၁။
သရက်နှင့်အိုး၊ ကြွက်နှင့်မိုး
ပုဂ္ဂလပညတ်ပါဠိတော်လာ
လူ (၄) မျိုးကို ရှင်မဟာရဌသာရက သရက်နှင့်အိုး၊ ကြွက်နှင့်မိုး ဟု ပြဆို၏။
၁။
ပြောလည်းမပြော၊ လုပ်လည်းမလုပ်သူ (သို့) အဆင်းလည်းမရှိ၊ အချင်းလည်းမရှိသူ
၂။
ပြောတော့ပြောပါရဲ့၊ လက်တွေ့မလုပ်သူ (သို့) အဆင်းသာရှိပြီး အချင်းမရှိသူ
၃။
လုပ်တော့လုပ်ပြီး မပြောသူ (သို့) အချင်းရှိပြီး အဆင်းမရှိသူ
၄။
ပြောလည်းပြောပြီး လုပ်လည်းလုပ်သူ (သို့) အဆင်းလည်းရှိပြီး အချင်းလည်းရှိသူ
“စိတ္တရလေခါ”၊
“ဘိန်းစားရေချမ်း”၊ “ဆဲတတ်သူများနှင့် တညနေ” တို့တွင် လူနှစ်မျိုးနှစ်စား၊ “American
Sniper” တွင် လူသုံးမျိုးသုံးစား အကြောင်း ဖော်ပြထား၏။ ဘီအီးဒီအောင်သိုက်ကတော့ ပန်းမြိုင်လယ်က
ဥယျာဉ်မှူးတွင် လူ့၊ လူ၊ လူး၊ လူ့ထက်လူ ဟု လူ (၄) မျိုး ရှိသည်ဆို၏။ ကျော်ဟိန်းက
ကွမ်းသွေးကို ဗျစ်ခနဲထွေးကာ ‘ဒါဖြင့် ခင်ဗျားကရော လူ့လား၊ လူလား၊ လူးလား လို့
သူ့ကိုပြန်မေးတော့ ငါကတော့ ‘လွတ်’၊ ဘယ်ထဲမှ မချိတ်မိဘဲ လွတ်နေတာ ဟု ဖြေလေ၏။
ဤဒွန္နယာကြီးရှိလူများကို
အတန်းအစားခွဲလိုက်လျင် အကြမ်းဖျဉ်းအားဖြင့် လူကောင်းနှင့် လူဆိုးဟု နှစ်မျိုးရနိုင်ပါသည်။
သို့သော် ကောင်းသည်လည်းမဟုတ်၊ မကောင်းသည်လည်းမဟုတ်သော လူတန်းစားလည်း ရှိ၏။ ကောင်းလည်း
မကောင်း၊ ဆိုးလည်းမဆိုးသည့်တိုင် ဘာတစ်ခုမှ သုံးလို့စားလို့မရသော လူတန်းစားသည်လည်း
သီးသန့်ရှိသေး၏။ ထို့ကြောင့် လူတန်းစား (၄) မျိုးလောက်ရှိသည်ဟု ဆိုလျင်
မှားမည်မထင်ပါ။
၂။
စိတ္တရလေခါ
ကျွန်ုပ်
ပါရဂူဘာသာပြန် စိတ္တရလေခါကို စဖတ်သည်မှာ လပေါင်းအတော်ကြာသွားပြီ။ နောက် ဘာကိစ္စတွေ
များမှန်း မသိ။ တဝက်လောက် ဖတ်ပြီး ဆက်မဖတ်ဖြစ်။ အခုမှ ဆက်ဖြစ်သည်။ အခု ပြန်ဖတ်တော့
ယခင်နေရာမှမဟုတ်ဘဲ အစကပင် ပြန်ဖတ်ပါသည်။ နှစ်ထပ်ရှိမှ မှတ်မိမှာကိုး။
စိတ္တရလေခါက
‘မကောင်းမှုဆိုတာဘာလဲ’ ဟု မေးခွန်းထုတ်ကာ မကောင်းမှုဟူသည် မည်သည့်အရာဖြစ်သနည်း
ဆိုသည်ကို စူးစမ်းထား၏။
သို့တိုင်
ဝတ္ထုရေးဆရာ ‘ဘဂဝတီ ကျရန်ဗရမာ’ ၏ နောက်ဆုံးကောက်ချက်ကိုမူ ကျွန်ုပ်မကြိုက်ပါ။ သဘောမတူပါ။
ဝတ္ထုရေးဆရာက
‘မကောင်းမှုဆိုတာ လူ့အမြင် တဦးနဲ့တဦး မတူခြင်းရဲ့ အခြားအမည်နာမ ဝေါဟာရ စကားလုံးမျှသာ
ဖြစ်တယ်။ လူတိုင်းဟာ ဘဝဇာတ်ခုံပေါ်မှာ ကိုယ်ကျရာအခန်းကဏ္ဍကနေ ကပြ
အသုံးတော်ခံနေကြရတာသာ ဖြစ်ပြီး ကောင်းမှု၊ မကောင်းမှုဆိုတာ မရှိနိုင်။ အဲဒါ
မင်းတို့လက်ခံချင်ခံ။ လက်မခံချင်နေ။ ငါကတော့ မင်းတို့ကို လက်ခံပါလို့
အတင်းမတိုက်တွန်းချင်ဘူး။’ ဟု ဖော်ပြထား၏။
ဝတ္ထု၌
ရသေ့ကြီးက တပည့်နှစ်ဦးကို လူနှစ်ဦးထံပို့ပြီး မကောင်းမှုကို ရှာဖွေခိုင်း၏။
တစ်ဦးမှာ ကာမဂုဏ်အာရုံတို့နှင့်သာ အချိန်ဖြုန်းနေသည့် ဗီဇဂုတ္တဖြစ်ပြီး နောက်ဆုံး၌
မိမိနှင့် မည်သို့မှမသက်ဆိုင်သူ တပည့် (သေတံက) အတွက် အားလုံးကို စွန့်လွှတ်ကာ
အနစ်နာခံသွားခဲ့၏။ အခြားတဦးမှာ တရားအားထုတ်မှု၌သာ မွေ့လျော်နေသော ကုမာရဂီရိ ဖြစ်ပြီး
မိန်းမချောတစ်ဦး (စိတ္တရလေခါ) နှင့်တွေ့ကာ ပျက်စီးသွား၏။ သို့သော် သူ့ကိုယ်သူပြန်
အဖတ်ဆယ်ပါသည်။ သူ့တပည့်မှာ ဝိသာလဒေဝ ဖြစ်၏။
ထိုအခါ
ထိုသူတို့ထံရောက်သွားသူ တပည့်နှစ်ဦး၏ အမြင်များလည်း မတူကြတော့။ သေတံကအတွက် ဗီဇဂုတ္တသည်
အလွန်မြင့်မြတ်သူ ဖြစ်ပြီး ဝိသာလဒေဝကတော့ မကောင်းမှုများဖြင့် ပြည့်နှက်နေသည့်
လူရူးလူမိုက်တစ်ဦးဟု ရှုမြင်၏။
ကုမာရဂီရိကို
ဝိသာလဒေဝက လောကထက် သာလွန်မြင့်မြတ်သူဟု ထင်မြင်နေပြီး သေတံက ကမူ တကိုယ်ရည်
ကောင်းစားဘို့ ကြိုးစားနေသည့် အတ္တသမားဟု စွပ်စွဲ၏။
အသင်တို့သည်
စိတ္တရလေခါကို ဖတ်ပြီးသူများ ဖြစ်ပါက မည်သူကောင်းပြီး မည်သူမကောင်းဆိုသည်ကို
မိမိဘာသာ ဆုံးဖြတ်နိုင်ပါသည်။ ဤကမ္ဘာလောကကြီး၌ ဗီဇဂုတ္တနှင့်
ကုမာရဂီရိတို့ကဲ့သို့သောလူများ အများအပြားပင် ရှိပါသည်။
၃။
ဘိန်းစားရေချမ်း
ဆရာမကြီး
ခင်နှင်းယု၏ ဘိန်းစားရေချမ်းမှာမူ မြန်မာပြည်အောက်ပိုင်း (ထားဝယ်) မှ တကယ့်အဖြစ်အပျက်
ဖြစ်၏။ ကိုရေချမ်းမှာ မြန်မာသက္ကရာဇ် ၁၃၁၆ ခုနှစ် ဝါဆိုလပြည့်ကျော် ၅ ရက်နေ့တွင် သေဆုံးခဲ့ပါသည်။
လူအများက
ဘိန်းစား၊ ဘာမှ သုံးလို့စားလို့မရတဲ့အကောင်ဟု ဝိုင်းပယ်ထားသည့် ဘိန်းစားရေချမ်းမှာ
အများ ထင်သကဲ့သို့ ကလေကချေကောင် မဟုတ်ဘဲ တကယ့်သူတော်ကောင်း ဖြစ်နေပြီး မနက်တိုင်း
ကြေးစည်သံ တဝေဝေ နှင့် ဘုရားကို ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြား အော်ဟစ်ရှိခိုးနေသော
အရပ်က လူသူတော်ကောင်းကြီးဟု ထင်နေသူကြီးကမှ တကယ့် လူယုတ်မာအစစ်ကြီး ဖြစ်နေလေ၏။
ဤသည်မှာလည်း လူမသိ၊ သူမသိ။ လူသိမခံဝံ့သော အဖြစ်အပျက်တစ်ခု ဖြစ်လျက် ဤကဲ့သို့သော
အဖြစ်အပျက်များသည်လည်း ဤဒွန္နယာကြီး၌ မည်မျှရှိလိမ့်ဦးမည်မသိ။
၄။
ဆဲတတ်သူများနှင့် တညနေ
ဆရာမ
ဂျူး၏ ဆဲတတ်သူများနှင့် တညနေကိုမူ ကျွန်ုပ် အတော်လေး ကြိုက်နှစ်သက်၏။
ဆရာမ၏
ဝတ္ထုတိုလေးထဲ၌လည်း လူနှစ်မျိုးနှစ်စားကို တွေ့ရ၏။
တမျိုးမှာ
ဘဝကို ဘာမှ အလေးမထား၊ ပျော်ပျော်ပါးပါးပင် အော်ဟစ်ဆဲဆိုနေသည့် ပေါ့ပေါ့နေ
ပေါ့ပေါ့စားသမားများ ဖြစ်၏။ သို့သော် တကယ့် ဒုက္ခနှင့် ကြုံတွေ့လာသည့်အခါ
ထိုသူများကမှ အင်တိုက်အားတိုက် ကြုံးကြသူများဖြစ်ပြီး -
နောက်တဦးမှာမူ
ပညာတတ်၊ အရာရှိဖြစ်လျက် တကယ့် ဒုက္ခနှင့် ကြုံတွေ့လာသည့်အခါတွင်မူ ဤသည့်ပြဿနာမှာ
ငါနဲ့မဆိုင်၊ သူများတွေ လုပ်လိမ့်မယ်ဟု ခံယူထားကြသူများ ဖြစ်၏။
ဆရာမ၏
လူနှစ်မျိုးနှစ်စားမှာ လက်ရှိမြန်မာနိုင်ငံအခြေအနေနှင့် အတော့်ကို ဟပ်မိလေ၏။ မြန်မာ့လွတ်လပ်ရေးအတွက်
အသက်သွေးချေးစတေး၊ စည်းစိမ်ပြုတ်၊ ဘဝပျက်သည်အထိ ကြိုးစားရုန်းကန်နေသူများ ရှိသလို သူများတွေလုပ်တာ
ဘာမှစိတ်မဝင်စား၊ နေသာသလိုနေကာ လွပ်လပ်ရေးရမှ လွတ်လပ်ရေး၏ အသီးအပွင့်
အမြိုက်အရသာကို တမြိန့်မြိန့် ခံစားလျက် ငါတို့ ဘယ်လောက်တောင် ဘယ်လိုတွေလုပ်လိုက်ရတာ
စသဖြင့် လက်သီးလက်မောင်း တန်းရန် အဆင်သင့်ပြင်နေသူများလည်း မနည်းလှပါချေ။ ၎င်းတို့သည်ကား
လူလည်ကြီး သားသမီးများပါပေတည်း။
ဤလောကကြီး၌
လူလည်ကြီးတို့၏ သားသမီးများ များပြားလှချေ၏ တကား။
၅။
American Sniper
American
Sniper ၌ သားဖြစ်သူ ကျောင်းမှာ အနိုင်ကျင့်ခံရသည့်အတွက် လူသုံးမျိုးအကြောင်း ဖအေလုပ်သူက
သားနှစ်ဦးကို ဆုံးမ၏။
There
are three types of people in this world.
Sheep,
wolves and sheepdogs.
Some
people believe that evil doesn’t exist in the world.
And
if it ever darkened their doorstep, they wouldn’t know how to protect
themselves.
Those
are sheeps.
And
then you got predators. They use violence to prey on the weak. They are the
wolves.
And
there are those who’ve been blessed with the gift of aggression and
overpowering need to protect the flock. These men are the rare breed that live
to confront the wolf. They are the sheepdog.
ဒီကမ္ဘာပေါ်မှာ
လူသုံးမျိုးရှိသကွ။
သိုးလိုလူ၊
ဝံပုလွေလိုလူ၊ သိုးထိန်းခွေးလိုလူ ပဲ။
လောကမှာ
မိစ္ဆာဆိုတာမရှိပါဘူးကွာလို့ ယုံနေပြီး အဲဒီမကောင်းဆိုးရွားက အိမ်တံခါးလာခေါက်တော့
ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမှန်း မသိတော့ဘူး။ အဲလိုကောင်တွေဟာ
သိုးလိုကောင်တွေပဲ။
နောက်ပြီး
သားကောင်လိုက်ရှာနေတဲ့ သားရဲတိရစ္ဆာန်တွေလည်း ရှိသကွ။ သူတို့ကတော့ ဝံပုလွေတွေပဲ။
နောက်ပြီး
အကာအကွယ်လိုနေတဲ့သူကို ဝံပုလွေတွေနဲ့ မျက်နှာချင်းဆိုင် တိုက်ခိုက်မယ့် သူတွေလည်း
ရှိတယ်။ သူတို့ကတော့ သိုးထိန်းခွေးတွေပဲ။
ငါတို့ဟာ
သိုးတွေကို မွေးမြူနေတာမဟုတ်ဘူး။
အေး
- ဝံပုလွေဖြစ်လာခဲ့ရင်လည်း ဟောဒီခါးပတ်နဲ့ ငါကိုယ်တိုင် ရိုက်မှာပဲ . . .
ဆိုကာ
ဝတ်ထားသည့် ခါးပတ်ကြီးကို ဖြုတ်လျက် စားပွဲပေါ် ဗြန်းကနဲရိုက်တင်လိုက်ရာ
ကျွန်ုပ်တောင် ကျောစိမ့်မိ သွားပါသေး၏။
၆။
ငါ ဘယ်လိုလူမျိုးလဲ
ဤသည်မှာ
ကမ္ဘာပေါ်ရှိ လူများကို အစားစားခွဲပြထားပုံ ဖြစ်၏။ ကျွန်ုပ် ဖတ်ဖူးသလောက်
မှတ်မိသလောက် ပြန်ရေး ပြခြင်းဖြစ်၏။
ဤစာဖတ်နေသူ
အသင်သည်လည်း ငါရော . . .
-
ပြောသလိုလုပ်ပြီး လုပ်သလိုပြောတဲ့သူလား
-
ပါးစပ်က ဘုရားဘုရား၊ လက်က ကားယားကားယား လူလား
-
အရေးအကြောင်းဆို တကယ်အားကိုးရမယ့်သူလား၊ လူလည်ကြီး သားသမီးလား
-
သိုးလား၊ ဝံပုလွေလား၊ သိုးထိန်းခွေးလား . . .
စသည်ဖြင့်
ခေါင်းစားကြပါစေကုန်သတည်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၃၁
မေလ၊ ၂၀၂၆
စိတ္တရလေခါ
http://www.mediafire.com/file/cx55u978pxpstk3/
ဘိန်းစားရေချမ်း
https://www.facebook.com/356Myat.Thu.Aung/posts/%E1%80%98%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%85%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%81%E1%80%BB%E1%80%99%E1%80%BA%E1%80%B8____________________%E1%80%81%E1%80%84%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B8%E1%80%9A%E1%80%AF%E1%80%81%E1%80%9B%E1%80%AE%E1%80%B8%E1%80%9E%E1%80%BD%E1%80%AC%E1%80%B8%E1%80%9B%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%8A%E1%80%BA-%E1%80%85%E1%80%AD%E1%80%94%E1%80%BA%E1%80%94%E1%80%AC%E1%80%B8%E1%80%80%E1%80%95%E1%80%BA-%E1%80%95%E1%80%94%E1%80%BA%E1%80%9B%E1%80%81%E1%80%BC/459988826368564/
ပန်းမြိုင်လယ်မှ
ဥယျာဉ်မှူး
https://www.youtube.com/watch?v=uyuH9quVeKY
ဆဲတတ်သူများနှင့်
တစ်ညနေ
https://bamakyel.wordpress.com/wp-content/uploads/2009/11/juu-sae-tat-thu-myar-nae-1-evening.pdf