Monday, July 20, 2009

Bitter Life I

၁။ ကိုမင်းမြတ်သူ

ဘယ်ရမလဲဗျာ။ ကျွန်တော်လည်း ကျွန်တော်ပေးထားတဲ့ အေးဂျင့်ဖီး ပြန်မရမချင်း သူတို့ရုံးခန်းရှေ့ သွားပြီး နေ့တိုင်းထိုင်စောင့်တာပဲ။ ပိုက်ဆံလေး ၁၀ သိန်းလောက် ပြန်ရဘို့ ၁၅ ရက်လောက် စောင့်ရတယ်ဗျာ ဟုပြောလာ သူမှာ ကိုမင်းမြတ်သူ ဖြစ်ပါ၏။ သူ့ဘ၀မှာ အတော်လေး စိတ်ဝင်စားဘို့ ကောင်းပါသည်။

သူလာချင်သည်မှာ စင်ကာပူ ဖြစ်၏။ သို့သော် အကြောင်းအပေါင်း မသင့်သဖြင့် စင်ကာပူသို့ တော်တော်နှင့် မရောက်နိုင်။ နိုင်ငံပေါင်းများစွာသို့ ဒုက္ခပေါင်းများစွာ ခံ သွားခဲ့ရပြီး နောက်ဆုံးတွင်မှ စင်ကာပူ ရောက်လာခြင်း ဖြစ်သည်။ သို့အတွက် သူ့အကြောင်းကို ရှေ့ဆုံးတွင်ထားကာ ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။
အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဟု သဘောပိုက်ကာ ကြုံလာသမျှအလုပ်ကို ကျရာနေရာမှ တာဝန်ကျေပွန်စွာ လုပ်ကိုင် ခဲ့သူ ဖြစ်သဖြင့် အလုပ်ရှင်များက သဘောကျသူ တစ်ဦးလည်း ဖြစ်ပါသည်။ ကိုမင်းမြတ်သူက သူ့ဘ၀အကြောင်းကို အောက်ပါအတိုင်း ပြန်ပြောင်းပြောပြပါသည်။

၁၊ ၁။ ငယ်စဉ်ဘဝ

ကျွန်တော်က ရေတာရှည်မြို့နယ်၊ ဆွာ ဇာတိပါ။ အဖေက အစိုးရ၀န်ထမ်း၊ အမေက မုံ့ဟင်းခါးရောင်းပြီး တစ်ဖက် တစ်လမ်းက ၀င်ငွေရှာပါတယ်။ ကျွန်တော်ငယ်ငယ်က အရမ်းချူချာတယ် ပြောတယ်။ ဆေးရုံ၊ ဆေးခန်းနဲ့ ပြတ်ရတယ်ကို မရှိဘူးတဲ့။ ငယ်ငယ်တုံးကတော့ သိပ်မဆိုးလှ ပါဘူးဗျာ။ အဖေနဲ့အမေတို့ ကြိုးစားရုန်းကန်လို့ ကျွန်တော်တို့ အစား အသောက် အ၀တ်အထည် ချို့ချို့ငဲ့ငဲ့ မရှိခဲ့ပါဘူး။
အဖေဟာ အရင်ကတည်းက ရုန်းကန်ခဲ့ရတာ ခုထိ ရုန်းကန်နေရဆဲပဲ။ ၀န်ထမ်းတစ်ဖက်နဲ့ အဖေဟာ ရေငင်ပုံး၊ ရေထမ်းပုံးတွေလုပ်ရောင်းတယ်။ စွန်လွှတ်ချိန်ရောက်လာတော့ စွန်နဲ့ ရစ်လုံးတွေ လုပ်ရောင်းတယ်။ နောက်ပြီး ရာသီ အလိုက် ပြောင်း၊ နှမ်း၊ ငရုတ် စသဖြင့်လည်း စိုက်လိုက်သေးတယ်။
ကျွန်တော်တို့မှာ နောက်ထပ် ညီမလေးတစ်ယောက် ထပ်ရလာတော့ အဖေ အလုပ်တွေ ပြောင်းလုပ်လာတယ်။ ရေနီက မိတ်ဆွေတွေက သင်ပေးလို့ ကြက်မွေးတယ်။ ပထမ အကောင် ၅၀၀ လောက်ပဲ။ နောက်တော့ အကောင် ၂၅၀၀ ကနေ သုံးထောင်ထိ နှစ်ထပ်ကြက်ခြံကြီးတွေနဲ့ မွေးလာတယ်။ အဲဒီမှာ ကျွန်တော်အမှတ်အရဆုံးက ညဘက် ကြက်ခြံကို လာပြီးသောင်းကျန်းတဲ့ ကြွက်တွေကို နှိမ်နှင်းရင်း ရလာတဲ့ ကြွက်တွေကို မီးကင်လိုကင်၊ ကြော်လိုကြော် စားခဲ့ရတာပဲ။ အဲဒီအရသာကို ခုတိ အောက်မေ့တုံးဗျာ။ မမေ့သေးဘူး။
ဒါပေမဲ့ ကြက်မွေးတာကို ပတ်ဝန်းကျင်က ၀ိုင်းပြီး ကန့်ကွက်ကြလို့ ရန်ကုန်က ဦးကြီးဆီက သင်ယူခဲ့တဲ့ ကားဘော်ဒီ ဆေးမှုတ်လုပ်ငန်း လုပ်ပြန်တယ်။ ကျွန်တော်လည်း အဖေ့အလုပ်တွေ ကူလုပ်ပေးရင်း ကားဘော်ဒီ ဆေးမှုတ် လုပ်ငန်းနဲ့ အတော် ရင်းရင်းနှီးနှီး ရှိလာတယ်။ အဲဒီ အတွေ့အကြုံဟာ ကျွန်တော် နိုင်ငံခြားထွက်တော့ အထောက်အကူ အတော်လေး ဖြစ်တယ်ဗျ။
အဲလိုနဲ့ ကျွန်တော် ၈ တန်းအောင်တော့ မော်လမြိုင်၊ ကြာအင်းရွာ စက်မှုလက်မှု အထက်တန်းကျောင်း (Technical High School – THS) ကို သွားတက်ဖြစ်တယ်။ ကျောင်းကို သူကိုယ်တိုင်ရိုက်ထားတဲ့ သေတ္တာလေး ထမ်းပြီး အဖေလိုက်ပို့တယ်။ အဖေပြန်တော့ ၀မ်းနည်းပြီး ကျန်ရစ်ခဲ့တာပေါ့ဗျာ။ အဲ ထမင်းစားချိန်ရောက်တော့ မျက်ရည်ပါ ကျရ တော့တယ်။ နေ့လည်စာတဲ့ဗျာ။ ပဲဟင်းလေး တစ်ခွက်ပဲပေးတယ်။ အဲဒီလိုနဲ့ ကျွန်တော် အဆောင်ကျောင်းသား ဖြစ်ခဲ့ရ တယ်။
ဒီကျောင်းကို တက်ခွင့်ရတာ ကျွန်တော့်အတွက် အများကြီးကောင်း သွားတယ်။ ဆရာတွေကလည်း တော်ကြပါ တယ်။ သူတို့ကိုယ်တိုင် တော်ကြသလို တပည့်တွေကိုလည်း စေတနာရှေ့ထားပြီး ဂရုတစိုက် သင်ပေးကြတယ်။ ကျွန်တော် တို့ကတော့ ရေသွားကူးလိုက်ကြ၊ ထန်းရည်သောက်လိုက်ကြ၊ ဘောလုံးကန်ကြနဲ့ အရမ်းပျော်တာပေါ့။ ရည်ရွယ်ချက် ဆိုတာလည်း ဘာမှ ကြီးကြီးမားမား ရှိကြတာ မဟုတ်ဘူး။
အဲဒီလို သောက်ရင်းစားရင်း၊ ပျော်ရင်းပါးရင်းနဲ့ပဲ THS ပြီးသွားရော။ ကျောင်းပြီးသွားတော့ ရန်ကုန်က အဖေ့ညီမ ဆီမှာ နေရင်း အလုပ်ရှာ၊ ရတဲ့အလုပ်လုပ် နဲ့ နေခဲ့တယ်။ သိပ်မကြာပါဘူး။ ဖားကန့်က ဦးလေး ရောက်လာတယ်။ သူက ငါ့တူ အသက်ငယ်သေးတယ်။ ငါနဲ့ ဖားကန့်ကို လိုက်ခဲ့၊ ကျောက်ပညာ သင်ပေးမယ် ဆိုတော့ ကျွန်တော်လည်း တော်တော် စိတ်ဝင်စား သွားတယ်။ ကျွန်တော်က အဲဒီလို စွန့်စွန့်စားစား လုပ်ရတာ အင်မတန် ၀ါသနာပါတာကိုး။
ဒါနဲ့ ဦးလေးနဲ့လိုက်သွားတယ်။ မန္တလေးရောက်တော့ ဦးလေးရဲ့ လောပန်းက လာကြိုတယ်။ အဲဒီမှာ ပါဂျဲရိုး ဆိုတဲ့ ကားကြီးကို စစီးဖူးတာပဲ။ ဒါပေမဲ့ ဖားကန့်မှာ ၂ လ ၃ လ လားပဲ ကြာပါတယ်။ မင်းဦးလေး စင်ကာပူကနေ လှမ်းခေါ်နေ တယ်။ အမြန်ပြန်လာပါ လို့ အဖေ့ဆီက စာရလို့ ရန်ကုန် ပြန်ခဲ့ရပြန်ရော။ ဖားကန့်မှာတော့ အားကျစရာတွေ အများကြီးပဲ ဗျို့။ လိုတရ နယ်မြေပဲ။
ရန်ကုန်ပြန်ရောက်တော့ စင်ကာပူသွားဘို့လို့ ပတ်စ်ပို့တွေ ဘာတွေလုပ်။ ဦးလေးခေါ်တာ စောင့်နေတုံးမှာပဲ သွားရချိန် မတန်သေးတော့ ပြောပါတယ်။ ဦးလေးက အဆင်မပြေလို့ ကျွန်တော့်ကို မခေါ်နိုင်ဘူး ဖြစ်ကရော။ အဲဒီမှာ ကျွန်တော် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ယောင်လည်လည်နဲ့ လဖက်ရည်ဆိုင် သွားထိုင်လိုက်၊ ဟိုဟို သည်သည် လျှောက်သွားလိုက်နဲ့ နှစ်တွေ အများကြီး လေခဲ့တယ်။
နောက်တော့မှ မဖြစ်သေးပါဘူး ဆိုပြီး အင်းစိန် G.T.I မှာ ညနေ ပိုင်း သင်တန်းသွားတက်လိုက်တယ်။ ညပိုင်း ကျောင်းတက်။ နေ့ခင်းပိုင်း အလုပ်လုပ်။ အုတ်ကျင်းက မြန်မာ့သစ်လုပ်ငန်းမှာ စက်ပြင်အနေနဲ့ ကျွန်တော် အလုပ်ဝင်ခဲ့ တယ်။ အဲဒီမှာ ၀င်လုပ်လိုက်တာ အတော်မှန်သွားတယ်လို့ ဆိုရမယ်။ ဘာလို့လဲ ဆိုတော့ အလုပ်လုပ်တော့ ပိုက်ဆံရ သလို စက်တွေနဲ့လည်း ရင်းနှီးပြီးသား ဖြစ်သွားရော။ အဲဒီ အတွေ့အကြုံတွေက နောက်ပိုင်း အလုပ်လုပ်တဲ့အခါ အများကြီး အထောက်အကူရတယ်။ အဲဒီ စက်ရုံမှာ ကျွန်တော် G.T.I ပြီးတဲ့ ထိ လုပ်ခဲ့တယ်။
ဘ၀မှာ အပြောင်းအလဲတွေက များပါတယ်ဗျာ။ ကျောင်းပြီးတော့ အဲဒီစက်ရုံက ထွက်လာပြီး Ruby Dragon မှာ ၀င်လုပ်ပြန်ရော။ အဲဒီက လွှတ်လို့ မိုင်းရှုးကို သွားလုပ်ရတယ်။ ကုမ္ပဏီကတော့ တော်တော်လေး ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီမှာလည်း သိပ်မကြာခဲ့ဘူး။ အမေ့ဆီပြန်လာပြီး ကုန်သည် လုပ်ရပြန်တယ်။ ကုန်သည်အတတ်ကိုတော့ အမေက သင်ပေးတယ်။ ပဲခူးနဲ့ ရန်ကုန် ထင်းအရောင်းအ၀ယ် လုပ်တယ်။ ဒါပေမဲ့ မအောင်မြင်ဘူး။ ကျွန်တော်ညံ့တာလဲ ပါမှာပေါ့။ ခေတ်ပြောင်းလာတာလဲ ပါတယ်။ ဒီလိုနဲ့ လုပ်ရင်း ရှုံးရင်း လုံးချာလည် လိုက်ပြီး ထင်းလုပ်ငန်းကို အမနဲ့ လွှဲထားခဲ့ပြီး နိုင်ငံခြားထွက်ဘို့ပဲ ဇောက်ချပြီး လုပ်ဖြစ်ခဲ့တော့တယ်။
ဒါက ကျွန်တော် ဒီကို ထွက်မလာခင် မြန်မာပြည်တုံးက ဘ၀ဇာတ်ကြောင်းလေးတွေ ပေါ့။

၁၊ ၂။ ဒုက္ခနှင့် နပန်းလုံးရခြင်း သို့မဟုတ် မအောင်မြင်ခဲ့သော မလေးရှား ခရီး

ကျွန်တော် ကုန်သည်လုပ်ရင်း အသိတစ်ယောက်တိုးလာတယ်။ အဲဒီလူကလည်း မလေးရှား သွားဘို့ ကြိုးစားနေ တဲ့သူ။ အဲဒါနဲ့ သူနဲ့ကျွန်တော်ပေါင်းပြီး မလေးရှားသွားဘို့ လှုပ်ရှားကြရအောင် လို့ ရန်ကုန်ကို တက်လာကြတယ်။ အဲဒီမှာ အေးဂျင့်တစ်ခု နဲ့တွေ့တယ်။ အေးဂျင့်က သူ့သား မလေးရှားမှာ ရှိတယ်။ သူ့သားက မလေးရှားမှာ အလုပ်ရှာ။ သူက ရန်ကုန်ကနေ လူပို့ ပေါ့။ အဲလို လုပ်နေတာ။
ကျွန်တော်ထင်တာတော့ သူတို့က အိမ်ကို ရုံးခန်း လုပ်ထားတယ် ထင်တယ်။ သူတို့သားအမိ၊ သားအဖ သုံးယောက်ပဲ ရှိတယ်။ သူတို့ရုံးက ကျောက်မြောင်းထဲမှာ။ သူတို့က လိုင်စင်နဲ့လုပ်ထားတဲ့ အေးဂျင့်မဟုတ်ဘူး။ သူ့သား အလုပ်ရှာလို့ရရင် ရသလို ဒီကနေ လူတွေ ပို့ပေးနေတာ။
သူက မင်းတို့ဘာတွေ လုပ်တတ်လဲ လို့မေးတယ်။ ကျွန်တော်တို့ကလည်း ကိုယ်လုပ်တတ်တာ လေးတွေ ပြောပြ ကြတယ်ပေါ့။ အေးဂျင့်က ကျွန်တော်တို့ပြောတာ နားထောင်ပြီး အင်း ဖြစ်နိုင်ပါတယ် ပေါ့။ ဒီတော့ ကျွန်တော်တို့ကလည်း လုပ်မယ် ပေါ့လေ။ မလေး ဆိုရင်တော့ အဆင်ပြေမလားဘဲ၊ ငါတို့ဆီမှာထက်တော့ ပိုပြီး ပိုက်ဆံရလိမ့် မယ်လို့ တွက်တာ ကိုး။ လုပ်မယ်ဆိုရင် သူက လောလောဆယ် စရံ တစ်သိန်းပေးထား လို့ပြောတယ်။ ကျွန်တော်က စုစုပေါင်း ဘယ်လောက် ကုန်မလဲ လို့မေးတော့ ဆယ်သိန်းကုန်မယ် လို့ပြောတယ်။ အဲလေ တကယ်သွားရမယ် ဆိုလည်း ပေးမယ် ပေါ့။ ကျွန်တော် ကလည်း မိသားစုထဲမှာ ယောက်ျားလေးက တစ်ယောက်ထဲ ဖြစ်နေတော့ ပေါက်ပေါက်မြောက်မြောက်လေး ဖြစ်အောင် လုပ်ပြချင်တယ်။
ဒါနဲ့ စရံတစ်သိန်းပေးရမယ် ဆိုတော့ အမေပါ ခေါ်ခဲ့မယ် ဆိုပြီး ပဲခူးပြန်။ အမေ့ကို ခေါ်ခဲ့ပြီး စရံ တစ်သိန်း ပေး၊ အလုပ်တွေ ဘာတွေ အပ်ပေါ့။ အဲလိုနဲ့ အလုပ်ခေါ်တာ စောင့် စောင့်။ တော်ကြာ အင်တာဗျူးခေါ်ပြန်ပြီ တဲ့။ ကြားတော့ ကျွန်တော်က သွားမေး။ သူက ဟာ ဟေ့ကောင်၊ မင်းအတွက်က အင်တာဗျူးစရာ မလိုဘူးကွ။ ငါ့သားက မင်းကို Technician နဲ့ခေါ်မှာတဲ့။ ဒီတော့ မင်း အင်တာဗျူးဝင်စရာမလိုဘဲ တိုက်ရိုက်ခန့်မှာ။ အဲလိုနဲ့ စောင့် စောင့်။ စောင့်ရာ ကနေ တစ်လခွဲ လောက်ကြာတော့ ကျွန်တော် သွားမေးတယ်။ ကျွန်တော်တို့ အလုပ်အကိုင် ဘယ်လိုလဲ။
သူက ဟာ မင်းတို့ calling ကျပြီကွ။ ဟောဒီမှာ ဆိုပြီး စာထုတ်ပြတယ်။ ဒါပေမဲ့ သူက မင်းကို Technician နဲ့ တင်လို့မရဘူး။ ဒီက အထွက်မှာတော့ worker နဲ့ပဲ သွားရမယ်။ ဒါပေမဲ့ မင်း ဘာမှ ပူစရာမလိုဘူး။ ဟိုကျရင် Technician နဲ့ သေချာပေါက် လုပ်ရမှာ။ လခကအစ အားလုံး ပြောင်းလဲ သွားစေ့ရမယ်။ အပြောကတော့ ချောနေတာဘဲဗျို့။ ကျွန်တော် ကလည်း မယုံရဲ၊ ယုံရဲ။ ဟာ သေချာလားပေါ့။
ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့က ကုန်သည်လုပ်နေတယ် ဆိုပေမယ်လို့ ချမ်းသာတဲ့ ကုန်သည် မဟုတ်ဘူး ဗျ။ ငွေတစ်သိန်းရင်းလို့ တစ်သောင်း မြတ်တာ မဟုတ်တော့ ကိုယ့်စုဆောင်းထားတဲ့ ပိုက်ဆံလေး ကုန်သွားမှာလဲ စိုးရသေး တယ်။
ဒီတော့ ကဲ ဟုတ်ပြီ။ ဘယ်နှယောက် သွားရမလဲ ဆိုတော့ သုံးယောက်တဲ့။ ကျွန်တော့်စာအုပ် (ပတ်စ်ပို့) က သက်တမ်း ကုန်တော့မယ်။ သူတို့ကရော စာအုပ်အဆင်သင့်ရှိရဲ့လား ဆိုတော့ ရှိတယ် လို့ ပြောတယ်။ ဒါပေမဲ့ တစ်ယောက် ကိုတော့ စောင့်ရဦးမယ် တဲ့။ သူက သင်္ချာနဲ့ ဘွဲ့ရထားတာ။ အဲဒီ တစ်ယောက်က သူ့သားရဲ့ သူငယ်ချင်း လို့ ပြောတယ်။ အဲဒီ ပုဂ္ဂိုလ်လည်း ရောက်လာရော သူ့ပတ်စ်ပို့က သက်တမ်း ကုန်နေပြီ ဖြစ်ကရော။ အဲဒီတော့ ကျွန်တော့် ပတ်စ်ပို့ကလည်း သက်တမ်းက ကုန်တော့မှာမို့ သူတို့ကို ထားခဲ့ပြီး ထိုင်းကို တစ်ယောက်ထဲ ထွက်လာခဲ့တယ်။
သူတို့က လေဆိပ်ကို လိုက်ပို့ပေးတယ်။ သူတို့ သူငယ်ချင်းက ထိုင်းလေယာဉ်ကွင်းကနေ လာကြိုနေတယ် ဆိုတော့ သွားရတာတော့ အားလုံး အဆင်ပြေပါတယ်။ အဲဒီလူက ကျွန်တော်တို့ တည်းမဲ့အိမ်က အိမ်သူကြီး။ ကျွန်တော့်လို စတေးရှောင်တဲ့လူတွေ အဲဒီ အိမ်မှာ သောင်တင်နေတာ အများကြီးတွေ့ခဲ့ရတယ်။ ဟိုတစ်ယောက်ဆို ဂျပန်ကို သွားဘို့ ဆိုပြီး မသွားဖြစ်သေးဘဲ ထိုင်းမှာ လာရှောင်နေရတာ။
အိမ်ကတော့ အများနေလို့ရအောင် လုပ်ထားတာ။ အခန်းကျယ်ကြီးပဲ။ အဲဒီအခန်းထဲမှာ ကိုယ့်မွေ့ယာလေးတွေ ကိုယ်ခင်းပြီး တန်းစီ အိပ်ကြတယ်။ ယောက်ျားတွေချည်း ဆိုတော့ ဘာပြဿနာမှ မရှိပါဘူး။ အဆင်ပြေပါတယ်။
ရောက်စ နှစ်လမှာ ဘာအလုပ်မှ မလုပ်ဘူး။ ပါလာတဲ့ ပိုက်ဆံလေးနဲ့ ၀ယ်ခြမ်း စားလိုက်၊ လျှောက်လည်လိုက်နဲ့ အလုပ်ခေါ်တာ ထိုင်စောင့်နေတယ်။ ပါသွားတာလေးနဲ့ ချွေတာ သုံးတာပေါ့။ ကျွန်တော့်မှာ ဗမာငွေနဲ့ တစ်သိန်းခွဲ နှစ်သိန်း လောက် ပါလာတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ အလုပ်လုပ်ပါတယ်။ ကားရေဆေးပေါ့။ ကားရေဆေးတဲ့ ဆိုင်ပိုင်ရှင်က လည်း ဗမာပဲ။ သူက ဒေါက်တာဘွဲ့ ရထားတဲ့သူဗျ။ ထိုင်းအမျိုးသမီးနဲ့ အိမ်ထောင်ကျနေတာ။ သူက Mall ကြီးတစ်ခုမှာ ကားရေဆေးဆိုင် ဖွင့်ထားတယ်။ တော်တော် အလုပ်ဖြစ်တယ်ဗျ။
ဘာလို့လဲ ဆိုတော့ အဲဒီ Mall ကြီးမှာ သူက နေရာ တော်တော် ကျယ်ကျယ် ယူထားတော့ ရေဆေး၊ ဆီထိုးရုံတင် မကဘူး။ ကားပါကင်ပါ ထိုးလို့ရတယ်။ ဒီတော့ Mall ကြီးကို လာတဲ့သူတွေက ပါကင်ထိုးချင်တော့ အဲဒီဆိုင်ကို လာကြ တယ်။ ပါကင်ထိုးရင်းနဲ့ ကားပါ တခါထည်း ရေဆေးသွားကြတယ်ပေါ့။ အဲဒီတော့ သူက ကားရေဆေးခရော ပါကင်ထိုးခ ရော နှစ်မျိုးတစ်ခါထည်း ရတာပေါ့။
အဲဒီမှာ အလုပ်လုပ်တော့ ပိုက်ဆံလေး ဘာလေးရတာပေါ့။ လောက်ပါတယ်။ စားတာသောက်တာနဲ့ သုံးဘို့စွဲဘို့ တော့ ကောင်းကောင်းလောက်တယ်။ ဘယ်လောက်ရသလဲ ဆိုတာတော့ မမှတ်မိတော့ဘူး။ တစ်နေ့ ဘတ် ၁၂၀ ထင် တယ်။ အလုပ်က မနက် ၈ နာရီကနေ ညနေ ၇ နာရီလောက်ထိ မပြတ်ဘူး။ အာ - ရေဆေးလိုက်ရတာ၊ လက်တွေကို ပေါက်ပြဲနေတာဘဲ။ ဆေးတာတော့ စက်နဲ့ ဆေးတာပဲ။ ဒါပေမဲ့ ကားကို ခြောက်အောင် အ၀တ်နဲ့သုတ်။ နောက်ပြီး ရေညှစ် ဆိုတော့ လက်တွေကို ပဲကြီးခွံ လိုက်နေတာပဲ။ အဲဒီ ရေဆေးတာနဲ့တင် လက်မောင်းတွေကို ပြုတ်ထွက်တော့ မတတ်ဘဲ။ ထိုင်းကိုရောက်တာ ၂၀၀၃ ခုနှစ်။
ဂျပန် သွားဘို့စောင့်နေတဲ့သူ တစ်ယောက်ရယ်၊ မလေးရှားသွားဘို့ တစ်ယောက်ရယ်၊ ကျွန်တော်ရယ် အားလုံး ပေါင်း သုံးယောက်ပေါ့။ ဂျပန်သွားမယ်ဆိုတဲ့ ကောင်လေးကတော့ ပြန်သွားတယ်။ သူရောက်နေတာ သုံးလ ပြည့်ပြီ ဆိုတော့ သူ အတော် စိတ်ကုန်လာတယ်။ ဟိုနေ့ သွားရနိုး။ ဒီနေ့ သွားရနိုးနဲ့။ ပါလာတဲ့ ပိုက်ဆံကလည်း ကုန်ပြီ။ ဂျပန် သွားဘို့ စောင့်နေတာ ဆိုတော့ အလုပ်လည်း မလုပ်ဖူး။ ကျန်တဲ့ ကျွန်တော်တို့ နှစ်ယောက်ကတော့ လုပ်တယ်။
အဲဒီ ဂျပန်သွားဘို့စောင့်နေတဲ့ ကောင်လေးဆို ဗမာပြည်မှာ သိန်း ၉၀ တောင် ပေးခဲ့ရတာတဲ့။ အားလုံးပေါင်း ၁၂၀ ပေးရမယ် ပြောတယ်။ သူက ဒီရောက်တာလဲ သုံးလပြည့်ပြီ။ ခုထိလဲ မသွားရသေးဘူး။ ငါပေးထားတဲ့ သိန်း ၉၀ တော့ ပြန်ရမှ ဖြစ်မယ် ဆိုပြီး ပြန်သွားရော။
ထိုင်းမှာ ကျွန်တော် စုစုပေါင်း သုံးလလောက် ကြာခဲ့တယ်။ သုံးလပြည့်ခါနီးလဲ ကျရော မလေးသွားလို့ ရပြီတဲ့။ ဗမာပြည်က ကျွန်တော်နဲ့ အတူ သွားမဲ့ နှစ်ယောက်လဲ ရန်ကုန်က ထွက်လာပြီ။ ဆိုတော့ တိုင်မင်ကိုက်ပြီး ကျွန်တော်နဲ့ လေယာဉ်ကွင်း မှာ ဆုံကြတယ်။
ဒါနဲ့ပဲ မလေးရှားလေယာဉ်ကွင်း ရောက်သွားကြရော ဆိုပါတော့။ လေယာဉ်ကွင်းရောက်တော့ ရောက်ရောက်ချင်း လာမကြိုသေးဘူး။ ကျွန်တော်တို့လည်း အတော်ကြာတဲ့ထိ ဘယ်သူမှ မပေါ်လာတော့ ဗမာပြည်ကို ဖုံးပြန်ဆက်တယ်။ ဆက်တော့ အေးဂျင့်က ဟာ- မင်းတို့ ဘာမှ စိတ်မပူနဲ့။ ငါ့သား လာခေါ်လိမ့်မယ်။ အေးအေးဆေးဆေးသာ စောင့် ဆိုတော့ ကျွန်တော်တို့လည်း ဆက်စောင့်ပေါ့။ စောင့်ရင်းနဲ့ လေယာဉ်ကွင်းထဲ ဟိုလျှောက်သွား၊ ဒီလျှောက်သွားပေါ့လေ။
စောင့်တော့ သူ့သား တစ်ကယ်လည်း ရောက်လာပါတယ်။ ရောက်လာပြီးတော့ ကျွန်တော်တို့ကို စာရွက်စာတမ်း တွေပြတယ်။ ပြပေမဲ့ သူက စာရွက်စာတမ်းတွေ မစုံသေးလို့ မင်းတို့ကို ဒီနေ့ထုတ်လို့ မရသေးဘူး။ နောက်နေ့ပြန်လာခဲ့မယ် လို့ ပြောပြီး သူ့မှာပါလာတဲ့ စာရွက်စာတမ်းတွေ အားလုံး ပေးခဲ့ပြီး ပြန်သွားတယ်။ စာရွက်စာတမ်းတွေ အားလုံးက အမှန် အကန်တွေချည်းပါဘဲ။ ကျွန်တော်တို့ သုံးယောက်စလုံးအတွက်ပေါ့။
အဲဒီနေ့ကတည်းက ကိုယ်တော်က စူဠလိပ် ရေထဲလွှတ်လိုက်တဲ့ အတိုင်းဘဲ။ ပေါ်ကို မလာတော့ဘူး။ ကျွန်တော် တို့လည်း လေယာဉ်ကွင်းထဲမှာဘဲ ကိုယ့်ပါလာတာလေးနဲ့ ၀ယ်ခြမ်းစားပေါ့။ နေရတယ်။ လေဆိပ်မှာက visitor တွေ ၀င်တဲ့ နေရာက တစ်နေရာ၊ worker တွေ ၀င်တဲ့နေရာက တစ်နေရာ။ ခွဲထားတယ်။ အဲဒီ worker တွေ ၀င်တဲ့ဘက်မှာ အေးဂျင့် တွေ လာမခေါ်သေးရင် စောင့်ဘို့ လုပ်ထားတဲ့ နေရာရှိတယ်။ ခုံလေးတွေ တန်းစီ ချထားတာပေါ့။
အစ်ကိုရေ၊ အဲဒီနေရာမှာကို ကျွန်တော်တို့လို စောင့်နေတဲ့သူတွေ အများကြီးဘဲ။ လူမျိုးကလည်း အစုံပဲ။ ဒါပေမဲ့ ကွာတာက တရုပ်တို့၊ ဗီယက်နမ်တို့က လာတဲ့သူတွေက ပိုကောင်းတယ်။ သူတို့ဆို လေယာဉ်ကွင်းထဲ ၀င်လာတာနဲ့ ချက်ခြင်း လာခေါ်သွားတယ်။ နောက်ပြီး သူတို့လာတယ် ဆိုတာကလည်း ကျွန်တော်တို့လို သုံးလေးယောက် လာတာ မဟုတ်ဘူး။ လေယာဉ်အစီးလိုက် ၀င်လာတာ။ တစ်ခါ ၀င်လာပြီဆို ဟာ - ဝေါ ဆို အစုလိုက် အပြုံလိုက် ၀င်ချလာကြတာ။
ကျွန်တော်တို့ မြန်မာတွေလည်း အများကြီးပေါ့။ တချို့ဆို အသက်ကြီးကြီး၊ ယောင်လည်လည်နဲ့။ စကားက မပြော တတ်။ ဘာဗဟုသုတမှ မရှိ။ ဟိုက ပတ်စ်ပို့ သက်တမ်းကုန်တော့မှာမို့ ရိုက်လွှတ်လိုက်တာ။ ဒီမှာ ဘာအလုပ်မှ ရှိတာ မဟုတ်ဘူး။ တချို့ဆိုလည်း ကိုယ့်နာမည် ခေါ်လို့ ခေါ်မှန်းတောင် မသိဘူး။ ကျွန်တော်တို့က သူတို့ကိုကြည့်ပြီး ဗမာနဲ့ တူတယ် ထင်တယ်လို့ သွားစကားပြောတော့ သူတို့က ဟုတ်တယ် တဲ့။ အဲဒီတော့မှ ဟိုမှာ ခင်ဗျားနာမည် ခေါ်နေပြီ။ သွား သွား မြန်မြန်သွား၊ ဘာမှ မကြောက်နဲ့လို့ အတင်း တွန်းလွှတ်ရတယ်။
တချို့ကျတော့လည်း နက်က်တိုင်နဲ့၊ ကုတ်နဲ့။ အိုး - စတိုင်ကတော့ အပြည့်။ ကျွန်တော်တို့က သွားစပ်စုတယ်။ ခင်ဗျားက ဘယ်မှာ အလုပ်ရလဲ ဆိုတော့မှ မသိပါဘူးဗျာ ရက်စ်တောရင့်(restaurant) လို့တော့ ပြောတာပဲ တဲ့။ ဟား - မှားပါတယ်ကွာ။ မင်းပုံကြည့်တော့ဖြင့် အင်ဂျင်နီယာလိုလို၊ ကျောင်းသားလိုလိုနဲ့၊ ကိုယ်ဘယ်မှာ လုပ်ရမှန်းတောင် မသိသေးဘူးလား ပေါ့။ တချို့ကျတော့လည်း ညှပ်ဖိနပ် အစုတ်ကို စီးလာတယ်။ ဟေ့ကောင်ရာ - မင်း နိုင်ငံခြားကို ဒီပုံနဲ့ လာရသလားကွာ ပေါ့။ သိပါဘူးဗျာ။ သူတို့ လာခေါ်မယ် ပြောတာဘဲ တဲ့။ အဲဒါမျိုးတွေ အများကြီးတွေ့ရတယ်။
အဲဒီ လေယာဉ်ကွင်းထဲမှာတင် ကျွန်တော်တို့ ကူညီလိုက်တာ မနည်းဘူး။ ဒီလိုပဲ ကျွန်တော်တို့ကို လာကူညီတဲ့ သူတွေနဲ့လည်း တွေ့ရသေးတယ်။ ကျွန်တော်တို့က လာခေါ်နိုး လာခေါ်နိုးနဲ့၊ ဟိုဟိုသည်သည် သွားမျှော်လိုက်၊ ဖုံးတွေ ဆက်လိုက် ဆိုတော့ သူတို့က ရိပ်မိတယ် ထင်ပါတယ်။ ကျွန်တော်တို့ကို လာမေးတယ်။ ညီလေးတို့ ဘာအခက်အခဲ ရှိလို့ လဲ။ အစ်ကိုတို့ ဘာကူညီရမလဲ ပေါ့။ သူတို့က သင်္ဘောသားတွေ။
ကျွန်တော်တို့ကလည်း ဖြစ်ကြောင်းကုန်စင် ပြောပြရတာပေါ့။ ကျွန်တော်တို့တော့ အေးဂျင့်က လိမ်လိုက်ပြီ ထင်တယ်ဗျာ။ အေးဂျင့်သားကလည်း လာခေါ်မယ် ပြောပြီး ခုထိ လာမခေါ်ဘူး လို့။ ဆိုတော့ သူတို့က အစ်ကိုတို့လည်း သုံးစရာ ချန်ထားရဦးမယ်။ မင်းတို့သုံးဘို့ တချို့တစ်ဝက်တော့ ပေးခဲ့မယ် ဆိုပြီး ပိုက်ဆံတို့၊ မုံ့တို့ ပေးသွားတယ်။
ကျွန်တော်တို့လည်း ပါလာတာလေး ဝေမျှ သုံးကြရင်း ရက်တွေကြာလာတော့ လုံးပါးပါးလာတယ်။ ကျွန်တော်တို့ မှာကလည်း သွားပွတ်တံတို့၊ မျက်နှာသုတ်ပုဝါ စသဖြင့် အသေးသုံးလေးတွေပဲ ပါတာ။ အ၀တ်အစားက အပိုပါတာ မဟုတ် ဘူး။ တစ်စုံစီ ပဲ ပါတာ။ တခါတလေကျတော့လည်း အပေါ်ထပ် Departure Room မှာ တက်အိပ်ပေါ့။ အဲဒီမှာ ရဲတွေက လာရှာ။ သူတို့က ရိုင်းတော့ မရိုင်းပါဘူး။ ဒီမှာ အိပ်လို့မရတဲ့အကြောင်း၊ ကိုယ့်နေရာကိုယ် ပြန်ပြီး အေးဂျင့်တွေ လာ အခေါ်ကို စောင့်ဘို့ အကြောင်းတွေပြောတော့ အောက်ပြန်ဆင်း။
နောက်တော့လည်း ကျွန်တော်တို့ ကြံရတယ်။ အဲဒီခေတ်က အေးဂျင့်ခေတ်ဆိုတော့ အလုပ်သမားတွေကို လေယာဉ်ကွင်းမှာ အေးဂျင့်တွေက လာပြီး ခေါ်ထုတ်ရတယ်။ ကျွန်တော်တို့လည်း လေယာဉ်ကွင်းကို အလုပ်သမား လာကြိုတဲ့ အေးဂျင့်တွေဆီ သွားပြီး ငါတို့ကို ထုတ်ပေးပါကွာ။ ဘယ်လောက်ပေးရမလဲ ဆိုတော့ သူတို့က ကျွန်တော်တို့ ဆီက စာရွက်စာတမ်းတွေ တောင်းကြည့်တယ်။ ဟာ - မင်းတို့စာရွက်စာတမ်းတွေက အမှန်အကန်တွေပဲ၊ ဘာလို့ပူနေတာ လဲ။ သူတို့လာမှာပါ။ ဆက်သာစောင့်ပါ။ မင်းတို့မှာ ဗီဇာကလည်း ကျန်သေးတာပဲ။ ကိုယ့်နိုင်ငံက အေးဂျင့်တွေဆီလည်း ပြန်ဆက်သွယ်ဦး ဆိုတော့ စောင့်ရပြန်ရော။
ကျွန်တော်တို့ကို ပေးထားတဲ့ စာရွက်စာတမ်းတွေထဲမှာ ကုမ္ပဏီနာမည်နဲ့ ဖုံးနံပါတ်တွေပါတော့ ကျွန်တော်တို့ အဲဒီ ရုံးကို ဖုံးဆက်ကြည့်တယ်။ သူတို့က ကျွန်တော်တို့နာမည်တွေ မေးကြည့်ပြီး ဟုတ်တယ်။ မင်းတို့ကို ငါတို့အတွက် ခေါ်ထား တာပဲ တဲ့။ ဒါပေမဲ့ ငါတို့အေးဂျင့်ကို အကုန်လွှဲထားတာ။ မင်းတို့ အေးဂျင့်နဲ့ ဆက်သွယ်ပါ။ ငါတို့တော့ မသိဘူး လို့ ပြောတယ်။ ကိစ္စကို ပြီးကရောပဲ။ ကျွန်တော်တို့လည်း သူ့သား ဖုံးကို အချိန်ရှိတိုင်း ဆက်နေတာပဲ။ ဒါပေမဲ့ဗျို့၊ ပထမနေ့ ကျွန်တော်တို့ဆီကနေ ပြန်သွားပြီးကတည်းက အဲဒီဖုံးက လုံးဝကို ဆက်လို့မရတော့ဘူး။ ကိုင်ကိုမကိုင်တော့တာလား၊ ဘယ်လိုလဲတော့ မသိဘူး။ ဆက်လို့ကတော့ ဘယ်လိုမှ မရတော့တာ။
ကျွန်တော်တို့လည်း ရန်ကုန်က အေးဂျင့်ကို ဖုံးတွေပြန်ဆက်။ အေးဂျင့်က ဟာ-လာနေပြီ။ မင်းတို့ ဘာတွေ ပူနေတာလဲ။ စောင့်ပါဦး နဲ့၊ အပြောကတော့ ချောနေတာဘဲ။ ဒီကကောင်တွေမှာတော့ ယက်ကလယ် လိုက်နေပြီ။ ဒါနဲ့ အိမ်ကို ဖုံးပြန်ဆက်။ အိမ်က အေးဂျင့်ဆီသွားမေးတော့ သူတို့က ဘာပြောလွှတ်သလဲ ဆိုတော့ အာ - ခင်ဗျားတို့သားတွေ မလေးရှားမှာ အလုပ်ပဲ လုပ်နေကြပြီ။ လေယာဉ်ကွင်းက မထွက်ရသေးဘူး ဆိုတာ မဖြစ်နိုင်တာ။ ရောက်တဲ့ နေ့ကတည်း က ကျွန်တော့်သား သူတို့ကို လာထုတ်သွားပြီ တဲ့။ အမေတို့က ကျွန်တော့်ကို ပြန်ပြောပြတယ်။
လေယာဉ်ပေါ်တက်ကတည်းက အေးဂျင့်ဖီးက အကြေချေခဲ့ရတာ ဆိုတော့ သူတို့က ပိုက်ဆံပြန်မပေးချင်တော့ နည်းမျိုးစုံနဲ့ လှည့်ပတ်ပြောနေတာ။ သူတို့က အမေတို့ကို အဲသလို ပြန်ပြောလိုက်တော့ အမေတို့ကလည်း စိတ်အေးလက် အေး ပြန်သွား။ ကျွန်တော်တို့မှာ ရှိစုမဲ့စု ပိုက်ဆံလေးတွေစု။ ဖုံးကဒ်တစ်ကဒ် ရအောင်ဝယ်။ အိမ်ကို ပြန်ဆက်။ ဒီတော့ အိမ်ကလည်း အေးဂျင့်ဆီသွား။ အေးဂျင့်က ခင်ဗျားသားတွေ အလကား လိမ်နေတာ။ ဟိုမှာ အလုပ်လုပ်လို့ လခတောင် ထုတ်တော့မယ်။ နောက်တစ်ပတ်နှစ်ပတ်နေ လခထုတ်တော့ ခင်ဗျားတို့ဆီ ဖုံးဆက်လိမ့်မယ် ထပ်ပြော။ အမေတို့လည်း ယောင်တောင် ပေါင်တောင်နဲ့ ပြန်လာ။ အာ အလုပ်ကို ရှုပ်နေတာပဲ။ ကျွန်တော်တို့မှာလည်း တိုင်တွေပတ်။
အဲတော့ လေယာဉ်ကွင်းထဲမှာ အသက်ဆက်ဘို့ ဘယ်လိုလုပ်ရလည်း ဆိုတော့ လေယာဉ်ကွင်းထဲကို လာရောင်း တဲ့ သူတို့အခေါ် ရိုတီလို့ခေါ်တဲ့ ပေါင်မုံ့ခြောက်တွေ လာရောင်းတယ်။ အဲဒါ တစ်ထုပ်ဝယ်။ တစ်ထုပ်ကို သုံးယောက်မျှပြီး ရေနဲ့မျှောချ။ နေ့လည်စာ ထမင်းထုပ်တွေ တစ်ကျပ်၊ နှစ်ကျပ်တန်တွေ (ရင်းဂစ်ပေါ့) လာရောင်းတယ်။ အဲဒါဝယ်။ တစ်နေ့ကို အဲဒီ ထမင်းတစ်နပ်နဲ့ ပြီးလိုက်ရတာပေါ့။
