Wednesday, September 22, 2021

ကျွန်ုပ်နှင့် DIY အကြောင်း

(၁) ပြတင်းတံခါးပြဿနာ


 

“My window is stucked.”

တစ်နေ့သ၌ သားဖြစ်သူက ကျွန်ုပ်ထံ အထက်ပါအတိုင်း သတင်းပို့လှာ၏။

သူ့ပြတင်းပေါက်တံခါးကို ကျွန်ုပ်တွန်းဖွင့်ကြည့်၏။ မရ။ လေးငါးခါ အားနှင့်တွန်းဖွင့်၏။ မရ။

သားက “It is not possible to open by force.” ဟုပြော၏။ တံခါးကိုဂျက်ချလိုက်သည့်အခါ ဂျက်ကောင်းစွာမကျဘဲ ကျန်တစ်ဖက်ကို ဆွဲပိတ်လိုက်သည့်အတွက် တစ်ဝက်တပျက်ကျနေသည့်ဂျက်နှင့် အခြားတစ်ဖက်တို့ငြိကာဖွင့်မရတော့ ကြောင်းသူက ပြောပြ၏။ ပထမ ကျွန်ုပ် ကြိုးစားတွန်းကြည့်၏။ သို့သော် ဖွင့်မရတာကြီးကို အတင်းရောကာရော နင်းကန်တွန်းလျှင် တံခါးပျက်ရုံရှိမည်။

 

သို့အတွက် ကျွန်ုပ်က ကျွန်ုပ်တို့အိပ်ခန်းမှ​ ပြတင်းတံခါးဂျက်ကို သေချာစွာလေ့လာ၏။ ပြီးတော့ “သားရေ - တံခါးကို နည်းနည်းတော့ ဖျက်မှရမကွ။ ငါ ဟောဒီအသားကိုလှီးထုတ်ပြီး ဂျက်ကို နေရာကျအောင်ချမယ်” ဆိုတော့ သားက “လုံးဝဖွင့်မရတာနဲ့စာရင် နည်းနည်းပျက်တာတော်သေးတာပေါ့ ဖေကြီးရာ၊ ရေမဝင်အောင်တော့ သေသေချာချာ seal လုပ်ထားမှရမယ်” ဟု ဆို၏။

 

ကျွန်ုပ်မှာ နေ့တိုင်းသင်တန်းရှိသဖြင့် အားရက်ရယ်လို့ သိပ်မရှိ။ သို့ဖြင့် SSIC သင်ရသည့်နေ့တွင် သင်တန်းကို နည်းနည်း ခပ်မြန်မြန်သင်လျက် ၃ နာရီခွဲခန့်တွင် စာမေးပွဲအပြီးစစ်ကာ သံဖြတ်လွှနှင့် ညှပ်ကြီးယူပြီး ကသုတ်ကရက် အိမ်ပြန်ခဲ့၏။ နောက်သင်တန်းတစ်ခုဖြစ်သော Manage Work At Height က ညနေ ၅ နာရီ ပြန်စမှာဆိုတော့ အသွားအပြန် နာရီဝက် လောက်နုတ်လိုက်လျှင် တစ်နာရီလောက် အချိန်ရ၏။ 

 

အိမ်ပြန်ရောက်သော် ဂျက်ကို ကလော်ချရမည့်နေရာအား ပေတံနှင့်တိုင်း၏။ ထိုအတိုင်းအတာ အတိုင်း ဂျက်ကျနေသည့် တံခါးတွင်မှတ်ကာ သံဖြတ်လွှဖြင့် အထက်အောက် ၁၀ မီလီမီတာခန့် (ဝက်အူလှည့်တစ်ခုဝင်သာရုံစာ) ဖြတ်ထုတ်၏။ ပြဿနာမှာ အလူမီနီယမ်တံခါးဖြစ်၏။ စင်ကာပူမှ အိမ်များမှာ မှန်တံခါးတစ်ထပ် အလူမီနီယမ်တံခါးတစ်ထပ် တပ်ထားရာ ထိုအလူမီနီယမ်တံခါးကြောင့်ပင် ကျွန်ုပ်မှာ ဖြတ်ရတာ အတော်ဒုက္ခများလေ၏။ လွတ်လွတ်လပ်လပ် ဖြတ်ရ လျင် ၅ မိနစ်လောက်နှင့်ပြီးရမည့်ဟာကို ကျွန်ုပ်စိတ်ထင် ၁၅ မိနစ်လောက် ဖြတ်ရသည်ထင်၏။ 

 

ပြတ်သွားလေသော် အထဲနှိုက်ကြည့်။ ရာဘာလိုင်နာခံနေပြန်သဖြင့် ထိုးထုတ်။ အထဲကိုမြင်ရပြီဆိုတော့ ဝက်အူလှည့်ဖြင့် ထိုးထည့်ကြည့်။ ဟိုက် - ရှာလပတ်ရည်။ အထဲမှာ ဘာမှ မရှိ။ ဝက်အူလှည့်ဝင်နိုင်သလောက် အထက်အောက် ထိုးကြည့်၏။ ဂျက်နှင့်တူတာဆိုလို့ ဘာဆို ဘာမှမရှိ။ သို့နှင့် ဖုန်းဓာတ်မီးဖြင့်ထိုးကြည့်။ ဘာမှ မမြင်ရ။ အတော်လေး စိတ်လေသွား၏။ ထိုစဉ် . . .

 

ဟော . . သားလေးပြန်လာပြီ။​ ဖေဖေရေ သားပြန်လာပြီ ဟု သူ့အမေအော်သံနှင့်အတူ ‘ဖေကြီး ဘာလုပ်နေတာလဲ’ ဟု မေးလျက် သားဝင်လာ၏။ ကျွန်ုပ်က အကျိုးအကြောင်းရှင်းပြသော် သူက “အာ . . ဂျက်ကျတာ အဲဒီနေရာမဟုတ်ဘူး ဖေကြီးရဲ့၊ အောက်ဘက်မှာ” ဟု ဆို၏။ သို့နှင့် ကျွန်ုပ်လည်း ကျွန်ုပ်တို့အိပ်ခန်းပြန်သွား၊ အောက်ဘက်ဂျက်နေရာကို ပြန်တိုင်း။ ထိုအမှတ်အတိုင်းထပ်ဖြတ်။ သည်တစ်ခါတော့ နည်းနည်း လှုပ်သာရှားသာရှိအောင် ၁၅ မီလီမီတာခန့် ဖြတ်ထုတ်လိုက်၏။ 

 

အလူမီနီယမ်သားကို သံဖြတ်လွှဖြင့်ဖြတ်တော့ အမှုန်များထွက်လာ၏။ ကျွန်ုပ်မှာ ဘာမှ ဝတ်ထားတာမတွေ့ရတော့ သားက “very dangerous, those dust will harm your health.” ဆိုကာ သူ့အမေကို dust mask သွားယူခိုင်းလျက် ကျွန်ုပ်အား ဝတ်စေ၏။

 

ဖြတ်အပြီးအထဲနှိုက်ကြည့်တော့လည်း အထဲမှာ ဘာမှမတွေ့ရ။ မီးနှင့်ထိုးကြည့်၏။ ဘာဆိုဘာကမှ မရှိ။ ကတောက်စ်။

 

‘ကိုင်း သားရေ။ ငါတို့ အတွက်လွဲပြီကွ။ ဂျက်က အလယ်မှာ ကန့်လန့်ကြီးခံနေတာ။ ဒီတော့ ဒီအလယ်သားပါ အကုန် ဖဲ့ထုတ်မှ ရမယ် . .’ ဆိုကာ အလယ်မှအသားကို လှန်ထုတ်၏။ အထက်အောက် ဖြတ်ထားတာဆိုတော့ အလယ်ပိုင်းကို ထပ်ဖြတ်စရာမလိုတော့ဘဲ အသာလေးလှန်လိုက်၏။ ထိုအခါကျမှ အထဲကိုရှင်းရှင်းလင်းလင်း မြင်ရတော့၏။ ဂမြင်းမ ဂျက်မှာ အပေါ်မရောက်၊ အောက်မရောက် အလယ်တွင် ကန့်လန့်ကြီးခံနေသကိုး။ သည်တစ်ခါတော့ ဘာမှ မခဲယဉ်း တော့ပြီ။ ကန့်လန့်ခံနေသည့်ဂျက်ကို အောက်ရောက်အောင် ဆွဲချ။ ဒါတောင် ကျွန်ုပ် အတင်းတွန်းဖွင့် ထားသမို့ ကြပ်နေကာ မနည်းတွန်းချရ၏။ 

 

တံခါးပွင့်သွားတော့ တံခါးကိုပြန်ပိတ်ကာ ဂျက်ကိုပြန်ချကြည့်၏။ မကျ။ ပြန်ကန်ထွက်နေ၏။ ပထမ စပရိန်ပျက်နေလို့ သာ ပြန်ကန်တာပဲ ဟုထင်မိ၏။ အချိန်မှာလည်း ၅ နာရီထိုးဘို့ ဆယ်မိနစ်သာလိုတော့၏။  ဖြတ်ထားသည့်နေရာမှာ အလူမီနီယမ်အစအနများနှင့်မို့ အန္တရာယ်မဖြစ်ရအောင် တိပ်နှင့်ဖာရ၏။ “Phaygyi, you already overshoot 3 mins.” သားက သတိပေး၏။ သူ့အမေကို ခေါ်။ ဖြတ်ထားသည့် အလူမီနီယမ်အမှုန်များကို သန့်ရှင်းရေးလုပ်ရန်ပြောပြီး ကပျာကသီထွက်ခဲ့တော့ ၅ နာရီထိုးဘို့ ၅ မိနစ်။

 

“Be safe, rushing is the one cause of accident. Do not rush.” ဟု အထွက်တွင် သားက အတန်တန် သတိပေးလိုက်သေး၏။

 

သင်တန်းပြီးလို့ ပြန်လာတော့ ည ၉နာရီခွဲနေပြီမို့ တံခါးကို လက်စမသပ်နိုင်။ တံခါးဂျက်ကိုလဲမည်ဟု အိပ်ခန်းထဲမှ တံခါး ကိုကြည့်လိုက်တော့ အတော်မလွယ်မှန်းသိရ၏။ တံခါးဂျက်မှာ စို့နှင့်ရိုက်တပ်ထားသကိုး။

 

ပြဿနာမှာ စို့မဟုတ်။ စို့ကို ဖြုတ်တာတပ်တာ ကျွန်ုပ်လုပ်တတ်ပါ၏။ သို့သော် စို့တပ်ထားတာက မြင်ရသည့်တစ်ဖက်မှာ သာဖြစ်ပြီး အခြားတစ်ဖက်က တံခါးအောက်ဘက်မှာမို့ ဘယ်လိုမှ ဖြုတ်/တပ်လို့မဖြစ်နိုင်။ 

 

မနက်အိပ်ယာအထ သားကျောင်းမသွားခင် သူ့အခန်းထဲ ပြန်သွားကြည့်ပြန်၏။ ကျွန်ုပ်က တံခါးကိုဖွင့်လျက် အလွတ်မှာ ဂျက်ချကြည့်တော့ ရ၏။ သည်တော့မှ ကျွန်ုပ်အထင်လွဲမှန်း သိရပြန်၏။ စပရိန်ပျက်တာမဟုတ်။ ဂျက်ချမည့်အခွက်က တိမ်နေတာဖြစ်၏။ သို့နှင့် ဂျက်ကို ဖြတ်ထုတ်ရန် စဉ်းစားပြန်၏။ နောက်မှ ဂျက်က ဂင်းပိတ်သံချောင်းဖြစ်၍ ဖြတ်ရခက်မည်။ နောက်ပြီး လွတ်လွတ်လပ်လပ်မဟုတ်တော့ ပိုလို့တောင် ခက်ဦးမည်။ အောက်က အခွက်မှာ အလူမီနီယမ်ဖြစ်၏ ဖောက်ရလွယ်မည်ဟု တွေးမိ။ ကျွန်ုပ်မှာ drill bit အသေးတစ်ခုရှိတာ သတိရမိ။ Drill bit နှင့် တိုင်းကြည့်တော့ ဖောက်ရမည့်အပေါက်နှင့် ကွက်တိဖြစ်နေတာ တွေ့ရ၏။ ဟိုက်ရော။

 

ကျန်သည့်အပိုင်းမှာတော့ အီးဇီးဂိုးယင်း။ ကျွန်ုပ် အပေါက်ဖောက်ကာ နည်းနည်းချဲ့ပေးလိုက်တော့ အားလုံး အဆင်ပြေ သွား၏။ နောက်တော့ သားပြောသလို ရေမဝင်အောင် ပြန်ဖာ။ အားလုံးကို နေရာတကျဖြစ်အောင် ပြန်တပ်။









 

 

(၂) ကျွန်ုပ်၏ စူးဆောက်တန်ဆာပလာများ


 

ကျွန်ုပ်က စူးဆောက်တန်ဆာပလာလေးများကို စုရတာ ဝါသနာလည်းပါ။ လိုအပ်သည့်အခါလည်း သုံးလို့ရအောင် လက်သုံးကိရိယာလေးများ ဝယ်ထား၏။ ကျွန်ုပ်ထံ၌ နာရီဝက်အူများပါလှည့်လို့ရသည့် (မော်လမြိုင်ဘက်ကလူတွေလို ပြောရလျှင်) ဝက်အူလှည့်သားလေးများ မှသည် အရိုးပြောင်းတပ်လို့ရသည့် ဝက်အူလှည့်၊ tester, အရိုးအရှည်ကြီးနှင့် ဝက်အူလှည့်။ အရိုးပီဘိတိုတိုလေးနှင့် ဝက်အူလှည့်  စသဖြင့် ဝက်အူလှည့် မျိုးစုံရှိ၏။ နောက်ပြီး လွှ၊ တံစဉ်း၊ တူ၊ ဖောက်စူး၊ ဂွ၊ ဂွရှင်အကြီးတစ်ခု၊ အသေးနှစ်ခု၊ အယ်လင်ကီး metric နှင့် imperial နှစ်မျိုး။ ပလိုင်ယာ၊ ချိန်သီး၊ wire cutter, multimeter, ခဲဂဟေဆော်သည့် gun နှင့် paster, ခဲခွေ၊ မီတာကြိုး၊ ရေချိန်၊ pipe wrench စသည် မျိုးစုံရှိ၏။ တော်တန်ရုံတော့ အကုန် ကိုယ့်ဘာသာချည်းလုပ်တာဖြစ်၏။ ဘယ် ဂန်းမသားမှ မခေါ်။ (အဲသည်ကောင်တွေ ခေါ်လိုက်လျှင် $$တလွဲလုပ်သွားတာများသဖြင့် ကျွန်ုပ်စိတ်တိုင်းကျတာ အတော်ရှားလှ၏။)

 

သားက အိမ်သာကို တောထိုင်အိမ်သာလိုချင်သည်ဆိုသဖြင့် ကျွန်ုပ် တောထိုင်အိမ်သာတစ်ခု လုပ်ခဲ့ဖူးပါသေး၏။ (ထိုအကြောင်းကို ကျွန်ုပ်တောထိုင်အိမ်သာလုပ်ခြင်းအကြောင်း ဆိုပြီး ရေးခဲ့တာ မိတ်ဆွေတို့ မှတ်မိပါလိမ့်မည်။) ထိုစဉ်က ဝက်အူတော်တော်များများ စုပ်ရမည်ဖြစ်သောကြောင့် ပါဝါဝက်အူလှည့်ကလေးတစ်ခု ဝယ်လိုက်၏။ သို့သော် ကပ်စေးနည်းမှု၏ အကျိုးကား ထိုဝက်အူလှည့်ကလေးမှာ ပါဝါနည်းသဖြင့် သိပ်အလုပ်မဖြစ်။ 

 

