Friday, July 17, 2009

Build Your Future II

၁၊ ၂။ စင်ကာပူ နိုင်ငံသို့ လာရန် လိုအပ်သည့် ပြင်ဆင်မှုများ

စင်ကာပူသို့ အလုပ်ရှာရန် လာလိုသူများ၊ သို့မဟုတ် စင်ကာပူသို့ အလုပ်သွားလုပ်ရန် ကြိုးစားနေသူများ အများဆုံး မေးလေ့မေးထ ရှိသော မေးခွန်း တစ်ခုမှာ “ဘာတွေ ကြိုပြင်ထားရမလဲ” ဟူ၍ ဖြစ်ပါ၏။ ထိုမေးခွန်းမှာ သဘာဝလည်း ကျပါ သည်။ တပြည်ရပ်ခြား တိုင်းတစ်ပါး မိမိ မသိသော ဒေသ တွင် မိမိ တစ်ခါမှ မဆက်ဆံဖူးသေးသော လူမျိုးများနှင့် မိမိ တစ်ခါ မှ မလုပ်ဖူးသေးသော အလုပ်ကိုလုပ်ရန် သိပ်တော့ လွယ်ကူလှသည် မဟုတ်ပါ။
သို့အတွက် စင်ကာပူသို့ အကြောင်း အမျိုးမျိုးနှင့် သွားလိုသူများ ကြိုတင် ပြင်ဆင်ထားနိုင်ရန် လက်လှမ်းမီသမျှ တင်ပြ ပေးလိုက်ပါသည်။

၁၊ ၂၊ ၁။ အလုပ်လုပ်ရန် သွားမည့်သူများ

အရေးကြီးသည်မှာ တစ်ဦးနှင့် တစ်ဦး ဆက်ဆံရေး ဖြစ်ပါသည်။ ဤကဲ့သို့ တစ်ဦးနှင့် တစ်ဦးဆက်ဆံရာတွင် ပြောဆို သော ဘာသာစကားနှင့် ရေးသားသောစာ တို့သည် အဓိကကျပါသည်။ မိမိကို ဘာပြောသလဲ နားလည်ရန် လိုသကဲ့သို့ မိမိ ပြောလိုသည်ကို သူတစ်ပါးနားလည်အောင် ပြောနိုင်ရန်လည်း လိုအပ်ပါသည်။ ဘာသာစကား မကျွမ်းကျင်လျှင် အလုပ်လုပ် ရာ၌ အခက်အခဲ ရှိပါသည်။
စင်ကာပူနိုင်ငံတွင် အရှေ့တိုင်းမှရော၊ အနောက်တိုင်းမှပါ လူမျိုးပေါင်းစုံ လာရောက် နေထိုင် အလုပ်လုပ်ကိုင် နေကြ သည် ဖြစ်ရာ ဘုံသုံးစွဲသော ဘာသာစကား နှင့် စာပေမှာ အဓိကအားဖြင့် အင်္ဂလိပ်စကား နှင့် စာ ဖြစ်ပါသည်။ တရုပ်၊ မလေး၊ တမီလ် ဘာသာစကားများ သုံးသော်လည်း နည်းပါသည်။ အဓိက မကျပါ။ သို့သော် အင်္ဂလိပ်လိုရော တရုပ်လိုပါ တတ်ကျွမ်း လျှင်မူ အလုပ်ရှာရာ၌ ပိုပြီး အဆင်ပြေပါသည်။ အချို့ကုမ္ပဏီများမှာ Bilingual (နှစ်ဘာသာပြော) ဟု ကြေငြာပြီး ခေါ်လေ့ ရှိပါ သည်။
သို့ဖြစ်၍ စင်ကာပူသို့ အလုပ်သွားလုပ်တော့မည် ဟု ရည်မှန်းထားလျှင် ရာထူးကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ပထမဦးဆုံး သင်ကြား လေ့ကျင့်ရမည်မှာ အင်္ဂလိပ်စကား နှင့် စာ ဖြစ်ပါသည်။ နိုင်ငံခြားသွားမည့်သူ အများစုမှာ အင်္ဂလိပ် စကားပြော သင်တန်းများသို့ သွားရောက် သင်ယူနေကြသည်ကိုလည်း တွေ့မြင်ရပါသည်။ သို့သော် သင်တန်းဟူသည် မည်ကဲ့ သို့ ပြောရမည်ကို နည်းပေးလမ်းပြလိုက်ရုံသာ ဖြစ်ပြီး တကယ်တတ်ကျွမ်းရန်မှာမူ မိမိ၏ လေ့ကျင့်မှု၊ ကြိုးစားအားထုတ်မှု အပေါ် လုံးဝမူတည်နေပါသည်။ နာမည်ခံ သင်တန်းတက်နေရုံမျှ မဟုတ်ဘဲ တကယ်တတ်ကျွမ်းရန် အပတ်တကုတ် ကြိုးစား အားထုတ်ကြရန် လိုပါသည်။
ဤသို့ ကြိုးစားရာတွင် အရေး၊ အဖတ်၊ အပြော၊ နားထောင်ခြင်း လေးမျိုးစလုံး ကျွမ်းကျင်လျှင်မူ ဆိုဘွယ်ရာ မရှိပါ။ သို့သော် အရေးနှင့် အဖတ်မှာ ပညာအခြေခံ ရှိမှသာ ဖြစ်နိုင်ပြီး အနည်းဆုံး အပြောနှင့် နားထောင်နိုင်မှု စွမ်းရည်ကိုတော့ မဖြစ် မနေ သင်ယူ လေ့ကျင့်ကြရမည် ဖြစ်ပါသည်။ လေ့ကျင့်သည့်နေရာတွင် လျှာအလေ့အကျင့် ရစေရန် မိမိတို့အချင်းချင်း အင်္ဂလိပ်လို လေ့ကျင့်ပြောရမည် ဖြစ်ပါသည်။ အများကဲ့ရဲ့မှာ ကြောက်သဖြင့် မပြောဘဲနေလျှင် ပြောတတ်မည် မဟုတ်ပါ။ ထို့အတူ အင်္ဂလိပ်လိုပြောသည်ကို နားလည်နိုင်ရန် ရေဒီယိုမှ လွှင့်သော အင်္ဂလိပ်ဘာသာ အသံလွှင့်ချက်များကို နားထောင် ပေးရမည် ဖြစ်ပါသည်။ သူတို့လေယူ လေသိမ်းကို နားစိမ်းမနေစေရန် ကြိုးစား နားထောင်ပေးရပါမည်။
အစပိုင်း နားလည်လိမ့်မည် မဟုတ်ပါ။ သို့သော် နေ့စဉ် ရက်ဆက် နားထောင်ဖန်များလာလျှင် နားရည်ဝလာ ပါလိမ့် မည်။ စကားပြောရာ၌လည်း အစပိုင်းတွင် ပြောကျင့်မရှိသဖြင့် လျှာရဲလိမ့်မည် မဟုတ်ပါ။ အလေ့အကျင့် ရသွားလျှင်မူ အခက် အခဲမရှိ ပြောနိုင်ပါလိမ့်မည်။

နောက်တစ်ခုမှာ ပညာအရည်အချင်းနှင့် လုပ်ငန်းကျွမ်းကျင်မှု ဖြစ်ပါသည်။
ယခုခေတ် လူငယ်အများစုမှာ မိမိ ဘာစိတ်ဝင်စားသည်ကို မသိ။ မည်သည့်ဘာသာရပ်ကို စောက်ချ လေ့လာရမည် မှန်းလည်း နားမလည်။ သိရအောင်ကလည်း နည်းပေးလမ်းပြမည့် သူများ မရှိရကား ဟိုသင်တန်း ကောင်းနိုးနိုး၊ သည် သင်တန်း ကောင်းနိုးနိုး နှင့် မိမိပတ်ဝန်းကျင်က ပြောလာသမျှ သင်တန်းများကို လျှောက်တက်ကာ လက်မှတ်များ တပွေ့ တပိုက်ကြီး ကိုင်ထားလျှက် ဘာလုပ်ရမှန်းမသိ ဖြစ်နေတတ်ပါသည်။
အများစု တက်သော သင်တန်းမှာ ကွန်ပြူတာ နှင့် စာရင်းကိုင် သင်တန်း ဖြစ်ပါလိမ့်မည်။ အထက်တွင် ဖော်ပြခဲ့သလို သင်တန်းဟူသည် မည်သို့လုပ်ရကိုင်ရမည် ကို နည်းပေးလမ်းပြခြင်း မျှသာ ဖြစ်၍ မည်သည့်သင်တန်းမှ သင်တန်းလည်းဆင်း၊ တခါထည်းတတ် ဟု မသင်ပေးနိုင်ပါ။ တကယ်တတ်မှု မတတ်မှု သည် မိမိ၏ စိတ်ဝင်စားမှုနှင့် လေ့ကျင့်မှုပေါ်သာ မူတည် ပါသည်။ သို့အတွက် သင်တန်း တက်မည်ဆိုလျှင် သည်သင်တန်းကို မိမိ တကယ် စိတ်ပါဝင်စားရဲ့လား ဟု မိမိဘာသာ မိမိ အလျင် မေးရန် လိုပါသည်။ တက်ပြီ ဆိုလျှင်လည်း သင်တန်းတက်ကာမတ္တ မျှသာ မဟုတ်ဘဲ ရေဆုံးရေဖျား တက်ပြီး တကယ်တတ်ကျွမ်း နားလည်စေရန် အပတ်တကုတ် ကြိုးစားအားထုတ်ရန် လိုပါသည်။
မိမိ စိတ်ဝင်စားသော ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများကို ရှာဖွေ ဖတ်ရှုခြင်း၊ လက်တွေ့ လေ့လာခြင်း၊ တတ်ကျွမ်း နားလည်သူများထံ ချဉ်းကပ်မေးမြန်းခြင်း စသဖြင့် အားထုတ်ပါက တကယ် ကျွမ်းကျင်သူ ဖြစ်လာပါလိမ့်မည်။ လုပ်ငန်းတကယ် ကျွမ်းကျင်ပါမှလည်း တက်လမ်း ရှိနိုင်ပါသည်။ သို့မဟုတ်ပါက ကိုယ့် ဒုက္ခ ကိုယ်ဝယ်သလိုသာ ဖြစ်ပါလိမ့်မည်။

