Monday, May 19, 2014

အလုပ်သမားများနှင့်ဆိုင်သော ဥပဒေများ နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရေးဆိုင်ရာ စာအုပ်

၁။ ဥပဒေစိတ်ဝင်စားသူများ ကျွန်တော့်ထံတွင် ဦးကျော်ဇေယျ၏ အလုပ်သမားများနှင့်ပတ်သက်သော ဥပဒေပေါင်းချုပ် စာအုပ် ရှိပါသည်။ ကျွန်တော်ဝယ်လာသည့်စာအုပ်ကို ကိုဝင်းမောင်က တစ်မျက်နှာချင်း scan ဆွဲပေးထားတာ ဖြစ်ပါသည်။ ကျေးဇူးအထူးတင်ပါသည် ကိုဝင်းမောင်ခင်ဗျား။ 

ဥပဒေ စိတ်ဝင်စားသူများ လက်တို့လိုက်ပါ။

၂။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စိတ်ဝင်စားသူများ ကျွန်တော့်ထံတွင် အလုပ်သမားဝန်ကြီးဌာနက ထုတ်သည့် လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုကာကွယ်ရေး အလုပ်သမား ပညာပေးစာစောင် ရှိပါသည်။ ဒါလည်း ကိုဝင်းမောင်ကပင် scan ဆွဲပေးပါသည်။ (သူအရင်ကပေးထားတဲ့ဖိုင်တွေ ဘယ်နားသွားထားမိမှန်းမသိလို့ အခုမှ ပြန်တောင်းယူရတယ်။ ရန်ကုန်က ဖွတ်အမ်ပီတီ (ဟုတ်ပေါင်) လိပ်အမ်ပီတီကြောင့် မိနစ်ပေါင်းများစွာ အကုန်ခံပြီး စိတ်ရှည်လက်ရှည်ပို့ပေးတဲ့အတွက် အားလည်းနာတယ်။ ကျေးဇူးလည်းတင်ပါတယ် ကိုဝင်းမောင်။)

ဒီစာအုပ်လည်း အလိုရှိရင် . . . .


ရေချမ်းချမ်းတစ်ခွက်

သမီးဖြင့်လေ အဲဒီလူကြီး အဲဒီလိုပြောတာကြားရတော့ အရမ်းရီချင်တာပဲ ဟု တစ်နေ့သ၌ ကျွန်ုပ်၏ သမီးချစ်ကလေး က ပြောလှာ၏။ မိတ်ဆွေများအား ငါးသလောက်ပြုံး ပြုံးစေလိုသဖြင့် သည်အကြောင်း ပြန်ပြောင်း ဖောက်သည်ချလိုက်ပါသည်။

မူရတ် ဒုက္ခပေးသဖြင့် slide ပေါင်း ၂၀၀၀ ကျော်မျှရှိသော training material များကို အသည်းအသန် ပြင်နေရသောကြောင့် လောလောဆယ် ကျွန်ုပ်မှာ ယားလို့မှ မကုတ်အားအောင် အသည်းအသန် အလုပ်ရှုပ်လျက်ရှိသည် ဟူသတတ်။ (မရှုပ်လို့မဖြစ်ဘူးကိုယ့်လူ၊ အခန်းငှားခက နေ့တိုင်းတက်နေတာဆိုတော့ MOM ကို လိုင်စင်တင်ဘို့ ဒါတွေပြီးမှ ဖြစ်မှာ။) 

ထို့ကြောင့် တခြားဟာတွေမပြောနှင့်၊ သတင်းစာတောင် မဖတ်အားသောကြောင့် အိမ်ရှေ့စားပွဲပေါ်တွင် သတင်းစာပုံကြီးမှာ တဖြည်းဖြည်း များသထက်များလာနေလေ၏။ သို့သော် သည်ကိစ္စမပြောလိုက်ရလျှင် အိပ်ပျော်မှာမဟုတ်သည့်အတွက် ကသုတ်ကရက် ရေးလိုက်ရပါကြောင်း။ (လိုရင်းတိုရှင်း ခပ်တိုတိုပေါ့နော။)

××××××××××××××

တခြားဟုတ်ပါရိုးလား။ မြန်မာအမေကမွေးလိုက်၍သာ မြန်မာဖြစ်လာရသော်လည်း မြန်မာဖြစ်ရမှာ သို့မဟုတ် အခြားသူများက မြန်မာဟုထင်သွားမှာ အလွန်စိုးရွံ့နေသူများအကြောင်း ဖြစ်ပါသည်။ (နာမည်တွေတော့ ၀ှက်ထားမှဗျ။ တစ်ယောက်ယောက် နာမည်ပြောလိုက်တာနဲ့ သူ ဘယ်သူလဲဆိုတာ တန်းကနဲ သိသွားနိုင်တာမို့။ အဲလေ၊ သက်ဆိုင်သူများကတော့ သိနိုင်ပါသဗျာ။)

နေပါအုံး ကိုဟ၀ှာရဲ့ (ထို ကိုဟ၀ှာမှာ အလွန်စကားများသော ဗုဒ္ဓဟူးသား ဖြစ်၏။)။ အဲဒီ ဦး - - - - စင်ကာပူရောက်တာ ဘယ်လောက်ကြာသွားလို့ မြန်မာစကားတွေ မေ့ကုန်ရတာလဲ။

ဆိုပါအုံး ဆရာရဲ့။ ဘယ်လိုတွေ ပြောလိုက်လို့လဲ။

ဒီလိုလေဗျာ၊ ဟိုတစ်နေ့က ကျွန်တော်သူနဲ့တွေ့ဘို့ ချိန်းတော့ သူက “အင်း၊ အဲဒီအချိန် အကျွန်ုပ်နဲ့တွေ့မယ်ဆိုရင် ခင်ဗျား အနေနဲ့ အဆင်ပြေမယ်လို့ ယူဆပါသလား” လို့ မေးသဗျ။ ဗမာစကားသင်နေတဲ့ အင်္ဂလိပ်တစ်ယောက်ပြောမယ်ဆိုရင်တောင် အဲဒီလိုပြောမှာ မဟုတ်ဘူး။ သူ့ဟာက တမင်လုပ်ပြောနေတာ အလွန်အင်မတန် သိသာလှသဗျာ။

ဟားဟား၊ ဖြစ်ရလေဆရာရယ်၊ ကိုဟိုဒင်း (သီချင်းဆိုတတ်သော သောကြာသား) ဆို သူ့ကို ပယ်ပယ်နယ်နယ် ပြောတာပေါ့ဗျာ။

ထားပါဗျာ။ သူက ဗမာစကားကို လုံးဝမပြောတော့တာလား။ မပြောတာကြာလို့ မေ့ကုန်တာလား။

ဘယ်ကဟုတ်ရမလဲဗျာ။ အိမ်မှာလဲ သူ့ကလေးတွေနဲ့ ဗမာလိုပဲ ပြောနေတာပဲ။

ကိုင်း၊ မှတ်ကရော့။

×××××××××××××××××××××××

ကျွန်တော်တို့ ဆယ်တန်းတုံးက မြန်မာဖတ်စာတွင် ဘိလပ်သို့ ပညာသင်ရန်သွားသော မောင်သောင်းဘေအကြောင်း သင်ခဲ့ရဖူးပါ၏။ ၎င်းဘိလပ်မှပြန်လာသည့်အခါ မြန်မာစကားများကိုမေ့ကုန်လေဟန်၊ မပြောတတ်တော့ဟန် ဟန်ဆောင်လေသတည်း။ သူ့ညီမအား ရေခပ်ခိုင်းသည်ကိုပင် “အို၊ ချစ်လှစွာသော နှမကလေး၊ ကျွန်ုပ်ကို ရေချမ်းချမ်းတစ်ခွက်လောက် ခပ်ပေးပါ” ဟု ပြောသည် ဟူ၏။

မိတ်ဆွေတို့ပတ်ဝန်းကျင်တွင် မောင်သောင်းဘေများတွေ့ခဲ့ပါက ကျွန်ုပ်ကို လက်တို့လိုက်ပါ။ ၎င်းတို့အကြောင်း သေချာ ဂဏစွာ စူးစမ်း၍ “မြန်မာမဖြစ်ချင်သူ တစ်ယောက်အကြောင်း” ဟု ဂန္ဓ၀င်ဝတ္ထုတစ်ပုဒ် ရေးထုတ်လိုပါသည်ခင်ဗျား။

(မြန်မာမဖြစ်ချင်တဲ့ ဦးဟိုဒင်းရေ ဒါဖတ်ပြီး ကျွန်တော့်ကို ခဲနဲ့ လာမထုပါနဲ့ခင်ဗျာ။ ခင်ဗျား ကျေးဇူးတွေ ကျွန်တော့်အပေါ်ရှိတာ သိပါတယ်။ အဲလေ ခုလောက်ဆို မြန်မာစာတွေလဲ မေ့ထားလောက်ပါပြီ။ စိုးရိမ်စရာတော့ မရှိပါဘူး။)

ကျေးဇူးတင်ပါသည်ခင်ဗျား။

အေးငြိမ်း


၁၆-၅-၂၀၁၄။ နေ့လည် ၁၂း၄၀ နာရီ

Friday, May 2, 2014

ကျွန်ုပ်အလွန်အလုပ်ရှုပ်နေရခြင်း အကြောင်း

မူရတ်ဒုက္ခပေးမှုကြောင့် ကျွန်ုပ်မှာ အလွန်အလုပ်ရှုပ်လျက်ရှိသတည်း။ 
သည်လို ခေါင်းစားမခံချင်သောကြောင့် ငွေ ၈၀၀၀ အကုန်ခံအပ်ခဲ့တာဖြစ်၏။ ယခု သူ သောက်တလွဲလုပ်ထားသဖြင့် ကျွန်ုပ်မှာ အစအဆုံး အကုန်ပြန်ပြင်နေရလေသည်။ သူ့ကို လုပ်ခိုင်း၍ ရသော်လည်း နောက်တစ်ခါ ထပ်ပြီး တလွဲလုပ်၊ ကျွန်ုပ်မှာ ဒေါသထွက်ကာ သွေးတက်မည့်အရေးမြင်နေသော ကြောင့် ကိုနွယ်ဝင်းနှင့်တိုင်ပင်ကာ ကိုယ့်ဟာကိုယ် အပင်ပန်းခံလုပ်ခြင်းဖြစ်၏။

မိတ်ဆွေများခင်ဗျား - ကျွန်တော့်ကို နမူနာယူကြပါ။ အလုပ်အပ်ပြီဆိုလျှင် ပစ္စည်းရလာကာမတ္တဖြင့် ပိုက်ဆံမချေလိုက်ပါလေ နှင့်။ ထိုပစ္စည်းသည် ကိုယ်မှာထားသော (ကိုယ်လိုချင်သောစံနှုန်းအတိုင်း ဟုတ်မဟုတ်) သေချာစွာစစ်ဆေးပြီးမှ ပိုက်ဆံပေးပါ ဟု အကြံပေးလိုပါသည်။ ယခုမူ စာအုပ်များလည်းလာပေးရော ကိုယ့်ဆရာက ပိုက်ဆံကောက်ကက်ချေလိုက်လေရာ အခု လက်လွန်ကုန်ပြီဖြစ်၏။ သူများလက်ထဲရောက်သွားသည့်ပိုက်ဆံ လွယ်လွယ်နှင့် ပြန်ရနိုင်ပါမည်လား။
ကျွန်ုပ်မှာ မူရတ်ခေါင်းကို ဆယ်ပေါင်တူနှင့်သာ ပြေးထုလိုက်ချင်တော့၏။



















ဒါကြောင့် ဘာစာမှ မရေးနိုင်ပါကြောင်း . . . မိတ်ဆွေအပေါင်းတို့ခင်ဗျား။

လုပ်ငန်းခွင် မတော်တဆမှုများ (၂)

၁၁။ Sengkang worksite accident




သေသဗျို့။ ဟိုကုလားလေးနှစ်ယောက်သေအပြီး နောက်တစ်နေ့ ၂၃ ဇန္န၀ါရီ၊ ၂၀၁၄ တွင် Fernvale street ရှိ Sengkang ဆိုဒ်တွင် တရုတ်အလုပ်သမားတစ်ယောက် ၁၉ ထပ်မှ ပြုတ်ကျသေသည်။ မိန်းကန်ထရိုက်တာမှာ Qingjian International (South Pacific) Group Development Co. ဖြစ်၏။
            ကြိုတင်ပုံလောင်းထားသော ရေချိုးခန်းကို ၁၉ ထပ်သို့ တာဝါကရိန်းဖြင့်မ,ရာ အလုပ်သမားကိုရိုက်မိပြီး ပြုတ်ကျ သေသည်ဟု ဆိုသည်။ ပြုတ်ကျသေတယ်ဆိုတော့ အစွန်းမှာနေပြီး ဘာ safety harness မှ ၀တ်မထားတာ သေချာလှသည်။ barricade လည်း ရှိချင်မှ ရှိမည်။ barricade ရှိလျှင် မကျအောင် တားချင် တားထားနိုင်မည်။
            သူများအကြောင်းပြောတော့ ကျုပ်ကလည်း ကိုယ့်ပေါင်ကိုယ် လှန်လှန်ထောင်းချင်လာ၏။ သည် တရုတ်တွေကို ဘယ်လိုကိုင်တွယ်ရမှန်းမသိ။


ဤပုံမှာ ဇန္န၀ါရီလ ၂၁ ရက်နေ့က ကျွန်တော် ရိုက်ထားတာဖြစ်သည်။ သူက Block 3 ၊ ၇ ထပ်မှာ လုပ်နေတာ။ ကျွန်တော်က Block 2 ၊ ၈ ထပ်ကနေ လှမ်းရိုက်ထားတာ။ ကျွန်တော်တို့ ဘလောက်တွေက တစ်ထပ်ကို ၆ မီတာ အမြင့် ရှိသည်။ ၇ ထပ်ဆိုတော့ ၄၂ မီတာ မမြင့်ပါလား။ မီတာ ၄၀ လောက်က ပြုတ်ကျလို့ကတော့ သည်အကောင် စိနပြည်ကို လေယာဉ်လက်မှတ်မ၀ယ်ရဘဲ ချက်ချင်းပြန်ရောက်သွားမည်။
            နောက်ပြီး barricade လုပ်ပါ အတန်တန်ပြောနေတာ တစ်ရက်နဲ့မပြီး၊ နှစ်ရက်နဲ့မပြီး။ ဟောသည်မှာကြည့်။


