Friday, December 14, 2012

ညှို့မဂ္ဂဇင်း

 

(၁)

ကျွန်တော်တို့တိုင်းပြည်မှာ အရင်တုံးက စာပေစိစစ်ရေးလို့ နာမည်တွင်တဲ့ စာပေကင်ပေတိုင် ဆိုတာ ရှိခဲ့သဗျ။ ခုတော့ နိဂုံးကမ္ပတ် အဆုံးသတ်သွားခဲ့ပါပြီ။ သဟာဆို ဘယ့်နှာကြောင့် စာပေစိစစ်ရေးဆိုတာကြီး ထားရပါသလဲ တဲ့။

လိပ်ပြာသန့်သူသည် သန်းခေါင်ယံ တံခါးခေါက်သံကို ကြောက်စရာမလို ဆိုတဲ့ စကားရှိတယ်ဟုတ်။  လိပ်ပြာမသန့်တဲ့ သူတွေအဖို့ ကိုယ့်(ဟ၀ှါ)ကိုယ်တောင် မြွေမှတ်လို့ခုန် ဆိုလား။ သည်တော့ အရာရာကို စိုးထိတ်ကြောက်လန့်နေရ သကိုးခင်ဗျ။ ငါတို့အကြောင်း ဘာတွေများရေးလိုက်လေမလဲဟဲ့။ ငါတို့က စာနဲ့ပေနဲ့ သိပ်မနီးစပ်တော့ သူတို့ ဘာတွေရေးလို့ ရေးထားမှန်း နားလည်တာမဟုတ်ဘူး။ သည်တော့ စာပေစိစစ်ရေးဆိုတာကြီး ထားပြီး ငါတို့ မကောင်းကြောင်း ရေးတဲ့ကောင်တွေ အကုန်ဖြုတ်ထုတ်သတ်လုပ်မှ သင့်တော်လိမ့်မယ် လို့တွက်ပြီး မနေ့တစ်နေ့ ကထိ စာမှန်သမျှ ဘုရားရှိခိုးစာပါမကျန် စာပေစိစစ်ရေးဆိုတဲ့ ပေတံကြီးနဲ့တိုင်း၊ အရာရာကို သံသယမျက်လုံးနဲ့ ဒေါက်ထောက် ကြည့်နေကြရရှာတာကိုး။ သနားစရာ သတ္တ၀ါတွေပ ခင်ဗျာ။

စာတိုက်ကပို့တဲ့ စာတွေတောင် မခံနိုင်။ သူတို့မသင်္ကာရင် ဖောက်ဖတ်တာခံရတယ်။ ခုခေတ်ကျတော့ အီးမေးပါ ကြားဖြတ်ဖတ် ဆိုပါလား။ နောက်ပြီး သူရို့အကြောင်းရေးတဲ့ သူတွေကို ဘာတဲ့ ပုဒ်မဘယ်လောက်ဆိုလား၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု တဲ့။ ဆွဲစိ။ သွားရော့ ရေကြည်အိုင်။ ပြန်မထွက်လာနဲ့။ အပြင်မှာနေရရင် တောင်မှ စာရေးခွင့်ပိတ်တယ်။ ဘယ်နှနှစ်။ မှတ်ကရော့။ လူကိုထောင်ချရတာ အားမရလို့ လက်ကိုပါထောင်ချတာပေါ့။

ဒါပေမဲ့ပေါ့လေ။ အဆိုးထဲက အကောင်းတစ်ခုတော့လည်း ရှိပေသပေါ့။ သူတို့ခေတ်မှာ (မ.ဆ.လ ခေတ်မှာ) ရင်သားပေါ်နေတဲ့ပုံတွေ၊ ဒူးပေါ်ပေါင်ပေါ်ပုံတွေ မမြင်ရဘူးပေါ့။ ဘာတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေတောင် ဘောင်းဘီ မ၀တ်ရလုပ်လိုက်လို့ နန္ဒာလှိုင်တို့ ဘောင်းဘီဝတ်ရိုက်ထားတဲ့ကားတွေ ပြန်ရိုက်ရဆိုလား။ သဲ့သဲ့ကြားလိုက်ပါရဲ့။ သို့သော်လည်းပေါ့လေ၊ သည်ဘက် ဗိုလ်ချုပ်ကြီးတွေခေတ်မှာတော့ ကောင်မလေးတွေ၊ အောက်ကနေ ကြည့်လိုက်ရင် အတွင်းခံဘောင်းဘီပါမြင်ရအောင် ၀တ်ပြီး စင်ပေါ်တက်လမ်းလျှောက်ပြတဲ့ ဖက်ရှင်ရှိုးတို့၊ ဘာမယ်ပွဲတို့၊ ညာမယ်ပွဲတို့ ဆိုတာ မမြင်ချင်မှအဆုံး။ သင်္ကြန်တွေမှာလည်း ယိုသူမရှက်၊ မြင်သူရှက်ရတဲ့ မြင်ကွင်းတွေမနည်း။

နင်တို့ဟာနင်တို့ ကြိုက်သလိုဝတ်၊ ကြိုက်သလိုဖော်လို့ရတယ်၊ ငါတို့ထိုင်ခုံလာမလှုပ်ရင် ပြီးရောလို့ သဘောထားတယ် ထင်ပါရဲ့။

(၂)

အလဲ့ကွယ်၊ ညှို့မဂ္ဂဇင်း ဆိုပါလား။ လိင်ကိစ္စ ပညာပေးချင်လို့ ထုတ်တာပါတဲ့။ အောင်မယ်လေး ကိုအယ်ဒီတာ။ ကိုယ်ကိုယ့်ကိုယ် ရှက်တတ်ပါ။ ငါလုပ် နေတာ လိင်ပညာပေးလား။ မုဒိန်းမှုတွေပိုများလာအောင် လှုံ့ဆော်ပေးနေတာလား။ ခုမှ ဆယ်ကျော်သက်စ မရိုးမရွအကောင်လေးတွေ၊ ကောင်မလေးတွေကို ဟိုဟာ လုပ်ဖြစ်အောင် အတင်းတွန်းပို့နေတာလား။ ကိုယ့်ဟာကိုယ် ပြန်မေးလိုက်စမ်းပါ ကိုယ့်လူ။ အဲဒီစာအုပ်ကို အဖေတစ်ယောက်အနေနဲ့ သမီးအပျိုလေးရဲ့ရှေ့မှာ လှန်ဖတ်ရဲပါသလားလို့မေးရင် အယ်ဒီတာလုပ်တဲ့သူ ဘယ်လိုဖြေမလဲဆိုတာ သိချင်ပါရဲ့။

အဲလေ (ကျုပ်သမီးနဲ့ ကျုပ်နဲ့ အဲဒီစာအုပ်ကို အတူတူထိုင်ဖတ်တာပဲ။ ဘာဖြစ်သလဲ) လို့ ဖြေရင်တော့လည်း မပြောတတ်ဘူးပေါ့။ ခင်ဗျားကရောလို့ ကျွန်တော့်ကို ပြန်မေးလာခဲ့ရင်တော့ ကျွန်တော့်အနေနဲ့ ကိုယ့်သမီးရှေ့မှာ မပြောနဲ့ ကိုယ့်မိတ်ဆွေ (ယောက်ျား ယောက်ျား၊ မိန်းမ မိန်းမ) တွေရှေ့မှာတောင် မကိုင်ရဲပါခင်ဗျား လို့ပြောရပါ လိမ့်မယ်ဗျ။

(ဒါဖြင့် ခင်ဗျားရော၊ ကောင်မလေးတွေမြင်ရင် မကြည့်ဘူးလားလို့မေးပါ။ နေမလားဗျ။ ကျုပ်လည်း သန်သန်မာမာ ယောက်ျားတစ်ယောက်ပဲ။ ဘယ်နေလိမ့်မလဲ။ ဒါပေမဲ့ သိသာသိစေမမြင်စေနဲ့ ဆို မဟုတ်လား။ သိက္ခာတော့ ရှိရမှာပေါ့ဗျ။)










အဲဒီပုံတွေကြည့်လိုက်စမ်းပါခင်ဗျာ။ ဘာကိုပညာပေးတာပါလဲ။ ပညာပေးတယ်ဆိုရင်တော့ (ပိုက်ဆံများများရဘို့ အဲဒီလိုဝတ်ပြီး အဲဒီလိုပို့စ်ပေးရတယ်ကွဲ့) လို့ပေးတဲ့ပညာပဲဖြစ်မှာဘဲ။


အယ်မယ်လေး၊ သရုပ်ဖော်တဲ့ ပန်းချီဆရာကလည်း ဆွဲတတ်ပါပေ့။ ဖွမ်။

ဒါများအဆန်းလုပ်လို့ဗျာ၊ ခင်ဗျားတို့ စင်ကာပူမှာဆို တစ်ကိုယ်လုံး အ၀တ်မရှိတဲ့ကောင်မလေးတွေပုံတွေကို ပြက္ခဒိန် ထုတ်ပြီး ဒီလိုပဲ စားပွဲပေါ်တင်ထားကြတာ မဟုတ်လား။

အို့ဟို၊ ဒီလိုမပြောနဲ့လေကိုယ့်လူ။ စင်ကာပူမှာက ပေါင်ရင်းရောက်နေတဲ့ ဘောင်းဘီ၊ တင်းကျပ်နေတဲ့စကပ်၊ အသားပေါ်တာများ ဘာရှက်စရာရှိလို့ကွယ်လို့ သဘောထားပြီး မြန်မာအမျိုးသမီးများ ရေချိုးတဲ့အခါ ရင်လျားသလို ၀တ်ထားတဲ့အင်္ကျီ (အဲလေ) စ,လုံး တရုတ်မတွေတင်မဟုတ်ပါဘူး။ စင်ကာပူကို ရောက်နေတဲ့ ဗမာမတွေလည်း မထူးပါဘူး။ ရောမရောက်ရင် ရောမလိုကျင့်ရမယ်လို့ခံယူပြီး သူတို့လည်း တိုကြ ဖော်ကြတာပါပဲ။ တခြားဟုတ်တဲ့ နေရာမှာသာ ရောမလိုမကျင့်ရှိရမယ်။ ဒါမျိုးကျတော့ ဒီနေ့စင်ကာပူရောက်၊ နက်ဖြန်ကစ ကျင့်တော့တာပဲ။ နောက်ပြီး အောက်ခံဘောင်းဘီနဲ့ ဘရာစီယာကြော်ငြာတာကို နေ့စဉ်ထုတ် သတင်းစာကြီးထဲမှာ ဘီကီနီဝတ်ထားတဲ့ ကောင်မလေးတွေပုံနဲ့ ကြော်ငြာကြတာပဲ။ သူတို့အဖို့ကတော့ ဘာမှ မဆန်းတော့ဘူးလေ။ ဆရာဝန်တွေက မွေးစကတည်းက ရှက်ကြောကို ချက်ကြိုးနဲ့ရောဖြတ်ပေးလိုက်ကြတာကိုး။ လူကြားထဲမှာ နှုတ်ခမ်းချင်း တပြွတ်ပြွတ်၊ ဟိုပွတ်သည်ပွတ်လုပ်နေကြတာ သူတို့ရိုးရာယဉ်ကျေးမှု ဖြစ်နေမင့်ကိုး။ (ဘုရား၊ ဘုရား။ အဲဒီယဉ်ကျေးမှုကြီး ဘုရား တပည့်တော်တို့ မြန်မာပြည်ထဲ ရောက်မလာပါစေနဲ့ဘုရား။)  

မျက်နှာဖုံးအပါအ၀င် ဂျာနယ်ရဲ့ ၉၂ မျက်နှာသောစာမျက်နှာ မှာ နောက်ဆုံးကြော်ငြာတစ်ရွက်နှုတ် ၉၁ မျက်နှာကျန်။ အဲဒီ ၉၁ မျက်နှာမှာ ဟုတ်တိပတ်တိ ပညာပေးတာ ဘယ်နှစ်ခု ပါပါသလဲ။ (ကျွန်တော်တစ်အုပ်လုံး အစအဆုံး ဖတ်ကြည့်ပြီးပါပြီ။) မရိုးမရွဖြစ်လာအောင် ကောင်မလေးတွေ ပဲပေးနေတဲ့ပုံတွေချည်းပဲ ၄၅ မျက်နှာရှိပါတယ်။ သေသေချာချာ မှတ်လောက်သားလောက် ရသွားမဲ့ပညာနဲ့ အဲဒီကောင်မလေးပုံတွေကို ကြည့်ပြီး မာဆတ်သွားမဲ့ ဟာကို အချိုးချကြည့်လိုက်ရင် မာဆတ်ဘက်က ပိုများနေပါတယ်။

ဒီပုံတွေကို ဒီအတိုင်းထုတ်ရောင်းရင် အပြောခံရမှာစိုးလို့ လိင်ပညာပေးလို့ နာမည်ခံထားမှန်းသိပါ့ဗျာ။ ခင်ဗျားက ကျုပ်တို့ကို နလဗိန်းဒုံးတွေ အောက်မေ့နေလို့လား။ လိင်ပညာပေးဆိုရင် ဆရာဒေါက်တာအောင်ခင်ဆင့်၊ ဒေါက်တာမောင်မောင်ညို၊ ဒေါက်တာအုန်းမောင် (ဆိုလား ဘယ်သူ၊ မေ့တောင်နေပါပြီ) တို့စာအုပ်တွေလောက် ကောင်းတဲ့ စာအုပ်ရှိပါ့မလား။ ဒေါက်တာ နန်းဥမ္မာတို့လည်း ရေးတယ်ထင်ပါရဲ့။ အဲဒီဆောင်းပါးမျိုးတွေကို ဒီထက်ပိုပြီး ကြည့်ပျော်ရှုပျော်ရှိမဲ့ ဓါတ်ပုံတွေနဲ့ ထုတ်မယ်ဆိုရင် ဘာမှပြောစရာမရှိပါဘူး။

အဲလေ - (သြော် သူတို့ဘယ်လိုပဲ ပဲပေးနေနေ တစ်နေ့ကျ သေကြရမှာချည်းပါလား။ သူတို့ ဘယ့်ကလောက်ပဲ လှပါစေ။ သူတို့ခန္ဓာကိုယ်ထဲမှာ ချေးတွေ၊ သေးတွေနဲ့ ပြည့်နေပါလား။ သြော် - အနိစ္စ၊ အနိစ္စ) လို့ တရားမှတ်တတ်ရင် တော့လည်း အကောင်းသားပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်ကတော့ အဲဒီပုံတွေကြည့်ပြီး အဲဒီလိုတရား မမှတ်မိပါလို့ ၀န်ခံပြစေ။

(ကိုယ်မြင်တာ ရေးပြတာပါ။ ကျွန်တော်နဲ့လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။)

အေးငြိမ်း
၁၄ ဒီဇင်ဘာ၊ ၂၀၁၂ ည ၁၀း၁၂ နာရီ

မြန်မာပြည် ဟောပြောပွဲများ Update

 
လောဘကြီးတယ်လို့မအောက်မေ့ပါနဲ့။ ရောက်တုံးရောက်ခိုက် လယ်သမားတွေမှ အသိပညာတိုးပါစေဆိုတဲ့ စေတနာနဲ့ နောက်တစ်နေရာမှာလည်း လယ်ယာလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဟောပြောပွဲတစ်ခုလုပ်ပါဦးမယ်။

မင်းဘူးနဲ့ ရေနံချောင်းမှာပါ။

၂၆၊ ၁၂၊ ၁၂ မနက် ၁၀ နာရီ နေပြည်တော်မှာ ပြောပြီး ရေဆင်းကို ကူးပါမယ်။ စိုက်ပျိုးရေးတက္ကသိုလ်မှာ ၂၆၊ ၁၂၊ ၁၂ မွန်းလွဲ ၃ နာရီ ပြောပါမယ်။ အဲဒါပြီးရင် မင်းဘူးကို ဆက်ပါမယ်။ မင်းဘူးမှာ ၂၇၊ ၁၂၊ ၁၂ မနက် ၁၀ နာရီ ပြောပါမယ်။
မင်းဘူးမှာ ၂၇ ရက်နေ့ မနက်ပိုင်းပွဲပြီးရင် ရေနံချောင်းကို ဆက်ပါမယ်။ ရေနံချောင်းမှာ ညနေ ၃ နာရီ တစ်ပွဲပြောပြီးတာနဲ့ ရန်ကုန်ကို ပြန်ပါမယ်။

ဆိုတော့ ဟောပြောပွဲလုပ်မှာ အားလုံးပေါင်း ၈ နေရာ ဖြစ်ပါတယ်။


စဉ်

နေ့ရက်

အချိန်

နေရာ


၂၃၊ ၁၂၊ ၁၂

နံနက် ၁၀ နာရီ

မြို့တော်ခန်းမ၊ ပဲခူး၊


၂၄၊ ၁၂၊ ၁၂

နံနက် ၉ နာရီခွဲ

မြေပဒေသာကျွန်း၊ ရန်ကုန်


၂၄၊ ၁၂၊ ၁၂

နေ့လည် ၂ နာရီ

မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်း၊ ရန်ကုန်


၂၆၊ ၁၂၊ ၁၂

နံနက် ၁၀ နာရီ

မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ နေပြည်တော်


၂၆၊ ၁၂၊ ၁၂

နေ့လည် ၃ နာရီ

စိုက်ပျိုးရေးတက္ကသိုလ်၊ ရေဆင်း


၂၇၊ ၁၂၊ ၁၂

နံနက် ၁၀ နာရီ

မင်းဘူး

၂၇၊ ၁၂၊ ၁၂
ညနေ ၃ နာရီ
ရေနံချောင်း
၂၈၊ ၁၂၊ ၁၂
ညနေ ၃ နာရီ
ရန်ကုန် ( Construction Safety)


ရန်ကုန်က ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုက သူတို့လည်း ဆောက်လုပ်ရေး safety ကိုသေသေချာချာလေ့လာပြီး လုပ်ငန်းခွင်ထဲမှာ တကယ် အသုံးချချင်ပါတယ်တဲ့။ ပိုက်ဆံတွေ ထားစရာမရှိအောင်ချမ်းသာတဲ့ ခရိုကြက်သွေးရောင် ကုမ္ပဏီကြီး (သူတို့နာမည်ကြားလိုက်ရင် အော့ပိုဇီးရှင်းတွေ နှာခေါင်းရှုံ့သွားတဲ့ ကုမ္ပဏီ) ပေါ့ဗျာ။

ဒါပေမဲ့ safety ဆိုတာ အားလုံးနဲ့သက်ဆိုင်နေလို့ ကျွန်တော်က ခရီးပန်းနေမှာဖြစ်ပေမဲ့ ၂၈ ရက်နေ့ ညနေ တွေ့ပါမယ်လို့ ပြောထားပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ စိတ်ဝင်တစားနဲ့ လုပ်ချင်ပါတယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြပေးပါလို့ တောင်းဆိုလာတာကိုက ကောင်းတဲ့လက္ခဏာပါ။ သူ့ဟာသူ ခရိုပဲ နီနီ၊ ခရိုပဲပြာပြာ ကျွန်တော်ကတော့ ပညာပေးအနေနဲ့ သွားပြောမှာပါ။ နောက်ပြီးသူတို့ကုမ္ပဏီက လူလိုတယ်ဆိုရင်လဲ စင်ကာပူက မြန်မာပြည်ပြန်ချင်နေတဲ့ ကိုမြန်မာ safety တွေလည်း အလုပ်ကောင်းကောင်းရတာပေါ့။ (ကျွန်တော် အပါအ၀င်ပေါ့လဗျာ။)
 
မိတ်ဆွေများကို တစ်ဆင့်စကား ကြားလိုက်ကြပါခင်ဗျား။


ဦးအေးငြိမ်း
ဖုံး - (စင်ကာပူ) 97303027
(ရန်ကုန်) ၇၀၉၅၁၀ Email: (1) y_nyein@yahoo.com.sg
                                   (2) aye475@gmail.com

Sunday, December 9, 2012

မပြောဖြစ်လိုက်တဲ့ စာတမ်း

  ဦးချစ်ရွှေရေးပေးသည်ကို ကျွန်တော်က အချောပြန်သပ်ထားခြင်းဖြစ်ပါသည်။

 
နိဒါန်း


လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးအတွက် ဘာတွေလုပ်ဖို့လိုတယ်။ ဘာတွေလုပ်သင့်တယ်။ ကျွန်တော်တို့အနေနဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ပတ်သက်လို့ မြန်မာပြည်ကို ဘာတွေကူညီလုပ်ကိုင်ပေးလို့ရတယ်ဆိုတာ ပြောလိုပါတယ်။

 
၁။ ဥပဒေ၊ နည်းဥပဒေ၊ စံချိန်စံညွှန်းများရေးဆွဲပြဌာန်းခြင်း

 
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ပတ်သက်လို့ အရေးအကြီးဆုံးကတော့ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး ဥပဒေ၊ နည်းဥပဒေတွေ ပြဌာန်းရေးပဲ ဖြစ်ပါတယ်။ ပြဌာန်းထားတဲ့ ဥပဒေအရသာ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးကို စတင်အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ ဥပဒေနဲ့ပြဌာန်းပြီး လိုအပ်ချက်တစ်ခုအနေနဲ့ လုပ်ငန်းခွင် တွေမှာ ဘယ်လိုဘေးအန္တရာယ်ကင်းရှင်းရေးစနစ်တွေရှိရမယ်။

            အဲဒီစနစ်ကို အကောင်အထည်ဖော်ဘို့ ဘယ်လို နည်းဥပဒေတွေ၊ စံချိန်စံညွှန်းတွေ ရှိရမယ်။ ဘယ်လိုအကောင် အထည်ဖော်၊ ဆောင်ရွက်ရမယ်။ အဲဒီ နည်းဥပဒေ၊ စံချိန်စံညွှန်းတွေကို လိုက်နာ၊ မနာ ဘယ်လိုစောင့်ကြပ်ကြည့်ရှုရမယ်။ မလိုက်နာရင် ဘယ်လိုလမ်းညွှန်ရမယ်။ အပြစ်ပေးအရေးယူရမယ် အစရှိတာတွေကို ဥပဒေနဲ့ပြဌာန်းပေးဘို့ရာ ပထမဦးဆုံး ခြေလှမ်းဖြစ်ပါတယ်။

            အဲဒီတော့ -

၁) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဥပဒေကို ရေးဆွဲပြဌာန်းရပါမယ်။

၂) အဲဒီအထဲမှာ လုပ်ငန်းရှင်၊ ပိုင်ရှင်၊ ဒါရိုက်တာ၊ မန်နေဂျာ၊ အင်ဂျင်နီယာ၊ ကြီးကြပ်ရေးမှူး စတာတွေရဲ့ တာဝန်နဲ့ ၀တ္တရား တွေကို အတိအကျ ပြဌာန်းပေးရပါမယ်။  

၃) အကယ်၍ အဲဒီ လုပ်ငန်းရှင်၊ ပိုင်ရှင်၊ ဒါရိုက်တာ၊ မန်နေဂျာ၊ အင်ဂျင်နီယာ၊ ကြီးကြပ်ရေးမှူး စတဲ့သူတွေဟာ သူတို့တာဝန် ကိုကျေပြွန်အောင် မထမ်းဆောင်ကြဘူးဆိုရင် ဘယ်လိုဒဏ်ရိုက်မယ်၊ အပြစ်ပေးအရေးယူမယ်ဆိုတာတွေလည်း၊ ထည့်သွင်း ပြဌာန်းရပါမယ်။

အခု မြန်မာနိုင်ငံမှာ The Factory Act 1951 ကို ပြန်လည်ပြင်ဆင်ရေးဆွဲနေတယ်လို့ ကြားသိရပါတယ်။ အလွန် ကောင်းပါတယ်။ ဥပဒေအပြင် အဲဒီဥပဒေကို အကောင်အထည်ဖော်မဲ့ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေလည်း သက်ဆိုင် ရာကဏ္ဍအလိုက် အများကြီးလိုမှာပါ။ အဲဒါတွေရေးဆွဲတဲ့အထဲမှာ ဘယ်သူတွေပါတယ်။ နိုင်ငံတကာက ဘယ်ဥပဒေတွေကို ကိုးကားတယ် စတာတွေကို ကျွန်တော်တို့ မသိရသေးပါ။ ကျွန်တော်တို့ အနေနဲ့ ကူညီလို့ရရင် ကူညီနိုင်ပါတယ်ဆိုတာ ပြောချင်ပါတယ်။

 
၂။ လုပ်ငန်းရှင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု


လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လုပ်ငန်းရှင်တွေ ပါဝင်ပူးပေါင်းဆောင်ရွက်မှုဟာ ဒုတိယအရေးကြီး ဆုံး အချက်ဖြစ်ပါတယ်။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လုပ်ငန်းရှင်တွေရဲ့စိတ်ပါဝင်စားမှု၊ ခံယူချက်အပြည့်နဲ့ စီမံခန့်ခွဲမှု၊ လိုအပ်တဲ့ လုပ်ငန်းခွင်ဘေးကင်းမှုပစ္စည်းတွေ ထောက်ပံ့ပေးမှုဟာ အလွန်အရေးကြီးပါတယ်။ ဥပဒေရှိနေပေမဲ့ အလုပ်ရှင်တွေရဲ့ ပူးပေါင်းပါဝင်မှုမပါရင် အောင်မြင်ဘို့အင်မတန် ခက်ပါလိမ့်မယ်။

အဲဒီအတွက် အလုပ်ရှင်တွေစိတ်ပါဝင်စားလာအောင်။ ဘေးအန္တရာယ်ကင်းရှင်းရေးဟာ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပြီး လုပ်ငန်းအတွက် အကျိုးကျေးဇူးအများကြီး ပြုနိုင်တယ်ဆိုတာကို နားလည်လာအောင် ဟောပြောပွဲတွေ၊ သင်တန်းတွေ ပေးဘို့။ နောက်ပြီး သူတို့ရဲ့တာဝန်ဝတ္တရားတွေကိုလည်း သဘောပေါက်အောင် ရှင်းပြဘို့ အစိုးရပိုင်းက စီစဉ်ပေးဘို့ လိုပါတယ်။ ဟောပြောပွဲတွေ၊ သင်တန်းတွေကို အလုပ်ရှင်တွေ တက်ချင်လာအောင်၊ တက်လာအောင် လုပ်ပေးဘို့က အစိုးရ မှတတ်နိုင်မှာ ဖြစ်ပါတယ်။ သာမန်စည်းရုံးရေးလောက်နဲ့၊ ပြင်ပအဖွဲ့အစည်းတွေလုပ်ရုံနဲ့ ဒါလောက် ထိရောက်မှာမဟုတ်ပါဘူး။ အောင်မြင်ဘို့ အလွန်ခက်ပါလိမ့်မယ်။

တကယ်လက်တွေ့လုပ်ငန်းထဲမှာ လုပ်ရင်းနဲ့မှ ဘေးအန္တရာယ်ကင်းရေးဆိုတာ လုပ်ငန်းတွေအချိန်မီ ချောချောမွေ့မွေ့ ပြီးစေဘို့၊ အဆုံးရှုံး အလေလွင့်တွေနည်းစေဘို့။ မလိုလားအပ်တဲ့ နှောင့်နှေးကြန့်ကြာမှုတွေနဲ့ ရင်မဆိုင်ရဘို့၊ သူ့လုပ်ငန်း နာမည်တက်စေဘို့ အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ သေသေချာချာနားလည်သွားမှာ ဖြစ်ပါတယ်။ အဲဒီအခြေအနေထိ ရောက်လာအောင် အချိန်ကာလ အတိုင်းအတာတစ်ခုအထိ နိုင်ငံတော်ပိုင်းက လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။  

           
၃။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးစီမံချက်


            ဥပဒေ၊ နည်းဥပဒေတွေလဲပြဌာန်းပြီးပြီ။ လုပ်ငန်းရှင်တွေကိုလည်း ဒီဥပဒေပါ လုပ်ငန်းတာဝန်တွေကို ချပြပြီးပြီဆိုရင် တတိယအရေးကြီးဆုံးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးစီမံချက်၊ စနစ်တစ်ခု ရေးဆွဲဘို့ဖြစ်ပါတယ်။ အဲဒီစီမံချက်မှာ သက်ဆိုင်ရာ လုပ်ငန်းရဲ့မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို ဘယ်လိုအကောင်အထည်ဖော်မလဲ စတဲ့အစီအမံတွေ ပြည့်ပြည့်စုံစုံပါမှာ ဖြစ်ပါတယ်။

            ပြဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ကောင်းမွန်ပြည့်စုံတဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးစီမံချက် ကို ရေးဆွဲနိုင်တဲ့သူဟာ စနစ်တကျလေ့ကျင့်သင်ကြားပေးထားပြီး၊ လုပ်ငန်းအတွေ့အကြုံလည်း ရင့်ကျက်နေပြီဖြစ်တဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ပညာရှင်တွေပဲ ဖြစ်ပါတယ်။  သူတို့ရေးဆွဲလိုက်တဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး အစီအမံတွေဟာ တည်ဆဲဥပဒေတွေနဲ့လည်း ကိုက်ညီ၊ လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်နဲ့လည်း ဆီလျော်ညီညွတ် ရပါတယ်။

            အဲဒီ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး စီမံချက်ဟာ လုပ်ငန်းရဲ့အဓိကရည်မှန်းချက်ဖြစ်တဲ့ အလုပ်ခွင် ထိခိုက်မှုတွေကြောင့် လုပ်ငန်းနာမည်ပျက်၊ အချိန်တွေပိုကြာ၊ ဆုံးရှုံးမှုတွေကို အနည်းဆုံးဖြစ်အောင် အထောက်အကူပြုဘို့၊ စီစဉ်ပေးနိုင်ဘို့ လိုပါတယ်။

 
၎။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အရာရှိများ၊ ပညာရှင်များ နဲ့ သင်တန်းများ


            ဥပဒေ၊ နည်းဥပဒေတွေလဲပြဌာန်းပြီးပြီ။ လုပ်ငန်းရှင်တွေလည်း သူတို့လုပ်ငန်းတာဝန်တွေကို သိသွားပြီ။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးစီမံချက်တွေလည်း ရေးဆွဲပြီးသွားပြီဆိုရင် နောက်တစ်ဆင့်က အဲဒီလုပ်ငန်းစီမံချက်တွေကို ဘယ်သူတွေက အကောင်အထည်ဖော်မလဲ၊ ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ အရေးကြီးပါတယ်။

            ဒါဟာလဲ အတွေ့အကြုံရှိပြီး ဒီလုပ်ငန်းနဲ့ပတ်သက်လို့ လေ့လာသင်ယူထားပြီးသူများသာ လုပ်နိုင်တဲ့ကိစ္စဖြစ်ပါတယ်။ အဲဒီသူတွေဟာ စာတွေ့အားဖြင့်လည်း နားလည်တယ်၊ ကိုယ်လုပ်ရမဲ့အလုပ်ကိုလည်း သေသေချာချာ နားလည်ပြီး တကယ်လဲ လက်တွေ့လုပ်တတ်တဲ့သူတွေ (ASK - Ability, Skill and Knowledge) ဖြစ်ပါတယ်။ ဒါဆိုရင် အဲဒီလို လူမျိုးတွေရအောင် မွေးထုတ်ပေးဘို့လိုပါတယ်။ ဘယ်လိုမွေးထုတ်ပေးရမလဲဆိုရင် အတွေ့အကြုံရင့်ကျက်ပြီးသား၊ ကျွမ်းကျင်ပညာရှင်တွေကို ခေါ်ယူပြီး သင်တန်းတွေပေး၊ လက်တွေ့လည်း လေ့ကျင့်ပေးရပါမယ်။ သင်တန်းကျောင်းတွေဖွင့်ရုံသာမက လုပ်ငန်းခွင်မှာ လည်း လက်တွေ့အတွေ့အကြုံရအောင် On Job Training တွေ ပေးရပါမယ်။ အဲဒီလိုဆိုရင် အချိန်တိုအတွင်းမှာ ကျွမ်းကျင် တတ်မြောက်တဲ့သူတွေ ရလာနိုင်ပါတယ်။ သူတို့ဟာ လုပ်ငန်းခွင်ထဲမှာ တကယ်လုပ်တဲ့အခါ သူတို့တတ်ထားတာတွေကို လက်တွေ့ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

            အတတ်ပညာတွေ၊ နည်းပညာတွေဟာ နေ့စဉ်နဲ့အမျှတိုးတက်နေတာမို့ ဒါတွေနဲ့လည်း မျက်ခြေမပြတ်ဘို့ လိုပါတယ်။ အဲဒါကြောင့် ဥပဒေ၊ နည်းဥပဒေတွေကို အမြဲပြန်လည်သုံးသပ်နေပြီး ခေတ်နဲ့ညီအောင် ပြန်လည်ပြင်ဆင်သင့်ရင် ပြင်ဆင်ရ ပါမယ်။ အဲဒီလို ပြင်ဆင်တဲ့အခါတိုင်းမှာလည်း လုပ်ငန်းရှင်တွေအားလုံးကို ဘာတွေပြင်လိုက်တယ် ဆိုတာ အသိပေးရပါမယ်။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အရာရှိတွေအနေနဲ့လည်း ပြုပြင်ပြောင်းလဲသွားတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို မျက်ခြည်မပြတ်လေ့လာနေဘို့ လိုပါတယ်။

            အဲဒီလို ခေတ်မီနည်းပညာတွေကို အမြဲအမီလိုက်နေနိုင်ဘို့ လိုအပ်တဲ့မွမ်းမံသင်တန်းတွေ၊ အဆင့်မြှင့်သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးဘို့လည်း လိုပါတယ်။

 
၅။ လုပ်ငန်းများအလိုက် သက်ဆိုင်ရာသင်တန်းများပေးခြင်း

 
            လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးမှာ ဦးဆောင်ရမဲ့လူတွေကို လေ့ကျင့်သင်ကြား၊ ပညာပေး၊ ဆွေးနွေးပွဲတွေ လုပ်ပေးနေရုံနဲ့လဲ မလုံလောက်သေးပါဘူး။ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုတာ လုပ်ငန်းခွင်ထဲမှာ ပါဝင်ပတ်သက်နေတဲ့ လူအားလုံးရဲ့ အရေးကိစ္စဖြစ်တဲ့အတွက် အဲဒီလူအားလုံးကို သူတို့နဲ့ပတ်သက်တဲ့ အသိပညာပေးဘို့၊ လေ့ကျင့်သင်ကြားပေးဘို့

လည်းလိုပါသေးတယ်။

            ကြီးကြပ်ရေးမှူးလည်း ကြီးကြပ်ရေးမှူးအလျောက်၊ အလုပ်သမားဆိုလည်း အလုပ်သမားအလျောက် သူလုပ်ရတဲ့ အလုပ်နဲ့ပတ်သက်တဲ့ ဘေးအန္တရာယ်ကင်းရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတတွေရစေဘို့ လိုအပ်တဲ့ သင်တန်းတွေကို စေလွှတ်သင်ကြား၊ လေ့ကျင့်ပေးဘို့ မဖြစ်မနေ လိုပါတယ်။ ဥပမာအားဖြင့် - ငြမ်းဆင်တဲ့လူဟာ အန္တရာယ်ကင်းတဲ့ ငြမ်းစင်တစ်ခုကို စနစ်တကျ ဆင်တတ်အောင်၊ ၀န်ချီလုပ်ငန်းမှာ လုပ်တဲ့သူတွေဟာလည်း အန္တရာယ်ကင်းကင်းနဲ့ ၀န်ချီတတ် အောင်၊ အချက်ပြတဲ့သူကလည်း မှန်မှန်ကန်ကန် စနစ်တကျ အချက်ပြတတ်အောင်၊ ကြိုးချည်တဲ့သူကလည်း သေသေချာချာ ကြိုးချည်တတ်အောင် လေ့ကျင့်သင်ကြားပေးဘို့ လိုပါတယ်။

            ကုန်ထုတ်လုပ်ငန်း၊ ၀န်ဆောင်မှု လုပ်ငန်းတွေ အနေနဲ့ လုပ်ငန်းအမျိုးအစားအများကြီးရှိမှာပါ။ လုပ်ငန်းအမျိုးအစား များသလောက် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးသင်တန်းတွေလည်း များများစားစား လိုပါလိမ့်မယ်။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး စနစ်ကို စတင် ထူထောင်စမှာ သင်တန်းအားလုံး တစ်ချိန်တည်း၊ တပြိုင်နက်ဖွင့်ဘို့ မဖြစ်နိုင်ပါ။ တစ်ခုချင်း ဖြည်းဖြည်းချင်းတက်လှမ်းယူရမှာ ဖြစ်ပါတယ်။

            သင်တန်းဆိုတာ ပညာပေးရေးလုပ်ငန်းဖြစ်လို့ ငွေကုန်ကြေးကျ များသလောက် ငွေကြေးအမြတ်အစွန်း ပြန်မရနိုင်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒါပေမဲ့ ထက်မြက်တဲ့ လူသားအရင်းအမြစ်တစ်ရပ် မွေးထုတ်ဘို့ ပညာရေးရင်းနှီးမြှုပ်နှံမှုဟာ အင်မတန် အရေးကြီးပါတယ်။ သင်တန်းတွေပေးတဲ့နေရာမှာ ကုမ္ပဏီကြီးတွေရဲ့ ပံ့ပိုးမှုနဲ့ အခမဲ့သင်တန်းတွေ ပေးနိုင်သလို၊ အစိုးရက တချို့တ၀က်ကျခံတဲ့သင်တန်းမျိုးတွေလည်း စီစဉ်ပေးနိုင်ပါတယ်။ ဒီနေရာမှာ အစိုးရအနေနဲ့က ဘယ်အလုပ်လုပ်ဖို့ ဘယ်သင်တန်းကို တက်ရမယ်။ သင်တန်းဆင်းလက်မှတ်မရှိရင် အလုပ်လုပ်လို့မရဘူးဆိုပြီး ဥပဒေနဲ့ ပြဌာန်းဆောင်ရွက်ဘို့ လိုပါတယ်။

            စနစ်တစ်ခုရဲ့အစမှာ ဖွံ့ဖြိုးရေးရံပုံငွေတွေနဲ့ မက်လုံးပေးပြီး ပညာပေးတဲ့စနစ်ဟာ ထိရောက်ထက်မြက်နိုင်ပါတယ်။

 
၆။ နိုင်ငံတကာ စံနှုံးများနဲ့ အဲဒီစံနှုံးတွေကို မြန်မာနိုင်ငံနဲ့ သင့်လျော်အောင် ပြုပြင်သုံးစွဲခြင်း


            လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုတာ အင်မတန်ကျယ်ပြန့်ပါတယ်။ ကျွန်တော်တို့နိုင်ငံကို များမကြာမီမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ နိုင်ငံခြားကုမ္ပဏီတွေ ၀င်ရောက်လာတော့မှာ ဖြစ်ပါတယ်။ အဲဒီအခါ သူတို့ကလည်း သူတို့ စနစ်တွေကို တစ်ပါတည်း သယ်လာမှာဖြစ်ပါတယ်။ အဲဒီအခါမှာ ကျွန်တော်တို့ဆီမှာ ချမှတ်ထားတဲ့ စနစ်တွေ၊ လုပ်ထုံး လုပ်နည်းတွေနဲ့ သူတို့ကျင့်သုံးနေတဲ့ စနစ်တွေ အများကြီးကွာဟမနေဘို့ လိုပါတယ်။

            ပြောရရင်တော့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုတာ သိပ်အဆန်းမဟုတ်ပါဘူး။ ဒီအလုပ်လုပ်ရင် တွေ့ရမဲ့ အန္တရာယ်ဟာ ဘယ်နိုင်ငံမဆို အတူတူပဲဖြစ်ပါတယ်။ ဥပမာ - အမြင့်ကိုတက်ရင် ပြုတ်ကျသေတတ်တယ်ဆိုတာ ယေဘူယျ အမှန်တရားပါ။ ဓားနဲ့ခုတ်မိရင် လက်ပြတ်မယ် ဆိုတာ ဘယ်နိုင်ငံမှာမဆို မှန်ပါတယ်။ အဲဒီအတွက် ဟိုနိုင်ငံကဟာမို့လို့ ဒို့ဆီမှာ သုံးလို့မရဘူးဆိုတာ မဟုတ်ပါဘူး။ ကိုယ့်ဆီက အခြေအနေ၊ ဓလေ့ထုံးစံတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နည်းနည်းပါးပါး ပြုပြင်သုံးရင် ရပါတယ်။ အဲဒီလို အပြည်ပြည်ဆိုင်ရာစံနှုန်းတွေကို စံထားပါမှလည်း ခုနကပြောတဲ့ နိုင်ငံခြားကုမ္ပဏီတွေနဲ့အတူ ပါလာတဲ့ သူတို့စံနှုန်းတွေနဲ့ အံဝင်ဂွင်ကျ ဖြစ်နိုင်မှာပါ။

            ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီးတွေက စံနှုန်းတွေဟာ နှစ်ပေါင်းများစွာ သုံးစွဲရင်း လက်တွေ့နဲ့ကိုက်ညီအောင် ပြင်ဆင်ထား တာတွေမို့လို့ အင်မတန် အသုံးတည့်ပြီး လက်တွေ့ကျပါတယ်။ လုပ်ငန်းတစ်ခုချင်းအလိုက် ရေးဆွဲထားတဲ့ စံနှုန်းတွေ ပြည့်ပြည့် စုံစုံရှိပါတယ်။ ကျွန်တော်တို့က အဲဒါတွေကို နားလည်အောင် ကြိုးစားပြီး မိမိရေမြေသဘာဝနဲ့ ကိုက်ညီအောင် လက်ခံကျင့်သုံး ဘို့ပဲလိုပါတယ်။ ဖွံ့ဖြိုးပြီးတဲ့နိုင်ငံတွေမှာသုံးတဲ့ စက်ကိရိယာတွေနဲ့ ကျွန်တော်တို့ဆီက စက်တွေနဲ့တော့ ဘယ်တူနိုင်ပါ့မလဲ။ ဒါကြောင့် ပုံတူကူးချဘို့တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သူတို့ရေးထားတာတွေကို မှီငြမ်းပြီး ကိုယ့်ဒေသနဲ့ ကိုက်ညီမဲ့ စနစ်တွေ ပြုပြင်ရေးဆွဲရပါမယ်။

            ဒီလိုရေးဆွဲတဲ့နေရာမှာ နိုင်ငံတကာအတွေ့အကြုံရှိတဲ့၊ နိုင်ငံတကာစံနှုန်းတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်တဲ့ ပညာရှင်တွေ ရဲ့ အား။ အများကြီးလိုပါတယ်။ မြန်မာနိုင်ငံပြင်ပမှာရောက်ရှိနေထိုင် လုပ်ကိုင်နေကြတဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး အရာရှိတွေ အများကြီးရှိပါတယ်။ သူတို့အားကိုယူပြီး မြန်မာနိုင်ငံအတွက်လိုအပ်တဲ့ စနစ်တွေ၊ စံနှုန်းတွေ ရေးဆွဲ လိုက်ရင် မှန်ကန်၊ ကောင်းမွန်၊ လက်တွေ့နဲ့နီးစပ်တဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လမ်းညွှန်တွေကို နှစ်အနည်းငယ်အတွင်း ရမှာဖြစ်ပါတယ်။

 
၇။ စိုက်ပျိုးရေး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး


            ခုနကပြောခဲ့တာတွေ အားလုံးဟာ ဆောက်လုပ်ရေး၊ စက်ရုံအလုပ်ရုံစတာတွေကို အခြေခံထားတာပါ။ ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့ အလုပ်လုပ်နေတဲ့ စင်ကာပူမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမရှိဘဲ ဆောက်လုပ်ရေး၊ စက်ရုံအလုပ်ရုံ၊

ကုန်ထုတ်လုပ်ငန်း၊ သင်္ဘောကျင်း၊ ရေနံဓာတု စတဲ့လုပ်ငန်းတွေပဲ ရှိတာကြောင့်ဖြစ်ပါတယ်။

            ဒါပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဖြစ်ပါတယ်။ နိုင်ငံလူဦးရေရဲ့ ၇၀% လောက်ဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနဲ့ အသက်မွေးတာပါ။ ကမ္ဘာ့ နိုင်ငံကြီးတွေမှာလည်း organic farming ဆိုပြီး ကျယ်ကျယ်လောင် လောင်ကြားလာရပါပြီ။ လူလုပ်ပိုးသတ်ဆေးတွေနဲ့ မြေသြဇာတွေကနေ တဖြည်းဖြည်း စွန့်ခွာလာနေပါပြီ။

            ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေနဲ့ မှိုသတ်ဆေးတွေ အလွန်အကျွံသုံးမှုက သီးနှံတွေအပေါ်မှာ ဆေးကြွင်းအားနိ သင်တွေကို ရှိသင့်တာထက် ပိုကဲပါဝင်လာစေပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာ ဈေးကွက်ထဲတင်ပို့မဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို စစ်ဆေးတာတွေ လုပ်ပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ အင်မတန်အားနည်းလှပါတယ်။ မရှိသလောက် ပါဘဲ။ အဲဒီတော့ ဈေးမှာရောင်းချနေတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပိုးသတ်ဆေး အကြွင်းအကျန်တွေ ဘယ်လောက်ရှိနေတယ် ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီနေ့ရောင်းမဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို မနေ့ညကမှ ဆေးဖြန်းထားတယ်ဆို ရင် ရလာမဲ့ အန္တရာယ်ဟာ မတွေးဝံ့စရာပါဘဲ။ အဲဒီပိုးသတ်ဆေးကြွင်းကြောင့် ထူးထူးဆန်းဆန်း ရောဂါတွေရပြီး သေရတာဟာ ကံမကောင်းအကြောင်းမလှလို့ မဟုတ်ပါဘူး။ ဒါဟာ လူတွေလုပ်တဲ့ အန္တရာယ်ဖြစ်ပါတယ်။

            ဒါတင်မကသေးပါဘူး။ အဲဒီပိုးသတ်ဆေးကို ကိုင်တွယ်သုံးစွဲနေတဲ့ တောင်သူတွေမှာရော ပိုးသတ်ဆေးနဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတတွေ ဘယ်လောက်ရှိပါသလဲ။ ဒီပိုးသတ်ဆေးကို ဘယ်လိုသိုလှောင်ရမယ်၊ ဘယ်လိုကိုင်တွယ်ရမယ်၊ ဘယ်လိုသုံးစွဲရမယ်။ ဆေးအကြွင်းအကျန်တွေကို ဘယ်လိုစွန့်ပစ်ရမလဲဆိုတာ သေသေချာချာ သိပါသလား။ သူတို့နားမလည် လို့ ပိုးသတ်ဆေးဖြန်းပြီး ပုံးထဲကျန်နေတဲ့ ဆေးတွေကို ချောင်းထဲမှာ ရေဆေးလိုက်တယ်ဆိုရင် အဲဒီချောင်းထဲမှာ ရေချိုးနေတဲ့၊ အဲဒီချောင်းရေကို ခပ်သောက်နေတဲ့၊ အဲဒီချောင်းမြောင်းအင်းအိုင်ထဲက ငါးတွေအတွက် အလွန်အန္တရာယ်မကြီးပါလား။ ဒါဆို အဲဒီလိုမဖြစ်အောင်၊ ဖြစ်ရင်တောင်မှ နည်းနိုင်သမျှနည်းအောင် ဘယ်လိုထိန်းမလဲ။

            အစိုးရအနေနဲ့ မြန်မာနိုင်ငံထဲကို ၀င်လာသမျှ၊ မြန်မာနိုင်ငံထဲမှာ ထုတ်သမျှ၊ မြန်မာနိုင်ငံထဲမှာရှိနေသမျှ ပိုးသတ်ဆေး နဲ့တကွ၊ ဓါတုဗေဒဆေးဝါးတွေကို မှတ်ပုံတင်စေဘို့၊ အဲဒီဆေးတွေကို ဘယ်သူတွေက တင်သွင်းတာလဲ၊ ဘာလုပ်ဖို့လဲ၊ ပမာဏ ဘယ်လောက်တင်သွင်းတာလဲ၊ ဘယ်သူတွေကို ရောင်းသလဲ၊ ဆေးလက်ကျန်ဘယ်လောက် ရှိသေးလဲ၊ အဲဒီဆေးရဲ့ ကောင်း ကျိုးဆိုးပြစ်တွေက ဘာလဲ စတာတွေကို တိတိကျကျစာရင်းဇယားကောက်ယူပြီး ထိန်းဘို့လိုပါတယ်။ စာရင်းဇယား ကောက်တယ်ဆိုတဲ့နေရာမှာလည်း ရိုးသားမှုအရေးကြီးပါတယ်။ သွင်းလာတာက ပုလင်း ၁၀၀၀ ဖြစ်ရင် စာရင်းကိုလည်း ပုလင်း ၁၀၀၀ ပြဘို့လိုပါတယ်။ ဘယ်သူတွေကို ဘယ်လောက်ရောင်းလိုက်တယ်။ ဘယ်လောက်ကျန်သေးတယ်။ ဓါတုဆေး အကြွင်းအကျန်တွေကို ဘယ်လိုစွန့်ပစ်ဘို့ ဘယ်လိုစီမံတယ် စသဖြင့် အားလုံးကို မှန်မှန်ကန်ကန်ဖော်ပြဘို့ လိုပါတယ်။

နောက်တစ်ခုက လယ်ယာသုံးစက်ကိရိယာတွေပါ။ အခု တောင်သူတွေဆီမှာ လယ်ယာသုံးစက်ကိရိယာတွေ အရေအတွက်တော်တော်များများ ရောက်ရှိသုံးစွဲနေပါပြီ။ ဒါဆို အဲဒီတောင်သူတွေဟာ သူတို့ကိုင်နေတဲ့စက်တွေကို သေသေချာချာ မောင်းတတ်ပါသလား။ အဲဒီစက်တွေအကြောင်း ဘယ်လောက်နားလည်ပါသလဲ။ အဲဒီစက်တွေကို ဘယ်လို မောင်းနှင်ရမယ်၊ ဘယ်လိုပြုပြင်ထိန်းသိမ်းရမယ်လို့ သင်တန်းတွေ ပေးတာရှိပါသလား။ စက်ကိရိယာတွေကြောင့် ထိခိုက် ဒဏ်ရာရမှု ဘယ်လောက်ရှိသလဲလို့ မှန်မှန်ကန်ကန် စာရင်းကောက်ထားတာရှိပါသလား။ အများဆုံးထိခိုက်မှုဟာ ဘာတွေ ဖြစ်တယ်။ အဲဒါတွေကို တတ်နိုင်သမျှအနည်းဆုံးထိ လျှော့ချဘို့ရာ အစီအမံတွေ လုပ်သင့်ပါပြီ။

တောင်သူလယ်သမားအများစုဟာ ပညာတတ်သူနည်းမှာပါ။ ကျောင်းတက်လာတဲ့ ဘွဲ့ရပြီးခဲ့တဲ့သူတွေတောင် စနစ် တကျမသင်ပေးရင်၊ ဘွဲ့ရထားပေမဲ့လည်း ဘာမှဆက်မလေ့လာရင် ဘာမှတတ်မှာ မဟုတ်ပါဘူး။ ဒီတော့ ဒီစက်ကိရိယာတွေ နဲ့ပတ်သက်ပြီး ကြားဖူးနားဝ နည်းနည်းရှိချင်ရှိမယ်။ ဒါပေမဲ့ သေသေချာချာတော့ ဘယ်သူမှ မတတ်နိုင်၊ မသိနိုင်ပါဘူး။

            လယ်သမားတွေကို သူတို့သုံးစွဲမဲ့စက်ကိရိယာတွေနဲ့ ပတ်သက်ပြီး အန္တရာယ်ကင်းအောင်မောင်းတာ၊ ပြုပြင် ထိန်းသိမ်းတာစတာတွေကို ပုဂ္ဂလိက စက်အရောင်းဆိုင်များနဲ့ ပူးပေါင်းပြီး လုပ်ဖို့လိုပါတယ်။ နောက်ပြီး အဲဒီစက်နဲ့ ပတ်သက် လို့ ဖြစ်နိုင်မဲ့ အန္တရာယ်တွေ၊ လိုက်နာရမဲ့ စည်းကမ်း၊ နည်းလမ်းတွေကိုပါ တပါတည်း သင်ပေးလိုက်ဘို့လိုပါတယ်။ လယ်သမား ကိုစက်ရောင်းတော့မယ်ဆိုတာနဲ့ သူတို့ကိုခေါ်ပြီး အရင်ဆုံးသင်တန်းပေး၊ အားလုံးနားလည်ပြီဆိုမှ စက်ကို အပ်လိုက်ဘို့ ဖြစ်ပါတယ်။

            စက်မှုလယ်ယာလို့ နာမည်ကောင်းယူချင်တာနဲ့ လယ်သမားတွေကို ပြီးပြီးရော စက်တွေအတင်းထိုးရောင်းလိုက်တာ အင်မတန်မှားတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ သူတို့ဝယ်လာတဲ့စက်တွေကို ကောင်းကောင်းမသုံးတတ်လို့၊ အချိန်မတိုင်ခင် ပျက်သွား လို့ အင်မတန်တန်ဘိုးကြီးလှတဲ့ အဲဒီစက်တွေကို ချောင်ထဲဒီအတိုင်းထိုးထည့်ထားရတဲ့ တောင်သူတွေ မြန်မာနိုင်ငံမှာ ဒုနဲ့ဒေး ပါ။ အဲဒီစက်တွေအတွက် စက်အပိုပစ္စည်းတွေကို အလွယ်တကူ ၀ယ်လို့ရပါသလား။ သူတို့ရောင်းလိုက်တဲ့ပစ္စည်းတွေကို အာမခံပေးထားပါသလား။ ပိုအရေးကြီးတာက ပျက်တဲ့စက်တွေကို ပြင်ဘို့ သေသေချာချာ ပြင်တတ်ဆင်တတ်တဲ့ ၀ပ်ရှော့တွေ လက်လှမ်းတမီမှာ ထားပေးပါသလား။

            ကျွန်တော်ပြောတာ သိပ်ရှည်နေပြီဖြစ်ပေမဲ့ နည်းနည်းလောက် ဆက်ပြောပါရစေ။

နောက်တစ်ခုက မြန်မာနိုင်ငံမှာ နှစ်စဉ်ကြုံတွေ့နေရတဲ့ မြွေအန္တရာယ်ပါ။ မြွေကိုက်လို့ လူပေါင်းများစွာ နှစ်စဉ် သေဆုံး နေရပါတယ်။ မြွေကိုက်တဲ့လူနာတွေကိုကုဘို့ မြန်မာနိုင်ငံမှာ ယခုထိ ဈေးသက်သာပြီး လုံလုံလောက်လောက် ရနိုင်မဲ့ မြွေဆိပ် ဖြေဆေးမရှိသေးပါ။ အမေရိကန်နဲ့ပူးပေါင်းပြီး မြွေဆိပ်ဖြေဆေးထုတ်ဘို့ သတင်းထဲမှာ ဖတ်လိုက်ရပါတယ်။ အမြန်ဆုံး ဖြစ်စေချင်ပါတယ်။

မြွေကိုက်တာကို ကာကွယ်နိုင်တဲ့တစ်နည်းက လက်နှိပ်ဓါတ်မီးနဲ့ ရာဘာဘွတ်ဖိနပ်ရှည်တွေပါ။ မြွေအကိုက်များတဲ့ ဒေသကတောင်သူတွေကို အဲဒီဘွတ်ဖိနပ်တွေ သင့်တင့်လျောက်ပတ်တဲ့ဈေးနဲ့ ရောင်းပေးဘို့။ ဖြစ်နိုင်ရင် မြန်မာနိုင်ငံမှာ အဲဒီဘွတ်ဖိနပ်ထုတ်ဘို့လို့ တင်ပြချင်ပါတယ်။

 
နိဂုံး
 

နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ တကယ်လက်တွေ့ အကောင်အထည်ဖော်ရမဲ့အပိုင်း ဖြစ်ပါတယ်။ 

အစိုးရအနေနဲ့ ဥပဒေ၊ နည်းဥပဒေ နဲ့ လုပ်ထုံးလုပ်နည်းတွေရေးဆွဲတဲ့အခါ ကျွမ်းကျင်ပညာရှင်တွေ မုချလိုမှာ ဖြစ်ပါတယ်။ အဲဒီအပိုင်းမှာ ကျွန်တော်တို့ ကူညီလို့ရပါတယ်။

တပြိုင်နက်ထဲမှာပဲ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးစနစ်တစ်ခု စတင်ထူထောင်ဘို့ရာ လူတွေကို အသိပညာ ပေးဘို့ လိုပါတယ်။ ဟောပြောပွဲတွေ၊ စာအုပ်စာတမ်းထုတ်ဝေတာတွေ၊ သင်တန်းဖွင့်ပေးတာတွေ စသဖြင့် လုပ်လို့ရပါတယ်။ အစိုးရအနေနဲ့ လုပ်ငန်းခွင်ဝင်မဲ့သူအားလုံး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးတက်ဘို့လိုတယ်လို့သာ ပြဌာန်းလိုက်ရင် ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ တကယ့် ပရော်ဖက်ရှင်နယ် သင်တန်းကျောင်းလာဖွင့်လို့ရပါတယ်။ အရေးကြီးတာက သင်တန်းကျောင်း ရှင်သန်လည်ပတ်နေဘို့ ဖြစ်ပါတယ်။

ဒီကိစ္စ အစိုးရအထောက်အကူမပါဘဲ ကျွန်တော်တို့ချည်း လုပ်ဖို့ရာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ မြန်မာပြည် အတွက် ကျရာနေရာကနေလုပ်ပေးဘို့ အမြဲအဆင်သင့်ရှိနေကြောင်း သတင်းစကား ပါးလိုပါတယ်။

 
ကျေးဇူးတင်ပါတယ်။

 
=================++++++++++++++++++++=================

Thursday, December 6, 2012

ခရစ္စတိုဖာပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၂၆)

  (၁၀၁) အီးစီစီမှ အပြန်ခရီး



            ညနေပိုင်း အလုပ်ပြီးသောအခါ ၆ နာရီ သို့မဟုတ် ၆ နာရီခွဲထွက်သော မော်တော်နှင့် ကျွန်တော်ပြန်လိုက်လေ့ရှိ၏။ ညနေ ၆ နာရီ ဆိုလျှင် ဗမာပြည်၌ နေ၀င်ပြီး ဖြစ်သော်လည်း စင်ကာပူတွင်မူ နေမ၀င်သေးပါ။ အနောက်ဖက်ကောင်းကင်တွင် နေမင်းကြီးသည် တိမ်များ နောက်ကွယ်၌ ပုန်းကွယ်နေသဖြင့် တိမ်တိုက်များမှာ ငွေနားကွပ်ထားသကဲ့သို့ အလွန်လှပလျှက် ရှိပါသည်။ လေ အနည်းငယ်ထန်နေသဖြင့် ပင်လယ်ရေမျက်နှာပြင်မှာ လှိုင်းကြက်ခွပ်များဖြင့် ပြည့်လျှက်ရှိသည်။ Auto Batam သင်္ဘောသည် ရေပြင်ကိုခွဲကာ လျှင်မြန်စွာ ခုတ်မောင်း လျှက်ရှိ၏။

အဝေးတွင် ကျောက်ချထားသော သင်္ဘောကြီးများကို ပင်လယ်အတွင်း ဆင်ကြီးများ ရပ်နားနေသကဲ့သို့ လည်းကောင်း။ တောင်ပူစာကြီးများ ပေါ်ထွက်နေသကဲ့သို့လည်းကောင်း မြင်ရပါသည်။ Penguin သင်္ဘောတစ်စီးမှာ ရေမှုန်များကို တဖွားဖွားဖြစ်ပေါ် စေလျှက် စင်ကာပူမှ ပြန်လာသည်ကို တွေ့ရသည်။

အချို့သော (မော်လမြိုင်ဘက်မှ လေသံနှင့်ပြောရလျှင်) ကျွန်းသားကလေးများမှာ ရေပြင်ပေါ်သို့ မ၀ံ့မရဲနှင့် ခေါင်းပြူလျှက် ကြည့်နေကြပါသည်။ သူတို့အပေါ်တွင်မတော့ ရေတိမ်အချက်ပြ မီးတိုင်လေးများကို တွေ့ရပါသည်။ ကျွန်တော်တို့သင်္ဘောမှာ ထို ကျွန်းပေါက် စနကလေးများကို ရှောင်ကွင်းမောင်းနှင်နေရသည်ဖြစ်ရာ သင်္ဘောဦးမှာ အရှေ့ဘက်ကို ဦးတည်လိုက်၊ အနောက်ဖက်ကို ဦးတည်လိုက်၊ တခါတခါ မြောက်ဖက်အရပ်ကို ဦးတည်လိုက်။

စင်ကာပူမှ ပြန်လည်ထွက်ခွာသွားသော ကုန်တင်သင်္ဘောကြီးများကို တွေ့ရသကဲ့သို့ စင်ကာပူ ဆိပ်ကမ်းများဆီသို့ တရွေ့ရွေ့နှင့် ချဉ်းကပ်လာသော သင်္ဘောကြီးများကိုလည်း တွေ့ရပါသည်။ ထို သင်္ဘောကြီးများ၏ နံဘေးတွင်မူ သင်္ဘောကြီးများကို တွန်းလာသည့် ဆွဲသင်္ဘောကလေးများကို ဆင်သေကြီးကို ၀ိုင်းတွတ်နေသော ငါးများသဖွယ် တွေ့ရပါသည်။

ပီအက်စ်အေဆိပ်ကမ်းတွင်တော့ အပေါ်ပိုင်းအ၀ါ၊ အောက်ပိုင်းအပြာရောင်သုတ်ထားသည့် မော်တော်ကားတင် ဧရာမ သင်္ဘောကြီးတစ်စီး ဆိုက်ကပ်ထားပြီး ဆိပ်ကမ်းရှိကွက်လပ်ကွင်းပြင်တွင် ယခုမှရောက်လာသော မော်တော်ကားအသစ်ကျပ်ချွတ်များကို ရာပေါင်းများစွာ တန်းစီရပ်ထားသည်ကို တွေ့ရပါသည်။ လည်ပင်းဆန့်တန်းထားသော ကရိန်းကြီးများမှာ ကွန်တိန်နာကြီးများကို သင်္ဘောပေါ်မှယူလိုက်၊ ဆိပ်ကမ်းတွင်ချလိုက်ဖြင့် အလုပ်ရှုပ်လျှက်ရှိလေသည်။



တခါတလေ အလုပ်များမပြီးပြတ်သေးလျှင်တော့ ည ၇ နာရီခွဲ သို့မဟုတ် ၈ နာရီမှ ကျွန်တော် ပြန်ပါသည်။ ထို အခါများတွင် မီးများထွန်းထားသော Jurong Island ကို အလွန်လှပစွာတွေ့ရပါသည်။ Jurong Island သည်ကား ကျွန်းတစ်ကျွန်းလုံး ဓါတုဗေဒ စက်ရုံများ၊ ရေနံချက်စက်ရုံများဖြင့် ပြည့်နှက်လျှက်ရှိရာ ထို စက်ရုံများတွင် မီးများကိုအလျှံပယ်ထွန်းထားသဖြင့် ညဘက်ကြည့်လိုက်လျှင် သီတင်းကျွတ်လ မီးထွန်းပွဲနှင့်ပင် တူပါသေးတော့သည်။

ငါးဖမ်း မော်တော်ဘုတ်ကလေးများမှာမူ ဟိုမှသည်မှ လူးလာခေါက်တုံ့ သွားလာနေပါ၏။

သင်္ဘောပေါ်လိုက်ပါလာသူများမှာ မနက်ပိုင်း လာစဉ်ကကဲ့သို့မဟုတ်တော့ပဲ စကားပြောသူ၊ သီချင်းနားထောင်သူ စသဖြင့် အတန်ငယ် ဆူညံလျှက်ရှိပါသည်။ သို့နှင့် ဆိပ်ကမ်းသို့သင်္ဘောဆိုက်သောအခါတွင် တစ်ဦးနှင့်တစ်ဦး အတင်းတိုးဝှေ့ကာ အပြေး ဆင်းသွားကြပါသည်။ ကျွန်တော်ကဲ့သို့ လူရှင်းအောင်စောင့်ကာ အေးအေးဆေးဆေးမှ ဆင်းလာကြသူများလည်းရှိပါ၏။

မနက်က လာစဉ်ကကဲ့သို့ပင် မှတ်တိုင်၌ဘတ်စ်ကားစောင့်ရပါသည်။ အဆင်ပြေလျှင် ခဏသာစောင့်ရသော်လည်း များသော အားဖြင့်မူ မိနစ် ၂၀ ခန့် စောင့်ရ၏။ ကျွန်တော်က အလုပ်ရှုပ်မခံတော့ဘဲ ထမင်းကို အပြင်တွင်သာ စားလိုက်ပါသည်။ သည့်အတွက် ထမင်းစားဘို့ အဆင်ပြေမည့်နေရာကို ကြည့်ထားရသည်။ တခါတလေတော့လည်း ကြုံသလိုတည့်သလို စခန်းသွားလိုက်ပါသည်။

၁၇၅ ဘတ်စ်ကားစီးလျှင် Clementi ဘူတာသို့ရောက်၏။ ထို ဘူတာအနီး Hawker Centre မှ Chicken Rice မှာ အခြား နေရာများထက် ပိုကောင်းပါသည်။ ကြက်သားလည်းများသလို ပဲပင်ပေါက်ကလေး၊ သခွားသီးကလေး၊ နံနံပင်ကလေးများနှင့် ဖြစ်ပါ၏။ ထူးခြားသည်မှာ ဟင်းချို ဖြစ်ပါသည်။ အလကားပေးသော သူရို့ဟင်းချိုမှာ အခြားဆိုင်များတွင် သီးသန့်ရောင်းသော ဟင်းချိုကဲ့သို့ သောက်လို့ကောင်းပါ၏။ Chicken Rice တစ်ပွဲကို ၃ ကျပ် ၃၀ ဖြစ်ပါသည်။ စားရတာတန်ပါ၏။ တစ်ရက်ခြားနှစ်ရက်ခြား ကျွန်တော် စားလေ့ ရှိသည်။

သို့သော် တစ်မျိုးတော့ဆန်းသည်။ စင်ကာပူတွင် fruit များကို ဟင်းချက်တာ မိတ်ဆွေတို့ ရိပ်မိပါလိမ့်မည်။ ၀က်သားထဲတွင် နာနတ်သီးထည့်ချက်တာမျိုး ဖြစ်ပါ၏။ သည်ဆိုင်မှဟင်းချိုသည်လည်း တခါတလေ မြေပဲနှင့် ကြက်ခြေထောက်ကို ရောပြုတ်ထားသည်။ တခါတလေတော့ ပြောင်းဖူးနှင့် ကြက်ခြေထောက်ဖြစ်ပြီး အချို့ရက်များတွင် သခွားချိုသီး (old cucumber) နှင့် ကြက်ခြေထောက်ကို ရောပြုတ်ထားတာ တွေ့ရပါသည်။ မည်သို့ပင်ဖြစ်စေ သောက်လို့ကောင်းပါသည်။ မြေပဲဟင်းချိုဆိုလျှင် မြေပဲဆန်အများကြီး ထည့်ပေးပါ၏။ ကျွန်တော်က မြေပဲကြိုက်သူဖြစ်လေရာ ထိုဟင်းချိုကို အလွန်သဘောကျသည်။ သူတို့ဆိုင်တွင်အမြဲစားသဖြင့် သူတို့နှင့်ပင် မိတ်ဆွေ ဖြစ်နေပါပြီ။

ဆိုင်များထဲတွင် ကျွန်တော်ကဲ့သို့ပင် အလုပ်မှအပြန် ထမင်းဝင်စားသူများကို တွေ့ရပါသည်။ အချို့မှာ ဘီယာပုလင်းများ ထောင်လျှက်။ ဆိုင်အပြင်ဘက် စားပွဲဝိုင်းကြီးတစ်ဝိုင်းတွင်မူ တရုတ်အဖိုးကြီးတစ်ဦးသည် အင်တင်နာထောင်ထားသော ရေဒီယိုကို ရှေ့ချကာ ထမင်းစားလျှက်ရှိ၏။ ရေဒီယိုမှ တရုတ်သီချင်းသံများ ကြားနေရသည်။ အဖိုးကြီးဖြစ်နေပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ် သိပ်မထိန်းနိုင်။ ခါးမှာ ကုန်းလျှက် မျက်နှာနှင့် စားပွဲမျက်နှာပြင်မှာ တပြေးထည်း ဖြစ်နေ၏။ ဘေးနားတွင်မတော့ ထမင်း၊ ဟင်းများ ပြန့်ကျဲလျှက်။

၎ ပုလင်းထက် မနည်းသော ဘီယာပုလင်းခွံများကို စားပွဲပေါ်ထောင်လျှက် တရုတ်အဖိုးကြီးတစ်ဦးနှင့် မလေးအဖိုးကြီးနှစ်ဦးတို့မှာ ဟောင်ဖွာ ဟောင်ဖွာနှင့် စကားပြောလျှက်ရှိပါ၏။ မလေးလို ပြောနေကြခြင်းဖြစ်ပါသည်။ တရုတ်လို ကာနီနာဟုဆဲသံလည်း တခါတရံ ကြားရတတ်သေးသည်။ ကျွန်တော့်ဘေးစားပွဲတွင်တော့ တရုတ်စုံတွဲမှာ ချစ်နလံထရင်း တွတ်ထိုးနေပါ၏။ ငါးကင်တစ်ပွဲမှာကာ ထမင်းတစ်ယောက် တစ်လုံးစီနှင့် ထမင်းကို တူနှင့်ပက်ကာပက်ကာစားရင်း ရှေ့ရေးကို ဆွေးနွေးနေသည်ထင်ပါ၏။

အချို့ရက်များတွင် ကျွန်တော် Shimizu ဘတ်စ်ကားကြုံနှင့် လိုက်တတ်ပါသည်။ တစ်ခုကောင်းသည်မှာ သူက ဘယ်မှမရပ်ပဲ Jurong East MRT ထိ တောက်လျှောက်မောင်းသဖြင့် အချိန်ကုန်သက်သာပါသည်။ သို့သော် Jurong East MRT မှ Chicken Rice ကမူ မစွံပါ။ ဟင်းချိုလည်းမပါ။ ကြက်သားကလည်း Clementi မှ ဆိုင်နှင့်စာလျှင် တစ်ဝက်ခန့်သာ ရှိပါ၏။ သို့သော် ဈေးကမူ သုံးကျပ်ဖြစ်၏။ Clementi မှဆိုင်နှင့် ယှဉ်လိုက်မည်ဆိုပါက နှစ်ကျပ်လောက်သာ တန်ပါသည်။

တခါတရံ နစီလာမား ( အုန်းထမင်းနှင့် ကြက်ကြော်) စား၊ တခါတလေတော့ Laksa (ဗမာပြည်မှ အုန်းနို့ခေါက်ဆွဲကဲ့သို့) စားပါသည်။ နေ့တိုင်းစားနေရတော့ တခါတလေ ဘာစားရမှန်းတောင် မသိပါ။ ဆိုင်များအား လျှောက်ကြည့်ပြီး မရွေးတတ်တော့သည့်အဆုံး နီးရာဆိုင်ဝင်၊ တည့်ရာ ကောက်ကက်မှာစားလိုက်ပါတော့၏။

စားသောက်ပြီးနောက် MRT နှင့် ပြန်ခဲ့ပါသည်။ ရထားပေါ်မှ ခရီးသည်များမှာ နံနက်ကကဲ့သို့ ရွှင်ရွှင်ပြပြ မရှိတော့။ ပင်ပန်း နွမ်းနယ်သည့်သဏ္ဍာန် ပေါက်နေပါသည်။ အားလုံးမှာ မနက်က အလုပ်သွားစဉ်ကကဲ့သို့ သုတ်သီးသုတ်ပြာ မဟုတ်တော့ဘဲ အေးအေး ဆေးဆေး ဖြစ်သွားပါပြီ။ အနို့ သည်အိမ် ဘယ်ထွက်ပြေးမှာမှမဟုတ်တာ။ အချို့လက်များတွင် ကြွပ်ကြွပ်အိတ်အနီများဖြင့် ညစာကို ဆွဲလာတာ တွေ့ရတတ်ပါသည်။ တစ်နေ့လုံး အလုပ်လုပ်နေရတာဗျာ။ ပင်ပန်းတာပေါ့။ ဘယ် ချက်စားနေတော့မလဲ။ အိမ်ပြန်ရောက်တော့ ၈ နာရီခွဲ။ ရေမိုးချိုး၊ ဘာညာသာရကာ ဟိုလုပ်၊ သည်လုပ်နှင့် ၉ နာရီ ခွဲပါသည်။ အင်တာနက်ဖွင့်။ အီးမေးစစ်။ မြန်မာပြည်သတင်းများဖတ်။ မဟုတ်ကမဟတ်ကများပါလာလျှင် တစ်ယောက်တည်းကြိတ် ဒေါသထွက်။ ပေါက်တတ်ကရများပြောတာတွေ့ရလျှင် တစ်ယောက်ထဲ ကြိတ်ပြုံး။ စာရေးစရာရှိလျှင် ရေး။ သည်လိုနှင့် ၁၁ နာရီကျော်တော့ အိပ်။ တစ်နေကုန်။ နောက်နေ့ကျတော့လည်း သည်အချိန်ထ။ သည် အလုပ်ကိုသွား။ သည်လူများနှင့်ဆက်ဆံ။ သည်ပြဿနာများတွေ့။ အချိန်တန်တော့ အိမ်ပြန်။

ဤသည်မှာပင် ကျွန်ုပ်တို့ စင်ကာပူရောက် မြန်မာများ၏ တစ်နေ့တာ ဘ၀သံသရာ ဖြစ်ပါတော့သတည်း။ 

 
(၁၀၂) အီးစီစီ မြန်မာမိသားစု


            ကျွန်တော်တို့ရောက်စက သည်ကျွန်းပေါ်မှာ ဘာမှမရှိသေး။ သဲသောင်ပြင်ကြီးမျှသာ ရှိသေးသည်။ ထို့အတူ အလုပ်လုပ်သူ ဦးရေမှာလည်း သိပ်မများလှသေး။ သည်ပရောဂျက်၌ လာရောက်လုပ်ကိုင်နေသည့် ကုမ္ပဏီများတွင် မြန်မာများလည်း အများအပြား ရှိလေသည်။ ဂျေဗီတွင် မြန်မာအရာရှိသုံးဦးရှိ၏။ တစ်ဦးမှာ ဦးမြင့်လွင် ဖြစ်ပြီး နောက်တစ်ဦးကတော့ ဦးနေမင်းဟိန်း ဖြစ်သည်။ ကိုနွယ်ဝင်းမှာမူ Safety ဌာနတွင် သင်တန်းပြသည်။ အီးစီစီရောက်သူမှန်သမျှ သူနှင့်လွတ်ကင်းရသူမရှိ။ သူ့ကိုဖြတ်ပြီးမှ အလုပ်လုပ်ခွင့် ရသည်။

သည်တွင်စကားစပ်၍ပြောရလျှင် ဦးနေမင်းဟိန်း ဆိုသည်မှာ သူ့နာမည်အစစ်မဟုတ်။ သူ့နာမည်အရင်းက ကိုနေ၀င်း ဖြစ်၏။ သို့သော် သိတော်မူကြသည့်အတိုင်း နေ၀င်း ဟူသော အမည်မှာ မြန်မာလူမျိုးတိုင်း အော့နှလုံးနာလျှက်၊ ကြားရသည့်နေရာတွင် ဖနောင့်နှင့်ပေါက်ချင်စရာ အမည်နာမဖြစ်လေရကား ကိုနေ၀င်းမှာလည်း သူ့နာမည်ကို အမုန်းကြီးမုန်းသည့် သကာလ စင်ကာပူရောက်သည့် အခါ နေ၀င်းကို ဖျောက်လျှက် နေမင်းဟိန်းဟု လုပ်လိုက်လေတော့သည်။

            ဦးမြင့်လွင်မှာ ခပ်ပျော်ပျော်သမားဖြစ်သည်။ သူက ကိုအော်ဒီနေတာ ဆိုတော့ သည်ပရောဂျက်တွင်လုပ်သမျှလူအားလုံး သူနှင့် လွတ်ကင်း၍မရနိုင်။ သူ့ဆီသို့သာ ဦးတိုက်ကြရလေ၏။ ထိုအခါ သူက သူ့ဆီရောက်လာသမျှလူအားလုံးကို ခင်ဗျားက ဘယ်သူတုံး၊ ဘာတွေလုပ်သတုံး၊ ဘာလူမျိုးလဲ၊ ဘယ်မှာနေသလဲ ဟု မေးမြန်းစပ်စုသည်။ မြန်မာဆိုလျှင် ဆွဲစိတော့၏။ ကျွန်တော်က မြန်မာပါဟု ဆိုလိုက်လျှင် ဟာဟုတ်လား၊ နာမည်ဘယ်လိုခေါ်လဲ။ ဟဲ့၊ ဘယ်သူရေ ဟောဒီမှာ သူကတော့ ဘယ်ကုမ္ပဏီက ကိုဘယ်သူတဲ့။ ဘာတွေလုပ်တာ စသဖြင့် မိတ်ဆက်ပေးကာ မြန်မာအသိုင်းအ၀ိုင်း ချဲ့ထွင်ရေးလုပ်ငန်းကို တစိုက်မတ်မတ်လုပ်သတည်း။ ဦးမြင့်လွင် ကောင်းမှုကြောင့် အီးစီစီပရောဂျက်ရှိ မြန်မာများမှာ သူ့ငါသိ၊ ငါ့သူသိနှင့် အချိန်တိုအတွင်းမှာပင် အားလုံးမိတ်ဆွေအပေါင်းအသင်းများ ဖြစ်ကုန်ကြလေသည်။  

            ထိုမျှသာမကသေး။ သူက ဒီမယ်ကိုအေးငြိမ်း၊ ဒီမှာလုပ်နေတဲ့ မြန်မာအလုပ်သမားလေးတွေ အများကြီးရှိတယ်။  ကျွန်တော်တို့ လူကြီးတွေစုပြီး တစ်ခုခုလဲကျွေးရင်း၊ သူတို့နဲ့ဆုံရအောင်။ နောက်ပြီး သူတို့လိုအပ်တဲ့ အခက်အခဲတွေလည်း ကူညီလို့ရတာပေါ့ ဟု တိုင်ပင် လေရာ ကျွန်တော်တို့ကလည်း ကောင်းပါလေ့ဟု သဘောတူလျှက် ရက်အချိန်းအချက်လုပ်ကာ ပိုက်ဆံစုကြသည်။ အကျွေးအမွေးကိုတော့ သိပ်ခေါင်းစားစရာမလိုဘဲ ဆိုင်များမှမှာသည်။ ပထမဦးဆုံးပွဲတွင် မြန်မာဆိုင်တစ်ခုမှ (နာမည်တော့မပြောပြစေနှင့်) မုန့်ဖက်ထုပ်နှင့် ဘာလဲ မှာလိုက်သည်။ အာလာမ။ မြန်မာဆိုတော့ မြန်မာကိုမှ မနှိပ်ကွပ်။ ဘယ်သူ့နှိပ်ကွပ်မလဲ ဟု တရားသေယူဆထားသည့် ထုံးစံအတိုင်း အသားလွတ် ဆော်ပလော်တီးထည့်လိုက်၏။ သည်တစ်ပွဲနှင့်ပင် ကျွန်တော်တို့ အတော်လေးအီစလန်ဝေသွားသည်။ တစ်ခါဆက်ဆံ၊ ဆယ်ခါလံ ဟူသောမူကိုလက်ကိုင်ထားသည်ထင့်။ နောက်ပွဲများတွင် မြန်မာဆိုင်မှမှာမည်ဆိုပါက ကျွန်တော်ပိုက်ဆံတစ်ပြားမှ မထည့်နိုင်ပါ ဟု အမုန်းခံကာ ကျွန်တော်ကြေငြာလိုက်သည်။ သည်တော့မှ အခြားသူများကလည်း သူတို့မကျေနပ်ချက်များကို ရင်ဖွင့်လာသည်။ ဤသည်မှအစပြု၍ နောက်ပိုင်းလုပ်သောပွဲများတွင် ကန်တင်းမှ ကုလားဆိုင်တွင်သာ မှာတော့သည်။ ကောင်းလည်းကောင်းသည်။ ဈေးလည်းသက်သာပါ၏။ (မြန်မာဆိုတာနော်၊ ရောက်တဲ့နေရာမှာ မျိုးကိုမစွန့်ဘူး။ ကျွန်တော်လည်း မြန်မာစစ်စစ်ပါဘဲခင်ဗျ။)

            လုပ်သည့်အချိန်မှာ နေ့ခင်း ထမင်းစားချိန်ဖြစ်သည်။ ကျွန်တော်က မရှက်မကြောက် လူများကြားထဲလိုက်လံ ဆော်သြကာ ကောင်လေးများကို တစ်နေရာထဲ စုခိုင်း၊ နောက်မှာထားသော အစားအသောက်များ ကျွေးမွေးလျှက် ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ကာ သာရေး၊ နာရေးအပါအ၀င် အခက်အခဲတစုံတရာရှိပါက ကျွန်တော်တို့ဆီလာခဲ့ပါမည့်အကြောင်း၊ တတ်နိုင်သမျှ နှုတ်၏စောင်မခြင်း၊ လက်၏ စောင်မခြင်းများ ပြုလုပ်ပေးပါမည့်အကြောင်းများပြော၏။

            နောက်တော့ သည်လိုပွဲများလုပ်လျှင် လူစုရလွယ်စေရန် ဦးမြင့်လွင်ကပင် ကမကထလုပ်ပြီး ကုမ္ပဏီများမှ ကြီးကြီးမာစတာများ စာရင်းပြုစုကာ ကော်မတီလေးတစ်ခု ဖွဲ့လိုက်သည်။ သည်တော့ လူစုလိုလျှင်၊ အကြောင်းကိစ္စတစ်ခုခု အကြောင်းကြားလိုလျှင် သည်လူကြီး များကို ပြောလိုက်လျှင် ပြီးတော့၏။ ထိုစဉ်က ဖွဲ့ထားသောအဖွဲ့၌ JV မှ ဦးမြင့်လွင်၊ ကိုနေမင်းဟိန်း၊ ကိုနွယ်ဝင်း။ Rotary Engineering မှ ဦးသန်းထွန်းမြင့်၊ ဦးဝင်းမြင့်။ Jireh မှ ဦးဝင်းတင်။ Shimizu မှ ဦးသန်းမြင့်ဦး၊ ဦးသန်းဝင်း။ Sankyu မှ ကိုဇော်ဝင်းနိုင်။ Leads Engineering မှ ကိုသိန်းလှိုင်။ UTOC မှ ဦးစောဝေ။ HSL Construction မှ ဦးလှလွင်။ PEC မှ ကိုလှိုင်သူထွန်း။ Meisei မှ ကိုတင့်လွင်။ Mun Song မှ ကိုအောင်ကျော်ခိုင်။ Well Transport မှ ကိုမြတ်မင်းဦး။ Hai Leck မှ ကိုစိုးရဲ။ JEL မှ ဦးဝင်းလွင် နှင့် Union Alloy မှ ကျွန်တော်တို့ ဖြစ်လေသည်။ သို့သော်လည်း ကျွန်တော်တို့ ကုမ္ပဏီတွင် မြန်မာဟူ၍ များများစားစားမရှိ။ ကျွန်တော်တို့ subcon ဖြစ်သည့် Wecom မှ ကိုဇေယျာထွန်း တစ်ယောက်သာရှိသည်။ ကိုဇေယျာထွန်းမှာ ရွှတ်နောက်နောက်နှင့် အလွန်ဖင်ပေါ့သူ ဖြစ်လေသည်။
 

၂၀၀၇ ခုနှစ်လောက်ကတော့ ပရောဂျက်တစ်ခုလုံးမှ လူ ၃၀၀၀ လောက်သာရှိသည်။ မြန်မာအရေအတွက်မှာလည်း ၁၀၀ ခန့်သာ ဖြစ်၏။ သို့သော် ၂၀၀၉ ခုနှစ်ရောက်သော် ပရောဂျက်မှလူအင်အားမှာ စုစုပေါင်း တစ်သောင်းကျော်ဖြစ်ပြီး မြန်မာဦးရေမှာလည်း ၈၀၀ ခန့် ဖြစ်လာသည်။

            ဦးမြင့်လွင်၏ အကြံပေးမှုဖြင့် ကျွန်တော်တို့လည်း ကထိန်ပွဲကလေး၊ ၀ါဆိုပွဲကလေး၊ စားပွဲသောက်ပွဲကလေးများ ကျင်းပကြသည်။ ဦးမြင့်လွင်မှာ အစ္စလာမ်ဘာသာဝင်ပင်ဖြစ်သော်လည်း ကျွန်တော်တို့ကို ကထိန်ပွဲလုပ်ဘို့၊ ၀ါဆိုပွဲလုပ်ဘို့ အမြဲသတိပေးသည်။ နောက်ပြီး ပရောဂျက်ထဲမှ မြန်မာတစ်ယောက်ယောက် နေမကောင်းထိုင်မသာ ဖြစ်လျှင်သော်လည်းကောင်း၊ သူတို့မိသားစုဝင်တစ်ဦးဦးဆုံးပါးလျှင် သော်လည်းကောင်း အလှူငွေများကောက်ခံကာ ၀ိုင်းဝန်းပံ့ပိုးကြသည်။

အီးစီစီကောင်းမှုကြောင့်၊ တစ်နည်းအားဖြင့်လည်း ဦးမြင့်လွင်၏လှုံ့ဆော်မှုကြောင့် ကျွန်တော့်မှာ မိတ်ဆွေသစ်အများကြီး တိုးရ သည်။ မြန်မာအဖွဲ့အစည်းလေး သိုက်သိုက်ဝန်းဝန်းနှင့်ဆိုတော့ ပျော်စရာလည်းကောင်းပါ၏။ သည်တော့ ကန်တင်းတွင်ထမင်းစားရင်း မြန်မာအလုပ်သမားကလေးများနှင့် တွေ့ဆုံကာ သူတို့အကြောင်း တစေ့တစောင်းမေးမြန်းဖြစ်ပါသည်။ သည်တော့ သူတို့အကြောင်း အနည်းငယ်သိလာရ၏။

            စင်ကာပူသို့လာ အလုပ်လုပ်သည်ဆိုသော်လည်း လာသည့်သူတိုင်းအဆင်ပြေသည်ဟု မထင်မှတ်ကြပါလင့်။ အဆင်ပြေသူများ ရှိသလို အဆင်မပြေသူများလည်း အများကြီးရှိပါသည်။ မသိနားမလည်မှုကို အခွင့်ကောင်းယူကာ သူတစ်ပါးမျက်ရည်များနှင့် ပိုက်ဆံရှာသူ များအကြောင်းကိုလည်း ပိုပြီးသိလာရသည်။ လောကတွင်မတရားမှုများကို မြင်တွေ့လာရသည့်အခါတိုင်း မည်သူ့ကို အပြစ်တင်ရမှန်းမသိ။ ကိုယ်ကြီးပွားချမ်းသာရေးအတွက် သူတစ်ပါးကိုဒုက္ခရောက်စေသူ အနှီယမမင်း၏ သားသမီးမြေးမြစ်များကို ကျွန်တော် တတောင်နှင့် ထောင်းလိုလှပါသည်။ ထိုသူများကို အလွန်လည်းစက်ဆုပ်ရွံရှာမိပါ၏။ သည်ကိစ္စများအတွက် မည်သူ့မှာတာဝန်ရှိပါသနည်း။ ဘုရားသခင်ကိုပဲ အပြစ်တင်ရမည်လော။ 

            ထိုအခါ မျက်လုံးအပြူးသားနှင့် ထိုသကောင့်သားကလေးများအတွက် ငါတတ်နိုင်တာ တစ်ခုခုလုပ်ပေးရလျှင် ကောင်းမည်ဟု     စိတ်ကူးရလေ၏။ ဘာလုပ်ရကောင်းမလဲ စဉ်းစားတော့ သူတို့ကို စင်ကာပူတွင် ဆက်အလုပ်လုပ်မည်ဆိုပါက သည့်ထက်ပိုကောင်းမည့် လခလည်းပိုရနိုင်စေမည့် အလုပ်များအတွက် နတ်လမ်းညွှန်ပေးရလျှင် ကောင်းလေစွဟု တွေးမိလေ၏။ ထို့ပြင်တ၀ ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် မိတ်ဆွေများ၏ ကောင်းမှုဖြင့် ခေတ်ပြိုင်နှင့်လျှပ်တပြက်ဂျာနယ်များတွင်ပါသည့် ဆရာဦးအောင်သင်းနှင့် အင်တာဗျူး ဆောင်းပါးကိုဖတ်မိပြီး စင်ကာပူတွင်အလုပ်လုပ်နေသူများအတွက် သူတို့ဘ၀တိုးတက်ရာတိုးတက်ကြောင်း စာတစ်ပုဒ်ရေးထုတ်ရန် ကြိုးစားပါလေတော့သည်။ ဤသည်ပင်လျှင် “အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း” စာအုပ်၏ အစဖြစ်ပါတော့သည်။

 
(၁၀၃) အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း စာအုပ်ရေးခြင်း


            သူတို့ကိုပေးရမည့် အဓိကအချက်မှာ စင်ကာပူတွင် မည်ကဲ့သို့သောအလုပ်များရနိုင်သည်။ သည်အလုပ်များလုပ်ရန် မည်သည့် လက်မှတ်များလိုသည်။ မည်သည့်အလုပ်ကတော့ မည်မျှလခရနိုင်သည် စသည်တို့ပင်ဖြစ်၏။ ထို့ကြောင့် ဆောင်းပါးရေးရန်လိုသည့် အချက်အလက်များ စတင်စုဆောင်းပါသည်။ ကျွန်တော် သည်ဆောင်းပါးစတင်ပြုစုတာ ၂၀၀၈ ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်။

            အမှန်ပြောရလျှင် ကျွန်တော်ကိုယ်တိုင်လည်း ယခုသည်ဆောင်းပါးမရေးမီက ထိုအချက်အလက်၊ သတင်းပလင်းများကို ရေရေ ရာရာသိသည်မဟုတ်ပါ။ ဆောင်းပါးရေးရန် လိုက်လံရှာဖွေစုဆောင်းတော့မှ သိလာရတာဖြစ်ပါသည်။ စင်ကာပူမှာကတော့ လွယ်ပါသည်။ မည်သူ့မှ လိုက်မေးနေစရာမလိုပါ။ သက်ဆိုင်ရာ အင်တာနက် website များကို သွားရောက်မွှေနှောက်လိုက်လျှင် လိုချင်တာအကုန်ရပါ သည်။ ကျွန်တော်အဓိကကြည့်ရမည့် website များမှာ MOM, ICA, BCA, NTUC Learning Hub စသည်တို့ ဖြစ်ပါသည်။ လခအကြောင်း ကတော့ သူတို့စာရင်းပြုစုထားတာပင်ရှိသော်လည်း နိုင်ငံခြားသားအလုပ်သမားများနှင့် မနီးစပ်ပါ။ သာမန်အလုပ်သမားအဆင့်ကတော့ တကယ်လက်တွေ့လုပ်နေသူများကို လိုက်လံစုံစမ်း မေးမြန်းရပါသည်။

            ကျွန်တော်စတင်ရေးစဉ်က ၀ပ်ပါမစ်များအတွက် ရည်ရွယ်ရေးခြင်းဖြစ်သဖြင့် စင်ကာပူတွင် ထုတ်ပေးသည့် Workpass အမျိုးအစားများနှင့် ၎င်းတို့အကြောင်းအသေးစိတ်၊ ၀ပ်ပါမစ် ဆိုတာဘာကိုခေါ်သည်။ ဘယ်လိုလူမျိုးတွေကို ၀ပ်ပါမစ် ထုတ်ပေးသည်။ ၀ပ်ပါမစ်သမားတို့၏ ရပိုင်ခွင့်၊ ၀ပ်ပါမစ်အတွက် အလုပ်ရှင်မှတာဝန်ယူရသည့်အပိုင်း၊ အလုပ်ရှင်ဘက်မှ မည်သည့်အရာများကို ထောက်ပံ့ ပေးရမည်။ အချိန်ပိုမည်မျှဆင်းလျှင် မည်မျှရသင့်သည်။ အခွန်ကို မည်သို့ဆောင်ရမည်။ မည်သည့်နေရာများ၌ မည်သည့် သင်တန်းများ တက်နိုင်သည်။ မည်သည့်လက်မှတ်ရှိလျှင် လခမည်မျှရသော အလုပ်များရနိုင်သည် - စသည်တို့ကို အသေးစိတ်ဖော်ပြထားပါသည်။ စုစုပေါင်း A4 size နှင့် စာမျက်နှာ ၄၀ ခန့်ရှိ၏။

၎င်းကိုစာအုပ်ချုပ်ကာ သူတို့ကို ဝေပေးသည်။ ပထမ A4 နှင့်ချုပ်ရာ ဖတ်ဖို့ရာ သိပ်အဆင်မပြေ။ ကိုင်လို့တွယ်လို့မကောင်း။ ထို့ကြောင့် A5 အရွယ်ပြန်ပြင်ကာ စောင်ရေတော်တော်များများ ကော်ပီကူးပေးလိုက်သည်။ မိမိနှင့်နီးစပ်ရာ မိတ်ဆွေသူငယ်ချင်းများ အားလည်း ဝေမျှဖတ်ရှုရန် မှာလိုက်ပါသည်။

            ထိုစာအုပ်ကလေးကို ကိုဌေးဝင်းနိုင်သို့ပြသောအခါ သူက ဒီလိုဖြင့်ကိုအေးငြိမ်းရယ်။ စင်ကာပူမှာ နေတဲ့ထိုင်တဲ့အကြောင်းတွေ ကိုပါ ကုန်ကျစရိတ်တွေနဲ့တကွရေးလိုက်ရင် ပိုပြည့်စုံသွားတာပေါ့ဗျာ ဟု အကြံပြု၏။ ကျွန်တော်လည်း သဘောတူပါသည်။ သို့သော် ပြဿနာက အချိန်အခက်အခဲဖြစ်၏။
 


 ပြင်တာဆင်တာ၊ စားတာသောက်တာ၊ သွားတာလာတာအားလုံး အပါအ၀င် အလုပ်ချိန်အတွက် မနက် ၅ နာရီခွဲကနေ ည ၉ နာရီ ခန့်ထိ ပေးထားရရာ အချိန်ပိုဟူ၍ လုံးဝနီးပါးလောက်မရှိ။ ညဘက် ၂ နာရီခွဲ ၃ နာရီမျှသာ အချိန်ရရာ စာရေးချိန်အလွန်နည်းပါသည်။

            သို့သော်လည်းပေါ့လေ။ တစ်ခုကောင်းသည်မှာ ကျွန်တော်က နှစ်နာရီမှတစ်ခါ ဂက်စ်သွားတိုင်းရတာဆိုတော့ သွားချိန်လာချိန် နှုတ်လိုက်လျှင်ပင် အနည်းဆုံး တစ်နာရီကျော်ကျော် အနားရသည်။ ထိုတစ်နာရီကျော်အတွင်း၌ ကျွန်တော်စာရေးသည်။ ဤသည်မှာ အလုပ်ချိန်အတွင်းစာရေးသည်ဖြစ်၍ အလီဘာဘာလုပ်သည်ဟု စွပ်စွဲနိုင်ပါသည်။ သို့သော် ကျွန်တော် လုပ်စရာရှိတာအားလုံးလုပ်ပြီး အားနေသည်ဆိုမှ ရေးခြင်းဖြစ်ပါသည်။ နောက်ပြီး ခိုးကြောင်ခိုးဝှက်ရေးခြင်းမဟုတ်ပါ။ ရုံးခန်းထဲထိုင်ရေးခြင်းဖြစ်သည့်အတွက် ကျွန်တော် စာရေးတာ အားလုံးသိပါသည်။ သူတို့လာမေးလျှင်လည်း ကျွန်တော်ဘာတွေကို ဘာ့ကြောင့်ရေးနေသည်ဆိုသည်ကို သူတို့အား ရှင်းပြပါသည်။ သူတို့ကလည်း ဘာမှမပြောပါ။ ထို့ကြောင့် ဤကဲ့သို့အလုပ်ချိန်အတွင်းစာရေးတာ ကျွန်တော်ကိုယ့်လိပ်ပြာကိုယ် သန့်ပါ သည်။ ထို့ပြင်တ၀ ကျွန်တော့်အကျိုးစီးပွားအတွက်၊ ပိုက်ဆံရလိုမှုအတွက် ရေးခြင်းမဟုတ်ဘဲ မြန်မာလူငယ်လူရွယ်တို့အကျိုးရှေးရှူရေးခြင်း ဖြစ်သဖြင့်လည်း စိတ်လုံပါသည်။

            ဒါပေသိ၊ အလုပ်ထဲမှာရေးရတာဆိုတော့ အဘယ်မှာလျှင် စိတ်ဖြောင့်ဖြောင့် ရေးနိုင်ပါမည်နည်း။ ဟိုလူက လာမေးလိုက်။ ဟိုဟာ လာပြောလိုက်။ ဟိုလူဝင်၊ ဒီလူထွက်။ ဆိုတော့ အလုပ်ထဲ၌ စာရေးသည်ဆိုခြင်းထက် အချက်အလက်များစုသည်ဆိုခြင်းက ပိုမှန်ပါလိမ့် မည်။

            သည်တော့ သည်စာအုပ်ရေးတာ ၂၀၀၈ ခုနှစ်နိုဝင်ဘာမှ ၂၀၀၉ ခု ဇူလိုင်လထိ ၉ လတာမျှကြာပါသည်။ စာအုပ်ရေးပြီးတော့ ထုတ်ဝေရေးအတွက် စုံစမ်းပါသည်။ ကိုဌေးဝင်းနိုင်က သူ့မိတ်ဆွေ ကိုမိုးမင်းသိန်းနှင့် ချိတ်ပေးသည်။ သူတို့က ရိုက်ရုံသာရိုက်ပေးပြီး ကုန်ကျ စရိတ်နှင့် ဖြန့်ချီရေးကို ကိုယ့်ဘာသာကိုယ်တာဝန်ယူလုပ်မှာ ဖြစ်ပါသည်။ 

            သို့သော်ထုတ်ဝေရေး၌ ကိစ္စအတော်များပါသည်။ ၂၀၀၉၊ သြဂုတ်လမှစလုပ်တာ ၂၀၁၀ ဇန္န၀ါရီမှ စာအုပ်ထွက်လာသည်။ ဆိုတော့ စုစုပေါင်း ၆ လကြာသည်။ ကျွန်တော့်မှာ စိတ်လည်းမော၊ လူလည်းမောပါ၏။ ကိုမိုးမင်းသိန်းကို စာအုပ်ကိစ္စဖုံးဆက်တိုင်း ဖုံးကအမြဲလိုလို (လူကြီးမင်းခေါ်ဆိုသော ဖုံးမှာ ဆက်သွယ်မှုပြင်ပ ဧရိယာကိုရောက်နေပါတယ်ရှင်) ဟုနှင့်သာ အမြဲတိုးသည်။ ဖုံးခေါ်နေသည့်တိုင် ပြန်မထူးပါ။ ဆက်သွယ်လို့ ရပြန်တော့လည်း အသံက ၀ူးဝါးဝူးဝါးနှင့် ပြတ်ပြတ်သားသား မကြားရ။ အိမ်လိုက်သွားတော့လည်း ပြန်မအိပ်တာ ကြာပြီဗျ။ ဘယ်သွားတယ် မသိဘူးဗျ စသည်ဖြင့်သာ ဖြစ်ပါ၏။

သည်စာအုပ်ကို ထွက်ချင်လို့သာအတင်းတွန်းလုပ်နေရသည်။ စိတ်ကျေနပ်မှု နည်းနည်းမှမရှိပါ။ ပိုက်ဆံဆိုတာကတော့ လျှောကနဲ၊ လျှောကနဲထွက်သွားတာ။ စာအုပ် ၁၅၀၀ ရိုက်တာ စင်ကာပူဒေါ်လာ ၇၀၀၀ (ကျပ် သိန်း ၅၀ ကျော်) ကုန်ပါသည်။ ထွက်တော့သာ အလုံးလိုက်အခဲလိုက် ထင်သာမြင်သာထွက်သွားသည်။ ပြန်ဝင်လာတော့ ငါးသောင်းဝင်၊ တစ်သိန်းဝင်။ ဆိုင်များက အများဆုံးရှင်းပေးပါမှ ၃ သိန်း ဖြစ်၏။ သည်တော့ ထိုပြန်ဝင်လာသောပိုက်ဆံများမှာ ဈေးသုံးထဲသို့ရောက်သွားသဖြင့် ပြန်မမြင်ရတော့ပါ။ ညီမဖြစ်သူကတော့ စုပေးထားပါသေး၏။ သို့သော် တစ်နှစ်ကျော်မှအရင်းကျေသဖြင့် အဘယ်မှာလျှင် တစ်နှစ်ပြည့်အောင် စောင့်နေနိုင်ပါ မည်နည်း။

စာအုပ်ဈေးအနည်းငယ်ကြီးသွားသည်မှာ ကျွန်တော်က ပုံအားလုံးကို ရောင်စုံနှင့်ရိုက်သောကြောင့် ဖြစ်ပါသည်။ အဖြူအမဲပုံ များကိုတော့ အာရုံမလာပါ။ နဂိုကတည်းက အမြတ်မကျန်ချင်နေပေ့စေ။ ရောင်စုံရိုက်မည်ဟု စိတ်ကူးထားတာ ဖြစ်ပါသည်။ တကယ်ရိုက် တော့လည်း အဖြူအမဲစာအုပ်ဈေးနှင့် အရမ်းမကွာလှပါ။ သို့သော် ဆွဲဆောင်မှုခြင်း အများကြီးကွာပါသည်။

ထို့ပြင် စာပေစိစစ်ရေးမှ ပြန်ကျလာသည့် စာမူကို ကျွန်တော့်ကိုမပေးပါ။ ကျွန်တော်က မေးသောအခါ ဗမာပြည် ကို မြန်မာနိုင်ငံလို့ ပြောင်းပေးပါ။ ထိုင်ဝမ်ကို တရုတ်ပြည် (တိုင်ပေ) လို့ပြောင်းပါ။ ကျန်တာ ဘာမှမပြင်ရပါဟု ဆိုပါသည်။ ကျွန်တော်လည်း အဟုတ်မှတ်လို့ သူပြောတာလောက်တင် ပြင်ပေးလိုက်၏။ သို့သော် စာအုပ်ထွက်ပြီးနောက်ပိုင်း သူ့ဆီမှ ဖလင်များ၊ စာမူအကြမ်းများ၊ ထို စာပေစိစစ်ရေး မှပြန်ကျလာသောစာမူများကို အားလုံးပြန်တောင်းတော့မှ သူပြောတာတင်မဟုတ်ဘဲ အချို့ပုံများကိုပါ ဖြုတ်ခိုင်းထားတာတွေ့ရပါသည်။ သို့သော် စာအုပ်ကထွက်နေပြီ။ တော်ပါသေး၏။ ဘာပြဿနာမှ မတက်လိုက်လို့။ လုပ်ပုံတွေပြောပါတယ်။

ဖြန့်တာကို ရာပြည့်သို့ ကော်မရှင်စားနှင့်ပေးဖြန့်ခိုင်းသည်။ ကိုယ်ကစာပေနယ်ထဲ တစ်ခါမှမလုပ်ဖူးသဖြင့် ဖြန့်နေကျဖြစ်သော သူတို့ကို အဖြန့်ခိုင်းခြင်း ဖြစ်ပါသည်။ သူတို့က နာမည်ကြီးဆိုတော့ ဆိုင်စုံတင်ပေးမည်၊ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် အကုန် ဖြန့်မည်အထင်နှင့် ပေးခြင်းဖြစ်၏။ စာအုပ်များပေးစဉ်ကလည်း သူတို့ကိုလည်း နယ်စုံ၊ ရန်ကုန်မှ ဆိုင်စုံတင်ပေးပါဟု မှာလိုက်ပါသည်။ စာအုပ် ၄၅၀ ပေးခဲ့၏။ သူတို့ကို ဖြန့်ခိုင်းအပြီး နောက် ၃-၄ လလောက်ကြာတော့ ရန်ကုန်မှဆိုင်များသို့ လိုက်စုံစမ်းကြည့်ပါသည်။ မြို့ထဲမှ ဆိုင်များ၊ ဆင်ခြေဖုံးမှဆိုင်များသို့ လိုက်မေးကြည့်၏။ ကျွန်တော့် စာအုပ်ကိုမတွေ့ရပါ။ ကျွန်တော်လည်း ထိုလူများကို စိတ်ကုန်လှသဖြင့် စာအုပ်ထုပ်ကြီးကို အငှားကားနှင့်တင်ကာ မမနှင့် မောင်နှမနှစ်ယောက် မြို့ထဲမှဆိုင်များမှ စကာ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်ဖြန့်ပါ သည်။

ပထမဦးဆုံး စ,၀င်တာ စာပေလောက စာအုပ်ဆိုင်များနှင့် ပန်းဆိုးတန်းမှ ဆိုင်များဖြစ်ပါသည်။ စာပေလောက ကလည်း မြိ့ထဲမှာ တင် စာပေလောက (၁) (၂) (၃) (၄) (၅) ဟု ဆိုင်ခွဲ ၅ ခုရှိသည်။ ကျွန်တော်တို့က သည်ဆိုင်ခွဲအားလုံး အတူတူပဲ။ စာပေလောက လက်ခွဲ များဟု ထင်သည်။ မဟုတ်ပါ။ အချို့စာပေလောကဆိုင်များမှာ နာမည်ပင်တူသော်လည်း စာပေလောက ပင်မဆိုင်၏ ဆိုင်ခွဲမဟုတ်ပါ။ ထို့ကြောင့် သူတို့ကို သပ်သပ်ပေးရသည်။ စာပေလောက ပင်ရင်းဆိုင်ကတော့ သူတို့ဆိုင်ခွဲ ၁၂ ခုရှိသည်။ အားလုံးတင်ပေးပါမည် ဆိုကာ စာအုပ်တော်တော်များများ ယူထားလိုက်ပါသည်။

နောက် ပန်းဆိုးတန်းမှ ပညာရွှေတောင်၊ အမေ့အိမ် စသည့်ဆိုင်များသို့ လိုက်တင်သည်။ အားလုံးဖော်ဖော်ရွေရွေပင် ဖြစ်ပါသည်။ မြေနီကုန်းမှဆိုင်တွင်လည်း တင်သည်။ သို့သော် စူပါမားကက်များအတွင်းမှ စာအုပ်ဆိုင်များသို့လိုက်မေးရာ သူတို့က စာအုပ်ဖြန့်သည့် ကိုယ်စားလှယ်များ၏ စာအုပ်များကိုသာတင်ပါသည် ဆိုသဖြင့် မတင်ခဲ့ရပါ။ သို့သော် မြေနီကုန်းမှ ဒဂုံစင်တာ ထင်ပါသည်။ သူကမူ ဘယ်ဂျာနယ်ဆိုပါလိမ့်၊ အဲဒီဂျာနယ်ကနေတင်ပါ၊ ရပါတယ်။ သူတို့ဆက်ပေးပါမယ်ဆိုသဖြင့် သူတို့ဆိုင်တွင် တင်ရပါသည်။

အများဆုံးရောင်းရသည့်ဆိုင်များမှာ ပညာရွှေတောင်၊ အမေ့အိမ် နှင့် စာပေလောကတို့ ဖြစ်ပါသည်။ သို့နှင့် ၂၀၁၀ခုနှစ် ဇွန်လ၏ တစ်ခုသောနေ့ရက်တွင် ကျွန်တော့် အနာဂတ်တစ်ခုစာအုပ်မှာ အရောင်းရဆုံး နံပါတ် (၇) ဖြစ်ကြောင်း MRTV 4 တွင်ဖော်ပြသည်ဟု မမတို့က ဖုံးဆက်ပါသည်။ များမကြာမီ ဇူလိုင်လသို့ရောက်သောအခါ ကျွန်တော့်စာအုပ်မှာ အရောင်းရဆုံး နံပါတ် (၂) တွင်ရှိသည်ဟု ကိုနွဲ့ဝင်းက အီးမေးပို့လာပါ၏။ မမတို့ကလည်း ပြောပြသည်။ သည်သို့ကြားရသည့်အခါ ကျွန်တော်အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါသည်။

အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်းကို ရေးတာ ပိုက်ဆံလိုချင်လို့မဟုတ်ပါ။ စင်ကာပူသို့ အလုပ်လုပ်ရန်ဖြစ်စေ၊ ပညာသင် ကြားရန်ဖြစ်စေ။ ဆေးကုရန်ဖြစ်စေ၊ ယုတ်စွအဆုံး အလည်လာလိုလျှင်ဖြစ်စေ၊ စင်ကာပူဆိုတာ ဘယ်လိုရှိသည်။ ဘယ်လိုစည်းမျဉ်း စည်းကမ်းတွေရှိသည်။ ဘယ်လိုသယ်ယူပို့ဆောင်ရေး စနစ်တွေရှိသည်။ သူတို့ဘယ်လိုနေကြ စားကြသည်။ ကုန်ဈေးနှုန်းများ၊ လေယာဉ် လက်မှတ်ခများ၊ ဗီဇာလျှောက်ပုံလျှောက်နည်း။ စင်ကာပူအကြောင်း အားလုံးကို မသိတာမရှိရလေအောင် အသေးစိတ် ရေးထားတာ ဖြစ်ပါ သည်။ စင်ကာပူလမ်းညွှန်အဖြစ် အခြားသူများရေးထားတာ ရှိပါသည်။ ကျွန်တော်လည်း ဖတ်ဖူးပါသည်။ သို့သော် ယှဉ်ကြည့်ပါခင်ဗျား။ ကျွန်တော်ကြွားပြောတာမဟုတ်ပါ။ ကျွန်တော် စင်ကာပူကိုလာမည်ကြံစဉ်က စင်ကာပူဆိုတာ ဖြူသလား၊ မဲသလား။ ဘယ်လိုနေပါလိမ့်၊ ဘယ်အလုပ်လုပ်လို့ လခဘယ်လောက်ရပါလိမ့်။ ဘာဆိုဘာမှ မသိပါ။ ထို့ကြောင့် ဤစာအုပ်ကို ရေးခြင်းဖြစ်ပါသည်။

စ,ရေးခါစကမူ သည်မျှလောက် စုံစုံပါလိမ့်မည်ဟု ကျွန်တော်ကိုယ်တိုင်ပင် မထင်မိပါ။ ကျွန်တော်ရေးပြီးသမျှကို ကျွန်တော့် ဘလော့ပေါ်တင်လိုက်တော့ အပေါင်းအသင်း မိတ်ဆွေများက လာဖတ်လျှက် ဟိုဟာလေးထည့်ရင်ကောင်းမယ်၊ ဒီဟာလေးထည့်ရင် ကောင်းမယ်နှင့် ထပ်ထည့်ရင်း သည်မျှ စုံစုံလင်လင်ဖြစ်သွားခြင်း ဖြစ်ပါသည်။ သို့သော် စာအုပ်ပြီးသွားသည့်တိုင် ကျွန်တော့်မှာ သိပ် မကျေနပ်သေးပါ။ ထပ်ထည့်ချင်တာ အတော်များများ ကျန်ပါသေးသည်။ သို့သော် စာအုပ်မှာ သိပ်ထူသွားပြီဖြစ်သဖြင့် အရှိန်သတ်ထား လိုက်ခြင်းဖြစ်ပါ၏။

  သည်စာအုပ်ထုတ်လိုက်တာ အတွေ့အကြုံအများကြီးရပါသည်။ စာရေးဆရာများကိုလည်း အတော့်ကို ကိုယ်ချင်းစာမိသွားရ ပါသည်။ အရောင်းရဆုံး နံပါတ်(၂) ချိတ်တဲ့စာအုပ်တောင် အရင်းကျေဘို့ တစ်နှစ်လောက်ရောင်းယူရရင် နံပါတ်မချိတ်တဲ့စာအုပ်တွေ ဘယ်နှယ်နေပါလိမ့်။ စာရေးဆရာတွေ သနားပါတယ်ဟယ် ဟု မမက ပြောပါသည်။ ညီမဖြစ်သူ မာမူကြီးကလည်း အေးဟယ်၊ ကိုယ်တောင် စာအုပ် ၄-၅၀၀၀ တန်ဆို ၀ယ်ချင်တာတောင် ကိုင်ကြည့်လိုက်၊ ပြန်ချလိုက်နဲ့ မ၀ယ်ဖြစ်တာ များသေးတာ။ အခု ၅၅၀၀ တန်ကို ဒီလောက် ရောင်းရတယ်ဆိုတာ နင့်နှယ်၊ နည်းတဲ့ရောင်းအားမဟုတ်ဘူးဟဲ့ - ဟု ဆိုပါသည်။

သည်စာအုပ်နှင့်ပတ်သက်၍ ကျွန်တော်ကျေနပ်မိသည်မှာ စာဖတ်သူများထံက အသံများဖြစ်ပါသည်။ ကျွန်တော်က စာအုပ်ထဲ၌ ရန်ကုန်အိမ်လိပ်စာထည့်ပေးထားရာ စာအုပ်ဖတ်မိသူ လူငယ်များထံမှ ဤစာအုပ်သည် ၎င်းတို့အတွက် အလွန်အဖိုးတန်ကြောင်း၊ သူတို့ ဘ၀တိုးတက်ရေးအတွက် များစွာမှအထောက်အကူဖြစ်ကြောင်း စာရေးလာကြပါသည်။ စင်ကာပူမှ စာဖတ်သူများကလည်း ကျွန်တော့် ဘလော့မှ ဖုံးနံပါတ်အတိုင်း ကျွန်တော့်ထံဖုံးဆက်ပြောပါသည်။ ဤသည်ပင်လျှင် ကျွန်တော်ရေးရခြင်း၏ အဓိကရည်ရွယ်ချက်ဖြစ်လေရာ ငွေရေးကြေးရေး အရှုံးအမြတ်ကို မေ့ထားလျှက် ကျွန်တော့်ကြိုးစားအားထုတ်မှုတို့ အတန်ခရီးပေါက်မှန်းသိရခြင်းကပင်လျှင် နောက်ထပ် စာအုပ်များထပ်မံရေးသားဘို့ အင်အားများကို ဖြစ်စေပါသည်။

သို့သော် ကျွန်တော်မကြိုက်တာတစ်ခု ရှိပါသည်။ ပုံနှိပ်မှတ်တမ်းတွင် စာအုပ်ဈေးနှင့် အုပ်ရေကို အတိအကျ၊ အမှန်အတိုင်း မဖော်ပြတာဖြစ်၏။ အမှန်တကယ် စာအုပ်ဈေးမှာ ၅၅၀၀ ကျပ် နှင့် အုပ်ရေ ၁၅၀၀ ဖြစ်ပါသည်။ သို့သော် ပုံနှိပ်မှတ်တမ်းတွင်မူ တန်ဖိုး - ၅၀၀၀ ကျပ် နှင့် အုပ်ရေ ၁၀၀၀ ဟု ဖော်ပြထားပါသည်။ ကျွန်တော်လှမ်းဖုံးဆက်တော့ ဘာတဲ့၊ အခွန်ရှောင်ဘို့ဆိုလား၊ ဒါထုံးစံပါ ဟု  ဆိုပါသည်။ ဤသည်ကို ကျွန်တော်နည်းနည်းမှ မကြိုက်ပါ။ သူ့ဟာသူ ထုံးစံမကလို့ ဘာကြီးဖြစ်နေဖြစ်နေ။ မဟုတ်တဲ့ထုံးစံကိုတော့ ကျွန်တော်မလိုက်နိုင်ပါ။ ဆောင်ရပါစေ။ ကျသမျှအကုန်ဆောင်မယ်။ အမှန်အတိုင်းသာထည့်ပါ ဆိုသည့်တိုင် ကျွန်တော်ပြောသည့်အတိုင်း ဖြစ်မလာပါ။ ဤကဲ့သို့ မဟုတ်သည့်ထုံးစံကြီးကို ကျွန်တော်တို့လူမျိုးများသည် လျှာတွေ့နေသည်မှာ အဘယ်မျှကြာနေပြီ ဖြစ်ပါသနည်း။ ယခုဆိုလျှင် ယဉ်ကျေးမှုတစ်ခုအဖြစ်ဖြင့်ပင် အမြစ်တွယ်နေလေပြီလော။

ကျွန်တော်ကတော့ ခေါင်းမာသူဖြစ်သည့်အတိုင်း စာအုပ်ဈေးနှုံးများကို ရောင်းဈေး ၅၅၀၀ ဟု စတစ်ကာနှင့် အကုန်ပြန်ပြောင်း ပစ်ပါသည်။ သို့သော် ယခုထိ ကျွန်တော်ထုတ်ဝေခဲ့သည့်စာအုပ်များကို အခွန်မဆောင်ခဲ့ရပါ။ မမကို ဘယ်လိုအခွန်ဆောင်ရမလဲ၊ စုံစမ်း လိုက်စမ်းဟု ပြောသည့်တိုင် ဟဲ့၊ အခွန်ဆောင်တယ်ဆိုတာ လွယ်လွယ်လေးမအောက်မေ့နဲ့ ဆိုသဖြင့် ကျွန်တော်လည်း ထပ်မမေးတော့ပါ။ ပိုက်ဆံပေးတာတောင် ဘာကြောင့်ခက်နေရပါသနည်း။ အခွန်ဆောင်ဘို့ကို လွယ်လွယ်ကူကူလုပ်ပေးမထားလျှင် ပိုက်ဆံပေးရမည့်ကိစ္စ၊ အဘယ်သူသည် တကူးတက ဒုက္ခခံကာ လိုက်လုပ်နေပါမည်နည်း။ အဲလေ၊ သည်အခွန်မဆောင်လျှင် ဒဏ်ငွေဘယ်မျှပေးရမည်။ ထောင်ဘယ်နှနှစ်ချမည်ဟု အတင်းအကျပ် မလုပ်သရွေ့ကာလပတ်လုံးပေါ့။ သည်လိုဆိုလျှင် ယနေ့ ပလူပျံအောင်ထွက်နေသည့် စာအုပ်များ၊ ဂျာနယ်များရော မည်ကဲ့သို့အခွန်ဆောင်ကြပါသနည်း။ ကျွန်တော်မသိပါ။

            ယခု စင်ကာပူနှင့် မြန်မာပြည်တို့တွင် နိုင်ငံရေးအခြေအနေများ၊ ဥပဒေများမှာ အတော်များများပြောင်းသွားပြီဖြစ်ရာ ၂၀၀၉ ခုနှစ်က ရေးခဲ့သည့် ကျွန်တော့်စာအုပ်ပါ အချက်အလက်များမှာ နောက်ကျကျန်ရစ်ခဲ့ပြီဖြစ်ပါသည်။ သို့အတွက် အချက်အလက်သစ်များနှင့် ထပ်မံ ထုတ်ဝေရန် စိတ်ကူးရှိပါသော်လည်း ယခုထိ မလုပ်ဖြစ်သေးပါ။ ထို့ပြင်တ၀ ယခုပြန်ဖတ်လိုက်တော့ ထိုစဉ်က ရေးသားထားသည်များကို လည်း သဘောမကျတော့ပါ။ ပြင်စရာများစွာ ရှိနေပါသည်။ သို့သော် အခြားစာအုပ်များရေးနေသဖြင့် ထိုစာအုပ်ကို ပြန်မလုပ်ဖြစ်ပါ။ အချက်အလက်သစ်များကိုတော့ အတော်များများပြင်ပြီးဖြစ်ပါသည်။ ထုတ်ဝေသူရှာရပါမည်။ ပျဉ်ဘိုးနားလည်သွားပြီဖြစ်သဖြင့် ထပ်မံ၍ ကိုယ်တိုင်ထုတ်ဘို့ရာ မကြိုးစားချင်တော့ပါ။

 
(၁၀၄) နာဂစ်အရေးတွင် ပါဝင်လှုပ်ရှားကြခြင်း


            မိတ်ဆွေတို့သိကြသည့်အတိုင်း ၂၀၀၈ ခုနှစ် မေလ ၂ ရက်၊ သောကြာနေ့တွင် မြန်မာပြည်အနောက်တောင်ပိုင်း၊ ဧရာဝတီတိုင်းမှ နာဂစ် မုန်တိုင်းဝင်ကာ မြန်မာပြည်ကို မွှေသွားပါသည်။ လူပေါင်း ၁၃၈၀၀၀ ခန့်သေကြေပျက်စီးခဲ့ရသည်။ အပျက်အစီးကို  အမေရိကန် ဒေါ်လာ ၁၀ ဘီလျံကျော်ဟု ခန့်မှန်းပါသည်။ မြန်မာပြည်သမိုင်းတွင်မတော့ အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ်ကြီးပင် ဖြစ်ပါသည်။ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၀၅ မိုင်မှ ၁၃၅ မိုင်ထိရှိပါသည်။ ဧရာဝတီတိုင်းမှ ဘိုကလေး၊ လပွတ္တာ၊ မြောင်းမြ၊ ကွမ်းခြံကုန်းတို့တွင် အပျက်အစီးအများဆုံးဖြစ်သည်။

            အင်တာနက်ကောင်းမှုကြောင့် ကျွန်တော်တို့ နာဂစ်သတင်းများကို အချိန်နှင့်တပြေးညီ သိခွင့်ရပါသည်။ သည်သတင်းများကို ဖတ်ရသည့်အတွက် ကျွန်တော်အလွန်ဝမ်းနည်းကြေကွဲရပါသည်။ မင်းဆိုးမင်းညစ်၏ဒဏ်ကို အလူးအလဲခံနေရသော ကျွန်တော်တို့ တိုင်းသူ ပြည်သားများကို နာဂစ်က အညှာအတာကင်းမဲ့စွာ ရိုက်ပုတ်နင်းချေ၊ ၀ါးမြိုသွားခဲ့ချေပြီ။   


ထို့ထက်ပို၍ ကျွန်တော်စိတ်မကောင်းဖြစ်ရသည်မှာ မုန်တိုင်းက နင်းချေဖျက်ဆီးသွားသဖြင့် ဘ၀ပျက်နေရရှာသော ထိုဒုက္ခသည် များကို နိုင်ငံတကာက လူသားချင်းစာနာစိတ်ဖြင့် အကူအညီများပေးပါမည်ဟု လာသည်ကို နိုင်ငံ့၏ အရိပ်ကိုမျှနင်းခွင့်မပေးတာကို ဖြစ်ပါ သည်။ သူများကိုကူညီခွင့် မပေးတာတင်မဟုတ်။ ကိုယ်ကိုယ်နှိုက်ကလည်း ဘာမှရေရေရာရာ အရေးယူဆောင်ရွက်ခြင်းမပြုဘဲ ကိုယ်အာဏာတည်မြဲရေးအတွက် မဲပေးဘို့ကိုသာ အတင်းရောအဓမ္မပါ လုပ်ပါသည်။ သည်သတင်းများကိုဖတ်ပြီး ကျွန်တော့်မှာ စိတ်မကောင်းလွန်းသဖြင့် မျက်ရည်များ တောက်တောက် တောက်တောက်ကျပါသည်။ ငါတို့နိုင်ငံသူ နိုင်ငံသားတွေဟာ ဘယ်ဘ၀က ၀ဋ်ကြွေးကြောင့်များ ဒီလောက်ပေးဆပ်နေရပါလိမ့်။ ၀ဋ်ရှိခဲ့ရင်လည်း ဒီဘ၀ ဒီမျှနဲ့ကျေပါစေဘုရား ဟု မြတ်စွာဘုရားထံ အခါခါဆုတောင်းမိ ပါသည်။

            ဒုက္ခသည်များအတွက် နိုင်ငံတကာအကူအညီများကို ညောင်ပင်လေးဈေးတွင် ရောင်းချစားသောက်ကြသည်ကို လည်းကောင်း။ ဒုက္ခသည်များအတွက် ပေးလိုက်သော မီးစက်များ၊ မိုးကာဖျင်စများကို သူတို့အတွက် သယ်သွားသည်ကိုလည်းကောင်း သိရသည့်အခါတွင်မူ သြော်၊ ဒီလူတွေ လူစင်စစ်မှဟုတ်ရဲ့လား။ လူဆိုရင်တောင် ကိုယ်ပိုင်စိတ်မရှိတော့ဘဲ ဘီလူးသရဲစီးနေတာဖြစ်မည်ဟု သည်လိုပင် မြင်မိပါ သည်။  

            နာဂစ်အရေးတွင် ကျွန်တော်တို့ မြန်မာလူမျိုးများ၏ စိတ်ရင်းစေတနာကို အထင်းသားမြင်နိုင်ပါသည်။ မာရ်နတ်၏ မြေးမြစ်များနှင့် ဒေ၀ဒတ်၏ သမီးယောက်ဖတစ်စုတို့မှလွဲ၍ ကျန် ပြည်တွင်းပြည်ပမှ ရဟန်းရှင်လူ၊ မြန်မာအများစုတို့မှာ မိမိတို့စွမ်းအားရှိသမျှ ငွေအား၊ လူအားစိုက်ထုတ်ကာ အင်တိုက်အားတိုက် လုပ်ကိုင်ဆောင်ရွက်ကြပါသည်။ ဤအချိန်တွင် မြန်မာပြည်သူအများစုမှာ ကိုယ့်အရေးကို မေ့ထားလျှက် နာဂစ်ဒေသမှပြည်သူများ အကြောင်းသာ ခေါင်းထဲထည့်ထားကြပါသည်။ ကျွန်တော်တို့သည်လည်း အခြားသူများကဲ့သို့ပင် သည်ကိစ္စ၌ ကိုယ်ဖိရင်ဖိ နေ့မအားညမအား အားတက်သရော လုပ်ခဲ့ကြ၏။

            သည်ကဲ့သို့လုပ်ခဲ့သည်များမှာလည်း ကျွန်တော့်သမိုင်းကြောင်းပင်ဖြစ်လေရာ ဤနေရာ၌ ခရေစေ့တွင်းကျမဟုတ်တောင် ရုပ်လုံး ပေါ်သည်ထိ ဖော်ပြပါမည်။  

            မုန်တိုင်းကျတယ်တဲ့ဟေ့ ဆိုသည်နှင့် ကျွန်တော်လည်း အပေါင်းအသင်းမိတ်ဆွေများကို အတင်းတိုက်တွန်းကာ မိမိနှင့်နီးစပ်ရာ မိတ်ဆွေသူငယ်ချင်းများထံ (မြန်မာများရော၊ နိုင်ငံခြားသားများပါ) အလှူခံခိုင်းပါသည်။ မိတ်ဆွေများကလည်း အားတက်သရောလှူပါသည်။ ကျွန်တော်တို့အလှူခံတာ စုစုပေါင်း စင်ကာပူဒေါ်လာ တစ်သောင်းနှစ်ထောင်ကျော် ရ၏။ စနေဓမ္မမိတ်ဆွေများအဖွဲ့၏ ၂၀၀၈ခုနှစ် မတ်၊ ဧပြီ၊ မေ သုံးလစာကို ချက်ချင်းလှူလိုက်ပါသည်။

            ခက်တာက မုန်တိုင်းကြောင့် ဖုံးလိုင်းများပြတ်သွားသဖြင့် အိမ်နှင့်အဆက်အသွယ် လုပ်လို့မရ။ သို့သော် ကျွန်တော်တို့ စနေဓမ္မ မိတ်ဆွေများအဖွဲ့ ပင်တိုင်အလှူရှင် မလွင်လွင်မိုး၏ညီမ မမျိုးမျိုးတို့ကလည်း သူတို့မင်္ဂလာဈေးမှ ဈေးသူဈေးသားများထံ အလှူခံကာ ထိုဒေသသို့သွားရောက်၍ ကိုယ်ထိလက်ရောက် လှူဒါန်းနေသည့်အတွက် သူတို့မှတစ်ဆင့် ဆက်သွယ်လှူဒါန်းရပါသည်။

            မလွင်လွင်မိုးက မြောင်းမြတွင် ဒုက္ခသည်များကိစ္စကို ဦးဆောင်ဦးရွက်လုပ်ကိုင်ပေးနေသည့် ကိုကြည်လင်ရှိကြောင်း နှင့် သူ့ဖုံးနံပါတ်ကို ပေးပါသည်။ ကျွန်တော်လည်း ကိုကြည်လင့်ဆီဖုံးဆက်ရာ သူက မြောင်းမြတွင် ဒုက္ခသည်စခန်း ၃၀ ခန့်၌ ဒုက္ခသည်ပေါင်း လေးသောင်းလောက်ရှိကြောင်း၊ အဓိကလိုအပ်နေသည်မှာ အမျိုးသားများအတွက် ပုဆိုးများဖြစ်ကြောင်း။ မုန်တိုင်းအတွင်း အားနည်းသူ ကလေးများနှင့် အမျိုးသမီးများ အတော်များများသေဆုံးကုန်ကြသည်ဖြစ်ရာ ဒုက္ခသည်များတွင် အမျိုးသား အများဆုံးဖြစ်နေသည်။ အသက်ကို လုခဲ့ရသဖြင့် အ၀တ်အစား ဘာမှမကျန်ခဲ့။ ထို့ကြောင့် အ၀တ်တစ်ထည်၊ ကိုယ်တစ်ခုသာ ဖြစ်လေရာ မိုးစိုလို့မှ လဲစရာမရှိ ဖြစ်ရသည်။ ထို့ကြောင့် ပုဆိုးများ အလျင်စလို လိုအပ်နေပါသည်ဟု ဆိုသည်။ ကျွန်တော်က ထမင်းစားဘို့ ဆန်ရှိပါသလား မေးရာ သူက လောလောဆယ် အစိုးရကပေးထားသော ဆန်များရှိသေးကြောင်း၊ ထို့ကြောင့် လှူမည်ဆိုပါက ပုဆိုးများဦးစားပေး လှူရန်ပြောပါသည်။ ထို့ကြောင့် ကျွန်တော်ကလည်း မမျိုးမျိုးမတစ်ဆင့် မမကို ပန်းကန် ၂၀၀၀၊ ဇွန်း ၂၀၀၀၊ ဟင်းပန်းကန် ၂၀၀၀ ၀ယ်ပြီး ပိုတာကို ပုဆိုးများ ၀ယ်သွားရန် မှာပါသည်။ သို့သော် ကျွန်တော်ပို့လိုက်သောပိုက်ဆံလောက်နှင့် ဤမျှမရနိုင်မှန်း နောက်မှသိရပါ၏။ လှူချင်ဇောနှင့် လောဘတကြီးမှာလိုက်တာ ဖြစ်ပါသည်။  

            သို့တိုင် ကျွန်တော်သူတို့ဆီဖုံးဆက်တော့ မြန်မာစံတော်ချိန် ညနေ ၃ နာရီတီးနေပြီ။ သူတို့က နက်ဖြန်မနက် အစောကြီး ၃ နာရီလောက်ထသွားမှာ ဖြစ်သည့်အတွက် လုပ်စရာ အများအပြားကျန်သေးသဖြင့် ကျွန်တော်မှာသမျှ အကုန်မ၀ယ်နိုင်ခဲ့ပါ။ ကျန်ငွေကို နောက်တစ်ခေါက်မှ ၀ယ်လှူရပါသည်။ မင်္ဂလာဈေး ဆိုင်များကလည်း လှူကြပါသည်။ ပုဆိုးရောင်းသောဆိုင်က ပုဆိုးအစည်းလိုက်၊ အင်္ကျီ ရောင်းသည့်ဆိုင်က အင်္ကျီပါကင်လိုက် လှူပါသည်။ မင်္ဂလာဈေးသူဈေးသားများကတော့ ပစ္စည်းသာလှူသည်မဟုတ်၊ လှူသည့်နေရာသို့ သူတို့ ကိုယ်တိုင်လိုက်ပါကာ အထုပ်အပိုးများကို ကိုယ်တိုင်ထမ်း၊ ကိုယ်တိုင်ချ၊ ကိုယ်တိုင်ဝေကြပါသည်။ ထိုမျှသာမက သူတို့အလှူခံရာ ငွေသား ချည်းပင် သိန်း ၃၀၀ ကျော်ရသည်ဟု ဆိုပါသည်။ ထိုငွေများကိုမူ နာဂစ်ဒဏ်ခံဒေသများသို့ တပည့်တပန်းများနှင့်တကွ ကိုယ်တိုင်သွား ရောက်ကာ အင်တိုက်အားတိုက်လှူဒါန်းနေသည့် သပိတ်အိုင်ဆရာတော်သို့ လှူလိုက်သည်ဟု ဆိုပါသည်။ သည်သတင်းများကြားရပြန်တော့ ကျွန်တော့်မှာ အလွန်ဝမ်းသာပီတိ ဖြစ်မိပါသည်။ ယမမင်း၏ သားသမီးမြေးမြစ်များပင် ရှိလင့်ကစား ကျန်မြန်မာပြည်သား အများစုမှာ လူကောင်းသူကောင်းများဖြစ်ကြပါသည်။  


ဆက်ပါဦးမည်။

 
အေးငြိမ်း (လေးမျက်နှာ)
၆ - ၁၂ - ၂၀၁၂။ ည ၁၁း၁၃ မိနစ်
Blk 663D, Jurong West St. 65
#15 – 233
Singapore 644663
Tel: (65) 97303027
Email: y_nyein@yahoo.com.sg

          aye475@gmail.com