နောက်တော့ သားက သူ့အခန်းမှာ သူ့ပန်းချီပစ္စည်းတွေတင်ဘို့အတွက် စင်လုပ်ပေးပါဆို၍ သားအဖနှစ်ယောက် Ikea တွင် စင် (၃) ခုသွားဝယ်။ စင်ဆင်ဘို့ကျတော့ ကွန်ကရိနံရံကိုဖောက်ဖို့ drilling machine လို၏။ အရင်တစ်ခါဝယ်ထား သည့် drilling machine အသေးလေးမှာ အသုံးမတည့်တော့ စက်အကြီးတစ်ခု ထပ်ဝယ်ရပြန်၏။ 

(သင်ခန်းစာ - ကပ်စေးနည်းလျှင် ပိုက်ဆံနှစ်ခါကုန်ရမည်။)

 

စင် ဆင်ဘို့ ပထမ ဝက်အူများဖြင့်လှည့်ကြည့်၏။ ဘယ်လိုမှမရ။ သည်တော့မှ concrete drill bit သွားဝယ်ရ၏။ စင်သုံးခု ဆင်ရာတွင် စင်နှစ်ခုမှာတော့ ရေချိန်ညီပါ၏။ ဒုတိယစင်မှာ အနည်းငယ်နိမ့်မြင့် ဖြစ်သွား၏။ သေသေချာချာချိန်ကာ အပေါက်ဖောက်ပါ၏။ သို့သော် တည့်တည့်မဝင်။ အထဲမှာ rebar ခံနေသည်ထင့်။ ဖောက်သည့်နေရာနှင့် အနည်းငယ် လွဲသွား၏။ သားက ‘ရပါတယ်၊ အနည်းအပါး လောက်ကတော့ ပြဿနာမရှိပါဘူး’ ဆို၏။

 

သို့မို့ကြောင့် ကျွန်ုပ်၌ power drill အကြီးတစ်လက်၊ အသေးတစ်လက်နှင့် power screw driver, drill bit များလည်း ရှိလေ၏။

 

တိပ်ဆိုလျှင်လည်း masking tape, paper tape, cello tape အကြီး၊ အသေး, aluminium tape, electrical tape, double sided tape, sticker တော်တော်စုံစုံလင်လင်ရှိ၏။ မီးဆင်ရာတွင်သုံးသည့် conductor များ၊ ဝါယာကြိုးများ။ ရေပိုက်ဆက်ရာတွင်သုံးသည့် thread sealing tape များ။ သစ်သားကော်၊ ရာဘာကော်၊ ဆင်ကော် စသဖြင့် ကော်သုံးလေးမျိုးခန့်။ ဆီလီကွန်။ WD40, Grease။ မောင်းချဓား (Pen knife) အကြီး ၂ ချောင်း၊ အသေး ၃ - ၄ ချောင်း၊ ကပ်ကြေး အကြီး၊ အလတ်၊ အသေး။ ဇာဂနာ၊ မွေးညှပ်၊ အပ်အကြီးအသေးမျိုးစုံ။ အပ်ချည် အကြီး အသေး၊ Cable tie အတိုအရှည် ၃ ထုပ်ခန့်။ ဝက်အူအမျိုးမျိုး၊ အကြီးအသေး အတိုအရှည် မျိုးစုံရှိ၏။ (ဓာတ်ပုံတော့ ရိုက်မပြတော့ပါ။)

 

ဝက်အူများအကြောင်း ဆောင်းပါးရေးစဉ်က ဝက်အူများအကြောင်းကို ဗီဒီယိုရိုက်ကာ ရှင်းပြမည်ဟု ဝက်အူ၊ ဝက်အူလှည့် မျိုးစုံ စသည်တို့ကို စားပွဲပေါ်တွင် တန်းစီကာ ရက်အတန်ကြာ တင်ထားခဲ့သေး၏။ သို့သော် မရိုက်ဖြစ်ခဲ့။ တစ်ရက်တွင်တော့ ရိုက်ဖြစ်အောင် ရိုက်ပါဦးမည်။ 

 

(၃) ခွေးမသားကလေးများ ကျွန်ုပ်ပိုက်ဆံကို လိမ်ယူသွားပုံ

 

၂၀၀၀ ပြည့်နှစ်ကဆောက်ခဲ့သော ကျွန်ုပ်တို့ HDB Flat (Blk 663D) မှာ ယခုအခါ သက်တမ်းအားဖြင့် အနှစ် (၂၀) ပြည့်ခဲ့ပြီ။ ဆိုတော့ ဟိုနားက တို့ကနည်းဖြစ်လိုက်။ သည်နားက ရှို့ကနည်းဖြစ်လိုက်ဖြင့်။ လူများကဲ့သို့ အနည်းငယ် ချို့ယွင်းစ ပြုလာပြီဖြစ်၏။ (ကျွန်ုပ်လက်ထဲရောက်တာတောင် ၁၀ နှစ်ရှိမှကိုး။) 

 

ရေချိုးခန်းမှလက်ဆေးကန်နှင့် ဘီရိုများပြင်တာ နှစ်ခန်းကို $4600 ကုန်၏။ (Dec, 2020)

များမကြာမီက အိပ်ခန်း ၃ ခန်းအတွက် အဲယားကွန်းလဲတာ 3 Unit က $3200 ကျော်ကျ၏။ (Feb, 2021)

 

ဂက်စ်မီးဖိုမှာလည်း အတော်လေးစုတ်နေပြီမို့ အမျိုးသမီးက အသစ်လဲဘို့ ပူလကျီပူလကျီလုပ်နေတာနှင့် လဲလိုက်၏။ 

ပထမတော့ ကျွန်ုပ် ကိုယ့်ဘာသာကိုယ်လဲမည်ဟု မီးဖိုများကို ဖြုတ်ယူသွားပြီး ဆိုင်များတွင်လိုက်ရှာ၏။ ဟဲ့ - နင့်ဟာက အိုးမော်ဒယ်ကြီး။ ဘယ်မှလိုက်ရှာမနေနဲ့။ ရမှာမဟုတ်ဘူး ဟု ဆိုင်ကပြောလိုက်၍ ပန်လန်လက်ကာ ပြန်ခဲ့ရတာဖြစ်၏။ သို့နှင့် မတတ်သာသည့်အဆုံး အားလုံးဖြုတ်ကာ အသစ်လဲလိုက်ရ၏။ $560 (May, 2021) 

 

Common room မှ တံခါးမကြီးမှာ ပတ္တာများချောင်ကာ ကျလာသည်ထင့်။ ကြမ်းနှင့်မလွတ်ဘဲ အဖွင့်အပိတ်လုပ်တိုင်း တဗျီးဗျီးနှင့် ပွတ်နေလေ၏။ သို့နှင့် ကျွန်ုပ်လည်း (သင်တန်းကလည်း နေ့နေ့ညည မအားနိုင်သည်နှင့်) ခွေးမသား ကန်ထရိုက်တာလေးများခေါ်ကာ လုပ်ခိုင်း၏။ သူလာဆင်တော့ ည ၈ နာရီခွဲ။ ကျွန်ုပ်ပြန်ရောက်နေသည်နှင့် သူလုပ်တာကို စောင့်ကြည့်နေ၏။ အိတ်ပေါက်စနလေးနှင့် သူယူလာသည့် ပစ္စည်းကိရိယာများကို တွေ့လိုက်ရ ကတည်းက အင်း၊ ဟန်မယ့်ပုံမပေါ်ဘူး ဟု ကျွန်ုပ်တွက်မိ၏။ သူ့ပစ္စည်းများမှာ ကျွန်ုပ်မှာရှိသည့် ပစ္စည်းများ လောက်တောင်မကောင်း။ သို့သော် ဘာတတ်နိုင်ပါမည်နည်း။

 

သည်လောက် သစ်သားတံခါးအလေးကြီးကို 5 mm လောက်သာရှိသည့် ဝက်အူကလေးများနှင့် စုပ်၏။ ဟဲ့အကောင်၊ ဒီတံခါးအလေးကြီးကို ဘယ်လိုလုပ် အဲဒီဝက်အူလေးတွေနဲ့နိုင်မလဲ။ နင်ဦးဏှောက်မရှိဘူးလားဟု ကျွန်ုပ် ဟောက်လေသော် (ပြောင်းတပ်စရာလည်း တခြားဘာဝက်အူအပိုမှမပါ) ရပါတယ်၊ ငါတို့ဒါနဲ့ပဲ တပ်လာတာ ဟု ဆို၏။ မေဘေး၊ တံခါးပြန်ပြုတ်ကျလာရင် မင်းပြန်လာလုပ်ပေးရမယ် ဟု မှာလိုက်သေး၏။ 

 

ကျွန်ုပ်ထင်တာမမှားပါ။ နောက်နေ့ကျွန်ုပ်အိမ်ပြန်ရောက်တော့ အခန်းငှားသည့်ကောင်လေးများက တံခါးမှာ ပြန်ကျနေကြောင်း ဆီးပြောကြ၏။ ကျွန်ုပ်မှာ ကြိုတင်မျှော်လင့်ထားသဖြင့် သိပ်တော့ မအံ့ဩမိပါ။ သို့သော် ကျွန်ုပ်ကို လိမ်သွားသည့် ခွေးမသားကလေးများကို ဖုန်းဆက်ကာ လှမ်းဆဲလိုက်သေး၏။ လာလုပ်ပေးပါမယ်ဆို၏။ လုံးဝ ပေါ်မလာ။ ကျွန်ုပ်လည်း self-drill ဝက်အူများဝယ်ကာ ကိုယ့်ဘာသာ ပြန်တပ်လိုက်၏။ တံခါးပတ္တာတပ်တာ ဘာခဲယဉ်း ပါသနည်း။ ကျွန်ုပ်ထံမှ ပိုက်ဆံ ၁၂၀ လိမ်ယူသွားသည့် ခွေးမသားလေးများကို ကျိန်ဆဲမိ၏။

 

(၄) ကျွန်ုပ် သားကိုသင်ပေးပုံ

 

အခြားပစ္စည်းများကဲ့သို့ပင် ထိုင်ခုံများမှာလည်း နဲ့လာ၏။ ထို့ကြောင့် ကျွန်ုပ် ဘရက်ကက်များဝယ်ကာ အားဖြည့်ပေးရပြန် ၏။ ယခင်က ကျွန်ုပ် သာမန်ဝက်အူများဝယ်ကာ လက်နှင့်စုပ်တာဖြစ်၍ အတော် ပင်ပန်းလေ၏။ ယခုမူ seld-drilling ဝက်အူများဝယ်ကာ power drill နှင့် တပ်ခြင်းဖြစ်လျက် သက်လည်းသက်သာ မြန်လည်း မြန်လှ၏။

 

သားရေ - ခဏလာပါအုံးကွ . . ဟု သားကိုခေါ်လျက် ဟောဒါက ဘာဝက်အူခေါ်တယ်၊ ဘယ်နေရာမှာ သုံးရတယ်။ ဟောဒါကို ဘာခေါင်းခေါ်တယ်။ အဲဒီခေါင်းမျိုးဆိုရင် ဘယ်လိုဝက်အူလှည့်မျိုး သုံးရတယ် စသဖြင့် သင်ပေး၏။ 

နောက်သူ့ကို ထိုင်ခုံနဲ့နေတာ ဘာကြောင့်၊ အဲဒါကိုခိုင်အောင် ဘယ်လိုလုပ်ရတယ်ရှင်းပြလျက် ဘရက်ကက်တစ်ခု တပ်ပြ၏။ သူက သားလည်း လုပ်ချင်တယ်ဆို၏။

 

ဘရက်ကက်ကို ထိုင်ခုံခြေထောက် အလယ်တည့်တည့်မှာချ။ ဝက်အူကို တစ်ခါတည်းမတပ်ရဘူး။ နေရာလွဲသွား တတ်တယ်။ အဲဒီအတွက် ဘရက်ကက်ရဲ့အပေါက် အလယ်တည့်တည့်မှာ ဝက်အူကိုထောင်၊ နောက်ပြီး တူနဲ့နည်းနည်း ထုထည့်၊ ဝက်အူခိုင်သွားပြီဆိုမှ power drill နဲ့တပ်လှည့်။ ခလုတ်ကို အရမ်းမညှစ်လိုက်နဲ့။ အရမ်းမြန်ရင် ထိန်းရ ခက်တယ်။ ခလုတ်ကို ဖြည်းဖြည်းချင်း ညှစ်ထည့်။ ဝက်အူလုံးဝ မလှုပ်နိုင်တော့ဘူးဆိုမှ ခလုတ်ကို အပြည့်ညှစ်။ ဝက်အူလုံးဝ မြုပ်ခါနီးရင် ခလုတ်ကိုပြန်လျှော့။ မဟုတ်ရင် အရှိန်လွန်ပြီး ဝက်အူခေါင်းတွေ ပြုန်းသွားတတ်တယ်။

 

ပထမ ဝက်အူနှစ်ခုလောက်တွင် ချော်၊ ချော်သွားသေးသော်လည်း နောက်ဝက်အူများ စုပ်ရာတွင်မူ အဆင်ပြေသွား၏။ သားက သူ ဘရက်ကက်များဆင်တတ်သွားသည်ကို အလွန်ပျော်နေလေ၏။ 

ယောက်ျားဆိုတာ ဒါမျိုးတွေလည်း တတ်ထားရတယ်ကွ။

 

ကျွန်ုပ်တို့အိမ်တွင် ယောက်ျားလေးများရှိပါ၏။ ဘာဆိုဘာမှ မလုပ်တတ်။ လုပ်ဖို့ကိုလည်း စိတ်မဝင်စား။ လုပ်လည်း မလုပ်ချင်။ ယုတ်စွအဆုံး မီးခလုတ်ကလေးဆင်တာတောင် မဆင်တတ်။ ကျွန်ုပ်ညီမကသာ လုပ်ရလေ၏။ ထိုအကောင်များကို ကျွန်ုပ်နည်းနည်းကလေးမှ​ စိတ်တိုင်းမကျ။

သို့မို့ကြောင့် ကျွန်ုပ်သားကို သေသေချာချာ သင်ပေးနေခြင်းဖြစ်၏။ 

သားကလည်း စိတ်ဝင်တစား လေ့လာသင်ယူ၏။

ကျွန်ုပ် ကံကောင်းပါသည်။

 

DIY = Do It Yourself. (ကိုယ့်ဘာသာကိုယ်လုပ်ပါ။)

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၂ စက်တင်ဘာလ၊ ၂၀၂၁

Sunday, September 19, 2021

ကွမ်းမြုံ့ခြင်း အနုပညာ

စိမ်ပြေနပြေနေတတ်သည့် အလေ့အထ

 

ရန်ကုန်မြို့လမ်းထောင့်များရှိ အဆင်သင့်ထုပ်ထားသည့် ကွမ်းယာများကိုရောင်းချသော ကွမ်းယာဆိုင်ငယ်လေးများမှာ ကွမ်းစွဲနေသူအများစုအတွက်တော့ အဆင်ပြေလှ၏။ ကွမ်းယာ၏အရသာကို စေ့စေ့စပ်စပ် ခံစားတတ်သူများအဖို့မူ လောကကြီးတစ်ခုလုံး ဘာကြီးဖြစ်နေပါစေ၊ ၎င်းတို့၏အကြိုက်ကွမ်းယာကိုမူ မိမိဘာသာ စိတ်ကြိုက်ယာစားလေ့ ရှိကြ၏။ သို့သော်လည်း သွားသုတ်သုတ်၊ လာသုတ်သုတ် ဖြစ်နေသည့် ယခုခေတ်တွင်မူ ထိုကဲ့သို့ ကွမ်းယာကို ဇိမ်နှင့်ယာစားဘို့ရာ မလွယ်လှတော့ပါ။ ကွမ်းယာဆိုင်မှာ ခဏရပ်၊ အဆင်သင့်ယာပြီးသားကွမ်းယာကိုဝယ်၊ သုတ်သီးသုတ်ပြာ ပါးစပ်ထဲထိုးထည့် သွားရခြင်းဖြင့်သာ ကျေနပ်နေရတော့၏။ 

 

ယခုမူ တစ်ခုခုကို မလုပ်လိုက်ရဘဲ သုတ်သီးသုတ်ပြာနှင့်ချည်းသာ စခန်းသွားနေရသည့်အတွက် ကွမ်းယာကို စိမ်ပြေနပြေ ယာစားသည့် အလေ့အထလေးမှာ ဝမ်းနည်းစရာကောင်းလှစွာပင် ပျောက်ဆုံးသွားရရှာချေပြီ။ ကွမ်းယာဝါးသည် ဆိုခြင်းမှာ နောက်က လူလိုက်လာသလို စားရခြင်းမဟုတ်မူ၍ စိတ်အေးလက်အေး၊ စိမ်ပြေနပြေစားရသည့် အရာမျိုး ဖြစ်ချေ၏။ ကျမအဖွားတို့ခေတ်က မိန်းမပျိုလေးတစ်ဦးကို ခဏလောက် ကြည့်ကြည့်စမ်းပါ။ သူသည် တစ်လက်မ လောက် ကတ္တီပါအနားကွပ်ထားသည့် သင်ဖြူးဖျာချောပေါ်တွင် သိမ်သိမ်မွေ့မွေ့ ကြုံ့ကြုံ့ယုံ့ယုံ့ ထိုင်နေပေလိမ့်မည်။ သူ့ရှေ့တွင်မူ ကွမ်းယာယာဘို့အတွက် လိုအပ်သမျှ တိုလီမိုလီ အကုန်ရှိ၏။

 

မိန်းမပျိုလေးနှင့် ကွမ်းအစ်

 

စက်ဝိုင်းပုံသဏ္ဍာန် ကွမ်းအစ်မှာ အဖုံးကိုဖွင့်ပြီး အထဲကိုမကြည့်သမျှ ရုတ်တရက်ကြည့်လိုက်လျှင် ထုလုံးတစ်ခုလို ထင်ရ၏။ ကွမ်းအစ်အပေါ်ပိုင်း၌ ခပ်နိမ့်နိမ့် အံအသေးနှစ်ခုကို တစ်ခုအပေါ်တစ်ခု ဆင့်လျက် ထပ်ထား၏။ အပေါ်အံ၌ ခွက်ကလေး လေးခုနှင့် ကြေးဝါဘူးသေးသေးကလေးတစ်ခု ပါ၏။ ခွက်ကလေး လေးခုအတွင်း၌ ကွမ်းယာရာတွင် သုံးသည့် အဆာပလာများ ထည့်ထား၏။ ၎င်းတို့မှာ ကွမ်းသီးများ၊ ရှားစေး၊ လေးညင်းပွင့်၊ သစ်ကြမ်းပိုး၊ စမုန်စပါးနှင့် နွယ်ချိုတို့ ဖြစ်၏။ ကြေးဝါဘူးကလေးအတွင်း၌ သန့်စင်ပျော့ပြောင်းသည့် ထုံးရှိ၏။

 

အောက်အံအတွင်း၌မူ ဆေးရွက်ကြီး အခြောက်များကို ထပ်ခါထည့်ထား၏။ ထိုအံကလေးများကို ထုတ်ယူလိုက်ပါက စိမ်းစိုလတ်ဆတ်သော ကွမ်းရွက်များထည့်ထားသည့် အစ်ကြီးကို တွေ့ရပေလိမ့်မည်။

 

လုံမငယ်သည် ကွမ်းညှပ်ငယ်ဖြင့် ကွမ်းသီးများကို အစိတ်ကလေးများဖြစ်အောင် ညှပ်ခွဲလိုက်၏။ ထို့နောက် ဖော့ဖယောင်းလို ပျော့ပြောင်းလှသော သူ့လက်သွယ်သွယ်ကလေးများဖြင့် ကွမ်းရွက်များကို ယူကာ ရိုးတံနှင့် ကွမ်းရွက်ထိပ်ကို ဆိတ်ဖြတ်လျက် ထုံးကို ခပ်ပါးပါးသုတ်လိုက်၏။ 

 

ထို့နောက်တွင်မူ လုံမငယ်သည် ကွမ်းရွက်ပေါ်သို့ ကွမ်းသီးစိတ်များ၊ ဆေးရွက်ကြီး၊ ရှားစေး၊ သစ်ကြမ်းပိုး၊ စမုန်စပါးနှင့် နွယ်ချိုတို့ကို အနည်းငယ်စီထည့်ကာ အနားများကို ခေါက်လိုက်၏။ ကွမ်းယာပြေမသွားစေရန် လေးညင်းပွင့်ဖြင့် ကပ်လိုက်သေး၏။

 

ဘယ်သန်ချည်းများအတွက်တော့ မဟုတ်ပါချေ (Not for the one with two left hands)

 

အရာအားလုံးထက် ကွမ်းယာခြင်းအနုပညာကို တတ်မြောက်ဘို့ရာ သင်ယူလေ့လာမှုနှင့် အလေ့အကျင့်လို၏။ ထို့ထက် နှုတ်ခမ်းကလေးများ ပတ္တမြားကဲ့သို့ နီရဲလာအောင် ကွမ်းယာကို ယဥ်ကျေးသိမ်မွေ့စွာ မြုံ့တတ်ခြင်းကား ပိုလို့တောင် ကျွမ်းကျင်မှုလိုသေး၏။ “ချိုမြိန်သော ပင့်သက်ကလေးများနှင့် ကွမ်းရည်များနှင့်လှပနေသော နှုတ်ခမ်းနီရဲရဲကလေးများ” အကြောင်းကို စပ်ဆိုထားသည့် အချစ်သီချင်း များစွာရှိ၏။

 

ကျမ၏ ငယ်ဘဝနေ့ရက်များတွင် ကျမကြီးပြင်းခဲ့ရသော တောမြို့ကလေး၌ မည်သူတစ်ဦးတစ်ယောက်မျှ နှုတ်ခမ်းနီတောင့် ဆိုသည်ကို မကြားခဲ့ကြ စဖူးပါ။ အခမ်းအနားများတွင် နှုတ်ခမ်းကို အနီရောင် အလှခြယ်ရန်အတွက် လုံမကလေးများကို ကွမ်းယာတစ်ယောက်တစ်ခုစီ ဝါးဘို့ရာ ပေး၏။ သူတို့အားလုံးမှာ လိုလိုချင်ချင်ပင် ကွမ်းယာ ဝါးကြ၏။ အများနှင့်မတူ တမူထူးသည့် ကျမမှာမူ ကွမ်းယာဝါးပြီး အတော်လေး ဒုက္ခများခဲ့ဖူး၏။ ကျမ၏ အကောင်းဆုံး ဂါဝန်အဖြူလေးမှာ ကွမ်းသွေးများစွန်းသွားခဲ့ရပြီး မေးစေ့၌လည်း ကွမ်းသွေးစီးကြောင်းများ ပေပြီးနောက်ပိုင်း ကျမမှာ မည်သည့်အခါမှ ကွမ်းတောင်ကိုင် အချောအလှလေးများအနီးသို့ မကပ်တော့ပါချေ။

 

ကွမ်းရည်ကလေးများနှင့် နီရဲနေသည့် နှုတ်ခမ်းလှလှလေးများ

 

မည်သို့ဆိုစေ၊ မိန်းမပျိုကလေးဟု ဆိုလိုက်လျင် ကတ္တီပါအနားကွပ်ထားသည့် သင်ဖြူးဖျာချောပေါ်တွင် ကျုံ့ကျုံ့ယုံ့ယုံ့ ထိုင်လျက် ကွမ်းယာနေသူဟု ပြေးမြင်ယောင်မိကြမည့်ခေတ်၌ ကျမ မွေးမလာသည်ကပင် ကျမအတွက် ကံကောင်းသည် ဟု ဆိုရပါမည်။ ကျမလို နှစ်ဘက်လုံး ဘယ်သန်ချည်းဖြစ်နေသူအဖို့ ကွမ်းယာဘို့ဆိုတာ မလွယ်လှပါ။ ကွမ်းရွက်ပေါ်တွင် အဆာပလာများထည့်လျက် သပ်သပ်ခပ်ခပ် ယာတတ်ဘို့မှာ ကျမအရာမဟုတ်ပါ။ ကျမကြိုးစားပြီး ကွမ်းယာကို လေးညင်းပွင့်များဖြင့် ကပ်သည့်တိုင် စမုန်စပါးစေ့များနှင့် ကွမ်းသီးစိတ်များအားလုံး ထွက်ကျကုန်ပါသည်။

 

ကမ္ဘာပေါ်ရှိ အနည်းငယ်မျှသော အခြားကိုးရို့ကားယား အရာများကဲ့သို့ ကွမ်းအစ်သည်လည်း ကျမအတွက် စိတ်ပျက်စရာ တစ်ခုပင်ဖြစ်ပါသည်။ ထိုအချိန်ကမူ ကျမဝါးခဲ့သော ကွမ်းယာမှ ကွမ်းသွေးများ တဗျစ်ဗျစ်စီးကျနေပြီး အရာအားလုံး ပေရေကုန်လျက် ကဖျဲကရုန်းဖြစ်ခဲ့ရ၏။

 

ထိုအချိန်တွင် လူပျိုကာလသားများ ရစ်သီရစ်သီလုပ်နေရမည့်အစား ကျမမှာ ဘာရခဲ့ပါသနည်း။ ဖြစ်နိုင်သည်မှာ ကျမ၏ အကူအညီမဲ့နေသော အဖြစ်သည်သာ တစ်စုံတစ်ယောက်သောသူ၏ ရင်အတွင်း တို့ဝှေ့ဝင်သွားမည် ဖြစ်ပါသည်။ သို့အတွက် အထီးကျန်ဘဝကိုသာ မျှော်လင့်စရာရှိတော့၏။ ဤမျှ ခိုကိုးရာမဲ့နေချိန်တွင် အချစ်ပန်းကလေး ပွင့်လန်းလာဘို့ရာ အလွန် ခက်ပါလိမ့်မည်။ ကျမကဲ့သို့သော မိန်းမပျိုထံက ကွမ်းယာတစ်ခုတလေတောင်းဘို့ မည်သည့် အမျိုးကောင်းသား တစ်ယောက်တလေမှ​ တန်းစီနေမှာ မဟုတ်ပါ။ အဲသည့်အရာအားလုံး နောက်မတော့ ကွမ်းမြုံ့ခြင်းအနုပညာ ကျဆုံးသွားရသည်ကို ကျမ အဘယ်ကြောင့် ညည်းညူနေရပါဦးမည်နည်း။ 

 

ခင်မျိုးချစ်

The Art of Betel Chewing (from Colourful Burma)

 

ဘာသာပြန်သူ

 

အေးငြိမ်း (လေးမျက်နှာ)

၁၉ စက်တင်ဘာ၊ ၂၀၂၁