            လိမ့်ကျနိုင်သော ကြမ်းပြင်စွန်းများကို လက်ရမ်းတန်းများဖြင့် (barricade) ကာရံထားရမည်။ ပစ္စည်းများ ပြုတ်မကျစေရန် ခြေကာပြားများ (toe board) တပ်ဆင်ထားရမည်။ ကျယ်သောအပေါက်များကိုလည်း ကာရံထားရမည်။ ကျဉ်းသောကြမ်းပေါက်များကို သေချာစွာ ဖုံးအုပ်ထားရမည်။ အစွန်း၌ အလုပ်လုပ်လျှင် အမြဲ safety harness ၀တ်ထားရမည်။ Life line ဆင်ပေးထားရမည်။ Life line ကိုလည်း သေချာစွာ ချည်နှောင်ထားရမည်။ harness မှ ချိတ်ကို life line ၌ ချိတ်ထားရမည်။
မိတ်ဆွေများခင်ဗျား။ သည်ကောင်တွေကို ပြောရဆိုရ၊ ဟိန်းရဟောက်ရ၊ ပြောရဆိုရနှင့် ကျွန်တော်တို့ကိုများ လွယ်သည်မထင်လိုက်ပါနှင့်။

၁၂။ NTU fatal accident


နောက်နေ့ ၂၄ ဇန္န၀ါရီ၊ ၂၀၁၄။ နန်ယန်းတက္ကသိုလ်၊ လူနေတိုက်ခန်းအမိုးပေါ်၌ ရှိသော ရေကန်ကို သန့်ရှင်းရေး လုပ်မည့် အသက် ၄၉ နှစ်အရွယ် (အင်ဒိုနီးရှား?) အလုပ်သမားတစ်ဦး ပြုတ်ကျကာ သေခဲ့သည်။ သူ့ဆူပါဗိုက်ဆာပြောစကား အရ ၎င်းမှာ အလွန်ပင်ပန်းနွမ်းနယ်နေပြီဆို၏။ မူးမိုက်ပြီး ပြုတ်ကျတာ ဖြစ်နိုင်ပါသည်။
သူ့အမျိုးသမီးနှင့် ကလေးများမှာ အင်ဒိုနီးရှားတွင်နေ၏။ သူက မလေးရှားနိုင်ငံ ဂျိုဟိုးတွင်နေကာ နေ့စဉ် စင်ကာပူသို့ ဆိုင်ကယ်နှင့်လာကာ အလုပ်ဆင်းခြင်းဖြစ်သည်။ ပြီးခဲ့သောအပတ်က ရင်ဘတ်အောင့်သဖြင့် ဆရာဝန်ဆီသွားပြသေးသည်ဟု သူ့နှမက ပြောသည်။ သူတို့မျိုးရိုးထဲမှာ နှလုံးရောဂါ ရှိသဖြင့် heart attack လားမပြောနိုင်။
            သည်ဟာကိုမူ workplace accident ဟု ပြောဘို့ခက်ပါသည်။ အလုပ်ထဲတွင်သေတာဖြစ်သည့်အတွက် အာမခံ လျော်ကြေးတော့ တောင်းလို့ရနိုင်ပါသည်။

၁၃။ Paya Lebar scaffolding collapse


၂၈ ဇန္န၀ါရီ၊ ၂၀၁၄ နေ့၊ နံနက် ၁ နာရီခွဲခန့် တွင် Paya Lebar ၌ ငြမ်းစင်ပြိုကျ၏။ ဘန်းဂလားအလုပ်သမား တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရသည်။ လေးထပ်တွင်ရှိသော တိုင်နှင့်ယက်မများအား ကွန်ကရိလောင်းနေစဉ် ပြိုကျခြင်း ဖြစ်၏။ စုစုပေါင်း ၄ ဦးအလုပ်လုပ်နေခြင်းဖြစ်ပြီး ၂ ဦးမှာ အချိန်မီထွက်ပြေးနိုင်သဖြင့် လွတ်သွားသည်။ ဖြစ်နိုင်သည်မှာ ထိုငြမ်းစင်များ သည်လည်း ဖောင်ဝပ်ကိုထောက်ထားသော ငြမ်းများဖြစ်ပါလိမ့်မည်။
ဤသည်ကိုကြည့်ခြင်းဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဖောင်ဝပ်နှင့်ငြမ်းစင်ပြိုကျမှုများ မကြာခဏဖြစ်နေသည် ကို တွေ့နိုင်ပါသည်။
            ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့က မြန်မာနိုင်ငံ၊ တောင်ကြီးမြို့တွင် ငြမ်းစင်ပြိုကျ၍ လူ ၇ ဦး သေဆုံးခဲ့ရ သည်။ ဤသည်ကို ပေါ့သေးသေးလေး မမှတ်ပါနှင့်။ ထိုသူများသည် မိမိ မိသားစုကို လုပ်ကျွေးသမှုပြုနေသူများ ဆိုသည်ကို မမေ့ပါလင့်။ ထိုသူများမရှိတော့လျှင် ထိုသူ၏ မိသားစု အဘယ်မျှ ဒုက္ခရောက်လိုက်လေမည်နည်း။
            အထက်၌ သေဆုံးခဲ့သော ဘန်းဂလားကုလားလေးများ၏ မိသားစုများရော။ သူတို့၊ ကျွန်ုပ်တို့အားလုံး စင်ကာပူ လာလုပ်နေကြသည်မှာ ပိုက်ဆံရှာဘို့အတွက်မဟုတ်ပါလား။ ၎င်းတို့၏ လုပ်စာကို မှီခိုစားသောက်နေရသော သူတို့မိသားစု များကို ကိုယ့်နေရာမှာထားပြီး နည်းနည်းလောက် ငဲ့ကြည့်လိုက်စမ်းပါ။ အဘယ်ကဲ့သို့သော ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်ရမည်ကို အသင်တို့ ကိုယ်ချင်းစာတတ်ပါလိမ့်မည်။
            လူဟူသမျှ အားလုံးတွင် သူ့အတိုင်းအတာနှင့်သူ၊ တန်ဘိုးရှိကြသည်ချည်း။ လမ်းဘေးတွင် မြက်ရိတ်နေသော    ကောင်ကလေးတွေသည်လည်း သူ့မိသားစုအတွက် တကယ့်သူရဲကောင်းကြီးများဖြစ်သည်။ သူတို့ဘာသာသူတို့ ဖြစ်သလို စား၊ ဖြစ်သလိုနေပြီး ကိုယ့်မိသားစုကို ပြုစုလုပ်ကျွေးနေကြသူများဖြစ်သည်။ အားလုံးကို တန်ဘိုးထားပါ။ ငါကမှ၊ သူကမှဟု မခွဲခြားပါနှင့်။ သန်းနိုင့်သီချင်းလို “လူဟာလူဘဲ၊ ပြောစမ်း ဘာကွာလို့လဲ။ ဆင်းရဲသားလေးလည်း လူပါဘဲ။ ဂုဏ်မရှိလို့၊ ငွေမရှိလို့ လူဖြစ်လျက်နဲ့ နှိမ်ချင်တယ်”


၁၄။ Scaffolding Collapse case at Palawan Beach on Sentosa

            MOM မှ လူကြီးမင်းများကို ရင်တုန်၊ နှလုံးတုန်ဖြစ်စေသော နောက်အက်ဆီးဒင့်တစ်ခုမှာ နာမည်ကြီး ဆင်တိုစာ Palawan Beach ရှိ Family Entertainment Centre ဆောက်လုပ်ရေးလုပ်ငန်း၌ ဖြစ်၏။ ၂၉ ဇန္န၀ါရီ၊ ၂၀၁၄ မွန်းလွဲ ၃း၁၅ နာရီခန့်တွင် ကွန်ကရိယက်မတစ်ခုကို ထောက်ထားသော ငြမ်းစင်ပြိုကျခြင်းဖြစ်၏။ တရုတ်အလုပ်သမားတစ်ဦး သေပြီး ၁၀ ဦး ဒဏ်ရာရသည်။ ဘာကြောင့် ဘယ်လိုဖြစ်သည်ကို ဖော်ပြမထား။ မိန်းကန်ထရိုက်တာမှာ Debenho Pte Ltd ဖြစ်၏။ အက်ဆီးဒင့်ဖြစ်တော့ အလုပ်ရပ်မိန့် (Stop Work Order) ထုတ်သည်။
            ယခုအချိန်ထိ ဆောက်လုပ်ရေးလုပ်ငန်း၌ လူသေမှုမှာ သည်နှစ်ထဲတွင်ပင် ၉ ဦး ရှိပြီ။ ပြီးခဲ့သော campaign ၌ Workplace Safety and Health Council ၏ ဆောင်ပုဒ်မှာ "Work safely. Your family awaits your return" ဖြစ်၏။ ယခု သေသွားသောသူများ အဘယ်ကဲ့သို့ ၎င်းတို့အိမ်သို့ ပြန်ပါတော့မည်နည်း။ သေဆုံးသူ၏ မိသားစုများ ရင်ကျိုးပေရော့။


နောက်နေ့တွင် MOM Acting minister Mr. Tan Chuan-Jin ထိုနေရာသို့ သွားရောက်ကြည့်ရှုသည်။ ယခုနှစ်ထဲတွင်ပင် accident ၆ ခု ဖြစ်ပြီးပြီ။ ၅ ခုမှာ ဖောင်ဝပ်နှင့်သက်ဆိုင်သော accident များဖြစ်၏။

