Monday, July 13, 2009

Living in Singapore XXXVI (Living Style V)

၁၂၊ ၇။ တယ်လီဖုံး
စင်ကာပူမှ တယ်လီဖုံး အသုံးပြုသူ ဦးရေမှာ စင်ကာပူတွင် နေထိုင်သူ လူဦးရေထက် ပိုများပါသည် ဟု ဆိုလျှင် ကြားရသူများအဖို့ အထူးအဆန်း သဖွယ် ဖြစ်ချင် ဖြစ်နေပါမည်။ သို့သော် အမှန်အားဖြင့် စင်ကာပူတွင် ဖုံးအသုံးပြုသူများမှာ လူဦးရေ၏ ၁၁၀ ရာခိုင်နှုံးခန့် ရှိပါသည်။ ဆိုလိုသည်မှာ လူ၁၀၀ လျှင် ဖုံး အသုံးပြုသူ ဦးရေ ၁၁၀ ရှိသည် ဟူသတည်း။
အဘယ်ကြောင့် ဆိုသော် အချို့လူများမှာ တစ်ဦးထည်းနှင့် လက်ကိုင်ဖုံး နှစ်လုံး ကိုင်သောကြောင့် ဖြစ်ပါသည်။
စင်ကာပူတွင် အဓိက တယ်လီဖုံး ကုမ္ပဏီကြီး သုံးခု ရှိပါ၏။
Singapore Telecom (SingTel), Web: http://www.singtel.com
MobileOne (M1), Web: http://www.m1.com.sg
StarHub Pte Ltd, Web: www.starhub.com.sg - တို့ ဖြစ်ပါသည်။
Social visit pass နှင့် စင်ကာပူတွင် နေထိုင်သူ တစ်ဦးသည် ဖုံးလိုင်းလျှောက်ပါက စရံငွေ ၅၀၀ တင်ရမည် ဖြစ်ပြီး
Work Permit ကိုင်ဆောင်ထားသူ တစ်ဦး ဖုံးလိုင်းလျှောက်ပါက စရံငွေ ၂၅၀ တင်ရမည် ဖြစ်ပါသည်။ ဖုံးလိုင်းချပေးရန် အတည်ပြုပြီး ၆ ရက်အတောအတွင်း ဖုံးလိုင်းဆင်ပေး ပါလိမ့်မည်။
တယ်လီဖုံးလျှောက်ခြင်းမှာလည်း အလွန်လွယ်ကူပါသည်။ တယ်လီဖုံး ကုမ္ပဏီများ၏ တရားဝင် အရောင်း ကိုယ်စား လှယ် အရောင်းဆိုင်များ တွင်လည်းကောင်း၊ စာတိုက်များ တွင်လည်းကောင်း ပုံစံဖြည့်ကာ ပိုက်ဆံသွင်းလိုက်လျှင် ပြီးပါသည်။
ဖုံးအရောင်း ကိုယ်စားလှယ် ဆိုင်များမှာလည်း စင်ကာပူ တလွှား အလွန်ပေါပါသည်။ မည်သည့်နေရာ သွားသွား တွေ့နိုင် ပါသည်။
ဖုံးလိုင်းလျှောက်ရာတွင် Mobile Phone (လက်ကိုင်ဖုံး) သုံးလိုသူတို့အတွက် စနစ် အမျိုးမျိုး ရှိပါသည်။ ဖုံးလိုင်းတစ်ခု ကို တစ်နှစ် သုံးရသော စနစ်၊ ၂ နှစ် သုံးရသော စနစ်၊ အင်တာနက်နှင့် တွဲပေးသော စနစ် စသည် ဖြစ်ပါသည်။ ဥပမာအားဖြင့် SingTel ကို နမူနာထားပြီး ဖော်ပြရလျှင် -

v iOne SuperValue Plan ဆိုလျှင် အ၀င်ခေါ်ဆိုမှု အခမဲ့၊ အထွက်ခေါ်ဆိုမှု မိနစ် ၈၀ အခမဲ့၊ local SMS အကြိမ် ၅၀ အခမဲ့။ လစဉ်ကြေး - S$ 15.00
v iOne Plus Plan ဆိုလျှင် အ၀င်ခေါ်ဆိုမှု အခမဲ့၊ အထွက်ခေါ်ဆိုမှု မိနစ် ၁၀၀ အခမဲ့၊ local SMS အကြိမ် ၅၀၀ အခမဲ့။ လစဉ်ကြေး - S$ 25.68
v 3G Flexi Plan ဆိုလျှင် အ၀င်ခေါ်ဆိုမှု အခမဲ့၊ အချိန်မရွေး ခေါ်ဆိုနိုင်သော အထွက်ခေါ်ဆိုမှု မိနစ် ၅၀၀ အခမဲ့၊ local SMS အကြိမ် ၅၀၀ အခမဲ့။ Free Local Data – 2GB။ လစဉ်ကြေး - S$ 95.00 - စသဖြင့် ဖြစ်ပါသည်။
ထို့ပြင် အခြား plan များလည်း များစွာ ရှိပါသေးသည်။

SingTel ကတော့ စကားပြောလို့ စက္ကန့်ပိုင်း စွန်းသွားလည်း တစ်မိနစ်စာ ပေးရသည်။ StarHub ကျတော့ စွန်းသွား သော စက္ကန့်ပိုင်းကို တစ်မိနစ်စာမဖြတ်။ စွန်းသော စက္ကန့်ပိုင်းကို တွက်ပြီး ကျသလောက် သာ ဖြတ်သည်။ သို့အတွက် StarHub ကို ကြိုက်သူများလည်း ရှိသည်။ သို့သော် နည်းနည်းတော့ ကွာပါသည်။ စင်ကာပူမှ အတန်ငယ်ဝေးသော နေရာ (ဥပမာ - ကျွန်း တစ်ခုခု) သို့ရောက်သွားလျှင် SingTel လိုင်းအဖို့ ဘာမှ မဖြစ်သော်လည်း StarHub လိုင်း ကိုင်ဆောင်သူများ မှာ လိုင်းမမိသည့် ဒုက္ခ ရှိသည်။ M1 လိုင်းမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်ပါ၏။
M1 လိုင်းသုံးသူချည်း စင်ကာပူတွင် ၁ သန်း ၆ သိန်းကျော် ရှိသည်ဟု ဆိုပါသည်။
M1 လိုင်းတွင်လည်း Plan များစွာ ရှိပါသည်။ ဥပမာ တစ်လလျှင် ၁၉ ကျပ် ၂၆ ပြား သာပေးရသော Sunlite Plan, မိနစ် ၁၀၀ အလကား ပြောရသော တစ်လလျှင် ၂၅ ကျပ် ၆၈ ပြားပေးရသည့် SunSaver Plan, ကြိုက်သလောက် ပြော၊ မရပ်မနားဘဲပြော၊ စကားပြောချိန်ကို ကန့်သတ်မထားသော တစ်လလျှင် ၂၀၁ ကျပ် ၁၆ ပြားပေးရသည့် M1 Talk All U Can Plan စသဖြင့် အမျိုးမျိုးရှိပါသည်။ StarHub တွင်လည်း ထိုကဲ့သို့သော plan များ ရှိသော်လည်း စာရှည်မည် စိုး၍ ချန်လှပ်ခဲ့ ပါမည်။ သိလိုသူများ -
SingTel Line အတွက် - http://home.singtel.com/
M1 Line အတွက် - http://m1.com.sg/
StarHub Line အတွက် - http://www.starhub.com/ များတွင် ၀င်ရောက် လေ့လာနိုင်ပါသည်။

