ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ တက္ကသိုလ်ဘုန်းနိုင်
Labels
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲ (10)
- Bitter Life (26)
- Build Your Future (10)
- Christopher (34)
- Construction Safety Handbook (57)
- Covid19 (19)
- Education (27)
- Emergency handbook (7)
- Engineering (15)
- Environment (8)
- Farm Safety (10)
- Fire Protection (5)
- Fridge and Aircond (6)
- Gas Pipe Line (5)
- General (227)
- Greenery Singapore (2)
- Health (6)
- IOSS (3)
- ISO 45001 (7)
- ISO 9001 (2)
- Knowledge sharing sessions (4)
- Life (8)
- Living in Singapore (68)
- My Articles (585)
- Myanmar (65)
- Myanmar Culture (15)
- Myanmar Transitional Platform (31)
- Piping (41)
- PPE Book (3)
- Safety (153)
- Tire Safety (5)
- Welding Technology (6)
- Working in Singapore (45)
- ကဗ်ာမ်ား (27)
- စင္ကာပူအေၾကာင္း (97)
- စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁ (3)
- စာအုပ္မ်ား (3)
- ဒသမတန်း မြန်မာစာ (9)
- မြန်မာစာ (1)
- မြန်မာပြက္ခဒိန် (7)
- မြန်မာပြက္ခဒိန် (62)
- မြွေဆိပ်ဖြေဆေး (5)
Monday, December 30, 2024
Monday, October 7, 2024
GCE (O) မြန်မာစာ
မနက်ဖြန်ဆိုလျှင် Mother Tongue ကို မြန်မာစာ ယူထားသူ ကျောင်းသား/သူများသည် ၂၀၂၄ ခုနှစ်အတွက် GCE (O) မြန်မာစာ စာမေးပွဲကို ဖြေဆိုကြရတော့မည် ဖြစ်၏။
ဖြေဆိုရမည့်နေရာမှာ MOELC, 136 Cairnhill Road, Singapore 229722 ဖြစ်ပြီး Newton MRT အနီး၌ ရှိ၏။
မေးခွန်းတွင် Section A, Section B, Section C ဟု အပိုင်း သုံးပိုင်းရှိပြီး စုစုပေါင်း အမှတ် (၁၀၀)၊ ဖြေဆိုချိန် ၃ နာရီ ဖြစ်၏။
Section A
========
Section A က Composition နှစ်ပုဒ် ဖြေရမှာ ဖြစ်၏။ မြန်မာလိုဆို စာစီစာကုံး ပဲဆိုကြပါစို့။ သို့သော် သူက စာစီစာကုံး မဟုတ်ပါ။
မေးခွန်း ၅ ပုဒ်ပေးထားပြီး ကြိုက်ရာ ၂ ပုဒ်ကို ရွေးဖြေရမည်။ တစ်ပုဒ်လျှင် ၂၅ မှတ် နှင့် နှစ်ပုဒ်အတွက် အမှတ် ၅၀ ဖြစ်၏။ မေးခွန်းအားလုံး၏ ၅၀% အမှတ်ပေးထားရာ အရေးအကြီးဆုံး အပိုင်းလည်း ဖြစ်၏။
မေးခွန်းက သိပ်အပြောင်းအလဲ မရှိ။ နှစ်တိုင်း ပုံစံတူ ဖြစ်၏။
နံပါတ် a) က သေဒဏ်ပေးတာ တရားတယ်လို့ ထင်သလား။ ဘာကြောင့်လဲ ဟူသော မေးခွန်းမျိုးဖြစ်၏။ ထိုအကြောင်း အရာကို ရေးဘို့ရာ ထိုခေါင်းစဉ်နှင့်ပတ်သက်သည့် အထွေထွေဗဟုသုတ ရှိထားရန်လိုသကဲ့သို့ မည်သည့်အတွက်ကြောင့် သဘောတူ/မတူကို ရေးရမှာ ဖြစ်၏။ ထို့ကြောင့် သိပ်ရေးဘို့မလွယ်လှ။ ကျွန်ုပ် သဘောအရပြောရပါလျှင် ထို နံပါတ် a) ကို မရွေးပါနှင့်။
နံပါတ် b) က တစ်စုံတစ်ယောက်ထံ စာရေးခိုင်းတာဖြစ်၏။ ဥပမာ - စားသောက်ဆိုင် ညစ်ပတ်နေသဖြင့် ဆိုင်မန်နေဂျာ ထံ စာရေးတိုင်တာမျိုး၊ အလုပ်လျှောက်တာမျိုး၊ ကျောင်းဝင်ခွင့်ရဘို့ ကျောင်းအုပ်ကြီးဆီ စာရေးတာမျိုး စသဖြင့် ဖြစ်၏။ အကယ်၍ ကိုယ့်ကျောင်းက ပွဲတစ်ခုခုအကြောင်း သူငယ်ချင်းထံ စာရေးရတာမျိုးဆိုလျှင်တော့ ရေးလို့ကောင်းသည့် အကြောင်းအရာဖြစ်၏။ ထို့ကြောင့် ရေးခိုင်းသည့် အကြောင်းအရာမှာ မိမိ သိထားသည့် အကြောင်းအရာဆိုလျှင်မူ ရေးနိုင်ပါသည်။ မဟုတ်ပါက မရေးသင့်။
နံပါတ် c) က တကယ်လို့ ကျောင်းမှာအခန်းအနားလုပ်ဖို့ တာဝန်ပေးခံရရင် ဘာတွေ ဘယ်လိုပြင်ဆင်မလဲ ဟူသော ခေါင်းစဉ်မျိုးဖြစ်၏။ များသောအားဖြင့် မိမိ၏ မွေးနေ့ပါတီ စသည့် အခန်းအနားတစ်ခုခု ပွဲလမ်းတစ်ခုခုအကြောင်း မေးတတ်၏။ ကိုယ်သိသော အကြောင်းအရာဖြစ်မှသာ ရွေးသင့်၏။ မဟုတ်ပါက မရေးသင့်။
နံပါတ် d) က မိမိသွားရောက်ခဲ့သော အခန်းအနားတစ်ခုအကြောင်း၊ မိမိပါဝင်ဆင်နွှဲခဲ့ဖူးသော အားကစားပြိုင်ပွဲ တစ်ခု အကြောင်း စသဖြင့် ရေးခိုင်းတတ်၏။ ရေးလို့ကောင်းသည့် အကြောင်းအရာတစ်ခု ဖြစ်၏။ မိမိအတွေ့အကြုံကို ပြန်ရေး ပြရုံသာ ဖြစ်၏။ သိပ်အထွေအထူး စဉ်းစားနေစရာမလို။
နံပါတ် e) က လူနှစ်ယောက် စကားပြောသည့် ပုံစံ ဖြစ်၏။ အဘွားကြီးနှစ်ဦး ရှေးဟောင်းနှောင်းဖြစ်တွေပြောတာ၊ ဆရာမနှစ်ဦး သူတို့သင်ရသည့် ကျောင်းသားတွေအကြောင်း ပြောတာ၊ ကျောင်းသားနှစ်ဦး မိမိတို့၏ ဆရာဆရာမတွေ အကြောင်း ပြောတာ စသဖြင့်ဖြစ်၏။ နေ့စဉ်သုံး ဝေါဟာများသုံးလျက် စကားပြောသကဲ့သို့ ရေးရတာဖြစ်၍ ရေးလို့ အကောင်းဆုံးနှင့် အလွယ်ဆုံးဖြစ်၏။ မဖြစ်မနေ ရွေးရမည့် ခေါင်းစဉ် ဖြစ်၏။
ရေးရာတွင် စာဟန်ဖြစ်စရာမလို။ စကားပြောဟန်နှင့်ပင် ရေးနိုင်၏။ ကျောင်းသားများ မြန်မာစကားနှင့် စာကို မည်မျှ အထိ နားလည်သည်၊ သဘောပေါက်သည်၊ မြန်မာစကား အသုံးအနှုန်း ဝေါဟာရများ မည်မျှ ကြွယ်ဝသည် စသည်တို့ကို မေးထားတာဖြစ်၏။ စာလုံးပေါင်း အရေးကြီးသည်မှန်သော်လည်း ဤမျှလောက် အသန်းအသန် အာရုံစိုက်ရန် မလိုပါ။
Section A ကို အမှတ် ၅၀ ပေးထားသဖြင့် ဖြေဆိုချိန်ကိုလည်း အချိန်တစ်ဝက် (တစ်နာရီခွဲ - မိနစ် ၉၀) ယူပါ။ တစ်ပုဒ်လျှင် ၄၅ မိနစ် ဖြစ်၍ အေးအေးဆေးဆေး အချိန်ယူရေးလို့ရ၏။
Section B
========
Section B က ဘာသာပြန်ဖြစ်ပြီး နှစ်ပုဒ် ပါ၏။
ပထမအပုဒ်မှာ မြန်မာမှ အင်္ဂလိပ်သို့ ပြန်ဆိုရမည်။ ၁၀ မှတ်
မြန်မာစာ ကောင်းကောင်းဖတ်တတ်လျှင်၊ ဆိုလိုရင်း အဓိပ္ပာယ်ကို နားလည်လျှင် ခပ်လွယ်လွယ် ဖြေနိုင်၏။ မြန်မာစာ မဖတ်တတ်လျှင် မလွယ်။
ဒုတိယအပုဒ်မှာ အင်္ဂလိပ်မှ မြန်မာသို့ ပြန်ဆိုရမည်။ အမှတ် ၂၀
၎င်းကိုဖြေဘို့ မြန်မာစာ ကောင်းကောင်းရေးတတ်ရမည်။ မြန်မာလို မရေးတတ်လျှင် မလွယ်။
အင်္ဂလိပ်စကားလုံးများကို နားလည်ပေသိ ထိုဝေါဟာရမှာ မြန်မာလို ဘယ်သို့ခေါ်သည်ဟု မသိလျှင် ဒွတ်ခရောက်မည်။ သို့မို့ကြောင့်လည်း အမှတ် ၂၀ ပေးခြင်းဖြစ်၏။
၁၀ မှတ်ပေးသည့် ပထမအပုဒ်နှင့်
အမှတ် ၂၀ ပေးသည့် ဒုတိယအပုဒ် နှစ်ခုယှဉ်လိုက်လျှင် ပထမအပုဒ်ကတောင် အမှတ်ပိုများချင် များနေပါလိမ့်ဦးမည်။
Section C
=======
Section C က Comprehension ဖြစ်ပြီး အမှတ် ၂၀ ပေးထား၏။
မြန်မာဝတ္ထုတိုများထဲက တစ်ခုခုကို ကောက်နုတ်ကာ ဖော်ပြထားပြီး မေးခွန်းတိုများ ဖြေခိုင်းခြင်း ဖြစ်၏။
ယခင်က တစ်ပုဒ်လျှင် ၄ မှတ်နှင့် ၅ ပုဒ်ဖြေခိုင်းသော်လည်း ယခုမူ တစ်ပုဒ်လျှင် ၁ မှတ်၊ ၂ မှတ်၊ ၃ မှတ် စသည်ဖြင့် ၁၀ ပုဒ်၊ ၁၂ ပုဒ်လောက် ဖြေခိုင်း၏။
ပေးထားသည့် စာပိုဒ်ကို သေသေချာချာ ဖတ်ရှုနားလည်မှ ဖြေနိုင်မည်။
အချို့မေးခွန်းများမှာ စာပိုဒ်ထဲတွင်မပါ။ ကိုယ့်စကားနှင့်ကိုယ် ရေးရတာဖြစ်၏။
Section A - ၂ ပုဒ်။ တစ်ပုဒ်ကို ၂၅ မှတ်။ ဖြေဆိုချိန် - တစ်ပုဒ်ကို ၄၅ မိနစ်ယူပါ။
Section B - ဘာသာပြန်
မြန်မာမှ အင်္ဂလိပ် - ၁၀ မှတ်။ ဖြေဆိုချိန် - ၁၈ မိနစ်ယူပါ။
အင်္ဂလိပ် မှ မြန်မာ - အမှတ် ၂၀။ ဖြေဆိုချိန် - ၃၆ မိနစ်ယူပါ။
Section C – Comprehension
အမှတ် ၂၀။ ဖြေဆိုချိန် - ၃၆ မိနစ်ယူပါ။
၂၀၂၃ မေးခွန်းများကို စမ်းဖြေကြည့်ပါ။
ဖြေနိုင်ကြပါစေ။
အေးငြိမ်း
07/10/2024
Monday, March 6, 2023
ကျွန်ုပ်သည် မည်ကဲ့သို့သော အဖေမျိုးဖြစ်သနည်း ဆိုခြင်း အကြောင်း
သားကျောင်းက ပြန်လာတော့ သိပ် မျက်နှာမကောင်း။
ပြီးတော့ I am so sorry. ဟု ဆို၏။
ဘာတုံးကွ သားရဲ့ ဟု မေးလေသော် သူက ရူပဗေဒဘာသာရပ်ကို ကောင်းစွာ မဖြေနိုင်ကြောင်း ပြော၏။
ဒါလေးများ သားရယ်၊ သား မဖြေနိုင်ဘူးဆိုတော့ ကျန်တဲ့ တစ်တန်းလုံးလည်း မဖြေနိုင်ဘူးဆိုတာ သိပ် သေချာသပေါ့ကွာ၊ အဲဒါနဲ့များ သားက ဘာများ ဝမ်းနည်းစရာရှိတုံး လကွ ဆိုတော့ -
ဟုတ်တယ်၊ တချို့ကောင်မလေးတွေဆို ငိုကြတယ် ဆို၏။
သားက သူ့သူငယ်ချင်းကို သနားတယ် ဆိုလေသော် -
ဘာကြောင့်တုံးကွ။
သူ စာမေးပွဲမဖြေနိုင်ရင် သူ့အမေက တအားဆူတာ။
မိဘတွေကို ဖေကြီးမကြိုက်တာ အဲသဟာပဲကွ။
ဘယ့်နှယ်ကွာ၊ ကလေးက စာမေးပွဲမဖြေနိုင်လို့ စိတ်ဓာတ်ကျလာရတဲ့အထဲ သူတို့က အားပေးစကား ပြောရမဲ့အစား ဆူရတယ်လို့။ လွဲလိုက်လေကွယ်။
သူတို့အဲသလို ဆူလိုက်လို့ အမှတ်က ပိုကောင်းလာမှာလားကွာ။ ကလေး ပိုပြီးစိတ်ဆင်းရဲသွားတာပဲရှိမယ်။
စာမေးပွဲမဖြေနိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့ ကလေးကို မိဘက စိတ်ဓာတ်မကျအောင် အားပေးရမှာကွ။
သား အခု မဖြေနိုင်တာကို ဘာမှ ဝမ်းနည်းနေစရာမရှိဘူး။ အခု သား ဘယ်မှာ အားနည်းနေသလဲဆိုတာ သိသွားပြီ။ ဆိုတော့ အဲဒီအားနည်းတဲ့အပိုင်းကို ဖိဖိစီးစီး လုပ်လိုက်ဖို့ပဲ။
ပူပန်တာနဲ့ နောင်တရတာဟာ သားအတွက် ဘာမှ အကျိုးမပြုဘူး။
နောင်ဘာဖြစ်မလဲ ပူနေလို့ရှိရင် အဲဒါကြီးက ဖြစ်မလာတော့ဘူးတဲ့လား။
ဖြစ်စရာရှိရင်တော့ ဖြစ်မှာပဲကွ။
အဲဒီတော့ သားပူနေတာ ဘာအကျိုးရှိသလဲ။ ဘာမှ အကျိုးမရှိဘူး။
အကျိုးမရှိတဲ့အရာကို အပင်ပန်းခံပြီး ဘာလို့လုပ်နေမတုံး။
စိတ်ပူတယ်ဆိုရင် စိတ်ဓာတ်အင်အားကို ယုတ်လျော့ ကျဆင်းစေတယ်ကွ။
ဘယ်တော့မှ စိတ်မပူနဲ့။
နောက်ပြီး ငါ မှားသွားပြီ။ ဒါမှမဟုတ် ငါ မလုပ်လိုက်ရလေခြင်းလို့လည်း ဘယ်တော့မှ နောင်တမရနဲ့ကွ။
နောင်တရနေလို့၊ အဲဒီအမှားကိုတွေးပြီး စိတ်ဆင်းရဲနေလို့လည်း အဲဒီအမှားက အမှန်ပြန်ဖြစ်လာမလား။
ဝေးပါသေးရဲ့ကွာ။
ဒါဆို ဘာမှအကျိုးမရှိတဲ့ နောင်တကို ဘယ့်အတွက် ရနေမတုံးကွ။
အရေးကြီးတာက အရင်ဖြစ်ခဲ့တဲ့ အမှားကနေ သင်ခန်းစာယူပြီး နောင်မဖြစ်အောင် ကြိုးစားဘို့ပဲကွ။
နောင်ဘာဖြစ်ချင်သလဲ၊ ဘာဖြစ်ရမလဲ၊ ဘယ်တော့ ဘာလုပ်ရမလဲဆိုတာ ခုကတည်းက ကြိုတင်ပြင်ဆင် ထားရမယ်။ အဲဒီအခါကျတော့ တကယ်လုပ်ရတဲ့အခါ ကသီလင်တမဖြစ်တော့ဘူး။ ချောချောမွေ့မွေ့နဲ့ ပြီးသွားနိုင်မယ်။
ဆိုတော့ အရေးအကြီးဆုံးအချိန်က လက်ရှိအချိန်ပဲ။
လက်ရှိအချိန်မှာ အကောင်းဆုံးဖြစ်အောင်လုပ်။
လက်ရှိအချိန်ကို အကောင်းဆုံးဖြစ်အောင် အသုံးချ။
အချိန်ဆိုတာ ပြန်မရနိုင်ဘူး။
တကယ်လို့သာ သားဟာ လက်ရှိအချိန်ကို အကောင်းဆုံး အသုံးချသွားနိုင်မယ်ဆိုရင် -
နောင်အတွက်လည်း ပူစရာမလိုတော့သလို -
ငါ မလုပ်လိုက်ရလေခြင်း စတဲ့ နောင်တလည်း ရစရာမလိုတော့ဘူးပေါ့ကွာ။
စာမေးပွဲမဖြေနိုင်လို့တော့ဖြင့် ဘာမှ သား စိတ်ဓာတ်ကျစရာမလိုဘူး။
သားမဖြေနိုင်တဲ့ဘာသာကို ဖေကြီးကူလုပ်ပေးမယ်။
စာမေးပွဲမှာ အမှတ်မကောင်းလို့ ကလေးကိုဆူမယ်ဆိုတဲ့ မိဘတွေထဲမှာ ဖေကြီးမပါဘူးကွ။
ဘာဖြစ်လို့လဲဆိုတော့ ဖေကြီးက ဦးအေးငြိမ်းဖြစ်နေလို့ဘဲ။ အဟက်စ်
မနေ့က သား ရူပဗေဒဘာသာရပ်မှာ မဖြေနိုင်လို့ စိတ်မကောင်းဖြစ်နေတာကို ကျွန်ုပ် အားပေးခဲ့သော စကားများ ဖြစ်ပါ၏။
မှတ်ချက် -
သူတို့ ရူပဗေဒဘာသာရပ် မေးခွန်းများမှာ သိပ်မလွယ်လှပါ။ အတော်ခေါင်းစားသော မေးခွန်းများ ဖြစ်၏။
ကျွန်ုပ်မှာ ရူပဗေဒဘာသာရပ်ကို စိတ်ဝင်စားသူဖြစ်ပြီး အတော်အတန် နားလည်သူ တစ်ဦးဖြစ်၏။
သို့သော် သူတို့မေးခွန်းများကို ကျွန်ုပ်ဖြေသည့်အခါ အချို့အဖြေများကို မှန်အောင် မဖြေနိုင်ပါ။
သားက စာအုပ်တွေကို ကျောင်းမှာပဲ ထားခဲ့သည့်အတွက် ယခုတော့ မေးခွန်းများကို မပြနိုင်သေးပါ။
နောက်နေ့ကျမှ သားကို စာအုပ်တွေ ပြန်ယူလာခိုင်းပြီး မေးခွန်းများ တင်ပေးပါမည်။
နောက်တစ်ခုမှာ သူတို့စာအုပ်များကို ကြည့်ပြီး ကျွန်ုပ် အတော် စိတ်မကောင်းဖြစ်မိ၏။
အကြောင်းကား သူတို့စာအုပ်များနှင့် မြန်မာပြည်က ပြဋ္ဌာန်းစာအုပ်များမှာ အထဲမှ စာသားများသာမက အရည်အသွေး၊ အပြင်အဆင်တို့မှာ ကွာချင်တိုင်းကွာလှပါသည်။ (ကျွန်ုပ်ထံ၌ မြန်မာပြည်မှ ကျောင်းသုံးပြဋ္ဌာန်းစာအုပ် အားလုံးနီးပါး ရှိပါသည်။
စာအုပ်ဈေးတွေလည်း ကြည့်လိုက်ပါအုံး။
သင်္ချာစာအုပ်တစ်အုပ်တည်းကို မြန်မာငွေ ၂ သိန်းလောက်ရှိတယ်ခင်ဗျာ။ အောင်မငီးစ်
အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေ။
(ကြင်စိုးနဲ့ ကြင်စိုးဘောလျက်တွေ မပါ။)
အေးငြိမ်း
၅ မတ်လ၊ ၂၀၂၃
Monday, November 14, 2022
ကျွန်ုပ်နှင့် ရွှေနှင့်ယိုးမှား ပန်းစကား အကြောင်း
(၁)
“သိုးကလေ” အစချီ ပုပ္ပားနတ်တောင် လင်္ကာကို ကျွန်ုပ် ၆ တန်း ကျောင်းသားဘဝလောက်ကတည်းက ဖတ်ဖူးခဲ့၏။
ထိုစဉ်က ကျွန်ုပ်တို့အိမ်တွင် အလွန်စုတ်ပြတ်လျက်ရှိပြီဖြစ်သော၊ အစပိုင်းလည်းမရှိ၊ အဆုံးပိုင်းလည်းမရှိသော၊ အေးချမ်းမေဖြစ် (ဟုတ်ပေါင်) တစစီ (ဟုတ်ပေါင်) ချုပ်ရိုးများပြုတ်လျက်ရှိပြီဖြစ်၍ စာရွက်များကို အဝတ်ကြိုးနှင့် တွဲချည်ထားသည့် စာအုပ်ကလေးတစ်အုပ်သည်ရှိ၏။ ခေတ်မီမြန်မာရာဇဝင်အကျဉ်းဟု ခေါ်၏။ ထိုစာအုပ်ကလေးကို ကျွန်ုပ်သည် အတော်ကြိုက်လေ၏။ သမိုင်းကို ပုံပြင်ကဲ့သို့ရေးထားသည်က တကြောင်း၊ ကျွန်ုပ်ကိုယ်နှိုက်က သမိုင်းကို ဝါသနာပါသည်က တကြောင်းကြောင့် ထိုစာအုပ်လေးကို အထပ်ထပ်ဖတ်လေရာ စာအုပ်ပါ အကြောင်းအရာများ အားလုံးကို အလွတ်ရလုနီးပါးပင် ဖြစ်လျက်ရှိ၏။ ကြီးလာသည့်အခါကျမှ ထိုစာအုပ်ကို အမျိုးသားပညာဝန် ဦးဖိုးကျား ပြုစုခဲ့မှန်း သိရလေ၏။
ထိုစာအုပ်ကျေးဇူးကြောင့်ပင် ကျွန်ုပ်သည် “သူတည်းတစ်ယောက်၊ ကောင်းဘို့ရောက်မူ၊ . . . “ အစချီ မျက်ဖြေ လင်္ကာကို သော်လည်းကောင်း၊ “သိုးကလေ” အစချီ ပုပ္ပားနတ်တောင် လင်္ကာကိုသော်လည်းကောင်း ငယ်စဉ်ကပင် အကျွမ်းဝင်နေ ခဲ့လေ၏။
သို့သော် ၆ တန်းပညာမျှသာ ရှိသေးသည်က တကြောင်း၊ သင်ကြားပေးမည့်သူကလည်း မရှိသည် တကြောင်းကြောင့် မျက်ဖြေလင်္ကာကို အတော်အတန် နားလည်သည့်တိုင် ပုပ္ပားနတ်တောင်လင်္ကာကိုမူ ဘာဆိုလိုမှန်း မသိခဲ့။ သို့တိုင် စာအုပ်ထဲ၌ မောင်တင့်တယ်နတ်ရုပ်နှင့် ယှဉ်တွဲဖော်ပြထားသည်ဖြစ်၍ ထိုလင်္ကာနှင့် မောင်တင့်တယ်တို့ ဆက်စပ် ပတ်သက်နေမည်မှန်း ခန့်မှန်း သိရှိခဲ့ပါ၏။
(၂)
မြန်မာစာပေတွင် အနန္တသူရိယအမတ်ကြီး၏ မျက်ဖြေလင်္ကာ လေးပိုဒ်သည် အလွန်ထင်ရှား၏။
အနန္တသူရိယအမတ်မှာ မင်းယဉ်နရသိင်္ခ၏ အထိန်းတော်အမတ်ဖြစ်၏။
မင်းယဉ်နရသိင်္ခသည် ညီတော် နရပတိစည်သူ၏မယား ဝေဠုဝတီကို သိမ်းပိုက်ရာ နရပတိစည်သူက မင်းယဉ်နရသိင်္ခကို သတ်လေ၏။ ဤသို့သတ်ရာတွင် မင်းယဉ်နရသိင်္ခ၏ အထိန်းတော် အနန္တသူရိယအမတ်ကိုပါ သတ်လေရာ အနန္တသူရိယ အမတ်မှာ မဆီနှင့်မဆိုင် အသတ်ခံရခြင်း ဖြစ်၏။
အသတ်ခံရတော့မည့် ဆဲဆဲတွင် သူသတ်ကုန်း၌ ထို မျက်ဖြေလင်္ကာ လေးပိုဒ်ကိုရေးကာ ဘုရင်သို့ဆက်သည် ဆို၏။
နရပတိစည်သူသည် (၄၈) ဆက်မြောက် ပုဂံမင်းဖြစ်ပြီး ခရစ်နှစ် (AD1174 – 1211) အတွင်း စိုးစံခဲ့၏။ ထိုအချိန်က ရေးသားခဲ့သော စာများမှာ ယခုခေတ်စာများနှင့် လုံးဝမတူကြောင်း ကျောက်စာ၊ မင်စာ အထောက်အထားများ ရှိ၏။
သို့အတွက် အနန္တသူရိယအမတ်ကြီး ရေးသားခဲ့သည်ဆိုသော မျက်ဖြေလင်္ကာ လေးပိုဒ်မှာ ပုဂံခေတ်က စာ၊ ကဗျာ မဟုတ်နိုင်ဟု မြန်မာစာ ပညာရှင်ကြီးများက သုံးသပ်ကြောင်း မိတ်ဆွေတို့ သိပါ၏။
ဤသည်က တစ်ချက်။
ဧကာဒသမတန်း မြန်မာစာ၊ အပိုင်း (၂) ကဗျာကဏ္ဍ၌ ပြဋ္ဌာန်းထားသော ပထမဆုံးကဗျာမှာ “ရွှေနှင့်ယိုးမှား ပန်းစကား” ဖြစ်၏။ ထိုကဗျာကိုလည်း ပုဂံခေတ်က ကဗျာဟုပင် ဆိုကြ၏။
၁၉၆၉ ခုနှစ် နိုဝင်ဘာလတွင် လယ်တီမဏ္ဍိုင် ပုံနှိပ်တိုက်က ထုတ်ဝေခဲ့သည့် ပုဂံဝန်ထောက်မင်း ဦးတင်၏ ကဗျာဗန္ဓသာရကျမ်း နှင့် နောက်ဆက်တွဲ သုံးပိုင်း၊ စာမျက်နှာ ၁၂ နှင့် ၁၉၃၆ ခုနှစ်က အမျိုးသားပညာဝန် ဦးဖိုးကျား ပြုစုခဲ့သည့် ခေတ်မှီ မြန်မာရာဇဝင်အကျဉ်း၊ စာမျက်နှာ ၁၉ တို့တွင် ယခုခေတ်၌ “ရွှေနှင့်ယိုးမှား ပန်းစကား” ဟု လူသိများသည့် ကဗျာကို “ပုပ္ပားနတ်တောင်လင်္ကာ” ဟု ဖော်ပြထား၏။ ကျွန်ုပ်၏ ပကတိသဘောကို ပြောဆိုရပါမူ “ရွှေနှင့်ယိုးမှား ပန်းစကား” ထက် “ပုပ္ပားနတ်တောင်လင်္ကာ” ဆိုတာကိုသာ ပို၍ သဘောကျမိပါ၏။
ပုဂံဝန်ထောက်မင်း ဦးတင်က စာမျက်နှာ ၁၂ တွင် လင်္ကာဟူသော ကဗျာသည် မည်သည့်အချိန်က စတင်ပေါ်ပေါက် ဖြစ်ထွန်းခဲ့သည်ဟု ဆိုရန် မစွမ်းသာ၊ ပုဂံမြို့ကောင်းစားစဉ် သေဉ်လည်ကြောင်ကြီးမင်းလက်ထက်လောက်က ဟူ၍ ယူရ ဆိုရသော လေးလုံးစပ်လင်္ကာ - ဟု ဆိုကာ ပုဂံခေတ်က လင်္ကာ သုံးပုဒ်ကို ပြဆိုထား၏။
ထို လင်္ကာသုံးပုဒ်မှာ ၁။ ပုပ္ပားနတ်တောင်လင်္ကာ ၂။ မျက်ဖြေလင်္ကာ နှင့် ၃။ ကျစွာမင်းကြီး၏ မြကန် တို့ ဖြစ်၏။
ကဗျာဗန္ဓသာရကျမ်း၊ နောက်ဆက်တွဲ တတိယပိုင်း၊ စာ - ၅၇၉၊ ၅၈၀၊၅၈၁ တွင် “ပုဂံကောင်းစားစဉ်အခါ သေဉ်လည်ကြောင်ကြီးမင်းလက်ထက်က ဟူ၍ ဆရာကျော်ဆရာမြတ်တို့ မှတ်ကြသော အချင်းငယ်ခေါ်သော ပုပ္ပါးနတ်တောင် လင်္ကာ” - ဟု ဖော်ပြထားလေရာ ပုဂံဝန်ထောက်မင်းက ပုပ္ပားနတ်တောင်လင်္ကာ ပေါ်ထွန်းခဲ့သည့် ကာလကို သေဉ်လည်ကြောင်မင်းလက်ထက်ဟု ယူဆ၏။
သေဉ်လည်ကြောင်မင်း စိုးစံသည့်နှစ်မှာ ပုဂံခေတ်ဦး ခရစ်နှစ် (AD344 – 387) က ဖြစ်၏။
ဆရာ စောလူ ၏ ပုဂံခေတ်မြန်မာစာ ပထမတွဲ စာမျက်နှာ ၄၄ တွင် သေဉ်လည်ကြောင်မင်း နှင့် မင်းမဟာဂီရိ နတ်မောင်နှမတို့ အကြောင်း ဖော်ပြပါရှိ၏။ ထိုစာအုပ် စာမျက်နှာ ၄၄ နှင့် ၄၅ အကြားတွင် ရာဇကုမာရ်ကျောက်စာ (မြန်မာ) ပုံကို ဖော်ပြထား၏။ ထိုစာများကား ပုဂံခေတ်မြန်မာစာရေးပုံ သက်သေ ဖြစ်၏။
ဆရာစောလူက ပုပ္ပါးနတ်တောင်လင်္ကာအကြောင်းကို ၎င်း၏ ပုဂံခေတ်မြန်မာစာ တတိယတွဲ စာ - ၅၅၂။ မှတ်ချက် ၁၃ ၌ အောက်ပါအတိုင်း ဖော်ပြထား၏။
“၁၃။ မှတ်ချက်။ ။ ထို “သိုးကလေ” အစချီကဗျာကို အဓိပ္ပာယ်ဖွင့်ဆိုသည့်အခါ ပုဂံဝန်ထောက်မင်း ဦးတင် အစမူသော ပညာရှင်များယူဆသကဲ့သို့ မောင်တင့်တယ် မောင်နှမတို့၏ ဇာတ်လမ်းမဟုတ်နိုင်ကြောင်း ပညာတန်ဆောင် အတွဲ ၃၅၊ အမှတ် ၈။ ၁၉၈၆ ဩဂုတ်လထုတ် စာ ၂၄ မှ ၂၆ တွင် စာရေးသူဆွေးနွေးရေးသား ဖူးသည်။ ထိုသို့ မောင်တင့်တယ်တို့၏ ဇာတ်လမ်းမဟုတ်သည့်အတွက်လည်း ပညာရှင်များ ယူဆသကဲ့သို့ ပုဂံခေတ်ဦးလက်ရာ ကဗျာ အဖြစ် သတ်မှတ်ရန် ထပ်ဆင့် ခက်ခဲနေပြန်သည်။”
စောလူ ၏ ပုဂံခေတ်မြန်မာစာ ပထမတွဲ စာ - ၅၁ တွင် မြန်မာနိုင်ငံသို့ ပျူအက္ခရာများရောက်လာသည်ကို ခရစ်နှစ် ၅ ရာစု ဟု ဖော်ပြထား၏။ ထို့ပြင် စာ - ၆၈ ၌ “စာပေသမိုင်းတင်နိုင်သော ပုဂံခေတ်ဦးကာလသည် အနော်ရထာမင်း လက်ထက်မှ စသည်” ဟု ပါ၏။ စာများမှာလည်း အုတ်ပြားစာ၊ အုတ်ခွက်စာများဖြစ်ပြီး မြန်မာစာဟု တိတိကျကျ မရှိသေးဘဲ မွန်ဘာသာကို သုံး၏။ စာများမှာလည်း စာပေအမျိုးအစားမဟုတ်၊ ဘာသာရေးနှင့်ပတ်သက်သည့် ဆုတောင်းစာ၊ ကျိန်စာများသာ ဖြစ်ပေသည်။
“အနော်ရထာမင်းကြီး အသုံးပြုခဲ့သော ဘာသာစကားမှာ တစ်မျိုးတည်းမဟုတ်။ သက္ကတ၊ ပါဠိ၊ ပါဠိသက္ကတနှစ်မျိုးရော ပြီး ရေး၏။ အသုံးပြုသည့် ဘာသာစကားမှာ ရှေးနာဂရီအက္ခရာဖြစ်ပြီး မွန်မြန်မာအက္ခရာများကိုလည်း စတင်တွေ့လာရ ၏။”
ဆရာကြီး ဦးဖေမောင်တင်ကလည်း ၎င်း၏ မြန်မာစာပေသမိုင်း စာမျက်နှာ ၆၁ ၌ “ပုပ္ပားနတ်တောင်ဖွဲ့မှာကား အနန္တသူရိယ လင်္ကာနှင့် စပ်ဆိုပုံခြင်းမတူ။ အစချီပုံ၊ အဆုံးချပုံတို့နှင့်တကွ ဖွဲ့နွဲ့ပုံအကြောင်းအရာတို့မှာ ရတုသဘောသို့ များစွာ သက်ဝင်နေခြင်းကြောင့် ပုပ္ပားနတ်တောင်ဖွဲ့သည် ရတုဖြစ်သည့်ခေတ်တွင် ပေါ်ပေါက်သည့်ရတု ဖြစ်တန်ရာ၏ ဟုသာ ယူဆရန်ရှိ၏။” ဟု ဖော်ပြထား၏။
သို့ဖြစ်လေရာ ပုဂံဝန်ထောက်မင်း ယူဆသကဲ့သို့ ခရစ် ၃၅၀ ခန့်ကရှိခဲ့သော သေဉ်လည်ကြောင်မင်းလက်ထက်တွင် ပုပ္ပားနတ်တောင်လင်္ကာကို ဖွဲ့ဆိုခဲ့သည် ဆိုခြင်းမှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ဆိုသည်ကို မြင်တွေ့နိုင်ပါသည်။
ထို့ပြင် ကျွန်ုပ်တို့သိထားသည့် ‘မြကန်’ မှာလည်း အမည်ရင်းမှာ ‘မြကန်’ မဟုတ်။ နောင် ‘အမရကန် (သေခြင်းကင်းသော ကန်)’ ဆိုရာမှ မြကန်ဖြစ်လာခြင်းဖြစ်သည်။ ကျန်စစ်သားမင်းကြီး ပေးသည့်နာမည်မှာ ခေတ်စကားဖြင့် ‘မဟာနိဗ္ဗာန် လက်ဆွဲချီရေ’ ဟု အဓိပ္ပာယ်ရ၏။ ထိုးထားသည့်စာမှာလည်း မြန်မာစာမဟုတ်။ မွန်စာဖြစ်၏။ (စာ - ၁၂၇)
ပုဂံခေတ် အစပိုင်းကို မဆိုထားပါနှင့်။ သက္ကရာဇ် ၁၂၆၆ တွင် ရေးထိုးခဲ့သော သိင်္ဃသူ့သမီးကျောက်စာကိုပင် သင်မပေးပါ က သေသေချာချာ နားလည်နိုင်ရန် မဖြစ်နိုင်ဆိုသည်ကို ဆယ်တန်းတက်ဖူးသူတိုင်း သိ၏။
(၃)
တတိယတစ်ချက်မှာ အဓိပ္ပာယ်ဖွင့်ဆိုပုံ ဖြစ်၏။
ပထမအပိုဒ်မှာမူ ရိုးစင်းလှ၏။ နားမလည်စရာမရှိ။ မြင့်မားလှသော ပုပ္ပားတောင်ပေါ်၌ ရွှေနှင့်တူသည့် စကားဝါပန်းများ ပေါက်ရောက်နေကြောင်း ဖြစ်၏။
ဒုတိယပိုဒ်၌ စကားလုံးအဆန်းလေးများ ပါလာ၏။
“မယ့်သည်ပင်သည်၊ ခရီးသား။”
(ကဗျာဗန္ဓသာရကျမ်းနှင့် ဦးဖိုးကျား၏ စာအုပ်တွင် “မဲ့သည်ပင်သည်” ဟု စာလုံးပေါင်းထား၏။ “မယ့်” နှင့် “မဲ့” မှာ အဓိပ္ပာယ် မတူပါ။)
ဆရာဂုဏ်ထူးဦးသိန်းနိုင်က ၎င်းကို “မယ်၏ချစ်သူသည် ခရီးသွားလာနေရသူ ဖြစ်ပါသည်။” ဟု အဓိပ္ပာယ် ဖွင့်ဆို၏။
ပုဂံဝန်ထောက်မင်းဦးတင်က ထိုအပိုဒ်ကို “ငယ်ရည်းစားအကြောင်း ဖွဲ့ဆိုထားသည်” ဟုဆို၏။
သို့သော် ထိုအပိုဒ်မှာ မိန်းမပျိုကလေးအကြောင်းမျှသာ ဖြစ်၍ ငယ်ရည်းစားအကြောင်းမှာ တတိယအပိုဒ်ကျမှ ပါလာခြင်း ဖြစ်၏။ ဒုတိယအပိုဒ်တွင် ငယ်ရည်းစားအကြောင်းမှာ “ခရီးသွားနေသူ” ဟူသည့် တစ်ချက်သာ ပါ၏။
တတိယပိုဒ်တွင် စဉ်းစားစရာကလေးများ ပါလာပြီ။
မြိတ်လွတ်စုလည်း
“မွေးဖတူရင်း၊ မျိုးသည်မင်းနှင့်”
“နှလုံးမခြား၊ စောင့်တရား။”
“မြိတ်လွတ်စုလည်း” ကို ဆရာဂုဏ်ထူးဦးသိန်းနိုင်က “မိတ်လွတ်စလဲ” ဟု ဖတ်ရကြောင်း၊ အသက် (၁၃) နှစ် အရွယ်တွင် ထုံးသည့် ဆံထုံးဖြစ်ကြောင်း ရှင်းပြ၏။
“မွေးဖတူရင်း”
မွေးဖ၏ တူအရင်းဖြစ်သည်ဟု အဓိပ္ပာယ်ယူရလျှင် မိန်းကလေးနှင့် သူ့ချစ်သူမှာ မောင်နှမဝမ်းကွဲများ ဖြစ်ပြီး ငယ်စဉ်ကတည်းက ကျွမ်းဝင်နေကြသူများ ဖြစ်၏။ ဆရာဦးသိန်းနိုင်ကတော့ living together နေသည်ဟု ဘာသာပြန်၏။
ဤတတိယပိုဒ်ကို ပုဂံဝန်ထောက်မင်းက “ငယ်ရည်းစားက သစ္စာမပျက်သည်ကိုဖွဲ့ဆိုပုံ၊ မောင်ဖြစ်သူ မောင်တင့်တယ် အသက်ကယ်ရန် ရွှေမျက်နှာကစ၍ သစ္စာဖျက်မိသည်ကို ဖွဲ့ဆိုပုံ” ဟု ဖော်ပြထားရာ မည်သည့်နေရာကို ကြည့်၍ သစ္စာဖျက်သည်ဟု ဆိုလိုကြောင်း ကျွန်ုပ်ကတော့ ဉာဏ်မမီပါ။
နောက်ဆုံးပိုဒ်တွင်လည်း အယူအဆ အတန် ကွဲလွဲ၏။
ဆရာဦးသိန်းနိုင်က မတ်ကြီးလျာကို အမတ်ဖြစ်မည့်သူ ဟု အဓိပ္ပာယ်ဖွင့်၏။
ပုဂံဝန်ထောက်မင်းကမူ မတ်ကြီးလျာ ဟူသည် အတိုင်းအရှည်ကို အသိတတ်ဆုံး ဘုရင်မင်းမြတ် ဖြစ်ပြီး ဤနေရာတွင် လျာ ကို အလောင်းအလျာဟု မယူရ။ အကောင်းဟု ယူရမည် ဆို၏။
ပုဂံဝန်ထောက်မင်းက နောက်ဆုံးပိုဒ်ကို “တကောင်းမင်းကို ကြိုက်မိသည့်အတွက် အမှားတွေ့ရသည်ကို ဖွဲ့ဆိုထားသည်” ဆို၏။ ဘယ်နေရာကိုကြည့်ပြီး ဘယ်လို တကောင်းမင်းကို ကြိုက်လိုက်မှန်း မသိ။ ကျွန်ုပ်ကတော့ သဘောမတူပါ။
“ကျိုင်းစင်မြဝါ” ကို ဆရာဦးသိန်းနိုင်က “ဖွံ့ဖွံ့ထွားထွား စင်ကြယ်စိုပြေသူ” ဟု ဆို၏။
ကဗျာဗန္ဓသာရကျမ်းတွင်မူ “ချစ်ခင်ကြင်နာသူ” ဟု ဖွင့်ဆိုထား၏။
ထိုအချက်များအပေါ် အခြေခံကာ စကားပြေပြန်ရလျှင် အနည်းငယ်ကွဲလွဲမှုရှိနိုင်ပါ၏။
စာချစ်သူများ သိရှိနိုင်ရန် နှင့် ဝေဘန်နိုင်ကြရန် ဖြစ်ပါသည်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၄ နိုဝင်ဘာလ၊ ၂၀၂၂
ည ၉ နာရီ ၅၃ မိနစ်
Tuesday, November 8, 2022
တက္ကသိုလ်ဝင်းမွန် (သို့) အောင်ခန့်
ဧကာဒသမတန်းမြန်မာစာ၌ ဆရာတက္ကသိုလ်ဝင်းမွန်ရေးသော ‘ဆားဒယ်’ ရသစာတမ်း ပါ၏။
ထိုဆောင်းပါးအစတွင် တက္ကသိုလ်ဝင်းမွန်၏ အတ္ထုပ္ပတ္တိအကျဉ်းလည်းပါ၏။ (စာမျက်နှာ ၆၈)
ထိုကျောင်းစာအုပ်တွင် ဆရာတက္ကသိုလ်ဝင်းမွန်၏ ‘ငယ်မည်မှာ နှစ်ငါး၊ တိုးမြင့် နှင့် ဝင်းဆွေတို့ဖြစ်သည်’ ဟု ဖော်ပြထားရာ ကျွန်ုပ်လည်း ဇဝေဇဝါဖြစ်သွားလေ၏။ ‘နှစ်ငါး’ ဆိုတာ သူ့ ငယ်နာမည်အစစ် ဟုတ်သလား။
သို့နှင့် ကျွန်ုပ်လည်း မနေနိုင်သည်နှင့် ဆရာဝင်းမွန့်အကြောင်းကို ရှာဖွေဖတ်ရှုရပြန်ပါ၏။
ဆရာတက္ကသိုလ်ဝင်းမွန့်အကြောင်း လိုက်ရှာရာ (၄) နေရာ၌ တွေ့၏။
၁။ မြန်မာဝီကီ - https://my.wikipedia.org/wiki/ဝင်းမွန်၊_တက္ကသိုလ်
၂။ ကာလီဒေဝီ - အောင်ခန့်
၃။ ဒေါက်တာဖြူဖြူငြိမ်းသွယ် - တက္ကသိုလ်ဝင်းမွန်၏ ရသစာတမ်းရေးဟန်
၄။ https://www.bbc.com/burmese/burma-41591775
အောက်တွင် ရေးသားရာ၌ မြန်မာဝီကီကို (၁)၊ ကာလီဒေဝီကို (၂)၊ ဒေါက်တာဖြူဖြူငြိမ်းသွယ် ကို (၃)၊ BBC ကို (၄) ဟု အတိုကောက်ဖော်ပြပါမည်။
ထိုအခါကျမှ ငယ်နာမည်သာမက အခြားအချက်အလက် အတော်များများလည်း ကွဲလွဲနေကြောင်း တွေ့ရပြန်ပါ၏။
၁။ မွေးရပ်
ကျောင်းစာအုပ်တွင် မွေးရပ်ကို ရစ်ကန်ကြီးကျေးရွာဟု ဖော်ပြထား၏။ (၁)(၂)(၃)(၄) အားလုံး၌ ကမာစဲကျေးရွာဟု ဖော်ပြထားလေရာ မည်သည်က အမှန်ဖြစ်သနည်း။
၂။ ဖခင်အမည်
ကျောင်းစာအုပ်တွင် ဖခင်အမည်ကို ဦးအောင်သန်းခင်ဟု ဖော်ပြထား၏။ (၁) ၌ ဦးအောင်သန်း၊ (၂) ၌ ဦးအောင်သန်းခင်၊ (၃) ၌ ဦးအောင်သန်းဝင်းဟု ဖော်ပြထားလေရာ မည်သည်က အမှန်ဖြစ်သနည်း။
၃။ မူလတန်းတက်ခဲ့သည့်ကျောင်း
ကျောင်းစာအုပ်တွင် မူလတန်းတက်ခဲ့သည့်ကျောင်းကို ကမာစဲကျေးရွာနှင့် ရန်ကုန်မလွှကုန်း ဟု ဖော်ပြထား၏။ (၁) ၌ ကမာစဲကျေးရွာဟု ဖော်ပြထား၏။ (၂)(၃)(၄) တို့တွင်မပါ။ မည်သည်က အမှန်ဖြစ်သနည်း။
၄။ သာဒိုးအောင်ဆု ရသည့်ခုနှစ်
ကျောင်းစာအုပ်တွင် သာဒိုးအောင်ဆု ရသည့်ခုနှစ်ကို ၁၉၅၆၊ ဥပစာတန်း အပိုင်း (ခ) ဟု ဖော်ပြထား၏။ (၁) မှာလည်း ၁၉၅၆ ဟုပင် ဖော်ပြထား၏။ (၂) နှင့် (၃) တွင် ၁၉၅၈ ဟု ပါရှိပြီး (၄) ၌မပါ။ မည်သည်က အမှန်ဖြစ်သနည်း။
၅။ ပထမဆုံးဆောင်းပါးအမည်
ကျောင်းစာအုပ်တွင် ပထမဆုံးဆောင်းပါးအမည်ကို ‘ဝဏ္ဏပဘာ လှကလျာ’ ဟု ဖော်ပြထား၏။ (၁) တွင် ‘ရှင်မဟာရဋ္ဌသာရနှင့် ဝဏ္ဏပဘာ’ ဟုဖော်ပြထားပြီး(၂)(၃)(၄) တို့တွင်မပါ။ မည်သည်က အမှန်ဖြစ်သနည်း။
၆။ ရန်ကုန်တက္ကသိုလ် တွဲဖက်ပါမောက္ခ (ဌာနမှူး) တာဝန်ထမ်းဆောင်သည့် ခုနှစ်
ကျောင်းစာအုပ်တွင် ရန်ကုန်တက္ကသိုလ် တွဲဖက်ပါမောက္ခ (ဌာနမှူး) တာဝန်ထမ်းဆောင်သည့်ခုနှစ်ကို ၁၉၉၉ ဟု ဖော်ပြထား၏။ (၁) တွင် ‘ဆရာကြီးသည် ရန်ကုန်တက္ကသိုလ် ၊မြန်မာစာဌာန၏ တွဲဖက် ပါမောက္ခ (ဌာနမှူး) အဖြစ်မှ ၁၉၉၉ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။’ ဟုဖော်ပြထား၏။ (၂) နှင့် (၃) တွင် ၁၉၉၃ နိုဝင်ဘာလဟု ဖော်ပြထားပြီး (၄) ၌ မပါ။ မည်သည်က အမှန်ဖြစ်သနည်း။
၇။ ကွယ်လွန်သည့်ရက်စွဲ
ကျောင်းစာအုပ်တွင် ကွယ်လွန်သည့်ရက်စွဲကို ၂၀၁၇၊ အောက်တိုဘာလ ၁၀ ရက်နေ့ ဟု ဖော်ပြထား၏။ (၁) တွင် ၂၀၁၇၊ အောက်တိုဘာလ ၁၂ ရက်နေ့ ဟု ဖော်ပြထား၏။ (၂) တွင်မပါ။ (၃) နှင့် (၄) တွင် ၁၀၊ ၁၀၊ ၂၀၁၇ ဟု ဖော်ပြထား၏။ BBC က သတင်းဖြစ်လေရာ ၁၀ ရက်နေ့တွင် ကွယ်လွန်ပြီး ၁၂ ရက်နေ့၊ ညနေ ၃ နာရီ၊ ထိန်ပင်သုဿာန်တွင် သင်္ဂြိုဟ်မည်ဟု ဖော်ပြထားသဖြင့် သည့်ထက်သေချာတာတော့ မရှိနိုင်တော့ပြီ။
စာတစ်မျက်နှာတည်း၌ပင် ကွဲလွဲချက်ပေါင်း (၇) ခုမျှ ပါရှိလေရာ စာတစ်အုပ်လုံးသာဆိုလျှင် တွေးရဲစရာတောင် မရှိပါ။
ကျွန်ုပ်တော့ အတော်စိတ်ကုန်သွားပါပြီ။
မည်သည့်နေရာကရသည့် အချက်အလက်များကိုမှ မယုံတော့ပါ။
ကျောင်းစာအုပ်ထဲမှာ နှစ်ငါး ဆိုလျှင် သည်အတိုင်းပင် နှစ်ငါး လိုက်ပါတော့မည်။
လျှောက် လျှာမရှည်တော့ပါ။
လူမိုက်
အေးငြိမ်း
၈ နိုဝင်ဘာလ၊ ၂၀၂၂