Showing posts with label ဒသမတန်း မြန်မာစာ. Show all posts
Showing posts with label ဒသမတန်း မြန်မာစာ. Show all posts

Monday, November 14, 2022

ကျွန်ုပ်နှင့် ရွှေနှင့်ယိုးမှား ပန်းစကား အကြောင်း

(၁)

 

“သိုးကလေ” အစချီ ပုပ္ပားနတ်တောင် လင်္ကာကို ကျွန်ုပ် ၆ တန်း ကျောင်းသားဘဝလောက်ကတည်းက ဖတ်ဖူးခဲ့၏။

 

ထိုစဉ်က ကျွန်ုပ်တို့အိမ်တွင် အလွန်စုတ်ပြတ်လျက်ရှိပြီဖြစ်သော၊ အစပိုင်းလည်းမရှိ၊ အဆုံးပိုင်းလည်းမရှိသော၊ အေးချမ်းမေဖြစ် (ဟုတ်ပေါင်) တစစီ (ဟုတ်ပေါင်) ချုပ်ရိုးများပြုတ်လျက်ရှိပြီဖြစ်၍ စာရွက်များကို အဝတ်ကြိုးနှင့် တွဲချည်ထားသည့် စာအုပ်ကလေးတစ်အုပ်သည်ရှိ၏။ ခေတ်မီမြန်မာရာဇဝင်အကျဉ်းဟု ခေါ်၏။ ထိုစာအုပ်ကလေးကို ကျွန်ုပ်သည် အတော်ကြိုက်လေ၏။ သမိုင်းကို ပုံပြင်ကဲ့သို့ရေးထားသည်က တကြောင်း၊ ကျွန်ုပ်ကိုယ်နှိုက်က သမိုင်းကို ဝါသနာပါသည်က တကြောင်းကြောင့် ထိုစာအုပ်လေးကို အထပ်ထပ်ဖတ်လေရာ စာအုပ်ပါ အကြောင်းအရာများ အားလုံးကို အလွတ်ရလုနီးပါးပင် ဖြစ်လျက်ရှိ၏။ ကြီးလာသည့်အခါကျမှ ထိုစာအုပ်ကို အမျိုးသားပညာဝန် ဦးဖိုးကျား ပြုစုခဲ့မှန်း သိရလေ၏။ 

 

ထိုစာအုပ်ကျေးဇူးကြောင့်ပင် ကျွန်ုပ်သည် “သူတည်းတစ်ယောက်၊ ကောင်းဘို့ရောက်မူ၊ . . . “ အစချီ မျက်ဖြေ လင်္ကာကို သော်လည်းကောင်း၊ “သိုးကလေ” အစချီ ပုပ္ပားနတ်တောင် လင်္ကာကိုသော်လည်းကောင်း ငယ်စဉ်ကပင် အကျွမ်းဝင်နေ ခဲ့လေ၏။




 

သို့သော် ၆ တန်းပညာမျှသာ ရှိသေးသည်က တကြောင်း၊ သင်ကြားပေးမည့်သူကလည်း မရှိသည် တကြောင်းကြောင့် မျက်ဖြေလင်္ကာကို အတော်အတန် နားလည်သည့်တိုင် ပုပ္ပားနတ်တောင်လင်္ကာကိုမူ ဘာဆိုလိုမှန်း မသိခဲ့။ သို့တိုင် စာအုပ်ထဲ၌ မောင်တင့်တယ်နတ်ရုပ်နှင့် ယှဉ်တွဲဖော်ပြထားသည်ဖြစ်၍ ထိုလင်္ကာနှင့် မောင်တင့်တယ်တို့ ဆက်စပ် ပတ်သက်နေမည်မှန်း ခန့်မှန်း သိရှိခဲ့ပါ၏။ 

 

(၂)

 

မြန်မာစာပေတွင် အနန္တသူရိယအမတ်ကြီး၏ မျက်ဖြေလင်္ကာ လေးပိုဒ်သည် အလွန်ထင်ရှား၏။ 

အနန္တသူရိယအမတ်မှာ မင်းယဉ်နရသိင်္ခ၏ အထိန်းတော်အမတ်ဖြစ်၏။

မင်းယဉ်နရသိင်္ခသည် ညီတော် နရပတိစည်သူ၏မယား ဝေဠုဝတီကို သိမ်းပိုက်ရာ နရပတိစည်သူက မင်းယဉ်နရသိင်္ခကို သတ်လေ၏။ ဤသို့သတ်ရာတွင် မင်းယဉ်နရသိင်္ခ၏ အထိန်းတော် အနန္တသူရိယအမတ်ကိုပါ သတ်လေရာ အနန္တသူရိယ အမတ်မှာ မဆီနှင့်မဆိုင် အသတ်ခံရခြင်း ဖြစ်၏။

 

အသတ်ခံရတော့မည့် ဆဲဆဲတွင် သူသတ်ကုန်း၌ ထို မျက်ဖြေလင်္ကာ လေးပိုဒ်ကိုရေးကာ ဘုရင်သို့ဆက်သည် ဆို၏။

နရပတိစည်သူသည် (၄၈) ဆက်မြောက် ပုဂံမင်းဖြစ်ပြီး ခရစ်နှစ် (AD1174 – 1211) အတွင်း စိုးစံခဲ့၏။ ထိုအချိန်က ရေးသားခဲ့သော စာများမှာ ယခုခေတ်စာများနှင့် လုံးဝမတူကြောင်း ကျောက်စာ၊​ မင်စာ အထောက်အထားများ ရှိ၏။

 

သို့အတွက် အနန္တသူရိယအမတ်ကြီး ရေးသားခဲ့သည်ဆိုသော မျက်ဖြေလင်္ကာ လေးပိုဒ်မှာ ပုဂံခေတ်က စာ၊ ကဗျာ မဟုတ်နိုင်ဟု မြန်မာစာ ပညာရှင်ကြီးများက သုံးသပ်ကြောင်း မိတ်ဆွေတို့ သိပါ၏။

 

ဤသည်က တစ်ချက်။

 

ဧကာဒသမတန်း မြန်မာစာ၊ အပိုင်း (၂) ကဗျာကဏ္ဍ၌ ပြဋ္ဌာန်းထားသော ပထမဆုံးကဗျာမှာ “ရွှေနှင့်ယိုးမှား ပန်းစကား” ဖြစ်၏။ ထိုကဗျာကိုလည်း ပုဂံခေတ်က ကဗျာဟုပင် ဆိုကြ၏။

 

၁၉၆၉ ခုနှစ် နိုဝင်ဘာလတွင် လယ်တီမဏ္ဍိုင် ပုံနှိပ်တိုက်က ထုတ်ဝေခဲ့သည့် ပုဂံဝန်ထောက်မင်း ဦးတင်၏ ကဗျာဗန္ဓသာရကျမ်း နှင့် နောက်ဆက်တွဲ သုံးပိုင်း၊ စာမျက်နှာ ၁၂ နှင့် ၁၉၃၆ ခုနှစ်က အမျိုးသားပညာဝန် ဦးဖိုးကျား ပြုစုခဲ့သည့် ခေတ်မှီ မြန်မာရာဇဝင်အကျဉ်း၊ စာမျက်နှာ ၁၉ တို့တွင် ယခုခေတ်၌ “ရွှေနှင့်ယိုးမှား ပန်းစကား” ဟု လူသိများသည့် ကဗျာကို “ပုပ္ပားနတ်တောင်လင်္ကာ” ဟု ဖော်ပြထား၏။ ကျွန်ုပ်၏ ပကတိသဘောကို ပြောဆိုရပါမူ “ရွှေနှင့်ယိုးမှား ပန်းစကား” ထက် “ပုပ္ပားနတ်တောင်လင်္ကာ” ဆိုတာကိုသာ ပို၍ သဘောကျမိပါ၏။

 

ပုဂံဝန်ထောက်မင်း ဦးတင်က စာမျက်နှာ ၁၂ တွင် လင်္ကာဟူသော ကဗျာသည် မည်သည့်အချိန်က စတင်ပေါ်ပေါက် ဖြစ်ထွန်းခဲ့သည်ဟု ဆိုရန် မစွမ်းသာ၊ ပုဂံမြို့ကောင်းစားစဉ် သေဉ်လည်ကြောင်ကြီးမင်းလက်ထက်လောက်က ဟူ၍ ယူရ ဆိုရသော လေးလုံးစပ်လင်္ကာ - ဟု ဆိုကာ ပုဂံခေတ်က လင်္ကာ သုံးပုဒ်ကို ပြဆိုထား၏။

 

ထို လင်္ကာသုံးပုဒ်မှာ ၁။ ပုပ္ပားနတ်တောင်လင်္ကာ ၂။ မျက်ဖြေလင်္ကာ နှင့် ၃။ ကျစွာမင်းကြီး၏ မြကန် တို့ ဖြစ်၏။

 

ကဗျာဗန္ဓသာရကျမ်း၊ နောက်ဆက်တွဲ တတိယပိုင်း၊ စာ - ၅၇၉၊ ၅၈၀၊​၅၈၁ တွင် “ပုဂံကောင်းစားစဉ်အခါ သေဉ်လည်ကြောင်ကြီးမင်းလက်ထက်က ဟူ၍ ဆရာကျော်ဆရာမြတ်တို့ မှတ်ကြသော အချင်းငယ်ခေါ်သော ပုပ္ပါးနတ်တောင် လင်္ကာ” - ဟု ဖော်ပြထားလေရာ ပုဂံဝန်ထောက်မင်းက ပုပ္ပားနတ်တောင်လင်္ကာ ပေါ်ထွန်းခဲ့သည့် ကာလကို သေဉ်လည်ကြောင်မင်းလက်ထက်ဟု ယူဆ၏။

 

သေဉ်လည်ကြောင်မင်း စိုးစံသည့်နှစ်မှာ ပုဂံခေတ်ဦး ခရစ်နှစ် (AD344 – 387) က ဖြစ်၏။ 

 

ဆရာ စောလူ ၏ ပုဂံခေတ်မြန်မာစာ ပထမတွဲ စာမျက်နှာ ၄၄ တွင် သေဉ်လည်ကြောင်မင်း နှင့် မင်းမဟာဂီရိ နတ်မောင်နှမတို့ အကြောင်း ဖော်ပြပါရှိ၏။ ထိုစာအုပ် စာမျက်နှာ ၄၄ နှင့် ၄၅ အကြားတွင် ရာဇကုမာရ်ကျောက်စာ (မြန်မာ) ပုံကို ဖော်ပြထား၏။ ထိုစာများကား ပုဂံခေတ်မြန်မာစာရေးပုံ သက်သေ ဖြစ်၏။

 

ဆရာစောလူက ပုပ္ပါးနတ်တောင်လင်္ကာအကြောင်းကို ၎င်း၏ ပုဂံခေတ်မြန်မာစာ တတိယတွဲ စာ - ၅၅၂။ မှတ်ချက် ၁၃ ၌ အောက်ပါအတိုင်း ဖော်ပြထား၏။

 

“၁၃။ မှတ်ချက်။         ။ ထို “သိုးကလေ” အစချီကဗျာကို အဓိပ္ပာယ်ဖွင့်ဆိုသည့်အခါ ပုဂံဝန်ထောက်မင်း ဦးတင် အစမူသော ပညာရှင်များယူဆသကဲ့သို့ မောင်တင့်တယ် မောင်နှမတို့၏ ဇာတ်လမ်းမဟုတ်နိုင်ကြောင်း ပညာတန်ဆောင် အတွဲ ၃၅၊ အမှတ် ၈။ ၁၉၈၆ ဩဂုတ်လထုတ် စာ ၂၄ မှ ၂၆ တွင် စာရေးသူဆွေးနွေးရေးသား ဖူးသည်။ ထိုသို့ မောင်တင့်တယ်တို့၏ ဇာတ်လမ်းမဟုတ်သည့်အတွက်လည်း ပညာရှင်များ ယူဆသကဲ့သို့ ပုဂံခေတ်ဦးလက်ရာ ကဗျာ အဖြစ် သတ်မှတ်ရန် ထပ်ဆင့် ခက်ခဲနေပြန်သည်။” 

 

စောလူ ၏ ပုဂံခေတ်မြန်မာစာ ပထမတွဲ စာ - ၅၁ တွင် မြန်မာနိုင်ငံသို့ ပျူအက္ခရာများရောက်လာသည်ကို ခရစ်နှစ် ၅ ရာစု ဟု ဖော်ပြထား၏။ ထို့ပြင် စာ - ၆၈ ၌ “စာပေသမိုင်းတင်နိုင်သော ပုဂံခေတ်ဦးကာလသည် အနော်ရထာမင်း လက်ထက်မှ စသည်” ဟု ပါ၏။ စာများမှာလည်း အုတ်ပြားစာ၊ အုတ်ခွက်စာများဖြစ်ပြီး မြန်မာစာဟု တိတိကျကျ မရှိသေးဘဲ မွန်ဘာသာကို သုံး၏။ စာများမှာလည်း စာပေအမျိုးအစားမဟုတ်၊ ဘာသာရေးနှင့်ပတ်သက်သည့် ဆုတောင်းစာ၊ ကျိန်စာများသာ ဖြစ်ပေသည်။ 

 

“အနော်ရထာမင်းကြီး အသုံးပြုခဲ့သော ဘာသာစကားမှာ တစ်မျိုးတည်းမဟုတ်။ သက္ကတ၊ ပါဠိ၊ ပါဠိသက္ကတနှစ်မျိုးရော ပြီး ရေး၏။ အသုံးပြုသည့် ဘာသာစကားမှာ ရှေးနာဂရီအက္ခရာဖြစ်ပြီး မွန်မြန်မာအက္ခရာများကိုလည်း စတင်တွေ့လာရ ၏။”

 

ဆရာကြီး ဦးဖေမောင်တင်ကလည်း ၎င်း၏ မြန်မာစာပေသမိုင်း စာမျက်နှာ ၆၁ ၌ “ပုပ္ပားနတ်တောင်ဖွဲ့မှာကား အနန္တသူရိယ လင်္ကာနှင့် စပ်ဆိုပုံခြင်းမတူ။ အစချီပုံ၊ အဆုံးချပုံတို့နှင့်တကွ ဖွဲ့နွဲ့ပုံအကြောင်းအရာတို့မှာ ရတုသဘောသို့ များစွာ သက်ဝင်နေခြင်းကြောင့် ပုပ္ပားနတ်တောင်ဖွဲ့သည် ရတုဖြစ်သည့်ခေတ်တွင် ပေါ်ပေါက်သည့်ရတု ဖြစ်တန်ရာ၏ ဟုသာ ယူဆရန်ရှိ၏။” ဟု ဖော်ပြထား၏။ 

 

သို့ဖြစ်လေရာ ပုဂံဝန်ထောက်မင်း ယူဆသကဲ့သို့ ခရစ် ၃၅၀ ခန့်ကရှိခဲ့သော သေဉ်လည်ကြောင်မင်းလက်ထက်တွင် ပုပ္ပားနတ်တောင်လင်္ကာကို ဖွဲ့ဆိုခဲ့သည် ဆိုခြင်းမှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ဆိုသည်ကို မြင်တွေ့နိုင်ပါသည်။ 

 

ထို့ပြင် ကျွန်ုပ်တို့သိထားသည့် ‘မြကန်’ မှာလည်း အမည်ရင်းမှာ ‘မြကန်’ မဟုတ်။ နောင် ‘အမရကန် (သေခြင်းကင်းသော ကန်)’ ဆိုရာမှ မြကန်ဖြစ်လာခြင်းဖြစ်သည်။ ကျန်စစ်သားမင်းကြီး ပေးသည့်နာမည်မှာ ခေတ်စကားဖြင့် ‘မဟာနိဗ္ဗာန် လက်ဆွဲချီရေ’ ဟု အဓိပ္ပာယ်ရ၏။ ထိုးထားသည့်စာမှာလည်း မြန်မာစာမဟုတ်။ မွန်စာဖြစ်၏။ (စာ - ၁၂၇)

 

ပုဂံခေတ် အစပိုင်းကို မဆိုထားပါနှင့်။ သက္ကရာဇ် ၁၂၆၆ တွင် ရေးထိုးခဲ့သော သိင်္ဃသူ့သမီးကျောက်စာကိုပင် သင်မပေးပါ က သေသေချာချာ နားလည်နိုင်ရန် မဖြစ်နိုင်ဆိုသည်ကို ဆယ်တန်းတက်ဖူးသူတိုင်း သိ၏။

 

(၃)

 

တတိယတစ်ချက်မှာ အဓိပ္ပာယ်ဖွင့်ဆိုပုံ ဖြစ်၏။

 

ပထမအပိုဒ်မှာမူ ရိုးစင်းလှ၏။ နားမလည်စရာမရှိ။ မြင့်မားလှသော ပုပ္ပားတောင်ပေါ်၌ ရွှေနှင့်တူသည့် စကားဝါပန်းများ ပေါက်ရောက်နေကြောင်း ဖြစ်၏။

 

ဒုတိယပိုဒ်၌ စကားလုံးအဆန်းလေးများ ပါလာ၏။ 

“မယ့်သည်ပင်သည်၊ ခရီးသား။” 

(ကဗျာဗန္ဓသာရကျမ်းနှင့် ဦးဖိုးကျား၏ စာအုပ်တွင် “မဲ့သည်ပင်သည်” ဟု စာလုံးပေါင်းထား၏။ “မယ့်” နှင့် “မဲ့” မှာ အဓိပ္ပာယ် မတူပါ။)

ဆရာဂုဏ်ထူးဦးသိန်းနိုင်က ၎င်းကို “မယ်၏ချစ်သူသည် ခရီးသွားလာနေရသူ ဖြစ်ပါသည်။” ဟု အဓိပ္ပာယ် ဖွင့်ဆို၏။

ပုဂံဝန်ထောက်မင်းဦးတင်က ထိုအပိုဒ်ကို “ငယ်ရည်းစားအကြောင်း ဖွဲ့ဆိုထားသည်” ဟုဆို၏။ 

သို့သော် ထိုအပိုဒ်မှာ မိန်းမပျိုကလေးအကြောင်းမျှသာ ဖြစ်၍ ငယ်ရည်းစားအကြောင်းမှာ တတိယအပိုဒ်ကျမှ ပါလာခြင်း ဖြစ်၏။ ဒုတိယအပိုဒ်တွင် ငယ်ရည်းစားအကြောင်းမှာ “ခရီးသွားနေသူ” ဟူသည့် တစ်ချက်သာ ပါ၏။

 

တတိယပိုဒ်တွင် စဉ်းစားစရာကလေးများ ပါလာပြီ။

မြိတ်လွတ်စုလည်း

“မွေးဖတူရင်း၊ မျိုးသည်မင်းနှင့်”

“နှလုံးမခြား၊ စောင့်တရား။”

 

“မြိတ်လွတ်စုလည်း” ကို ဆရာဂုဏ်ထူးဦးသိန်းနိုင်က “မိတ်လွတ်စလဲ” ဟု ဖတ်ရကြောင်း၊ အသက် (၁၃) နှစ် အရွယ်တွင် ထုံးသည့် ဆံထုံးဖြစ်ကြောင်း ရှင်းပြ၏။

“မွေးဖတူရင်း”

မွေးဖ၏ တူအရင်းဖြစ်သည်ဟု အဓိပ္ပာယ်ယူရလျှင် မိန်းကလေးနှင့် သူ့ချစ်သူမှာ မောင်နှမဝမ်းကွဲများ ဖြစ်ပြီး ငယ်စဉ်ကတည်းက ကျွမ်းဝင်နေကြသူများ ဖြစ်၏။ ဆရာဦးသိန်းနိုင်ကတော့ living together နေသည်ဟု ဘာသာပြန်၏။

 

ဤတတိယပိုဒ်ကို ပုဂံဝန်ထောက်မင်းက “ငယ်ရည်းစားက သစ္စာမပျက်သည်ကိုဖွဲ့ဆိုပုံ၊ မောင်ဖြစ်သူ မောင်တင့်တယ် အသက်ကယ်ရန် ရွှေမျက်နှာကစ၍ သစ္စာဖျက်မိသည်ကို ဖွဲ့ဆိုပုံ” ဟု ဖော်ပြထားရာ မည်သည့်နေရာကို ကြည့်၍ သစ္စာဖျက်သည်ဟု ဆိုလိုကြောင်း ကျွန်ုပ်ကတော့ ဉာဏ်မမီပါ။

 

နောက်ဆုံးပိုဒ်တွင်လည်း အယူအဆ အတန် ကွဲလွဲ၏။

ဆရာဦးသိန်းနိုင်က မတ်ကြီးလျာကို အမတ်ဖြစ်မည့်သူ ဟု အဓိပ္ပာယ်ဖွင့်၏။

ပုဂံဝန်ထောက်မင်းကမူ မတ်ကြီးလျာ ဟူသည် အတိုင်းအရှည်ကို အသိတတ်ဆုံး ဘုရင်မင်းမြတ် ဖြစ်ပြီး ဤနေရာတွင် လျာ ကို အလောင်းအလျာဟု မယူရ။ အကောင်းဟု ယူရမည် ဆို၏။

ပုဂံဝန်ထောက်မင်းက နောက်ဆုံးပိုဒ်ကို “တကောင်းမင်းကို ကြိုက်မိသည့်အတွက် အမှားတွေ့ရသည်ကို ဖွဲ့ဆိုထားသည်” ဆို၏။ ဘယ်နေရာကိုကြည့်ပြီး ဘယ်လို တကောင်းမင်းကို ကြိုက်လိုက်မှန်း မသိ။ ကျွန်ုပ်ကတော့ သဘောမတူပါ။ 

 

“ကျိုင်းစင်မြဝါ” ကို ဆရာဦးသိန်းနိုင်က “ဖွံ့ဖွံ့ထွားထွား စင်ကြယ်စိုပြေသူ” ဟု ဆို၏။

ကဗျာဗန္ဓသာရကျမ်းတွင်မူ “ချစ်ခင်ကြင်နာသူ” ဟု ဖွင့်ဆိုထား၏။

 

ထိုအချက်များအပေါ် အခြေခံကာ စကားပြေပြန်ရလျှင် အနည်းငယ်ကွဲလွဲမှုရှိနိုင်ပါ၏။

 

စာချစ်သူများ သိရှိနိုင်ရန် နှင့် ဝေဘန်နိုင်ကြရန် ဖြစ်ပါသည်။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၄ နိုဝင်ဘာလ၊ ၂၀၂၂

ည ၉ နာရီ ၅၃ မိနစ်

Thursday, May 12, 2022

GCE (O) မြန်မာစာ_၅

နိုင်ငံခြားမှာ ကျောင်းတက်တဲ့ ကလေးတွေအတွက် composition ရေးရတာ သိပ်မခဲယဉ်းလှပေမယ့် မြန်မာကျောင်း တက်ခဲ့တဲ့ ကလေးတွေဟာ composition ရေးဘို့ သိပ်မလွယ်လှတာ တွေ့ရပါတယ်။ မြန်မာအစိုးရကျောင်းတွေဟာ ကလေးတွေကို သူတို့ဘာသာ စာစီကုံးတတ်အောင် လေ့ကျင့်ပေးဘို့ လိုနေပြီဆိုတာကို မီးမောင်းထိုးပြလိုက်တာပါပဲ။

ဆိုတော့ မြန်မာကျောင်းတက်ခဲ့တဲ့ ကလေးတွေကို ကျွန်တော်က composition ရေးတတ်အောင် ပထမဆုံး ကိုယ်အသိဆုံးဖြစ်တဲ့ ကိုယ့်အကြောင်းကိုယ် စရေးခိုင်းပါတယ်။

 

ပထမ - ကိုယ့်အကြောင်း

နောက် - ကိုယ့် အဖေ၊ အမေအကြောင်း

နောက်တော့ - ကိုယ့်ရပ်ရွာ အကြောင်း

နောက်ပြီးတော့မှ -

ကိုယ်ကြိုက်တဲ့ရုပ်ရှင်၊ စာအုပ် စသည်တို့ပေါ့။

 

ဒါက သူတို့ကို ကျွန်တော် နမူနာ ရေးပြထားတာပါ။

ကူးကျက်ဘို့မဟုတ်ဘဲ ဒါကို ကြည့်ပြီး ကိုယ့်ဘာသာ အရေးလေ့ကျင့်ဘို့ ဖြစ်ပါတယ်။


 

ကျွန်တော့်အဖေအကြောင်း


 

ကျွန်တော့်အဖေနာမည်ကတော့ ဦးအောင်ဗလ ဖြစ်ပါတယ်ခင်ဗျား။ အသက်ကတော့ (၅၄) နှစ်ရှိပါပြီ။ အရပ်က (၅) ပေ (၁၀) လက်မ ဆိုတော့ တခြားသူတွေနဲ့ စာရင် အရပ်ရှည်တယ်လို့ ပြောလို့ရပါတယ်။ အဖေရဲ့အသားအရောင်ကတော့ တခြား အာရှသားတွေလိုပဲ ကြေးနီရောင် ဖြစ်ပါတယ်။ ဆံပင်တိုတိုညှပ်ထားပြီး ဆံပင်ကတော့ ခုထိ နက်နေတုံးပါပဲ။

 

ကျွန်တော့်အဖေက ဘွဲ့ရပညာတတ်တစ်ဦး ဖြစ်ပြီး သနားကြင်နာတတ်၊ နားလည်ပေးတတ်တဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ အဖေ့အလုပ်က သင်္ဘောအင်ဂျင်နီယာချုပ် ဖြစ်ပါတယ်။ ကျွန်တော် သိရသလောက်ကတော့ အဖေဟာ သင်္ဘောပေါ်မှာ စက်တွေ ပြင်ပါတယ်။ လျှပ်စစ်ပစ္စည်းတွေကိုလည်း ထိန်းသိမ်းရတယ်လို့ ဆိုပါတယ်။ အဖေတို့ ကုမ္ပဏီကတော့ Mars ဖြစ်ပြီး အင်မတန်ကြီးမားတဲ့ ကုမ္ပဏီကြီးပါ။ 

 

အဖေဟာ သင်္ဘော အင်ဂျင်နီယာချုပ်ဖြစ်လို့ စက်ပိုင်းဆိုင်ရာမှန်သမျှ အားလုံး တာဝန်ယူထားရပါတယ်။ အဖေသင်္ဘောလိုက်တာ ကြာပါပြီ။ ကျွန်တော် ငယ်ငယ်လေးကတည်းက ပါဘဲ။ အဖေတစ်ခါ သင်္ဘောလိုက်သွားရင် တစ်နှစ်လောက် ကြာတတ်ပါတယ်။ တစ်နှစ်ကို တစ်လလောက် အိမ်ပြန်နားပါတယ်။

 

အဖေပြန်လာပြီဆို မေမေရော ကျွန်တော်တို့မောင်နှမတွေအားလုံးပါ အလွန် ပျော်ကြပါတယ်။ အနို့ အဖေနဲ့ ခွဲနေရတာ တစ်နှစ်ကြီးများတောင် ရှိမှကိုး။

 

အဖေပြန်လာပြီဆို ကျွန်တော်တို့အတွက် အဝတ်အစားတွေ၊ စားစရာသောက်စရာတွေ၊ လက်ဆောင်တွေ အများကြီး ပါလာတတ်ပါတယ်။ ကျွန်တော်တို့မှာ အဖေပါလာတဲ့ လက်ဆောင်တွေကြည့်ပြီး ဝမ်းသာအူမြူးလို့ မဆုံးပါဘူး။ အဖေ့ ကြည့်ရတာ ပိုမည်းပြီး ပိုဝလာသလိုပဲ။ ညညဆို အဖေဟာ သူ သင်္ဘောပေါ်မှာ ကြုံတွေ့ရတာတွေကို ပြန်ပြောပြတတ် ပါတယ်။ ကျွန်တော်တို့အဖို့တော့ အဖေပြောတာမှန်သမျှ အားလုံး အသစ်အဆန်းတွေချည်းပါဘဲ။

 

အဖေဟာ ကျွန်တော်တို့ မောင်နှမတွေကို အရမ်းချစ်ပါတယ်။ ကျွန်တော်ထင်တာတော့ ကျွန်တော်တို့ လိုချင်တာမှန်သမျှ အဖေဖြည့်ဆည်း မပေးတာ မရှိသလောက်ပါဘဲ။ နောက်ပြီးတော့ အဖေနဲ့အတူ အင်္ဂလိပ်ဝတ္ထုစာအုပ်တွေ ပါလာတတ်ပါ တယ်။ ကျွန်တော်ကလည်း စာဖတ်တာ ဝါသနာပါတော့ ဝတ္ထုစာအုပ်တွေ ယူလာပေးတဲ့ အဖေ့ကို အလွန် ကျေးဇူးတင်ပါ တယ်။

 

အဖေဟာ မိသားစုအပေါ် တာဝန်ကျေရုံမျှ မဟုတ်သေးပါဘူး။ ရပ်ရေးရွာရေးမှာလည်း တာဝန်ကျေပါတယ်။ အိမ်ပြန်ရောက်ပြီဆိုတာနဲ့ အဖေဟာ ရပ်ရေးရွာရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတော့တာပါပဲ။ ရပ်ကွက်ထဲက လူငယ်တွေနဲ့  စာကြည့်တိုက်မှာ အကြာကြီး စကားပြောနေတတ်တယ်။ နောက်ပြီး စည်းဝေးပွဲတွေလည်း လုပ်တယ်ထင်ပါတယ်။ စာကြည့်တိုက်အတွက် စာအုပ်တွေအများကြီး ဝယ်လာတာလည်း တွေ့ရတတ်ပါတယ်။ မနှစ်က စာရေးဆရာ/ ဆရာမတွေ ဖိတ်ပြီး စာပေဟောပြောပွဲလည်း လုပ်လိုက်သေးတယ်။ စာရေးဆရာမတွေထဲမှာ ဆရာမ “ဂျူး” ပါလာတာ ကို ကျွန်တော် မှတ်မိနေပါသေးတယ်။

 

သင်္ဘောပြန်တက်ရတော့မဲ့ ရက်တွေမှာလည်း အဖေ မှိုင်နေတာ တစ်ခါမှ မတွေ့ဖူးပါဘူး။ အဖေဟာ အမြဲ တက်ကြွ လန်းဆန်းနေတတ်ပါတယ်။ သားတွေသမီးတွေကိုလည်း လိမ်လိမ်မာမာနေကြဘို့အကြောင်း၊ သိပ်မကြာခင် အဖေ ပြန်လာမယ် ဆိုတဲ့အကြောင်း ပြုံးပြုံးရွှင်ရွှင်နဲ့ မှာတတ်ပါတယ်။

 

ချုပ်ရရင် အဖေဟာ ကျွန်တော်တို့မိသားစုအတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်သလို တိုင်းပြည်အတွက်လည်း နိုင်ငံသားကောင်းတစ်ယောက်ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ 

 

အဲဒါကတော့ ကျွန်တော်သိသလောက် ကျွန်တော့် အဖေအကြောင်းပါပဲခင်ဗျာ။

 

+++++++++++++++++

 

ကျေးဇူးတင်ပါတယ်။

 

အေးငြိမ်း

၃ မေလ၊ ၂၀၂၂

Wednesday, February 23, 2022

လေယာဉ်ပျံဖြင့် ခရီးသွားခြင်း

GCEO: 2004, Section A

1 (d)

 

ကျမ လေယာဉ်ပျံကို ပထမဆုံး စ စီးဖူးတာ လွန်ခဲ့တဲ့ (၄) နှစ်လောက်ကပါ။ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက်လည်း ကျမ လေယာဉ်စီးရမှာကိုတွေးပြီး စိတ်တွေ အလွန်လှုပ်ရှားနေခဲ့ပါတယ်။ ခရီးမထွက်ခင် တစ်ညကဆို အိပ်လို့တောင် မပျော်ခဲ့ပါဘူး။

၂ နာရီလောက်စောပြီး လေဆိပ်ကို ကျမတို့ အငှားကားနဲ့ လာခဲ့ကြပါတယ်။ 

စင်ကာပူက ချန်ဂီလေဆိပ်ကြီးဟာ အင်မတန်မှ ကြီးကျယ်ခမ်းနားပြီး အလွန်လှပါတယ်။

ကျမဟာ လေဆိပ်ကြီးထဲက အလှအပတွေကို ငေးမောရင်း အံ့ဩလို့မဆုံး ဖြစ်နေခဲ့ပါတယ်။

 

လေဆိပ်ထဲဝင်လာတော့ ကျမက မေမေ့လက်ကို ဆွဲထားပြီး ဖေဖေကတော့ ခရီးဆောင်အိတ်တွေကို လက်တွန်းလှည်းနဲ့ သယ်လာခဲ့ပါတယ်။ အဲဒီနောက်တော့ ခရီးဆောင်အိတ်တွေကို Check-in ကောင်တာမှာ ချိန်တွယ်အပ်နှံခဲ့ပြီး အချိန်ရသေး တာနဲ့ ကျမတို့မိသားစု အဆာပြေ မုံ့စားပြီး ကော်ဖီသောက်ကြပါတယ်။

 

သိပ်မကြာခင်မှာပဲ ကျမတို့ လူဝင်မှုကြီးကြပ်ရေးဂိတ်ကို ဖြတ်ပြီး လေဆိပ်ထဲကို ဝင်ခဲ့ပါတယ်။

လေယာဉ်ပေါ်မတက်မီ စောင့်တဲ့အခန်းထဲမှာ ကျမတို့ နာရီဝက်နီးပါးလောက် စောင့်ခဲ့ရပါသေးတယ်။ 

ကျမကတော့ လေယာဉ်စီးဘို့ကို အလွန်စိတ်အားထက်သန် နေခဲ့မိပါတယ်။

လေယာဉ်ပေါ်တက်ဘို့ စခေါ်သံ ကြားလိုက်ရတဲ့အခါ ကျမရင်ထဲ ဒိန်းကနဲ ဖြစ်သွားပါတယ်။

နောက်တော့ မေမေ့လက်ကိုတွဲပြီး ကျမ မဝံ့မရဲနဲ့ လေယာဉ်ပေါ် တက်ခဲ့ပါတယ်။

 

လေယာဉ်ရဲ့အဝမှာ လေယာဉ်မောင်/မယ်လေးတွေက မင်္ဂလာပါလို့ ပြုံးပြုံးရွှင်ရွှင်နဲ့ ကြိုဆိုနှုတ်ခွန်းဆက်ကြပါတယ်။ လေယာဉ်မယ်တစ်ယောက်ကတော့ ကျမတို့ကို နောက်ဘက် ဆက်လျှောက်သွားဘို့ ညွှန်ပါတယ်။

လေယာဉ်ပေါ်မှာတော့ ခရီးသည်တွေဟာ လေယာဉ်နဲ့ အပြည့်ပါဘဲ။

 

ခရီးသည်တွေဟာ သူတို့နေရာမှာမထိုင်ခင် အိတ်တွေကို ခေါင်းပေါ်က အိတ်ထားတဲ့စင်ထဲ ထိုးသိပ်ထည့်ကြပါတယ်။

ကျမ နေရာမှာ နေရာတကျထိုင်မိလို့ ပြတင်းအပြင်ဘက်ကို ကြည့်လိုက်တော့ လေယာဉ်ကြီးရဲ့ ညာဘက်တောင်ပံကို တွေ့ရပါတယ်။ လေယာဉ်ကြီးက လှလိုက်တာ။

 

သိပ်မကြာခင်မှာဘဲ လေယာဉ်ကြီး ဘီးစလိမ့်ပါတော့တယ်။ လေယာဉ်မယ်လေးတွေက ထိုင်ခုံခါးပတ်တွေ ပတ်ထားမထား လိုက်စစ်လို့ပေါ့။

များမကြာမီမှာဘဲ လေယာဉ်ကြီးဟာ တုံ့ကနဲရပ်သွားပြီး အလွန်ကျယ်လောင်တဲ့ လေယာဉ်စက်သံကြီးကို ကြားရပါတော့ တယ်။ လေယာဉ်ကြီး စတင်ပျံသန်းဘို့ အရှိန်ယူနေပါပြီ။ ကျမရင်တွေ တဒုံးဒုံးနဲ့ ခုန်လာပါတယ်။

နောက်တော့ လေယာဉ်ကြီးဆွဲတဲ့အားကို သိသိသာသာခံစားလာရပါတယ်။ ကျမလည်း မျက်စိကိုစုံမှိတ်ပြီး လက်တစ်ဖက်က မေမေ့လက်ကို နောက်တစ်ဖက်က လက်တန်းကို တင်းကြပ်နေအောင် ကိုင်ထားမိပါတယ်။

ကျမ ကြောက်ကြောက်လန့်လန့်နဲ့ သမ္ဗုဒ္ဓေဂါထာကို ရွတ်ပေမဲ့ သမ္ဗုဒ္ဓေတစ်လုံးကလွဲပြီး ကျန်တာတွေ ဘာမှ မမှတ်မိတော့ ပါဘူး။

 

မိနစ်ပိုင်းအတွင်းမှာဘဲ လေယာဉ်ကြီးဟာ ငြိမ့်ခနဲဖြစ်သွားပြီး လေထဲကို အရှိန်နဲ့ ထိုးတက်လိုက်ပါတယ်။ များမကြာမီမှာပဲ ကျမတို့လိုက်ပါလာတဲ့ လေယာဉ်ကြီးဟာ လေထဲမှာ ဝဲပျံလို့ နေပါပြီ။ ကျမလည်း ဝမ်းသာအားရ မျက်လုံးကို ဖွင့်ကြည့်လိုက် တော့ လေထဲမှာ တိမ်ဖြူဖြူတွေကို အဆုပ်လိုက် အဆုပ်လိုက် ဝါဂွမ်းဆိုင်ကြီးတွေ ခင်းထားသလို တွေ့ရပါတော့တယ်။

 

လေယာဉ်ငြိမ်သွားတော့ လေယာဉ်မောင်/မယ်လေးတွေက အစားအသောက်နဲ့ စတင် တည်ခင်းဧည့်ခံပါတော့တယ်။ 

သူတို့က ကြက်ဆီထမင်းနဲ့ ငါးခေါက်ဆွဲရမယ်။ ဘာစားမလဲဆိုတော့ ကျမ ကြက်ဆီထမင်းကို ရွေးလိုက်ပါတယ်။ ကြက်ဆီ ထမင်းနဲ့အတူ ဖရဲသီးစိတ်ကလေးတွေ ထည့်ထားတဲ့ ကော်ဗူးလေးပါ ပေးပါတယ်။ မဆိုးပါဘူး။ ကြက်ဆီထမင်းက စားလို့ အတော်ကောင်းပါတယ်။

စားသောက်ပြီး မေမေနဲ့ ဖေဖေက ကော်ဖီသောက်နေတဲ့အချိန်မှာ ကျမကတော့ လိမ္မော်ရည်တစ်ခွက် မှာသောက်လိုက် ပါတယ်။

 

စားသောက်ပြီး ဘာမှလည်း လုပ်စရာမရှိတာနဲ့ ကျမ တစ်လမ်းလုံး အိပ်လိုက်လာခဲ့ပါတယ်။

 

လေယာဉ်ဆင်းခါနီးတော့ မေမေက ကျမကို နှိုးပါတယ်။ လေယာဉ်ကြီး လေထဲကနေ ဝဲပြီးဆင်းလာတော့ ကျမ အတော်လေး ကြောက်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိထားမိပါတယ်။ လေယာဉ်ဘီးနဲ့ မြေကြီး ဒုန်းကနဲရိုက်လိုက်တော့ ကျမ အတော်လေး လန့်သွားပါသေးတယ်။ 

 

များမကြာခင်မှာဘဲ လေယာဉ်ကြီးဟာ ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းကို ချောချောမောမော ဆိုက်ကပ်လိုက်ပါတော့တယ်။

 

အဲဒါကတော့ ကျမဘဝမှာ ပထမဦးဆုံးသော လေယာဉ်စီးဖူးခြင်း အမှတ်တရ အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လေယာဉ်စီးရတာ ကျမပျော်ပါတယ်။

နောက်တစ်ခေါက် လေယာဉ်စီးဖို့ကိုလည်း ရင်တခုန်ခုန်နဲ့ စောင့်နေဦးမှာပါ။

 

အေးငြိမ်း

၂၂-၀၂-၂၀၂၂

Monday, November 15, 2021

လာ့း နှင့် ဘူ့း

ကျွန်ုပ်သည် ယခုအခါ ဒသမတန်း ပင်ရင်းမြန်မာစာ အတွက် သင်ကြားရေး powerpoint slide များ ပြင်နေရာ ယခု မြန်မာကဗျာ လက်ရွေးစင် မှ ဆရာကြီး ဇော်ဂျီ ၏ ‘လှိုင်းကလေးသင်’ ထိ ရောက်ပါပြီ။

 

စနစ်သစ် (စနစ်ကလည်း ကျုပ်တို့ငယ်ငယ်ကတည်းက သစ်လာလိုက်တာ ၂၁ ရာစု ရောက်တဲ့ထိ သစ်လို့ပဲ မပြီးနိုင်တော့ဘူး၊ ယခွမ်းဒဲ့မှ) ကျောင်းပြဋ္ဌာန်းစာအုပ်ပါ ‘လှိုင်းကလေးသင်’ ကဗျာကို ဖတ်လိုက်ရတော့ ကျွန်ုပ်၏ ဘယ်ဖက်မျက်ခုံးတစ်ဖက် သိသိသာသာ မြင့်တက်သွားပါ၏။ နောက်ပြီး သည်စကားလုံးကို ဘယ်လိုအသံထွက်ရမဒုံး ဟု ဦးနှောက်လည်း အတန် ခြောက်သွားလေ၏။

 

(“ပြဋ္ဌာန်း” ကို ရေးဘို့ ပြဿနာတက်နေနိုင်သူများ ရှိပါလိမ့်မည်။ ပြဋ္ဌာန်းမှာ ဋ နှင့် ဌ ကို ပါဠ်ဆင့်ထားခြင်းဖြစ်သဖြင့် ဋ နှင့် ဌ ကို ဆင့်ရေးခြင်းအားဖြင့် ဋ္ဌ ကို ရနိုင်ပါကြောင်း။ ဤကား စကားချပ်)

 

အကြောင်းကား ‘လှိုင်းကလေးသင်’ ကဗျာမှ ‘ဖူးမြော်ရန် ရောက်လာရင်းပေလာ့’ ကို ‘ဖူးမြော်ရန် ရောက်လာရင်းပေလာ့း’ ဟုလည်းကောင်း၊ ‘ကြံချင်ဘု သည်အရေး’ ကို ‘ကြံချင်ဘူ့း သည်အရေး’ ဟု လည်းကောင်း စာလုံးပေါင်းထားသောကြောင့် ဖြစ်သတည်း။ 




 သို့နှင့် ကျွန်ုပ်စိတ်ထဲ အတော် စနိုးစနောင့်ဖြစ်သွား၍ ကျွန်ုပ် အလယ်တန်းကျောင်းသားဘဝက သင်ကြားခဲ့ရသော ‘အလယ်တန်း မြန်မာကဗျာ လက်ရွေးစင်’ (၁၉၇၈) စာအုပ်ကို လှန်ကြည့်ရာ ‘ဖူးမြော်ရန် ရောက်လာရင်းပေလာ့’ ‘ကြံချင်ဘု သည်အရေး’ စသဖြင့်သာ တွေ့ပါ၏။







 

ထိုမျှသာမကသေး။ ရန်ကုန်တက္ကသိုလ်၊ မြန်မာစာပါမောက္ခ ဆရာကြီး ဒေါက်တာအောင်မြင့်ဦး ၏ ‘ခေတ်စမ်း ရဲ့ လှိုင်းကလေး’ ဆောင်းပါးတွင်လည်း ‘ဖူးမြော်ရန် ရောက်လာရင်းပေလာ့’ ‘ကြံချင်ဘူ့ သည်အရေး’ ဟုပင် စာလုံးပေါင်း ထားပါ၏။


 

https://www.facebook.com/100003467961345/posts/2787392038053034/  

 

ကျွန်ုပ်ငယ်စဉ်ကတည်းက မြန်မာစာကို သင်ကြားလာခဲ့ရာ ယခုကဲ့သို့ အောက်ကမြစ် နှင့် ဝစ္စနှစ်လုံးပေါက်ကို ပေါင်းရေးထားတာ တွေ့ဖူးတာ ယခုအကြိမ်သည် ပထမဆုံးသော အကြိမ် ဖြစ်ပါလိမ့်မည်။

 

သို့နှင့် ကျွန်ုပ်လည်း ထို စားလုံးပေါင်း ‘ဘူ့း’ ကို ကြိုးစား အသံထွက်ကြည့်မိ၏။

‘ဘူ့ = ဘု’

‘ဘူး = ဗူး’

ပေါင်းလိုက်တော့ ‘ဘူ့း = ဘုအူး’ ဟု အသံထွက်လေ၏။ 

ကျွန်ုပ်မှာ ‘ဘူ့း’ ကို အသံထွက် ရွတ်နေသည်ဖြစ်ရာ ကိုယ့်ကိုယ်ကိုယ် မနည်း ပြန် ဘလိတ်အုပ်ထားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်ပတ်ဝန်းကျင်၌ အခြားသူများလည်း ရှိနေသည်ဖြစ်ရာ ‘အင့်ဟင် - ဟိုလူကြီးနှယ်၊ မကြီးမငယ်နဲ့။ ဘယ့်နှာကြောင့် နွားလိုအော်နေရပါလိမ့်’ ဟု အထင်ရောက်ကုန်မည် စိုးသောကြောင့်တည်း။ 

 

မယုံလျှင် မိတ်ဆွေတို့ ‘ဘူ့း’ ကို အသံထွက်ရွတ်ကြည့်ပါ။ သေချာပေါက် နွားအော်သံ ထွက်လာပါလိမ့်မည်။

ထူးဆန်းပါပေ့။ 

ချစ်စရာကောင်းလှသည့် ကဗျာကို နွားအော်သံပေါက်အောင် တီထွင်နိုင်သည့် ပညာရှင်ကြီးများ အစွမ်းကို ကျွန်ုပ် မချီးကျူးဘဲ မနေနိုင်။

 

နောက်တစ်ခုမှာ ‘မူသစ်တဆင်ခြယ်၍’ ကို ‘မူသစ်တစ်ဆင်ခြယ်၍’ လုပ်ထားလိုက်သေး၏။ ပြောရလျှင် ဤသည့် ‘တစ်’ ကို ကျွန်ုပ် ၆ မြင်ကပ်သည်မှာ ကြာပါပြီ။ အခုခေတ် ၂၁ ရာစု လူများဆိုလျှင် ‘တကယ်’ ကို ‘တစ်ကယ်’ ဟုရေး၏။ ‘တကတဲ’ ဟုရေးရမည်ကို ‘တစ်ကတည်း’ ဟု ရေး၏။ ကျွန်ုပ် အလွန်မုန်းလှ၏။ သို့သော် ကျွန်ုပ် ဘာတတ်နိုင်ပါ မည်နည်း။

 

၂၁ ရာစု ကျောင်းသုံးမြန်မာစာ (၂၁ ရာစုကျွမ်းကျင်မှုများ ဟူသည့် စကားလုံးလေးကို တွေ့လိုက်ရပြီးသည့်နောက်မှ ကျွန်ုပ်လည်း ၂၁ ရာစု၊ ၂၁ ရာစုနှင့် မကြာမကြာ သုံးမိလာကြောင်း ကိုယ့်ကိုယ်ကိုယ် ပြန်သတိပြုမိ၊ သည်းခံပါ မိတ်ဆွေများ) စာအုပ်၌လည်း ကျွန်ုပ် သဘောမကျမိသည့် အချက်ကလေးများ တွေ့မိ။ သို့သော် နောက်ကျမှ ရေးပြပါမည်။ 

 

ကျေးဇူးတင်ပါသည်။

 

ခွေးအောင်လှိုင်နှင့် နောက်လိုက်နောက်ပါ ခွေးသဒေါင်းဇားအုပ်စု၊ ၎င်းတို့ကို ထောက်ခံနေသူများအားလုံးတို့သည် ကျွန်ုပ်တို့ ပြည်သူအပေါင်း၏ ကျိန်စာသင့်လျှက် မနှေးအမြန် မသာပေါ်ကြပါစေကုန်သတည်း။ 

 

အေးငြိမ်း

၁၅ နိုဝင်ဘာလ၊ ၂၀၂၁

Sunday, November 7, 2021

ဒသမတန်း ပင်ရင်းမြန်မာစာ ထောက်ကူပြု ဆောင်းပါးများ

ဒသမတန်း ပင်ရင်းမြန်မာစာသင်ကြားရေးအတွက် ရန်ကုန်တက္ကသိုလ် မြန်မာစာ ပါမောက္ခ ဒေါက်တာအောင်မြင့်ဦး ရေးသားထားသည့် ဆောင်းပါးများ ဖြစ်ပါသည်။ အလွန်ပြည့်စုံကောင်းမွန်လှ၍ ဆရာဆရာမများအတွက် များစွာ အထောက်အကူရပါလိမ့်မည်။ (ဆရာကြီး၏ ဖေ့စ်ဘုတ်မှ ပို့စ်များကို ကျွန်တော် ပြန်လည်စုစည်းကာ pdf file လုပ်ပေးထားခြင်းဖြစ်ပါသည်။)

 

စနစ်သစ် အခြေခံပညာအထက်တန်း မြန်မာစာသင်ကြားရေး - ဒေါက်တာအောင်မြင့်ဦး

https://www.mediafire.com/file/0x14d47hqn4d644/

 

ဖတ်မှတ်လေ့လာ မြန်မာစာ - ဒေါက်တာအောင်မြင့်ဦး

https://www.mediafire.com/file/i9xm7fxjnq5fc4t/

 

ဒသမတန်း ပင်ရင်းမြန်မာစာ

အပိုင်း (၁) အပြောအဆိုဆိုင်ရာ သင်ခန်းစာ

Power Point Slide များ (ဗီဒီယိုများ မပါ)

https://www.mediafire.com/file/v5qxdb38socslew/အပိုင်း+၁++အပြောအဆိုဆိုင်ရာသင်ခန်းစာ+NoVideo.pptx/file  

 

ဒသမတန်း ပင်ရင်းမြန်မာစာသင်မည့် ဆရာ/ဆရာမများ လွတ်လပ်စွာ ယူငင်သုံးစွဲနိုင်ပါသည်။

 

အေးငြိမ်း

၇ နိုဝင်ဘာ၊ ၂၀၂၁

Tuesday, October 12, 2021

ငါတို့ဘာလို့ ကျောင်းတက်ကြသလဲ

ငါတို့ဘာလို့ ကျောင်းတက်ကြသလဲ (၂၀၂၁)



ဒသမတန်း ပင်ရင်းမြန်မာစာ - အပြောသင်ခန်းစာ


ဒသမတန်း ပင်ရင်းမြန်မာစာ
အပိုင်း (၁) အခန်း (၁)
အပြောအဆိုဆိုင်ရာ လမ်းညွှန်ချက်