Wednesday, May 31, 2017

မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ (၅)

၆။ စင်ကာပူ အဆောက်အဦစနစ် - ကိုထွန်းနောင်မြင့်

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ ထွန်းနောင်မြင့်ဖြစ်ပါတယ်။ ရန်ကုန်နည်းပညာတက္ကသိုလ်ကနေ BE ဘွဲ့ရလာပြီး စင်ကာပူ NTU ကနေ မာစတာဘွဲ့တစ်ခု ထပ်ယူပါတယ်။ လက်ရှိ Resident Engineer အနေနဲ့ စင်ကာပူမှာ တာဝန်ထမ်း ဆောင်လျှက် ရှိပါတယ်။ ၂၀၀၈ ကနေ ခုချိန်ထိ ဆောက်လုပ်ရေးလောကထဲမှာ ကျင်လည်နေပါတယ်။

ကျွန်တော်ပြောမှာကတော့ စင်ကာပူရဲ့ အဆောက်အဦတွေစနစ်အကြောင်းပဲ ဖြစ်ပါတယ်။ ဒီမှာ အပိုင်း (၂) ပိုင်းရှိပါတယ်။ ပထမတစ်ပိုင်းက ထိန်းချုပ်ထားတဲ့ဥပဒေတွေနဲ့ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်နေတဲ့ အဖွဲ့တွေအကြောင်း နဲ့ ဒုတိယပိုင်းကတော့ လည်ပတ်နေတဲ့ Control system အကြောင်းဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာ အဆောက်အဦးတွေနဲ့၊ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်လာရင် အဓိကတာဝန်ရှိတဲ့အဖွဲ့အစည်းက BCA (Building and Construction Authority) ပဲ ဖြစ်ပါတယ်။ သူက MND (Ministry of National Development) ၀န်ကြီးဌာန အောက်က Stat board ဖြစ်ပါတယ်။ သူတို့အလုပ်လုပ်ဖို့အတွက် Building and Construction Authorigy Act ဆိုပြီး ဥပဒေ ပြဌာန်းထားပါတယ်။

BCA ရဲ့ အဓိကတာဝန်တွေကတော့ အဆောက်အဦတွေ လုံခြုံစိတ်ချရမှုရှိဘို့ စံချိန်စံညွှန်းတွေရေးတယ်။ အဲဒီအတိုင်းလည်း အမှန်တကယ် ဆောက်လုပ်စေပါတယ်။ သူတို့ဆီက ခွင့်ပြုမိန့်မရဘဲ ဆောက်ခွင့်မရှိပါဘူး။ လက်ရှိ ရှိပြီးသား အဆောက်အဦ တွေကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်။ ခေတ်မီကစားကွင်းတွေမှာ ထည့်သွင်းလာတဲ့ Amusement riding တွေ အတွက်လည်း တာဝန်ယူတယ်။

နောက်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု သက်သာအောင် အဆောက်အဦဒီဇိုင်းတွေ လေ့လာတယ်။ အဲသလို အဆောက်အဦတွေတည်ဆောက်ဘို့ အားပေးတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ခေတ်မီနည်းပညာတွေသုံးပြီး ပိုမို ကောင်းမွန်လျှင်မြန်စွာ တည်ဆောက်နိုင်ဘို့ သုတေသနတွေလုပ်တယ်။ အစိုးရရဲ့ Smart Nation programme မှာလည်း ပါဝင်ဆောင်ရွက်နေပါတယ်။

နောက် BCA Academy တည်ထောင်ထားပြီး လုပ်ငန်းခွင်ထဲက အလုပ်သမားတွေရဲ့ အရည်အသွေးမြှင့်တင်ရေး လုပ်ပေးတယ်။ ပညာရှင်အသစ်၊ အင်ဂျင်နီယာအသစ်တွေ မွေးထုတ်ပေးပါတယ်။

BCA ရဲ့ဖွဲ့စည်းပုံမှာ Board member ၁၄ ဦးပါပါတယ်။ အဲဒီ ၁၄ ဦးထဲမှာ CEO ကလွဲပြီး ကျန်တဲ့အဖွဲ့ဝင်တွေဟာ non-executive member တွေဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ၊ သင်ကြားရေးပိုင်းက ပညာရှင်တွေ၊ သက်ဆိုင်ရာ ၀န်ကြီးဌာနက ကိုယ်စားလှယ်တွေ ပါပါတယ်။

အဲဒီမှာ အဖွဲ့လေးတွေရှိပါတယ်။ Building Engineering group က ဒါရိုက်တာက  Building Control Act အရခန့်အပ်ထားတဲ့ Commissioner of Building ဖြစ်ပါတယ်။ စင်ကာပူရဲ့ Building control system တွေအတွက် အဓိကတာဝန်ရှိသူတစ်ဦးပါ။ သူ့ကို ၀န်ကြီးဌာနက တိုက်ရိုက်ခန့်ပါတယ်။ အဲဒီအဖွဲ့က ဘာတွေလုပ်လဲဆိုတော့ consultant က တွက်ထားတဲ့ structure design တွေကို စစ်ဆေး အတည်ပြုပေးတယ်။ ဆောက်လုပ်ရေးလုပ်ငန်းက sturcture investigation တွေ လုပ်တယ်။

နောက် Building Plan and Management group. သူကလည်း အာခီကထုတ်ပေးထားတဲ့ building plan တွေကို စစ်ဆေး၊ အတည်ပြုပေးတယ်။ Bill board ကြော်ငြာတွေအတွက်လည်း တာဝန်ယူတယ်။ လက်ရှိရှိနေပြီးသား အဆောက်အဦးတွေရဲ့ စီမံခန့်ခွဲရေးပိုင်းလည်း လုပ်ပေးတယ်။ Amusement park တွေအတွက် စစ်ဆေးပြီး အတည်ပြုပေးတယ်။

နောက်တစ်ဖွဲ့က Special Function group ပါ။ သူတို့က enforcement ပိုင်း အဓိကလုပ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်း တွေ စည်းတွေစနစ်တွေ ဥပဒေတွေနဲ့အညီလုပ်ဖို့ တာဝန်ယူပါတယ်။

နောက် Construction Productivity and Quality group. သူတို့က ခေတ်မီနည်းပညာတွေသုံးပြီး မြန်လည်းမြန်၊ ကောင်းလည်းကောင်းအောင် လုပ်ပါတယ်။

နောက်ပြီးတော့ Environmental Suitability Group ။ သူတို့က အဆောက်အဦးတွေမှာ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး စနစ်ထည့်ဘို့ တာဝန်ယူလုပ်ပါတယ်။ 

Build Environment Technology Centre ကတော့ geological နဲ့ underground project တွေအတွက် တာဝန်ယူပါတယ်။

စင်ကာပူကဆောက်လုပ်ရေးနဲ့ အဆောက်အဦတွေကို ထိန်းချုပ်နိုင်ဘို့ ဥပဒေနှစ်ခုရှိပါတယ်။ တစ်ခုက Building Control Act၊ နောက်တစ်ခုက Building Maintenance and Strata Management Act  ဖြစ်ပါတယ်။ အက်ဥပဒေကို အထောက်အကူပြုမဲ့ နည်းဥပဒေတွေလည်း ချမှတ်ပြဌာန်းထားပါတယ်။ နည်းဥပဒေတွေကများတော့ အသေးစိတ်ရှင်းမပြတော့ပါဘူး။ ဒီဥပဒေ အားလုံးကို Singapore statutes online ကနေ download လုပ်ဖတ်နိုင်ပါတယ်။

နောက်ပြီး စင်ကာပူမှာ Building Control System ဘယ်လိုလုပ်နေတယ်ဆိုတာ ရှင်းပြပါမယ်။ ပထမဆုံး Building ဆိုတာကို အဓိပ္ပာယ်ဖွင့်ပါတယ်။ ယာယီပဲဖြစ်ဖြစ်၊ အမြဲတမ်းနေမဲ့ အဆောက်အဦပဲဖြစ်ဖြစ် Building လို့ သတ်မှတ်ပါတယ်။ Building မှာ အမိုးအကာပါမယ်။ ယာယီမြေထိန်းနံရံ၊ ဆိပ်ခံဘောတံတား၊ တံတားတွေ၊ မြေအောက်လိုဏ်တွေ၊ ရေမြောင်း စသဖြင့် အားလုံးပါပါတယ်။ အငြင်းပွားစရာမဖြစ်အောင် ဥပဒေထဲမှာ Building ဆိုတာဘာလဲလို့ အားလုံးရှင်းပြထားပါတယ်။

Building ဆိုတာမှာ site တစ်ခုကို စပြင်တာကနေ အပြီးထိ အားလုံးပါပါတယ်။ Owner ဒါမှမဟုတ် developer က ဒီဇိုင်းအဖွဲ့၊ consultant အဖွဲ့တွေရှာပြီး ခန့်ထားရတယ်။ နောက်တည်ဆောက်မဲ့အဖွဲ့ပါတယ်။ နောက်ပြီး ဒီပရောဂျက်အတွက် QP (Qualify Person) တွေခန့်ရတယ်။ QP for Archi work, QP for Structures, QP for M&E စသဖြင့်ပေါ့။ 

ပရောဂျက်တစ်ခုမစခင် ဘာစလုပ်ရလဲဆိုတော့ URA (Urban Redevelopment Authority) ကို ပါမစ်တင်ရပါတယ်။ သူကလည်း MND အောက်က Stat board တစ်ခုပါပဲ။ URA က တင်လာတဲ့ plan ကိုစစ်ဆေးပြီး written permission ထုတ်ပေးလိုက်ရင် Architecture က Building plan ကို BCA ကို တင်ပြရပါတယ်။ BCA က သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသလား စစ်ဆေးပြီး အတည်ပြုပေးပါတယ်။ မကိုက်ညီတဲ့အချက်တွေပါလာရင် ပြန်ပြင်ပေးရတယ်ပေါ့။ အားလုံး အဆင်ပြေသွားပြီဆိုရင် Building Plan approval ချပေးပါတယ်။ နောက်တစ်ဆင့်က structural design ကို သတ်မှတ် ထားတဲ့ code တွေ standard တွေအရ တွက်ချက်ပြီး တင်ရပါတယ်။

ဒါ့အပြင် protection layer တစ်ခုထားတဲ့အနေနဲ့ ပရောဂျက်တန်ဘိုး ၁၅ သန်းကျော်ရင် နောက်ထပ် ပီအီး တစ်ယောက်က သီးခြား စစ်ဆေးရပါတယ်။ မူရင်းပီအီးက တွက်ပေးတယ်။ နောက်ပီအီးက စစ်ဆေးတယ်ပေါ့။ အဲဒီနှစ်ခုပေါင်းပြီးမှ BCA ကို တင်ရတယ်။ BCA က ပြန်စစ်ပြီး လိုအပ်တာ၊ သဘောမကျတာတွေ့ရင် ပြန်ပြီး ညွှန်ကြားချက်ပေးပါတယ်။ အဲဒီညွှန်ကြားချက် ပေါ်မူတည်ပြီး PE က သူတို့လိုအပ်ချက်နဲ့ကိုက်ညီအောင် ပြန်တွက်၊ ပြန်တင်ရတယ်။ Structural plan approve ဖြစ်ပြီ ဆိုရင်တော့ ဒီဇိုင်းပိုင်းဆိုင်ရာ ပြီးသွားပြီ။

ဆောက်တဲ့အခါ လုပ်ငန်းတွေကို အနီးကပ်ကြီးကြပ်မဲ့ site supervisor တွေကိုလည်း ခန့်ထားရပါတယ်။ နောက် RE, RTO တွေကိုလည်း သတ်မှတ်ထားတဲ့အတိုင်း ခန့်ထားရပါတယ်။ အဲဒီသူတွေက ဆောက်တဲ့အခါ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း တွေနဲ့ကိုက်ညီအောင် လုပ်ငန်းကို ကွပ်ကဲရတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့မှာ လုပ်ပိုင်ခွင့်လည်းရှိပါတယ်။ လိုအပ်ရင် BCA ထိ တိုက်ရိုက်တင်ပြလို့ရတယ်။

BCA, NEA စတဲ့သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေဆီက လုပ်ခွင့်ပြုမိန့်ရပြီဆိုရင် လုပ်ငန်းတွေစလို့ရပါပြီ။ ဆောက်လုပ် ဆဲမှာတွေ့ရတဲ့ ဒီဇိုင်းပိုင်းဆိုင်ရာ၊ ဆောက်လုပ်ရေးဆိုင်ရာပြဿနာစတာတွေကို RE တို့ Consultant QP တို့က ဖြေရှင်းသွား ပါတယ်။ BCA ကလည်းရှောင်တခင် ၀င်စစ်တတ်ပါတယ်။ မှားနေတာတွေ့ရင် ထောက်ပြမယ်။ အဲဒါဆို တာဝန်ရှိတဲ့သူတွေက ဖြေရှင်းရပါတယ်။

ဒါကတော့ BCA က သတ်မှတ်ထားတဲ့ ပရောဂျက်တန်ဘိုးပေါ်မူတည်ခန့်ထားရတဲ့ QP, RE, RTO စာရင်းပါ။ 

ဆောက်လုပ်ရေးလုပ်ငန်းတွေအားလုံးပြီးသွားရင် RI (Registered Ispector) တွေခေါ်ပြီး architectural work, M&E work တွေ အားလုံးစစ်ဆေးပါတယ်။ မကိုက်ညီတဲ့အချက်တွေတွေ့ရင် မှတ်ချက်ပေးတယ်။ နောက်ပြီး second inspection, third inspection စသဖြင့် အားလုံး clear ဖြစ်သွားတဲ့ထိ လုပ်ပေးရပါတယ်။

အားလုံး clear ဖြစ်သွားပြီဆိုရင် BCA ကို လူနေထိုင်ခွင့် TOP (Temporary Occupation Permit) လျှောက်ထားရပါတယ်။ အဲဒီအခါ BCA က သူ့ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ လာစစ်ပါတယ်။ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတာတွေရှိရင် မှတ်ချက် ပေး။ second inspection, third inspection စသဖြင့် အားလုံး clear ဖြစ်သွားတဲ့ထိလုပ်ပေးရပါတယ်။ အားလုံး clear ဖြစ်သွားပြီဆိုရင်တော့ လူနေထိုင်လို့ ရပါပြီ။

ဆောက်လုပ်ရေးလုပ်ငန်းတွေပြီးသွားပေမဲ့ စာရွက်စာတမ်းကိစ္စအနေနဲ့ As Build drawing တွေ တင်ပြရပါတယ်။ မုရင်းဒီဇိုင်း နဲ့ အသေးစားကွဲလွဲမှုတွေကို ဒီဇိုင်းတွက်ချက်မှုတွေနဲ့ BCA ကို ပြန်လည်တင်ပြရပါတယ်။ နောက် အဆောက်အဦနဲ့ထိစပ်နေ တဲ့ NEA, NParks စတာတွေဆီကနေလည်း Clearance ယူရပါတယ်။

အားလုံး clear ဖြစ်သွားပြီဆိုရင်တော့ CSC (Certificate of Statutory Completion) လျှောက်ရပါတယ်။ ဒါကတော့ နောက်ဆုံးပိုင်းပါ။ ဒါပြီးရင် အားလုံးပြီးသွားပါပြီ။

နောက်တော့ သတ်မှတ်ထားတဲ့ အချိန်ကာလ အပိုင်းအခြားတစ်ခုမှာ အဆောက်အဦရဲ့ ခိုင်ခံ့စိတ်ချရမှုကို BCA က Professional Engineering တွေကို စစ်ခိုင်းပါတယ်။

ဒီမှာကြည့်လိုက်ရင် လုပ်ငန်းစဉ်တွေ၊ အဆင့်တွေအရမ်းများလို့ အချိန်အတော်ကြာလိမ့်မယ်လို့ ထင်ကောင်း ထင်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့လုပ်ထားတဲ့စနစ်က Building Plan, Structure plan စတဲ့ တင်ပြရတဲ့စာရွက်စာတမ်းတွေကို အွန်လိုင်းကနေ လုပ်ပါတယ်။ အွန်လိုင်းကနေတင်ပြီး အွန်လိုင်းကနေပဲ ပြန်ကျလာတယ်။ အဆင့်တိုင်းအဆင့်တိုင်းမှာ ဘာတွေလိုအပ်တယ်။ အချိန်ဘယ်လောက်ကြာမယ်။ Procedure က ဘာဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြထားပါတယ်။ အဲဒီအတွက် လုပ်ရ ကိုင်ရ အဆင်ပြေတယ်။ အငြင်းပွားစရာကိစ္စတွေ မရှိတော့ဘူး။ Undertable ကိစ္စတွေ မရှိတော့ဘူး။

နောက်ပြီး သူတို့က Building Control Act, BCA စသဖြင့်ရှိနေပြီးသားပဲဆိုပြီး ဒီအတိုင်းမထားဘူး။ အမြဲပြန်လည်သုံးသပ် နေတယ်။ သူတို့စနစ်ကို အမြဲပြန်လည် ဆန်းစစ်နေတယ်။ ဒီစနစ်နဲ့လည်ပတ်နေတုံးမှာ accident/incident တစ်ခုခုဖြစ်လာခဲ့ ရင် သူတို့စံနစ်မှာ ဘာမှားနေသလဲဆိုတာ ပြန်ပြီး ဆန်းစစ်ပါတယ်။ တာဝန်ရှိတဲ့သူတွေကို အရေးယူလိုက်ရုံနဲ့ ဒီပြဿနာဟာ ဖြေရှင်းပြီးသား ဖြစ်သွားမှာမဟုတ်ပါဘူး။ ပြဿနာရဲ့ တကယ့်အရင်းအမြစ်ကို ရှာဖွေဖော်ထုတ်ဘို့လိုတယ်။ အဲဒီနေရာမှာ ခု လက်ရှိကျင့်သုံးနေတဲ့စနစ်ရဲ့ အားနည်းချက်တွေကို ရှာဖွေဖော်ထုတ်ပြီး ပိုမိုကောင်းမွန်အောင် ဘယ်လိုလုပ်ရမလဲ အဖြေရှာ တယ်။ ဒါဟာ အင်မတန် အတုယူစရာကောင်းတဲ့အချက်ပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ ဒီမှာကျွန်တော် case study တစ်ခုတင်ပြထားပါတယ်။
၂၀၁၂ ခုနှစ်ဇူလိုင်လက ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ ကွန်ကရစ်လောင်းနေတုံး ငြမ်းပြိုကျပါတယ်။ လုပ်သား (၂) ယောက်သေပါတယ်။ ဒီဖြစ်စဉ်တစ်ခုလုံးကို စစ်ဆေးပြီး main cond, sub cond တွေကို ဒဏ်ရိုက်ပါတယ်။ ဒါ့အပြင် နောင် ဒီလိုမဖြစ်အောင် MOM က scaffold အတွက် safety requirement တွေ ပိုပြီး တင်းကြပ်လိုက်ပါတယ်။

သူတို့က ဒီလို သူတို့စနစ်တွေကို အမြဲလေ့လာဆန်းစစ်၊ ပိုကောင်းအောင် အမြဲံလုပ်နေတော့ အကြီးစား မတော်တဆမှုတွေကို နည်းနိုင်သမျှနည်းအောင် လျှော့ချနိုင်ခဲ့ပါတယ်။ ဥပမာ ၂၀၀၄ ခုနှစ်ကဖြစ်ခဲ့တဲ့ Nicoll highway accident ဖြစ်ပြီး နောက် ကြီးကြီးမားမား accident သိပ်မဖြစ်တော့ပါဘူး။ ခုဆောက်လုပ်ရေးတွေမှာ excavation အများကြီးပါလာတဲ့အတွက် မြေတူး တဲ့လိုအပ်ချကတွေကို ပိုတင်းကျပ်လာပါတယ်။

ဒါက သူတို့ဆီမှာလုပ်နေတဲ့ပုံစံပါ။ ကျွန်တော်တို့ဆီမှာလည်း အဲသလိုလုပ်လို့ရပါတယ်။ လုပ်လို့ရတယ်ဆိုတာ တိုက်ရိုက် ကော်ပီကူးချဘို့ပြောတာမဟုတ်ပါဘူး။ သူတို့လုပ်ကိုင်နေတာတွေ နမူနာယူပြီး ကိုယ့်အခြေအနေနဲ့ကိုက်ညီအောင် ပြင်ဆင် သုံးစွဲဘို့ ပြောတာပါ။

ဒါ့ထက်ပိုသိချင်သေးတယ်ဆိုရင် ကျွန်တော့်ဆီ လှမ်းဆက်သွယ်လို့ရပါတယ်။

ကျေးဇူးတင်ပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ (၄)

(၅) စင်ကာပူကျန်းမာရေးစောင့်ရှောက်မှုစနစ် - ကိုမင်းသူ

ကျွန်တော့်နာမည် ကိုမင်းသူပါ။ ကျွန်တော် ရန်ကုန်အဝေးသင်တက္ကသိုလ်ကနေ ရူပဗေဒနဲ့ကျောင်းပြီးပါတယ်။ ကျွန်တော် ကုလသမဂ္ဂအဖွဲ့အစည်းတော်တော်များများမှာ အလုပ်ဝင်လုပ်ခဲ့ဖူးပါတယ်။ နောက် စင်ကာပူအစိုးရကပေးတဲ့ ပညာသင်ဆု ရလို့ ကိုသိန်းသန်းဝင်းတို့နဲ့အတူ Master of Public Administration ကို ၂ နှစ်တက်ပါတယ်။

ကျွန်တော်အခုပြောမဲ့အကြောင်းအရာတွေကတော့ ကျွန်တော့်ကိုယ်ပိုင်အမြင်တွေပဲဖြစ်ပါတယ်။ စင်ကာပူကျန်းမာရေး စောင့်ရှောက်မှုစနစ်ထဲက မန်းစည်ပင်နဲ့ သင့်တော်ရာရာတွေကို ရွေးပြောပါမယ်။

ကျွန်တော် အလုပ်လုပ်နေရင်း ရင်ဘတ်အောင့်လာလို့ အနားမှာရှိတဲ့ဆေးရုံကို သွားပါတယ်။ သူတို့ ချက်ချင်းလုပ်ကိုင် ပေးပါတယ်။ ကျွန်တော်နိုးလာတော့ ကုန်ကျစရိတ်တောင်းတဲ့စာရွက်ရောက်လာတယ်။ ဆေးရုံတက်တာတောင် မဟုတ်သေးဘူး။ စစ်ဆေးတဲ့နေရာမှာပါဘဲ။ စုစုပေါင်း ဆယ်နာရီလောက်ကြာပါတယ်။ အဲဒီအတွက် ကုန်ကျစရိတ်က မြန်မာငွေ ဆယ်သိန်းလောက်ရှိပါတယ်။

ဆိုလိုချင်တာက သူတို့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်က ကောင်းတယ်။ မြန်တယ်။ ဒါပေမဲ့ ကုန်ကျစရိတ်လည်း အရမ်းကြီးတယ်။ ဆေးကုသစရိတ်က အရမ်းမြင့်တဲ့အတွက် အလုပ်လုပ်နေသူတွေအနေနဲ့ အာမခံယူထားဘို့လိုပါတယ်။ အကယ်၍ အာမခံယူမထားလို့ရှိရင် ရှာထားသမျှပိုက်ဆံ ခဏလေးနဲ့ ကုန်သွားနိုင်ပါတယ်။

ကျန်းမာရေးပြဿနာတွေက အရမ်းရှုပ်ထွေးတယ်။ ဆေးလိပ်သောက်ရင် ကင်ဆာဖြစ်နိုင်တယ်ဆိုပေမဲ့ ဆေးလိပ်မသောက် တဲ့သူတွေမှာလည်း ဖြစ်တာပဲ။ အဲဒီတော့ ကျန်းမာရေးပြဿနာတွေ ရှင်းတဲ့အခါ ဘက်ပေါင်းစုံကနေ ရှင်းရတယ်။ ကျန်းမာရေး ပြဿနာတွေက ရှုပ်တဲ့အခါကျတော့ အဲဒါကို ကိုင်တွယ်တဲ့ ကျန်းမာရေးစနစ်ကလည်း အတော့်ကို ရှုပ်ထွေးပါတယ်။

ဆေးရုံကြီးတွေက အရမ်းကောင်းနေပေမဲ့ ဈေးက မတရားကြီးနေလို့ လူတွေအနားမကပ်နိုင်ရင်လည်း ဒီကျန်းမာရေးစနစ်ကို ကောင်းပါတယ်လို့ ပြောလို့မရဘူး။ နောက်တစ်ခုက နိုင်ငံတစ်နိုင်ငံမှာရှိနေတဲ့ ဥပမာ ဂျပန်ဆိုပါတော့၊ ဂျပန်က ကျန်းမာရေး စောင့်ရှောက်မှုစနစ် အရမ်းကောင်းပါတယ်ဆိုပြီး မြန်မာနိုင်ငံမှာ ကော်ပီကူးချလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဂျပန်က လူနေမှုစနစ်၊ ရာသီဥတုအခြေအနေနဲ့ မြန်မာပြည်က ရာသီဥတု၊ လူနေမှုစနစ်တို့ တူမှမတူပဲကိုး။

အဲဒါကြောင့် လိမ္မော်သီးနဲ့ ပန်းသီးဘယ်ဟာပိုကောင်းသလဲလို့ နှိုင်းယှဉ်သလို နှိုင်းယှဉ်လို့မရဘူး။ ကာလံဒေသံပေါ်မူတည်ပြီး သူ့ဒေသအခြေအနေနဲ့ကိုက်ညီရဲ့လားလို့ ပြန်ဆန်းစစ်ရမယ်။ 

၂၀၁၇ ခုနှစ် မတ်လ (၁၈) ရက်နေ့က အမေရိကားမှာ Obama care ကိုပြင်ဘို့ အဆိုတွေတင်သွင်းကြတယ်။ အဲဒီမှာ NewYork Time က ဆောင်းပါးတစ်စောင်ရေးတယ်။ ကျန်းမာရေးကဏ္ဍမှာ အမေရိကားကို စင်ကာပူလိုဖြစ်အောင် လုပ်ပေးပါ တဲ့။ စင်ကာပူဟာ နိုင်ငံသေးသေးလေးဖြစ်ပေမဲ့ အမေရိကားက သူတို့ကျန်းမာရေးစနစ် ကောင်းလားမကောင်းလား ကြည့်တဲ့ အခါ စင်ကာပူကို လှမ်းကြည့်ရတယ်။ ဂျပန်ကလည်း ကူးစက်ရောဂါတွေနဲ့ပတ်သက်ပြီး စင်ကာပူကိုလာ လေ့လာသင်ယူမှုတွေ လုပ်ရတယ်။ တစ်နည်းအားဖြင့် စင်ကာပူဟာ ကျန်းမာရေးမှာ နိုင်ငံတကာရဲ့ benchmark ဖြစ်လာတယ် ပေါ့။ ချမ်းသာတဲ့ နိုင်ငံ တွေအတွက် စင်ကာပူဟာ ကျန်းမာရေးစနစ်မှာ တခြားနိုင်ငံတွေက စံထားရတဲ့နိုင်ငံဖြစ်လာတယ်။ စင်ကာပူအစိုးရက သူ့နိုင်ငံသားတွေကို ကျန်းမာရေးကုန်ကျစရိတ်တွေ ပေးနိုင်အောင် လုပ်ပေးထားတယ်။ နောက် အာမခံစနစ်တွေ ထားပေးတယ်။ ဥပဒေအရ ဆေးစစ်တာထက် ဆေးရုံတက်တာက ပိုသက်သာတယ်။ ဒါကြောင့် အာမခံကုမ္ပဏီတွေကလည်း ဆေးစစ်တာထက် ဆေးရုံတက်တာကို ပိုအားပေးတယ်။

ဆေးရုံကြီးတွေ ဟီးထနေအောင်၊ အရမ်းကောင်းအောင်ဆောက်ထားပေးမဲ့ အစိုးရအနေနဲ့က ကုန်ကျစရိတ်ရဲ့ ၅% ပဲ ပေးရ တယ်။ နောက်ပြီး အဲဒီဆေးရုံကြီးတွေရဲ့ ၀န်ဆောင်မှုကို စင်ကာပူနိုင်ငံမှာ လူတော်တော်များများ သုံးနိုင်တယ်။ သုံးနိုင်အောင် လို့ လုပ်ပေးထားတယ်။

စကင်ဒီနေဗီးယားတိုင်းပြည်တွေမှာဆိုရင် ကျန်းမာရေးစရိတ်ကို GDP ရဲ့ ၁၀% သုံးတယ်။ အမေရိကားမှာဆို GDP ရဲ့ ၁၇% ကို သုံးရတယ်။ အဲဒါတောင်မှ အစိုးရအနေနဲ့ ပြည်သူအတွက် အကျိုးရှိတဲ့၊ ရလဒ်ကောင်းထွက်တဲ့ ကျန်းမာရေးစနစ်ကို မရဘူး။

စင်ကာပူဟာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကောင်းတယ်ဆိုတာ ဟုတ်သလားလို့ ပြန်ကြည့်ရအောင်။ ဒီဟာကတော့ အာရှနိုင်ငံတွေက ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေ ကို နှိုင်းယှဉ်ဖော်ပြထားတာပါ။

၁။ ကလေးမွေးနှုန်း - စင်ကာပူမှာက လူတိုင်းအလုပ်လုပ်နေရတော့ ကလေးသိပ်မမွေးနိုင်ကြဘူး။
၂။ ပျမ်းမျှသက်တမ်း -
၃။ ကလေးအသေမွေးဖွားနှုန်း -
၎။ ကိုယ်ဝန်ဆောင်မိခင်သေဆုံးနှုန်း -

ကြည့်လိုက်ရင် စင်ကာပူဟာ ကျန်းမာရေးနဲ့ပတ်သက်လို့ နိုင်ငံအတော်များများရဲ့ ထိပ်ဆုံးမှာ ရှိနေတယ်။ WHO ရဲ့ သက္ကရာဇ် ၂၀၀၀ အစီရင်ခံစာမှာ စင်ကာပူဟာ နံပါတ် (၆) နေရာမှာရှိပါတယ်။ ၂၀၁၆ ရဲ့ Bloomberg ရဲ့  ကမ္ဘာ့အကောင်းဆုံးကျန်းမာရေး စနစ်မှာ စင်ကာပူက နံပါတ် (၂) ရှိတယ်။

မြန်မာပြည်က ဘာဆိုးသလဲဆိုတော့ ကျွန်တော်တို့ဆီမှာ အချက်အလက်တွေ တိတိကျကျမရှိဘူး။ ခုနက ကိုသိန်းသန်းဝင်း ပြောတဲ့ evidence base action တွေ ယူဘို့ဆိုတဲ့နေရာမှာ နှိုင်းယှဉ်စရာ အချက်အလက်တွေ အရမ်းအားနည်းတယ်။ မန်းစည်ပင်ကို ကျွန်တော်မေတ္တာရပ်ခံချင်တာက ကိုယ်နဲ့ပတ်သက်တဲ့နယ်မှာ baseline data တွေကို စကောက်စေချင် ပါတယ်။ အဲဒါမှ ကျွန်တော်တို့က လက်ရှိ ကိုယ်ဘယ်ရောက်နေတယ်ဆိုတာ သိမှာ။ ဘာအချက်အလက်မှမရှိတဲ့အခါကျတော့ ကိုယ့်ဟာကိုယ် ဘယ်ရောက်လို့ရောက်နေမှန်းမသိ။ ဘယ်အဆင့်ရောက်အောင်လုပ်မယ်လို့ ရည်မှန်းလို့လည်းမရ။

သူတို့လုပ်တဲ့အခါ စည်းတွေစနစ်တွေက တော်တော်ကောင်းတယ်။ အစိုးရနဲ့ လူထုတိုက်ရိုက်ထိတွေ့နေရင် လာဘ်ပေး လာဘ်ယူမှုတွေ ဖြစ်နိုင်တယ်။ အဲဒီအတွက် ကိစ္စတော်တော်များများကို အွန်လိုင်းစနစ်နဲ့လုပ်လို့ရမဲ့ Smart nation ထူထောင်ဘို့ လုပ်ရမယ်။ စနစ်ကောင်းတဲ့အခါ လုပ်ရလွယ်တယ်။ မြန်တယ်။ တော်တော်အကျိုးရှိတယ်။

နောက် တရားဥပဒေစိုးမိုးမှု။ ဒီမှာ သူငယ်ချင်းတို့၊ အသိတို့ရယ်လို့မရှိဘူး။ မှားတယ်ဆို ဘယ်သူဖြစ်ဖြစ် အရေးယူတယ်။ နောက်ပြီး တာဝန်ခံမှု။ ဥပမာ - ဆေးရုံတစ်ခုမှာ ကူးစက်ရောဂါရှိလာပြီဆို အဲဒီဆေးရုံအုပ်၊ ဆရာဝန်၊ ဆေးရုံကိုအုပ်ချုပ်နေတဲ့ အဖွဲ့ စသဖြင့် နှုတ်ထွက်ပေးရတယ်။ နားလည်မှုတို့ဘာတို့ မရှိဘူး။ အဲဒါလေး တော်တော်ကောင်းတယ်။

အစိုးရက သတ်မှတ်ပေးထားတဲ့ ဘတ်ဂျက်အတိုင်းပဲ ဆေးရုံကိုပေးတယ်။ ကျန်တာကို ဆေးရုံက သူ့ဘဏ္ဍာငွေ သူ့ဘာသာ သူရှာ၊ သူ့ဘာသာ စီမံခန့်ခွဲရတယ်။ ဆိုတော့ စင်ကာပူအစိုးရမှာ ပိုက်ဆံတွေအများကြီးပိုတယ်။ ပိုတဲ့ပိုက်ဆံတွေကို နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်တယ်။

ဆေးရုံကြီးတစ်ခုဆောက်ပြီးသွားပြီဆိုပေမဲ့ သူတို့က ရပ်မနေဘူး။ How can we do better. ဘယ်လိုပိုကောင်းအောင် လုပ်မလဲ။ စရိတ်စကတွေ လျှော့ချလို့ရမလား။ ဒီဆေးရုံမှာ နှလုံးရေးဂါနဲ့ပတ်သက်တဲ့ အထူးကုမရှိဘူး။ ဒါဆို နှလုံးရောဂါ အထူးကုဌာနတစ်ခု ထပ်ဖွင့်မလား။ ဆိုတော့ သူတို့က သူတို့စနစ်ကို အမြဲပြန်လည်ဆန်းစစ်နေပြီး အမြဲတိုးတက်အောင် လုပ်နေတယ်။

သူတို့က ရပ်မနေဘူး။ အစိုးရအဖွဲ့တစ်ခုလုံးကို learning organization အဖြစ် အမြဲကြိုးစားနေတယ်။ အစိုးရ၀န်ထမ်းတွေ အမြဲထက်မြက်နေစေဘို့ တစ်နှစ်ကို နာရီတစ်ခုသတ်မှတ်ပြီး အစိုးရက ပိုက်ဆံပေးပြီး သူတို့ကို သင်တန်းတွေ တက်ခိုင်းတယ်။ ဥပမာ တစ်နှစ်ကို နာရီ ၆၀ သင်တန်းချိန်ပေးထားတယ်ဆိုပါစို့။ အဲဒီအထဲက နာရီ ၂၀ ကို ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ သင်တန်းတက်။ တခြား နာရီ ၄၀ ကို ကြိုက်တဲ့သင်တန်းတက်။

ကုလသမဂ္ဂမှာလည်း အဲဒီအစီအစဉ်ရှိတယ်။ International Civil Service ဆိုပြီး အမြဲလေ့လာသင်ယူနေရတယ်။ လူဟာ မလေ့လာ မသင်ယူတော့ဘူးဆိုရင် ရပ်သွားတယ်။ ကမ္ဘာကြီးဟာ အမြဲတမ်းပြောင်းလဲနေတယ်။ အဲသလို တိုးတက်ပြောင်းလဲ နေတာတွေကို လေ့လာနေဘို့လိုတယ်။ တကယ်လို့ကိုယ်က ရပ်နေရင် သူများတွေကသွားနေတာဖြစ်တဲ့အတွက် နောက်မှာ ပြတ်ကျန်ခဲ့မှာပဲ။ အဲဒီအတွက် ခေတ်ရေစီးကြောင်းနဲ့အညီ လိုက်ပြေးနေရမယ်။ စင်ကာပူအစိုးရက ဘာကောင်းသလဲဆိုတော့ အဲသလို လိုက်ပြေးနေအောင် စီမံထားတယ်။ နောက်က ပံ့ပိုးမှုတွေလည်း အများကြီးပေးတယ်။

ခင်ဗျားတို့ပြောပြောနေတဲ့ Change management လုပ်ချင်ရင် learning organization ဖြစ်ဘို့ အင်မတန်အရေးကြီးတယ်။ Learning organization ဆိုတဲ့နေရာမှာလည်း ဟိုသင်တန်းတွေတက် ဒီသင်တန်းတွေတက်နဲ့ လက်မှတ်တွေ လျှောက်ယူ နေရုံနဲ့မရဘူး။ တကယ်တတ်ကျွမ်းတဲ့သူတွေဖြစ်အောင် လေ့လာနေရမယ်။ သင်တန်းတက်ရုံသာမက ရလာတဲ့အသိပညာတွေ ကို လက်တွေ့အသုံးချရမယ်။

သူတို့အရည်အချင်းပြည့်လာတဲ့အခါကျတော့ အရင်က အဖွဲ့အစည်းအကြီးကြီးတွေကို Stat board အနေနဲ့ခွဲထုတ်ပစ်လိုက်ပြီး မင်းကဒါလုပ်၊ မင်းကဒါလုပ်ဆိုပြီး တာဝန်တွေသီးခြားပေးလိုက်တယ်။ ဒါဟာ decentralization ပဲ။ ဒါဟာ ကျွန်တော်တို့ အတွက် တော်တော် အတုယူစရာကောင်းတယ်။

ကျွန်တော့်ကို စင်ကာပူနိုင်ငံရဲ့ ကျန်းမာရေးစနစ်အကြောင်း အတိုချုံ့ပြောပါဆိုရင်လည်း ပြောလို့ရတယ်။ သူတို့စနစ်က နည်းနည်းနဲ့ ကျဲကျဲဝိုင်းနိုင်တဲ့စနစ်ပဲ။ စင်ကာပူကျန်းမာရေးစနစ်အကြောင်း အကျယ်တ၀င့်စိတ်ဝင်စားတယ်ဆိုရင် Carry for All People ဆိုတဲ့စာအုပ် online မှာ download လုပ်လို့ရပါတယ်။ Policy အကြောင်းသိချင်ရင်တော့ Affordable Health Care ဆိုတဲ့စာအုပ်ကို download လုပ်ဖတ်နိုင်ပါတယ်။ လက်ရှိစင်ကာပူအစိုးရကျင့်သုံးနေတဲ့ စနစ်တွေ အဲဒီအထဲမှာပါတယ်။ အဓိကက ဈေးကွက်စီးပွားရေးကိုအခြေခံတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးမယ်။

ဈေးကွက်စီးပွားရေးကို အခြေခံတော့ စင်ကာပူကအစိုးရ၀န်ထမ်းတွေဟာ အပြင်ကုမ္ပဏီတွေက ၀န်ထမ်းတွေနဲ့ လစာ မကွာဘူး။ မကွာအောင်လို့ လိုက်ပေးတယ်။ နောက်ပြီး အစည်းအဝေးတို့၊ ကွန်ဖရင့်တို့သွားတက်တဲ့အခါ ရလာတဲ့ လက်ဆောင်တွေကို ဆယ်ဒေါ်လာထက်ကျော်ရင် ကုမ္ပဏီကို ပြန်ကြေငြာပေးရတယ်။ ၁၅ ဒေါ်လာကျော်သွားရင်တော့ ရုံးကိုပြန်လှူရတယ်။ ကိုယ်ယူထားလို့ မရဘူး။

စင်ကာပူကျန်းမာရေးစနစ်ရဲ့ အခြေခံအဆောက်အဦတွေကိုပြောရင် အဓိက သုံးမျိုးရှိတယ်။ အစိုးရရယ်၊ ပုဂ္ဂလိကရယ်၊ လူမှုရေး အဖွဲ့အစည်းရယ်။ ဒီသုံးခုဟာ သေသေချာချာ ချိတ်ဆက်မိမိနဲ့ဆောင်ရွက်နေတယ်။ သူတို့ဘယ်လိုဆောင်ရွက် နေသလဲဆိုတာကို ကျွန်တော် story လေးတစ်ခုနဲ့ပြောပြပါမယ်။ နာမည်က အသားကင်တုတ်ချောင်းတစ်ချောင်းရဲ့ ရာဇ၀င်တဲ့။

၂၀၁၄ မှာ အမျိုးသမီးတစ်ယောက်ဟာ MRT (ရထား) အောက်က လမ်းတစ်ခုမှာ သွားနေရင်း အသားကင်တုတ်ချောင်း တစ်ချောင်းတွေ့တယ်။ သူလမ်းလျှောက်တာ ၂ ရက်ရှိပြီ။ တုတ်ချောင်းက ရှိနေတုံးပဲ။ ဒီတော့ နောက်တစ်ပတ် အမတ်တွေနဲ့ တွေ့ရတဲ့စည်းဝေးပွဲမှာ သူကပြောတယ်။ ကျမ ဒီလမ်းကိုလျှောက်တာ နှစ်ရက်ရှိပြီ။ ဒီအသားကင်တုတ်ချောင်းကို ဘယ်သူမှ လာမသိမ်းဘူး။ ရှင်တို့တွေ အလုပ်မလုပ်ကြဘူးလား မေးတယ်။

ဒီတော့ အမတ်က NEA (National Environment Agency) ကို ချက်ချင်းဖုံးဆက်တယ်။ ဒီလမ်းမှာ ဒီတုတ်ချောင်း ဘာလို့ ရှိနေရသလဲ။ ဒီတော့ NEA က ပြန်ဖြေတယ်။ ဟာ ဒါ ငါတို့အပိုင်မဟုတ်ဘူး။ ငါတို့နဲ့ဆိုင်တာက မြက်ခင်းကနေ လမ်းနယ်စပ် အထိပဲ။ ဆိုတော့ ရထားလမ်းနဲ့ဆိုင်တဲ့ LTA (Land Transport Authority) ကိုလှမ်းဆက်ပြန်တယ်။ LTA ကလည်း ငါတို့နဲ့ ဆိုင်တာက ကွန်ကရစ်၊ ကတ္တရာခင်းထားတဲ့လမ်းပဲ။ တခြား လူသွားခြေလမ်းတွေ ငါတို့နဲ့မဆိုင်ဘူး။ ဖြစ်ပြန်ရော။ 

နောက်ဆုံးကတော့ Park Connector ကို ရောက်သွားတယ်။ ဖြစ်ပုံက Park Connector က အဲဒီနေရာတွေကို သုံးရက်တစ်ခါ အမှိုက်ရှင်းတယ်။ ဖြစ်ချင်တော့ အမျိုးသမီးလျှောက်တာက ပထမနှစ်ရက်ဖြစ်နေတယ်။ အမှိုက်က တတိယနေ့မှ ရှင်းမှာ။

NEA တို့ LTA တို့ကလည်း သူတို့ကိုယ်တိုင်လုပ်တာမဟုတ်ဘူး။ အပြင်ကန်ထရိုက်တာကို ပိုက်ဆံပေးခိုင်းတာ။ ဆိုတော့ သန့်ရှင်းရေးလုပ်တဲ့အချိန်တွေမတူကြဘူး။ နောက်ဆုံး ဘယ်အဆင့်ထိရောက်သွားလဲဆိုတော့ စင်ကာပူဝန်ကြီးချုပ်ရဲ့ အမျိုးသားနေ့မိန့်ခွန်းထဲ ထည့်ပြောရတဲ့ထိ ဖြစ်သွားတယ်။

၂၀၀၄ ခုနှစ်မှာ စင်ကာပူက No round door policy ကို ကျင့်သုံးတယ်။ No round door policy ဆိုတာက စင်ကာပူနိုင်ငံရဲ့ ဘယ်အစိုးရဌာနကိုပဲ မေးခွန်းမေးလိုက်မေးလိုက်၊ အဲဒီအစိုးရဌာနက ဒါ ငါတို့နဲ့မဆိုင်ပါဘူးလို့ ပြန်ပြောလို့မရဘူး။ သူတို့ဟာ သူတို့ သက်ဆိုင်တဲ့ဌာနကို ဆက်သွယ်ပြီး ဖြေရှင်းပေးရတယ်။ အဲဒါ No round door policy.

အခု အဲဒီ No round door policy ကိုကျင့်သုံးတာ ဆယ်နှစ်ရှိပြီ။ ဒါပေမဲ့ခုထိ အစိုးရဌာနတွေက လက်ရှောင်နေတာတွေ ရှိနေ သေးတယ်။ အချင်းချင်းလက်တွဲလုပ်ဆောင်ကြပါဆိုပြီး ၀န်ကြီးချုပ်က မိန့်ခွန်းထဲ ထည့်ပြောသွားတယ်။

ကျန်းမာရေးစောင့်ရှောက်မှုအတွက် လက်တွဲလုပ်တဲ့အခါကျတော့ ကမ္ဘာပေါ်မှာလည်း အလုံးစုံကျန်းမာရေး ဆို လုပ်ရတယ်။ ဒီအခါ လူတွေတင် ကျန်းမာရေးစောင့်ရှောက်ဖို့လုပ်နေလို့ မရတော့ဘူး။ ကူးစက်ရောဂါတွေရဲ့ ၈၀% က တိရစ္ဆာန်တွေဆီက ရလာတာ။ ဥပမာ ကြက်ငှက်တုပ်ကွေး၊ SARS, ခွေးရူးပြန် စသည်။

ဆိုတော့ စင်ကာပူက One health ကို ၂၀၁၂ မှာ အကောင်အထည်ဖော်တယ်။ ကျန်းမာရေးဝန်ကြီးဌာနက လူတွေရဲ့ ကျန်းမာရေးအတွက်လုပ်ပေးတယ်။ NEA က ပတ်ဝန်းကျင် environmental health ကိုလုပ်တယ်။ AVA က စိုက်ပျိုး၊ မွေးမြူ ရေးနဲ့ပတ်သက်တာတွေလုပ်တယ်။ သူတို့က စင်ကာပူကိုသွင်းလာတဲ့ အစားအသောက်အတွေမှာ အဆိပ်အတောက်။ ရောဂါ ကင်းမကင်း စစ်တယ်။ ဈေးတွေသွားပြီး  ဈေးမှာရောင်းနေတဲ့ငါးတွေ လတ်မလတ် စစ်တယ်။

အားလုံး ဌာနအလိုက်စစ်ဆေးပြီးတဲ့အခါ One health အနေနဲ့ ပူးပေါင်းဆောင်ရွက်ကြတယ်။ ဥပမာ - အောင်မြေသာဇံမြို့နယ် မှာ လူ ၅၀ လောက်ဆေးရုံတက်ရတယ်။ အထက်လှန်အောက်လျှောဖြစ်တယ်။ မေးကြည့်လိုက်တော့ သူတို့တွေဟာ ဆိုင်တစ်ဆိုင်ကနေ နန်းကြီးသုပ်စားခဲ့မိတယ်။

စင်ကာပူလိုလုပ်မယ်ဆိုရင် ဆေးရုံတွေက လူနာတွေကို ကျန်းမာလာအောင် ပြုစုစောင့်ရှောက်တယ်။ NEA က စားသောက် ဆိုင်တွေကို လိုက်စစ်တယ်။ စင်ကာပူမှာ ပိုက်ဆံနဲ့ရောင်းတဲ့ အစားအသောက်ဆိုင်မှန်သမျှ NEA မှာ မှတ်ပုံတင်ရတယ်။ NEA သည် အဲဒီဆိုင်တွေကို အချိန်မရွေး ၀င်စစ်လို့ရတယ်။ စစ်လည်းစစ်တယ်။ ဆိုင်တွေမှာ A, B, C, D ဆို ရေးထားတာ တွေ့ရပါ လိမ့်မယ်။ သူတို့က တစ်လကို နှစ်ကြိမ် ဆိုင်တွေကိုလိုက်စစ်ပြီး သတ်မှတ်ထားတဲ့အမှတ်တွေအလိုက် A,B,C, D ပေးတာ။ A က အကောင်းဆုံး။ D က အဆိုးဆုံးပေါ့။

ဘာတွေစစ်သလဲဆိုတော့ ခြင်၊ ယင်၊ ကြွက်၊ ငှက်တွေစစ်တယ်။ အသားငါးတွေ လတ်မလတ် စစ်တယ်။ ရေခဲသေတ္တာ စတာတွေ စစ်တယ်။ AVA က ကျတော့ ကြက်ဥတို့၊ ခေါက်ဆွဲတို့၊ ကြက်သားတို့စတာတွေကို နမူနာယူပြီး ဓာတ်ခွဲခန်းမှာ စစ်တယ်။ တကယ်လို့ ကြက်ဥတွေမှာ ရောဂါပိုးပါလာခဲ့ရင် အဲဒီကြက်ဥတင်သွင်းတဲ့သူကို ချက်ချင်းပိတ်ပြီး အရေးယူတယ်။ အဲဒီလိုလုပ်ခွင့်အာဏာလည်း သူတို့ကို ပေးထားတယ်။

မန်းစည်ပင်ကို ဒီကပြန်သွားတဲ့အခါ အဲဒီလိုအဖွဲ့မျိုး ဖွဲ့ပါ၊ လုပ်ပါလို့ အကြံပြုချင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ပတ်သက်ပြီး ခြင်၊ ယင်၊ ကြွက်တွေ ထိန်းဘို့လိုပါတယ်။ မြန်မာပြည်မှာ အဲဒီအကောင်ပလောင်တွေ ထိန်းချုပ်တာ၊ နှိမ်နှင်းတာ မရှိသေး ပါဘူး။

နောက်တစ်ခုက အများပိုင်နေရာတွေ ဆေးလိပ်သောက်တာ ကန့်သတ်တယ်။ အိမ်တွေမှာ ခြင်လောက်လန်းတွေတွေ့ရင် ဒေါ်လာ ၂၀၀ ဒဏ်ရိုက်တယ်။ လမ်းမှာ အမှိုက်ပစ်ရင် ဖမ်းတယ်။ ဒဏ်ရိုက်တယ် စတာတွေ လုပ်ပါတယ်။

ဒါတွေကို အစိုးရက အကောင်အထည်ဖော်နိုင်ဘို့ ဥပဒေတွေ လိုပါတယ်။ လုပ်တာအားလုံးသည် နိုင်ငံအတွက်လုပ်တာ။ တရားဥပဒေအတွင်းကနေပဲ ဆောင်ရွက်လို့ ရပါတယ်။ အစိုးရအဖွဲ့အစည်းကို ဥပဒေက mandate ပေးတယ်။ အစိုးရ အဖွဲ့တွေက ကိုယ်လုပ်ချင်တာတွေကို ဥပဒေဘောင်အတွင်းကနေ ဆောင်ရွက်ရတယ်။

စင်ကာပူမှာ အဲဒါတွေဆောင်ရွက်ဖို့ National Environment Agency Act, Infectious Diseases Act ဆိုတာတွေ ရှိပါတယ်။ အဲဒီဥပဒေအတိုင်း လိုက်တာဆောင်ရွက်တယ်ပေါ့။

ဒါနဲ့ပတ်သက်ပြီး အသေးစိတ်ပိုသိချင်တယ်ဆိုရင် ကျွန်တော့်ကိုဆက်သွယ်ပါ။ ကျွန်တော် အတတ်နိုင်ဆုံး အချိန်မရွေး အကူအညီပေးပါမယ်လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။


ကျေးဇူးတင်ပါတယ်။ 

မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ (၃)

(၄) Third Party Inspection System for Construction Sector - ကိုအောင်ကျော်သိုက်

ကျွန်တော့်နာမည်ကတော့ ကိုအောင်ကျော်သိုက်ပါ။ RIT ကနေ BE (Civil) နဲ့ဘွဲ့ရခဲ့ပါတယ်။ နောက်ပြီး NTU ကနေ International Construction Management ဘွဲ့ထပ်ယူပါတယ်။ စင်ကာပူမှာ မြန်မာ civil engineer တွေ စုဖွဲ့ထားတဲ့ SMCES (Society of Myanmar Civil Engineers (Singapore)) မှာ vice president အနေနဲ့ တာဝန်ထမ်းဆောင် နေပါတယ်။

ကျွန်တော်ပြောမှာက ခုနက ကိုသိန်းသန်းဝင်းပြောတဲ့ ၀န်ကြီးဌာနနဲ့ Stat board နှစ်ခုထဲက Stat Board အကြောင်း ပြောမှာပါ။

ကျွန်တော်တို့ ဒီမှာလုပ်တယ်ဆိုတာက သူတို့ဆီမှာ ရှိပြီးသား Rules and regulation အောက်မှာ ၀င်လုပ်လိုက်တာ။ ဒါလုပ်ရမယ်၊ ဒါမလုပ်ရဘူးဆိုတာ ရှိပြီးသား။ သူ့စနစ်ထဲမှာ ကိုယ်ကအလိုလိုဝင်သွားပြီး အေးအေးဆေးဆေး လုပ်သွားလို့ ရတယ်။

မြန်မာပြည်မှာလိုနေတာကျတော့ လုပ်ငန်းအတွေ့အကြုံတွေမဟုတ်ဘူး။ စင်ကာပူမှာ ခုလိုစနစ်မျိုးရောက်လာအောင် နှစ်ပေါင်းများစွာ ဘယ်လိုလုပ်ခဲ့သလဲဆိုတာ လိုချင်တာ။ သူတို့ အကောင်အထည်ဖော်ခဲ့တဲ့စနစ်ကို တစ်ဆင့်ချင်း လေ့လာရမယ်။ နောက်ပြီး ဒီမှာလုပ်နေတာတွေကို မြန်မာပြည်နဲ့ကိုက်ညီအောင် ပြန်လည်ပြုပြင် အသုံးချရမှာ။ သူတို့က develop ဖြစ်ပြီးသား။ ကိုယ်က ခုမှ စ ထူထောင်ရမှာဆိုတော့ တိုက်ရိုက်ကော်ပီကူးချဘို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

အခု ကျွန်တော်ပြောမှာကတော့ Third Party Inspection System for Construction Sector ပါ။ Third Party ဆိုတာ independant body ဖြစ်ရပါမယ်။ အရည်အသွေးကိုစစ်တဲ့နေရာမှာ ဘယ်သူနဲ့မှ ငြိစွန်းမနေရဘူး။ လွတ်လပ်နေရမယ်။ အစိုးရက ချပေးလိုက်တဲ့ သန်းတစ်ထောင်စီမံချက်ဆိုပါတော့။ အဲဒီ သန်းတစ်ထောင်နဲ့ကိုက်ညီတဲ့ အရည်အသွေးရလာ အောင် ကြားထဲက၀င်ပြီး စစ်ဆေးပေးတယ်၊ ထိန်းပေးပါတယ်။

Inspection လုပ်တယ်ဆိုတာ လုပ်ငန်းအတွေ့အကြုံတစ်ခုတည်းနဲ့လုပ်လို့ မရပါဘူး။ Specification, test report တွေကို ကြည့်ပြီး မှားတယ်မှန်တယ် ဆုံးဖြတ်ရတာပါ။

Third part inspection လုပ်ဖို့အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအောက်မှာ မန္တလေးတိုင်းဒေသကြီး တည်ဆောက်မှု ကြီးကြပ်ရေး အာဏာပိုင်အဖွဲ့ ဆိုတာ ဖွဲ့ပြီး လုပ်ရပါမယ်။ တိုင်းဒေသကြီးအစိုးရအနေနဲ့ စစ်ဆေးတာတွေ အကုန် လိုက်လုပ်နေစရာမလိုပါဘူး။ အစိုးရက ပေါ်လစီပဲလုပ်ရမှာ။ တကယ်အကောင်အထည်ဖော်ရမှာက အဲဒီ အာဏာပိုင်အဖွဲ့က လုပ်ရမယ်။

မန်းစည်ပင်မှာ လူအင်အားရှိပြီးသားပါ။ အဲဒီအထဲကမှ သင့်တော်တဲ့သူတွေနဲ့ မန္တလေးတိုင်းဒေသကြီး တည်ဆောက်မှု ကြီးကြပ်ရေး အာဏာပိုင်အဖွဲ့ကို ဖွဲ့ရုံပါဘဲ။ သူတို့ကဘာလုပ်ရမလဲဆိုတော့ အဆောက်အအုံတွေ ဆောက်တော့မယ်ဆိုရင် တင်ဒါခေါ်မယ်။ ကိုယ်က အဲဒီအဆောက်အအုံအတွက် ရှိရမဲ့ စံချိန်၊ စံညွှန်းတွေ သတ်မှတ်ပေးရမယ်။ Archi က archi နဲ့ ပတ်သက်တဲ့ specification တွေ ထုတ်ပေးရမယ်။ Structure က structure နဲ့ပတ်သက်တဲ့ specification, standard တွေ ထုတ်ပေးရမယ်။ အဲဒါတွေရပြီဆိုရင် BQ (Bill of Quatity) (ပစ္စည်းစာရင်း) ထုတ်ပေးရပါတယ်။ မြန်မာပြည်မှာတော့ PAE နဲ့လုပ်တယ်။ အဲဒီအခါ ကုန်ကျစရိတ်တင်တဲ့အခါ ဘယ်လိုတင်မလဲ။ PAE နဲ့လုပ်တဲ့အခါကျတော့ ဘယ်လိုအုတ်မျိုးသုံးမလဲ။ ဘယ်လို finishing မျိုး သုံးမလဲဆိုတာ ဘယ်လိုသိနိုင်မလဲ။

ဆိုတော့ ဘာ specification မှမရှိဘဲ ဘာ Bill of Quantity မှမရှိဘဲ ဘယ်လိုမှ တင်ဒါခေါ်လို့မရဘူး။ ပစ္စည်းစာရင်းရှိတဲ့ အခါကျမှ ဘယ်လိုပစ္စည်းတွေသုံးမယ်။ ဘယ်လောက်ကျမယ်ဆိုတာ ပါမှာကိုး။ အဲဒီလိုပစ္စည်းစာရင်းနဲ့ကျတော့မှ ကိုယ်က တင်ဒါရွေးတဲ့အခါ ဈေးကွက်မှာ ဒီပစ္စည်းက ဒီလောက်ဈေးပဲရှိတာကို ဘာဖြစ်လို့ ဒီလောက်တင်ထားရသလဲ စသဖြင့် မေးလို့ရမှာပေါ့။ အဲဒီအခါကျတော့ တည်ဆောက်ရေးကော်မတီအနေနဲ့လည်း လုပ်ရလွယ်သွားတာပေါ့။ PAE တစ်ခုတည်းနဲ့ ဘယ်လို ဆုံးဖြတ်လို့မှ မရဘူး။

အခု မြန်မာနိုင်ငံမှာ MNBC (Myanmar National Building Code) ထွက်ပါတော့မယ်။ အဲဒါသာရှိရင် ဒီ spec. က MNBC ရဲ့ ဘယ် code ကို လိုက်နာပါဆိုရင် ပြီးသွားပြီ။ အဲဒီလို spec တွေသာရှိနေရင် ပွင့်ပွင့်လင်းလင်းရွေးလို့ရတယ်။ လာဘ်စားမှုတွေ ကိုလည်း လျှော့ချနိုင်တယ်။ အလုပ်လုပ်တော့မယ်ဆိုရင် Main contractor ကို ဒီ spec. တွေပေးလိုက်တယ်။

စည်ပင်ကိုခွင့်ပြုမိန့်တင်တော့ စည်ပင်က မြေပုံပေါ်မှာ ခုဆောက်မဲ့ အဆောက်အဦအသစ်ကို ဘယ်လမ်းထောင့်ကနေ ဘယ်လောက်အကွာမှာဆောက်ရမယ်၊ အဆောက်အဦနံပါတ်က ဘယ်လောက်လို့ သတ်မှတ်ပေးလိုက်တယ်။ မြေပုံကိုလည်း တစ်ခါတည်း update လုပ်ပြီးသား ဖြစ်သွားတယ်။

ဒီအာဏာပိုင်အဖွဲ့ကလည်း သူကိုယ်တိုင်မလုပ်ဘူး။ Third party က QP (Qualified Person) ကို ပေးလိုက်တယ်။ QP သည် အနည်းဆုံး PE (Professional Engineer) ဖြစ်ရမယ်။ PE ဆိုတိုင်းလည်း လုပ်ချင်တိုင်း လုပ်လို့မရဘူး။ QP မှတ်ပုံတင် ထားတဲ့သူ ဖြစ်ရမယ်ပေါ့။ ရန်ကုန်ကလာတဲ့ QP ဆိုရင်လည်း မန္တလေးတိုင်းအောက်မှာ မှတ်ပုံတင်ရမယ်။ QP ကနေ စီမံကိန်းတန်ဘိုးအလိုက် ခန့်ထားတဲ့ RE (Registered Engineer), RSE (Registered Senior Engineer) တွေနဲ့ ဆက်သွယ်ပြီး အမြဲတမ်းစစ်ဆေးတယ်။ နောက်ဆုံး BCA (Building and Construction Authority) ထိ တစ်ဆင့်ချင်းစစ်သွားပါတယ်။

ဒီအဖွဲ့မှာ နိုင်ငံ့ဝန်ထမ်းတွေ၊ ပုဂ္ဂလိကတွေ၊ ပြည်တွင်းပြည်ပက အတွေ့အကြုံရှိတဲ့သူတွေ၊ အသိပညာ၊ အတတ်ပညာရှင်တွေနဲ့ ရပ်မိရပ်ဖတွေ ပါသင့်ပါတယ်။

QP ကနေ Building Control Plan တွေကို control လုပ်တဲ့အခါ RE, RSE တွေကို လုပ်ငန်းခွင်ထဲမှာထားပြီး နေ့တိုင်း စစ်နေရမှာ။ လိုတဲ့အခါကျမှ သွားစစ်တာမျိုးမဟုတ်ဘူး။ နေ့တိုင်း report ရေးတင်ရမယ်။ စစ်တာကလည်း ပြီးခါမှ သွားစစ်တာမဟုတ်ဘူး။ လုပ်နေဆဲကာလမှာ သူတို့သုံးထားတဲ့ပစ္စည်းတွေ မှန်မမှန်၊ ပေးထားတဲ့ စံနှုန်းတွေနဲ့ ကိုက်မကိုက် အမြဲစစ်နေရတာ။ အဲဒါဆို ဘာမှ မှားစရာအကြောင်း မရှိတော့ဘူး။ Check list, inspection report တွေနဲ့ စနစ်တကျလုပ်ရင် ဖြစ်ပါတယ်။

ဒီအာဏာပိုင်အဖွဲ့အစည်းအနေနဲ့ QP, RE, RSE တွေ မှတ်ပုံတင်တာကနေ ပိုက်ဆံရမယ်။ သူကိုယ်တိုင်လည်း ကျွမ်းကျင် လုပ်သားတွေအတွက် ကျောင်းဖွင့်သင်ပေးခြင်းအားဖြင့် ၀င်ငွေရမယ်။ ဘယ်လိုလက်မှတ်ရမှ ဘယ်လုပ်ငန်းလုပ်ရမယ် ဆိုတဲ့ ကျွမ်းကျင်မှုအဆင့်တွေ သတ်မှတ်လို့ရမယ်။ အဲဒီလိုလေ့ကျင့်ပေးမှလည်း အလုပ်သမားတွေရဲ့အရည်အသွေး တက်လာမှာ ဖြစ်တယ်။

အရည်အသွေးတွေသတ်မှတ်လိုက်တဲ့အခါကျတော့ ကျွမ်းကျင်အဆင့် (၁) ဆို တစ်နေ့ဘယ်လောက်ပြီးနိုင်တယ်။ ကျွမ်းကျင်အဆင့် (၂) ဆို တစ်နေ့ဘယ်လောက်ပြီးနိုင်တယ်ဆိုတာ သိနိုင်တယ်။ ဆိုတော့ အစိုးရပိုင်းအနေနဲ့လည်း စည်းစနစ်တွေ သေသေချာချာ ချထားလုပ်ကိုင်ရမယ်။ အောက်ခြေလုပ်သားတွေကိုလည်း ကျွမ်းကျင်လာအောင် ပြုစုပျိုးထောင်ပေးရမယ်။ အပေါ်ပိုင်းရော အောက်ပိုင်းပါ နှစ်ခုလုံး လုပ်ဖို့လိုတာပေါ့။

နောက်ဆုံးအနေနဲ့ လုပ်ငန်းအပ်နှံတဲ့သူတွေကို ဘယ်လိုပုံစံမျိုးနဲ့ပေးမလဲ။ Bid only လား။ Design and Build နဲ့ ပေးမလား။ ဒါမှမဟုတ် အားလုံးအတွက် ဒါလောက်ပေးမယ်လို့ ချပေးမလား။

Bid only ဆိုရင် ပိုင်ရှင်ကိုယ်တိုင်က ဒီဇိုင်းဆွဲသူ၊ structure သမားတွေငှားရမယ်။ သူတို့ဆီက spec. တွေ၊ BQ တွေ တောင်းရမယ်။ နောက်ပြီးမှ တင်ဒါခေါ်မယ်။ တင်ဒါအောင်တဲ့သူကို ပေးလုပ်မယ်။

Design and Build ဆိုရင်တော့ ပိုင်ရှင်က archi နဲ့ညှိပြီး ဘယ်နှစ်ထပ်ဆောက်ချင်တယ် ပြောလိုက်ရုံပဲ။ Main contractor က ကိုယ့်ဘာသာကိုယ် ဒီဇိုင်းထုတ်၊ ကိုယ့်ဘာသာကိုယ်ဆောက်ရမယ်။ ဆောက်တဲ့အခါကျတော့ Third inspection သမားက စီမံကိန်းတန်ဘိုးအလိုက် PE ဘယ်နှစ်ယောက်၊ RE ဘယ်နှစ်ယောက်၊ RSE ဘယ်နှစ်ယောက်ထားရမယ်ဆိုတာ ဆုံးဖြတ်မယ်။

ဒါမှမဟုတ်။ ပိုင်ရှင်က ဆောက်မဲ့သူကို မင်းဘာသာမင်းအားလုံးလုပ်။ ဘယ်လောက်ကုန်မလဲဆို ပေးလိုက်တာ။ အဲဒါကျတော့ Main contractor က Archi ပုံထုတ်တာ၊ Design တွက်တာ၊ ဆောက်တာ အကုန်လုပ်ရတယ်။

ပြန်ချုပ်ရရင် စည်ပင်သာယာအောက်မှာ စစ်ဆေးရေးအာဏာပိုင်အဖွဲ့တစ်ခု ဖွဲ့လို့ရတယ်။ PE, RE, RSE တွေ၊ Third Party Inspection လုပ်မဲ့အဖွဲ့တွေဟာ အဲဒီအာဏာပိုင်ဆီမှာ လိုင်စင်ယူရမယ်။ စစ်ဆေးရေးအာဏာပိုင်အဖွဲ့ကနေ ဆောက်လုပ်ရေး လုပ်သားတွေအတွက် သင်တန်းကျောင်းတွေဖွင့်ပြီး လေ့ကျင့်သင်ကြားပေးလို့ရပါတယ်။

နောက်ပိုင်းလိုတဲ့အခါလည်း ကျွန်တော့်ကိုလှမ်းခေါ်လိုက်ပါ။ ပြောစရာအများကြီးကျန်ပါသေးတယ်။ ခုတော့ အချိန်လည်း စေ့နေပြီမို့ ဒီလောက်နဲ့ ရပ်လိုက်ပါမယ်။


ကျေးဇူးတင်ပါတယ်။ 

မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ (၂)

(၃) စင်ကာပူအစိုးရနှင့်စနစ်များအကြောင်း မိတ်ဆက် - ဒေါက်တာသိန်းသန်းဝင်း

ကျွန်တော်က ၂၀၀၃ ခုနှစ်မှာ ဆေးတက္ကသိုလ် (၂) ကနေ ဆရာဝန်ဘွဲ့ရခဲ့ပါတယ်။ ၂၀၀၄ မှာ AZG (Doctors without Border) လို့ခေါ်တဲ့ International NGO တစ်ခုမှာ ဆရာဝန်အနေနဲ့ သုံးနှစ်လောက် အလုပ်လုပ်ခဲ့ပါတယ်။ ရခိုင်က ဘူးသီးတောင်၊ မောင်းတော ဒေသအတော်များများကို ရောက်ခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်ပြန်လာပြီး HIV ကုတဲ့ ဆေးခန်းမှာ တစ်နှစ်လောက်လုပ်ခဲ့ပါတယ်။

အဲဒီနောက် National University of Singapore တက္ကသိုလ်အောက်က Lee Kuan Yew School of Public Policy မှာ Master in Public Administration တက်ခဲ့ပါတယ်။ ဘွဲ့ရပြီးနောက် အစိုးရ statutory board တစ်ခုမှာ ၂ နှစ်လုပ်ခဲ့ပါတယ်။ နောက်ထပ် ရွှေ့ပြောင်းလုပ်သားတွေကို အကူအညီပေးနေတဲ့အဖွဲ့တစ်ခုမှာ Technical and Health education အနေနဲ့ ၄ နှစ် လုပ်ခဲ့ပါတယ်။ မနှစ်က ရန်ကုန်ကိုပြန်ပြီး UN အဖွဲ့တစ်ခုမှာ National consultant အနေနဲ့လုပ်ခဲ့ပါတယ်။ အခု လောလော ဆယ် prison health ဆိုတဲ့ပရောဂျက်ကို တာဝန်ယူလုပ်နေပါတယ်။

အခုလိုပြောခွင့်ရတဲ့အတွက် ကျွန်တော် အတော်လေး ၀မ်းသာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မနေ့က ဒီ မန်းစည်ပင်အဖွဲ့ဝင် တွေနဲ့ ထမင်းအတူစားရင်း သူတို့လုပ်ကိုင်နေတာတွေ သိခွင့်ရပါတယ်။ သူတို့က ကိုယ့်မြို့ကိုယ် ကောင်းအောင်လုပ်ချင်စိတ် တွေရှိမှန်းသိတော့ သူတို့ကို ပြောကြားခွင့်ရတဲ့အတွက် အထူးကို ၀မ်းသာမိတာပါ။

ကျွန်တော်ပြောမှာကတော့ စင်ကာပူအစိုးရရဲ့ စနစ်တွေအကြောင်းပါ။ မန်းစည်ပင်ကို ကျွန်တော်က ဘာဖြစ်လို့ စင်ကာပူနိုင်ငံရဲ့ အစိုးရစနစ်အကြောင်း ပြောမှာလဲ။ အကြောင်း (၂) ချက်ရှိပါတယ်။

အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံဟာ decentralization process လုပ်နေတယ်။ ပါဝါကို အစိုးရကနေ ပြည်နယ်တိုင်း ဒေသကြီးတွေကို ခွဲပေးတော့မှာ။ ဆိုတော့ မန္တလေးတိုင်းဒေသကြီးကလည်းပဲ မကြာခင်ကာလမှာ ကိုယ့်တိုင်း၊ ကိုယ့်ဒေသကို ကိုယ်ပိုင် စီမံအုပ်ချုပ်ပိုင်ခွင့် ရတော့မှာ ဖြစ်ပါတယ်။ အဲဒီတော့ သိထားသင့် သိထားထိုက်တာတွေ သိထားဘို့ လိုပါတယ်။ ကျွန်တော်တို့ပြောနေကြတဲ့ ပြောင်းလဲတယ်ဆိုတာကို ပြောပြပါမယ်။ အပြောင်းအလဲအကြောင်း ပြောတဲ့နေရာမှာ အစိုးရစနစ်တွေချည်း ပြောင်းလို့မရပါဘူး။

ဆိုရိုးတစ်ခုရှိပါတယ်။ တိုင်းပြည်ကို တကယ်အုပ်ချုပ်နေတာ mid level ဗျူရိုကရက်တွေပါ တဲ့။ အဲဒီဗျူရိုကရက်တွေနဲ့ ဗျူရိုကရေစီယန္တယားကြီးကို မပြောင်းလဲဘဲ ကျွန်တော်တို့လိုချင်တဲ့ အပြောင်းအလဲကိုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အစိုးရစနစ် ကို မောင်းနှင်နေတဲ့ ဗျူရိုကရေစီယန္တယားကြီးကို ပြောင်းလဲဘို့ လိုပါတယ်။

ကိုယ့်ဒေသကိုကိုယ် အုပ်ချုပ်ခွင့်ရလာတဲ့အချိန်မှာ ဘယ်လိုပြောင်းလဲမလဲဆိုတဲ့ အခြေခံအချက်တွေ၊ ကောင်းတဲ့အချက် တွေကို အဓိကဦးစားပေး ပြောပါမယ်။

မန္တလေးတိုင်းဒေသကြီးနဲ့ စင်ကာပူနဲ့ ဘာတူသလဲဆိုရင် လူဦးရေ (၆ သန်း) မနီးယိုးစွဲတူပါတယ်။ စင်ကာပူဟာ ပညာရေး၊ လူမှုရေး၊ စီးပွားရေးစတဲ့ ကမ္ဘာ့ညွှန်းကိန်း တော်တော်များများမှာ ထိပ်ဆုံးမှာရှိပါတယ်။ အစိုးရယန္တယားစနစ်ကလည်း မြန်ဆန် တယ်၊ သွက်လက်တယ်၊ ထိရောက်တယ်။

စင်ကာပူအစိုးရလို့ဆိုတဲ့အခါ ၀န်ကြီးဌာနတွေရှိပါတယ်။ ၀န်ကြီးဌာန (၁၆) ခုနဲ့ Stat board (Statutory Board) လို့ ခေါ်တဲ့ အဖွဲ့တွေနဲ့ အစိုးရအေဂျင်စီ (၆၄) ခုရှိတယ်။ စင်ကာပူအစိုးရယန္တယားကြီးတစ်ခုလုံးကို ဒီ ၀န်ကြီးဌာန ၁၆ ခုနဲ့ stat board ၆၄ ခုကနေ စီမံကြီးကြပ်ပြီး မောင်းနှင်နေပါတယ်။

ကျွန်တော်ပြောချင်တာက အစိုးရရဲ့ ယန္တယားကို ဘယ်လိုသွက်လက်မြန်ဆန်အောင် လုပ်မလဲဆိုတာပါ။
အားလုံးသိကြတဲ့အတိုင်း မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရဌာနတွေကို ကြီးကြပ်ရတဲ့သူတွေ (ဥပမာ - မန်းစည်ပင်) ပဲဖြစ်ဖြစ် အစိုးရဌာနတွေနဲ့ဆက်ဆံပြီးလုပ်ရတဲ့အခါ အခက်အခဲတွေ အများကြီးတွေ့ရတယ်။ နှေးကွေးတယ်၊ လေးလံတယ်၊ မထိရောက်ဘူး။ ပြဿနာပေါင်းစုံနဲ့တွေ့ရတယ်။

မြန်မာပြည်မှာက ၀န်ကြီးဌာနတွေနဲ့ သူ့လက်အောက်က ဦးစီးဌာန စသဖြင့် ဒါတွေပဲရှိတယ်။
စင်ကာပူမှာကျတော့ ၀န်ကြီးဌာနတွေအပြင် ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာရှိတဲ့ Statutory board တွေရှိတယ်။
ဒီမှာ ကျွန်တော်က ကျန်းမာရေးဌာနက လုပ်ကိုင်နေပုံတွေကို နမူနာထားပြောပါမယ်။

ကျန်းမာရေးဝန်ကြီးဌာနက ဘာလုပ်သလဲဆိုတော့ Healthcare system တစ်ခုလုံးကို ဒီဇိုင်းဆွဲတယ်။ နောက်ပြီး National Health Service Planning လုပ်တယ်။ စင်ကာပူလူထုမှာ ဘယ်လို ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုနေသလဲ၊ ဒီကျန်းမာရေး စောင့်ရှောက်မှုကို ဘယ်လိုပေးမလဲ၊ ဒီနှစ်မှာဒါတွေ ဒီလောက်လိုတယ်။ နောက်နှစ်မှာ ဘာတွေလိုမလဲ၊ နောက် (၅) နှစ်မှာ ဘာတွေလိုမလဲ စသဖြင့်ပေါ့။

တိုးတက်တဲ့နိုင်ငံတွေမှာ တွေ့ရလေ့ရှိတဲ့ပြဿနာတွေအတိုင်း စင်ကာပူမှာလည်း ပြဿနာတစ်ခုရှိတယ်။ အဲဒါက aging population ဆိုတဲ့ အသက်ကြီးတဲ့သူတွေ များလာတာ။ ကျန်းမာရေးစောင့်ရှောက်မှုကောင်းတယ်။ သဘာဝပတ်ဝန်းကျင် ကလည်း သန့်ရှင်းတယ်။ နေလို့ထိုင်လို့အဆင်ပြေတယ် ဆိုတော့ တော်တော်နဲ့ မသေကြဘူး။

အသက်ကြီးတဲ့သူတွေများလာတော့ သွေးတိုး၊ ဆီးချို၊ လေဖြတ်တာစသဖြင့် အသက်ကြီးတဲ့သူတွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေလည်း များလာတယ်။
ဆိုတော့ သူတို့က လူတွေရဲ့သက်တမ်းကိုလိုက်ပြီး နောက် (၅) နှစ်မှာ ဆီးချိုရောဂါသည်က ဘယ်လောက်၊ သွေးတိုးရောဂါ သည်က ဘယ်လောက်၊ လေဖြတ်တဲ့လူနာက ဘယ်လောက်ဖြစ်လာနိုင်တယ်ဆိုပြီး ခန့်မှန်းရတယ်။ ခန့်မှန်းတယ်ဆိုတာ စာရင်းဇယားအတိအကျကောက်ယူပြီး ခန့်မှန်းတာ။ နောက်ပြီးတော့ အဲသလိုတိုးလာမဲ့ လူနာတွေအတွက် ဆရာဝန်က ဘယ်လောက်၊ သူနာပြုဘယ်လောက်၊ ဆေးကုသတဲ့ကိရိယာက ဘယ်လောက် စသဖြင့်လိုမဲ့ဟာတွေကို စီမံကိန်းချရတယ်။ ဆရာဝန်ဘယ်လောက် မွေးထုတ်ရမယ်။ သူနာပြုဘယ်လောက် မွေးထုတ်ရမယ်၊ တကယ်လို့မလောက်ရင် နိုင်ငံခြားက ဘယ်လောက်ခေါ်မယ် စသဖြင့် ကြိုတင်ပြီးတော့ ခန့်မှန်း တွက်ချက်တယ်။ ဒါက ပြင်ဆင်တဲ့အပိုင်းပေါ့။

နောက်တစ်ခုက ပိုက်ဆံပေးတဲ့ healthcare financing system ကိစ္စ။ မြန်မာပြည်မှာတော့ ဆေးရုံကိုသွားရင် ဆရာဝန်၊ သူနာပြုနဲ့ဆေးတွေကအစ တော်တော်များများ အခမဲ့ရတယ်။ ပိုက်ဆံမပေးရဘူး။ ဒါကို လူတွေကြိုက်မယ်။ ဒါပေမဲ့ အဲသလို အခမဲ့ကုပေးမယ်ဆို ဘယ်လောက်ကောင်းအောင် ကုပေးနိုင်မလဲ။ အခမဲ့ကုသရေးစနစ်ဟာ ကြာကြာမရပ်တည်နိုင်ပါဘူး။ အစိုးရကချည်း တောက်လျှောက်အကုန်အကျခံနေရမှာကိုး။

စင်ကာပူမှာ လူတွေဟာ ကိုယ်ရတဲ့ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းကို Medisave, medicare စသဖြင့် ကျန်းမာရေးအတွက် စုထားရပါတယ်။ စုတဲ့နေရာမှာ ကာယကံရှင်ကိုယ်တိုင်က ထည့်ဝင်ရသလို အလုပ်ရှင်ကလည်း ထည့်ဝင်ပေးရပါတယ်။ မထည့်ချင်လို့ကို မရပါဘူး။ လခထုတ်ကတည်းက တစ်ခါတည်း ဖြတ်ယူထားလိုက်တာပါ။ PR တို့၊ စင်ကာပူနိုင်ငံသားတို့ အတွက် ထည့်ပေးရတယ်။ နိုင်ငံခြားသားတွေအတွက်တော့ မပါပါဘူး။ တကယ်လို့ ဆေးရုံ၊ ဆေးခန်းသွားရတယ်ဆိုရင် အဲဒီ စုငွေထဲက တစ်စိတ်တစ်ပိုင်း ယူသုံးလို့ရပါတယ်။

နောက်တစ်ခုက ကျန်းမာရေးစောင့်ရှောက်မှု အာမခံလုပ်ငန်းပါ။ အာမခံဝယ်ထားတာ ဘာကောင်းသလဲဆိုတော့ တကယ်လို့ ဆေးရုံတက်ရတဲ့အခါ ကျသင့်ငွေကို အာမခံကုမ္ပဏီက ပေးပါတယ်။ ကိုယ်က ၅ ရာနှုန်း၊ ၁၀ ရာနှုန်း စသဖြင့်လောက်ပဲ ပေးဘို့ လိုတော့တယ်။ ဆိုတော့ ပိုက်ဆံအများကြီးသက်သာတာပေါ့။

ဒါက တကယ်ဖြစ်သင့်တဲ့ ကမ္ဘာအရပ်ရပ်မှာလည်း ကျင့်သုံးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ပါ။ မြန်မာပြည်မှာ ကျတော့ အားလုံးက ဆေးရုံသွားတဲ့အခါ အခမဲ့လိုချင်ကြတယ်။ အစိုးရကပဲ အားလုံး အကုန်အကျခံစေချင်တယ်။ ဒါပေမဲ့ အခွန်ပေးဘို့ ကျ လက်ရှောင်ချင်ကြတယ်။

ကျန်းမာရေးကုန်ကျစရိတ်အတွက် အာမခံက ဘယ်လောက်ပေးရမယ်။ စုငွေထဲက ဘယ်လောက်ပေးမယ်။ လခ ဘယ်လောက်ပဲရတဲ့သူ (ဆင်းရဲသား) တွေကို အစိုးရက ဘယ်လောက်စိုက်ပေးမယ် (subsidy)  စတာတွေကို ကျန်းမာရေး ၀န်ကြီးဌာနက ဆုံးဖြတ်ပါတယ်။

နောက်တစ်ခုက Regulations ပါ။ Regulations က ဘာလုပ်ပေးသလဲဆိုတော့ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်စတဲ့သူတွေဟာ သတ်မှတ် ထားတဲ့ ကျင့်ဝတ်၊ ဥပဒေတွေကို တိတိကျကျလိုက်နာရဲ့လား ဆိုတာကို ထိန်းကျောင်းပေးပါတယ်။။ ဥပမာ ဆိုကြပါစို့။ အကြောင်းပြချက်မခိုင်လုံဘဲ ကိုယ်ဝန် ဖျက်ချပေးသလား။ ထိုက်သင့်တဲ့အခကြေးငွေထက် ပိုယူသလား စသဖြင့်ပေါ့။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ နောက်လုပ်တာတစ်ခုက Benchmark ထားပြီး သူတို့စံနှုန်းကို ထိန်းထားတာပါ။ ဥပမာ သြစတေးလျားက ဘာတွေ လုပ်ပေးနိုင်တယ်။ ငါတို့က ဘာတွေလုပ်ပေးနိုင်သလဲ စသဖြင့်ပေါ့။ သူတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးကို ထိန်းထားဘို့ပါ။

ဆိုတော့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လုပ်တာကတော့ အဲသလောက်ပါဘဲ။ ဘယ်လိုဆေးကုသလဲဆိုတော့ ဒီမှာ အစိုးရ တစ်ပိုင်း၊ ပုဂ္ဂလိကတစ်ပိုင်းအဖွဲ့တွေ ဥပမာ - SGH (Singapore General Hospital), NUH (National University Hospital) စတာတွေ ရှိပါတယ်။ အဲဒီဆေးရုံတွေက ဆေးကုပေးတယ်။ ဒါပေမဲ့ မြန်မာပြည်က ကျန်းမာရေးဝန်ကြီးဌာနလို ကုတင် ၁၀၀ ဆန့်၊ ၂၀၀ ဆန့် ဆေးရုံတွေ ဖွင့်တယ်ဆိုတဲ့အသေးစိတ်တွေ လျှောက်မလုပ်ပါဘူး။

ပြန်ချုပ်ရရင် စင်ကာပူကျန်းမာရေးဝန်ကြီးဌာန (MOH - Ministry of Health) က ကျန်းမာရေးမူဝါဒချမှတ်တာ (Policy and Issues), အသုံးစရိတ် နဲ့ ဘဏ္ဍာရေး (Costs and Financing), နောက် ကျန်းမာရေးပညာပေး (Diseases and Conditions) စတာတွေ လုပ်ပါတယ်။

ကျွန်တော်ဆိုလိုချင်တာက MOH က အကုန်လုံးအသေးစိတ်ဝင်ပြီး ဆေးကုတာ၊ စသဖြင့် လူတွေနဲ့ထိတွေ့ပြီး ၀န်ဆောင်မှု ပေးတဲ့လုပ်ငန်းတွေ မလုပ်ပါဘူး။ အရေးကြီးတဲ့ မူဝါနဲ့ ဘဏ္ဍာရေးကိစ္စတွေကိုပဲ အသေးစိတ်ကိုင်တွယ်ပါတယ်။

ဒီနေ့မနက်ပဲ ကျွန်တော် သတင်းတစ်ခုဖတ်လိုက်ရပါတယ်။ ဆေးရုံတွေကျောင်းတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနကပဲ တာဝန်ယူ ဆောက်တော့မယ်တဲ့။ ကျွန်တော် အတော်လေး စိတ်ပျက်သွားမိပါတယ်။ စင်ကာပူမှာလုပ်နေတဲ့သူတွေကတော့ သိပါတယ်။ စင်ကာပူမှာက အစိုးရက အပြင်က ကန်ထရိုက်တာတွေကိုခေါ်ပြီးလုပ်ခိုင်းတာပါ။ အစိုးရလုပ်တာက သူတို့ သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း တိတိကျကျတကယ်လုပ်ရဲ့လားဆိုတာကိုပဲ စောင့်ကြည့်စစ်ဆေးတာပါ။

တကယ်ဆို အဲဒီစနစ်က ပိုကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယှဉ်ပြိုင်မှုရှိမှ အကောင်းဆုံးဈေး၊ အကောင်းဆုံး အရည်အသွေးကို ရမယ်ပေါ့။ တကယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကပဲ သူတို့တင်တဲ့ဈေးနဲ့ သူတို့ဘာသာ ဆောက်မယ်ဆိုရင် ပြိုင်ဘက်လည်း မရှိဘူး။ အရည်အသွေး (Quality assurance) ကိုလည်း ဘယ်သူမှ မသိနိုင်ဘူး။

ကျွန်တော်ကတော့ မြန်မာပြည်က ၀န်ကြီးဌာနတွေအနေနဲ့ အစအဆုံး အကုန်လုံးလိုက်လုပ်နေတာမျိုး မဖြစ်စေချင်ပါဘူး။ စည်ပင်သာယာရေးကော်မတီအနေနဲ့ဆိုရင်လည်း အမှိုက်သိမ်းတာ၊ ရေးဆိုးမြောင်းရှင်းတာစတဲ့ အသေးအဖွဲတွေကို လိုက်လုပ် မနေရပါဘူး။ အပြင်ကလူတွေကိုခိုင်းပြီး ကိုယ်ကလိုချင်တာရအောင် ကြီးကြပ်ရုံပါဘဲ။ အဲဒါက ပိုပြီးထိရောက်ပါတယ်။ နိုင်ငံတကာမှာလည်း အဲသလိုပဲ ကျင့်သုံးကြပါတယ်။

ဝန်ကြီးဌာနပြီးတော့ Stat Board (Statutory Board) တွေအကြောင်း ပြောချင်ပါတယ်။ Stat board ဆိုတာလည်း ၀န်ကြီးဌာနရဲ့ အစိတ်အပိုင်းပါ။ သူတို့မှာ သူတို့ဘာသာသူတို့ အုပ်ချုပ်ခွင့်အာဏာရှိတယ်။ ကိုယ်ပိုင်ငွေကြေးရှိတယ်။ ကိုယ့် လုပ်ငန်းဆောင်တာတွေကို ကိုယ့်ဘာသာလုပ်လို့ရတယ်။ သူတို့ကိုကြီးကြပ်တာကတော့ အစိုးရ၀န်ကြီးတစ်ယောက်က ကြီးကြပ်ပါတယ်။ ၀န်ကြီးနဲ့ အမြဲအဆက်အသွယ်ရှိတယ်။ ဒါပေမဲ့ ၀န်ကြီးက ဒီဘုတ်အဖွဲ့ရဲ့လုပ်ငန်းဆောင်တာတွေကို နေ့စဉ်နဲ့ အမျှ ကြီးကြပ်နေတာမျိုး မရှိပါဘူး။

မြန်မာပြည်မှာကျတော့ အကုန်လုံး ၀န်ကြီးဆီပဲ သွားတယ်။ ၀န်ကြီးကပဲဆုံးဖြတ်တယ်။ နောက်ပြီးမှ အောက်ကိုပြန်ဆင်းလာ တယ် ဆိုတော့ ကြာသွားတာပေါ့။ ဒီစားပွဲကနေ ဟိုစားပွဲပြောင်း။ ဟိုစားပွဲကနေ ဟိုစားပွဲပြောင်း။ အဆင့်ဆင့်ဆိုတော့ လုပ်ငန်း တွေ အရမ်းကြာတယ်။ မထိရောက်ဘူး။ ဒါဟာ ဗျူရိုကရေစီစနစ်။

Stat board မှာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ၊ လူထုလူတန်းစားအဖွဲ့နဲ့ အစိုးရ၀န်ထမ်းဟောင်းတွေ၊ ပညာရှင်တွေ၊ တက္ကသိုလ်က ပါမောက္ခတွေ၊ အဖွဲ့အစည်းတွေရဲ့ ဥက္ကဌ၊ အလုပ်သမားရေးရာအဖွဲ့တွေစသဖြင့် ပါတယ်။ ဥက္ကဌကိုတော့ ၀န်ကြီးကပဲ ရွေးခန့် တယ်။ ဒါပေမဲ့ ဥက္ကဌက သူ့ဘာသာသူ စီမံတယ်၊ ကြီးကြပ်တယ်။

ဒီဘုတ်အဖွဲ့မှာလုပ်နေတဲ့သူတွေက Public Service Committee က ခန့်တဲ့သူတွေမဟုတ်ဘူး။ များသောအားဖြင့် သူတို့က အစိုးရဆီက ပိုက်ဆံမရဘူး။ ကိုယ့်ဘာသာ ပိုက်ဆံရှာရတယ်လို့ ပြောတယ်။ ဒီအဖွဲ့တွေက သူ့ဥပဒေနဲ့သူရှိတယ်။ ပါလီမန်က တရားဝင်ဖွဲ့စည်းတည်ထောင်ထားတဲ့ အဖွဲ့တွေပါ။

အခု ကျွန်တော်ပြောချင်တာက အဲဒီ Stat board တစ်ခုဖြစ်တဲ့ ကျန်းမာရေး မြှင့်တင် စောင့်ရှောက်မှုအဖွဲ့ (HPB - Health Promotion Board) အကြောင်းပါ။ သူတို့အဓိကလုပ်တာက လူတွေကျန်းကျန်းမာမာဖြစ်အောင်၊ အသက်ရှည်အောင် ဘယ်လို နေထိုင် လုပ်ကိုင်စားသောက်ကြမလဲလို့ အသိပညာပေးတဲ့အလုပ်ကို လုပ်ပါတယ်။ ဆေးကုတဲ့အလုပ်ကို မလုပ်ပါဘူး။ ကျောင်းတွေ၊ လုပ်ငန်းခွင်တွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တယ်။

ဒီမှာလည်းပဲ အဲဒီ HPB က ကျောင်းတွေကို တိုက်ရိုက်သွားပြီး ပညာပေးဟောပြောတာတွေ မလုပ်ပါဘူး။ သူက Community partner နဲ့ ကုမ္ပဏီတွေကို ပိုက်ဆံပေးပြီးခိုင်းပါတယ်။ ဥပမာဆိုကြပါစို့။ ဒီနှစ် ငါတို့ ကော်လာပြာအလုပ်သမား တစ်သောင်းကို တီဘီရောဂါနဲ့ပတ်သက်ပြီး အသိပညာပေးပွဲတွေလုပ်ချင်တယ်။ ပိုက်ဆံဘယ်လောက်ကုန်မလဲ လို့ ကုမ္ပဏီတွေကို ခေါ်လိုက် တယ်။ သူတို့က ဘာတွေပြောရမယ်။ ဘာတွေလုပ်ပေးရမယ်ဆိုတာ သတ်မှတ်ပေးလိုက်တယ်။ နောက်ပြီး ဒီလိုလုပ်တာ တကယ် ထိရောက်မရောက် ပြန်ပြီး ဆန်းစစ်တာ၊ စစ်တမ်းကောက်တာ (evaluation) လုပ်တာတွေ လုပ်ခိုင်းတယ်။

HPB က ကျန်းမာရေးပညာပေးတွေလုပ်တဲ့အခါမှာလည်း ကိုယ်စိတ်ထင်တာတွေကို ရမ်းလုပ်တာမဟုတ်ပါဘူး။ အချက်အလက်တွေ၊ စစ်တမ်းတွေကို သေသေချာချာလေ့လာပြီး လုပ်ပါတယ်။ ဥပမာဆိုကြပါစို့။ HIV အတွက် ပညာပေးမယ် ဆိုရင် အရင်နှစ်ကထက် ဒီနှစ် HIV ပိုများလာတယ်။ ဒါဖြင့် ဘာကြောင့် ပိုများလာသလဲ ဆန်းစစ်တယ်။ လိင်ဆက်ဆံရာမှာ အသိပညာမရှိတဲ့အတွက် အကာအကွယ်မသုံးကြဘူး။ အဲဒါကြောင့် အကာအကွယ်သုံးဘို့လို့ ပညာပေးရမယ် စသဖြင့် လုပ်တာ။ ရမ်းမလုပ်ဘဲ ပြဿနာရဲ့အကြောင်းရင်းခံကို သိအောင် သုတေသနလုပ်ပြီး ဒါကြောင့် ဒီလိုဖြစ်တယ်ဆိုတဲ့ သက်သေ အထောက်အထားနဲ့ လုပ်တာပါ။

ကျောင်းတွေမှာ သွားကျန်းမာရေးနဲ့ပတ်သက်တာတွေ လုပ်တယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခဏ်းတွေ လုပ်ပေးတယ်။ အရောင်းစင်တာတွေမှာ စက်လှေခါးမသုံးဘဲနဲ့ ရိုးရိုးလှေခါးကတက်တာ ပိုပြီးကျန်းမာရေးနဲ့ညီညွတ်တယ် ဆိုတာ လူတွေ လုပ်ချင်လာအောင် လှေခါးထစ်တွေ ပြင်ပေးတယ်။ ပညာပေးစာတွေ ကပ်ပေးတယ် ပေါ့။

အခု Stat board နဲ့ ၀န်ကြီးဌာန ဘယ်လိုတွဲလုပ်သလဲဆိုတာ ရှင်းပြပါမယ်။ ဥပမာ -
ဝန်ကြီးဌာနက HIV ဘယ်လိုကူးတယ်ဆိုတာ လူတွေဘယ်လောက်သိသလဲလို့ စစ်တမ်းကောက်တယ်။ လူ ၆၀ လောက်ကပဲ သိတယ်ဆိုရင် ၀န်ကြီးဌာနက ဒါကို မကြိုက်ဘူး၊ ဘယ်နှစ်ကျရင် HIV ကူးစက်ရောဂါအကြောင်းကို လူ ၈၀ လောက် သိအောင် လုပ်ချင်တယ်။ အဲဒီတော့ သူက Stat board ကို နောင် (၅) နှစ်ကြာတဲ့အခါ လူ ၁၀၀ မှာ ၈၀ လောက်က HIV ကူးစက်ရောဂါ အကြောင်း သိအောင်လုပ်ပါ ဆိုပြီး ခိုင်းလိုက်တယ်။ ရော့ တစ်နှစ်ကို ဒေါ်လာ ၂ သန်းနဲ့ ၅ နှစ်စာ ဆယ်သန်းယူ။

ဝန်ကြီးဌာနက ဘယ်လိုလုပ်ဆိုပြီး ညွှန်ကြားချက်ပေးတယ်။ ပိုက်ဆံပေးတယ်။ HPB က အဲဒါကို အကောင်အထည် ဖော်ရတယ်။ ဒါပေမဲ့ HPB ကလည်း သူကိုယ်တိုင် လုပ်တာမဟုတ်ဘူး။ ကျန်းမာရေးပညာပေးတဲ့အဖွဲ့တွေကို တင်ဒါခေါ်ပြီး လုပ်တယ်။ သူတို့လုပ်တာတွေကို HPB က ကြီးကြပ်တယ်။

နောက် stat board တစ်ခုက LTA (Land Transport Authority) ပါ။ သူ့မှာလည်း ဥပဒေရှိပါတယ်။ မီးရထားတို့၊ ဘတ်စကား တို့ မှန်မှန်ကန်ကန် အဆင်ပြေပြေ ပြေးဆွဲနိုင်အောင် ကြီးကြပ်ပါတယ်။ သူ့အောက်မှာ မီးရထားဌာန၊ လမ်းဌာန၊ အန္တရာယ်ကင်းရေးဌာနစတာတွေ ရှိပါတယ်။

သူတို့ကလည်း ကိုယ်တိုင်လုပ်တာ မဟုတ်ပါဘူး။ ကိုယ်တိုင်ပိုင်တဲ့ကုမ္ပဏီ၊ တစ်ဝက်လောက်ပိုင်တဲ့ကုမ္ပဏီ စတာတွေနဲ့ လုပ်ပါတယ်။ EZLink Card ကုမ္ပဏီကျတော့ ကား၊ ရထားစီးဘို့ ကဒ်တွေရောင်းတယ်။ ပြန်အမ်းစရာရှိရင် ငွေပြန်အမ်းတယ် စတာတွေလုပ်တယ်။ သူတို့က ဒီလိုလုပ်ရင်းကိုင်ရင်းနဲ့ အခက်အခဲပြဿနာတွေကနေ ပိုသိလာတယ်။ တတ်လာတယ်။  ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိလာတဲ့အခါ ကုမ္ပဏီထောင်တယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ အကြံပေးတယ်။ ရောင်းစားတယ်ပေါ့။

ပြန်ချုပ်ရရင် ၀န်ကြီးဌာနက National level policy guidance တွေလုပ်တယ်။ သူတို့လိုချင်တဲ့စံတစ်ခုရောက်အောင် လုပ်တယ်။ နောက်ပြီး ဆေးရုံ၊ ဆေးခန်းတွေ၊ ဆရာဝန်တွေကို လိုင်စင်ချပေးတယ်။ ဥပဒေချိုးဖောက်သူတွေကို အရေးယူတယ်။ နောက်ပြီး ဆေးရုံဆေးခန်းတွေမှာရှိရမဲ့ Quaity of service တွေ၊ စံတွေချပေးတယ်။ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ ငွေကြေးအသုံးစရိတ်တွေ ကြီးကြပ်တယ်။

Stat board တွေကျတော့ သူ့အဖွဲ့အစည်းရဲ့ ပေါ်လစီချမှတ်တယ်။ စီမံကိန်းရေးတယ်။ အကောင်အထည်ဖော်တယ်။ စီးပွား ရေးအဖွဲ့တွေနဲ့တွဲပြီး အလုပ်လုပ်တယ်။ ၀န်ကြီးဌာနက ခိုင်းတာတွေလုပ်တယ်။ Stat board ရှိတာ ဘာကောင်းသလဲဆိုတော့ ဟို့အောက်ဆုံးကနေ ၀န်ကြီးထိ စားပွဲပေါင်းမြောက်များစွာကို ဖြတ်နေစရာမလိုတော့ဘူး။ Stat board မှာ သူဘာလုပ်ရမလဲ ဆိုတဲ့ သီးခြားလုပ်ငန်းတွေရှိတယ်။ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သူ့ဘာသာလုပ်ခွင့်ရှိတယ်။ အဲသလို Autonomy ရှိတော့ လုပ်ငန်းကိုင်ငန်းတွေ အရမ်းမြန်တယ်။ ၀န်ကြီးထိသွားနေစရာမလိုတော့ဘူး။ ပိုထိရောက်တယ်။ မြန်တယ်။ နောက်တစ်ခုက ဒီဟာဆို ဘယ်ဌာနနဲ့ဆိုင်တယ် ဆိုပြီး တာဝန်ယူမှု၊ တာဝန်ခံမှုကို ခွဲထားလို့ရတယ်။

အဲဒါက ဗျူရိုကရေစီယန္တယားကြီးကိုလည်ပတ်တဲ့နေရာမှာ ပိုပြီး သွက်လက်မြန်ဆန်၊ ထိရောက်စေမဲ့ အကြောင်းတွေပါ။

မြန်မာပြည်မှာ အစိုးရရဲ့လုပ်ငန်းဆောင်တာတွေ ပိုပြီး ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် လုပ်ချင်တယ်ဆိုရင် အခုလုပ်နေတဲ့ အစိုးရယန္တယားကြီးကို ပြောင်းပစ်ရမှာပါ။ ဘယ်လိုပြောင်းရမလဲဆိုတော့ စင်ကာပူ၊ အမေရိကား စတဲ့နိုင်ငံတွေမှာ ဘယ်လိုတွေလုပ်နေသလဲ လေ့လာရပါမယ်။

ဘီးကို သူများတီထွင်ပြီးသားရှိနေပြီ။ တစ်ခါထပ် တီထွင်စရာမလိုတော့ဘူး။ သူများတွေဘယ်လိုလုပ်ထားသလဲ ဆိုတာ ကိုယ်က လေ့လာဘို့ပါပဲ။ ကိုယ်က နောက်ဆုံးမှလိုက်လုပ်ရမှာဖြစ်တော့ အားသာချက်က သူများတွေဆီက အကောင်းဆုံး နည်းလမ်းတွေကို ရွေးချယ်ဘို့ အခွင့်အလမ်းတွေ ရှိနေတာပါ။ အဲဒီအခွင့်အရေးကို အပြည့်အ၀ အသုံးချပြီး အပြောင်းအလဲကို အပြည့်အ၀ ဖော်ဆောင်ရမှာပါ။ ဖော်ဆောင်ကြပါလို့လည်း အလေးအနက်တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။


အခုလိုပြောခွင့်ရတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ (၁)

(၁)

သင်္ကြန်ပိတ်ရက်ကို (၅) ရက်ပိတ်တာ ကြိုက်တယ်။ မဟုတ်ဘူး (၁၀) ရက်ပိတ်မှ။ အို၊ ဂျပန်တွေဆို သူရို့တိုင်းပြည် ထူထောင်စ က တစ်နေ့ကို ဘယ်နှစ်နာရီပဲနားပြီး လုပ်ခဲ့ကြတာ။ မင်းတို့က ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်မယ်မစဉ်းစားဘူး။ ကိုယ့်တစ်ဘို့ လောက်ပဲ သိတဲ့ကောင်တွေ။ ဟေ့၊ သင်္ကြန်ပိတ်ရက်ဆိုတာ မနေ့တစ်နေ့ကမှ ဖြစ်လာတာမဟုတ်ဘူးကွ။ အင်္ဂလိပ် သခင်ကြီးများလက်ထက်ကတည်းက ပိတ်ပေးခဲ့တာ။ ဟောဒီမှာကြည့် စသဖြင့် ဖေ့စ်ဘုတ်ပေါ်၌ သင်္ကြန်ပိတ်ရက် တိုက်ပွဲများ ပြင်းထန်နေစဉ် တစ်နေ့သ၌ စကားပြောသည့်အခါ ငါ့အစ်ကို ငါ့အစ်ကို ဟု ထည့်ထည့်ပြောတတ်သော နှမကလေး (ဟုတ်ပေါင်) နှမကြီး (ဒါလည်းဟုတ်သေးပါဘူး။) (ဘယ်လိုခေါ်ရပါ့၊ ထားပါတော့) တစ်ယောက်သည် ဖုံးဆက်လာလေ၏။ (ကျွန်ုပ်မှာ အဘယ်မျှတုံးသနည်းဟူမူ ပွဲပြီးခါနီးထိ သူ့နာမည်ကိုမသိ။ သူက ကိုယ့်ကို သိနေပြီး ကိုယ်ကသူ့ကိုမသိသည့် အတွက် အားနာမိသောကြောင့် မမေးခြင်းဖြစ်ပါ၏။ နောက်မှ အစ်မကြီး မခင်လေးကို ဒါနဲ့ နေပါဦး၊ သူ့နာမည်က ဘယ်သူတုံးဗျ ဆိုတော့ ဒေါ်နှင်နှင်းအေး ဟု ဆို၏။ သူက ဒေါ်မြင့်မြင့်သန်းနဲ့ ညီအစ်မလား ဆိုတော့ ဟုတ်တယ်ဟု ပြော၏။ ဒေါ်မြင့်မြင့်သန်းမှာ မန်းစည်ပင်ကော်မတီဝင်တစ်ဦး ဖြစ်လေသည်။ ဤကား စကားချပ်)

သူပြောတာကို အတိုချုပ်ရလျှင် မန်းမြို့တော်စည်ပင်မှ အဖွဲ့ဝင်များ စင်ကာပူသို့ လေ့လာရေးလာမည်။ ထို့ကြောင့် စင်ကာပူရှိ အင်ဂျင်နီယာစသည့် တတ်သိပညာရှင်များက စင်ကာပူတွင် ကျင့်သုံးနေသည့် စနစ်များအကြောင်း ပြောပြရန် စီစဉ်ပေးပါဟု ဖြစ်၏။

ကျွန်တော်လည်း မိတ်ဆွေများအားကိုးဖြင့် စီစဉ်ပေးပါမည့်အကြောင်း အာမခံလိုက်၏။ သူက ကိုအောင်ကျော်သိုက်ကိုလည်း ပြောထားကြောင်း၊ ဧပြီလ ၂၂ ရက်၊ သို့မဟုတ် ၂၃ ရက်တွင်လုပ်မည်ဖြစ်ကြောင်းနှင့် အခန်းရှာပေးပါရန် ပြော၏။ ကျွန်တော်က လူအများကြီးနှင့်မတွေ့ပဲ အများဆုံး ၃၀ လောက်သာဖိတ်လျှက် အပြန်အလှန် ရင်းရင်းနှီးနှီး ဆွေးနွေး မေးမြန်းရန်ပြောသော် အစပိုင်းတွင် သူလည်းသဘောတူ၏။ ထို့ကြောင့် မြန်မာကလပ်ဥကက္ကဋ္ဌ၊ ဒေါက်တာမြတ်မော်ထွန်းကို ဖုံးဆက်ကာ အခန်းတောင်းသော် သူကလည်း လွယ်လင့်တကူပင် သုံးနိုင်ပါကြောင်း အကြောင်းပြန်၏။ 

မြန်မာကလပ်အခန်းက ကျဉ်းကျဉ်းလေး၊ လူ (၅၀) လောက်ဆန့်တဲ့အခန်းကိုငှားမှဖြစ်မယ် ငါ့အစ်ကို ဟု ဆိုလာပြန်သော ကြောင့် ကျွန်တော်လည်း သုံးနေကျ ပင်နင်ဆူလာနောက်က SSSC အခန်းကို ငှားရန်ကြိုးစား၏။ သို့သော် ကံအား မလျော်စွာပင် ထိုအခန်းကိုပြင်ရန်လုပ်နေသောကြောင့်၊ ငှားမရ။ သူက သစ္စာပါရမီကျောင်းမှ တရားပွဲများကျင်းပရန် ငှားထားသော Big Box မှ အခန်းကို ပြန်ငှားရန်ကြိုးစားရာ အဆင်ပြေပါ၏။ သို့သော် တရားပွဲက ညနေ ၆ နာရီမှ ပြီးမှာဆိုတော့ ၆ နာရီနောက်ပိုင်းမှရမယ် ဆို၏။ ရပါတယ်။ (၆) နာရီကနေ (၉) နာရီထိလုပ်ပေါ့ ဟု သဘောတူကြ၏။

သည်ဆွေးနွေးပွဲကို အခြားစိတ်ပါဝင်စားသူများပါ နားထောင်နိုင်၊ ပါဝင်ဆွေးနွေးနိုင်စေရန် ဖေ့စ်ဘုတ်ကနေ ကြော်ငြာလို့ ရမလား မေးသော် သူတို့ကလည်း ရပါတယ်ဟု အကြောင်းပြန်သောကြောင့် ကျွန်တော်လည်း ဖေ့စ်ဘုတ်မှကြေငြာ၏။ ကျွန်တော့်ကြော်ငြာအောက်တွင် like နှင့် share တော်တော်များလာလေသော် အစီအစဉ်ကို တမျိုးပြောင်းရပြန်၏။

ငါ့အစ်ကို၊ သစ္စာပါရမီအခန်းနဲ့ အဆင်မပြေလောက်ဘူး။ ဒါ့ထက်ပိုကြီးတဲ့အခန်းမှရမယ် ဟု မမလေးက ဖုံးဆက်လာ၍ ကျွန်တော်လည်း ဆရာမြတ်ဆီ ဖုံးဆက်ရပြန်၏။ ဆရာမြတ်က Big Box ပိုင်ရှင်မှာ သူနှင့်သူငယ်ချင်းဖြစ်သောကြောင့် သူကူညီငှားပေးမယ် ဆို၏။ Big Box, လေးထပ်မှာ အခန်းတော့ရပါ၏။ အခန်းငှားခက $1000 ဆိုတော့ ကိုင်း၊ ဘယ်လို လုပ်ကြမတုံးဟု ခေါင်းကိုက်ကြရပြန်၏။ ငှားသာငှားပါဗျာ။ ကျုပ်ကျက်လိတာပေါ့ ဟု ကျွန်တော်လည်း မိတ်ဆွေများအားကိုး နှင့် ဇွတ်တိုးလိုက်၏။

ပြောမည့်သူများအတွက်တော့ ပူစရာမရှိပါ။ ယခင်ကာလများကတည်းက ကျွန်တော်တို့မိတ်ဆွေတစ်စု ဖွဲ့ထားသော MTP (Myanmar Transitional Platform) ဟူသော အဖွဲ့သည်ရှိ၏။ ထိုအဖွဲ့မှ မိတ်ဆွေများမှာ ပြောနေဆိုနေကျသူများ ဖြစ်၍ ကိုင်း၊ ကိုယ့်လူတို့ ဘယ့်နှယ်တုံးဆိုလိုက်သည်နှင့် ဟိုလူကဟိုဟာပြောမယ်၊ ဒီလူက ဒီဟာပြောမယ်နှင့် ချက်ချင်းပြည့်သွားချေသည်။
ပြောမည့်သူများနှင့်ခေါင်းစဉ်များကား မိတ်ဆွေတို့သိပြီးဖြစ်ကြသည့်အတိုင်း အောက်ပါတို့ဖြစ်၏။

၁။ စင်ကာပူအစိုးရနှင့်စနစ်များအကြောင်း မိတ်ဆက် - ဒေါက်တာသိန်းသန်းဝင်း
၂။ Third Party Inspection System for Construction Sector - ကိုအောင်ကျော်သိုက်
၃။ ကျန်းမာရေးစောင့်ရှောက်မှုစနစ် - ကိုမင်းသူ
၎။ အဆောက်အဦစနစ် - ကိုထွန်းနောင်မြင့်
၅။ စိမ်းလန်းစိုပြည်ရေးစနစ် - ကိုတင်ဇော်အောင်
၆။ မြို့ပြ ဖွဲ့စည်းတည်ဆောက်မှု စနစ်  - လရောင်
၇။ ရေဆိုးထုတ်စနစ်၊ ရေပေးဝေရေးစနစ်စသည် - ဦးအေးငြိမ်း

ပြောမည့်မိတ်ဆွေများကို presentation slide များ ပြင်ပေးရန် အတင်းတွန်းရသည်။ အားလုံးကို ပရင့်ထုတ်၊ စာအုပ်ချုပ်ကာ မန်းစည်ပင် ၀ိုင်းတော်သားများသို့ ပေးလိုက်ချင်၍ ဖြစ်၏။ ဒါတောင် အပြည့်အစုံမရ။

ကိုင်း၊ ကိုယ့်လူတို့။ ပွဲမ၀င်ခင် အပြင်က ကျင်းပ တဲ့။ ကိုယ်တို့ အစမ်းလေ့ကျင့်ကြဘို့ လိုမယ်။ စနေနေ့နေ့လည် လာခဲ့ကြ ဟု ဖိတ်လိုက်၏။ ကိုအောင်ကျော်သိုက်က PDP course ရှိနေလို့ မလာနိုင်။ ပင်နင်ဆူလာရှိ မြန်မာကလပ်အခန်းတွင်ပင် ကျွန်တော်တို့ အစမ်းပြောကြည့်ကြသည်။ အားလုံးက ပြောနေဆိုနေကျဆိုတော့ ဘာမှ ပြောစရာမရှိပါ။ တစ်ဦးတည်းသော မိန်းကလေးကတော့ ဒေတာတွေ နင်းကန်ထည့်နေလို့ ဆလိုက် ၁၀ ခုတင် နာရီဝက်ကြာသည်။ ပြင်ထားတာက ဆလိုက် ၈၀ ကျော်။

ကိုင်း၊ မမ။ ဒီပုံနဲ့ဆိုရင်တော့ မိုးကြီးချုပ်လိမ့်မယ်။ ဟောဒါတွေဖြတ်။ ဒီဆလိုက်ဖြုတ်။ ဒါမထည့်နဲ့။ ဒါတွေထည့်ပြောစရာ မလိုဘူး စသဖြင့် တော်တော်များများ အက်ဒစ်လုပ်ပစ်လိုက်ရသည်။ ညည်း ကိုယ့်ဘာသာကိုယ် ပြန်ပြောကြည့်ဘို့ မမေ့နဲ့နော် ဟု မှာလိုက်၏။ (၂၉) မိနစ်ကြာတယ်ဟု တနင်္ဂနွေနေ့၊ နံနက် ၀၀း၅၅ နာရီတွင် အကြောင်းပြန်လာသည်။ ကျွန်တော်လည်း သူ့ဆလိုက်တွေကို မြင်ကောင်းအောင် ကြည့်ရှုပြင်ပေးလိုက်သည်။

ဤကား မန်းစည်ပင်နှင့်တွေ့ဆုံပွဲဖြစ်လာခြင်းအကြောင်း အကျဉ်းချုပ် ဖြစ်၏။
ယခုတော့ မလိုအပ်သည့် အသေးစိတ်များအားလုံး ချန်ခဲ့ပါမည်။ ကျွန်တော် သည်အကြောင်းကို မန်းစည်ပင်အဖွဲ့ဝင်တချို့နှင့် သည်ဘက်မှ စီစဉ်ပေးသူ ငါ့အစ်ကို (ဟုတ်ပေါင်၊ သူလုပ်တာနဲ့ နာတောင် ယောင်ကုန်ပြီ) ဒေါ်နှင်းနှင်းကို အင်တာဗျူးကာ  ဆောင်းပါးအပြည့်အစုံရေးပြီး သတင်းစာ/ဂျာနယ်ထဲ ထည့်ပါမည်။ စောင့်မျှော်ဖတ်ရှုတော်မူကြပါ။

အခုတော့ ကျွန်တော်တို့ ပွားထားတာလေးတွေ အချုပ်ပြန်ရေးပြပါမည်။ ပထမဆုံး ကျွန်ုပ်က စပါစို့။

(၂) ရေဆိုးထုတ်စနစ်၊ ရေပေးဝေရေးစနစ်စသည် - ဦးအေးငြိမ်း

ကျွန်တော်ကတော့ စနစ်တွေအကြောင်း သိပ်မပြောတော့ပါဘူး။ ရှေ့ကလူတွေပြောသွားတာနဲ့တင် လုံလောက်နေပါပြီ။ အခုက ဘာနဲ့တူနေသလဲဆိုတော့ လူနာတစ်ယောက်ကို ဗိုက်တာမင်တွေ နင်းကန်ထိုးထည့်နေသလို ဖြစ်နေပါတယ်။ ကျွန်တော် ပြောစရာ မလိုတော့ပါဘူး။

ကျွန်တော် အရေးကြီးတဲ့ သော့ချက်တွေ ပြောပါမယ်။

နံပါတ် (၁) ရိုးသားခြင်း

Honesty is the best policy.

အခု ကျွန်တော်တို့လိုချင်တဲ့အစိုးရကို ကျွန်တော်တို့ကိုယ်တိုင် ရွေးကောက်တင်မြှောက်လိုက်ပါပြီ။ အဲဒီအတွက် အစိုးရသည် လူထုတွေအပေါ်မှာရိုးသားပါ။ တိုင်းပြည်အပေါ်မှာ ရိုးသားပါ။

အရင်တုံးက မဆလခေတ်က ဦးနေ၀င်းအစိုးရဟာ တိုင်းပြည်ကို ညာခဲ့တယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် မအောင်မြင်တာကို မအောင်မြင်ဘူး မပြောခဲ့ဘူး။ အစိုးရက တိုင်းပြည်ကိုညာတယ်။ အောက်ကလူတွေကလည်း အစိုးရကို ၀ိုင်းညာပေးကြတယ်။
အဲဒီအတွက် အနှစ် (၂၀) လောက်အတောအတွင်းမှာ မြန်မာပြည်ဟာ အာရှမှာ ထိပ်ဆုံးအဆင့်ကနေပြီး LDC (Lowest Development Country) အဆင့်ထိ ရောက်သွားတယ်။ အဲဒါသည် မရိုးသားခြင်းရဲ့ ရလဒ်ပါ။ ကျွန်တော် ဥပမာတွေ၊ ဥပမေးယျတွေနဲ့ သိုင်းသိုင်းဝန်းဝန်းပြောချင်ပေမဲ့ အချိန်မရတော့လို့ ဒါလောက်ပဲ မှတ်ထားလိုက်ပါ။

နောက် ရိုးသားဘို့တစ်ခုက -

ကိုယ်မသိဘူးဆိုရင် မသိတဲ့အတိုင်း ၀န်ခံပါ။
ကျွန်တော်တို့ဆီက လူကြီးတွေက ရာထူးကြီးကြီးရောက်သွားတယ်ဆိုရင်ပဲ ငါ အကုန်သိတယ်၊ ငါအကုန်တတ်တယ်လို့ သူတို့ ဘာသာသူတို့ ခံယူသွားကြတယ်။ အဲဒါ မဟုတ်ပါဘူး။

အလုပ်တစ်ခုလုပ်တော့မယ်။ ပရောဂျက်တစ်ခုဆွဲတော့မယ်ဆိုရင် အဲဒီပရောဂျက်အကြောင်း ငါဘယ်လောက်သိသလဲလို့ ကိုယ့်ကိုယ်ကိုယ်မေးကြည့်ပါ။ ငါ မသိဘူး ဆိုရင် -

Don’t Know ==> Ask.

မသိရင်မေး၊ မစင်ရင် . . . ဆေး။

အဲဒါလည်း ရိုးသားခြင်းပါဘဲ။
မသိရင်မသိဘူးလို့ ၀န်ခံပါ။ မသိတာကို မသိဘူးလို့ ၀န်မခံတဲ့သူတစ်ယောက်ဟာ သိတဲ့သူတစ်ယောက် ဘယ်လိုနည်းနဲ့မှ ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ မှောက်ထားတဲ့ခွက်ထဲကို ရေထည့်လို့မရသလိုပါဘဲ။

နံပါတ် (၂) - Take the Responsibility for your mistake.

အဲဒါလည်းပဲ ဆိုရှယ်လစ်စနစ် ကျဆုံးခြင်းရဲ့ အဓိကအကြောင်း တစ်ရပ်ပါဘဲ။ သူတို့ဟာ သူတို့အမှားကို တာဝန်မယူခဲ့ဘူး။ အမှန်တကယ် သူတို့အမှားကို သူတို့လက်ခံတယ်။ တာဝန်ယူပြီး အချိန်မီပြန်ပြင်မယ်ဆိုရင် ကျဆုံးချင်မှ ကျဆုံးပါမယ်။ မှားတာကို မှားတယ်လို့လက်ခံပြီး အမှန်ရောက်အောင် ချက်ချင်း ပြန်ပြင်ဘို့ အလွန်အင်မတန် အရေးကြီးပါတယ်။

လူတိုင်းသိတဲ့အကြောင်းလေး ကျွန်တော်ပြောပြပါမယ်။

မြတ်စွာဘုရားရဲ့ လက်ယာရံအဂ္ဂသာဝကဖြစ်တဲ့ အရှင်သာရိပုတ္တရာတောင်မှ မနေ့တစ်နေ့ကမှ သင်္ကန်းဝတ်လာတဲ့ ကိုရင်လေး က အရှင်ဘုရား၊ အရှင်ဘုရားသင်္ကန်းအောက်စမညီဘူးလို့ ထောက်ပြတာကို နာယူပြီး ပြန်ပြင်ဝတ်တယ်။ ပြန်ပြင်ဝတ်ပြီး နောက် ညီပါပြီလား င့ါရှင်ဆိုပြီး တလေးတစား ပြန်မေးတယ်။

လက်ယာရံအဂ္ဂသာဝကဆိုတာ ဗုဒ္ဓသာသနာမှာ ဘုရားပြီးရင် သူအကြီးဆုံးပဲ။ ဒါပေမဲ့ မင်းလိုမလောက်လေး မလောက်စား ကိုရင်လေးက ငါလို အဂ္ဂသာဝကကြီးကို ပြောရပါမလားလို့ မဆိုခဲ့ဘူး။ အဲဒါ ကိုယ့်အမှားကိုကိုယ် လက်ခံတာ။

ကိုယ်မှားနေတာကို သူများက ထောက်ပြလို့ ပြန်ပြင်လိုက်မှ လမ်းမှန်ကိုရောက်လာမှာပေါ့။ ကိုယ်မှားနေတာကို မှားမှန်းသိရက် နဲ့ အတင်း ဇွတ်မှိတ်လက်ခံထားရင် ဘယ်လိုနည်းနဲ့မှ လမ်းမှန်ကို ရောက်လာနိုင်စရာအကြောင်း မရှိပါဘူး။

နောက်တစ်ခု -

ကိုယ့်အလုပ်အပေါ်မှာ တာဝန်ယူဘို့ လိုပါတယ်။ ဘာပဲလုပ်လုပ်၊ ကိုယ့်အလုပ်ကို တာဝန်ယူပါ။ ဒါ အင်မတန် အရေးကြီးပါတယ်။

အဲဒီ ရိုးသားတာရယ်၊ တာဝန်ယူတာရယ် နှစ်ခုရှိရင်ကိုပဲ ကျွန်တော်တို့နိုင်ငံကြီး တော်တော်ကောင်းသွားပြီ။ 

တခြားအများကြီးမလိုပါဘူး။ အဲဒီ နှစ်ခုကို ဖြစ်အောင် ကျင့်သုံးကြည့်ပါ။ နောက်တစ်ခု -

နံပါတ် (၃) - Review the Effectiveness of the system.

စီမံကိန်းတစ်ခု ရေးဆွဲချမှတ်ကျင့်သုံးလိုက်တယ်ဆိုကြပါစို့။ အဲဒီ စီမံကိန်းဟာ တကယ်အောင်မြင်သလား။ တကယ် အလုပ်ဖြစ်သလား။ ပြန်ပြီး လေ့လာသုံးသပ်ကြည့်ဘို့လိုပါတယ်။

ကိုယ်ချမှတ် ကျင့်သုံးလိုက်တဲ့စနစ်ကို အောင်မြင်သလား၊ မအောင်မြင်သလားဆိုတာ ပြန်ပြီးမဆန်းစစ်တဲ့ရလဒ်က ကျောင်းသားတွေဟာ ဆယ်တန်းရောက်လာတဲ့ထိ ကိုယ့်နာမည်တောင် မှန်အောင် စာလုံးမပေါင်းတတ်ကြတော့ဘူး။ အထက်က လူကြီးတွေက သူတို့ကောင်းမယ်ထင်လို့ စဉ်ဆက်မပြတ်အကဲခတ် ပညာရေးစနစ်ကို ချမှတ်ကျင့်သုံးတယ်။ ဒါပေမဲ့ အောက်မှာ ဘာဖြစ်နေသလဲ ဘယ်သူမှ ဆင်းမကြည့်ဘူး။ စဉ်ဆက်မပြတ်အကဲခတ် ပညာရေးစနစ်နဲ့ ငါတို့တိုင်းပြည်နဲ့ သင့်တော်ရဲ့လား။ ဘယ်သူမှ ဆန်းစစ်မကြည့်ကြဘူး။

စင်ကာပူလိုနိုင်ငံမျိုးဆိုရင်တော့ ဖြစ်နိုင်တာပေါ့။ ကျွန်တော့်သား ကျောင်းတက်တဲ့အခန်းမှာဆို ကျောင်းသားက ၂၀ လောက်ပဲ ရှိတယ်။ ဆိုတော့ ဆရာဆရာမက ကျောင်းသားတိုင်းကို သူတို့အခြေအနေဘယ်လိုရှိတယ်ဆိုတာ သိနေတယ်။ စာမလိုက်နိုင် တဲ့ကလေးကို ဖိသင်ပေးလို့ရတယ်။ ကျွန်တော့်တူတစ်ယောက် ပိုလီတက်နေတယ်။ သူ assignment တွေ မှန်မှန်မတင်ဘူး။ စာမလိုက်နိုင်ဘူး။ သူ့ဆရာက ကျွန်တော့်ဆီလှမ်းဖုံးဆက်တယ်။ သူ့အခြေအနေ ဘယ်လိုလဲ။ သူ့မှာ ဘာပြဿနာတွေ ရှိသလဲ စသဖြင့်။ ဆိုတော့ သူတို့က ကျောင်းသားတစ်ဦးချင်းစီရဲ့ အခြေအနေကို သိနေတယ်။ အဲဒီအခါ သူတို့အရည်အသွေးကို အကဲဖြတ်လို့ရတယ်။

မြန်မာပြည်မှာ တောကကျောင်းတွေမှာ ဆရာဆရာမတစ်ယောက်ဟာ တခါတလေ အတန်း သုံးတန်းလောက်ကို ကိုင်နေရတယ်။ ထားပါတော့။ အတန်းသုံးတန်းမကိုင်ရတောင် တစ်တန်းမှာ ကျောင်းသား ၆၀ လောက်ရှိတယ်။ ဘယ်လိုလုပ်ပြီး စဉ်ဆက်မပြတ်အကဲခတ်နိုင်မလဲ။ နောက်ပြီးတော့ မအောင်မရှိ၊ ငါ့တပည့်။ အကုန်လုံးကို အတန်းတင် ပေးရတယ်။

အဲဒါကလည်း တင်ပေးရတဲ့ ဆရာ၊ ဆရာမတွေရဲ့အပြစ်မဟုတ်ဘူး။ တကယ်လို့ကျောင်းသားတစ်ယောက် ကျတယ်ဆိုရင် အဲဒီ ဆရာဆရာမဟာ သူ နဂိုသင်နေရတဲ့စာတွေအပြင် အဲဒီကျောင်းသားကိုပါ အပိုသင်ပေးရအုံးမယ်။ စာမေးပွဲလည်း ထပ်စစ် ပေးရအုံးမယ်။ အထက်ကလည်း ထောင်းအုံးမယ်။ ဒီတော့ ဘယ်သူ အလုပ်ပိုလုပ်ချင်မလဲ။ အအောင်ပေးလိုက်တာပေါ့။

အဲဒါသည် ကိုယ်ချမှတ်ထားတဲ့စနစ်ကို တကယ်အလုပ်ဖြစ်မဖြစ် ပြန်ပြီးမဆန်းစစ်ခြင်းရဲ့ ရလဒ်ပဲ။

အဲဒီတော့ ကျွန်တော် ဒီကစည်ပင်အဖွဲ့ကိုပြောချင်ပါတယ်။ တစ်ခုခုလုပ်ပြီဆိုရင် အဲဒီအလုပ်သည် တကယ်အလုပ်ဖြစ်ရဲ့လား။ ကိုယ့်မြို့နဲ့၊ ကိုယ့်လူထုနဲ့ အံဝင်ခွင်ကျဖြစ်ရဲ့လား။ အောင်မြင်ရဲ့လားဆိုတာ အမြဲတန်း ပြန်ပြီး ဆန်းစစ်နေဘို့၊ လေ့လာသုံးသပ် နေဘို့ လိုပါတယ်။ စ အကောင်အထည်ဖော်ကတည်းက စောင့်ကြည့်နေပါ။ ဘာလွဲနေသလဲ ဆန်းစစ်ပါ။

နောက်တစ်ခုက ပရောဂျက်တစ်ခုလုပ်တဲ့အခါ ကိုယ်မသေချာရင် အကြီးကြီး စမလုပ်ပါနဲ့။ အသေးက စပါ။ Prototype နဲ့ လုပ်ရပါတယ်။ အဲဒီ ပိုင်းလော့ပရောဂျက်အောင်မြင်ပြီဆိုမှ ပရောဂျက်အကြီးကို စကိုင်ပါ။ ပိုင်းလော့ပရောဂျက်မှာ မှားနေတာ တွေ၊ လွဲနေတာတွေကို ပြင်လို့ရတယ်။ သူက ပရောဂျက်သေးသေးလေးဆိုတော့ ပြဿနာမရှိဘူး။

ကျွန်တော် ခပ်ရှင်းရှင်း ပြောပါမယ်။

YBS စနစ်။ သူတို့လုပ်ပုံကိုင်ပုံ အရမ်းမှားတယ်။ စနစ်ကြီးတစ်ခုလုံးကို ဖျက်ပြီး အစကနေပြန်လုပ်တယ်။ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ တကယ်လုပ်ရမှာက လိုင်းတစ်လိုင်းကို အရင်လုပ်ရမှာ။ အဲဒီလိုင်းတစ်လိုင်း အောင်အောင်မြင်မြင် လုပ်ပြီးတဲ့အခါမှ နောက်တစ်လိုင်းကို ဆက်သွားမယ်။ အဲသလိုနဲ့ လိုင်းအားလုံးကို ခြုံမိတဲ့အထိ တစ်ဆင့်ချင်း လုပ်သွားရမှာ။ လုပ်ရမှာက replacement, တစ်ဆင့်ချင်း အစားထိုးသွားရမှာ။ အခုက demolish လုပ်လိုက်တော့ အရမ်းကို ကသောင်းကနင်း ဖြစ်သွားတယ်။

အစပိုင်းမှာ ပြည်သူတွေက ဖြစ်ချင်တဲ့စေတနာနဲ့ ၀ိုင်းကြ၀န်းကြတယ်။ တက္ကစီတွေ၊ ကိုယ်ပိုင်ကားတွေနဲ့ ကူကြတယ်။ ဒါပေမဲ့ သူတို့ ဘယ်လောက်ကြာကြာ လုပ်ပေးနိုင်မလဲ။ အဲဒီဟာကိုလည်း ကျွန်တော် အားမပေးဘူး။ ဒါ System failure. စနစ်တစ်ခု ကျဆုံးတာ။ သိပ်ကြောက်စရာကောင်းပါတယ်။ System failure ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှမှာ ထိပ်ဆုံးကနေ ဘိတ်ဆုံးထိ ရောက်ခဲ့တယ်။

နံပါတ် (၄) - ကိုယ့်နေရာကိုယ် သိပါ။

ခုနက ဆရာသိန်းသန်းဝင်းလည်း ပြောသွားပါပြီ။ လူကြီးက လူကြီးလိုနေရမယ်။ ဘုရင်က ဘုရင်လိုနေရမယ်။ အစိုးရက အစိုးရလိုနေရမယ်။ အာဏာပိုင်အဖွဲ့အစည်းက အာဏာပိုင်အဖွဲ့အစည်းလိုနေရမယ်။

စည်ပင်က အမှိုက်သိမ်းနေတာသည် ကိုယ်ဘာလုပ်ရမယ်ဆိုတာ မသိတဲ့အတွက်ကြောင့် အမှိုက်သိမ်းနေတာ။ အာဏာပိုင် အဖွဲ့အစည်းနေရာမှာနေတဲ့သူက ဆင်းပြီး အမှိုက်ကျုံးနေတာ တစ်သက်လုံးမကောင်းစားဘူး။ တစ်သက်လုံး မတိုးတက်ဘူး။

အရင်တုံးက သတင်းစာတွေ ကျွန်တော် သိမ်းထားတယ်။ အင်ဂျင်နီယာမှူးကြီးလုပ်တဲ့သူက မြူနီစီပယ်ဈေးကြီး ရေမြောင်း ဖော်တာကို ကြီးကြပ်ရသတဲ့။ အဲဒါ ကိုယ့်ရဲ့တာဝန်ဝတ္တရားကို မသိတာ။ မသိတဲ့အတွက် ရေမြောင်းဖော်တာကို သွားပြီး ကြီးကြပ်တာ။ အဲဒီရေမြောင်းက သူလာကြီးကြပ်တော့မှ ပြီးတော့မှာလား။ သူ့မှာ ရေမြောင်းဖော်တာကို ရပ်ကြည့်ဘို့ထက် တခြားအရေးကြီးတဲ့ကိစ္စတွေ မရှိတော့ဘူးလား။

ဆိုတော့ အခု ဒီမှာ မန်းမြို့တော်စည်ပင်အဖွဲ့ဝင်များအနေနဲ့ ကိုယ်က အာဏာပိုင်အဖွဲ့အစည်းနေရာ ရောက်လာပါပြီ။ ကိုယ့်ရဲ့ role ကို ကိုယ်သိပါ။ အာဏာပိုင်အဖွဲ့အစည်းတစ်ခုအနေနဲ့ ကိုယ်လုပ်ရမဲ့အလုပ်က မူဝါဒတွေ ချပေးမယ်။ စနစ်တွေ ချမှတ်၊ အကောင်အထည်ဖော်ရမယ်။ စံနှုန်း၊ လုပ်ငန်းလမ်းညွှန်တွေ သတ်မှတ်ပေးရမယ်။

နောက်ပြီးတော့ ကိုယ်လုပ်ချင်တဲ့အလုပ် (ဥပမာ - အမှိုက်သိမ်းတာ) ကို အပြင်အဖွဲ့အစည်း၊ ကုမ္ပဏီတစ်ခုကို ချပေးမယ်။ ကိုယ်လုပ်ရမှာက အဲဒီ ကုမ္ပဏီသည် ကိုယ်သတ်မှတ်ပေးထားတဲ့စံနှုန်းတွေအတိုင်း လုပ်ရဲ့လား။ အမှိုက်သိမ်းတာ ပြောင်ရဲ့လား။ အမှိုက်တွေကို ဘယ်လိုပစ်သလဲ။ စောင့်ကြည့်မယ်။ ကိုယ်သတ်မှတ်ပေးထားတဲ့စံနှုန်းတွေအတိုင်း မလုပ်ရင် သူတို့ကို သတိပေးမယ်။ ဒဏ်ရိုက်မယ်။ ဒါမှ ဆက်ပြီး ပြောစကားနားမထောင်သေးဘူးဆိုရင် လွယ်ပါတယ်။ ကန်ထရိုက်ကို သိမ်းလိုက်ပြီး နောက်ကန်ထရိုက်တာတစ်ယောက်ကို ချပေးလိုက်မယ်။ အလုပ်လိုချင်သူတွေဆိုတာ တန်းစီစောင့်နေတယ်။ အဲဒီအတွက် သူတို့ မဖြစ်မနေ လုပ်ရတော့မယ်။

ကိုယ်က အဲသလိုလုပ်ရမှာ။ ဒါလုပ်၊ ဒီလိုလုပ်ဆိုပြီး ကိုယ်က ခိုင်းနေရမှာ။ အခုတော့ ကိုယ်က ခိုင်းတဲ့သူနေရာမှာမနေဘဲ ကိုယ်တိုင်ဆင်းပြီး အမှိုက်ကျုံးနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဘာလုပ်ရမလဲ၊ ငါ့တာဝန်ဝတ္တရားတွေက ဘာလဲဆိုတာ မသိတာ။
ကိုယ်က အာဏာပိုင်အဖွဲ့အစည်းနေရာရောက်နေပြီဖြစ်တဲ့အတွက် ကိုယ်ကချပေးမှ သူတို့လုပ်ရမှာ။ ဒီတော့ သူတို့ကို ကိုယ်ချမှတ်ထားတဲ့ စည်းစနစ်ဘောင်ထဲမှာဝင်လာအောင် ကိုယ့်စိတ်ကြိုက် လုပ်ခိုင်းလို့ရတယ်။ ကိုယ်ကခိုင်းပါ။ ခိုင်းတဲ့သူ နေရာမှာနေပါ။ အမှိုက်မကျုံးပါနဲ့လို့ မန်းစည်ပင်အဖွဲ့ဝင်တွေကို အလေးအနက်မှာချင်ပါတယ်။


နံပါတ် (၅) - စနစ်တစ်ခု ကျဆုံးခြင်း (System Failure)

စနစ်တစ်ခုကျဆုံးရတာဟာ မျက်တောင်မွေးတစ်ဆုံးပဲကြည့်ပြီးလုပ်လို့။ ရေရှည်ကို မကြည့်လို့။ ဒါလုပ်ရင် ဘာဖြစ်လာမလဲ ဆိုတဲ့ ဖြစ်ပေါ်လာမဲ့ အကျိုးဆက်ကို မကြည့်ပဲလုပ်လို့ ကျဆုံးရတယ်။ နမူနာတစ်ခု ပြောပါမယ်။

ရန်ကုန်စည်ပင်က အမိန့်ထုတ်တယ်။ တိုက်ဆောက်တဲ့အခါ အိမ်ရှေ့မှာ ၅ ပေအကျယ်၊ ၅ ပေအနက် မြောင်းတူးမှ ပါမစ် ချပေးမယ် တဲ့။ အလွန်မှားပါတယ်။ အဲဒါဟာ ဖြစ်နိုင်သလား မဖြစ်နိုင်သလားမတွက်ပဲ မျက်တောင်မွေးတစ်ဆုံးပဲ ကြည့်တာ။

နောက်တစ်ခု ကားကြပ်လို့တဲ့။ ခုံးကျော်တံတားတွေဆောက်တယ်။ ခုံးကျော်တံတားတွေ စဆောက်ကတည်းကိုက ကျွန်တော်က သဘောမတူခဲ့ဘူး။ ဘယ့်နှယ်ဗျာ။ ဒီဘက်တစ်လမ်းကိုတော့ သွားစေ ဟိုဘက်လမ်းကတော့ ဖြစ်ချင်သလိုဖြစ်ဆိုပြီး လုပ်တာကိုးခင်ဗျ။ ဒါ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။

ဟိုတစ်ခေါက် ကျွန်တော်ပြန်လာတော့ လေယာဉ်ကွင်းကို အဆင်းမှာတွေ့ခဲ့တာ။ လှည်းတန်းမီးပွိုင့်မှာ မိနေတဲ့ကားတန်းဟာ မင်းဓမ္မလမ်းထိပ်၊ ဘုရားလမ်းမှတ်တိုင်ထိ ရောက်တယ်။ အဲဒါ ဖြစ်သင့်သလား။

အဲဒါဟာ Traffic Management System မဟုတ်ဘူး။ မသိရင်ရမ်းမလုပ်ပါနဲ့။ အခုဆိုရန်ကုန်မြို့ကြီးကို ပြင်ရမှာ အရမ်းကို ခက်သွားပြီ။ ကျွန်တော်တော်တော့်ကို စိတ်မကောင်းဘူး။

အခု စင်ကာပူမှာ Terminal 4, 5 တွေဆောက်တယ်။ ဆောက်တော့ ဘယ်လောက်ထိစဉ်းစားသလဲဆိုတော့ နှစ် (၁၀၀) ထိ စဉ်းစားတယ်။ ကမ္ဘာကြီးအပူချိန် ပူနွေးလာတယ်။ အဲဒီအတွက် ၀င်ရိုးစွန်းက ရေခဲတွေ အရည်ပျော်ပြီး ပင်လယ်ရေမျက်နှာပြင် အမြင့် တက်လာတယ်။ နောင် အနှစ် (၁၀၀) လောက်ကျရင် ဘယ်ထိရောက်လာမယ်။ ဘယ်နေရာတွေ ရေလွှမ်းသွားနိုင် တယ်။ နှစ် (၅၀) (၁၀၀) ထိ ကြိုတွက်ပြီးလုပ်တယ်။
နောင်နှစ် (၁၀၀) လောက်ကြာရင် လူဦးရေတွေ ဘယ်လောက်ထူထပ်လာမယ်။ ကားစီးရေ  ဘယ်လောက်တိုးလာမယ် စသဖြင့်။

ပြောမယ်ဆိုရင် ဆုံးမှာမဟုတ်ပါဘူး။ ဒီတော့ အချုပ်အားဖြင့် စီမံကိန်းတစ်ခု ရေးဆွဲတော့မယ်ဆိုရင် မျက်တောင်မွေးတစ်ဆုံးပဲ ကြည့်မယ့်အစား ဒီစီမံကိန်းကြောင့် ဖြစ်လာမဲ့ အကျိုးဆက်တွေရယ်၊ အနှစ် (၅၀) (၁၀၀) စသဖြင့် ကြိုတင်တွက်ချက်ပြီးတော့မှ လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

အဲဒါ ကျွန်တော်ပြောချင်တဲ့အချက်တွေပါ။

နောက် မြို့ပြတစ်ခုအတွက် ဘယ်စနစ်တွေကို ဦးစားပေးလုပ်ရမယ်ဆိုတာ နည်းနည်းပြောချင်ပါတယ်။

မန္တလေးဟာ ခြင်အရမ်းကိုက်တယ်။ စာဖွဲ့ရလောက်တဲ့ထိ ကိုက်တယ်။
ဒါဆို ခြင်မကိုက်တဲ့မန္တလေးဖြစ်အောင် လုပ်လို့မရဘူးလား။

ဒီက လူကြီးမင်းတို့ အခု စင်ကာပူရောက်လာပါပြီ။ သတိထားမိကြပါလိမ့်မယ်။ စင်ကာပူမှာ ခြင်ထောင်မလိုပါဘူး။ သူတို့က ခြင်မရှိအောင် လုပ်ထားတယ်။

ဒါဆို ခြင်ကင်းစင်အောင် ဘယ်လိုလုပ်မလဲ။ ကျွန်တော် အသေးစိတ်မပြောတော့ပါဘူး။ ကျွန်တော်ပေးထားတဲ့စာအုပ်ထဲမှာ အသေးစိတ်ရေးထားပါတယ်။

Elimination is the best solution. လုံးဝမရှိအောင်ဖျောက်ဖျက်ပစ်တာသည် အကောင်းဆုံး အဖြေပါပဲ။
ဒါဆို ဘာကို eliminate လုပ်မလဲ။ ခြင်မကိုက်အောင်ဆိုရင် ခြင်တွေ မပေါက်အောင် လုပ်မယ်။ ဒါဆို ဘယ်နေရာမှာ ခြင်ပေါက်သလဲ။ ရေမှာခြင်ပေါက်တယ်။ ဆိုတော့ ခြင်ပေါက်နိုင်တဲ့ရေမှန်သမျှ ခြင်မပေါက်နိုင်အောင် ထိန်းထားရမယ်။

မြောင်းတွေကောင်းကောင်းလုပ်ပြီး ရေစီးရေလာကောင်းအောင် လုပ်ရမယ်။ မိုးရွာတဲ့အခါ မိုးရေတွေသည် မြောင်းတွေက တဆင့် မြစ်ချောင်းအင်းအိုင်တွေထဲကို တိုက်ရိုက်စီးသွားရမယ်။ ရေ၀ပ်မနေစေရဘူး။ နောက်ဆုံး အိမ်မှာစိုက်တဲ့ ပန်းအိုးတွေ ကအစ၊ မြန်မာပြည်မှာတော့ ဘုရားပန်းအိုးပေါ့။ ဘုရားပန်းအိုးတွေကို ရေမှန်မှန်လဲပေးရမယ်။

စင်ကာပူက အိမ်ခေါင်မိုးတွေမှာ ရေတံလျှောက် (ရေသယောက်) မတပ်ရဘူးဆိုပြီး ဥပဒေရှိပါတယ်။ မိုးရွာတဲ့အခါ ရေတံလျှောက်ထဲ ရေတွေတင်ကျန်ခဲ့မှာမို့လို့ အဆောက်အဦမှန်သမျှ ဘယ်အဆောက်အဦမှာမှ ရေတံလျှောက် တပ်ခွင့်မရှိပါဘူး။

နောက် ဈေးတွေကစွန့်ပစ်လိုက်တဲ့ရေ စသဖြင့်။ မိုးရေ၊ လူတွေ သောက်တဲ့သုံးတဲ့ရေ။ အိမ်သာစသည်ကထွက်တဲ့ အညစ်အကြေးရေ။ ဒီရေသုံးခုဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ ခြင်မပေါက်အောင်ဆိုရင် အဲဒီရေတွေကို စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းတတ်ရမယ်။

နေလေးနည်းနည်းပူလာတာနဲ့ မြန်မာနိုင်ငံတ၀ှမ်းမှာ သောက်ရေပြတ်လပ်မှုပြဿနာတွေနဲ့ ကြုံနေရတယ်။ အဲဒါတစ်နှစ်တည်း မဟုတ်ဘူး။ နှစ်တိုင်း။ ဒါပေမဲ့ သောက်ရေသုံးရေကိစ္စ ဘယ်သူစိတ်ဝင်စားပါသလဲ။ ရေပြတ်တော့မှ ရေသွားလှူတာ အဲဒါ အဖြေမဟုတ်ပါဘူး။ လုပ်ရမှာက permanent solution ကိုရှာရမှာ။

နောက်ပြီး အ၀ီစိတွင်းတွေ နင်းကန်တူးနေတာ အတော်ဆိုးတယ်။ မြေအောက်ရေဆိုတာ အကန့်အသတ်ရှိပါတယ်။ အတားအဆီးမရှိ ထုတ်မသုံးသင့်ပါဘူး။ မိုးပေါ်ကကျလာတဲ့ရေကို စနစ်တကျစုဆောင်းပြီး ကျကျနနသုံးဘို့လိုပါတယ်။ မန္တလေးမှာ ကျုံးကြီးရှိတယ်။ တောင်သမန်အင်းရှိတယ်။ ကျလာတဲ့မိုးရေတွေကို အလေအလွင့် နည်းနိုင်သမျှနည်းအောင် အဲဒီ ကျုံးတွေ၊ ကန်တွေ၊ အင်းတွေထဲမှာ စုဆောင်းပြီး ပြန်သုံးဘို့ စဉ်းစားပါ။

အ၀ီစိတွင်းတွေ အိမ်တိုင်းတူးနေတာ ရပ်တန်းကရပ်ပါ။ အ၀ီစိတွင်းမတူးပါနဲ့ဆိုတော့ ဘယ်ကရေ သွားသုံးမလဲ။ ရေပေးဝေရေး စနစ်ကို အရင်ဆုံးလုပ်ပြီးမှ အ၀ီစိတွင်းတူးတာကို ရပ်ခိုင်းရမှာပေါ့။ ဒါ အများကြီးမို့ ကျွန်တော် ဒီလောက်ပဲပြောပါမယ်။ ကျွန်တော့်စာအုပ်ထဲမှာ စင်ကာပူရေပေးဝေရေးစနစ်ဆိုပြီး ဆောင်းပါး ပါပါတယ်။ ရေချိုမထွက်တဲ့စင်ကာပူမှာ ရေကို ဘယ်ကနေရအောင် လုပ်ထားသလဲ။ ဖတ်ကြည့်ပါ။ အိုင်ဒီယာရပါလိမ့်မယ်။

နောက် အိမ်သာစနစ်။ ကျွန်တော်တို့ဆီမှာ စနစ်တကျလုပ်ထားတဲ့ ရေဆိုးထုတ်စနစ်ရှိသလား။ တစ်အိမ်ချင်းတစ်အိမ်ချင်းက ကိုယ့်ကိစ္စကိုယ်ရှင်းနေရတယ်။ အလွန်မှားပါတယ်။ တောမှာဆိုရင်တော့ ဟုတ်မှာပေါ့။ ဒါပေမဲ့ မန္တလေးလိုမြို့ကြီးအတွက် စနစ်တကျ တပ်ဆင်ထားတဲ့ အိမ်သာစနစ် လိုပါတယ်။ အခု လူကြီးမင်းတို့လည်း အတော်များများ လိုက်ကြည့်ကြပြီးပါပြီ။ နမူနာယူပါ။ လုပ်ကြပါ။

အခုမန္တလေးမြို့ကြီးဟာ သိပ်မပျက်စီးသေးပါဘူး။ အတော်များများလုပ်လို့ ရပါသေးတယ်။ အခုအခြေအနေလေးကို ထိန်းထားကြပါ။ ဟော်တယ်တွေ နင်းကန်ဆောက်နေတာ ရပ်တန်းကရပ်ပါ။ လက်လွန်မှဆို ဘာမှ လုပ်လို့မရတော့ပါဘူး။ နောင် အနှစ် (၅၀) တန်သည် (၁၀၀) တန်သည် စီမံကိန်းချပြီးမှ စနစ်တကျလုပ်ကြပါလို့ တိုက်တွန်းပါရစေ။

နောက်ပြီး မီးဘေးကာကွယ်ရေးစနစ်။ မြန်မာပြည်မှာ မီးတွေဒါလောက်လောင်နေတာကို မီးကာကွယ်ရေးစနစ်လုပ်ဘို့ ဘယ်သူများ စိတ်ဝင်စားပါသလဲ။ ဘယ်သူတစ်ယောက်ကမှ စိတ်မ၀င်စားပါဘူး။

နောက်ပြီး မီးကာကွယ်ရေးစနစ်သည် မီးသတ်အောက်မှာပဲရှိရမယ်။ မီးကာကွယ်ရေးစနစ်ကို စနစ်တကျလုပ်ကြပါ။ မီးလောင်တော့မှ ရေနဲ့သွားသတ်တာ ဆယ်နှစ်သားကလေးတောင်သိတယ်။ အဲဒါ အဖြေမဟုတ်ပါဘူး။ မီးမလောင်အောင် လုပ်ဘို့စဉ်းစားပါ။ မီးကာကွယ်ရေးစနစ် ဘယ်လိုလုပ်မလဲ။ ဒီမှာပြောဘို့အချိန်မရှိပါဘူး။ မီးလောင်မှုတွေကို ဘယ်လိုလျှော့ချ မလဲဆိုတာရယ်၊ စင်ကာပူမီးကာကွယ်ရေးစနစ် ဆိုတာရယ် ဆောင်းပါးနှစ်ပုဒ် ကျွန်တော့်စာအုပ်ထဲမှာ ပါပါတယ်။ ဖတ်ကြည့် ကြပါ။

အချိန်လည်း သိပ်မရှိတော့ ကျွန်တော်ဒီလောက်နဲ့ပဲရပ်လိုက်ပါမယ်။

နောက်ဆုံးအနေနဲ့ပြောချင်တာက ကျွန်တော်တို့ကိုခေါ်ပါ။ ကျွန်တော်တို့လာပြီး ဟောပြောပွဲတွေ သင်တန်းတွေ လုပ်ပေးပါ မယ်။ ကျွန်တော်တို့ကိုခေါ်ပါလို့ ပြောတာတောင် ခေါ်မဲ့သူမရှိဘူး။ ဟောပြောပွဲဆိုတာက ဗဟုသုတရရုံလောက်ပဲ။ တကယ် ကျကျနနသိဘို့ဆိုတာ သင်တန်းပေးမှရမယ်။ သင်တန်းပေးတယ်ဆိုတာလဲ တကယ်လုပ်မဲ့၊ တကယ်လုပ်နေတဲ့၊ စိတ်ဝင်စားတဲ့ သူတွေကိုပဲ ပေးချင်ပါတယ်။ အခုဖြစ်နေတာက သင်တန်းဆိုပြီးတက်လိုက်တယ်။ လက်မှတ်ရရုံပဲ။ ဘာမှ မတတ်ဘူး။

အစိုးရဌာနတွေက သင်တန်းတွေလွှတ်တယ်။ လွှတ်လို့သာ မတတ်သာလို့ သွားလိုက်ရတာပဲ။ ဒီလိုနဲ့ပြီးသွားရော။ ဘာမှ မတတ်ဘူး။ ဘယ်တတ်မတုံး။ စိတ်မှမ၀င်စားတာကိုး။ နောက်ပြီး အဲဒီသင်တန်းတက်ထားတဲ့သူက ခဏနေတော့ ဟိုဌာနကို ပြောင်းသွားရော။ သူသိထားတာတွေ ဘာမှ အသုံးချခွင့်မရတော့ဘူး။ ဒါ ဘာလုပ်တာလဲ။ ဘာမှ အကျိုးမရှိဘူး။

အဲဒီတော့ အကျိုးမရှိတဲ့အလုပ်တွေကို မလုပ်ကြပါနဲ့။ အကျိုးရှိတာတွေပဲလုပ်ကြပါလို့တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။


ကျေးဇူးတင်ပါတယ်။