Saturday, March 31, 2018

မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း (2)

အခန်း (၃)

အိမ်၌ အန္တရာယ်ကင်းစွာ အလုပ်လုပ်ခြင်း
======================

အလုပ်သမားတိုင်းသည် မိမိ၏အန္တရာယ်ကင်းရေးအတွက် မိမိကိုယ်တိုင်တွင် တာဝန်ရှိသည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားပါသည်။
အလုပ်ရှင်သည်လည်း အန္တရာယ်များသည့်အလုပ်များကို အလုပ်သမားအား မခိုင်းရဟု ဥပဒေရှိ၏။

သင်သည် အိမ်အကူလုပ်သားအနေနှင့် အထပ်မြင့်အဆောက်အဦများ၌ ပြတင်းပေါက် သန့်ရှင်းရေးလုပ်ရမည်။ အဝတ်လှမ်းရမည်။
အထပ်မြင့်အဆောက်အဦများတွင် ပြတင်းပေါက်သန့်ရှင်းရေးလုပ်ခြင်းနှင့် အဝတ်လှမ်းခြင်းတို့သည် အန္တရာယ်များ၏။ အကယ်၍ သင်သည် ပြတင်းပေါက် အပြင်ဘက်ကို သန့်ရှင်းရေးလုပ်ပါက အသက်ကြီးသူတစ်ဦးဦး၏ အနီးကပ် ကြီးကြပ်မှုဖြင့်သာ လုပ်ရမည်။

အေးဂျင့်သည် MOM မှ ချမှတ်ထားသော အန္တရာယ်ကင်းရေးနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို အလုပ်စတင် မဝင်ရောက်မီ သင့်ကို နားလည်အောင် ရှင်းပြထားရမည်။ ပြတင်းပေါက်သန့်ရှင်းရေးနှင့်ပတ်သက်၍ အိမ်ရှင်နှင့်သင် အပြန်အလှန် သဘောတူနားလည်မှု ယူရမည်။

ပြူတင်းပေါက်ကို သန့်ရှင်းရေးလုပ်ခြင်း
-----------------------------------------

ပြူတင်းပေါက်ကို သန့်ရှင်းရေးလုပ်ရာတွင် အတိုအရှည်လုပ်၍ရသည့် တုတ်တံကိုသုံးပါ။ မရှိလျှင် အိမ်ရှင်ကို ဝယ်ခိုင်းပါ။
ပြတင်းပေါက်  အတွင်းပိုင်းကိုသုတ်နေစဉ် ပြတင်းပေါက်ကို သော့ခတ်ထားပါ။


 ကုလားထိုင်၊ လှေကား၊ ခွေးခြေ၊ အဆင့်များပေါ်တက်ပြီး မတ်တပ်မရပ်ရ


ပြတင်းကို အဖွင့်အပိတ်လုပ်ရာတွင် ဤကဲ့သို့လုပ်ပါ။



 အဝတ်လှမ်းခြင်း
-----------------

၁။ ကြမ်းပြင်ပေါ်တွင်မြဲမြံစွာရပ်ပါ။ သင့်ခန္ဓာကိုယ်သည် ပြတင်းပေါက်၏ အနောက်ဘက်တွင်သာ ရှိပါစေ။ 


၂။ ခြေဖျားမထောက်ပါနှင့်။ ပြတင်းပေါက်အဆင့်များပေါ် တက်မရပ်ပါနှင့်။ 


၃။ ပြတင်းပေါက်အပြင်ဘက်သို့ အရမ်းမထွက်ရ။ အလွန်ကုန်းပြီးမလှန်းရ။ ခွေးခြေ၊ အဆင့်များပေါ် တက်မရပ်ရ


 ၄။ လေးသောအ၀တ် များကို အရင်းဘက်တွင် ထားပါ။ 

၅။ အ၀တ်ရုတ်လျှင် အ၀တ်တန်းကိုအိမ်ထဲသို့အရင်ဆွဲသွင်းပြီးမှ အ၀တ်များကိုဖြုတ်ယူပါ။


၆။ အ၀တ်တန်းပေါ်တွင် အ၀တ်များ အများအပြား မလှန်းပါနှင့်။


၇။ လေပြင်းတိုက်နေ၊ မိုးသည်းထန်စွာရွာနေပါက သတိထားပါ။ မိုးရွာတော့မည်ထင်ပါက အ၀တ်များကို မြန်မြန်ရုတ်ပါ။ မိုးရွာချိန်အ၀တ်ရုတ်လျှင်အထူးသတိရှိပါ။ အ၀တ်တန်း အလွန်လေးလျှင် အပြင်သို့ထုတ်လှန်းခြင်း၊ အတွင်းသို့ပြန်သွင်းခြင်း မလုပ်ရ။
၈။ ပြတင်းပေါက်အပြင်ဘက်သို့ကျသွားသော အ၀တ်များ သို့မဟုတ် အခြားပစ္စည်းများကို ပြန်ကောက်ယူရာတွင် ပြတင်းပေါက်အပြင်ဘက်သို့ အလွန်အမင်း အားပြုမထွက်ရ။ အလုပ်ရှင်ကို အသိပေးပြီး အကူအညီရယူပါ။


၉။ ပြတင်းပေါက်အပြင်ဘက် အစွန်အဖျားများပေါ်သို့ မတက်ပါနှင့်။


၁၀။ အမြင့်မှာ အလုပ်လုပ်ရမှာကြောက်ရင် အိမ်ရှင်ကို ဖွင့်ပြောပါ။ ဘယ်လိုလုပ်ရမလဲမသိရင် အိမ်ရှင်ကို မေးပါ။
၁၁။ ဒီသင်တန်းမှာ သင်လိုက်တာတွေကို လက်တွေ့ အသုံးချပါ။

၁၂။ ဖြစ်လာမယ့် အန္တရာယ်တွေကို အလေးမထားဘဲ အရဲမကိုးပါနဲ့။

၁၃။ အန္တရာယ်များတဲ့အလုပ်တွေကို အလုပ်ရှင်က ခိုင်းရင် မလုပ်နိုင်ကြောင်း ငြင်းပါ။ အတင်းအကျပ်လုပ်ခိုင်းရင် MOM ဖုန်း - ၁၈၀၀ ၃၃၉ ၅၅၀၅ ကိုဆက်ပါ။

အခန်း (၃) ပြီး၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အခန်း (၄)

အခြားနယ်ပယ်များတွင် အန္တရာယ်ကင်းရေး
========================

နေအိမ်တွင်း အန္တရာယ်ကင်းရှင်းရေး
--------------------------------------

၁။ ချက်ပြုတ်နေစဉ် ဖုန်းလာပါက မီးပိတ်ပြီးမှ ဖုံးပြောပါ။
၂။ ကလေးငယ်များအား ပြုစုနေစဉ်၊ လူကြီးသူမများအား စောင့်ရှောက်နေစဉ် ဖုံးမသုံးပါနှင့်။

မီးအန္တရာယ်ကင်းဝေးရေး
---------------------------

၁။ ထမင်းဟင်းချက်ပြုတ်နေစဉ်၊ မီးပူတိုက်နေစဉ် တခြားမသွားပါနှင့်။
၂။ မီးလောင်နိုင်သည့် စက္ကူ၊ အဝတ်စသည်တို့ကို မီးဖိုအနီး မထားပါနှင့်။
၃။ မီးပူတိုက်နေစဉ် ဖုန်းလာပါက မီးပူခလုတ်ကိုပိတ်၊ မီးပူထောင်ရမည့် သံစင်ပေါ်တွင် ထောင်ထားခဲ့ပါ။
၎။ အပြင်ထွက်တော့မည်ဆိုပါက လျှပ်စစ်သုံးပစ္စည်းများကို ပိတ်ခဲ့ပါ။
၅။ ထမင်းဟင်းချက်ပြုတ်ပြီးသည့်အခါ ဓာတ်ငွေ့မီးဖိုခလုတ်ကို ကောင်းစွာပိတ်ခဲ့ပါ။
၆။ ဓာတ်ငွေ့ယိုစိမ့်ပါက အနံ့ရပါသည်။ ဓာတ်ငွေ့ယိုစိမ့်ပြီဆိုလျှင် ပြတင်းတံခါးအားလုံးကို ဖွင့်ပါ။ အိမ်ရှေ့တွင်ရှိသော ဓာတ်ငွေ့ပိုက်လိုင်းဗားကိုပိတ်ပါ။ ဓာတ်ငွေ့ပိုက်၊ ရေပိုက်၊ မီးပိုက်စသည်တို့ကို နံရံမြှုပ်ဘီရိုလုပ်ပြီး တံခါးပိတ်ထားပါသည်။ ဓာတ်ငွေ့ပိုက်အတွက် တံခါးပေါ်တွင် Gas ဟု ရေးထားပါလိမ့်မည်။ ဓာတ်ငွေ့ပိုက်မှာ အဝါရောင်ဖြစ်ပါသည်။ လက်ကိုင်ကို ကန့်လန့်ဖြစ်သွားအောင် ဆွဲချလိုက်လျှင် ဓာတ်ငွေ့ပိုက် ပိတ်ပြီးဖြစ်သွားပါလိမ့်မည်။
ထို့နောက် 1800-752-1800 သို့အကျိုးအကြောင်းပြောပြ အကူအညီတောင်းပါ။



ချော်မလဲစေရန်
----------------

၁။ ကြမ်းတိုက်ပြီးလျှင် အဝတ်ခြောက်ဖြင့်သုတ်ပါ။
၂။ ရေစိုနေသည့်ကြမ်းပြင်ပေါ်တွင် မပြေးပါနှင့်။ သတိထားလျှောက်ပါ။

အမြင့်မှ လိမ့်မကျစေရန်
------------------------

၁။ ခွေးခြေ၊ ထိုင်ခုံ၊ စားပွဲ စသည်တို့အပေါ်တက်ရပ်လျှင် ပြုတ်ကျနိုင်သည်။
၂။ မျက်နှာကြက်ပန်ကာစသော အမြင့်မှပစ္စည်းများကို သန့်ရှင်းရေးလုပ်ရန် လူရပ်လို့ရသည့် လှေခါးကို သုံးပါ။
၃။ ပြတင်းပေါက် ဘောင်ပေါ် စသည်တို့အပေါ် မတက်ရ။

မှုခင်းကာကွယ်ရေး
--------------------

၁။ အပြင်ဘက်သို့ ခဏတဖြုတ်ထွက်တော့မည်ဆိုလျှင် ပြတင်းပေါက်အားလုံးပိတ်ခဲ့ပါ။ တံခါးများကို သော့ခတ်ခဲ့ပါ။
၂။ သော့ကို ခြေသုတ်ဖုံအောက်၊ ပန်းအိုးအတွင်း၊ မီတာပုံးပေါ် စသည်တို့တွင် မထားခဲ့ပါနှင့်။
၃။ အိမ်သို့ တစိမ်တရံဆံလာလျှင် ၎င်းကိုလက်ခံစကားပြောနေစဉ် သံပန်းတံခါးကို သော့ခတ်ထားပါ။ တံခါးဖွင့် မပေးပါနှင့်။
၎။ ယုံလောက်အောင် ကဒ်ပြားများပြပြီး အိမ်တွင်းဝင်ဘို့ တောင်းဆိုလာပါလည်း မယုံပါနှင့်။ အိမ်ရှင်ကို ဖုန်းခေါ်ပြီး အကျိုးအကြောင်း ပြောပြပါ။
၅။ အပြင်မှ ပြန်လာစဉ် နောက်မှ တစ်ယောက်ယောက်လိုက်လာပါက အိမ်ထဲသို့ အမြန်ဝင်ပြီး တံခါးပိတ်ပါ။ ထိုသူများသည် မိမိနှင့် အတူ အိမ်တွင်း ဝင်လိုက်လာတတ်သဖြင့် အထူးသတိထားပါ။
၆။ ဓာတ်လှေခါးစီးစဉ် တစိမ်းယောက်ျားတစ်ဦးနှင့် နှစ်ဦးတည်း မစီးပါနှင့်။ နောက်ဓာတ်လှေခါးကို စောင့်စီးပါ။
၇။ အိမ်ရှင်၏ခွင့်ပြုချက်မရဘဲ မည်သူ့ကိုမှ အိမ်အတွင်း အဝင်မခံပါနှင့်။ မိမိမိတ်ဆွေသူငယ်ချင်းများကိုလည်း အိမ်ထဲခေါ်မလာပါနှင့်။
၈။ အိမ်အနီးပတ်ဝန်းကျင်တွင် မသင်္ကာစရာလူများ တွေ့ပါက အိမ်ရှင်ကို အကြောင်းကြားပါ။
၉။ တစိမ်းတရံဆံများထံမှ ပိုက်ဆံမချေးပါနှင့်။ လူလိမ်များသည် ယုံလောက်အောင်ပြောတတ်ကြောင်း သတိရပါ။ ၎င်းတို့သည် သင့်ကို ဖေ့စ်ဘုတ်၊ တယ်လီဖုန်း မက်ဆေ့ခ်ျ၊ ဗိုက်ဘာစသည်တို့မှ ဆက်သွယ်လာတတ်သည်။ သင့်တွင် အရေးပေါ်ငွေလိုပါက သင့်အလုပ်ရှင်ကို ဖွင့်ပြော အကူအညီတောင်းပါ။

ယာဉ်အန္တရာယ် ကင်းရှင်းရေး
------------------------------

၁။ လမ်းဖြတ်ကူးရာတွင် လူကူးရမည့် နေရာများမှသာ ကူးပါ။ လူကူးရန်နေရာများမှာ မီးပွိုင့်၊ လူကူးမျဉ်းကြား၊ ခုံးကျော်တံတား၊ မြေအောက်လမ်းကူး (ညဥ့်နက်လျှင် မကူးပါနှင့်။) တို့ဖြစ်ပါသည်။
၂။ လမ်းဖြတ်မကူးမီ မီးပွိုင့် သို့မဟုတ် လူကူးနေရာတွင် ကားများရပ်ပေးသည်အထိစောင့်ပါ။ အစိမ်းရောင် လူရုပ်ပေါ်မှ လမ်းဖြတ်ကူးပါ။ အစိမ်းရောင်လူရုပ်သည် တဖျပ်ဖျပ်လင်းလာပြီဆိုပါက လမ်းကို စတင်မကူးပါနှင့်။
၃။ နမော်နမဲ့လမ်းဖြတ် မကူးပါနှင့်။ ကားများသည် သင်လမ်းဖြတ်ကူးရန် ရပ်ပေးလိမ့်မည်မဟုတ်ပါ။ လမ်းကိုဘယ်တော့မှ ကသောကမျော ဖြတ်မကူးပါနှင့်။
၎။ လမ်းဖြတ်ကူးနေစဉ် လက်ကိုင်ဖုန်း မသုံးပါနှင့်။ မက်ဆေ့ မပို့ပါနှင့်။
၅။ လမ်းဖြတ်ကူးနေစဉ် ကလေး သို့မဟုတ် သက်ကြီးရွယ်အိုများကို လက်တွဲထားပါ။

၆။ အများနှင့်ဆိုင်သော နေရာများတွင် လိုက်နာရမည့် စည်းကမ်းများ၊ ညွှန်ကြားချက်များကို ဂရုပြုလိုက်နာပါ။ ဥပမာ -
o     အမှိုက်မပစ်ရ။
o     အများပြည်သူ အသုံးပြုသော နေရာများတွင် စကားကျယ်လောင်စွာ မပြောရ။
o     လူစီး ရထား၊ ကားပေါ်တွင် စကားကျယ်လောင်စွာမပြောရ။
o     လမ်း၊ လူကူး ခုံးကျော်တံတား စသည့်နေရာများတွင် စုရုံးပိတ်မရပ်ရ။ ဥပမာ-(လူကူးကုန်းတံတားပေါ်တွင်) အခြားသူများ သွားလာရေးကို အနှောက်အယှက်ဖြစ်စေသည်။


အခန်း (၄) ပြီး၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း (1)

လာမည့် ဧပြီလ ၂ ရက်နေ့မှစကာ ကျွန်တော် "မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း" ကို NTUC Learning Hub ၌ မြန်မာလို သင်ကြားပို့ချရပါမည်။

စင်ကာပူသို့ ယခုမှ စတင်ရောက်လာသည့် အိမ်အကူလုပ်သား (FDW - Foreign Domestic Worker) များသည် ဤသင်တန်းသို့ မဖြစ်မနေတက်ရသည်။ ဤသင်တန်းမှ FDW တစ်ဦး သိသင့်သိထိုက်သည်များအားလုံးကို ရှင်းလင်းသင်ကြားပေးသည်။

သည်သင်တန်းပါ အချက်အလက်များကို ကိုးကား၍ မြန်မာအိမ်အကူများသိသင့်သိထိုက်သည်များကို ရေးလိုက်ပါသည်။ ယခင်ကလည်း သည်အကြောင်း ကျွန်တော် ရေးဖူးပါသည်။ သို့သော် ပြန်လည်ပြင်ဆင်ထားသည်များရှိသဖြင့် ယခုထပ်မံ၍ ပြည့်ပြည့်စုံစုံ ရေးသားလိုက်ရခြင်းဖြစ်ပါကြောင်း -

စင်ကာပူမှ FDW အတွက် လိုအပ်ချက်များ

၁။ FDW အဖြစ် လျှောက်ထားချိန်တွင် အသက် ၂၃ နှစ်ထက်မငယ်၊ ၅၀ ထက်မကြီး ဖြစ်ရမည်။ သို့သော် လက်ရှိလုပ်နေသူများ အနေနှင့် အသက် ၆၀ ပြည့်သည်ထိ ဆက်လက်လုပ်ကိုင်ခွင့် ရှိသည်။

၂။ ကျောင်းသင်ပညာရေး အနည်းဆုံး ၈ နှစ်ရှိရမည်။ (သို့သော် MOM website တွင် ဆယ်တန်းအောင်လက်မှတ် ဟု ပြထားရာ ဤသည်မှာ လိုအပ်ချက်ထက် ၂ နှစ်ပိုနေကြောင်း ကျွန်တော် MOM သို့ အီးမေးပို့ထားပါသည်။ အကြောင်းမပြန်သေးပါ။)

၃။ FDW အဖြစ် ယခုမှ စတင်အလုပ်လုပ်မည့်သူ ဆိုသည်မှာ MOM record ထဲတွင် FDW အဖြစ် မှတ်တမ်းရှိမနေသူ သော် လည်းကောင်း၊ ယခင်က FDW အဖြစ်လုပ်ခဲ့သည့်တိုင် MOM record ထဲတွင် FDW အဖြစ် မှတ်တမ်းရှိမနေသူသော် လည်းကောင်း ဖြစ်ပါသည်။

၎။ FDW record ကို MOM website တွင် မိမိ SingPass ဖြင့် ဝင်ကြည့်နိုင်ပါသည်။

၅။ FSW ခန့်ထားမည့် အိမ်ရှင်သည် သူ့အတွက် စင်းဒေါ်လာ ၅၀၀၀ တန် security deposit ဝယ်ရမည်။

၆။ FSW ခန့်ထားမည့် အိမ်ရှင်သည် သူ့အတွက် ၁၅၀၀၀ တန် ဆေးအာမခံ (Medical Insurance) နှင့် ၆ သောင်းတန် ($60,000 per year) ထိခိုက်မှုအာမခံ (Personal Accident Insurance) ကို FDW စင်ကာပူမလာမီကတည်းက ကြိုဝယ်ထားရမည်။ ထိုအာမခံသည် အထွေထွေ ထိခိုက်ရှနာမှု၊ တသက်တာမသန်မစွမ်းဖြစ်မှု၊ သေဆုံးမှုတို့အတွက်ပါ အကြုံးဝင်ရမည်။

၇။ အလုပ်ရှင်သည် FDW အတွက် လဲဗီး တစ်လလျှင် $265 ပေးရပါမည်။ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုမိဘများရှိလျှင် ပိုမို နည်းသော လဲဗီး လျှောက်ထားနိုင်ပါသည်။ ထိုလဲဗီးမှာ တစ်လလျှင် ၆၀ ဖြစ်၏။

မှတ်သားစရာများ

၁။ EP (Employment Pass), S Pass များလည်း FDW ခန့်ထားနိုင်ပါသည်။
 ၂။ FDW များသည် အလုပ်သမားလျော်ကြေးဥပဒေနှင့် အကြုံးမဝင်ပါ။ (ထိခိုက်ဒဏ်ရာရခြင်းအတွက် လျော်ကြေးဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း လျော်ကြေးမရနိုင်ပါ။)

SIP (Settling-In Programme) for FDW

၁။ အိမ်အကူလုပ်သားများ စင်ကာပူသို့ရောက်ပြီး ၃ ရက်အတွင်း (တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက်မပါ) SIP သင်တန်းကို တက်ရမည်။ ထိုသင်တန်း တက်မပြီးသေးဘဲ အလုပ်ရှင်သည် အလုပ်မခိုင်းရ။
 ၂။ သင်တန်းမှာ တစ်ရက်သင်တန်းဖြစ်ပြီး သင်တန်းကြေး စင်းဒေါ်လာ ၇၅ ဖြစ်ပါသည်။ သင်တန်းကြေးကို အလုပ်ရှင်က ပေးရမည်။
 ၃။ သင်တန်းကို မြန်မာဘာသာဖြင့် သင်ကြားပို့ချပါမည်။
(SIP ကို အင်ဒိုနီးရှားဘာသာ (Bahasa Indonesia) နှင့် ဖိလစ်ပိုင် (Tagalog) ဘာသာများဖြင့် ပို့ချပါသေးသည်။)
 ၄။ ယခင်က အိမ်အကူလုပ်သားများ စင်ကာပူရောက်လျှင် Entry test နှင့် SAC (Safety Awareness Course) တက်ရသည်။
၂၀၁၂ ခုနှစ် မေလ ၁ ရက်နေ့မှစကာ ထိုသင်တန်းနှစ်ခုကို ပေါင်းလိုက်ပြီး SIP သင်တန်းလုပ်လိုက်ပါသည်။
 ၅။ ယခင်က FDW အဖြစ်လုပ်ခဲ့ဖူးသူ၊ Entry Test နှင့် SAC သင်တန်းတက်ခဲ့ဖူးသူများ SIP သင်တန်း တက်စရာမလိုပါ။

သင်တန်းမှပေးသည့် မှတ်သားစရာ ဗဟုသုတများ

သင်တန်းအတွင် အောက်ဖော်ပြပါ သင်ခန်းစာ (၅) ခုပါ၏။
၁။ စင်္ကာပူတွင်အလုပ်လုပ်ခြင်း မိတ်ဆက်
၂။ အန္တရာယ်ကင်းစွာအလုပ်လုပ်ခြင်း
၃။ စည်းကမ်းသတ်မှတ်ချက်များ (အခွင့်အရေးနှင့်တာဝန်များ)
၎။ အခြားနယ်ပယ်များတွင် အန္တရာယ်ကင်းမှု
၅။ ဆက်ဆံရေးနှင့် စိတ်ဖိစီးမှုဖြေရှင်းခြင်း

သင်တန်းရည်ရွယ်ချက်မှာ -

Ø  စင်ကာပူတွင် အဆင်ပြေစွာ အလုပ်လုပ်ကိုင်နိုင်စေရန်
Ø  မိမိလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို သိနားလည်လာစေရန်
Ø  ဥပဒေက ပေးအပ်ထားသည့် မိမိတို့၏ တရားဝင်ရပိုင်ခွင့်များကို သိစေရန်
Ø  အခက်အခဲ ပြဿနာတစ်စုံတစ်ရာပေါ်လာပါက မည်ကဲ့သို့ အကူအညီတောင်းရမည်ကို သိစေရန်

အခန်း (၁) စင်ကာပူနိုင်ငံနှင့် မိတ်ဆက်ခြင်း

စင်္ကာပူသည် လူဦးရေ ၅ သန်းကျော်ရှိသော ခေတ်မီမြို့ပြနိုင်ငံငယ်လေး တစ်ခုဖြစ်၏။ စင်္ကာပူတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံရှိ၏။ အဓိကလူမျိုးများမှာ တရုတ် ၇၄%၊ မလေး ၁၃%၊ အိန္ဒိယ ၉.၂ % ဖြစ်၏။

အများအားဖြင့် အင်္ဂလိပ်၊ မန်ဒရင်း၊ မလေးနှင့် တမီလ်ဘာသာစကားတို့ကို ပြောဆိုကြ၏။ အခြားနိုင်ငံသားများ (ဥပမာ - မြန်မာ) သည်လည်း သူတို့မိခင်ဘာသာစကား (မြန်မာ) ဖြင့် ပြောကြ၏။ စင်္ကာပူတွင် နိုင်ငံခြားသားအများအပြား လာရောက် အလုပ်လုပ်ကိုင်နေကြသည်။ လူအများစုသည် အထပ်မြင့်တိုက်ခန်းများတွင် နေကြ၏။

စင်ကာပူသို့ လာရောက်အလုပ်လုပ်ကိုင်ကြရခြင်းမှာ ငွေရှာပြီး မိမိ မိသားစုအားထောက်ပံ့ရန်ဖြစ်၏။ ထိုမျှမက ဖွံ့ဖြိုးပြီး နိုင်ငံတစ်နိုင်ငံတွင် လာရောက်လုပ်ကိုင်ခြင်းဖြင့် အတတ်ပညာအသစ်များပါ လေ့လာသင်ယူနိုင်သေးသည်။ မိမိနိုင်ငံသို့ ပြန်သွားသည့်အခါ ထိုအတတ်ပညာများကို အသုံးချလျှက် ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခု ထူထောင်နိုင်သေးသည်။

အရေးကြီးသည်မှာ စေတနာထားဘို့ ဖြစ်၏။ စေတနာဟူသည် ရောင်ပြန်ဟပ်တတ်၏။ မိမိက စေတနာထားလုပ်ကိုင်ပေးလျှင် မိမိ အပေါ်လည်း ပြန်လည် မေတ္တာထားလာမည်မှာ မလွဲမသွေဖြစ်၏။

"ငါက အိမ်ဖော်ပဲ" ဟု စိတ်ထဲမထားပါနှင့်။ သူတို့မိသားစုကို လာရောက်စောင့်ရှောက်ပေးတာ ဟု ခေါင်းထဲ ထည့်ထားပါ။ ဒေသအစိမ်း၊ နေရာအစိမ်း၊ လူမျိုးအစိမ်းများဖြစ်သဖြင့် မတတ်တာ၊ မသိတာ အများအပြားရှိပါလိမ့်မည်။ မစိုးရိမ်ပါနှင့်။ မသိလျှင် မသိဘူးဟု ပွင့်ပွင့်လင်းလင်းပြောပါ။ မသိလျှင် သိအောင် သင်ယူပါ။ မတတ်လျှင် တတ်အောင် လေ့လာပါ။ ကျွန်မတော့ ဒါကို မလုပ်တတ်ဘူး၊ ကျေးဇူးပြုပြီး သင်ပေးပါ ဟု ယဉ်ယဉ်ကျေးကျေး ပြောပါ။

မိမိမှာ အိမ်အကူလုပ်သားဖြစ်သဖြင့် အိမ်ရှင်များနှင့် ၂၄ နာရီပတ်လုံး အတူနေရမည်ဖြစ်၍ သူတို့နှင့် သင့်မြတ်နေရေးမှာ အလွန် အရေးကြီးပါသည်။

စင်ကာပူမှလူများသည် အလွန် အသန့်အပြန့်ကြိုက်သည်ကို သိထားပါ။ အိမ်ကို သန့်ရှင်းနေအောင် ထိန်းသိမ်းထားရေးသည် အရေးကြီးသော အလုပ်တစ်ခုဖြစ်၏။

အိမ်အကူတစ်ယောက်အနေနှင့် အောက်ပါလုပ်ငန်းများ လုပ်ကိုင်ရနိုင်ပါသည်။
Ø  အရွယ်မရောက်သေးသည့် ကလေးငယ်များကို ပြုစုစောင့်ရှောက်ရခြင်း
Ø  သက်ကြီးရွယ်အို မိဘများကို ပြုစုစောင့်ရှောက်ရခြင်း
Ø  ကလေးများကို ကျောင်းပို့/ကျောင်းကြိုခြင်း
Ø  အဝတ်လျှော်၊ အဝတ်လှမ်း၊ မီးပူတိုက်ရခြင်း
Ø  ထမင်းဟင်းများ ချက်ပြုတ်ရခြင်း
Ø  အိမ်သန့်ရှင်းရေး လုပ်ရခြင်း

မိမိအိမ်ရှင်သည် တရုတ် သို့မဟုတ် အိန္ဒိယ သို့မဟုတ် မလေး သို့မဟုတ် အခြားနိုင်ငံသားတစ်ဦးဦး ဖြစ်နိုင်သည်။ အိမ်တွင် မွေးကင်းစကလေးငယ်များ၊ သက်ကြီးရွယ်အို မိဘများ၊ မမာမကျန်းဖြစ်နေသူများ ရှိနိုင်သည်။ စင်ကာပူနိုင်ငံသား အများစုမှာ စနေ၊ တနင်္ဂနွေများတွင် အလုပ်မလုပ်ကြပါ။ သင်သည် သူတို့အပြင်သွားသည့်အခါ လိုက်သွားရန် လိုချင်လိုပါလိမ့်မည်။

စင်ကာပူတွင် သင့်အတွက် ဆွေမျိုးရှိချင်မှ ရှိပါလိမ့်မည်။ သင့်အိမ်ရှင်သည်သာ သင်၏ အရင်းနှီးဆုံး ဆွေမျိုးဖြစ်ပါသည်။ သင့်တွင် အခက်အခဲများရှိပါက သင့်အိမ်ရှင်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြော အကူအညီတောင်းနိုင်ပါသည်။
သင်သာ ရိုးရိုးသားသား၊ ကြိုးကြိုးစားစားလုပ်ကိုင်ပါက သင့်အိမ်ရှင်သည် သင့်အပေါ် ယုံကြည်စိတ်ချလာမည်။ ကောင်းကောင်း မွန်မွန် ဆက်ဆံလာမည်။ သင်နှင့်သင့်အိမ်ရှင်အကြား ဆက်ဆံရေး ချောမွေ့လာသဖြင့် စိတ်ချမ်းသာ၊ လက်ချမ်းသာ အလုပ်လုပ်နိုင်မည်။

အပြန်အလှန်လေးစားမှုသည် အလွန်အရေးကြီး၏။ သင့်အိမ်ရှင်အကြောင်းနားလည်အောင် အချိန်ယူပြီး လေ့လာပါ။ အချို့သူများသည် စကားပြောရာတွင် အော်ကြီးဟစ်ကျယ် ပြောတတ်၏။ သူတို့အမူအရာကိုက ရန်လိုသည့် အမူအရာမျိုး ဖြစ်နေတတ်၏။ ထိုအခါ သင်က ဤကဲ့သို့ အော်ပြောခြင်းသည် သူတို့၏ အမူအကျင့်သာဖြစ်ကြောင်း၊ သင့်အပေါ် ရန်မူခြင်း မဟုတ်ကြောင်း သိနားလည်ထားရပါမည်။


အခန်း (၁) ပြီး၏။

===================================================================

အခန်း (၂)

လိုက်နာရမည့် စည်းကမ်းများ၊ တာဝန် ဝတ္တရားများ နှင့် ရပိုင်ခွင့်များ

သင် စင်ကာပူသို့မလာမီ MOM က ထုတ်ပေးသည့် ခွင့်ပြုမိန့် (IPA - In-Principal Approval) စာရွက် ရပါလိမ့်မည်။ ထိုစာရွက်ထဲတွင် အလုပ်ရှင်နာမည်၊ အလုပ်လုပ်ရမည့် အိမ်လိပ်စာ၊ လခ၊ တစ်လအတွက် နားရက် အရေအတွက်၊ အေးဂျင့်ရှိလျှင် အေးဂျင့်နာမည်၊ အေးဂျင့်ကိုပေးရမည့် အကျိုးဆောင်ခ၊ အလုပ်ခန့်ထားခြင်းဆိုင်ရာ သတ်မှတ်ချက်များ စသည်တို့ ပါပါလိမ့်မည်။
ဤစာကို သေချာစွာ နားလည်သဘောပေါက်အောင် ဖတ်ပါ။ အင်္ဂလိပ်လိုမတတ်လျှင် တတ်သိနားလည်သူများကို ဘာသာပြန်ခိုင်းပါ။ စင်ကာပူသို့လာသည့်အခါ ထိုစာရွက်ကို ကိုယ်နှင့်မကွာ ဆောင်ထားပါ။ အလွန်အရေးကြီးပါသည်။

သင်သည် သင့်ဝပ်ပါမစ်ပေါ်တွင် ဖော်ပြထားသည့် အိမ်လိပ်စာ၌သာ လုပ်ကိုင်ရမည်။ အခြားမည်သည့်အိမ်၊ မည်သည့်မိသားစု အတွက်မှ အလုပ်လုပ်ခွင့်မပြုပါ။

သင့်အိမ်ရှင်က ကလေးများကို အခြားဆွေမျိုး၊ မိဘအိမ်များသို့ အလည်ခေါ်သွားသည့်အခါ ထိုဆွေမျိုးမိဘအိမ်မှ အလုပ် အနည်းငယ်ကို ထိုအချိန်တွင် ကူညီလုပ်ကိုင်ပေးနိုင်ပါသည်။ သို့သော် နေ့တိုင်းလာလုပ်ပေးခြင်းမျိုးကိုမူ ခွင့်မပြုပါ။

သင့်အိမ်ရှင်သည် စီးပွားရေးလုပ်ငန်းတစ်ခုကို ပိုင်သည်ဆိုကြပါစို့။ သင့်အိမ်ရှင်၏ စီးပွားရေးလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ခြင်း (ဥပမာ -ဆိုင်တွင် ပန်းကန်ဆေးခြင်း၊ ရောင်းချရန် ထမင်းဟင်း ချက်ပြုတ်၊ ပြင်ဆင်ခြင်း၊ ဆိုင်တွင် ဈေးကူရောင်းခြင်း စသည်) လုံးဝခွင့်မပြုပါ။ သင့်အိမ်ရှင်ကလည်း ခိုင်းခွင့်မရှိပါ။ သင်က ဝင်ရောက်လုပ်ကိုင်လျှင်သော် လည်းကောင်း၊ သင့်အိမ်ရှင်က ခိုင်းလျှင် သော်လည်းကောင်း လုပ်ခဲ့လျှင် ဥပဒေအရ အရေးယူလို့ရပါသည်။

သင့်ပိတ်ရက်/အားလပ်ရက်များတွင် အခြားတစ်နေရာ၌ အချိန်ပိုင်းအလုပ်(ဥပမာ - စားပွဲထိုး၊ စာရေး) လုပ်ခွင့်မပြုပါ။

အကယ်၍ သင့်အိမ်ရှင်က သင့်ကို သူ့လုပ်ငန်းတွင် လုပ်ခိုင်းရန် ပြောလာပါက ယဉ်ကျေးစွာ ငြင်းဆိုပါ။ အကယ်၍ အတင်းအဓမ္မ ပြောလာခဲ့သော် သင့်အေးဂျင့်ကို ဖုန်းဆက် အကြောင်းကြားပါ။ အေးဂျင့်က မကူညီနိုင်လျှင် MOM သို့ ဖုန်းဆက် အကြောင်းကြား ပါ။ MOM ဖုန်းနံပါတ်မှာ ၁၈၀၀ ၃၃၉ ၅၅၀၅ ဖြစ်ပါသည်။ MOM ကိုဖုန်းဆက်ရမှာ မကြောက်ပါနှင့်။ MOM က သင့်ကို ကူညီပါလိမ့်မည်။

လုပ်ခွင့်မရှိဘဲ တရားမဝင် အလုပ်လုပ်ခဲ့ပါက ဒဏ်ငွေ စင်းဒေါ်လာ ၅ဝဝဝ ထိ တပ်ရိုက်နိုင်သည့်ပြင် ထောင် ၁၂ လ ပါ အချခံရနိုင်ပါသည်။ လက်ရှိကိုင်ဆောင်ထားသော ဝပ်ပါမစ်ကို ဖျက်သိမ်းကာ မိခင်နိုင်ငံသို့ ပြန်ပို့မည်။ နောက်ထပ် စင်ကာပူသို့ လာခွင့်မရှိတော့ပါ။

ထို့ပြင် သင်သည် စင်ကာပူတွင် နေထိုင်စဉ် ရာဇဝတ်မှု မကျူးလွန်ပါနှင့်။ လုပ်ခဲ့လျှင် ဝပ်ပါမစ်ဖျက်သိမ်းခြင်း၊ မိခင်နိုင်ငံသို့ ပြန်ပို့ခြင်း၊ စင်ကာပူသို့ လာခွင့်တားမြစ်ခြင်း စသည့်အရေးယူခြင်း ခံရပါမည်။ (ဥပမာ - မူးယစ်ဆေးဝါး သယ်ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သုံးစွဲခြင်း၊ ခိုးခြင်း၊ လုယက်ခြင်း၊ ဓားပြတိုက်ခြင်း၊ ပြည့်တန်ဆာလုပ်ခြင်း၊ လူသတ်ခြင်း၊ ဆန္ဒပြပွဲများတွင် ပါဝင်ခြင်း)

သင်သည် စင်ကာပူနိုင်ငံတွင် အလုပ်လုပ်စဉ်အတွင်း စင်ကာပူနိုင်ငံသားနှင့်သော်လည်းကောင်း၊ PR နှင့်သော်လည်းကောင်း၊ လက်ထပ်ခွင့်မရှိပါ။ လက်ထပ်လိုပါက MOM မှ မဟာမင်းကြီး (Commissioner) ၏ ခွင့်ပြုမိန့် ယူရပါမည်။ သင်သည် စင်ကာပူမှ အပြီးပြန်သွားသည့်တိုင် အထက်ပါသူများနှင့် လက်ထပ်လိုပါက မဟာမင်းကြီး၏ ခွင့်ပြုချက်လိုပါသည်။

သင်သည် စင်ကာပူတွင် အလုပ်လုပ်နေစဉ် ကိုယ်ဝန်ဆောင်ခွင့် မပြုပါ။

သင်သည် ၆ လတစ်ကြိမ် ဆေးစစ်ရပါမည်။ ဆေးစစ်ခကို အလုပ်ရှင်က ကျခံရပါမည်။ ဆေးမစစ်ပါက၊ သို့မဟုတ် ဆေးကျပါက ပြန်လွှတ်ခံရပါမည်။

ထို့ပြင် -

စင်ကာပူသို့လာလို၍ အသက်မပြည့်သေးဘဲ လိမ်ပြခြင်း မလုပ်ပါနှင့်။ စင်ကာပူတွင် FDW အဖြစ် လုပ်ကိုင်ရန် အသက် ၂၃ နှစ် ပြည့်ပြီး ဖြစ်ရမည်။ အသက်လိမ်ခြင်း၊ ကျောင်းထွက်လက်မှတ် လိမ်ပြခြင်းများလုပ်ပါက စင်ကာပူဒေါ်လာ တစ်သောင်းခွဲ (နှင့်/သို့မဟုတ်) ထောင် ၁၂ လ ထိ ပြစ်ဒဏ်ပေးခြင်း ခံရနိုင်ပါသည်။

အကယ်၍ SIP သင်တန်းတွင် အသက်မပြည့်မှန်း သင်သိပါက အသက်မပြည့်သေးကြောင်း သင်တန်းဆရာကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပါ။ သင်တန်းဆရာက MOM သို့ သတင်းပို့ပါလိမ့်မည်။ ဤသို့ ရိုးရိုးသားသားပြောလျှင် သင့်ကို အရေးမယူပါ။ မိခင်နိုင်ငံသို့ ပြန်ပို့ပြီး အသက် ၂၃ နှစ်ပြည့်မှ စင်ကာပူကို ပြန်လာလုပ်နိုင်ပါသည်။ အကယ်၍ လိမ်ညာခဲ့လျှင်မူ စင်ကာပူသို့ ပြန်လာခွင့် ရတော့မည် မဟုတ်ပါ။

သင်၏ အလုပ်ရှင်ကသော်လည်းကောင်း၊ အေးဂျင့်ကသော်လည်းကောင်း ခိုးသည်ဟု စွပ်စွဲချက်ဖြင့် သင့်ခန္ဓာကိုယ်ပေါ် ရှာဖွေခြင်း၊ အဝတ်အစားများကို ချွတ်ခိုင်းခြင်း လုပ်စေခိုင်းရန် ခွင့်မရှိပါ။ ဤကဲ့သို့ လုပ်ခြင်းသည် မိန်းကလေးတစ်ဦးကို ကာယိနြေ္ဒ ပျက်ပျားအောင်၊ အရှက်ရအောင် လုပ်ခြင်းဖြစ်သည်ဟု စွပ်စွဲနိုင်ပါသည်။ အကယ်၍ သင်သဘောမတူဘဲ ဤကဲ့သို့ အတင်း အဓမ္မ လုပ်လာခဲ့ပါက ရဲကိုတိုင်ပါ။ ရဲဖုန်းနံပါတ်မှာ ၉၉၉ ဖြစ်ပါသည်။

သင်သည် အခြားသူများ၏ စာရွက်စာတမ်းများကို ယူပြီး အေးဂျင့်သို့ ရောင်းစားခွင့်မရှိပါ။ (ဥပမာ - အလုပ်ရှာပေးမည်ဆိုပြီး မြန်မာပြည်မှ သူတစ်ဦးဦး၏ စာရွက်စာတမ်းများကို ယူကာ စင်ကာပူမှ အေးဂျင့်သို့ ရောင်းစားခြင်း)

သင်နှင့်အလုပ်ရှင်တို့ ချုပ်ဆိုရမည့်စာချုပ်ထဲတွင် လခ၊ လခပေးမည့်နေ့၊ နားရက်၊ အေဂျင့်ချေးငွေကိုပြန်ဆပ်ခြင်း၊ အခြားခံစားခွင့် စသည်တို့ ပါပါလိမ့်မည်။ ဤအချက်များကို သေသေချာချာ ဖတ်ရှု၊ နားလည် သဘောတူပြီဆိုမှ လက်မှတ်ထိုးပါ။ အလုပ်ရှင်၊ အလုပ်သမားနှစ်ဦး သဘောတူညီမှုလက်မှတ်ကို အေးဂျင့်ရှေ့မှောက်တွင် ထိုးပါ။

FDW တစ်ဦးအပေါ် အများဆုံးတောင်းနိုင်သည့် အေးဂျင့်ခမှာ မိမိလခ၏ နှစ်ဆမျှသာ ဖြစ်ပါသည်။ ဤသည်မှာ စင်ကာပူမှ အေးဂျင့်အတွက်သာ ဖြစ်ပြီး မြန်မာပြည်မှ အေးဂျင့်နှင့် မဆိုင်ပါ။ ဥပမာ - သင်သည် လစာ ၄ဝဝ နှင့် ၂ နှစ်သက်တမ်း ပါမစ်ရသည် ဆိုပါစို့။ စင်ကာပူအေးဂျင့်အား လစာ၏ နှစ်ဆ - ၄၀၀ x ၂ = စင်းဒေါ်လာ ၈၀၀ သာပေးရန်လိုပါသည်။

အကယ်၍ သင့်ကို အလုပ်ခန့်ပြီး ၆ လ အတွင်း အလုပ်ဖြုတ်လိုက်ပါက အေးဂျင့်က သင့်ကို အေးဂျင့်ခ၏ ထက်ဝက်ကို ၇ ရက် အတွင်း ပြန်အမ်းရပါမည်။ ဥပမာ - အေးဂျင့်ခ ၈၀၀ ပေးထားရသည်ဆိုပါက ၄ဝဝ ပြန်အမ်းရပါမည်။

=============

သင်သည် လစာကို လခထုတ်ရက်မှ ၇ ရက်အတွင်း ရရပါမည်။ အလုပ်ရှင်သည် လခပေးရမည့်ရက်ထက် ၇ ရက်ကျော်နေသည့် တိုင် လခ မပေးပါက အလုပ်ရှင်ကို လခပေးရန် ယဉ်ကျေးစွာ တောင်းဆိုနိုင်ပါသည်။ အကယ်၍ မိမိတောင်းဆိုသည့်တိုင် လခ မပေးဘဲနေပါက မိမိအေးဂျင့်သို့ အကြောင်းကြားပါ။ အေးဂျင့်က ဘာမှ မတတ်နိုင်လျှင် MOM သို့ ဖုန်းဆက် အကြောင်းကြားပါ။ MOM ဖုန်းနံပါတ်မှာ ၁၈ဝဝ ၃၃၉ ၅၅၀၅ ဖြစ်ပါသည်။

အကယ်၍ ငွေရေးကြေးရေးအခက်အခဲကြောင့် အလုပ်ရှင်က လခမပေးနိုင်သေးလျှင် အလုပ်ရှင်နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။ အေးဂျင့်ကို အကြောင်းကြားပါ။

အလုပ်ရှင်က လခမပေးသည်ကို မပြောရဲသဖြင့် ငြိမ်ခံနေတာမျိုး မလုပ်ပါနှင့်။ MOM သို့ ချက်ချင်း အကြောင်းကြားပါ။ သူတို့ ကူညီပါလိမ့်မည်။

မိမိလခကို မိမိသာ ကိုင်ထားပါ။ အလုပ်ရှင်အား မည်သည့်အကြောင်းကြောင့်နှင့်မှ သိမ်းမထားခိုင်းပါနှင့်။

ပိုက်ဆံများကို ဘဏ်စာရင်းလုပ်ပြီး ဘဏ်စာရင်းထဲတွင် သိမ်းထားနိုင်ပါသည်။ မိမိလခကိုလည်း မိမိဘဏ်စာရင်းထဲသို့ တိုက်ရိုက် ထည့်ပေးရန် အလုပ်ရှင်ကို ပြောနိုင်ပါသည်။ လခကို ဘဏ်စာရင်းထဲ ထည့်ပေးပြီးသည့်အခါတိုင်း ငွေဝင်၊ မဝင်၊ ပမာဏမည်မျှ စသည်တို့ကို ချက်ချင်း စစ်ပါ။ ကွာဟနေလျှင် အလုပ်ရှင်ကို ချက်ချင်း အကြောင်းကြားပါ။

ပြင်ပတွင် ငွေသားအများကြီး ထားခြင်းမှာ အန္တရာယ်များသဖြင့် ငွေသားများများ လက်ထဲတွင် ကိုင်မထားပါနှင့်။

လခထုတ်ပေးသည့်မှတ်တမ်း (လခပေးသည့် ရက်စွဲ၊ လစာပမာဏ) ကို မိမိမှတ်စုစာအုပ်တွင် သေချာစွာ ရေးမှတ်ထားပါ။

သင် စင်ကာပူနိုင်ငံမှ ပြန်လည်ထွက်ခွာရတော့မည်ဆိုလျှင် သင် ရစရာရှိသည်အားလုံး ရပြီးကြောင်း သေချာပါစေ။ အကယ်၍ လခ ကြွေးကျန်များရှိနေပါက မပြန်ပါနှင့်ဦး။ MOM ကိုအကြောင်းကြားပါ။

သင့် ဝပ်ပါမစ်ကို cancel လုပ်ပြီး အပြီးပြန်ပို့သည့်အခါ အိမ်အပြန် လေယာဉ်လက်မှတ်ကို အလုပ်ရှင်ကသာ ဝယ်ပေးရပါမည်။ သင့်လခထဲက ဖြတ်ခွင့်မရှိပါ။ အကယ်၍ သင့်လစာထဲမှ လေယာဉ်လက်မှတ်ဖိုး ဖြတ်ခဲ့သည်ရှိသော် အေးဂျင့်ကို အကြောင်းကြားပါ။ အေးဂျင့် အရေးတယူလုပ်မပေးလျှင် MOM ကို ဖုံးဆက်ပါ။ MOM ဖုန်းနံပါတ်မှာ ၁၈ဝဝ ၃၃၉ ၅၅၀၅ ဖြစ်ပါသည်။

=================

အိပ်ရာနေရာ၊ အစားအသောက်

အလုပ်ရှင်သည် သင့်ကို သင့်တင့်လျောက်ပတ်သော အိပ်ရာနေရာ စီစဉ်ပေးရမည်။ အိပ်ရာသည် မွေ့ရာ၊ ခေါင်းအုံး၊ စောင် တို့ ပါရမည်။ မိုးလုံလေလုံရမည်။ အိပ်စက်နားနေရန် သင့်လျော်သော အကျယ်အဝန်း ရှိရမည်။ လေဝင်လေထွက် ကောင်းရမည်။ ပစ္စည်းများ ကြပ်သိပ်နေသည့်နေရာ၊ ဟာလာဟင်းလင်းနေရာတို့တွင် မအိပ်ခိုင်းစေရ။

ဆယ်ကျော်သက် (သို့) အရွယ်ရောက်ပြီး အမျိုးသားတစ်ယောက်ယောက်နှင့် တစ်ခန်းထဲ အိပ်ခိုင်းခြင်းမျိုး မလုပ်စေရ။ သင့်အိပ်ခန်းတွင် CCTV တပ်ထားခြင်းမျိုး မလုပ်စေရ။

အလုပ်ရှင်သည် သင့်ကို ဝလင်အောင် ကျွေးရမည်။ သူတို့စားသောက်ပုံနှင့် သင်စားသောက်ပုံ တူချင်မှ တူပါလိမ့်မည်။ အကယ်၍ သင့်ကိုကျွေးသည့်တိုင် မဝသေးပါက နောက်ထပ် စားစရာတစ်ခုခု (ခေါက်ဆွဲ၊ ပေါင်မုန့်စသည်) ပေးရန် ယဉ်ကျေးစွာ တောင်းခံပါ။ (ဥပမာ - ဦးရေ၊ ဒေါ်ဒေါ်ရေ။ ကျွန်မ ထမင်းမဝသေးလို့ ခေါက်ဆွဲတစ်ထုပ် ပြုတ်သောက်မယ်နော် စသည်)

သင့်တင့်သော အစားအသောက်

မနက်စာ - ပေါင်မုန့်နှင့် ကော်ဖီ
နေ့လယ်စာ - ကြက်သားခေါက်ဆွဲ တစ်ပန်းကန်
ညစာ - ထမင်းနှင့် ကြက်သား၊ ငါး၊ ဟင်းသီးဟင်းရွက်

မကုန်သော အစားအသောက်များကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပြီး နောက်တစ်ခါစားလိုသည့်အခါ နွှေးစားနိုင်ပါသည်။

အစားအသောက်ချက်ပြုတ်သည့်အခါ ဘာဟင်းချက်ရမည်ကို အလုပ်ရှင်နှင့် တိုင်ပင်ပါ။ မိမိစားချင်သည်ကို ချက်လိုပါက အလုပ်ရှင်ထံ ခွင့်တောင်းပါ။

အကယ်၍ အလုပ်ရှင်သည် သင့်ကို ဝလင်အောင်မကျွေးပါက အစာဝအောင်ကျွေးရန် ၎င်းနှင့်လည်း ညှိနှိုင်းမရပါက အေးဂျင့်ကို အကြောင်းကြားပါ။ အေးဂျင့်က ဆောင်ရွက်မပေးနိုင်လျှင် MOM (1800 339 5505), CDE (1800 2255 233) သို့ ဖုန်းဆက် အကြောင်းကြားပါ။ CDE (Centre for Domestic Employees) ဆိုသည်မှာ အိမ်အကူလုပ်သားများအား ကူညီပေးနေသည့် အဖွဲ့ဖြစ်ပြီး ပင်နင်ဆူလာ ပလာဇာ၊ #02-42 တွင် ရှိပါသည်။

အလုပ်ရှင်သည် သင့်အိပ်ချိန်ကိုလည်း လုံလုံလောက်လောက် ပေးရမည်။ တစ်ခါတစ်ရံတွင် ဖျားနာနေသော ကလေးငယ်နှင့် လူကြီးသူမများကို ညအချိန်မတော် ထကာ ပြုစုရသည်များ ရှိနိုင်ပါသည်။ အကယ်၍ သင်သည် အိပ်ရေးမဝပါက အိပ်ယာဝင်ချိန်၊ အိပ်ယာထချိန်များကို အလုပ်ရှင်နှင့် ဆွေးနွေးပါ။

=================

အရေးပေါ်ဆက်သွယ်ရန် နံပါတ်များ

သင် နေထိုင်မကောင်းဖြစ်ပါက အလုပ်ရှင်ကို အကြောင်းကြားပါ။ အလုပ်ရှင်သည် သင့်ကို ဆေးကုသပေးရန် တာဝန်ရှိသည်။ ဆေးကုသစရိတ်အားလုံးကို အလုပ်ရှင်က ပေးရမည်။

အလုပ်ရှင်သည် ရိုက်နှက်ခြင်း၊ ကန်ကျောက်ခြင်း၊ တစ်ခုခုဖြင့်ပစ်ပေါက်ခြင်း၊ ဖက်ရမ်းခြင်း၊ နမ်းရှုပ်ခြင်း၊ ဟိုကိုင်သည်ကိုင် ကိုင်ခြင်း၊ စသဖြင့် သင့်ကို ကိုယ်ထိလက်ရောက် မစော်ကားရပါ။ စော်ကားခဲ့သော် အောက်ပါဖုန်းနံပါတ်များသို့ အကူအညီတောင်းပါ။ ဖုန်းဆက်ခွင့်မရခဲ့လျှင် အနီးပတ်ဝန်းကျင်ကြားအောင် အော်ဟစ် အကူအညီတောင်းပါ။

MOM - 1800 339 5505
FAST FDW - 1800 339 4357
CDE - 1800 2255 233
SOS - 1800 221 4444
ရဲ - 999
မီးသတ် - 995

=================

အပတ်စဉ် နားရက်

၂၀၁၃ ဇန္နဝါရီလ ၁ ရက်နေ့မှစကာ FDW အားလုံး တစ်ပတ်လျှင် တစ်ရက် နားခွင့် ရရမည်။
အကယ်၍ ထိုနားရက်တွင် အလုပ်လုပ်ပေးရမည်ဆိုပါက ထိုကဲ့သို့ အလုပ်လုပ်ခြင်းအတွက် တစ်ရက်စာ လုပ်အားခ ပိုက်ဆံ ပေးရမည်။ သို့မဟုတ် နားရက် အစားထိုးပေးနိုင်သည်။
အကယ်၍ အလုပ်ရှင်သည် သင့်နားရက်တွင် သူ့အတွက် အရေးတကြီး အကူအညီ လိုအပ်လာပါက သင့်အနေနှင့် နားလည် ပေးရမည်။

နားရက်များကို အကျိုးရှိစွာ အသုံးချပါ။
သင်သည် နားရက်များတွင် သင့်တိုးတက်ရာ တိုးတက်ကြောင်းအတွက် သင်တန်းများ တက်နိုင်ပါသည်။
FDW များအတွက် အခမဲ့ဖွင့်လှစ်ထားသော သင်တန်းများ စင်ကာပူတွင် ရှိပါသည်။
သို့သော် နားရက်များတွင် သင်သည် အပိုဝင်ငွေရရန် အခြား အချိန်ပိုင်းအလုပ်များ လုပ်ခွင့်မရှိပါ။ လုပ်လျှင် အဖမ်းခံရနိုင်ပါသည်။

သင့်ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်) နှင့် ဝပ်ပါမစ်ကဒ် မူရင်းကို သင်သာ သိမ်းထားရပါမည်။ သင့်အလုပ်ရှင်သည် သင့်ပတ်စ်ပို့နှင့် ဝပ်ပါမစ်မူရင်းကို သိမ်းခွင့်မရှိပါ။ အကယ်၍ ပျောက်မည်စိုးသဖြင့် အလုပ်ရှင်ထံ အပ်ထားသည်ဆိုလျှင် သင်လိုသည့်အခါ အလုပ်ရှင်က ချက်ချင်းပြန်ပေးရပါမည်။

စင်ကာပူနိုင်ငံအတွင်း သွားလာသည်ဖြစ်စေ၊ စင်ကာပူနိုင်ငံသို့ အဝင်အထွက်ပြုသည်ဖြစ်စေ ဝပ်ပါမစ်ကဒ်ကို အမြဲယူဆောင် သွားရပါမည်။ သက်ဆိုင်ရာ အရာရှိများက မေးလာခဲ့သော် ထုတ်ပြနိုင်ရပါမည်။

အိမ်ရှင်အသစ်ပြောင်းလိုသည့်အခါ လက်ရှိအိမ်ရှင်နှင့် သဘောတူညီချက်ယူရပါမည်။ လက်ရှိအိမ်ရှင် ခွင့်မပြုပါက နောက်တစ်အိမ် ပြောင်းခွင့်မရှိဘဲ မိမိနိုင်ငံသို့ ပြန်ပို့ခြင်း ခံရပါမည်။ အိမ်ပြောင်းလိုလျှင် အေးဂျင့်နှင့်တိုင်ပင်ပါ။

အိမ်ရှင်ခွင့်မပြုဘဲ ပိတ်ရက်များတွင် မလေးရှား၊ အင်ဒိုနီးရှားစသည့်နိုင်ငံများသို့ သွားရောက်လည်ပတ်ခြင်း မပြုရပါ။ ဤသို့လုပ်ခြင်းမှာ ဥပဒေချိုးဖောက်ရာ ရောက်သဖြင့် စင်ကာပူတွင် အလုပ်ဆက်လုပ်ခွင့် ရတော့မည် မဟုတ်ပါ။

သင်သည် စာချုပ်သက်တမ်းမပြည့်မီ ဤအိမ်တွင် ဆက်မလုပ်လိုတော့ပါက စာချုပ်ပါ ကြိုတင် အသိပေးရမည့်ကာလအတိုင်း အသိပေးရန် လိုပါသည်။ အိမ်ရှင်သည် သင့်နေရာကို အစားထိုးရန် FDW အသစ်တစ်ယောက် ထပ်ရှာရန် အချိန်လိုပါသည်။ ကြိုတင်အသိပေးရမည့်ကာလအတိုင်း အသိမပေးပါက သတ်မှတ်ထားသည့် ဒဏ်ကြေးအတိုင်း ပေးလျော်ရပါလိမ့်မည်။

အခန်း (၂) ပြီး၏။