၁၅။ Jurong Reclamation Plant Crane Topple

            ၆ မတ်လ၊ ၂၀၁၄ နေ့လည်က အသက် ၇၀ ခန့်ရှိပြီဖြစ်သော ကရိန်းမောင်းသူအဖိုးကြီးမှာ နေ့လည်နေ့ခင်း ထမင်းစားနားသွားချိန်တွင် ထရေလာသွားရန် လမ်းရှင်းသည့်အနေနှင့် out rigger ကို သွင်းထားခဲ့သည်။ ထမင်းစားနားချိန်က ပြန်လာတော့ ပြန်မထုတ်မိ။ out rigger မထုတ်ဘဲ ပစ္စည်းမလိုက်တော့ ကရိန်းလဲတော့သည်။ အဖိုးကြီးဆိုတော့ out rigger ပြန်ထုတ်ဘို့ မေ့သွားတာ ဖြစ်ကောင်းဖြစ်မည်။ သေသေချာချာ မသိပါ။
            အက်ဆီးဒင့်ဆိုတာ လုပ်သက်ဘယ်လောက်ရှိပြီဆိုသည်နှင့်မဆိုင်။ သူ့စည်းမျဉ်းစည်းကမ်းမလိုက်နာလျှင် ဖြစ်မှာ သေချာသည်။ သည်တော့ ငါတို့က လုပ်စားလာတာ အံခွနေပြီဟု ဇွတ်မငြင်းပါနှင့်။ ဖြစ်တော့မှ သိမည်။


၁၆။ Fatal Accident at Joo Koon Road Worksite

၂၂ မတ်လ၊ ၂၀၁၄ မနက် ၉ နာရီကျော်လောက်တွင် Joo Koon ၌ လူသေသော အက်ဆီးဒင့်တစ်ခုဖြစ်သည်။ မိန်းကွန်းမှာ Eng Lee Engineering ဖြစ်၏။ ဆောက်လုပ်ဆဲ ၃ ထပ်အဆောက်အဦမှာ နောက် ၂ ပတ်လောက်ဆို ပြီးတော့မည်။
အသက် ၂၃ နှစ်ရှိ စက်ပြင်အိန္ဒိယအလုပ်သမားလေးမှာ boom lift ကို စစ်ဆေးနေရာမှ ရုတ်တရက် boom lift နောက်သို့ရွေ့လာကာ crawler crane နှင့် boom lift အကြားညပ်ပြီး သေဆုံးရခြင်းဖြစ်သည်။ ရှေးတုံးက မြန်မာတွေကတော့ နန်းတော်စသော အဆောက်အဦကြီးကြီးတစ်ခုဆောက်လျှင် လူကို စတေးရသည်ဆို၏။ ကံဆိုးသူ မောင်ရှင် တစ်ယောက်ယောက်ကို ထို နန်းတော်စောင့်စာ ကျွေးသည်။ ယခု သည်ကုလားကလေးလည်း သည်စက်ရုံစောင့်ဘို့များ စတေးခံရလေသလားဟု ကျွန်ုပ်မှာ မဆီမဆိုင် တွေးနေမိလေသော ဟူသတတ်။
            စက်ဟူသည် မည်သည့်အချိန် ထဖောက်မည်မှန်း သိရတာ မဟုတ်။ မည်သည့်အခါမှ မယုံကိုးပါနှင့်။ MH370 ကိုပဲကြည့်ပါ။ ခုထိ ရှာမတွေ့သေး။ (ဟင်၊ ဘာမှလည်းမဆိုင်ဘူး။)



 သည်တော့ မိတ်ဆွေများခင်ဗျား။ ကားနောက်တို့၊ ကားအောက်တို့၊ ကားအစွန်းတို့၊ ဖောက်ကလစ်နောက်တို့၊ ဆစ်ဆာလစ်၊ ဘွန်းလစ်တို့အနားမှာ ဘယ်တော့မှ မနေပါလေနှင့်။ မတော်လိမ့်လာပါက၊ သို့မဟုတ် မောင်းသူက လူရှိမှန်းမသိဘဲ နောက်ဆုတ်လိုက်လျှင် ကိုယ်ကျိုးမနည်းပါလား။
နောက်ပြီး ဖောက်ကလစ်က ဖောက်ပေါ်၊ ဘယ်တော့မှ တက်မရပ်ပါလေနှင့်။ ဟိုက်ဒြောလစ်ပျက်ပြီး ပြုတ်ကျလျှင် သေနိုင်သည်။ ပြီးခဲ့သည့်လကပင် မြေသယ်သည့် ထရပ်ကားကို မြေထည့်သည့် tipper ကြီးမြှောက်လျှက် စစ်ဆေးနေရာ ဟိုက်ဒြောလစ်စနစ်ပျက်ပြီး ပြုတ်ကျသည့်အတွက် ခေါင်းကို ငြုပ်ဆုံထဲထည့်ထောင်းသလိုဖြစ်ကာ မောင်းသူသေခဲ့သော ဖြစ်ရပ် ဖြစ်ခဲ့သေးသည် မဟုတ်လော။

၁၇။ Crane topples over at SBF Center worksite in Tanjong Pagar



၂၅ မတ်လ၊ ၂၀၁၄ ရက်နေ့ ညနေ ၇း၁၀ နာရီလောက်တွင် Tanjong Pagar ရှိ SBF Center လုပ်ငန်းခွင်၌ ကရိန်း လဲပြိုမှုဖြစ်သည်။ (လာပြန်ပြီ ကရိန်း) တစ်ဦးမှတော့ ဒဏ်ရာအနာတရမဖြစ်။
အနီးရှိ ၃၄ ထပ်တိုက်ပေါ်တွင် တီဗီကြည့်နေသူ မစ္စတာကယ်ရီမှာ ၀ုန်းကနဲ အသံကြီးကြားလိုက်တော့ အထိတ် တလန့်ထကြည့်၏။ ကရိန်းပေါ်မှ အလုပ်သမားလေးတစ်ယောက် လှေခါးထောင်တက်လာတာ တွေ့ရသည်။ လူ ၂၀ ခန့် ၀ိုင်းအုံကြည့်နေတာ တွေ့ရသည်ဆို၏။ သို့သော် “ကောင်လေးတွေ၊ တွေ့ကရာတွေ လျှောက်မပြောနဲ့” ဟု အလုပ်သမားများကို မှာထားကြောင်း Straits Time ကို ပြောသည်ဆို၏။ (ပါးတယ်နော်၊ လှပ်နေတာပဲ။)
ယခုအချိန်ထိဆိုလျှင် ၂၀၁၄ ခုနှစ်အတွင်း၌ လုပ်ငန်းခွင်မတော်တဆမှုကြောင့် လူသေမှု ၁၃ မှု အနည်းဆုံး ဖြစ်ခဲ့ပြီးပြီ။ ဇန္န၀ါရီတစ်လထဲတွင်ပင် လုပ်ငန်းခွင်မတော်တဆမှု ၇ မှုဖြစ်ခဲ့၏။  
ကရိန်းကဲ့သို့ heavy machinery များကို မြေကျင်းများအနီး ရပ်မထားရ။ မြေပြိုကျကာ ယခုကဲ့သို့ ကရိန်း၊ မြေတူးစက် စသည်တို့ လဲကျတတ်သည်။

၁၈။ Fatal Accident at Jalan Tukang in Jurong



၃၁ မတ်လ၊ ၂၀၁၄ ညနေ ၆း၄၀ လောက်တွင် Jurong ရှိ Jalan Tukang လုပ်ငန်းခွင်၌ အပေါ်မှပြုတ်ကျလာသော ပစ္စည်း (falling object) ဖြင့်ခိုက်မိ၍ အသက် ၃၉ နှစ်ရှိ ဘန်းဂလားအလုပ်သမားတစ်ဦး သေဆုံးခဲ့သည်။ ဖြစ်ပုံမှာ ၎င်းသည် ပထမထပ်တွင် အလုပ်လုပ်နေစဉ် ၆ ထပ်မှ ကျလာသော ၁၅ ကီလိုခန့်လေးသည် သစ်သားချောင်းဖြင့် ခေါင်းကိုရိုက်မိကာ သေဆုံးရခြင်းဖြစ်၏။ ၎င်းမှာ ၀န်ချီရာ၌ အချက်ပြသူ (singal man) ဖြစ်ပြီး စင်ကာပူရောက်တာ ၈ လပဲရှိသေးသည်။ သည် အသားချောင်း မည်ကဲ့သို့ ပြုတ်ကျလာသည်ကို စုံစမ်းစစ်ဆေးဆဲ ဖြစ်၏။
            သည်မှာလည်း ကျွန်တော် ကိုယ့်ပေါင်ကိုယ် လှန်ထောင်းစရာ ပေါ်လာပြန်ပြီ။ တခြားဟုတ်ပါရိုးလား။ ကျွန်တော့်ကို နေ့တိုင်းခေါင်းကိုက်စေသည့် ကျွန်တော့်မိတ်ဆွေ တရုတ်ကန်ထရိုက်တာ CRF (Chan Rong Fen) ဖြစ်၏။ ချန်ရောင်ဖန်းသာ မရှိလျှင် ကျွန်တော်တို့ လုပ်စရာအလုပ်တောင် မယ်မယ်ရရ ရှိမည်မဟုတ်။ အောက်ကပုံကိုကြည့်ပါ။
            ဉာဏ်ကြီးရှင်တို့က နောက်တစ်နေရာသို့ သယ်မည့်ပစ္စည်းကို ကရိန်းနှင့်သယ်ရာတွင် သယ်ရလွယ်အောင် တစ်ခါတည်း အစွန်း၌ လာပုံထားသည်။ သူ့ယောက္ဖ ကရိန်းက ဘယ်နေမှန်းမသိသေး။ ဟဲ့အကောင်၊ ဟိုအထဲမှာ အရင်ပုံ။ နောက်ပြီးမှ ဟိုက်ဒြောလစ်ဂျက်နဲ့ သယ်လာ ဟု အကြိမ်ကြိမ်ပြော၏။ ပြောတုံးခဏ ပြန်သယ်သွားသည်။ နောက် ဒုံရင်း၊ ဒုံရင်း။
            ဤပုံတွင်ကြည့်ပါ။ ဖောင်ဝပ်ဆင်သည့် အချောင်းကြီးတွေ။ သူတို့ပုံထားတာ ၅ ထပ်မှာ။  သည်ယက်မကြီးတွေသာ ပြုတ်ကျလို့ကတော့ တစ်ယောက်ယောက်ကို မှန်လျှင် ပွဲချင်းမပြီးပါလော။



နိဂုံး

            ဤသည်မှာ လောလောလတ်လတ် ဖြစ်ခဲ့သော လုပ်ငန်းခွင် မတော်တဆမှုအကြောင်း စုဆောင်းတင်ပြချက်ဖြစ်၏။ အက်ဆီးဒင့်ဆိုတာ မဖြစ်မီက တားရသည်။ ဖြစ်ပြီးမှဆိုလျှင်တော့ တစ်သျှူးသာ အထုပ်လိုက်ပို့လိုက်ပေတော့။ လွန်သွားပြီ။ အယ်မယ်လေး မောင်ဟိုဒင်းရဲ့၊ အသေစောလို့ နှမြောလှချည့် အော်ငိုနေလို့ ပြန်ရှင်လာမှာမဟုတ်။ မလွန်မီက ကြိုတား ထားရသည်။ ဤသည်မှာ safety personnel များနှင့်ချည်းဆိုင်တာ မဟုတ်။ အသင်တို့ ကိုယ်နှိုက်မှာလည်း တာဝန်ရှိသည်။ safety က သေအောင်ပြောနေ။ သင်တို့မလိုက်နာလျှင် သင်တို့ ပြုတ်ကျဘို့ပဲ ရှိသည်။
            သည်တော့ သွားသတိ၊ လာသတိ၊ စားသတိ၊ အိပ်သတိ (ဟုတ်ပေါင်) အစစ သတိဝီရိယရှိကြပါဟု ပြောရင်း နိဂျုံးခုပ် (ဟုတ်ပေါင်) နိဂုံးချုပ်ပါသတည်း။ (မချုပ်လို့လည်း မဖြစ်ဘူး။ သန်းခေါင်ရှိနေပြီ။ နက်ဖြန် အလုပ်သွားရဦးမှာ။)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၆ - ၄ - ၂၀၁၄
ည သန်းခေါင်

တောင်းပန်ခြင်းနှင့် မေတ္တာရပ်ခံခြင်း

မိတ်ဆွေများခင်ဗျား -

လုပ်ငန်းခွင်မတော်တဆမှုများအကြောင်း ဆောင်းပါးများတွင် (သောက်၊ ဂန်းမသား စသော) ရိုင်းစိုင်းသည့် အသုံးအနှုန်းများ တော်တော်များများပါသွားကြောင်း ယခု ရထားပေါ်တွင် ပြန်ဖတ်ကြည့်တော့မှ သတိပြုမိပါသည်။ သည်ဆောင်းပါးများကို အတော်များများက ရှယ်ထားသည့်အတွက်လည်း ကျွန်တော့်မှာ အတော်အထိတ်တလန့်ဖြစ်သွားပါ၏။
ထို့အတွက် စာဖတ်သူအားလုံးကို အထူးတောင်းပန်အပ်ပါသည် ခင်ဗျား။ (ဂျာနယ်တွေပို့မဲ့ ဆောင်းပါးတွေဆိုရင်တော့ နှစ်ခါပြန်၊ သုံးခါပြန် ဖတ်။ စိတ်ကြိုက်ပြင်ပြီးမှ ပို့တာပဲ။ ဒါပေမဲ့ မျက်နှာစာအုပ်ဆိုတော့ သိပ်အလေးမထားမိလို့ ပြန်မဖတ်ဘဲ ရေးပြီးပြီးချင်း တင်လိုက်လို့ သည်လိုဖြစ်သွားရတာပါခင်ဗျာ။)
            ယခု ထိုအသုံးအနှုန်းအားလုံးကို ပြန်ပြင်လိုက်ပါသည်။ ရည်ညွှန်းအနေနှင့်သုံးစွဲရန် ကူးယူထားသူများအားလည်း ယခင်က ပို့စ်အဟောင်းများအားဖျက်ပစ်ပြီး ယခုပြင်ထားသော အသစ်များကို ပြန်လည်ကူးယူပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နောင်တွင် ဤကဲ့သို့သော မသင့်တော်သည့် အသုံးအနှုန်းများတွေ့ပါက မထောက်ညှာဘဲ ချက်ချင်းဝေဘန်အကြံပြုကြပါ ရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

ကျေးဇူးတင်ပါသည်။
အေးငြိမ်း