Wednesday, May 29, 2013
ကားမှောက်ရခြင်း အကြောင်း
ရေးစရာများအမြောက်အများရှိနေသောကြောင့် တခြားအကြောင်းအရာများကို ကျွန်တော် သိပ်ရေးလေ့မရှိပါ။ သတင်းများကို စုထားပြီး နောက်အားသည့်အချိန်များမှ ရေးရန်ဖြစ်၏။ သို့သော် ၂၀၁၃ ခုနှစ် မေလ ၂၅ ရက် နံက် ၆း၂၀ နာရီက ရန်ကုန်မှ မန္တလေးသို့ထွက်ခွာလာသော မန်းရွှေမြို့တော်ခရီးသည်တင် ဘတ်စ်ကားတိမ်းမှောက်မှုဖြစ်ပြီး ခရီးသည် ၁၁ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရသည့် ဖြစ်စဉ်တွင် ဖေ့စ်ဘွတ်ပေါ်၌ ရေးကြသားကြ၊ အပြန်အလှန်လက်ညှိုးထိုးကြ၊ ပြစ်တင် ကြိမ်းမောင်းကြ ဖြစ်နေ သဖြင့် လက်ယားလာသောကြောင့် ရေးလိုက်ခြင်းဖြစ်ပါသည်။
လောကတွင် မည်သည့်ကိစ္စမဆို အကြောင်းရင်းတစ်ခုတည်းနှင့် မဖြစ်နိုင်။ အကြောင်းပေါင်းများစွာ တိုက်ဆိုင်လာသည့် အခါမှ ထိုကိစ္စကြီး ဖြစ်လာရလေသည်။ ဤကဲ့သို့ဖြစ်လာသည့်အခါ ဟိုလူ့လွှဲချ၊ သည်လူ့လက်ညှိုးထိုးဖြင့် တစ်ဦးနှင့်တစ်ဦး အပြစ်ရှာသည့်နည်းလမ်းများကား ပြဿနာကို ဖြေရှင်းလို့ရနိုင်သည့် အရာများမဟုတ် ဆိုသည်ကို ကျွန်တော်တို့ ကောင်းစွာ သဘောပေါက်ထားရန်လို၏။
ကျွန်တော်တို့လုပ်ရမည်မှာ အကြောင်းရင်း (Root cause) ကိုရှာရန် ဖြစ်၏။
ယခု သည်ကားမှောက်သည့်ကိစ္စတွင် ကွန်ကရိလမ်းကို အပြစ်ပုံချနေကြတာ တွေ့ရပါသည်။ သည်ကိစ္စကို ကျွန်တော် ၀င်စွက်လို၍ မဟုတ်ပါ။ ဖြစ်ရပ်မှန်အား ဘယ်လိုဖြေရှင်းရမည် ဆိုသည်ကို အနည်းငယ်မျှ ပြောလို၍ ဖြစ်ပါသည်။ ကျွန်တော်တို့ ကိုယ်ပိုင်ဦးဏှောက်သုံး၍ စဉ်းစားကြည့်ကြပါခင်ဗျား။
ကားမှောက်ရခြင်းတွင် အကြောင်းအချက်များစွာ ပါဝင်ပတ်သက်နေ၏။
၁။ လမ်းမကောင်းသောကြောင့်လည်း ဖြစ်နိုင်သည်။
၂။ ကားမကောင်းသောကြောင့်လည်း ဖြစ်နိုင်သည်။
၃။ ကားမောင်းသူ၏ ချို့ယွင်းချက်ကြောင့်လည်း ဖြစ်နိုင်သည်။
၎။ ရာသီဥတု မကောင်းလျှင်လည်း ဖြစ်နိုင်သည်။
၅။ မိမိပတ်ဝန်းကျင်အခြေအနေ (ကား၊ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ လမ်းသွားလမ်းလာ၊ လမ်းပေါ်တွင် စည်းမဲ့ကမ်းမဲ့ ရပ်ထားသောယာဉ်၊ အခြားမှ ဖြတ်ဝင်လာသောယာဉ်၊ ဖြတ်ပြေးသွားသည့် ခွေး၊ ကြောင်၊ နွား၊ ၀က်၊ ကလေး စသည်)
၆။ ယာဉ်မောင်း၏ ဗဟုသုတနှင့် လမ်းပိုင်းတွင် အကျွမ်းတ၀င်ဖြစ်မှု
၇။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု - - - - စသည် စသည်တို့ကြောင့် ဖြစ်နိုင်ပါသည်။
သည်ကိစ္စ၏ အဓိကလက်သည်မှာ လူ့အသက်တစ်ချောင်းကို တန်ဖိုးမထားတတ်ခြင်းတည်းဟူသော အကြောင်း ဖြစ်ပါသည်။ ဤသည်မှာ သည်ယာဉ်မောင်း၏ တွေးတတ်ခေါ်တတ်သည့် ဆင်ခြင်တုံတရားပေါ်မူတည်ပါသည်။ အားလုံးကို သိမ်းကြုံးပြီး ၀ါးလုံးချေးသုတ် မရမ်းလိုသော်လည်း ကျွန်တော်တို့ဆီမှ ယာဉ်မောင်းများ၏ စိတ်ဓါတ်နှင့် အပြုအမူများမှာမူ လွန်စွာ စိတ်ပျက်ဖွယ်ဖြစ်ပါသည်။
ရန်ကုန်မှ ဘတ်စ်ကားမောင်းသူနှင့် ယာဉ်နောက်လိုက်များကိုမူ မပြောလိုတော့ပါ။ ကမ်းကုန်နေသောကြောင့် ဖြစ်၏။ ယခင်တစ်ခေါက် မြန်မာပြည်ပြန်စဉ်က ဟောပြောပွဲကိစ္စများဖြင့် အထက်မြန်မာပြည်သို့ ကျွန်တော်သွားပါသည်။ အမျိုးသမီး၏ အဒေါ်များက ပါဂျဲရိုးတစ်စီးနှင့် ကားမောင်းသူတစ်ယောက် ထည့်ပေးလိုက်၏။ ကျွန်တော် ခရီးစမထွက်မီကတည်းက ကားမောင်းသူကို ပြောထားပါသည်။ ငါတို့အချိန်ယူပြီးသွားမယ်။ လမ်းမှာ အသည်းအသန်မောင်းစရာမလိုဘူး။ ပုံမှန် ဖြည်းဖြည်းပဲမောင်းပါ ဟု မှာထား၏။ သို့တိုင် အဝေးပြေးလမ်းမကြီးပေါ် ရောက်သည့်အခါ မောင်မင်းကြီးသားက လမ်းကလည်း ကောင်း၊ ရှင်းလည်းရှင်းနေသဖြင့် ကီလို ၁၃၀ လောက် မောင်းပါသည်။ ကျွန်တော်က ကိုမျိုး၊ ဘာမှ အရင်လိုစရာမရှိဘူး။ အရှိန်ကို လျှော့ထား။ ကီလို ၁၀၀ ဆိုတော်ပြီ ဟု ဘေးနားမှ တတွတ်တွတ်ပြောနေရသည်။ ပြောလိုက်သည့်ခဏတွင် အရှိန်လျှော့လိုက်သော်လည်း ၁၀ မိနစ်မကြာမီ ကီလို ၁၃၀ ပြန်ဖြစ်သွား၏။ သည်လိုနှင့် သူက တိုးလိုက် ကျွန်တော်က လျှော့ခိုင်းလိုက်နှင့်ပင် နေပြည်တော် ရောက်ခဲ့ရတာ ဖြစ်၏။ အထူးသဖြင့် အကွေ့များတွင် ကျွန်တော်က သူ့ကို ကီလို ၈၀ ထိ လျှော့ချခိုင်းပါသည်။ ကောင်လေးမှာ အင်တင်တင်။
သိပ်မကြာမီကာလများက (မနှစ်ကထင်ပါသည်။ ရက်စွဲကို အတိအကျမမှတ်မိတော့ပါ။) ရန်ကုန် - နေပြည်တော် အမြန်လမ်းမ ၌ မိသားစုလေးယောက် ကားမှောက်ကာ အားလုံးပွဲချင်းပြီးသေခဲ့သည့် သတင်းကို မိတ်ဆွေတို့ မှတ်မိပါဦးမည်။ ၎င်းတို့မှာ အခြားသူမဟုတ်။ ကျွန်တော်နှင့် အလွန်အင်မတန်ရင်းနှီးသည့် သူငယ်ချင်း မိသားစုဖြစ်ပါသည်။ ကျွန်တော်တို့ ဒေသကောလိပ် အတူတက်ခဲ့၊ စက်မှုတက္ကသိုလ် အတူတက်ခဲ့၊ စခဲ့နောက်ခဲ့ကြသည့် သူငယ်ချင်းဖြစ်၏။ စင်ကာပူမှာတောင် NUS ကို အတူသွားတက်ရန် တိုင်ပင်ခဲ့ကြသေးသည်။
သူငယ်ချင်းတစ်ယောက် ပြန်ပြောပြတာ ကြားရသည်မှာ ကားမမှောက်မီ မြို့တစ်မြို့၌ သူ့သူငယ်ချင်းများနှင့်အတူ လဖက်ရည် သောက်ခဲ့ကြစဉ် သူ့သားက အဖေ့ကားစီးရတာ လေယာဉ်ပျံစီးရတာ ကျနေတာပဲ ဟု ပြောသည်ဟု ဆိုပါသည်။ သို့ဆိုလျှင် သူ့ကားအမြန်နှုန်းမှာ ကီလို ၁၅၀ ထိရှိနိုင်ပါလိမ့်မည်။ 
သည်အမြန်လမ်းတွင် ကားမှောက်ရတာ လမ်းကြောင့်ပါဟု အပြစ်တင်လိုသူများ အောက်ပါဓါတ်ပုံကို ကြည့်ပါ။
စင်ကာပူမြို့လည်ခေါင် ရော်ချာ နှင့် ဗစ်တိုးရီးယားလမ်းဆုံတွင် ၂၀၁၂၊ မေလ ၁၂ ရက်နေ့က တိုက်ခဲ့ပြီး လူ ၃ ယောက် သေခဲ့သည့် ကားတိုက်မှု ဖြစ်၏။ ကားက တစ်နှစ်ကို အစီးရေ ၇၀၀၀ ပဲထုတ်သည့် နာမည်ကြီး ဖာရာရီ။ အမေရိကန်ဒေါ်လာ ၁.၄ သန်း တန်၏။ ကားမောင်းသူ က မြောက်ကြွမြောက်ကြွ တရုတ်လူငယ်။ အသက်က ၃၀။ မီးနီတော့မည့် ဆဲဆဲ အတင်းဖြတ်မောင်းသောကြောင့် တစ်ဖက်မှ လာသည့် တက္ကစီနှင့် ဆိုင်ကယ်ကို ၀င်အောင်းတာဖြစ်သည်။ ဤသည်မှာ လမ်းမကောင်းသောကြောင့် ဖြစ်ပါသလော။
ဖွံ့ဖြိုးပြီးနိုင်ငံများရော၊ မဖွံ့ဖြိုးသေးသည့်နိုင်ငံများတွင်ပါ ကမ္ဘာတစ်လွှား ကားမှောက်သည့် ဖြစ်ရပ်များမှာ မရေတွက်နိုင်ပါ။ သို့သော် ထိုကားမှောက်သည့် ဖြစ်ရပ်အားလုံးကို လမ်းကြောင့်ဟု မဆိုနိုင်ပါ။
အထက်တွင်ဆိုခဲ့သလို ကားမှောက်ခြင်းတွင် အကြောင်းတစ်ခုတည်းမဟုတ်။ အကြောင်းများစွာ ပါဝင်ပတ်သက်နေသည် ဖြစ်ရာ ကားမမှောက်အောင် အတတ်နိုင်ဆုံး ထိန်းနိုင်တာ တစ်ချက်သာ ရှိပါသည်။
ဤအချက်ကား အရေးကြီးဆုံး “လူ” ပင် ဖြစ်တော့၏။
လမ်း - ကျွန်တော်တို့ ဘာလုပ်လို့ရပါမည်နည်း။
ရာသီဥတု - ဘာမှလုပ်လို့မရ။ သူ့ဟာသူ မိုးရွာချင်ရွာမည်။ မုန်တိုင်းတိုက်ချင်တိုက်မည်။
ဘေးမှဝင်လာသည့် ခွေး၊ ကြောင်၊ လူ၊ အခြားကား - ကျွန်တော်တို့ ထိန်းလို့ရပါမည်လား။ နိုး၊ ဝေးပါသေးရဲ့။
သည်တော့ ကျွန်တော်တို့လုပ်လို့ရတာ နည်းနည်းပဲကျန်သည်။
၁။ ခရီးမထွက်မီ အထူးသဖြင့် ခရီးရှည်မသွားမီ မိမိကားကို ကျကျနနစစ်ပါ။ အင်ဂျင်၊ ကားဘော်ဒီ၊ တာရာ၊ လေ စသည်။ မကောင်းလျှင် ဇွတ်မမှိတ်ပါနှင့်။ မကောင်းတာကို သိသိကြီးနှင့် ဇွတ်မှိတ်မည်ဆိုပါက သင်သည် သေမင်းနှင့် အလောင်းအစားလုပ်ခြင်းဖြစ်ကြောင်း သတိရပါလေ။
မြင်းခွာသံမှိုတစ်ချောင်းကြောင့် တစ်မြို့လုံးစစ်ပွဲတွင်ကျခဲ့ရသည်ကို သတိရပါ။ (ဘယ်လိုကျတာလဲ မသိသေးသူများ၊ သိသူကို ရှာပြီးမေးပါ။
၂။ ခရီးထွက်မည်ဆိုလျှင် မိမိသည် ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းနေရမည်။ အိပ်ရေးဝ ရမည်။ ကျန်းမာရေး မကောင်းလျှင် ခရီးမထွက်ပါနှင့်။ အဲလေ ကားမမောင်းပါနှင့်။
၃။ ကားပေါ်တွင်ပါလာသည့်သူအားလုံး၏ အသက်သည် မိမိလက်အတွင်း၌ ရှိနေသည်ကို အမြဲသတိချပ်ပါ။
၎။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာပါ။
၅။ မိမိသွားရမည့်ခရီးကို မကျွမ်းကျင်ပါက ရောက်ဖူးသူများအား ကြိုတင်စုံစမ်းမေးမြန်းထားပါ။ မည်သည့်နေရာတွင် တစ်တောင်ဆစ်ချိုးကွေ့ရှိသည်။ မည်သည့်နေရာတွင် ချိုင့်ကြီးဖြစ်နေသည်၊ မည်သည့်နေရာကတော့ အလွန်မတ်စောက်သည်၊ မည်သည့်နေရာတွင် နွားများလမ်းဖြတ်ကူးတတ်သည် စသည်ဖြင့်။
မန်းရွှေမြို့တော်၌လိုက်ပါလာသူ ဦးဇင်းတစ်ပါးပြောပြချက်အရ "ကားက ည ၈ နာရီခွဲမှာ စထွက်တာ၊ စထွက်ပြီး သိပ်မကြာဘူး အမှတ် ၃ လမ်းမကြီးကို မရောက်ခင်ကတည်းက နှစ်ကြိမ်လောက် ပျက်သေးတယ်။ အဲဒီက ဆက်မောင်းလာပြီး လမ်းမှာထမင်းစားနားတဲ့ အချိန်မှာ သူတို့ကားကို ပြင်နေတာတွေ့တယ်။ ဦးဇင်းလည်း ကားပေါ်တက်ခါနီး ကားဘီးကို ကြည့်လိုက်တော့ ကားဘီးက ကွဲနေတာတွေ့တယ်။ တာယာကကွဲနေတာ အခုမှောက်တဲ့နေရာရောက်တော့ ကားက ဘီးပေါက်တာလား ဘာလားမသိဘူး၊ ဟိုဘက်ယိမ်း ဒီဘက်ယိမ်း ဖြစ်ပြီးတော့မှ ချောက်ထဲကို ထိုးကျသွားတာ။” ဟု ဆိုပါသည်။
ဦးဇင်းပြောသလိုဆို ၁၂၅ မိုင်လောက်ကို ဆယ်နာရီနီးပါးလောက် (ည ၈နာရီခွဲမှ မနက် ၆နာရီခွဲခါနီးထိ) ကြာသည်ဆိုတော့ တစ်ခုခု လွဲနေပြီ။  နောက်ပြီး လမ်းမှာကားနှစ်ခါပျက်သည်ဆိုတော့ ခရီးမထွက်မီ ကားကို လုံးဝမစစ်တာ သို့မဟုတ် စစ်၍ ပျက်နေတာတွေ့လျှင်တောင်မှ မပြင်ဘဲ သည်အတိုင်းထွက်လာတာ သေချာလှပါ၏။ ကားတာယာမကောင်းတာကို ကားသမားများ သေချာပေါက် သိပါလိမ့်မည်။ သိသိကြီးနှင့် မျက်စိမှိတ် မိုက်မဲတာသာ ဖြစ်၏။ သည်တာယာတစ်လုံးလဲလျှင် မည်မျှကျသင့်မည်နည်း။ လမ်းမှာတာယာဆိုင်မရှိလျှင်တောင် သိပ်မဝေးလှသောရန်ကုန်ကို ပြန်ဝယ်နိုင်ပါသည်။
ယခုတော့ သူတို့ ပေါ့ဆမှု၊ ဂရုမစိုက်မှု၊ လူ့အသက်များကို မနှမျောတတ်မှုတို့ကြောင့် အပြစ်မရှိသော ခရီးသည် ၁၁ ဦး သေရပြီ။ ခြေကျိုးလက်ကျိုး၊ ဒုက္ခိတဘယ်နှစ်ဦးဖြစ်ဦးမည်မသိ။
မိတ်ဆွေ သင်စဉ်းစားကြည့်ပါ။ ဤ ၁၁ ဦးထဲ၌ သင့် မိဘ၊ မောင်ဘွားများပါသည်ဆိုလျှင် အသင် မည်သို့ခံစားရပါမည်နည်း။ လူဟူသည် မည်သူဖြစ်စေ၊ မည်သည့်အဆင့်အတန်းဖြစ်စေ၊ မည်မျှနုံချာနေသူဖြစ်စေ သူ့ဟာနှင့်သူ တန်ဘိုးရှိကြတာချည်း၊ အခြားသူများအတွက် တန်ဘိုးမရှိစေကာမူ သူ့မိသားစုအတွက်တော့ တန်ဘိုးရှိသူချည်းဖြစ်၏။
အရေးကြီးသည်မှာ စိတ်ရှည်သည်းခံဘို့ ဖြစ်ပါသည်။
ကျွန်တော်တို့လူများသည် အဘယ်ကြောင့် စိတ်မရှည်ကြပါသနည်း။ အဘယ်ကဲ့သို့သော သေလောင်းပျောက်ဝ ကိစ္စများ ရှိနေသဖြင့် သည်မျှ အလျင်လိုနေရပါသနည်း။ မိမိရှေ့မှ ကားဖြစ်စေ၊ ဆိုက္ကားဖြစ်စေ ပိတ်နေလျှင် ဟွန်းကို အသားကုန် တီးကာ ဆဲဆို၊ ဆူပူကြိမ်းမောင်းနေလိုက်သည်မှာ မကြားဝံ့မနာသာ။ ကိုယ့်နောက်က လိုက်လာသည့်ကား၊ ကိုယ့်ကို ကျော်တက်သွားတော့ရော ဘာဖြစ်သွားပါမည်နည်း။ ကျွန်ုပ်တို့က ကားမောင်းပြိုင်ပွဲ ၀င်နေတာမို့လို့လား။ အဖိုးကြီး၊ အဖွားကြီး များ ကားပေါ်မှ တုန်ချည့်တုန်ချည့်ဆင်းနေသည်ကို စိတ်မရှည်နိုင်။ အတင်းတွန်းချ။ ကားပေါ်တက်လာသူများကိုလည်း မိန်းကလေးလား၊ ဘာလားနားမလည် အတင်းဆွဲတင်။ ရပ်တော့လည်းအတင်း ဘရိတ်အုပ်ရပ်။ ထွက်တော့ အတင်း ဆောင့်ထွက်။ မိမိဘေးမှာ ဘာရှိနေသလဲ မကြည့်။ အတင်းကျော်တက်။ ရှေ့ကားကို အတင်းပိတ်ရပ်။
လမ်းနှင့်ကားကို ပြင်ရတာ လွယ်ပါသည်။ ပြင်ရမည်မှာ လမ်းကိုလည်းမဟုတ်ပါ။ ကားကိုလည်းမဟုတ်ပါ။ ယခုအရေးတကြီး ပြင်ရမည်မှာ ချုံးချုံးကျ၊ ယိုယွင်းပျက်စီးနေသော ကျွန်ုပ်တို့၏ အကျင့်စရိုက်၊ အတွေးအခေါ်၊ အယူအဆ၊ လုပ်ပုံကိုင်ပုံ၊ ပြောပုံဆိုပုံများ ဖြစ်ပါသည်။
အကျွန်ုပ်တို့၏ အကျင့်စရိုက်၊ အတွေးအခေါ်၊ အယူအဆ၊ လုပ်ပုံကိုင်ပုံ၊ ပြောပုံဆိုပုံများ ပြောင်းလဲ ကောင်းမွန်လာပြီဆိုလျှင် ကွန်ကရိလမ်းသည်လည်း ကွန်ကရိလမ်းနှင့်တူတူတန်တန်၊ ကားသည်လည်း ကားနှင့်တူတူတန်တန်၊ ဒရိုင်ဘာလည်း ဒရိုင်ဘာနှင့် တူတူတန်တန်။ မြန်မာနိုင်ငံသည်လည်း တူတူတန်တန် မြန်မာနိုင်ငံ ဖြစ်လာပါလိမ့်မည်ဟု -
တစ်ထစ်ချ ကျွန်ုပ်ပြောလိုက်ပါသတည်း။
အေးငြိမ်း
၂၈၊ မေ ၂၀၁၃ ညနေ ၄း၁၄ နာရီ
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ကားတာယာအကြောင်း စာအုပ်
ကျွန်တော်တို့သူငယ်ချင်း မိသားတစ်စုလုံး ကားမှောက်သေဆုံးသွားရတာ ကျွန်တော်တို့အားလုံး စိတ်မကောင်းပါ။ ထို့ကြောင့် ကားမှောက်ရာတွင် အဓိက အကြောင်းတစ်ချက်ဖြစ်သော ကားတာယာအကြောင်းစာအုပ်ကို ရေးကာ ထုတ်ဝေလိုက်ပါသည်။ ထိုစာအုပ်တွင် ကားတာယာနှင့်ပတ်သက်၍ မည်ကဲ့သို့ ဂရုတစိုက် ထိန်းသိမ်းရမည်ဆိုသည့်အကြောင်း အပြည့်အစုံပါပါသည်။ သို့သော် စိတ်မကောင်းစရာမှာ ရန်ကုန်မြို့တွင် ကားများ သွားစရာပင်နေရာမရှိလောက်အောင် ကြပ်ညပ်နေစေကာမူ ကျွန်တော့် ကားတာယာစာအုပ်မှာ ပြောပလောက်အောင် မရောင်းရပါ။
စိတ်ဝင်စားသူများ ကျွန်တော့်ဘလော့တွင် ဖတ်နိုင်ပါသည်။
စင်ကာပူမှာတော့ မရှိတော့ပါ။
ရန်ကုန်မှလူများ ဆိုင်များတွင် ရှာဖွေဝယ်နိုင်ပါသည်။
အေးငြိမ်း
၂၈၊ မေ ၂၀၁၃
Monday, May 27, 2013
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးမိတ်ဆက်သင်တန်းမှတ်စု (ဆောက်လုပ်ရေး) (၁၁)
၉။ ၀န်ချီခြင်း (Lifting)
လက်မှတ်ရကျွမ်းကျင်လုပ်သား ဆိုသည်မှာ -
၁။ ၀န်ချီလုပ်ငန်းကြီးကြပ်သူ - Lifting Supervisor
၂။ အချက်ပြသူ - Signal man
၃။ ကြိုးချည်သူ - Rigger
၎။ ကရိန်းမောင်းသူ - Crane Operator
၁။ ၀န်ချီလုပ်ငန်းကြီးကြပ်သူ - Lifting Supervisor ၏ လက်မှတ် (Certificate)
၂။ အချက်ပြသူ - Signal man ၏ လက်မှတ် (Certificate)
၃။ ကြိုးချည်သူ - Rigger ၏ လက်မှတ် (Certificate)
၎။ ကရိန်းမောင်းသူ - Crane Operator ၏ လက်မှတ် (Certificate)
၅။ ကရိန်း ၏ လက်မှတ် (LM Cert) (Lifting Machine Certificate)
၆။ ၀န်ချီကရိယာများ၏ လက်မှတ် (Lifting Gear, Lifting Belt, Lifting Sling, Shackle’s Certificates)
၇။ Risk Assessment
၈။ Safe Work Procedure
၉။ Lifting Plan
လုပ်ငန်းမစတင်မီ အလုပ်လုပ်ခွင့်လက်မှတ် (PTW – Permit To Work) လျှောက်ထားရမည်။ ၎င်းလက်မှတ်၌ ကရိန်းမောင်းသူ၊ ၀န်ချီလုပ်ငန်းကြီးကြပ်သူတို့က လိုအပ်သည်များကို စစ်ဆေးပြီးကြောင်း လက်မှတ်ပါရမည်။ ၎င်းတို့ လက်မှတ်ထိုးပြီးလျှင် မန်နေဂျာကလက်မှတ်ထိုး အတည်ပြုပေးရမည်။ လက်မှတ်အားလုံးစုံပြီဆိုမှ အလုပ်စလုပ်လို့ရသည်။
               မိမိတို့သုံးသော ၀န်ချီကိရိယာအားလုံးသည် သက်တမ်းမကုန်သေးသော လက်မှတ်ရှိသည့် ကိရိယာများ ဖြစ်ရမည်။ လက်မှတ်သက်တမ်း ကုန်နေပြီဖြစ်သော ၀န်ချီကိရိယာများကို မသုံးပါနှင့်။ အန္တရာယ်များ၏။ သုံးမည့် ၀န်ချီကြိုးသည် မ,မည့် ၀န်ကို ကောင်းစွာထမ်းနိုင်ကြောင်း (SWL - Safe Working Load) သေချာပါစေ။
၁၅။ ဓါတုပစ္စည်း အန္တရာယ်ကင်းရှင်းရေး (Chemical Safety)
၁။ လုပ်ငန်းခွင်၌ ဓါတုပစ္စည်းများသုံးမည်ဆိုပါက ထိုဓါတုပစ္စည်း၏ MSDS (Material Safety Data Sheet) ကို တင်ပြရသည်။ ထို MSDS ၌ ထိုဓါတုပစ္စည်းကို မည်ကဲ့သို့ သိုလှောင်ရမည်။ မည်ကဲ့သို့ကိုင်တွယ်ရမည်။ ကိုင်တွယ်ရာတွင် မည်ကဲ့သို့သော အ၀တ်အစားများ ၀တ်ဆင်ရမည်။ မီးလောင်လွယ်/မလောင်လွယ်။ အဆိပ်ဖြစ်နိုင်/မဖြစ်နိုင်။ မီးလောင်လျှင် မည်ကဲ့သို့ မီးငြိမ်းရမည်။ ခန္ဓာကိုယ်နှင့် ထိလျှင် မည်ကဲ့သို့ ရှေးဦးသူနာပြုရမည်။ မည်ကဲ့သို့စွန့်ပစ်ရမည်။ မည်သည့်ပစ္စည်းများနှင့် ဓါတ်မတည့်။ မည်သည့်အပူချိန်၌ မီးလောင်နိုင်သည် အစရှိသည်တို့ကို အပြည့်အစုံဖော်ပြထား၏။
၂။ MSDS ပါ အရေးကြီးသော သိသင့်သိထိုက်သည့်အချက်များကို ထိုဓါတုပစ္စည်းကိုင်တွယ်သုံးစွဲမည့် အလုပ်သမားများအား ကောင်းစွာရှင်းပြရမည်။ ရှင်းပြပြီးကြောင်းလည်း မည်သည့်နေ့က မည်သူများအား ရှင်းပြသည်ဆိုသည့်အကြောင်း မှတ်တမ်းတင်ထားရမည်။
၃။ ဓါတုပစ္စည်းများကို သီးသန့်နေရာတွင် ထားကာ ဓါတုပစ္စည်းများဖြစ်ကြောင်း၊ အန္တရာယ်ရှိကြောင်း ဆိုင်းဘုတ် ချိတ်ဆွဲထား ရမည်။ ထိုနေရာ၌ပင် ထိုဓါတုပစ္စည်းများ၏ MSDS ကို ထားရမည်။
၎။ ဓါတုပစ္စည်းများ ထားသိုသည့်နေရာတွင် မီးသတ်ဘူး အရံသင့်ထားရမည်။ ဆေးလိပ်မသောက်ရဟူသော ဆိုင်းဘုတ်လည်း ချိတ်ဆွဲထားရမည်။
၅။ ဓါတုပစ္စည်း အရေအတွက် မည်မျှသွင်းလာသည်။ မည်သူသို့ မည်သည့်နေ့က မည်မျှထုတ်ပေးလိုက်သည်။ မည်မျှ လက်ကျန်ရှိသေးသည် စသည့် မှတ်တမ်းပြုစုထားရမည်။
၆။ ဓါတုပစ္စည်းများ သုံးစွဲသည့်အခါတိုင်း သတ်မှတ်ထားသည့် ပီပီအီး (PPE) ၀တ်ဆင်ရမည်။
၇။ ဓါတုပစ္စည်းများကို ရေထဲသို့ (သို့မဟုတ်) မြေပြင်ပေါ်သို့ စွန့်မပစ်ရ။ သတ်မှတ်ထားသော စွန့်ပစ်နည်းအတိုင်းသာ စွန့်ပစ်ရမည်။
၈။ ဓါတုပစ္စည်းများကို မူရင်း ပုံး၊ ပုလင်း၊ ခွက်များအတွင်း၌သာ ထည့်ထားရမည်။ အကယ်၍ အခြားခွက်တစ်ခုအတွင်း ပြောင်း ထည့်ပါက ထိုပုံး၊ ခွက်များ၌ ဓါတုဆေးအမည်ကို ထင်ရှားစွာရေးထားရမည်။ အဆိပ်အတောက် သင်္ကေတလည်း ပြထား ရမည်။
၉။ ဓါတုဆေးရည်များကို မည်သည့်အခါမှ ရေသန့်ဘူးများအတွင်း မထည့်ပါနှင့်။
၁၀။ ဓါတုဆေးများသည် သင့်ခန္ဓာကိုယ်အတွင်းသို့ အရေပြားမှသော်လည်းကောင်း၊ နှာခေါင်းမှသော်လည်းကောင်း၊ ပါးစပ်မှ သော်လည်းကောင်း ၀င်နိုင်သည်။ ထို့ကြောင့် ဓါတုဆေးများကိုင်မည်ဆိုလျှင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ၀တ်ပါ။ လက်အိတ်စွပ်ပါ။ ဆေးများကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ။ ခေါင်းမှ ရေဖြိုချိုးပါ။ ခေါင်းကိုပါ လျှော်ပါ။ ဓါတုဆေးနှင့် အလုပ်လုပ်ပြီးထားသော အ၀တ်များကို ပြန်မ၀တ်ပါနှင့်။
၁၁။ ဖြစ်နိုင်လျှင် ဓါတုဆေးများနှင့် အလုပ်လုပ်သည့်နေရာ၌ မျက်လုံးဆေးသည့်ရေစင် (Safety Eye Wash) နှင့် ရေချိုးသည့်စင် (Safety Shower) များထားပေးပါ။ မရနိုင်လျှင် မျက်လုံးဆေးရန် ရေဘူးအဆင်သင့် ထားပေးပါ။
၁၂။ ဓါတုဆေးများ မျက်လုံးအတွင်းဝင်လျှင် မပွတ်ပါနှင့်။ ရေများများနှင့် အနည်းဆုံး ၁၅ မိနစ်ခန့်ကြာအောင် ဆေးကြောပါ။
