Saturday, January 14, 2017

စနစ်တစ်ခု ကျဆုံးခြင်း နှင့် ထိရောက်မှုကို ပြန်လည်သုံးသပ်ခြင်း

(System failure and Review of effectiveness)


(၁)

မန္တလေးကို စာလုံးမပေါင်းတတ်သော ငါးဘာသာဂုဏ်ထူးရှင် ကျွန်တော့်တူ ကိစ္စမှာ သာမန် ပေါ့သေးသေးကိစ္စ မဟုတ်ပါ။ သေသေချာချာ တွေးကြည့်လျှင် အတော်ရင်လေးစရာကောင်းသည့် ကိစ္စကြီးဖြစ်၏။

သူသည် မြန်မာပြည် ပညာရေးစနစ်မှ မွေးထုတ်ပေးလိုက်သော နိုင်ငံသား တစ်ဦးဖြစ်၏။ သူသည် မြန်မာပြည်၊ အခြေခံပညာ ကျောင်းများမှ မွေးထုတ်ပေးလိုက်သော ကျောင်းသားအများစုကို ကိုယ်စားပြုနေ၏။ အားလုံးမဟုတ်တောင် သူ့အရည်အချင်းကို ကြည့်ချင်းအားဖြင့် မြန်မာပြည်မှ ကျောင်းသားလူငယ်ကလေးများ၏ အရည်အသွေးကို ခန့်မှန်းနိုင်ပါသည်။

ထိုကလေးတို့သည် အနာဂတ်မြန်မာနိုင်ငံကို ထုဆစ်ပုံဖော်ကြမည့်သူများဖြစ်၏။ အနို့ သည်ကလေးတွေက မတည်ဆောက် ဟုဆိုလျှင် အဘယ်သူများက တည်ဆောက်လိမ့်မည်ဟု အသင်ထင်ပါသနည်း။

နိုင်ငံကို အုပ်ချုပ် မင်းလုပ်မည့်သူများမှာလည်း ၎င်းတို့အထဲမှပင် ထွက်ပေါ်ရမည် မုချဖြစ်၏။ အစိုးရ အမှုထမ်း၊ အရာထမ်း ဆိုသည်များမှာလည်း ၎င်းတို့ပင် ဖြစ်ရမည် မဟုတ်ပါလော။ ယခုလက်ရှိ လူကြီးများမှာ များမကြာမီသော ကာလတစ်ခု (အများဆုံး ဆယ်စုနှစ်နှစ်ခု) တွင် အဖိုးကြီးအဖွားကြီးများဖြစ်ကာ အနားယူရပေတော့မည်။ မယူချင်လို့မရ။ ဒါ သဘာဝ ဖြစ်၏။ ထို ပြိုသွားသော မြေအုတ်တို့ နေရာတွင် ကျောက်အုတ်တို့ဖြင့် တည်ဆောက်ရန် အရေးကြီး၏။ ကျွန်တော့်တူလို ကလေးမျိုး များနှင့်တော့ ကျောက်အုတ်ပဲ ဖြစ်မလား။ ရွှံ့အုတ်ပဲ ဖြစ်မလား။ ကျွန်ုပ်တို့ တပ်အပ်သေချာ မသိနိုင်။ သေချာသည်မှာ အခြေခံမကောင်းခဲ့သော ကလေးများကို ထူးချွန်ထက်မြက်လာဘို့ဆိုသည်မှာ အတော့်ကို လုပ်ယူရပေလိမ့်မည်။

(၂)

မန္တလေးကို စာလုံးမပေါင်းတတ်ခြင်းကြောင့် ကျွန်တော့်တူကို အတော်အသုံးမကျတဲ့ကောင် ဟု ကျွန်ုပ်က ဆဲလိမ့်မည်လို့ အသင်တို့ ထင်ပါသလား။ ဝေးစွ။ သူ မသိသေးသည်များကို သိလာအောင်လုပ်ဖို့ ကျွန်တော်ကြိုးစားနေပါသည်။ (သို့သော် စာမေးပွဲကာလဖြစ်၍ ယခု ခဏနားထားပါသည်။ စာမေးပွဲပြီးလျှင်တော့ အသားကုန် မောင်းရလိမ့်မည်။)

ဤသို့ဖြစ်နေရခြင်းမှာ ကလေးများ၏ အပြစ်မဟုတ်ကြောင်း ယခင်ဆောင်းပါးများတွင် ကျွန်တော် ရေးခဲ့ဖူးပါပြီ။ ကလေးများဟူသည် ရွှံ့ဖြစ်၏။ ရွှံ့ကို လိုချင်သောပုံစံရအောင် ပုံဖော်ယူရမည်မှာ လူကြီးများဖြစ်လေသည်။ ရွှံ့ကို လှပ သေသပ်သော မင်းသမီးရုပ်ကလေးဖြစ်အောင် ထုဆစ်ပါက ချစ်စဖွယ် မင်းသမီးရုပ်ကလေးရမည်။ နွားရုပ်လုပ်ပါက နွားဖြစ်မည်။ ခွေးရုပ်လုပ်ပါက ခွေးပဲဖြစ်မည်။ ဘီလူးရုပ်ထုပါက ဘီလူးရုပ်ဖြစ်မည်။ ကိုယ်ကိုယ်နှိုက်ကမှ မင်းသမီးရုပ် ဖြစ်အောင် ဘယ်လိုထုဆစ်ရမည်မှန်းမသိပါဘဲလျက် ရွှံ့ရုပ်ကိုသွားပြီး မင်းသမီးရုပ်မဖြစ်ရကောင်းလားဟု အပြစ်တင်နေသူသည် တစ်ခုခု လွဲနေသူသာ ဖြစ်ရမည်။ သို့မဟုတ် ကိုယ်ကိုယ်နှိုက်က ဘာလုပ်လို့ လုပ်နေမှန်း မသိသူသော်လည်း ဖြစ်ရမည်။

စဉ်ဆက်မပြတ် အကဲဖြတ် ပညာရေးနှင့်ပတ်သက်၍ The Voice က ပညာရေးဌာနမှ အရာရှိကြီးတစ်ဦးကို အင်တာဗျူး ထားတာ ဖတ်လိုက်ရပါသည်။ ထိုအင်တာဗျူးပါသော ဂျာနယ်ကို ညက လိုက်ရှာတာ သန်းခေါင်ကျော်လို့ တစ်ချက်သာ တီးသွားရော။ ရှာမတွေ့ခဲ့ပါ။ ထပ်ရှာပါဦးမည်။ ဆောင်းပါးရေးပြီး ဂျာနယ်ထဲ ထည့်ချင်လို့ဖြစ်ပါသည်။ (ဘယ်လလောက်က၊ ဘယ်ရက်လောက်က ပါတယ်ဆိုတာ မှတ်မိသူများ ကျေးဇူးပြုပြီး ပြောပေးကြပါ။ သူပြောတာကို ရည်ညွှန်းလို၍ ဖြစ်ပါသည်။)

ကျွန်တော်မှတ်မိသမျှ သူပြောတာကတော့ ဖြူးလို့။ သူတို့ချမှတ်ပေးထားသော စနစ်က ကောင်းပါသည်။ အောက်က အကောင် အထည်ဖော်တဲ့သူတွေ အသုံးမကျလို့ သည်လိုဖြစ်သွားရတာ ဟု အကြမ်းဖျဉ်းမှတ်မိပါသည်။

ဆိုတော့ ကျွန်တော်နည်းနည်း သုံးသပ်ပြပါမည်။

အောက်ပါတို့မှာ စီမံကိန်းတစ်ခုလုပ်ရာတွင် လိုက်နာရမည့် အဆင့်များ (အကြမ်းဖျဉ်း) ဖြစ်ပါသည်။

၁။ အလုပ်တစ်ခု (စီမံကိန်းတစ်ခု) စလုပ်တော့မည်ဆိုလျှင် ထိုအလုပ်နှင့်ပတ်သက်သည့် အချက်အလက်များကို စုဆောင်းရပါမည်။
၂။ ထိုအလုပ် (စီမံကိန်း) ကို စနစ်ချကာ ပုံစံအသေး (prototype) လုပ်ကာ အကောင်အထည်ဖော်ကြည့်ရပါမည်။
၃။ ထိုပုံစံအသေးဖြင့် အကောင်အထည်ဖော်လုပ်ကြည့်ရာမှ တွေ့ရှိရသော အားနည်းချက် ချို့ယွင်းချက်များကို ပြန်လည် ပြင်ဆင်ရပါမည်။
၎။ အားလုံး စနစ်တကျဖြစ်ပြီ၊ အဆင်ချောပြီဆိုမှ လက်တွေ့ အကောင်အထည်ဖော်ရန် ဖြစ်၏။
၅။ အကောင်အထည်ဖော်ပြီးနောက် မိမိတို့ လုပ်ဆောင်ထားသည့် စီမံကိန်း အဆင်ပြေရဲ့လား။ အောင်မြင်ရဲ့လား။ တကယ်အလုပ်ဖြစ်ရဲ့လား ဆိုသည်ကို အမြဲမပြတ်စောင့်ကြည့် အကဲဖြတ်နေရန် လိုပါသည်။
၆။ အကယ်၍ မိမိတို့စီမံကိန်း မအောင်မြင်ဆိုပါက မိမိတို့လုပ်ခဲ့သော အမှားကို လက်ခံကာ ဇွတ်ရှေ့ဆက်မတိုးဘဲ ရပ်သင့်က ချက်ချင်း ရပ်လိုက်ရပါမည်။

(၃)

လူကြီးများက ကောင်းစေချင်သော စေတနာနှင့်လုပ်ခဲ့တာ မှန်ပါသည်။ သို့သော် လုပ်ပုံလုပ်နည်းတော့ မှန်ရပါလိမ့်မည်။

ပြောမှ သတိရမိတာလေးတစ်ခု ဖောက်သည်ချပါရစေဦး။

အခြားမဟုတ်ပါ။ ဆယ်စောင်တွဲ၌ မင်္ဂလာတရား (၃၈) ပါး ကို ရှင်းပြရာတွင် “အ-သေ၀နာစ ဗာလနံ” အတွက် ဥပမာ ကလေးကို သဘောကျမိ၍ ဖြစ်၏။ (ဆယ်စောင်တွဲဆိုတာရော သိကြရဲ့လား အမျိုးကောင်းသား၊ အမျိုးကောင်း သမီးကလေးတို့။)

“လူမိုက်ကို မပေါင်းသင်းရခြင်းသည်လည်း မင်္ဂလာတစ်ပါးဖြစ်၏” ဆိုသည်ကို အောက်ပါအတိုင်း ရှင်းပြထားပါသည်။

အဖေဖြစ်သူ၏ နဖူး၌ မှက်ကြီးတစ်ကောင်နားနေသည်ကို မှက်ကြီးအားသတ်အံ့ဟု ပုဆိန်နှင့်ပေါက်သောကြောင့် အဖေဖြစ်သူ သေပွဲဝင်ရသည်။ ဤသည်ကို လူမိုက်ဟု ခေါ်၏။

ဤတွင် အဖေအား မှက်ကိုက်နေ၍ မနာကျင်စေလိုသောကြောင့် သားဖြစ်သူက မှက်ကို သတ်သည်။ အဖေကို မနာကျင်စေလိုသော သား၏စေတနာကို ယုံမှားသံသယရှိစရာမလိုပါ။ သို့သော် စေတနာနှင့်လုပ်သည်ဆိုစေ အလုပ်မတတ်သောကြောင့် သူချစ်သော အဖေ သေရသည်။

သည်လိုဆိုလိုက်လို့ ထိုစနစ်ကို ရေးဆွဲကျင့်သုံးခဲ့သော လူကြီးမင်းများအား ဗာလနံ - လူမိုက်များဟု ကျွန်ုပ်က စွပ်စွဲသည်ဟု မမှတ်ယူကြပါလင့်။

လူကြီးများ၏ စေတနာကို လေးစားပါ၏။ သို့သော် မိမိတို့လုပ်တာ မှန်မမှန် မလေ့လာ၊ မစူးစမ်းဘဲ ရမ်းတုတ်ကြ လေသောကြောင့် ယခု သန်းပေါင်းများစွာသော လူအရင်းအမြစ်တို့ အလဟဿဖြစ်ရချေပြီ။

သူတို့စနစ်အရ ကျောင်းသားများ၏ အရည်အသွေးကို ဆရာ/ဆရာမများက အနီးကပ် စောင့်ကြည့်ကာ အကဲဖြတ်ရမည်။
သင်ခန်းစာများကို ကောင်းစွာမကျေညက်သော ကျောင်းသားကျောင်းသူများအား အချိန်ယူကာ ပြန်လည် သင်ကြားပေးရမည်။ ကျောင်းသားများ တကယ်တတ် မတတ်သိစေရန် လစဉ်အကဲဖြတ်နေမည်။
ဤသို့ဖြင့် စာသင်နှစ်တစ်နှစ်ကုန်သည့်အခါ ကျောင်းသားများမှာ သင်ခန်းစာအားလုံးကို ကောင်းစွာ ကျေညက်သွားလေတော့ သတည်း။

ဤသည်မှာ စာရွက်ပေါ်မှ သီအိုရီဖြစ်၏။

သို့သော် မြန်မာပြည်တွင် ဤစနစ်ကျင့်သုံး၍ ရပါမည်လော ဆိုသည်ကို ထည့်စဉ်းစားပါသလား။
ကျောင်းများ၏ အခြေအနေကို ကွင်းဆင်း လေ့လာပါသလား။
ကျောင်းဆရာနှင့်ကျောင်းသားအချိုး၊ ကျောင်းများရှိ သင်ထောက်ကူ ပစ္စည်းကိရိယာများ ပြည့်စုံမှု ရှိမရှိကို လေ့လာသုံးသပ် ပါသလား။
အချို့တောမှကျောင်းများတွင် ဆရာမလုံလောက်၍ all in one လုပ်နေကြရသည်။ (ဆရာ၊ ဆရာမတစ်ယောက်ထဲက ဘာသာစုံ သင်ပေးနေရခြင်းကို ဆိုလိုပါသည်။ အချို့ကျောင်းများဆိုလျှင် သုံးတန်းလောက်ပေါင်းကာ တောင်ပြေးမြောက်ပေး သင်ပေးနေရပေလေသေး၏။)

ကျွန်တော့်ဦးဏှောက် တစ်မိုက်လောက်နှင့် ဆရာ့ဆရာကြီး၊ ဆရာမကြီးများကို ဆရာမလုပ်လိုပါ။ သို့သော် လက်ရှိမှာတော့ ဤအတိုင်းပင် ဖြစ်နေပါသည်။

မိမိတို့ရေးဆွဲထားသော စီမံကိန်းကို စမ်းသပ်ကြည့်မည်ဆိုလျှင်ပင် ရန်ကုန်မြို့မှ စမ်းချောင်းအထက (၂) တွင် သွားစမ်းလို့ မရပါ။ ဟို့တောစွန်အုံဖျား၊ ဇနပုဒ်မှ ကျောင်းကလေးတွင် စမ်းသပ်ကြည့်ရပါမည်။ အဘယ်ကြောင့်ဆိုသော် မြန်မာပြည်တွင် စမ်းချောင်း အထက (၂) ကဲ့သို့ကျောင်းများမှာ လက်ချိုးရေ၍ရသော အဆင့်၌ ရှိပြီး ဇနပုဒ်မှကျောင်းများမှာ ကျောင်းအားလုံး၏ ၈၀ ရာနှုန်းလောက် ဖြစ်နေနိုင်၍ ဖြစ်ပါသည်။

အကယ်၍ မိမိတို့စနစ်သည် ဇနပုဒ်မှ ကျောင်းတွင် အောင်မြင်ခဲ့သည်ဆိုအံ့။ အခြားကျောင်းများတွင် အောင်မြင်တော့မည်မှာ ဗေဒင်မေးစရာမလို။ အမှန်ပင် သေချာလှပေတော့၏။

ဤသည်မှာ system failure ဖြစ်၏။

ယခု သည်စနစ်ကို ဆက်လက်ကျင့်သုံးနေသေးသလားဆိုတာ ကျွန်တော်မသိပါ။
အကယ်၍ ဆက်လုပ်နေပါသေးသည်ဆိုလျှင် နိုင်ငံအတွက်လည်းအကျိုးမရှိ၊ မိဘများအတွက်လည်း အကျိုးမရှိ၊ အထူးသဖြင့် ကျောင်းသားကလေးငယ်များအတွက်လည်း အကျိုးမရှိ။

ဤလုပ်ရပ်သည် ကလေးငယ်များ၏ အနာဂတ်ကို ဖျက်ဆီးနေသည့်လုပ်ရပ်ဖြစ်သလို နိုင်ငံအတွက်လည်း အထူးပင် နစ်နာလှ ပေသောကြောင့် ယခုချက်ချင်း ရပ်တန့်ရန် လိုအပ်နေပြီဖြစ်ပါကြောင်းနှင့် ရပ်တန်းက ရပ်ကြပါရန် လူကြီးများကို အထူးမေတ္တာရပ်ခံလိုပါသည်။

ကျွန်တော်တို့ခေတ်တုံးကလို ပုံမှန်စာသင်။ ပထမအစမ်း၊ ဒုတိယအစမ်း၊ အစစ်ကြီး စသဖြင့် စာမေးပွဲ သုံးဆင့်ဖြေ။
အမှတ်မီလျှင် အအောင်ပေး။ မအောင်ဘူးလား ချပစ်။ သည်စနစ်ကိုသာ ပြန်ပြီးကျင့်သုံးပါ။

နိုင်ငံအတွက်လည်း ကောင်း။ ဆရာဆရာမတွေလည်း အလုပ်ရှုပ်သက်သာ၊ ငွေကုန်ကြေးကျလည်းနည်း။ မိဘတွေလည်း စိတ်ချမ်းသာ။ သားရွှေအိုးထမ်းသည့်ကိန်းဖြစ်၍ ခေါင်းမမာကြပါနှင့်ဟု တိုက်တွန်းလိုက်ရပါကြောင်း။


ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၄ ဇန္န၀ါရီ၊ ၂၀၁၇


Monday, January 9, 2017

၂၀၁၆ ခုနှစ် နှစ်ကုန်ရက်အတွေး

ဘာလိုလိုနဲ့ တစ်နှစ်ကူးပြန်ပေါ့။
တစ်နှစ်ကုန်ပြီဆိုတော့ အသက်လည်း တစ်နှစ်ကြီးပြန်ပေါ့။

နှစ်တစ်နှစ်ကုန်တိုင်း မင်းကွန်းဆရာတော်ဘုရားကြီး၏ တစ်နေကွယ်၊ သေနယ်သို့တစ်ခါကူး ဆိုသည့် ကဗျာတိုကလေးကို သတိရမိမြဲဖြစ်၏။ သတိရမိသည့်တိုင် သေဘို့အတွက် ဘာများပြင်ပြီးပြီလဲလို့ မေးလာသည်ဆိုအံ့။ ဘာမှ မပြင်ရသေးပါဟု ပြန်ဖြေရမည်ဖြစ်လေသည်။

အသက်တစ်နှစ်ကြီးသွားပြီဆိုတော့ အရင်ကထက်စာရင် အခု ငါ ဘယ့်ကလောက်များ တန်ဘိုးတက်လာပြီလဲဟု ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်မိ။ ဟင်၊ ပြောပလောက်အောင် ဘာကမှလည်း တိုးတက်မလာပါလားကယို။

ဇရာ၏ထုထောင်းမှုကြောင့် ရုပ်ခန္ဓာသည် တဖြည်းဖြည်း ယိုယွင်းလာခဲ့ရာ တက်ရိပ်ကိုမမြင်ရ။ ဖြည်းညင်းစွာ ကျဆင်း လာသည်ကိုသာ အတိုင်းသား မြင်နေရသည်။ ပြီးခဲ့သည့်လက စာမေးပွဲအတွက်စာကျက်တော့ စာများမှာ ငယ်ငယ်တုံးကလို ကျက်တိုင်းမရ။ ကျက်လိုက်မေ့လိုက်။ အကြောင်းအရာပိုင်းကို မှတ်မိသည့်တိုင် အချက်အလက်၊ ခုနှစ်သက္ကရာဇ်များကို မှတ်မိဘို့ များစွာခဲယဉ်းသွားလေသည်။ ငယ်ငယ်က ကျက်မှတ်ခဲ့သည်တို့ကို မှတ်မိနေ၍သာ ခုလောက်ဖြေနိုင်ခြင်းဖြစ်၏။ အခုမှ အသစ်စက်စက် စ ကျက်ရမည်ဆိုလျှင် အောင်မှတ်ရဘို့တောင်မလွယ်။

သို့အတွက် အရည်အချင်းပိုင်း တိုးတက်မှုတွင် ယခင်ကထက် အများကြီး ကျသွားသည်။ သို့တိုင် ကျွန်တော်စိတ်မပျက်ပါ။ ဆက်လက် လေ့လာသင်ယူနေဆဲပင်ဖြစ်ပါသည်။ များများလေ့လာလေ၊ ကိုယ်မသိတာတွေ ပိုများလာလေဖြစ်ကြောင်း တွေ့ရ၏။ ဆိုကရေးတီးပြောသလို ကျွန်ုပ်သိသည်မှာ ကျွဲခြေရာခွက်ထဲက ရေကလေးမျှလောက်သာရှိပြီး ကျွန်ုပ်မသိသေးသော အရာများမှာမူ မဟာသမုဒ္ဒရာကြီးလောက် များပြားလှပါပေသည်။

နောက်တစ်ခု ကျွန်တော်ကိုယ့်ကိုယ်ကိုယ် မကျေနပ်သည်မှာ စာအုပ်များရေးရန် ပျက်ကွက်ခြင်းဖြစ်၏။ ပြီးခဲ့သည့် ကာလများ က Safety သင်တန်းများ သင်နေရလေရာ နားရက်ဟူ၍ တရက်မှမရှိ။ တခါတရံ ည ဆယ်နာရီလောက်ကျမှ ပြန်ရသည်။ သင်တန်းမရှိသည့်ညများကျတော့ သားကို မြန်မာစာ သင်ပေးချင်ပြန်ရာ အချိန်အားဆို၍ မရှိသလောက် ရှားလေသည်။ ထို့ပြင် မနှစ်က Train The Trainer သင်တန်းပေးပြန်တော့ ထိုသင်တန်းအတွက် သင်တန်းမှတ်စုများပြင်ရတာ အတော် အချိန်စား သွားသည်။

နောက်ပြီး စင်ကာပူမှာရှိတုံး အခွင့်အရေးရခိုက် လိုချင်သည့်စာအုပ်များကို စာကြည့်တိုက်မှ ငှားကာ scan ကော်ပီကူး။ လက်ထဲကစာအုပ်တွေကိုလည်း သွားလေရာယူသွားနိုင်အောင်၊ ကြိုက်သည့်အချိန် ကြိုက်သည့် စာအုပ်ကို ဖွင့်ဖတ်နိုင်အောင် scan ဆွဲ၍ သိမ်းဆည်းသည်။ ထိုမျှသာမက အချို့စာအုပ်များမှာ ကျွန်တော့်အသက်ထက် ပိုကြီးပြီဖြစ်ရကား စာရွက်သား များမှာ ဆွေးနေပြီဖြစ်၏။ စာအုပ်ကိုကိုင်လျှင် ချစ်သူ့ပါးပြင်ကိုကိုင်သလို အင်မတန် ယုယစွာ ကိုင်တွယ်ရလေသည်။ ထိုစာအုပ်မျိုးများဆိုလျှင် အချိန်မရွေးပျက်စီးသွားနိုင်သမို့ scan ဆွဲထားမှ စိတ်ချရသည်။

စာအုပ်များကို scan ဆွဲရာတွင် စာမျက်နှာ ၄၀၀ ကျော်ပါ စာအုပ်တစ်အုပ်ကို တစ်နာရီကြာသည်။
အချိန်အားကလေးရတိုင်း scan ရနိုင်သလောက်ဆွဲရာ ယခုဆိုလျှင် အင်္ဂလိပ်စာအုပ် ၆၀ ခန့်။ မြန်မာစာအုပ် ၁၀၀ ခန့် scan ဆွဲပြီးသွားပြီဖြစ်၏။ သို့တိုင် စာအုပ်များစွာ ကျန်သေးသည်။

ဆိုတော့ scan ဆွဲခြင်းအားဖြင့်လည်း အချိန်များ အတော်စားသည်။ စာအုပ်များကို scan ဆွဲထားခြင်းအားဖြင့် အခြား ဖတ်လိုသူများအား အလွယ်တကူ ဝေမျှနိုင်မည် မဟုတ်ပါလော။ စာအုပ်ပျောက်သွားသည့်တိုင် စိတ်ပူစရာမရှိ။ အချိန်မရွေး print ပြန်ထုတ်လိုက ထုတ်နိုင်မည်။ ပိုပြီးသေချာစေရန် ကျွန်တော်က scan ဆွဲထားသည့်စာအုပ်များကို Thumb Drive၊ External Hard disk, laptop၊ Tablet လေးနေရာခွဲပြီး သိမ်းထားသည်။ (Drop box, mediafire စသဖြင့် online လည်း သိမ်းလို့ရသပေါ့။ လောလောဆယ်တော့ တချို့စာအုပ်တွေကလွဲလို့ အားလုံးမတင်ဖြစ်သေးပါ။)
ယမန်နှစ်က လက်ပ်တော့ ကကျိုးကဂျောင်ဖြစ်၍ သိမ်းထားသည့်စာအုပ် တော်တော်များများပါသွားတာ ရင်နာလို့မဆုံး။

ဆိုတော့ ၂၀၁၆ အတွင်း မည်သည်တို့လုပ်ဖြစ်သနည်း။

မတ်လ ၂၀ ရက်နေ့က MES တွင် PR/RSE/RE များအတွက် Fibreglass Piping Engineering and Design ဟောပြောပွဲ။ မတ်လ ၂၂ နှင့် ၂၃ တွင် AK Safety ၌ Work At Height သင်တန်း။
သြဂုတ်လ ၇၊ ၈၊ ၉ နှင့် အောက်တိုဘာလ ၂၈၊ ၂၉၊ ၃၀ ရက်များတွင် Knowledge Centre ၌ Train The Trainer သင်တန်း။
နောက်ပြီး နိုဝင်ဘာလ ၁၇ ကနေ ၂၃ ထိ အဝေးသင်တက္ကသိုလ်စာမေးပွဲကြီးဖြေရသည်။
နောက်ပြစရာတစ်ခုက သား AEIS စာမေးပွဲအတွက် အသည်းအသန်လုပ်ရတာ။ တော်ပါသေးရဲ့။ ရွေးတဲ့အထဲပါသွားပေလို့။ မဟုတ်ရင် ခုထိ ခေါင်းကိုက်ရတုံးရှိအုံးမှာ။
(အဲလေ အမှတ်တရတွေထဲမှာ ကိုသောင်းတန်၊ ကိုစိုးလင်းတို့နဲ့အတူ သွားဟဲခဲ့တဲ့ “ရင်တွင်းမေ” လည်း ပါသပေါ့။)

လက်ညှိုးထိုးပြစရာဆိုလို့ သည်လောက်ပဲရှိသည်။ ကျန်တာ ဝေလေလေနဲ့ အချိန်ကုန်။ အဲလေ ဝေလေလေလဲတော့ မဟုတ်ပေဘူးပေါ့။ တောင်စဉ်ရေမရတွေနဲ့ အချိန်ကုန်။ 

ဒီနှစ်တော့ သင်တန်းတွေမရှိတော့ဘူးဆိုတော့ စာအုပ်တစ်အုပ်လောက် ထွက်နိုင်ကောင်းပါရဲ့။ တစ်နေ့တစ်နာရီအချိန်ယူပြီး မဖြစ်မနေလုပ်မကွလို့ အသည်းအသန်လုပ်ရင်တော့ မဖြစ်နိုင်စရာမရှိ။ ကြိုးစားကြည့်ဦးမှ။ စင်ကာပူ ခြင်္သေ့မြို့တော်၊ Welding Technology နဲ့ Piping Engineering စာအုပ်တွေရေးဘို့ဟာ ကိုင်ကိုမကိုင်နိုင်အား။

လောလောဆယ်တော့ ဇန္န၀ါရီ လကုန်ပိုင်းမှာပို့ချမဲ့ သင်တန်းနဲ့ ဟောပြောပွဲအတွက် ပြင်နေရလေရဲ့။

လုပ်ဦးမှ၊ လုပ်ဦးမှ။

မိတ်ဆွေများ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ အားမာန်အသစ်တွေနဲ့ စီးပွားအသစ်၊ သားသမီးရတနာအသစ်၊ အကြံသစ်၊ ဉာဏ်သစ် (ဘာကျန်သေးတုံး) တွေ တိုးပွားကြပါစေဗျား။

ကျေးဇူးတင်ပါ၏။

အေးငြိမ်း

၃၁ ဒီဇင်ဘာ၊ ၂၀၁၆။ ည ၁၁း၅၄ နာရီ။

သိမှတ်ဘွယ်ရာ ကိုယ်ရေးအချက်အလက်များ

မိတ်ဆွေတို့ရေ -

ဟောဒီစာအုပ်ကလေးကောင်းတယ်။
ဒါပေမဲ့ ဘယ်သူရေးတာလဲ။ ဘယ်ကနေ ဘယ်နှစ်ခုနှစ်မှာထုတ်တာလဲ စတာတွေ ဘာမှမပါတာတော့ အတော်ဆိုးတယ်။
စာအုပ်ကို scan ဆွဲထားတာဆိုတော့ ဖိုင်ဆိုဒ် အရမ်းကြီးတယ်။ 30 MB လောက်ထိ လျှော့ချနိုင်တဲ့ နည်းလမ်းလေးတွေရှိရင် လုပ်ကြပါဦး။ အခု ဖိုင်ကတော့ 140MB လောက်ရှိတယ်။ မြန်မာပြည်ဘက်က မိတ်ဆွေတို့ ဒေါင်းရတာ အဆင်ပြေမှ ပြေပါ့မလား တွေးမိလို့ပါ။

စိတ်ဝင်စားသူတို့ဖတ်ဖို့

http://www.mediafire.com/file/av861mncmzq82xa/Biography_%E1%80%9E%E1%80%AD%E1%80%99%E1%80%BD%E1%80%90%E1%80%B9%E1%80%96%E1%80%BC%E1%80%9A%E1%80%B9%E1%80%9B%E1%80%AC+%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8%E1%80%A1%E1%80%81%E1%80%BA%E1%80%80%E1%80%B9%E1%80%A1%E1%80%9C%E1%80%80%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8.pdf

ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျဦးမယ်

ဆယ်တန်းမှာ ဂုဏ်ထူး (၅) ဘာသာပါခဲ့ပါသတဲ့။ ကျွန်တော့်တူပါ။

“ကိုင်း၊ လာစမ်းပါအုံးကွ။ ငါ့ကို တစ်နှစ်မှာရှိတဲ့ မြန်မာလတွေ ရွတ်ပြစမ်း” ဆိုတော့ (၉) လပဲ သေသေချာချာရတယ်။
“ဒါနဲ့ မင်းဟာ မဟုတ်သေးပါဘူး” ဆိုပြီး “ငါ့ကို မြန်မာပြည်မြေပုံဆွဲပြီး ဟောဒီမြို့ကြီးတွေ ထည့်ပြကွာ” လို့ ထည့်ခိုင်းတယ်။
မြန်မာပြည်မြေပုံဆွဲထားလိုက်တာ ဆနွင်းမကင်းကို ကြွက်စားထားသလိုမျိုး။

မြစ်ကြီးနားက ဘယ်နားမှာတုံးဆိုတော့ ရန်ကုန်နဲ့ သိပ်မဝေးဘူး တဲ့။ သောက်ကယိုးနဲ။

ဒါနဲ့ ကမ္ဘာ့မြေပုံ ထပ်ဆွဲခိုင်းတယ်။ နေရာအထားအသိုတွေတော့ မှန်ပါရဲ့။ ပုံကျပန်းကျ မဆွဲတတ်ဘူး။ နိုင်ငံတွေကို ထောက်ပြခိုင်းတော့ အောင်မယ်၊ သိပ်မဆိုးဘူး။ နိုင်ငံတော်တော်များများကို မှန်အောင်ပြနိုင်တယ်။

အခု စင်ကာပူနိုင်ငံ သမ္မတရဲ့နာမည် သိသလား ဆိုတော့ ဟင့်အင်း။
ဒါဆိုကွာ မြန်မာနိုင်ငံရဲ့သမ္မတကြီး နာမည်ကို သိသလားဆိုတော့လဲ I don’t know.

မြန်မာနိုင်ငံရဲ့ ၀န်ကြီးချုပ်နာမည် ဘယ်သူလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် တဲ့။ (တခြားသူတွေမေးကြည့်လည်း အတော်များများ အဲသလို ဖြေလိမ့်မလား မသိ။)

ဓမ္မစကူးကပေးတဲ့စာအုပ်ကို ဖတ်ခိုင်းပြီး တစ်ပတ်လောက်ကြာတော့ မေးကြည့်ပြန်သဗျာ။

ကိုင်း ငါ့လူ။ ဘရားအလောင်းရဲ့ ဖြစ်တော်စဉ်လေး ပြောပြစမ်းပါ ဆိုတော့ -
ဟို . . ဘုရင်မကြီးက ဗိုက်ပူပြီး ကလေးမွေးတယ် . . တဲ့ 

တယ် . . . ငါလေ။

မင်းဟာမဟုတ်သေးပါဘူးကွာ၊ ဗိုက်မပူဘဲ ဘယ်လိုကလေးမွေးမလဲကွ။ ငါ့ပြောစမ်းပါအုံး။ ထားပါတော့ ဆက်ပြော ဆိုတော့ တရားကျင့်လိုက်တာ ဘုရားဖြစ်ကရော တဲ့။ သိပ်ရှည်ရှည်ဝေးဝေးမကြိုက်ဘူးထင်ပါရဲ့။ ခပ်တိုတိုပဲ။

အဲဒါနဲ့ မြန်မာပြည်မြေပုံကို ပရင့်ထုတ်ပေးပြီး ဆယ်ရက် လေ့ကျင့်ခိုင်းတယ်။

မနေ့ညက မြန်မာပြည်မြေပုံဆွဲခိုင်းတော့ အင်း၊ ဆနွင်းမကင်းထက်စာရင် အတော်တိုးတက်လာပြီ။ မြို့တွေထည့်ခိုင်းတော့ စစ်တွေနဲ့ ပဲခူးကို မှန်အောင်မထည့်နိုင်ဘူး။

မန္တလေးကို စာလုံးပေါင်းထားလိုက်တာကလည်း ဘုရားစူးရပါစေ့။
ဒါကဘာရေးထားတာလဲကွလို့ မေးတော့ ကျွန်တော် စာလုံးပေါင်း သိပ်မရဘူး တဲ့။ ဒါဆို မြန်မာလိုပဲရေးပြကွာ ဆိုတော့ မန္ဒလေး တဲ့။ သေဟဲ့နန္ဒိယ။ 



“ဒါနဲ့မင်း ဂုဏ်ထူး (၅) သာတောင်ထွက် ဆိုကွ” လို့ မေးတော့ ကျွန်တော်က တခြားဘာသာတွေပဲပါတာ၊ မြန်မာစာ မပါဘူး . . ဆိုပါလား။

ကိုယ်လည်း စိတ်တိုလာတာနဲ့ “ဟေ့ကောင် မန္တလေးကိုစာလုံးပေါင်းတတ်ဘို့ မြန်မာစာမှာဂုဏ်ထူးပါရမယ်လို့ မင်းကိုဘယ်သူပြောသလဲ။” အော်ထည့်လိုက်တယ်။

အဲဒါ ဂုဏ်ထူး (၅) ဘာသာပါတဲ့။

ရိုးရိုးအောင်တဲ့ကောင်တွေဆိုရင်တော့ -

ဟေ့ကောင်၊ မင်းအဖေ့နာမည်ဘယ်သူလဲ -

လို့မေးရင် -

ကျွန်တော်၏ အဖေမှာ ဦးဘ ဖြစ်ပါသည် -

လို့ ဖြေမယ် ထင်ပါရဲ့။

(ကျွန်တော်တို့ခေတ်တုံးက အဲသလောက်မဆိုးဘူး ထင်ပါရဲ့။ ဟုတ်တယ်မဟုတ်လား ဦးလေး/ဒေါ်လေး ၅ ထိပ်စီးတို့။)


စိတ်ပျက်ခြင်းများစွာဖြင့်

အေးငြိမ်း

၉ ဇန္န၀ါရီ၊ ၂၀၁၇