ဖုံးလိုင်းလျှောက်ရတာ ဒုက္ခများသည် ထင်လျှင် ကြိုပေးဖုံးကဒ်(Prepaid Card) များလည်း ၀ယ်လို့ ရပါသေးသည်။ ထိုကဒ်များမှာတော့ ဘာကန့်သတ်ချက်မှ မရှိ။ ကြိုက်သလောက်ပြော၊ ကုန်သလောက် ထပ်ဖြည့်။ ဒါပဲ ဖြစ်ပါ၏။ သို့သော် သူ့တွင်လည်း plan အမျိုးမျိုး ရှိပါသည်။ ဘယ်လောက်တန်ကဒ်ကို ၀ယ်လျှင် နိုင်ငံတွင်းဘယ်မျှ ပြောရပြီး oversea (မြန်မာ ပြည် သို့ခေါ်ခြင်း) ဘယ်နှမိနစ် ပြောရမည် စသဖြင့် မစားရ ၀ခမန်းများ ကြော်ငြာထားသည်ကို မကြာခဏ တွေ့ရပါလိမ့် မည်။
အ၀င် ကို အခမဲ့ လုပ်လို့ရသလို အခမဲ့ မလုပ်ချင်လျှင်လည်း ရသည်။
ယခင်က ထို ကြိုပေးကဒ်များကို လွတ်လွတ် လပ်လပ် ၀ယ်ယူ သုံးစွဲ၍ ရသော်လည်း ယခုအခါ ကဒ်ကိုတော့ ကြိုက် သလို ၀ယ်လို့ ရပါသည်။ သို့သော် မိမိ Work Pass / NRIC စသည်များကို ဖော်ပြပြီး မှတ်ပုံတင် (Register) ရပါသည်။ သို့သော် ဤသို့ မှတ်ပုံတင်ခြင်း မှာလည်း မခဲယဉ်းပါ။ ၀ယ်သောဆိုင်တွင်ပင် တခါထည်း မှတ်ပုံတင်၍ ရပါသည်။ သို့မဟုတ် ပါကလည်း အထက်တွင် ဖော်ပြခဲ့သည့် 7 Eleven ဆိုင်များတွင် မှတ်ပုံတင်၍ ရပါသည်။
ထို ကြိုပေးကဒ်များကို ပိုက်ဆံကုန်သွား၍ ထပ်ဖြည့်ချင်လျှင် ATM စက်များတွင် ဖြည့်၍ ရပါသည်။ အခန်း(၈) ၊ ၈၊ ၂။ တွင် ကြည့်ပါ။ စင်ကာပူ၏ နိုင်ငံတကာ တယ်လီဖုံး ကုဒ်နံပါတ်မှာ (၆၅) ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံတကာ တယ်လီဖုံး ကုဒ်နံပါတ်မှာ (၉၅) ဖြစ်ပါသည်။ စင်ကာပူမှ မြန်မာပြည်သို့ ဖုံးခေါ်လိုသူများ ဖုံးနံပတ်ရှေ့တွင် နိုင်ငံနံပါတ် နှင့် ဒေသ နံပါတ် ထည့်နှိပ်ပေးရန် လိုပါသည်။ ဤတွင် နိုင်ငံ နံပါတ်ဟူသည်မှာ ထို နိုင်ငံတကာ ကုဒ်နံပါတ် ကို ပြောခြင်း ဖြစ်ပါသည်။ ထို့အတူ မြန်မာပြည်မှ စင်ကာပူ သို့ ဖုံးခေါ်လိုလျှင် ဖုံးနံပါတ် ရှေ့တွင် ၆၅ ထည့်ပေးရပါမည်။
တစ်ခုကောင်းသည်မှာ မိုဘိုင်းဖုံးလိုင်း တစ်ခုခုကိုဝယ်ပြီး plan တစ်ခုကို လက်မှတ်ထိုးလိုက်သည်နှင့် လက်ကိုင်ဖုံး တစ်လုံး အခမဲ့ လက်ဆောင်ပေးပါသည်။ အခမဲ့ ဆိုသော်လည်း မော်ဒယ် တော်တော်လေး မြင့်ပါသည်။ ပို၍ ကောင်းသော ဖုံးကို လိုချင်လျှင် ပိုက်ဆံ အလိုက်ပေး၍ မိမိကြိုက်သည့် မော်ဒယ်ကို ရယူနိုင်ပါသည်။ သို့သော် ထို လက်မှတ်ထိုးထားသော plan နှစ်အပြည့်တော့ သုံးဘို့ လိုပါသည်။ နှစ်မပြည့်ခင် လိုင်းဖြတ်လိုပါက လျှော်ကြေး ပေးရပါသည်။
ဖုံးလိုင်းလျှောက်ရတာ အလွန်လွယ်ကူ သည်က တစ်ကြောင်း၊ လစဉ်ကြေးများမှာလည်း မိမိ တတ်နိုင်သော ပမာဏ အတွင်းမှ ဖြစ်နေ၍ တစ်ကြောင်းတို့ကြောင့် စင်ကာပူတွင် လက်ကိုင်ဖုံးမရှိသူ ဟူ၍ ရှာမှရှားထဲက ဖြစ်ပါသည်။ အလွန် ထူးဆန်းလှသော လူတစ်ချို့မှ လွဲ၍ အားလုံးလိုလို လက်ကိုင်ဖုံး သုံးကြပါသည်။

စင်ကာပူမှ အခြားနိုင်ငံများသို့ ဖုံးလိုင်းမှနေ၍ တိုက်ရိုက် ဖုံးခေါ်လိုလျှင် သက်ဆိုင်ရာ လိုင်းအလိုက် အောက်ဖော် ပြပါ IDD (International Direct Dialing) Code များကို နှိပ်ပြီး ခေါ်နိုင်ပါသည်။

SingTel IDD Code : 001 or 019, 013 budget call, 020 to Malaysia
M1 IDD Code : 002
StarHub IDD Code : 008

တစ်ခု သတိထားရမည်မှာ ထိုကဲ့သို့ တိုက်ရိုက် ခေါ်လျှင် အလွန် ဈေးကြီးပါသည်။ နမူနာ အနေနှင့် ဖုံးခေါ်ခ ဈေးနှုံးများကို လေ့လာစေနိုင်ရန် အနည်းငယ် ဖော်ပြလိုက်ပါသည်။
SingTel Line မှ 001 ကို သုံး၍ မြန်မာပြည်သို့ တိုက်ရိုက် ခေါ်လျှင် တစ်မိနစ်လျှင် ၁ ကျပ် ၇၀ ကျပါသည်။
သို့သော် SingTel Line မှပင် 019 ကို သုံး၍ မြန်မာပြည်သို့ တိုက်ရိုက် ခေါ်လျှင်မူ တစ်မိနစ်လျှင် ၉၉ပြားပဲ ကျပါသည်။
(သို့သော် ဈေးပေါသော မည်သည့်ပစ္စည်းသည် ကောင်းသည်ဟု ရှိပါသနည်း။ 019 ဖြင့်ခေါ်လျှင် တခါတလေ ဖုံးသံမမြည်ပဲ အကြာကြီး နေပြီး ဖုံးချလိုက်သောအခါ အလိုလိုနေရင်း စကားမပြောရဘဲ ငါးမူး၊ တစ်ကျပ် စသဖြင့် စားစား သွားတတ်ပါသည်။ 001 ဖြင့် ခေါ်လျှင်မူ ခေါ်၍ မရသောအခါ ချက်ခြင်း လိုင်းပြတ်သွားသဖြင့် အပိုပိုက်ဆံ မကုန်ပါ။)
SingTel မှထုတ်သည့် SingTel World Card ဖြင့် ခေါ်လျှင် အလွန် ကောင်းပါသည်။ သို့သော် တစ်မိနစ်လျှင် ၆၆ ပြား ကျပါသည်။
SingTel မှပင် ထုတ်သည့် Hello Card ဖြင့် ခေါ်လျှင် တစ်မိနစ်လျှင် ၅၈ ပြား ကျပါသည်။ SingTel World Card လောက် တော့ မကောင်းပါ။ သို့သော်လည်း သုံးပျော်သည် ခေါ်ရပါမည်။
M1 မှ ထုတ်သည့် 1818 ကဒ် သုံး၍ ခေါ်လျှင် တစ်မိနစ်လျှင် ၄၅ ပြား ကျပါသည်။ သို့သော် ထိုလိုင်းသည်လည်း တစ်ခါတရံ တစ်ဖက်မှ ပြန်ထူးသံ မကြားရပဲ ဖုံးမြည်နေကာ တစ်ခါခေါ်လျှင် ငါးမူး စီ ဖြတ် ဖြတ် သွားတတ်ပါသည်။ လိုင်းမကောင်းသော အခါများတွင်မူကား စကားတစ်လုံးမှ မပြောလိုက်ရဘဲ ငါးကျပ်ဖိုးခန့် ကုန်သွားတတ်ပါသည်။
မည်သို့ပင် ဆိုစေကာမူ စင်ကာပူမှ မြန်မာပြည်သို့ International Calling Cards များ သုံးပြီးခေါ်လျှင် တိုက်ရိုက် ခေါ်သော နှုံးများထက် အများကြီး ဈေးသက်သာပါသည်။ စင်ကာပူတွင် အများဆုံးသုံးသော ဖုံးကဒ်များမှာ ငါးကျပ်တန် နှင့် တစ်ဆယ်တန်များ ဖြစ်ပြီး အောက်ပါကဒ်များမှာ လူသုံးများပါသည်။

ဖုံးမရှိသူများလည်း ပူစရာ မလိုပါ။ အဆောက်အဦများ အောက် တွင် သော်လည်းကောင်း၊ လမ်း ဘေးများ တွင် သော် လည်းကောင်း၊ ဘူတာများ၊ ဈေးများ တွင် သော် လည်းကောင်း အများပြည်သူသုံး ဖုံးများ ရှိပါသည်။
ထိုဖုံးများသည် ဆယ်ပြား စေ့ သုံး၍ ဆက်လို့ရသလို ဖုံးကဒ် များ (Chip Card) သုံး၍ လည်း
ဆက်နိုင်ပါသည်။ ဖုံးဆက်ခ မှာ ၃ မိနစ်လျှင် ၁၀ ပြားဖြစ်ပါသည်။

၁၂၊ ၈။ အင်တာနက်

ခေတ်သစ်လူနေမှုဘ၀တွင် အင်တာနက်သည် မရှိမဖြစ် အရေးကြီးသော အရာတစ်ခု ဖြစ်လာခဲ့သည်။ လုပ်ငန်းခွင် တွင်သော် လည်းကောင်း၊ စီးပွားရေးတွင် သော်လည်းကောင်း၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး စသဖြင့် နေရာ အားလုံးတွင် အင်တာနက် မရှိလျှင် အလုပ်မဖြစ်တော့ သလောက် ဖြစ်လာသည်။ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရာတွင် သော်လည်းကောင်း၊ တစ်နေရာနှင့် တစ်နေရာ စာပို့ရာတွင်၊ ငွေပေးငွေယူ လုပ်ငန်းများတွင်၊ သတင်း ဖလှယ်ရာတွင်၊ ဈေးကစားရာတွင်၊ တရား ပေစာများ ဖြန့်ဝေရာတွင်၊ စာသင်ကြားရာတွင်၊ လောင်းကစား လုပ်ရာတွင် စသဖြင့် အရာအားလုံး၌ အင်တာနက် ရှိလျှင် ပိုပြီး အဆင်ပြေသည်။
စင်ကာပူ အစိုးရဌာနများ ၌ အချို့သော လျှောက်လွှာများ၊ ငွေပေးငွေယူ ကိစ္စများကို အင်တာနက်မှ သာ လက်ခံ ပါသည်။ စာရွက်နှင့် တင်သော လျှောက်လွှာများကို လက်မခံပါ ဟု အတိအလင်း ကြေငြာထားပါသည်။ ငွေပေးချေရာ၌လည်း ငွေသားဖြင့် ပေးချေခြင်းကို အချို့ကိစ္စများ၌ သာ လက်ခံပြီး အတော်များများကို NETS Payment ဖြင့်သာ လက်ခံပါသည်။
စင်ကာပူတွင် အင်တာနက် သုံးရသည်မှာလည်း အလွန် အဆင်ပြေ ဈေးသက်သာလှ ပါသည်။ အထက်တွင် ဖော်ပြ ထားသော တယ်လီဖုံး ကုမ္ပဏီကြီးများမှပင် အင်တာနက်ကို တပ်ဆင်ပေးပါသည်။ တယ်လီဖုံးလိုင်းများတွင် plan အမျိုးမျိုး ရှိသကဲ့သို့ အင်တာနက်တွင်လည်း plan အမျိုးမျိုး ရှိပါသည်။
ယခင်ကတော့ dial-up ဟု ခေါ်သည့် အလွန်ဈေးသက်သာသော လိုင်းများကို သုံးကြသေးသောလည်း dial-up မှာ နာရီ အကန့်အသတ် ရှိသည့်ပြင် သုံးရသည်မှာ အလွန်နှေးလှသဖြင့် ယခုအခါ လူကြိုက်မများတော့ဘဲ ပို၍ မြန်ဆန်သလို အကန့်အသတ်မရှိ သုံးနိုင်ပြီး ဈေးလည်း သင့်တော်သော broadband လိုင်းကိုသာ သုံးကြပါတော့သည်။
မိမိက ခဏနေသဖြင့် အင်တာနက် မလျှောက်ချင်လျှင်လည်း အင်တာနက် ကဖေးများ ပေါပါသည်။ ဈေးမှာလည်း တစ်နာရီလျှင် ၂ ကျပ်မျှသာ ဖြစ်ရာ အလွန် သုံးပျော်သော နှုံးထားဖြစ်ပါ၏။ အင်တာနက်များ သည်မျှ ဈေးပေါလှသောကြောင့် စင်ကာပူတွင် အင်တာနက် ကဖေးများ အလုပ်မဖြစ်နိုင်ဟု မထင်ပါနှင့်။ ၀န်ဆောင်မှု ကောင်းလျှင် ကောင်းသလို ထိုဆိုင်များ တွင်လည်း အချိန်မရွေး (အထူးသဖြင့် ညပိုင်းနှင့် ပိတ်ရက်များ) လူပြည့်နေသည်ကို တွေ့ရပါလိမ့်မည်။
ဤနေရာတွင် SingTel နှင့် M1 မှ ပေးသော အင်တာနက် ၀န်ဆောင်မှုများ အကြောင်းကို နမူနာအဖြစ် အနည်းငယ် ဖော်ပြပါမည်။

ထို့ပြင် လစဉ်ကြေး ၂၇ ကျပ် ပြား ၉၀ တန်၊ ၃၁ ကျပ်တန်၊ ၄၃ ကျပ် ၈၂ ပြားတန် 3Mbps Unlimited Plan များ။
လစဉ်ကြေး ၃၅ ကျပ် ပြား ၉၀ တန်၊ ၃၉ ကျပ် ပြား ၉၀တန် တစ်နှစ်စာချုပ် 6Mbps Unlimited Plan များ စသဖြင့် မျိုးစုံ ရှိ ပါသည်။ မိမိကြိုက်နှစ်သက်ရာ ရွေးချယ် လျှောက်ထားနိုင် ပါသည်။
ထို့ပြင် တစ်လိုင်း လျှောက်ထားလျှင် မိမိနှင့် အတူနေသူ သူငယ်ချင်းများနှင့်လည်း ခွဲဝေကာ သုံးနိုင်သဖြင့် တစ်ဦးလျှင် ၁၄ - ၅ ကျပ်မျှသာ ကျတော့သည် ဖြစ်ရာ အလွန် သုံးပျော်ပါသည်။ အင်တာနက်လိုင်း လျှောက်လိုက်သည်နှင့် မော်ဒန်ပါ အခမဲ့ရသည့်ပြင် သူတို့လာဆင်ပေးသဖြင့် အလွန် အဆင်ပြေပါသည်။
ဥပမာ - SingTel Mio Plan ကို လျှောက်လျှင် အိမ်ဖုံး အခမဲ့ သုံး၍ ရသည်။ လက်ကိုင်ဖုံး နှင့် မိနစ် ၁၀၀ အခမဲ့ ခေါ်၍ ရသည်။ Modem လည်း အခမဲ့ ရသည်။ တစ်လလျှင် ၆၈ ကျပ်ဖြစ်၏။ သူငယ်ချင်း လေးယောက် မျှဝေသုံးစွဲသည် ဆိုပါစို့။ တတ်နိုင်လျှင် တစ်နေ့လုံး၊ တစ်ညလုံးသုံး၊ ၂၄ နာရီသုံး။ တစ်လမှ ၁၇ ကျပ်သာ ဖြစ်ပါသည်။

No comments: