Saturday, July 18, 2009

Build Your Future VIII

အခန်း (၅)

အထွေထွေ

၅၊ ၁။ Short Term Visit Pass သက်တမ်းတိုးခြင်း

သင်သည် စင်ကာပူတွင် နှစ်လတန်သည်၊ သုံးလတန်သည် နေမည်ဆိုပါက လက်ရှိ ကိုင်ဆောင် ထားသော Short Term Visit Pass ကို သက်တမ်း တိုးရန် လိုပါလိမ့်မည်။
သို့သော် ထိုသို့ သက်တမ်း တိုးခြင်းအတွက် တစုံတရာ စိုးရိမ်စရာ မရှိပါ။ အင်တာနက်မှ တိုး၍ ရပါသည်။ ထိုကဲ့သို့ တိုးခြင်းကို e-XTEND Online ဟု ခေါ်ပါသည်။ အင်တာနက်ကို ၀င်ပြီး လိုအပ်သည် များကို ဖြည့်ကာ submit လုပ်လိုက်လျှင် ပြီးပါသည်။ ဤကဲ့သို့ ပြုလုပ်ရန် ICA Website https://www.psi.gov.sg/ သို့ ၀င်ပါ။
e-XTEND လုပ်သူများ အနေနှင့် စာအုပ်ပေါ်တွင် တံဆိပ်တုံး ထုရန် မလိုပါ။ Visit Pass သက်တမ်း မကုန်မီ အနည်းဆုံး ၂ ရက် ကြိုတင်၍ သက်တမ်း တိုးရ ပါမည်။ ထို့ပြင် နီးရာစာတိုက် တစ်ခုခုတွင် သွားရောက် extend လုပ်နိုင်ပါ သေးသည်။
သက်တမ်းတိုးခ မှာ S$40.00 ဖြစ်ပြီး အများဆုံး ရက် ၉၀ (စင်ကာပူသို့ စတင် ၀င်ရောက်သည့် နေ့မှ စ၍) ထိ တိုးနိုင် ပါသည်။

၅၊ ၂။ ဆေးစစ်ရန် လာလိုသူများ

စင်ကာပူသို့ ဆေးကုသခံယူရန် လာလိုသူများအတွက် ဤစာအုပ် တတိယပိုင်း၊ အခန်း (၉) တွင် အပြည့်အစုံ ဖော်ပြ ထားပါသည်။

၅၊ ၃။ စင်ကာပူမှ မြန်မာပြည်သို့ ပြန်ခြင်း

စင်ကာပူသို့ ခေတ္တ အလည်အပတ် လာသူများဖြစ်စေ၊ အလုပ် လာလုပ်သူများ ဖြစ်စေ၊ စင်ကာပူ နိုင်ငံသား ခံယူပြီး စင်ကာပူတွင် အပြီးအပိုင် နေထိုင်သူများပင် ဖြစ်စေ အကြောင်း အမျိုးမျိုးဖြင့် မြန်မာပြည်သို့ ပြန်ကြရဦးမည် ဖြစ်ပါသည်။ သို့အတွက် မြန်မာပြည်သို့ ပြန်ရန် ပြင်ဆင်ခြင်း သည်လည်း အရေးကြီးသော အချက်တစ်ခု ဖြစ်ပေရာ ဤနေရာတွင် တတ်နိုင် သမျှ ပြည့်စုံအောင် ဖော်ပြလိုက်ပါသည်။

ခေတ္တ အလည်လာသူများ ပြန်ခြင်း

စင်ကာပူသို့ အလည်လာပြီး မြန်မာပြည်သို့ ပြန်မည့်သူများသည် မည်သူမဆို မိမိတို့၏ အိမ်သူ အိမ်သားများ၊ ဆွေမျိုးသားချင်းများ၊ မိတ်ဆွေ အပေါင်းအသင်း များအတွက် လက်ဆောင် ပစ္စည်းများ၊ စားစရာ သောက်စရာများ ၀ယ်ယူသွား လိုပေလိမ့်မည်။ သို့ဝယ်ရာတွင် ပစ္စည်းစုံပြီး၊ ဈေးလည်း သက်သာသော နေရာဖြစ်သည့် မူစတာဖာ စင်တာ တွင် သွားရောက် ၀ယ်ယူနိုင် ပါကြောင်း ညွှန်းလိုက်ပါသည်။

Work Permit Holder များ မြန်မာပြည် ပြန်ခြင်း

ထိုသူများအဖို့ အရေးကြီးသည်မှာ အပြီးပြန်သည် ဖြစ်လျှင် မိမိတို့ ကိုင်ဆောင်ထားသော Work Permit ကို ကုမ္ပဏီမှ cancel လုပ်ပြီး မိမိ လက်ထဲတွင် Special Pass ရရှိထားရန် ဖြစ်ပါသည်။ Work Permit ကို cancel လုပ်အပြီး ၇ ရက်အတွင်း စင်ကာပူနိုင်ငံမှ ထွက်ခွာ ပေးရပါမည်။ လေဆိပ်မှ ထွက်ခွာ သောအခါ ထို special pass ကို လေဆိပ်ရှိ immigration တွင် အပ်နှံခဲ့ ရမည် ဖြစ်ပါသည်။
အကယ်၍ ခွင့်ပြန်သည် ဖြစ်ပါမူ ကုမ္ပဏီမှ ခွင့်စာ ရယူရန် လိုပါသည်။ ထိုခွင့်စာကို လေဆိပ်တွင် ပြရပါမည်။ သို့မှသာ လေဆိပ်က မိမိပတ်စ်ပို့ စာအုပ်ပေါ်တွင် ခွင့်နှင့်ပြန်လာသူ ဖြစ်ကြောင်း မှတ်ချက် ပေးလိုက်မည် ဖြစ်ပါသည်။ ခွင့်ပြန်သူများ အနေနှင့် မြန်မာပြည် တွင် တစ်လထက် ပိုမနေဘဲ စင်ကာပူ ပြန်လာပါက ဘာမှ လုပ်စရာ မလိုဘဲ သည်အတိုင်း ပြန်ထွက် လာ၍ ရသော်လည်း တစ်လထက် ပိုနေသူများ အဖို့ ပြည်ပထွက်ခွာခွင့် (D Form) ထပ်လုပ်ရပါမည်။

မည်သည့် အကြောင်းကြောင့် ပြန်သည်ဖြစ်စေ မိမိပြန်လိုသည့်ရက်တွင် ပြန်နိုင်ရန် လေယာဉ် လက်မှတ် ကို ခပ်စောစော ကတည်းက တင်ကြို booking လုပ်ထားရန် လိုပါသည်။ အထူးသဖြင့် စင်ကာပူ၏ ရုံးပိတ်ရက်ရှည် ဖြစ်သော တရုပ် နှစ်ကူး ပိတ်ရက်များ တွင် ခရီး အသွားအလာ များတတ်ရာ ထို ပိတ်ရက်များ တွင် ပြန်လိုသူတို့ အဖို့ နှစ်လ၊ သုံးလ အကြို ကတည်းက booking လုပ်ထားသင့် ပါသည်။

ချန်ဂီလေဆိပ် အတွင်းပိုင်းကို တွေ့ရစဉ်

လေယာဉ် လက်မှတ်များကို ပင်နင်စူလာ ပလာဇာရှိ မြန်မာ ဆိုင်များ၌ လွယ်ကူစွာပင် မှာယူ ရရှိနိုင်ပါသည်။ ပစ္စည်းများ ထုပ်ပိုးသော အခါတွင် မြန်မာပြည်မှ လာစဉ်က ကဲ့သို့ပင် အလေးချိန်ကို ခန့်မှန်း ထည့်သိုရန် လိုပါသည်။ သို့မဟုတ်ပါက ကီလိုပို အများကြီး ပေးဆောင်ရ ပါလိမ့်မည်။ Check-in ကိုလည်း လေယာဉ်ထွက် မည့်အချိန်ထက် နှစ်နာရီ စော၍ လုပ်ပါသည်။
လေဆိပ်သို့ ရထားဖြင့်သွားလျှင် အစိမ်းရောင် လိုင်းဖြင့်သွားပြီး Tanah Merah interchange တွင် လေယာဉ်ကွင်းသို့ သွားမည့် ရထားကို ပြောင်းစီး ပါ။
လေဆိပ်ထဲတွင် မိမိစီးရမည့် လေယာဉ် ခရီးစဉ်အမှတ်၊Check-in လုပ်ရမည့် Row နံပါတ်၊ လေယာဉ်ထွက်မည့် အချိန် စသည်တို့ကို ဖော်ပြထားသော ကွန်ပြူတာ ဖန်သားပြင်များကို တွေ့နိုင်ပါသည်။
ချန်ဂီလေဆိပ်တွင် Terminal 1, 2, 3 ဟု ရှိရာ မိမိ မည်သည့် Terminal မှ စီး ရမည် ကိုလည်း သိထားရန် လိုပါသည်။ ဤတွင် Terminal 2 သည် ဘူတာနှင့် အနီးဆုံး ဖြစ်ပါသည်။ ဘူတာမှ ထွက်ပြီး ရှည်လျှား၊ မြင့်မား လှသော စက်လှေခါးကြီး ကို စီးတက်သွားလျှင် Terminal 2 သို့ရောက်ပါသည်။
အထက်ဖော်ပြပါ ကွန်ပြူတာ ဖန်သားပြင် ကြီးတွင် မိမိစီးမည့် ခရီးစဉ် အတွက် ညွှန်ပြထားသော Row နံပါတ်တွင် Check-in လုပ်ပါ။ ကီလိုပို နေလျှင် ထို Row များ အဆုံးတွင် ကီလိုပို ပေးဆောင်ရာ ကောင်တာ ရှိပါသည်။ ထိုနေရာသို့ သွားပြီး ကျသင့်ငွေကို ပေးပါ။
Check-in လုပ်ပြီး လေဆိပ်ထဲဝင်လိုဝင်၊ စောနေသေး သဖြင့် မ၀င်လို သေးသော် မိတ်ဆွေများနှင့် လေဆိပ်ထဲရှိ စားသောက်ဆိုင် များတွင် အဆာပြေ စားသောက်လို့ ရပါသည်။ ထို့နောက် လေဆိပ်အတွင်း ပိုင်းသို့ ၀င်သွားလျှင် ပထမဆုံး ဖြတ်ရမည်မှာ လ.၀.က ဖြစ်ပါသည်။ လ.၀.က တွင် လိုအပ်သော စာရွက် စာတမ်း ကိစ္စများ ကို ရှင်းလင်းပြီး လက်မှတ်ပေါ်တွင် ရေးထား သည့် Channel သို့ သွားရပါမည်။ ထို Channel ကို မည်သို့ သွားရမည်ကိုလည်း လမ်းညွှန်များ ထားပေးထား ပါသည်။ လမ်းညွှန် အတိုင်း လိုက်သွားလျှင် မှားစရာ မရှိပါ။
မိမိ လေယာဉ် စောင့်ဆိုင်းရမည့် အခန်းငယ်သို့ အ၀င်တွင် မိမိတွင် ပါလာသော လက်ဆွဲ အထုပ်အပိုးများကို စစ်ပါသည်။ သတိပြုရ မည်မှာ ထို လက်ဆွဲ အထုပ်အပိုးများ အတွင်းသို့ ခေါင်းလျှော်ရည်၊ ဆပ်ပြာရည် စသော အရည်များ ကို ထည့်သွင်း သယ်ယူခွင့် မပြုပါ။ ထိုအရည်များ သယ်လိုပါက Luggage အထုပ်များထဲ ထည့်သွင်း သယ်ဆောင်ရ ပါမည်။

၅၊ ၄။ မြန်မာပြည်အ၀င် White Card ဖြည့်ခြင်း နှင့်
အကောက်ခွန် ဖြတ်ခြင်း

လေယာဉ်စီးခြင်းမှာ အထက်တွင် ဖော်ပြ ခဲ့ပြီးဖြစ်၍ ထပ်မံ မဖော်ပြ တော့ပါ။ သို့ရာတွင် မြန်မာပြည် တွင်းဝင်ရန် White Card နှင့် အကောက်ခွန် ကြေငြာချက်ပုံစံ ဖြည့်ရန်တော့ လိုပါလိမ့်မည်။
White Card နှင့် Custom Declare ပုံစံ များကို လေယာဉ် ပေါ်မှာ ကတည်းက ဝေပေးပါ လိမ့်မည်။ မိမိ အိမ်သာ သွားနေခိုက် သို့မဟုတ် အိပ်ငိုက် နေခိုက် လာဝေသွား၍ မရလိုက်သော် လေယာဉ်မယ် ကလေးများ ထံ တောင်းယူပါ။
ထို့နောက် အောက်ပါ ပုံစံတွင် ဖော်ပြ ထားသည့် အတိုင်း White Card နှင့် Custom Declare ပုံစံ တို့ကို အဆင်သင့် ဖြည့်ထားပါ။ သို့မဟုတ်ပါက လေယာဉ်ကွင်း ရောက်မှ ဖြည့်ရ လျှင် အချိန်ကုန် ပါသည်။ မိမိကို လာကြိုနေသူ များအား မြင်နေရပါလျှက် လေယာဉ်ကွင်း အတွင်း မည်သူမျှ အချိန်ကုန် ခံလိုမည် မဟုတ်ပါ။



အကောက်ခွန် ကြေငြာချက် ပုံစံ
“လူကြီးမင်း တို့ စီးနင်းလာသော လေယာဉ်ကြီး သည် မကြာမီ အချိန်အတွင်း ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် သို့ ဆင်းသက်တော့မည် ဖြစ်ပါသည်” ဟု ကြေငြာသံကို ကြားလိုက်ရ သည့်ခဏ လပေါင်း များစွာ ခွဲခွာ နေခဲ့ရသော မိဘ၊ ညီအစ်ကို မောင် နှမ၊ ဇနီးမယား၊ သမီးသား၊ ဆွေမျိုး သားချင်းများ
နှင့် မကြာမီ အချိန်အတွင်း ပြန်လည် ဆုံတွေ့ရတော့ မည် ဟူသော အသိဖြင့် အားလုံး၏ ရင်တွင်းတွင် ရင်ခုံ ကြည်နူးမှုကို နွေးထွေးစွာ ခံစားလိုက်ရ ပါလိမ့်မည်။

ပတ်စ်ပို့၊ ခွင့်စာ၊ အခွန် ဆောင်ထားသော ပြေစာ မိတ္တူ၊ White Card စသည် တို့ကို အဆင်သင့် ပြင်ဆင်ထားပါ။ ရန်ကုန် လေဆိပ် အတွင်း ၀င်ရောက်လာ ပြီးနောက် ပထမဦးဆုံး လုပ်ရမည့် အလုပ်မှာ မြန်မာ ပြည် ၀င်ခွင့် ပုံစံကို ဖြည့်ခြင်း ဖြစ်ပါသည်။ ထိုပုံစံကို စောစီးစွာ ယူပြီး အဆင်သင့် ဖြည့်ထားပါ။ တန်းစီရင်း ဖြည့်နိုင် ပါသည်။ ထို့နောက် မိမိ အလှည့်ရောက် သော် အဆင်သင့် ထုတ်ထားသော ပတ်စ်ပို့၊ ခွင့်စာ၊ အခွန်ပြေစာ မိတ္တူ၊ White Card၊ မြန်မာပြည် ၀င်ခွင့်ပုံစံ စသည် တို့ကို ထုတ်ပေး လိုက်ပါ။ ထို့နောက် မိမိ အထုပ်များကို Luggage ခါးပတ် ပေါ်တွင် သွားရွေးပါ။ အထုပ်များ ရွေးပြီးသော် လေယာဉ်ပေါ် တွင် ဖြည့်လာသည့် အခွန်ကြေငြာချက် ပုံစံကို အဆင်သင့် ကိုင်ထားပြီး အကောက်ခွန် ကောင်တာ တွင် ပါလာသော အထုပ်များ ကို အစစ်ဆေး ခံပါ။
ထို့နောက်တွင်မတော့ လေဆိပ်မှ ထွက်ပြီး မိမိအား လာရောက် ကြိုဆိုနေသော မိသားစုများ နှင့် ၀မ်းသာ အားရ ပြန်လည် ဆုံတွေ့နိုင်ပြီ ဖြစ်ပါသတည်း။
လေယာဉ်ပေါ်မှ တွေ့ရသည့် မြန်မာပြည် ၏ အလှ

No comments: