Monday, October 22, 2012
ခရစ္စတိုဖာပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၂၄)
ပဉ္စမပိုင်း (ပဉ္စမ ၂ နှစ် - ၂)
 (၉၃) ဂရုတင့် (Grootint)
            ဖိုက်ဘာပိုက်ကြီးများဆင်ရာတွင် ကြီးကြပ်သည့် ဂရုတင့်ကုမ္ပဏီမှ ကျွန်တော်နှင့်တွဲလုပ်ရသူများမှာ နယ်သာလင်နိုင်ငံသား ဒတ်ခ်ျကြီးများဖြစ်သည့် အာ့ဒ် (Ad) နှင့် ဂုဗ် (Goove)၊ ဂရိလူမျိုး မက်စ် (Max), အီတလီနိုင်ငံမှ ဘရူနို (Bruno), ဖိလစ်ပိုင်မှ နိုဝယ် (Noel), ဟန်ဂေရီမှ ဖရန့် (Frank) တို့ဖြစ်သည်။ ဖရန့်မှာ ဆောက်လုပ်ရေးမန်နေဂျာဖြစ်၏။ သူတို့အားလုံးနှင့် ကျွန်တော် ပလဲနံပ သင့်ပါသည်။ သို့သော် နိုဝယ်ဆိုသည့် ဖဦးထုပ်ကိုမူ ကျွန်တော်ကြည့်လို့မရပါ။ ဤသည်မှာ နိုဝယ်က ကျွန်တော့်ကို ဘာလုပ်လို့မှမဟုတ်။ ကျွန်တော်က အလကားနေရင်း သူ့အပေါ် မစ္ဆေယစိတ် ပွားနေခြင်းသာ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပိုက်ကျူစီအင်ဂျင်နီယာ (Piping QC Engineer) ဆိုပြီး လခအများကြီးပေး ခန့်ထားသော်လည်း နိုဝယ်မှာ ပိုက်နှင့်ပတ်သက်လို့ ဘာမှဟုတ်ဟုတ်ငြားငြား မတတ်သောကြောင့်  ကြည့်မရတာ ဖြစ်၏။ ကိုယ့်ထက်သာ မနာလို ဆိုသကဲ့သို့ နိုဝယ်ရသောလခမှာ ကျွန်တော့်လခထက် လေးဆခန့်ရှိလေရာ မဆီမဆိုင် ကျွန်တော့်မှာ အလိုလိုနေရင်း အူအသည်းယားနေတာသာ ဖြစ်ပါသည်။ နိုဝယ်ကိုကြည့်ရတာ ဘာစိတ်ခံစားမှုမှ ရှိပုံမပေါ်။ သူ့ကို အဆဲခံရ သည့်တိုင် နာပုံမရ။ စပ်ဖြဲဖြဲနှင့်သာ ဖြစ်ပါသည်။ ပြောချင်သလောက်ပြောကြစမ်းကွာ၊ ငါပိုက်ဆံရပြီးတာပဲ ဟု သဘောထားပုံရပါသည်။  
            ကျွန်တော်တို့မှာ တစ်ခန်းထဲတွင် စုထိုင်ကြသည်ဖြစ်ရာ သူတို့လုပ်သမျှ၊ ပြောသမျှအားလုံး မြင်နေကြားနေရသည်။ ကျွန်တော်နှင့် တိုက်ရိုက်ပင်မပတ်သက်သော်ငြားလည်း ဤပိုက်လိုင်းမှာ ကျွန်တော်တို့ကုမ္ပဏီမှ ကန်ထရိုက်ယူထားသောလိုင်းဖြစ်သဖြင့် ကျွန်တော်တို့နှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေပါသည်။ တစ်ခါတစ်ရံ ညပိုင်းဆင်းရချိန်များ၌ ကျွန်တော်နှင့်နိုဝယ် အတူတွဲကျတတ်သည်။ ထိုသည့်အခါများ၌ နိုဝယ်မှာ ညဦးပိုင်း ခဏတဖြုတ် ဆိုဒ်ထဲဟိုလျှောက်၊ သည်လျှောက်လုပ်ပြီး ည ဆယ်နာရီမတီးမီပင် စားပွဲကိုရှင်းကာ တက်အိပ်ပါတော့ သည်။ ထို့နောက် မနက် ၅ နာရီလောက်ထကာ အစောဆုံးထွက်သော မော်တော်နှင့် ပြန်၏။ နိုဝယ်တို့ တန်ချက်တော့။
            နိုဝယ့်အကြောင်း ကျွန်တော်နှင့်အတင်းပြောဘက်မှာ ယုန (Una) ဖြစ်၏။ သူက ဂရုတင့်မှ ခန့်ထားသော စာရေးမဖြစ်သည်။ လူသူ လေးပါး အရိပ်အခြည်ကြည့်လျှက် ကျွန်တော့်အနားကပ်လာခါ “အဲဒါ ဖရန့်ပေါ့။ ဒီပရောဂျက်အစမှာ သူ ဖိလစ်ပိုင်ကိုသွားတယ်။ အဲဒီမှာ သူ့သူငယ်ချင်း မိတ်ဆက်ပေးလို့ နိုဝယ်နဲ့တွေ့တာ။ နိုဝယ်က သူ့ကို ဘာတွေတောင် ဘယ်လိုပြုစုလိုက်တယ်မသိဘူး။ ဘာမှလည်း တတ်တာမဟုတ်ဘဲနဲ့ အင်ဂျင်နီယာဆိုပြီး ခန့်ထားတာ။ သူကတော့ ခန့်မှာကိုး။ သူလခပေးရတာမှ မဟုတ်တာ။ - -“ စသဖြင့် နှုတ်ခမ်းတလန်၊ ပန်းတလန် ပြောပါသည်။ 
            သို့သော် အာ့ဒ် တို့ကတော့ တကယ်လုပ်သူများ ဖြစ်၏။ လူကောင်ကြီးများကလည်းကြီးသဖြင့် အပင်ပန်းလည်း ခံနိုင်သည်။ စားလည်း စားနိုင်သလို ညနေဘက် အလုပ်ကပြန်ပြီဆိုလျှင် ကလီမင်တီမှ ဟော်ကာစင်တာတွင် ည ဆယ်နာရီ၊ ဆယ့်တစ်နာရီထိအောင် တအေးတဆေး ဘီယာသောက်နေလေ့ရှိသည်။ ဘီယာပင်မသောက်သော်လည်း တစ်ခါတစ်ရံ သူတို့နှင့်အတူ ကျွန်တော်ဝိုင်းထိုင်တတ် သည်။
            သူတို့ယဉ်ကျေးမှုကတော့ အံ့သြဘို့ကောင်းပါသည်။ သူတို့အားလုံးတွင် ဂဲလ်ဖရဲန့် (girl friend) တစ်ယောက်စီရှိ၏။ အာ့ဒ်၏ ဂဲလ်ဖရဲန့်မှာ ဖဦးထုပ်မကလေးဖြစ်ပြီး ဖရန့်၏ ဂဲလ်ဖရဲန့်မှာ ဗီယက်နမ်သူလေး ဖြစ်ပါသည်။ တစ်ခါတစ်ရံ သူတို့ဇနီးသည်များ စင်ကာပူသို့ လိုက်လာသည်။ ထိုအခါ သူတို့ဇနီးသည်များကို ဒါ ငါ့ ဂဲလ်ဖရဲန့်ကွ ဟု မိတ်ဆက်ပေး၏။ ဇနီးဖြစ်သူများကလည်း ထိုကောင်မလေးများကို ဖော်ဖော်ရွေရွေပင် ရင်းရင်းနှီးနှီးဆက်ဆံပါသည်။ သူတို့ ဂဲလ်ဖရဲန့်ကောင်မလေးများကလည်း သူတို့ကို တရိုတသေပြုစုသည်။ ကျွန်တော်တို့ မြန်မာများဆိုလျှင် မည်သို့နေပါမည်နည်း။ စင်ကာပူအလည်လာသည့် သင့်ဇနီးသည်အား ဒါ ငါ့အတည်းလေးလေ၊ နင် ကိုယ့်ညီမလေးလို သဘောထားပေါ့ဟာ ဟု မိတ်ဆက်ပေးကြည့်ပါ။ ဟင်၊ သေချင်းဆိုး၊ ဒါ လုပ်စရာလား ဟု ခုံဖိနပ်နှင့် ခေါင်းအခေါက်မခံရလျှင် ကံကောင်း။
            လူပေါင်းစုံသလို စရိုက်လည်း မျိုးစုံလှသည်။ ဘရူနိုမှာ ပျော်ပျော်နေ၊ သေခဲဟူသော ၀ါဒကို လက်ကိုင်ထားသူ ဖြစ်သည်။ ဘယ်ခါ ကြည့်လိုက်၊ ကြည့်လိုက်။ အမြဲပျော်နေသူ ဖြစ်သည်။ အီတလီလို သီချင်းများကို အော်ဟစ်ဆိုလိုက် သူသဘောမတွေ့လျှင် ဖန်ကူးရိုး ဟု အီတလီလိုဆဲလိုက်။ နိုဝယ့်ကိုလည်း နှစ်ပြားမတန်အောင် ပက်ပက်စက်စက် ပြောသူဖြစ်၏။ သို့သော် အထက်တွင်ပြောခဲ့သလို၊ နိုဝယ်မှာ သူ့မပြောသကဲ့သို့ မျက်လုံးအပြူးသားနှင့် စပ်ဖြဲဖြဲလုပ်နေသည်သာ ဖြစ်လေသည်။ အမှန်မှာ ဘရူနိုက ဂရုတင့်မှမဟုတ်။ ဂရုတင့်သို့ ပိုက်များကိုရောင်းသော အီတလီ၊ ဆာပလပ်ကုမ္ပဏီမှ ဖြစ်သည်။ ဂရုတင့်မှ ပိုက်များဆင်ရာသို့ အရည်အသွေးပိုင်းဆိုင်ရာ စောင့်ကြပ် ကြည့်ရှုရန် လွှတ်ထားတာဖြစ်သည်။
            မက်စ်မှာမူ နွားရိုင်းတစ်ကောင် အီအီးပါနေသည်ကို ကြက်ခြေခတ်ထားသည့်ပုံအား A3 စာရွက်နှင့် ပရင့်ထုတ်၊ ပလတ်စတစ် လောင်းကာ သူ့စားပွဲရှေ့တွင် ကပ်ထားသည်။ ဘူးရှစ်မလုပ်နဲ့ (Don’t Bull-shit) ဟု ဆိုလိုခြင်းဖြစ်၏။ ဆိုဒ်မန်နေဂျာလုပ်သူ ဖရန့်နှင့် မကြာခဏ ပြဿနာတက်သည်။ မက်စ်မှာ ဂရုတင့်မှ မဟုတ်။ Third Party ခေါ် အပြင်ကုမ္ပဏီမှ ဂရုတင့်လုပ်သည်များကို ကြီးကြပ် စစ်ဆေး ရသူဖြစ်လေသည်။ သူအဘယ်ကြောင့် ဖရန့်နှင့် ပြဿနာတက်ရသနည်း။ အကြောင်းရှိ၏။
             ဖရန့်က ဆိုဒ်မန်နေဂျာဆိုတော့ နေချင်သလိုနေ၊ လုပ်ချင်သလိုလုပ်သည်။ တစ်ခါတစ်ရံ Hey, Una, No internet, I am going back ဆိုကာ ပြန်သွားသည်။ တစ်ခါတစ်ရံ လေးငါးရက်မပေါ်လာ။ ယုနအပြောအရ စင်ကာပူအနှံ့ သွားချင်သလိုသွားပြီး ကျသမျှ တက္ကစီခကို လည်းကောင်း၊ ၀ယ်ထားသမျှ ပစ္စည်းတန်ဘိုးအားလုံးကိုသော်လည်းကောင်း ဘောက်ချာဖွင့်ကာ တင်တောင်းသည် ဆိုပါသည်။ ၀ယ်သည့် ပစ္စည်းဆိုရာ၌ သူ့ဘို့သာမက၊ သူ့ဂဲလ်ဖရဲန့်ဘို့ဝယ်သည်များကိုပါ တင်တောင်းခြင်းဖြစ်၏။ သူတို့ဘီယာသောက်ခ၊ ဟိုသွားဒီသွား၊ ဟိုဟာဝယ် သည်ဟာဝယ် တင်တောင်းတာအစုစု၊ အကုန်ပေါင်းလိုက်လျှင် ကျွန်တော့်လခထက်ပင် ပိုများနိုင်ပါသည်။ သူတို့ရသောလခမှာ အာ့ဒ်အပြော အရ စင်ကာပူဒေါ်လာ တစ်သောင်းနှစ်ထောင်ခန့် ဖြစ်ပါသည်။
            ဖရန့် သည်လိုလုပ်နေတာကို ကြည့်မရသူမှာ မက်စ်ဖြစ်၏။ သည်တော့ မက်စ်နှင့် မကြာခဏစကားများသည်။ သို့သော် သူက ဂရုတင့်မှမဟုတ်တော့ ဘာမှလုပ်လို့မရ။ ပါးစပ်သေနတ်သာ ပစ်လို့ရသည်။
(၉၄) ၀ီကွမ်း (Wecom)
            ပိုက်များတပ်ဆင်ခြင်းကို ၀ီကွမ်းမှ တာဝန်ယူသည်။ ယူနီယမ်အလွိုင်းက ၀ီကွမ်းကို ဆပ်ကွန်း (sub-contractor) ပေးထားခြင်း ဖြစ်၏။ ၀ီကွမ်းမှ အလုပ်သမားအများစုမှာ အိန္ဒိယနှင့် ဘင်္ဂလားကုလားလေးများဖြစ်ပါသည်။ မလေးလူမျိုးအနည်းငယ်လည်း ပါသည်။ စူပါဗိုက်ဆာများမှာ လီ နှင့် ဆာဖာရီတို့ဖြစ်သည်။ နောက် အဲလက်စ်ဆိုသည့် တစ်ယောက်လည်းရှိသေးသည်။ သို့သော် သူက မနေ့တစ်နေ့ ကမှ အလုပ်သမားဘ၀မှ စူပါဗိုက်ဆာဖြစ်လာသူ ဖြစ်၏။ အလုပ်အကြောင်း ရေရေလည်လည် နားလည်လို့ဖြစ်လာတာမဟုတ်။ သူဌေးနှင့် ဆွေမျိုးမကင်းသောကြောင့် ဦးထုပ်အဖြူဆောင်းရခြင်းဖြစ်သည်။ လုပ်ငန်းမကျွမ်းကျင်သူအား စူပါဗိုက်ဆာခန့်ထားခြင်းကို အာ့ဒ်က “ဟင်၊ အရင်လက တံမြက်စည်းလှဲနေတဲ့ကောင်က ခု စူပါဗိုက်ဆာဆိုတော့ ဘယ်နဲ့လုပ် သောက်သုံးကျမလဲကွ” ပါးစပ်ကြီးတစ်လုံးနှင့် ပယ်ပယ် နယ်နယ်ပြောလေ့ရှိသည်။ သို့သော် ဘာမှမထူးပါ။  
            အလုပ်သမားများထဲမှ ချိုင်ချီမင်းကဲ့သို့သော ပိုက်ဖစ်တာအချို့မှာ အလွန်တော်သည်။ စူပါဗိုက်ဆာမလိုပဲ လုပ်နိုင်သူများဖြစ်၏။ အိန္ဒိကုလားလေးများထဲမှ MKM တို့ဆိုလျှင် ဘွဲ့ရများဖြစ်သည်။ အခြေအနေအရ ပိုက်ဖစ်တာလုပ်၊ လာမီနိတ်လုပ်နေရခြင်း ဖြစ်၏။ သူတို့က ပညာတတ်တော့ ပြောလို့ဆိုလို့ကောင်း၊ ပေါင်းလို့သင်းလို့ ကောင်းသည်။ အလုပ်ကိုလည်း ခိုခြင်းကပ်ခြင်းမရှိပဲ ကြိုးကြိုးစားစား လုပ်ကြ သူများ ဖြစ်၏။
            စူပါဗိုက်ဆာလုပ်သူများမှာမူ ဖင်လေးတုန်းဆွဲဖြစ်၏။ အလုပ်စတာ ၈ နာရီဖြစ်သော်လည်း ၉ နာရီကျော်မှ အိပဲ့အိပဲ့နှင့် ရောက်လာ တတ်သည်။ အလုပ်သမားတွေထဲမှ လုပ်တတ်ကိုင်တတ်ရှိသူများက ဘာလုပ်မည်ဆိုတာ သူတို့ဘာသာ သူတို့စီစဉ်။ သူတို့ဟာသူတို့ အလုပ်စတာဖြစ်၏။ ဤသည်ကို အာ့ဒ်တို့ ဂရုတင့်မှလူတွေက မကြိုက်။ သူတို့က လုပ်ငန်းတိုးတက်မှုအစီရင်ခံစာ (Progress Report) ကို ရေးရသူများ ဖြစ်သဖြင့် ပြီးသင့်သလောက် အလုပ်မပြီးသည့်အကြောင်း ၀ီကွမ်းကို စည်းဝေးပွဲများတွင် ကွန်ပလိန်းလုပ်သည်။ သို့သော် ကျွန်တော့်အမြင်တွင်တော့ ဘာမှထူးခြားလာတာ မတွေ့ရပါ။ ပြောလည်း မောင်ပြောပဲဖြစ်၏။  နောက်တော့ လုပ်စရာရှိများအား အလုပ်သမားတွေကိုပြောပြပြီး လုပ်ခိုင်းရသည်။ မနေနိုင်သော သူတို့က အလိုလိုနေရင်း ၀ီကွမ်းစူပါဗိုက်ဆာများ ဖြစ်နေလေတော့၏။
            လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးအရာရှိ (Safety Officer) များမှာမူ မကြာခဏ ဟောတစ်ယောက်၊ ဟောတစ်ယောက် ပြောင်းနေတာတွေ့ရသည်။ ဘာ့ကြောင့်လည်းတော့ သေသေချာချာမသိပါ။ ကျွန်တော်ရောက်ခါစက Safety Officer မှာ Lee ဖြစ်၏။ တစ်မနက်တွင် အလုပ်လုပ်ခွင့်ပါမစ်ကိစ္စနှင့်ပတ်သက်ပြီး ဂျေဗီမှ safety က သဟောက်သဟာနှင့် ပါမစ်စာရွက်ကို ဖြဲပစ်သည်။ Tool Box Meeting မှ လူအများရှေ့တွင်ဖြစ်၏။ သည်တွင် Lee ကလည်း အားကျမခံ ကျန်ပါမစ်အားလုံးကို ဆုတ်ဖြဲလွှင့်ပစ်လိုက်ပါသည်။ ဂျေဗီက ကောင်မှာ ဘာမှပြန်မပြောသော်လည်း ရှူးရှူးရှားရှားဖြင့် ပြန်ထွက်သွား၏။
            ထိုနေ့နေ့ခင်း စည်းဝေးပွဲအပြီး Lee မှာ မျက်စိမျက်နှာပျက်လျှက် ပြန်ရောက်လာ၏။ မျက်လုံးများနီရဲစွတ်စိုနေသဖြင့် မျက်ရည်ကျ လာသည်ဟုပင် ထင်ပါသည်။ မနက်ကကိစ္စနှင့်ပတ်သက်ပြီး ဂျေဗီက သူ့ကို မည်မျှဖြဲလွှတ်လိုက်သည်မသိ။ ပြန်ရောက်ရောက်ချင်း မန်နေဂျာ အခန်းအတွင်းဝင်သွားပါသည်။ ပြန်ထွက်လာတော့ အထုပ်အပိုးပြင်ကာ ပြန်မည်ပြု၏။ ဘာဖြစ်တာလဲဟု ကျွန်တော်မေးတာကိုပင် ဘာမှ ပြန်မဖြေပါ။ ဘိုင့်ဘိုင် ဟုဆိုကာ ကသောကမြောထွက်သွားပါသည်။ ယနေ့ထိ နောက်ထပ် သူနှင့်တစ်ခါမှ မတွေ့ရတော့ပါ။ သည်လိုပြဿနာ မျိုး များစွာတွေ့ရပါသည်။ ကျွန်တော်ကြုံခဲ့ရသော ပြဿနာများကို နောက်ပိုင်းပြောပြပါမည်။
(၉၅) Tool Box Meeting (TBM)
            Tool Box ကို မြန်မာပြန်ရလျှင် လက်နက်သေတ္တာ ဟု အဓိပ္ပါယ်ရပါသည်။ meeting မှာမူ စည်းဝေးပွဲဖြစ်၏။ ထို့ကြောင့် မြန်မာပြည်မှလူများကိုသာ ဘာသာပြန်ခိုင်းရလျှင် Tool Box Meeting ကို လက်နက်သေတ္တာစည်းဝေးပွဲဟု ဘာသာပြန်မည် မုချဖြစ်၏။ ဤသည်မှာ ပြောစရာမရှိသဖြင့် အားအားလျားလျား လျှာအရိုးမရှိတိုင်း လျှောက်ပြောခြင်းမဟုတ်ပါ။ တကယ့်ကို ဤအတိုင်းဘာသာပြန် ထားတာ လက်တွေ့မျက်တွေ့ကြုံခဲ့ရဖူးခြင်းကြောင့် ပြောခြင်းဖြစ်သတည်း။ သည်အကြောင်း နောက်ပိုင်းတွင် အသေးစိတ်ပြောပြပါမည်။
            Tool Box Meeting ဟူသည်မှာ နေ့တစ်နေ့၏ အလုပ်မစမီ၊ လုပ်ငန်းခွင်မ၀င်မီ အလုပ်သမားများကို သည်ကနေ့ ဘာတွေ လုပ်မည်။ သည်လိုလုပ်ရာတွင် မည်ကဲ့သို့သော အန္တရာယ်များရှိသည်။ ဤအန္တရာယ်များမဖြစ်အောင် မည်ကဲ့သို့ကာကွယ်ရမည်။ မည်ကဲ့သို့ သော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။ ယမန်နေ့က လုပ်ငန်းခွင်တွင် မည်ကဲ့သို့သော အန္တရာယ်များကြုံခဲ့ရသည်။ ဤကဲ့သို့ မလုပ်သင့်။ မည်ကဲ့သို့လုပ်သင့်သည် စသဖြင့် တစ်နေ့တာ လုပ်ငန်းတာဝန်များနှင့် လုပ်ရာတွင် အန္တရာယ်ကင်းအောင် မည်ကဲ့သို့ လုပ်သင့် သည် ဆိုသည့်အကြောင်းများကို စူပါဗိုက်ဆာများ၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအရာရှိများ (Safety Supervisor, Safety Coordination, Safety Officer) စသည်တို့က ပြောပြခြင်း ဖြစ်ပါသည်။
            သို့သော်လည်း သိကြသည့်အတိုင်း ဟ၊ ငါတို့တော့ ဒါတွေသိထားမှ ဖြစ်မကွ၊ မဖြစ်မနေသွားတက်မှ ဖြစ်မယ်။ ဒါ၊ ငါတို့အတွက် အရေးကြီးတယ်၊ ဒါတွေမသိရင် ငါတို့အတွက် အန္တရာယ်ရှိတယ် ဟုများ တွေးတောစဉ်းစားကာ စိတ်ပါလက်ပါလာတက်သူ ဘယ်နှဦး ရှိပါ သနည်း။ တစ်ယောက်မှ မရှိပါ။ အောက်ကပုံမှာ လုပ်ငန်းခွင်မ၀င်မီ ကျွန်တော် TBM ပေးနေပုံ ဖြစ်ပါသည်။ အောင်မယ်၊ အများသားဟ ဟု အထင်မကြီးပါနှင့်။ ပျက်ကွက်သူများသဖြင့် တစ်ရက်ပျက်လျှင် တစ်နာရီဖြတ်မည်ဟု ၀မ်နင်ထုတ်ထားသဖြင့် လာကြခြင်း ဖြစ်ပါသည်။ ဒါတောင် ပျက်မြဲပျက်နေကြသေးသဖြင့် နောက်တော့ တစ်ရက်ပျက်ပါက တစ်ဆယ်ဖြတ်မည်ဟု ပြန်ပြင်လိုက်ရလေ၏။ TBM တက်သူများ စာရင်းကို ကျွန်တော်က နေ့တိုင်းစာရင်းပြုစုကာ စနေနေ့တိုင်း ရုံးသို့တင်ရသည်။ ပျက်သူများကို ရုံးက လစာမှ ဖြတ်သည်။
အီးစီစီပရောဂျက်တွင် ဂျပန်က မိန်းကွန်းဖြစ်လေရာ သူတို့စနစ်အား စင်ကာပူတွင်း အတင်းသွပ်သွင်းရန် ကြိုးစားလေတော့၏။ ထိုအထဲတွင် မနက်စောစော အလုပ်မစမီလုပ်ရသော Took Box Meeting ၌ သွေးပူလေ့ကျင့်ခန်း လုပ်ခိုင်းခြင်းသည်လည်း တစ်ခုအပါအ၀င် ဖြစ်၏။ သူတို့ဂျေဗီရုံးရှေ့တွင်လည်း ရှိရှိသမျှ၊ အရာထမ်း၊ အမှုထမ်းအားလုံးထွက်ကာ လေ့ကျင့်ခန်းလုပ်ရသည်။ သူတို့ကတော့ ရှေ့ဆုံးတွင် ဆောင်းဘောက်စ်ချကာ တီးလုံးဖွင့်လျှက် လုပ်ကြခြင်းဖြစ်၏။ အာ - ဘယ်ကလာ နည်းပြရနေမလဲဗျာ။ ရှေ့ဆုံးကလူလုပ်တာ ကြည့်ပြီး သူ့နောက်က လူတွေက လိုက်လုပ်။ နောက်ကလူတွေက သူတို့ရှေ့ကလူတွေလုပ်တဲ့အတိုင်း လိုက်လုပ်။ ရှေ့ကလူတွေ ကုန်းဆိုကုန်း။ ရှေ့ကလူတွေ ကွဆို ကွပေါ့။
            သို့သော်လည်း လူပေါင်း ၄-၅၀၀ လောက်ရှိလေရာ ပညာတတ်သူလည်းပါ။ မတတ်သူလည်းပါ။ ယခင်က လေ့ကျင့်ခန်းလုပ်ဖူးသူ လည်းရှိ။ မလုပ်ဖူးသူလည်း မနည်းလှ။ အချို့မှာလည်း စိတ်ပါလက်ပါကုန်း၏။ အချို့ကျတော့ မတတ်သာလို့လုပ်ရသော်လည်း စိတ်ပါလို့ မဟုတ်။ ထို့ကြောင့် ကုန်းတာအောင် အဖြစ်ပဲကုန်းသည်။ ထို့ပြင် ကြည့်လုပ်တာပေမင့် ရှေ့ဆုံးကလူလုပ်တာကို နောက်ကလူ လိုက်လုပ်ရာ မှာ နည်းနည်းလွဲ၊ သူ့နောက်ကလူကထပ်လွဲ။ ဟို့နောက်ဆုံးလူသို့ရောက်သောအခါ ရှေ့ဆုံးမှလူလုပ်ပြတာနှင့် ဘာမှ မပတ်သက်တော့၊ လုံးလုံးလွဲလေတော့၏။
ကျွန်တော့်မှာ ကျွန်တော်တို့ရုံးရှိရာ အပေါ်ထပ်ရံတာမှနေပြီး သူတို့လုပ်နေတာကြည့်ခါ တစ်ကိုယ်တည်း ငါးသလောက်ပြုံး၊ ပြုံးမိပါ ၏။ အင်း၊ မြတ်စွာဘုရားဟောခဲ့တဲ့ ပုထုဇနော၊ ဥမ္မတ္တကောဆိုတာ ဒါမျိုးကိုများ ခေါ်တာလား ဟု ကိုယ့်ကိုယ်ကိုယ့် မေးခွန်းထုတ်နေမိ ပါသည်။ ဂျပန်တွေကတော့ မနက်စောစော အလုပ်မလုပ်မီ အကြောအချင်တွေ လျော့သွားအောင် အိပ်ချင်မူးတူးဖြစ်နေသေးရင်တောင် အိပ်ချင်စိတ်တွေပျောက်ပြီး လန်းလန်းဆတ်ဆတ် ဖြစ်လာအောင် လုပ်ပေးတာနေမှာဘဲ။ သို့ပေသိ သည်လူ ၅၀၀ လောက်မှာ သူတို့ ရည်ရွယ်သလိုဖြစ်မည့်သူ ဘယ်နှဦး ရှိပါမည်နည်း။ သူရို့ဂျပန်တွေနှင့် အနောက်ဖက်မှ ကိုအဖြူများကတော့ သေသေချာချာ လုပ်ကြ၊ တကယ် အကြောအချင်လျော့ကြပါလိမ့်မည်။ ကျွန်တော်တို့ အရှေ့တောင်အာရှမှ လူများကတော့ သိတော်မူကြသည့်အတိုင်း၊ ဘာမှ မပြောသာလို့သာ လုပ်ရသည်၊ အဖြစ်ပဲလုပ်ကြတာများပါသည်။
TBM ကို ဆီလျော်အောင်ဘာသာပြန်ရန် ကျွန်တော်စဉ်းစားဆဲပင်ဖြစ်ပါသည်။ စိတ်ကြိုက်မရသေးပါ။ TBM လုပ်တာ ကောင်းပါ သည်။ အားသာချက်များရှိ၏။ သည်နေ့ဘာလုပ်မည်။ ဘာအစီအစဉ်တွေရှိသည်။ ဘာတွေသူတို့လိုက်နာရမည် စသည်တို့အား လူအားလုံးကို တစ်ထိုင်တည်းနှင့် အားလုံးပြောပြလိုက်နိုင်သည်။ ထို့ပြင် အလုပ်သမားများဘက်မှ ပြန်လည်တင်ပြစရာရှိလျှင်လည်း သည်နေရာတွင် လွတ်လွတ်လပ်လပ် တင်ပြနိုင်သည်။ ရုံးမှညွှန်ကြားချက်တစုံတရာ ပေးလာလျှင်လည်း သည်နေရာတွင် ပြောပြလိုက်နိုင်သည်။ အရေးကြီး သော သတင်းပလင်းများကိုလည်း သည်နေရာတွင် အားလုံးသို့ပြောပြလိုက်နိုင်သည်။ ဥပမာ - ဒီကနေ့ ငါတို့ပရောဂျက်က အရေးပေါ်စမ်း သပ်မှု လုပ်လိမ့်မယ်။ ဒီတော့ အရေးပေါ်ဥသြဆွဲသံကြားရင် မင်းတို့ ဘာတွေလုပ်ရမယ် စသဖြင့် ဖြစ်၏။
