Thursday, March 28, 2019

လုပ်တတ်လျှင် ငွေဆိုတာ အလွန်ရှာရလွယ်လှသည် ဆိုခြင်းအကြောင်း


အချို့သူများအဖို့ အလွန်ခက်ခဲသလောက် အချို့သူများကျတော့လည်း ပိုက်ဆံဆိုတာ သဲ့ယူသလိုရလေသည်။
အဲလေ မသနားတတ်ဘို့လေးလောက်တော့ လိုပေမပေါ့။

စင်ကာပူကို အလုပ်ကြမ်းသမားတစ်ယောက်အနေနှင့် အလုပ်လာလုပ်ဖို့ မြန်မာငွေ သိန်း (၇၀) လောက်ကုန်သည် ဆို၏။
ကြားရခါစက ကျွန်ုပ်မှာ မျက်လုံးပြူး၊ မျက်ဆန်ပြူး ဖြစ်မိ၏။
သို့သော် ဤသည်မှာ ပုံပြင်မဟုတ်။
ဖေ့စ်ဘုတ်ပေါ်တွင် မည်သူ့ကိုမဆို ကြိုက်သလိုဆဲခွင့်ရှိနေသော ကျွန်ုပ်တို့ ရွှေမြန်မာပြည်ကြီးတွင် တကယ်ဖြစ်နေတာ ဖြစ်၏။

ကျွန်ုပ်အဖို့ မြန်မာနိုင်ငံသားဖြစ်ရတာ အလွန် ဂုဏ်ယူမိလေသည်။
အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၌ အခြားနိုင်ငံများထက်ပို၍ လူချမ်းသာများ ပေါများသောကြောင့် ဖြစ်သတည်း။

စင်ကာပူဘက်ကနေ လေယာဉ်လက်မှတ်ဝယ်တာ မြန်မာပြည်ကနေဝယ်တာထက် ပိုသက်သာသည်။
သည်လေယာဉ်၊ သည်ခုံနံပါတ်၊ သည်အစားအစာချင်းတူပါလျက် မြန်မာပြည်ဘက်ကဝယ်သည့် လေယာဉ်လက်မှတ်က ပိုဈေးကြီးရခြင်းမှာ သူဌေးများနေသည့် တိုင်းပြည်မို့လို့ တမင်တကာ ဈေးတင်ထားခြင်း ဖြစ်တန်ရာသည်။

စင်ကာပူတွင် အိမ်အကူအလုပ်သမားများအတွက် ဝန်ဆောင်ခကို နှစ်လစာထက် မများရဟု သတ်မှတ်ထားသော်လည်း မြန်မာပြည်မှ အေးဂျင့်များက ၆ လ မှ ၇ လစာထိ ယူလေသည်။ စင်ကာပူမှလူများမှာ ဆင်းရဲသည့်အတွက် အေးဂျင့်ဖီး မတတ်နိုင်၍ ၂ လစာသာသတ်မှတ်ထားရသော်လည်း မြန်မာပြည်မှ အိမ်အကူလုပ်မည့် အမျိုးကောင်းသမီးကလေးတို့မှာ ပိုက်ဆံပေါများလှသဖြင့် ၆ လ၊ ၇ လစာထိယူတာ ဖြစ်ပေလိမ့်မည်။

ကိုရင်လေးတို့ စင်ကာပူလာဘို့ ဘယ်လောက်ကုန်သလဲကွဲ့ ဟု ကျွန်ုပ်က စပ်စုလေသော် သူတို့က ဘောက်ချာများပါထုတ်ပြလျက် သေသေချာချာ ရှင်းပြ၏။

အလိုလေး -
သူတို့ဘောက်ချာများကိုကြည့်ပြီး ကျွန်တော် အတော်လေး မျက်လုံးပြူးမိ၏။
အနှီလူကြီးမင်းများ ပိုက်ဆံရှာတတ်ပုံကိုလည်း မလေးစားဘဲ မနေနိုင်အောင် ဖြစ်မိလေသည်။

စင်ကာပူတွင် ၄၄၀ မျှသာပေးရသည့် Pipe Fitter သင်တန်းမှာ မြန်မာပြည်ရောက်တော့ စင်းဒေါ်လာ ၂၇၀၀ ဖြစ်သွားလေ၏။ အဲလေ အိုဗာစီးဆိုတော့လည်း သည်လောက်တော့ ပေးရပေမပေါ့။

ထူးဆန်းသည်မှာ သင်တန်းကြေး၊ စာမေးပွဲကြေး၊ လက်မှတ်ခ ဟု သီးသန့်ခွဲကာ ငွေကောက်ခံခြင်းဖြစ်၏။
သင်တန်းကြေးမှာ S$ 1300။ စာမေးပွဲကြေးမှာ S$ 813။ Result slip fee ဆိုတာက S$ 400။
ထိုကြေးများကို စင်းဒေါ်လာဖြင့်ပြပြီး မြန်မာငွေနှင့်ရှင်းတော့လည်း လိမ္မာပါးနပ်စွာ ရှင်းလေသည်။
သင်တန်းကြေးကိုရှင်းတော့ စင်းဒေါ်လာမှ မြန်မာငွေလဲနှုန်းကို ၁၁၉၀ ယူ၏။
စာမေးပွဲကြေးအတွက် ငွေလဲနှုန်းမှာ ၁၁၇၀ ဖြစ်ပြီး Result slip အတွက် ငွေလဲနှုန်းကို ၁၁၄၅ ယူသည်။
ထိုကာလက ငွေလဲနှုန်းမှာ ၁၁၂၅ ဖြစ်၏။
ထိုစီးပွားရေးသမားကြီးများ၏ ပိုက်ဆံရှာတတ်ပုံကား သြချရလောက်ပါပေသည်။ ဂဏန်းကလေးအနည်းငယ်မျှ ကစားလိုက်ရုံနှင့် သိန်းရာပေါင်းများစွာ လက်ထဲသို့ အသာလေး ရောက်လာနိုင်၏။

သည်မျှသာပဲလား။ မဟုတ်ပါ။ မဟုတ်သေးပါ။ သည်မျှမကသေးပါ။
အနှီ စင်ကာပူလာမည့် သကောင့်သားကလေးများမှာ တောကလာရတာဖြစ်လို့ လေယာဉ်လက်မှတ်ဝယ်ရာတွင် အခက်အခဲ တွေ့မှာစိုး၍ စေတနာဗလပွနှင့် လေယာဉ်လက်မှတ်လည်း ဝယ်ပေးလိုက်သေး၏။ ကျေးဇူးတင်စရာ ကောင်းလှပေသည်။
အဲလေ အကျိုးဆောင်ခအနေနှင့် အနည်းအပါးတော့ ဈေးတင်ပေမပေါ့။
ပုံမှန်အားဖြင့် ၂ သိန်းတောင် မပေးရသော ရန်ကုန် - စင်ကာပူ လေယာဉ်လက်မှတ် တစ်ကြောင်းစာကို ၃ သိန်း ၇ သောင်း ယူ၏။
(မိတ်ဆွေတို့ လေယာဉ်လက်မှတ်ဝယ်ချင်လျှင် ကျွန်တော့်ကိုဆက်သွယ်ပါ။ တစ်ကြောင်းစာကို ၇ သောင်းလျှော့ပေးပါမည်။ တစ်ကြောင်းစာကို ၃ သိန်း၊ အသွားအပြန်ဆို ၆ သိန်း။ ဆယ်ယောက်ဆို သိန်း ၆၀။ ဝိုး - - - - - )

အဲသဟာတောင်မှလေ . . .
သူတို့ရှိနေလို့သာ စင်ကာပူလာဘို့လွယ်တာဆိုပြီး ကျေးဇူးတောင် တင်နေရပါသေး။
ကိုယ့်ပိုက်ဆံနှင့်ကိုယ် မတန်တဆပေးရတာတောင် ကျေးဇူးတတင်နှင့် ပေးရတာဖြစ်လေသည်။

ကိုယ့်လူတို့ -
ငါပိုက်ဆံတတ်နိုင်တာပဲ ဆိုပြီး ဘာမှမပြင်မဆင်ဘဲ စင်ကာပူကို အရမ်း၊ အရမ်းမလာပါလေနှင့်။
ဒုက္ခနှင့်လှလှနှင့်တိုးလိမ့်မည်။

ဟိုတစ်နေ့က ကောင်လေးတစ်ယောက် ဖုံးဆက်လာ၏။ အသံများတုန်လျက် ငိုသံပါနေသည်။

ဦးရယ်၊ ကျွန်တော့်ကို ကယ်ပါဦး။
ဟကောင်၊ ငါက ဘုရားသခင်မှ မဟုတ်တာ။ ဘယ့်နှာလုပ် သတ္တဝါတွေကို ကယ်တင်နိုင်မတုံးကွ။ ဆိုစမ်းပါဦး။
ကျွန်တော်ဦးသင်တန်းမှာ ပြီးခဲ့တဲ့အပတ်က တက်သွားတဲ့သူပါ။ အဲဒါ အလုပ်လုပ်တာမှ ၂ ရက်ပဲရှိသေးတယ်။ မနက်ဖြန် ပြန်ပို့မယ်လို့ ပြောတယ်။

အာ၊ အဲဒါ သက်သက်မတရားလုပ်တာ။ MWC ကို သွားတိုင်ချေ။

(အတိုချုံးရလျှင် - )

ကိုင်းကိုယ့်လူ၊ အခုဘယ်မှာလဲ။
ရုံးမှာ တံမြက်စည်းလှည်းနေပါတယ်။
အဲဒီမှာ သူဋ္ဌေးတို့၊ မန်နေဂျာတို့၊ HR တို့ရှိလား။ သူတို့ကို ဖုန်းပေးလိုက်။ ကိုယ်မေးကြည့်စမ်းမယ်။
(အတန်ကြာတိတ်ဆိတ်သွားပြီး ဖုန်းပြန်ခေါ်)
ကျွန်တော်တို့ ဆူပါဗိုက်ဆာတစ်ယောက်ကလွဲလို့ တခြား ဘယ်သူမှ မရှိကြဘူး တဲ့။
ကိုင်း - အဲဒါဆိုလဲ အဲဒီ ဆူပါဗိုက်ဆာကိုပဲပေးလိုက်ကွာ။

ကျွန်တော် သူတို့ဆူပါဗိုက်ဆာနှင့်စကားပြောကြည့်တော့ အဓိကပြဿနာမှာ သူက အင်္ဂလိပ်လို တစ်လုံးမှနားမလည်တာ ဖြစ်၏။

ငါတို့က လူလိုလို့ခေါ်တာပဲကွာ။ ဒါပေမယ့် မင်းကောင်က ငါတို့ပြောတာ တစ်လုံးမှနားမလည်ဘူး။ နားမလည်တော့ ဘယ်လို သင်ပေးမတုံး။ ဘာမှလည်း ခိုင်းလို့မရဘူး။ အဲတော့ ငါတို့ ဘယ်လိုလုပ်ရမတုံး။

ဦးရယ်လုပ်ပါအုံး။ ကျွန်တော်က လယ်တွေနွားတွေရောင်းလာ . . . လာ . . .
ကိုယ့်လူ၊ အဲဒီနွားတွေလယ်တွေခဏထားပါအုံး။ ကိုရင်က သူတို့ပြောတာ တစ်လုံးမှ နားမလည်ဘူးဆို။
အနည်းအပါးတော့ ပြောတတ်အောင်ကြိုးစား . . . စား . . . .
ခိုင်းတာနားမလည်ဘဲနဲ့ ဘယ်လိုလုပ်ပြီး အလုပ်လုပ်ရမတုံးကွ ကိုယ့်လူရ။

စင်ကာပူလာရတာ အလွန်ဈေးကြီးပါသည်။
သို့မို့ကြောင့် စင်ကာပူမလာခင် ကြိုတင်ပြင်ဆင်ထားရန် အရေးကြီးပါသည်။
အထူးသဖြင့် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးဖြစ်၏။ ဆက်ဆံရေးဆိုသည်မှာ အင်္ဂလိပ်လို အနည်းအကျဉ်းတော့ ပြောတတ်မှ ရမည်။ သူတို့ပြောတာ ဘာတစ်လုံးမှ နားမလည်ပါဘဲလျက် မည်ကဲ့သို့ အလုပ်လုပ်ပါမည်နည်း။
ပြောစကား နားမလည်လို့ ပြန်ပို့ခံရလျှင် အလွန်နစ်နာပါသည်။ ရင်းထားရသည့်ပိုက်ဆံက နည်းနည်းနောနော မဟုတ်။

သုခိအတ္တာနံ ပရိဟရန္တု

အေးငြိမ်း
၂၈ မတ်လ၊ ၂၀၁၉

Sunday, March 24, 2019

Integrated Management System


ISO 45001 ကို အပြည့်အစုံ မြန်မာဘာသာပြန်၍ မြန်မာနိုင်ငံ စံချိန်စံညွှန်းအဖွဲ့သို့ လွန်ခဲ့သောအပတ်က ကျွန်တော် လှူဒါန်းခဲ့ပါသည်။

ISO 45001 ကို ISO 9001, ISO 14001 တို့နှင့် ပေါင်းစပ်ကျင့်သုံးနိုင်ရန် ရေးဆွဲထားသည်ဖြစ်ရာ မိမိတို့လုပ်ငန်းတွင် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးအတွက်သာမက အရည်အသွေးပိုင်းရော ပတ်ဝန်းကျင်ထိန်းသိမ်းမှုအပိုင်းကိုပါ တစ်ပါတည်း ပေါင်းစပ် ကျင့်သုံးနိုင်ပါသည်။ ၎င်းကို Integrated Management System ဟု ခေါ်ပါသည်။

အကယ်၍ လူကြီးမင်းတို့လုပ်ငန်းတွင် Integrated Management System ကို ကျင့်သုံးလျှင် စီးပွားရေးလုပ်ငန်းကိုင်ငန်း၌ ပိုမို နာမည်ကောင်းရလာမည်။ အလုပ်သမားများအတွက် ပိုမိုအန္တရာယ်ကောင်းသော၊ ကောင်းမွန်သော၊ ပျော်ရွှင်ဘွယ်လုပ်ငန်းခွင် တစ်ခုကို ဖန်တီးပေးနိုင်သဖြင့် လုပ်သားကောင်းများကို မွေးထားနိုင်မည်။ နိုင်ငံတကာ ကုမ္ပဏီများနှင့် ဆက်သွယ်ဆောင်ရွက် သည့်အခါ ပိုမိုယုံကြည်စိတ်ချမှုကို ရလာမည်။ ထိုအခါ စီးပွားရေးလုပ်ငန်း အောင်မြင်လာမည်။

မိတ်ဆွေတို့လုပ်ငန်းအတွက် Safety Management System ကို ISO 45001 နှင့်အညီ ပြင်လိုလျှင်ဖြစ်စေ၊ ISO 45001, ISO 9001, ISO 14001 သုံးခုပေါင်းထားသည့် Integrated Management System ကို ပြင်လိုလျှင်ဖြစ်စေ ကျွန်တော့်ကို ဆက်သွယ်နိုင်ပါသည်။ ဖုန်းနံပါတ် - (65) 97303027 ကိုသော်လည်းကောင်း၊ email: aye475@gmail.com ကိုသော် လည်းကောင်း ဆက်သွယ်လိုက်ပါ။

စာရွက်စာတမ်းပြင်ရုံမျှသာမကသေး။ စာရွက်စာတမ်းများ ပေးအပ်ပြီးပါကလည်း ဤစနစ်ကို မည်ကဲ့သို့ အကောင်အထည် ဖော်ရမည်ကို သက်ဆိုင်ရာဝန်ထမ်းများအား (သင်တန်းကြေးမယူဘဲ) သင်တန်းပေးပါမည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
ဖုန်းနံပါတ် - (65) 97303027
email: aye475@gmail.com

Saturday, March 23, 2019

Composition of a primary 5 student


ကျွန်တော့်သားရေးထားတဲ့ အက်ဆေးပါ။

အခု သူ primary 5 တက်နေပါတယ်။ ပြိုင်ပွဲအတွက် ရေးထားတဲ့ composition ပါ။

၁၂ မျက်နှာရှိပြီ။ ခုထိအဆုံးမသတ်သေး။














ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်။ ကျွန်တော်တို့ရပ်ကွက်ထဲမှာ ဒီလိုပဲ


ကျွန်ုပ်ပဲ ကံမကောင်းတာလား။ သူတို့ပဲ ကံဆိုးတာလားမသိ။

သည်ကနေ့ မမျှော်လင့်ဘဲ ပွဲတစ်ပွဲ (ပွဲတစ်ပွဲပဲထားပါတော့) သို့ မျက်စိလည် လမ်းမှားကာ ရောက်သွား၏။
အမှန်က သည်ပွဲသို့လာတာမဟုတ်။ အခန်းမှားပြီး ဝင်မိခြင်းဖြစ်၏။ သို့သော် စိတ်ဝင်စားစရာပွဲဖြစ်နေ၍ ဆက်ထိုင်ကာ နားထောင်နေမိ၏။

ပွဲပြီးတော့ ရွှေပွဲလာပရိသတ်များထံမှ အကြံဉာဏ်များတောင်း၏။
အမြင်မတော်တာတွေ့လျှင် ဂွတိုက်တတ်သော ကျွန်ုပ်အဖို့ ဂွတိုက်ဘို့ရန် အခွင့်ကောင်းတစ်ရပ် ဖြစ်တော့၏။

ကျွန်တော်ကတော့ ဘယ်အဖွဲ့ကမှ မဟုတ်ပါဘူး . . ဆိုကာ စမိတ်ဆက်၏။
အမှန်ဆို ဒီပွဲကို လာတက်တာမဟုတ်ပါဘူး။ အခန်းမှားဝင်လာတာပါ ဟု ကလိ၏။

ထို့နောက် . . . အောက်ပါအတိုင်း သမလေတော့သတည်း။

ကျွန်တော်က လူကြီးမင်းတို့ မေ့နေတယ်ထင်လို့ ထောက်ပြတာပါ။
ပရောဒတ်တစ်ခုကောင်းမကောင်းဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်လို့ရတာမျိုးမဟုတ်ပါဘူး။ သုံးစွဲသူ၊ စားသုံးသူက ဆုံးဖြတ်တာပါ။
အင်မတန်ကောင်းတဲ့ နမူနာတစ်ခုရှိပါတယ်။
နိုကီယာပါ။ အားလုံးသိကြပါတယ်။
နိုကီယာဟာ အင်မတန်အောင်မြင်နေရာကနေ ဗြုန်းဒိုင်းဆို ဘာလို့ ကျဆုံးသွားတာလဲ။
ကာစတန်မာပါ။
ကာစတန်မာကြိုက်အောင် သူတို့ အမီလိုက်လုပ်မပေးနိုင်တဲ့အတွက် ကျဆုံးတာပါ။
အဲဒါဟာ အင်မတန်ကြောက်စရာကောင်းတဲ့ နမူနာတစ်ခု ဖြစ်ပါတယ်။

စင်ကာပူကိုတည်ထောင်ခဲ့တဲ့ လီကွမ်ယုပြောခဲ့တာလေး မှတ်ဘို့ကောင်းပါတယ်။
သူတို့ဘာလို့ အောင်မြင်ရသလဲ ဆိုတော့ တဲ့ . . .
လူတွေသွားတဲ့လမ်းကို လမ်းခင်းပေးလို့ပါဘဲ . . တဲ့

အဲဒါဟာ customer တွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးတယ်လို့ ဆိုလိုတာပါ။

ရန်ကုန်မြို့လည်ခေါင်မှာ သေးမပေါက်ရလို့ စာရေးထားရုံနဲ့ မပြီးပါဘူး။
ဒီနေရာမှာ သေးမပေါက်ရဆိုရင် ဘယ်သွားပေါက်မလဲ။
သေးပေါက်စရာနေရာ လုပ်ထားမပေးဘဲနဲ့ သေးမပေါက်ရ လုပ်ရင် အဲဒီစနစ် ဘယ်တော့မှ မအောင်မြင်ပါဘူး။

အခု လူကြီးမင်းတို့ ယူနီကုဒ်ကို လူတွေဘာဖြစ်လို့ မသုံးကြသလဲ ပြန်သုံးသပ်သင့်ပါတယ်။
လူတွေသုံးချင်လာအောင် အဆင်ပြေနေဘို့၊ လွယ်ကူနေဘို့လိုပါတယ်။
အင်္ဂလိပ်လိုဆိုရင်တော့ user friendly ပေါ့။
ယူနီကုဒ်ကို user friendly ဖြစ်နေအောင် လုပ်ပေးဘို့လိုပါတယ်။
အဲဒီအတွက် လူတွေသုံးရာမှာ ဘယ်လိုအခက်အခဲတွေရှိသလဲ။ အဲဒါတွေကို ဘယ်လိုဖြေရှင်းပေးမလဲ ပြန်လည် သုံးသပ် အဖြေရှာဘို့လိုပါတယ်။
လူတွေသုံးရတာ အဆင်ပြေလာပြီ ကြိုက်လာပြီဆို အတင်းကြေငြာနေစရာမလိုတော့ပါဘူး။ သူသုံးချင်၊ ငါသုံးချင်နဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်လာပါလိမ့်မယ်။

ကျေးဇူးတင်ပါတယ်။

ထိုနံရောအခါ ဟိုအဖွဲ့ကြီးမှ ဟိုလူကြီးသည် ရှူးရှူးရှားရှားဖြစ်လျက် . . .
ကျုပ်တို့ ယူနီကုဒ်ကိုလုပ်လာတာ အနှစ် ၂၀ ရှိပြီ။ လူတွေကြိုက်စရာမလိုဘူး။ အင်နာတေရှင် (ဟုတ်ပေါင်) အင်တာနေရှင်နယ် စတင်းဒတ် ဖြစ်ဘို့လိုတယ်။
User friendly ဖြစ်ဘို့ဆို လွယ်ပါတယ်။ လူတွေကို အမှိုက်တွေ တွေ့ကရာသာ ပစ်ခွင့်ပေးလိုက်။ အဲဒါ user friendly အဖြစ်ဆုံးဘဲ။
ဒါပေမယ့် မြို့ကြီးကတော့ ညစ်ပတ်ကျန်ခဲ့မှာဘဲ။
လူတွေကြိုက်ကြိုက် မကြိုက်ကြိုက်၊ ဥပဒေနဲ့ အတင်းလုပ်ရမယ်။

ဟိုက် ရှားဘာာာာာာာာာာာာား စ်စ်စ်စ်စ်

ဘာတဲ့။ user friendly ဆိုတာ လူတွေကို တွေ့ကရာ အမှိုက်ပစ်ခွင့်ပေးတာ ဆိုပါလား။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။
ဘာအဖွဲ့ကြီးကို ဦးဆောင်နေတဲ့ ဘာလူကြီးဆိုသူက အဲသလိုမျိုး အတွေးအခေါ်တွေရှိနေတယ် ဆိုမှဖြင့် . . .

အင်း . . . .
အရီးတို့ပြောသလို ပြောလိုက်ချင်ရဲ့။
အဲဒီအတွေးအခေါ်တွေနဲ့ဆို ခင်ဗျားတို့ဟာခင်ဗျားတို့၊ ဥပဒေနဲ့လုပ်လုပ်၊ ဥပဒက်နဲ့ လုပ်လုပ်။
ရှေ့သွားနှစ်ချောင်း ဖင်ပြောင်းပေါက်တောင် ခင်ဗျားတို့ စနစ်မအောင်မြင်ဘူးလို့ ဗေဒင် ဟောလိုက်ပါရဲ့။

အေးငြိမ်း
၁၅ မတ်၊ ၂၀၁၉

Tuesday, March 12, 2019

(သူတို့ညီနောင်နှင့် ကျွန်တော်) နှင့် ကျွန်ုပ်အကြောင်း


(၁) ဆရာဇော်ဂျီ၏ သူတို့ညီနောင်နှင့် ကျွန်တော်

ဖေ့စ်ဘုတ်မိတ်ဆွေများ ကောင်းမှုဖြင့် ဆရာဇော်ဂျီ၏ "သူတို့ညီနောင်နှင့် ကျွန်တော်" ကို ဖတ်ရပါသည်။ သည်ရသစာတမ်းလေးကို ယခင်က ကျွန်တော်တစ်ခါမှ မဖတ်ဖူးသေး။ အဲလေ ကြားတောင်မှ မကြားဖူးပါ။
ယခု သည်စာကလေးကိုဖတ်ရတော့ ဆရာ့ကို နဂိုရှိရင်းစွဲထက်ပိုပြီး အလွန်လေးစားချစ်ခင်သွားမိရပါ၏။

ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ။ သည် ကံရာဇာကြီး၊ ကံရာဇာငယ် ဇာတ်လမ်းသည် ကျွန်တော်တို့ မြန်မာလူမှု အသိုင်း အဝိုင်းကို အနည်းနှင့်အများ ရိုက်ခတ်ခဲ့၏။ ကျွန်တော်တို့ကျောင်းသားဘဝကတည်းက ကံရာဇာငယ် ဘုရင်ဖြစ်ရခြင်းကို လက်မခံခဲ့ ကြပါ။ ဒီလိုတစ်ပွဲစားဉာဏ်သမားတွေကို နေရာပေးခဲ့လို့ ငါတို့တိုင်းပြည်ကြီး ဒီလိုဖြစ်နေတာဟု ဆွေးနွေးခဲ့ကြဖူးပါသည်။

သည်စာတမ်းတွင် ဆရာက အဘယ်ကြောင့် ကံရာဇာငယ်ကို အနိုင်ပေးရဘိသနည်း ဟု စောကြောထား၏။
ကံရာဇာငယ်၏ မဏ္ဍပ်မှာ ပီဘိ တစ်ပွဲထိုးမဏ္ဍပ်သာဖြစ်ကြောင်း၊ ဘယ်လိုမှ သုံးလို့စားလို့မရကြောင်း လူတိုင်းသိ၏။   
အနိုင်ပေးလိုက်သော ဝန်ကြီးများသည် သည် သုံးစားမရသော မဏ္ဍပ်ကိုထိုးခဲ့သည့် ကံရာဇာငယ်ကို ဘောက်မဲ့ကြောင့် အနိုင်ပေးရသနည်း။
ပြည်သူများကရော ကံရာဇာငယ်ကို အနိုင်ပေးလိုက်ခြင်းအတွက် ဝိုင်းဝန်း မကန့်ကွက်ခဲ့ကြဖူးလား။
ကံရာဇာကြီးကိုယ်တိုင်ကရော ကံရာဇာငယ်အား အနိုင်ပေးခြင်းကို အဘယ်ကြောင့် မငြင်းဆိုဘဲ အသာလေး ရေငုံနှုတ်ပိတ်၊ ထွက်ခွာသွားခဲ့ရဘိသနည်း။
ထိုပြိုင်ပွဲ၏ နောက်ကွယ်တွင် မည်သို့သော မသမာမှုများ ရှိနေသနည်း။ ကံရာဇာငယ်သည် လက်နက်နှင့် ခြိမ်းခြောက်ထား၍လော စသဖြင့် ဆရာက မေးခွန်းများ ထုတ်ထား၏။


(၂) ၂၁ ရာစု ကံရာဇာငယ်များ

ကံရာဇာကြီး ကံရာဇာငယ်ဇာတ်လမ်းမှာ မြန်မာပြည် တည်ဦးစက ဖြစ်၏။ ယခင်ကဖြစ်ခဲ့တာတွေ ထားလိုက်ပါ။ ပြီးခဲ့တာတွေ ပြီးခဲ့ပြီမို့ လုပ်ချင်သည့်တိုင် ဘာမှလုပ်မရတော့။

သို့သော် ထူးဆန်းလှသည်မှာ ယခုခေတ်တိုင် ကံရာဇာငယ်လိုလူမျိုးများ နေရာရနေကြပေလေသေး၏။
ကံရာဇာငယ်လိုလူမျိုးများကို ဘုရားတစ်ဆူ ဂူတစ်လုံး ကိုးကွယ်နေကြခြင်းကိုလည်း ကျွန်တော် အလွန်ရွံမုန်းလှပါသည်။
၂၁ ရာစု ကံရာဇာငယ်များကား အဘယ်သူတို့ဖြစ်သနည်းဆိုသည်ကို ဖေ့စ်ဘုတ်သုံးသူတိုင်း သိပါသည်။ အဲလေ ဖေ့စ်ဘုတ် မပွတ်ဘဲနှင့်လည်း သိကြသည်သာ ဖြစ်၏။ 

ဆရာဇော်ဂျီက မတရားသည့် ယှဉ်ပြိုင်ပွဲကို ပြည်သူတွေ အဘယ်ကြောင့် ညီညီညာညာ စုပေါင်း မတွန်းလှန်ခဲ့ကြသနည်း၊ မကန့်ကွက်ခဲ့ကြသနည်း၊ မတိုက်ဖျက်ခဲ့ကြသနည်း ဟု မချင့်မရဲ ဆိုခဲ့၏။

ယခုရော ဘာထူးပါသနည်း။
မဟုတ်သည့်စနစ်ကြီးကို ကျွန်ုပ်တို့သည် ယနေ့ထိတိုင် လက်ခံကျင့်သုံးနေကြသေးသည်။
အခြားမဟုတ်ပါ။ ယခုတိုင် ကျင့်သုံးနေသေးသော မအောင်မရှိ ငါ့တပိ ပညာရေးစနစ် ဖြစ်ပါသည်။
ဤစနစ်ကို ကျွန်တော်လည်းမကြိုက်၊ ခင်ဗျားတို့လည်းမကြိုက်၊ ကျောင်းသားမိဘများလည်းမကြိုက်၊ ဆရာဆရာမများလည်း မကြိုက်။
သို့နှင့်တောင်မှ သည်စနစ်ဆိုးကြီးသည် ယနေ့ထိတိုင် အဘယ်ကြောင့် သက်ဆိုးရှည်နေရဘိသနည်း။

သူငယ်တန်းကနေ ၉ တန်းထိ ဖြစ်ချင်သလိုဖြစ်လာခဲ့၊ အအောင်ပေးချင်သလို ပေးလာခဲ့ပြီးမှ ဘာတဲ့ ဟို ဆယ်တန်းအောင်ချက် နည်းတဲ့ကျောင်းက ဆရာဆရာမတွေ ဘာလုပ်ရမည်ဆိုလား အမိန့်ထုတ်သတဲ့။ ကျွန်ုပ်ကတော့ ရယ်လိုက်ချင်ပါ၏။

ဆရာဇော်ဂျီပြောသကဲ့သို့ပင် ကျွန်ုပ်တို့ ပြည်သူပြည်သားများကား အဘယ်ကြောင့် အလွန် အ,ကြ။ န,ကြရဘိသနည်း။
မဟုတ်သည့်စနစ်ကြီးကို အဘယ်ကြောင့် မြေလှန်မပစ်ရဲကြဘိသနည်း။
ဘာစာတစ်လုံးမှ မတတ်သည့်ကျောင်းသားကို စာမေးပွဲချပစ်ရမှာ အဘယ်ကြောင့် သည်မျှ ထိတ်လန့် ကြောက်ရံွံ့နေကြရ ဘိသနည်း။
ဆရာဆရာမများအား စာသင်ကြားရေးကို ဖိဖိစီးစီးမလုပ်စေဘဲ အခြားကိစ္စများဖြင့် အဘယ်ကြောင့် အလုပ်ရှုပ်စေရဘိသနည်း။
ကျောင်းသားများ တကယ်စာတတ်မြောက်ရေးကို ဦးစားမပေးဘဲ အဘယ်ကြောင့် ကျောင်းပြီးသည့်ဦးရေကို ဦးစားပေးချင်ရဘိ သနည်း။

(၃) နို့မပါသော နို့ဘူး၊ နွားမ မရှိသော နို့ထုတ်လုပ်ရေးခြံများနှင့် ဖိုးတွမ်တီးတို့အကြောင်း

ရန်ကုန်မြို့တော်ဝန်က နို့စားနွားခြံစစ်တာ နွားထီးတွေချည်းတွေ့တယ် ဆိုတော့ ဝိုင်းဝန်းလှောင်ပြောင်၊ ဟားတိုက်ရီမောကြလေ၏။
အသင်တို့သည် အဘယ်ကြောင့် ဟားတိုက်ရီမောကြရဘိသနည်း။
ဤသည်မှာ အလွန်ရှက်စရာကောင်းလှသည့် ဖြစ်ရပ်တစ်ခု မဟုတ်လော။
သို့သော် ဤသည်မှာ ထူးဆန်းလှသည့် ကိစ္စတစ်ခုတော့ မဟုတ်ပါလေ။ အဲလေ၊ တခြားနိုင်ငံတွေမှာဆိုရင်တော့ ထူးချင် ထူးပေမပေါ့။ မြန်မာနိုင်ငံမှာတော့ သည်လို ဖြစ်ရပ်မျိုးတွေ အများအပြား ကြုံခဲ့ကြရဖူးပါပြီ။ ကျွန်ုပ်ကတော့ Rဇာနည့် သီချင်းကိုသာ ဟစ်လိုက်ချင်ပါ၏။
နောက်ထပ် လာချင်လာပါ မထူးဆန်းတော့ပါ . . .

ကျွန်တော်တို့ ဟိုးငယ်စဉ် ကလေးဘဝကတည်းက စပါးများ စံကွက်ရိတ်တော့မည်ဆိုတော့ ဟိုဘက်လယ်ကွက်ထဲက စပါးတွေ စံကွက်ရိတ်မည့် အကွက်ထဲ ပြောင်းစိုက်သည်။ တစ်ဧကကို တင်း ၁၀၀ လောက်ထွက်ဘို့ကတော့ ရီတာပေါ့၊ ရီတာပေါ့။

အမြဲတစေ ပြောင်သလင်းခါနေသည့် သမဝါယမဆိုင်များမှာ လူကြီးလာတော့မည်ဆို ပဲတွေနှင့် ဆန်တွေနှင့် ကြက်သွန်တွေနှင့် စည်စည့်ကို ဝေလို့။ ဈေးများမှာလည်း အလွန်ချိုလှ၏။ ပုရွက်ဆိတ်တက်မှာတောင် ကြောက်ရသည်။

ဒါ ဘာဟုတ်သေးတုံး။
ဒို့ဝန်ကြီးက အပင်တွေ စိမ်းစိုနေမှကြိုက်တယ်ဆိုကာ အပင်တွေကို ရေဆေးအစိမ်းတွေ ရေဖျော်ကာ ဖြန်းသည်။
တစ်သက်လုံး ဖုန်တက်နေခဲ့သော မီဒီယာရွမ်း ဆိုတာကြီးမှာ လူကြီးတွေလာတော့ သောက်ကယိုးနဲ၊ တီဗီတွေနှင့် အောက်စက် တွေနှင့်။ ကွန်ပြူတာတွေနှင့်။ အောင်မယ်၊ တချောက်ချောက်နဲ့ ကွန်ပြူတာရိုက်နေတဲ့ ကောင်မလေးတွေတောင် ရှိသေး။ အဟိ။

နို့စားမွေးမြူရေးခြံမှ နွားထီး ဆိုသည်များမှာလည်း ယခင်က ရှိချင်မှတောင်ရှိမည်။
မြို့တော်ဝန်တို့ လာစစ်မည်ဆိုတော့မှ -
ဟဲ့၊ လူကြီးလာမတဲ့။ လုပ်ကြပါဦး အရပ်ကတို့။
ဟဲ့ - ငခွေး။ ဟိုဘက်ခြံက နွားတွေ သွားငှားချေစမ်း။
ဟာ ဘကြီးကလည်း၊ ဟိုဘက်ခြံကနွားတွေက အကုန်လုံး အထီးတွေချည်းဗျ။
တယ် သောက်စကားရှည်တဲ့ ကောင်လေးပါလား။ ထီးထီးကွာ။ သွား ဆွဲဆို ဆွဲချေ။ ထီးထီး မမ၊ ခြံထဲ နွားတွေရှိနေရင် ပြီးရော။

နို့ညှစ်မရသော နွားထီးများကို အဘယ်ကြောင့် မွေးရမည်နည်း။ အဲလေ မွေးထားသည့် နွားထီးတွေထုတ်ရောင်း၊ နို့ပြန်ဝယ်။ နောက်ပြီးမှ ဘယ်ခြံထွက်နွားနို့လို့ တံဆိပ်တပ်ရောင်းလျှင်တော့လည်း မပြောတတ်ပါ။ သည်ကမ္ဘာပေါ်တွင် ဉာဏ်နီဉာဏ်နက် အများဆုံးလူမျိုးဟု အင်တာနေရှင်နယ်ပြိင်ပွဲလုပ်လျှင် ရွှေမြန်မာတို့ ရွှေမချိတ်မှာ မပူရ။ 

နို့တစ်စက်ကမှ မပါသော နို့ဘူးများမှာလည်း ဤအတိုင်းပင် မဟုတ်ပါလော။
အဲသဟာ ဘာလုပ်တာပါနည်း။

နေရာတကာ ဥပဒေ၊ ဥပဒေနှင့်။ ဥပဒေအရ အရေးမယူတိုင်း ဤကဲ့သို့ချည်း ညာဝါဖြီးဖြန်း၊ တစ်ယောက်ကိုတစ်ယောက် ဖျံကျကာ စားသောက်နေကြတော့မည်လော။ သိန်းတစ်သောင်းလောက် လိမ်တာကတော့ သည်ခေတ်မှာ အထူးအဆန်းသတင်း မဟုတ်တော့။ ရိုးနေပြီဖြစ်၏။

အသင်တို့သည် ဗုဒ္ဓဘာသာဖြစ်ရသည်ကို ရှက်တတ်ကြပါကုန်လော့။ တစ်ရပ်ကွက်လုံး နားမခံသာအောင် တရားပွဲတွေ တခြိမ်းခြိမ်း ကျင်းပနေပြီး ပေါက်တတ်ကရတွေ လုပ်နေကြတာတွေ ရပ်တန်းက ရပ်ကြပါကုန်လော့။
မြန်မာနိုင်ငံတည်စကတည်းက ရှိခဲ့သော အနှီ အကျင့်ဆိုးများကို ယနေ့တိုင် အဘယ်ကြောင့် ဖက်တွယ်ထားချင်ဘိကြရသနည်း။
ဤပုံဖြင့် မိုးကြီးချုပ်လိမ့်မည်။

အဲလေ အခုလည်း ချုပ်နေပါပြီ။
ချုပ်သမှ သန်းခေါင်ကျော်လို့ နာရီပြန် နှစ်ချက်လောက်တောင် ထိုးနေပြီ။
ခုထိ သည်အကျင့်များကို မဖျောက်ကြသေး။

သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁ မတ်လ၊ ၂၀၁၉