Monday, July 13, 2009

Living in Singapore XXXIV (Living Style III)

၁၂၊ ၅။ စာတိုက်

နေ့စဉ် လူနေမှု ဘ၀ထဲတွင် စာတိုက်သည်လည်း မရှိမဖြစ် လိုအပ်ချက် တစ်ခု ဖြစ်ပါသည်။ အမှန်က စာတိုက် ၏ ပင်မ လုပ်ငန်းမှာ လူတစ်ဦးတစ်ယောက်၊ အသင်းအဖွဲ့တစ်ခု၊ အစိုးရ အဖွဲ့အစည်း တစ်ခု စသည်တို့မှ ပေးပို့လိုက်သော စာ နှင့် လက်ဆောင် ပစ္စည်းများကို အခြား လူတစ်ဦး၊ အသင်းအဖွဲ့တစ်ခု၊ အစိုးရ အဖွဲ့အစည်း တစ်ခု သို့ ပေးပို့ခြင်း ပင် ဖြစ်ပါသည်။ သို့သော် လူအပေါင်းတို့၏ များမြောင်လှစွာသော လိုအပ်ချက်များကို ဖြည့်ဆည်းရန် စာတိုက်၏ လုပ်ငန်းများကိုလည်း တိုးချဲ့ လာခဲ့ရာ ဤ အပိုင်းတွင် စင်ကာပူ စာတိုက်များမှ ပေးသော ၀န်ဆောင်မှုအကြောင်း တစ်နည်းအားဖြင့် စာတိုက်များတွင် မည်သည်တို့ လုပ်နိုင်သည် ဆိုသည့် အကြောင်းများကို အကျဉ်းရုံး ဖော်ပြသွားမည် ဖြစ်ပါသည်။
ဤ၌ ဖော်ပြထားချက်များကို http://www.singpost.com.sg/ မှ ရယူထားခြင်း ဖြစ်ပါသည်။

စင်ကာပူ စာတိုက်သည် အဓိက ၀န်ဆောင်မှု သုံးမျိုးကို ပေးပါသည်။
၁။ စာများ ပို့ပေးခြင်း
၂။ ပစ္စည်းများ ပို့ပေးခြင်း
၃။ အခွန်အခများ ပေးဆောင်ခြင်း
စာထည့်လိုသူများ အဆင်ပြေစွာ ထည့်နိုင် စေရန် စင်ကာပူနိုင်ငံ တ၀ှမ်း စာတိုက်ပုံး အများအပြား ထားရှိပေး ထား ပါသည်။ စာတိုက်ပုံး စုစုပေါင်း ၈၀၀ ကျော် ရှိပါသည်။ စာသိမ်းချိန်မှာ ညနေ ၅ နာရီ ဖြစ်ပါသည်။
စာပို့ရာတွင် ရိုးရိုးစာ နှင့် မှတ်ပုံ တင်စာ ဟု နှစ်မျိုးရှိရာ မှတ်ပုံတင် စာများ အတွက် ၂ ကျပ် ၂၄ ပြား ပိုပေးရမည် ဖြစ်ပါသည်။ သို့သော် မှတ်ပုံတင်စာဆိုလျှင် စာရွေးရာ၌ လူကိုယ်တိုင် လက်မှတ်ထိုးပြီး ရွေးဘို့ လိုပါသည်။ အကယ်၍ စာပို့သူ သည် စာရွေးမည့် ကာယကံရှင်ကို မတွေ့လျှင် စာကို စာတိုက်၌ လာရွေးရန် အိမ်၌ စာထားသွားလိမ့်မည် ဖြစ်ပါသည်။ ထိုစာကို ယူပြီး စာတိုက်၌ သွားရွေးရန် ဖြစ်ပါသည်။ အလွန် အရေးကြီးသော စာများမှ လွဲ၍ မှတ်ပုံတင် စာနှင့် မပို့ပါနှင့်။ လူတိုင်း အလုပ်လုပ် နေကြရသည် ဖြစ်ရာ မှတ်ပုံတင်စာကို လူကိုယ်တိုင် လက်မှတ်ထိုး ယူရန် အခွင့်အရေး အလွန်နည်း ပါသည်။ သို့အတွက် စာတိုက်သို့ တကူးတက သွားရွေးရန် အလွန် ဒုက္ခများပါသည်။ တစ်နည်းအားဖြင့်လည်း စာတိုက်ဆိုသည့် နေရာ မှာ လူအလွန် စည်ကားသော နေရာ ဖြစ်ရကား အရေးမကြီးလှသော စာကလေး တစ်စောင်အတွက် အကြာကြီး တန်းစီရနေ မည်မှာ မတန်လှပါ။
စာပို့ခများ မှာ သာမန်စာ နှင့် ပို့စကဒ်များ အတွက် စင်ကာပူနိုင်ငံ အတွင်း ပို့လျှင် အလေးချိန် ၂၀ ဂရမ် နှင့် အောက် အတွက် ၂၆ပြား၊ အလေးချိန် ၄၀ ဂရမ်ထိ ၃၂ပြား ဖြစ်ပါသည်။ ပိုကြီးသော စာအိတ်များအတွက် ၁၀၀ ဂရမ်လျှင် ငါးမူး ဖြစ်ပြီး ၂ ကီလို ဂရမ် ဆိုလျှင် ၃ ကျပ် ၃၅ ပြား ဖြစ်ပါသည်။ ၂ ကီလိုထက် ပိုသော အထုပ်အပိုးများ အတွက်မူ ချိန်တွယ်ပြီး ကျသင့် ငွေကို ပေးဆောင်ရပါမည်။ ဤသို့ ချိန်တွယ်ခြင်း အတွက် စာတိုက်သို့ သွားတန်းစီရန် မလိုပါ။ အခန်း(၈) အပိုဒ် ၈၊ ၄ တွင် ဖော်ပြခဲ့သော SAM Machine များတွင် ကိုယ်တိုင်ချိန်တွယ် ပြီး တံဆိပ်ခေါင်းဝယ်ကာ ကပ်ပြီး စာတိုက်ပုံးထဲ ထည့်လိုက်ရုံသာ ဖြစ်ပါသည်။

အခြားနိုင်ငံများသို့ စာပို့လိုလျှင်မူ နိုင်ငံများကို အောက်ပါအတိုင်း ဇုံများ ခွဲထားပါသည်။
၁။ ဇုံ ၁ - မလေးရှား နှင့် ဘရူနိုင်း
၂။ ဇုံ ၂ - အာရှ နှင့် ပစိဖိတ် နိုင်ငံများ (သြစတေးလျ၊ နယူးဇီလန် နှင့် ဂျပန် တို့မပါ)
၃။ ဇုံ ၃ - သြစတေးလျ၊ နယူးဇီလန် နှင့် ဂျပန် အပါအ၀င် အခြားသော ကမ္ဘာ့နိုင်ငံများ
ဤတွင် စာရှည်မည်စိုး၍ အခြားနိုင်ငံများကို မဖော်ပြတော့ဘဲ ကျွန်တော်တို့နှင့် သက်ဆိုင်သော မြန်မာပြည် စာပေး စာယူ စရိတ်များကို သာ ဖော်ပြသွားပါမည်။
မြန်မာပြည်သည် ဇုံ - ၂ ထဲတွင် ပါဝင်ပါသည်။ သို့အတွက် မြန်မာပြည်သို့ ပို့စ်ကဒ် ပို့လျှင် ပို့စ်ကဒ် တစ်ခုလျှင် ငါးမူး ကျသင့်ပါသည်။ စာများနှင့် စာအုပ်အငယ်စားများ အထုပ်အပိုးငယ်များကို လေကြောင်းမှ ပို့လျှင် ပထမ ၂၀ ဂရမ် အတွက် ၆၅ ပြား ဖြစ်ပါသည်။ နောက်ထပ် ၁၀ ဂရမ်တိုင်း အတွက် တစ်မတ်စီ တိုးပေးသွားရပါမည်။ အကယ်၍ ကုန်းကြောင်းမှ ပို့လျှင် ပို့စကဒ် ပို့ခမှာ ပြား ၃၀။ စာများ ဆိုလျှင် ၂၀ ဂရမ် အတွက် ငါးမူး၊ ၅၀ ဂရမ် အတွက် ပြား ၇၀၊ ၁၀၀ ဂရမ် အတွက် တစ်ကျပ် ဖြစ်ပါသည်။ နောက်ထပ် ၁၀၀ ဂရမ် တိုင်း အတွက် တစ်ကျပ်စီ တိုးသွားပါမည်။
သို့သော် လေကြောင်းမှ ပို့လျှင် (Air Mail) မြန်မာပြည်သို့ ၅ ရက်မှ ၁၀ ရက် (တစ်ပတ်ခန့်) ကြာပြီး ကုန်းကြောင်းမှ ပို့လျှင် (Surface mail) ၆ ပတ်မှ ၁၀ ပတ် ( ၂ လ ခန့်) ကြာပါသည်။
အမြန်စာပို့လိုပါက Express Mail ဖြင့် ပို့နိုင်ပါသည်။ အထွေအထူး လုပ်စရာ မလိုပါ။ စာတိုက်သွားပြီး Express mail ဟု ပြောလိုက်ပါက သူတို့က စာအိတ်၏ ဘယ်ဘက် အပေါ်ထောင့်တွင် မှင်အနီဖြင့် Express Mail ဟု တုံးထု ပေးလိုက်ပါလိမ့် မည်။ မြန်မာပြည် (မြို့ကြီးများ) သို့ ၂ရက်အတွင်း အရောက်ပို့ပေးပြီး Express Mail ပို့ခမှာ ၄၈ ကျပ် ၆၀ ဖြစ်ပါ၏။
စာအုပ်စာတမ်း အများအပြား ပို့လိုလျှင် Bulk Post / M Bag ဖြင့် ပို့နိုင်ပါသည်။ ဤကဲ့သို့ပို့လျှင် ပို့ခများမှာ မြန်မာ နိုင်ငံအတွက် လေကြောင်းမှ ပို့လျှင် ပထမ ၅ ကီလို ကို ၃၀ ကျသင့်မည် ဖြစ်ပြီး နောက်ထပ် ၁ ကီလိုတိုင်းအတွက် ၅ ကျပ်စီ တိုးသွားပါလိမ့်မည်။ ကုန်းကြောင်းမှ ပို့လျှင် ပထမ ၅ ကီလို အတွက် ၁၈ ကျပ် ကျမည် ဖြစ်ပြီး နောက်ထပ် ၁ ကီလို တိုင်း အတွက် ၂ ကျပ်စီ တိုးသွားပါလိမ့်မည်။ တစ်ထုပ်လျှင် အများဆုံး ကီလို ၃၀ ထိ ထုပ်နိုင်ပါသည်။
ကျွန်တော်တို့ မြန်မာအများစုမှာ စာတိုက်မှ ပို့မည့် အစား ပင်နင်စူလာရှိ မြန်မာဆိုင်များမှ ပို့လေ့ရှိကြပါသည်။ ထိုဆိုင် များမှ ပို့လျှင် တစ်ကီလိုလျှင် ၁၀ ပေးရသဖြင့် စာတိုက်နှင့် ယှဉ်လျှင် ဈေးပိုကြီးပါသည်။ သို့သော် ပစ္စည်းရွေးရာတွင် လွယ်ကူ သဖြင့် ဈေးပင် ကြီးလင့်ကစား ထိုဆိုင်များမှပင် ပို့ကြပါသည်။
စာအုပ်စာတမ်း မဟုတ်သည့် စက်ကိရိယာ စသည်တို့ ပို့လိုလျှင်မူ Speed Post ဖြင့် ပို့ရပါသည်။ ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံများသို့ လေကြောင်းမှ ပို့လျှင် တစ်ပတ်မှ နှစ်ပတ်အတွင်း အရောက်ပို့ပေးပါလိမ့်မည်။ ကုန်းကြောင်းမှ ပို့လျှင်မူ ၃ ပတ်မှ ၁၅ ပတ် အတွင်း ရောက်အောင် ပို့ပေးပါ လိမ့်မည်။ ပို့ရတာလည်း လွယ်ပါသည်။ စင်ကာပူ တ၀ှမ်းတွင် စာတိုက် ၆၂ ခုရှိသည် ဖြစ်ရာ မည်သည့်စာတိုက်တွင် မဆို သွားရောက် ပို့လို့ရပါသည်။ ပါကင် မထုပ်ရသေးလျှင် စာတိုက်တွင်ပင် ပါကင်ပုံးများ အရွယ် အမျိုးမျိုး ၀ယ်လို့ ရပါသည်။
မိမိက တောင်းဆိုလျှင် (Door-to-Door collection) မိမိအိမ်အရောက် လာယူပြီး ပို့လိုသူ၏ အိမ်အရောက် သွားပို့ပေးပါလိမ့်မည်။ ဈေးကြီးသော ပစ္စည်းများ အတွက် အာမခံပါ ထားလို့ ရပါသည်။
မြန်မာပြည်သို့ Speed Post ဖြင့် ပို့ခြင်းအတွက် လေကြောင်းမှ ပို့လျှင် ၇ ရက်မှ ၁၂ ရက်ထိ ကြာပါမည်။ ဈေးနှုံးမှာ ပထမ ၅ ကီလိုအတွက် ၆၉ ကျပ် ၅၅ ပြား။ နောက်ထပ် ကီလိုဝက်တိုင်း အတွက် ၅ ကျပ် ၆၅ ပြားစီ တိုးသွားပါမည်။ ကီလို ၃၀ ပို့လျှင်မူ ၃၆၁ ကျပ် ၁၅ ပြား ကျပါလိမ့်မည်။
ကုန်းကြောင်းမှ ပို့လျှင်မူ ၅ ပတ်မှ ၇ ပတ်ထိ ကြာမြင့်မည် ဖြစ်ပြီး ပို့ခမှာ ပထမ ၅ ကီလိုအတွက် ၃၈ ကျပ် ၁၀ ပြား၊ နောက်ထပ် ကီလိုဝက်တိုင်း အတွက် ၂ ကျပ် ၁၀ ပြားစီ တိုးသွားမည် ဖြစ်ပါသည်။ ကီလို ၃၀ ပို့လျှင် ၁၄၁ ကျပ်နှင့် ပြား ၃၀ ကုန်ကျပါလိမ့်မည်။
Courier နှင့် ပို့လျှင်မူ ပိုဈေးကြီးပါသည်။ ပထမ ၅ ကီလိုကို ၇၉ ကျပ် ပြား ၂၀၊ နောက်ထပ် တစ်ကီလို တိုင်း အတွက် ၈ ကျပ် နှင့် ငါးပြား။ ၁၀ ကီလို ပို့လျှင် ၁၀၁ ကျပ် ၆၅ ပြား၊ နောက်ထပ် တစ်ကီလို တိုင်း အတွက် ၈ ကျပ်နှင့် ငါးပြား။ ကီလို ၂၀ ပို့လျှင်မူ အနည်းငယ် ဈေးသက်သာ သွားပါသည်။ ပထမ ကီလို ၂၀ လျှင် ၁၆၉ ကျပ် ၅ ပြား ကျသင့်ပြီး နောက်ထပ် တစ်ကီလိုတိုင်း အတွက် ၅ ကျပ် ၉၀ ထပ်ပေါင်းပေးရပါမည်။
အများဆုံး ပို့နိုင်သော အထုပ်မှာ အလေးချိန်အားဖြင့် Courier နှင့် ပို့လျှင် ကီလို ၃၀၊ လေကြောင်း သို့မဟုတ် ကုန်းကြောင်း နှင့် ဆိုလျှင် ၁၀ ကီလို ဖြစ်ပြီး အထုပ်အရွယ်အစားမှာ အလျား ၁ မီတာ၊ အနံ ၂ မီတာ၊ အမြင့် ၂ မီတာထက် မကျော်ရပါ။
စင်ကာပူ နိုင်ငံအတွင်း အလျင်စလို စာပို့ရန် လိုနေပါသလား။ Speed Post များ ရှိပါသည်။ အမြန်ပို့ရပြီ ဆိုမှတော့ ဈေးကြီးသည်မှာ မဆန်းပါ။ နာရီပိုင်း အတွင်း ရောက်အောင် ပို့ပေးနိုင်ပါသည်။ ၃ ကီလိုရှိ ပါဆယ်ထုပ်ကို နေ့ချင်း အရောက် ပို့လိုလျှင် ၉ ကျပ် ၁၅ ပြား ကျသင့်ပါသည်။ အကယ်၍ သုံးနာရီနှင့် အရောက် ပို့ပေးပါ ဆိုလျှင်တော့ ၁၅ ကျပ် တစ်မတ် ကျပါမည်။ သိပ် အလျင်လိုနေ သည်။ တစ်နာရီအတွင်း အရောက်ပို့ပါ ဆိုလျှင်လည်း ရပါသည်။ စင်ကာပူအတွင်း မည်သည့်နေရာသို့မဆို ပို့ပေးပါလိမ့်မည်။ ကျသင့်ငွေကတော့ ၂၂ ကျပ် ပြား ၄၀ ဖြစ်ပါ၏။
အကယ်၍ ပါဆယ်ထုပ်က နည်းနည်းကြီးပြီး ၁၀ ကီလိုလောက် လေးနေလျှင် နေ့ချင်းအရောက် ၁၉ ကျပ် ၈၅ ပြား၊ ၃ နာရီ အတွင်း အရောက် ၂၅ ကျပ် ၉၅ ပြား၊ ၁ နာရီအတွင်း အရောက် ၃၃ ကျပ် ၁၀ ပြားဖြစ်ပါ၏။ ကီလို ၂၀ အထက် ဆိုလျှင် နေ့ချင်းအရောက် ၃၀ ကျပ် ၅၅ ပြား စသဖြင့် ဖြစ်ပါ၏။ ပို့လိုသည့်နေရာမှာ ကန့်သတ်နယ်မြေ ဖြစ်ပါက နောက်ထပ် ၁၀.၁၉ ကျပ် ထပ်ပေးရ ပါလိမ့်မည်။ တံဆိပ်ခေါင်းများမှာ ၅ ပြားတန်၊ ပြား ၂၀ တန်၊ ပြား ၃၀ တန်၊ ၄၅ ပြားတန်၊ ငါးမူးတန်၊ ၅၅ ပြား၊ ၆၅ ပြား၊ ပြား ၈၀၊ ၁ ကျပ် ၁၀ ပြား တန်၊ ၂ ကျပ်တန်၊ ၅ ကျပ်တန် နှင့် ၁၀ တန် ဟု ထုတ်ပါသည်။ စင်ကာပူတွင် လက်မှတ်ရ တံဆိပ်ခေါင်း အရောင်းဆိုင်ပေါင်း ၈၀၀ ကျော် ရှိပါသည်။
အခြားနိုင်ငံများမှ စာတိုက်များကဲ့သို့ ပင် စင်ကာပူ စာတိုက်သည်လည်း ငွေပို့လွှာ (Money Order) လက်ခံပါသည်။ ငွေပို့လွှာ တစ်စောင်လျှင် ၂ ကျပ်ဖြစ်ပြီး စင်ကာပူဒေါ်လာ ၂၀၀၀ ထက် မများသော ငွေကို ပို့နိုင်ပါသည်။
စင်ကာပူ စာတိုက်မှ ပေးသော ၀န်ဆောင်မှုများမှာ အလွန်များပါသည်။
အွန်လိုင်း ၀ါသနာအိုးများ အတွက် အွန်လိုင်းဖြင့် ဈေးဝယ်ကာ အွန်လိုင်းဖြင့် ပစ္စည်းပို့နိုင်သော စင်ကာပူ စာတိုက်၏ ၀န်ဆောင်မှုကို https://www.vpost.com.sg/ တွင် ကြည့်နိုင်ပါသည်။ အလွန် အဆင်ပြေပါသည်။ မိမိ စားပွဲပေါ်မှ နေပြီး မိမိလိုချင်သော ပစ္စည်းကို ၀ယ်ကာ အင်တာနက်မှ ငွေချေလိုက်သည်နှင့် မိမိ ချစ်ခင်သူဆီ အရောက် ပို့ပေးသည့် ၀န်ဆောင်မှု ဖြစ်ပါသည်။ အိမ်ပြင်ခြင်း၊ တန်ဘိုးရှိသော ပစ္စည်းများကို သိမ်းဆည်းခြင်း၊ မလိုအပ်သော ပစ္စည်းများ သိမ်းထားရန် အခန်းပို လုပ်ပေးခြင်း၊ အိမ်အကူး အပြောင်းတွင် မိမိပိုင် ပစ္စည်းများကို ခေတ္တ သိုလှောင်ပေးခြင်း စသည်။ နောက် မိမိတွင် ငွေ အပိုရှိပါ က ရင်းနှီးမြှုပ်နှံခြင်း လုပ်ငန်းများ။
လ.၀.က ရုံးသို့သွားပြီး လုပ်ရမည့် အချို့လုပ်ငန်းများကို ယခု စင်ကာပူစာတိုက်က ပြုလုပ်ပေးနေပါသည်။ စင်ကာပူ ပတ်စ်ပို့ အသစ် လျှောက်ခြင်း၊ အသစ်လဲခြင်း၊ Entry Visa လျှောက်ခြင်း၊ အသစ်ပြန်လည် မှတ်ပုံတင်ခြင်း၊ အိမ်ထောင်စု စာရင်းတွင် လူတိုးခြင်း၊ သေဆုံးသဖြင့် သေဆုံးသူကို အိမ်ထောင်စုစာရင်းမှ နှုတ်ပယ်ခြင်း။
Social Visit Pass သက်တမ်းတိုးခြင်း (အလည်လာသူ မြန်မာနိုင်ငံသားများ သိထားသင့်ပါသည်) ကိုလည်း စင်ကာပူ စာတိုက်တွင် လုပ်နိုင်ပါသည်။ ရက် ၃၀ မှ ၉၀ သက်တမ်းထိ လုပ်နိုင်ပါသည်။ ပတ်စ်ပို့ မူရင်းနှင့် DE Card ပြရမည်။ လျှောက် လွှာ တစ်စောင်အတွက် S$ 3.50 ကျမည်ဖြစ်ပြီး ပိုက်ဆံကို Credit card ဖြင့်သာ ပေးနိုင်ပါသည်။ ငွေသားဖြင့် သော် လည်းကောင်း၊ NETS (ဘဏ်ကဒ်) ဖြင့်သော်လည်းကောင်း ပေးခြင်းကို လက်မခံပါ။
များသောအားဖြင့် စာတိုက် ဖွင့်ချိန်များမှာ နံနက် ၈ နာရီခွဲ မှ ညနေ ၅ နာရီခွဲ ထိ၊ တချို့လည်း နံနက် ၉ နာရီခွဲမှ ည ၈ နာရီ ထိ ဖြစ်ပါသည်။ စာတိုက် အများစုမှာ တနင်္ဂနွေ နှင့် အများပြည်သူ ရုံးပိတ်ရက်များတွင် ပိတ်ပါသည်။ သို့သော် Jurong Point မှ စာတိုက်မှာမူ တနင်္ဂနွေနေ့တွင် နံနက် ၁၁ နာရီမှ ည ၈ နာရီ ထိ ဖွင့်ပါသည်။

No comments: