Tuesday, December 31, 2019

၂၀၁၉ ခုနှစ် နှစ်ကုန်ရက် အတွေး


(၁) သေဘို့ရာတစ်နှစ်နီးလာခြင်း

တစ်နှစ်ကုန်ပြန်ပြီ။

နှစ်ကုန်ပြီဆိုလို့သာ ကုန်လိုက်ရသည်။ ဘယ်လိုကုန်လိုက်မှန်းတောင်မသိ။
နှစ်ကုန်ပြီဆိုတော့ အသက်လည်း တစ်နှစ်ကြီးလာသပေါ့။ ယခင်ကထက်စာလျှင် သင်္ချိုင်းကုန်းနှင့် တစ်နှစ် ပိုနီးလာ ချေပြီ။ အဲလေ တစ်နှစ်ကုန်မှ ဗြုန်းစားကြီးနီးလာတာမဟုတ်။ နေ့ရှိသမျှ သင်္ချိုင်းကုန်းဘက်ကို ဖြည်းဖြည်းချင်း လှမ်းလာ နေတာ ဖြစ်၏။ သို့သော် သေမည် ဆိုသည့်စကားကို မကြားလိုကြသည့် ကျွန်တော်တို့အဖို့ သင်္ချိုင်းကုန်းကိစ္စကို လောက ဗာဟီရများဖြင့် တတ်နိုင်သမျှ ဖုံးကွယ်၊ မေ့ဖျောက်ထားကြသည်သာ ဖြစ်၏။

အချိန်ကတော့ ဘယ်သူ့ကိုမှ စောင့်နေမှာမဟုတ်။ ဘယ်သူတွေ ဘာကြီးဖြစ်နေဖြစ်နေ။ ဂမ်ဝီစကီ (ဟုတ်ပေါင်) ဂမ်ဘီယာကပဲ တရားစွဲစွဲ၊ သာသနာဘာဖြစ်မှ တိုင်းပြည် ဘာဖြစ်မှာဆိုလား၊ ဘယ်သူတွေ ဘာပေါက်တတ်ကရတွေ ပြောပြော၊ သူ့ထုံးစံအတိုင်း ခပ်သုတ်သုတ် ချီတက်နေသည်သာ ဖြစ်၏။

တစ်ခုခုလုပ်နေသည်ဖြစ်စေ၊ ဘာမှမလုပ်ဘဲနေသည်ဖြစ်စေ၊ အချိန်ကတော့ ကုန်သွားမှာသာ ဖြစ်၏။ ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်တိုင်းပြည်အတွက်၊ ကိုယ်ကျင်လည်နေရသည့် လူ့လောကကြီးအတွက် ကိုယ်တတ်နိုင်သမျှ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ ထမ်းဆောင်ကြဘို့ရာ လူတိုင်းမှာ တာဝန်ရှိ၏။ (ဤသည်မှာ ကျွန်တော်၏ အတ္တနောမတိမျှသာဖြစ်၍ တစ်ထစ်ချ မှန်ရမည်ဟု မဆိုလို။ မှန်ချင်မှလည်း မှန်ပါမည်။)

လူ့လောကအကျိုးစီးပွားကို ထမ်းဆောင်ဘို့နေနေသာ၊ ခုနစ်ရက်သားသမီး စိတ်ဆင်းရဲရမည့် အရေးကို ကြိုးစားပမ်းစား လုပ်ကိုင်နေကြသော သူများသည်လည်း ဤလောကကြီးတွင် ရှိပေလေသေး၏။

တော်ကြာ ဘယ်သူ့ကို ဖမ်းသွားပြန်ပြီ။ တော်ကြာ ဘယ်သူ့ကို သတ်ပြန်ပြီ။ တော်ကြာ ဘယ်နေရာမှာ ဗုံးတွေ့လို့။ တော်ကြာ ဘယ်နေရာမှာ ဗုံးခွဲပြန်ပြီ။ တော်ကြာ ဘယ်နေရာမှာ မိုင်းကွဲပြန်ပြီ။ လူဘယ်နှစ်ယောက်သေလို့တဲ့ စသည့် သတင်းများမှာ မကြားချင်မှ အဆုံးဖြစ်၏။ ၎င်းတို့သည် အပြစ်မဲ့သည့် ပြည်သူများကို အဘယ်ကြောင့် ဒုက္ခပေးချင်ကြရ၊ သတ်ချင်ဖြတ်ချင် ဖြစ်နေကြရသနည်း။ ကျွန်တော့်မှာ နားမလည်နိုင်အောင် ဖြစ်ရ၏။

ကမ္ဘာမြေကြီးသည် ၎င်းတို့ကို ထမ်းပိုးထားရသည့်အတွက် အလွန် ဝန်လေးလှချေ၏။ ဤငရဲသားများကား ဤဒွန္နရာကြီး တွင် မရှိသင့်၊ မရှိထိုက်သူများ ဖြစ်၏။ ဤလူ့အမှိုက်များကို အာဏာရှိသူများသည် သုတ်သင် မပစ်နိုင်တော့ပြီလော။ အများပြည်သူ၏ ဒုက္ခကို သည်အတိုင်း စောင့်ကြည့်နေတော့မည်လော။

အများသူငါ ပျက်စီးရာ ပျက်စီးကြောင်းကို လုပ်ကိုင်နေသူများထက်၊ ဘာမှမလုပ်ဘဲ သည်အတိုင်း အိပ်လိုက်စားလိုက် နေသူများက နည်းနည်း လဲ့တဲ့တဲ့ရှိသေး၏။   

ကျွန်တော်တို့သည် ကျွန်တော်တို့လုပ်ခဲ့သည်များကို နည်းနည်းလောက် လည်ပြန် လှည့်ကြည့်ဘို့ သင့်လှ၏။ ငါ ဘာတွေ လုပ်ခဲ့သလဲ။ ငါ ဘာတွေ မှားခဲ့သလဲ။ အရင်ကထက်စာရင် ငါ ဘယ်လောက် တိုးတက်လာသလဲ။ ကောင်းတာလုပ်တာကို (+) ဟု အမှတ်ပေး။ သောက်တလွဲလုပ်ခဲ့တာတွေကို (-) ပေး။ (+) အားလုံးကိုစု။ (-) အားလုံးကိုစု။ ထိုအခါ မိမိ လုပ်ခဲ့သည် များထဲမှ အကောင်းအဆိုး၊ အမှားအမှန်တို့ကို အမှန်ပင် ပြန်လည်ဆင်ခြင်မိနိုင်မည် ဖြစ်လေသည်။

(၂) ခြင်္သေ့လည်ပြန်

ကျွန်တော်ငယ်စဉ်ကတည်းက နေ့စဉ်မှတ်တမ်း ရေးခဲ့သော အလေ့ရှိခဲ့၏။
ငယ်ငယ်တုံးကတော့ ဘယ်ကောင်မလေးကိုမြင်လို့ ဘယ်လိုရင်တုန်ခဲ့ရသည် ဆိုတာတွေတောင်ပါသည်။
အောင်မယ်၊ ကဗျာလေးတွေ၊ ကာရံကလေးတွေနှင့်ပ။

စင်ကာပူရောက်တော့ အသည်းအသန် အလုပ်နှင့်လုံးပန်းနေရသည့်အတွက် နေ့စဉ်မှတ်တမ်းရယ်လို့ ဟုတ်တိပတ်တိ မရေးနိုင်ခဲ့။ အရေးကြီးသည့် ရက်စွဲများကိုသာ မှတ်ထားမိခဲ့သည်။
၂၀၀၂ ခုနှစ်တွင် Compaq laptop ဝယ်သည်။ နေ့စဉ်မှတ်တမ်းများကို ကွန်ပြူတာနှင့်ရေးသည်။
ထို laptop လေးမမျှော်လင့်ဘဲ ရုတ်တရက်ပျက်သွားလေရာ thumb drive စသည်တို့နှင့် back up လုပ်မထားမိ၍ ကျွန်တော် တကူးတကရေးထားခဲ့သော မှတ်တမ်းများ အကုန်ပျက်သွားလေရာ စိတ်ပျက်ပြီး တော်တော်နှင့် ပြန်မရေး ဖြစ်ခဲ့။ ထိုစဉ်က external drive များမပေါ်သေး။ 64MB သာရှိသည့် memory stick လေးတောင် S$50 ပေးရသည်။ အလွန်ဈေးကြီးလှသဖြင့်လည်း back up လုပ်မထားမိတာ ဖြစ်ပါသည်။ ထိုစဉ်က အများဆုံးသုံးသည်မှာ Floppy drive (Drive A) များဖြစ်၏။ ကျွန်တော်၏ စာရွက်စာတမ်း အတော်များများကို floppy disk များနှင့် သိမ်းထားခဲ့ပါသည်။
သို့သော် floppy drive ၏ memory မှာ 1.44 MB သာရှိရကား အားလုံးတော့မသိမ်းဖြစ်ခဲ့ပါ။ သို့မို့ကြောင့်လည်း ကျွန်တော်နေ့စဉ်မှတ်တမ်းများ ဆုံးရှုံးသွားရခြင်းဖြစ်၏။

နောက် နေ့စဉ်မှတ်တမ်းရေးတော့ ယခင်ကလို စီကာပတ်ကုံးမရေးဖြစ်တော့ပဲ အချက်လောက်သာ မှတ်ဖြစ်တော့၏။
မိတ်ဆွေတို့လည်း နေ့စဉ်မှတ်တမ်းရေးမရေး မပြောတတ်ပါ။ အကယ်၍ နေ့စဉ်မှတ်တမ်းရေးသည့် အလေ့အထရှိပါက တစ်ခေါက်လောက် ပြန်ဖတ်ကြည့်စမ်းပါ။ အတော်ပေါတဲ့ငါပဲ ဟု မှတ်ချက်တစ်ခု ထွက်လာပါလိမ့်မည်။ သည် နေ့စဉ် မှတ်တမ်းမှ ကိုယ်လုပ်ခဲ့တာတွေကို ရုပ်ရှင်များပြသကဲ့သို့ မြင်နိုင်၏။ ကောင်းတာမကောင်းတာ အကုန်မြင်ရမည်။ ထို့ကြောင့် မိတ်ဆွေများကို နေ့စဉ်မှတ်တမ်းရေးရန် တိုက်တွန်းပါသည်။

ရှည်ရှည်ဝေးဝေးမကြည့်ဘဲ ယခု ၂၀၁၉ ခုနှစ်အတွင်း ကျွန်တော်လုပ်ခဲ့သည်များကို ကြည့်လျှင် ပိုက်ဆံရှာသည့်အလုပ် အတွက် အများဆုံးအချိန်ပေးရကြောင်း တွေ့ရ၏။ ဝမ်းနည်းစရာကောင်းလေစွ။ ဒုတိယအများဆုံးလုပ်သည်မှာ စာရေးခြင်း ဖြစ်၏။ ဖေ့စ်ဘွတ်က တတိယဖြစ်နိုင်ပါသည်။ ရုပ်ရှင်များလည်း မနည်းလှပါပေ။

ပထမ အများဆုံးရေးခဲ့သည်မှာ WSH Myanmar Journal တွင် ဖြစ်၏။ ဂျာနယ်တွင် ဖော်ပြခဲ့ပြီးသော ဆောင်းပါးများမှာ အောက်ပါအတိုင်းဖြစ်၏။

ဇန္နဝါရီ၊ ၂၀၁၉                  - စွမ်းအင်နှင့်အန္တရာယ်
ဖေဖော်ဝါရီ၊ ၂၀၁၉             - ဆူညံသံများ၏ အန္တရာယ်၊ အသက်ရှူအထောက်အကူပြုကိရိယာ
မတ်၊ ၂၀၁၉                     - သတ္တုတွင်းအန္တရာယ်ကင်းရှင်းရေး၊ Safety Helmet အကြောင်း သိကောင်းစရာ
ဧပြီ၊ ၂၀၁၉                      - Risk-based Thinking ဆိုတာဘာလဲ၊ တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ၊   
  ဆိုးကျိုးဖြစ်နိုင်ချေနှင့် အခွင့်အလမ်း၊ Safety Data Sheet အကြောင်းသိကောင်းစရာ
မေ၊ ၂၀၁၉                       - အရေးပေါ်အစီအမံများချမှတ်ခြင်း၊ မျက်လုံးအန္တရာယ်ကာကွယ်ရေး၊
  ကျောက်စက်အကြောင်း သိကောင်းစရာ
ဇွန်၊ ၂၀၁၉                       - လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအတွက် စစ်ဆေးခြင်း
ဇူလိုင်၊ ၂၀၁၉                   - PEL အကြောင်းသိကောင်းစရာ၊ ဝန်ချီကြိုးများကို အန္တရာယ်ကင်းစွာ အသုံးပြုခြင်း
ဩဂုတ်၊ ၂၀၁၉                 - အကြားအာရုံကာကွယ်ရေး ကိရိယာများ၊ အန္တရာယ်ကင်းစွာ ဝန်ချီခြင်း
စက်တင်ဘာ၊ ၂၀၁၉           - Scissor Lift အကြောင်း သိကောင်းစရာ
အောက်တိုဘာ၊ ၂၀၁၉        - ကွန်ဖိုင်းစပေ့စ်များအတွင်း ဝင်ရောက် အလုပ်လုပ်ကိုင်ခြင်း
နိုဝင်ဘာ၊ ၂၀၁၉                - ကွန်ဖိုင်းစပေ့စ်များအတွင်း ဝင်ရောက် အလုပ်လုပ်ကိုင်ခြင်း
ဒီဇင်ဘာ၊ ၂၀၁၉                - ဂွန်ဒိုလာအကြောင်း သိကောင်းစရာ

ဤဆောင်းပါးများကို စုစည်းကာ နောက်ပိုင်း စာအုပ်ထုတ်ပါမည်။

ဒုတိယရေးသည်မှာ MES က ထုတ်သည့် Tech Digest တွင် ဖြစ်၏။ သူက တစ်နှစ်ကို လေးကြိမ်ထုတ်သည်။
နောက်ပြီး MES_Quality Digest ။ သူကတော့ ခုမှ တစ်အုပ်ပဲ ထွက်သေးသည်။ နောက်ထပ်လည်း ဘာသံမှ မကြားရ။

ထိုမျှသာမက ကျွန်တော် safety ဆိုင်ရာ စက်ကိရိယာများအကြောင်း တစ်ခုပြီးတစ်ခု ရေးနေပါသည်။ ပြီးသမျှကို WSH ဂျာနယ်ထဲတွင် ဖော်ပြပါမည်။ Scissor lift, gondola, grinder, fire extinguisher စသည်တို့ပြီးသွားပြီ။ ယခု Forklift အကြောင်း ရေးနေသည်။ ပြီးလျှင် Boomlift, crane, excavator, mast climber, passenger hoist, air compressor, welding machine, oxy-acetylene cutter, explosive power tool, Fiber cutter စသည်တို့အကြောင်း ရေးပါမည်။ အဲသဟာတွေ အားလုံးစုံရင်တော့ စာအုပ်ထုတ်ပါမည်။

ISO 45001 Implementation အကြောင်းရေးတာ အခန်း (၄) ရောက်ပြီး မဆက်ဖြစ်သေး။ မိတ်ဆွေများကတော့ ဤစာအုပ်ကို အပြီးရေးကာ စာအုပ်ထုတ်ဘို့တိုက်တွန်း၏။ ၂၀၂၀ မှာ စာအုပ်အဖြစ် မြင်ရလိမ့်မည်ထင်ပါသည်။

သည်နှစ်ထဲမှာ ကျွန်တော် PPE စာအုပ်တစ်အုပ်ထွက်၏။ ဒါတောင် သည် PPE မှာ ၂၀၁၁ ခုနှစ်လောက်ကတည်းက စ,ထားတာ ဖြစ်၏။ မနှစ်က SHMS for SME စာအုပ်ထွက်၏။ ထိုစာအုပ်မှာလည်း ဘာသာပြန်ထားတာ ၃ - ၄ နှစ် ရှိပြီ။ ယခုမှ စာအုပ်အဖြစ် မနိုင့်ရင်ကာ ထွက်လာရခြင်း ဖြစ်၏။ ထို့ကြောင့် ထိုစာအုပ်များထွက်လာသည့်တိုင် ကျွန်တော် အရမ်းဝမ်းသာအယ်လဲ မဖြစ်မိ။ နှစ်အုပ်လုံးမှာ စာအုပ်ငယ်များဖြစ်၏။

နောက် မဆတ်တငံ့ကြီးဖြစ်ကျန်ရသည့်စာအုပ်မှာ ISO 45001 ဘာသာပြန်စာအုပ်ဖြစ်၏။ ဘာသာပြန်ပြီး မြန်မာ စံချိန်စံညွှန်းအဖွဲ့ကို ပေးလိုက်ရာ ၈ လခန့်ရှိသည့်တိုင် စာအုပ်ဖြစ်မလာသေး။

နောက်ပြီး မြန်မာစားသုံးသူများသမဂ္ဂ၏ ၂၀၁၉ အစီရင်ခံစာကို အခကြေးငွေဖြင့် ဘာသာပြန်၏။ ထိုစာအုပ်ကို မြန်မာစားသုံးသူများ သမဂ္ဂက ထုတ်ပါသည်။

ဖတ်ခဲ့သည့် စာအုပ်တွေကို စာရင်းလုပ်မထားမိ။ မှတ်မိသလောက်မှာ - သုံးလွန်းတင် - ခင်ခင်ထူး။ ရသစာပေ အဖွင့် နိဒါန်း - ဇော်ဂျီ။ မျောက်ဋီကာ - မစ္စတာမောင်မှိုင်း။ သံသရာတကွေ့ - ဦးဝင်းထိန် (အားလုံးမဖတ်ဖြစ်)။ ရေသေအိုင် - လင်းခါး (ဤစာအုပ်မှာ ခေတ်ပေါ်စာရေးဆရာများရေးသည့် ဝတ္ထုများအနက် ဖတ်ဖူးသည့် တစ်ခုတည်းသော ဝတ္ထုလည်း ဖြစ်၏။) ကဗျာသာရတ္ထသင်္ဂဟကျမ်း(တို့စိတို့စိ)၊ ကဗျာဗန္ဓသာရကျမ်း (တို့စိတို့စိ)၊ ဇမ္ဗူ့ဒီပဥဆောင်းကျမ်း၊ နတ်သျှင်နောင် ရတုများ (အားတိုင်းဖတ်)၊ တင်မောင်ဆွေ။ မင်းသိင်္ခ။ တက္ကသိုလ်ဘုန်းနိုင် စသည်။ သေသေချာချာ မမှတ်မိတော့။

ရုပ်ရှင်များကိုတော့ အားလုံးမဟုတ်သည့်တိုင် အတော်များများ မှတ်ထားမိပါသည်။

Vikings series, Marlin series, Marco Polo series, Stranger Things series, Thor – Ragnorok, Mummy, The Red Sea Diving Resort, Clash of Titan – 2 version, In the Tall Grass, Underworld – Blood War, Malefesant, Rambo – Last Blood, Black Panther, Terminator – Salavation, The Purple Plain, 6 Underground, Edge of Tomorrow, Mowgli, Bird Box, The Great Wall, King Solomon Mines, The Last Crusade, The Temple of Doom, The Raiders of Lost Ark, Jumanji – The Next Level, Assassin’s Creed, The King, Fist of Fury စသည်။

ဤသည်မှာ ၂၀၁၉ တစ်နှစ်တာအတွင်း ကျွန်ုပ်လုပ်ခဲ့သည့် မှတ်တမ်းများ ဖြစ်၏။

(၃) နှစ်ကူးဆုတောင်း

လူတို့၏ သမိုင်းအစတွင် မည်သည့်အစိုးရ၊​ မည်သည့် ဥပဒေမှ ရှိမည်မဟုတ်။ လူများ လောဘ၊ ဒေါသ၊ မောဟ ထူပြောလာသည့်အခါ တစ်ဦးကိုတစ်ဦး အနိုင်ကျင့်သည်၊​ လိမ်သည်၊ ယုတ်မာသည်၊ ကောက်ကျစ်သည်၊ ကျော်သည်၊ ခွသည်၊ မတရားလုပ်သည်။

ယခုအခါ လူများတွင် ကိုယ်ချင်းစာတရား၊ မေတ္တာတရား၊ မုဒိတာတရား၊ ချစ်ခင်မှု၊ သနားကြင်နာမှု၊ တွယ်တာမှု၊​ မြတ်နိုးမှု၊ လူအချင်းချင်း ရိုသေမှု၊ လေးစားမှု၊ တန်ဘိုးထားမှု၊ စာနာမှု၊ ထောက်ထားမှု၊ သည်းခံမှု၊ ရောင့်ရဲမှုတို့ လျော့နည်း ကျဆင်းလာနေသည်။

အခြားတစ်ဖက်တွင် ရမယ်ဆို ဘနဖူးတောင် သိုက်တူးဘို့ ဝန်မလေးသူများ ပေါများလာသည်။ ဘယ်သူသေသေ ငတေမာပြီးရော စိတ်မျိုးတွေ ထားလာကြသည်။ လုပ်ကောင်းမှန်း မသိ၊ မလုပ်ကောင်းမှန်းမသိ ဖြတ်စားလျပ်စား လုပ်လို့ရတာမှန်သမျှ အကုန်လုပ်သည်။

ဟီရိ နှင့် ဩတ္တပ္ပဟူသည် လောကပါလတစ်ရားနှစ်ပါး ဖြစ်၏။
မကောင်းမှုပြုရမှာကို ရှက်ခြင်း နှင့်
မကောင်းမှုပြုရမှာကို ကြောက်ခြင်း တို့ ဖြစ်၏။

ဝမ်းနည်းစရာကောင်းသည်မှာ နေရာအတော်များများ၌ အနှီ လောကကို စောင့်ထိန်းနေသည့် ဟီရိ နှင့် ဩတ္တပ္ပတရားများ ပျက်သုဉ်း၊ ပျောက်ကွယ် သွားခြင်းပင် ဖြစ်၏။ အလွန်တုန်လှုပ်ဖွယ်ရာ ကောင်းလှပေသည်။

ကျွန်ုပ်တို့သည် ဤကောင်းမြတ်သည့်တရားများကို ပြန်လည် တည်ဆောက်ယူကြရမည်။
ရေများရေနိုင်၊ မီးများမီးနိုင် ဆိုသကဲ့သို့ ကောင်းမြတ်သည့်တရားများ ထွန်းကားလာလျှင် မကောင်းသူတို့ အလိုလို လွင့်စင် ကွယ်ပျောက်ရပေမည်။

ဆုတောင်းကလေးဖြင့် နိဂုံးချုပ်ပါမည်။

လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
အထင်သေးချင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
ဆင်းရဲလိုချင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
လူအချင်းချင်း၊ ရေဆေးခြင်း၊ ကင်းရှင်းကြပါစေ။
ဟာ့ဒစ်အချင်းချင်း၊ အလုံးလိုက်လဲခြင်း၊ ကင်းရှင်းကြပါစေ။
ရွာသားများကို၊ ရည်းစားစကားပြောခိုင်းခံရခြင်း၊ ကင်းရှင်းကြပါစေ။
ဘာသာရေးဘာဖြစ်ရင် နိုင်ငံကြီးဘာဖြစ်မယ်ဟု ဂျင်းထည့်ခံရခြင်း၊ ကင်းရှင်းကြပါစေ။
လူကြီးလာမည်ဆို၍ နေပူထဲရပ်စောင့်ရခြင်း၊​ ကင်းရှင်းကြပါစေ။
ဘာကောင်ကြီးလာမည်ဆို၍ လူနာစောင့်များကို အပြင်ထုတ်ရိုက်ခိုင်းခံရခြင်း၊ ကင်းရှင်းကြပါစေ။
ဘာစာလုံးသုံးရုံမျှနှင့် ဘာဂါးဘားမင့်ကြီးအောင်မြင်တော့မည်ဟု ဂျင်းသုတ်ကျွေးခြင်း၊ ကင်းရှင်းကြပါစေ။
သေနတ်အချင်းချင်း၊ လွှဲချခြင်း၊ ကင်းရှင်းကြပါစေ။ (ကျော်ပြောင် ကာတွန်း မှ)
သူ့ရေသောက်ရုံမျှနှင့် ၉၆ ပါးရောဂါပျောက်မည်ဆိုကာ ရေသန့်တစ်ဘူး ၁၀၀၀ နှင့် ညာရောင်းခံရခြင်း၊ ကင်းရှင်းကြပါစေ။
သက်ရှိသက်သေတွေက စိတ်မချရဘူး။ အဲသဟာကြောင့် သက်မဲ့သက်သေတွေကို အဓိကထား စစ်ပါတယ် ဟု ဗြောင်လိမ်ခံရခြင်း ကင်းရှင်းကြပါစေ။

တော်ပြီဗျာ။ ခင်ဗျားတို့ဟာကလည်း ဆုတောင်းလို့ပဲ မကုန် . . . . ကုန် . . . .

အိုး . . ဆောရီး။ မေ့တော့မလို့၊ တစ်ခုကျန်သွားတယ်။

မတ်လ ၃၁ ထိ ကျောင်းတက်ခိုင်းသဖြင့် စိတ်ဆင်းရဲရခြင်း၊ ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၃၁ ဒီဇင်ဘာလ၊ ၂၀၁၉

Saturday, December 28, 2019

ဗရုတ်သုက္ခလူတစ်စုကြောင့် ခုနစ်ရက်သားသမီးအပေါင်းတို့ ကိစ္စများကြရပုံ အကြောင်း


ဤဒွန္နယာကြီးတွင် လူ့ဗရုတ်သုက္ခများရှိနေခြင်းကြောင့် ခုနစ်ရက်သားသမီးအပေါင်းတို့ အတော် ဒုက္ခရောက်ကြရ ကုန်၏။

ချီးမကျူးလိုပေမင့် ချီးကျူးလိုက်ရဦးမည်။
စင်ကာပူတွင် လူ့ဗရုတ်သုက္ခများကို ဦးနှိမ်ကာ ထားနိုင်ခြင်းကြောင့် အလုပ်မဟုတ်သည့် အလုပ်ပိုများကို အတော်များများ လျှော့ချထားနိုင်၏။ တိုင်းသူပြည်သားအပေါင်းတို့သည် အလုပ်မဟုတ်သည့် အလုပ်များကို မလုပ်ကြရသောကြောင့် ပိုက်ဆံရမည့်အလုပ်များကို အာရုံစိုက် လုပ်နိုင်ကြ၏။ ထို့ကြောင့်လည်း တစ်ဦးချင်းဝင်ငွေ မြင့်ကြရခြင်းမှာ အဆန်းတော့ မဟုတ်ပါလေ။

ကျွန်ုပ်တို့ရွှေပြည်ကြီးတွင် လူအတော်များများသည် ပိုက်ဆံလည်းမရ၊ တိုင်းပြည်အတွက်လည်း အကျိုးမရှိသည့် အလုပ်များနှင့် အချိန်ကုန်နေကြရ၏။ မြန်မာပြည်တွင် အတွေ့ရအများဆုံးအလုပ်ကြီး၊​ အကိုင်ကြီးများကို ပြပါဆိုလျှင် ဝန်းရံပွဲ၊ ဆန္ဒဖော်ထုတ်ပွဲ၊ ထောက်ခံပွဲ၊ ကန့်ကွက်ပွဲ၊ ရှုတ်ချပွဲ စသည့် အရေမရ၊ အဖတ်မရပွဲကြီးများ ဖြစ်ကုန်၏။ ဤပွဲများ ကျင်းပခြင်းဖြင့် ကျွန်ုပ်ကတော့ မြန်မာနိုင်ငံ၏ GDP တိုးလာရေးကို အထောက်အကူပြုမည်ဟု နည်းနည်း ကလေးမှ မထင်မိပါလေ။

ယခုတလော မြန်မာပြည်တွင် အလုပ်အရှုပ်ဆုံးကိစ္စကို ပြပါဆိုလျှင် ဝိတိုရိယကိစ္စကို ပြရပေမည်။
(အများကတော့ ဗစ်တိုးရီးယားဟု ခေါ်၏။ ကျွန်ုပ်ကတော့ ရှေးက အင်္ဂလိပ်စာတတ် ပုဂ္ဂိုလ်ကြီးများ ခေါ်ခဲ့ကြသည့် ဝိတိုရိယကိုသာလျှင် လျှာတွေ့ပါသည်။ ဤကား စကားချပ်)

ဤမျှကိစ္စများကြရသည့် ဝိတိုရိယအမှုမှာလည်း အမှန်တရားကို မျက်ကွယ်ပြုလိုသည့် ဗရုတ်သုက္ခလူတစ်စုကြောင့် မဟုတ်တုံလော။ ကျွန်ုပ်တို့သည် ဆင်ကြီးကို တွေ့နေပါလျက် ဆင်ချေးတုံးကို အပင်ပန်းခံကာ လိုက်ရှာနေကြရကုန်၏။ ဤသည်မှာ အလုပ်မဟုတ်မှန်းလည်း လူတိုင်းသိ၏။ ဆင်ကြီးတစ်ကောင်လုံးကို မြင်နေရပါလျက် ကြွက် ဟု အတင်းရော အဓမ္မပါ သက်သေပြနေသူ လူတစ်စုကြောင့် ရှေ့နေကလေးများရော၊​ ဆရာဝန်ကလေးများပါ အပါအဝင် လုပ်သား ပြည်သူ တစ်ရပ်လုံးက ဤအရာသည် ကြွက်မဟုတ်တုံ၊ ဆင်ကြီးစစ်စစ် ဖြစ်ပေသည် ဟု အခိုင်အမာ သက်သေပြနိုင်ရေး၊ အလုပ်ရှုပ်ခံလျက် ကြိုးစားနေရချေသည်။

မွေးကတည်းက ရှက်ကြောဖြတ်ခံထားရသူ သကောင့်သားကြီးခမျာများမှာလည်း ‘ဟောသည်ကိုယ်လုံးမှာ အမွေးတွေ ပါသည်။ နားရွက်ကလေးကလည်း ဝိုင်းသည်။ အမြီးလည်းပါသည်။ ခြေထောက် လေးချောင်းလည်းရှိသည်။ အသွေး အရောင်ကလည်း မည်းသည်။ ထို့ကြောင့် ဤအရာမှာ ကြွက်ဖြစ်သည်’ ဟု ဒုတိယအကြိမ် သက်သေပြပြန်ရာ ဟဟပေါင်း လေးသောင်းခွဲဖြင့် ကမ္ဘာ့ ဟဟအများဆုံးဆုကို မစ္စတာဇူကာဘတ်ကိုယ်တိုင် လာရောက်ချီးမြှင့်သည်ဟု ကျွန်ုပ်တို့ ကြားသိရပေသည်။

သည်ကိစ္စတစ်ခုတည်းသာ မဟုတ်သေး။
မြန်မာပြည်တွင် သည်ကဲ့သို့သော လူ့ဗရုက္ခများကြောင့် ခုနစ်ရက်သားသမီးအပေါင်းတို့ ဒုက္ခများခဲ့ကြရသည့် သာဓကများ အမြောက်အများပင် ရှိပေသည်။

မည်သူသည် အမှားနှင့်ကင်းပါသနည်း။
ကျွန်ုပ်တို့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးပင်သည်ပင်လျှင် ဘုရားဖြစ်ခါနီးဆဲဆဲ၌ အမှားကြီးမှားခဲ့ပေလေ သေးသည် မဟုတ်လော။ အင်မတန် ဉာဏ်ကြီးပေလို့သာ သဗ္ဗညုတဉာဏ်ကို ရခဲ့တာဖြစ်၏။
(ဘုရားအလောင်းတော်က သူ့ဘာသာ ဉာဏ်ဖြင့်ဆင်ခြင်ပြီး မဇ္ဈိမပဋိပဒါလမ်းကို ပြန်တည့်မတ်ခဲ့တာကိုတောင် နတ်သားက စောင်းဖြင့် တရားပြ သည်ဟု မဟုတ်တန်းလျားတွေလျှောက်ရေးသော ဗုဒ္ဓဝင်ဆရာများကို ကျွန်ုပ်က တတောင်ဖြင့် နာနာထောင်းချင်လှ၏။ ကိုယ့်ဘာသာကိုယ်တော့ တရားမကျင့်ဘဲ နက်ဖြန်သဘက် ဘုရားဖြစ်မည့်သူကို လာတရားပြနေသည့် အမောင် နတ်သားကို ကျွန်ုပ်ဖြင့် အံ့ဩမကုန်နိုင်အောင် ရှိချေသည်။ ဤကား စကားချပ်။)

ယခုကိစ္စတွင်လည်း မှားခဲ့ပြီးပြီမို့ ဘာမှမတတ်နိုင်တော့။ မိမိအပြစ်ကို ဝန်ခံပြီး နစ်နာသူကို ထိုက်သင့်သည့် ပြန်လည် ပေးဆပ်မှုများ လုပ်ပေးမည်။ တရားဥပဒေက ပေးအပ်သည့် ပြစ်ဒဏ်ကို ရဲရဲဝံ့ဝံ့ ခံယူမည်ဆိုလျှင် သည်မျှ အရုပ်ဆိုးစရာ အကြောင်းမရှိ။ ယခုတော့ သမိုင်းတွင် အမည်းစက် ထင်ခဲ့ပြီ။

မဟုတ်တာလုပ်သူသည် အခြားသူကိုသာ လိမ်လို့ရပေမည်။ ကိုယ့်ကိုယ်ကိုယ်တော့ မည်သည့်နည်းနှင့်မှ လိမ်လို့မရနိုင်။ တခြားသူတွေ ပြောဆိုနေတာ ကြားရုံမျှနှင့်ပင် သိမ်ငယ်လှပေပြီ။ မည်သည့်နည်းနှင့်မှ လူမွေးလူရောင် မပြောင်နိုင်တော့။

သို့သော် အမှားကို ဝန်ခံဘို့ရာ မည်သည့်အခါမှ နောက်ကျသည်မရှိ။
ယခုလည်း အချိန်ရှိပါသေးသည်။
သင်တို့သည် မိမိအမှားကို ဝန်ခံဘို့ရာ အချိန်တန်နေပေပြီ။

ခုနစ်ရက်သားသမီးများကို အားနာသောအားဖြင့် မိမိအမှားကို ဝန်ခံစေလိုသည့် စေတနာရှေ့ထား၍ ယခုပို့စ်ကို ရေးလိုက်ရပါကြောင်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၇ ဒီဇင်ဘာ၊ ၂၀၁၉