နောက်တစ်ခုမှာ ပိုက်ဆံလိုချင် အလျင်မလိုရန် ဖြစ်ပါသည်။ ငွေရှာရာတွင် ကာယအားဖြင့် ရှာခြင်း နှင့် ဉာဏအားဖြင့် ရှာခြင်း ဟု နှစ်မျိုးရှိသည့်အနက် ဉာဏအားဖြင့် ရှာခြင်းက လူလည်းသက်သာ၍ လခလည်း ပိုကောင်းပါသည်။ မိမိဘ၀ တက်လမ်းလည်း မိမိကြိုးစားလျှင် ကြိုးစားသလို အများကြီး ရှိနိုင်ပါသည်။ သို့ဖြစ်၍ လူငယ်လူရွယ်များ အနေနှင့် ပညာကို ဆုံးခန်းတိုင်အောင် လေ့လာ သင်ယူရန် တိုက်တွန်းလိုပါသည်။
ယခု စင်ကာပူတွင် အလုပ်လာလုပ်နေသူ မြန်မာအရေအတွက် သောင်းဂဏန်း တော်တော်များများ ရှိနေသည့် အထဲ တွင် မူလတန်းအောင်ရုံမျှနှင့်လာသူ၊ အလယ်တန်းအဆင့်မျှ ရှိသူ၊ အချို့လည်း ဆယ်တန်းနှစ်ခါကျ၊ သုံးခါကျသူများ အတော် များများ ပါဝင်ပါသည်။ စက်မှုသိပ္ပံပြီးသူ၊ စက်မှု တက္ကသိုလ်ကျောင်းဆင်း များလည်း အများအပြား ရှိပါ၏။ မိမိရရှိထားသော ပညာအရည်အချင်းအလိုက် လုပ်ရသော အလုပ်၊ ရရှိသော လခမှာ အလွန်ကွာ သွားပါသည်။ ထူးချွန် ထက်မြက်သူများမှာ လခ စင်ကာပူဒေါ်လာ ထောင်ကျော်ရရန် သိပ်မခဲယဉ်းသော်လည်း ပညာမတတ်သူများအနေနှင့် တစ်လလျှင် ငါးရာမျှ ရရန် ပင် သိပ်မသေချာလှပါ။
စင်ကာပူသည် ပညာရေးကို အထူးအလေးထားသော၊ လူအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဂရုစိုက် လုပ်ကိုင်ပေး နေသော တိုင်းပြည်ဖြစ်ရကား ပညာမတတ်သူများအတွက် အထက်တန်းရောက်ရန် မဖြစ်နိုင်ပါ။ ပညာမတတ်ဘဲ အလုပ် လာလုပ်လို့ မရဘူးလား ဆိုသော် ရပါသည်။ သို့သော် သူများ ခိုင်းတာ စေတာသာ လုပ်ရပါလိမ့်မည်။ မိမိသာ ဆက်လက် မလေ့လာပါက တစ်သက်လုံး သည်အတိုင်းသွားမည်မှာ သေချာလှပါသည်။

နောက်တစ်ခုမှာ ငွေကြေး အရင်းအနှီး ဖြစ်ပါသည်။
အများစုမှာ နိုင်ငံခြား ဆိုသည်နှင့် အထင်ကြီးပြီး ပိုက်ဆံတွေ ဘယ်လောက်ရမည်၊ မည်ကဲ့သို့သော အဆင့်မြင့်မြင့် အလုပ်ကြီး တွေ လုပ်ရမည် စသည့် ထင်လုံးကြီးတွေ တပွေ့တပိုက်ကြီးနှင့် ဖြစ်ပါသည်။ သို့အတွက် မသေချာလှသော အနာဂါတ်ကို သေသေချာချာ မလေ့လာ။ မစဉ်းစားကြ။ အလွန် ကြီးမားလှသော အရင်းအနှီးကို နှမြောတွန့်တိုခြင်း အလျဉ်းမရှိဘဲ မျှော်လင့် ချက်များ ရင်ဝယ်ပိုက်ကာ စွန့်စွန့်စားစား ထွက်လာကြသူ များပါသည်။ နိုင်ငံခြားသို့ ထွက်လာသူ အများစုမှာ ကုန်ကျမည့် ငွေကြေးကို မိဘများက ထုတ်ပေးရန် မတတ်နိုင်သဖြင့် ကြီးမားလှသော အတိုးနှင့် ချေးလာကြရသူများ ဖြစ်ပါသည်။
သို့သော် တကယ် လက်တွေ့ မျက်တွေ့ နိုင်ငံခြားသို့ရောက်လာပြီး တကယ် လုပ်ကြကိုင်ကြ၊ လခထုတ်ကြသော အခါ ကျမှ မှန်းချက်နှင့် နှမ်းထွက် မကိုက်သူများကို အများအပြား တွေ့ရပါသည်။ အချို့မှာ နှစ်စေ့၍ ပြန်သွားသည့်တိုင် အရင်းမကျေ ပါ။ အရင်းကို ပြန်ဆပ်နိုင်ရန် အသာထား၍ အတိုးကိုပင် မနည်း ဆပ်နေရသူများလည်း ဒုနှင့်ဒေး ဖြစ်ပါသည်။ ထိုသူများသည် ကား အခြားသူများကို အလုပ်အကျွေးပြုရန် တပြည်ရပ်ခြားသို့ ထွက်လာသည်နှင့် တူနေပါသည်။
သို့အတွက် နိုင်ငံခြားဆိုသည်ကို အများပြောသံကြားနှင့် အထင်ကြီးကာ ရှေ့ရေး နောက်ရေး မစဉ်းစား။ ဘာမှ ကြိုတင် ပြင်ဆင်ခြင်းမရှိဘဲ အလောတကြီးလာခြင်းသည် မိမိ မိသားစုကို လုပ်ကျွေးပြုစုရာ မရောက်။ မိမိကိုယ်တိုင်ရော၊ မိမိ မိသားစုကိုပါ ဒုက္ခပေးရာသာ ရောက်ကြောင်း သတိထားကြရန် လိုပါသည်။
မိဘများအနေနှင့် အထူးသဖြင့် တောပိုင်းမှ မိဘများမှာ နိုင်ငံခြား ဗဟုသုတ နည်းလှသည် ဖြစ်၍ မိမိ မိဘများအပေါ် သစ္စာရှိရန်လည်း လိုပါသည်။ မိမိက တောင်းဆိုလာလျှင် မိဘများမှာ တောင်းသလောက် ငွေကြေးကို တတ်နိုင်သည် ဖြစ်စေ၊ မတတ်နိုင်သည် ဖြစ်စေ၊ ဖြစ်သည့်နည်းနှင့် ထောက်ပံ့ပေးရမည်သာ ဖြစ်ပါသည်။ သို့ဖြစ်၍ မိမိအနေနှင့် တကယ်ဖြစ်ချင်သော ဆန္ဒကို အခြေခံကာ တကယ်ဖြစ်အောင်လုပ်ပြီး မိဘများကို ကျေးဇူး ဆပ်ရပါမည်။

၁၊ ၂၊ ၂။ ပညာသင်ကြားရန် သွားမည့်သူများ

ပညာသင်ကြားရန် သွားမည့်သူများမှာလည်း အလုပ်လုပ်ရန် သွားမည့်သူများနှင့် ရည်ရွယ်ချက်ခြင်း သိပ်မကွာလှပါ။ ပညာသွားသင်သည် ဆိုခြင်းမှာလည်း ထိုပညာကို အခြေခံ၍ အလုပ်လုပ်ရန်ပင် ဖြစ်ပါသည်။ သို့သော် ပညာသင်ရန် သွားမည့် သူများ နှင့် အလုပ်လုပ်ရန် သွားမည့် သူများမှာ အခြေခံခြင်း ကွာပါသည်။ ပညာသင်သွားမည် ဆိုသည့်အတွက် ထို လူငယ် တွင် နဂိုကတည်းက ပညာအခြေခံ ရှိပြီး ဖြစ်နေပါသည်။
ယခုအခါတွင် ပညာသင်သွားလိုသူများအတွက် အကျိုးဆောင်ပေးနေသော ကုမ္ပဏီများလည်း ရှိနေပြီ ဖြစ်ရာ သိပ် အထွေအထူး ဦးဏှောက်ခြောက်စရာ မလိုတော့ပါ။ အကျိုးဆောင် ကုမ္ပဏီများသည်ကား ပိုမို ကျွမ်းကျင် နားလည်မည် မုချ ဖြစ်ပါသည်။ မိမိ သိလိုသည်များကို ထိုကုမ္ပဏီများသို့ သွားရောက် မေးမြန်းနိုင်ပါသည်။
ထို့ပြင် သက်ဆိုင်ရာ ကျောင်းများ၏ အင်တာနက် website များကိုလည်း ၀င်ရောက် လေ့လာနိုင်ပါသည်။ အခြား သူများ ပြောစကားထက် ထို အင်တာနက်စာမျက်နှာများကို ကိုယ်တိုင် ၀င်ရောက်ဖတ်ရှုခြင်းက ပိုမို စိတ်ချရပါသည်။
မည်ကဲ့သို့ ကြိုတင် ပြင်ဆင်ရမည်နည်း ဆိုသည်ကို တတိယပိုင်း၊ ပညာရေး အခန်းတွင် အသေးစိတ် ရေးသား ဖော်ပြ ထားပါသည်။

၁၊ ၂၊ ၃။ အလုပ်ရှာရန် သွားမည့် သူများ

ယခုအခါ ပညာအခြေခံ ရှိပြီးသူများ စင်ကာပူသို့ အလည်အပတ် ဗီဇာ (Visit Visa) နှင့် လာပြီး အလုပ်ရှာသူဦးရေ အတော်များလာပါသည်။ အချို့မှာ စင်ကာပူရှိ အပေါင်းအသင်း မိတ်ဆွေ၊ ဆွေမျိုးများ အဆက်အသွယ်နှင့် လာပြီး အချို့မှာ လည်း မည်သည့် ဆွေမျိုးမှ မရှိဘဲ စင်ကာပူရောက်မှ မီးစင်ကြည့်ကမည် ဆိုသူများ ရှိပါသည်။
အခြေအနေ များမှာ တစ်နေ့နှင့် တစ်နေ့မတူ။ အမြဲ ပြောင်းလဲနေသည် ဖြစ်ရာ မည်သည့်အရာကိုမှ လှေနံ၊ ဓါးထစ် မှတ်ယူထား၍ မရပါ။ မိမိရှေ့မှ လူများ သွား၍ အဆင်ပြေနေကြသည်ကို ကြည့်ပြီး မိမိသည်လည်း ကျိန်းသေမုချ အဆင်ပြေ ရမည် ဟု တွက်ထားလျှင် လွဲပါလိမ့်မည်။ အတူတူ လာသည့် လူချင်းပင်လျှင် တစ်ယောက်မှာ အဆင်ပြေပြီး နောက် တစ်ယောက်မှာ အဆင်မပြေသဖြင့် ပြန်သွားရသူများကိုလည်း ရှိပါသည်။
ဘာမှ ကြိုတင်ပြင်ဆင်ခြင်း မရှိဘဲ မီးစင်ကြည့်ကမည် ဆိုသူများကား အလွန်ကံကောင်း ထောက်မပါမှ အဆင်ပြေ နိုင်ပါလိမ့်မည်။ ကောင်းသည်မှာ အရာရာကို ကြိုတင်ပြင်ဆင် ထားခြင်း ဖြစ်ပါသည်။ သို့ ကြိုတင် ပြင်ဆင်ထားလျှင်သော်မှ လွဲတတ်ပါသေးသည်။
ဤတွင် သတိထားရမည်မှာ စင်ကာပူတွင် အလုပ်လုပ်ရခြင်းသည် တကယ် လုပ်ရခြင်းဖြစ်ပြီး အိယောင်ဝါး လုပ်၍ မရ။ ညာဝါဖြီးဖြန်း လုပ်လို့မရ ဆိုတာ ဖြစ်ပါသည်။ သို့အတွက် မိမိလုပ်မည့် လုပ်ငန်းနယ်ပယ်နှင့် ပတ်သက်ပြီး မိမိသည် တကယ် အရည်အချင်းပြည့်ဝပါပြီလား ဆိုသည်ကို မိမိကိုယ်ကို မိမိပြန်လည် ဆန်းစစ်ရန် လိုပါသည်။ ကြားဘူးနားဝ ဗဟုသု တ လောက်သာရှိပြီး လက်တွေ့မလုပ်တတ်သူများအနေနှင့် ကံကောင်း၍ လခကောင်းသည့် အလုပ်တစ်ခု ရသွားသည့်တိုင် မကြာခင် အလုပ်ပြုတ်ပြီး ပြည်တော်ပြန်ရရန် ရာခိုင်နှုံး တော်တော်များများ သေချာပါသည်။
အဓိက အရေးကြီးသည်မှာ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အင်္ဂလိပ်လို ပြောတတ်ရန်၊ နားထောင်တတ်ရန် ဖြစ် ပါသည်။ Supervisor အဆင့်တွင် ၀င်ရောက်လုပ်သူများ အင်္ဂလိပ်စကား ကောင်းကောင်း မပြောတတ်၍ စည်းဝေးပွဲသို့ သွား တက်ခိုင်းသောအခါ လူလည်ခေါင်တွင် အရှက်ကွဲရသည့် ဖြစ်ရပ်များလည်း မနည်းလှပါ။ အင်္ဂလိပ်စကားဟု ဆိုရာတွင်လည်း ဖြစ်ကတတ်ဆန်း ကပေါက်တိ ကပေါက်ချာ အင်္ဂလိပ်စကားထက် ကျကျနန ပြောတတ်ရန် လေ့ကျင့်ထားရန် လိုပါလိမ့်မည်။ သို့မဟုတ်ပါက မိမိပြောတာကြည့်ပြီး အထင်သေးခံရပါလိမ့်မည်။ အထင်မကြီးသဖြင့်လည်း တန်းတူ ဆက်ဆံခံရလိမ့်မည် မဟုတ်ပါ။

၁၊ ၂၊ ၄။ အလည်အပတ် သွားမည့် သူများ

အလည်သွားမည် ဆိုကတည်းက စင်ကာပူတွင် မိမိ၏ အပေါင်းအသင်းမိတ်ဆွေ၊ ဆွေမျိုးသားချင်းများ ရှိနေမည်မှာ သေချာပါသည်။ သို့အတွက် အလည်သွားမည့် သူများအနေနှင့် ဘာမှ သိပ် အထွေအထူး ပြင်စရာမလိုပါ။ နိုင်ငံခြားသို့ အလည်သွားသည် ဆိုသဖြင့် ငွေကြေးအင်အား တောင့်တင်းသဖြင့်သာ သွားသည်ဟု အကြမ်းဖျဉ်း ယူဆနိုင်ပါသည်။ သည့် အတွက် ငွေရေး၊ ကြေးရေး ကိစ္စလည်း ဘာမှ ပြောစရာ မလိုပါ။ သွားမည် ကြံကတည်းက ဘယ်လောက်နေလျှင် ဘယ်လောက် ကုန်မည်၊ သို့အတွက် မည်မျှ စုထားရမည် ဆိုသည်ကို လူတိုင်းတွက်ကြမည် ဖြစ်ပါသည်။
သို့သော် သူ့နိုင်ငံ သွားမည် ဖြစ်သဖြင့် သူ့နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများကိုတော့ ယေဘုယျအားဖြင့် လေ့လာထား လျှင် အကျိုးရှိပါသည်။ ဥပဒေတွင် မသိလို့ လုပ်မိခြင်းအတွက် ခွင့်လွှတ်ရိုး ထုံးစံ မရှိရကား ကိုယ်က မသိသဖြင့် အမှတ်တမဲ့ လုပ်လိုက်ရာ ဒါဏ်ငွေဆောင်လိုက်ရလျှင် အပိုပိုက်ဆံ ထွက်သွားနိုင်ပါသည်။
စင်ကာပူနိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများ ကို ဒုတိယပိုင်းတွင် ဖော်ပြထားပါသည်။

No comments: