Thursday, June 27, 2013

စာဆက်မရေးအားပါသေးကြောင်း

Safety Level D course တက်နေသောကြောင့် အရေးတကြီး assignment များ လုပ်စရာရှိသဖြင့် စာရေးခြင်းအား ခဏ နားထားရပါဦးမည်။


ဖတ်ရှု အားပေးသူအားလုံးကို ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၇၊ ၆၊ ၂၀၁၃ ည ၉း၅၅ နာရီ

ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၃၃)

၁၂၅။ Safety Officer သင်တန်းတက်ခြင်း

            ECC ပရောဂျက်သည် ကျွန်တော့်ဘ၀ အချိုးအကွေ့တစ်ခုကို ဖြစ်စေလေခဲ့၏။ အကယ်၍သာ သည်ပရောဂျက်ဟု မပေါ်ခဲ့လျှင် ကျွန်တော် Safety Officer ဖြစ်လာခဲ့မည်မဟုတ်။ ယခုတိုင် ပိုက်များနှင့် လုံးချာလည် လိုက်နေဦးမည်သာ ဖြစ်သည်။
            အမှန်ပြောရပါမူ ယခင်အခါ ကာလများက safety ကို ကျွန်တော်စိတ်မ၀င်စားသလို အထင်လည်း မကြီးခဲ့ပါ။ Safety သမားများ ကို ဘာမှအရာမနံသော ယောင်ခြောက်ဆယ်များဟုသာ မြင်ပါသည်။ သူတို့အလုပ်ကလည်း ဤကဲ့သို့မြင်စရာပင် မဟုတ်ပါလော။ ဟိုနားသွားကြည့်လိုက်၊ သည်နားသွားကြည့်လိုက်။ ယောင်ယောင် ယောင်ယောင်နှင့်။ နောက်ပြီး ရုံးပြန်လာ အေးအေးဆေးဆေးထိုင်၊ စာရွက်လေး ဟိုလှန်၊ သည်လှန်လုပ်လိုက်။ ထို့ကြောင့် ကျွန်တော်က အလကားလူတွေဟု မြင်ပြင်းကပ်ခဲ့ခြင်း ဖြစ်ပါသည်။
            နောက်တစ်ခုမှာ ကျွန်တော် Keppel shipyard တွင်လုပ်ခဲ့စဉ်က သော်လည်းကောင်း၊ Jurong Island တွင် ပိုက်များ ဆင်ခဲ့စဉ်က သော်လည်းကောင်း၊ အနှီ safety များနှင့် ကောင်းကောင်းပြဿနာတက်ပါသည်။ ဤအကြောင်းများကို အထက်၌ တော်တော်များများ ရေးခဲ့ပြီ။ လုပ်ငန်းသဘာဝအရ ဖြစ်သလိုလုပ်ရသည့်အခါများရှိ၏။ သည်အခါ safety point of view မှကြည့်လျှင် ကျွန်တော်တို့ လုပ်သည်များမှာ အန္တရာယ်မကင်းသဖြင့် safety သမားများနှင့် ပြဿနာတက်ခြင်းဖြစ်၏။
            အထက်တွင်ဆိုခဲ့သည့်အတိုင်း အီးစီစီ ပရောဂျက်တွင် ကျွန်တော့်ဆီရောက်လာသည့် Safety များမှာ တစ်ကောင်မှ သုံးစားလို့ မရသဖြင့် လိုသမျှ စာရွက်စာတမ်းအားလုံး ကျွန်တော်ချည်း ပြင်ရသည်။ ကျွန်တော်တို့ ကုမ္ပဏီကလည်း ကျွန်တော့်ကို ဘယ် safety သင်တန်းမှမလွှတ်။ ကျွန်တော်တက်ခဲ့ဖူးတာ အလုပ်သမားများ မဖြစ်မနေတက်ရသည့် Construction Safety Orientation Course နှင့် ဂရုတင့်တွင် ပိုက်ကြီးများထဲကို စစ်ဆေးရန် တက်ရသည့် Confined Safety Safety Assessor မျှသာ ဖြစ်သည်။ ကျန်တာတော့ ကိုယ့်ဟာကိုယ် အားလုံးလေ့လာရသည်ချည်းဖြစ်၏။ ကိုယ်က safety အကြောင်းတစ်ခါမှ မလေ့လာခဲ့ဖူး၊ လုပ်လည်းမလုပ်ခဲ့ဖူးသဖြင့် ဘာမှမသိ။ ခုမှ အောက်ခြေသိမ်း အကုန်လိုက်လေ့လာရသည်။
            ကျွန်တော်က တစ်ခုကိုစိတ်ဝင်စားမိပြီဆိုလျှင် မနက်ဖြန် စာမေးပွဲဖြေရတော့မည်ကဲ့သို့ ထမင်းမေ့၊ ဟင်းမေ့လုပ်တတ်သည့် သဘာဝရှိသည့်အတွက် safety နှင့်ပတ်သက်သည့် စာအုပ်များကို hard copy ရော၊ soft copy များပါ၊ ရနိုင်သရွေ့စု။ safety website များကို မမောနိုင်မပန်းနိုင် ဖတ်လေရာ များမကြာမီပင် safety ဆိုတာဘာလဲဟု အတန်ငယ် တီးခေါက်မိလေ၏။ ထိုအခါကျမှ သြော် - safety ဆိုတာ ငါထင်သလိုမဟုတ်ဘဲကိုးဟု သဘောပေါက်ပါလေ၏။
            တစ်ဖက်မှာလည်း ကိုနွယ်ဝင်းက Safety Officer သင်တန်းတက်ဘို့ တိုက်တွန်းလေရာ ကျွန်တော်လည်း ယောင်တောင် ပေါင်တောင်နှင့် စင်ကာပူပိုလီတွင် Specialist Diploma in WSH Course ကို တက်ဖြစ်လေ၏။ စတက်တော့ ၂၀၀၈ ခု၊ မေလ ၂၆ ရက်။ ၂၁၊ ၁၁၊ ၂၀၀၈ တွင်သင်တန်းပြီး၏။ သင်တန်းကြေး စင်ကာပူဒေါ်လာ ၄၄၉၄ ဖြစ်သည်။ သို့သော် WDA Funding က ၃၃၆၀ ပေးသဖြင့် ကျွန်တော်ပေးရသည်မှာ ၁၁၃၄ သာ ဖြစ်ပါသည်။ WDA ဆိုသည်မှာ Workforce Development Association ဖြစ်ပြီး လုပ်သားများ၏ အရည်အသွေးမြင့်မားလာရေး ဆောင်ရွက်နေသော အဖွဲ့ဖြစ်၏။ အလုပ်ထဲမှ သင်တန်းသွားတက်သူများကို WDA က ပိုက်ဆံထောက်ပံ့ ပေး၏။ အချို့သင်တန်းများဆို ၈၀ ရာခိုင်နှုန်းထိ ပေးပါသည်။ ကျွန်တော်တက်ခဲ့သည့် သင်တန်းမှန်သမျှ WDA အထောက်အပံ့ပေးခဲ့တာ ချည်းဖြစ်၏။
            သင်တန်းမှာ စိတ်ဝင်စားစရာ ကောင်းပါသည်။ သူတို့က စာတွေချည်း သင်သွားတာမဟုတ်ဘဲ သူတို့အတွေ့အကြုံများနှင့် ယှဉ်ကာ လက်တွေ့တွင် မည်ကဲ့သို့ အသုံးချရမည်ကို ပြောပြသွားသဖြင့် အသုံးတည့်ပါ၏။ သို့သော် ကျွန်တော့်နောက်နားတွင်ထိုင်သည့် ကုလား နှစ်ယောက်မှာ ဘာစကားတွေ ပြောမှန်းမသိ။ သင်တန်းချိန်တစ်ချိန်လုံး တွတ်ထိုးနေသည်ဖြစ်ရာ ကျွန်တော် အလွန်မုန်းလှသည်။ သင်တန်း လာတက်တာလား။ စကားလာများတာလားဆိုတာ သူတို့ကိုယ်သူတို့ သိဟန်မတူပါ။
            သင်တန်းမှာ စာမေးပွဲဟူ၍ သီးသန့်မရှိ။ သို့သော် သင်ခန်းစာတိုင်း စာတမ်း (assignment) တင်ရသည်။ သင်လိုက်သော သင်ခန်းစာများကို လက်တွေ့ ပြန်လုပ်ခိုင်းခြင်းဖြစ်၏။ စာတမ်း စုစုပေါင်း ၉ စောင် တင်ရသည်။ သည်စာတမ်းများကို သင်တန်းပြီးသွား တော့မှ တစ်လအချိန်ယူကာ ရေးပြီးတင်ရခြင်းဖြစ်၏။ သို့သော် သင်တန်းမပြီးခင်ကတည်းက ကြိုရေးကြရသည်။ သို့မှသာ အချင်းချင်း တိုင်ပင် ညှိနှိုင်းလို့ရမည် မဟုတ်ပါလား။ ထို့ပြင် အတန်းထဲ၌လည်း group discussion များလုပ်ရသည်။ 
            သူများရေးထားတာ ပုံတူကူးချတာ ကျွန်တော် ၀ါသနာမပါပါ။ အခြားသူများ၏ စာတမ်းဟောင်းများကို နမူနာမျှသာကြည့်ပြီး အလုပ်ထဲမှ တကယ့်အတွေ့အကြုံများကို အခြေခံလျှက် ကိုယ့်ဟာကိုယ် ရေးတာဖြစ်ပါသည်။ ကျွန်တော် - င်ခေါင်းကျယ်ပြောတာ မဟုတ်ပါ ခင်ဗျား။ ကျွန်တော်တို့အခန်း၌ လူအစိတ်ရှိသည့်အနက် ကျွန်တော့် စာတမ်းများကို အကောင်းဆုံးဟု အတန်း ကိုအော်ဒီနေတာဖြစ်သူ တန်ပိုဆင်းက ပြောပါသည်။ ကျွန်တော်တို့နောက်အတန်းမှ လူများအား ကျွန်တော့်စာတမ်းများကို ရှာလျှက် ရေးပုံရေးနည်း နမူနာတောင်း ရန် ပြော၏။
            သည်ကိစ္စများကို သူများပြန်ပြောပြလို့ သိရတာ ဖြစ်ပါသည်။ ကျွန်တော်တို့ အီးစီစီ ပရောဂျက်မှ ထိုသင်တန်းသို့ သွားတက်နေသူ ဂျေဗီမှ safety နှစ်ယောက်ရှိ၏။ သူတို့က ကျွန်တော့်ဆီ စာအုပ်များလာတောင်းရင်း ပြန်ပြောပြတာ ဖြစ်ပါသည်။ သို့သော်လည်းပေါ့လေ။ soft copy များ ပေးရလောက်အောင်တော့လည်း ဘယ်သဘောကောင်းနိုင်လိမ့်မတုံး။ သူတို့ကို ကျွန်တော် ပရင့်ထုတ်ထားသော စာအုပ်များ ပေးလိုက်၏။ ကြိုက်သလောက်ကူး။ ကြိုက်သလိုကူးချ။ ဘာပြဿနာမှ မရှိ။ ကျွန်တော်က သင်တန်းပြီးလာခဲ့ပြီမဟုတ်ပါလား။
             တစ်နေ့တွင် အတန်းထဲမှ ကုလားလေးတစ်ယောက်က ကျွန်တော့်စာတမ်းတစ်စောင်ကို တောင်းလျှက် ခဏကြည့်ပြစေ ဆို၏။ ကြည့်ပေါ့။ ဘာအပန်းကြီးတာလိုက်လို့။ ကျွန်တော် အသာတကြည်ပင် ပေးလိုက်ပါသည်။ သို့သော် ကိုယ်တော်က အိမ်သာသွားသလိုလို ဘာလိုလိုနှင့် အတန်ကြာပျောက်သွား၏။ ကျွန်တော့်စိတ်ထဲမှာ သည်ကုလားကို မသင်္ကာ။ ထို့ကြောင့် သူ့ခုံနားပြောင်းထိုင်ကာ အကဲခတ် နေလိုက်သည်။ အတော်ကြီးကြာမှ ပြန်လာ၏။ ကျွန်တော့်စာအုပ်ကို ကော်ပီသွားကူးခြင်း ဖြစ်သည်။ ကျွန်တော့်စာအုပ်ကို လက်က ကိုင်လာလျှက် ကူးလာသည့်ကော်ပီများကိုမူ အင်္ကျီထဲ ထည့်ယူလာ၏။ အတန်းခေတ္တနားသော် ကျွန်တော် သူ့အနားတိုးသွားပြီး သူ အင်္ကျီ ထဲမှထုတ်ပြီး ခုံထဲတွင်ဝှက်ထားသည့် စာရွက်ထုပ်ကိုပြလျှက် အဲဒါတွေ ငါခဏကြည့်လို့ရမလား ဆိုလေသော် ကုလားလည်း မျက်စိမျက်နှာ ပျက်လျှက် ထုတ်ပေးလေ၏။
            အလဲ့ကွယ်၊ ဒါ ငါ့စာအုပ်ကို မင်းကော်ပီခိုးကူးထားတာပါလား ဟု မျက်နှာကြောတင်းတင်းနှင့် မေးလေသော် ငါ၊ အိမ်သာသွားရင်း ကြုံလို့ကူးလာတာပါကွာ ဆိုလေ၏။ ဒီမယ်ကိုယ့်လူ၊ အိမ်သာနားမှာ ဘယ်မိတ္တူစက်မှလည်း ငါမတွေ့ပါလား။ မင်းလိုချင်သပဆို ငါ့ဆီ ခွင့်တောင်းပြီး ကူးလို့ရတယ်။ ငါ့အနေနဲ့ မပေးနိုင်စရာ ဘာရှိမလဲ။ ခုလို ခိုးကြောင်ခိုးဝှက်လုပ်တာတော့ ငါမကြိုက်ဘူးလကွ ဟု ဆိုကာ အခြားသူများဝိုင်းကြည့်နေသည့် ရှေ့မှာပင် ကျွန်တော် စာရွက်များအားလုံးကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆွဲဆုတ်လိုက်ပစ်လိုက်၏။
            သင်တန်းသား ၂၅ ယောက်အား အဖွဲ့ ၅ ဖွဲ့ ဖွဲ့ပေးထားရာ ကျွန်တော်တို့အဖွဲ့မှ သူများတောင်းလာသည့်အခါတွင်လည်း ကျွန်တော် soft copy ကို အီးမေးဖြင့် ပို့ပေးခဲ့တာချည်း ဖြစ်ပါသည်။ သို့သော်လည်းပေါ့လေ အကုန်တော့ ဘယ်ပေးနိုင်မတုံး။ သုံးပုံတစ်ပုံလောက် ဖြုတ်လျှက် သုံးပုံနှစ်ပုံလောက်သာ ပေးခြင်းဖြစ်၏။ အကုန်ပေးလိုက်လို့ တစ်လုံးမကျန် သူတို့အကုန်ကူးချရင် အလကားနေရင်း ကိုယ်က သူတို့ဆီက ခိုးချသူ ဖြစ်သွားပေလိမ့်မည်။ သည်လောက်တော့လည်း အလိမ္မာသုံးမှပေါ့။
            သည်နေရာတွင် တစ်ခုပြောစရာရှိပါသည်။ သည်စာတမ်းရေးတာ ဘာမှမခက်ပါ။ သူ့ပုံစံ (format) ချပေးထားပြီး ဖြစ်၏။ ကိုယ်က ကိုယ့်လုပ်ငန်းနှင့် လိုက်ဖက်မည့်အရာများ ထည့်သွားရုံသာဖြစ်ပါသည်။ သည်လိုရေးတတ်ဘို့အတွက် လက်တွေ့ဗဟုသုတ (Technical knowledge) ရှိထားဘို့လိုသည်။
            ကျွန်တော်က သည် ဖိုက်ဘာပိုက်လုပ်ငန်းတွင် ဆယ်နှစ်လောက်လုပ်လာတာ။ နောက်ပြီး အောက်ခြေသိမ်း အကုန်လုပ်ရတာ ဆိုတော့ လုပ်ငန်းတစ်ခုလုံး၊ အစအဆုံး ကျွမ်းကျွမ်းကျင်ကျင် တတ်သည်။ သည်တော့ သည်စာတမ်းများရေးတာ ကျွန်တော့်အတွက် ဘာမှ မခက်။ ကိုယ်သိထားတာတွေ ထည့်ရေးလိုက်ရုံဖြစ်၏။
            သို့သော် သည်သင်တန်းကိုလာတက်သူက လူပေါင်းစုံ။ အချို့က အိယောင်ဝါး safety ဖြစ်ပြီး ဘာလုပ်ငန်းခွင် ဗဟုသုတမှ ရှိတာ မဟုတ်။ သူများလုပ်တာကို မြင်ဖူးရုံ၊ ကြားဖူးရုံဖြစ်၏။ တကယ်ထဲထဲဝင်ဝင် ရေးရမည်ဆိုတော့ ဘာကို ဘယ်ကစကိုင်ရမှန်းမသိ။ တချို့ကျ တော့ Safety Officer ဖြစ်ချင်လို့ လာတက်တာမဟုတ်။ ဘာတွေသင်သလဲဆိုတာ လာစပ်စုခြင်း၊ သို့မဟုတ်ပါကလည်း အရေးအကြောင်းရှိ Safety Officer လိုင်းထဲ ၀င်တိုးလို့ရအောင်၊ ထမင်းစားလက်မှတ်တစ်ခု ရရေးအတွက် လိုရမယ်ရ လာတက်ထားခြင်းဖြစ်သဖြင့် စာတွေ့နှင့် လက်တွေ့ကို မဟပ်စပ်တတ်။
            သို့မို့ကြောင့် ကျွန်တော့်စာတမ်းများ ကောင်းသည်ဆိုခြင်းမှာ ကျွန်တော် တော်လွန်းလို့မဟုတ်ဘဲ အနူတော လူချောဖြစ်ရခြင်းသာ ဖြစ်လေသည်။ ကျွန်တော့်အနေနှင့် သည်အပေါ် ဘာမှ မာနတက်၊ ဂုဏ်မောက်နေစရာမရှိပါ။ ကျွန်တော့်ထက်တော်သူတွေ အများကြီး ရှိပါသည်။
            သည်သင်တန်းမှ ကျွန်တော် အတော်လေး ဗဟုသုတရခဲ့ပါသည်။ ယခင်က မသိသေးသည်များ အများကြီးပိုသိလာရ၏။ ဤသင်တန်းတက်လိုက်တော့ အလုပ်အတွက် အများကြီး အထောက်အကူရလေသည်။ ဤကဲ့သို့သင်တန်းများတက်ခြင်းအတွက် ကျွန်တော် ကုမ္ပဏီမှ ပိုက်ဆံမတောင်းပါ။ သူတို့ အထောက်အပံ့ကို မလိုချင်၍ ဖြစ်၏။ မဖြစ်ညစ်ကျယ် ပိုက်ဆံနှင့် ကြီးကြီးကျယ်ကျယ် ပြောတာတွေ မကြားချင်ပါ။ သည်သင်တန်းကို အကြောင်းပြပြီး ဟိုဟာလက်မှတ်ထိုးခိုင်း၊ သည်ဟာ လက်မှတ်ထိုးခိုင်း ဆိုတာတွေ မလိုချင်ပါ။ တစ်ခါသေဖူး၊ ပျဉ်ဘိုးနားလည် ဆိုသည့်အတိုင်း ပီအာလျှောက်တုံးက မရင်းတက္ကနစ်မှ ဘာမှမဟုတ်သည့် စာတစ်စောင် တောင်းမိသည့် အတွက် သုံးနှစ်စာချုပ်ချုပ်ပြီး သုံးလစာ လျော်လိုက်ရပြီးကတည်းက အတော်လေး နောင်ကြဉ်သွားခဲ့ပြီ။        
            ၆ လသင်တန်းဆိုတော့ အကြာကြီးထင်ရသည်။ သို့သော်လည်း အချိန်တန်တော့ ပြီးသွားရသည်သာ ဖြစ်၏။ သို့နှင့် ထမင်းစား လက်မှတ်တစ်စောင်ရလာသည်။ သည်လက်မှတ်နှင့် ထမင်းစားလို့မရသေး။ MOM တွင် Safety Officer လိုင်စင် လျှောက်ရသေး၏။ Safety Officer လိုင်စင်လျှောက်ဘို့က လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၂ နှစ်ရှိရသည်။ သို့သော် ကျွန်ုပ်တွင် ဘာ safety အတွေ့အကြုံမှမရှိ။ သည်အကြောင်း ကျွန်ုပ်က ကျွန်ုပ်တို့ ကုမ္ပဏီမှ Safety Officer လေး ရှေ့တွင် ငြီးလေသော် - မင်း စူပါဗိုက်ဆာလုပ်တုံးက အလုပ်သမားတွေရဲ့ safety ကို လုပ်မပေးရဘူးလား။ အဲဒါတော့လည်း လုပ်ပေးရတာပေါ့။ အဲဒါဟာ မင်းရဲ့ safety အတွေ့အကြုံပဲပေါ့လကွ၊ ခက်လိုက်ပါဘိမောင်ရာ ဟု ပြောတော့မှ ကျွန်ုပ်လည်း မ၀ံ့မရဲဖြင့် ထိုမဖြစ်ညစ်ကျယ် အတွေ့အကြုံကလေးများကို အတင်းဖြစ်ညှစ်လျှက် ရှောမွေးကို ဗာရာဏသီချဲ့ရလေတော့၏။
            ကိုနွယ်ဝင်းက သူ Safety Officer တင်တုံးက လျှောက်လွှာကို ပေးသည်။ ဤသည်ကိုနမူနာယူလျှက် ကျွန်တော်လည်း ပြင်ရ၏။ သူက စင်ကာပူရောက်ပါပြီ ဆိုကတည်းက safety လုပ်လာတာ။ လုပ်သက်က ဆယ်နှစ်တောင်မကတော့။ safety နှင့်ပတ်သက်သည့် လက်မှတ်များမှာလည်း စင်ကာပူမှာရှိသမျှ safety သင်တန်းလက်မှတ် အကုန်လုံးနီးပါးရထားလေသူ ဖြစ်လေတော့ သူရေးထားသည်များမှာ ရွှန်းရွှန်းဝေနေလေ၏။
            ကျွန်ုပ်မှာမူ ဘာမှရေရေရာရာ ပြစရာရှိတာမဟုတ်။ ခုနင်က လျှောမွေးကို ဗာရာဏသီချဲ့ထားသော တစ်နည်းအားဖြင့် လုပ်ဇာတ် များသာ ဖြစ်လေရာ ကိုယ့်ဘာသာကိုယ် မျက်နှာငယ်ရပါ၏။ သို့သော်လည်း ကံကလေးက လိုက်လေတော့ လျှောလျှောရှူရှူ ကျလာလေ သည်။ ဒါတောင် သင်တန်းပြီးပြီးချင်း လျှောက်ဖြစ်တာမဟုတ်။ စိတ်လည်း သိပ်မပါသဖြင့် အချိန်ဆွဲနေလေရာ ၂၀၀၉ မတ်လကျမှ လျှောက်တာ ဖြစ်ပါသည်။
            လက်မှတ်ရပြီဆိုတော့ Safety Officer အလုပ်ကလေး ဘာလေးရှာကြည့်ပါသေး၏။ သို့သော် အမှန်ပြောရလျှင် ကိုယ်တစ်ခါမှ မလုပ်ဖူးသည့် အစိမ်းသက်သက်အလုပ်ဖြစ်နေသဖြင့် အလိုလိုသွေးလန့်နေကာ အလုပ်ရှာခြင်းကို ဖိဖိစီးစီး လုပ်တာမဟုတ်။ သွေးတိုး စမ်းသည့် အနေနှင့်သာ ရှာခြင်းဖြစ်သဖြင့် အဘယ်မှာလျှင် အလုပ်ရပါမည်နည်း။ ထိုအခါ လက်လျှော့လိုက်ကာ နဂိုရှိပြီးသား Union Alloy တွင်ပင် ဆက်ကာ နှပ်နေလိုက်သည်မှာ ၂ နှစ်ကြာသွားလေ၏။
            ယူနီယမ်အလွိုင်းမှာလည်း ဘာအလုပ်မှ မယ်မယ်ရရ မရှိသေး သည်နှင့် ၂၀၀၉ ခု၊ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ရန်ကုန် ပြန်လိုက်တာ ၂ လ ကြာသွားသည်။

၁၂၆။ မွေးရပ်မြေသို့ အလည်ပြန်ခြင်း

လူဟူသည် အစွဲရှိရာ မိမိမွေးခဲ့သည့်၊ ငယ်စဉ်ကနေခဲ့သည့် အရပ်ကို မမေ့တတ်ကြ။ ထို့ကြောင့် အခွင့်ရတိုင်း ကျွန်တော် ရွာပြန်လေ့ရှိပါသည်။ ယခင်ကမူ ကျွန်တော့်အဖေနှင့် အမေဘက်မှ ဆွေမျိုးအရင်းအချာများ တော်တော်များများရှိ၏။ ယခုတော့ အသက်များကြီးကာ သေကြေပျက်စီးကုန်ကြသည်နှင့် ကျန်ကောင်းကျန်ရာသာ ကျန်ပါတော့သည်။ ၎င်းတို့၏ သားမြေးအဆက်အနွယ်များ အနက် ကျွန်တော်နှင့်ရွယ်တူ၊ သို့မဟုတ် အနည်းငယ် အသက်ငယ်သူများကိုသာ သိတော့သည်။
ကျွန်တော် အသက်ဆယ်နှစ်သား၊ လေးတန်းအောင်ကတည်းက ရွာမှခွာကာ တစ်နယ်တစ်ကျေးသို့ ကျောင်းသွားတက်ရသည်။ ကျောင်းပိတ်ရက်များမှသာ ရွာပြန်ရောက်၏။ ကျောင်းပြီးစနှစ်များတွင် အလုပ်ရှာရင်း ရန်ကုန်၌သာ အနေများသည်။ အလုပ်ရပြန်တော့ မိသားတစ်စုလုံး ရေဆင်းသို့ ပြောင်းရွှေ့နေထိုင်ကြသဖြင့် ရွာသို့ ရောက်ဖြစ်သည့်တိုင် အရောက်အပေါက် နည်းသွားပါသည်။
အဖေကြီးကတော့ ကျွန်တော်ရေဆင်းရောက်မှ လိုက်နေတာဖြစ်သဖြင့် အသက် ၅၅ နှစ် ကျော်သည်ထိ ရွာတွင်နေခဲ့သည်ဖြစ်ရာ တစ်ပြည်ရပ်ခြားတွင် နေရသည်ကို မပျော်ပိုက်။ မကြာခဏပြန်လေ့ရှိ၏။ ယခု အသက် ၈၀ နားနီးနေသည့်တိုင် မကြာခဏ ပြန်ချင်သည်။ သို့သော် လူကြီးဖြစ်ပြီဆိုတော့ အရမ်းသွားလို့လာလို့ မကောင်းတော့။ ကျန်းမာရေးက စကားပြောလာပြီ။ ယခင်တစ်ခေါက် ပြန်စဉ်က ရွာမှ ရန်ကုန်သို့ပြန်လာစဉ် လမ်း၌ကားပျက်သဖြင့် နေပူပူ၊ ဖုံထူထူတွင် ၃ နာရီခန့်နေရလေရာ အိမ်ပြန်ရောက်တော့ မူးမေ့သွားသဖြင့် မနည်း ဆေးကုယူရသည်။ ထို့ကြောင့် အဖေကြီးရွာပြန်သည့်အခါ တစ်ယောက်ထဲမလွှတ်ဘို့၊ သာယာဖြစ်ဖြစ် တစ်ယောက်ယောက်ကို လိုက်ပို့ခိုင်းရန် မမကိုမှာထားရ၏။
 အဖေကြီ။ကဲ့သို့ပင် ကျွန်တော်လည်း မြန်မာပြည်ပြန်သည့်အခါ ရွာဘက်သို့ တစ်ခေါက်တကျင်းတော့ သွားချင်မြဲဖြစ်၏။ ကိုယ်တတ်နိုင်သမျှကလေး ပေးရင်းကမ်းရင်း၊ သူတို့တွေ ဘယ်လိုနေကြစားကြသည်ကိုလည်း တွေ့လို၊ မသေမပျောက် ကျန်သေးသော ဆွေမျိုးသားချင်းများနှင့်လည်း တွေ့ဆုံကာ စကားစမြည်ပြောလိုသည်။ နောက်ပေါက် ကျွန်တော့်တူ၊ တူမများ၊ မြေးများကိုလည်း မှာစရာ၊ ထားစရာများလည်း ပြောရင်းဖြစ်၏။
မွေးရပ်မြေသို့ ပြန်မရောက်သည်မှာ ၆ နှစ်ကျော်ပြီ။ နှစ်ပေါင်းများစွာ ကွဲကွာနေသည့် ကိုယ့်မြေ၊ ကိုယ့်ရေသို့ ပြန်ရောက်ရခြင်းမှာ အရသာထူးတစ်မျိုးဖြစ်၏။ တောမှာ မမွေးဖူးသူ၊ ရွာမပြန်ဖူးသူများအနေနှင့် သည်စကားကို နားလည်ခံစားတတ်မည် မဟုတ်ပါ။ မြို့ရောက် နေသည့် တောသားစစ်စစ်များသာ သိပါလိမ့်မည်။
သို့နှင့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့၊ နံနက် ၄ နာရီတွင် နာနတ်တောလမ်းထိပ်မှ စောင့်ကာ ရွှေဒိုးလေးကားကိုစီးသည်။ နံနက် ၆ နာရီခွဲတွင် ဒဂုံ-ဧရာ အဝေးပြေးစခန်းမှ စတင်ထွက်ခွာခဲ့၏။ လမ်းပြင်နေသည့် ရာသီမို့လား မပြောတတ်။ လမ်းပိုင်းတော်တော် များများကို ပြင်ရန် ပြင်ဆင်နေသည်ကို တွေ့ရသည်။ ထိုပြင်နေသော လမ်းများမှာ ကျောက်ကြမ်းများချည်းရှိသဖြင့် ကားမှာ အမြန်မောင်း၍ မရသလို၊ ချိုင့်လည်း အလွန် ချိုင့်လှ၏။ ချိုင့်ခွက်ကင်းသော ကတ္တရာလမ်းဟူ၍ အနည်းငယ်မျှသာ ရှိသည်။
ကားမှာ အဲယားကွန်းကား မဟုတ်ဘဲ မှန်ဖွင့်ကားဖြစ်သဖြင့် ဖုံများကို တောက်လျှောက် ရှူနေရသည်။ ဤမျှဖုံထူသော လမ်းတွင် အဲယားကွန်းဖွင့်ရန်လည်း မဖြစ်နိုင်ပါ။ လမ်းတွင်တွေ့သမျှ ခရီးသည်များကို တင်လိုက်ချလိုက်နှင့်ပင် နေ့လည် ၁ နာရီ ခန့်တွင် လယ်တံငယ် လမ်းဆုံသို့ ရောက်တော့၏။ ကြိုတင်ဖုံးဆက် မှာထားသဖြင့် ရွာမှ မော်တော်ဆိုင်ကယ် သုံးစီး လာကြိုနေပါ သည်။ ဆိုင်ကယ်များနှင့် ခရီးဆက်ခဲ့ရာ မိနစ် ၂၀ ခန့်မျှ မောင်းလျှင်ပင် ရွာသို့ရောက်တော့သည်။
စကားစပ်၍ ပြောရလျှင် ကျွန်တော်တို့ရွာ ဆိုသည်မှာ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ဝေးလံသီခေါင်လှသော နယ်စပ်တစ်နေရာမှ ၀ါတောကွင်းရွာကလေး ဖြစ်၏။ ကျွန်တော်တို့ရွာ၏ ဟိုမှာဘက်၌ မည်သည့်ရွာမှမရှိတော့။ ရွာမှနေ၍ တစ်ညဥ့်အိပ်မျှ ရခိုင်ရိုးမကို ကျော်ချလိုက်လျှင် ရခိုင်ပြည်နယ်၊ ဂွမြို့သို့ ရောက်တော့သည်။
ကျွန်တော်တို့ငယ်စဉ်ကမူ ရန်ကုန်သွားဘို့အရေး ဆိုသည်မှာ ယခုခေတ် စင်ကာပူသို့သွားဘို့ထက် ခဲယဉ်းသေးသည်။ လမ်းပမ်း ဆက်သွယ်ရေး ခက်ခဲလှသဖြင့် ဟင်္သာတသို့ပင် ရောက်ဖူးသူ သိပ်မရှိ။ ရန်ကုန်သို့ လေးမျက်နှာဘက်မှ သွားမည်ဆိုပါစို့။ ရွာမှ နံနက် စောစောထကာ လေးမျက်နှာသို့ ကုန်းကြောင်းလျှောက်ရသည်။ လေးမျက်နှာသို့ နွေဘက်တွင် လှည်းဖြင့်လာလို့ရသည်။ မိုးတွင်းဘက်တွင် လယ်တံငယ်ထိ ခြေလျင်လျှောက်။ ထိုကမှတစ်ဆင့် လှေစီးကာ လေးမျက်နှာသို့လာ။
ဝါးတောကွင်းမှ လေးမျက်နှာထိ ၁၄ မိုင်ဟု ဆိုသည်။ ခြေလျင်လာလျှင် လေးနာရီကျော်လျှောက်ရသည်။ ခြေလျင်လမ်း ဆိုသော်ငြား လမ်းသီးသန့်ဟု ရှိသည်မဟုတ်။ လယ်ကန်သင်းပေါင်များပေါ်မှ လျှောက်ရခြင်းသာ ဖြစ်သည်။ လေးမျက်နှာမှ နံနက် အစောပိုင်းထွက်သော မော်တော်တစ်စီးသာရှိရာ လေးမျက်နှာရောက်လျှင် ချက်ခြင်း ခရီးဆက်၍မရ။ ညအိပ်စောင့်ရသည်။ ထိုမှ နံနက် လေးနာရီခန့်ထွက်သော ပဲ့ထောင်မော်တော်ကိုစီးကာ အိုင်သပြုသို့လာ။ မော်တော်စီးချိန် တစ်နာရီကြာ၏။
အိုင်သပြုရောက်လျှင် ဆိပ်ကမ်းမှ ကားဂိတ်သို့ အပြေးအလွှားလာလျှက် ဟင်္သာတသို့ပြေးဆွဲသော ကားကို အတင်းအလုအယက် တက်စီး။ ကားဆိုသော်ငြား လူစီးကားတော့ မဟုတ်ပါ။ ဟိုး ယခင် စစ်အတွင်းက သုံးခဲ့သော ယာဉ် သုံးတန်၊ ကုန်သုံးတန် ဟူသည့် ဆန်တင်ကားများ ဖြစ်ပါ၏။ မဝေးလှသောခရီးပင် ဖြစ်လင့်ကစား ဟင်္သာတသို့ နှစ်နာရီခွဲမှ သုံးနာရီကြာအောင် မောင်းရပါသည်။
ဟင်္သာတရောက်ပြန်သော် သင်္ဘောဆိပ်သို့သွားမည့် ကားဂိတ်ဆီ သုတ်ခြေတင်ရပြန်ပါသည်။ ဟင်္သာတမြို့နှင့် သင်္ဘောဆိပ်ကြား သောင်ပြင်ကြီးခံနေရာ ထိုသောင်ပြင်ကိုဖြတ်ကာ ကားစီးရပါသေး၏။ ထို့နောက် သင်္ဘောစီးပြီး သာရဝေါသို့လာ။ သင်္ဘောကလည်း တစ်နာရီလောက် မောင်းရသည်။ သင်္ဘောဆိုက်ပြီဟေ့ ဆိုသည်နှင့် လူမှန်းမသိ၊ သူမှန်းမသိ အတင်းတို့ဝှေ့ဆင်းကြကာ နောက်မှ ကျားလိုက်လာသည့်အလား မီးရထားဘူတာသို့ လက်မှတ်တန်းစီရန် ဒရောသောပါး ပြေးကြပါ၏။ မည်မျှပြေးသည် ဖြစ်စေ မောင်ပြေးပင် ဖြစ်ပါ၏။
ကျွန်တော်ပြေးခဲ့သည့် ကာလတစ်လျှောက်လုံး ထိုင်ခုံလက်မှတ်ရသည်ဟု မရှိခဲ့ဖူးပါ။ အနို့ ရထားထွက်ကာနီး နာရီပိုင်းမှ ရောက်လာသည့် ကျွန်တော်တို့အတွက် အဘယ်မှာလျှင် ထိုင်ခုံကျန်နိုင်ပါအံ့နည်း။
သက်ပြင်းမောကြီးကို ၀ှူးကနဲချပြီး ရထားကြမ်းပြင်ပေါ် ထိုင်ချလိုက်သည့်ခဏ နေ့လည် ၁ နာရီခန့်တွင် သာရဝေါဘူတာမှ စတင်၍ ရထားထွက်ပါသည်။ လက်ပံတန်း၊ တိုက်ကြီး၊ သုံးဆယ်၊ သာယာဝတီ စသော ဘူတာများကို အစဉ်လိုက်ဖြတ်ပြီး ည ၇ နာရီခန့်တွင် ကြည့်မြင်တိုင်ဘူတာသို့ ရထားဆိုက်ပါသည်။
အထုပ်အပိုးများနှင့် မော်တော်ပေါ်မှပြေးဆင်း၊ ကားပေါ်အပြေးတက်။ တစ်ခါ သည်ကားမှ ဟိုကားသို့ပြေး စသဖြင့် ခရီးစဉ် တစ်လျှောက်လုံး ပြေးလွှားနေရသော ကျွန်တော်တို့၏ ဒုက္ခကို တွေးကြည့်ရုံနှင့်ပင် မောလှပါသည်။ ကျွန်တော်ရန်ကုန်တွင် ကျောင်းတက်စဉ် ၅ နှစ်တာ ကာလတစ်လျှောက်လုံး ဤနည်းနှင်နှင်ပင် ပြေးလွှားခဲ့ရတာ ဖြစ်ပါသည်။
ဟော၊ ယခုတော့ လွယ်ပါဘိ။ တိုင်းသူပြည်သားများအပေါ် ထားရှိသော နိုင်ငံတော်အစိုးရ၏ အလွန်ကြီးမားလှသော စေတနာ ကြောင့် လမ်းပမ်းဆက်သွယ်ရေးများ လွယ်ကူချောမွေ့နေပြီ။ လိုင်းကားများလည်း ပြေးနေပြီ။ ထို့ကြောင့် ရွှေဒိုးလေးဟူသည့် ကွင်းကောက် ကားကို လှမ်းဖုံးဆက်ကာ ကားလက်မှတ်ဖြတ်။ နာနတ်တောလမ်းထိပ်တွင် လူတစ်ယောက် တက်မည်ဖြစ်ကြောင်း အကြောင်းကြား။ နောက်နေ့နံနက် ၄ နာရီကျော်လောက် လမ်းထိပ်ထွက် စောင့်။ ကားလာတော့တက်လိုက်။ နောက် ဒဂုံ-ဧရာ အဝေးပြေးကွင်းမှ နံနက် ၆နာရီခွဲ ထွက်သော ကားဖြင့်လိုက်လာ၊ ရွာသို့ နေ့လည် ၂ နာရီခန့်တွင် မပင်မပန်းပဲ ရောက်ရှိ။ ထို့ပြင် ရွာမှ ရန်ကုန်သို့ လာလိုသည် ဖြစ်အံ့။ နေ့စဉ်သွားနေသော လူကြုံဖြင့် ကွင်းကောက်သို့ ကားလက်မှတ် ကြိုမှာလိုက်။ နောက်နေ့မနက် သုံးနာရီခန့်ထကာ ကားလမ်းမလာပြီး ကားစောင့်စီး။ ရန်ကုန်သို့ နေ့လည် ၁ နာရီ မတိုင်မီရောက်။ ဘာမှ ပင်ပန်းစရာမလို။ အဆင့်ကို ပြေလို့။

၁၂၇။ ရွာမှ လူငယ်၊ လုံမငယ်များအား စကားပြောခြင်း

ရွာထဲသို့ ၀င်လိုက်သည်နှင့် အတော်စိတ်ပျက်မိ သွားပါသည်။ ရွာမှ အိမ်များမှာ တဖြည်းဖြည်းနှင့် ပိုပြီးစုတ်သထက် စုတ်လာ၏။ ကျွန်တော်တို့ ငယ်စဉ်ကမူ ရွာတွင် အိမ်ခြေမှာ ၂၅၀ ခန့်မျှသာရှိပြီး သွပ်မိုး၊ ပျဉ်ထောင်။ ၁၆ လုံး အိမ်ကြီးရခိုင်များ အတော်များ၏။ သွပ်များမှာလည်း ပြောင်ပြောင်လက်လက်ရှိကာ၊ ပျဉ်ထောင်နံရံများမှာလည်း ရေနံချေးဝလျှက် ခန့်ခန့်ငြားငြားရှိ၏။ အိမ်တိုင်းလိုလိုမှာ ခြံနှင့်ဝင်းနှင့်။ ခြုံနွယ်ပိတ်ပေါင်းများ ကင်းလျှက်။ အိမ်တစ်ခြံရာလျှင် အိမ်ကြီးတစ်လုံး၊ မီးဖိုဆောင် တစ်ဆောင်၊ နွားတင်းကုပ်တစ်ခုတော့ ရှိမြဲ။
ယခုမူ ယခင်က သွပ်မိုးပျဉ်ထောင် အိမ်ကြီးတစ်ဆောင်နေရာတွင် အင်ဖက်မိုး၊ ထရံကာအိမ်ကလေး နှစ်လုံးစီ နေရာယူထားတာ တွေ့ရ၏။ ကျန်ရှိနေသေးသော အိမ်ကြီးများမှ ပျဉ်ထောင်နံရံများမှာလည်း ဖြူယော်မွဲခြောက်လျှက်နေသည်ကို ကြည့်ခြင်းဖြင့် ရေနံချေးနှင့် ဝေးခဲ့သည်မှာ အတော်ကြာနေပြီမှန်း ခန့်မှန်း၍ရပါသည်။ အိမ်ခြံစည်းရိုးများမှာလည်း ကျိုးသည့်နေရာက ကျိုး၊ ပေါက်သည့်နေရာက ပေါက်။
ခရီးရောက်မဆိုက် မူလတန်းလွန်ကျောင်းသို့ သွားကြည့်ရာ ပိုဆိုးပါတော့၏။ အတော့်ကို စိတ်ကုန်သွားပါသည်။ ကျောင်းအကာ များ ပြိုပျက်ကျနေသည်မှာ သာလာယံ ဇရပ်ထက်ပင် ဆိုးသေး၏။ ထို့ထက် ဆိုးသည်မှာ မူလတန်းကျောင်း ဖြစ်ပါ၏။ ကလေးငယ်များမှာ အုတ်ခဲကျိုးများပေါ် ဖင်ခုထိုင်ကာ ဖုံတသောသောနှင့် စာသင်နေတာ တွေ့ရပါသည်။
ရွာဘုန်းကြီး၏ ဆန္ဒဖြင့် ရွာသားများမှာ စေတီများ တစ်ဆူပြီးတစ်ဆူ တည်လာနေလိုက်ကြသည်မှာ ရွာအတွင်း၊ ဘုန်းကြီးကျောင်း ထဲ၌ တစ်ဆူ၊ ရွာထိပ်တွင် တစ်ဆူတည်ပြီးခဲ့ပြီ။ ယခု နောက်ထပ်တစ်ဆူကို ရွာနှင့်မလှမ်းမကမ်း တောင်ပေါ်တွင်တည်ရန် အလှူခံလျှက်ရှိ၏။ ရွာသို့အလာလမ်းတွင် တူတော်မောင်များ ပြသဖြင့် စေတီတည်နေသော လုပ်ငန်းခွင်ကိုလည်း တွေ့ခဲ့ရပါသည်။

မူလတန်းလွန်ကျောင်းကို ထရံကာမည် ဆိုပါက ငွေတစ်သိန်းမျှပင် မကုန်ပါ။ မူလတန်းကျောင်းတစ်ကျောင်းလုံး ၀ါးထရံခင်းမည် ဆိုပါကလည်း နှစ်သိန်းထက် မပိုနိုင်ပါ။ ဆိုလိုသည်မှာ ငွေသုံးသိန်းလောက် စုနိုင်လျှင် ထိုနှစ်ကျောင်းစလုံး အကာရော အခင်းပါ ကောင်းကောင်း ရသွားနိုင်ပါသည်။ အိမ်ခြေလေးရာမျှရှိသော ရွာကြီးတစ်ရွာအနေနှင့် ငွေသုံးသိန်းဆိုသည်မှာ မဖြစ်နိုင်သော ပမာဏ မဟုတ်။ (စကားစပ်၍ ပြောရလျှင် ရွာတွင် မော်တော်ဆိုင်ကယ် အစီးရေ ၃၀ ခန့်ရှိပါသည်။ သို့ဖြစ်ရာ ကျောင်းအတွက် ငွေသုံးသိန်း စုလို့ မရနိုင်စရာမရှိပါ။သည်လို လုပ်ရကောင်းမှန်းမသိ၍သာ မလုပ်ကြခြင်း ဖြစ်ပါသည်။)


“အမိုးကသွပ်။ မျက်နှာကျက်မရှိတော့ မပူဘူးလား” ဟု ကျွန်တော်က မေးသဖြင့် “ပူတာ ဘယ်ပြောကောင်းမလဲ အစ်ကိုရယ်” ဟု ကျောင်းမှ ဆရာကလေးကဆိုလေရာ ကိုင်း၊ ဒါဖြင့် ဟောဒီ တစ်ကျောင်းလုံးကို မျက်နှာကျက်လုပ်ရင် ဘယ်လောက်ကုန်မလဲ၊ တွက်စမ်း ဟု တွက်ခိုင်းသော် ငါးသောင်းခြောက်ထောင် ဟု ဆို၏။ “ကဲ ကိုယ့်လူ၊ မျက်နှာကျက်အတွက်တော့ ကိုယ်လှူခဲ့မယ်” ဟု ကျသမျှပိုက်ဆံပေးပြီး မျက်နှာကျက် လုပ်ခိုင်းလိုက်ပါသည်။

ဘုရားများတစ်ဆူပြီးတစ်ဆူတည်နေပြီး ကိုယ့်ကလေးများ အုတ်ခဲကျိုးပေါ်ဖင်ခုထိုင်ကာ စာသင်နေရသည်ကို သည်အတိုင်း ကြည့်နေနိုင်သော ထိုသူများအစား ကျွန်တော်ဖြင့် ရှက်လှပါသည်။ ကျွန်တော်က သူတို့ကို “အသိပညာ” မရှိလို့ သည်လို ဖြစ်နေရတာပဲ
- ဟု ပြောခဲ့၏။
“မင်း ရောက်တုံးရောက်ခိုက် ဒီက ကောင်လေး၊ ကောင်မလေးတွေကို စကားလေးဘာလေး ပြောပါဦးကွ” ဟု ဦးလေးဝင်းမြင့် က ဆိုလေသော် ဒါဖြင့် လူစုလိုက်လေ၊ တစ်ရွာလုံးတော့ မဟုတ်ဘူး။ ကျွန်တော်ပြောတာ နားလည်နိုင်မဲ့ သူလောက်ပဲပေါ့ ဟု ပြောလိုက်ပါ သည်။ အထူးသဖြင့် ကျောင်းနေခဲ့ဖူးသူ လူငယ်၊ လုံမငယ်များကိုသာခေါ်ရန် မှာလိုက်ပါသည်။ တင်ဦးသားက သူ့သူငယ်ချင်းများကို လိုက်စုသည်။ စုစုပေါင်း ၁၅ ဦး လာ၏။ အချို့မှာ လယ်ထဲကိုင်းထဲ ရောက်နေသဖြင့် မလာရောက်နိုင်။
သို့ဖြင့် ၂၀၁၀ ပြည့်နှစ်၊ ဇန္န၀ါရီလ ၁ ရက်နေ့ နေ့လည် ၁ နာရီတွင် သူတို့ကို မိမိတို့နေထိုင်သည့် လူမှုပတ်ဝန်းကျင်နှင့်ပတ်သက်၍ မိမိတို့တွင် မည်ကဲ့သို့တာဝန်ရှိကြောင်း၊ သြဇာနှင့်အာဏာ မည်မျှကွာခြားကြောင်း၊ သြဇာရှိအောင် မည်ကဲ့သို့ နေထိုင်၊ ပြုမူ၊ ပြောဆိုရမည် ဖြစ်ကြောင်း၊ လောကတွင် အသိပညာသည် မည်မျှအရေးကြီးကြောင်း စသည်တို့ကို အောက်ပါအတိုင်း ပြောလိုက်ပါသည်။




ငါမင်းတို့ကို ရင်းရင်းနှီးနှီး မင်းနဲ့ ငါနဲ့ပြောမယ်။ ငါပြောမဲ့စကားကို သေသေချာချာ နားထောင်။ မှတ်လဲထား။ လက်တွေ့လည်းလုပ် ဟု အစချီကာ သူတို့ကို အကဲခတ်ကြည့်လိုက်ပါသည်။ အားလုံးလိုလိုမှာ ကျွန်တော့်တူ၊ တူမများချည်း ဖြစ်ပါ၏။ ပညာအရည်အချင်းအားဖြင့် လေးတန်း နှစ်ယောက်မှ လွဲ၍ ကျန်သည့်သူများမှာ ဆယ်တန်းနှင့် ဘွဲ့ရများ ဖြစ်ပါသည်။
မင်းတို့တွေရှိနေရက်ကနဲ့ ငါတို့ရွာကြီး ဒီလိုဖြစ်နေရတာ ငါနည်းနည်းမှ စိတ်မကောင်းဘူး။ အထူးသဖြင့်တော့ စာသင်ကျောင်းနဲ့ စာကြည့်တိုက်ပဲ။ ရွာကြီးဆိုတာလည်း စုတ်ပြတ်သတ်နေတာပဲ။ ဧည့်သည်တွေခေါ်လာလို့မှ ပြဘို့ မျက်နှာပန်းမလှဘူး။ ငါဖြင့် ဒါ ငါတို့ရွာပဲလို့ ပြောရမှာ ရှက်တောင်ရှက်တယ်။ အဲဒါ ဘာကြောင့်လဲ တဲ့။
အဓိကအချက်က အသိပညာပဲကွ။
ခုလိုဖြစ်နေတာ နံပါတ် (၁) အသိပညာ မရှိလို့။ နံပါတ် (၂) ခေါင်းဆောင်ကောင်း မရှိလို့။
ပြင်လို့မရတော့တဲ့ လူကြီးတွေကိုတော့ ငါ ဘာမှ မပြောလိုတော့ဘူး။ အရိုးရင့်သွားပြီ။ ပြောလို့လည်း နားဝင်တော့မှာ မဟုတ်တော့ ဘူး။ မင်းတို့က သူတို့နေရာမှာ အစားဝင်ရမဲ့ နောက်မျိုးဆက်သစ်တွေ။ မင်းတို့တော့ မပျက်စီးသေးဘူးလို့ ထင်တာပဲ။ ပျက်စပြုနေပြီ ဆိုရင်လည်း ခုအချိန်ကစပြီး အချိန်မီ ပြင်ပေတော့လို့ ပြောချင်တယ်။

ပညာဆိုတာ ဘာလဲ

ဒီနေရာမှာ ပညာဆိုတာကို နည်းနည်းပြောချင်တယ်။ ပညာဆိုတာ စာကျက်အောင်ပြီး ဘွဲ့ရလာတာကိုခေါ်တာ မဟုတ်ဘူးကွ။ ဆိုပါတော့ကွာ။ ၀န်ဇင်းမင်းရာဇာဟာ ဘာဘွဲ့ရခဲ့သလဲ။ ဒါပေမဲ့ ဘာဖြစ်လို့ ပညာရှိ ဖြစ်သတဲ့လဲ။ ပညာဆိုတာ မှန်၏၊ မှား၏၊ ကောင်း၏၊ ဆိုး၏ ကို မှန်မှန်ကန်ကန် ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိကို ခေါ်တာကွ။ ဒါဆိုရင် ကျောင်းတက်ပြီး ပညာသင်စရာ မလိုတော့ဘူးတဲ့လား။
သိပ်လိုသပေါ့ကွာ။
ကျောင်းမှာ သင်ပေးလိုက်တဲ့စာတွေဟာ မင်းတို့ လူ့လောကထဲ ရောက်လာတဲ့အခါ အမှား၊ အမှန်၊ အကောင်း၊ အဆိုးကို ချင့်ချိန်ဝေဖန်နိုင်အောင် သင်ပေးလိုက်တဲ့ အခြေခံဗဟုသုတတွေပဲ။ ဒါပေမဲ့ မင်းတို့ငါတို့က ကျောင်းစာတွေကို ကျောင်းခန်းထဲမှာပဲ ထားခဲ့ကြတယ်။ ကျောင်းကလဲ ထွက်လာရော ဘာမှမပါလာကြတော့ဘူး။ ဆိုပါတော့ကွာ။ အခု အရှေ့ အလယ်ပိုင်းဒေသမှာ စစ်ဖြစ်လို့ လူတွေ သောက်သောက်လဲ သေနေကြရသတဲ့။ အဲဒီ အရှေ့အလယ်ပိုင်းဒေသဟာ ဘယ်မှာလဲလို့ ငါက ကမ္ဘာ့မြေပုံယူလာပြီးမေးရင် မင်းတို့ လက်နဲ့ထောက်ပြနိုင်ပါ့မလား။
ခု ရွာကလူတွေမှာ အသိပညာ လိုအပ်နေတယ်။ မင်းတို့မှာရောပဲ။ အဲဒါ မင်းတို့နဲ့တကွ ရွာသူရွာသားတွေရဲ့ အသိဉာဏ်ပညာ၊ ဗဟုသုတ တိုးပွားအောင် လုပ်ပေးဘို့လိုတယ်။

ခေါင်းဆောင်ကောင်းလိုတယ်

နောက်ပြီး ခေါင်းဆောင်။ ငါတို့ငယ်ငယ်တုံးက ရွာကို ကောင်းကောင်း အုပ်ချုပ်နိုင်တဲ့ ခေါင်းဆောင်တွေ ရှိခဲ့တယ်ကွ။ ဥပမာ ဦးကြီးထွန်းလှိုင် (ဖြူ) တို့၊ ဦးကြီးထွန်းလှိုင်(ဖ၀ိုင်း) တို့၊ ဦးကြီးမြဆင်၊ ဦးကြီး ကြီးရွှေ၊ အဖေကြီး(ကျွန်တော့်ဖခင်) တို့ဟာ ရွာကို ကောင်းကောင်း အုပ်ချုပ်နိုင်ခဲ့တယ်။ သူတို့ဟာ ဘွဲ့ရပညာတတ်တွေ မဟုတ်ဘူး။ အားလုံး ဘုန်းကြီးကျောင်းထွက်တွေချည်းပဲ။ ဒါပေမဲ့ သူတို့အတွေ့အကြုံအရ စီမံခန့်ခွဲမှု အတတ်ပညာဆိုတာဘာလဲလို့ သူတို့သိတယ်။ ကိစ္စတစ်ခုကို မှန်၏၊ မှား၏၊ ကောင်း၏၊ ဆိုး၏ သူတို့ ကောင်းကောင်းနားလည်တယ်။ မှန်မှန်ကန်ကန် ဆုံးဖြတ်တတ်တယ်။
နောက်ပြီး သူတို့ အားလုံးဟာ ရပ်ရွာအပေါ်မှာ သြဇာညောင်းကြတဲ့သူတွေ။ ခုတော့ ရွာကို ကောင်းကောင်းအုပ်ချုပ်နိုင်တဲ့သူ မရှိတော့ဘူး။ ခါးပြတ်သွားတယ်။ အဲဒါကို မင်းတို့ လက်ထက်မှာ ပြန်ပြီး အဖတ်ဆယ်ပါ။ အဲဒီလို အဖတ်ဆယ်နိုင်အောင် ခုကထဲက လေ့ကျင့် ပျိုးထောင်ထားဘို့ လိုတယ်။
အဲဒါကို ဘယ်လိုလေ့ကျင့်ပျိုးထောင်ရမလဲဆိုတာ ပြောပြချင်လို့ မင်းတို့ကို ခေါ်လိုက်ရတာပဲ။

သြဇာနှင့် အာဏာ

ဒီနေရာမှာ ငါက မင်းတို့ကို သြဇာနဲ့အာဏာ ဘာကွာသလဲလို့ ထပ်ပြောပြချင်သေးတယ်။ အာဏာဆိုတာက သူ့မှာ လုပ်ပိုင်ခွင့် ရှိနေတဲ့အတွက် သူ့ကိုကြောက်လို့ လုပ်ချင်လဲလုပ်၊ မလုပ်ချင်လဲလုပ်ပေးရတာ။ သြဇာဆိုတာကတော့ သူခိုင်းလိုက်တဲ့ အလုပ်တစ်ခုကို ကြောက်လို့မဟုတ်ပဲ သူ့ကို ရိုသေလေးစားမှုကြောင့် လိုလိုချင်ချင် စေတနာပါပါနဲ့ လုပ်ပေးတာ။ သူ့မှာ လုပ်ပိုင်ခွင့် အာဏာမရှိသော်လည်းပဲ သူ့သြဇာကြောင့် သူ့ကို အလိုလို ချစ်ကြောက်ရိုသေဖြစ်ရတာ။
ဆိုပါတော့။ ခု မင်းတို့အသိပဲ။ ဟောဒီ နောက်ဘက်က နီလာလမ်းမကြီးတစ်လျှောက်။ ၄ ရပ်ကွက်ဘက်မှာဆို ခြုံတွေ တောထနေ လိုက်တာ လမ်းတောင်ပိတ်နေပြီ။ အဲဒါကို ရွာပေါ်မှာ သြဇာမရှိတဲ့သူတစ်ယောက်က အာဏာကိုသုံးပြီး ဟေ့ကောင်တွေ မင်းတို့ ဟောသည် ခြုံနွယ်ပိတ်ပေါင်းတွေ ရှင်းရမယ်။ မရှင်းရင်တော့ ငါနဲ့အသိပဲ လို့ ခိုင်းလိုက်ရင် သူ့ကိုကြောက်လို့ လုပ်လိုက်ရပေမဲ့ ၀တ်ကျေတန်းကျေ ပြီးပြီးရော လုပ်မယ်။ သေသေချာချာ ရှင်းမှာမဟုတ်ဘူး။
ဒါပေမဲ့ ရွာပေါ်မှာ သြဇာရှိတဲ့ လူကြီးကျတော့ ဟဲ့ကောင်လေးတွေ၊ ဒီလမ်း နင်တို့ပဲ နေ့တိုင်းလျှောက်နေတာ မဟုတ်လား။ ကြည့်စမ်း တောထနေပြီ။ လာကြဟေ့ ရှင်းကြရအောင်။ ဟို လုံမကလေးတွေပါခေါ်လိုက် ဆိုရင် ဟုတ်ကဲ့ဘကြီး ဆိုပြီး လိုလိုချင်ချင်နဲ့ အကုန်လုံး ရှင်းလိုက်ကြမှာ။ အဲဒါကျတော့ စေတနာပါလို့ ခုနင်က အာဏာကြောင့်ကြောက်လို့ ရှင်းရတာထက် ပိုသပ်ယပ်တယ်။ ပိုပြောင်တယ်။ ဒါဖြင့် သူတို့ဘာဖြစ်လို့ ရပ်ရွာအပေါ် သြဇာညောင်းသလဲ တဲ့။

သြဇာ

ရပ်ရွာအပေါ် သြဇာညောင်းတယ် ဆိုတာ အချက်အများကြီးပေါ် မူတည်နေတယ်။ ဒါဟာ မွေးရာပါအရည်အချင်း ဖြစ်ချင်ဖြစ်မယ်။ ဖြစ်ချင်မှလည်း ဖြစ်မယ်။ ကိစ္စမရှိဘူး။ မွေးမြူယူလို့လည်း ရတာပဲ။ အရေးကြီးတာက ဘာလဲ၊ ဘယ်လိုလုပ်ရမလဲ လို့ သိထားဘို့ပဲ။ ရပ်ရွာအပေါ်သြဇာညောင်းဘို့ရာ အရေးကြီးဆုံးအချက်သည် ရိုးသားမှုပဲ။
ရိုးရိုးသားသားနေပါ။ ရိုးရိုးသားသားပြောပါ။ ရိုးရိုးသားသား တွေးပါ။ ရိုးရိုးသားသား အသက်မွေးပါ။ ရိုးရိုးသားသား ၀တ်ပါ ဆင်ပါ။ အားလုံးအပေါ်မှာ ရိုးသားပါ။ အထူးသဖြင့် ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ရိုးသားပါ။ မရိုးသားတာမှန်သမျှ ဘာမှမလုပ်ပါနဲ့။ တွေးတောင် မတွေးမိပါစေနဲ့။ ဒါလောက်ပြောရင် ရိုးသားမှုဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သဘောပေါက်လောက်ပြီ။
မြတ်စွာဘုရားရဲ့ အလောင်းတော်ဘ၀တွေကို ဖတ်ကြည့်ပါ။ ဘုရားလောင်းဟာ ဘယ့်ကလောက် ရိုးသားခဲ့သလဲဆိုတာ တွေ့ပါ လိမ့်မယ်။ မင်းတို့ တရားပွဲတွေသွား၊ တရားတွေနာပြီး တရားပွဲလဲဆုံးရော သာဓု၊ သာဓု ဆို ထပြန်လာခဲ့ကြတာပဲ။ တရားထဲမှာပါတဲ့ ဇာတ်ထုပ်ထဲက တို့ဘုရားအလောင်းတော့ဖြင့် ဘယ်လိုနေထိုင် ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့တာပဲလို့ နည်းနည်း ကလေးမှ အတုယူရ ကောင်းမှန်း မသိဘူး။ ပါးစပ်ကတော့ နိဗ္ဗာန်၊ မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရောက်ရပါလို၏။ လုပ်တော့ဖြင့် ငါမပြောလိုက်ချင်ဘူး။ ထားပါတော့။
ရပ်ရွာအပေါ် သြဇာညောင်းစေမဲ့ နောက်တစ်ချက်က ပညာ ပဲ။ ရပ်ရွာအရေးကိစ္စမှန်သမျှကို ခေါင်းအေးအေးနဲ့ မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ဘို့ ပညာ ရှိနေဘို့လိုတယ်။ အဲဒီပညာရဘို့ မင်းတို့ စာတွေ အများကြီးဖတ်ရမယ်။ အတွေ့အကြုံဗဟုသုတရှိတဲ့ လူကြီးသူမတွေဆီ ချဉ်းကပ်မေးမြန်းရမယ်။ နောက်ပြီး အရေးကြီးတာတစ်ခုက ခရီးထွက်ပြီး သူများတွေ ဘာတွေလုပ်နေကြသလဲ။ ဘယ်လိုနေတယ်၊ ထိုင်တယ်၊ ပြောတယ်၊ ဆိုတယ်။ လုပ်တယ်၊ ကိုင်တယ် ဆိုတာတွေကို လေ့လာရမယ်။ အတုယူရမယ်။

အသိပညာ (Knowledge)

ကဲ၊ ခု မင်းတို့ကို ငါမေးမယ်။ မင်းတို့အားလုံး လယ်လုပ်နေကြတဲ့ သူတွေချည်းပဲ။ ဒါဆို စပါးစိုက်နည်းကို မင်းတို့ ကောင်းကောင်း သိရဲ့လားလို့ ငါမေးရင် မင်းတို့ ဖြေနိုင်ပါ့မလား။ သိတာပေါ့ဦးရဲ့၊ ထယ်ထိုးမယ်၊ လယ်ထွန်မယ်၊ ပျိုးကြဲမယ်၊ စိုက်မယ်၊ သီးလာတော့ ရိတ်မယ်၊ လှေ့မယ်ပေါ့ဗျာ။ ဘာခက်တာ လိုက်လို့လို့တော့ မဖြေနဲ့ပေါ့ကွာ။ အဲဒီလောက်ပဲ မင်းတို့သိတယ်ဆိုရင် မင်းတို့သိတဲ့အသိဟာ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်ကတဲက သိတဲ့အသိနဲ့ ဘာမှမကွာဘူး။ အတူတူပဲလို့ ပြောရမှာပဲ။ ဟို့ အရင် အနှစ် ၂၀၀ လောက်ကလည်း ဒီလို စိုက်ခဲ့ကြတာပဲ။ ခုက ၂၀၁၀ ရောက်နေပြီ။ ၂၁ ရာစု။ နောက်ပြီး မင်းတို့က ခေတ်ပညာတတ်တွေ။
ဒီလိုဖြင့် မင်းတို့သင်ခဲ့တဲ့ ပညာတွေ ဘယ်နေရာမှာ အသုံးချမလဲလို့ ငါမေးမကွာ။ ကဲ ဘယ်လိုဖြေမလဲ။ မြန်မာပြည်မှာ စိုက်နေတဲ့ စပါးမျိုး ဘယ်နှမျိုးရှိသလဲ မင်းတို့သိသလား။ မင်းတို့စိုက်နေတဲ့ မြေကြီးဟာ ဘယ်မြေမျိုးလဲ သိရဲ့လား။ အဲဒီမြေမျိုးမှာ ဘယ်မျိုးကို စိုက်လို့ ပိုပြီး သင့်တော်သလဲ သိရဲ့လား။ ဘယ်လိုစပါးမျိုးဟာ သက်တမ်း ဘယ်နှရက် ရှိသလဲ၊ ပျိုးသက် ဘယ်နှရက်မှာ နှုတ်လို့အကောင်းဆုံးလဲ၊ မစိုက်ခင် ဘယ်မြေသြဇာထည့်ရမလဲ၊ စိုက်ပြီး ဘယ်နှရက်ကြာရင် ဘယ်မြေသြဇာ ထည့်ရမလဲ၊ ဘယ်အချိန်မှာတော့ဖြင့် ရေကို ဘယ်နှလက်မထိ လှောင်ထားရမလဲ၊ ဘယ်အချိန်မှာ ရေဖောက်ထုတ်ရမလဲ လေ့လာဖူးရဲ့လား။
စပါးရွက်တွေ ကွက်ပြီးဝါလာရင် ဘာရောဂါဖြစ်သလဲ။ ဘာပိုးကျသလဲ။ ဘယ်ဆေးနဲ့နှိမ်းနှင်းရမလဲ။ စပါးပင်တွေ အုပ်စုလိုက် ကွက်ပြီးသေရင် ဘာရောဂါလဲ။ အဲဒါဆို ဘယ်ဆေးဖြန်းရမလဲဆိုတာ သိရဲ့လား။ ငါက အင်ဂျင်နီယာ။ စိုက်ပျိုးရေးသမား မဟုတ်တော့ ဒီအကြောင်းတွေ မသိဘူး။ မင်းတို့က လက်တွေ့စပါးစိုက်နေတဲ့သူတွေဆိုတော့ ဒီအကြောင်းတွေအားလုံး ဂဃနဏ သိထားသင့်တယ်။ သိအောင် ဘာလုပ်ရမလဲ။ စာဖတ်ပါ။ စိုက်ပျိုးရေးပညာရှင်တွေထံ ချဉ်းကပ်ပြီး မေးရမယ်။ ရေဆင်း စိုက်ပျိုးရေး သုတေသနကိုသွားပြီး လက်တွေ့လေ့လာရမယ်။
ဟိုကောင်တွေ၊ မင်းတို့ ဖရဲစိုက်တယ်မဟုတ်လား။ ကိုင်း၊ ဆိုစမ်းပါဦး။ ဖရဲအကြောင်း ဘယ်လောက်များ သိထားသလဲ။ မြေကြီးထဲ အစေ့ချ၊ အပင်ပေါက်လာတော့ ရေလောင်း။ အချိန်တန်တော့ သီးလာတဲ့အသီး ခူးရောင်း။ ဒါလောက်ပဲသိတာ။ ဟုတ်တယ် မဟုတ်လား။ အဲဒါ ဘာမျိုးဖြစ်တယ်။ တစ်ဧကကို ဘယ်နှစ်ပင် စိုက်ရမယ်။ အသီးဘယ်လောက်ရမယ်၊ မစိုက်ခင် မြေကို ဘယ်လိုပြင်ရမယ် စတာတွေ သိရဲ့လား။
အစ်ကိုကြီးရေ ကျွန်တော့်ဖရဲခင်းတွေ မနှစ်က သီးလျက်သားနဲ့ ဒီနှစ် အသီးမလိုက်ဖူး။ ဘယ်လိုဖြစ်မှန်းမသိပါဘူးဗျာ လို့ ကိုယ့်ကို ချဉ်းကပ်အကူအညီတောင်းလာခဲ့ရင် ကိုယ်က ဟကောင်၊ မနှစ်က သီးတာက ပထမနှစ်ကိုးကွ။ ဒီနှစ်ကျတော့ မြေကို ဘယ်လိုပြင်ပေး ရတယ်။ ငါပြောသလို လုပ်စမ်း စသဖြင့် အကြံဉာဏ်တွေပေးနိုင်ရင် ကိုယ်က အလိုလို ရွာအပေါ်မှာ သြဇာညောင်းလာမှာပဲ။
နောက်တစ်ခုက ကျန်းမာရေး။ ကိုယ့်မှာ ကျန်းမာရေး ဗဟုသုတ ရှိထားတဲ့အခါကျတော့ မဖြစ်တန်တာ မဖြစ်ရအောင် တားနိုင်တယ်။ ဒါလည်း ကျန်းမာရေးနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ ဖတ်ဖို့မှတ်ဖို့ပဲ။ ငါတို့ရွာဆိုတာက ဆရာဝန်၊ ဆရာမတွေနဲ့ အင်မတန် အလှမ်းဝေးတဲ့နေရာ။ အနည်းဆုံးတော့ ရှေးဦးသူနာပြုကို မင်းတို့ ကျကျနန တတ်ထားဘို့လိုတယ်။ ခု မင်းတို့မှာ ဘာ ကျန်းမာရေး ဗဟုသုတမှ မရှိဘူး။ သူများပြောတာ ရမ်းယုံ။ ရမ်းလုပ်။ ရမ်းဖြစ်။ ရမ်းသေ။
လောကမှာ လူ့အသက်ထက် တန်ဘိုးရှိတာ ဘာရှိသလဲ။ ဒီတော့ ကောင်မလေးတွေရော သေသေချာချာ လေ့လာထားသင့်တယ်။ ဖြစ်နိုင်ရင် ရန်ကုန်သွားပြီး သင်တန်းတွေတောင် တက်သင့်တယ်။ ဟိုမှာ သူနာပြုအကူ ၆ လ သင်တန်း တွေရှိတယ်။ ငါပြောနေတာ မင်းတို့ကို စာတွေဖတ်၊ သင်တန်းတွေတက်ပြီး ဒေါက်တာရမ်းကု လုပ်ဖို့ပြောနေတာ မဟုတ်ဘူး။ ကျန်းမာရေး ဗဟုသုတ ရှိလာတဲ့အခါ ကျတော့ အဲဒီဒေါက်တာရမ်းကုတွေ ပြောတာကိုလည်း မှန်၏ မှား၏ မဝေဖန်နိုင်ဘူးလား။
ကိုယ်က အအားမနေပဲ ကျကျနန လေ့လာထားလို့ နေရာတကာ နှံ့နှံ့စပ်စပ် သိထားတဲ့အခါကျ ရွာက အားကိုးရလောက်တဲ့ လူတစ်ယောက် ဖြစ်မလာပေဖူးလား။ အဲဒီအခါ လူတွေက ကိုယ့်ကို အလိုလို လေးစားလာမှာပဲ။ ကိုယ်ပြောတာတွေ ဟုတ်နေတဲ့အခါ ကျတော့ ကိုယ့်သြဇာ သူတို့အပေါ် အလိုလိုညောင်းလာမှာပဲ။
ခု ငါပြောနေတဲ့ ရပ်ရွာအပေါ် သြဇာညောင်းလာအောင်ဆိုတာ ကိုယ်က သူတို့ကို နေရာတကာ ဆရာကြီးလုပ်ဘို့ ပြောတာ မဟုတ်ဘူး။ သူတို့ကို နှိမ့်ချကြည့်ပြီး မတူသလို၊ မတန်သလို ဆက်ဆံဘို့ ပြောတာမဟုတ်ဘူး။ လူတွေရဲ့ မသိနားမလည်မှုအပေါ် အခွင့်ကောင်းယူဘို့လို့ မဟုတ်ဘူးဆိုတာ မင်းတို့ ကောင်းကောင်းနားလည် ထားရမယ်။ ကိုယ်က ကိုယ့်ရွာသူရွာသားတွေ မသိ နားမလည်ရင် သူတို့ကို နားလည်လာတဲ့ထိ ရှင်းပြရမယ်။ အဲဒီအပေါ်မှာ အခွင့်ကောင်းမယူရဘူး။
နောက်ပြီး ဘာသာရေး။ ငါတို့လူတွေက ကိုယ့်ကိုယ်ကိုယ်သာ ဗုဒ္ဓဘာသာခေါ်နေတာ။ ဗုဒ္ဓဘာသာဆိုတာ ဘာမှန်း ရေရေရာရာ မသိကြဘူး။ မသိကြလို့လည်း မဟုတ်တာတွေ လျှောက်လုပ်နေကြတာပေါ့ကွာ။ သိအောင်လည်း မလေ့လာ။ သိအောင်လို့ ပြောပြရမဲ့ သူတွေကလည်း မပြောပြ။ ပြောပြရလောက်အောင်ကလည်း ဗဟုသုတမရှိ။ မင်းတို့စာကြည့်တိုက်မှာ ငါဝယ်ထည့်ပေးထားတာ စာအုပ်ကောင်းတွေ အများကြီးရှိတယ်။ မင်းတို့ရွာသားတွေ တစ်ယောက်မှ ဖတ်ဖော်မရဘူး။
ငါကတော့ တို့ရွာသားတွေ စာဖတ်ကြပါစေဟဲ့၊ အသိပညာတွေ တိုးပွားကြပါစေဟဲ့လို့ ငွေကုန်ကြေးကျ အကုန်ခံပြီး စာကြည့်တိုက် ထောင်ပေးထားတာ။ မင်းတို့က စိတ်တောင်မ၀င်စားဘူး။ တခြားသူတွေ စိတ်မ၀င်စားတာ ငါ မအံ့သြပါဘူး။ မင်းတို့တွေ စိတ်မ၀င်စားတာ၊ လာမဖတ်တာကို ငါ့အနေနဲ့ အံ့သြလို့ မဆုံးဘူး။ မင်းတို့ ဘယ်လိုတွေများ ဆယ်တန်းအောင်လာကြသလဲ။ မင်းတို့မှာ ဘယ်လောက် ဗဟုသုတရှိသလဲ ဆိုတာ ငါ အတော်လေး သံသယဖြစ်မိတယ်။
စာကြည့်တိုက်ထောင်စက စာအုပ်ကောင်းတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ ကာတွန်း၊ ကလေးဖတ်၊ လူကြီးဖတ် အများကြီးပဲ။ ငါရော၊ မမရော၊ မူမူရော၊ ဂွမ်းရော၊ သူတို့သူငယ်ချင်း မိတ်ဆွေတွေရော။ အားတက်သရော လှူထားတာ။ ကြည့်စမ်း ခု။ ကျန်ကောင်းကျန်ရာ ကျန်တော့တယ်။ ငှားတယ်။ ပြန်မပေးဘူး။ တိတ်တိတ်ယူထားတယ်။ အရုပ်လှလှလေးတွေတွေ့ရင် ဖြဲပြီး ထရံမှာကပ်တယ်။ ကောင်းတဲ့စာအုပ်တွေကို နည်းနည်းဖတ်တတ်တဲ့သူတွေက ခဏဆိုငှားသွားပြီး ပြန်မပေးတော့ဘူး။ နောက်ပြီး ပေါ်တင် ဘူးကွယ်တယ်။ ဒါ ကိုတင်သိန်း ပြောပြတာ။ ကောင်းတဲ့ တရားစာအုပ် အုပ် (၂၀) ကို လူ တစ်ယောက်က ငှားသွားပြီး ပြန်ပေးတော့ (၇) အုပ်ပဲ ပြန်ပေးတော့တယ်။ ပြန်တောင်းတော့လည်း ဟိုလိုလို ဒီလိုလို လုပ်နေတယ်တဲ့။ ကြည့်အုံး။ မင်းတို့ရွာထဲက လူတွေရဲ့ စိတ်ဓါတ်ကို။
ခုတော့ စာကြည့်တိုက်ကို ဆရာကိုတင်သိန်းပဲ မအားတဲ့ကြားထဲက ကလေးတွေအတွက် ဖွင့်ပေးလို့ ကလေးတွေက လာဖတ်တယ်လို့ သိရတယ်။ အဲဒါ ဖြစ်သင့်သလား။ မင်းတို့ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ကြပါဦး။ အဲဒါ မင်းတို့ ဦးဆောင်ပြီး မလုပ်သင့်ဘူးလား။

ကိုယ်ရည်ကိုယ်သွေး (Personality)

သြဇာရဲ့ နောက်၊ အရေးကြီးတဲ့ တစ်ချက်က ကိုယ်ရည်ကိုယ်သွေးပဲ။ ကိုယ်ရည်ကိုယ်သွေး ဆိုတဲ့နေရာမှာ ကိုယ့်ရုပ်ရည်၊ ၀တ်ပုံဆင်ပုံ၊ စားပုံသောက်ပုံ၊ နေပုံထိုင်ပုံ၊ သွားပုံလာပုံ၊ ပြောပုံဆိုပုံ။ လမ်းလျှောက်ပုံ၊ အိပ်ပုံ၊ လူတွေအပေါ်ထားတဲ့ သဘောထား၊ မျက်လုံးအကြည့်၊ စိတ် အတွေးအကြံ၊ စတာတွေ အကုန်လုံးပါတယ်။
နိုင်ငံခြားတိုင်းပြည်တွေမှာဆိုရင် ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေ၊ စကားပြောနည်းသင်တန်းတွေ ရှိတယ်။ လူရှေ့သူရှေ့မှာ စကားပြောရင် လက်ကိုဘယ်လိုထားရမယ်။ မျက်နှာကို ဘယ်လိုထားရမယ်။ ကိုယ်ကို ဘယ်အနေအထားမှာ ထားရမယ်။ လေသံကို ဘယ်လိုအနိမ့်အမြင့်နဲ့ ပြောရမယ် စသဖြင့်ပေါ့။
ထားပါတော့။ မင်းတို့အနေနဲ့ ဘယ်လိုနေရထိုင်ရမလဲဆိုတာ ငါ အကျဉ်းချုပ်ပြောပြမယ်။
လူမှာ အ၀တ်၊ တောင်းမှာ အကွပ် တဲ့။ အ၀တ်အစား အရေးကြီးတယ်။ အရေးကြီးတယ်ဆိုလို့ အမြဲတမ်း အ၀တ်သစ်ဝတ်ဖို့ ပြောတာမဟုတ်ဘူး။ သပ်သပ်ယပ်ယပ်၊ သန့်သန့်ရှင်းရှင်း၊ ခန့်ခန့်ငြားငြား အ၀တ်ကို ၀တ်ရမယ်။ တခါတည်း ဆံပင်ကဘုတ်သိုက်၊ လူကညှင်းသိုးသိုး၊ ချေးက လက်လေးသစ်၊ ပါးစပ်တွေကလည်း ကွမ်းသွေးတွေနဲ့ ပေလို့ကျံလို့၊ သွားတွေကလည်း ကွမ်းချေးတွေ တက်လို့၊ ပုဆိုးကချက်ပြုတ်၊ ခြေထောက်တွေ ကြည့်လိုက်ပြန်တော့ ဖုံနိုင်းချင်းနဲ့၊ မဲလို့တူလို့ ဆိုရင် မင်းတို့ကို ဘယ်သူက ခေါင်းရင်းခန်းမှာ နေရာပေးမလဲ။
ကောင်းရာမွန်ရာ စကားပြောနေတုံး ကွမ်းဝါးထားလို့ တစ်ဖက်သားကို ကွမ်းသွေးတွေက စဉ်၊ စကားပြောနေတုံး ပြစ်ကနဲ၊ ပြစ်ကနဲ တွေ့ကရာကို ကွမ်းသွေးတွေ ထွေး လုပ်နေရင် မင်းတို့စကားကို ဘယ်သူ လေးစားမလဲ။
ဗလချီးနမ်းလူတွေနဲ့ လည်ပင်းဖက်ပေါင်း၊ တွေ့ကရာလူတွေနဲ့ ပေါက်တတ်ကရတွေပြော၊ တဟီဟီတဟားဟား နဲ့နေ၊ ကောင်မလေးတွေနဲ့ ဖင်ပုတ်လိုက်၊ ခေါင်းပုတ်လိုက်လုပ်နေရင် မင်းတို့ကို ဘယ်သူခန့်ငြားမလဲ။
ကောင်းကောင်းမွန်မွန် ခံ့ခံ့ညားညား ၀တ်စားသွားရမဲ့ ပွဲလမ်းသဘင်ကို စွပ်ကျယ်ချိုင်းပြတ်နဲ့၊ ပုဆိုးညစ်ထပ်ထပ်နဲ့ သွားရင် မင်းတို့ကို ဘယ်သူက အရေးလုပ်ခေါ်မလဲ။ မကောင်းတတ်လို့ ခေါ်သည့်တိုင် သူတို့စိတ်ထဲဘယ်လို ရှိမလဲ။ အလကားကောင်၊ ငါတို့ပွဲကို ဒီလိုအ၀တ်နဲ့လာတယ်။ ဒါ ငါတို့ကို သက်သက်စော်ကားတာ လို့ မထင်ပေဘူးလား။
စကားပြောတဲ့နေရာမှာလည်း တစ်ခါတလေ ပျော်စေပျက်စေပြောတာကလွဲလို့ စကားကို ကပျက်ကချော်မပြောရဘူး။ ထောင်တန်တဲ့ စကား၊ ရယ် ပေါ့ တဲ့။ တည်တည်ပြောရမဲ့ စကားကို တည်တည်တံ့တံ့ပြောရတယ်။ အကျိုးမရှိ၊ သိမ်ဖျင်းတဲ့စကားတွေ ပြောရင် လူမလေးစားဘူး။ နောက်ပြီး သူများမကောင်းကြောင်းကိုလည်း မပြောရဘူး။ ရှေ့တင်ရော နောက်ကွယ်မှာပါ မပြောရဘူး။ သူတစ်ပါး စကားပြောနေရင် စိတ်ပါလက်ပါ နားထောင်ရတယ်။ သူများပြောနေတုံး ကြားထဲက အတင်းလုပြီး ဖြတ်မပြောရဘူး။ နောက်ပြီး သူများနားထောင်ချင်မှန်း မထောင်ချင်မှန်း မသိဘဲ ငါ့စကားနွားရ လျှောက်မပြောရဘူး။
လူတစ်ယောက်ကို ဘယ်သောအခါမှ ချိုးချိုးဖဲ့ဖဲ့ မပြောရဘူး။ လူတိုင်းလူတိုင်းမှာ ကောင်းကွက် တစ်ကွက်စီ ရှိတယ်။ ကိုယ်လည်း ရာနှုံးပြည့် ကောင်းမွန်မှန်ကန်နေတာ မဟုတ်ဘူး။ လူဆိုတာ အားနည်းချက်၊ အားသာချက် ရှိမှာပဲ။ သူများအမှားချည်း ထောက်ပြ အပြစ်တင် မနေရဘူး။ ငါရော ဘာမှားနေလဲ ပြန်ဆင်ခြင်ရတယ်။ သူမှားနေရင် ပြင်ပေးရတယ်။ အဆင်းမှာ ဘီးတပ်မပေးရဘူး။ လူဆိုတာ သူများ မှားတာသာ မြင်လွယ်တာ။ ကိုယ်မှားနေတာကျ မြင်ဘို့ အင်မတန်ခက်တယ်။ ကိုယ်က သူများအမှားကို ထောက်ပြပေးရသလို ကိုယ်မှားနေတာ ထောက်ပြပြောဆိုရင်လည်း စိတ်မဆိုးရဘူး။ ကျေးဇူးတောင်တင်ရဦးမယ်။ ဒါပေမဲ့ လူဆိုတာ မှားတာကို မှားတယ်လို့ပြောရင် ခံချင်ကြတာ မဟုတ်ဘူး။ ငါကစပြီး စိတ်ဆိုးတတ်ကြတယ်။ အဲဒါ ကြပ်ကြပ် သတိထားရမယ်။
အကျဉ်းချုပ်လိုက်ရင် မင်းတို့ ၀စီဒုစရိုက်လေးပါး သိတယ်မဟုတ်လား။ အဲဒါရှောင်ရင်ကို ပြီးတယ်။ မညာနဲ့၊ အတင်းအဖျင်း မပြောနဲ့၊ ကုန်းမတိုက်နဲ့၊ ဆဲရေးတိုင်းထွာ မပြောနဲ့။ ဒါဆို မင်းတို့ပြောစကားကို လူတွေ လေးလေးစားစား နားထောင်လာလိမ့်မယ်။
နောက်ပြီး နေတာထိုင်တာ။ ကြည့်စမ်း၊ ဟိုကောင်ထိုင်နေတာ။ တစ်ခါထဲ ခါးကြီးကို ခွေခေါက်လို့။ လောကကြီးကို စိတ်ကုန်နေတဲ့ မျက်နှာနဲ့။ ဘယ်တော့မှ အဲလိုမထိုင်နဲ့။ ခါးကိုမတ်မတ်ထိုင်။ အမြဲတက်တက်ကြွကြွ ဖြတ်ဖြတ်လတ်လတ် ရှိနေပါစေ။ သွားတဲ့ လာတဲ့နေရာမှာလည်း ရှပ်ပြာရှပ်ပြာမသွားပဲ ဣနြေ္ဒသိက္ခာနဲ့ သွားရတယ်။
နောက်ပြီး လူကြီးလုပ်မဲ့လူတစ်ယောက်အတွက် အရေးကြီးတဲ့ ကိုယ်ရည်ကိုယ်သွေး နှစ်ခု ရှိသေးတယ်။
တစ်ခုက စိတ်ရှည်တာ။ နောက်တစ်ခုက သည်းညည်းခံတာ။ အဲဒီနှစ်ခုဟာလည်း သြဇာညောင်းရေးမှာ အင်မတန်အရေးပါတယ်။ ဒါလည်း အင်မတန်ခက်တယ်။ တမင်ကို လေ့ကျင့်ယူမှ ရတယ်။ အထူးသဖြင့်တော့ သည်းခံတာပေါ့။
ကိုယ့်ကို အိမ်ရှေ့လာပြီး ကလော်တုတ်သွားရင်တောင် သည်းခံနေနိုင်ရမယ်။ ငါ ဒီလိုလူတွေနဲ့ ဖက်ပြီး ရန်ဖြစ်လို့ မတော်ပေဘူးလို့ နှလုံးသွင်းရမယ်။ သည်းခံရုံတင်မက ခွင့်လည်း လွှတ်တတ်ရမယ်။ လူကြီးလူကောင်းတစ်ယောက်မှာ လက်စားချေတယ် ဆိုတာ လုံးဝမရှိဘူး။
ငါ ကိုယ်ရည်ကိုယ်သွေးပြောတာ တော်တော်များသွားပြီ။ ပြောစရာတွေတော့ အများကြီးပေါ့။ မင်းတို့ သေသေချာချာ လေ့လာချင်တယ်ဆိုရင် ငါ စာအုပ်တွေ ၀ယ်ပြီးပို့ပေးလိုက်မယ်။ ကိုယ့်ဟာကိုယ်ဖတ်ပြီး ဆွေးနွေးကြ။ လေ့ကျင့်ကြပေါ့။ အချိန်တွေ အများကြီး ရှိသေးတယ်။ ခု နောက်တစ်ခု ဆက်ရအောင်။

တာဝန်ယူမှု (Responsibility)

နောက်တစ်ခုပြောချင်တာ တာဝန်သိတတ်မှု နဲ့ တာဝန်ယူမှု ပဲ။ ဒါဟာ ၀တ္တရားနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ မင်းတို့တော့ တာဝန်နဲ့ ၀တ္တရားကို ခွဲခြားပြီး သိမသိ မပြောတတ်ဘူး။ မသိတဲ့သူ သိအောင်၊ သိမလိုလို ဖြစ်နေတဲ့သူတွေလည်း ပိုရှင်းအောင် ငါထပ်ပြောပြမယ်။
မင်းတို့ကို လှည်းတိုက်ငှားတယ် ဆိုပါတော့။ သူက ပိုက်ဆံပေးပြီး ငှားထားတဲ့အတွက် ဒီစပါးကို သူလိုတဲ့နေရာရောက်အောင် ပို့ပေးဘို့ မင်းတို့တာဝန်ဖြစ်လာပြီ။ ဒါပေမဲ့ သူက ပြောတုံးက ပန်းတောကြီးလို့ပဲပြောပြီး ပိုက်ဆံ ၁၅၀၀ နဲ့ ငှားထားတာ။ ဟိုရောက်တော့မှ မန်ကျည်းပင်ကွင်းအထိလို့ ဖြစ်သွားရင် မင်းတို့ ဆက်မလိုက်ပဲ နေနိုင်တယ်။ အနို့ပြောတုံးက ပန်းတောကြီးလို့ပဲ ပြောထားတာကိုး။ ဒါ့အပြင် ပုံမှန်အားဖြင့် ပေါက်ဈေးက ၂၀၀၀ ရှိတာကို သူက ၁၅၀၀ ပဲပေးလို့ မင်းတို့ကြိုက်ဈေးမရတဲ့အတွက် မလိုက်ချင်ဘူးဆိုလည်း မလိုက်ပဲ နေနိုင်တယ်။ အဲဒါ တာဝန်။ ငှားတဲ့သူက သူ့စကားသူ တာဝန်ယူရမယ်။ အငှားလိုက်တဲ့သူကလည်း တာဝန်ကျေအောင် လုပ်ပေးရမယ်။
ဝတ္တရားကျတော့ မင်းတို့အဖေနဲ့ အမေ့အိမ်မှာ ဖက်တွေမိုးထားတာ အိမ်အမိုး မလုံတော့ဘူး။ အဖေနဲ့ အမေကလည်း အိုလှပြီ။ ဖက်တွေဝယ်ဘို့ရာလည်း ပိုက်ဆံမရှိဘူး။ မိုးကလည်း ကျတော့မယ်။ သည်တော့ကာ သားဖြစ်တဲ့မင်းအနေနဲ့ အဲဒီအိမ်ကို မိုးပေးဘို့ ၀တ္တရားရှိလာပြီ။ ဟာဗျာ၊ အဖေ့အိမ်ထားလို့ ကျွန်တော့်အိမ်တောင် မမိုးရသေးဘူး။ နောက်ပြီး အဖေ့အိမ်မိုးလို့ ပိုက်ဆံ တစ်ပြားမှရမှာ မဟုတ်ဘူးဗျလို့ ရှောင်ပြေးလို့ မရဘူး။ မင်း လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ၊ ကိုယ့်အိမ်အမိုးကို အသာထားပြီး အဖေ့အိမ်ကို မိုးကိုပေးရမယ်။ အဲဒါ ၀တ္တရား။
ဒါပေမဲ့ ၀တ္တရားသာရှိပြီး တာဝန်မသိတတ်တဲ့ သူတွေကျတော့လည်း ဘာမှ လုပ်မပေးဘူး။ မသိချင်ယောင် ဆောင်နေတာပဲ။ ၀တ္တရားရှိတဲ့အတိုင်း ဘယ်သူကမှ မခိုင်းပဲ လုပ်ပေးတဲ့သူကမှ တကယ် တာဝန်သိတတ်တဲ့၊ တာဝန်ယူတတ်တဲ့သူ ဖြစ်တာ။ ငါတို့ ဆီမှာ အဲဒီလို ၀တ္တရားရှိပေမဲ့ တာဝန်မဲ့နေတဲ့သူတွေ အများကြီးပဲဆိုတာ မင်းတို့မျက်စိရှေ့မှာ တွေ့နိုင်တယ်။ နာမည်တွေတော့ အကျည်းတန်မှာ စိုးလို့ ငါမပြောပြတော့ဘူး။
လူရယ်လို့ ဖြစ်လာရင် တာဝန်ကိုယ်စီ ရှိကြတာချည်းပဲ။ ကိုယ့်တာဝန်ကိုယ်ယူမှ လူပီသတယ်။ ကိုယ့် ခန္ဓာကိုယ် အတ္တဘောကြီး ကြည့်ကောင်းရှုပျော်ဖြစ်အောင်လုပ်ဖို့ ကိုယ့်မှာတာဝန်ရှိတယ်။ ဒါ ခုနကပြောခဲ့တဲ့ ကိုယ်ရည်ကိုယ်သွေး မွေးမြူဘို့ ကိုယ့်တာဝန်ပဲလို့ ဆိုလိုတာ။
နောက်ပြီး ကိုယ့်ကို လူဖြစ်လာအောင် ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ ကိုယ့်မိသားစုကို ပြန်ပြီး လုပ်ကျွေးသမှုပြုဘို့၊ ကြည့်ရှု စောင့်ရှောက်ဘို့ ကိုယ့်မှာတာဝန်ရှိတယ်။ နောက် ကိုယ်နေတဲ့ ရပ်ရွာအတွက် ကိုယ့်မှာတာဝန်ရှိတယ်။ ကိုယ်နေတဲ့ တိုင်းပြည်အတွက် ကိုယ့်မှာတာဝန်ရှိတယ်။ ဒါ ဘယ်သူကမှ အတင်းရိုက်ခိုင်းနေစရာမလိုဘဲ ကိုယ့်အသိနဲ့ကိုယ် လုပ်ကြရမှာ။
ကိုယ်နေတဲ့အိမ်ကို၊ ခြံကို နေ့တိုင်းသန့်ရှင်းရမယ်။ အိမ်သာကို ဆေးရမယ်။ အမှိုက်သရိုက်တွေ ရှင်းပစ်ရမယ်။ ခြံစည်းရိုး ပျက်နေရင်ပြင်၊ မရှိရင်ကာ။ အိမ်အမိုးအကာတွေ ပျက်နေရင် ပြင်သင့်ပြင်၊ အသစ်လဲသင့်လဲ လုပ်ရမယ်။ ကိုယ့်အဖေအမေ လက်ကိုချည်း စောင့်မနေရဘူး။ ခုကြည့်စမ်း၊ မင်းတို့ အိမ်ခြံဝင်းတွေထဲမှာ ပေါင်းတွေ ခြုံတွေ၊ အမှိုက်သရိုက်တွေနဲ့ ညစ်ပေရှုပ်ပွနေတာ။ ဒါ ဘယ်သူကမှ ခိုင်းနေစရာ မလိုဘူး။ အရွယ်ရောက်လာတဲ့သူတိုင်း ကိုယ့်အသိနဲ့ကိုယ် လုပ်ကြရမှာ။ ငါတို့ဟာ ဒီအိမ်မှာ နေနေတဲ့အတွက် ဒီအိမ်နဲ့ ပတ်သက်လို့ ကိစ္စအ၀၀ ငါတို့မှာ တာဝန်ရှိတယ်လို့ ခံယူထားရမယ်။
နောက်ပြီးတော့ ကိုယ့်ရပ်ရွာ။ ခု ကြည့်စမ်း၊ မင်းတို့ ၀ါးတောကွင်းရွာကြီး။ စုတ်ပြတ်သတ်နေတာ။ အဲဒါ ဒီရွာက လူတစ်ဦးချင်းစီ တစ်ဦးချင်းစီက ကိုယ့်တာဝန်ကို မကျေပွန်ကြလို့ ဖြစ်နေတာ။ ဒီရွာမှာနေတဲ့အတွက် ဒီရွာကြီးကောင်းစားရေး၊ ဒီရွာ တင့်တောင့်တင့်တယ် ဖြစ်ရေး၊ ရွာသန့်ရှင်းသာယာလှပရေးဟာ ဒီရွာအတွင်း မှီတင်းနေထိုင်တဲ့ ရွာသားအားလုံးမှာ တာဝန်ရှိတယ်။ ငါတို့ရှိနေရက်ကနဲ့ ငါတို့ရွာကြီး ဒီလိုအမြင်မလှဖြစ်နေတာ ငါတို့အသုံးမကျလို့ဘဲလို့ ကိုယ့်ကိုယ်ကိုယ် ရှက်လိုက်ကြစမ်းပါကွာ။
နောက်တစ်ခုက တိုင်းပြည်။ မင်းတို့ ဒီတိုင်းပြည်မှာနေ၊ ဒီတိုင်းပြည်က သင်ပေးလိုက်တဲ့ပညာတွေကိုသင်။ ဒီတိုင်းပြည်ရဲ့ မြေပေါ်က ပေးကျွေးလိုက်တဲ့ အသီးအနှံတွေကိုစား၊ ဒီတိုင်းပြည်ကထွက်တဲ့ ရေကိုသောက်နေတဲ့အတွက် ဒီတိုင်းပြည်ကောင်းစားရေး မင်းတို့မှာလည်း တာဝန်ရှိတယ်။ ဒါဖြင့် တိုင်းပြည်ကျေးဇူးကို ဘယ်လိုဆပ်မလဲ။
တိုင်းပြည်ဆိုတာ မြို့နယ်တွေ၊ ရွာတွေကို စုပေါင်းထားတာကွ။ ရွာဆိုတာဟာလဲ အိမ်တွေကို စုပေါင်းထားတာပဲ။ ဒီတော့ အိမ်တိုင်း အိမ်တိုင်းက ကိုယ့်အိမ်ကိုယ် သပ်သပ်ယပ်ယပ်၊ သန့်သန့်ရှင်းရှင်းဖြစ်အောင်လုပ်ထားရင် ဒီရွာ သပ်ရပ်သန့်ရှင်းတဲ့ရွာ ဖြစ်လာမယ်။ ရွာတိုင်းသာ ဒီလိုသန့်ရှင်းနေရင် တိုင်းပြည်ကြီးလည်း သပ်ယပ်သန့်ရှင်းတဲ့ တိုင်းပြည်ကြီး ဖြစ်လာမှာပဲ။ ခုတော့ ၀ါးတောကွင်းတင် စုတ်နေသလားမမှတ်နဲ့။ ထောက်ကြံ့ကွင်းသွားလည်း ဒီအတိုင်း။ ယိုးဒယားကွင်း၊ စူးထိုးကွင်း၊ လယ်တံငယ် အားလုံးဟာ ဘယ်သူမှမသာဘူး။ ဗမာပြည်ထဲကရွာတွေ ငါ လေ့လာကြည့်တယ်။ အားလုံး စုတ်တုတ်တုတ်ရွာတွေချည်းပဲ။ ဗမာပြည်ထဲက ရွာတွေစုတ်နေပြီ ဆိုမှတော့ ဗမာပြည်ကြီးလည်း စုတ်ပြတ်နေတဲ့တိုင်းပြည်ကြီး ဖြစ်နေတာပေါ့ကွ။
အဲဒီလို ဖြစ်နေတာ မင်းတို့လို တာဝန်မသိတဲ့သူတွေကြောင့်ပဲ။
မင်းတို့ကသာ ဦးဆောင်ပြီး ရပ်ရွာကောင်းစားရေးလုပ်လိုက်မယ်ဆိုရင် ရွာကြီး ဒီ့ထက်ပိုလှလာမယ်။ ပိုပြီး ကြီးပွားတိုးတက် လာမယ်။ မင်းတို့သာ စာတွေဖတ်ပြီး အသိပညာတွေ တိုးတက်လာရင် စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေလည်း ကောင်းလာမယ်။ အဲဒီအခါ လူနေမှုအဆင့်အတန်းလည်း မြင့်လာမယ်။ အဲဒီအမွေကို နောက်မျိုးဆက်သစ်တွေကိုလည်း လက်ဆင့်ကမ်းပေးနိုင်မယ်။ ကိုယ်က ရှေ့ဆောင်ပြီး လုပ်လိုက်လို့ တခြားရွာတွေ အားကျလာရင် အဲဒီရွာတွေကိုလည်း ကိုယ်က နည်းပေးလမ်းပြ လုပ်နိုင်မယ်။ အဲဒီအခါ အဲဒီရွာတွေလည်း တိုးတက်လာမယ်။
တကယ်လို့သာ မင်းတို့လို လူငယ်တွေ မြန်မာပြည်တစ်ဝှမ်းမှာ အများကြီးပေါ်လာပြီ ဆိုရင် မြန်မာပြည်ကြီးလည်း ပိုပြီး သာယာလှပတဲ့ တိုင်းပြည်ကြီး မဖြစ်လာပေဘူးလား။ ပိုပြီး လူနေမှုအဆင့်အတန်းမြင့်မလာဖူးလား။ တိုင်းပြည်ထုတ်ကုန်လည်း ပိုပြီး မတိုးလာဘူးလား။ အဲဒါဟာ တစ်နည်းအားဖြင့် မင်းတို့က ကိုယ့်ရပ်ရွာအတွက် လုပ်နေရင်း တိုင်းပြည်အကျိုးစီးပွားကိုလည်း တပါတည်း လုပ်ပြီးဖြစ်သွားတာပဲ။ အဲဒီတော့ မင်းတို့ဟာ ကိုယ့်မိသားစုအတွက်၊ ကိုယ့်ရပ်ရွာအတွက် လုပ်နေခြင်းဟာ တိုင်းပြည်အတွက် လုပ်နေခြင်းပဲ ဆိုတာသဘောပေါက်ဘို့ လိုတယ်။

ဘာတွေလုပ်ရမလဲ

ဒီတော့ဘာလုပ်ရမလဲ တဲ့။
မင်းတို့လူငယ်တွေစုပြီး အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့ပါ။ အဲဒီအဖွဲ့အတွက် တူညီဝတ်စုံမလိုဘူး။ ဥက္ကဌ၊ အတွင်းရေးမှုး မလိုဘူး။ ရံပုံငွေတွေ ဘာတွေ မလိုဘူး။ ရုံးခန်း မလိုဘူး။ ကုန်ကုန်ပြောရရင် ဘာ အပိုဆာဒါးတွေမှ မလိုဘူး။ အဓိကလိုတာ လုပ်ချင်စိတ်နဲ့ စေတနာပဲ။ ဒါပေမဲ့ အဖွဲ့ကို ဦးဆောင်ဘို့ မင်းတို့အထဲက ထက်ထက်မြက်မြက် အရှိဆုံး၊ အသိဉာဏ် အမြော်အမြင်အရှိဆုံး တစ်ယောက်က ခေါင်းဆောင်ရမယ်။ နောက်ပြီး မင်းတို့အဖွဲ့ထဲမှာ အကြံပေးမဲ့ လူကြီးတွေလိုတယ်။ သူတို့က အတွေ့အကြုံရှိပြီးသားဆိုတော့ သူတို့ကို မထည့်မဖြစ် ထည့်ကို ထည့်ရမယ်။ ဥပမာ - ဟောဒီမှာထိုင်နေတဲ့ ဦးလေးဝင်းမြင့်တို့၊ ဦးကြီးမြဆင် တို့ပေါ့။
ဒါပေမဲ့ တကယ်လုပ်တဲ့အခါတော့ မင်းတို့ကိုယ်တိုင် လုပ်ရမှာပေါ့။
အဖွဲ့ဖွဲ့ပြီးပြီဆိုရင် တစ်လတစ်ခါတန်သည်၊ နှစ်ခါတန်သည် စည်းဝေးကြရမယ်။ နောက်ပြီး ဒို့ရပ်ရွာမှာတော့ ဘာတွေလုပ်ရင် ကောင်းမလဲလို့ ချရေး။ ဘယ်လိုလုပ်ရမလဲလို့ ဆွေးနွေး၊ မဖြစ်နိုင်တာတွေ မပြောနဲ့၊ ဖြစ်အောင်ကိုလုပ်မယ် ဆိုတဲ့စိတ်ကို မွေးထား။ အခက်အခဲနဲ့ ပြဿနာကတော့ ရှိမှာပဲ။ ဘယ်အရာမှ စင်းလုံးချော မဖြစ်နိုင်ဘူး။ မင်းတို့ကို ကန့်လန့်တိုက်တဲ့ သူတွေ၊ ကဏ္ဍဃောစ လုပ်တဲ့သူတွေ၊ ကဖျက်ကယက်လုပ်တဲ့သူတွေ ရှိမှာပဲ။ သူတို့နဲ့ ဖက်ပြီးရန်ဖြစ်နေစရာ မလိုဘူး။ ကိုယ်လုပ်ရမဲ့အလုပ်ကို အောင်မြင် အောင်လုပ်ဖို့ပဲ လိုတယ်။
နောက်ပြီး သူတို့အပေါ် မေတ္တာမပျက်နဲ့။ ထားပါတော့ ရွာလမ်းတွေ သန့်ရှင်းရေးလုပ်ပေမဲ့ အိမ်တစ်အိမ်က ကပ်ဖဲ့လုပ်ပြီး မပါဘူး။ ကိစ္စမရှိဘူး။ သူမပါလည်း သူ့အိမ်ရှေ့ပါ မင်းတို့သွားရှင်းပေးလိုက်ပါ။ မင်းတို့ သူ့အပေါ်သဘောထားကြီးကြောင်း ပြလိုက်ပါ။ မေတ္တာ မပျက်ကြောင်း ပြလိုက်ပါ။ ဒီလူ သူ့လိပ်ပြာ သူရှက်သွားလိမ့်မယ်။ နောက်တစ်ခါ မင်းတို့က မလာပါနဲ့တားနေတောင် သူမနေနိုင်ဘူး။ ပါကို ပါလာရလိမ့်မယ်။
နောက်တစ်ခုက အချင်းချင်း စိတ်ဝမ်းမကွဲကြပါနဲ့။ မတွက်ကပ်ကြပါနဲ့။ အလုပ်လုပ်လာပြီဆိုရင် သဘောထားခြင်း မတိုက်ဆိုင်တာ တွေ ရှိလာတတ်တယ်။ လူတွေအများကြီးနဲ့ လုပ်တာပဲ။ ဘယ် အားလုံးသဘောတူနိုင်မလဲ။ ဒါ သဘာဝကျတယ်။ အဲဒီလို သဘောထားခြင်း မတိုက်ဆိုင်တဲ့အခါ သူ့ဘက်ကိုယ့်ဘက် အလျှော့အတင်းလုပ်ပြီး ညှိယူပါ။ ဘယ်သောအခါမှ ငါ့စကား နွားရ မပြောပါနဲ့။
ကိုယ့်ဘက်ကနေမဟုတ်ပဲ သူ့ဘက်ကနေ စဉ်းစားကြည့်ပါ။ သြော်၊ သူပြောတာ ဟုတ်သားပဲ လို့ အမြဲတွေးပါ။
သာရေး၊ နာရေး တွေမှာ မင်းတို့အဖွဲ့ ဦးဆောင်ပြီး တက်တက်ကြွကြွ စေတနာပါပါနဲ့ လုပ်ပေးလိုက်ပါ။ နောက်ပြီး သင်္ကြန်၊ ၀ါဝင်၊ ၀ါထွက် လူကြီးသူမတွေကို ကန်တော့ပွဲလေးတွေ လုပ်ပေးပါ။ ၀ါတွင်းဥပုသ်ရက်တွေဆို ကျောင်းမှာ ဥပုသ်သည်တွေ အရမ်းများတယ်။ မင်းတို့က ဦးဆောင်ပြီး သူတို့နေရာထိုင်ခင်းသန့်ရှင်းတာ၊ ဆွမ်းကွမ်းဝေယျာဝစ္စ၊ ရေချိုးတာ၊ မမာရေး၊ မကျန်းရေး စတာတွေကို လုပ်ပေးကြရမယ်။
အလှူ၊ မင်္ဂလာဆောင်ရှိပြီဟေ့ ဆိုတာနဲ့ မင်းတို့က စည်းဝေးပွဲအငယ်စားလေး ခေါ်ပြီး မင်းကတော့ မဏ္ဍပ် ထိုးဘို့တာဝန်ယူ၊ ငါကတော့ ကျွေးမွေးရေးတာဝန်ယူမယ်၊ နင်တို့က ဧည့်ခံရေးတာဝန်ယူ၊ မင်းတို့ကတော့ ဖိတ်စာရိုက်ပေးလိုက်ကြ စသဖြင့် အသီးသီး တာဝန်ခွဲဝေယူကြရမယ်။ အခက်အခဲ ပြဿနာတွေနဲ့ ကြုံတဲ့အခါတိုင်း လူကြီးသူမတွေဆီက အကြံဉာဏ်ကို ယူပါ။
မင်းတို့စည်းဝေးပွဲလုပ်မယ်ဆို စာကြည့်တိုက်ထဲမှာ လုပ်လို့ရတယ်။ စာကြည့်တိုက်ကိုလည်း ပြန်ပြင်ပါ။ စာအုပ်ဘီရိုတွေ ထပ်လုပ်၊ စာအုပ်တွေ ထပ်ဖြည့်။ မင်းတို့ကိုယ်တိုင်လည်း စာဖတ်၊ ရွာသားတွေ စာဖတ်အောင်လည်း နှိုးဆော်ပါ။ စာကြည့်တိုက်ဟာ ရွာကာလသား၊ ကာလသမီးတွေ တွေ့ဆုံရာနေရာလေး ဖြစ်နေပါစေ။ စာကြည့်တိုက်ပတ်ဝန်းကျင်ကို သန့်ရှင်းထားခြင်းဖြင့် ကလေးတွေလည်း ဆော့လို့ရအောင် လုပ်ထားပါ။
စာကြည့်တိုက်ကို ဘယ်နေ့ဘယ်သူလာဖွင့် စသဖြင့် အလှည့်ထားပြီး အနည်းဆုံး တစ်ပတ်ကို သုံးရက်လောက်၊ တစ်ရက်ကို တစ်နာရီ၊ နှစ်နာရီလောက် ဖွင့်ဖြစ်အောင် ကြိုးစားပါ။
ကျောင်းခြံစည်းရိုး၊ ဆေးခန်း၊ စာကြည့်တိုက်နဲ့ ရယကရုံး စည်းရိုးတစ်လျှောက် သစ်ပင်တွေ စိုက်ပါ။ မန်ကျည်းပင်၊ သရက်ပင်၊ ခရေပင်၊ သပြေပင်၊ ကုက္ကိုပင် စတဲ့ နှစ်ရှည်ပင်ကြီးတွေ စိုက်ပါ။ ကံ့ကော်တို့၊ စကားပင်တို့လည်း စိုက်လို့ရတာပဲ။ နောက်ပြီး ရွာဘောလုံးကွင်းကို လည်း ပြန်ပြင်ပါ။ အားကစားပွဲလေးတွေ လုပ်ပေးပါ။
ဒါဆို မင်းတို့ဟာ ရပ်ရွာက အားကိုးရမဲ့ သားကောင်း၊ သမီးကောင်းတွေ ဖြစ်လာလိမ့်မယ်။ ရပ်ရွာကလည်း မင်းတို့ကို တကယ် အားကိုးအားထား ပြုလာလိမ့်မယ်။ ခု လူကြီးတွေနောက်ပိုင်း မင်းတို့ ရပ်ရွာကို တာဝန်ယူရတဲ့အခါ ရပ်ရွာအပေါ် သြဇာညောင်းတဲ့၊ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာလိမ့်မယ်။
လုပ်ရင်းကိုင်ရင်းကနေ ဘာတွေလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ် ဆိုတာ အလိုလို သိလာလိမ့်မယ်။ တစ်ခုတော့ရှိတယ်။ အဲဒီလိုလုပ်ရင် မင်းတို့ကို အ-မနာပ ပြောတဲ့လူတွေ ရှိလာလိမ့်မယ်။ မင်းတို့ အဆဲခံရလိမ့်မယ်။ မဲ့တာရွဲ့တာခံရလိမ့်မယ်။ တီးတိုးတီးတိုး သဖန်းပိုး လုပ်ကြလိမ့်မယ်။ မကြားတကြား လှောင်တဲ့သူတွေ ရှိလိမ့်မယ်။ အဲဒီလူတွေနဲ့ဖက်ပြီး ရန်ဖြစ်မနေနဲ့။ အဲဒီလူတွေပြောတာကို လျစ်လျူရှုထားလိုက်ပါ။ သူတို့ပြောချင်ရာ ပြောကြပါစေ။ မင်းတို့လုပ်နေတာ မင်းတို့အသိဆုံး။
မင်းတို့သာ အဲဒီလို တကယ်လုပ်မယ်ဆိုရင် ၀ါးတောကွင်းရွာကြီးဟာ ဘေးကရွာတွေ တမင်သက်သက်လာပြီး လေ့လာရမဲ့ စံပြရွာကြီးတစ်ရွာ ဖြစ်လာလိမ့်မယ်။ မင်းတို့အကြောင်းကိုလည်း တစ်ဆင့်စကား တစ်ဆင့်နား လူသတင်း၊ လူချင်းဆောင် သွားလိမ့်မယ်။
ကဲ၊ ငါပြောတာလည်း အတော်များသွားပြီး။ ဒီတော့ ငါပြောတာသေသေချာချာ မှတ်ထားပါ။ ငါပြောသလို လုပ်ဖြစ်အောင်လည်း လုပ်ပါ။ ငါ နောက်နှစ်နှစ်လောက်ကြာရင် တစ်ခေါက်ပြန်လာဦးမယ်။ အဲဒီအခါ ခုအခြေအနေနဲ့ဘာတွေကွာသလဲလို့ လေ့လာကြည့်မယ်။ လုပ်ဖြစ်အောင် လုပ်ကြပါလို့ ငါတိုက်တွန်းချင်တယ်။ ဒါပါပဲကွာ။

ဆက်ပါဦးမည်။

အေးငြိမ်း
၂၇-၆-၂၀၁၁၊ နံနက် ၇း၁၅ နာရီ
Blk 663D, Jurong West St 65
#15-233
Singapore 644663
Tel: 97303027

++++++++++++++++++++++++++++++++++++++++++

Tuesday, June 25, 2013

ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၃၂)

၁၂၁။ Effective Public Speaking Programme


တစ်နေ့သ၌ Tracy က သူ့ကိုယ်သူ မိတ်ဆက်လျှက် သူတို့လုပ်နေသည့် အစီအစဉ်လေးကို ပြောပြလာ၏။ လတစ်လ၏ ပထမဆုံး တနင်္ဂနွေတွင် သူတို့စုကာ Effective Public Speaking Programme လုပ်ကြသည်။ ပြဿနာမှာ နေရာအခက်အခဲဖြစ်၏။ ပထမတွင် ထိုအစီအစဉ်၌ ပါဝင်သူများ၏ နေအိမ်များ၌ တစ်လှည့်စီပြုလုပ်ကြသည်။ သို့သော် နေအိမ်ဖြစ်သည့်အတွက် အခြားသူများကို ထည့်သွင်း စဉ်းစားရသည်။ ကိုယ်လုပ်ချင်တိုင်း လုပ်လို့မရ။ ထို့ကြောင့် သင့်တော်မည့် တစ်နေရာ လိုချင်သည်။
စကားပြောလေ့ကျင့်ကြမှာ ဖြစ်သည့်အတွက် ဆိတ်ငြိမ်သော၊ အသင့်အတင့်ကျယ်ဝန်းသော၊ အချိန်ကိုလည်း သိပ်မငဲ့ကွက်ရ သော အခန်းဖြစ်ဘို့လိုသည်။ သို့အတွက် ကျွန်တော်တို့ ပညာဒါနသင်တန်းခန်းများကို သုံးလို့ရနိုင်၊ မရနိုင် စုံစမ်းခြင်း ဖြစ်၏။ သူတို့က လူအများကြီးမဟုတ်။ ဆယ့်လေးငါးယောက်လောက်ပဲရှိသည်ဖြစ်ရာ အခန်းခပ်ကျဉ်းကျဉ်း တစ်ခန်းရလျှင် ဖြစ်သည်။ အချိန်က မနက် ၈ နာရီမှ ၁၁ နာရီလောက်ထိ။
သည်ကိစ္စ ကျွန်တော် ဆုံးဖြတ်လို့မရ။ အခန်းပိုင်ရှင်ဖြစ်သော ကိုနိုင်နှင့် ဆက်ပေးရသည်။ အဆင်ပြေပါသည်။ မနက် ၈ နာရီ ဆိုတော့ ၇ နာရီ အိမ်ကထွက်ရမည်။ သည်လိုထွက်နိုင်ဘို့ အနည်းဆုံး ၆နာရီခွဲလောက် အိပ်ယာက ထရမည်။ အင်း၊ တစ်ပါတ်မှ တစ်ရက် သေသေချာချာအိပ်ရတာ ဆိုတော့ (တစ်လမှ တစ်ခါဖြစ်သည့်တိုင်) မအားဘူးအကြောင်းပြကာ ကျွန်တော်မသွားဖြစ်ပါ။ အဘယ်ကြောင့် ဆိုသော် စနေနေ့ညနေဘက် ၆း၃၀ မှ ၈း၀၀ နာရီထိ ကျွန်တော့်သင်တန်းရှိသဖြင့် အိမ်ပြန်နောက်ကျသည်။ စာကလေးကလည်း ဖတ်ချင်၊ ရေးချင်သေးသည့်အတွက် အိပ်ယာဝင် နောက်ကျသည်။ ထို့ကြောင့် တနင်္ဂနွေမနက်များတွင် ၇ နာရီ၊ ၇ နာရီခွဲလောက်မှ ကျွန်တော် အိပ်ယာထ၏။
ထို့ကြောင့် သူတို့ effective public speaking ကို သဘောပင်ကျသော်လည်း တစ်ခါလောက်သာ ကျွန်တော်ရောက်ပါသည်။ ကိုယ်မရောက်ဖြစ်သော်လည်း အခြားသူများကို သွားရန် အမြဲတိုက်တွန်း၏။ သို့သော် အခြားသူများမှာလည်း ကျွန်တော်ကဲ့သို့လူစားများ ဖြစ်သဖြင့် သွားတာ မတွေ့ရ။ မိမိတိုးတက်လမ်းကို အမြဲရှာကြံနေသည့် ကိုဇော်လင်းမြတ်တို့ကတော့ အမြဲရောက်ဖြစ်မည် ထင်ပါသည်။ ပင်တိုင်များမှာ ပရိုဂရမ်စီစဉ်သူများဖြစ်သည့် ထရေစီ၊ တယ်ရီ၊ မစိမ့်တို့ဖြစ်၏။
ပရိသတ်ရှေ့တွင် စကားပြောခြင်းအတတ်မှာ အလွန်အရေးကြီးလေသည်။ အမေရိကန်သမ္မတ မဲဆွယ်ပွဲ၌ မည်သည့်နည်းဖြင့် မဲဆွယ်ပါသနည်း။ ပရိသတ်အား စကားပြောပြီး မဲဆွယ်ခြင်း မဟုတ်ပါလော။ အထူးသဖြင့် ခေါင်းဆောင်လုပ်မည့်သူများမှာ ထောင်ပေါင်း များစွာသော (ထို့ထက်ပိုပြောရလျှင်) ရုပ်မြင်သံကြားမှ အသံလွှင့်ပါက သိန်းပေါင်းများစွာသော မျက်လုံးတို့က ကြည့်နေမည့်ဖြစ်ရာ မျက်နှာ အမူအရာ၊ ကိုယ်အမူအရာ၊ သုံးစွဲသည့်စကားလုံး စသည်တို့မှာ လွန်စွာအရေးကြီး၏။ ယခုခေတ်ကဲ့သို့ နေရာတကာ ဗီဒီယိုဖြင့် အသံရော၊ ရုပ်ပါ အလွယ်တကူ ဖမ်းယူနေနိုင်သည့်ခေတ်တွင် ပိုပြီး အရေးကြီးသေးသည်။ 
ထို့ပြင်တ၀ သည်ခေတ်ကြီးတွင် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဖေ့စ်ဘွတ်ကို သုံးကြသည်ဖြစ်လေရာ ကိုယ်ပြောတာ ဗီဒီယိုရိုက်ပြီး ဖေ့စ်ဘွတ်ပေါ်တင်လိုက်လို့ကတော့ မတော်တာများ တစ်ခွန်းတလေ ပါသွားလျှင် အရှက်ကွဲပေတော့မည်။ ကြည့်စမ်း၊ ဒီလူကြီး၊ ကြည့်တော့ဖြင့် ဟုတ်မလိုလိုနဲ့၊ တယ်ရှော်တဲ့လူကြီးပေကပဲ ဟု ဟိုလူကရှယ်၊ သည်လူကရှယ်။ ဟုတ်သည့်လူရော၊ မဟုတ်သည့် လူများပါ ပေါက်တတ်ကရ ကွန်မန့်များဖြင့် ၀ိုင်းဝန်း အခွံနွှာကြမည်ဖြစ်ပေရာ အပြောမတော် တစ်ခွန်းဆိုသည်မှာ ယခုခေတ်အတွက် ပိုမှန်ပေ၏။ 
ထို့ကြောင့် လူရှေ့သူရှေ့တွင် အပြောလေ့ကျင့်ပေးသည့် ယခုအစီအစဉ်ကို အလွန်ကောင်းသည့် အစီအစဉ်ဟု ပြောရခြင်း ဖြစ်ပေသည်။ သို့သော် ကောင်းသည်ဆိုတိုင်း လူကြိုက်တတ်သည် မဟုတ်ရကား ထရေစီတို့ စကားဝိုင်းမှာလည်း လာနေကျလူများသာ ရှိလျှက် မျက်နှာစိမ်းများ တွေ့ရခဲပေသည်။ တစ်နည်းအားဖြင့်လည်း အင်္ဂလိပ်စာ ဟုတ်တိပတ်တိ မတတ်တော့၊ မဟုတ်တာပြောမိပြီး လူလည်ခေါင် သောက်ရှက်ကွဲရချည့်ဟုတွေးကာ မလာရဲကြတာလည်း ဖြစ်နိုင်ပါသည်။
ဤနေရာတွင် ပရိသတ်ရှေ့၌ စကားပြောခြင်းအကြောင်း အနည်းငယ် မိတ်ဆက်ပေးလိုပါသည်။
ပရိသတ်ရှေ့၌ စကားပြောမည့်သူသည် မိမိပြောလိုသည့်အကြောင်းအရာကို ပိုင်နိုင်ရမည်။ မပြောမီကတည်းက ကြိုတင်ပြင်ဆင် ထားရသည်။ ဟစ်တလာဆိုလျှင် မိန့်ခွန်းမပြောမီ ကိုယ်လုံးပေါ်မှန်ကြီးများထောင်ကာ မိမိဘာသာ အပြန်ပြန်၊ အလှန်လှန် မိန့်ခွန်းပြော လေ့ကျင့်သည်ဟု မှတ်သားမိပါသည်။
 ပရိသတ်ရှေ့၌ စကားပြောမည့်သူသည် မိမိပြောလိုသည့်အကြောင်းအရာကို အစအဆုံး ချရေးထားရန် လိုပါသည်။ ထို့နောက် မိမိ ပြောမည့်အကြောင်းအရာနှင့် ယဉ်ပါးနေအောင် ထပ်ပြန်တလဲလဲ လေ့ကျင့်ထားရန် လို၏။ နိဒါန်းပိုင်း၌ မိမိ ပြောလိုသည့်အကြောင်းအရာကို အစပျိုးထားရမည်။ ပရိသတ်စိတ်ဝင်စားလာစေရန် မေးခွန်းမေးခြင်း၊ မိမိပြောမည့် အကြောင်းအရာထဲမှ စိတ်ဝင်စားစရာကောင်းသော အချက်အလက်များဖြင့် စဖွင့်ခြင်း စသည်တို့ဖြင့် ဆွဲဆောင်နိုင်၏။
စာကိုယ်တွင်မူ တစ်ချက်ချင်း ရှင်းရှင်းလင်းလင်း တိတိကျကျ ပြောရန်လို၏။ မိမိပြောမည့် အကြောင်းအရာ ပိုခိုင်မာစေဖို့ သတင်း အချက်အလက် သို့မဟုတ် ပုံတိုပတ်စများ ထည့်သွင်းအသုံးပြုနိုင်သည်။ နိဂုံးပိုင်းတွင်မူ ပရိသတ်များ မှတ်မိစေရန် မိမိပြောခဲ့သော အချက်များကို အကျဉ်းချုပ် ပြန်လည်ပြောပြရ၏။ အချက်အလက်များချည်း ပြောသွားလျှင် မိမိဟောပြောချက်သည် စိတ်ဝင်စားစရာ ကောင်း မည်မဟုတ်။ ပရိသတ် မကြိုက်နိုင်။ ထို့ကြောင့် ရီစရာ၊ မောစရာ၊ ပုံတိုပတ်စများ ထည့်သွင်းပြောရန် အရေးကြီးသည်။

အသေးစိတ်ရေးရန် အဓိကလိုအပ်ချက်မှာ စိတ်ကူးကောင်းခြင်းဖြစ်၏။ စိတ်ကူးလည်းကောင်း၊ စကားလုံးလည်း ကြွယ်ဝဆိုလျှင် နားထောင်သူ၏ စိတ်မျက်စေ့ထဲ၌ အသေးစိတ် မြင်လာစေရန် ပုံဖော်စွမ်းနိုင်သည်။
ပရိသတ်ရှေ့၌ စကားပြောခြင်းကား လွယ်သည့်အလုပ်မဟုတ်။ အကြောက်တရားအားလုံးထဲတွင် လူရှေ့သူရှေ့၌ စကားပြောရန် ကြောက်ရွံ့ခြင်းမှာ ထိပ်ဆုံးအကြောက်တရားဆယ်ခု၌  ချိတ်သည်ဆို၏။ ထို့ကြောင့် ပရိသတ်ရှေ့တွင် စကားပြောရမှာ ကြောက်သူသည် သင်တစ်ယောက်တည်းမဟုတ်။ လူများစုဖြစ်သည်ဆိုခြင်းကို မေ့မထားပါနှင့်။ ထိုအကြောက်တရားကို ဖျောက်ဖျက်ပစ်ရန် စနစ်တကျ ပြင်ဆင်ထားဘို့ လို၏။
လူရှေ့ ထွက်ပြီး ရဲရဲတင်းတင်း ချက်ကျလက်ကျ ပြောဆိုနိုင်သည့် ပညာမှာ Effective Communication ခေါ် ထိထိရောက်ရောက် ပြောဆိုဆက်ဆံနိုင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ မိမိပြောလိုသည့်အကြောင်းအရာကို ချရေးရာတွင် မိမိပေးလိုသည့် အဓိကအချက်  နားထောင်သူထံရောက်အောင် မည်ကဲ့သို့ စာစီရမည်။ ပရိသတ်စိတ်ထဲ စွဲသွားစေရန် မည်ကဲ့သို့ ဟန်ပန်၊ လေသံများနှင့် ပြောမည် စသည် တို့မှာ အလွန်အရေးကြီး၏။ ပရိတ်သတ်အား အကဲခတ်၍ ၎င်းတို့၏ တုန့်ပြန်မှုကိုကြည့်ကာ သင့်တော်သလို ပြန်လည်ပြောဆိုခြင်း၊ ကျေနပ်စွာ သဘောကွဲလွဲတတ်ခြင်း အစရှိသည်တို့ကိုသာ ထပ်ဖြည့်နိုင်ပါက လူအများကြီးရှေ့တွင် စင်ပေါ်တက် စကားပြောရုံမျှသာမက လူ လေးငါးဦး အချီအချ ပြောသည့်နေရာ၌ပါ အသုံးတည့်မည် ဖြစ်ပေသည်။
ပြောသည့်နေရာတွင်လည်း မြန်မာ့အသံမှ သတင်းကြေငြာသကဲ့သို့ အတက်အကျမရှိ။ အသံတစ်မျိုးတည်း ပြောခြင်းထက် အသံအတိုးအကျယ်၊ လေယူလေသိမ်း၊ ကိုယ်ဟန်အမူအယာများပါ ထည့်သွင်းလေ့ကျင့်ပါက ပိုမိုထိရောက်မည်ဖြစ်၏။ မိမိပေးလိုသော အချက်ကို ပရိသတ်အား ထိထိရောက်ရောက် ပေးနိုင်ရုံသာမက ပိုပြီးလည်း မှတ်ရလွယ်စေသည်။

၁၂၂။ ဟောပြောပွဲများ ကျင်းပပေးခြင်း နှင့် သင်တန်းများ တိုးချဲ့ခြင်း

            သင်တန်းကလေး နည်းနည်းအရှိန်ရလာတော့ ဦးနေမင်းဟိန်းက စင်ကာပူတွင်အလုပ်လုပ်နေသည့် လခ ဂဏန်း ၅ လုံးလောက် ရသည်ဆိုသော တကယ့် ၀ါရင့်၊ သမ္ဘာရင့် ပညာရှင်ကြီးများ ဖိတ်ကြားလျှက် ဆောက်လုပ်ရေးအင်ဂျင်နီယာဆိုင်ရာ ဟောပြောပွဲများ လုပ်ပေးပါသည်။ သူ့ဟာသူ လဖက်ရည်တိုက်လျှက် လုပ်ပေးခြင်းဖြစ်၏။ ပညာဒါနအခန်းမှာပင် လုပ်ခြင်းဖြစ်ပါသည်။
            စိတ်ဝင်စားသဖြင့် ဟောပြောပွဲလာသူ အတော်များပါသည်။ အခန်းနှင့်မဆန့်၍ အခန်းအပြင်မှပင် နားထောင်ကြရ၏။ ကျွန်တော် က တက်ရောက်လာသူများကို စာရင်းကောက်ထားရာ ၄၈ ယောက်မှ ၆၀ ကျော်ထိ ရှိပါသည်။ ပြုလုပ်ခဲ့သော ဟောပြောပွဲများမှာ အောက်ပါ အတိုင်းဖြစ်၏။
၁။ 19/9/2010 - Construction Project Planning – U Aung Kyaw Theik
၂။ 3/10/2010 – Construction Contract Administration – Daw Myint Sanda
၃။ 14/11/2010 - Development of A Computer Program for Grid Structure Analysis – U Ne Min Hein

၎။ 28/11/2010 – Basic Concepts on Steel Structure Design and Construction – U Tin Myaing


ကျွန်တော်က ကျွန်တော်ရေးထားသမျှကို Myanmar in Singapore website တွင်တင်ထားရာ ထိုဆောင်းပါးများအနက် ပညာဒါနအကြောင်းဖတ်မိသူ ဦးဟန်ရှင်ဝင်းက သူ MYOB ကို သေသေချာချာ သင်ပေးနိုင်ပါကြောင်း၊ သင်ပေးပြစေဟု ကမ်းလှမ်းလာသဖြင့် ကျွန်ုပ်တို့လည်း လက်ခံလိုက်ကာ MYOB သင်မည်။ တက်လိုသူများ စာရင်းပေးကြပါဟု Myanmar in Singapore တွင် ကြေငြာလိုက်၏။ သင်တန်းသားများရလာသော် ဦးဟန်ရှင်ဝင်းကို အကြောင်းကြားလိုက်ရာ သူလာသင်ပေးသည်။


နောက်တော့ အော်တိုကက် သင်ပေးလိုသူ၊ ပရိုဂရမ်သင်ပေးလိုသူ၊ ACMV စသည်ဖြင့် ပညာဒါနပြုလိုသူများ တဖြည်းဖြည်း များလာရာ ယခုအခါ ပင်နင်ဆူလာ၌ ပို့ချပေးနေသော သင်တန်းများမှာ တက္ကသိုလ်ပြည်မှ သင်တန်းများထက်ပင် ပိုစုံပါလေသေး၏။ သင်တန်းစုံတော့ သင်တန်းခန်း နေရာလည်း ရှာရသည်။ သို့သော် နောက်ပိုင်းကိစ္စများကို ကိုသက်နိုင်စိုးက တာဝန်ခံရှင်းပေး၏။ ပထမ သူ့ရုံးခန်းတည်ရှိရာ ပင်နင်စူလာပလာဇာ ၇ ထပ်၊ အခန်း ၂၁ တွင် သင်ကြသည်။ သို့သော် အခန်းက အတော်ကျဉ်း၏။ ထို့နောက် ထိုအထပ်တွင်ပင် အခန်းနံပါတ် ၂၆ သို့ပြောင်းရွှေ့သင်ကြပြန်သည်။ ထို့နောက် ယခုလက်ရှိ ၁၆ ထပ်၊ အခန်း ၆ သို့ပြောင်းရွှေ့ခဲ့ကြ၏။ 

သို့သော်လည်း ကျွန်တော်က ယခုအခါ အခြားဗာဟီရကိစ္စများအသာဘေးချိတ်လျှက် စာကိုသာ စောက်ချရေးလိုတော့သည်။ အသင်းအပင်းကိစ္စ၊ ဘာကိစ္စ၊ ညာကိစ္စများကို တတ်နိုင်သမျှ လျှော့ချလိုက်၏။ ထို့ကြောင့် ပညာဒါနသင်တန်းများဘက်သို့လည်း မရောက် ဖြစ်တော့ပါ။ ကျွန်တော့်ပိုက်အင်ဂျင်နီယာသင်တန်း တက်ရန် စာရင်းပေးသူများမှာလည်း ဆယ်ယောက်မျှသာ ရှိပေရာ စာရင်ပေးတာ ဆယ်ယောက်၊ တကယ်လာတက်တော့ ၅ ယောက်၊ သင်တန်းလည်းပြီးရော ၃ ယောက်မျှသာ ကျန်မည်ဖြစ်သဖြင့် ကျွန်တော်က ပညာဒါန သင်တန်းခန်းသို့ လူ (၂၀) ပြည့်မှ အကြောင်းကြားပါဟု ပြောထားလိုက်သည်။ လူ ၄ - ၅ ယောက်မျှနှင့် အချိန် ၄ - ၅ နာရီပေးရမှာ မတန်ပါ။
သို့သော် ပညာဒါနသင်တန်းများမှာမူ လူများစွာနှင့် အလွန်စည်ကားသိုက်မြိုက်လျှက် ရှိသည်ကို ၀မ်းသာဘွယ် တွေ့ရပါသည်။ ကျွန်တော် မတတ်နိုင်သည့်ကိစ္စကို ၎င်းတို့ဆက်လက် လုပ်နေသည့်အတွက် ကျေးဇူးအထူးတင်ပါ၏။

၁၂၃။ ကျွန်ုပ် ခွေးနေရာမရ ဖြစ်ရခြင်း

            ကျွန်တော့် အချိန်ပိုမှန်သမျှကို စာဖတ်၊ စာရေးခြင်းဖြင့်သာ အချိန်ကုန်စေသည်။ မည်သူနှင့်မှ အလ္လာပ၊ သလ္လာပ စကားပြောပြီး အချိန်မဖြုန်း။ တစ်ခါတစ်လေ အိမ်လာသည့်ဧည့်သည်လောက်ကိုသာ ဧည့်ခံစကားပြောတာလောက် ရှိသည်။ ထို့ကြောင့် အိမ်တွင်ရှိသော အခြားသူများနှင့် ရောရောနှောနှောမနေ။ ကိုယ့်အာရုံနှင့် ကိုယ်နေတာများသည်။ အများအားဖြင့် သည်လိုနေတာ ပြဿနာ သိပ်မရှိပါ။ သို့သော် တချို့ကျတော့ ပြဿနာရှိသည်။ ကျွန်တော်သည်လိုနေခြင်းသည် သူတို့နှင့် အပေါင်းးအသင်း မလုပ်လို၊ စကားမပြောလို၍ ဟု ယူဆသည်။ တစ်နည်းအားဖြင့်လည်း အင်မတန် ကြီးကျယ်တဲ့လူ ဟု အထင်ရောက်၏။
            ၂၀၀၆ ခုနှစ်၊ ကျွန်တော်တို့ ဇနီးမောင်နှံနှစ်ယောက် Jurong West မှ Lake Side သို့ပြောင်းလာသည့်အခါ Block 134A တွင် အိမ်ခန်းရသည်။ လေးထပ်၌ ဖြစ်၏။ ပြောင်းလာပြီး ၁ နှစ်ခွဲလောက်တွင် ဇနီးဖြစ်သူမှာ အတော်မကျန်းမမာဖြစ်လာသဖြင့် ရန်ကုန်ပြန်ကာ ဆေးကုသည်။ နေကောင်းသည့်တိုင် စင်ကာပူသို့ပြန်မလာဖြစ်။ ထိုအခါ ယခင်က ကျွန်တော်တစ်ခန်းလုံးငှားထားသည့် အခန်းမှာ တစ်ယောက်တည်းသာဖြစ်နေသဖြင့် ကျွန်တော်က တစ်ယောက်တည်း တစ်ခန်းလုံးစာ မပေးလိုသူဖြင့် နောက်ထပ် လူထပ်ထည်းရန် အိမ်ရှင်ကိုပြောရာ သူလည်း သဘောတူဖြင့် လူရှာသည်။ သို့သော် အခန်းထဲတွင် ယခင်လူတစ်ယောက်ရှိနေသမို့ နောက်ထပ် လူထပ်မရဟုဆိုကာ ကျွန်တော့်အပေါ် စောင်းမြောင်းလာသည်။
            သိပ်မကြာမီ တစ်ခုသော လကုန်ရက်တွင်မူ မင်းမနက်ဖြန် အိမ်ပြောင်းတော့ဟု ပြောလာ၏။ အိမ်ရှင်၊ အိမ်ငှားတို့ထုံးစံမှာ အိမ်ငှားစဉ်ကတည်းက မည်သူ့ဘက်မှ အိမ်ပြောင်းလိုသည်ဖြစ်စေ တစ်လကြိုပြောရမည်ဟု သဘောတူ စာချုပ်ချုပ်ရသည်။ သို့မှသာ အိမ်ရှင်ကလည်း နောက်လူငှားရှာနိုင်မည်။ အိမ်ငှားကလည်း နောက်အိမ်ရှာနိုင်မည်။ ကျွန်တော်က စာချုပ်အတိုင်း လကုန်လျှင် ပြောင်းပေး မည်ဆိုသော်လည်း မလိုချင်၊ ခုဆင်း ဟု ဆိုလေ၏။ ကျွန်တော်က ခုလောလောဆယ် နေစရာမရှိသဖြင့် အိမ်ရှာဘို့ အချိန်ပေးပါ ဆိုသော်လည်း မင်းဟာမင်း၊ လမ်းဘေးအိပ်အိပ်၊ ပန်းခြံထဲအိပ်အိပ်၊ ငါနဲ့မဆိုင်ဘူး။ မနက်ဖြန်မနက် မဆင်းဘူးဆိုရင် မင်းပစ္စည်းတွေ အကုန်ကန်ချမယ် ဆိုလေ၏။
            ၎င်း၏ ဆိုစကားအရ ထိုသူမှာ ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဆရာလုပ်ခဲ့ဖူးသည် ဆိုလေသည်။ မြန်မာပြည်မှ ဆရာဟောင်း တစ်ယောက်က ဤကဲ့သို့ ယုတ်မာလိမ့်မည်ဟု မည်သည့်အခါမှ ကျွန်တော်မတွေးထင်ခဲ့မိပါ။ ကျွန်တော်ကိုယ်တိုင်သည်ပင်လျှင် ကျောင်းဆရာဟောင်း တစ်ယောက်ဖြစ်ပါသည်။
            မိုက်ခြင်းနှင့် ယုတ်မာခြင်း နှစ်မျိုးရှိသည့်အနက် မိုက်ခြင်းကို ပညာမတတ်သူများ လုပ်သည်။ ယုတ်မာခြင်းကိုမူ ပညာတတ်သူ၊ သို့မဟုတ် စဉ်းစားတွေးခေါ်တတ်သူများ လုပ်သည်။ မိုက်သည်ဆိုရာတွင် သူ့မွေးရာပါ သန္ဓေကိုက ဆိုးလာ၍ အကြောင်းမရှိဘဲ မိုက်သူများ ဖြစ်ဘို့ များလေသည်။ သို့သော် လူမိုက်တိုင်းကို မကောင်းသူများဟု ခေါ်လို့မရ။ ခုတ်ရဲ၊ ခံရဲ၊ သတ်ရဲ၊ ဖြတ်ရဲ ရှိသဖြင့်သာ ထစ်ခနဲဆို ဒုတ်ဆွဲ၊ ဒါးဆွဲလုပ်တတ်သော်လည်း စိတ်ရင်းကောင်းသူ လူမိုက်များ ကျွန်တော်တို့ရွာဘက်တွင် ရှိပါသည်။ ကျွန်တော့်မိတ်ဆွေ အချို့မှာလည်း လူမိုက်များဖြစ်၏။
            လူမိုက်များသည် သူ့ဟာသူမိုက်ချင်လို့မိုက်တာဖြစ်သော်လည်း အခြားသူတစ်ပါး ဒုက္ခရောက်အောင် ရှာရှာဖွေဖွေ၊ ထွတ်ကယ်၊ ညှပ်ကယ်မလုပ်တတ်။ အရက်ဝိုင်းသောက်ကြရာမှ စကားပြောမတည့်သဖြင့် တွေ့ရာနှင့် ကောက်ရိုက်လိုက်တာမျိုး ဖြစ်သည်။
            သို့သော် ယုတ်မာသူများကမူ အလွန်ကြောက်စရာကောင်းလှ၏။ ၎င်းတို့က သူတစ်ပါး ဒုက္ခရောက်အောင် မည်သို့လုပ်လိုက်မည် ဟု နဂိုကတည်းက အကွက်ကျကျ ကြိုတင်ကြံစည်တတ်သဖြင့် ၎င်းတို့အကြံအစည် အထမြောက်သည့်အခါ တစ်ပါးသူမှာ မချိမဆန့် ဒုက္ခ ရောက်ရလေသည်။ ဤသူများကား အမှန်စင်စစ် လူယုတ်မာများ ဖြစ်သတည်း။
            အထက်ပါ ပုဂ္ဂိုလ်က ကျွန်ုပ်ကို ၎င်းအိမ်မှ အတင်းနှင်ချလေသော် ကျွန်ုပ်မှာ ခွေးနေရာမရ ဖြစ်တော့၏။ စင်ကာပူတွင် အဘယ်မည်သော ဆွေမျိုးသားချင်းအိမ်၌ သွားတည်းပါမည်နည်း။ သို့သော် ဆင်းမပေးလို့ကလည်း မဖြစ်။ သူမနေစေချင်သည့်ကိစ္စကို  အဘယ်ကြောင့် ကျွန်တော် အကျောက်အကန် ပြောနေရပါမည်နည်း။ သို့အတွက် ကျွန်ုပ်မှာ မည်သည့်နေရာတွင် ခဏနေလာက် နေလို့ ရမည်ကို အပူတပြင်း စဉ်းစားရလေတော့၏။
ပထမ လက်လှမ်းမီသမျှ အလွန်ရင်းနှီးသော မိတ်ဆွေများစာရင်းကို စာရွက်ပေါ်တွင်ချရေး၏။ ထို့နောက် သွားတည်းဘို့ မဖြစ်နိုင်သူများအား မျဉ်းတားကာ ခြစ်လိုက်၏။ နောက်ဆုံး လက်ရွေးစင် မိတ်ဆွေများချည်းကျန်သော် ၎င်းတို့ထံ ဖုံးဆက်ရ၏။ ကံအားလျော်စွာ ကျွန်တော်ယခုနေသည့်နေရာနှင့် သိပ်မဝေးလှသော ဘွန်လေးပလေ့စ်တွင်နေသည့် ကိုမြင့်သိန်းက သူ့ဆီမှာ ပစ္စည်းတွေထားလို့ရပါတယ် ဆိုလေသော် ကျွန်တော်လည်း လက်စနှင့် တစ်ညတော့အိပ်ပါရစေဟု အပူကပ်ရ၏။ အလွန်ချစ်စရာ ကောင်းသည့် မိတ်ဆွေဖြစ်သည့်အတွက် တစ်ညစာတော့ အဆင်ပြေသွားသည်။ သို့သော် နောက်နေ့တွေအတွက် နေဘို့ကိစ္စက ရှိပြန်သေးသဖြင့် ခေါင်းများပူလာသည်ထိ စဉ်းစားလေသော် ဒုက္ခရောက်လျှင် မြန်မာများ ပြေးသွားခိုလှုံလေ့ရှိသည့် နေရာတစ်ခုကို သွားသတိရမိ၏။ အခြားမဟုတ် ဘုန်းကြီးကျောင်းဖြစ်၏။
            ကျွန်တော်က ကျောင်းကန်ဘုရားများနှင့် သိပ်နီးစပ်သူမဟုတ်။ ထို့ကြောင့် ကလီမင်တီဘုန်းကြီးနှင့် ရင်းနှီးသူ ကိုနွယ်ဝင်းကို အပူ ကပ်ရ၏။ ကိုနွယ်ဝင်းက ဖုံးနံပါတ်ပေးသဖြင့် ကလီမင်တီကျောင်း ဆရာတော်ထံ ဖုံးဆက်ကာ ငိုပြရ၏။ ဆရာတော်က လာနေပါဟု ဆိုလေသော် ကျွန်ုပ်နေရေးပြဿနာကြီး ခဏတာ ပြေလည်သွားပြီဖြစ်သဖြင့် အတော်ခေါင်းအေးသွားရ၏။ သည့်အတွက် ကိုနွယ်ဝင်းကိုရော အထူးသဖြင့် ကလီမင်တီကျောင်းဆရာတော် ဦးဝိစိတ္တ ကိုပါ အထူးကျေးဇူးတင်ရပါသည်။ (ဘယ်မှမရရင်တော့ ဈေးပေါတဲ့ဟော်တယ်ပဲ သွားနေတော့မယ် ဟု တွေးပြီး ချိုင်းနားတောင်းမှ ဟော်တယ်များကိုတောင် စုံစမ်းမိပါသေးသည်။)
            ကိုမြင့်သိန်းက မီးစိမ်းပြလိုက်သည်နှင့် တပြိုင်နက် တစ်မိနစ်တစ်စက္ကန့်မှ အချိန်ဆိုင်းမနေတော့ဘဲ ညကြီးသန်းခေါင် အထုပ်အပိုး များသယ်ကာ ကိုမြင့်သိန်းဆီ အသိုက်ပြောင်းလာခဲ့သည်။ နောက်နေ့မှစ၍ ကလီမင်တီကျောင်း၏ ကျောင်းအိပ်ကျောင်းစား ကပ္ပိယ ဖြစ်ရ ပြန်ပါလေတော့သတည်း။ မည်သူ ကျွန်ုပ်လောက် စုံပါမည်နည်း။
            ဆိုခဲ့သည့်အတိုင်း ကျွန်တော်က လူထူထူကြားထဲတွင် သိပ်နေတတ်သူမဟုတ်။ ကျောင်းမှာကလည်း ဘုန်းကြီးတွေဘို့ကလွဲ၍ ကျန် လူများအတွက် အခန်းပိုမရှိရကား ကျွန်တော်တို့မှာ ကျောင်းဧည့်ခန်းကြမ်းပြင်တွင် ပြားအိပ်ကြရသည်။ ဘုန်းကြီးကျောင်းကလည်း လူပြတ်သည် မရှိလှ။ နေ့လည်ဆွမ်းကပ်မည့်သူ၊ အာရုဏ်ဆွမ်းကပ်မည့်သူများနှင့် အမြဲလိုလို လူရှုပ်နေတတ်ရာ ကျောင်းဝေရာဝစ္စ လုပ်စရာ မရှိလျှင် ကျန်အချိန်များကို ပန်းခြံထဲ၌ သော်လည်းကောင်း၊ HDB Flat အောက်မှ ကျောက်စားပွဲများ၌ သော်လည်းကောင်း အချိန်ဖြုန်းရ၏။
            အလုပ်ဆင်းရသည့် ကြားရက်များဆို တော်သေး၏။ တစ်နေကုန် အလုပ်ထဲမှာနေရပြီး ညမှ ပြန်လာရသည်ဖြစ်ရာ သိပ်မထောင်း တာလှ။ သို့သော် စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် တခြားကလည်း ဘယ်မှ မသွားတတ်သည်နှင့် ကျွန်တော့်အားလပ်ချိန်များကို ပန်းခြံအတွင်းမှ ခုံတစ်ခုခုတွင် စာဖတ်ခြင်းဖြင့် အချိန်ဖြုန်းရသည်။ ပိတ်ရက်များတွင် HDB တိုက်များအောက်၌ လူစည်ကားနေ၍ ပန်းခြံသည်သာ ကျွန်တော့်အတွက် ဘူမိနက်သန်၊ နေရာမှန် ဖြစ်ခဲ့ရသည်။
            ဟိုအိမ်မှ ခေါင်းနှင့်ဆင်းလာခဲ့ရပြီး နောက်နေ့တွင် ထိုတိုက်ခန်း၌ပင် အခန်းငှားရာ နှစ်ပတ်နေမှ ရမည်ဟု ဆိုလေသည်။ ကျွန်တော်က ငါ့မှာနေစရာမရှိလို့ပါကွာ၊ တစ်ပါတ်နဲ့မရဘူးလား ဆိုသည့်တိုင် အိမ်ခန်းမှာ ပြန်ပြင်ရမည်ဖြစ်သဖြင့် အနည်းဆုံး ၂ ပတ်စောင့်ရ မည် ဆိုလေသည်။ နှစ်ပါတ်ဆိုတော့လည်း နှစ်ပါတ်ပေါ့။ ကျွန်ုပ် ဘာလုပ်လို့ရပါမည်နည်း။
သို့နှင့် ကျွန်တော်လည်း သူတို့ရုံးရှိရာ Chai Chee Techpark သို့သွားကာ စာချုပ်လိုက်သည်။ ၂ နှစ်စာချုပ်ဖြစ်ပြီး စပေါ် ၃ လစာ တင်ရသည်။ ပြီးတော့ နှစ်ပါတ်စောင့်။ သည်နှစ်ပါတ်အတွင်း ကျွန်တော်နေရမည့်အခန်းသို့ သူတို့ပြင်ဆင်နေသည်ကို သွားကြည့်သည်။ မြန်မာအလုပ်သမားအချို့ပါ၏။          
            ထိုတိုက်ခန်းများမှာ အလွန်ဈေးသက်သာလှသည်။ HDB မဟုတ်။ United Premas က ပိုင်သည်။ Lake Side MRT အနီးမှ တိုက်ခန်းများဖြစ်၏။ တိုက်နံပါတ် 134A, 134B, 134C နှင့် 134D တို့ ဖြစ်သည်။ 134A နှင့် 134B မှာ ဆက်ရက်။ 1 Room, 1 Hall အခန်း များဖြစ်ပြီး ကျွန်တော်ငှားစဉ်က တစ်ခန်းမှ တစ်လကို ၅၅၀ ပဲပေးရသည်။ 134C က 2 Room, 1 Hall ဖြစ်သည်။ ငှားခမှာ တစ်ခန်းလျှင် ၇၅၀ ထင်ပါသည်။ သို့တိုင် အပြင်ခန်းများနှင့်စာလျှင် ဈေးသက်သာသည်။ ကိုယ့်မိသားစုနှင့်ကိုယ် လွတ်လွတ်လပ်လပ်နေရသည်။ ဘာစကားမှ များစရာမရှိ။ ကုမ္ပဏီပိုင်ဖြစ်သည့်အတွက် ဘယ်သူတွေ ဘယ်လိုနေသလဲ မည်သူမှ လာကြည့်မနေ။ ထို့ကြောင့်လည်း ထိုအခန်းများတွင် စတည်းချကာ နှစ်ရှည်လများ နေထိုင်သူတွေ များလေသည်။ 134D မှာ 3 Room, 1 Hall ဖြစ်၏။ ယခင်က အပြင်လူများ ငှားသေးသော် လည်း နောက်ပိုင်းတော့ ကျောင်းသားများကိုသာ ငှားသည်ဟု သိရပါသည်။ သေသေချာချာ မသိပါ။
             အချိန်နှင့်ဒီရေသည် လူကိုမစောင့် ဟူသောစကားပုံအတိုင်း နှစ်ပါတ်ဟူသည့်အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။ သို့သော် ရေငုပ်နေသူအဖို့ တစ်မိနစ်ကို တစ်နာရီထင်မှတ်ရကား ကျွန်တော်သည်လည်း သည်နှစ်ပါတ်ကို နှစ်လလောက်ကြာသည် ထင်ခဲ့လေ၏။

အိမ်ခန်းရပြီဆိုတော့ ကျွန်တော်လည်းအိမ်ငှားရှာသည်။ သိပ်မခဲယဉ်းပါ။ အသိမိတ်ဆွေများမှ တစ်ဆင့် အိမ်ငှားများ အသီးသီး ရ၏။ သည်တော့ အိမ်အသစ်သို့ ကျွန်တော်နှင့် အိမ်ငှားများ တစ်ပြိုင်နက် တက်ခဲ့လေတော့သတည်း။ စား၊ ၀တ်၊ နေရေးဟူသော လူ့ဘ၀၏ အလွန်အရေးကြီးလှသော အရေးကြီးသုံးပါးတွင် နေရေးလည်း အရေးကြီးလှကြောင်း ကိုယ်ကိုယ်တိုင် ခံစားရတော့မှ တကယ်လက်တွေ့ သိရပေတော့၏။

            ကိုယ်ပိုင်အိမ်ရှင်ဖြစ်လာတော့မှ သည်တိုက်ခန်းများ၏ ကောင်းကျိုးကို သိရတော့သည်။ အိပ်ခန်းကို လူငှား ၂ ယောက်တင်လျှက် ကျွန်တော်ကအပြင်ခန်း၌ အိပ်၏။ တိုက်ခန်းလခမှာ ၅၅၀။ အိမ်ငှား တစ်ယောက်ကို ၃၀၀၊ နှစ်ယောက် ၆၀၀။ ဆိုတော့ အိမ်လခအပြင် ရေဘိုးမီးဘိုးပါ ကာမိသေးသည်။ သည့်အတွက် ထိုအခန်းများ၌ နေခဲ့စဉ် ကျွန်တော်ပိုက်ဆံတစ်ပြားမှ မကုန်ရဘဲ အခမဲ့ ဒူးနှန့်ကာ နေနိုင်ခဲ့လေသည်။ သို့မို့ကြောင့် ကျွန်တော့်ကို ကန်ချလိုက်သော အနှီမောင်မင်းကြီးသားအား အလွန်ကျေးဇူးတင်ရပါ၏။ အဲလေ၊ စောစောကန်မချခဲ့သည့်အတွက် ကျေးဇူးမတင်ပါ။

 

 

၁၂၄။ စင်ကာပူရှိ မြန်မာသံရုံးတွင် အခွန်ဆောင်ခဲ့ကြပုံ

 

            ၂၀၁၃၊ ဇန္န၀ါရီလမတိုင်မီက စင်ကာပူရောက်မြန်မာအားလုံး ၀င်ငွေခွန် ဆောင်ကြရသည်။ ဤသည်မှာ သက်သက် မတရား အလုပ်ခံရခြင်းဖြစ်၏။ လူတစ်ဦးသည် နိုင်ငံတစ်ခုတွင်အလုပ်လုပ်ပါက ထိုနိုင်ငံအတွက်သာ အခွန်ဆောင်ရန်လိုသည်။ အဘယ်ကြောင့် ဆိုသော် ထိုနိုင်ငံမှ ပိုက်ဆံကိုရယူပြီး အလုပ်လုပ်နေသောကြောင့် ဖြစ်၏။ ထို့ပြင် မြန်မာအစိုးရနှင့် စင်ကာပူအစိုးရတို့လည်း အခွန် နှစ်ထပ်ကွမ်းဆောင်ခြင်း (Double Taxation) ကင်းလွတ်ရေးအတွက် သဘောတူလက်မှတ် ရေးထိုးထားတာ ဖြစ်၏။

            ယခု ကျွန်တော်တို့က စင်ကာပူအစိုးရကိုရော၊ မြန်မာအစိုးရကိုပါ အခွန်နှစ်ခါ ဆောင်နေရသည်။ မိမိတို့ သဘောတူစာချုပ်ကို ချိုးဖောက်လျှက် စင်ကာပူရောက်မြန်မာများထံမှ ၀င်ငွေခွန်ကောက်ခံနေခြင်းကို ရပ်တန်းကရပ်ရန် ကိုနိုင်မိုးအောင် ဦးဆောင်လျှက် အပြင်းအထန် လှုပ်ရှားခဲ့ကြပါသေးသည်။ စင်ကာပူတွင်ရှိသော လူအများထံမှလက်မှတ်များ ကောက်ခံသည်။ မြန်မာသံအမတ်ကြီးထံ စာပို့သည်။ စင်ကာပူဝန်ကြီးထံ စာရေးသည်။ သို့သော် ခေါင်းမာလှသော အနှီလူကြီးမင်းများကို အဘယ်သို့လျှင် နားဝင်အောင် ပြောပြလို့ ရပါမည်နည်း။

            အခွန်ကောက်ခံခြင်းမှာလည်း စင်စစ်ရီဘွယ်ရာ ဖြစ်ပါသည်။ အဘယ်ေ

ကြာင့်နည်း။ စင်ကာပူရောက် မြန်မာနိုင်ငံသားများသည် မိမိတို့ရသော လခ၏ ၁၀ ရာခိုင်နှုန်းကို မြန်မာသံရုံးသို့ ပေးသွင်းရမည်ဟုလည်း ကြေငြာထားသေး၏။ တကယ်အခွန်ကောက်တော့

အောက်ပါနှုန်းထားများအတိုင်း ဖြစ်၏။




အိမ်အကူများအတွက် ၃၀ ကောက်ခြင်းမှာ ပြောစရာမရှိ။ သူတို့ရသောလခမှာ ၃၀၀ မှ ၃၅၀ ခန့်သာရှိလေရာ ၀င်ငွေ၏ ၁၀ ရာခိုင်နှုန်းဆိုသည်မှာ သဘာဝကျသည်။ ၀ပ်ပါမစ်တစ်ဦးလျှင် အခြေခံလစာ ၄၅၀ မှ ၈၀၀ ခန့် ရသဖြင့် လခ၏ ၁၀% အဖြစ် ၄၀ သတ်မှတ်ခြင်းမှာ သင့်မြတ်ပါသည်။

သို့သော် S Pass ၏ ၁၀ ရာခိုင်နှုန်းကို ၈၀ ဟု သတ်မှတ်ခြင်းမှာ ၎င်းတို့ရသော လခမှာ ၈၀၀ ဟု အဓိပ္ပါယ်ရ၏။ သို့သော် လက်တွေ့တွင် S Pass သမားများသည် လခ ၁၂၀၀ မှ ၂၀၀၀ ထိ အစားစားရကြသည်ဖြစ်ရာ အနိမ့်ဆုံးလခ ၁၂၀၀ နှင့်တွက်လျှင်ပင် တစ်လ ၁၂၀ ဖြစ်ပါသည်။ ထို့အတူ EP တစ်ဦးလျှင်လည်း ၂၀၀၀ မှ ၄ - ၅၀၀၀ ထိရသဖြင့် ၎င်းတို့ကိုသာ ၁၀% ကောက်လျှင် တစ်လ အနည်းဆုံး ၂၀၀ ဖြစ်သွားပါလိမ့်မည်။

အလုပ်မလုပ်သော ကျောင်းသားများကို အခွန်ဆောင်ခိုင်းခြင်းမှာတော့ လွန်လွန်းပါသည်။ အချိန်ပိုင်း အလုပ်လုပ်သည် ဆိုစေ ထိုအချိန်ပိုင်းလုပ်၍ ရသောပိုက်ဆံမှာ အဘယ်မျှရှိပါမည်နည်း။ ကျောင်းသားကို ၀င်ငွေရှိသောသူဟု အဘယ်မဟာပညာရှိမင်းက သတ်မှတ် လိုက်သည်မသိပါ။ အတော်လေး ဆိုးပါသည်။

သို့သော်လည်း မဆိုးပါ။ အဘယ်ကြောင့် မဆိုးသနည်း။

ဒီမင်း၊ ဒီစိုး၊ ဒီသူခိုးနဲ့။ ဒီမိုး၊ ဒီရေ၊ ဒီလူတွေနဲ့ ဟု ဆိုသည့် မြန်မာစကားပုံကို မိတ်ဆွေတို့ ကြားဖူးကြပါလိမ့်မည်။ အစိုးရကလည်း သည်ကဲ့သို့ မဟားတရားလုပ်သည်။ သည်တော့ တိုင်းသူပြည်သားများကရော မှန်မှန်ကန်ကန် လုပ်ကြပါသလား။ ဝေးစွခြောက်ပါး။

သည်ကဲ့သို့ အခွန်ပေးနေရခြင်းကို မည်သူမှ မကျေနပ်ပါ။ ထို့ကြောင့် မည်သည့်နည်းဖြင့် အခွန်သက်သာအောင် လုပ်လို့ ရမည်နည်း ဆိုသည်ကို နည်းပေါင်းစုံ၊ ဉာဏ်နီဉာဏ်နက်ထုတ်ကာ လုပ်ကြပါသည်။ တချို့က မြန်မာပြည်ပြန်ရောက်မှ ဆောင်သည်။ မြန်မာပြည်တွင်မတော့ တစ်လကို ဘယ်ရွေ့ဘယ်မျှ သတ်မှတ်ချက်မရှိ။ သက်ဆိုင်ရာ အခွန်ဘုရင်မင်းများနှင့် အဆင်ပြေလျှင်ပြေသလို ပေးလို့ရသည်။ စင်ကာပူတွင်ဆောင်လျှင် မြန်မာငွေ ၅ သိန်းလောက် ကျမည့်ကိစ္စကို မြန်မာပြည်တွင် ၅ သောင်းလောက်နှင့် ပြီးချင် ပြီးနိုင်သည်။ သို့မဟုတ် ထန်ကုန် ၃ သိန်းလောက်နှင့် ရမည်။ တကယ်အခွန်ဆောင်တာ ၂ သိန်း။ အခွန်တော်မင်းကို ပေးရတာ ၁ သိန်း။

ကျွန်တော့်မိတ်ဆွေ ဘုရားဒါယိကာ တစ်ဦးကတော့ သူ S Pass ရပြီလည်းဆိုရော အခွန်ကို ၀ပ်ပါမစ်ကဒ်နှင့် ၂ နှစ်စာ ကြိုဆောင် ထားလိုက်သည်။ သည်တော့ တစ်လ ၄၀ နှင့် ၂ နှစ်စာ ၉၆၀ လောက်သက်သာသွား၏။ သူတို့တောင် လုပ်သေးတာအစ်ကိုရာ ကျွန်တော်တို့ ကလည်း ပြန်လုပ်ရမှာပေါ့ ဟု ပြောလိုက်ပါသေး၏။

သည်နေရာတွင် ကျွန်တော့်သဘောထားကို ပြောပါမည်။ အကယ်၍ မိတ်ဆွေများ ကျွန်တော်နှင့် သဘောကွဲလွဲခဲ့သော် အပြစ် ပြောစရာမရှိ။ ဤသည်မှာ ပုံမှန်ဖြစ်၏။ ကျွန်တော်သာ အနည်းငယ် စံလွဲနေသူဖြစ်ပါလိမ့်မည်။

အလွန်ခေါင်းမာလှသည့် ကျွန်တော့်အယူအဆမှာ အများနှင့်မတူပါ။ အစိုးရတရားတာ၊ မတရားတာ သူတို့အလုပ်ဖြစ်ပါသည်။ မဟုတ်တာလုပ်လျှင် မဟုတ်တာလုပ်သည့်အပြစ်ကို မဟုတ်တာ လုပ်သူများသာ ခံရဘို့ရှိပါသည်။ သူတို့မဟုတ်တာလုပ်တာနှင့် ကျွန်တော့် ကိုယ်ကျင့်သိက္ခာကို အထိပါးမခံနိုင်ပါ။

ထို့ကြောင့် ကျွန်တော် ၀ပ်ပါမစ်ဘ၀က တစ်လကို ၄၀ နှင့် လတိုင်းဆောင်ပါသည်။ မြန်မာပြည် ပြန်သည့်လများကို မဆောင်ရဟု ဆိုစေကာမူ ကျွန်တော်ကတော့ လဆက်ဆောင်သွားပါသည်။ မည်သည့်လမှ ချန်မထားခဲ့ပါ။ ကျွန်တော် S Pass ကျတော့ တစ်လ ၈၀ ပြောင်းဆောင်ပါသည်။ PR ရသည့်ကာလမှစ၍ နောက်ဆုံး အခွန်မဆောင်ရတော့ပါ ဟု တရားဝင်ထုတ်ပြန်ကြေငြာသည်ထိ တစ်လ ၁၂၀ နှင့်သာ ပုံမှန်ဆောင်ခဲ့ပါသည်။ စင်ကာပူတွင် နေသည့်ကာလများအတွက် အခွန်မဆောင်ခဲ့တာ တစ်လမှ မရှိခဲ့ပါ။ သူတို့ သတ်မှတ် ထားသည့်အတိုင်း အပြည့်အ၀ဆောင်ခဲ့တာ ဖြစ်ပါသည်။

အခွန်သက်သာအောင် မည်ကဲ့သို့ လျှော့ပေါ့ဆောင်ရမည် ဆိုသည့်နည်းလမ်းများကို မသိ၍ မဟုတ်။ ကျွန်တော် Tellus တွင် လုပ်ခဲ့စဉ်က မိတ်ဆွေဖြစ်ခဲ့သူတစ်ဦးက ကိုအေးငြိမ်း၊ ဒီမှာအခွန်ဆောင်ရတာ အရမ်းဈေးကြီးတယ်။ ကျွန်တော် မြန်မာပြည်မှာ ဆောင်ပေးမယ်။ ဘာမှလုပ်စရာမလိုဘူး။ ကျွန်တော့်ကို ပတ်စ်ပို့မိတ္တူရယ်၊ အရင်ဆောင်ထားတဲ့ ပြေစာမိတ္တူရယ်ပဲပေးလိုက် ဟု ဆိုပါသည်။ ကျေးဇူးတင်ပါတယ်ဗျာ။ လောလောဆယ်တော့ ကျွန်တော်အခွန်ဆောင်ပြီးသား ဖြစ်နေပြီ။ နောက် လိုမှ ကျွန်တော်ခေါ်လိုက်ပါ့မယ် ဟု ယဉ်ကျေးစွာ ငြင်းဆိုလိုက်ပါသည်။ သည်ကဲ့သို့ လိမ်ညာပြီးလုပ်ရမည့်အလုပ်မျိုး ကျွန်တော့်ဘ၀တွင် စဉ်းတောင်မှ မစဉ်းစားခဲ့ဖူးပါ။

သည်တွင် စကားစပ်၍ အနည်းငယ်ပြောပြစေ။ ၂၀၁၂ ခုနှစ် နှစ်လယ်လောက်က ထင်ပါသည်။ မိတ်ဆွေတစ်ဦး မြန်မာပြည်သို့ အပြီးပြန်ရန်ကိစ္စ ဖြစ်လာ၏။ ထိုအချိန်က နိုင်ငံခြားတွင် အလုပ်လုပ်နေသူများအား ကားပါမစ်များ ချပေးနေချိန်ဖြစ်သည်။ ကားပါမစ် တစ်ခုလျှင် သိန်း ၂၀ လောက်ရနိုင်သည်ဟု သိရပါသည်။ ကျွန်တော် သေသေချာချာ မသိပါ။

ကျွန်တော်တို့ မိတ်ဆွေတစ်စု ပင်နင်ဆူလာပလာဇာ၊ ရဲရင့်ကဖေးတွင်ထိုင်ကာ စကားစနေ ပြောကြသည်။ ပြန်မည့်မိတ်ဆွေက ကားပါမစ်လျှောက်မည့် အကြောင်းပြောတော့ စင်ကာပူနိုင်ငံတွင် အလွန်လူသိများထင်ရှားလှသည့် ဘာသာရေးအဖွဲ့ကြီးတစ်ခုမှ ထိပ်ပိုင်း လူကြီးနေရာကို တာဝန်ယူထားသူ မိတ်ဆွေတစ်ဦးက ခင်ဗျားကားပါမစ်လျှောက်မယ်ဆိုရင် မြန်မာပြည်ကို အပြီးပြန်လာတယ်လို့ ပြောလို့မဖြစ်ဘူး။ ခွင့်နဲ့ ပြန်လာတဲ့ သဘောလုပ်ရလိမ့်မယ်၊ နို့မို့ဆို ရမှာမဟုတ်ဘူး ဟု အကြံပေးလေ၏။

 သူပြောသည့်စကားမှာ အခြားသူများအတွက် သာမန်မျှ၊ ဘာမှ မဆန်းသောစကားဖြစ်၏။ သို့သော် ကျွန်တော့်အတွက်ကတော့ လက်မခံနိုင်သည့် စကားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အနှီမိတ်ဆွေမှာ အချိန်ရှိသမျှ ဘာသာရေးကိစ္စ၊ ဘုရားကိစ္စ၊ တရားကိစ္စများကို လုံးပန်းနေသူ ဖြစ်သောကြောင့်တည်း။ သူနှင့်ကျွန်တော်က အလွန်ရင်းနှီးသော မိတ်ဆွေအပေါင်းအသင်းများဖြစ်၏။ ကျွန်တော်ကလည်း ကိုယ်မကြိုက်လျှင် နောက်ကွယ်၌ အတင်းတုတ်တတ်သည့် လူစားမဟုတ်။ ရှေ့တွင် ပြောလိုက်ရမှ ကျေနပ်သူဖြစ်လေရာ ၎င်းရှေ့ တည့်တည့်သို့ သွားထိုင်လျှက် အောက်ပါအတိုင်း ပြောလေ၏။

ဒီမယ် ကို - - - - ။ (သည်းခံပါခင်ဗျား။ ကာယကံရှင်၏ ဂုဏ်ပုဒ်ကို ငဲ့ညှာသောအားဖြင့် နာမည်မဖော်ပြပါရစေနှင့်။ ကျွန်တော့် မိတ်ဆွေများကတော့ မည်သူဆိုတာ သိပါသည်။) ခု ခင်ဗျားပြောလိုက်တဲ့ စကားရဲ့ အတိမ်အနက်ကို စဉ်းစားမိရဲ့လား။ အကယ်၍ ခင်ဗျား နေရာမှာ ကို - - - - ဆိုရင် ကျွန်တော် ဘာမှ ပြောစရာအကြောင်းမရှိဘူး။ ဒါပေမဲ့ အခု ခင်ဗျား အမည်ခံထားတဲ့ - - - - အဖွဲ့ကြီးရဲ့ - - - - - - ဆိုတဲ့ ဂုဏ်ပုဒ်ကိုတော့ နည်းနည်းလောက် အားနာဘို့ သင့်တာပေါ့ဗျာ။ ကျွန်တော်သာဆိုရင် ခင်ဗျား၊ အဲဒီကားပါမစ် မရချင်နေပါစေ။ အပြီးပြန်လာတယ်လို့ကို ပြောရမယ်လို့ တိုက်တွန်းမယ်။ ကျွန်တော် ခင်ဗျားတို့လုပ်နေတဲ့ ဘုရား၊ တရားကိစ္စတွေရဲ့ ၁၀ ပုံ ၁ ပုံတောင် လုပ်တာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို မဟုတ်တာလုပ်ဘို့ကိုလည်း ကျွန်တော် ဘယ်တော့မှ ပြောလိမ့်မယ် မဟုတ်ဘူး။ ဒါဆို ခင်ဗျားတို့ လုပ်နေတဲ့၊ ခင်ဗျားတို့ ခံယူထားတဲ့ တရားဟာ ဘာတရားလဲ။ ဓမ္မလား၊ အဓမ္မလား  ဟု အတင်းတွယ်လေတော့ရာ ကျွန်တော်နှင့် ညီအစ်ကိုလိုဖြစ်နေသော ကို - - - က အနားကပ်လာလျှက် အဲဒါလောက်လည်း မပြောပါနဲ့ဗျာ ဟု လက်ကုတ်ပြီး တားရ၏။  

ဒီမယ် ကိုဟိုဒင်း။ ကျွန်တော်ခင်ဗျားတို့ကို မကြိုက်တာ အဲဒီလို ပါးစပ်က ဘုရား၊ ဘုရား။ လက်က ကားယား၊ ကားယား လုပ်နေတာတွေပဲဗျ။ ခင်ဗျားတို့လိုလူတွေကြောင့် ကျုပ်တို့ ဗုဒ္ဓဘာသာ နာမည်ပျက်နေတာ ဟု သူ့ကိုပါ ဆက်ဟောက်လိုက်ပါသည်။

ဤသည်မှာ ဘယ်သောအခါမှ ပြောင်းလဲလိမ့်မည်မဟုတ်သော ကျွန်တော့်ခံယူချက် ဖြစ်၏။

ဆိုကရေးတီးသည် အစိုးရအဖွဲ့က သူ့ကို အဆိပ်သောက်သေစေရန် အမိန့်ချခြင်းမှာ မတရားကြောင်း သိ၏။ သို့သော် သူ့ခံယူချက်က သည်နိုင်ငံသားဖြစ်နေလျှင် သည်နိုင်ငံက ချမှတ်ထားသော ဥပဒေကို လိုက်နာရမည်။ မတရားသော ဥပဒေဖြစ်ပါက ထိုဥပဒေ ပျက်ပြယ်သွားအောင် တိုက်ထုတ်ရမည်။ မိမိတို့က ဥပဒေကို မဖျက်နိုင်ပါက ထိုဥပဒေကို လေးစားလိုက်နာရမည် ဟု ဖြစ်၏။ ထို့ကြောင့်ပင် သူက အဆိပ်ခွက်ကို ကိုကာကိုလာအမှတ်ဖြင့် အေးအေးဆေးဆေး သောက်သွားခဲ့သည်။ သူသာ ထွက်ပြေးလိုပါက သူ့ကို ကူညီမည့်သူများ ဘေးတွင် အရံသင့်စောင့်နေသည်။ သို့သော် သူသာထိုအချိန်က ထွက်ပြေးခဲ့လျှင် သူ့နာမည်ကို ကျွန်ုပ်တို့ ယခုတိုင် တသသ ရွတ်နေစရာ အကြောင်းမရှိတော့။

မည်သူတစ်ဦးတစ်ယောက်ကမျှ သဘောမတူသည်ဖြစ်စေ။ ကျွန်တော်ကတော့ ဆိုကရေးတီးလမ်းစဉ်ကို တသဝေမတိမ်း လိုက်နာပါမည်။ ထို့ကြောင့်ပင်လျှင် ကိုဌေးဝင်းနိုင်က ကျွန်တော့်ကို အလွန်ခေါင်းမာသူဟု မှတ်ချက်ပေးခဲ့သည် မဟုတ်လော။

သည်းခံပါခင်ဗျား။ မဆိုင်တာတွေ ရောပါသွားသည်။ သို့သော်လည်း ဆိုရေးရှိက၊ ဆိုအပ်စွတည့် ဆိုသည့်အတိုင်း ဆိုလိုက်ရခြင်း ဖြစ်ပါ၏။ အခွန်ဆောင်ခြင်းအကြောင်း ပြန်ဆက်ပါမည်။

ကျွန်တော့်မှာ လောလောဆယ် “အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း” စာအုပ်ကို ရေးသားလျှက်ရှိရာ အချိန်ရှိသမျှ ထိုအကြောင်းသာ ခေါင်းထဲဝင်နေပြီး အချို့ကိစ္စများကို အမေ့မေ့အလျော့လျော့ ဖြစ်နေမိ၏။ တနင်္ဂနွေနေ့ည သန်းခေါင်ကျော် စာရေး၍ ဇက်များ၊ ခေါင်းများ အလွန်ညောင်းညာလာသောအချိန်တွင်မှ အိမ်သာထဲဝင်ရင်း ညနေက ညီတစ်ယောက်နှင့်ပြောခဲ့သည့် booking လုပ်ထားသည့် လေယာဉ်လက်မှတ်ကိစ္စ သွားသတိရပါသည်။ တဆက်တည်းမှာပင် ဟိုက်- ငါ အခွန်မဆောင်ရသေးပါလား ဟု အလွန် အရေးကြီးသည့် ကိစ္စကို အထိတ်တလန့် သတိရတော့၏။ ထိုအခါမှ အိမ်သာထဲက ကမန်းကတန်းထွက်လာရင်း လိုအပ်သည့် စာရွက်စာတမ်းများကို လွယ်အိတ်အတွင်း အတင်းထိုးသိပ်ထည့်ကာ ၅ နာရီခွဲ နှိုးစက်ပေးလျှက် ကမန်းကတန်း အိပ်ယာဝင်လိုက်ရ ပါတော့၏။ တော်သေးတာပေါ့။ လက်မတင်ကလေး သတိရလိုက်ပေလို့။
မနက်ကျတော့ နှိုးစက်၏ ပယောဂကြောင့် ငါးနာရီခွဲတွင်နိုး၊ လုပ်စရာရှိသည်များ ခပ်သုတ်သုတ်လုပ်ကာ ထွက်ခဲ့၏။ လိတ်ဆိုဒ်ဘူတာ ရောက်တော့ ၅ နာရီ ၄၀။ ကျွန်တော်လည်း ဘူတာရောက်၊ ရထားလည်းဆိုက်။ ထိုရထားမှာ မနက်အစောဆုံးထွက်သည့် ဒုတိယရထား ဖြစ်ဟန်တူပါသည်။ ကျွန်တော်လည်း ရထားပေါ်ရှိ အခြားသူများကဲ့သို့ပင် အိပ်ငိုက်ရင်း လိုက်ပါလာခဲ့ရာ သြချတ်ဘူတာသို့ ၆ နာရီခွဲတွင် ရောက်၏။ ထိုမှ ဟိုငေး၊ သည်ငေးနှင့် နံနက်ခင်းလေကို တ၀ကြီး ရှူရှိုက်ရင်း ခပ်သုတ်သုတ်လျှောက်ခဲ့သော် ၁၅ မိနစ်ခန့် လျှောက်မိသည် ဆိုလျှင်ပင် စင်ကာပူရောက် မြန်မာများအားလုံး မရောက်မဖြစ် ရောက်ရသည့် ရှေးဟောင်းပြတိုက်ကြီးနှင့် တူလှစွာသော စိန့်မာတင်ဒရိုက်လမ်းပေါ်မှ မြန်မာသံရုံးသို့ ရောက်ရှိပါတော့၏။
ရောက်သော် ဘာလုပ်ရမှန်း မသိသဖြင့် အရင်ရောက်နှင့်နေသော သူများကိုမေးကြည့်ရ၏။ ထိုအခါ တစ်ဦးက ရေညှိတက်ပြီး အရောင်မရှိတော့ပြီဖြစ်သော ကနုတ်ပန်းများနှင့် ရေးချယ်ထားသည့် ဆိုင်းဘုတ်ကြီးအနီး၊ ဖွင့်လိုက်လျှင် သူရဲရုပ်ရှင်ကားများထဲမှ တံခါးကြီးအလား ကျွီ၊ ဂျွိ ဂျွိ ဂျွိ ဟု အသံပေးတတ်သည့် သံတံခါးကြီးဘေး၊ အုတ်ခုံပေါ်တွင် ထိုင်နေသည့် မောင်ရင်ကလေးတစ်ဦးကို ညွှန်ပြကာ စာရင်းသွားပေးရန် ပြောပါသည်။ ကျွန်တော်လည်း ထို သူငယ်ကို မြင်ဖူးပါသည်ဟု ကြည့်ရင်း နာမည်စာရင်းပေးလိုက်၏။ အချိန်မှာ နံနက် ၆ နာရီ ၄၅ မိနစ်။ ကျွန်တော့်နံပါတ်မှာ ၃၅ ဖြစ်၏။
စာရင်းပေးအပြီး လွတ်သော ပလက်ဖောင်းတစ်နေရာတွင် ၀င်ထိုင်ကာ အလင်းရောင်သမ်းလာပြီဖြစ်၍ ကြာလိမ့်မည်ဟု ကြိုသိနေသဖြင့် ယူလာခဲ့သော စာအုပ်ကိုထုတ်ကာ ဖတ်နေလိုက်ပါသည်။ တခဏမျှအကြာတွင် ခြေသံ လျှပ်လျှပ်လျှပ်လျှပ်ကို ကြားလိုက်ရပြီး ဦးလေးကြီး ဟု ခေါ်သံနှင့်အတူ ကျွန်တော်နှင့် အရွယ်ချင်း သိပ်ကွာလှဟန်မတူသော အမျိုးသမီးတစ်ဦး နံဘေးနား လာထိုင်ပါ၏။ ထိုအခါမှ ကျွန်ုပ်လည်း အလုပ်ရှုပ်လှသဖြင့် ခေါင်းကို ဆေးမဆိုးမိခြင်းအပေါ် နောင်တရမိသလိုလို ရှိပါတော့သည်။
တစ်ခုလောက် မေးပြစေဟု စကားပလ္လင်ခံကာ သူက S Pass ကို ကိုင်ထားကြောင်း၊ ယခင်က တစ်ခါမှ အခွန်မဆောင်ဖူးသေးပဲ ယခု ပထမဆုံးအကြိမ် ဆောင်မှာဖြစ်ကြောင်း၊ ဘာတွေလိုပြီး ဘာတွေလုပ်ရမည် ဆိုသည်ကို မေးလာပါသည်။ ထိုအခါ ကျွန်တော်လည်း ကိုယ်သိသမျှ ပြောပြလိုက်ပါသည်။ ပထမဦးဆုံးအကြိမ် အခွန်ဆောင်သူများမှာ မိမိကိုင်ဆောင်ထားသော ကဒ်၊ မူရင်း + မိတ္တူ။ ပတ်စ်ပို့ မူရင်း + မိတ္တူ။ လစာဝင်ငွေ ဖော်ပြထားသော အလုပ်ခန့်စာမူရင်း တို့ကို အခွန်ဆောင်လိုကြောင်းစာတွင် ပူးတွဲတင်ပြရမည် ဟု ပြောလိုက်ပါ၏။
ထိုအခါ သူမက သူ ရုံးမှ စာတောင်းလာကြောင်း၊ S Pass ဖြစ်သဖြင့် လစာကို ရုံးမှ ၁၈၀၀ ဟု ရေးပေးလိုက်ကြောင်း ပြောရင်း စာထုတ်ပြ၏။ ကျွန်တော်လည်း မနေသာသဖြင့် မိန်းကလေးဖြစ်သဖြင့် လစာကို ၈၀၀ သို့မဟုတ် အများဆုံး ၁၀၀၀ သာ ပြသင့်ကြောင်း၊  ထို့ကြောင့် စာပါလစာကိုပြင်သင့်ကြောင်း ပြောလိုက်ရာ သူက ဒါဆို နောက်နေ့မှ လာဆောင်မှပဲ ဟု ငြီးငြီးငြူငြူ ပြောပါ၏။ ကျွန်တော်က အိမ်နှင့်နီးလျှင် အိမ်တွင် ပြန်ပြီးပြင်ကာ ပြန်လာလို့ အချိန်မီနိုင်သေးကြောင်း၊ အိမ်တွင်မရှိလျှင်လည်း ဆိုင်ဖွင့်ချိန်ကိုစောင့်ပြီး ဆိုင်တစ်ဆိုင် ဆိုင်တွင်ပြင်ရန် အကြံပေးလိုက်ပါ၏။
ရိုးသားလှသော မမကလေးက သူ့တွင် ကုမ္ပဏီ Letter head နှင့်စာရွက် မရှိကြောင်း၊ ထို့ပြင် မန်နေဂျာ လက်မှတ်ထိုးရန်လည်း လိုသေးကြောင်း ပြောပါ၏။ ထိုအခါတွင်မတော့ ကျွန်ုပ်လည်း မနေသာတော့ပဲ အောင်မယ်လေးဗျာ၊ ကိုယ့်ဟာကိုယ် ရိုက်ပြီး မန်နေဂျာ နာမည် တစ်ခုရိုက်ထည့်လိုက်၊ ကိုယ့်ဟာကိုယ် ဆိုင်းထိုးလိုက် ပြီးတဲ့ကိစ္စ ခက်နေပြန်ပါပြီ ဆိုသည့်တိုင် သူ့မှာတွေဝေနေပြန်ပါသဖြင့် ဒီမှာ သူတို့ခုလို အခွန် ၁၀ ရာခိုင်နှုံးကောက်တယ်ဆိုပေမဲ့ S Pass ဆိုရင် ၈၀ နှုန်းပဲ ပေးရတယ်။ ကျုပ်တို့ ကိုယ့်ဝင်ငွေအတိုင်း အမှန်ပြော ဆောင်လို့ကတော့ သေဖွယ်ရာသာ ရှိတော့မပေါ့ဗျာ။ လူတိုင်း ဒီအတိုင်းလုပ်နေတာပါ။ ဘာမှ ပူမနေပါနဲ့။ အချိန်ရှိတုံး အမြန်သွားလိုက် ဟု အတင်းတွန်း လွှတ်လိုက်မှ တွန့်ဆုတ်၊ တွန့်ဆုတ်နှင့် မလုံမလဲထွက်ခွာသွားပါ၏။ ချစ်စရာကောင်းသော မြန်မာ့ရိုးသားမှုများ ပါပေတည်း။
ကျွန်ုပ်လည်း စာအုပ်ကို ပြန်လှန်လိုက်၏။ ခဏကြာသော် တံခါးပေါက်ဝတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသဖြင့် ဘာများပါလိမ့်ဟု သွားရောက် စပ်စု။ ဘာမှ မဟုတ်မှန်းသိသော် နေရာပြန်လာထိုင်။ တစ်ယောက်က ၈ နာရီခွဲမှ ဖွင့်မှာတဲ့ ဟု ခပ်ကျယ်ကျယ်ကြေငြာလိုက်မှ ကျွန်ုပ်လည်း စာအုပ်ကို စိတ်ချလက်ချ ပြန်ဖတ်။ တက္ကစီနှင့် တစ်မျိုး၊ ခြေလျင်လျှောက်၍တဖုံ၊ အလုပ်သွားသည့် ကားကြီးနှင့်တနည်း အလှူဒါန၊ ပြုကြသူငါ လုပ်လိုသူများ တဖွဲဖွဲနှင့် ရောက်လာပါ၏။
သို့နှင့် ၈ နာရီခွဲလတ်သော် အပေါက်ဝတွင် ရုတ်ရုတ် ရုတ်ရုတ်နှင့် ဖြစ်သွားပြီး ဖွင့်လိုက်သော လူဝင်ပေါက်မှ အတွင်းသို့ အလုအယက် တိုးဝှေ့ဝင်သွားကြသည်ကို တွေ့လိုက်ရသည်။ ကျွန်တော်မှာမူ အို၊ ငါ စာရင်းပေးပြီးသားပေကပဲ ဟု စိတ်ချလက်ချနှင့် အများနောက်မှ ခပ်အေးအေးပင် လိုက်ဝင်သွားပါ၏။ သံရုံးအတွင်းတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို တွေ့ရ၍ ဘာများပါလိမ့်ဟု အနားသွားကြည့်။ တစ်ဦးက မနက်ကယူထားတဲ့ စာရင်းအတိုင်းပဲ သွင်းလိုက်ပါ့မယ် ဟု ဆိုမှ အားလုံးရှဲလာကာ ထိုင်ခုံများတွင် နေရာယူကြ ၏။ ခဏအကြာတွင် ကိုအေးငြိမ်း ဟု လာနှုတ်ဆက်မှ မနက်က ကျွန်တော် စာရင်းပေးခဲ့သော ကိုရင်ကလေးကို သေသေချာချာ တွေ့ရပါ သည်။ သူ့ကို ကျွန်တော် အတော်လေး ရင်းရင်းနှီးနှီး သိပါသည်။ သို့သော် နာမည်ကိုသော်လည်းကောင်း၊ ဘယ်မှာတွေ့ဖူးသည်ကို လည်းကောင်း၊ ခေါင်းနောက်လာသည့်တိုင် အပြေးအလွှား စဉ်းစားပါသော်လည်း ဘယ်လိုမှ အဖြေရှာမရနိုင်သည့်အဆုံး တည့်တိုးပင် မေးရတော့၏။
နေပါဦး၊ ကိုရင့်ကို ကိုယ် သေသေချာချာ သိပါတယ်။ ဘယ်မှာသိတာပါလိမ့် ဟု မေးရာ သူက ကိုရောဘတ် မိတ်ဆက်ပေးလို့ ကနေဒါ ကိစ္စနဲ့ အစ်ကို့ဆီကို လာဖူးတယ်လေ ဟု တည့်တည့်ပြောမှ ရိပ်မိပါသည်။ အနီးတွင်ရှိသော လူ တစ်ယောက် အနားကပ်လာကာ အဲဒီလူက နောက်ဆုံးမှ ရောက်လာတာဗျ။ သူ့အရင် မနက်အစောကြီးကတဲက ရောက်နှင့်နေတဲ့ သူတွေကို အားနာဘို့ကောင်းတာပေါ့ဗျာ။ ဒီလိုလုပ်လို့ ဘယ်ကောင်းမလဲ ဟု ပြောလာ၏။ ထိုအခါမှ ကျွန်တော့်မိတ်ဆွေကလေးက အင်း၊ ကျွန်တော်လည်း ပြဿနာမဖြစ်ချင်လို့ ဘာမှမပြောပဲ နေလိုက်တာပါ ဟု ဆိုပါ၏။ ကျွန်ုပ်လည်း ထိုအခါမှ ဘာ့ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည် ကို နည်းနည်း ရိပ်မိလာကာ သေသေချာချာ မေးရ၏။
ဟို ကတုံးနဲ့လူပေါ့ အစ်ကိုရာ၊ ကျွန်တော်က ရောက်တဲ့လူတွေကို စာရင်းလုပ်ထားတာ။ အဲဒါ ၈ နာရီခွဲလို့ တံခါးဖွင့်တော့ သံရုံးက စာရွက်တစ်ရွက် လာပေးတယ်။ အဲဒါ အဲဒီလူက စာရွက်ကို အတင်းဆွဲလုသွားပြီး သူ့နာမည်ကို အတင်းရေးလိုက်တယ်။ နောက်ပြီး သူနဲ့ပါလာတဲ့ သူတွေလည်းရေးတယ်။ အဲဒီတော့ သူက (နောက်မှရောက်လာသူကို လက်ညှိုးထိုးပြလျှက်) စာရွက်ကို အတင်းလုပြီး ကျွန်တော်လုပ်ထားတဲ့ စာရင်းအတိုင်း ဖြည့်ရေးတာ။ ဒါတောင် ၄ ယောက်လောက် ရေးပြီးသွားပြီ။
ထိုအခါ ကျွန်တော်လည်း အတော်ခံပြင်းသွားလျှက် ကျွန်တော့်ကို ဘာလို့စောစောက မခေါ်လိုက်သလဲဗျာ၊ အဲလို လူပေါ်လူကျော် တဲ့ကိစ္စ ကိုယ်ကနည်းနည်းမှ သည်းခံတတ်တာ မဟုတ်ဘူး ဟု သူခိုးပြေးမှ ထိုးကွင်းထလိုက်ပါ၏။ သူ့တစ်ယောက်အတွက်နဲ့ ပြဿနာ မတက်ချင်လို့ ကျွန်တော်တို့လည်း ငြိမ်နေလိုက်တာပါ ဟု ပြောပါသည်။ ထိုသူများကား ကျွန်တော့်ထက် ပိုလိမ္မာသူများ ဖြစ်၏။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်စဉ်က ထိုနေရာတွင် ကျွန်တော်ရှိနေပါက ထိုသူရော ကျွန်တော်ပါ မလွယ်ပါ။ ကျွန်တော့်မှာ ထိုကိစ္စမျိုးကို အနည်းငယ်မှ ခွင့်လွှတ်တတ်သူမဟုတ်ရကား တစ်နည်းမဟုတ် တစ်နည်းဖြင့် ကိစ္စများမှာ သေချာနေပါသည်။
ဘယ်လိုလူစားပါလိမ့် ဟု သိချင်သည်နှင့် ထို ကတုံးနှင့်လူ ဆိုသူကို လိုက်ရှာပါသည်။ သိပ်မရှာလိုက်ရပါ။ ကောင်တာရှေ့ဆုံးတွင် ရပ်လျှက်ရှိသည်ကို တွေ့ရ၏။ မျက်မှန်အနက် တပ်ထားလျှက် အရပ်ရှည်ရှည်၊ ရှပ်လက်ရှည် အစင်း၊ ဘောင်းဘီအနက်၊ ပြောင်လက် နေအောင် တိုက်ထားသော ရှူးဖိနပ် စသည်တို့ကို သေချာစွာ ၀တ်စားထားသည်ကို တွေ့ရပါသည်။ သူ့ပုံကိုကြည့်ခြင်းဖြင့် ထိုသူသည် သာမန် အလုပ်သမားတစ်ဦး မဟုတ်နိုင်မှန်း သိနိုင်ပါသည်။ သူနှင့်အတူ ပါလာသော အမျိုးသမီးမှာလည်း အနံကြီးကွင်းကျယ် ဒီဇိုင်းမျိုးဖြစ်လေရာ ကျွန်တော့်ခန့်မှန်းချက်မှာ မမှားနိုင်ပါ။
မိမိဝတ်စားထားသော အ၀တ်များကိုမှ အားမနာပဲ ခွေးဝဲစားအကျင့်မျိုး ကျင့်ခြင်းကိုမူ ကျွန်တော် အလွန် ရွံရှာမိပါသည်။ ဤကဲ့သို့သော လူစားမျိုးများ ကျွန်တော်တို့ မြန်မာလူမျိုးများအတွင်း ဘယ်နှရာခိုင်နှုံးလောက် ရှိပါသနည်း။ ဘုရားသခင်၏ ဂုဏ်ကျေးဇူး တော်ကြောင့် ၁ ရာခိုင်နှုံးထက် မကျော်ပါစေနှင့် ဟု ဆုတောင်းမိပါသည်။ သို့သော် ကျွန်တော့် ဆုတောင်းပြည့်ဘို့ရာ မလွယ်ကူလှပါ။ မိတ်ဆွေတို့ သိပြီးဖြစ်သည့်အတိုင်း မြန်မာနိုင်ငံ တစ်နံတစ်လျားတွင် ထို ဒေ၀ဒတ်၏ သားသမီး၊ မြေးမြစ်၊ အဆက်အနွယ်များ အမြောက်အများ ရှိပေသည်။ သို့မို့ကြောင့်ပင် ထိုသည်ကို မြင်ပြင်းကပ်လှသည့် အချုပ်တန်းဆရာဖေက ကျွန်တော်တို့အတွက် အောက်ပါကဗျာကို ရေးဖွဲ့ထားခဲ့ခြင်း ဖြစ်တော့၏။

ဗမာတွေ စည်းကမ်းဖောက်လို့
ထီးနန်းပျောက် ဖြစ်ပြီ
နည်းလမ်းမှောက် အသစ်ကို မှီသည်
ညစ်ပလီလူမျိုး
မိပစ်လို့ ဘ ရှောင်သွေသည်
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။

ဗမာချင်း ကြွားကြချင်
ဓါးပြသွင် လူဆိုး
ကုလားမြင် သူ့အမေ ရိုးတော့မလို
ခုမြေလျှိုး ပုန်းရှောင်၊
မိုက်မနော် ပြုမဟေးတို့က
သူ့ပထွေးတော့ ခွေးသို့မဟောင်
ပြောရော့ဟဲ့ ရာဇ၀င်ပြောင်အောင်
စာသင်တောင် ဦးချလို့ (စာသင် = ဆာဂျင်)
ပလူးရ ပြေးကြို့ခါခါ
ခွေးသို့ ပမာ
တွေးမိတိုင်း အရိုးနာသည်
အမျိုးပါ ဆဲချင်ပေါ့လေး။ ။

ကျွန်တော်လည်း အမျိုးနှင့်ချီ၍ ဆဲလိုက်ချင်ပါသည်။ ဤသည်ကို အတွင်းသိဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းက ဒီကနေ့ကစပြီး ခင်ဗျားတို့ေ-ာက်ကျင့်တွေကို ပြင်ဘို့လိုပြီ ဟု ပြောခဲ့ခြင်း ဖြစ်၏။ ဗိုလ်ချုပ်ပြောခဲ့တာ အနှစ် ၆၀ လောက်ရှိပြီ။ ထိုေ -ာက်ကျင့်များကို ယနေ့ထိ မဖျောက်ကြသေး။

အနီးမှ အစ်မကြီးတစ်ဦးက အင်း အရင်က ၃၁။ ခု ၄ ယောက် ပေါင်းလိုက်တော့ ၃၅ ဖြစ်သွားပြီ ဟု စိတ်မောစွာ ရေရွှတ်လိုက်    ပါသည်။ မနက် ၉နာရီ ၁၅မိနစ် တွင် နံပါတ် ၁ ကနေ ၅ လာပါ ဟု မိုက်မှ ကြေငြာသံကြားလိုက်ရ၏။ ကိုယ့်အလှည့်ရောက်ဖို့ အဝေးကြီး လိုသေးသည်နှင့် ကျွန်တော်လည်း အပြင်ထွက်ကာ ခြံစည်းရိုးနားတွင် တန်းစီချထားသည့် ထိုင်ခုံများ၌ သွားရောက်ထိုင်ကာ စာအုပ်ကို ထုတ်လိုက်၏။ ထိုခဏ လူရိပ်မြင်လိုက်ရသဖြင့် မော့ကြည့်လိုက်ရာ လွန်ခဲ့သည့် ၈ နှစ်ကျော်က Keppel Shipyard တွင် လုပ်စဉ် အတူလုပ်ကိုင်ခဲ့ရသည့် မိတ်ဆွေဟောင်း တစ်ဦးကို တွေ့လိုက်ရ၏။ ရှေးဟောင်းနှောင်းဖြစ် ပြောကြရင်းမှ သူနှင့်အတူပါလာသည့် ပုဂ္ဂိုလ်က အင်း၊ လွယ်မှ လွယ်ပါ့မလား မသိဘူး ဟု ရေရွတ်လိုက်လေသော် ကျွန်တော်လည်း စာရေးရန် ကုန်ကြမ်းတစ်ခုတော့ရပြီဟု စပ်စုလေရာ ဒီလို အစ်ကိုရဲ့ ဟု သူ့ဇာတ်စုံကို ခင်းပြလေ၏။
သူ့သူငယ်ချင်းဖြစ်သူမှာ စင်ကာပူ PR တစ်ဦးဖြစ်ပြီး ထိုင်းသို့ ခေတ္တအလည်သွားစဉ် အလုခံရသဖြင့် ပတ်စ်ပို့ ပျောက်သွားကြောင်း၊ ထို့ကြောင့် အသစ်လုပ်ရန် လာစုံစမ်းကြောင်း ပြောပါ၏။ ကျွန်တော်ကလည်း အို၊ ဒါ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပါ၊ ဟိုမှာ လျှောက်လွှာသွားယူ ချေ။ ပြီးတော့ ပတ်စ်ပို့မိတ္တူ။ အခွန်ပြေစာ မိတ္တူတွေယူပြီး တင်လိုက်ပါ ဟု ပြောလိုက်ပါသည်။ ထိုအခါ သူက သူ့သူငယ်ချင်းသည် ထိုင်းမှ မြန်မာသံရုံးသို့ သွားပြီးအကြောင်းကြားရာ ထိုသံရုံးက စင်ကာပူရှိသံရုံး အကြောင်းကြားစာယူရန် ပြောသဖြင့် သူလာရခြင်း ဖြစ်ကြောင်း၊ ထိုင်းမှ မြန်မာသံရုံးက စင်ကာပူ မြန်မာသံရုံးသို့ ဖုံးဆက်ပြီး ဖြစ်ကြောင်း ပြောပါ၏။
ထို့နောက် သူ လျှောက်လွှာသွားယူရင်း စုံစမ်းပြီး ပြန်ထွက်လာပါသည်။ ယခင် အခွန်ဆောင်ထားသော နောက်ဆုံးလမှ ယခုထိ ထပ်မံ အခွန်ဆောင်ရန် လိုကြောင်း (ထို အခွန် ဆိုသည့် ကိစ္စကြီးမှာ ကျွန်တော်တို့ ဘာလုပ်လုပ် ငုတ်တုတ်မေ့အောင် ချည်နှောင်ထားသော သံကြိုးကြီးတစ်ချောင်း ဖြစ်ပါ၏) ထို ပုဂ္ဂိုလ်မှာ PR ဖြစ်လာတာ မကြာသေးကြောင်း၊ ယခင်က work permit နှုံးနှင့် ဆောင်လာသဖြင့် ယခု ပြဿနာတက်ရကြောင်းများပါ ထပ်မံ ကြားသိရပြန်လေ၏။ ဤသည်မှာ မရိုးသားမှု၏ ရလဒ်ဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။ ၀ပ်ပါမစ် သမားတစ်ဦးသည် အဘယ်ကဲ့သို့ ခုန်ပျံကျော်လွှားကာ ပီအာဖြစ်လာရပါသနည်း။ သံရုံးက ဟေ့ကောင်ရာ၊ မင်းတို့လောက်ကတော့ ငါတို့ အံခွနေပြီကွ ဟု ပြောမလွှတ်တာကံကောင်း။
ထို့နောက် ထိုသူလည်း ဟိုလူ့ ဖုံးဆက်လိုက်၊ သည်လူ့ ဖုံးဆက်လိုက်၊ သံရုံးအတွင်းဝင်သွားလိုက်၊ ပြန်ထွက်လာလိုက်နှင့် အလွန် ဗျာများလျှက် ရှိသည်ကို တွေ့ရပါသည်။ သြော်၊ အသက်တစ်ရာသာ မနေရရှိမယ်၊ အမှု တစ်ရာကတော့ သေချာပေါက်တွေ့ကြသူချည်း။ ဤသည်မှာ ယခင်က မရိုးသားခဲ့ခြင်း၏ ရလဒ်ဟု ကျွန်တော်ကတော့ ထင်ပါသည်။ ၀ပ်ပါမစ်ဘ၀မှ အဘယ်ကဲ့သို့ ခုန်ပျံကျော်လွှားကာ ပီအာ ဖြစ်လာရပါသနည်း။ ဤသည်ပင်လျှင် သည်မင်း၊ သည်စိုး၊ သည်သူခိုးများ၏ ဇာတ်လမ်းဖြစ်တော့၏။
ယခင်က သံရုံးကိစ္စရှိလျှင် အိမ်မှ လျှောက်လွှာစာရွက်ယူသွားရပြီး ကြော်ငြာသင်ပုန်းတွင် ကပ်ထားသည့် နမူနာပုံစံအတိုင်း လက်ရေးဖြင့် -

သို့

သံအမတ်ကြီး
မြန်မာသံရုံး
.......
ဘာညာကွိကွ ----- စသဖြင့် ကူးရေးရပါသည်။ အိမ်မှ လျှောက်လွှာစာရွက် မပါလာသည့် အနှီသကောင့်သား၊ သကောင့်သမီးများအတွက် ကျွန်တော် သံရုံးသွားတိုင်း စာရွက်အပိုများ ထည့်ယူသွားလေ့ရှိ၏။
ယခုအခါ ကျွန်ုပ်တို့ စင်ကာပူနိုင်ငံ၊ မြန်မာသံရုံးမှာလည်း အတော်အတန် ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာပါပြီဟု ဆိုနိုင်ပါသည်။ ယခုမူ ထိုလျှောက်လွှာပုံစံများ (အခွန်ပေးဆောင်ရန်ကိစ္စ၊ ပတ်စ်ပို့ သက်တမ်းတိုးရန် ကိစ္စ၊ ပတ်စ်ပို့ပျောက်ဆုံးသဖြင့် အသစ်လုပ်ရန်ကိစ္စ၊ ကျောင်းသား ထောက်ခံစာ၊ အလုပ်မလုပ်ကြောင်းထောက်ခံစာ စသည်) ကို စားပွဲတစ်လုံးပေါ်တွင် ထားပေးထားပါ၏။ မိမိနှင့် သက်ဆိုင်သော လျှောက်လွှာကိုယူ၊ ဖြည့်ပြီး တင်လိုက်ရုံသာ ဖြစ်၏။ ထို့ပြင် သံရုံးတည်ရှိရာ နေရာမှာလည်း ဟို့....လူမနီး သူမနီး (အဲလေ) လူကုံထံများနေသော ပိုက်ဆံဝါလားများသာ လာနိုင်သည့် ဆိုင်ကြီး၊ ကနားကြီးများ တည်ရှိရာနေရာ ဖြစ်ရကား စာရွက်ကလေးတစ်ရွက် မိတ္တူကူးချင်လျှင် အင်မတန်ဒုက္ခရောက်ပါသည်။
ထို အနီးတ၀ိုက်တွင် မိတ္တူကူးစက်သော်လည်းကောင်း၊ ATM စက်သည်လည်းကောင်း၊ စားသောက်ဆိုင်သည်လည်းကောင်း၊ ဘာကမှ မရှိသောနေရာ ဖြစ်ပါ၏။ ယခုမူ သံရုံးအတွင်းတွင် ပိုက်ဆံထည့်ပြီး ကူးနိုင်သော (လွန်ခဲ့သော အနှစ်၃၀ လောက်၊ ဖိုတိုကော်ပီယာ များ ပေါ်ဦးစက ဒီဇိုင်း) မိတ္တူကူးစက်တစ်လုံး ရှိနေပြီဖြစ်ပါ၏။ (Customer များအား take care လုပ်သည့် သံရုံးအား ကျွန်ုပ်မှ customer များကိုယ်စား အလွန်အထူး ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါ၏။)
စက်ကလည်း အလွန် လူလည်ကျ(အဲလေ) စက်လည်ကျသော စက်ဖြစ်ပါ၏။ ကျွန်တော့မှာ မိတ္တူကူးစက်နံဘေး ထိုင်မိရက်သား ဖြစ်နေရကား သူတို့လုပ်ပုံကိုင်ပုံများကို တစေ့တစောင်း အကဲခတ်မိ၏။ လာကူးလိုက်။ လေးငါးရွက်လောက်ကူးပြီး စာရွက် ဂျမ်းဖြစ်သည် ဆိုကာ ဟိုဖွင့်၊ သည်ဖွင့် လုပ်လိုက်။ သို့နှင့် မနေနိုင်သူပီပီ စပ်စုမိပြန်ပါသည်။ စက်ကို ဂလုံး၊ ဂလွမ်းနှင့် ပိတ်လိုက်၊ ဖွင့်လိုက် လုပ်ပြီး သကာလ စက်က ပိုက်ဆံတောင်းပါသည်။ ကဒ်ထည့်ပြီး ပြန်နှိပ်ပါ ဟူ၏။ သို့နှင့် ကူးလက်စ အစ်မကြီးကို ပိုက်ဆံ အပြား ၂၀ ထပ်ထည့်ရန် ပြောလိုက်ပါသည်။ သူတို့အကြွေကုန်သွားတိုင်း ကျွန်တော် ကူညီလိုက်ရရာ ပါသမျှ အကြွေစေ့အားလုံး တက်တက်ပြောင်လေ၏။
အဖုံးဖွင့်ကြည့်သောအခါ စာရွက်တစ်ရွက်မှ ငြပ်မနေသော စက်က စက္ကူဂျမ်းဖြစ်နေပါသည်ဟု သတင်းပေးလျှက် အဖုံး ပိတ်လိုက်ပြီး ပိုက်ဆံထည့်လိုက်သောအခါ ပြန်ကောင်း၊ ပြန်ကူးလို့ ရသွားပြန်ပါ၏။ ဗိုက်ကလေးလို ထူးဆန်းပါပေ့ ဆတွတ်ရယ် ဟုသာ အာမေဋိတ် ပြုလိုက်ချင်ပါဘိတော့သည်။ နောက်လူများကိုလည်း ဤအတိုင်းဆက်လုပ်ရန် သတင်းပေးလိုက်ရပါ၏။
နောက်တစ်ခုက အဲယားကွန်း အလုပ်လုပ်လာခြင်း ဖြစ်ပါ၏။ ယခင်က အဲယားကွန်းရှိသော်လည်း အလုပ်မလုပ်သဖြင့် အခန်းကျဉ်း အတွင်း လူပေါင်းများစွာဖြင့် အလွန်ပူအိုက်လှပါသည်။ ယခုမူ အနည်းငယ် နေသာထိုင်သာ ရှိလာပါပြီ။ ထို့ပြင် water cooler လည်း ရှိပါသည်။ ဒါပေသိ၊ ခံသောက်ဖို့ခွက်တော့ လိုပါလိမ့်မည်။ ရေဗူးပါလာသူများကတော့ ရေဗူးနှင့်ထည့်သောက်ပါသည်။ ကျွန်တော့်မှာ ဘာကမှပါမလာသလို တောမှာလို လက်ခုပ်နှင့် ခံသောက်ဖို့ရာလည်း လူမြင်မတော်လှသဖြင့် မြင်သာမြင်၊ မကြင်ရ ဖြစ်နေရပါ၏။
ကောင်တာကတော့ နံပတ် ၁ ကနေ ၂၀ စသဖြင့် နံပါတ်စဉ်အလိုက် ခေါ်နေပါသည်။ ကိုယ့်အလှည့်ရောက်ရန် လိုသေးမှန်း သိနေ သော်လည်း ကျွန်တော့်မှာ စိတ်အေးလက်အေး စာဖတ်မနေနိုင်ပါ။ ဂဏှာမငြိမ်ဖြစ်နေပြီး စာမျက်နှာတစ်ခုပြီး တစ်ခုသာ ကုန်သွားသည် ဘာဖတ်လို့ ဖတ်လိုက်မှန်းမသိ။ သို့နှင့် စာအုပ်ကို လွယ်အိတ်ထဲ ထည့်ထားလိုက်ပြီး ဟိုငေးသည်ငေးဖြင့် စောင့်ဆိုင်းနေရတော့သည်။ နံပတ် ၃၀ ကနေ ၄၀ ဟု ခေါ်လိုက်သောအခါတွင်မူ ထီပေါက်စဉ် ကြေငြာသံတွင် မိမိနံပါတ်ကို ကြားလိုက်ဘိသည့်အလား ၀မ်းသာသွားလျှက် ကောင်တာရှေ့သို့ သွားတန်းစီလိုက်ပါ၏။
ကျွန်တော့် အလှည့်တွင် အစ်မကြီးက ဟော၊ ဟိုတစ်ခါ ကလေးကိစ္စ အဆင်ပြေသွားပြီလားဟု ပဋိသန္တာရပြုပါ၏။ နေ့စဉ် လူပေါင်း သောင်းခြောက်ထောင်နှင့် ဆက်ဆံနေရသည့်တိုင် လွန်ခဲ့သည့် ၁၀ လကျော်က ကျွန်တော့်သား နာမည်ပြောင်းဘို့ကိစ္စကို မှတ်မိနေ သေးသော ထို အစ်မကြီး၏ မှတ်ဉာဏ်ကို အတော်လေးစားသွားရပါသည်။ ဟုတ်ကဲ့၊ အစ်မကြီး မှတ်မိသေးတယ်နော်၊ ကျေးဇူးတင်ပါတယ် ခင်ဗျာ ဟု ပြောပြီးချိန်တွင် ဦးအေးငြိမ်းက PR မဟုတ်လား။ အရင်လို ၁၀၀ နဲ့ဆောင်လို့မရတော့ဘူး၊ ခု PR တွေကို ၁၂၀ နဲ့ဆောင်ဘို့ မူပြောင်းထားတယ် ဟု ယဉ်ကျေးချိုသာစွာ ပြောပြပါသည်။ သြော် ဟုတ်လား၊ ဟုတ်ကဲ့ ဟုတ်ကဲ့၊ ကျွန်တော် ထမင်းစားသွားရင်းနဲ့ လိုတာ ထပ်ထုတ်ထားလိုက်ပါမယ် ဟုပြောရာ သူက တစ်နှစ်စာကို ၁၂ x ၁၂၀ = ၁၄၄၀ ကျပါမယ် ဟု တွက်ပေးပါသည်။
ထို့နောက် နေ့လည်စာစားရန် သြချတ်လမ်းမကြီးပေါ်ရှိ မက်ဒေါ်နယ်သို့ သွားပါသည်။ ကိုယ့်နာမည် လွတ်သွားမှာစိုးသဖြင့် အေးအေးဆေးဆေး စားမနေနိုင်။ ပါဆယ်ထုပ်ကာ ပြန်လာပါသည်။ ရေသောက်ရန် သတိရသော်လည်း ရေပုလင်းမေးကြည့်ရာ ၃၅၀ စီစီပါ ရေပုလင်းအသေးတစ်လုံးကို ၂ ကျပ်ခွဲဟု ဆိုသဖြင့် တူမလေးရယ်၊ NTUC မှာ တစ်ပုလင်းမှ ငါးမူးပဲ ရှိပါတယ်ကွာ ဟုဆိုလေသော် ဒါက သြချတ်လေ အန်ကယ်ရဲ့ ဟု ပြန်ပြောလေ၏။ ထိုကလေးမကလေးများမှာ အသက်ငယ်ငယ် ကုလားမကလေးများ ဖြစ်၍ အတူပါလာသူ သူငယ်ချင်းကို မေးကြည့်ရာ သူက မက်ဒေါ်နယ် နှင့် KFC များတွင် ကျောင်းများပိတ်သောအခါ ကျောင်းသူ၊ ကျောင်းသားများကို ဦးစားပေး ခန့်ထားကြောင်း၊ သူတို့လည်း ကျောင်းသူများ ဖြစ်နိုင်ကြောင်း၊ ကျောင်းပိတ်ထားသဖြင့် ထိုဆိုင်များတွင် ၀င်လုပ်နေတာ ဖြစ်မည် ထင်ကြောင်း ရှင်းပြပါ၏။ ကောင်းလေစွတကား။ အလွန်ကပ်စေးနဲလှသော ကျွန်ုပ်ကား ရေပုလင်းအသေးတစ်လုံးကို ၂ ကျပ်ခွဲပေးရမှာ နှမြောလှသဖြင့် ရေအဆာခံကာ ပြန်လာခဲ့လေသည်။

တိုတိုပြောရလျှင် သံရုံးပြန်ရောက်၊ အထဲခဏ၀င် အခြေအနေကို အကဲခတ်။ ကိုယ့်အလှည့်နှင့် အတန်ငယ် ဝေးသေးမှန်း သိရသဖြင့် အပြင်ထွက် ဘာဂါကို နေ့လည်စာအဖြစ်စား။ သံရုံးထဲဝင်။ ပြန်စောင့်။ ဦးအေးငြိမ်း ဟု ခေါ်သံကြားသော် ချွေးနှဲစာကလေးများကို နိုင်ငံတော်သို့ ပေးလှူ။ အားလုံး ကိစ္စ၊ ၀ိစ္စပြီး၍ သံရုံးအတွင်းမှ ပြန်ထွက်လာသော် နေ့လည် ၁၂ နာရီ ၃၅ မိနစ်။
            ဤသည်မှာ ၂၀၀၈ ခုနှစ်က ဖြစ်၏။ နေ့ဝက်လောက်ခံရသော ဒုက္ခကို ဒုက္ခဟု မမှတ်ပါနှင့်။ နောက်ပိုင်း ပိုဆိုးသေးသည်။ သည့်နောက်ပိုင်း ကျွန်တော် ကိုယ့်ဟာကိုယ်မသွားတော့ဘဲ ပင်နင်ဆူလာမှ အေးဂျင့်ကို ပိုက်ဆံပေးကာ လုပ်ခိုင်းပါသည်။ လုပ်ပေးခ ၃၀ ယူ၏။ မဆိုးပါ။ တစ်နေ့လုံး အလုပ်ပျက်၊ စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခရောက်ရတာနှင့်စာလျှင် ၃၀ လောက်ကတော့ ပေးပျော်ပါသည်။          

နောက် အစိုးရအပြောင်းအလဲဖြစ်သွားတော့ ပထမအဆင့်အနေနှင့် အခွန်ကောက်ခံခြင်းကို ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ လျှော့ချလိုက်သည်။ အခွန်လျှော့ချသောကာလမှာ ၁၉ - ၈ - ၂၀၁၁ မှ ၁၈ - ၂ - ၂၀၁၂ ထိ ၆ လ ဖြစ်၏။ ထို့နောက်တွင်မူ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေသူများထံမှ အခွန်ကောက်ခံခြင်းကို ၂၀၁၁ နှစ်ကုန်မှစကာ လုံးဝရပ်ဆိုင်းလိုက်သည်။ ထို့ကြောင့် အခွန်ပေးနေရသောကြောင့် စင်ကာပူနိုင်ငံသားခံရပါသည်ဟု ဆိုခဲ့သူတို့အဖို့ အမှန်တကယ်သာ ၎င်းတို့ပြောသလို အခွန်မပေးချင်သောကြောင့် စင်ကာပူ နိုင်ငံသားခံခြင်း ဖြစ်ခဲ့ပါမူ မိုးနတ်မင်းကြီးကိုတိုင်တည်ကာ ကျွန်တော်မျိုးကြီး သေသင့်ပါတယ်ဟုသာ ဟစ်ငိုဘို့ ကောင်းပါတော့သတည်း။




ဆက်ပါဦးမည်။

အေးငြိမ်း
၂၄-၆-၂၀၁၃၊ ည ၁၀း၄၇ နာရီ
Blk 663D, Jurong West St 65
#15-233
Singapore 644663
Tel: 97303027

+++++++++++++++++++++++++++++++++++++++++++