Showing posts with label ကဗ်ာမ်ား. Show all posts
Showing posts with label ကဗ်ာမ်ား. Show all posts

Friday, August 18, 2023

သံသရာ

အရုဏ်ကျင်းတယ်ဆိုတာ

ဘာလဲလို့မေးမနေအား

 

အပြေးအလွှားပဲ ချက်ပြုတ်

တက်သုတ်ရိုက် ပြင်ဆင်ပြီး

မီးတွေဘာတွေ ငြိမ်းသတ်

(ဟိုက်)

ဓာတ်လှေကား ပျက်နေပါလား

စိတ်စက်များ ညစ်ပါရဲ့

တစ်ရာခြောက်ဆယ် နှစ်ထစ်သော လှေကား

မနားတမ်း ပြေးဆင်း

ဟင်း . . . . ကနဲ သက်ပြင်းအချ

ကားကလည်း စထွက် . . . . 

 

နေမတက်ခင် အလုပ်စ

များပြားလှသောအလုပ်

တစ်ရက်လုပ်လည်း မပြီး

နှစ်ရက်လုပ်လည်း မပြီး

ငြီးလို့ကလည်း မဖြစ် 

(အနို့ . . ဒါ အလုပ်ပဲလေ)

 

ဒီလိုနဲ့ပဲ

ခြောက်နာရီခွဲတော့

မိန်းဂိတ်မှာ တန်းစီ

လော်ရီပေါ် တိုးဝှေ့တက်

ခပ်သွက်သွက် မောင်းနှင်

အိမ်ရောက်ချင်ကြပြီလေ

 

အိမ်ရောက်ပြန်တော့

အသော့ကလေး ရေမိုးချိုး

ထမင်းအိုး ဟင်းအိုး ပြင်ဆင်

သူဝင်လို့ငါထွက်

မီးဖိုထဲမှာ ရှုပ်ရှက်ခပ်

ညနေစာ တစ်နပ်စား

 

အားလုံးပြီးမှ

ခေါင်းချလို့မှေးစက်

အိပ်မက်တောင် မမက်အားပါ

 

ဒါ . . . . ကျွန်တော်တို့ရဲ့ သံသရာ

အဲဒါ . . . သံသရာ။

 

အေးငြိမ်း (လေးမျက်နှာ)

၁၄ အောက်တိုဘာ ၁၉၉၈

နေ့လယ် ၂း၂၀ နာရီ

Tellus Marine Engineering

Keppel Shipyard

Singapore


Wednesday, September 21, 2016

သပြေညိုနှင့် အခြားကဗျာများ - မင်းသုဝဏ်

ပုဂံခေတ်က တည်သွားခဲ့သော စေတီပုထိုးပေါင်းမှာ မနည်းလှ။ အင်ဂျင်နီယာနည်းပညာဟူသည်ကို အနံ့မျှ မနံစဖူးသော ခေတ်က အဆောက်အဦးများကို နှစ်ပေါင်းထောင်နှင့်ချီကြာအောင် မပျက်မစီးပဲ တည်ဆောက်နိုင်သည်ဆိုသော စွမ်းရည်မှာ မနည်းလှ။ သို့သော် ထိုအဆောက်အဦများကို တည်သွားသည့် အင်ဂျင်နီယာကြီးများ၊ ပိသုကာကြီးများ၏ နာမည်ကို မှတ်သားမိသူ၊ မှတ်တမ်းတင်ထားမိသူ ဘယ်နှစ်ယောက်ရှိပါသနည်း။

သို့သော် သူတည်းတစ်ယောက် အစချီ မျက်ဖြေလင်္ကာကိုရေးဖွဲ့ခဲ့သည့် အနန္တသူရိယအမတ်ကား ယနေ့ထိုင် ထင်ပေါ် ကျော်ကြားနေဆဲတည်း။

ပုဂံခေတ်သာမဟုတ်ပါ။ မြန်မာ့သမိုင်းတွင် ကုန်းဘောင်ခေတ်ကျမှပေါ်ခဲ့သော ဖန်ချက်ဝန် ဦးရွှေအိုးစသည့် အင်ဂျင်နီယာ ကြီးများလောက်သာ နာမည်ကျန်ခဲ့သည်။ ယခင့်ယခင်က ဟံသာဝတီနန်းတော်ကြီး၊ ကေတုမတီနန်းတော် စသည်တို့ကို တည်ဆောက် ခဲ့သည့် အင်ဂျင်နီယာများ နာမည်ကျန်ခဲ့ပါသလော။ ဟင့်အင်း။

သို့သော် ရှင်မဟာရဋ္ဌသာရ၊ နတ်သျှင်နောင်၊ လှိုင်ထိပ်ခေါင်တင်၊ နန်းတွင်းသူမိဖြူ၊ မိညို၊ ဦးကြီး၊ ဦးမင်း စသော စာဆိုတို့ နာမည်ကား ယခုတိုင် မသေ။ စာပေလိုက်စားသူတိုင်း သိကြသည်။

ထိုမျှသာမကသေး။

အနှီ ပုဂံဘုရားစသည်တို့ကို မည်ကဲ့သို့ အခိုင်အခံ့တည်ဆောက်သွားခဲ့သည်ဆိုသည့် မှတ်တမ်းမှတ်ရာများရော ကျန်ခဲ့ပါသလော။ ဝေးစွ။ သို့သော် သူတည်းတစ်ယောက် လင်္ကာကလေးမှာမူ စာလုံးတစ်လုံးမှ မချွတ်ယွင်းရစေပဲ ယနေ့တိုင် တည်တံ့ခိုင်မြဲနေပေလေသေး၏။

သည်မျှလောက်ဆိုလျှင် ကဗျာစာပေနှင့် အခြားအတတ်ပညာတို့ မည်မျှကွာခြားကြောင်း မိတ်ဆွေတို့ ရိပ်မိလောက်ပါပြီ။

စာဆို ဟူသည်ကို ဖန်တီးယူလို့မရ။ ငွေပေးပြီး သင်ယူလို့မရ။
ဤသည်မှာ ပါရမီ၏ အရာသာဖြစ်ချေသည်။

ကံကောင်းထောက်မစွာဖြင့် ကျွန်တော်သည် ကဗျာချစ်သူ၊ စာချစ်သူတစ်ဦးဖြစ်ခဲ့၏။ ဟို့ ငယ်စဉ်တောင်ကျေး ကလေးဘ၀ ကတည်းက ကျွန်တော် ကဗျာများကို နှစ်ခြိုက်ခဲ့သည်။ မဂ္ဂဇင်းတွင်ပါသည့်ကဗျာများကို ဖတ်ရရုံနှင့် အားမရ။ ဗလာစာအုပ်ထဲတွင် ကူးယူမှတ်သား၊ ကျက်မှတ်ခဲ့လေသည်။

ချောတမူ၊ မနောဖြူ၊ သဘောအူစင်း
အပြောမူလင်းတဲ့၊ တို့တောသူ

ဟန်တွေ၊ ပန်တွေ၊ မာန်တွေမထပ်
ကန်ရေခပ်တဲ့၊ တို့တောသူ . . . စသည့်အဖွဲ့များကို အသည်းစွဲခဲ့သည်။

မောင်မောင်ရယ် ဘယ်ခါညှိုးပါဘု
မြတ်နိုးရင် ပန်ချင်ပန်လေ့
မပန်ချင် တွင်တွင် ငြင်းရင်လည်း
တသင်းသင်းနေမယ် နော် . . .

လှလိုက်တာခင်ဗျာ။ ဆရာတင်မိုး၏ သည်ကဗျာလေးကို ကျွန်တော်နှစ်ခြိုက်သည်ဆိုတာထက် ဟိုဘက် သုံးဘူတာလောက် လွန်နေသေး၏။

ဒေသကောလိပ်ကျောင်းသားဘ၀က ဆရာကြီးမင်းသုဝဏ်၏ ကဗျာလေးတစ်ပိုင်းတစ်စကို သင်ရသည်။

တောစံပယ်ဖြူ
ဝတ်မှုံကျင်းတဲ့ သင်းကြူကြူကို
လေခြူလို့လွှင့်
ပန်းထုံတဲ့လေချိုမှာ
ရွှေချိုးပျို ကူသံဆင့်ပေလိမ့် . . .

ချစ်စရာကောင်းလိုက်တာခင်ဗျာ။ တောဖွဲ့။ ကျွန်တော်က တောသားဆိုတော့ တောဖွဲ့များကို အလွန်နှစ်သက်သည်။
သို့သော် ဆရာမင်းသုဝဏ်၏ သည်အဖွဲ့လောက် ကျွန်တော့်နှလုံးကို သိမ်းကြုံးဆွဲငင်နိုင်သည့်အဖွဲ့များကို သည်ကနေ့ထိ မတွေ့မိသေး။

သည်ကဗျာပိုင်းကလေးတွေ့တော့ တစ်ပုဒ်လုံးကိုဖတ်ချင်၍ အသည်းအသန်လိုက်ရှာသည်။ သို့သော် တောဆိုတော့ ဘယ် လွယ်လွယ်နဲ့ရလိမ့်မတုံး။

ရန်ကုန်ရောက်လာတော့ စာအုပ်အဟောင်းဆိုင်များတွင်လိုက်မွှေရသည်။ နောက်တော့မှ လမ်းဘေးစာအုပ်ဆိုင်တွင် မင်းသုဝဏ် ကဗျာများ ဆိုသော စာအုပ်အဟောင်းကလေး သွားတွေ့၏။ ကျွန်တော့်မှာ သုံးပိဿာလောက်ရှိသော ရွှေတုံးကို ခလုတ်တိုက် လဲမိသူအလား ထိုကဗျာစာအုပ်ကလေးကို ကမန်းကတန်း ၀ယ်မိသောဟူ၏။

သို့သော် စာအုပ်ကလေးမှာ ဟောင်းလှပြီ။ စာအုပ်ချုပ်သူက စာမျက်နှာများကို ဦးဇောက် ပြောင်းပြန်ချုပ်ထားလေရာ စာမျက်နှာများကို မနည်းရှာဖတ်ရသည်။ စာမျက်နှာများလည်း မစုံတော့။ စာမျက်နှာ ၃၃ မှ ၄၈ ထိ ပျောက်နေသည်။

သို့သော် မရှိတာထက်စာလျှင် အပုံကြီးတော်သေးသည် ဟု စိတ်ကိုဖြေရ၏။ (မိတ်ဆွေများတွင်ရှိလျှင် ဝေမျှကြပါကုန်။)

ယခု ထိုစာအုပ်ကလေးကို ကဗျာချစ်သူမိတ်ဆွေများ ဖတ်ရှုနိုင်စေရန် ဝေငှလိုက်ပါသည်။
စာမျက်နှာများ ရှေ့နောက်ပြောင်းပြန်ဖြစ်နေ၍ JPEG ဖိုင်ပြောင်းကာ ပြန်စဉ်ထားပါသည်။

ဖတ်ရှု ခံစားနိုင်ကြပါစေကုန်သတည်း။

အေးငြိမ်း

၁၃ သြဂုတ်၊ ၂၀၁၆။ နေ့လည် ၁း၁၀ နာရီ


































Saturday, July 28, 2012

ဗိုလ်ချုပ်သို့ (၂၆) နှစ်ကြာ သမိုင်းရှင်းတမ်း

 
၁၉၈၈ ခုနှစ်အရေးတော်ပုံတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ နှင့် ကျောင်းသားများ ဒီမိုကရက်တစ်ပါတီ သွေးစည်းညီညွတ်ရေး ရဟန်းတော် (မေဃသာ) ၏ အလွန်ကျော်ကြားလှသော ကဗျာကို စာအုပ်ဟောင်းများမှ ပြန်လည် ရှာဖွေ တွေ့ရှိပါသဖြင့် မိတ်ဆွေအပေါင်းသို့ ဝေငှလိုက်ပါသည်။



ဗိုလ်ချုပ်သို့ (၂၆) နှစ်ကြာ သမိုင်းရှင်းတမ်း



(၁)        ချစ်လှစွာသော ဗိုလ်ချုပ်

            အတိုချုပ်၍ ကျွန်ုပ်တင်ပြပါမည်

            ဗိုလ်ချုပ်မရှိသည့်နောက်

            ၆၂ ခုလောက်ထင်ပါသည်

            ဖနောင့်တို နဖူးမောက်

            နှာယောင်ကောက်ကောက်

            ဦးဏှောက်မသန်စွမ်းတဲ့

            ခြေလက်ဆော့ မျောက်တွေရဲ့ အတ္တလက်မှာ

            မြန်မာပြည် ကျရောက်ခဲ့ပါတယ်။



(၂)        အရှေ့တောင်အာရှရဲ့

            မဟာစနေဂြိုဟ်ဆိုး

            သည်းခြေပျက် မျောက်ရူးမျိုးတွေဟာ

            အခိုးရမ္မက်လွှမ်းတဲ့ မျက်လုံးတစ္ဆေ

            ရက်စက်ကြမ်းတမ်းတဲ့ လက်စုန်းကဝေ

            ခြောက်သွေ့ပူပြင်းတဲ့ ပါးစပ်ဥပဒေ

            ပုပ်ပွနံစော်တဲ့ ယတြာနတ်မှူးတွေနှင့်

            အထူးပြည့်စုံ ဘုန်းမီးနေလတောက်စွာ

            မြန်မာပြည်ကို နာဇီလို အုပ်ချုပ်ခဲ့ကြပါတယ်။



(၃)        တန်ခိုးအာဏာနှင့် သူခိုးရာဇာတို့ကြား

            သွေးစုတ်ခံ ပြည်သူတို့ အများစုမှာ

            လွတ်လပ်ရေးအရသာ ချိုသတဲ့လား

            ဒီမိုကရေစီဆိုတာ ချိုနဲ့လား

            ယောင်ဝါးဝါးပါဘဲ

မျောက်သမီးသား၊ ဇနီးမယားတို့အတွက်

            လယ်ထွက် ယာထွက် တွင်းထွက် စက်ရုံထွက်

            သွေး . . . ချွေးစက်နှင့် ပေးဆက်ရင်း

            မြင်းမိုရ်ထိပ်ဖျား၊ ကုန်ဈေးနှုန်းကြားမှာ

            အားငယ်ခြင်း နှလုံးမသာယာခြင်း

            စိတ်ဓါတ်ကျခြင်း၊ မျှော်လင့်ချက် ကင်းမဲ့ခြင်း

            ဆင်းရဲခြင်း ဒုက္ခသံသရာမှာ

            နှစ် (၂၀) ကျော်ကြာ၊ မဟာအုတ်မြစ်

            ဂုတ်ညှစ်လို့ နေပါတယ်။



(၄)        ကိုယ်ယူကိုယ်ရစနစ်နှင့်

            အလိုတူ အလိုကျဖြစ်အောင်

            စစ်ခေါင်းဆောင်နောက် ခြေဖ၀ါး

            ခံစားတဲ့ ၀ံပုလွေ မြေခွေး

            ညစ်ထေးတဲ့ လက်နှီးစုတ်စိတ်ဓါတ်

            လူသတ်တဲ့ လက်ညှိုးနှင့် ကျည်ဆံ

            တယူသန်ဝါဒ အဆိုးမာန

            ငါ့နာဇီ၊ ငါ့ မဆလ ယ၊ ငါကွ ဒေါသကုမ္မာရ

            အဖာဗလပွ အာဏာမကျရေးအတွက်

            အပြစ်မဲ့ ပြည်သူ့သွေး

            ခြေဆေးလို့ နေပါတယ်။



(၅)        နွားချေးအတွင်းခံ အပြင်ယံရွှေမှုန်ကျဲ

            မျက်နှာမွဲ စဏ္ဍာလ

            ဒေ၀ါလီခံဘ၀ တက်ကြွစွာ ချီတက်ရင်း

            စီးပွားရေး ကျန်းမာရေး ပညာရေး

            တစ်ရေးမှမအောင်မြင်၊ ခွေးမျှ မဟောင်ချင်အောင်

            (စင်ကာပူ၊ မလေးရှား၊ ကိုးရီးယား၊ ဟောင်ကောင်)

            အာရှနဂါး၊ လေးကောင်ကြားမှာ

            တီကောင်မျှလားလား မဖြစ်ခဲ့ပါ

            ကွာ . . . ၂၆ နှစ်

            သောက်ဖြစ်က မတန်

            ကုလ၊ အမေရိကန်၊ ရုရှား၊ ဂျပန်

            ဂျာမဏီ၊ ပြင်သစ်နဲ့ အင်္ဂလန်

            အာရှဖွံ့ဖြိုးရေးဘဏ်

            မြန်မာမှန်ရင် နိုး နိုး - - -

            ရှိကြီးများ ခိုးပါသတဲ့။



(၆)        အို . . . ချစ်လှစွာသော ဗိုလ်ချုပ်

            အတိုချုပ်၍ ကျွန်ုပ်တင်ပြပါဦးမည်

            အရင်းအမြစ် သယံဇာတ ပေါကြွယ်ဝပါတဲ့

            သာယာလှပ ချစ်စရာ့ အမိမြန်မာ

            ယဉ်ကျေးမှု ဓလေ့၊ သိမ်မွေ့နူးညံ့ရာတဲ့

            ဗုဒ္ဓအဘိဓမ္မာနှင့် ချစ်စရာ့ အမိမြန်မာ

            အနှီပါ မြန်မာကား

            မသတီစရာ အာဏာရူးခွေးတွေကြောင့်

            ပဋာလူး သွေးမြေခရပြီး

            အကြွေးတွေ လည်မှာ နင့်ပါလို့

            တွယ်ရာမင့် အမှောင်ကမ္ဘာမှာ

            ပေါင်စရာ ဖင်သာရှိတော့တာမို့

            ယောင်ချာချာ အသက်ရှူဆုံးတော့မယ်

            ပိသုကာရယ် . . .

            ကြည့်လှည့်ပါဦး။



(၇)        ချစ်လှစွာသော ပိသုကာဗိုလ်ချုပ်

            ကျွန်ုပ် တပ်လှန့် ဆော်သြပါရစေ

            အို - သစ္စာရှိ တော်လှန်ရေး ရဲဘော်အပေါင်းတို့

            ခါးတောင်းကြိုက် မဖြုတ်

            လက်သီးဆုပ် မဖြည်ကြကုန်လင့်

            ခင်ဗျားတို့ ကျုပ်တို့လို ရွှေဟင်္သာတွေက

            စစ်ဘီလူး ကျီးကောင်တွေရဲ့ စကားကို

            နားထောင်ဘို့ မလိုဘူး

            ဦးညွတ်ဘို့ မလိုဘူး

            အောင်ပွဲဆိုတာ တိုက်ရဲသူအတွက် ဖြစ်တယ်

            ပြည်တော်ချစ် စိတ်ဓါတ်မွေး

            သတ္တိသွေးကို ပြကြပါကုန်လော့

            ပိုးလိုးပက်လက်လန် ပြည်နိုင်ငံကို

            မြိုင်ဆိုင်စွာ ကယ်တင်ကြပါကုန်လော့။



(မေဃသာ)

ပျောက်ဆုံးနေသော ဇာတ်ဝင်ခန်း

မနေ့ညက

(သူ) ပြောပြခဲ့

ရာမဇာတ်လမ်း

လေးတင်ခန်းတဲ့

လွမ်းဖို့ကောင်းတယ်

နားထောင်လို့ကောင်းတယ်။



ဒွေးနှစ်ဖော်ရဲ့

လေးတော်အစွမ်း

ဇာတ်ဝင်ခန်းဟာ

မှတ်တမ်းမှတ်ရာ

ခိုင်ခံ့ပါလျှက်

ဘယ့်အတွက် . . .

လက္ခဏလူရွယ်

ညီတော်ငယ်ကို

မျက်ကွယ်ဝေ့ချန်

(သူ) မေ့ကျန်ရက်

ခံရခက်တယ် အကြည်တော်။           



မောင်ခိုင်မာ

နေကြာ (သို့မဟုတ်) သောကရာဇ၀င်ကို ဖတ်ကြားခြင်း

 
နွယ်ကြိုးအရှုပ်၊ သွယ်တိုးချုပ်လို့

မလှုပ်သာအောင်၊ တုပ်ကာနှောင်လျက်

လှောင်တိုက်အလွမ်း၊ လောင်မြိုက်ကျွမ်းပစေ

အကန်းအဖြစ်၊ အရမ်းနှစ်ပြီး

အပြစ်မထား၊ ချစ်တရားနဲ့

ခံစားမွေ့လျော်၊ ကျွန်တော်နေကြာ။



ခ၀ါချထား၊ မာနများလည်း

ဖ၀ါးနုအောက်၊ အားပြုမှောက်လျှက်

မြွေဟောက်အသေ၊ ကြွေခြောက်နေသလို

ဟန်တွေမပြ၊ မာန်ဖြေချလို့

တစ်စမဖြုံ၊ ဘ၀ဘုံမှာ

ကြုံသလိုပျော်၊ ကျွန်တော်နေကြာ။



ညှာနွဲ့ပလီ၊ ကြာခဲ့ပြီနော်

ရွှေရည်အဆင်း၊ ဝေစည်လင်းတဲ့

နေမင်းကလေး၊ ကြွေဆင်းပေးမလား

အတွေးပိုက်မိ၊ ငေးစိုက်ကြည့်လျှက်

သက်ရှိအခြေ၊ မျက်စိတွေတောင်

ဂဟေဆက်ကာ၊ ရွှေမျက်နှာနဲ့

အသာလွှဲထွက်၊ ခွာမခွဲရက်လို့

အဆက်လေးဖြစ်၊ အသက်ပေးနှစ်ပြီး

အချစ်မူးမော်၊ ကျွန်တော်နေကြာ။



ရွှေအဆင်းရှင်၊ နေမင်းခင်ရယ်

အကြင်နာတွေ၊ ရင်မှာဝေပြီး

နေကြာကျွန်တော်၊ မြေလွှာပေါ်မှ

ရူးရော်အလွမ်း၊ ဖူးမြော်မှန်းလည်း

သုံ့ပန်းသဏ္ဍာန်၊ တုံ့ကမ်းပြန်ကာ

မာန်ဆိုးမပြေ၊ ရန်ငြိုးတွေနဲ့

ဝေယှက်အပူ၊ ကြေပျက်ဆူအောင်

အယူယွင်းလျှက်၊ သူညှဉ်းရက်လို့

အေးကွက်မပေါ်၊ ကျွန်တော်နေကြာ။



မာန်တလူလူ၊ အလံထူကာ

အပူထုများ၊ သူပြုစားလို့

အမှားကြီးစွာ၊ ခါးသီးပါရဲ့

နေကြာအရွက်၊ မြေမှာသက်ပြီ

ရွှေခက်အပွင့်၊ ကြွေပျက်လွင့်လျှက်

ရင်နင့်စရာ၊ မြင်သင့်ပါလည်း

ဗလာရိုးတံ၊ ၀ါညှိုးကျန်တောင်

ရန်စိတ်မစွဲ၊ အံကြိတ်ခဲပြီး

အမြဲညှဉ်းစေ၊ ဇွဲတင်းဖြေမယ်

မြေထက်နွမ်းရော်၊ ကျွန်တော်နေကြာ။



ကွယ် - - ယုံဖို့မကြွား၊ ငုံလို့ထားချင်

စကားအလိမ်၊ ပျားမစိမ်ပါ

မထိမ်ကွယ်ပဲ၊ ကျိန်တွယ်ရဲတယ်

ကြိတ်ခဲမလုံ၊ ဖိတ်ကွဲကုန်လျှက်

မြုံတောင်မဖြစ်၊ တုန်အောင်ချစ်လည်း

စစ်တွက်မနေ၊ ပြစ်ချက်ဖွေတဲ့

“နေ” ရဲ့ပမာ၊ ချွေဖဲ့တာတောင်

“နေကြာ” ကလေး၊ ဝေဒနာမွေးသလို

သူလေးအပါး၊ မူအရေးထားလျှက်

သြော် - - မှားခဲ့ပစေ၊ တရားနဲ့ဖြေပြီး

ကံခေမဆုံး၊ ဒဏ်တွေဖုံးလို့

အရှုံးတွေပိုက်၊ ပြုံးနေလိုက်မယ်။              



တောင်တွင်း ယဉ်မင်းကြိုင်