၁၃။ ဓါတုဆေးများ ပါးစပ်အတွင်း ၀င်လျှင် အန်ထုတ်ရန် မကြိုးစားပါနှင့်။ ရေများများသောက်၍ ဆရာဝန်ထံ အမြန်ဆုံးသွားပါ။
၁၄။ ဓါတုဆေးဝါးများ ခန္ဓာကိုယ်ပေါ် ဖိတ်စဉ်ကျလျှင် မည်သည့်ဆေးမှ မထည့်ပါနှင့်။ ရေများများနှင့် ၁၅ မိနစ်ခန့်ကြာအောင် လောင်းဆေး၍ ဆရာဝန်ထံ အမြန်ဆုံးသွားပါ။
၁၅။ ဓါတုအဆိပ်ငွေ့များ ရှုမိ၍ မူးမော်နေသည့် လူနာကို လေကောင်းလေသန့်ရှိရာသို့ အမြန်ဆုံးသယ်ထုတ်လာပါ။ ခန္ဓာကိုယ်ပေါ်မှ တင်းကျပ်နေသည့် အ၀တ်များကို လျှော့ပေးပါ။
ဆက်ပါဦးမည်။
အေးငြိမ်း
၂၇၊ မေ ၂၀၁၃ ည ၁၁း၄၂ နာရီ
Sunday, May 26, 2013
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးမိတ်ဆက်သင်တန်းမှတ်စု (ဆောက်လုပ်ရေး) (၁၀)
၉။ ၀န်ချီခြင်း (Lifting)
လက်မှတ်ရကျွမ်းကျင်လုပ်သား ဆိုသည်မှာ -
၁။ ၀န်ချီလုပ်ငန်းကြီးကြပ်သူ - Lifting Supervisor
၂။ အချက်ပြသူ - Signal man
၃။ ကြိုးချည်သူ - Rigger
၎။ ကရိန်းမောင်းသူ - Crane Operator
၁။ ၀န်ချီလုပ်ငန်းကြီးကြပ်သူ - Lifting Supervisor ၏ လက်မှတ် (Certificate)
၂။ အချက်ပြသူ - Signal man ၏ လက်မှတ် (Certificate)
၃။ ကြိုးချည်သူ - Rigger ၏ လက်မှတ် (Certificate)
၎။ ကရိန်းမောင်းသူ - Crane Operator ၏ လက်မှတ် (Certificate)
၅။ ကရိန်း ၏ လက်မှတ် (LM Cert) (Lifting Machine Certificate)
၆။ ၀န်ချီကရိယာများ၏ လက်မှတ် (Lifting Gear, Lifting Belt, Lifting Sling, Shackle’s Certificates)
၇။ Risk Assessment
၈။ Safe Work Procedure
၉။ Lifting Plan
လုပ်ငန်းမစတင်မီ အလုပ်လုပ်ခွင့်လက်မှတ် (PTW – Permit To Work) လျှောက်ထားရမည်။ ၎င်းလက်မှတ်၌ ကရိန်းမောင်းသူ၊ ၀န်ချီလုပ်ငန်းကြီးကြပ်သူတို့က လိုအပ်သည်များကို စစ်ဆေးပြီးကြောင်း လက်မှတ်ပါရမည်။ ၎င်းတို့ လက်မှတ်ထိုးပြီးလျှင် မန်နေဂျာကလက်မှတ်ထိုး အတည်ပြုပေးရမည်။ လက်မှတ်အားလုံးစုံပြီဆိုမှ အလုပ်စလုပ်လို့ရသည်။
              မိမိတို့သုံးသော ၀န်ချီကိရိယာအားလုံးသည် သက်တမ်းမကုန်သေးသော လက်မှတ်ရှိသည့် ကိရိယာများ ဖြစ်ရမည်။ လက်မှတ်သက်တမ်း ကုန်နေပြီဖြစ်သော ၀န်ချီကိရိယာများကို မသုံးပါနှင့်။ အန္တရာယ်များ၏။ သုံးမည့် ၀န်ချီကြိုးသည် မ,မည့် ၀န်ကို ကောင်းစွာထမ်းနိုင်ကြောင်း (SWL - Safe Working Load) သေချာပါစေ။
၁၃။ Lock Out Tag Out
Log Out Tag Out ဆို၍ ဟိုးယခင်က နာမည်ကျော် ဟာသပြဇာတ်တစ်ခုကို သွားသတိရမိပါသည်။ ပြဇာတ်နာမည်မှာ သူရဲလေးကောင် ဖြစ်၏။ ကြာပြီဆိုတော့ ကောင်းကောင်းမမှတ်မိတော့ပါ။ သို့သော် သူတို့အထဲမှ သူရဲတစ်ကောင်က သူသေခဲ့ရပုံ ပြန်ပြောပြတာကလေးကိုတော့ ကောင်းကောင်းမှတ်မိပါ၏။
            သူသေရသည်က မီးပလပ်ကို နှိုက်နေစဉ် တစ်နှစ်မှ တစ်လ၊ တစ်လမှ တစ်ရက်၊ တစ်ရက်မှ တစ်နာရီ၊ တစ်နာရီမှ တစ်မိနစ်၊ တစ်မိနစ်မှ တစ်စက္ကန့် လာတောင့်လာခဲမီးက ဗြုန်းစားကြီးလာသဖြင့် သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင် ဖြစ်ကာ ဓါတ်လိုက်သေခဲ့ရသော မသာ ဖြစ်သတတ်။
            အထက်ပါ သတင်းကတော့ ပြဇာတ်မဟုတ်ပါ။ တကယ်သေတာ ဖြစ်ပါသည်။ ဘိလပ်မြေ ချိုးခွာနေစဉ် တစ်ယောက်က စက်မောင်းလိုက်သဖြင့် စက်ညပ်သေရခြင်းဖြစ်၏။
            ဤသည်များမှာ Log Out Tag Out Safety မရှိသဖြင့် သေရခြင်း ဖြစ်သတည်း။ ၎င်းကို အတိုကောက် လိုတို (LOTO) ဟု ခေါ်သည်။ ယခု ထို “လိုတို” အကြောင်း ရှင်းပြပါမည်။
လျှပ်စစ်လိုင်း၊ ဓါတ်ငွေ့ပိုက်လိုင်း၊ ရေနွေးငွေ့ပိုက်လိုင်း၊ ခေတ္တရပ်နားထားသော စက် အစရှိသည့် အန္တရာယ်ရှိသော လိုင်းများ၊ နေရာများတွင် လိုတို (LOTO) ကို လုပ်ရသည်။ အထက်ပါ လူသေသည့်ဖြစ်ရပ်၌ အလုပ်သမားနှစ်ဦးက ကွန်ကရိ ဖျော်စက်အတွင်းဝင်ကာ ချိုးခွာသည်။ ထိုစက်သာ လည်ပတ်လိုက်ပါက ထိုအလုပ်သမားနှစ်ဦး စက်ညပ်ကာ သေနိုင်သည်။ ထို့ကြောင့် ၎င်းတို့အလုပ်လုပ်နေစဉ်အတွင်း ထိုစက်ကို တစ်စုံတစ်ယောက်က မမောင်းနိုင်အောင် စီမံထားရသည်။
            ထို့အတူပင် စက်တစ်ခုမှ တာလပတ်ကြိုး၊ ဂီယာစသည်တို့ကို ပြင်ဆင်ရန် လိုသည်ဆိုပါစို့။ ထိုစက်ကို ပြုပြင် ထိန်းသိမ်းမှုလုပ်နေစဉ်အတွင်း မတော်တဆ စက်လည်မှုမဖြစ်စေရန် စီမံထားရသည်။
            လျှပ်စစ်လိုင်းများကို ပြင်ဆင်သည့် လျှပ်စစ်လုပ်သား (မြန်မာပြည်အခေါ် လိုင်းမင်း) (electrician, LEW – Licensed Electrical Worker) များသည် ၎င်းတို့မီးပြင်နေစဉ် ထိုလိုင်းကို မီးဖြတ်ထားရသည်။ တစ်စုံတစ်ယောက်က မတော်တဆ ထိုလိုင်းမှ မီးကိုလာမဖွင့်စေနိုင်ရန် မီးခလုတ်များကို သော့ခတ်ကာ သော့ကိုသိမ်းထားရသည်။
            ရေနွေးငွေ့ပိုက်လိုင်းသည် အပူချိန်ရော၊ ဖိအားပါမြင့်၏။ ထို့ကြောင့် အနည်းငယ်မျှသော ရေနွေးငွေ့ထိရုံမျှဖြင့် သေနိုင်သည်။ ထို့ကြောင့် ရေနွေးငွေ့ပိုက်လိုင်းပြင်သည့် လုပ်သားသည် ၎င်းအလုပ်လုပ်နေသည့် ရေနွေးငွေ့ပိုက်လိုင်းမှ ဗားများကို တစုံတစ်ယောက်က လာမဖွင့်နိုင်ရန် သော့ခတ်ထားရသည်။ နောက်ပြီး ဤလိုင်း၌ အလုပ်လုပ်နေသည်။ ဤဗားကို မဖွင့်ပါနှင့် ဟူသော စာတမ်း ချိတ်ဆွဲထားရသည်။
            ဤသည်ကိုပင် “လိုတို” ဟု ခေါ်၏။
စနစ်တကျလုပ်မည်ဆိုလျှင် လိုတိုလုပ်ပုံလုပ်နည်း (LOTO Procedure) မှာ လွယ်ကူပါသည်။ အောက်တွင် ရှင်းလင်း စွာ ဖော်ပြထားပါသည်။
၁။ “သည်မီးလိုင်း (သို့မဟုတ် ထိုစက်) တွင် အလုပ်လုပ်မည်ဖြစ်သဖြင့် မီးဖြတ်ထားမည်၊ (သို့မဟုတ် စက်ပိတ်ထားမည်။) ထို့ကြောင့် ထိုမီးလိုင်း (ထိုစက်) မှ ခလုတ်များကို မည်သူတစ်ဦးတစ် ယောက်ကမှ မဖွင့်ပါနှင့် ဟု အလုပ်ခွင်ရှိ လူအားလုံးကို အကြောင်းကြားထားရမည်။
၂။ ထို့နောက် မီးဖြတ်လိုက်ပါ။ (စက်မောင်းနေပါက ရပ်လိုက်ပါ။)
၃။ ထို့နောက် ထိုမီးလိုင်းနှင့် အခြား မီးလာနေသည့်လိုင်းများ ဆက်သွယ်ထားသည့် နေရာအားလုံးမှ ခလုတ်များကို သော့ခတ်ပြီး မဖွင့်ပါနှင့် ဟု စာတမ်းချိတ်ဆွဲထားပါ။ (စက်ဆိုလျှင်လည်း စက်ကိုစတင်လည်ပတ်နိုင်သည့် ခလုတ်အားလုံးကို သော့ခတ်ပြီး အလုပ်လုပ်နေသည်။ စက်ကို မနှိုးပါနှင့်။ ဟူသော စာတမ်းချိတ်ဆွဲထားပါ။)
၎။ ထိုသော့ကို ထိုမီးလိုင်းတာဝန်ခံအရာရှိက သိမ်းဆည်းထားရမည်။ မည်သူ့အားမျှ မပေးရ။
၅။ မီးပြင်နေသော (သို့မဟုတ် စက်ပြင်နေသော) လုပ်ငန်းများအားလုံးပြီးလျှင် လုပ်ငန်းပြီးကြောင်း သက်ဆိုင်ရာ တာဝန်ခံ အရာရှိထံ အကြောင်းကြားရမည်။ အရာရှိက ထိုမီးလိုင်းတွင် မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေစေရန် စစ်ဆေးရမည်။
၆။ မီးပြန်ဖွင့်မည် (သို့မဟုတ် စက်ပြန်နှိုးတော့မည်) ဆိုသည့်အကြောင်းကို လုပ်ငန်းခွင်ရှိလူအားလုံးကို အသိပေး၊ အကြောင်း ကြားရမည်။
၇။ ပြင်ဆင်စဉ်က သုံးခဲ့သော လက်နက်ကိရိယာအားလုံးကို ပြန်သိမ်းခဲ့ပါ။ တစ်ခုမှ မကျန်ခဲ့ပါစေနှင့်။
၈။ ဖွင့်ထားသောအဖုံးအားလုံးကို ပြန်ဖုံးပါ။
၉။ ထိုမီးလိုင်း (သို့မဟုတ် စက်) ၌ မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေ ဆိုတာ သေချာမှ မီးပြန်ဖွင့်ရမည်။ (သို့မဟုတ် စက်ပြန်နှိုးရမည်။)
၁၀။ မီးမဖွင့်ပါနှင့် ဟု ချိတ်ဆွဲထားသော ဆိုင်းဘုတ်များအား ပြန်လည်သိမ်းဆည်းရမည်။
                အလုပ်သမားများအနေနှင့် သိထားရမည်မှာ လိုတို ဆိုင်းဘုတ်များတွေ့ပါက ထို ခလုတ်၊ ဗား စသည်တို့ကို မဖွင့်ရ။ အလွန်အန္တရာယ်များလှ၏။ ထို့ပြင် မိမိအလုပ်လုပ်မည့်နေရာကို မိမိအထက်အရာရှိက လိုတိုဆိုင်းဘုတ်များ ချိတ်ဆွဲထားလျှင် ထိုဆိုင်းဘုတ်များကို ဖြုတ်မပစ်ရ။ ၎င်းတို့သည် သင့်အန္တရာယ်ကင်းရှင်းရေးအတွက် အလွန်အရေးကြီး၏။
ဆက်ပါဦးမည်။
အေးငြိမ်း
၂၆ မေ၊ ၂၀၁၃ ည ၉း၃၂ နာရီ
Tuesday, May 21, 2013
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးမိတ်ဆက်သင်တန်းမှတ်စု (ဆောက်လုပ်ရေး) (၉)
၁၀။ မြေကျင်းတူးခြင်း အန္တရာယ် (Excavation Safety)
အထက်ပါပုံကိုကြည့်ပါ။ အန္တရာယ်ကို ဖိတ်ခေါ်နေသည့် လုပ်ငန်းခွင်တစ်ခုကိုတွေ့ရမည်။ အလုပ်လုပ်ရာတွင် အန္တရာယ်ကင်းအောင် ဦးစွာစီမံရမည်။
            မြေကျင်းတူးခြင်း၌ တွေ့ရမည့်အန္တရာယ်များမှာ အောက်ပါတို့ဖြစ်၏။
၁။ မြေပြိုခြင်း
၂။ လူများ မြေကျင်းအတွင်း လိမ့်ကျခြင်း
၃။ ပစ္စည်းများ မြေကျင်းအတွင်း လျှောကျခြင်း၊ ပြုတ်ကျခြင်း
၎။ ရေနစ်ခြင်း
၅။ ၀င်ပေါက်၊ ထွက်ပေါက်မရှိခြင်း
            မြေကျင်းတူးခြင်းအတွက် အောက်ပါတို့ကို ပြုလုပ်ရမည်။
၁။ မြေတူးစက် (Excavator) ကို လိုင်စင်ရှိသူသာမောင်းရမည်။
၁။ မြေတူးစက်အနားတွင် မည်သူမှ ရှိမနေစေရ။ ဖြစ်နိုင်လျှင် အစောင့်တစ်ယောက်ထားကာ မြေတူးစက် မောင်းသူအား ညွှန်ပြခြင်း၊ အခြားသူများ အလုပ်လုပ်သည့်နေရာသို့မလာနိုင်ရန် တားဆီးခြင်းများ ပြုလုပ်ရမည်။
၃။ မြေအနက် ၁.၅ မီတာထက် ပိုတူးလျှင် မြေကာပြား (shoring) များတပ်ဆင်ရမည်။
၎ မြေအနက် ၄ မီတာထက် ပိုတူးလျှင် အင်ဂျင်နီယာ (PE) ၏ ဒီဇိုင်းအတိုင်း မြေကာပြားများတပ်ဆင်ရမည်။
၅။ ၂မီတာထက်နက်သော မြေကျင်းများကို ကာရံထားရမည်။ (Barricade)
၆။ မြေကျင်းအတွင်း အ၀င်အထွက် လှေခါးလုပ်ပေးထားရမည်။
၇။ မြေကျင်းနှုတ်ခမ်းမှ ၁ မီတာအတွင်း မည်သည့်ပစ္စည်းမှ မထားရ။
၈။ အန္တရာယ်ရှိသည်ဟူသော ဆိုင်းဘုတ် တပ်ဆင်ပေးထားရမည်။
၉။ မြေကျင်းတူးခြင်းအတွက် အလုပ်လုပ်ခွင့်လက်မှတ် (PTW – Permit To Work) လျှောက်ထားရမည်။
၁၀။ မိုးသည်းထန်စွာရွာပြီးတိုင်း မြေကျင်းနံရံများ မြေပြိုနိုင်သည့် အခြေအနေ ရှိ၊ မရှိ စစ်ဆေးရမည်။ 
၁၁။ စက်ကိရိယာများ မောင်းနှင်ခြင်း (Authorized Operation of Machinery)
            စက်ကိရိယာများ မောင်းနှင်ရန် မိမိ၌ ထိုစက်ကိရိယာနှင့် ပတ်သက်သော လိုင်စင်၊ အခွင့်အာဏာ ရှိရမည်။ ဥပမာ - သင့်၌ ဖောက်ကလစ်မောင်းရန် လိုင်စင်မရှိပါက သင်သည် ဖောက်ကလစ်ကို ကောင်းစွာမောင်းနှင်နိုင်သည်ဆိုစေ မောင်းနှင်ပိုင်ခွင့်မရှိပါ။ ဖောက်ကလစ်မောင်းလိုပါက ဖောက်ကလစ် အမောင်းလိုင်စင် ယူရပါမည်။ 
လက်မှတ်တစ်မျိုးအတွက် သတ်မှတ်ထားသော စက်ကိရိယာတစ်မျိုးကိုသာလျှင် မောင်းနှင်နိုင်သည်။ ဥပမာ - Scissor Lift လက်မှတ်နှင့် Boom Lift ကို မောင်းနှင်ခြင်းမပြုရ။ အပြန်အလှန်ပင်  Boom Lift အတွက်ထုတ်ပေးထားသည့် လက်မှတ်နှင့် Scissor Lift ကို မမောင်းနှင်နိုင်။
ဆက်ပါဦးမည်။