်တန်းကျောင်း တစ်ခု၌ လုပ်နေသည်ဟု ဆိုသည့် မိန်းကလေးတစ်ဦးကို ခေါ်လာသည်။ ကျွန်တော်တို့ အင်တာဗျူးကြ၏။

ကျွန်တော်ကပင် စတင်ကာ ကိုင်း၊ အခု သင်တန်းကျောင်းမှာ လုပ်နေတယ်ဆိုတော့ နင်ဘာတွေလုပ်ရသလဲ ပြောပြစမ်းပါဦး ဟု မေးလိုက်သည်။ ထိုအခါသူက သင်တန်းမှ curriculum များ ပြင်ရကြောင်းပြောသဖြင့် ကျွန်တော်က အထက်ပါအတိုင်း ပြောလိုက်ခြင်းဖြစ်ပါသည်။

နေပါဦးကွယ်၊ Safety သင်တန်းနဲ့ပတ်သက်တဲ့ သင်ရိုးတွေ၊ သင်တန်းမှတ်စုတွေပြင်ရအောင် နင်က safety အကြောင်း ဘယ်လောက်များ နားလည်လို့လဲ ဟု မေးသည့်အခါ ကျွန်မနားလည်လို့တော့ မဟုတ်ပါဘူး။ သူဌေးကပြင်ခိုင်းလို့ ပြင်ရတာပါ ဟု ဆိုလေသည်။ ကျွန်တော့်အကြောင်းသိသော ကိုနွယ်ဝင်းက အသာအနားကပ်လာကာ ရှင်းပြ၏။

ကျွန်တော် အတော်စိတ်လေသွား၏။


ဖြစ်ရပ် (၂)

ကျွန်တော်တို့ စီမံကိန်းမှ စတိုကိုင်သူ ကုလားကလေးနှင့် ကျွန်တော်အလွန်ခင်သည်။ သူ့နာမည် ဗီလူး ဖြစ်၏။ သူ့ပုံက လူရည်ခပ်သန့်သန့် ဖြစ်သဖြင့် ရိုးရိုးအလုပ်သမားတော့ မဟုတ်တန်ရာဟု တွက်မိသည်။ သူအကူအညီတောင်းသည်များကို ကျွန်တော်က မဆိုင်းမတွ လုပ်ပေးသကဲ့သို့ ကျွန်တော်လုပ်ချင်သည့်ကိစ္စများကိုလည်း သူက သေသေချာချာ လုပ်ပေးသည်။ ကျွန်တော်တို့ရုံးခန်းနှင့် သူ့စတိုမှာ ကျောချင်းကပ်ဖြစ်၏။ တစ်နေ့ ကော်ဖီချိန်နားကြရင်း ကျွန်တော် သူ့ဆီသွားကာ အလ္လာပ၊ သလ္လာပ ပြောသည်။

နေပါဦးကွ၊ မင်း ဘယ်နှတန်းထိ ကျောင်းနေခဲ့သလဲ ဟု ကျွန်တော်မေးသောအခါ သူက ယဲ့ယဲ့လေးပြုံးလျက် ငါက Paharmaceutical နဲ့ ဘွဲ့ရထားတာ ဟု ပြောလေသည်။ အလဲ့ကွယ်၊ သဟာဖြင့် ဘယ့်နှာကြောင့် မင်းက ချူတင်း (Chiu Teng) မှာ စတိုမင်းလာဖြစ်နေရသတုံး၊ မင်းဟာ၊ ခါးတောင်းကျိုက်တလွဲ၊ ဟိုသင်းတလွဲဖြစ်နေပေါ့ ဟု အံ့သြတကြီးဖြင့် မေးလေသော် ငါတို့တိုင်းပြည်မှာ အလုပ်လုပ်ရင် ဒီမှာလောက်ပိုက်ဆံမရဘူးကွ။ ဒီမှာကျတော့ ဆေးဘက်ဆိုင်ရာအလုပ်ရဘို့ က ခက်သားကလား။ ဒီတော့ ရရာဝင်လုပ်ရတာပေါ့ကွာ ဟု မချိသွားဖြဲပြောပြလေသည်။ ငါ့မှာ ရွေးစရာမရှိဘူးကွ။ ပိုက်ဆံက လိုတာကိုး ဟု ခပ်သဲ့သဲ့ပြောသည်။

သူသင်ခဲ့သောဆေးပညာများအတွက်ရော အိန္ဒယနိုင်ငံမှ ဆုံးရှုံးသွားသော လူအရင်းအမြစ်တစ်ခုအတွက်ပါ ကျွန်တော် အတော် စိတ်မကောင်းဖြစ်မိ၏။ 

ကျွန်ုပ်တို့ မြန်မာလူငယ်များတွင်ရော၊ ဗီလူး မည်မျှရှိပါသနည်း။ ထောင်ဂဏန်း အတော်များများ ရှိကောင်းရှိပါလိမ့်မည်။  


ဖြစ်ရပ် (၃)

ကျွန်မက ရုံးမှာ RA (Risk Assessment) တွေ ပြင်ပေးရပါတယ်။ RA, SWP (Safe Work Procedure), MS (Method Statement) တွေကို သေသေချာချာ ရေးတတ်အောင် ဘယ်လိုလေ့လာနိုင်ပါလဲ ဟု ဖေ့စ်ဘုတ်မိတ်ဆွေတစ်ယောက်က မေးလာပါသည်။ သူ့ရာထူးက Project Coordinator ဖြစ်ပြီး ရုံးမှာ paper work တွေ လုပ်ရတာ များပါတယ် ဟု ဆို၏။

သူက Project Coordinator ပါဆိုတော့ ကျွန်တော့်ကို Union Alloy က Project Coordinator ရာထူးဖြင့် ခန့်ခဲ့သော ဘ၀ကို ပြေးသတိရမိလေ၏။ project coordinator ဟုခန့်ပြီး ဘာတွေလုပ်ခဲ့ရသည်ကို ခရစ္စတိုဖာ ပေါက်ကျိုင်းတွင် အူမချေးခါးမကျန် အကုန်ရေးပြထားပါသည်။ Project Coordinator ဆိုသည့်အသံကြားလျှင် ထိုရာထူးကို (ယခုထိ) ဖနောင့်နှင့် ပေါက်ချင်မိလေ ၏။
Project Coordinator ဟူသည် မိမိအားတာဝန်ပေးထားသည့် project ကို ကြီးကြပ်ဆောင်ရွက်ရသူဖြစ်၏။ Project Coordinator သည် မိမိကိုင်ရမည့် ပရောဂျက်အကြောင်း ကျကျနန နားလည်ထားရန်လိုသည်။ ပရောဂျက်အတွက် ဘာတွေ ပြင်ထားရမည်။ ဘယ်ကစလုပ်ရမည်။ ဘာပြီး ဘာလုပ်ရမည်။ ဘာမပြီးခင် ဘာမလုပ်ရ။ မည်သည့်လုပ်ငန်းက မည်မျှကြာမည်။ မည်သည့် ပစ္စည်းများ၊ စက်များ၊ ကိရိယာများ လိုမည်။ မည်သည့်အလုပ်သမားများအား မည်သည့် သင်တန်းများသို့ လွှတ်ရန် လိုသည် အားလုံးသိထားရမည်။

ပရောဂျက်သို့ ခေါ်သွင်းလာသည့် ကန်ထရိုက်တာများနှင့် လိုအပ်သည်များကို ညှိနှိုင်းရသည်။ ကြုံလာရသော ပြဿနာများကို ရှင်းပေးရသည်။ စက်များလိုလျှင် ခေါ်ပေးရသည်။ အလုပ်သမားများ သင်တန်းတက်ရန်လိုလျှင် သင်တန်းများ စီစဉ်ပေးရ သည်။
သို့သော် Project Coordinator ဘ၀နှင့် ကျွန်တော်လုပ်ခဲ့ရသည်များထဲတွင် အထက်ဖော်ပြပါ အလုပ်များ တစ်ခုမှ မပါ။ ပစ္စည်းများ ရောက်လာလျှင် ထမ်းချရသည်။ ပိုက်များဆင်စရာရှိလျှင် အလုပ်သမားများနှင့် သွားဆင်ရသည်။ ပုံဆွဲခိုင်းလျှင် ဆွဲရသည်။ Quotation တွက်ခိုင်းလျှင် တွက်ပေးရသည်။ ပြောရလျှင် Project Coordinator တစ်ယောက်လုပ်ရမည့် အလုပ်များမှလွဲ၍ ကျန်တာ အကုန်လုပ်ရသည်။

ကျွန်တော့်ကိုမေးလာသော အထက်ပါ ဖေ့စ်ဘုတ်မိတ်ဆွေမှာလည်း ကျွန်တော်ကဲ့သို့ အစုံသုပ်လုပ်ရဟန် တူပါသည်။  ကျွန်တော် မအံ့သြတော့ပါ။


(၄) အလုပ်နှင့်တူအောင်မလုပ်ကြခြင်း

ယခု အောက်တိုဘာလ ၃ ရက်နေ့က MOM မှ အရာရှိတစ်ယောက် ကျွန်တော်တို့ ပရောဂျက်သို့လာကာ စစ်ဆေးပါသည်။ ထုံးစံအတိုင်း RA များ တောင်းကြည့်သည်ပေါ့။ ကျွန်တော်က မြေတူးသည့်အခါသုံးရသည့် RA ကိုပေးလိုက်သည့်အခါ သူ့မျက်နှာကြီးမှာ မန်ကျည်းသီးကျက်ဆူးတက်ကို ဂျွမ်းကနဲ အစိမ်းလိုက်ကိုက်စားလိုက်ဘိသကဲ့သို့ ရှိလေ၏။ (စင်ကာပူမှာ ကြီးတဲ့ကလေးတို့၊ မြို့မှာနေတဲ့သူတို့တော့ မန်ကျည်းသီးကျက်ဆူးတက်ဆိုတာ ဘာမှန်းသိမှာမဟုတ်ဘူး။ စားဘူးဘို့ဆိုတာ ဝေးရော။ သနားလိုက်ပါဘိကွယ်။ ကျွတ်ကျွတ်ကျွတ်)

ကျွန်တော်လည်း တာဝန်မကင်းသူမို့ ဟုတ်ပါဘူးကွာ၊ ဒါ သူတို့တင်ထားတာ မကြာသေးဘူး၊ ပြန်ပြင်ခိုင်းထားတာ မရသေး လို့ပါ၊ ငါတောင်းပေးပ့ါမယ် ဟု ညာလိုက်ရသည်။ ထိုမြေကြီးတူးသော ကုမ္ပဏီမှူလူများမှာ အကုန် အဘိုးကြီးများချည်း ဖြစ်၏။ အလွန် ခင်စရာကောင်းပါသည်။ ဆိုတော့ ကျွန်တော်လည်း သူတို့ကို ဒုက္ခမပေးချင်သောကြောင့် မကောင်းမှန်းသိလျက်နှင့် သည်အတိုင်း ထိုးထည့်ထားလိုက်တာ ဖြစ်ပါသည်။

သို့နှင့် MOM အရာရှိပြန်သွားတော့ ထိုကုမ္ပဏီမှ သူဌေးဖြစ်သူ အဘိုးကြီးကိုခေါ်ကာ အန်ကယ်၊ MOM က ဒီလိုပြောသွားတယ် ဟု ရှင်းပြရသည်။ သူက အဲဒါ ငါ safety officer တစ်ယောက်ကို ပိုက်ဆံပေးလုပ်ခိုင်းထားတာ ဟု ဆိုလေသည်။ သူများဆီက ပိုက်ဆံယူပြီး ဖြစ်ကတတ်ဆန်းလုပ်ထားသော အနှီသကောင့်သားကို ကျွန်ုပ် ငြုပ်ဆုံထဲသာ ထည့်ထောင်းချင်မိတော့၏။
ဒါဆို အန်ကယ် သူ့ကို ပြန်ပြင်ခိုင်းပါ။ ဘာတွေပြင်ရမယ်ဆိုတာ ကျွန်တော်ပြောပြမယ် ဟု ဆိုသောအခါ လုပ်မနေပါနဲ့ကွာ၊ သူ့ပြင်ခိုင်းလည်း မင်းစိတ်တိုင်းကျ ရမှာမဟုတ်ပါဘူး။ ပိုက်ဆံလည်း ထပ်တောင်းဦးမယ်။ အဲဒီတော့ မင်းသာလုပ်လိုက်ပါကွာ။ ငါ ပိုက်ဆံပေးပါ့မယ် ဟု ဆိုလေသည်။

ကျွန်တော့်အတွက် သည်အလုပ်မှာ ကုတ်ဘူး ဖောက်သောက်ရတာလောက်တောင် မခဲယဉ်းပါ။ (ငှက်ပျောသီးအခွံနွှာရတာ ရိုးသွားလို့။) အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ ကုမ္ပဏီအတွက် ကျွန်တော်ရေးထားတာ အဆင်သင့်ရှိသောကြောင့် ကုမ္ပဏီနာမည်၊ လူနာမည်လေး ကောက်ကက်ပြောင်း၊ ပရင့်ထုတ်၊ သူ့လက်မှတ်ထိုးခိုင်း။ (ဟုတ်ဘူးလားဗျာ။ ကုတ်ဘူးကမှ သံကွင်းကို လက်သည်းနဲ့ အတင်းကုပ်ကပ် ခွာနေရသေး။)

အဖိုးကြီးက ငွေစက္ကူတစ်ထပ် ထုတ်ပေး၏။ ဟာ၊ အန်ကယ်၊ ကျွန်တော်ပိုက်ဆံလိုချင်လို့ ရစ်တာမဟုတ်ပါဘူး။ MOM က တောင်းလို့လုပ်ပေးရတာပါ။ ဘာပိုက်ဆံမှ မလိုချင်ပါဘူးဟု ပိုက်ဆံများကို ၇ ရက်ထမင်းမစားရသောလူနာ၏ လက်မျိုးဖြင့် အတင်းတွန်းထုတ်လေ၏။ ဟကောင်၊ မင်းကိုမပေးလဲ ငါ တခြားသူကိုပေးရမှာဘဲ။ ယူသာယူပါကွာ ဆိုသောကြောင့် ၅၀ တန် တစ်ရွက်ကိုယူပြီး ကျန်ပိုက်ဆံများပြန်ပေးလိုက်၏။ ဒါတောင် သူက နောက်ထပ် ၃ ရွက် အိတ်ထဲထိုးထည့်ပေးသွား သေးသည်။ (ဟေ့လူ၊ ကျုပ်ယူတာမဟုတ်ဘူးနော်၊ သူပေးတာ။ နေဦး ၂၀၀ ဆိုတော့ ၂၀၀ x ၇၇၀ = တော်ပါသေးရဲ့။ သုံးသိန်း မကျော်လို့။)


Safety Officer ဖြစ်နေပြီး Risk Assessment မရေးတတ်သူ အများအပြားရှိပါသည်ဟု ဆိုလျှင် မိတ်ဆွေများ အံ့သြပါမည်လား။ မအံ့သြပါနှင့်။ ကျွန်တော် ဦးဇွန်းဖုတ် ဆွဲထုတ်ပြလို့ ရပါသည်။ (ခင်ဗျားကလည်း ကျုပ်တို့မသိတဲ့ ဝေါဟာရ တွေချည်း သုံးတာပဲ ဟု အပြစ်မတင်ပါနှင့်။ ကျွန်တော်က တောသားဆိုတော့ တောသားလိုပြောရမှ အားရသည်။)



(၅) Risk Assessment, Safe Work Procedure, Method Statement များပြင်ခြင်း

Risk Assessment ပြင်ဘို့ အနည်းဆုံး Risk Management အကြောင်းသိထားရမည်။ မိမိပြင်မည့် လုပ်ငန်းအကြောင်း နားလည်ရမည်။ နောက်ပြီး Risk Assessment ဆိုတာ တစ်ယောက်ကောင်း ပြင်လို့ရတာမျိုးမဟုတ်။ ထိုလုပ်ငန်းနှင့် ပတ်သက်သူများကိုပါထည့်ကာ RA Team ဖွဲ့ရသည်။ ဥပမာ - အထက်တွင် ကျွန်တော်ဖော်ပြခဲ့သည့် မြေတူးခြင်း (Excavation) အတွက် RA ပြင်မည်ဆိုပါစို့။

Excavation အတွက် RA ပြင်ရန် ပထမဦးစွာ RA Team ဖွဲ့ရမည်။ RA Team Leader မှာ Safety Officer ဖြစ်နိုင်သည်။ သူက ဟိုစပ်စပ်သည်စပ်စပ် အကုန်သိသည်ကိုး။ (ထင်တာပဲ)။ အနည်းဆုံးတော့ RA ကို ဘယ်လိုပြင်ရမယ် ဆိုတာ သူသိမည်။ တခြား သူသိချင်သော excavation ကြောင့်ဖြစ်မည့် အန္တရာယ်များ (hazard)၊ risk များ၊ မည်သည့် အန္တရာယ်ကတော့ မည်မျှအန္တရာယ်ကြီးသည်၊ မည်မျှကြာလျှင် တစ်ကြိမ်ဖြစ်တတ်သည်၊ ထိုအန္တရာယ်များမဖြစ်အောင် မည်ကဲ့သို့သော အစီအရင်များလုပ်ရမည်၊ မည်သူတို့ကို တာဝန်ချထားရမည် အစရှိသည်တို့ကို ၎င်း၏ team member များနှင့် ဆွေးနွေးမေးမြန်းနိုင်သည်။

RA Team Member များမှာ အင်ဂျင်နီယာများ၊ လုပ်ငန်းကြီးကြပ်ရေးမှူးများ၊ စက်မောင်းသူများ၊ အချက်ပြသူများ ပါဝင်နိုင်သည်။ ၎င်းတို့က ကိုယ်တိုင်ကိုယ်ကျ လုပ်နေရသူများဖြစ်၍ မည်သည့်အန္တရာယ်များရှိသည်၊ မည်ကဲ့သို့ ကာကွယ်နိုင်သည်ကို ကိုယ့်ထက် ပိုသိနိုင်သည်။ ထို့ကြောင့် သူတို့၏ အကြံဉာဏ်ကိုလည်း ရယူရသည်။
ကိုယ်လိုချင်သော အချက်အလက်များရပြီဆိုတော့မှ Safety Officer က ထိုအချက်များကို အခြေခံကာ Risk Assessment ရေးဆွဲသည်။

နောက်ပြီး RA Team Member များကိုပြပြီး လိုအပ်သည်များကို ပြင်ကာ နောက်ဆုံး စီမံကိန်းမန်နေဂျာသို့တင်ပြ အတည်ပြုချက် ရယူရသည်။

RA ရေးဆွဲရန် စင်ကာပူတွင် ဥပဒေဖြင့် ပြဌာန်းထားသည်။ Workplace Safety And Health (Risk Management) Regulations 2006 ဖြစ်၏။ သို့သော် RA ကို မည်ကဲ့သို့ ရေးဆွဲရမည်ကိုမူ Code of Practice for Risk Management အား ရည်ညွှန်းရပါမည်။ ထို CP ကို အင်တာနက်မှ အခမဲ့ download လုပ်ယူနိုင်ပါသည်။ မည်ကဲ့သို့ရှာရမှန်းမသိသူများ ကျွန်တော့်ဆီ လှမ်းတောင်းပါ။
ထို့အတူ Method Statement နှင့် Safe Work Procedure ပြင်ခြင်းမှာလည်း အလားတူပင် ဖြစ်၏။ Method Statement ပြင်တာ သိလိုသူများ ကျွန်တော်ရေးခဲ့သည့် ဓမ္မစေတီခေါင်းလောင်း ပို့စ်ကို ပြန်ရှာဖတ်ကြပါ။ အတိုချုပ်ပြောရလျှင် Method Statement ဟူသည် မိမိလုပ်မည့် လုပ်ငန်း အစီအစဉ်ဖြစ်၏။ Safe Work Procedure ကို Method Statement ပေါ် အခြေခံ၍ ရေးရသည်။ Method statement ကပြောထားသော လုပ်ငန်းအဆင့်ဆင့်ကို အန္တရာယ်ကင်းအောင် မည်ကဲ့သို့ လုပ်ရမည်ကို Safe Work Procedure က အသေးစိတ် ညွှန်ပြသည်။

(ကျွန်တော့်ကို မေးထားတဲ့ မ abcd ။ ခုလောက်ဆို သဘောပေါက်ပါပြီနော်။ ရုံးမှာထိုင်နေပြီး ဟိုလူရေးထားတာ နည်းနည်းဖြတ်ညှပ်ကပ်၊ ဒီလူရေးထားတာနည်းနည်းဖြတ်ညှပ်ကပ်၊ နောက်ပြီး ကုမ္ပဏီနာမည်လေး ပြောင်းထည့်ရုံနဲ့ တကယ်အသုံးတည့်တဲ့ RA တစ်စောင် ဖြစ်မလာပါဘူးခင်ဗျား။ MOM ကလာစစ်တဲ့အခါ ပြနိုင်ရုံလောက် လုပ်ထားတဲ့ RA ဆိုရင်တော့ ရပါတယ်။ Safe Work Procedure နဲ့ Method Statement တို့လည်း အလားတူပါဘဲ။ အင်တာနက်ကနေရှာပြီး ကိုယ့်ကုမ္ပဏီနာမည်ပြောင်း ထည့်ထားတာဆိုရင် အပြကောင်းရုံ ဥပဒေလွတ် လုပ်ထားတဲ့ စာရွက်တစ်ရွက်ထက်ပိုပြီး တန်ဘိုးမရှိပါဘူး။ အဲဒါတွေ လုပ်တတ်အောင် Risk Management စတဲ့သင်တန်းတွေတက်လို့ရပါတယ်။ ဒါပေမဲ့ သင်တန်းတက်ရုံနဲ့ မလုံလောက်ပါဘူး။ အလုပ်ထဲမှာ တကယ်လက်တွေ့လုပ်၊ အလုပ်အကြောင်း ဂဃနဏနားလည်မှ အဲသဟာတွေကို တကယ် တတ်တတ်ကျွမ်းကျွမ်းရေးတတ်မှာ ဖြစ်ကြောင်းပါခင်ဗျား။)

ထို့နောက် ထိုရေးဆွဲထားသော RA, MS, SWP များအား အလုပ်သမားအားလုံး နားလည်အောင် သေသေချာချာ ရှင်းပြရန် လိုပါသည်။ ရှင်းပြပြီးကြောင်းလည်း မှတ်တမ်းယူထားရပါမည်။ ကြီးကြပ်ရေးမှူးက ၎င်း၏အလုပ်သမားများအား ရေးဆွဲ ချမှတ်ထားသော RA, MS, SWP များအတိုင်း လိုက်နာလုပ်ဆောင်ခြင်း ရှိ/မရှိ စောင့်ကြည့်နေရန် လိုပါသည်။ အကယ်၍ မလိုက်နာ။ ၎င်းတို့လုပ်ချင်သလို လုပ်နေသည်ဆိုလျင် အချိန်မီ ပြင်ပေးရန် လို၏။


ကိုင်း -

နိဂျုံးခုတ် (ဟုတ်ပေါင်) နိဂုံးချုပ်ကြပါစို့။

အလုပ်တစ်ခုလုပ်သည့်အခါ ထိုအလုပ်ကို လုပ်တတ်သူအား စနစ်တကျ နေရာချထားပေးရန် လို၏။ တစ်နည်းအားဖြင့် ထိုအလုပ်ကို လုပ်သူသည် သူ့အလုပ်ကိုသူ တကယ်တတ်တတ်ကျွမ်းကျွမ်း လုပ်တတ်ရန် အရေးကြီး၏။ ထိုအရာကို လူမှန် နေရာမှန် ဟု ခေါ်ပါသည်။


လယ်သမားသည် လယ်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်ပါမှ။ စက်ပြင်တတ်သူအားသာ စက်ပြင်ခိုင်းပါမှ။ စာသင်တတ်သူကိုသာ ကျောင်းဆရာလုပ်ခိုင်းပါမှ။ မီးဆင်သူသည် တကယ်တတ်တတ်ကျွမ်းကျွမ်း မီးဆင်တတ်ပါမှ။ 

  • အကြွေးကျေချင်ရင် ထမင်းတစ်နပ်လျှော့စားကြပါ။
  • လျှပ်စစ်မရှိရင် ဖယောင်းတိုင် ထွန်းနေကြပါ။


(အားနာလို့ နွားနို့တော့ ဖြုတ်ခဲ့တော့မယ်။)

- ဆိုသော စကားများ နောက်ထပ် မကြားကြရတော့မှာ ဖြစ်ပါသတည်း။

(ခင်ဗျားတို့ မသိလို့။ သောက်ရေက pH7 ပါ ဆိုတာကို ကောင်းသကွာ။ pH8 တို့ 9 တို့ဖြစ်အောင် ဆက်ကြိုးစား လို့ အားပေးတဲ့သူတောင် ရှိသေး။)


ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၃ အောက်တိုဘာ၊ ၂၀၁၄။ ည ၉း၄၉ နာရီ

Sunday, October 19, 2014

၃၅ သိန်း နဲ့ စာရိတ္တ

မနေ့ညက ဆွေမျိုးတစ်သိုက်ကို Orchard လိုက်ပို့။ ဓာတ်ပုံလေးဘာလေးရိုက်ပေါ့။ အဲဒီမှာ ပါလာတဲ့ အစ်မကြီးတစ်ယောက်က ဓာတ်ပုံရိုက်ဖို့ လက်မှာဆွဲထားတဲ့အိတ်ကြီး အောက်ခဏချထားလိုက်တယ်။ သုံးလေးပုံလောက် ပဲပေးလိုက်ပြီး ရီကြမောကြနဲ့ ပြန်ထွက်လာကြတယ်။ အိတ်ကြီးယူဘို့ သတိမရဘူး။

နောက် Ion Orchard ထဲ window shopping လုပ်ကြ။ သူက နာမည်ခပ်ဆန်းဆန်း အိတ်ဆိုင်တစ်ဆိုင်ရွတ်ပြလို့ directory ထဲ လိုက်ရှာတော့ Ion ထဲမှာ မတွေ့ဘူး။ ဖုံးထဲမှာ ဆိုင်နာမည်ရိုက်ထည့်ရှာလိုက်တော့ တော်တော်လေး ဝေးသေးတာနဲ့ မသွားတော့ဘူး။ ဒါနဲ့ အိမ်ပြန်လက်ဆောင် ပေါချောင်ကောင်းတွေ ၀ယ်ရအောင် Bugis ကို လာကြ။ ဘူတာထဲက ထွက်လိုက်တော့မှ အလိုလေး၊ ငါ့အိတ်အနီကြီး မေ့ကျန်ခဲ့ပြီ။ ခုနက ဓာတ်ပုံရိုက်တဲ့နေရာမှာ ကျန်ခဲ့တာ. . . လို့ အလန့်တကြားဆိုတော့ ကျွန်ုပ်လည်း မျက်လုံးပြူး၊ မျက်ဆန်ပြူး။ အိတ်ထဲဘာတွေပါသွားသေးလဲ ဆိုတော့ သူလည်း သေသေချာချာမမှတ်မိ။ ပတ်စ်ပို့တွေ ဘာတွေ ပါသွားသလား ဆိုတော့ ပတ်စ်ပို့တော့မပါ၊ သူကိုင်ထားတဲ့ အိတ်ထဲမှာ တဲ့။

အဲဒီတော့မှ မပူပါနဲ့ဗျာ။ စင်ကာပူမှာက လမ်းမှာတွေ့တဲ့အိတ်တွေကို ယူလေ့မရှိပါဘူး။ တာရားရစ်စ် (လျှာလိပ်လိုက်တာ) တွေ ချထားခဲ့တာ ဖြစ်မှာစိုးလို့ ရဲတိုင်ကြတာ များပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က ရဲမခေါ်သေးဘူးဆိုရင်တော့ အဲဒီနေရာမှာပဲ ရှိဘို့ များပါတယ်၊ လာ ဆိုပြီး နောက်ကြောင်း ခပ်သုတ်သုတ်ပြန်။

Wheel Lock ထဲက ထွက်လိုက်တော့ အိတ်အနီလေး တိုင်မှာချိတ်လျက်သား ရှိနေတာကို လှမ်းတွေ့လိုက်လို့ ဟိုမှာ ဟိုမှာ လို့ အော်လိုက်တာနဲ့ တောင်တော်မူ (ဟုတ်ပေါင်) တူတော်မောင်က အတင်းပြေးသွားဆွဲ။ (ဖြည်းဖြည်းလုပ်ပါကွာ၊ ဒီအနားရောက်မှတော့ ဘယ်သူမှ မလုတော့ပါဘူး။)

အဲဒီတော့မှ ဟိုအစ်မကြီးလည်း ဟင်းကနဲ သက်မကြီးချ။ ဟင်း၊ တော်ပါသေးရဲ့၊ မြန်မာပြည်မှာဆို ရတော့မှာ မဟုတ်ဘူး လို့ ပြောရင်း အိတ်ကိုဖွင့်ကြည့်။ အိတ်ထဲမှာ ပိုက်ဆံအိတ်တစ်အိတ်။ ပိုက်ဆံအိတ်ထဲမှာ မြန်မာငွေတချို့နဲ့ ဖုံးကဒ် (စင်းကဒ်) တစ်ကဒ်။
အောင်မယ်လေးလေး။ ဒီစင်းကဒ်က ခုခေတ် စင်းကဒ်မဟုတ်ဘူး။ ဟိုးတုံးက ဖုံးတစ်လုံး ၃၅ သိန်းခေတ်တုံးက ၀ယ်ထားတဲ့ စင်းကဒ်ကလေး။ တော်ပါသေးရဲ့။

သူပြောတာနားထောင်ပြီး ကျွန်တော့်မှာ တွေးစရာတွေ အများကြီးရလာပါတယ်။

ပထမ - ဟင်း၊ တော်ပါသေးရဲ့၊ မြန်မာပြည်မှာဆို ရတော့မှာ မဟုတ်ဘူး - ဆိုတာရယ်။

နောက်ပြီး - ဒီစင်းကဒ်က ခုခေတ်စင်းကဒ်မဟုတ်ဘူး။ ဟိုးတုံးက ဖုံးတစ်လုံး ၃၅ သိန်းခေတ်တုံးက ၀ယ်ထားတဲ့ စင်းကဒ်ကလေး - ဆိုတာ။

ဒီလိုဗျ။ သူတို့မလာခင်ကတည်းက ကျွန်တော်က ဆက်သွယ်ရလွယ်အောင် ဟန်းဆက်ယူလာခဲ့၊ ဒီမှာ ဖုံးကဒ်ဝယ်ထည့်လို့ ရတယ်လို့ မှာလိုက်တာ။ ဒီကဖုံးကဒ် လဲထည့်တော့ ဟိုကပါလာတဲ့ စင်းကဒ်ကို ပိုက်ဆံအိတ်ထဲ ထည့်ထားတာပေါ့။
စင်းကဒ်တစ်ခုကို ၃၅ သိန်း ပေးဝယ်ရတယ်ဆိုတာသာ တခြားနိုင်ငံကလူတွေကြားရင် မင်းတို့ရူးနေသလား လို့ အပြောခံရပါလိမ့်မယ်။ ဟုတ်ပါတယ်။ တကယ့်ကို ရူးတာပါ။ ရူးတာက ကျွန်တော်တို့ မဟုတ်ပါ။ ၃၅ သိန်းဖြစ်အောင် လုပ်ထားတဲ့သူတွေ ရူးတာပဲဖြစ်ပါတယ်။ ဘာရူးတာလဲဆို ငွေရူး၊ ဂုဏ်ရူး၊ အာဏာရူး ရူးနေတာပါ။ အရင်တုံးက ၃၅ သိန်း လောက် ပေးဝယ်ရတဲ့ စင်းကဒ်တွေကို ၁၅၀၀ နဲ့ရောင်းမယ်ဆိုတော့ ဇဝေဇ၀ါ၊ ဟုတ်ကော ဟုတ်ပါ့မလားတောင် ဖြစ်ကုန် တယ်။ ကျွန်တော်တို့ အကြာကြီး၊ ရာစုနှစ်တစ်ဝက်ကျော် အရူးလုပ်ခံခဲ့ကြရတယ်။

နောက်တစ်ခု -

မြန်မာပြည်မှာဆို ရတော့မှာမဟုတ်ဘူး လို့ သူကပြောလိုက်တော့ ကျွန်တော့်စိတ်ထဲ အတော်မအီမသာ ဖြစ်သွားတယ်။ 
ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ တစ်မျိုးသားလုံးရဲ့ အကျင့်စာရိတ္တနဲ့ တိုက်ရိုက်ပတ်သက်နေလို့ ပါဘဲ။

ကျွန်တော်တို့ဆီမှာ ပိုက်ဆံအိတ်တွေ့လို့ ပြန်ပေးတဲ့သူဆိုရင် တခမ်းတနား ဂုဏ်ပြုကြရတယ်။ စေတနာထား စာသင်ပေးတဲ့ ဆရာကို ကြီးကြီးကျယ်ကျယ် အမွှမ်းတင် ဂုဏ်ပြုနေကြရတယ်။

အဲဒါကိုကြည့်ကတည်းက ခေတ်ကြီး ကပြောင်းပြိ၊ ကပြောင်းပြန်ဖြစ်နေမှန်း သိသာပါတယ်။ အဲသလိုရိုးသားတဲ့သူတွေ အင်မတန်ရှားနေပြီဆိုတာကို အဲဒီအဖြစ်အပျက်တွေက သက်သေပြနေပါတယ်။ တကယ်ဆို ပိုက်ဆံအိတ် ကောက်ရလို့ ပြန်ပေးတာ၊ ဆရာက စေတနာနဲ့စာသင်ပေးတာတို့ဟာ လုပ်ရိုးလုပ်စဉ် ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေရမှာ မဟုတ်ပါလား။ (အကယ်၍ သည်လောကကြီးဟာ ဖြူစင်သန့်ရှင်းနေတဲ့ လောကကြီးဆိုရင်)

ကျွန်တော်တို့ခေတ်တုံးကတောင် အခုလောက်ဆိုးအုံးမယ် မထင်ပါဘူး။ ကျွန်တော်ဆယ်တန်းရောက်တဲ့ထိ ကျူရှင်ဆိုတာ လေသံတောင် မကြားဖူးသေးပါဘူး။ ကျောင်းစာနဲ့ပတ်သက်လို့ အပြင်စာဆိုလို့ ၅ တန်းမီးနင်း၊ ၈ တန်းမီးနင်း ဆိုပြီး အင်္ဂလိပ်စာလုံးတွေကို အသံထွက်ရော အဓိပ္ပာယ်ပါ ဖော်ပြထားတဲ့စာအုပ်တွေ၊ ဆရာဦးအောင်သိန်းဟန်တို့ ထုတ်တဲ့ အထူးထုတ် ဆိုတာလောက်ပဲ ရှိပါသေးတယ်။

ဟိုတလောက ဟိုဆရာကိုကျောင်းသားတွေဖက်ပြီး ငိုကြလို့ ဘာဆရာဆုဆိုလဲ ပေးတာကြားရတော့ ကျွန်တော့်မှာ ငါးသလောက်ပြုံးတောင် ပြုံးမိပါရဲ့။ ပြုံးတာက အဲသည့်ဆရာကိုမဲ့ချင်လို့မဟုတ်ပါ။ ခေတ်ကြီးကို စိတ်ကုန်လို့ ပြုံးမိခြင်း ဖြစ်ပါတယ်။
ကျွန်တော် ငါးတန်းကျောင်းသားဘ၀က သိပံ္ပလားမသိ၊ သင်တဲ့ ဆရာမဒေါ်မေကြည်ဆိုတာ ရှိတယ်။ ကွင်းကောက် တွဲဘက် အလယ်တန်းကျောင်းမှာ။ ၆ တန်းကျတော့ ဆရာမ ကျောင်းပြောင်းရတယ်။ ကျွန်တော်တို့ ကျောင်းသားဘ၀က ဆရာဆရာမ တွေက ကျောင်းသူကျောင်းသားတွေကို သူတို့ သားသမီးတွေလို ချစ်တာကလား။ ကျောင်းသူကျောင်းသားတွေကလည်း သူတို့ဆရာဆရာမတွေကို အရမ်းချစ်ကြတာပေါ့ ခင်ဗျာ။ ဆရာဦးပြုံးချိုတို့၊ ဦးထွန်းရွှေတို့ဆိုတာ အင်မတန်ချစ်ဘို့ကောင်းတဲ့ ဆရာကြီးတွေ။ သူတို့မှ တကယ့် နာသုံးနာနဲ့ ဆရာအစစ်။

ဆရာမကျောင်းပြောင်းရတော့မယ်ဆိုတော့ အတန်းထဲမှာ ငိုပွဲကြီး ကျင်းပကြသပေါ့။ ဆရာမကလည်းငို၊ ကျောင်းသူ ကျောင်းသားတွေကလည်း ငို။ ငိုလိုက်၊ နှပ်ညှစ်လိုက်နဲ့ မသောင်းဌေးထိုင်တဲ့ခုံနားမှာ နှပ်တွေဆိုတာ အပုံလိုက်ကြီးဖြစ်နေတာ၊ ကျွန်တော်ဖြင့် ရွံလွန်းလို့ နောက်တန်း ပြောင်းထိုင်နေရတယ်။ အဲသလောက်။ နည်းနည်းလေး နောက်ကျသွားတယ်ဗျာ။ ခုခေတ်လိုသာ ဖွဘုတ်ပေါ်တက်ဖွလိုက်လို့ကတော့ ကျွန်တော်တို့ဆရာမ ဒုဝန်ကြီးတောင် တက်ဖြစ်လောက်တယ်။

ကျုပ်တို့ တောမယ် ဘယ့်နှာလုပ် တံခါးတွေဘာတွေရမတုံးဗျာ။ ဒီအတိုင်း ခါးပန်းခေါင်းအုံးအိပ်ကြတာပေါ့။ (ဟဲ့ကောင်လေးတွေ၊ ခါးပန်းဆိုတာနားမလည်ရင် နင့်ကြီးတော်သွားမေးချည်) တောထဲတောင်ထဲသွားသွား၊ လယ်ထဲကိုင်းထဲသွားသွား အိမ်ကို ဒီအတိုင်း ဟောင်းလောင်း ပစ်ထားခဲ့ကြတာဘဲ။ ဘယ့်နှယ် အိမ်စောင့်တွေ ဘာတွေ ရှိမလဲ။ ဒါပေမဲ့ဗျာ။ သူခိုးသူဝှက်ဆိုတာ အင်မတန်ရှားပါတယ်။ (ရှားဆို ခိုးစရာမှမရှိဘဲကိုး၊ အဟိ)။ အဲလေ တကယ်ပါ။ ကျွဲတွေ၊ နွားတွေလည်း တောထဲ ဒီအတိုင်းလွှတ်ထားကြတာပါဘဲ။ ပျောက်တယ်ဆိုတာ ခပ်ရှားရှားပါ။

ကျွန်တော်တို့ ငယ်ငယ်တုံးက ပစ္စည်းတွေဘာတွေ ကောက်ရရင် အတန်းပိုင်ဆရာ၊ ဆရာမပြန်အပ်လိုက်တာပါဘဲ။ တစ်ခါမှ ဘယ်သူမှ အလစ်သုတ်ထားတာ မရှိပါဘူး။ အဲဒါဟာ အဆန်းလားဗျာ။ အခု ပစ္စည်းကောက်ရလို့ ပြန်ပေးတာကို ရိုးသားဆု ပေးတာကမှ ဆန်းတာခင်ဗျ။

အဲဒါဟာ လူတစ်ယောက်ထဲနဲ့တင် ဆိုင်တာမဟုတ်ပါဘူး။ တစ်မျိုးသားလုံးရဲ့ (တစ်မျိုးသားလုံး၊ တစ်မျိုးသားလုံးနဲ့ ပြောပြောနေရတာ အူယားလိုက်တာဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဟိုလူကြီးတွေရဲ့ “တစ်မျိုးသားလုံး အကျင့်စာရိတ္တမြင့်မားရေး” - ဆိုတဲ့ ဆိုင်းဘုတ်ကြီး မြင်ယောင်လာလို့ပဲ။ အကျင့်မကောင်းတဲ့သူတွေက အကျင့်စာရိတ္တမြင့်မားရေး ဆိုတဲ့ ဆိုင်းဘုတ်ကြီး ထောင်ထားတာ မြင်ရတော့ ကျုပ်ဖြင့် အုတ်နီခဲ ထက်ပိုင်းကျိုးနဲ့ ကောက်ထုချင်လိုက်တာ၊ လက်ကို ယားနေတာပဲ။)

တစ်မျိုးသားလုံးရဲ့ အကျင့်စာရိတ္တနဲ့ ဆိုင်ပါတယ်။ မြန်မာပြည်ထဲက လူတိုင်းသာ အကျင့်ကောင်းတဲ့သူတွေဆိုရင် ခုနက ဟိုအစ်မကြီး အဲဒီစကားမျိုး ပြောပါအုံးမလား။

အဲသဟာကြောင့် သူပြောလိုက်တဲ့စကားအပေါ် ကျွန်ုပ် မအီမသာဖြစ်ရကြောင်းပါခင်ဗျာ။

တစ်ချိန်ချိန်မှာ ကျုပ်တို့တိုင်းပြည်ကြီးလည်း ရိုးသားတာကို အထူးအဆန်းလုပ်နေရတဲ့ဘ၀ကနေ ကင်းလွတ်ပါစေလို့ ဆုတောင်းပေးလိုက်ပါရဲ့။

အေးငြိမ်း

၁၇ အောက်တိုဘာ၊ ၂၀၁၄။ ည ၁၁ နာရီခွဲ

++++++++++++++++++++++++++++++++++++++++++

၃၅ သိန်း နဲ့ စာရိတ္တ . . . . နောက်ဆက်တွဲ

အပြောမတတ်တော့ ဆဲသလို ဆိုသကိုး။ 

ကျွန်တော်တို့နေတာ မြောက်ကျွန်းမှ မဟုတ်ဘဲ။ (လာပြန်ပြီ မြောက်ကျွန်း။ ဟကောင်၊ မြောက်ကျွန်းဆိုတာ မျောက်တွေနေတဲ့ကျွန်း ပြောတာမဟုတ်ဘူးဟ။ သိချင် ဘုရားသုံးဆူ ဘုန်းကြီးကျောင်းက ဆရာတော်ကြီးကို မေးလျှောက် ပေတော့။) လူတွေပေကပဲ။ ဘယ့်နှာလုပ် ရာနှုန်းပြည့် ကောင်းနေပါမတုံး။ စင်ကာပူဆိုတာ အစစအရာရာကောင်းမွန်နေတဲ့ စံပြတိုင်းပြည်လို့ ကျွန်ုပ်တော့ မထင်ပေါင်ဗျာ။ (ခရစ္စတိုဖာ ပေါက်ကျိုင်းထဲမှာ အသေးစိတ် အကုန် ဖွင့်ချထားပါတယ်။) ဒါပေသိ အတိုင်းအတာတစ်ခုထိ ကောင်းပါတယ်။

ကျွန်တော် စင်ကာပူမှာနေတဲ့အတွက် ဒီကလူတွေအကြောင်း၊ ဒီနိုင်ငံအကြောင်း အတော်လေး တီးမိခေါက်မိရှိပါတယ်။ အဲဒါကြောင့် ရန်ကုန်က အဆွေအမျိုးတွေလာတော့ ထမင်းစားရင် စားပွဲပေါ် ပိုက်ဆံအိတ်တို့၊ ဖုံးတို့ အမှတ်တမဲ့တင်မထားနဲ့။ အလစ်သုတ်တတ်တယ်လို့ ရောက်စကတည်းက သတိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်နှစ်ပတ်ကတောင် ဘယ်ကမန်နေဂျာ ဆိုပါလိမ့် ကုမ္ပဏီက ပိုက်ဆံ စင်းဒေါ်လာ ၅ သောင်း ဘတ်သွားတဲ့သတင်း ကြားလိုက်ပါသေး။

ကျွန်တော်တို့မြန်မာပြည်ဟာ ‘ဗုဒ္ဓဘာသာကိုအခြေခံတဲ့ယဉ်ကျေးမှု’ ထွန်းကားတဲ့တိုင်းပြည် ဖြစ်နေတာရယ်။ နောက်ပြီး အင်မတန် ချစ်စရာကောင်းတဲ့ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား စတဲ့ ဓလေ့ထုံးစံ၊ ကျင့်ဝတ်တွေ ရှိတာရယ်ကို ကျွန်တော်အလွန်နှစ်သက်ပါတယ်။

ဒါပေမဲ့ အခု နေ့တိုင်းတရားပွဲတွေကျင်းပနေပြီး လူတွေ ကိုယ်ကျင့်စာရိတ္တ ချို့ယွင်းလာတာကိုတော့ဖြင့် ကျွန်တော် ၀မ်းနည်းလို့ မဆုံးပါဘူး။ ကိုယ့်အထက်လူကြီးကို (အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ) ရိုသေလေးစားတာ၊ ဆက်ဆံတဲ့အခါမှာ လေးလေးစားစား ဆက်ဆံတာ၊ ကိုယ့်ဆရာဆရာမတွေ (စာသင်ပေးတဲ့ ဆရာဆရာမတွေတင်မကဘဲ မြင်ဆရာတွေ ဖြစ်တဲ့ စာရေးဆရာတွေ အပါအ၀င်) ကို ရိုရိုသေသေ လေးလေးစားစား ဆက်ဆံတာ၊ ကိုယ့်ထက်အသက်ကြီးတဲ့သူတွေကို ရိုသေလေးစားတာ၊ ကိုယ့်မိဘတွေကို ရိုရိုသေသေ လုပ်ကျွေးသမှု ပြုတာတွေဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာပဲ ရှိမယ်ထင်ပါတယ်။ တခြား ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ နဲ့ ဂျပန် စတဲ့နိုင်ငံတွေမှာလည်း ရှိနိုင်ပါတယ်။ ကျွန်တော်သေသေချာချာ မသိပါ။

ဒါပေမဲ့ လူကြီးသူမတွေရှေ့၊ ဆရာဆရာမတွေရှေ့မှာ ခေါင်းငုံ့သွားတာ၊ လူကြီးသူမပြောစကား နားထောင်တာကို လူလူချင်း နှိမ်တာ၊ လူညွန့်ချိုးတာ၊ လူ့အခွင့်အရေးချိုးဖောက်တာလို့ ဟောဒီနိုင်ငံမှာ ထင်ကြပါတယ်။ ကလေးတွေကို ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်နိုင်အောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးလိုက်တော့ ငါလုပ်မှရမယ်။ ငါ့ဟာငါပဲ ဆုံးဖြတ်မယ်။ ဘယ်သူ ပြောတာမှ နားထောင်စရာမလိုဘူး။ ဘယ်သူ့မှ ဦးညွတ်စရာမလိုဘူး ဆိုတဲ့အစွဲတွေ ဟောဒီက ကလေးတွေမှာ ရှိနေပါတယ်။ မယုံရင် စင်ကာပူက မြန်မာမိဘတွေကို မေးကြည့်ကြပါခင်ဗျား။ (အဲလေ မိဘတွေက အတင်းကွပ်ညှပ်ပြီး နေ့တိုင်း သွန်သင်ပေးနေရင်တော့လည်း တစ်မျိုးပေါ့။)

ပထမပို့စ်မှာ ရေးလိုက်တာက အားလုံးကို ခြုံပြီးရေးလိုက်တာပါ။ အားလုံးဆိုးနေတယ်၊ အားလုံးကောင်းနေတယ်ဆိုတာ ဘယ်မှာမှ မရှိနိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လူတွေဖြစ်နေလို့ပါဘဲ။ မြန်မာပြည်မှာလဲ အလစ်သုတ်တဲ့သူရှိသလို ကောက်ရတဲ့ပစ္စည်းကို ရိုးရိုးသားသား ပြန်ပေးတဲ့သူတွေ အများကြီးရှိပါ့။ စင်ကာပူမှာလဲ ဒီအတိုင်းပါဘဲ။  

ကျောင်းကိုအဖြစ်ပဲလာ၊ ကိုယ့်ကျူရှင်မတက်တဲ့ကလေးကို မျက်နှာသာမပေး၊ စာကိုသေသေချာချာမသင်တဲ့ ဆရာဆရာမတွေ ရှိသလို -
လေးမျက်နှာအထက်တန်းကျောင်းက ကျွန်တော့်မိတ်ဆွေများဖြစ်တဲ့ ဆရာဦးမြင့်သိန်းတို့၊ ဦးဝင်းကြိုင်တို့၊ ဦးဟန်မြင့်တို့၊  ဆရာမဒေါ်မြကြည်တို့ ဆိုတာ ကျူရှင်လခ တစ်ပြားတစ်ချပ်မှမရဘဲ ညဘက် အချိန်ပိုတွေ သင်ပေးနေတာ ကျွန်တော် အသိပါဗျ။ သူတို့ကို ဘယ်သူကမှ ဖိအားပေးလို့မဟုတ်ပါဘူး။ သူတို့တပည့်တွေကို ဂုဏ်ထူးတွေ တသီကြီးနဲ့အောင်စေချင်တဲ့ စေတနာနဲ့ပါ။ ကွင်းကောက်က ဆရာဆရာမတွေလည်း အတူတူပါဘဲ။ ပီတိစားနေရတဲ့သူတွေပါ။ သူတို့လို ဆရာဆရာမတွေ မြန်မာပြည်တနံတလျား အများကြီးရှိပါတယ်။ အထူးသဖြင့် တောကျေးလက်တွေမှာပါ။

ကျွန်တော်တို့ရွာ (ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ၀ါေးတာကွင်းကျေးရွာ) ဘက်တွေမှာ ခိုးတာဝှက်တာ အင်မတန်မှ ရှားပါတယ်။ တလင်းထဲ ဒီအတိုင်း စပါးတွေ ပုံထားတာပဲ။ လူလစ်တိုင်း ခိုးကြစတမ်းဆို အဲဒီစပါးတွေ တစ်စေ့မှတောင် အိမ်ပြန်ရောက်စရာ မရှိပါဘူး။

ဒါပေမဲ့ ယာခင်းထဲ အုပ်လိုက်လာပြီး ခပ်တည်တည် မြေပဲတွေနှုတ်သွားတာတွေလည်း ရှိတာဘဲ။ ပိုင်ရှင်က တွေ့တာတောင် သူတို့ကအုပ်ကောင်းတော့ ကိုယ့်သတ်သွားမှာစိုးလို့ ဒီအတိုင်းကြည့်နေရတယ်။ လေးမျက်နှာနားက နင်းကြမ်းတို့ ဒေါင့်ကွေးတို့ရွာတွေက ကိုင်းသမားတွေ မေးကြည့်ပါ။

သောက်ရေအိုးစင်တွေက ဘာမှတန်ကြေးမရှိတဲ့ရေခွက်ကို သံကြိုးနဲ့ချည်ထားရတာ ဘာကြောင့်ပါလဲ။
ကျွန်တော်တို့နေတဲ့တိုက်မှာ အတက်အဆင်းလှေခါးကို ၆ထပ်ကနေ မြေညီထပ်ထိ ကျွန်တော်မီးလုံးတွေ လိုက်ထွန်းပါတယ်။ ဒီနေ့ထွန်းရင် နက်ဖြန်မရှိတော့ပါဘူး။ ဘာမှတန်ကြေးမရှိတဲ့ မီးသီးကို ဖြုတ်သွားတာ ဘယ်သူတွေပါလဲ။ ယုတ်စွအဆုံး အပြင်မှာအမှိုက်ပုံးထားရင်တောင် ခိုးသွားလို့ အမှိုက်ပုံးကို အထဲသွင်းထားရတယ်။ ကဲ။

သူတစ်ပါးပစ္စည်းဆိုရင် အဆိပ်ကဲ့သို့၊ မစင်ဘင်ပုပ်ကဲ့သို့ သဘောထားရမယ်ဆိုတာ ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်းမှာ ထွန်းကားလာအောင် လုပ်ပေးဘို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်တို့မြန်မာလူမျိုး (မြန်မာလူမျိုးဆိုတာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း အားလုံး) တွေကို ကိုယ်ကျင့်တရားအရာမှာ တခြားနိုင်ငံတွေက တကူးတကလာပြီး လေ့လာယူရတဲ့သူတွေအထိ ဖြစ်လာစေချင်ပါတယ်။ လူ့ဘ၀ရဲ့အနှစ်သာရဟာ ကိုယ်ကျင့်တရား မဟုတ်ပါလား။

ရှေးမြန်မာကြီးတွေရဲ့ ကောင်းတဲ့အစဉ်အလာတွေကို ဖျက်ဆီးပစ်လိုက်တာ ငရဲသားတစ်သိုက်ပါ။

အဲဒါကို ကျွန်တော်တို့ ပြန်ပြီး အဖတ်ဆယ်ယူရပါမယ်။

ဟိုအစ်မကြီးလို “ဟင်း၊ တော်ပါသေးရဲ့၊ မြန်မာပြည်မှာဆို ရတော့မှာ မဟုတ်ဘူး” - ဆိုတာမျိုး နောက်ထပ်မကြားလိုပါ ခင်ဗျား။ 

(ကျွန်တော်မြန်မာတွေကို အထင်မသေးတတ်ပါဘူးဗျာ။ ကိုယ့်လူမျိုးကို အထင်သေးခံရမှာသာ ကြောက်တာပါ။ မြန်မာတွေကို အထင်သေးစကားပြောလာတဲ့သူတွေ့တိုင်း ကိုင်း၊ ကိုယ့်လူ မင်းနဲ့ငါနဲ့ပြိုင်ရအောင် လို့ ချဲလင်းလုပ်ခဲ့ပေါင်းလည်း မနည်းတော့ပါဘူး။)
ပျောက်ကွယ်နေတဲ့ ၃၈ ဖြာမင်္ဂလာကို ပြန်လည်တူးဖော်ဘို့ တူမတွေကို တနင်္ဂနွေနေ့ ညတိုင်း ဆယ်စောင်တွဲ သင်ပေးပါမယ်။ မနက်ဖြန် စမယ်။

ဖတ်ရှုသူ၊ မှတ်ချက်ပေးသူ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျား။


အေးငြိမ်း

၁၈ အောက်တိုဘာ၊ ၂၀၁၄။ ညနေ ၆း၃၀ နာရီ 

တရုတ်အင်ဂျင်နီယာစာအုပ်များ နှင့် မြန်မာပြည်မှ လစ်ဟာနေသော ကွက်လပ်ကြီးတစ်ခု

အခု ကျွန်တော်တို့ ပရောဂျက်မှာ တရုတ်အင်ဂျင်နီယာနှစ်ယောက်ရှိပါတယ်။ နှစ်ယောက်လုံး ပြည်ကြီးတရုတ်တွေ။
တစ်နေ့ သူနဲ့စကားစပ်မိလို့ welding technology အကြောင်းပြောရင်း သူက သူ့စာအုပ်ကြီး ထုတ်ပြတယ်။ civil engineering စာအုပ်ပါ။


ကျွန်တော် အတော်ဖြုံသွားပါတယ်။ အတော်လေးလည်း ၀မ်းနည်းမိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ RIT မှာ တုံးက သင်ခဲ့ရတဲ့ အင်ဂျင်နီယာဘာသာရပ် စာအုပ်ကြီးမျိုးကို တစ်အုပ်လုံး တရုတ်လိုရေးထားတာကိုး။ လက်သုံးလုံးလောက် ထူတယ်။ နောက်တစ်အုပ်က နည်းနည်းပါးတယ်။ လက်တစ်လုံးခွဲလောက်တော့ ထူတယ်။ 











မြန်မာပြည်မှာ ခုချိန်ထိ မြန်မာလိုရေးထားတဲ့ အင်ဂျင်နီယာစာအုပ် တစ်အုပ်မှ လောက်လောက်လားလား မရှိသေးပါ။ ဆရာကြီး ဦးညီလှငယ်ရေးတဲ့ စာအုပ်တချို့ပဲရှိပါတယ်။

ဟာ - အင်္ဂလိပ်လိုသင်လဲရနေတာပဲကွာ၊ လိုလို့လား လို့ မေးငေါ့ကြပါ။

ကျွန်တော်ကတော့ အင်ဂျင်နီယာဖြစ်ဖြစ် တခြားဘာသာရပ်တွေပဲဖြစ်ဖြစ် မြန်မာဘာသာနဲ့ အားလုံးရှိစေချင်ပါတယ်။
ဘာသာရပ်ဆိုင်ရာ စာပေတွေနဲ့ပတ်သက်လို့ မြန်မာစာမှာ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ရဲ့ကျေးဇူးကြောင့် မြန်မာစာစာအုပ် တော်တော်များများရှိနေပါပြီ။ သမိုင်းမှာလည်း ဒေါက်တာသန်းထွန်းတို့လိုစာအုပ်တွေ အတော်များများရှိပါတယ်။ ဒါပေမဲ့ တခြားဘာသာရပ်တွေမှာတော့ လက်ချိုးရေလို့ရတဲ့ အခြေအနေမှာဘဲ ရှိပါသေးတယ်။ တချို့ဘာသာရပ်တွေဆို လုံးဝမရှိတဲ့ အခြေအနေမှာ ရှိပါတယ်။ ဥပမာ - စက်မှုအင်ဂျင်နီယာ၊ ဓာတုအင်ဂျင်နီယာ၊ သတ္တုဗေဒအင်ဂျင်နီယာ၊ မိုင်းအင်ဂျင်နီယာ၊ ပိသုကာ စသည်

အဲဒီလို တူတူတန်တန်စာအုပ်တွေ ပေါ်ထွက်လာရေးဟာ ကျွန်တော်တို့အရွယ် - ၅၀ တန်းတွေရဲ့ တာဝန်ဖြစ်ပါတယ်။ (သိပ်အိုသွားရင် ကျန်းမာရေးကရှိသေးတယ်။ စာရေးဘို့ လွယ်ပါတော့မလား) ကျွန်တော်ကတော့ အတတ်နိုင်ဆုံး စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ရေးထုတ်သွားမှာပါ။ တခြားသူတွေကိုလည်း ကိုယ်တတ်တဲ့၊ ကျွမ်းကျင်တဲ့ ဘာသာရပ်ဆိုင်ရာ စာအုပ်တွေ ရေးထုတ်သွားကြပါလို့ အလေးအနက် တိုက်တွန်းပါတယ် ခင်ဗျား။

ရေးတတ်တဲ့၊ ရေးနိုင်စွမ်းရှိတဲ့ ကျွန်တော့်မိတ်ဆွေများကိုလည်း ရေးကြပါလို့တိုက်တွန်းချင်ပါတယ်။ အဲဒီလို လုပ်ချင်တဲ့သူတွေ စုပြီး project တစ်ခု လုပ်ရင်တောင် ရပါတယ်။ ဘယ်သူက ဘာစာအုပ်ရေး၊ ဘယ်သူက ဘာစာအုပ်ရေး။ သူလိုတဲ့စာအုပ်တွေ ၀ိုင်းဝန်း စုဆောင်းပေး။ ဘယ်နှစ်မှာ ဘာစာအုပ်တွေ ထုတ်မယ် စသဖြင့်ပေါ့။ (ဟဲလို၊ မစိမ့်၊ မသိချင်ယောင် ဆောင်မနေနဲ့နော)
ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ အသားကျနေပါပြီ။ လမ်းဆိုလည်း ကိုယ်ထူကိုယ်ထခင်း။ ဆေးရုံဆိုလည်း စရိတ်မျှပေးကျန်းမာရေး။ စာသင်ကျောင်းတွေဆိုလည်း ကိုယ်ထူကိုယ်ထဆောက်။ ကိုယ့်ဘာသာကိုယ် ဆရာဆရာမငှားသင်။

ဆိုတော့ အခု အနာဂတ်မြန်မာနိုင်ငံကြီးအတွက်လည်း ကျွန်တော်တို့ ကိုယ်ထူကိုယ်ထ လုပ်ကြပါစို့ရဲ့ဗျာ။ မလုပ်တဲ့သူတွေကို အပြစ်တင်နေရုံနဲ့ ဘာမှ ဖြစ်မလာပါဘူး။

ကျွန်တော်ကတော့ အနည်းဆုံး ဂဟေဆော်တဲ့စာအုပ် ၃-၄ အုပ်၊ ပိုက်စာအုပ် ၁-၂ အုပ်ရေးမယ်။ safety စာအုပ်တွေလည်း အနည်းဆုံး ၄ - ၅ အုပ်လောက် ရေးပါမယ်။

စိတ်ဝင်စားရင် ကျွန်တော့်ကိုဆက်သွယ်လိုက်ပါခင်ဗျာ။ Team work ပေါ့။

(ခုလောလောဆယ်တော့ CSOC နဲ့ SSIC ကို မြန်မာလို ဘာသာပြန်နေရတာနဲ့ မအားသေးလို့ ဂဟေစာအုပ်ကို ရပ်ထားရတယ်။)

အေးငြိမ်း
၉ အောက်တိုဘာ၊ ၂၀၁၄

Saturday, October 4, 2014

ကျွန် နှင့် သခင်

(၁)

ယခုတလော ကျွန်တော့်မှာ လုပ်စရာတွေ တောင်လိုပုံနေပါသည်။

၁။  သင်တန်းကျောင်း လိုင်စင်ကျပြီဆိုတော့ သင်တန်းနှင့်ပတ်သက်သော စာရွက်စာတမ်းများ ပြင်ရသည်။ ဘာတွေ ပြင်စရာလိုသလဲဗျ။ သင်စရာရှိတာ ကောက်ကက်သင်လိုက်ပြီးတာပဲ မဟုတ်လား ဟု မပြောပါနှင့်။ မြန်မာပြည်မှာကတော့ ကိုယ့်မင်းကိုယ့်ချင်း။ ကိုယ့်ဘာသာကိုယ် သင်တန်းကျောင်းထောင်။ ကိုယ့်ဘာသာကိုယ် ခန့်ချင်တဲ့ဆရာခန့်။ ကိုယ်သင်ချင်တဲ့ ဘာသာရပ်ကို ကိုယ့်စိတ်ကြိုက် အချိန်ဇယားဆွဲသင်လို့ ရသည်။

စင်ကာပူမှာ မရပါခင်ဗျား။ ဘာတွေမရသလဲဆိုတာ ထပ်မရှည်တော့ပါ။ ယခင်ကရေးခဲ့သော စင်ကာပူတွင် သင်တန်းကျောင်း တစ်ခု ထူထောင်ခြင်း ဆောင်းပါးတွင် အပြည့်အစုံဖော်ပြထားပါသည်။ ပြန်ဖတ်ကြည့်ပါ။

၂။ သင်တန်းကြော်ငြာစာရွက်တွေ ပြင်ရသည်။ (မြန်မာ+အင်္ဂလိပ်)။ နောက်ပြီး အေးဂျင့်တွေနှင့် ဆက်သွယ်ရသည်။

၃။ အလုပ်သမားများအတွက် အခြေခံမသိမဖြစ်၊ မတက်မဖြစ်တက်ရမည့် CSOC, SSIC တို့ကဲ့သို့သော သင်တန်းများကို ဘာသာ (၈) မျိုးဖြင့် သင်ခွင့် ပေးသည်။ အင်္ဂလိပ်၊ တရုတ်၊ တမီလ်၊ ဟင်ဒီ၊ မလေး၊ ဘင်္ဂလီ၊ မြန်မာ၊ ထိုင်း စသည်တို့ဖြစ်၏။ ထိုဘာသာများကို သင်လိုလျှင် MOM က approve လုပ်ပေးထားသော အင်္ဂလိပ်လို သင်တန်းမှတ်စုများကို ထိုဘာသာအသီးသီသို့ ဆီလျော်အောင် ပြန်ဆိုရသည်။ သူတို့ချပေးတော့မှ သင်ရသည်။
မြန်မာဖြစ်သော ကျွန်ုပ်က ထိုဘာသာများကို မြန်မာအလုပ်သမားများအတွက် မြန်မာလိုသင်ချင်သည်။ ထို့ကြောင့် ကျပြီးသား CSOC နှင့် SSIC ကို MOM သို့တင်ရန် မြန်မာပြန်ချင်သည်။

၎။ ထိုစာများကို မြန်မာပြန်ဘို့လုပ်ယင်း ယခင်ကတွေ့ထားသည့် MOM မှ မြန်မာပြန် စာရွက်စာတမ်းများမှာ လွဲမှားနေကြောင်း သူတို့ကို ထောက်ပြလိုသည်။ ထို့ကြောင့် ထိုစာရွက်များကို မနည်းပြန်ရှာ။ အမှားများကို ထောက်ပြ။ နောက် သူတို့ဆီ အီးမေးပို့။

၅။ ခရစ္စတိုဖာပေါက်ကျိုင်းကို စာအုပ်ထုတ်ဘို့ အကုန်ပြန်ဖတ်ရမည်။ အမှားအယွင်း အကျအပေါက်များ ပြန်စစ်ဆေး။ ပုံနှိပ်မည့် စာအုပ်အရွယ် ပြန်ပြင် စသည်တို့လည်း လုပ်စရာရှိသေးသည်။ (သူငယ်ချင်းတစ်ယောက်က ထုတ်သာထုတ်ပါ။ သူလည်း တစ်ဝက်ပါဝင်ပါမယ် ဆိုတာနဲ့ ထုတ်ဘို့ ဆုံးဖြတ်လိုက်တာ။ မများပါဘူး။ အုပ် ၁၀၀၀ ထုတ်ရင် ၂၅ သိန်း အောက်မှာပဲ ရှိပါတယ်။)

၆။ ဂဟေစာအုပ် - သည်တစ်ခါလည်း နားထားရပြန်ပြီ။ အနို့ လူတစ်ခု ပူမှုရယ်က ဆယ်ကုဋေ ဆိုသကိုး။


(၂)

သင်တန်းကျောင်းထောင်သည့်အကြောင်း မိတ်ဆွေတစ်ယောက်နှင့် ပြောကြဆိုကြရင်း သူပြောတာ သဘောမကျ၍ ယခုစာကို မအားသည့်ကြားမှ ရေးလိုက်ရခြင်း ဖြစ်၏။ ပြောစရာရှိတာ မပြောလိုက်ရလျှင် ကျွန်တော်က ဟိုဒင်းထဲ ပဒတ်ဝင်နေသလို နေမထိ ထိုင်မသာ ဖြစ်နေတတ်သည်။

သူက စင်ကာပူတွင် ကျွန်တော်တို့လာလုပ်နေရတာကို ကျွန်ခံနေရတာ ဟု ဆိုလေသည်။ သည်စကားမျိုး ယခုမှ ကြားဖူးခြင်း မဟုတ်ပါ။ စင်ကာပူ စရောက်ကတည်းက မြန်မာတော်တော်များများထံမှ ကြားခဲ့ရပါသည်။ မိတ်ဆွေများလည်း ကြားခဲ့ကြရပါ လိမ့်မည်။ သို့သော် သာမန်အလုပ်သမားများပြောတာ ထားပါ။ သူလို ကမ္ဘာလှည့်နေသူ၊ လခတော်တော်များများရသည့် အရာရှိ၊ နောက်ပြီးတော့လည်း စာတွေကို စက်သေနတ်ပစ်သလို တစ်ပုဒ်ပြီးတစ်ပုဒ် ရေးထုတ်နေသူက ပြောလာသည့် အခါတွင်မတော့ ကျွန်တော့်မှာ အံ့သြလွန်းလို့ သေတော့မယ် ဖြစ်ရပြန်ပါ၏။

လူတို့သည် စား၊ ၀တ်၊ နေရေးအတွက် အလုပ်လုပ်ကြရသူချည်း ဖြစ်၏။ (အာ၊ ဖိုးလပြည့်နဲ့တော့ သွားမနှိုင်းနဲ့ပေါ့ဗျာ။ ခင်ဗျားကလဲ။) အခြေအနေအချိန်အခါ၊ သူတတ်သည့်ပညာ စသည်တို့ပေါ်မူတည်၍ ကာယအားဖြင့် လုပ်ရသူ ရှိသည်။ ဉာဏအားဖြင့် လုပ်ရသူရှိသည်။ သက်တောင့်သက်သာ လုပ်ရသူရှိသည်။ ပင်ပင်ပန်းပန်း လုပ်ရသူရှိသည်။ ဘယ်အတွက် လုပ်ကြရသနည်း။ ထမင်းစားဘို့အတွက် လုပ်ကြရသည်။ ထမင်းစားဘို့တစ်ခုတည်းအတွက် အလုပ်လုပ်ရသည်ဆိုလျှင် မှန်ပါမည်လား မိတ်ဆွေ။ မမှန်ပါ။ ကျွန်တော် ယခုဤစာကိုရေးနေခြင်းသည် ထမင်းစားဘို့အတွက်နှင့် လားလားမှ မပတ်သက်ပါ။ ဤစာကိုမရေးလည်း အချိန်တန်လျှင် ရမည့်လခကတော့ ရမည်သာ ဖြစ်လေ၏။ သို့ဆိုလျှင် ဘယ်အတွက် ရေးသနည်း။ စဉ်းစားကြည့်ပါ မိတ်ဆွေ။

လူဟူသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ။ မှီခိုနေကြရသည် ဖြစ်၏။ တစ်ယောက်တည်းနေလို့ ရပါသလား။ (တောထဲသွား၊ ဧကစာရီကျင့်။ တရားပေါက်တော့ ပရိနိဗ္ဗာန်စံဝင် ဆိုတာကျတော့ တစ်မျိုးပေါ့။ ဒါကျ လောကီ ရေးမဟုတ်တော့ဘူး။ လောကုတ္တရာနယ် ရောက်သွားပြီ။)

(မှတ်ချက်။          ။ ဧကစာရီကျင့်သည်ဆိုသည်မှာ တရားဘာဝနာစီးဖြန်းရန် လူသူမနီးသော တောကြီးတောင်ကြီးအတွင်း သစ်သီးသစ်ဥများစားကာ တစ်ယောက်တည်း ကျင့်ကြံနေထိုင်ခြင်း ဖြစ်၏။)

သူဌေးမှာ ပိုက်ဆံအများအပြား ရှိသည်မှန်၏။ သို့သော် အလုပ်သမားများမပါဘဲ ထိုပိုက်ဆံများနှင့်ချည်း သည်အဆောက်အအုံ ကြီးများကို ဆောက်၍ ရပါမည်လား။ စက်နှင့်ဆောက်သည်ဆိုစေ ထိုစက်ကို မောင်းရန် လူမလိုပါသလော။ ယခု ကျွန်တော်တို့ CTHub 2 Project ကို လုပ်သားစုစုပေါင်း ၃၅၀ ကျော်လောက်ဖြင့် ဆောက်နေသည်။ ကျွန်ုပ်တို့ သူဌေးက တစ်နှစ်မှာ နှစ်ခါပဲ လာသည်။ တစ်ကြိမ်မှာ Chinese New Year ဖြစ်ပြီး နောက်တစ်ကြိမ်မှာ 7 months (တစ္ဆေကြီးပွဲ) ဖြစ်၏။ ထိုအချိန်များတွင် လာကာ သူတို့ရိုးရာနတ်များကို ပူဇော်၊ လုပ်သားအားလုံးကို ကျွေးမွေး၊ အမ်ပေါင်းပိုက်ဆံများပေး လုပ်၏။

သူဌေးကပိုက်ဆံစိုက်သည်။ ခင်ဗျားတို့၊ ကျွန်တော်တို့က လုပ်အားစိုက်သည်။ သည်လိုနှင့် သည်ပရောဂျက်ကြီး ပြီးရသည် မဟုတ်လော။ ကျွန်တော်တို့က လခလိုချင်၍ အလုပ်လုပ်သည်။ ကျွန်တော်တို့အလုပ်လုပ်သည့်အတွက် သူဌေးက လခပေးသည်။ ဘာများမှားပါသနည်း။

သို့ဆိုလျှင် သည်လခရဘို့အတွက် သည်အလုပ်လုပ်နေသည်ကို ကျွန်ခံနေရသည်ဟု အသင်ထင်ပါသလား။ မည်သူက သင့်ကို အတင်းအဓမ္မ ကျွန်ခံခိုင်းနေပါသနည်း။ ကျွန်ခံရအောင်ဘဲ တကူးတက ပိုက်ဆံ သိန်း ၃-၄၀ ပေးပြီး လာကြရသည် မဟုတ်လော။ သင်မကြိုက်လျှင် အချိန်မရွေး ထပြန်သွားလို့ရသည်။ မည်သူကမှ မင်းမရှိရင် အသက်မရှင်ချင်ဘူး အချစ် . . . (အာ - ပြောခါမှ။ ထူးအိမ်သင်နဲ့ ရောကုန်ပြန်ပါပြီ။) မင်းမရှိလို့ တကယ်မဖြစ်ဘူးသိလား မလုပ်ပါ။ ခင်ဗျားပြန်သွားလျှင် နောက်တစ်ယောက် ခန့်ပါလိမ့်မည်။ အလုပ်သမား မရမှာမပူရပါ။ အလုပ်လိုချင်တဲ့သူတွေ ဟောသည် ကမ္ဘာကြီးမှာ ရိုက်သတ်လို့ မကုန်ပါ။ ကိုယ်ကသာ အသည်းအသန် လိုက်ရှာနေရတာဖြစ်၏။ (အိန္ဒိယက ကုလားလေးဆို ညတိုင်း ကျွန်တော့်ဆီ ဖုံးတဂွမ်ဂွမ်ဆက်သည်။ လုပ်ပါကွ၊ ငါ့မှာ ပိုက်ဆံလိုနေလို့ပါ ဆိုကာ ငိုပြသည်။ အလုပ်တစ်ခုဆိုတာ လွယ်လွယ်နဲ့ရတာမဟုတ်။ သူ့ကို အတင်းချော့ထားရသည်။)

ယခု တူ၊ တူမ၊ ညီ၊ ညီမများကို အရေးကြီးတာ ပြောပါမည်။ သေသေချာချာဖတ်ပါ။ သေသေချာချာ စဉ်းစားပါ။ ဖတ်ပြီးတော့ ပြန်လည် ဝေမျှပါ။ နီးစပ်ရာ အပေါင်းအသင်းများကို ရှင်းပြပါ။


(၃)

အလုပ်လုပ်သူများကို အတန်းအစားနှစ်မျိုးခွဲ၍ ရပါသည်။
၁။ ထမင်းစားဘို့ရာ အလုပ်လုပ်သူ နှင့်
၂။ အလုပ်လုပ်ဘို့ရာ ထမင်းစားသူ ဟု ဖြစ်ပါသည်။

ပထမတစ်ယောက်

ထမင်းစားရရေးအတွက် အလုပ်နေသူများမှာ တစ်သက်လုံး လူမွေးလူတောင် ပြောင်မည်မဟုတ်ပါ။ ၎င်း မည်မျှလုပ်လုပ်၊ လုပ်သက်မည်မျှရှိရှိ ထိုအခြေအနေမှ ပိုတိုးတက်လာစရာ အကြောင်းမရှိ။ ထိုသူများကား အထက်က ကျွန်တော့်မိတ်ဆွေ ပြောသလို ကျွန်များစင်စစ် ဧကန် ဖြစ်တော့၏။ အဘယ်ကြောင့်နည်း။

ထိုသူများ၏ သဘောထားမှာ ပိုက်ဆံရရုံပဲလုပ်မည် ဟူ၍ ဖြစ်လေ၏။ ၎င်းတို့ခံယူထားသည့်အတိုင်းလည်း လိုက်နာ ကျင့်သုံး ကြလေသည်။ ငါတို့ တစ်နေ့ကို ၁၉ ကျပ်ပဲရတာ ၁၉ ကျပ်နဲ့ပဲတန်အောင် လုပ်နိုင်မှာပေါ့ကွာ ဆိုသောသူများ (မြန်မာ၊ မြန်မာ၊ ကုလား၊ ကုလား) အများအပြားရှိလေသည်။ ဤသည်မှာ ကျွန်တော်က သူများပြောတာ ကြားဖူးနားဝနှင့် ရမ်းတုတ်တာ မဟုတ်။ ကျွန်တော် သင်္ဘောကျင်းတွင်လုပ်ခဲ့စဉ်က နားနှင့်ဆတ်ဆတ် ကြားခဲ့ရခြင်း ဖြစ်၏။

ထိုသူများက အလုပ်ကို ပုဒ်မ ၄ နှင့် လုပ်သည်။ (ပုဒ်မ ၄ = ပေးမှလုပ်) ခိုင်းမှလုပ်သည်။ ခိုင်းတာတောင် ခိုင်းသလောက် ကလေးပဲ လုပ်သည်။ လုပ်တာတောင် ပီဘိ ၀တ်ကျေတန်းကျေကလေးပဲ လုပ်သည်။ ငါ့ကိုခိုင်းထားတာ တာဝန်ကျေအောင် အကောင်းဆုံးဖြစ်အောင် ကျကျနနလုပ်မယ် ဟု မရှိ။ ဖြစ်သလိုလုပ်မည်၊ လုပ်ပြီးလျှင် ထိုင်နေမည်။ လူကြီးလာလျှင် တောင်ဆွဲရမလို မြောက်ဆွဲရမလို ပြာပြမည်။ လူလစ်လျှင် လစ်သလိုနေမည်။ ထိုသူများမှာ အလုပ်သွားရမည့်အရေး ကျားနှင့်ပြေးတွေ့ရတော့မည်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။ အလုပ်ဆိုလျှင် အပေါက်ဆိုးလှသော ယောက္ခမကြီးထက် ကြောက်သေးသည်။

ထိုသူများမှာ သူများခိုင်းမှ လုပ်သည့်အတွက် အခိုင်းခံ ကျွန်များဖြစ်လေ၏။ သူများခိုင်းသလောက်သာ လုပ်တတ်သူသည် အဘယ်မှာလျှင် ကိုယ့်အစွမ်းအစနှင့် လုပ်နိုင်ပါမည်နည်း။ ကိုယ့်အစွမ်းအစကို ထုတ်၍ လုပ်တတ်ပါမည်နည်း။ ကျွန်စိတ်မွေးပြီး ကျွန်ကဲ့သို့လုပ်သော ထိုသူများမှာ မိမိကိုယ်ကိုယ် ကျွန်ဇာတ်သွင်းထားသည့်အတွက် ကျွန်တော်က ကျွန်များစင်စစ် ဧကန် ဖြစ်တော့၏ ဟု ပြောခဲ့ခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့်လည်း ထိုသူများမှာ လူ့လောကအတွက် ဘာမှအကျုးမရှိ။ ဆန်လည်းကုန်၊ မြေလည်းလေးသော ဆန်ကုန်မြေလေးများသာ ဖြစ်ချေသည်။

(၄)

ဒုတိယတစ်ယောက်

နောက်တစ်ယောက်မှာ အလုပ်လုပ်ရေးအတွက် ထမင်းစားသူဖြစ်၏။

၎င်းအသက်ရှင်နေထိုင်သည်မှာ ထမင်းစားရရေး၊ ပိုက်ဆံရရေးတစ်ခုတည်းအတွက် မဟုတ်။ ထိုသူ အလုပ်ကို သွားခြင်းသည် လခရရေးတည်းဟူသော ပီဘိ သေးနုပ်သိမ်ဖျဉ်းလှသည့် အကြောင်းကလေးတစ်ခု အတွက်မျှသာ မဟုတ်။ သူ့၌ အလုပ်နှင့် ပတ်သက်၍ သင်ယူစရာ၊ လေ့လာစရာ၊ သိစရာ၊ တတ်စရာတွေ များလှသည်။ ဟောဒါကို ဘာကြောင့်လုပ်ထားတာလဲ ဟု သူ့ကိုယ်သူ အမြဲမေးလေ့ရှိ၏။ သူသိချင်သည့်အတွက် လေ့လာသည်။ လေ့လာရင်း လေ့လာရင်းနှင့်မှ သူမသိသေးတာတွေ အများကြီး ရှိပါသေးလားဟု သိလာသည်။ သိသည့်အတွက်လည်း မနေမနား လေ့လာသည်။

သိစရာရှိတာတွေ သိလာပြီဆိုတော့ အလုပ်လုပ်ရာမှာ အမှားအယွင်းနည်းသည်။ သူများထက် ပိုလာဘ်မြင်သည်။ သူများ မလုပ်နိုင်တာ သူလုပ်နိုင်သည်။ သူများမသိတာ သူသိသည်။ 

သူဌေး၊ အရာရှိ၊ လူကြီးများမှာ အလွန် လူကဲခတ်ကောင်းသူများဖြစ်၏။ သင်ဘာလုပ်နေသည်ကို စီစီတီဗီတပ် ကြည့်နေစရာ မလိုပါ။ သင့်မျက်နှာရိပ် မျက်နှာကဲ၊ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံကြည့်ရုံနှင့် သင်ဘယ်လိုကောင်လဲဆိုတာ အကဲခတ်နိုင်သည်။ 

လူတော်တစ်ယောက်သည် အသေးအဖွဲကလေးလုပ်သည်ကအစ သပ်သပ်ယပ်ယပ် လုပ်တတ်သည်။ (ဟိုတလောက စာပေ ဟောပြောပွဲမှာ ဆရာအော်ပီကျယ် ပြောသွားတာလေး သွားသတိရမိသည်။ “မန်နေဂျာကောင်း တစ်ယောက်ဟာ ပန်းကန် ဆေးရင်တောင် စင်အောင်ဆေးတယ်” ဟု ဖြစ်၏။) မိတ်ဆွေ အသင်ပုဆိုးလှန်းသည့်အခါ သေသေချာချာခါပြီး စန့်နေအောင် လေးထောင့်စပ်စပ် လှန်းပါသလား။ သင်ပုဆိုးလှန်းတာကြည့်ရုံနှင့် သင်ဘယ်လိုလူမျိုးဆိုတာ သိနိုင်ပါသည်။

သူဌေး သို့မဟုတ် လူကြီး သဘောကျပြီဆိုမှတော့ သင့်လိုအရည်အချင်းရှိသူ တစ်ယောက်ကို ဘယ်တော့မှ အလုပ်ကြမ်း သမားဘ၀တွင် မထားပါ။ တစ်ဆင့်ပြီး တစ်ဆင့်တက်ရမည်မှာ သေချာလှ၏။ (အဲလေ၊ ကိုယ်ဘယ်လောက်လုပ်နေလုပ်နေ၊ ကိုယ်ဘယ်လောက် တတ်နေပါစေ၊ ကိုယ့်အရည်အချင်းကို အသိအမှတ်မပြုဘူး။ မသိဘူးဆိုရင်တော့ အဲဒီနေရာဟာ ကိုယ့်အတွက် ဘူမိနက်သန်မဟုတ်ဘူးဆိုတာတော့ သိထားဘို့လိုသပေါ့။)

ထိုသူသည် မိမိအလုပ်ကို လေးစားသည်။ သူ့အတွက် အလုပ်ချိန်နောက်ကျမှာ မပူပါနှင့်။ သူလုပ်ရမည့်အလုပ်များ အချိန်မီ မပြီးမှာ မစိုးရိမ်ပါနှင့်။ ၎င်းသည် လခစားဖြစ်နေပေမင့် သူ့ကိုယ်သူ လခစားဟုမခံယူ။ သူလုပ်နေရသည့်အလုပ်ကို သူ့ကိုယ်ပိုင် စီးပွားရေးကဲ့သို့ လုပ်သည်။ (လူများအထင်ကြီးအောင် အင်္ဂလိပ်လို ညှပ်ပြောလိုက်ဦးမယ်။ ၎င်းသည် pro-active သမား ဖြစ်၏။) သူ့ကို ဘာလုပ်ပါဟု ခိုင်းစရာမလို။ သူ့ဘာသာ သူ့ရာထူးနှင့်တန်အောင် သူ့တာဝန်ကျေအောင် ရှာလုပ်သွားလိမ့်မည်။ လူကြီးလုပ်သူက အနည်းငယ် နည်းပေးလမ်းပြလုပ်လိုက်ပါ။ သူ့ဘာသာ သင်ယူပြီး လုပ်သွားလိမ့်မည်။

၎င်း၏စိတ်ဓာတ်ကား အထက်တွင်ပြဆိုခဲ့သော တစ်ယောက်နှင့် ဆန့်ကျင်စွာ သခင်စိတ်ဓာတ်ဖြစ်လေသည်။ သူများ အခိုင်းကို မခံ။ ကိုယ့်ဘာသာ လုပ်သည်။ ခိုင်းမဲ့ခိုင်း၊ သူကသာ သူများကို ခိုင်းလေမည်။

သူ့၌ လုပ်စရာများရှိနေသဖြင့် အလုပ်သွားရေးအတွက် အမြဲစိတ်စောနေပေလိမ့်မည်။ သူ့တွင် သူ့ဘ၀အတွက် အလုပ်မှ သင်ယူစရာ အများအပြားရှိနေသည်။ ထိုသင်ယူလေ့လာမှုများကား သူ့တိုးတက်ရေးအတွက် ကွက်ကွက်ကလေးမျှသာ မဟုတ်မူ၍ လူ့ဘောင်အတွက်၊ မိမိနှင့် ဆက်စပ်ပတ်သက်နေသော လူမှုပတ်ဝန်းကျင်အတွက်၊ နောင်မျိုးဆက်သစ်များ လူငယ်များအတွက် (နိုင်ငံအတွက်ဆိုတဲ့ စကားလုံးတော့ မသုံးပါနဲ့ဗျာ။ ဟိုလူတွေနဲ့ ရောကုန်ပါ့မယ်။) ဖြစ်လေ၏။

ထိုသူအတွက် အသက်ရှင်နေထိုင်ရေး၊ ကျန်းမာရေးမှာ အလွန်အရေးကြီး၏။ ၎င်းအသက်ရှင်နေထိုင်ခြင်းအားဖြင့် လူ့လောကကြီးတစ်ခုလုံး အကျိုးရှိလေသည်။ ထိုသူမျိုးသည် သားဖြစ်လျှင် သားထူးသားမြတ်၊ သမီးဖြစ်လျှင် သမီးထူးသမီးမြတ်ဖြစ်၏။ ထိုသူ့အတွက် သူ့မိဘများ ဂုဏ်တက်သည်။ ၎င်း၏မွေးရပ် ဂုဏ်တက်သည်။ နောက်ပြီးတော့ ၎င်း၏နိုင်ငံ ဂုဏ်တက်သည်။

ထိုသူမျိုးကို ၎င်း၏ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက ဆုံးရှုံးရမှာ အလွန်နှမြောတတ်သည်။ အလုပ်ရှင်ဖြစ်လျှင်လည်း ထိုသူမျိုးကို လက်လွှတ်ချင်ပါမည်လော။ သို့ဆိုလျှင် ထိုသူ့အတွက် နိုင်ငံခြားလာလုပ်နေရသည်ကို ကျွန်ခံနေရသည်ဟု ပြောနိုင်ပါ မည်လော။

မိတ်ဆွေ -

အသင်ဟာ သခင်လား၊ ကျွန်လားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြဌာန်းခြင်းဖြစ်ပါသည်။ အဲသဟာကြောင့် အခု -

ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စမ်းပါ။

ငါ - ထမင်းစားဘို့အတွက် အလုပ်လုပ်တာလား။
အလုပ်လုပ်ဖို့အတွက် ထမင်းစားတာလား။

ဖတ်ရှုအားပေးသူအားလုံးကို ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၃ အောက်တိုဘာ၊ ၂၀၁၄။ ည ၉း၀၃ နာရီ