ဤတွင် အလျဉ်းသင့်၍ပြောရလျှင် ကျွန်တော်တို့ မြန်မာပြည်မှ လုပ်ငန်းခွင်များ၌လည်း ဤကဲ့သို့သော TBM များ ရှိလာစေရန် ဆန္ဒဖြစ်မိပါသည်။ အများစုကတော့ ကြိုက်ချင်မှကြိုက်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် TBM ကို အချိန်မှန်လုပ်သည်ဖြစ်ရာ အလုပ်ချိန် နောက်ကျလို့မရ။ ထိုမျှသာမက TBM ဟူသည် အလုပ်မစမီ နာရီဝက်ခန့်ကြိုလုပ်လေ့ရှိသည်ဖြစ်ရာ TBM မီအောင်သာလာရမည်ဆိုပါက အနည်းဆုံး နာရီဝက်စောရောက်အောင် လာရမည် ဖြစ်ပေသည်။ နောက်ကျချင်သာ ကျရမည်။ အလုပ်ကို နာရီဝက်စောလာရမည်ဆိုခြင်း အား မည်သူသည် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါမည်နည်း။ အားလုံးနှုတ်ခမ်းမဲ့ကြမည့်သူချည်း ဖြစ်လေသည်။ ထို့ကြောင့် ကျွန်တော်ကသာ မြန်မာပြည်လုပ်ငန်းခွင်များတွင် TBM ကို မဖြစ်မနေလုပ်ကြရန် ဥပဒေထုတ်ပါ။ မလုပ်သူများအား တင်းတင်းကြပ်ကြပ် အရေးယူပါဟု အဆိုတင်သွင်းပါက တမလွန်သို့ရောက်ရှိနေပြီဖြစ်သော ကျွန်တော့်မွေးသမိခင်မှာ နေ့တိုင်းခေါင်းကြိမ်းနေရကိန်း ရှိပေသည်။ 
(၉၆) လာမနိတ်လုပ်ခြင်း (Lamination)
ဝီကွမ်းမှ ပိုက်ဖစ်တာများမှာ တော်ကြပါသည်။ အချင်း ၂.၇ မီတာပိုက်ကြီးများကို အမြီးအမောက်တည့်အောင် နည်းနည်းမှ မလွဲရအောင်ဆင်ဘို့ဆိုတာ လွယ်ကူလှသောအလုပ်မဟုတ်ပါ။ ကျွန်တော့်ကို ဆင်ခိုင်းလျှင်ပင် အတိအကျရပါမည်လား။ မသေချာပါ။ အဲလ်ဘိုးကြီးများကို ကရိန်းကြီးနှင့်မပြီး ဖစ်တင်လုပ်ရသည်မှာ အတော့်ကို မလွယ်လှသောကိစ္စဖြစ်လေ၏။
ထို့ပြင်ပိုက်မှာ စက်ဝန်းပုံဖြစ်၏။ သို့သော် တကယ့်တကယ်ကျ စက်ဝန်းအတိုင်း လုံးဝကွက်တိဖြစ်နေအောင် ထိန်းထားဘို့မလွယ်။ အနည်းငယ်တော့ ဘဲဥပုံဖြစ်နေသည်။ သည်တော့ ပိုက်များကိုဆင်ရာတွင် သံချောင်းများ သစ်သားချောင်းများအား ဟိုက်ဒြောလစ်ဂျက်နှင့် ကန်ကာ ၀ိုင်းအောင်ပြန်လုပ်ရသေးသည်။
နောက်ပြီး သည်ပိုက်ကြီးများကို ဆက်ရာတွင် လာမနိတ်လုပ်ပြီးဆက်သည့်အကြောင်း အထက်တွင် ပြောခဲ့ပြီးပါပြီ။ လာမနိတ်လုပ် တယ်ဆိုတာ လွယ်လွယ်ကလေးမဟုတ်။ မြန်မာစကားပုံတွင် အစားမတော်တစ်လုပ် ဟု ရှိ၏။ လာမနိတ်လုပ်ရာတွင်မူ အစပ်မတော် တစ်ခွက် ဖြစ်၏။ ပိုက်နှင့်ပိုက်၊ ပိုက်နှင့်ပိုက်ဆက်ပစ္စည်းများကို ဆက်ရာတွင် ပိုက်အပေါ်ယံမျက်နှာပြင်ကို ကျောက်စက်တိုက်ပြီး ဖိုက်ဘာစ နှင့် ဓါတုဆေးများဖြင့် လိုသောအထူရအောင် တစ်လွှာချင်းထပ်ရသည်။ ပိုက်ကြီးများမှာ အလွန်ကြီးမားလှပေရာ တစ်ခါတည်းအပြီးလုပ်ဖို့ မဖြစ်နိုင်။ သည်တော့ အပိုင်းလိုက် လုပ်ရသည်။ လာမနိတ်လုပ်ရာတွင်လည်း အနည်းဆုံး လူ ၆ ယောက်လောက် လုပ်ရသည်။ ကျောက်စက်တိုက်တာ၊ လာမနိတ်လုပ်တာ ၄ ယောက်၊ အကူ တစ်ယောက် ဆေးစပ်တာတစ်ယောက်။
            လာမနိတ်လုပ်ရာတွင် အာရုံများ၍မရ။ မိမိလုပ်နေသောအလုပ်တွင် သမာဓိကောင်းကောင်းနှင့် လုပ်ရသည်။ ဟိုတွေးဒီတွေး တွေးနေလျှင် ကောင်းကောင်းဒုက္ခများမည်။ လာမနိတ်လုပ်ရာတွင် ရီဇင်နှင့် ကက်တလစ်တို့ကို ၁၀၀း ၁ နှင့်စပ်ရကြောင်း ပြောခဲ့ပြီ။ ဤအချိုးကိုမှားလို့မရ။ နည်းလျှင် မခြောက်။ များလျှင် အခြောက်မြန်မည်။
            ပိုက်ကြီးများကို လာမနိတ်လုပ်ရာတွင် ပိုက်အကြီးအသေးကိုလိုက်၍ အနည်းဆုံး နာရီဝက်မှ ၄၅ မိနစ်ထိ ကြာသည်။ လာမနိတ် လုပ်နေစဉ် ကော်ခြောက်လို့မဖြစ်။ တစ်ဝက်တစ်ပျက်နှင့်ကော်ခြောက်လျှင် သေပြီဆရာ။ သည်တော့ ကော်စပ်အလွန်အရေးကြီးသည်။ ကော်စပ်နေတုံး တောင်တွေး၊ မြောက်တွေးတွေးနေသဖြင့် ကက်တလစ်ထည့်မိမှန်းမသိ၊ မထည့်မိမှန်းမသိ။ ထည့်ပြီးသားကို မထည့်ရသေး ဘူးအထင်နှင့်ထပ်ထည့်လျှင် ကော်ခြောက်ရမည့်အချိန်မတိုင်မီ ခြောက်မည်။ မထည့်ရသေးတာကို ထည့်ပြီးပြီမှတ်လို့ မထည့်တော့လျှင် ကော်မခြောက်တော့။ နောက်ပြီး ကော်စပ်သည်ဆိုရာတွင် တစ်ပုံးတစ်လေစပ်ရတာမဟုတ်။ ပိုက်ကအကြီးကြီးဖြစ်သဖြင့် ကော်ပုံးများစွာ စပ်ရသည်။ သည်တော့ စပ်လိုက်သည့် ခွက်တိုင်းမှာ အချိုးအစားမှန်နေရန် အလွန်အရေးကြီးလေသည်။
တစ်ခါကပိုက်အဆက်တစ်ခု မစိုမခြောက်ဖြစ်နေသည့်ပြဿနာတစ်ခု ကြုံခဲ့ရသည်။ ကော်မခြောက်တော့ အကုန်ပြန်ခွာထုတ် ရသည်။ ပြန်ခွာထုတ်သည်ဆိုခြင်းမှာ လွယ်လှသောအလုပ်မဟုတ်ပါ။ ခြောက်နေသောအပိုင်းက ကျောက်စက်စားပစ်လိုက်လို့ရသည်။ လွယ် ပင်မလွယ်စေကာမူ တော်သေးသည် ဆိုရမည်။ သို့သော် မစိုမခြောက်ဖြစ်နေသောအပိုင်းကို ဖြတ်ထုတ်ဘို့ကတော့ အင်မတန်ခက်ခဲ ပင်ပန်း လှပေသည်။ ထိုစဉ်က ပြဿနာတက်သောပိုက်မှာ ၂.၇ မီတာပိုက်မဟုတ်။ ၂.၂ မီတာထင်ပါသည်။ သို့သော် အလုပ်သမားကလေးများ အသည်းအသန် ကျောက်စက်တိုက်၊ စူးများဆောက်များဖြင့်ဖြတ် လုပ်တာတောင် တစ်ပတ်လောက်ကြာသည်။ အာ့ဒ်ကိုလည်း ဆောက် တစ်လက်နှင့် ဖြတ်ထုတ်နေတာ တွေ့ရ၏။ အလုပ်သမားကလေးများမှာ အလွန်သနားစရာကောင်းပါသည်။ သည်ဖိုက်ဘာအမှုန်များမှာ အလွန်ယားသည်။ ခွေးလပွေးသီးကိုင်ဖူးသူများတော့ သိပါလိမ့်မည်။ ဖိုက်ဘာမှုန်ယားခြင်းမှာ ခွေးလပွေးသီးယားတာထက် ဆိုးပါသည်။ နောက်ပြီး ခဏကလေးလုပ်ရတာမဟုတ်။ တစ်နေ့လုံး ကျောက်စက်တိုက်ရခြင်းဖြစ်ရာ စဉ်းစားကြည့်ရုံမျှနှင့်ပင် ကြက်သီးထစရာကောင်းပါ သည်။
ယခင်က ယူနီယမ်အလွိုင်းမှ ဖိုက်ဘာပိုက်လိုင်းများကို ဂျူရောင်းအိုင်းလင်းတွင်ဆင်ရာ ပိုက်လိုင်းသိပ်မကြီးသဖြင့် အခြားသူများ မခေါ်ဘဲ ကျွန်တော်တို့ ကိုယ့်ဟာကိုယ် ဆင်ပါသည်။ ကျွန်တော်လည်းသည်လို လာမနိတ်အဆက် မစိုမခြောက်နှင့်ကြုံဖူးပေါင်း များလှပါပြီ။ ထိုအဆက်များကိုလည်း ကိုယ်တိုင် ကျောက်စက်တိုက်ခဲ့ဖူး၏။ ထို့ကြောင့် ထိုဒုက္ခကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ဖူးပြီ။ သည်ဒုက္ခမျိုးဆိုတာ စာဖြင့်ရေးပြရုံဖြင့် သိနိုင်တာမဟုတ်။ ဥပမာ - ဟိုအကောင်မီးဖွားတုံးက ငါ့မှာ ဗိုက်နာလိုက်တာဟယ်၊ သေတောင်သေလိုက်ချင်တယ် - ဟု ဆိုသည်ကို မည်သို့နာမှန်းစာဖြင့် ရေးပြ၍ မရနိုင်သကဲ့သို့တည်း။  
၉၇) အလုပ်လုပ်ရာတွင် အန္တရာယ်ကင်းရန် အရေးကြီးခြင်း (Safety First)
ဘာလုပ်လုပ် အန္တရာယ်၊ အထူးသဖြင့် အသက်အန္တရာယ်မဖြစ်ဘို့ အရေးကြီးသည်။ လူတွင်အသက်ထက် ပိုပြီးတန်ဘိုးရှိတာ ဘာရှိပါသနည်း။ အသက်အန္တရာယ်ဆိုရာတွင်လည်း ခုချက်ချင်း သေလောက်သည့်အန္တရာယ်အပြင် ခုမသေသေးသော်လည်း နောင် သိပ်မကြာသောကာလတွင် သေမှာကိုပါ ထည့်စဉ်းစားဘို့လိုသည်။ လူ့ခန္ဓာကိုယ်ကို မည်သည့်စက်ကိရိယာဖြင့် အစားထိုးနိုင်ပါသနည်း။ အဲလေ- ခြေတု၊ လက်တု၊ မျက်လုံးတု တပ်လို့ရချင်ရမည်ပေါ့။ သို့သော်အတုသည်အတုသာဖြစ်ပြီး အစစ်မဟုတ်ပါ။ ကျွန်တော်သည်ပင်လျှင် အောက်သွားတစ်ချောင်း နှုတ်လိုက်ရသဖြင့် သွားအတု အရှင်လုပ်လိုက်ရာ ပါးစပ်ထဲအဆင်မပြေသဖြင့် ချွတ်ထားရတာများပါသည်။
            သို့အတွက် အလုပ်လုပ်ရာတွင် ခန္ဓာကိုယ်ကို မထိခိုက်အောင်၊ ကျန်းမာရေးကို မထိခိုက်အောင် အကာအကွယ်များ လုပ်ထားရ မည်။ Safety ဆရာကြီးများတော့ Management Control, Engineering Control စသည်ဖြင့် ပြောပါ၏။ PPE (Personal Protective Equipment) ကိုနောက်ဆုံးမှာထားသည်။ သို့ရာတွင် ကျွန်တော်မြင်တာကတော့ PPE သာလျှင် ရှေ့ဆုံးမှအမြဲ ဖြစ်နေပါ၏။ သို့အတွက် ယခု PPE အကြောင်း မိတ်ဆွေတို့သိအောင် ပြောပြပါမည်။
က) လာမနိတ်လုပ်ရာတွင် သုံးသည့်ပစ္စည်းများ
            လာမနိတ်လုပ်ရာတွင် ဖိုက်ဘာဂလပ်စ် အ၀တ်စများသုံးရကြောင်း ပြောခဲ့ပြီ။ သုံးသောအစတွင် သုံးမျိုးရှိ၏။ အောက်ဆုံးတွင် C veil ခေါ် အပါးစကလေးဖြင့် အုပ်ပေးရသည်။ C Veil မှာ အမျိုးသမီးများအသုံးအဆောင်ဖြစ်သည့် ပုဝါပါးပါးကလေးနှင့်ဆင်သည်။ သို့သော် သူက ပိုပါးသည်။
ထိုအပေါ်မှ ချော့မက် (Chop Strand Mat) အုပ်သည်။ ပြီးလျှင် ကွန်ဘိုမက် (Convo Mat) သို့မဟုတ် ၀ူးဗဲန်ရိုဗင် (Woven Roving) တို့ဖြင့် လိုသည့်အထူရအောင် သတ်မှတ်ထားသော အစီအစဉ်အတိုင်း ထပ်သွားသည်။ အလွှာတိုင်းတွင် ကော်သုတ်ပေးသည်။
ကော်စပ်ရာတွင် ရီဇင်ကို လီတာခွက်များဖြင့်ချင်ပြီး ကက်တလစ်ကိုမူ စီစီ (CC – Cubic Centimeter) အမှတ်အသားများပါသည့် ကက်တလစ်ချင်သည့်ခွက်ဖြင့် ချင်တွယ်သည်။ စပ်ရာတွင်မူ တုတ်ခပ်ရှည်ရှည်တစ်ချောင်းဖြင့် မွှေသည်။ ပိုနေသော သို့မဟုတ် အနည်းငယ် မျက်နှာပြင်တင်းသွားသော ကော်များကိုသွန်ရန် ပလတ်စတစ်ပုံးကြီးတစ်ခုလည်း အရံသင့်ထားရသည်။ ကော်စပ်ရင်း ခဲသွားသော ကော်ခဲ များကိုပစ်ရန် သုံးထပ်ပြားသား သို့မဟုတ် တိုင်ကီကိုထက်ပိုင်းဖြတ်ထားသော သံပုံး၊ သံကန်များလည်း အဆင်သင့်ပြင်ထားရပါသည်။
            ဤတွင် အလျဉ်းသင့်သဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းပါ အနည်းငယ်ထည့်ပြောပြစေ။ သို့သော် စာဖတ်သူတို့ကို အားနာသောအားဖြင့် နည်းနည်းပဲ ပြောပါမည်။ သည်းခံဖတ်ပါခင်ဗျား။
            သဘာဝပတ်ဝန်းကျင်က ကျွန်ုပ်တို့ကို စားစရာ၊ ၀တ်စရာ၊ နေစရာများ ဖန်တီးပေးထားသည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင်ကို ကျွန်ုပ်တို့ ကျေးမစွပ်သင့်။ သို့ဆိုလျှင် အဘယ်ကို ကျေးစွပ်သည်ခေါ်ပါသနည်း။ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးအောင်ပြုမူလုပ်ကိုင်တာ၊ ပြောဆိုတာ၊ ကြံစည်တာမှန်သမျှ သဘာဝပတ်ဝန်းကျင်ကို ကျေးစွပ်သည်မည်၏။ အဘယ်ကဲ့သို့ ပတ်ဝန်းကျင်ကို ပျက်စီးအောင်ပြုနေကြ သနည်း။ သိလျှက်နှင့်သော်လည်းကောင်း၊ မသိဘဲလျှက်သော်လည်းကောင်း ဖျက်ဆီးကြသည်။ ယခုခေတ်တွင်မူ သိလျှက်နှင့် မသိချင်ယောင်ဆောင်ကာ ဖျက်ဆီးသူ၊ ၀ိသမလောဘသားများက ပိုများပါသည်။
            ဤသူများတွင် စက်ရုံမှရေဆိုးများကို ချောင်း၊ မြောင်း၊ မြစ်များအတွင်း အထိန်းအကွပ်မရှိ စွန့်ပစ်ခြင်း၊ တောများကိုမီးရှို့ခြင်း၊ ပထွေးဖြစ်သူများ၏ အကာအကွယ်ကိုယူလျှက် သစ်လုံးများကို အဆမတန်ထုတ်ယူခြင်း၊ တောင်များကို အူအသည်းပြောင်းပြန်လှန်လျှက် ရွှေစသည့်အဖိုးတန်သတ္တုများ ထုတ်ယူကိုယ်ကျိုးရှာခြင်းတို့ ပါပါသည်။ ဤသည်မှာ နမူနာမျှပြခြင်းဖြစ်ပါ၏။
            ယခု ဖိုက်ဘာပိုက်များလုပ်ရာတွင် သုံးသည့်ပစ္စည်းများမှာ ရာနှုံးပြည့်ဓါတုပစ္စည်းများဖြစ်၏။ ထို့အတွက် ထိုပစ္စည်းများကို ပစ်ချင်တိုင်းပစ်လို့မရ။ လာမနိတ်လုပ်ရာမှ ပိုသည့်ကော်များကို မြေကြီးပေါ်သည်အတိုင်း သွန်လိုက်လျှင် ထိုပစ္စည်းများမှာ နှစ်ပေါင်း ရာထောင်ကြာသည့်တိုင် ကျေပျက်သွားနိုင်သော ပစ္စည်းများမဟုတ်။ ၎င်းနှင့်ထိသည့် မြေသားသည် မူလအခြေမှ ပျက်ယွင်းသွားသည်။ ဓါတု ပစ္စည်းကြောင့်ပျက်သွားသည့်မြေကို ပြန်ပြင်ဘို့ရာမလွယ်။ အဲလေ၊ ငါတော့ အက်စစ်တွေမြေကြီးပေါ် သွန်လိုက်မိပြီ။ သည်မြေကြီးကောင်း လာအောင် ပြန်လုပ်မှဖြစ်မယ် ဟု မည်သူတွေးမိပါသနည်း။ လုပ်ဘို့ဆိုတာတော့ ဝေးစွခြောက်ပါး။
            စင်ကာပူတွင် အန္တရာယ်ရှိသောစက်မှုထွက် အမှိုက်များကို တင်ပို့ရန်၊ တင်သွင်းရန်၊ သယ်ဆောင်ရန် ဥပဒေရှိပါသည်။ Hazardous Waste (Control of Export, Import and Transit) Act (Cap 122A) ဟုခေါ်၏။ ပစ်ချင်တိုင်းပစ်လို့မရ။ ထိုအမှိုက်များကို စွန့်ပစ်ခွင့်၊ ဖျက်ဆီးခွင့်လိုင်စင်ရှိသူများသို့သာ အပ်နှံရသည်။ ထိုလိုင်စင်ရထားသူများအား http://www.nea.gov.sg တွင်ကြည့်နိုင်ပါ သည်။ တစ်ဆက်တည်းပြောရလျှင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေမှာ Environmental Protection and Management Act (Cap 94A) ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဥပဒေမှာ Environmental Public Health Act (Cap 95) ဖြစ်ပါသည်။
            ထို့ကြောင့် လာမနိတ်လုပ်ရာမှ ထွက်လာသော အမှိုက်များအားလုံးကို သံအမှိုက်ကန်ကြီးအတွင်းပစ်ပြီး လိုင်စင်ရာ အမှိုက် ကောက်သူများအား အကြောင်းကြားရသည်။
            သို့ဖြစ်လေရာ လာမနိတ်လုပ်ရာတွင် သုံးသည့်ပစ္စည်းများမှာ အားလုံး ဓါတုဗေဒစ္စည်းများချည်းဖြစ်၏။ စပ်ထားသောကော်မှာ ကျန်းမာရေးအတွက် အန္တရာယ်ရှိသည်။ အသားကိုထိလိုက်ပါက မီးစနှင့်ထိုးသကဲ့သို့ ပူသည်။ မျက်စိထဲဝင်ပါက ကန်းနိုင်သည်။ ထိုဆေးရည် မှထွက်လာသော အငွေ့ပင်လျှင် ကြာရှည်ထိလျှင် မျက်စိမှုန်နိုင်သည်။ ထိုအငွေ့များကို ကြာရှည်ရှူမိပါကလည်း ကင်ဆာဖြစ်နိုင်သည်။ ထို့ကြောင့် လာမနိတ် လုပ်သူများ၏ ကျန်းမာရေး၊ အန္တရာယ်ကင်းရေးကို အထူးတလည် စဉ်းစားရသည်။
            အန္တရာယ်ကင်းရေးအတွက် စီမံခန့်ခွဲမှု၊ ခေတ်မီနည်းပညာနှင့် အကာအကွယ်ပစ္စည်း (Management Control, Engineering Control, PPE) သုံးမျိုးစလုံးသုံး၍ လုပ်ရသည်။ ဤသည်တို့ကို နည်းနည်းချင်းရှင်းသွားပါမည်။
ခ) အပေါ်ရုံအင်္ကျီ အေပရွန် (Apron)
လာမနိတ်လုပ်လျှင် ဓါတုဆေးရည်များသုံး၍လုပ်ရခြင်းကြောင့် ထိုဆေးရည်များနှင့် လူကိုယ်ခန္ဓာအစိတ်အပိုင်းတို့ထိတွေ့မှု နည်းနိုင်သမျှနည်းနိုင်အောင် ကာကွယ်ပေးရသည်။ ထိုအထဲတွင် အရေးကြီးသောပစ္စည်းတစ်ခုမှာ အပေါ်ရုံအင်္ကျီ - အေပရွန် (Apron) ဖြစ်၏။ အေပရွန်ကို ပလတ်စတစ်စဖြင့်လုပ်ထားသည်။ ထို့ကြောင့် ရေလုံသည်။ ဆေးရည်များမစိမ့်နိုင်။ ထိုဝတ်ရုံကို ခေါင်းမှသည် ခြေထောက် အုပ်သည်ထိ တစ်ဆက်တည်းချုပ်ထားသည်။
            ထို့ကြောင့် ဆေးရည်များစဉ်သည့်တိုင် ခန္ဓာကိုယ်ကို မထိနိုင်။ သို့သော် ပြဿနာမှာ အေပရွန်က ပလတ်စတစ်နှင့်လုပ်ထားသဖြင့် လေမ၀င်နိုင်။ ထို့ကြောင့် ၀တ်ထားလျှင် အလွန်ပူသည်။ နေကပူတာတစ်မျိုး၊ ပိုက်ထဲမှာလုပ်ရလို့ ပူတာကတစ်သွယ်၊ ဒီကြားထဲ အေပရွန်ကြီး လည်း ၀တ်ထားရသေးဆိုတော့ အလုပ်သမားများမှာ နွေနေ့လည် မီးလှုံနေရဘိသကဲ့သို့ ဖြစ်တော့သည်။ သည်တော့ Safety များကို ကြောက်လို့သာ ၀တ်ရသည်။ လစ်လျှင် လစ်သလို ချွတ်ထားတတ်ကြ၏။    
ဂ) မျက်နှာအကာ ဖေ့စ်ရှီးလ်ဒ်(Face Shield)
နောက်အရေးကြီးသည့်ပစ္စည်းမှာ မျက်နှာအကာ ဖေ့စ်ရှီး (Face Shield) ဖြစ်သည်။ ပလတ်စတစ်နှင့် ပြုလုပ်ထား၏။ လာမနိတ်လုပ်ရာတွင် မျက်နှာကို ဆေးရည်များစဉ်နိုင်သည်။ ထို့ကြောင့် ဖေ့စ်ရှီးတပ်ထားရသည်။ သို့သော်လည်းလေ အပြောကတော့ လွယ်တာပ။ ဒါပေသိ၊ လက်တွေ့မှာ ထင်သလောက်မလွယ်ပါ။ အဘယ်ကြောင့်ဆိုသော် ဆေးမှုန်များမှာ မှန်သို့လာကပ် သဖြင့် တပ်ဆင်ပြီး သိပ်မကြာမီပင် မှန်များမှာ ၀ါးသွားတော့၏။ ထိုအခါ ကြည့်လို့ မကောင်း တော့။ ကြည့်မကောင်းသည့်အခါ လူလစ်သည်ဆိုလျှင် သည် ဖေ့စ်ရှီးကို ချွတ်ထားလိုက်ကြ တော့သည်။
            မိတ်ဆွေများစဉ်းစားကြည့်ကြပါခင်ဗျား။ သည် ဖေ့စ်ရှီးဝတ်ပြီး လာမနိတ်လုပ်လျှင် နှစ်ရက်သုံးရက်အတွင်း ဖေ့စ်ရှီးများမှာ ဆေးကြောင့်မှုန်ဝါးသွားသည်။ သို့ဆိုလျှင် သည် ဖေ့စ်ရှီး မတပ်လျှင်ကော။ ရှင်းပါသည်။ ဆေးမှုန်များမှာ မျက်နှာ၊ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်များအတွင်း အတားအဆီးမရှိ စွတ်ဝင်ကုန်ကြမည် မဟုတ်ပါလော။ အင်မတန် အန္တရာယ်များပါသည်။ ဒါဖြင့် မှုန်နေတဲ့မှန်ကို ဘာကြောင့်အသစ်မလဲခိုင်း သလဲဗျာ ဟု မေးပါ။ လဲချင်သပ ခင်ဗျာ။ ဒါပေသိ။ သူဌေးဆိုတဲ့လူမျိုးဆိုတာ သိတယ်မဟုတ်လား။ တစ်ပြားကို နှစ်ပြားမှတ်လို့ခွာနေ ဆိုကိုး။ သည်တော့ ဘဘကြီးခင်ဗျာ။ ကျွန်တော်တို့ ဖေ့စ်ရှီးတွေမှုန်ကုန်ပါပြီ။ အသစ်ထုတ်ပေးပါအုံး လို့ နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါ လူလေးငါး ဆယ်လောက်က တောင်းနေရင်။ ဒါပေမဲ့ပေါ့လေ။ ဘဘကြီးဆီတော့လဲ ဘယ်သွားတောင်းမလဲ။ ပစ္စည်းထိန်း (Material Controller) ဆီ သွားထုတ်မှာပေါ့။ ၃ ရက် လောက်ကို ဖေ့စ်ရှီးအခု ၅၀ လောက်ထုတ်ပေးနေရရင် တစ်လဆိုရင် အားပါး။ သည် ပစ္စည်းထိန်းမှ အဆဲမခံရ လျှင် မည်သူအဆဲခံရမည်နည်း။
            သည်တော့ စတိုကိုင်တဲ့လူကလည်း သူအဆဲမခံရခင် လာထုတ်တဲ့ ကောင်လေးတွေကို ဆဲလွှတ်မည်။ ဟင် - ကာနီနာ။ ဟိုနေ့ကမှ အသစ်ထုတ်သွားတယ်။ ခုလာထုတ်ပြန်ပြီ။ သွား၊ မပေးနိုင်ဘူး။ သည်တော့ မည်သူသည် အဆဲခံ၊ အဆိုခံလျှက် မကြာခဏ ထုတ်ချင်ပါမည်နည်း။
            ဤသည်မှာ ဟာသမဟုတ်ပါ။ ကျွန်တော်တကယ်လက်တွေ့မျက်တွေ့ အီးစီစီတွင် ကြုံခဲ့ရခြင်းဖြစ်ပါသည်။ သည်ကိစ္စ တာဝန် အရှိဆုံးမှာ ကျွန်တော်ဆိုလျှင် မမှားပါ။ ကျွန်တော်က အလုပ်သမားများနှင့်ရော ပစ္စည်းထိန်းနှင့်ပါ ရင်းနှီးပါသည်။ သို့သော် ပစ္စည်းထိန်း ကရော၊ ဘာများတတ်နိုင်ပါမည်နည်း။ သည်တော့ ကျွန်တော်က ဖေ့စ်ရှီးများကိုစစ်ကာ ကြည့်လို့ရသေးလျှင် သူတို့ကို အကျိုးအကြောင်း ရှင်းပြလျှက် တပ်ခိုင်းပါသည်။ သိပ်အခြေအနေဆိုးသည့် ဖေ့စ်ရှီးများကိုမူ ကျွန်တော်ကိုယ်တိုင် လဲပေးပါသည်။ ကိုယ်နှင့်မဆိုင်သော်လည်း ကြားထဲက အကျိုးဆောင်ပေးရခြင်း ဖြစ်၏။ ကျွန်တော့်ကိုတော့ ပစ္စည်းထိန်းက ဘယ်ဆဲလိမ့်မတုံး။
ဃ) လက်အိတ် (Hand Glove)
ကျွန်တော်တို့တောမှာလား။ ဘယ့်နဲ့လက်အိတ်ရပါ့မလဲ။ ကြားတောင်မကြားစဘူး။ ပိုးသတ်ဆေးသောဘာသော နားမလည်။ သည်အတိုင်း ကိုင်ကြရတာဖြစ်သည်။ ဒါဖြင့် ပိုးသတ်ဆေး ကိုင်ပြီး လက်ကိုရော ဆပ်ပြာနဲ့ဘာနဲ့ သေသေချာချာဆေးပါသလား။ မင်းနှယ်ကွာ - ကြံကြံဖန်ဖန်၊ တောထဲမှာပါဆိုမှ ဘယ်ဆပ်ပြာရမတုံး။ အိုကွာ၊ ရေတောင် ရှိချင်မှရှိတာ။ ဒီတော့ ဘယ်ပိုးသတ်ဆေး တွေဘာတွေ ရှောင်နေနိုင်မလဲ။ ဆေးဖြန်းပြီးလဲ၊ ဒီအတိုင်း ထမင်းကြိတ်ရတာပဲ လကွ - ဟု ပြန်ဖြေပါ လိမ့်မည်။
            ဓါတုဗေဒဆေးရည်များကို ကိုင်ရန်အတွက် ရာဘာလက်အိတ်အထူ ရှိပါသည်။ ဤ လက်အိတ်မှာမူ ကြာရှည်ခံသဖြင့် သိပ်ပြဿနာမရှိလှပါ။ ၀တ်ရတာလည်း သက်တောင့်သက်သာ ရှိပါသည်။ လက်အိတ်မပါဘဲ သည်ဆေးကို ဘယ်လိုမှကိုင်လို့မဖြစ်။ သည်တော့ လက်အိတ်ဝတ်ဘို့ တော့ အထွေအထူး ပြောစရာမလိုပါ။ လူတိုင်းဝတ်ကြသည်။ သို့သော် လက်အိတ်က ချွတ်ရ၊ စွပ်ရ သိပ်မလွယ်။ နောက်ပြီး ဆေးရည်ကိုင်လိုက် ဖျင်စကိုင်လိုက် ဆိုတော့ အဆင်ပြေစေရန် အထဲ၌ ချည်လက်အိတ် တစ်ထပ် ထပ်ဝတ်ကြသည်။ ချည်လက်အိတ် နှင့်ဆိုလျှင် ချွတ်ရ၊ စွပ်ရလည်းလွယ်သည်။ တခြားဟာတွေကိုင်စရာရှိလျှင်လည်း ချည်လက်အိပ် စွပ်ပြီးသားမို့ ကိုင်ရတွယ်ရလွယ်သည်။
            နောက်အဆင်ပြေသည့်လက်အိတ်တစ်မျိုးမှာ ဂျင်းနှင့်ရာဘာတွဲချုပ်ထားသည့် လက်အိတ်ဖြစ်သည်။ သူက ချွတ်ရစွပ်ရ ပိုလွယ်သလို ၀တ်ရတာလည်း ပိုပြီး သက်တောင့် သက်သာရှိသည်။
ဆက်ပါဦးမည်။
အေးငြိမ်း
၂၂-၁၀-၂၀၁၂၊ ည ၁၀း၅၂ နာရီ
Thursday, October 18, 2012
ခရစ္စတိုဖာပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၂၃)
 ပဉ္စမပိုင်း (ပဉ္စမ ၂ နှစ် - ၁)
(၉၁) Confined Space
            နေရာတစ်ခုကို ကွန်ဖိုင်းစပေ့စ် ဟုတ်မဟုတ် အထက်ပါအချက်များနှင့် မည်မျှငြိစွန်းနေသနည်း ဆိုသည်နှင့် စစ်ဆေးရသည်။ အကယ်၍ လေ၀င်လေထွက်မကောင်းပါက ပန်ကာများဖြင့် လေမှုတ်သွင်းခြင်း၊ အိတ်ဇောပန်ကာများဖြင့် အထဲမှ အန္တရာယ်ရှိသော ဓါတ်ငွေ့ များကို စုတ်ထုတ်ခြင်း၊ အလင်းရောင်နည်းနေပါက သို့မဟုတ် မှောင်နေပါက မီးထွန်းပေးခြင်း၊ ၀င်ရန်ထွက်ရန်နေရာသည် အလွယ်တကူ ၀င်၊ ထွက်၍မရလျှင် အ၀င်အထွက်အတွက် ဖန်တီးပေးခြင်း။
            ထို့ထက်ပိုအရေးကြီးသည်မှာ ထိုနေရာတွင် အသက်ရှူရန် အောက်ဆီဂျင်အလုံအလောက်ရှိသလား၊ မီးလောင်တတ်သည့်၊ ပေါက်ကွဲစေတတ်သည့်၊ အသက်အန္တရာယ်ရှိသည့် အဆိပ်ငွေ့ စသည်တို့ရှိနေသလား ဆိုတာဖြစ်ပါသည်။ သည်လိုဓါတ်ငွေ့များမှာ မျက်စိဖြင့် ကြည့်လို့ရတာမဟုတ်။ နှာခေါင်းဖြင့်ရှူပြီး ခန့်မှန်းလို့ရတာမဟုတ်။ ထိုဓါတ်ငွေများကိုတိုင်းတာသည့် ကိရိယာဖြင် တိုင်းတာရခြင်းဖြစ်သည်။ အကယ်၍ အောက်ဆီဂျင်အလုံအလောက် မရှိလျှင် အောက်ဆီဂျင်ရရန် အထောက်အပံ့လုပ်ပေးရမည်။ ပန်ကာဖြင့် လေမှုတ်သွင်းပေး ရမည်။ မီးလောင်နိုင်သည့် သို့မဟုတ် အဆိပ်ဓါတ်ငွေ့များရှိပါက ထိုအဆိပ်ငွေ့များထွက်သွားအောင် ပန်ကာဖြင့် စုပ်ထုတ်ပစ်ရမည်။
Confined Space Safety Assessor ဆိုသည်မှာ အထက်ဖော်ပြပါ confined space များတွင် ၀င်ရောက်အလုပ်လုပ်ရတော့မည် ဆိုပါက ထိုနေရာသည် အလုပ်လုပ်ရန် သင့်တော်မတော်၊ အ၀င်အထွက်ကောင်းမကောင်း၊ အလင်းရောင်လုံလောက်မလောက်၊ အသက်ရှူ ရန် အောက်ဆီဂျင်အလုံအလောက်ရှိမရှိ၊ မီးလောင်တတ်၊ ပေါက်ကွဲတတ်၊ သေစေတတ်သော ဓါတ်ငွေ့များရှိမရှိ စသည်တို့ကို စစ်ဆေးပြီး အကယ်၍ အလင်းရောင်ကောင်းကောင်းမရလျှင် မည်ကဲ့သို့သော မီးကို မည်သည့်နေရာတွင် မည်မျှထွန်းပေးရမည်။ အ၀င်အထွက် မကောင်းလျှင် ကောင်းကောင်း ၀င်၊ ထွက်နိုင်ရန် ၀င်ပေါက်၊ ထွက်ပေါက်များကို မည်ကဲ့သို့စီမံရမည်။ အောက်ဆီဂျင် အလုံအလောက် မရှိပါက လေပမာဏမည်မျှကို မည်ကဲ့သို့သွင်းပေးရမည်။ မည်ကဲ့သို့သော အသက်ရှူအထောက်အကူပြု ကိရိယာများ ၀တ်ဆင်ရမည်။ အဆိပ်ငွေ့များရှိနေလျှင် မည်ကဲ့သို့ စုပ်ထုတ်ရမည်။ ပန်ကာဘယ်နှလုံး တပ်ရမည် စသည်တို့ကို တိုင်းတာတွက်ချက် အကြံပေးခြင်း။ confined space ထဲ ၀င်ရောက်အလုပ်လုပ်မည့်သူများသည် ဖော်ပြထားသော လိုအပ်ချက်များကို ဖြည့်ဆည်းထားမထား။ အကယ်၍ ဖြည့်ဆည်းမထားလျှင် ဖြည့်ဆည်းရန် သတိပေးခြင်း၊ သတိပေးသည့်တိုင် မလိုက်နာပါက အလုပ်လုပ်ခွင့်မပြုခြင်း၊ အလုပ်ကိုရပ်နားခြင်း၊ ပြစ်ဒဏ်ပေးခြင်း စသည်တို့ ပြုလုပ်ပေးရသောသူ ဖြစ်ပါသည်။  
ကျွန်တော် ECC တွင် လုပ်ခဲ့ရစဉ်ကတော့ အနည်းငယ် ပြဿနာရှိ၏။ အနို့မည်သည့်အလုပ်သည် စင်းလုံးချောရှိပါမည်နည်း။ ပြဿနာမှာ JV မှ safety ဖြစ်၏။ JV ဟူသည် ECC ကို တာဝန်ယူလုပ်ပေးသည့် Toyo နှင့် CB&I - Joint venture ဖြစ်သည်။ သူတို့က main contractor၊ ကျွန်တော်တို့က sub-contractor ဖြစ်လေတော့ အားလုံး သူတို့ညွှန်ကြားချက်၊ သူတို့စံနှုံးအတိုင်း လုပ်ရသည်။ သည် စံနှုံးများကို အပြည့်အ၀လိုက်မလုပ်နိုင်တော့ ပြဿနာတက်သည်ပေါ့။ 
            ပြောတော့သာ လွယ်လွယ်ကလေးခင်ဗျား။ တကယ်လုပ်တော့ ပြောသလောက်မလွယ်ပါ။ လက်တွေ့နှင့် စာတွေ့မှာ အလွန် ကွာပါသည်။ သည်တွင် စာရှုသူတို့ ဗဟုသုတရစေရန် ကျွန်တော့်အတွေ့အကြုံများကို ဖောက်သည်ချလိုပါသည်။
            အထက်တွင် ကွန်ဖိုင်းစပေ့စ် ဆိုသည်မှာ ဘာ ဆိုတာကို ပြောခဲ့ပါပြီ။ ကွန်ဖိုင်းစပေ့စ်မှာ အလုပ်လုပ်ရန် မသင့်တော်သည့်အတွက် အလုပ်လုပ်လို့ရအောင် လုပ်ပေးရသည်။ အတိုချုပ်၍ပြောရလျှင် ကောင်းကောင်းဝင်/ထွက်လို့ရအောင် စီစဉ်ပေးရသည်။ အလင်းရောင် ကောင်းကောင်းရစေရန်၊ အောက်ဆီဂျင်အလုံအလောက်ရစေရန်၊ အဆိပ်ငွေ့များမရှိစေရန် စသည်တို့ စီစဉ်ပေးရသည်။ သည်တွင် ကွန်ဖိုင်း စပေ့စ်အတွက် လိုအပ်ချက်များကို အစဉ်လိုက်ပြောပြပါမည်။
လျှာရှည်သည်ဟု မထင်ပါလင့်။ ကျွန်တော်တို့တိုင်းပြည်တွင် ကွန်ဖိုင်းစပေ့အကြောင်းမသိသဖြင့် တရားဝင်သော်လည်းကောင်း၊ တရားမ၀င်သော် လည်းကောင်း၊ လူသိရှင်ကြားသော် လည်းကောင်း၊ လူမသိ၊ ရှင်မကြားသော်လည်းကောင်း သေဆုံးရမှုများ အများအပြား ရှိပါသည်။ ထို့ကြောင့် ကိုပေါက်ကျိုင်း၏ ပရိတ်သတ်များလည်း ကွန်ဖိုင်းစပေ့စ် အကြောင်း ဗဟုသုတရကြစေရန်၊ ရထားသောဗဟုသုတများ ကို အာပေါင်အာရင်းသန်သန်နှင့် လေလုံးထွား (ဟုတ်ပေါင်) ပြန်လည် ဝေငှနိုင်ကြပါစေရန် ရေးသားလိုက်ရခြင်း ဖြစ်ပါကြောင်း။
  (၉၁) သင်တန်းများ
ကွန်ဖိုင်းစပေ့စ်အတွင်း၌ အလုပ်လုပ်နိုင်ရန် ပထမဦးဆုံးလိုအပ်ချက်မှာ သင်တန်းများဖြစ်ပါသည်။ ကွန်ဖိုင်းစပေ့စ်နှင့် ပတ်သက် နေသူအားလုံး သက်ဆိုင်ရာသင်တန်းအသီးသီးသို့ တက်ရောက်ထားရန်လို၏။ ထိုသူများထဲတွင် အောက်ပါပုဂ္ဂိုလ်များပါဝင်ပါသည်။
၁) ကွန်ဖိုင်းစပေ့စ်အတွင်းသို့ ၀င်ရောက်မည့်သူများ (Entrants)
ကွန်ဖိုင်းစပေ့စ်အတွင်းသို့ ၀င်ရောက်မည့်သူများအနေနှင့် ကွန်ဖိုင်းစပေ့စ်အတွင်းရှိ အန္တရာယ်များအကြောင်း၊ ထိုအန္တရာယ်များကို မည်သို့ကာကွယ်ရမည့်အကြောင်း၊ အရေးပေါ်လာလျှင် မည်ကဲ့သို့ ပြုလုပ်ရမည် ဆိုသည့်အကြောင်းများ သိထားရန် အရေးကြီးပါသည်။ ဤကဲ့သို့သိရန် ကွန်ဖိုင်းစပေ့စ်အတွင်း အလုပ်မလုပ်မီ သင်တန်းတက်ရန်လိုပါသည်။ စင်ကာပူ၌ ထိုသင်တန်းကို Safety Orientation Course (Manhole) ဟုခေါ်၏။ SOC (Manhole) သင်တန်းက ကွန်ဖိုင်းစပေ့စ်နှင့်ပတ်သက်၍ သိသင့်သိထိုက်တာမှန်သမျှ သင်ပေးလိုက် ပါလိမ့်မည်။ သို့သော် အသိသည်အသိသာဖြစ်ပြီး လက်တွေ့မလိုက်နာလျှင်လည်း တန်ဘိုးမရှိပါ။ သိလည်းသိ၊ လက်တွေ့လည်း လုပ်ဘို့ လိုပါသည်။
ကွန်ဖိုင်းစပေ့စ်အတွင်းသို့ ထိုသင်တန်းတက်ပြီးသူမှသာ ၀င်ခွင့်ပြုသည်။ သင်တန်းဆင်းလာသူများကို SOC (Manhole) ကဒ်ပြား ထုတ်ပေးပါသည်။ ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်တော့မည်ဆိုသည်နှင့် အ၀င်ဝရှိ ကင်းသမားအား ထိုလက်မှတ်ကဒ်ပြားအားပေးခဲ့ရသည်။ ကင်းသမားက ထိုလက်မှတ်ကို ဘုတ်ပေါ်တွင်ချိတ်ဆွဲထားလိုက်၏။ သို့မှ အတွင်း၌ မည်သူတို့ရှိနေကြောင်း အလွယ်တကူသိနိုင်မည်။ ပြန်အထွက်တွင် ထိုကဒ်ပြားကို ပြန်ပေးလိုက်ရသည်။ ၀င်တိုင်း၊ ထွက်တိုင်း အ၀င်အထွက်မှတ်တမ်းတွင် လက်မှတ်ထိုးသွားရန်လည်း လိုသည်။ 
            ကွန်ဖိုင်းစပေ့စ်အတွင်းဝင်သူများသည် ဓါတ်ငွေ့တိုင်းစက်(မီတာ) ချိတ်သွားရ၏။ ထိုဓါတ်ငွေ့မီတာအား ညကတည်းက အားသွင်း ထားရသည်။ ကွန်ဖိုင်းစပေ့စ်အတွင်းရှိနေသမျှကာလပတ်လုံး ထိုမီတာကို ဖွင့်ထားရသည်။ မီတာက အောက်ဆီဂျင်နှင့် အခြား အဆိပ် ဓါတ်ငွေ့၊ မီးလောင်စေတတ်သည့် ဓါတ်ငွေ့စသည်တို့ကို တိုင်းတာပေးသည်။ အောက်ဆီဂျင်နည်းနေလျှင်သော်လည်းကောင်း၊ အခြား အဆိပ်ငွေ့များ ရှိနေလျှင်သော်လည်းကောင်း အသံဖြင့် သတိပေးသည်။ များသောအားဖြင့် မီတာများတွင် ဓါတ်ငွေ့လေးမျိုးကို တိုင်းပေးသည်။ အောက်ဆီဂျင်၊ ဟိုက်ဒြိုဂျင်ဆာလဖိုဒ်၊ ကာဘွန်မိုနောက်ဆိုဒ် နှင့် မီးလောင်စေတတ်သောဓါတ်ငွေ့ တို့ဖြစ်၏။ 
            ထို့ပြင် ကိုယ်သိုင်းကြိုး၊ အသက်ကယ်ကြိုး၊ ဓါတ်မီး၊ လိုအပ်လျှင် အသက်ရှူကိရိယာ စသည်တို့ကိုလည်း တစ်ပါတည်း ယူဆောင် သွားရန် လိုပါသည်။ အပြင်နှင့်အဆက်အသွယ်လုပ်နိုင်ရန် ခရာသော်လည်းကောင်း၊ ဝေါ်ကီတော်ကီသော်လည်းကောင်း ယူဆောင်သွားရန် လည်း လိုပါသည်။
၂) ကယ်ဆယ်ရေးအဖွဲ့ (Rescuers)
            ကွန်ဖိုင်းစပေ့စ်ဟူသည် အန္တရာယ်ရှိသောနေရာဖြစ်၏။ အကယ်၍ အောက်ဆီဂျင်ပြတ်၍သော် လည်းကောင်း၊ မီးလောင်ခဲ့လျှင် သော်လည်းကောင်း၊ မူးဝေအော့အန်ခဲ့၊ မူးလဲခဲ့လျှင်သော် လည်းကောင်း အသက်မဆုံးရှုံးစေရေးအတွက် ကယ်ဆယ်ရေးအဖွဲ့များ လက်လှမ်း တမီတွင် ရှိရပါမည်။ ကယ်ဆယ်ရေးအဖွဲ့ဆိုသည်မှာ အထွေအထူးမဟုတ်ပါ။ ထိုနေရာ၌အလုပ်လုပ်နေသူများ ဖြစ်နိုင်ပါသည်။ ကယ်ဆယ် ရေးအဖွဲ့တွင် ပါမည့်သူများကို ရွေးချယ်ကာ အရေးပေါ်အခြေအနေ၌ မည်ကဲ့သို့လုပ်ဆောင်ရမည်ကို သင်ကြားပေးထားရန် လိုပါသည်။ ထို့နောက် ကွန်ဖိုင်းစပေ့စ်အနီးအနား၌ ကယ်ဆယ်ရေးအဖွဲ့ကို အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများနှင့်တကွ ရှိနေစေရပါမည်။
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွင် ၄ ဦး သို့မဟုတ် ၅ ဦးပါဝင်နိုင်ပါသည်။ ထိုအဖွဲ့တွင် လုံခြုံရေးကိုယ်သိုင်းကြိုး (Safety Harness)၊ အသက်ရှူအထောက်အကူပြုကိရိယာ (Respirator)၊ အသက်ကယ်ကြိုး (Life Line)၊ ၁၅မိနစ်ခံ အောက်ဆီဂျင်ဘူး၊ ဓါတ်မီး၊ မီးသတ်ဘူး စသည်တို့အဆင်သင့်ရှိရမည်။
            ကွန်ဖိုင်းစပေ့စ်အတွင်း အလုပ်လုပ်နေသမျှကာလပတ်လုံး ထိုကယ်ဆယ်ရေးအဖွဲ့သည် အမြဲအသင့်ရှိနေရမည် ဖြစ်လေရာ ၎င်းတို့အား အခြားသူများကို သီးသန့်ခန့်ထားရန်ဆိုခြင်းမှာ လက်တွေ့မကျပါ။ အရေးပေါ်ကိစ္စဆိုသည်မှာ အမြဲဖြစ်နေသည်မဟုတ်။ ဖြစ်ချင် လည်းဖြစ်မည်။ ဖြစ်ချင်မှလည်း ဖြစ်မည်။ သို့ဖြစ်လေရာ ထိုအဖွဲ့ကိုသာ သီးသီးသန့်သန့်ခန့်ထားမည်ဆိုပါက ၎င်းတို့မှာ တစ်နေကုန် ဘာမှလုပ်စရာမရှိသည်နှင့် ပိုကာဒေါင်းနေရမည်သာ ဖြစ်လေသည်။ ထို့ကြောင့် ကွန်ဖိုင်းစပေ့စ်အနီးအနားတွင် လုပ်ကိုင်နေသူများ၊ စူပါဗိုက်ဆာများ၊ စသူတို့ကို ကယ်ဆယ်ရေးအဖွဲ့ တာဝန်ပေးနိုင်ပါသည်။ သို့သော် ကျန်းမာရေးဗဟုသုတရှိသူ ရှေးဦးသူနာပြုသင်တန်း တက်ထားသူပါလျှင် ပိုကောင်းပါသည်။
၃) ကင်းသမား (Attendant – Standby Person Outside)
            အထဲကိုဘယ်သူတွေဝင်သွားသလဲ၊ ဘယ်အချိန်တုံးက ဘယ်နှယောက်ဝင်သွားသလဲ။ ဘယ်သူတွေ ပြန်ထွက်သွားသလဲ။ အလုပ်ပြီးလို့ ပြန်ထွက်လာချိန်မှာ ၀င်သွားတဲ့သူတွေ အကုန်ပြန်ထွက်လာသလား စသဖြင့် စောင့်ကြည့်ရန်သော်လည်းကောင်း။  ကွန်ဖိုင်းစပေ့စ်အတွင်း တစ်စုံတစ်ခုဖြစ်ခဲ့လျှင်သော်လည်းကောင်း။ ကွန်ဖိုင်းစပေ့စ်၏ ပြင်ပတွင်တစ်ခုခုဖြစ်လာလျှင်သော်လည်းကောင်း ကွန်ဖိုင်းစပေ့စ်အတွင်းမှ လူများအား အလျင်အမြန် သတိပေးအကြောင်းကြားရန် သော်လည်းကောင်း ၀င်ပေါက်ဝတွင် ကင်းသမားတစ်ဦး ထားပေးရန်လည်း လိုပါသည်။ ထိုကင်းသမားအားလည်း လိုအပ်သော ကိရိယာများ တပ်ဆင်ပေးထားရမည်ဖြစ်ပါသည်။
ကျွန်တော် Confined Space Assessor လုပ်စဉ်က အပေါက်စောင့်ကောင်လေးများမှာ မာရီယာပမ်၊ နာဂိုကာနီ၊ ဗစ်စ်ဝါနာသမ် စသည့် ကုလားလေးများဖြစ်ပါသည်။ သူတို့နှင့် နှစ်နှစ်ခန့်အတူတွဲလုပ်ခဲ့ရသည်ဖြစ်ရာ ယခုထိတိုင် မှတ်မိနေပါသေး၏။ ကုမ္ပဏီက လည်သည်။ ကင်းစောင့်ထားရမည်ဆိုတော့ စူပါဗိုက်ဆာများအားခေါ်ပြီး ဘယ်ကောင်တွေ အသုံးမတည့်ဆုံးလဲ ဟုမေးကာ လူရွေး၏။ စူပါဗိုက်ဆာများက သိပ်အလုပ်မဖြစ်သော ကုလားကလေး သုံးလေးယောက်ကို ရွေးပေးသည်။ ကျွန်တော်က သူတို့ကိုခေါ်ကာ ကင်းသမား တစ်ယောက်၏ တာဝန်နှင့်ဝတ္တရားများကို ကျကျနန ရှင်းပြသည်။
ဘာလုပ်လုပ် မှတ်တမ်းမှတ်ရာနှင့် အလုပ်လုပ်တတ်စေရန် လေ့ကျင့်ထားပါ။ သူတို့ကို ကျွန်တော်ရှင်းပြထားသည်များအား စာနှင့် ရေးကာ ဘယ်နေ့က ဘယ်နေရာမှာ သင်တန်းပေးကြောင်း၊ ဘာတွေသင်ပေးလိုက်ကြောင်း၊ ဤကဲ့သို့သင်တန်းပေးခြင်းအတွက် အသိသက်သေမည်သူတို့ ရှိကြောင်း၊ သူတို့ကို လက်မှတ်ထိုးခိုင်းထားရပါသည်။ ငါတို့မသိရပါဘူး ဟု မငြင်းနိုင်စေရန် ဖြစ်၏။
ထို့နောက် သူတို့ကို လူအ၀င်အထွက်စာရင်းမှတ်နိုင်ရန် Confinde Space Log Book တစ်ခု၊ ခရာတစ်ခု၊ အောက်ဆီဂျင်ဘူး ပါသည့်အသက်ကယ်အင်္ကျီတစ်ခု၊ အသက်ကယ်ကြိုးတစ်ချောင်း၊ ကဒ်ပြားများချိတ်နိုင်သည့် ဘုတ်ပြားတစ်ခုအစရှိသည့် ပစ္စည်းများ ထုတ်ပေးလိုက်ပါသည်။ သူတို့က ကွန်ဖိုင်းစပေ့စ်အတွင်း လူများရှိနေသမျှကာလပတ်လုံး အပေါက်ဝတွင် စောင့်နေရပါသည်။ အကယ်၍ အိမ်သာသွားလိုလျှင် အခြားသူတစ်ဦးကို လုပ်ရမည့်လုပ်ငန်းတာဝန်များအား အကျဉ်းမျှရှင်းပြလျှက် ၎င်းကိုယ်စား ထားခဲ့ရမည်။ မည်သည့် အခါမှ၊ မည်သည့်အကြောင်းနှင့်မှ ကင်းသမားမရှိတာ မဖြစ်စေရ။ တစ်နည်းပြောရလျှင် အထဲမှလူများ အန္တရာယ်ကင်းစွာ၊ စိတ်ချလက်ချ အလုပ်လုပ်ရရေးသည် ကင်းသမားအပေါ်များစွာ မူတည်နေသည်။
ကင်းသမားကလည်း အပေါက်ဝတွင် ဘာမှလုပ်စရာမရှိဟု အိပ်ငိုက်နေလို့မရ။ မိမိပတ်ဝန်းကျင်ကို အမြဲသတိပြုနေရသည်။ ဓါတ်ငွေ့ယိုစိမ့်ခြင်း၊ မီးလောင်ခြင်းစသော ထူးခြားသောအခြေနေတစ်ခုခုဖြစ်ပါက အထဲမှလူများ အမြန်ဆုံးထွက်လာနိုင်အောင် သတိပေး ရမည်။ အထဲမှလူများအားလည်း ၁၅ မိနစ်ခန့်ကြာတိုင်း “ဟေ့ကောင်တွေ၊ ဘယ့်နဲ့လဲဟေ့၊ အားလုံးအဆင်ပြေကြရဲ့မဟုတ်လား” ဟု အမြဲ စစ်ဆေးနေရမည်။
ထူးခြားလျှင်လည်း ထူးခြားသလို၊ မထူးခြားလျှင်လည်း မထူးခြားသည့်အကြောင်း Confined Space Safety Assessor အား အမြဲ သတင်းပို့နေရန်လည်း တာဝန်ရှိပါသည်။
၎) ကွန်ဖိုင်းစပေ့စ်အဆက်ဆာ (ကွန်ဖိုင်းစပေ့စ်ကိုစစ်ဆေးသူ) (Competent Person (Confined Space Safety Assessor))
ကွန်ဖိုင်းစပေ့စ်ထဲတွင် အလုပ်လုပ်ရန်အတွက် အဓိကအရေးကြီးဆုံးပုဂ္ဂိုလ်ကား Confined Space Safety Assessor ပင် ဖြစ်တော့၏။ သူက သည်နေရာသည် အလုပ်လုပ်ရန်သင့်မသင့် စစ်ဆေးပေးသည်။ အလုပ်လုပ်ရန် မသင့်တော်ဆိုလျှင် အလုပ်လုပ်လို့ ရသညထိ ဘာတွေလုပ်ပေးရမည်ဆိုသည်ကို အကြံပေးသည်။ ထို့နောက် ကွန်ဖိုင်းစပေ့စ်ထဲတွင် အလုပ်လုပ်နေသမျှကာလပတ်လုံး ထိုနေရာ၏ အခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်နေရသည်။ ကွန်ဖိုင်းစပေ့စ်ထဲတွင် လုပ်နေသောအလုပ်အားလုံးပြီး၍ လူအားလုံး ပြန်ထွက်လာမှ သူ့တာဝန်ပြီးဆုံးသည်။ သို့အတွက် သူ့တာဝန်မှာလည်း မသေးလှပါ။ ထို့ကြောင့် Confined Space Assessor ကို အချိန်ပိုင်း ငှားလျှင် အလွန်ဈေးကြီးပါသည်။ တစ်ရက်လျှင် စင်းဒေါ်လာ ၃၀၀ ခန့်ပေါက်ဈေးရှိ၏။
            သို့ဆိုလျှင် Confined Space Safety Assessor တစ်ယောက်အနေနှင့် ဘာတွေလုပ်ရသနည်း။ သည်တွင် အကျဉ်းမျှ ဖော်ပြ လိုက်ပါသည်။ သို့သော် ဤဆောင်းပါးမှာ Safety ဆောင်းပါးမဟုတ်သဖြင့် အသေးစိတ်မဖော်ပြတော့ပဲ အရေးကြီးသည့် အချက်အချို့သာ ဖော်ပြပါမည်။
            Confined Space Safety Assessor တစ်ဦးအနေနှင့် ပထမဦးဆုံးသိထားရမည်မှာ မိမိ စစ်ဆေးမည့် ကွန်ဖိုင်းစပေ့စ် အခြေအနေ နှင့် ထို ကွန်ဖိုင်းစပေ့စ်ထဲတွင် လုပ်မည့်အလုပ်အမျိုးအစားတို့ ဖြစ်၏။ ဤသည်ကိုလိုက်၍ လိုအပ်ချက်များကို စစ်ဆေး ဖြည့်ဆည်းပေး ရသည်။ လုပ်မည့်အလုပ်သည် ငြမ်းဆင်ရန်လိုသလား၊ ဂဟေဆော်ခြင်း၊ ဖြတ်ခြင်းတောက်ခြင်း တို့ပါသလား။ ဓါတုဗေဒဆေးရည်တွေနဲ့ လုပ်ရမှာလား။ ဘယ်လိုဓါတုဆေးရည်တွေလဲ။ လူ့ကျန်းမာရေးအတွက် ဘယ်လောက်အန္တရာယ်ရှိသလဲ။ ကျန်းမာရေးအတွက် ခွင့်ပြုနှုံး (Permissible Limit) ဘယ်လောက်လဲ စသဖြင့်ဖြစ်ပါ၏။
            ဒုတိယအနေနှင့် ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်ရောက်အလုပ်လုပ်မည့်သူများ၊ ကင်းသမား၊ ကယ်ဆယ်ရေးအဖွဲ့ စသည်တို့ကို သင်တန်းပေးရန်ဖြစ်ပါသည်။ ထိုသင်တန်းမှတ်တမ်းများကိုလည်း စနစ်တကျ သိမ်းဆည်းထားရန်လိုပါသည်။
            ထို့နောက် ထိုကွန်ဖိုင်းစပေ့စ်အတွင်း ၀င်ရောက်အလုပ်လုပ်ရန် လိုအပ်သောစာရွက်စာတမ်းများ ပြင်ဆင်ခြင်း ဖြစ်ပါ၏။ Risk Assessment, Safe Work Procedure, Emergency Rescue Procedure, Permit To Work (PTW), Entry Log Book, Singnage စသည် တို့ဖြစ်၏။ ဤစာရွက်စာတမ်းများပြင်ဆင်နိုင်ရန် ပြည့်စုံလုံလောက်သော ဗဟုသုတရှိထားရပါမည်။ ဤကဲ့သို့ လုပ်နိုင်ကိုင်နိုင်ရှိသူ၊ တတ်ကျွမ်းသူကို Competent Person ဟုခေါ်သည်။ ကိုယ်သေသေချာချာမသိဘဲ အခြားသူထံမှ ကူးချထားသော စာရွက်စာတမ်းများသည် တန်ဘိုးမရှိပါ။ မိမိမရေးတတ်၍ အခြားသူများထံမှ ကူးချသည်ဆိုစေ၊ ဤသည်တို့မှာ ဘာလဲဆိုတာလောက်တော့ သေသေချာချာ နားလည် သဘောပေါက်ထားရန် လိုပါသည်။
            နောက်တစ်ခုမှာ အန္တရာယ်ကင်းသော နေရာတစ်ခုဖြစ်အောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာ တိုင်းတာတွက်ချက်ရခြင်း ဖြစ်၏။ ဤသည်ကို အင်္ဂလိပ်လို assess လုပ်သည်ဟုခေါ်သဖြင့် ဤသို့တိုင်းတာတွက်ချက်သူကို Assessor ဟု ခေါ်ခြင်းဖြစ်ပါသည်။ မိမိတိုင်းတာ တွက်ချက်၍ ရလာသော လိုအပ်ချက်များကို ပံ့ပိုးပေးရန် အုပ်ချုပ်ရေးအဖွဲ့သို့ အကြံပြုတင်ပြရပါသည်။
            ဤသို့တိုင်းရာတွင် အရေးကြီးသော အချက်များရှိ၏။
ပထမတစ်ခုမှာ အောက်ဆီဂျင်ရှိမှုဖြစ်၏။ လူတစ်ဦးအသက်ရှုရန် သင့်တော်သောအောက်ဆီဂျင်မှာ ၁၉.၅% မှ ၂၃.၅% ဖြစ်ပါ သည်။ ထို့ထက်နည်းလျှင်လည်းမကောင်း။ များလျှင်လည်းမကောင်း။ အောက်ဆီဂျင်နည်းလျှင် အသက်ရှူမ၀သဖြင့် မူးမေ့လဲကျတတ်သည်။ အသက်အန္တရာယ်ပင် ရှိပါသည်။ အောက်ဆီဂျင်များလျှင်လည်းမကောင်း။ အောက်ဆီဂျင်ဓါတ်ငွေ့သည် ကိုယ်တိုင်မီးမလောင်နိုင်သော်လည်း မီးလောင်ခြင်းကို အားပေးသည်။ ထို့ကြောင့် အောက်ဆီဂျင်များသည့်နေရာတွင် အလွန်မီးလောင်လွယ်သည်။ ထို့ကြောင့် အောက်ဆီဂျင်ကို သတ်မှတ်ထားသော နှုန်းထားတစ်ခုတွင်ရှိနေစေရန် ထိန်းထားရန် လိုသည်။
နောက်တစ်ခုမှာ ဟိုက်ဒြိုဂျင်ဆာလဖိုဒ်ဓါတ်ငွေ့ဖြစ်၏။ ဤဓါတ်ငွေ့ကား အသက်ဘေးအတွက် အလွန်အန္တရာယ်များသည်။ ထိုဓါတ်ငွေ့သည် ၎င်းရောက်ရာနေရာမှ အောက်ဆီဂျင်ကို တွန်းထုတ်ပစ်လေရာ အချိန်တိုအတွင်း အောက်ဆီဂျင်ပြတ်လပ်မည့် အန္တရာယ်နှင့် ကြုံတွေ့ရနိုင်ပါသည်။ အောက်ဆီဂျင်မရှိသည့်နေရာတွင် အသက်ရှင်ရန် မလွယ်ပါ။ လေထဲတွင် ထိုဓါတ်ငွေ့ပါဝင်နှုံး ၁၅ ppm ထက် မပိုစေရ။ ကြာရှည်အလုပ်လုပ်မည်ဆိုပါက ၁၀ ppm ထက်မပိုစေရ။ သို့သော် ထိုဓါတ်ငွေ့က ကြက်ဥပုပ်နံ့နံသဖြင့် အလွန်သိသာသည်။ မိမိပတ်ဝန်းကျင်တွင် ထိုအနံ့မျိုးရလာပြီဆိုပါက ထိုနေရာမှ အမြန်ဆုံးထွက်ခွါရန် အရေးကြီးပါသည်။
နောက်အန္တရာယ်ရှိသော ဓါတ်ငွေ့တစ်ခုမှာ ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေ့ဖြစ်၏။ ဤဓါတ်ငွေ့လည်း အသက်ဘေးအတွက် အန္တရာယ်ရှိပါသည်။ လေထဲတွင် ထိုဓါတ်ငွေ့ပါဝင်နှုံး ၂၅ ppm ထက် မပိုစေရပါ။ ထိုဓါတ်ငွေ့မှာ အင်ဂျင်များမှထုတ်လိုက်သော အိတ်ဇော မီးခိုးငွေ့တွင် ပါသည်။ ထို့ကြောင့် ကွန်ဖိုင်းစပေ့စ်အပေါက်ဝအနီး သို့မဟုတ် ကွန်ဖိုင်းစပေ့စ် အပေါက်ဝဘက်သို့လှည့်ကာ အင်ဂျင်အိတ်ဇော ပိုက်များ မထားမိစေရန် အလွန်အရေးကြီးသည်။ ကွန်ဖိုင်းစပေ့စ်အတွင်းသို့ မီးခိုးများဝင်သွားလျှင် အတွင်း၌ အလုပ်လုပ်နေသူများအတွက် အလွန် အန္တရာယ်များပါသည်။
ဤတွင် ppm ဟူသည် parts per million ဖြစ်ပြီး ပါဝင်နှုံးကို ဖော်ပြသောယူနစ်ဖြစ်၏။ ရေထဲတွင်ဓါတ်ဆား၊ ဓါတုဗေဒပစ္စည်းများ ပါဝင်မှု၊ လေထဲတွင် အမှုန်အမှိုက်များ၊ ဓါတ်ငွေ့များပါဝင်မှု စသဖြင့် ဖြစ်၏။ 
နောက်အရေးကြီးသော ဓါတ်ငွေ့မှာ မီးလောင်စေတတ်၊ ပေါက်ကွဲစေတတ်သော ဓါတ်ငွေ့များရှိမှု ဖြစ်၏။ မီးလောင်နိုင်မှုကို LEL (Lower Flammable Limit) ~ UEL (Upper Flammable Limit) ဖြင့်ပြသည်။
ကွန်ဖိုင်းစပေ့စ်အတွက် တိုင်းတာသော ဓါတ်ငွေ့မီတာတွင် ထိုဓါတ်ငွေ့ ၄ မျိုးအဓိကပါသည်။ ကွန်ဖိုင်းစပေ့စ်အတွင်းမ၀င်မီ ထိုဓါတ်ငွေ့များကို ဦးစွာတိုင်းကြည့်ရသည်။ စိတ်ချရသော အခြေအနေရှိမှ ၀င်ခွင့်ပြုရသည်။ အကယ်၍ ကွန်ဖိုင်းစပေ့စ်အတွင်းတွင် ထိုဓါတ်ငွေ့များ များနေ၊ နည်းနေပါက စိတ်ချရသည့်အခြေအနေရောက်အောင် ပြုပြင်ပေးရသည်။ အဓိကလုပ်ရသည်မှာ လေမှုတ်သွင်းခြင်း ဖြစ်ပါသည်။ ပြင်ပမှ သန့်ရှင်းလတ်ဆတ်သောလေများကို ကွန်ဖိုင်းစပေ့စ်အတွင်း မှုတ်သွင်းလိုက်ပါက မကောင်းသောဓါတ်ငွေ့ဆိုးများ ထွက်သွားမည်။ ထို့အတူ အောက်ဆီဂျင်ပါသော လေသန့်များလည်း ၀င်ရောက်နေရာယူလာမည်။ လေမှုတ်သွင်းပြီးလျှင် ဓါတ်ငွေ့ကို ထပ်မံတိုင်းတာကြည့်ရပါသည်။ စိတ်ချရသည့်အခြေအနေရောက်မှ ၀င်ခွင့်ပြုရသည်။ မဟုတ်လျှင် အသက်အန္တရာယ်ရှိသည်။
            နောက် ကွန်ဖိုင်းစပေ့စ် assessor လုပ်ရသည့်လုပ်ငန်းတစ်ခုမှာ သည် ကွန်ဖိုင်းစပေ့စ်အတွင်းသို့ မသက်ဆိုင်သူများ မ၀င်နိုင်စေ ရန်တားဆီးရေး ဖြစ်ပါသည်။ ၀င်ပေါက်တစ်ခုသာချန်ထားလျှက် အခြားဝင်နိုင်မည့်အပေါက်မှန်သမျှ ခြံခတ်ထား၊ သတိပေးစာတမ်းများ ချိတ်ဆွဲထားရပါသည်။ ၀င်ပေါက်တွင်မူ ကင်းသမားက ၀င်မည့်သူများကို စီစစ်လက်ခံပါလိမ့်မည်။
            မိမိစစ်ဆေးပေးထားသောနေရာသည် အန္တရာယ်ကင်းကင်းရှိနေမနေကိုလည်း ကွန်ဖိုင်းစပေ့စ်အတွင်း၌ အလုပ်သမားများ အလုပ်လုပ်နေစဉ်ကာလပတ်လုံး စောင့်ကြည့်စစ်ဆေးနေရသည်။ အဓိကမှာ အထက်တွင်ဖော်ပြခဲ့သကဲ့သို့ ဓါတ်ငွေ့ပမာဏကို တိုင်းတာခြင်း ပင်ဖြစ်ပါသည်။  
            တစ်နေ့တာကုန်ဆုံး၍ အလုပ်သိမ်းပြီဆိုလျှင် ထိုကွန်ဖိုင်းစပေ့စ်အတွင်းမှ (၀င်သွားသော) လူအားလုံးပြန်ထွက်လာမလာ။ လူများ ကျန်နေမနေ စသည်တို့ကို စစ်ဆေးရသည်။ ထို့နောက် ၀င်ပေါက်ကို သေချာကျနစွာ ပိတ်ခဲ့ရသည်။ မ၀င်ရ ဟူသော ဆိုင်းဘုတ်ကိုလည်း အ၀တွင် ထောင်ခဲ့ရပါမည်။ ထို့နောက် ကွန်ဖိုင်းစပေ့စ်ပါမစ်ကို ရုပ်သိမ်းရသည်။ ဤသို့ပါမစ်ကို ရုပ်သိမ်းလိုက်ခြင်းဖြင့် မည်သူမှ ၀င်ခွင့်မရှိ တော့ပါ။
            ဤသည်တို့ကို Confined Space Safety Assessor Course တွင် သေသေချာချာသင်ပေးပါသည်။ ဓါတ်ငွေ့မီတာ ဖတ်ပုံဖတ် နည်း။ အရေးပေါ်အခြေနေများတွင် အထဲမှလူကို အပြင်ကယ်ထုတ်နည်း စသဖြင့်လည်း လက်တွေ့လုပ်ရပါသည်။ ဤသင်တန်းစာမေးပွဲ အောင်လျှင် လက်မှတ်ထုတ်ပေးပါသည်။ ထိုလက်မှတ်ရှိသူမှသာ ကွန်ဖိုင်းစပေ့စ်ကို စစ်ဆေးသူ (Confined Space Safety Assessor) လုပ်ခွင့် ရှိပါသည်။
 (၉၂) ကျွန်ုပ် Confined Space Safety Assessor ဖြစ်ရပြန်ခြင်း
            ကျွန်ုပ်ကား ဘ၀စုံလှ၏။ ယခု ကွန်ဖိုင်းစပေ့စ်အဆက်ဆာ ဆိုလား ဖြစ်ရပြန်ပါသည်။ သည်သင်တန်းကို ၂၀၀၇ သြဂုတ်လ ၆ ရက် မှ ၂၇ ရက်ထိ၊ Red Hill ရှိ NTUC Learning Hub တွင်တက်ရခြင်းဖြစ်သည်။ သင်တန်းပြီးပြီးချင်း လက်မှတ်ရတာမဟုတ်။ စာမေးပွဲ အောင်စာရင်းစောင့်ရသေးသည်။ သို့အတွက် သင်တန်းပြီးနောက် နှစ်ပတ်ကြာမှ လက်မှတ်ရမည်။ သို့သော် အလုပ်ကအရေးကြီးလှပြီ။ ဗိုက်နာနေသော ကိုယ်ဝန်ဆောင်သည် မအောင့်နိုင်တော့သကဲ့သို့ လက်မှတ်ရအောင်ပင် မစောင့်နိုင်တော့ဘဲ သင်တန်းလည်းပြီးရော သင်တန်းပြီးပါပြီဟူသော စာကိုယူခဲ့စေကာ ထိုစာနှင့် ချက်ချင်းစလုပ်စေလေတော့၏။ ဒါတောင် ကျွန်တော်တို့မန်နေဂျာက မင်း၊ စာမေးပွဲ အောင်ပါ့မလား လို့ ဂျေဗီကမေးနေတယ် ဟု ပြောလေရာ ကျွန်ုပ်လည်း စိတ်ချင်ပေါက်လှသည်နှင့် ကုန်းပေါ်မှာမပြောနဲ့၊ ရေထဲမှာငုပ်ပြီး ဖြေရင်တောင်အောင်တယ်လို့ ပြောလိုက်ပါကွာ ဟု အငေါ်တူးလိုက်လေ၏။
သို့နှင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှစကာ ကွန်ဖိုင်းစပေ့စ်အဆက်ဆာဘ၀သို့ ကူးပြောင်းရပြန်လေတော့သတည်း။
            အထက်တွင်ပြောခဲ့သလို ကျွန်တော်ပထမဦးဆုံးစလုပ်ရသည်မှာ စာရွက်စာတမ်းကိစ္စများ ပြင်ရခြင်းဖြစ်၏။ သို့သော်လည်း ပေါ့လေ။ သည်စာရွက်စာတမ်းများကို သင်တန်းမပြီးခင် ပြင်ဆင်ထားတာ အားလုံးပြီးနေပါပြီ။ သို့သော်လည်း သူတို့စည်းမျဉ်းစည်းကမ်း အရ တင်လို့မရသေး။ သည်စာရွက်စာတမ်းများကို Certified Competent Person က ပြင်ထားတာပါဟု သက်သေပြလို့ရအောင် သင်တန်းပြီး အောင်စောင့်နေရသေးသည်။ သင်တန်းပြီးသည်နှင့် ကျွန်တော်လက်မှတ်ထိုးကာ ချက်ခြင်းကောက်ကက် တင်လိုက်ခြင်းဖြစ်၏။ ကျန်သည့် ကွန်ဖိုင်းစပေ့စ်တွင်လုပ်ရန်လိုအပ်သော ပစ္စည်းပစ္စယများမှာ အားလုံးအဆင်သင့်ဖြစ်နေပြီ။ ကျွန်တော်သင်တန်းအပြီးကို စောင့်နေရခြင်း ဖြစ်၏။ 
သို့ဆိုလျှင် အဘယ်ကြောင့် သည်မျှအရေးတကြီး လိုနေရပါသနည်း။ မိတ်ဆွေတို့သိအောင် ရှင်းပြပါမည်။ အနည်းငယ်ရှည်လျှင် သည်းခံဖတ်ပါခင်ဗျား။
ကျွန်တော်တို့ကုမ္ပဏီ (ယူနီယမ်အလွိုင်း) မှလုပ်ရသည်မှာ အီးစီစီစက်ရုံကြီးအတွက် မြေအောက်တွင်ပြေးသော အအေးခံရေပိုက် လိုင်းများ သွယ်တန်းပေးရခြင်းဖြစ်ပါသည်။ ပိုက်ဆိုလို့ ကယော်ကမယ်ပိုက်ကလေး မမှတ်ပါနှင့်ခင်ဗျား။ ကျွန်တော်တို့ပိုက်ကြီးမှာ အချင်း ၂.၇ မီတာ (၉ ပေခန့်) ရှိလေရာ အထဲသို့ မြင်းစီးဝင်လို့ရသည်။ ပိုက်အမျိုးအစားမှာ GRP (Glass Reinforced Plastic) ပိုက်ဖြစ်သည်။ ပိုက်များကို ဖန်မျှင်နှင့် ဓါတုဗေဒဆေးရည်များ ပေါင်းစပ်ထုတ်လုပ်ထားခြင်းဖြစ်သည်။ သုံးသော ဓါတုဆေးရည်မှာ ပိုလီယက်စတာ (Polyester Resin) ဖြစ်သည်။
ပိုက်များမှာ အီတလီမှလာသော ပိုက်များဖြစ်၏။ ထိုပိုက်များတပ်ဆင်ရာတွင် ကြီးကြပ်သည့်ကုမ္ပဏီမှာ ဂရုတင့် (Grootint) ဖြစ်၏။ ၎င်းတို့မှာ နယ်သာလင်နိုင်ငံမှ ဖြစ်သည်။ မန်နေဂျာမှာ ဖရင့် (Frank) ဖြစ်သည်။ ဟန်ဂေရီမှ ဖြစ်၏။ ကျွန်တော်တို့ကုမ္ပဏီက ပိုက်များ ဆင်ရေးတာဝန်ယူသည်။ သို့သော်လည်း ကျွန်တော်တို့က ကြည့်ရှု ကြီးကြပ်ပေးရုံသာဖြစ်ပြီး ပိုက်ဆင်လုပ်ငန်းအားလုံးကို ၀ီကွမ်း (Wecom) သို့ပေးထားခြင်းဖြစ်၏။
ဆင်တာက ၀ီကွမ်း၊ ကြီးကြပ်တာက ဂရုတင့် ဆိုတော့ ကျွန်တော်တို့ ယူနီယမ်အလွိုင်းက ဘာမှ လုပ်စရာမလိုပါ။ တကယ်ဆို ယူနီယမ်အလွိုင်းက သည်ပရောဂျက်တွင် ဘယ်နှဦးရှိပါသနည်း။ ပြေးရေကြည့်လိုက်မှ ကျွန်တော်နှင့် ကျွန်တော့်မန်နေဂျာ မယ်လ်ဘင်း နှစ်ဦးသာရှိသည်။ ကျွန်တော်က ပိုက်များဆင်ပြီးသည့်အခြေအနေ မယ်လ်ဘင်းကို သတင်းပို့သည်။ မယ်လ်ဘင်းက ပိုက်ဆံတောင်းသည့် ကိစ္စလုပ်သည်။ အင်မတန်နားအေးပါးအေး ရှိလှ၏။
ပိုက်နှင့်ပိုက်ကို ဆက်ရာတွင်လည်းကောင်း၊ ပိုက်နှင့်ပိုက်ဆက်ပစ္စည်းများကို ဆက်ရာတွင်လည်းကောင်း ဖိုက်ဘာအ၀တ်စနှင့် ပိုလီယက်စတာရီဇင်များသုံး၍ ဆက်ရသည်။ ၎င်းကို လာမနိတ်(laminate) လုပ်သည်ဟုခေါ်သည်။ ယခင်ဆောင်းပါးများတွင်လည်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
လာမနိတ်လုပ်သည်ဆိုခြင်းမှာ ပိုက်ကြီးများကို ဦးစွာ အပေါ်ယံမျက်နှာပြင်များ ပြောင်သွားအောင် ကျောက်စက်ဖြင့်စားရသည်။ ထို့နောက် လာမနိတ်လုပ်ရာတွင်သုံးမည့် ဆေးကိုစပ်ပြီး ဆေးသုတ်လိုက် ဖိုက်ဘာစများနှင့်ပတ်လိုက်ဖြင့် တစ်ထပ်ပြီးတစ်ထပ် လိုသော အထူရသည်ထိ လုပ်သွားရခြင်း ဖြစ်သည်။
ဆေးတွင် ရီဇင် (resin) နှင့် ကက်တလစ် (catalyst) ဟု နှစ်ပိုင်းရှိသည်။ လာမနိတ်လုပ်တော့မည်ဆိုမှ ရီဇင်နှင့် ကက်တလစ်ကို ၁၀၀း ၁ အချိုးဖြင့် ရောသည်။ မှားလို့မရ။ အရောမှားလျှင် ကောင်းကောင်းဒုက္ခ များမည်။ သည်အကြောင်းများ ရှေ့တွင်ရေခဲ့ပြီးဖြစ်၍ ထပ်လေမရှည်တော့ပါ။
ရီဇင်ကို သော်လည်းကောင်း ကက်တလစ်ကိုသော်လည်းကောင်း သည်အတိုင်းထားလျှင် အငွေ့သိပ်မထွက်ပါ။ ခြောက်လည်း မခြောက်ပါ။ သို့သော် သူတို့နှစ်ခုကို စပ်လိုက်လျှင် ဓါတ်ငွေ့များထွက်လာသည်။ ဆေးထဲတွင် စတိုင်ရင်းပါသည်။ စတိုင်ရင်းနှင့်ကြာရှည် ထိတွေ့ပါက ကင်ဆာဖြစ်နိုင်ချေရှိသည်။ ထို့ကြောင့် လာမနိတ်လုပ်ရာတွင် အလုပ်သမားများ ထိုဓါတ်ငွေ့များနှင့် ကြာရှည်ထိတွေ့နေရမည် ဖြစ်၍ ထိုဓါတ်ငွေ့ပမာဏကို လျှော့ချပေးရန်လိုသည်။
ထို့ပြင်တ၀ လာမနိတ်လုပ်ရာတွင် ပိုက်ကို အပြင်ပိုင်းတွင်သာ လုပ်ရသည်မဟုတ်။ အတွင်းဘက်ကပါ လုပ်ပေးရသည်။ ပိုက်အပြင် ဘက်တွင်တော့ လေဟာနယ်ဖြစ်လေရာ ဓါတ်ငွေ့များမှာ လေတိုက်သဖြင့် ပျောက်ပျက်သွားသည်။ သိပ်ပြဿနာမရှိ။ သို့သော်လည်း ချက်ချင်းပျောက်ပျက်သွားသည်မဟုတ်ရကား ထိုဓါတ်ငွေ့များကို မရှူမိစေရန် အသက်ရှူကိရိယာ နှာခေါင်းစွပ် (Respirator) ၀တ်ဆင်ထား ရသေးသည်။  
ပိုက်၏အတွင်းဘက်တွင် လာမနိတ်လုပ်လျှင်မူ လာမနိတ်လုပ်ရာမှ ထွက်လာသောဓါတ်ငွေ့များမှာ အခြားသို့ထွက်သွားဘို့ရာ မလွယ်။ ပိုက်အထဲတွင်ပင် လှည့်နေမည်ဖြစ်ရာ အလုပ်သမားများအတွက် အန္တရာယ်များလှသည်။ ထိုအခါ ထိုဓါတ်ငွေ့များကို လျှော့ချဘို့ရာ တစ်နည်းအားဖြင့်ပြောရလျှင် ပိုက်အတွင်းတွင် စိတ်ချလက်ချ လာမနိတ်လုပ်နိုင်စေရန် ကွန်ဖိုင်းစပေ့စ်အဆက်ဆာ လိုလာသည်။ 
ထိုမျှမကသေး။ စင်ကာပူဥပဒေအရ ၁ မီတာခွဲထက် နက်သောမြောင်းဆိုလျှင် ကွန်ဖိုင်းစပေ့စ်ဟု သတ်မှတ်သည်။ ၂.၇ မီတာ ရှိသည့် ကျွန်တော်တို့ပိုက်ကြီးများချရန် တူးရသောမြောင်းမှာ ဖို့မှာရောဘာရောဆို ၄ မီတာကျော်နက်လေရာ ထိုမြောင်းကြီးများမှာ အကျယ် ကြီးပင် ဖြစ်သော်ငြားလည်း ကွန်ဖိုင်းစပေ့စ်ဟု သတ်မှတ်သောဟူ၏။ သည်တော့ သည်မြောင်းအတွင်း အလုပ်ဝင်လုပ်ဘို့ရာ၊ ပိုက်အတွင်း ၀င်ပြီး လာမနိတ်လုပ်ဘို့ရာ ကွန်ဖိုင်းစပေ့စ်အဆက်ဆာ ရှိမှဖြစ်မည်။ သူ၏ခွင့်ပြုချက်ဖြင့်သာ အလုပ်လုပ်လို့ရမည်။ ယခု ယူနီယမ်အလွိုင်း တွင် ကွန်ဖိုင်းစပေ့စ်အဆက်ဆာ မရှိ။ သည်တော့ ပိုက်ကြီးများကို မြောင်းထဲချပြီး သည်အတိုင်းကြည့်နေရသည်။ ဘာမှ ဆက်လုပ်လို့မရ။
ဤတွင် မယ်လ်ဘင်းက သင်္ဘောကျင်း၌ နားအေးပါးအေး ပုံဆွဲလိုက်၊ ငိုက်လိုက် လုပ်နေသည့် ကျွန်တော့်ကို အတင်းရော၊ အဓမ္မပါခေါ်ပါလေတော့၏။ ကျွန်တော့်မှာ မရင်းတက္ကနစ်မှ ကုလားမကြီးညစ်ပတ်သဖြင့် ၃ နှစ်စာချုပ်နှင့်ငြိနေရာ ထိုအကြောင်း မယ်လ်ဘင်း ကို ပြောပြလေရာ လျော်သာလျော်လိုက်ပါကွာ၊ ငါအကုန်ပြန်ပေးပါ့မယ် ဆိုလေ၏။ ထိုကြောင့် ကျွန်တော်လည်း မရင်းတက္ကနစ်မှ နေ့မဆိုင်း၊ ညမဆိုင်း အလုပ်ထွက်စာတင်ကာ လိုအပ်သောသင်တန်းများတက်ပြီး ယူနီယမ်အလွိုင်းသို့ အသိုက်ပြောင်းခဲ့ခြင်း ဖြစ်သတည်း။
            သည်မျှဆိုလျှင် အဘယ်ကြောင့် ယူနီယမ်အလွိုင်းမှ ကွန်ဖိုင်းစပေ့စ်အဆက်ဆာ အသည်းအပြင်းလိုနေကြောင်း မိတ်ဆွေတို့ ရိပ်စားမိလောက်ပါပြီ။ သည်လိုနှင့် ကျွန်တော့်မှာ အင်ဂျင်နီယာဘ၀မှ အရှင်လတ်လတ် ဘ၀ပြောင်းကာ ကွန်ဖိုင်းစပေ့စ်အဆက်ဆာ ဆိုတာ ကြီး ဖြစ်လာရခြင်း ဖြစ်လေသည်။
ဆက်ပါဦးမည်။
အေးငြိမ်း
၁၇-၁၀-၂၀၁၂၊ ည ၁၁း၁၇ နာရီ
Blk 663D, Jurong West St 65
#15-233
Singapore 644663
Tel: 97303027