Friday, October 30, 2020

Gondola Safety

(၁) သေစရာနည်းလမ်းပေါလှသည့် မြန်မာပြည်


 

ဟိုတစ်နေ့က မန္တလေးတွင် ဆောက်လုပ်ဆဲ ၃၁ ထပ် အဆောက်အအုံပေါ်မှ ဂွန်ဒိုလာ ပြုတ်ကျကာ လုပ်သား (၃) ဦး သေဆုံးခဲ့၏။ 

 

ဤကဲ့သို့သော ဖြစ်ရပ်မျိုးမှာ မြန်မာပြည်အတွက် အထူးအဆန်း မဟုတ်ပါလေ။

ကျွန်ုပ်တို့တိုင်းပြည်တွင် ရနိုင်သော သေစရာနည်းလမ်းများအနက်မှ တစ်ခုသာ ဖြစ်ပါသည်။

ဟိုတလောက ဖားကန့်တွင် လူ (၂၀၀) လောက် သေတာရော ဘာဖြစ်ပါသနည်း။

ဘာမှ မဖြစ်ပါ။

စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖုတ်ဖက်ခါ ထသွားကာ မဖြစ်ညစ်ကျယ် အစီရင်ခံစာလေးတင်ရုံမျှဖြင့် ပြီးသွားရသည်။

ဘာတဲ့ . . . သူတို့ပြောတာ။ လောဘကြောင့် သေတာပါ တဲ့။

ဩော် . . . အင်း။

ဧရာမစက်ကြီးတွေနဲ့တူးဆွပြီး ကောင်းပေ့ဆိုသည့် ကျောက်များကို ယူသွားပြီးနောက် ကျန်သည့်မြေစာခဲများ၌ ဘာမှတန်ဘိုးမရှိလှသော ကျောက်များကို လောဘတကြီးတူးဆွသည့် သကောင့်သားများကား သေတာတောင် နည်းသေးသည် ဟု ဆိုရမည်။

 

သူတို့က ခုမှသေတာ။ 

အမှန်က သေဘို့ကောင်းနေတာ ကြာပါပြီ။

ပြီးခဲ့သည့် ဒီဇင်ဘာလ ကျွန်ုပ်ရန်ကုန်ပြန်စဉ် မြို့လယ်ခေါင်မှ အဆောက်အဦးပေါ် တက်ကြည့်၏။ ဂွန်ဒိုလာမှ ဆိုင်းကြိုးကို Safety Harness မှ Carabiner ဖြင့်ဆက်ထား၏။ 

ကျွန်ုပ်အနေနှင့် သက်ပြင်းချရုံမှလွဲ၍ ဘာတတ်နိုင်ပါမည်နည်း။

ထိုအဆောက်အအုံကား ကမ်းနားလမ်း၌ရှိသဖြင့် မျက်နှာစာတစ်ဘက်မှာ မြစ်ဘက်ကို မျက်နှာမူထား၏။

ထို့ကြောင့် ထိုဘက်အခြမ်းမှာ လေအလွန်တိုက်လေ၏။

ထိုဘက်အခြမ်းတွင် လေပြင်းသဖြင့် ကလေးပုခက်လွှဲသလို ဘေးဘယ်ညာသို့ အသားကုန် ယမ်းနေသည့် ဂွန်ဒိုလာကို မိတ်ဆွေတစ်ယောက်က ကျွန်ုပ်ထံ ဗီဒီယိုပို့လာပါသည်။ ဂွန်ဒိုလာပေါ်၌ အလုပ်သမား (၂) ဦး အလုပ်လုပ်လျက်ရှိ၏။

ဗီဒီယိုကိုကြည့်ပြီး ကျွန်ုပ်မှာ ရင်တုန်ပန်းတုန် ဖြစ်မိ၏။

ကျွန်ုပ်က ထိုမိတ်ဆွေကို ဖြစ်နိုင်လျှင် ချက်ချင်းအလုပ်ရပ်ပြီး ဆင်းခိုင်းဘို့ အကြံပြုပါသည်။

သူကလည်း လုပ်ငန်းခွင်မှ တာဝန်ရှိသူများကို ဆက်သွယ်ပြောပါသည်။

သူတို့ကလည်း အလုပ်ကိုချက်ချင်းရပ်ကာ ပြန်ဆင်းလာခိုင်းပါသည်။

၎င်းတို့ကား သေနေ့မစေ့သေးသူများ ဖြစ်သတည်း။

 

ကိုဗစ်ကြောင့် အလုပ်များနားထားရစဉ်အတွင်း ကျွန်ုပ် Zoom ဖြင့် Design for Safety အကြောင်း အသိပညာ ဝေမျှခဲ့ပါသည်။ ကျွန်ုပ်တို့တိုင်းပြည်တွင် ဘာ safety အတွက် ဘာ design ရှိပါသနည်း။

 

အမောင်လုပ်သားတို့ -

အသင်တို့သည် မဖြစ်ညစ်ကျယ် လခကလေးအတွက် အသက်များကို ပေးဆပ်ကြကုန်လော့။

မြန်မာပြည်၌ အပေါဆုံးအရာကား လူ့အသက်များ ဖြစ်၏။

မပူပါနှင့်၊ သန်းပေါင်း (၅၀) ကျော်တောင်ရှိတာ။ သေပါလေ့။


 

(၂) ဂွန်ဒိုလာ


 

ကျွန်ုပ် ဂွန်ဒိုလာအကြောင်း သိကောင်းစရာ ဟု စာတစ်အုပ် ရေးထုတ်ထားပါသည်။ အဲလေ ရေးထားပါသည်။ ထုတ်တာကတော့ ဘတ်ဂျက်အခြေအနေကြောင့် မထုတ်ဖြစ်သေးပါ။ မကြာမီက ထုတ်ထားသည့် လက်စွဲစာအုပ် (၃) အုပ်မှ ပိုက်ဆံတချို့ ပြန်ဝင်လာလျှင်တော့ စာအုပ်ဖြစ်လာစရာ အကြောင်း ရှိပါသည်။

 

ဂွန်ဒိုလာဆိုတာ လေထဲမှာ တန်းလန်းဆွဲထားတာဖြစ်၏။

၎င်းအပေါ်တွင် Dead weight, live weight များ သက်ရောက်နေ၏။ လေတိုက်သဖြင့် ဖြစ်ပေါ်လာမည့် lateral force ကို ထည့်တွက်ရ၏။ ဂွန်ဒိုလာကို အတင်အချလုပ်မည့် သံကြိုးများ ပွန်းစားမှုကို ထည့်တွက်ရ၏။ လုပ်သားများက ဂွန်ဒိုလာပေါ်တွင် သတ်မှတ်ဝန်ချိန်တက် ပိုတင်မှာကို ထည့်တွက်ရ၏။ ထို့နောက်မှ counter weight ကို တွက်ရ၏။

ဤသည်မှာ သာမန်လုပ်သားများ၏ အရာမဟုတ်။ ကြီးကြပ်ရေးမှူး၊ မန်နေဂျာ ဆိုသူများ၏ အရာမဟုတ်။ 

အတတ်ပညာရှင် အင်ဂျင်နီယာက တွက်ချက် ဒီဇိုင်းထုတ်ပေးရတာဖြစ်၏။ (Professional Engineer’s design)

ဂွန်ဒိုလာကို ထိုဒီဇိုင်းအရသာ ဆင်ရ၏။

 

ဂွန်ဒိုလာဆင်ရာတွင်လည်း သေချာစွာလေ့ကျင့်ပေးထားသည့် တတ်ကျွမ်းနားလည်သူများသာ ဂွန်ဒိုလာအကြောင်း တတ်ကျွမ်းနားလည်သည့် ကြီးကြပ်ရေးမှူး၏ အနီးကပ်ကြီးကြပ်မှုအောက်တွင် ဆင်ရ၏။

ဆင်ပြီးသည့်အခါ အတတ်ပညာရှင် အင်ဂျင်နီယာက ထိုဂွန်ဒိုလာသည် ၎င်း၏ ဒီဇိုင်းအတိုင်း တပ်ဆင်ထားတာ ဟုတ်မဟုတ် စစ်ဆေးရ၏။ တပ်ဆင်ပုံမှန်သည်ဆိုလျှင် လက်မှတ်ထုတ်ပေးကာ အသုံးပြုခွင့်ပေး၏။ (COS – Certificate of Supervision) ထိုလက်မှတ်မရှိဘဲ အသုံးပြုလျှင် သုံးသည့် ကန်ထရိုက်တာကို ကြီးလေးစွာ ဒဏ်ရိုက်၏။

 

နောက်ပြီး ဂွန်ဒိုလာပေါ်တွင် အလုပ်သမား (၂) ယောက်လိုက်ပါလျှင် အဆောက်အဦပေါ်မှ တန်းလန်းဆွဲချထားသည့် အသက်ကယ်ကြိုး (independent lifeline) (၂) ချောင်းရှိရ၏။ အလုပ်သမားတစ်ဦးလျှင် အသက်ကယ်ကြိုး တစ်ချောင်း ရှိရ၏။ အသက်ကယ်ကြိုးတစ်ချောင်းတည်းတွင် နှစ်ဦး မျှမသုံးရ။ ဂွန်ဒိုလာပေါ်တွင် လိုက်ပါလာသည့် အလုပ်သမားသည် ကိုယ်သိုင်းကြိုးဝတ်ရ၏။ ထိုကိုယ်သိုင်းကြိုးကို အသက်ကယ်ကြိုးနှင့် fall arrestor သုံးကာ ဆက်ထားရ၏။ အသက်ကယ်ကြိုး၊ ကိုယ်သိုင်းကြိုး၊ fall arrestor စသည်တို့ အားလုံးကောင်းမွန်နေရန် လို၏။ သို့အတွက် ထိုအရာများကို မသုံးခင် အလုပ်သမားက သေချာစွာ စစ်ဆေးရ၏။ မည်ကဲ့သို့သုံးရမည်၊ မည်ကဲ့သို့စစ်ဆေးရမည်၊ မည်သည်တို့လိုက်နာရမည်ကို အလုပ်သမားအား သေချာစွာ လေ့ကျင့် သင်ကြားပေးထားရ၏။

 

များမကြာမီက ဖေ့စ်ဘုတ်ပေါ်တွင် ဂွန်ဒိုလာ၏ counter weight အဖြစ် သဲအိတ်များကို သုံးထားတာ တွေ့ရ၏။ ဤသည်မှာ မှားပါသည်။ Counter ကို အလေးချိန် လျော့ပါးသွားနိုင်သည့် ပစ္စည်းများ မသုံးရ။ သံတုံးကဲ့သို့ အလေးချိန် လျော့မသွားနိုင်သည့် ပစ္စည်းကိုသာ သုံးရ၏။

 

ဤသည်တို့မှာ စာရှုသူတို့ နားလည်နိုင်ရန် ကျွန်ုပ်က အကြမ်းဖျဉ်း ရေးပြတာဖြစ်ပါသည်။ 

အသေးစိတ်သိလိုသူများ ကျွန်ုပ်၏ ဂွန်ဒိုလာအကြောင်း သိကောင်းစရာ စာအုပ်ထွက်လာသည့်အခါ ဆက်လက် လေ့လာနိုင်ပါသည်။


 

(၃) ဥပဒေ၏ အခန်းကဏ္ဍ


 

Safety ဆိုသည်မှာ ပိုက်ဆံကုန်သည့် အလုပ်ဖြစ်၏။

အန္တရာယ်ကင်းရေးကို စနစ်တကျလုပ်ကြရန် ဥပဒေဖြင့် အတင်းအကျပ်လုပ်မှ ရ၏။ 

အန္တရာယ်ကင်းရေးကို စနစ်တကျ အကောင်အထည်ဖော်ရန် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း။ စံနှုန်းများ အားလုံး ပြည့်ပြည့်စုံစုံရှိထားရန်လို၏။ 

ဥပဒေ၊ နည်းဥပဒေများ ပြည့်ပြည့်စုံစုံရှိလာပြီဆိုလျှင် ထို ဥပဒေများ အသက်ဝင်လာရေးလည်း အရေးကြီးလှပေသေး၏။

မြန်မာပြည်၏ တရားဥပဒေစိုးမိုးရေးမှာ ယခုတိုင် မေးခွန်းထုတ်စရာ ဖြစ်နေသေး၏။

ယခုတိုင် ဥပဒေကို လိုသလို လက်တလုံးခြား လှည့်ဖြားနေသူများ ရှိနေသေး၏။

ဥပဒေရှိသည့်တိုင် ထိုဥပဒေ အသက်မဝင်၊ ငွေကို ရေလိုသုံးကာ လှည့်စားနေသူများရှိနေသေးပါကလည်း အလကားပင် ဖြစ်၏။

 

မြန်မာပြည်တွင် ယခုတိုင် အဘယ်ကြောင့် တရားဥပဒေ စိုးမိုးရေးကို မလုပ်နိုင်သေးသနည်း။

အဖြေကား NLD သည် တင်းပြည့်ကျပ်ပြည့် အစိုးရမဟုတ်သောကြောင့်တည်း။

 

ထို့ကြောင့်  . . . . . 

 

နိဂုံးချုပ်ရလျှင် . . 

 

ထို လူသေမှုများ ရပ်တန့်သွားအောင် . . 

ဥပဒေကို ကျော်ချင်သလိုကျော်၊ ခွချင်သလိုခွနေသူများအား နရင်းအုပ်နိုင်အောင် . . 

 

အသင်တို့သည် . . 

 

နိုဝင်ဘာ (၈) ရက်နေ့တွင် NLD ကိုသာ စုပြုံ မဲထည့်ကြကုန်လော့။

ယခုတိုင် ယပက်လက်နှင့် ယုတ်နေသည့် လူယုတ်မာများအား အပြီးတိုင် တိုက်ထုတ်ကြကုန်လော့။

(ဟုတ်တာမဟုတ်တာ၊ ဆိုင်တာမဆိုင်တာ အသာထား။ အချိန်ရှိတုံး အသားကုန်လော်ရတာ ဖြစ်၏။)

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၃၀ အောက်တိုဘာလ၊ ၂၀၂၀


 

Thursday, October 29, 2020

စင်ကာပူ၌ DSA ကျောင်း လျှောက်ခြင်း အကြောင်း

(၁)

 

တီး တောင် တူ တီး တောင်၊ တီး တောင် တူ တီး တောင်

တီးတီး တောင်တောင် တူတောင်တောင် တီး တောင် တူ တီး တောင်

 

လက်ကိုင်ဖုန်းမှ နှိုးစက်၏ ပယောဂကြောင့် အိပ်ယာမှ နိုးထခဲ့ရ၏။

တလောကလုံးကား အိပ်မောကျလျက်ရှိ၏။

ယခုမှ မနက် ၃ နာရီပဲ ရှိသေးသည်။

အဲကွန်း၏ လေမှုတ်သံမှ လွဲ၍ တခြား ဘာသံမှမကြားရ။

ဤအခြေအနေမျိုးကို ကျွန်ုပ်အလွန်နှစ်သက်လှ၏။

 

မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီ (၅) ဦးကို ဓမ္မစကြာတရားဟောတာ ညဘက်တွင်ဖြစ်၏။ တစ်ညလုံးဟော၏။

မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသေနတို့ အမေးအဖြေပြုကြသည်မှာလည်း ညဘက်တွင်ပင် ဖြစ်၏။

ကိုလေးလွင်က သန်းနိုင်အတွက် သီချင်းရေးတော့လည်း ညဘက်တွင်ပင် ဖြစ်၏။

စာရေးဆရာများလည်း ညဘက်တွင် စာရေးကြသည်ထင်ပါသည်။

 

ညဘက်မှာ တခြား ဘာသံမှမကြားရ၊ ဘာအနှောက်အယှက်မှ မရှိသည့်အခါ အာရုံစူးစိုက်လို့ကောင်း၏။

ထို့ကြောင့် ကျွန်တော် တခါတလေ မနက်လင်းအားကြီး ၅ နာရီလောက်အထိ တစ်ညလုံးစာရေး၏။ တခါတလေ ရုပ်ရှင် ကြည့်၏။ 

 

ဘာအနှောက်အယှက်မှ မရှိဘဲ၊ ဘေးပတ်ဝန်းကျင်တွင် ဘာသံမှ မကြားရဘဲ စာရေးစာဖတ်လုပ်ရတာ အလွန် အရသာရှိလေသည်။

သို့သော် နေ့တိုင်း အလုပ်လုပ်နေရသည့်အခါကျတော့ ကိုယ်နေချင်သလိုနေလို့ မဖြစ်ပြန်။

သို့တိုင် ကျွန်တော်က ညဉ့်နက်ခံပြီး စာရေး၏။ တခါတလေ ည နာရီပြန် ၂ ချက်တီးလောက်မှ အိပ်၏။ ညဉ့်နက်လေ စာရေးစာဖတ်လုပ်လို့် ကောင်းလေဖြစ်၏။

 

တခါတလေကျပြန်တော့ ညဘက် စောစောအိပ်ယာဝင်ကာ မနက် ၄ နာရီလောက်ထ၏။

အိပ်ရေး ဝ တာ၊ မဝ တာကို မျက်လုံးက သိသည်။

အိပ်ရေးဝလျှင် ကြည်ကြည်လင်လင်နှင့် နိုးလာ၏။ 

အိပ်ရေးမဝလျှင် အိပ်ချင်မူးတူး ဖြစ်နေသည်။

အိပ်ချင်မူးတူး ဖြစ်နေလျှင်မူ ပြန်အိပ်လိုက်တာ အကောင်းဆုံးဖြစ်၏။

 

ကျွန်ုပ်၏ပြဿနာမှာ နှာစေးခြင်း ဖြစ်၏။

မနက်စောစောနိုးလာသည့်အခါ နှာခေါင်းက ပြဿနာတက်၏။ 

နှာများ တဖြီးဖြီးချေကာ နှာရည်များ တောက်လျှောက်ယိုတော့၏။

တခါတလေ ကျွန်ုပ် ၄ နာရီလောက်တွင် တရေးနိုး၏။ ထိုအခါ နှာချေပြီး နှာရည်များယိုကာ ပြန်အိပ်မရတော့။

အိပ်ရေးကမဝတော့ စာသင်သည့်အခါ အိပ်ချင်မူးတူး ဖြစ်နေသဖြင့် ဘယ်လိုမှ အဆင်မပြေ။

တခါတလေ ကိုယ့်ဟာကိုယ်တောင် ဘာတွေ ပြောနေလို့ ပြောနေမှန်းမသိ။

(၂)

 

စင်ကာပူက ကျောင်းသားများအဖို့ PSLE (Primary School Leaving Examination) စာမေးပွဲသည် မြန်မာပြည်မှ (၁၀) တန်း စာမေးပွဲကဲ့သို့ပင် အလွန်အရေးကြီးသော စာမေးပွဲဖြစ်၏။ ထိုစာမေးပွဲရလဒ်များပေါ်မူတည်ကာ Secondary School ကျောင်းဝင်ခွင့်ပေး၏။

 

ကျွန်ုပ်သားမှာ သည်နှစ် Primary 6 ဆိုတော့ PSLE စာမေးပွဲဖြေရ၏။ 

သားက အဖေတူသောကြောင့် တော်၏။ (ဤသည်မှာ မဆီမဆိုင် အခြောက်တိုက် ကြွားခြင်းဖြစ်လေသည်။)

သူက စာမေးပွဲအမှတ်များကောင်းသဖြင့် ပညာရေးဝန်ကြီးဌာနက တိုက်ရိုက်ကျောင်းဝင်ခွင့် (DSA – Direct School Admission) လျှောက်ခွင့်ပေး၏။

 

မိတ်ဆွေများနားလည်အောင် စင်ကာပူက ပညာရေးစနစ်အကြောင်း နည်းနည်းလောက် ပြောပြပါမည်။ 

စင်ကာပူတွင် အခြေခံပညာ အဆင့်၌ မူလတန်း (Primary) နှင့် အထက်တန်း (Secondary) ဟု နှစ်ဆင့်ရှိ၏။

မူလတန်းမတက်မီ အသက် ၃ နှစ်မှ ၅ နှစ်ခန့်ရှိ ကလေးများအား မူကြို (Kindergarten) နှစ်ဆင့် (K1, K2) ကို အစိုးရ အသိအမှတ်ပြု ပုဂ္ဂလိက ကျောင်းများတွင် ထားကြ၏။ ပြီးလျှင် မူလတန်းကျောင်းများ (Primary Schools) ၌ အပ်ကာ ပညာသင်စေ၏။ မူလတန်းဆင့်တွင် Primary 1 မှ Primary 6 ထိ (၆) တန်းရှိ၏။

 

Primary 6 အတွက် စာမေးပွဲမှာ မူလတန်း နောက်ဆုံးဆင့် စာမေးပွဲ PSLE (Primary School Leaving Examination) ဖြစ်၏။ တစ်နိုင်ငံလုံး တပုံစံတည်း၊ တချိန်တည်း၊ တပြိုင်တည်း ကျင်းပသော အစိုးရစစ် စာမေးပွဲ ဖြစ်၏။ 

 

အင်္ဂလိပ်စာအတွက် 4 Skill (Speak, Listen, Write, Read) ကို စစ်မေး၏။ ပထမဆုံး LC (Listening Comprehension) ဖြေရ၏။ ထို့နောက် နှုတ်ဖြေ (Oral Test) စစ်၏။ ထို့နောက်မှ အင်္ဂလိပ်စာ Paper 1 နှင့် Paper 2 ကို ဖြေရ၏။ 

 

PSLE စာမေးပွဲရမှတ်များပေါ်မူတည်ကာ အထက်တန်း (Secondary) ကျောင်းဝင်ခွင့်ကို (၃) မျိုး သတ်မှတ်၏။

၁။ Express

၂။ Normal (Academic) - N(A)

၃။ Normal (Technical) - N(T)

 

မြန်မာလို နားရှင်းအောင် ပြောရလျှင် -

Express ရသူ ကျောင်းသားများက တက္ကသိုလ်ကို တိုက်ရိုက်တက်လို့ရ၏။

N (A) ရသူ ကျောင်းသားများက ကောလိပ် (၂) နှစ် ထပ်တက်ပြီးမှ တက္ကသိုလ်တက်ခွင့်ရမည်။

N (T) ရသူ ကျောင်းသားများမူ တက္ကသိုလ်တက်ခွင့်မရဘဲ သက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများ (မြန်မာပြည်မှ စက်မှုလက်မှုအထက်တန်းကျောင်းများကဲ့သို့ - စင်ကာပူတွင် ITE (Institute of Technical Education)) များသို့သာ သွားရမည်။

 

ဤတွင် GCE (General Cambridge Examination) စာမေးပွဲများ အကြောင်း အနည်းငယ်ပြောပြပါမည်။

ကျောင်းသားများအား တော်၊ သင့်၊ ညံ့ အဆင့်သုံးခုခွဲကာ GCE စာမေးပွဲကို သုံးဆင့်ခွဲရာ ၎င်းတို့မှာ -

GCE (A) Level (General Certificate of Education - Advanced level)

GCE (O) Level (General Certificate of Education - Ordinary level)

GCE (N) Level (General Certificate of Education - Normal level)- တို့ ဖြစ်၏။

GCE (O) ကို မြန်မာ (၁၀) တန်းဟု သတ်မှတ်နိုင်ပါသည်။ သို့သော် မြန်မာမှာ ဆယ်တန်းအောင်ပြီး တက္ကသိုလ် တန်းတက်လို့ ရသော်လည်း GCE (O) သမားများမှာ စင်ကာပူ၌ ကောလိပ် (၂) နှစ်တက်ပြီး အဆင့်မီမှ တက္ကသိုလ်တက်လို့ရတာ ဖြစ်၏။

 

Express ရသူ ကျောင်းသားများသည် GCE (O) ဖြေစရာမလို။ GCE (A) ဖြေပြီး တခါတည်း တက္ကသိုလ်တက်လို့ရ၏။ ကျောင်းကလည်း (၆) နှစ်တက်ရတာဖြစ်၏။ ထိုအစီအစဉ်ကို IP (Integrated Programme) ဟု ခေါ်၏။

 

GCE (N) မှာ ယခင် ကျွန်တော်တို့ငယ်စဉ်က ဆယ်တန်း (ခ) အဆင့်လို ဖြစ်ပါလိမ့်မည်။ 

ကျွန်တော်တို့ငယ်စဉ်က ဆယ်တန်းစာမေးပွဲအောင်စာရင်းကို (က) အဆင့်နှင့် (ခ) အဆင့်ဟု ခွဲထုတ်၏။

ကျွန်တော်တို့တော့ မမီလိုက်ပါ။ ကျွန်တော်တို့ခေတ်တွင်မူ ဝိဇ္ဇာနှင့် သိပ္ပံကို ပေါင်းလိုက်ကာ စနစ်သစ်ဆိုပြီး လုပ်လိုက်သည်။ ဆယ်တန်းမှာလည်း (က)(ခ) မခွဲတော့။

 

စင်ကာပူပညာရေးစနစ်မှာ အတော်လေး ရှုပ်ပါသည်။ အခုတော့ ဒီမျှနှင့် ကျေနပ်ကြပါတော့။

 

(၃)

 

Secondary School အတွက် တိုက်ရိုက်ကျောင်းဝင်ခွင့် DSA (ဒေါ်စိန်အေး ကျောင်းသားတွေနဲ့လည်း သွားမှားမနေနဲ့အုံးနော့) ကို လူတိုင်းလျှောက်လို့ရတာမဟုတ်။ စာတော်သူများကိုသာ ပညာရေးဝန်ကြီးဌာနက တစ်ဦးချင်းစီစာပို့ပြီး လျှောက်ခွင့်ပြုတာ ဖြစ်၏။

 

လျှောက်ရာတွင် အွန်လိုင်းလျှောက်လို့ရသလို ပုံစံဖြည့်ပြီး စာရွက်နှင့် ကျောင်းမှာတင်လို့လည်းရ၏။

 

သားက ပန်းချီဝါသနာပါတော့ SOTA (School of the Arts, Singapore) ကို အစောကြီးကတည်းက ကြိုလျှောက်ထား၏။ (မေလက လျှောက်တာ ဖြစ်ပါသည်။) သို့သော် ရွေးသည့်အထဲမပါ။ Waitig list (စောင့်ဆိုင်းစာရင်း) ထဲမှာသာပါ၏။

 

DSA က ၂၆ ရက်နေ့မနက် ၉ နာရီမှစ လျှောက်လို့ရ၏။ ကျွန်တော်က အလုပ်ရှိသဖြင့် ည ပြန်ရောက်မှ လျှောက်၏။

 

လျှောက်သူတွေများလို့လားမသိ။ SingPass နှင့်ဝင်တာ ဝင်လို့မရ။ အဝိုင်းလည်နေ၏။ နာရီဝက်လောက်စောင့်ပြီး မရတော့ ထွက်လိုက်၏။ ည ၁၁ နာရီလောက် ထပ်ဝင်ကြည့်သည်။ မရ။ ထို့ကြောင့် လက်လျှော့ကာ အိပ်လိုက်၏။ နောက်နေ့မှ ထပ်လျှောက်မည်။

 

၂၇ ရက်နေ့မှာလည်း အလုပ်ရှိသဖြင့် ညကျတော့ log in ထပ်ဝင်ပြန်၏။ မရလေ။

ဆိုတော့ မနက် ၃ နာရီနှိုးစက်ပေးပြီး ထလုပ်၏။ SingPass နှင့် log in ဝင်၏။

တော်တော်နှင့်မရ။ အဝိုင်းက လည်မြဲလည်နေ၏။ သို့နှင့် ကျွန်ုပ်လည်း မရလျှင်တော့ စာရွက်နဲ့ပဲတင်တော့မယ် ဟု ထွက်လိုက်၏။

ထွက်ပြီးမှ QR Code နဲ့ ဝင်လို့မရရင် ရိုးရိုး password နဲ့ဝင်မယ်ဟု ထပ်ဝင်ကြည့်ရာ ဝင်စရာမလိုဘဲ အလိုလို log in ဝင်ပြီးသား ဖြစ်နေလေ၏။ <မှားဘာဒယ်ခွာ>

 

ဝင်လိုက်တော့ အကုန်ဖြည့်ပြီးသားဖြစ်နေလေ၏။

email နှင့် ဖုန်းနံပါတ်ကိုပဲ confirm လုပ်ရန် ထပ်ဖြည့်ခိုင်း၏။

ပြဿနာက ကျောင်းသုံးကျောင်း လျှောက်ရမှာကို waiting list ဖြစ်နေသည့် SOTA တစ်ကျောင်းကိုပဲ ပေးထားခြင်းဖြစ်၏။

ကျန်သည့် (၂) ကျောင်းအတွက် ဖြည့်စရာ ကွက်လပ်ပေးမထား။

သို့နှင့် ဖြစ်ချင်ရာဖြစ်ဟု submit လုပ်လိုက်၏။

သို့သော် final submission ကို မိခင်လုပ်သူ၏ SingPass နှင့် ဝင်ပြီး လုပ်ရ၏။

လျှောက်လွှာထဲမှာ ကျောင်းတစ်ကျောင်းပဲ ပါတော့ ကျွန်တော်မကျေနပ်။

မတော် SOTA မရရင် ဘယ်ကျောင်းကိုချ ပေးမလဲ။ သူတို့ပေးမှာ စောင့်နေတာထက် ကိုယ်ကြိုက်သည့်ကျောင်း ကိုယ့်ဘာသာ ရွေးတာ ပိုမကောင်းပါလား။

ထို့ကြောင့် final submission မလုပ်သေးဘဲ စာရွက်မှာဖြည့်၊ လက်မှတ်ထိုးကာ ကျောင်းမှာတင်ဘို့ သားနှင့်ပေးလိုက်၏။

Online submission က ၃၀ ရက်နေ့ ညနေ ၃ နာရီထိရ၏။

 

စာမေးပွဲအောင်စာရင်းက နိုဝင်ဘာ ၂၅ မှ ၂၇ ရက်အတွင်းထွက်မည်။

ထိုအောင်စာရင်းနှင့်အတူ မည်သည့် ကျောင်းရသည်ကိုပါ တပါတည်း သိရမည်။

ရိုးရိုးကျောင်းသားများကတော့ အောင်စာရင်းထွက်တော့မှ ကျောင်းလျှောက်ရမည်ဖြစ်၏။

ကျောင်းလျှောက်သည့်အခါ မိမိတက်လိုသည့် ကျောင်း (၆) ကျောင်းကို ဦးစားပေးလျှောက်ရမည်။

 

(၄)

 

ကျောင်းလျှောက်ဘို့အတွက် Primary 6 ကျောင်းသားများကို Secondary ကျောင်းရွေးပုံရွေးနည်း၊ လျှောက်ပုံလျှောက်နည်း စာအုပ်ထုတ်ကာ ပေး၏။ ထိုစာအုပ်ထဲတွင် စင်ကာပူ၌ရှိသမျှ Secondary ကျောင်းအားလုံးကို အသေးစိတ် ဖော်ပြထား၏။

ပုံများဖြင့် နမူနာအချို့ ပြထားပါသည်။

 

မိတ်ဆွေများ ဗဟုသုတရစေရန် အလို့ငှာ ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါသတည်း။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၉ အောက်တိုဘာလ၊ ၂၀၂၀





Monday, October 5, 2020

ကိုယ်ကျင့်တရားဆိုတာ ချိုနဲ့လားဟု မေးရမည့် မြန်မာပြည်မှ လူတချို့အကြောင်း

(၁)

 

ကျွန်ုပ်တို့တိုင်းပြည်တွင် ခိုးဝှက်စားခြင်းဖြင့် အသက်မွေးသူများ အတော် ပေါများလေ၏။ 

ဤ၌ ကျွန်ုပ်ဆိုလိုသည့် ခိုးခြင်းဆိုသည်မှာ ညဘက် သူများအိပ်ချိန်ကျမှ တက်ခိုးသည့် တကယ့် သူခိုးများကို ဆိုလိုခြင်း မဟုတ်ကြောင်း သည်လောက် ဒုံးမဝေးသည့် ကျွန်ုပ်မိတ်ဆွေများ သိပါသည်။

 

ကျွန်ုပ်ဆိုလိုသည့် သူခိုးများမှာ လူကြီးလူကောင်းဟန် ဆောင်ထားသည့် သူခိုးအကြီးစားများ ဖြစ်၏။

 

အဒိန္နာဒါနာ . . . . သမာဒိယာမိ . . . ဟု နေ့နေ့ညည ရွတ်ဆိုနေကြကုန်သူတို့သည် အခြားသူတစ်ယောက်ပိုင်သည့် ပစ္စည်းကိုသော်လည်းကောင်း၊ ပြည်သူပိုင်ပစ္စည်းကိုသော် လည်းကောင်း၊ နိုင်ငံပိုင် ပစ္စည်းကိုသော်လည်းကောင်း၊ လူမသိဘဲတစ်မျိုး၊ လူသိခံ၍တစ်မျိုး၊ ပေါ်တင်တမျိုး၊ ကွယ်ဝှက်၍တစ်မျိုး၊ နည်းမျိုးစုံဖြင့် ခိုးခြင်းအမှုကို အရှက်ကင်းမဲ့စွာ ပြုကြလေကုန်၏။

 

တစ်ချိန်တစ်ခါက ဤကဲ့သို့ခိုးခြင်းသည်ပင်လျှင် လူကြီးလူကောင်းတို့၏ အပြုအမူ၊ ဤကဲ့သို့ခိုးတတ်မှ တကယ့်လူလိမ္မာ၊ အများအားကျ အထင်ကြီးခြင်းခံရသူ ဖြစ်ခဲ့ဖူးလေ၏။ ပြည်သူပိုင်ပစ္စည်းကို ခိုးဝှက်ခြင်းဖြင့် ကြီးပွားသည်ကို ဂုဏ်တစ်ရပ် အဖြစ်ရှုမြင်ခဲ့ကြသည့် ယဉ်ကျေးမှုတစ်ခု မြန်မာပြည်တွင် နှစ်အတန်ကြာ ထွန်းကားခဲ့ဖူးလေသည်။

 

ထိုသူခိုးများသည်ပင်လျှင် ဘုရားကျောင်းကန်ကြီးများ အကြီးအကျယ် ဆောက်လုပ်လှူဒါန်းကာ ဘုရားဒါယကာ၊ ကျောင်းဒါယကာ အမည်ခံကြကုန်၏။ ၎င်းတို့ကတော်များ၏ လည်ပင်းမှ စိန်စီထားသည့် ဆွဲကြိုးကြီးကို အမျိုးသမီးတို့ သည် အားကျငေးမောကြကုန်၏။ မိမိတို့၏ လည်ပင်းကို စိန်စီဆွဲကြိုး ဆင်မပေးနိုင်သည့် လင်ယောက်ျားများကို သောက်သုံးမကျသူများအဖြစ် ရှုမြင်ကြလေကုန်၏။

 

၁၉၉၅ ခုနှစ် အခါ ကာလများဆီက နယ်တစ်ခုသို့ အစိုးရအရာရှိကြီးတစ်ယောက် လာလေရာ ၎င်းနှင့်အတူ ၎င်း၏ ကတော်ပါ ကပ် ပါလာ၏။ 

 

အရာရှိကြီးက ၎င်းမသိမတတ်သည်တို့ကို ဌာနများတွင် ရွှီးနေချိန်၊​ လိုအပ်သည်များကို မှာစားနေချိန်၌ ၎င်း၏ ကတော်မှာ ဒေသဆိုင်ရာ အရာရှိကတော်များကို ကုသိုလ်တော်များ ရကြစေခြင်းအလို့ငှာ အနီးအနားရှိမြို့ထဲသို့ ဈေးဝယ်ထွက်ရန် ကြွချီတော်မူ၏။ ထိုအခါ ဟိုကတော်၊ သည်ကတော်တို့မှာ ပိုက်ဆံအိတ်ကြီးများ ဖောင်းကားနေအောင် ထည့်လျက် ကျွန်ုပ်တို့တော၌ ရှင်လောင်းလှည့်သကဲ့သို့ နောက်မှတန်းစီကာ လိုက်ပါ ခစားတော်မူကြရလေ၏။ 

 

ကတော်ကြီးက ရှေ့မှ ရွရွကလေး ကြွချီတော်မူလျက် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ကာ မိမိလိုချင်သည့် ပစ္စည်းများကို လက်ညှိုးနှင့် ညွှန်ပြတော်မူသည်ဆို၏။ နောက်တော်ပါးမှ ခစားလျက် လိုက်ပါကြရကုန်သည့် အရာရှိကတော်များက ထိုပစ္စည်းများကို ကောက်သိမ်းကာ ပိုက်ဆံရှင်းပေးတော် မူကြရ၏။ 

 

၎င်းတို့၏ ဘုန်းကံကြီးမားပုံကိုကြည့်ကာ (ကျွတ်၊ ကျွတ်၊ ကျွတ်) ဟု သုံးကြိမ်တိုင်အောင် ကျွန်ုပ်မှာ စုပ်သပ်မိလေသည်။

 

ထို့ပြင်လည်း (ဟုတ်မဟုတ်တော့မသိ) ကျွန်ုပ်တို့ကြားသိရသည်မှာ အောက်ပါအတိုင်းဖြစ်၏။

 

မြန်မာသံရုံးသည် အလှူဒါန ပြုကြသူငါ ဟူသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားကာ မိမိတို့ပိုက်ဆံနှင့် မိမိတို့ ဒုက္ခခံကာ နိုင်ငံခြားသို့ထွက် အလုပ်လုပ်ကြရကုန်သော ရွှေမြန်မာ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့ထံမှ ဝင်ငွေခွန်ဆိုကာ ဝပ်ပါမစ်ဆိုလျှင် တစ်လ ၄၀၊ S Pass/EP ဆိုလျှင် တစ်လ ၁၂၀ အခွန်တောင်းခံလေ၏။

 

၎င်းတို့က အခွန်ဟု အမည်ခံထားသော လစဉ် သန်းနှင့်ချီကာဝင်နေသည့် ထိုပိုက်ဆံများမှာ မြန်မာနိုင်ငံ၏ ဘဏ္ဍာငွေ ထဲသို့မရောက် (ကျွန်ုပ် သေသေချာချာသိ၍ ပြောခြင်းမဟုတ်။ အခြားသူများ ပြောသံကြားတာ ဖြစ်ပါသည်။)။ အနှီ လူကြီးဆိုသူ၏ မယားအရင်း၊​ မယားတစ်ဝမ်းကွဲ၊ သားသမီး၊ မြေးမြစ်တီကျွတ်တို့ စင်ကာပူလာသည့်အခါ ကမြင်းကြော ထတော်မူကြရန် ဆောင်ထားရသည့် ပိုက်ဆံများဖြစ်သည် ဆို၏။

 

ဖော်ပြပါမျိုးမစစ်တို့မှာ အခြားသူများကဲ့သို့ သာမန်ဟော်တယ်တွင် တည်းရတာ ကျောယားလှသည်ဆိုသဖြင့် ကြယ် ၅ လုံး၊ ကြယ် ၆ လုံး၊ ကြယ် ၁၂ လုံး စသည့် ဈေးကြီးပေ့ဟူသည့် ဟော်တယ်များတွင်သာ တည်းခိုတော် မူကြလေသည်။ စင်ကာပူတွင် ဩချတ်ဟူသည် ကျွန်ုပ်တို့လို သာမန်လူများ ဈေးဝယ်ရာနေရာမဟုတ်။ အနှီ သားတော် သမီးတော်၊ မြေးမြစ်တီကျွတ်တော်တို့မှာ ဩချတ်မှ ဈေးကြီးလှပေ့ဆိုသည့် အဝတ်အစား၊ အသုံးအဆောင်များကိုသာ သုံးဆောင်တော် မူကြလေရာ နဖူးကချွေး ခြေမကျအောင် ရှာထားရသော ပိုက်ဆံများဖြင့် ဆောင်ထားသည့် အခွန်ဟူသော ပိုက်ဆံများမှာ ၎င်းတို့၏ အသုံးစရိတ်များအဖြစ် ရွှေ့ပြောင်း အသုံးတော်ခံရသည်ဟု ပြောသံကြားဖူးလေသည်။

 

ကျွန်ုပ်တို့ ရွှေပြည်ကြီးမှ အရာရှိကြီး ဆိုသူတို့မှာ မိမိတို့ဝင်ငွေမျှလောက်ဖြင့် ဤမျှကြီးကျယ်ခန်းနားသည့် စည်းစိမ်များကို မည်သည့်နည်းနှင့်မှ မရနိုင်ဟု မတွက်ဆတတ်ကုန်သည်ဖြစ်ရာ အနှီသကောင့်သားများမှာ အမှန်ပင် သနားစရာ သတ္တဝါများ ဖြစ်ကြလေကုန်၏။

 

အသိပညာ ဆိုသည်မှာ ဘွဲ့တွေရတာ၊ မရတာ၊ အသက်ကြီးတာ၊ ငယ်တာ၊ ရာထူးကြီးတာ ငယ်တာနှင့် လားလားမျှ မသက်ဆိုင်ကြောင်း ဤဖြစ်ရပ်များက သက်သေပြနေလေ၏။

 

(၂)

 

ကျွန်ုပ်တို့ရွာမှ ရွာသူရွာသားများကို ကျွန်ုပ် အတော်ချစ်၏။

အဘယ်ကြောင့်ချစ်ရသနည်းဟူမူ ၎င်းတို့၏ ရိုးသားသည့် စိတ်နေစိတ်ထား၊ ရိုးသားစွာနေထိုင် စားသောက်မှုတို့ကြောင့် ဖြစ်၏။

 

ခိုးရာတွင် အလွန်ဝါသနာပါလှသော ကျွန်ုပ်တို့ရွာမှ ညီအစ်ကိုတစ်သိုက်အကြောင်း မကြာသေးမီက ကျွန်ုပ် ပို့စ်တစ်ခု ရေးခဲ့ပါ၏။

သို့သော် ကျွန်ုပ်တို့ တစ်ရွာလုံး မည်သူကမှ ၎င်းတို့ကို လူရာမသွင်းဘဲ မထားကြ။ 

ထိုပို့စ်တွင် ကျွန်ုပ်ရေးခဲ့သလို ၎င်းတို့မှာ စားစရာမရှိလို့ ခိုးတာမဟုတ်။ ချမ်းသာချင်လို့ ခိုးတာမဟုတ်။ တခြားသူနစ်နာစေလို၍ ခိုးတာမဟုတ်။ ခိုးရတာ ဝါသနာပါလို့ ခိုးတာသာ ဖြစ်လေသည်။

သူတို့ခိုး၍လည်း မည်သူမှ သည်လောက် ထိခိုက်နစ်နာတာမဟုတ်။

သို့အတွက် သူတို့ကို မည်သူကမှ အငြိုးမထား၊ အမုန်းမပွား။

ကျွန်ုပ်တို့သည်လည်း မည်သည့်အခါမှ ၎င်းတို့ကို သူခိုးတွေဟု မလေးမစား မဖြစ်မိခဲ့။ အထင်မသေးမိခဲ့။

၎င်းတို့အကြောင်းများကို ကျွန်ုပ်တို့က ရှေးဖြစ်ဟောင်း၊ အောက်မေ့ဖွယ် ရီစရာအဖြစ်သာ ပြန်ပြောင်း စမြုံ့ပြန်တာ ဖြစ်ပါသည်။

 

ကျွန်ုပ်တို့ရွာတွင် ဘယ်သူကတော့ ဘယ်သူ့ကို လိမ်သွားလို့တဲ့ ဆိုသည့်သတင်းကို မကြားစဖူး။

ကျွန်ုပ်တို့ရွာတွင် လူသတ်မှုဆိုတာ ဆယ်နှစ်နေလို့ တစ်ခါဖြစ်တာမဟုတ်။

ကျွန်ုပ်တို့ရွာ၌ ဖဲထုပ်ဟုပြောပါက ဘာလဲဟဲ့။ ဖဲပြားတွေကို ထုပ်ထားတဲ့ အထုပ်လားဟု မေးကြပေလိမ့်မည်။

လောင်းကစားဆိုတာကို ဘာလဲ၊ သင်္ကြန်မှာ ရေနဲ့လောင်းပြီး ကစားတာကို ပြောတာလားဟု မေးကြလိမ့်မည်။

 

ကျွန်ုပ်တို့ရွာမှလူများသည် အလွန်ဆင်းရဲ၏။

သို့တိုင် သူတို့သည် မည်သူ့ပစ္စည်းကိုမှ ခိုးဝှက်၊ လိမ်ညာ မစားကြ။

မရှိ ရှိတာလေးနှင့် တင်းတိမ်ရောင့်ရဲကာ စားသောက်တတ်ကြ၊ ဝတ်ဆင်နေထိုင် တတ်ကြကုန်၏။ 

 

ထို့ကြောင့် ကျွန်ုပ်သည် ကျွန်ုပ်တို့ရွာမှလူများကို တန်ဘိုးထား၏။ လေးစား၏။

၎င်းတို့သည် ပညာမတတ်။ ၎င်းတို့၌ ဥစ္စာမရှိ။

သို့သော် ၎င်းတို့၌ လူသား၏ အရည်အချင်းစစ်စစ်များ ရှိလေသည်။

၎င်းတို့သည် ကိုယ့်လုပ်အားနှင့်ကိုယ် ရိုးရိုးသားသား ရှာဖွေလုပ်ကိုင် စားသောက်ကြလေသည်။

 

ထို့ကြောင့် ကျွန်ုပ်မြန်မာပြည် ပြန်သည့်အခါ ကျွန်ုပ်တို့ရွာကိုပြန်ပြီး ၎င်းတို့ကို ရွာလုံးကျွတ် ထမင်းကျွေးပါသည်။

ကျွန်ုပ်ချမ်းသာလွန်းလှ၍ မဟုတ်။ 

၎င်းတို့ကို ချစ်၍၊ ၎င်းတို့၏ လူပီသမှုကို မြတ်နိုးတန်ဘိုးထား၍ ဖြစ်ပါသည်။

 

အထက်တွင် ဖော်ပြခဲ့သည့် စိန်ရွှေငွေများ သီးနေတော်မူထကုန်သော၊ တစ်အိမ်လုံးကို ရွှေချထားတော်မူကုန်သော အရာရှိကြီး ဆိုသူများမှာ လူသား၏ တန်ဘိုးနှင့်နှိုင်းစက်ကြည့်လိုက်လျှင် ကျွန်ုပ်တို့ရွာမှ အဆင်းရဲဆုံးဆိုသည့် မိသားစု၏ ဖင်ဖျားကိုပင် မမီပါချေ။

 

(၃)

 

ဟိုတစ်နေ့က မိတ်ဆွေတစ်ယောက်က ကျွန်ုပ်၏ ပိုက်ပြင်ပိုက်ဆက်စာအုပ်ကို ဤသည်မရွေး အကုန်ကူးချကာ သူရေးထားသကဲ့သို့ လုပ်နေသူတစ်ယောက်အကြောင်း screen shot များနှင့် ပြလာပါ၏။ သို့တိုင် ကျွန်ုပ်မှာ သိပ်တော့ မအံ့ဩမိပါ။ ဤသည်မှာ မြန်မာနိုင်ငံ၌ ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်ရပ်တစ်ခု ဖြစ်၍ ဖြစ်ပါသည်။

 

၎င်း၏နာမည်မှာ ရန်မျိုးအောင် ဖြစ်၏။ (၎င်း၏ပုံကို Screen shot ရိုက်ထားသည့် ပုံတွင်ကြည့်ပါ)




 

ထို ကျွန်ုပ်စာအုပ်ကို ကူးချကာ သူရေးသလို လုပ်နေသူက စာရေးသူ ကျွန်ုပ်သည်လည်း မူရင်းစာအုပ်များကို ခရက်ဒစ် မပေးဘဲ ဘာသာပြန်ထားတာဖြစ်ကြောင်း စွပ်စွဲထားလိုက်ပါသေး၏။ သူ့ထံတွင် မူရင်းစာအုပ်ရှိပါသည်။ လိုချင်လျှင် ပေးပါမည်ဟု ရေးလိုက်သေး၏။ (Screen shot) များတွင် ကြည့်ပါ။ 


 

အကယ်၍ ယခုစာကိုဖတ်နေသည့် အသင်သည် ထို ကိုရန်မျိုးအောင်နှင့် သိကျွမ်းသည်ဖြစ်အံ့။

 

၎င်းအား ကျွန်ုပ် ဦးအေးငြိမ်း (အေးငြိမ်း (လေးမျက်နှာ) အမည်ဖြင့် ပိုက်ပြင်ပိုက်ဆက်စာအုပ်ကို ရေးသားသူ)) က စိန်ခေါ်လိုက်ကြောင်း ပြောလိုက်ပါလေ။ 

 

သူပြောသလို ကျွန်ုပ်၏ ပိုက်ပြင်ပိုက်ဆက်စာအုပ်နှင့် အတိအကျတူညီသော အင်္ဂလိပ်မူရင်းစာအုပ်ကို ပြနိုင်လျှင် ရန်ကုန်တွင် ပွဲကျင်းပကာ ကျွန်ုပ်က သိန်းတစ်ထောင်ပေး၍ ဝယ်ပါမည်။ အကယ်၍ ၎င်းပြသည့် စာအုပ်သည် ကျွန်ုပ်စာအုပ်နှင့် အတိအကျမကိုက်ညီခဲ့ပါမူ ကျွန်ုပ်ကို စော်ကားသည့်အတွက် သိန်း ၁၀၀ ပေးရမည် ဟု ဤနေရာမှနေ၍ စိန်ခေါ်လိုက်ပါသည်။

 

ဤစာအုပ်မှ Development ပုံများမှာ AutoCAD နှင့် ကျွန်ုပ်ဆွဲထားတာ ဖြစ်၏။ ဓာတ်ပုံအတော်များများမှာလည်း Union Alloy ကုမ္ပဏီတွင် ကျွန်ုပ်လုပ်ခဲ့စဉ် ကျွန်ုပ်ကိုယ်တိုင် ရိုက်ခဲ့သောပုံများဖြစ်၏။ ကျွန်ုပ်စာအုပ်ကို ကြိုက်လွန်းလှ၍ နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှ အင်္ဂလိပ်လို ဘာသာပြန်လျှင်တော့ မပြောတတ်။ အကယ်၍ ၎င်းတို့ဘာသာပြန်သည် ဆိုလျှင်ပင် မည်သည့်စာအုပ်ကို ဘာသာပြန်မှန်း သေချာပေါက် ဖော်ပြမည်ဖြစ်၏။

 

ကျွန်ုပ်ရေးသည့်စာအုပ်တိုင်း၌ ကျွန်ုပ်ရည်ညွှန်းသည့် စာအုပ်စာရင်းကို ဖော်ပြလေ့ရှိ၏။ ယခု ကျွန်ုပ်လက်ထဲ၌မူ ပိုက်ပြင် ပိုက်ဆက်စာအုပ် မရှိပါ။ သို့သော် ကျွန်ုပ်မိတ်ဆွေလေးက ထိုရည်ညွှန်းစာအုပ်စာရင်းကို ဓာတ်ပုံရိုက်ကာ ပို့ပေးပါသည်။ (ပုံတွင်ရှု)



 


ထို့ကြောင့် ကျွန်ုပ်က မူရင်းစာအုပ်ကို ခရက်ဒစ်မပေးဘဲ ဘာသာပြန်ထားတာဆိုသည်မှာ တမင်သက်သက် စော်ကားတာ သာ ဖြစ်လေသည်။ 

 

ထိုမျှသာမကသေး။ ကျွန်ုပ်၏စာအုပ်ကို ၎င်း၏ အဖေထံမှ အလကားရထားသည့် အမွေအလား စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် pdf file ကို မျှဝေပေးနေပါသေး၏။ (ယခုတော့ ထို link ကို ဖျက်သွားပါပြီ။)

 

ကျွန်ုပ် ဤပို့စ်ကိုရေးရခြင်းမှာ ကျွန်ုပ်စာအုပ်ကို ခိုးသည့်အတွက်မဟုတ်။ ကျွန်ုပ်စာအုပ်ကိုလည်း ခိုးသေး။ ကျွန်ုပ်ကိုလည်း စော်ကားသေးသည့်အတွက် ဖြစ်၏။

 

၎င်း၏ လုပ်ရပ်မှာ အိမ်ပေါ်သို့တက်ခိုးပြီး အိမ်ရှင့်မျက်နှာကို သေးနှင့်ပန်းသွားသူကဲ့သို့ ဖြစ်၏။

 

ကျွန်ုပ်စာများအား ခိုးချထားသည့် ပို့စ်ကို ကျွန်ုပ် ချစ်မိတ်ဆွေလေးက screen shot ရိုက်ပြီး ပေးပို့ထားတာရှိသော်လည်း မဖော်ပြတော့ပါ။ 

 

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုံးကလည်း NLD အနိုင်ရစေရန် ဟိုလူတွေကို အသားကုန် ဆော်ပလော်တီးထားသည့် ပို့စ်တစ်ခုကို တစ်ယောက်က ခပ်တည်တည် copy & paste လုပ်ကာ တင်တာ ကြုံလိုက်ရပါသေးသည်။​ မိတ်ဆွေ တစ်ယောက်က ပြလာသည့်အတွက် မြင်လိုက်ရပါသည်။ သို့သော် ကျွန်ုပ်က ရီစရာ ဟာသတစ်ခုအနေနှင့် သူ့ပို့စ်ကို ဟဟသာ သွားပေးလိုက်ပါသည်။ ဘာမှ မပြောလိုက်ပါ။ ဩော် - သူကြိုက်လို့ ယူပေတာပဲဟု သည်လိုသာ သဘောထား လိုက်ပါသည်။

 

ယခု အနှီ (ရန်မျိုးအောင်) ဆိုသူသည်လည်း ကျွန်ုပ်စာအုပ်ကို ခိုးရုံခိုးသည်ဆိုလျှင် ဘာမှ ပြောမည်မဟုတ်ပါ။ ယခုက အသားလွတ်စော်ကားသည့်အတွက် စိန်ခေါ်လိုက်တာဖြစ်ပါသည်။

 

(၄)

 

များမကြာသေးမီကပင် သတင်းစာ၌ PE တံဆိပ်တုံးထုထားသည့် Drawing များကို ခိုးသုံးသည့်အတွက် သတင်းစာမှ လူသိထင်ရှား တောင်းပန်ခဲ့ရသော သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါသေးသည်။

 

ထို့ပြင်လည်း စင်ကာပူတွင် ရောက်နေသည်ဟု သိရသော PE တစ်ယောက်၏ ကဒ်ကို ဓာတ်ပုံများ၊ နာမည်များ ပြောင်းကာ ခပ်တည်တည် ယူသုံးနေသူတစ်ယောက်ကိုလည်း တွေ့လိုက်ရပါသေး၏။ 

 

ထိုကဲ့သို့သော အမှုများ မကြာခဏ ကြားသိရပါသည်။ 

သည့်အတွက်လည်း ကျွန်တော် အလွန် စိတ်ကုန်မိ၏။

ကျွန်ုပ်တို့ မြန်မာလူမျိုးများ သည်မျှပျက်စီးသွားခြင်းအပေါ် ကျွန်ုပ် အလွန် ဝမ်းနည်းမိလေသည်။

ယခု ကျွန်ုပ်တို့မှာ အသက် (၆၀) ထဲရောက်နေပါပြီ။ လူ့လောကတွင် နေရန်အချိန် သိပ်မကျန်တော့ပါ။

မြန်မာနိုင်ငံ၏ အနာဂတ်ကို ၎င်းတို့လက်ထဲ၌ ထားခဲ့ရမှာ ဖြစ်၏။

ဤကဲ့သို့သောသူများဖြင့် ဘယ်ပုံဆက် စခန်းသွားကြမည်နည်း။

 

မိတ်ဆွေများအား သိစေလိုသည်မှာ -

 

ကျွန်ုပ်သည် အလုပ်ချိန်များမှလွဲ၍ နေ့မအား၊ ညမနား စာဖတ်ပါသည်။ စာရေးပါသည်။

ကျွန်ုပ်စာရေးနေသည်မှာ ပိုက်ဆံကို လိုချင်၍ မဟုတ်။ 

ဆောင်းပါးတစ်စောင်အတွက် ရသော ကျပ်ငွေတစ်သောင်းသည် ကျွန်ုပ်သားစားသည့် WingStop တစ်ပွဲစာတောင် မရှိပါ။

အလုပ်တစ်ဖက်နှင့် ရေးရသည့်အတွက် စာတစ်အုပ်လျှင် ၉ လလောက်ကြာပါသည်။

နောက်ပြီး စာအုပ်တစ်အုပ်အတွက် ရသည့်ပိုက်ဆံမှာ ကျွန်ုပ်စာသင်၍ ရသော (၁၀) ရက်စာတောင် မရှိပါ။

သို့ဆိုလျှင် အဘယ်ကြောင့် ရေးသနည်း။

ရေးချင်လို့ရေးပါသည်။

 

ကျွန်ုပ်စာအုပ်များမှ စာများကို ခိုးချင်လျှင် လွတ်လွတ်လပ်လပ် ခိုးနိုင်ပါသည်။

သို့သော် မစော်ကားပါနှင့်။

စော်ကားလာလျှင်မူ ပြတ်ပြတ်သားသား တုံ့ပြန်မည်ဆိုသည်ကို သတိပေးလိုက်ပါသည်။

 

သမ္မာအာဇီဝ ဆိုသည့်စကားကို နားမလည်ကုန်သော အသင်တို့သည် ခိုးဝှက်စားခြင်းဖြင့်သာ အသက်မွေးကြပါကုန်လော့။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၅ အောက်တိုဘာ၊ ၂၀၂၀