ကျွန်တော်တို့လည်း လမ်းရှိသမျှ အကုန်လိုက်ရတာပေါ့။ အေးဂျင့်တွေ အားမကိုးရတော့ immigration (လ.၀.က) ကို ၀င်မေး။ ကျွန်တော်နဲ့ အတူပါလာတဲ့ ဟိုနှစ်ယောက်က ကြောက်တယ်။ မ၀င်ရဲဘူး။ ကျွန်တော်ကတော့ အတင်း ၀င်တွေ့တာပဲ။ သူတို့က ကျွန်တော်တို့ စာရွက်စာတမ်းတွေ တောင်းကြည့်ပြီး ဟာ - မင်းတို့စာရွက်စာတမ်းတွေက အမှန် တွေပဲကွ၊ ဗီဇာကလည်း သက်တမ်းရှိသေးတာပဲ။ မပူပါနဲ့။ သူတို့ လာခေါ်မှာပေါ့ တဲ့။ ပြောတယ်။ နောက်ပြီး မင်းတို့ သုံးဘို့ ပိုက်ဆံရှိသေးလားတဲ့ မေးတော့ အာ - ရှိသေးတယ်၊ ရှိသေးတယ် လို့ ညာရတာပေါ့။ ပိုက်ဆံ မရှိဘူးဆိုရင် သူတို့က camp သွင်းတော့မှာ။
လေယာဉ်ကွင်းမှာက ဗီဇာသက်တမ်းကုန်တဲ့သူတို့၊ သံသယရှိတဲ့သူတို့၊ အရင် အို ဖြစ်ဖူးတဲ့သူတွေ ပြန်ဝင် လာတာတို့ စတဲ့သူတွေကို အဲဒီလေယာဉ်ကွင်းထဲမှာ ရှိတဲ့ camp ထဲမှာ ထားတယ်။ အဲဒါတွေ ဘယ်လိုသိရသလဲ ဆိုတော့ ကျွန်တော်တို့နဲ့ အတူတူနေတဲ့ နှစ်ကြီးသမား အို ဖြစ်နေတဲ့ သူ တစ်ယောက်ရှိတယ်။ သူ့သူဌေးက သူ့ကို ပိုက်ဆံပေးပြီး ထုတ်မှာ။ သူပြောပြတာ။
မလေးရှားမှာက ဘာရှိလည်း ဆိုတော့ ပိုက်ဆံပဲ အစ်ကိုရ။ သူတို့ ဘာကြီးဖြစ်နေဖြစ်နေ၊ ပိုက်ဆံပေးပြီး နောက် ပေါက်ကနေ ထုတ်သွားလို့ရတယ်။ immigration ဖြတ်စရာ မလိုဘူး။ ဟာ - ကျွန်တော်တို့လည်း အံ့တွေသြလို့ပေါ့။ သူတို့ အဲလို ထုတ်သွားတာ မြင်ရတော့ ကျွန်တော်တို့ အေးဂျင့်ကို ထုချင်ထောင်းချင် စိတ်တွေ ပေါက်လာတယ်။ သူတို့ တရားမ၀င် လာတဲ့သူတွေတောင် ထုတ်လို့ရသေးတာ။ ငါတို့ အမှန်အကန်လာတဲ့သူတွေ ဘာကြောင့် ဒီလောက်ကြာနေ တာလဲ ပေါ့။ နောက်ပြီး အိမ်ကိုလည်း လိမ်ထားသေးတယ်။
အဲဒီမှာတင် ၁၄ ရက်ကြာသွားတယ်။ နောက်တော့ ကျွန်တော်တို့ကို ဗမာပြည်ပြန်ပို့တယ်။ ပထမ ဗမာပြည်က လာတဲ့နှစ်ယောက် ကို အရင်ပြန်ပို့တယ်။ သူတို့က ဗမာပြည်ကလာတဲ့သူတွေ ဆိုတော့ ဗမာပြည်က လေယာဉ်ပေါ် ပြန်တင်ပေးလိုက်တယ်။ ကျွန်တော်က ထိုင်းကလာတဲ့သူဆိုတော့ ထိုင်းလေယာဉ်ပေါ် ပြန်တင်ပေးလိုက်တယ်။
ထိုင်းလဲရောက်ရော တိုင်ပတ်ပါလေရောဗျို့။ ထိုင်းလေယာဉ်ကွင်းရောက်တော့ ကျွန်တော့ကို ရဲက လာခေါ် သွား တယ်။ နောက်ပြီး officer ရုံးခန်းထဲ ရောက်တော့ မင်းမှာ လက်မှတ်ဘိုးပါလားတဲ့ မေးတယ်။ ဘာ လက်မှတ်ဖိုးလဲ လို့ ပြန်မေးတော့ သူက ဗမာပြည်ပြန်ဘို့လက်မှတ်လေကွာ။ မင်း ဗမာပြည်ပြန်ရမယ်။ အဲဒီအတွက် လေယာဉ်လက်မှတ် ၀ယ်ရ မယ် ဆိုတော့ အာ - လေယာဉ်လက်မှတ်ဘိုးနေလို့ ငါ့မှာ စားစရာပိုက်ဆံတောင် တစ်ပြားမှ ကျန်တော့တာ မဟုတ်ဘူးကွ။ မင်းတို့မယုံရင် ငါ့အထုပ်တွေ အားလုံးဖွင့်ကြည့်လို့ရတယ် လို့ ပြောလိုက်တော့ သူတို့ အတော် ဦးဏှောက်စား သွားပုံ ရတယ်။
နောက်တော့ ကျွန်တော့်ပတ်စ်ပို့တွေ လှန်လှောကြည့်ပြီး မင်းဒီမှာ အကြာကြီးနေသွားတာပဲကွ။ မင်းမိတ်ဆွေတွေ ရှိမှာပေါ့။ သူတို့ကို ဖုံးဆက် တဲ့ ပြောတော့ ကျွန်တော်က ဒါဆို ငါ ရန်ကုန်ကို ဖုံးဆက်ချင်တယ်။ ဖုံးဆက်ဖို့တော့ မင်းတို့ ကူညီရလိမ့်မယ် လို့ပြောလိုက်တယ်။ အဲဒီမှာတင် ရဲတစ်ယောက်က ကျွန်တော့်ကို တစ်နေရာ ခေါ်သွားပြီး ဖုံးဆက်ခိုင်း တယ်။ ကျွန်တော်က ရန်ကုန်အေးဂျင့်ကို ဖုံးဆက်တော့ မင်းအရင်တည်းခဲ့တဲ့ အိမ်ကို ဖုံးဆက်လိုက်။ သူတို့ လေယာဉ် လက်မှတ် ၀ယ်ပေးလိမ့်မယ်။ မင်းဘာမှ မပူနဲ့။ ပိုက်ဆံကိစ္စ ငါတို့အားလုံး စီစဉ်ပေးမယ်။ ငါတို့လည်း လေယာဉ်ကွင်းကို လာကြိုမယ်ကွာ ဘာညာနဲ့ ပြောလိုက်ရင်တော့ ချောနေတာပဲ။ သူကတော့ အဲဒီအချိန်ထိ ကောင်းတုံး။ ဒီက ကောင် ကတော့ တိုင်ပတ်နေပြီ။ အ၀တ်က တစ်စုံပဲပါတာဆိုတော့ ၁၄ ရက်လုံး အ၀တ်က တစ်ခါမှ မလဲရသေးဘူး။ ဖြစ်ချင်တော့ ဖိနပ်ချွတ်ထားတုံး အလစ်သုတ်ခံရလို့ ဖိနပ်ကပျောက်။ ပျောက်တယ် ဆိုတာ လဲသွားတာဗျ။ လဲသွားတဲ့သူက ကျွန်တော့ ရှုးဖိနပ်ကို ယူသွားပြီး သူ့ဂွင်းထိုးဖိနပ် ထားခဲ့တယ်။ အဲဒါပဲ စီးရတာပေါ့။
ဒါနဲ့ပဲ ထိုင်းမှာရှိတဲ့ အဲဒီ အေးဂျင့်ရဲ့ မိတ်ဆွေက လေယာဉ်လက်မှတ် လာပေးတော့ ဗမာပြည် ပြန်ရောက်လာ တယ်။ အာ - ဗမာပြည်ပြန်ရောက်ပြန်တော့ မင်း အလုပ်သွားလုပ်တာ ဘယ်မှာလဲ အခွန်ဆောင်ထားတဲ့စာရွက် တဲ့ မေးပြန် ရော။ အစ်ကို၊ ကျွန်တော် အလုပ်မလုပ်ခဲ့ရဘူး။ အဆင်မပြေလို့ ပြန်လာတာ ဆိုတော့ မဟုတ်ဘူးလေကွာ မင်းဟာက သုံးလ တောင်ကျော်သွားပြီ။ ဒီတော့ သူတို့ကို ရှင်းပြရတာပေါ့။ ဒီလိုဒီလိုပဲ အစ်ကို ကျွန်တော် ဒုက္ခရောက်ပြီးပြန်လာတာ။ စားစရာတောင် မရှိတော့ဘူး ဆိုတော့မှ သူတို့က ဟုတ်ပါပြီ ဟုတ်ပါပြီ ဆိုပြီး ၀င်လို့ရတော့တယ်။
တကယ်ပါပဲ။ အေးဂျင့်က လာလဲ မကြိုပါဘူးဗျာ။ အဲဒါနဲ့ တက္ကစီငှား၊ ကျွန်တော်နေခဲ့တဲ့ တောင်ဒဂုံကိုပြန်တာပေါ့။ အိမ်ရောက်မှ အိမ်ကိုနှိုးပြီး တက္ကစီခ ပေးရတယ်။ အဲဒီညကတော့ မအိပ်ပဲ တစ်ညလုံး ရင်ဖွင့်ခန်းပေါ့ဗျာ။
နောက်နေ့ကျတော့ ကျွန်တော် ဒေါနဲ့မောနဲ့ အေးဂျင့်ကို သွားတွေ့တယ်။ အေးဂျင့်ကတော့ ထုံးစံအတိုင်းပေါ့ဗျာ။ ဟန့်ကို ကျလို့။ ဟာ - ဘာမှ မပူနဲ့ အားလုံးလုပ်ပေးမယ်။ ကျွန်တော့်သားနဲ့ သူဌေးနဲ့ ပြဿနာလေး နည်းနည်းရှိလို့။ အားလုံး ဖြစ်စေရမယ်။ ခင်ဗျားတို့ပိုက်ဆံတွေ အားလုံးပြန်ရရစေ့မယ်။ ဒီတော့ ကျွန်တော်လည်း စိတ်တိုတိုနဲ့ ခင်ဗျားကသာ ဘာမှ မပူနဲ့ပြောနေ။ ကျုပ်မှာ ဒုက္ခပေါင်းစုံနဲ့ ပြန်လာရပြီ။ ခင်ဗျားသိရဲ့လား ဆိုတော့ အေးပါဗျာ၊ ကျွန်တော့အမှားအတွက် တောင်းပန်ပါတယ်။ အားလုံး ပြန်ပေးမယ်၊ ခုလိုချင် ခုပြန်ပေးမယ် တဲ့။ ဒါဆိုလည်း ပေးဗျာ။ ကျွန်တော့်ပိုက်ဆံ ခုပြန်လိုချင် တယ်။
အဲတော့ ဖြစ်ပြန်ရော။ အဲလိုတော့ မလုပ်နဲ့လေဗျာ။ ကျွန်တော့်ကို အချိန်နည်းနည်းပေး။ အားလုံးပြန်ပေးမယ်။ နောက်နေ့လာခဲ့ တဲ့။ သွားရတာဗျာ။ အခေါက်ခေါက် အခါခါ။ ပိုက်ဆံလေး ဆယ်သိန်းကို။ နည်းနည်းချင်း ခွဲခွဲပေးနေလိုက် တာ။ ဘယ်လောက်ပြန်ရမှန်းတောင် မသိတော့ဘူး။ ဆယ်သိန်းတော့ အပြည့်ပြန်မရဘူး။ ကျွန်တော့်မှာ အချိန်လဲကုန်။ လူလည်းပင်ပန်း။ လမ်းစရိတ်လဲကုန်။
ကျွန်တော်ကလည်း မျက်နှာပြောင်တိုက်ပြီး မိုးလင်းကမိုးချုပ်ထိ သူတို့ရုံးခန်းရှေ့ သွားထိုင်စောင့်တာပဲ။ တစ်ခါ တလေ ဟာ ညီလေး၊ ဟိုမှာ ပိုက်ဆံလေး ရစရာရှိလို့၊ ခဏစောင့်၊ ပြန်လာရင် ပေးမယ် ပြောပြီး ထွက်သွားလိုက်တာ မိုးချုပ် လို့ ကျွန်တော်ပြန်လာတဲ့ထိ တစ်နေကုန် ပြန်မရောက်လာဘူး။ တစ်ခါတလေလည်း ကွာ - ငါ ဒီနေ့ အလုပ်နည်းနည်း ရှုပ်နေတယ်ကွာ၊ နောက်နေ့မှ လာခဲ့ နဲ့ အမျိုးမျိုး လှည့်ပတ်ပြောနေတာ။ ပိုက်ဆံလေး ဆယ်သိန်းပြန်ရဘို့ ရက်ပေါင်း အတော်ကြာကြာ့ကို သွားစောင့်ယူရတယ်။
အဲဒီရုံးခန်းရှေ့မှာ ကျွန်တော့လို ပိုက်ဆံပြန်လာတောင်းတဲ့သူတွေလည်း မနည်းဘူးဗျို့။ ကျွန်တော်နဲ့ ထိုင်းမှာတုံး က အတူနေခဲ့ရတဲ့ ဂျပန်သွားမယ် ဆိုတဲ့ကောင်လေးပါ ပြန်တွေ့ရတယ်။ သူလည်း ခုထိ ပိုက်ဆံ အကြေမရသေးလို့ နေ့တိုင်း လာနေရတာပဲ။ စဉ်းစားသာကြည့်တော့ အစ်ကိုရေ။ ဒီကောင်တွေလည်း စိတ်ကမရှည်တော့လို့ တရားတွေ ဘာတွေ စွဲသေးတယ်။ လူတွေလည်း စိတ်ဓါတ်ပိုင်းဆိုင်ရာတွေ အတော်ကို ပျက်စီးသွားခဲ့တယ်။
အဲဒီမှာ အဆိုးဆုံးက ကျွန်တော့် ပညာရေးဆိုင်ရာ လက်မှတ်တွေ အကုန်ပျောက်ကုန်တာပဲ။ လူက ဗမာပြည် ကနေ ထိုင်း၊ ထိုင်းကနေ မလေးရှား။ တစ်ခါ မလေးရှားမှာတင် လေယာဉ်ကွင်းမှာ သောင်တင်ပြီး ထိုင်းကို ပြန်လာရ ဆိုတော့ ကျွန်တော့ Luggage လည်း ဘယ်မှာ ကျန်ခဲ့မှန်းကို မသိတော့ဘူး။ အ၀တ်အစား၊ စာရွက်စာတမ်း စသဖြင့် အားလုံး ပျောက်ကုန်ပြီး အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဗမာပြည် ပြန်ရောက်လာတာ။
မလေးရှားကို ထွက်သွားတာ ၂၀၀၃ ခုနှစ် ၁၁ လပိုင်း။ ဗမာပြည် ပြန်ရောက်လာတော့ ၂၀၀၄ ခုနှစ် ၁ လပိုင်း။

ကျွန်တော့မှာက မလေးရှားသွားတုံးက ဟိုလေယာဉ် ပြောင်းလိုက်၊ ဒီလေယာဉ် ပြောင်းလိုက်နဲ့ certificate တွေ အားလုံး ပျောက်ကုန်တယ်။ ဒါနဲ့ မြန်မာပြည် ပြန်ရောက်တော့ အဲဒီလက်မှတ်တွေ အသစ်ပြန်လုပ်မယ် ပေါ့။
ဆိုပြီး နတ်မောက် စက်မှု အ.ထ.က ကို သွားတယ်။ သိပ္ပံနဲ့ နည်းပညာဌာန ပေါ့။ အဲမှာဗျာ၊ နတ်မောက် စက်မှု ကျောင်းကြီး ပျောက်ပြီး ကွန်ပြူတာ တက္ကသိုလ်ကြီး ဖြစ်နေတယ်။ ကျွန်တော် သွားမေးတော့လည်း ဘယ်သူမှ ရေရေရာရာ မဖြေနိုင်ကြ ဘူး။ ဒါနဲ့ အဲဒီက နေပြည်တော် သွားစုံစမ်း ဆိုလို့ နေပြည်တော်က သိပ္ပံနဲ့ နည်းပညာဌာန သွား စုံစမ်းပြန်တော့ ဟာ၊ ဒီမှာ ဘယ်ရှိမလဲကွ။ မင်းတို့ တက်ခဲ့တဲ့ ကျောင်းသွား စုံစမ်းမှ ရမှာပေါ့ တဲ့။ ပြီးပါလေရော။ ဒါနဲ့ပဲ T.H.S Certificate ကို လက်လျှော့လိုက်ရတယ်။ ဘယ်လိုက်ရမှန်း မသိတော့ဘူး။
ဒါနဲ့ မဖြစ်သေးပါဘူး ဆိုပြီး ကိုယ်တက်ခဲ့တဲ့ အင်းစိန် G.T.I က လက်မှတ်ကလေး သွားယူမယ် ဆိုပြီး သွားတာ
အောင်မယ်လေးဗျာ။ အင်းစိန် G.T.I က ဘ၀ပြောင်းသွားပြီး စည်ပင်ရုံးကြီး ဖြစ်နေပါရော့။ ကိုင်း မှတ်ဟဲ့ လို့။ ကျွန်တော့် မှာ T.H.S Certificate ရှာတုံးက အတွေ့အကြုံ ရထားတော့ သူတို့ကို ဘာမှ မေးမနေတော့ဘူး။ အသာလေး ကုတ်ကုတ် ကလေး နောက်ဆုတ်ပြန်ခဲ့ရတယ်။ မော်လမြိုင်သွားမယ် ကြံပြန်တော့ မော်လမြိုင် စက်မှု အ.ထ.က က ဘာတဲ့ G.T.C ထင်တယ်။ ဖြစ်နေတယ်။ ဒါနဲ့ ကျွန်တော်လည်း သွားလည်း ထူးမှာ မဟုတ်မှန်း သိနေတာနဲ့ မသွားတော့ပါဘူး။ အားလုံး လက်လျှော့ လိုက်တော့တယ်။ ကျွန်တော့် ဘ၀ကြီးကတော့ ဆိုးကို ဆိုးပါတယ်ဗျာ။

၁၊ ၃။ ဘရူနိုင်းမှာ တစ်နှစ်ခွဲကြာ

အဲ နောက်ပိုင်းတော့ ကျွန်တော် ကုန်သည် ပြန်ဖြစ်သွားတယ်။ အစ်မတို့က ပဲခူးကနေ ထင်းပို့။ ကျွန်တော်က ရန်ကုန်မှာ ၀ယ်လက်ရှာပြီး ဖြန့် ပေါ့။ ရန်ကုန်နဲ့ ပဲခူး ကူးချည်သန်းချည်၊ ခေါက်တုံ့ခေါက်ပြန် သွားနေရတယ်။ တခါတလေ လဲ တောထဲဝင်ပြီး ပစ္စည်းရှာရတယ်။ ဒါပေမဲ့လည်း ကုန်သည် အစစ်လို့ မဟုတ်ပါဘူးဗျာ။ ကိုယ့်ဟာကိုယ် ဘာလုပ်လို့ လုပ်နေမှန်းတောင် မသိပါဘူး။
အဲလို ရှောက်လုပ်နေရင်း တစ်နေ့တော့ ကျွန်တော်နဲ့အတူတူ ပြည် စက်မှု အ.ထ.က မှာတက်ခဲ့တဲ့ သူငယ်ချင်းရဲ့ အမေနဲ့ မမျှော်လင့်ဘဲ သွားတွေ့တယ်။ သူတို့မိသားစုနဲ့ ကျွန်တော်နဲ့က တော်တော်ရင်းနှီးတယ်။ ဘာလို့လဲ ဆိုတော့ ကျောင်းတက်ရင်းနဲ့ သူတို့အိမ် ၀င်ထွက် သွားလာ စားခဲ့သောက်ခဲ့ကြ တာကိုး။ တွေ့တော့ သူက သားသူငယ်ချင်း ဘရူနိုင်း ရောက်နေတယ်။ လိုက်သွားမလား။ သွားမယ်ဆို ငါ မေးပေးမယ်။ သူ့ကို ဘရူနိုင်းရောက်အောင် ပို့ပေးတဲ့ ဦးလေး ရှိတယ် လို့ပြောတယ်။ ကျွန်တော်ကလည်း သွားမယ် ပေါ့။
နောက် အဲဒီ ဦးလေးနဲ့တွေ့တယ်။ သူက မင်း ဘူဒိုဇာ(Bulldozer) တို့၊ အိတ်စ်ကာ ဗေတာ(Excavator) တို့ ပြင်တတ်လား တဲ့မေးတယ်။ ကျွန်တော်ကလည်း အမှန်အတိုင်းပဲ ဟာ၊ ဘယ်ပြင်တတ်မလဲ ဦးလေး၊ ကျွန်တော်က အင်ဂျင် အသေးစားတွေပဲ ပြင်ဖူးတာ။ အဲသည် စက်ကြီးအတွေ့အကြုံတော့ မရှိဘူး ပေါ့။ ဒါပေမဲ့ အဲသည် ဦးလေးက မင်းကွာ၊ သင်ရင်တတ်ပါတယ်။ အင်ဂျင်ချင်း အတူတူပဲ။ ကျွန်တော်ကလည်း ဟုတ်ပါ့မလားဦးလေး။ အဆင်မပြေရင် ပြဿနာ တက်မယ် ဆိုတော့ သူက ဟာ၊ ဟေ့ကောင်၊ ဘာမှ မကြောက်နဲ့၊ ဖြစ်တယ် တဲ့။ အတင်းပဲ။ ကျွန်တော်ကလည်း ကိုင်း၊ ဒါဆို သွားမယ်ဗျာ ဆိုပြီး ဘရူနိုင်းသွားဘို့ လုပ်ပြန်ရော။
အဲဒီ ပုဂ္ဂိုလ်ကို အေးဂျင့်ဖီး ၆ သိန်းခွဲ၊ ၇ သိန်း ပေးရတယ်။ လေယာဉ်လက်မှတ်က ကိုယ့်ဟာကိုယ် ၀ယ်ရတယ်။ လက်မှတ်ခက သုံးသိန်းကျော် ဆိုတော့ စုစုပေါင်း ဆယ်သိန်းပါပဲ။ မထူးပါဘူး။
ဘရူနိုင်းသွားတော့ ၂၀၀၅ ဖေဖော်ဝါရီလမှာ။ တစ်ယောက်ထဲ သွားတာပဲ။ လူကသာ ဘာမှ မဟုတ်တာ။ ဒါပေမဲ့ ရန်ကုန် လေယာဉ်ကွင်းက အထွက်မှာဘဲ ဘီအီးနဲ့ ကျောင်းပြီးတဲ့ ကိုသိန်းဇော် နဲ့ တွေ့တယ်။ သူကလည်း တစ်ယောက် ထည်း။ စကားပြောကြ ဆိုကြရင်းနဲ့ အသိဖြစ်သွားတာ။ ဆိုတော့ သူ့ကို မေးကြည့်တယ်။ ကျွန်တော်တို့ ဘယ်လိုသွားရမှာ လဲ ဆိုတော့ ဘန်ကောက် ထရန်စစ်(transit) ပေါ့ကွာတဲ့။ ဟုတ်လား လို့။ သူက ဘန်ကောက်မှာ ငါတို့ ညအိပ်ရမှာကွ။ တို့နှစ်ယောက်ဆိုတော့ အဆင်ပြေတာပေါ့ကွာ။ မင်းလည်း အဖော်ရ၊ ငါလည်း အဖော်ရ။ တစ်ယောက်တစ်လှည့် အိပ်လို့ ရတယ်။ မဟုတ်ရင် အထုပ်တွေ လူခိုးမှာ စိုးရတယ် လို့ပြောတယ်။
ဒါနဲ့ တိုတိုပြောရရင် ဘရူနိုင်းရောက်သွားရော ပြောပါတော့ဗျာ။ လေယာဉ်ကွင်းက ထွက်ကတည်းက သူနဲ့ တစ်ခါ မှ ပြန်မတွေ့တော့ဘူး။
လေယာဉ်ကွင်းရောက်တော့ အဲဒီကဦးလေး လာကြိုတယ်။ သူတို့က အဲဒီကအကြိုက် လက်ဆောင်တွေ၊ ဥပမာ ကျောက်စိမ်းတို့ စသဖြင့် ၀ယ်ဝယ်ပြီး ပေးလေ့ ရှိတယ် ဆိုတော့ ဘာမှ ပြောစရာမလိုဘူး။ အားလုံး အဆင်ပြေတယ်။ ကျွန်တော်ကလည်း အတွေ့အကြုံရှိပြီးသား ဆိုတော့ အစစအရာရာ သတိနဲ့ပေါ့။
ရောက်ရောက်ချင်း ညမှာတော့ သူငယ်ချင်းနဲ့ အတူတူ သွားအိပ်တယ်။ သူတို့ကို သူဌေးက အိမ်တစ်လုံးလုံး ငှားပေးထားတာ ဆိုတော့ နေရတာ အရမ်းအဆင်ပြေကြတယ်။ နောက်နေ့ကျတော့ အဲဒီဦးကပဲ လာခေါ်ပြီး ကျွန်တော် အလုပ်လုပ်ရမဲ့ နေရာက မန်နေဂျာနဲ့ တွေ့ပေးတယ်။ မန်နေဂျာက ကျွန်တော့်ကို ခေါ်သွားပြီး နေရထိုင်ရမဲ့ နေရာ၊ အလုပ် လုပ်ရမဲ့နေရာတွေ လိုက်ပြတယ်။ လုပ်ရမှာက သစ်စက်မှာ လုပ်ရမှာ။ သစ်စက်က မြို့နဲ့ဆို ၄၅ မိနစ်လောက် မောင်းရ တယ်။
ကျွန်တော်လုပ်ရမဲ့ သစ်စက်က စွန်ကိုင်မောင်းသစ်စက်တဲ့။ အဲဒီသစ်စက်မှာ ကျွန်တော့်အရင် ရောက်နှင့်နေတဲ့ မြန်မာတစ်ယောက်လဲ ရှိသေးတယ်။ ကိုလှတိုး တဲ့။ အမှန်ကတော့ သူက စိုက်ပျိုးရေးနဲ့လာတာ။ ဒါပေမဲ့ သူက welding (ဂဟေ) ဆော်တတ်လို့ သူ့ကို သစ်စက်မှာ ခေါ်ထားလိုက်တယ်။ သူနဲ့အတူလာတဲ့သူတွေကတော့ စိုက်ပျိုးရေးကို သွားကြ ရတယ်။
နောက်နေ့ကျတော့ စူပါဗိုက်ဆာက အလုပ်ထဲလိုက်ပြပြီး ဒါတွေဒါတွေ လုပ်ဖို့ရှိတယ်။ မင်းဘာတွေ လုပ်နိုင်လဲ ပေါ့။ သစ်စက်မှာ ကတော့ သိပ်လုပ်စရာမရှိဘူး။ အဓိက က သစ်ထုတ်လုပ်ရေး ဆိုတော့ စက်တွေ ပြင်ဘို့ တောထဲကို နေ့တဒူဝ (နိစ္စဒူဝ) သွားရတယ်။ ဟိုမှာ Excavator(မြေတူးစက်), Wheel Loader(သစ်လုံးတင်စက်), Bulldozer (မြေကော်စက်) စတာတွေ ပြင်ရတယ်။ နောက်တော့ အဲဒီ ကုမ္ပဏီကပဲ နောက်သစ်စက်တစ်ခုကို ပြောင်းလုပ်ရ တယ်။ လားမိုးနင်းတဲ့။ အဲဒီသစ်စက်မှာ တော့ ကျွန်တော်ပြန်လာတဲ့ထိ လုပ်ခဲ့ရတယ်။
လုပ်ရတာ ဆိုးတော့ မဆိုးပါဘူး။ ဒါပေမဲ့ စင်ကာပူမှာဆို Safety Shoe (ဘွတ်ဖိနပ်) ထုတ်ပေးတယ်။ ဒါပေမဲ့ ဟိုမှာကတော့ ကိုယ့်ဟာကိုယ် ၀ယ်မှ ရမယ်။ ကုမ္ပဏီက မပေးဘူး။ အဲဒီမှာ ကျွန်တော်တို့ ၀ယ်စီးကြတာက ရာဘာရှုးတွေ ပေါ့။ အလုပ်လုပ်ရင် စီးတာပေါ့။ ၄ ကျပ်ခွဲ၊ ၅ ကျပ် ပေးရတယ်။ အဲဒီကောင်တွေကျတော့ ခွာပါတော့ တောတွေ တောင် တွေ တက်လို့ကောင်းတယ်။ ရေလဲသိပ်မနူးဘူး။
တောထဲ နေ့တိုင်းတက်နေရတာ ဆိုတော့ တောတက်ခါနီးရင် ထမင်းထုပ်ဝယ်၊ အအေးဝယ်၊ မုံ့ဝယ် စသဖြင့် စားစရာ သောက်စရာတွေဝယ်ပြီး နေ့တိုင်း တောတက်ရတာပဲ။ ည မိုးချုပ်တော့ပြန်လာ။ ည ၉ နာရီလောက်မှ ပြန် ရောက်တယ်။ ကျွန်တော်နဲ့ ဖဦးထုပ်(ဖိလစ်ပင်း) နဲ့ တွဲလုပ်ရတုံးကဆို ကိုယ့်မြန်မာချင်းတွေ့လို့ စကားပြောရင် မကြိုက်ဖူး။ သူက သူ့အတင်းပြောတယ်ဘဲ အောက်မေ့နေ တာ။ ကျွန်တော်တို့ စကားပြောနေပြီဆို ဟေ့ကောင်တွေ၊ အလုပ်ချိန်မှာ စကားမပြောရဘူး ဆိုပြီး အတင်းလာမောင်းထုတ် တော့တာပဲ။
တောထဲမှာ ပြဿနာ ပေါင်းစုံပါပဲ အစ်ကိုရာ။ ကိုယ်ယူသွားတဲ့ ပစ္စည်းနဲ့ ဟိုက ပျက်နေတာနဲ့ မကိုက်ရင် ပြန်လာ ယူရ။ မိုးရွာရင် ပိုဆိုးသေးတယ်။ မိုးရွာလို့ လမ်းတွေပျက်တော့ ကျွန်တော် တို့ စီးလာတဲ့ 4Wheel Drive ကားလေးဟာ ငယ်သံပါအောင့်ကို အော်ပြီး ရုန်းရတာပဲ။ အိတ်ဇောက ပူပြီး ပြတ်ထွက်။ ကားချည်းပဲ မရုန်းနိုင်ရင် လူပါ ဆင်းတွန်း။ ကားလဲ ဗွက်နစ်။ လူလဲ ဗွက်နစ်။ ကားအောက်ဝင်ပြီး ရွှံ့စေးတွေ ယက်ထုတ်ရ တာ အစ်ကိုရေ၊ လူတွေဆိုတာ လူရုပ် မပေါ်တော့ဘူး။ ဘုရားစူးရပါစေရဲ့။ ဗမာပြည်တုံးကတောင် ကျွန်တော် အဲလောက် မလုပ်ခဲ့ရဖူးဘူး။
တစ်ခါတလေ ဟဲဗီးပြင်ရတာတွေဆို အရမ်းစိတ်ညစ်ဖို့ ကောင်းတယ်။ ဘာလုပ်လို့ လုပ်ရမှန်းကို မသိဘူး။ အထူး သဖြင့် ထရက် (track - ချိန်းကြိုး) ကြီးတွေ ပျက်လို့ပြင်ရင် အရမ်းပင်ပန်းတာပဲ။ အလုပ်သမားတွေထဲမှာ မလေး၊ ဖိလစ်ပင်း၊ အိန္ဒိယ၊ ဘင်္ဂလား စသဖြင့် လူမျိုးစုံ ရှိတယ်။ ဘရူနိုင်း နိုင်ငံသားက အုပ်ချုပ်ရေးပိုင်းနဲ့ ရုံးပိုင်းတွေမှာပဲ ရှိတယ်။ အောက်ခြေ အလုပ်ကြမ်းလုပ်ရတဲ့ နေရာတွေမှာဆို ဘရူနိုင်း နိုင်ငံသားရယ်လို့ မတွေ့ခဲ့ရဘူး။ စိုက်ပျိုးရေးနဲ့တခြား အလုပ်ကြမ်းတွေမှာ နိုင်ငံခြားသားတွေ ငှားသုံးကြတယ်။
မိုးအရမ်းများလို့ ရေတွေကြီးပြီး မပြန်နိုင်တဲ့ အခါတွေမှာဆို တောထဲက သစ်ထုတ်လုပ်ရေးဝန်ထမ်းတွေ နေတဲ့ camp တွေမှာဘဲ အိပ်ရတယ်။ အဲဒီအခါ တောဟင်းတောကျွေး၊ ကိုယ်တစ်ခါမှ မစားဘူးတဲ့ ပါကစ်တို့၊ ကလင်းကစ်တို့ စတဲ့ အသီးအရွက်တွေ။ နောက်ပြီး တောဝက်တွေလည်း ကားနဲ့ လိုက်ကြတယ်။ ရရင် အကောင်လိုက် မီးကင်စားတယ်။ ပျော်ဘို့တော့ အကောင်းသားပေါ့။ ဒါပေမဲ့ လခထုတ်တဲ့အခါ စိတ်ညစ်စရာ ကောင်းတယ် အစ်ကိုရာ။
လခက နည်းတယ်။ အစကတော့ ၆၀၀ ပေးမယ်ဆိုပြီး ခေါ်လာတာပဲ။ ဒါပေမဲ့ ကိုယ်က သူတို့စက်တွေကို နိုင်နိုင် နင်းနင်း မကိုင်နိုင်တော့ ၄၅၀ ပဲပေးတယ်။ ဟုတ်တယ်။ ဘရူနိုင်းဒေါ်လာနဲ့ စင်ကာပူဒေါ်လာ မကွာဘူး။ အတူတူပဲ။ အပို ကြေးအနေနဲ့ကတော့ သစ်လုံးတစ်တန်ထုတ်ရင် ပြား ၃၀၊ ငါးမူး စသဖြင့် ပေးတယ်။ ဒါပေမဲ့ ဘာမှ မထူးပါဘူး အစ်ကိုရာ။ (မှတ်ချက်။ ၂၀၀၇ ဇူလိုင်လ စင်ကာပူ တစ်ဒေါ်လာ ပေါက်ဈေးမှာ မြန်မာငွေ ၈၅၀ ကျပ် ဖြစ်ပါသည်။)
အိမ်ကို တစ်ခါငွေပို့မှ တစ်သိန်း၊ တစ်သိန်းခွဲလောက်ပဲ ပို့နိုင်တယ်။ ဘာမှ မဖြစ်လောက်ပါဘူး အစ်ကိုရာ။ ပို့တဲ့ငွေ ကလည်း အိမ်အသုံးစရိတ်တောင် မကာမိပါဘူး။ ကျွန်တော် ဘရူနိုင်းမှာ တစ်နှစ်နဲ့ ခုနစ်လကြာခဲ့တယ်။ ဒါပေမဲ့ ပိုက်ဆံ မစုမိခဲ့ဘူး။ လခကလည်း သိပ်မရ။ ပင်ပန်းလို့ ကျွန်တော်တို့ စားသောက်ကြတာနဲ့ ကုန်တာပဲ။ တနင်္ဂနွေပိတ်ရက်တွေဆို လျှောက်လည်၊ စားကြသောက်ကြ။ သုံးကြ စွဲကြပေါ့။ ဒါပေမဲ့ ဘရူနိုင်းက လည်စရာ သိပ်မရှိဘူး။ လျှောက်သွားလည်စရာ မြို့တော် တစ်ခုပဲ ရှိတာကိုး။
သူတို့က နေဘို့ထိုင်ဘို့ စီစဉ်ပေးထားတာ ဆိုတော့ နေစရိတ်တော့ မကုန်ဘူးပေါ့။ ကောင်းတာက သူတို့ဆီမှာ အရက်လုံးဝ ရောင်းခွင့်မပြုဘူး။ မလေးရှားက လာတဲ့သူတွေကိုတော့ အရက် တစ်လုံးထင်တယ်၊ ဘီယာက တစ်ကဒ် ၆ ဗူး၊ စသဖြင့် သယ်ခွင့်ပြုတယ်။ အရင်ကတော့ တစ်နေ့ကို လေးငါးခြောက်ခါ ၀င်ပြီး ၀င်တိုင်း အရက်ဝယ်လာ၊ ပြန်ရောင်း စသဖြင့် လုပ်ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ အဲလိုလုပ်လို့ မရတော့ဘူး။ တစ်နေ့ကို တစ်ခါပဲ အရက်၊ ဘီယာ သယ်ခွင့် ပြုတော့တယ်။
ဘရူနိုင်းမှာ သိပ်အဆင်မပြေတော့ စင်ကာပူကို လာဘို့ ကျွန်တော် ပိုက်ဆံစုတယ်။ ၆ လလောက် စုလို့ လက်ထဲ မှာ တစ်ထောင်ကျော်လောက် ရလာတော့ သူဌေးကို သွားပြောတယ်။ ငါ ဒီမှာလုပ်ရတာ မပျော်တော့ဘူး။ အိမ်ကလည်း ပြန်ခေါ်နေပြီ။ ဒီတော့ ငါ ပြန်ချင်တယ် ပေါ့။ တစ်ခုကောင်းတာက ပတ်စ်ပို့က ကျွန်တော့ လက်ထဲမှာ။ သူတို့ ကိုယ်နှိုက်က ကျွန်တော့်ကို မေ့နေတယ်။ အနို့ တောထဲမှာပဲ အမြဲနေပြီး ရုံးနဲ့ အဆက်ပြတ်နေတာကိုး။
နောက်ပြီး စင်ကာပူဗီဇာပြေးယူထားလိုက်တယ်။ ဗီဇာလျှောက်ရတာတော့ သိပ်မခဲယဉ်းဘူးဗျ။ ပတ်စ်ပို့ မူရင်းနဲ့ ဓါတ်ပုံကပ်ပြီး တင်လိုက်တာနဲ့ ရတာပဲ။ တစ်ကြောင်းသွား Single Journey ပေါ့။ ဗီဇာရတော့မှ အလုပ်ထွက်ခွင့် သွား တောင်းတာ။ တောင်းတော့ သူတို့က ဟာ - မင်းအလုပ်ထွက်တော့မလား။ ဘယ်တော့ ထွက်မလဲ စသဖြင့် မေးတယ်။ ငါ - ဒီလကုန်ရင် ပြန်တော့မယ် လို့ ပြောလိုက်တယ်။
အဲဒီလိုနဲ့ ၂၀၀၇ ဇူလိုင်လမှာ စင်ကာပူကို ၀င်လာခဲ့တယ်။ စင်ကာပူမထွက်လာခင် စင်ကာပူမှာ အလုပ်လုပ်နေ တဲ့ GTI တက်ခဲ့တုံးက သူငယ်ချင်းနဲ့ ကြိုပြီးချိတ်ထားရတာပေါ့။ ပထမ သူ့မိန်းမ နဲ့ အဆက်အသွယ်ရတယ်။ သူ့မိန်းမက ဖုံးနံပါတ်တွေ ဘာတွေပေးလို့ သူနဲ့ အဆက်အသွယ်ရတာ။
ဘရူနိုင်းကထွက်လာတော့ နှစ်ယောက်။ နောက်တစ်ယောက်က ကျွန်တော့်ထက် ပိုဆိုးတယ်။ သူက ရည်ရွယ်ချက်ကြီးနဲ့ ထွက်လာတာ။ သူဆိုရင် ရန်ကုန်မှာ ကိုယ်ပိုင် အဲယားကွန်းပြင်ဆိုင် ဖွင့်ထားတာ။ သူက သူ့ဆိုင်ကို တိုးချဲ့ချင်တယ်။ ဟန်းဖုံးလေး ဘာလေး ကိုင်ချင်တယ်။ စီးပွားရေးလုပ်ငန်းကို အရင်းအနှီး များများနဲ့ ကြီးကြီးကျယ်ကျယ် လုပ်ချင်တယ်။ ဒီတော့ နိုင်ငံခြားထွက်ပြီး ငွေရှာမယ်ပေါ့။ သူဆိုရင်နော် အဲယားကွန်း ကောင်းကောင်းကိုင်နိုင်တယ်။ တကယ့် Technician ပဲ။ အဲဒါ ဒီရောက်တော့ General Worker တဲ့။ ပြီးရော အဲဒါ။ သူ့ခမျာ မြက်ရိတ်လို ရိတ်ရ၊ ကားရေဆေးလိုဆေးရ နဲ့ အတော် စိတ်မကောင်းစရာပါဘဲ အစ်ကိုရာ။ အဲယားကွန်းတော့ ပြင်ရပါတယ်။ ဒါပေမဲ့ အကုန် လုပ်ရတယ်။
ဒီလိုနဲ့ စင်ကာပူ ရောက်ကရောဆိုပါတော့။ လေယာဉ်က ဗမာပြည်သွားမဲ့ လေယာဉ်။ စင်ကာပူ transit။ အဲတော့ တစ်ခါ ပြဿနာတက်ပြန်ရော။ ကျွန်တော်က ခပ်တည်တည် နဲ့ ဗမာပြည်မပြန်ဘဲ စင်ကာပူထဲ ၀င်ချလာတယ်။ အတူ ပါလာတဲ့ အဲ ဟို ပုဂ္ဂိုလ်က ဗမာပြည်သွားမဲ့ လေယာဉ်စီးဘို့ ဆက်သွားတယ်ပေါ့။ အဲသည်မှာ လေဆိပ်က သူ့ကို မင်းနဲ့ အတူတူလာတဲ့ကောင် ဘယ်မလဲ။ သူမပါဘဲ ငါတို့ လေယာဉ် ထွက်လို့မရဘူး ဖြစ်ကရော။ သူကလည်း ဘာမှ မသိတော့ အာ၊ သူ ငါ့ရှေ့က ၀င်သွားတာပဲ။ ငါလဲ မသိဘူး ဆိုပြီး ဟိုရှာ၊ ဒီရှာပေါ့။ နောက်မှ immigration မှာ သွားမေးကြလို့ ကျွန်တော် စင်ကာပူထဲ ၀င်သွားတာ သိရတယ်။ အဲဒီတော့မှ လေယာဉ် ထွက်ရတော့တယ် လို့ ပြောတယ်။
ကျွန်တော့်တစ်ယောက်အတွက်နဲ့ လေယာဉ် ထွက်ချိန် တော်တော် နောက်ကျ သွားရတယ် တဲ့။ သူ ရန်ကုန် ပြန်ရောက်မှ ကျွန်တော့်ကို ပြန်ပြောပြတာ။ အနို့ ကျွန်တော် ကလည်း သိမှမသိဘဲကိုး။ နောက်ပြီး တစ်ခေါက်မှ မရောက်ဖူးသေးတဲ့ စင်ကာပူကို တစ်ယောက်ထဲ ၀င်လာရမှာ ဆိုတော့ ကြောက်နေတာလဲ ပါတာပေါ့။ ဒီတော့ သူတို့ကို ပြောဘို့သတိမရနိုင်ဘူး။

၁၊ ၄။ ရည်ရွယ်ရာ ခရီးသို့ ရောက်ရှိခြင်း

စင်ကာပူကို ၀င်လာရတာ ကျွန်တော့်အဖို့တော့ တကယ့် စွန့်စားခန်းကြီးပေါ့ အစ်ကိုရာ။ အရမ်း မ၀င်ရဲသေးဘူး။ သူများတွေ လုပ်တာကို နောက်ဘက် ခပ်လှမ်းလှမ်းကနေ အရိပ်အခြည် ကြည့်နေရတယ်။ သူတို့တွေ ဘာတွေလုပ်လို့ ဘယ်လို ၀င်သွားကြသလဲ။ ဘယ်အပေါက်က အရာရှိကတော့ သဘောကောင်းပုံ ရသလဲ။ ဘယ်ဘက်က ၀င်ရင် ပို အဆင်ပြေနိုင်မလဲ ပေါ့။ အိတ်တစ်လုံးနဲ့ ဟိုဘက်လျှောက်လိုက်၊ သည်ဘက်လျှောက်လိုက်နဲ့။ လျှောက်ရင်းလည်း င့ါကို ဘယ်လိုမေးလာရင် ဘယ်လိုဖြေလိုက်မယ် လို့ ခေါင်းထဲမှာလည်း စကားလုံးတွေ စီနေရသေးတယ်။
အဲလိုနဲ့ သမ္ဗုဒ္ဓေရွတ်ပြီး ရင်တမမနဲ့ immigration ကို ဖြတ်။ သူတို့က ပတ်စ်ပို့လှန်ကြည့်ပြီး ဟ - မင်းက ဘရူနိုင်း မှာ အလုပ်လုပ်တာလား။ ဟုတ်တယ်။ ဘာလို့ ဒီကိုလာတာလဲ။ ဟာ- ဗမာပြည်အပြန် စင်ကာပူလည်း တစ်ခေါက်မှ မရောက်ဖူးသေးလို့ ၀င်လည်တာ။ သူငယ်ချင်းတွေလည်း ရှိတယ်။ အိမ်ပြန်လက်ဆောင် ပစ္စည်းလေး ဘာလေးလည်း ၀ယ်ချင်တယ်။ ဘရူနိုင်းမှာက ၀ယ်ရခြမ်းရ အဆင်မပြေဘူး ဘာညာ နဲ့ ရွှီးရတာပေါ့ အစ်ကိုရာ။ ဒါပေမဲ့ ရှောရှောရှူရှူပါပဲ။ ဒါဖြင့် မင်းဘယ်နှစ်ရက် လိုချင်လဲ ဆိုတော့ ရက် ၃၀ ပဲပေးပါ ပေါ့။
Immigration က အဆင်ပြေပြေ ချောချောမောမော နဲ့ ထွက်လာနိုင်ခဲ့တာ ၀မ်းသာလိုက်တာ အစ်ကိုရာ။ လူကို ဆွေ့ဆွေ့ခုန်နေတာပဲ။ အဲဒီနေရာဖြတ်ရမှာ ကျွန်တော် ရင်တွေပန်းတွေ အရမ်းတုန်နေတာကိုး။ အဆင်ပြေမှ ပြေပါ့မလား လို့။ ကျွန်တော်က စင်ကာပူကို ဟိုးအရင်ကတည်းက ၉၅ ခုနှစ်လောက်ကတည်းက လာချင်နေတာ။ အခု အဆင်ပြေပြေနဲ့ ၀င်ခွင့်ရလို့ အရမ်း ပျော်သွားတယ်။
နောက်တော့ သူငယ်ချင်းအိမ်ကို လိုက်သွား။ သူငယ်ချင်းအိမ်မှာပဲ နေပေါ့။ နေရင်းနဲ့ အလုပ်လိုက်ရှာ။ ကျွန်တော် က Mechanic အလုပ်လိုက်ရှာတယ်။ ရှာတော့ ခေါ်လိုက်ရင် ဟာ - ငါတို့က အတွေ့အကြုံရိတဲ့သူ လိုချင်တာကွ။ တချို့ ကျတော့လည်း ဟာ - ငါတို့က PR မှ ခေါ်တာကွ။ သူတို့လိုချင်တာက ကရိန်းကောင်းကောင်း ပြင်နိုင်တဲ့သူ။ ကိုယ် လုပ်တတ်တာက Wheel Loader ဆိုတော့ တလွဲစီ ဖြစ်နေတယ်။ ကိုယ်လုပ်တတ်တာနဲ့ သူတို့လိုချင်တာ အံမကိုက်ဘူး။
တစ်ခါ သင်္ဘောကျင်း သွားပြန်တော့လည်း ဟိုက်ဒြောလစ် လုပ်ဖူးလား။ ဟင့်အင်း ပေါ့။ အဲလိုနဲ့ ကိုယ့်အစွမ်း တော့ ကုန်ပြီ ဆိုပြီး အေးဂျင့်တွေဆီ ပြေးကပ်ရပြန်ရော။ မြန်မာအေးဂျင့်၊ စလုံး အေးဂျင့် အစုံပဲ။ အေးဂျင့်တွေဆီသွားတော့ အလုပ်အပ်တဲ့ အနေနဲ့ ပိုက်ဆံ ၅၀၀ စ တောင်းတယ်။ သူက စလုံးအေးဂျင့်နဲ့ တွဲလုပ်တာ။ ပင်နင်ဆူလာမှာ မဟုတ်ဖူး။ သူ့ လိပ်စာကဒ်တွေ ဘာတွေပေးလို့။ သူက အလုပ်တွေ ရှိတယ်။ မင်းကို S Pass တင်ပေးမယ်။ အနည်းဆုံး လခ ၁၈၀၀ ရမယ် တဲ့။ အောင်မယ်၊ အပြောကတော့ ချောလို့ဗျို့။ အဲဒီတော့ ကျွန်တော်က ဒီမှာ ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိနေတာပဲ။ အလုပ်သာ သေချာအောင် လုပ်ပါဗျာ။ ကျွန်တော် ပိုက်ဆံပေးပါ့မယ် ဆိုတော့ ဘာပြောတယ် မှတ်လဲ။
ဟေ့ကောင်။ မင်း ဒီပုံစံနဲ့ဆို S Pass ကျဘို့သိပ်မလွယ်ဘူးကွ။ ဘွဲ့လက်မှတ်တွေ ဘာတွေ လုပ်ပါလား တဲ့။ ဒီတော့ ကျွန်တော်က အာ၊ ကျွန်တော်က ဘွဲ့မှ မရခဲ့တာ လို့ပြန်ပြောလိုက်တယ်။ ဒါပေမဲ့ သူက လွယ်ပါတယ်ကွာ။ ငါလုပ် ပေးမယ်။ မင်း၊ နိုင်ငံခြားရေး ၀န်ကြီးရုံး တံဆိပ်တုံးတွေပါ ပါရမယ်ကွာ တဲ့။ ကျွန်တော်ကလည်း မလုပ်ပါနဲ့ဗျာ။ အဲဒါတွေ ကျွန်တော် မယုံပါဘူး။ ဒုက္ခရောက်မဲ့ ကိန်းပဲ လို့ အတင်းငြင်းတယ်။ သူကလည်း အတင်းပဲ မင်းကွာ၊ ဘာမှ ပြဿနာ မရှိဘူး။ ငါ အကုန်တာဝန်ယူတယ်။ အစစ်နဲ့ လုံးဝတူစေရမယ်။ အရင်လူတွေလည်း ဒီလိုပဲ ငါလုပ်ပေးလို့ S Pass ကျသွား တဲ့လူတွေ မနည်းတော့ဘူး ဆိုပြီး အတင်းပြောတယ်။
သူက အတင်းပြော။ ကျွန်တော်ကလည်း အတင်းငြင်း။ နောက် ဘယ်လိုမှ ပြောလို့မရတော့ သူ လက်လျှော့ သွားတယ်။ နောက်နေ့ကျတော့ ဖုံးဆက်လာပြန်ရော။ ဟေ့ကောင်၊ Amokio မှာ အင်တာဗျူးရှိတယ်။ သွားရအောင် ဆိုတော့ ကျွန်တော်ကလည်း ကောင်းပြီလေ၊ သွားတာပေါ့ ဆိုပြီး လိုက်သွားတယ်။ သူက ဟေ့ကောင်၊ မင်းက deposit မပေးထားတော့ တက္ကစီခတော့ မင်းပေးရမယ် တဲ့။ ကျွန်တော်ကလည်း ရတယ် ပေါ့။ ဘယ်ဗျာ၊ သူက ဘယ်ကနေတောင် စီးလာမှန်း မသိဘူး။ မနည်းပါဘူး။ ကျွန်တော် အားလုံးရှင်းပေးလိုက်ရတယ်။ တော်တော်လယ်တဲ့ သူတွေဗျာ။
အလုပ်က Warehouse ဗျ။ သူဌေးက မေးတယ်။ ဒီမှာ Drilling Machine တို့ ဘာတို့ ပြင်ရမယ်။ မင်း electrical ရော ရလားတဲ့။ ကျွန်တော်ကလည်း အမှန် အတိုင်းပဲ။ ကျွန်တော် mechanical ပဲ ရတယ်။ ဒါပေမဲ့ ဒီ စက်ထဲ ဘာတွေ ရှိတယ် ဆိုတာ ငါပြောပြမယ်။ ရမလား ဆိုတော့ သူက ရတယ်တဲ့ ပြောတယ်။ ဒီတော့ ကျွန်တော်လည်း အရင်က လေ့လာထားဖူး တာကိုး။ Drilling Machine တစ်လုံးကို ပြပြီး အထဲမှာ ဘာတွေရှိပြီး ဘယ်လိုဆင်ထားတယ် ဆိုတာ ပြောပြလိုက်တော့ သူ အတော်သဘောကျသွားတယ်။
ဒီတော့ သူကတစ်ခါ ကောင်းပြီ၊ မင်းကို ငါ့အင်ဂျင်နီယာနဲ့ ပေးတွေ့မယ် ဆိုပြီး သူ့ Maintenance Engineer ဆီ ခေါ်သွားတယ်။ အင်ဂျင်နီယာက မင်း ဒါတွေပြင်မယ်ဆို လုပ်နိုင်ပါ့မလား တဲ့။ ကျွန်တော်ကလည်း အကင်းပါးပါတယ်။ မင်း တို့ ပြင်တယ် ဆိုတာ ဖြုတ်လဲတာ မဟုတ်လား။ ငါ ကောင်းကောင်း လုပ်တတ်ပါတယ်ကွာ။ ဒါပေမဲ့ ငါက mechanical သမား ဆိုတော့ ဒီ မော်တာကြီးကို ဖီးကွိုင်တွေလောင်သွားလို့ ပြန်ပတ်ပေးပါဆိုရင်တော့ ငါ မလုပ်တတ်ဘူး ပေါ့။ ဒါပေမဲ့ မန်နေဂျာက ဒီလောက်သိရင် ရပါပြီကွာ။ မင်းလုပ်တတ်မယ်လို့ ငါယုံပါတယ်။ ငါ သူဌေးကို ပြောလိုက်မယ် တဲ့။
တော်ကြာတော့ အေးဂျင့်က မင်းကို ၁၂၀၀ ပေးမယ် ပြောတယ်။ မင်းလုပ်နိုင်ပါ့မလား မေးတော့ တက်လမ်းရော ရှိသလား ပေါ့။ ပြန်မေးလိုက်တယ်။ အဲဒီတော့ သူတို့က မင်းလုပ်ပုံကိုင်ပုံတွေ ငါတို့ စောင့်ကြည့်ရ ဦးမယ်။ တစ်လ၊ နှစ်လ လောက် ကြည့်ပြီးမှ မင်းလခကို ပြန်ညှိပေးမယ် ပေါ့။ နောက်တော့ သူဌေးက မင်း ဘယ်မှာနေမှာလဲ လို့ မေးပြန်တယ်။ အေးဂျင့်က အာ၊ သူ့မှာ နေစရာ ရှိတယ်။ သူ့ဟာသူ နေမှာ လို့ ပြောလိုက်တော့ သူဌေးက မင်း ဘယ်နေ့ စ အလုပ်ဆင်း နိုင်မလဲ တဲ့ မေးပြန်ရော။ ဒီတော့ ကျွန်တော်က တော်တော်နဲ့ ပြန်မဖြေနိုင်ဘူး။ အေးဂျင့်က ဟေ့ကောင်၊ မင်းကို မေးနေ တယ်လေ။ ဘယ်နေ့ စလုပ် နိုင်မလဲ တဲ့ အတင်းမေးတော့မှ ဟာ၊ ကျွန်တော် ဒီကို အလုပ်လာရှာတာပဲဗျ။ ဒီနေ့ခန့်ရင် ဒီနေ့ စလုပ်မှာ ပေါ့ လို့ ပြန်ပြောလိုက်တယ်။ အေးဂျင့်က အတင်းလောနေတယ်။ ဒါနဲ့ ပြန်ခဲ့ရော ဆိုပါတော့။
နောက်နေ့ကျ ဖုံးပြန်ဆက်တယ်။ အဆင်မပြေဘူးတဲ့၊ ဘာတွေ မပြေသလဲလို့ ပြန်မေးတော့လည်း သေသေချာချာ ပြောမပြဘူး။ ညီလေးရာ၊ နောက်အလုပ်တွေက ပိုကောင်းပါတယ်ကွာ။ လခလည်း များတယ်။ ဒီအလုပ်တော့ လက်လျှော့ လိုက်ပါ တဲ့။ ကျွန်တော်ထင်တာတော့ ဒီကောင် အလုပ်ရှင်ဆီက အေးဂျင့်ဖီး သွားတောင်းတာ ဟိုက မပေးလိုက်ဖူး၊ ပေးတောင်မှ သူတောင်းတဲ့ဈေး မရဘူး ထင်တယ်။
ကျွန်တော်ကလည်း ဟေ့လူ၊ ကျွန်တော့် စတေး(stay) က သိပ်ကျန်တော့တာ မဟုတ်ဖူးနော်။ လျှောက်မလုပ်နဲ့ လို့။ ဟုတ်တယ်လေ။ တော်ကြာ ဗီဇာသက်တမ်းကုန်တဲ့ထိ အလုပ်မရသေးရင် ဒုက္ခများမှာ။ သူက အေးပါကွာ၊ ဒီတစ်ခါ မင်း ၀ပ်ရှော့မှာ ရအောင် ငါလုပ်ပေးမယ်။ လခလည်း ကောင်းတယ် တဲ့ ပြောပြန်ရော။ ကျွန်တော်ကလည်း လောနေပြီ။ ဟေ့လူ၊ သေချာအောင် လုပ်နော်ဆိုတော့ ဘာပြန်ပြောတယ် မှတ်သလဲ။ ဟေ့ကောင်၊ ဂျင်မီပါကွ။ မင်း၊ ငါ စင်ကာပူမှာ လုပ်လာတာ အံခွနေပြီ။ မင်းအလုပ်လောက်ကတော့ ပါးပါးလေးပါ တဲ့။ ဟား၊ အပြောကတော့ ရွှေမန်းပဲ ဗျို့။
အဲလိုနဲ့ နောက်တစ်ခု Amokio စက်မှုဇုံထဲက workshop တစ်ခု ရောက်သွားပြန်ရော။ အဲဒီကျ သူက သူဌေးနဲ့ ကျွန်တော့်ကို နှစ်ယောက်ထဲ ပေးတွေ့တယ်။ သူဌေးက ဒီဇယ်ကားတွေ မင်းပြင်နိုင်လား တဲ့ မေးတယ်။ ကျွန်တော်က စက်ကြီးတွေ လုပ်လာတာ ဆိုတော့ ရပါတယ် လို့၊ ကျွန်တော် လုပ်ခဲ့ရတာတွေ ပြန်ပြောပြလိုက်တယ်။ သူက ငါတို့ဆီမှာ စက်ကြီး မရှိပါဘူးကွာ။ ဒီ ကားလေးတွေပဲ ရှိတယ် တဲ့။ ကျွန်တော်လည်း လုပ်နိုင်ပါတယ်၊ မခက်ပါဘူး ပေါ့။ ဒီတော့ သူဌေး က ဟုတ်ပြီလေ၊ ဒါဆို မင်းကို ၁၅၀၀ ပေးမယ်၊ ရမလား တဲ့။
ကျွန်တော်ကလည်း အလုပ်ရဘို့ အသည်းအသန် ဖြစ်နေချိန်ဆိုတော့ ရပါတယ် ပေါ့။ သူက မင်း Amokio မှာတော့ အိမ်ရှာဘို့ လိုလိမ့်မယ်။ ဒါမှ အလုပ်ဆင်းရတာ အဆင်ပြေလိမ့်မယ် တဲ့။ အာ၊ ဒါက ကိစ္စမရှိပါဘူး ဆိုပြီး အဆင် ပြေသွားရော။ ကျွန်တော်တို့ ကိစ္စပြီးသွားတော့ သူ ဂျင်မီကို ခေါ်တယ်။
ကဲ ငါတို့တော့ ပြီးပြီ။ မင်းအပိုင်းပဲ ဆက်လုပ်ပေတော့ ဆိုတော့ ဂျင်မီက မင်းဆီမှာ S Pass တင်ဘို့ Quota ရှိရဲ့ လား တဲ့မေးတော့။ အဲဒါတော့ ငါ ဘယ်သိမလဲ ကွ တဲ့။ ပြောပြီး နေအုံး၊ ငါ ငါ့ကို လုပ်ပေးနေကျ အေးဂျင့်နဲ့ မေးကြည့်ဦး မယ် ဆိုပြီး ဖုံးလှမ်းဆက်။ ဆက်တော့ သူ့ အေးဂျင့်က အာ၊ မင်းတို့ဆီမှာ နိုင်ငံခြားသား ခန့်လို့ မရဘူး။ ထားစမ်းပါကွာ။ မင်းဘို့လို့ ငါ မလေးတွေရှာပေးမယ်။ အဲဒီကောင်တွေ ပြန်လွှတ်လိုက် တဲ့။ တစ်ခါထည်း ပြီးပါလေရော။
အဲဒီမှာ အေးဂျင့်ချင်းတွေ ဖိုက်ကုန်ရောဗျို့။ ဂျင်မီကလည်း ဘာလို့မရရမှာလဲ။ ဒီ Quota ရဘို့ ငါ့တာဝန်ထား။ ငါလုပ်ပေး မယ်။ ဟိုဘက်ကလည်း မရဘူး။ မင်းတို့ နိုင်ငံခြားသား ခန့်တာ အရမ်း ကိစ္စများတယ် ဘာညာ နဲ့။ ဂျင်မီက ကျွန်တော့်ကို အလုပ်အတင်း သွားဆင်းခိုင်းလို့ ကျွန်တော် အဲဒီမှာ အလုပ်နှစ်ရက် သွားဆင်းလိုက်သေးတယ်။ ဒါပေမဲ့ အဆင်မပြေဘူးဗျို့။ အဲဒီကနေ ပြန်ထွက်လာခဲ့ရ ပြန်ရော။ သူဌေးကတော့ ကောင်းပါတယ်။ အဲဒီ နှစ်ရက်လုပ်တာ တစ်ရက် ကို ၅၀ နဲ့ ရှင်းပေးလိုက်တယ်။ သူဌေးက ကျွန်တော့်ကို သဘောကျတယ်ဗျ။ ကျွန်တော်က ဘော်ဒီ ဆေးမှုတ်တာတို့။ welding တို့ပါ ရတာကိုး။ နောက်ပြီး အတူတူလုပ်ရတဲ့ မလေးနှစ်ယောက်ကလည်း ကျွန်တော်က မလေးလို ပြောတတ် တော့ သဘောတွေ ကျနေတယ်။
အဲဒါနဲ့လည်း အဆင်မပြေပြန်ဘူးဗျို့။ ဗီဇာကလည်း ကုန်တော့မယ်။ တစ်ပတ်လောက်ပဲ ကျန်တော့တယ်။ အဲဒီမှာ သူငယ်ချင်းရဲ့ ကောင်မလေးတွေက ဆက်ပေးလို့ စင်ကာပူအေးဂျင့်နဲ့ သွားတွေ့ရ ပြန်တယ်။ အေးဂျင့်ဆီမှာ register လုပ်ရ တယ်။ register ကြေး ၂၀ ပေးရတယ်။ သူက အင်တာဗျူးသွားရင် ၅၀၀ ယူလာရမယ်။ အင်တာဗျူးမှာ အဆင်ပြေတယ် ဆိုရင် ၅၀၀ ကို သူတို့ကို ပေးရမယ် တဲ့။ အဆင်မပြေဘူး ဆိုရင် ၄၅၀ ပြန်ပေးမယ်။ သူတို့ကို အကျိုးဆောင်ခ ၅၀ ပေးရ မယ် ပေါ့။ ကျွန်တော်ကလည်း သဘောတူတယ်။
နောက်နေ့ကျတော့ သူ ဖုံးဆက်တယ်။ မင်း ၉ နာရီလောက်ကို ရောက်အောင်လာ။ ၁၀ နာရီလောက် သူဌေးနဲ့ သွားတွေ့ရမယ် တဲ့။ ဒါနဲ့ နောက်နေ့ကျတော့ သူနဲ့အတူတူ သွားကြတယ်။ နေရာက Benoi Sector မှာ။ လက်ရှိ လုပ်နေတဲ့ ကုမ္ပဏီပေါ့ အစ်ကိုရယ်။ ရုံးထဲ ရောက်သွားတော့ ကျွန်တော့်ကို ထိုင်ပဲ ထိုင်ခိုင်းထားတယ်။ သူတို့ချင်း ပြောကြ ဆိုကြ ပေါ့။ ကျွန်တော့်ကို အင်တာဗျူးတာ မဟုတ်ပဲ အေးဂျင့်ကို အင်တာဗျူးတာ ဖြစ်နေတယ်။ သူကပဲ ကျွန်တော့် အကြောင်း အားလုံး သူဌေးကို ပြောပြပေါ့။
အဲဒီမှာ ထိုင်နေရင်း ကျွန်တော် ရုံးခန်းကို လေ့လာကြည့်တယ်။ သူက ဗုဒ္ဓဘာသာဗျ။ ဘုရား ဆင်းတုတော်နဲ့။ ထိုင်းဘုန်းတော်ကြီး ဓါတ်ပုံတွေ နဲ့။ ဘာပဲပြောပြော။ စိတ်ထဲတော့ အတော်လေး ကျေနပ်မိ သွားတယ်။
နောက် သူဌေးက မင်း အင်္ဂလိပ်လို ပြောတတ်လား တဲ့။ ရပါတယ် ပေါ့။ သူက ငါ့မှာ ထိုင်းကလာတဲ့ Blasting Machine တွေ ရှိတယ်။ မင်း ပြင်နိုင်ပါ့မလား ဆိုတော့ မသိဘူးပေါ့။ အနို့ ကျွန်တော်မှ မသိတာ။ ကြားတောင် မကြားဖူး ဘူး ဆိုတော့။ သူက ဒီလိုပါဘဲကွာ၊ မထူးပါဘူး၊ Metal Form တွေ တဲ့။ အာ၊ Metal Form ပြောခါမှ ပိုဆိုး။ ကျွန်တော်မှ မသိဘဲကိုး။ ဒါနဲ့ သူက ဓါတ်ပုံတွေ ထုတ်ပြ။ ဒါတွေပဲ၊ မင်းလုပ်နိုင်ပါ့မလား တဲ့။ ငါ တစ်ခါမှ မလုပ်ဖူးတဲ့ အတွက် လုပ်တတ်၊ မလုပ်တတ် မပြောနိုင်သေးဘူး။ သင်ပေးရင်တော့ ရပါတယ် ပေါ့။
ဒါနဲ့ သူက ကုလားလေး တစ်ယောက်ခေါ်ပြီး ကျွန်တော့်ကို လိုက်ပြခိုင်းတယ်။ လိုက်ကြည့်တော့ စက်တွေမှာ Motor တွေ၊ compressor တွေ၊ conveyor တွေ သုံးပြီး လုပ်ထားတာ တွေ့ရတယ်။ ဒီတော့ ကျွန်တော်က သူဌေးကို ဒီလောက် ဆိုရင်တော့ လုပ်နိုင်ပါတယ် လို့ ပြန်ပြောလိုက်တယ်။ မင်း welding ရော ရလား တဲ့။ ရပါတယ်၊ cutter လည်း ဖြတ်တတ်တယ် လို့။ လောလောဆယ် ကျွန်တော်က Pasir Ris မှာ နေတော့ သူက အလုပ်နဲ့ နီးတဲ့နေရာ ပြောင်းဘို့ ပြော တယ်။ ရပါတယ် ပေါ့။ အဲဒါနဲ့ အလုပ်ဖြစ်သွားရော။
သူဌေးနဲ့ အေးဂျင့်နဲ့ S Pass တင်ဘို့အကြောင်းတွေ တရုပ်လို ပြောကြတယ်။ အဲဒီမှာတင် သူဌေးက ခုနက ကုလားလေးကို ခေါ်ပြီး အေးဂျင့်ကို မေးတယ်။ သူ့ကိုရော မင်း S Pass တင်ပေးနိုင်မလား။ သူဆို ငါ့ဆီမှာ လုပ်လာတာ ၁၄ နှစ် ရှိနေပြီ တဲ့။ စေတနာနဲ့ ပါဘဲ။ အဲတော့ အေးဂျင့်က ရတယ်လေ။ င့ါကို ၅၀၀ သာပေး။ ငါလုပ်ပေးလို့ ရတယ် တဲ့။
ဒါနဲ့ သူက ကုလားလေးကို အရင်တင်ခိုင်းလိုက်ရော။ ကျွန်တော်လည်း စိတ်မချတာနဲ့ သူဌေးကို နေ့တိုင်း ဖုံးဆက်။ ဘယ်လိုလဲ၊ ငါ့အလုပ်အကိုင် အခြေအနေ။ ငါ့ဗီဇာက ကုန်တော့မယ်။ ဗီဇာကုန်ရင် ငါပြန်ရမှာ ဆိုတော့ ဟာ၊ ဘာဖြစ်လဲ။ ပြန်ပေါ့။ မင်း ဒီမှာ အလုပ်ရနေပြီဘဲ။ ငါတို့ တင်ထားလိုက်မယ်။ ကျမှ ပြန်လာပေါ့ တဲ့။ သူကတော့ ခပ်လွယ်လွယ်ပဲ။
ဆိုကြပါစို့။ ကုလားလေး S pass အလျင် ကျသွားရော။ အဲတော့မှ ကျွန်တော့်ဟာ ဆက်တင်။ ဒါပေမဲ့ ကျွန်တော့ ဗီဇာက သက်တမ်းကုန်သွားတာနဲ့ ကျွန်တော် ရန်ကုန်ပြန်လာရတယ်။ ရန်ကုန်ပြန်ရောက်ပြီး အရက် ၂၀ လောက်ကြာ တော့ သူငယ်ချင်းကနေ တစ်ဆင့် အေးဂျင့်က အကြောင်းကြားတယ်။ မင်း S Pass ကျပြီ။ ငွေလာချေပေတော့ ပေါ့။ သူငယ်ချင်းက ပိုက်ဆံ သွားပေးတယ်။ ဒါပေမဲ့ အကျေမဟုတ်သေးဘူး။
အားလုံးပေါင်း အေးဂျင့်ဖီး ၂၅၀၀ ပေးရတယ်။ ကျွန်တော် စင်ကာပူရောက်တော့မှ အကျေ သွားပေးလိုက်တယ်။
အေးဂျင့်ကပဲ လိုတာ အားလုံး လိုက်လုပ်ပေးပါတယ်။ ဒီလိုနဲ့ ခု ကုမ္ပဏီရောက်လာရော ဆိုပါတော့။
နောက်တော့ ကျွန်တော့်ကို မင်း ဒီမှာ အလုပ်သိပ်မရှိဘူး။ ကျွန်းမှာ ငါတို့ ပရောဂျက်ရထားတယ်။ သွားနိုင်မလား ဆိုတော့ သွားဘို့ လာဘို့ စီစဉ်ပေးမယ် ဆိုရင်တော့ ရပါတယ် လို့ ပြောလိုက်တယ်။ အဲဒီလိုနဲ့ ဒီ ပရောဂျက်ထဲ ရောက်လာ တာပဲ။ ဒီမှာ လုပ်ရတာတော့ အစ်ကိုတို့ အသိပဲ။ အားလုံး အဆင်ပြေပါတယ်။

သုံးသပ်ချက်။

အထက်ပါ ကိုမင်းမြတ်သူ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ပြန်လည် သုံးသပ်ကြည့်ကြပါစို့။ ဤတွင် အလွန် ထင်ရှားလှသည့် အချက်မှာ အေးဂျင့်လုပ်သူသည် မိမိတာဝန်ကို မယူဘဲ ပစ္စလက်ခတ် လုပ်လိုက်ကြောင်း တွေ့ရ ပါသည်။
စီးပွားရှာကြသည် ဆိုရာတွင် မိမိ ငွေရလိုမှု တစ်ခုထည်း မတွက်ပဲ တစ်ဖက်သားအတွက်ပါ ထည့်တွက်ရမည် ဖြစ်ပါသည်။ မိမိအတွက်နှင့် လူတစ်ဖက်သား ဒုက္ခရောက်ရသည် ဆိုလျှင် ဤအလုပ်သည် သမ္မာအာဇီဝအလုပ် မည်သည့် နည်းနှင့်မျှ မဖြစ်နိုင်ပါ။ မိမိသည် သူတို့ထံမှ အခကြေးငွေ ယူပြီး လုပ်သည့်အတွက် မိမိတာဝန်ကို ကျေပွန်အောင် လုပ်ရ ပါမည်။

ပထမ အချက်။ ။ ပတ်စ်ပို့သက်တမ်း ကုန်ခါနီးတာနှင့် ဖြစ်ချင်ရာဖြစ် ဆိုပြီး ဘာအစီအစဉ်မှ မရှိဘဲ ထိုင်းနိုင်ငံ သို့ အတင်း တွန်းလွှတ်လိုက်ခြင်းသည် မှားယွင်းရုံသာမက အလွန် မိုက်မဲသော အပြုအမူလည်း ဖြစ်ပါသည်။ သည်သို့ လုပ်ချင်သည် ဆိုလျှင် နဂိုကတည်းက ကြိုတင် စီစဉ်ထားရပါမည်။ မိမိ လွှတ်လိုက်သူ၏ စားဝတ် နေရေး၊ အလုပ် အကိုင် အားလုံး စီစဉ်ပြီးမှ လွှတ်ရပါမည်။
ဒုတိယ အချက်။ ။ မလေးရှားသို့ မလွှတ်မီ မလေးရှားမှ အလုပ် သေချာ မသေချာ၊ သေသေချာချာ မေးမြန်း စုံစမ်းပြီး သေချာမှ လွှတ်ရပါမည်။ အကြောင်းမညီညွှတ်၍ လေယာဉ်ကွင်းရောက်မှ ပျက်ပြယ်သည့်တိုင် မိမိ အလုပ်သမား များကို လေယာဉ်ကွင်းမှ လာထုတ်ပြီး မလေးရှားနိုင်ငံအတွင်း စားဝတ်နေရေးအတွက် စီစဉ်ပေးထားကာ အလုပ် သစ်ရရန် ထပ်မံ ကြိုးစားရပါမည်။ အကယ်၍ ဗီဇာကုန်ခါနီးအထိ အလုပ်မရနိုင်သေးလျှင် ထိုသူများကိုရော ၎င်း တို့၏ မိသားစုများကိုပါ အကြိုးအကြောင်း ရှင်းပြပြီး မြန်မာပြည်သို့ ပြန်ရန် လေယာဉ်လက်မှတ်မှ အစ အားလုံး စီစဉ်ပေးရပါမည်။ ထို့ပြင် မိမိဘက်မှ ချွတ်ယွင်းချက် ဖြစ်သဖြင့် ယခင် ပေးထားသော အေးဂျင့်ကြေးကို အပြည့် အ၀ ပြန်ပေးရမည့်ပြင် ထိုက်သင့်အားလျော်သော လျော်ကြေးငွေကိုလည်း ပေးဆောင်ရမည် ဖြစ်ပါသည်။

တတိယ အချက်။ ။ ထိုသူမှာ လိုင်စင်ယူမထားသော အေးဂျင့် ဖြစ်သည် ဟု သိရပါသည်။ သို့အတွက်ကြောင့်ပင် ထိုသူ သည် မိမိထံ အလုပ်လာအပ်သူများကို ဘာတာဝန်မှ မယူပဲ လုပ်ချင်သလို လုပ်တာလည်း ဖြစ်ပါသည်။ အကယ်၍ လိုင်စင်နှင့် တရားဝင် လုပ်နေသော အေးဂျင့်ဖြစ်ပါမူ မိမိလုပ်ငန်း ထိခိုက်မည် စိုးသဖြင့် ဤသို့လုပ်လိမ့်မည် မဟုတ် ဟု ယူဆရပါသည်။ သို့အတွက် အလုပ်ရှာသူများသည် မိမိအလုပ်အပ်သည့် ကုမ္ပဏီအကြောင်း လေ့လာ ဘို့လည်း လိုပါမည်။ ဤအေးဂျင့်သည် တရားဝင် လိုင်စင်နှင့် လုပ်နေသူ ဟုတ်မဟုတ် သိထားရပါမည်။ အကယ်၍ တရားဝင် လုပ်နေသော အေးဂျင့် မဟုတ်ပါက သူတို့ထံ အလုပ်အပ်ဖို့ မသင့်ပါ။ သို့မဟုတ်ပဲ သိလျက် သားနှင့် လုပ်လျှင်မူ သူရို့ကို အပြစ်မဆိုသာ။ မိမိ အပြစ်သာ ဖြစ်ပါလိမ့်မည်။

No comments: