Friday, July 17, 2009

Build Your Future I

အနာဂါတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း
(ပထမပိုင်း)

ယခုအခါ ကမ္ဘာကြီးသည် တစ်နေ့တခြား ကျဉ်းမြောင်းလာသည်နှင့်အမျှ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးသန်းသွားလာမှု များမှာလည်း ယခင်ကထက် ပိုမိုလွယ်ကူ များပြားလာပါသည်။ အရှေ့တိုင်း မှ နိုင်ငံသားများသည် အနောက်တိုင်း နိုင်ငံများသို့ သွားရောက် အလုပ်လုပ်၊ စီးပွားရှာကြသလို အနောက်တိုင်းသား များသည်လည်း အရှေ့တိုင်း နိုင်ငံများ သို့ လာရောက်ကာ လည်ပတ်ခြင်း၊ စီးပွားရှာခြင်းများ ပြုလုပ်နေကြပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံသားများသည်လည်း အခြား နိုင်ငံသားများနည်းတူ တပြည်ရပ်ခြားသို့ စီးပွားရှာထွက်ကြရာ မြန်မာများ အသွားအများဆုံး နိုင်ငံများထဲတွင် စင်ကာပူ သည်လည်း တစ်နိုင်ငံ အပါ အ၀င် ဖြစ်ပါသည်။
သို့အတွက် စင်ကာပူတွင် နေထိုင်လိုသူများ၊ စင်ကာပူသို့ အလည်အပတ် သွားလိုသူများ၊ အလုပ်ရှာရန် သွားလိုသူ များ၊ အလုပ်လုပ်ရန် သွားသူများ အနေနှင့် သိသင့်သိထိုက်သည်များကို သိနိုင်စေရန် တတ်နိုင်သမျှ စုံစုံလင်လင် ရေးသား ဖော်ပြ လိုက်ပါသည်။

၁၊ ၁။ မိမိ ဘ၀အတွက် အရေးကြီးသော စာရွက်စာတမ်းများ
လူ့ဘ၀ အသက်ရှင် ရပ်တည်နေနိုင်ရေးတွင် အခြားသော စား၊ ၀တ်၊ နေရေး ကိစ္စများကဲ့သို့ပင် အချို့သော စာရွက် စာတမ်းများမှာ မိမိ ဘ၀အတွက် အလွန်အရေးကြီး ပါသည်။ မိမိအနေနှင့် မည်သည့် စာရွက်စာတမ်းများသည် မိမိဘ၀ အတွက် အလွန်အရေးကြီးပြီး ရိုရိုသေသေ သိမ်းဆည်းထားရမည်၊ ကြိုတင် ပြင်ဆင်ထားရမည် စသည်တို့ကို သိရှိထားရန် လိုပါသည်။ သို့မှသာ အရေးကြုံလာသော အခါ အခက်အခဲမရှိ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် ထို စာရွက် တစ်ရွက်ကြောင့် မိမိဘ၀ တိုးတက်ရာ တိုးတက်ကြောင်းကို အဟန့်အတား ဖြစ်စေနိုင်ပါသည်။
သို့အတွက် အခြား အကြောင်းအရာများ မဖော်ပြမီ အရေးကြီးသော စာရွက် စာတမ်းများ အကြောင်း ပထမ ဦးဆုံး ဖော်ပြလိုက်ရခြင်း ဖြစ်ပါသည်။ အကယ်၍ ထို စာရွက်စာတမ်းများသည် မြန်မာဘာသာဖြင့် ဖြစ်နေပါက အင်္ဂလိပ်ဘာသာ ပြန်ဆို (Notri Public) ထားရန်လည်း လိုပါသည်။
အခြားတစ်နိုင်ငံသို့ အလည်အပတ် သွားရောက်ရာတွင် သော်လည်းကောင်း၊ အလုပ်လုပ်ရန် သွားလိုလျှင် သော် လည်းကောင်း၊ ထိုနိုင်ငံတွင် တရားဝင် နေထိုင်ခွင့်ရရန် ကြိုးစားလျှင် သော်လည်းကောင်း ထို ဖော်ပြပါ စာရွက်စာတမ်းများမှာ အလွန်အရေးကြီးပါသည်။ စာရွက်စာတမ်း မစုံလင်ပါက ခွင့်ပြုမိန့် ချပေးမည် မဟုတ်ပါ။

(၁) မွေးစာရင်း (Birth Certificate)
မိမိ အသက် အထောက်အထားကို ပြရန် အခိုင်လုံဆုံးသော စာရွက်စာတမ်းမှာ မွေးစာရင်း ဖြစ်ပါသည်။ အရေးကြီး သော ကိစ္စများ လျှောက်ထား၊ ဆောင်ရွက် ရာတွင် မွေးစာရင်းသည်လည်း တင်ပြရမည့် စာရွက်စာတမ်း တစ်ခု ဖြစ်ပါသည်။ သို့အတွက် မွေးစာရင်း မရှိသေးသူများ အနေနှင့် မိမိမွေးစာရင်းကို ကြိုကြိုတင်တင် ပြုလုပ်ထားရန် အရေးကြီးပါသည်။
မွေးစာရင်းတွင် ထိုကလေးသည် မည်သူမည်ဝါ၏ သားသမီးဖြစ်ပါသည် ဟု ဖော်ပြထားသောကြောင့် ထိုကလေး သည် မိမိ၏ သားသမီးဖြစ်ကြောင်း အထောက်အထားပြရာတွင် အရေးတကြီး လိုအပ်သော စာရွက်စာတမ်း ဖြစ်ပါသည်။
မွေးစာရင်း ဟု ဆိုရာတွင်လည်း မိမိတစ်ဦးထည်းသာမက မိမိ၏ ဇနီးမယား၊ သမီးသား၊ အဖေ၊ အမေ တို့ အတွက်ပါ ပြုလုပ်ထားရန် ဖြစ်ပါသည်။ မူရင်းကို သေချာစွာ သိမ်းဆည်းထားပြီး Certified True Copy များ လုပ်ထားရန် လိုပါသည်။ Certified True Copy ဟူသည်မှာ ဤ မိတ္တူစာရွက်သည် မူလ မူရင်းစာရွက်ကို မိတ္တူကူးထားခြင်း ဖြစ်ကြောင်း၊ မူရင်းကို တစ်စုံတရာ ပြန်လည် ပြင်ဆင်ထားခြင်း ပြုလုပ်မထားကြောင်း ရှေ့နေမှ သက်သေခံ လက်မှတ် နှင့် တံဆိပ်တုံး ထုပေးထား ခြင်းကို ဆိုလိုပါသည်။

(၂) မှတ်ပုံတင် ကဒ်ပြား (နိုင်ငံသား စိစစ်ရေးကဒ်ပြား) (NRIC – National Registration Identification Certificate)
နိုင်ငံသား စိစစ်ရေးကဒ်ပြားသည် မည်သည့်နိုင်ငံသား ဖြစ်သည်ကို ဖော်ပြရန် တစ်ခုထည်းသော အထောက်အထား ဖြစ်သည့်ပြင် ထိုနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့် ပြုထားသော လက်မှတ်လည်း ဖြစ်သည့်အတွက် လူတစ်ဦးတစ်ယောက် အတွက် အလွန်အရေးကြီးသော လက်မှတ် ဖြစ်ပါသည်။

(၃) အိမ်ထောင်စု စာရင်း (Official Household Census List) or (Family Register)
နောက်တစ်ခု အရေးကြီးသော စာရွက် စာတမ်းမှာ အိမ်ထောင်စု စာရင်း ဖြစ်ပါသည်။ မိမိသည် မိမိ၊ သားမယားများ နှင့် တကွ စင်ကာပူ အမြဲနေထိုင်ခွင့်ရသူ (SPR) လျှောက်တော့မည် ဆိုပါက အိမ်ထောင်စု စာရင်းသည် အလွန်အရေးကြီး ပါသည်။ အိမ်ထောင်စု စာရင်းထဲတွင် မိမိ မိသားစုဝင် အားလုံးကို ပြည့်ပြည့်စုံစုံ ထည့်သွင်းထားသင့်ပါသည်။

(၄) ကာကွယ် ဆေးထိုး လက်မှတ်များ (Vaccination Certificates)
ကလေးငယ်များအတွက် ကာကွယ်ဆေးထိုးလက်မှတ်များ သည်လည်း အရေးကြီးပါသည်။ ကျောင်းအပ်လျှင် ထိုလက်မှတ် ပါရပါမည်။

(၅) လက်ထပ် စာချုပ် (Official Marriage Certificate)
လက်ထပ်စာချုပ်သည် တစ်ဦးနှင့် တစ်ဦး အကြင်လင်မယား ဖြစ်ကြောင်း အထောက်အထား စာရွက်စာတမ်း ဖြစ်၍ မိမိ၏ ဇနီး၊ ခင်ပွန်း ဖြစ်ကြောင်း သက်သေပြရာတွင် မရှိမဖြစ် လိုအပ်ပါသည်။

(၆) ပညာအရည်အချင်း မှတ်တမ်းများ နှင့် အမှတ်စာရင်းများ (Educational Certificate, Transcripts)
ပညာအရည်အချင်းဆိုင်ရာ ဘွဲ့လက်မှတ်များ၊ အောင်လက်မှတ်များ၊ သင်တန်းဆင်း လက်မှတ်များ သည် မိမိဘ၀ တိုးတက်ရာ တိုးတက်ကြောင်းကို အဆုံးအဖြတ်ပေးသော စာရွက်စာတမ်းများ ဖြစ်၏။ အလွန် သေချာစွာ သိမ်းဆည်းထားရန် လိုပါသည်။

(၇) မွေးစားလက်မှတ် (Certificate of Adoption)
မိမိသည် ကလေးတစ်ဦးတစ်ယောက်ကို အမွေစား၊ အမွေခံအဖြစ် မွေးစားပါက မွေးစားကြောင်း အထောက်အထား စာရွက်စာတမ်း လိုပါသည်။ မိမိနှင့် ဆက်နွယ်ပြီး ထိုကလေး ရပိုင်ခွင့် ရှိသည်များကို လျှောက်ထားသည့်အခါ ထို စာရွက် စာတမ်းသည် မရှိမဖြစ် လိုအပ်ပါသည်။

(၈) သေဆုံးကြောင်းလက်မှတ် (Death Certificate)
မိမိနှင့် အရင်းဆုံး ဆွေမျိုးသားချင်း (မိဘ၊ ညီရင်းအစ်ကို၊ မောင်ရင်းနှမ၊ လင်ယောက်ျား၊ ဇနီးမယား၊ သမီးသား စသည်) များ သေဆုံးပါက သေဆုံးကြောင်း လက်မှတ်သည်လည်း အရေးကြီးပါသည်။

(၉) ကွာရှင်း ပြတ်စဲကြောင်း လက်မှတ် (Divorce Certificate)
လင်မယားတစ်ဦးနှင့် တစ်ဦး ကွာရှင်းပြီ ဆိုလျှင်လည်း ကွာရှင်း ပြတ်စဲကြောင်း လက်မှတ်သည် အရေးကြီးပါသည်။
မိမိတို့ တစ်ဦးနှင့်တစ်ဦး မသက်ဆိုင်တော့ပါကြောင်း တရားဝင် အထောက်အထား စာရွက်စာတမ်းဖြစ်သဖြင့် လင်မယား ဆိုင်ရာ ဆောက်ရွက်စရာ ကိစ္စများ ရှိလာပါလျှင် ထိုစာရွက်သည် အလွန်အရေးကြီးပါသည်။

(၁၀) နိုင်ငံကူးလက်မှတ် (Passport) / သက်သေခံလက်မှတ် ( Certificate of Identity)
တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ကူးသန်းသွားလာရာတွင် အရေးအကြီးဆုံး စာရွက်စာတမ်းမှာ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ဖြစ်ပါသည်။ ပတ်စ်ပို့ကို မပျောက်မပျက်ရအောင် ဂရုတစိုက် ထိန်းသိမ်းထားပါ။ ထို့ပြင်လည်း မိမိ ပတ်စ်ပို့ သက်တမ်းကို အနည်းဆုံး ၆ လခန့် ရှိနေအောင် အမြဲ ဂရုစိုက်ပါ။

(၁၁) နာမည်ပြောင်းမှတ်တမ်း
အကယ်၍ မိမိသည် နာမည်ပြောင်းထားပါက နာမည်ပြောင်းမှတ်တမ်း ကိုပါ သိမ်းဆည်းထားရန် လိုပါသည်။

(၁၂) အလုပ်နှင့် ပတ်သက်သည့် ထောက်ခံစာများ
မိမိလုပ်ငန်း အတွေ့အကြုံကို ဖော်ပြသည့် လုပ်ငန်းအတွေ့အကြုံ ထောက်ခံစာများသည်လည်း အလုပ်သစ်ရှာရာတွင် ကြီးစွာသော အထောက်အပံ့ကို ဖြစ်စေသည့် အတွက် ရိုရိုသေသေ သိမ်းဆည်းထားရန် လိုပါသည်။ ဖြစ်နိုင်လျှင် မိမိ လုပ်ခဲ့ဖူး သော အလုပ် နေရာတိုင်းအတွက် ရယူထားပါ။ ဤသည်မှာ မိမိ၏ လုပ်ငန်းအတွေ့အကြုံ သမိုင်းကြောင်း ဖြစ်ပါသည်။
အလုပ်ရှင်သစ်သည် မိမိ၏ လုပ်ငန်းအတွေ့အကြုံ သမိုင်းကြောင်းကို ကြည့်ပြီး ရွေးချယ်တတ်သဖြင့် ထိုစာရွက်စာတမ်းသည် လည်း အရေးကြီးသော စာရွက်စာတမ်း ဖြစ်ပါသည်။

စာရွက်စာတမ်းများကို စနစ်တကျ သိမ်းဆည်းခြင်း
အထက်ဖော်ပြပါ စာရွက်စာတမ်းများကို ဖိုင်တစ်ခုထဲတွင် အစီအစဉ်အလိုက် သေသေချာချာ သိမ်းဆည်းထားပါ။ ဘာသာပြန်စရာလိုလျှင် အားလုံးကို ဘာသာပြန်ထားပါ။ ထို့နောက် မိတ္တူဆွဲထားပြီး မိတ္တူအားလုံးကိုလည်း ပူးတွဲ သိမ်းဆည်း ထားပါ။ အလိုရှိသောအခါ အခက်အခဲမရှိ လွယ်လင့်တကူ ရှာဖွေနိုင်ပါမည်။

No comments: