Saturday, July 11, 2009

Living in Singapore XXXIII (Living Style II)

၁၂၊ ၄။ စာကြည့်တိုက်များ

စင်ကာပူသည် အသိပညာကို ဦးစားပေးသော နိုင်ငံဖြစ်သည့် အလျှောက် ပြည်သူလူထု၏ အသိပညာ မြင့်မားရေးကို အထောက် အကူပြုသည့် စာကြည့်တိုက်များကို နိုင်ငံအနှံ့ ဖွင့်လှစ်ထားပေးပါသည်။ မည်သူမဆို စာကြည့်တိုက် အသင်းဝင်ပြီး စာအုပ်စာတမ်းများ အခမဲ့ ငှားရမ်း ဖတ်ရှုနိုင်ပါသည်။ အသင်းဝင်ကြေးမှာလည်း သက်သာပါသည်။ အသင်းဝင်ကြေး စင်ကာပူ နိုင်ငံသားများ အတွက် အခမဲ့ ဖြစ်ပြီး SPR များအတွက် ဒေါ်လာ ၁၀.၅၀ မျှသာဖြစ်ပြီး နှစ်စဉ်ကြေး မရှိပါ။ နိုင်ငံခြားသားများ သည် စာကြည့်တိုက် မှတ်ပုံတင်ရန် S$ 10.50 သွင်းရမည် ဖြစ်ပြီး နှစ်စဉ်ကြေး တစ်နှစ်လျှင် S$ 42.80 ဖြစ်ပါသည်။
စာကြည့်တိုက် အသင်းဝင်ရန် အသက် ၇ နှစ်နှင့် အောက် ကလေးများအတွက် မိဘ၏ မှတ်ပုံတင်ကဒ် လိုပါသည်။ အသက် ၇ နှစ်မှ ၁၄ နှစ် အတွင်း ဆိုလျှင် ကျောင်းသားကဒ် ပြရပါမည်။ အသက် ၁၅ နှစ်ကျော်လျှင်မူ မှတ်ပုံတင်ကဒ် ပြရပါမည်။ အသက် ၇ နှစ်အောက် ကလေးများ အတွက် အသင်းဝင်ကဒ် အခမဲ့ ပြုလုပ်ပေးပါသည်။ ကျောင်းသူ ကျောင်းသား များသည် သူတို့၏ ကျောင်းသားကဒ်နှင့် စာအုပ်စာတမ်းများ ငှားရမ်း ဖတ်ရှုနိုင်ပါသည်။ အကယ်၍ စာကြည့်တိုက်ကဒ် ပြုလုပ် လိုလျှင်မူ ကဒ်ဘိုး S$ 1.00 ပေးရပါမည်။
နိုင်ငံခြားသားများ အနေနှင့် စာကြည့်တိုက် အသင်းဝင်လိုလျှင် ပတ်စ်ပို့+ Employment Pass / Work Permit / Student Pass / Dependant’s Pass / Special Visitor’s Pass ( Student Pass မှလွဲ၍ ထို pass အားလုံးသည် အနည်းဆုံး သက်တမ်း ၃ လ ကျန်ရှိရ ဦးမည် ဖြစ်ပါသည်။
စာကြည့်တိုက် အသင်းဝင်လိုလျှင် စင်ကာပူ နိုင်ငံသားများနှင့် SPR များသည် စာကြည့်တိုက်များရှိ Customer Service Counter တွင် လည်းကောင်း၊ အင်တာနက် www.nlb.gov.sg တွင် လည်းကောင်း၊ စာကြည့်တိုက်များရှိ Library e-Kiosk တွင် လည်းကောင်း ပြုလုပ်နိုင်ပါသည်။ သို့သော် နိုင်ငံခြားသား များမှာ မူ စာကြည့်တိုက်သို့ ကိုယ်တိုင်သွားပြီး Customer Service Counter တွင် ပြုလုပ်ရပါသည်။
အသင်းဝင်ကြေး၊ နှစ်စဉ်ကြေး စသည်များကို Cash Card, ezlink Card, NETS (ဘဏ်ကဒ်) များဖြင့် ပေးနိုင်ပါသည်။ သို့သော် ငွေသားဖြင့် ပေး၍ မရပါ။ Internet Banking မှသော်လည်းကောင်း၊ Credit card နှင့်သော် လည်းကောင်း ပေးနိုင်ပါသေးသည်။ နိုင်ငံခြားသား များမှာမူ စာကြည့်တိုက်ရှိ Customer Service Counter တွင်သာ ပေး၍ ရပါသည်။
အသက် ၁၅ နှစ် အထက် လူကြီးများသည် သူတို့၏ မှတ်ပုံတင်ကဒ်၊ ကျောင်းသားကဒ်၊ NTUC Link card / SAF11B / School Smart Card / Singapore Mint Personalised ez-link Card/ Personal CashCard များသုံးပြီး စာကြည့်တိုက်မှ စာအုပ်များ ငှားရမ်းနိုင်ပါသည်။

စင်ကာပူ အမျိုးသား စာကြည့်တိုက်

သာမန် အသင်းဝင်တစ်ဦးသည် စာကြည့်တိုက်မှ အမျိုးအမည် ၄ အုပ် အခမဲ့ ငှားခွင့် ရှိပါသည်။ စာအုပ်ဆိုလျှင် ၂၁ ရက်၊ မဂ္ဂဇင်း ဆိုလျှင် ၁၄ ရက် ငှားနိုင်ပါသည်။ စီဒီပါသော စာအုပ်များကို ၂ မျိုး ဟု သတ်မှတ်ပါသည်။ ပြန်အပ်လျှင် စာအုပ် ရော စီဒီပါ တပါတည်း ပြန်လည် အပ်နှံရန် လိုပါသည်။

ရိုးရိုး အသင်းဝင်များသည် စာအုပ်နှင့် မဂ္ဂဇင်းများကိုသာ ငှားရမ်းနိုင်ပြီး ဗီဒီယို တိပ်ခွေများ၊ စီဒီ၊ ဗီစီဒီ၊ ဒီဗီဒီများ ငှားရမ်းရန် Premium အသင်းဝင် ရပါသည်။ Premium အသင်းဝင်ဖြစ်လျှင် မူလ ငှားရမ်းနိုင်သော စာအုပ် ၄ အုပ် အပြင် နောက်ထပ် ၄ မျိုးထပ်မံ ငှားရမ်း နိုင်ပါသေးသည်။ Premium အသင်းဝင်များ အတွက် နှစ်စဉ်ကြေးမှာ S$ 21.00 ဖြစ်ပါသည်။
စာကြည့်တိုက်တွင် စာအုပ်ငှားနေစဉ်စီဒီ၊ ဗီစီဒီ များ ကို ၁၄ ရက်ထိ ငှားရမ်းနိုင် ပါသည်။ စာအုပ်များကို ဖတ်၍ မပြီးသေးလျှင် နောက်ထပ် ၂၁ရက်၊ မဂ္ဂဇင်း များကို နောက်ထပ် ၁၄ ရက် တိုး၍ ရပါ သည်။ စီဒီ၊ ဗီစီဒီ များကို ရက်ထပ်တိုး၍ မရပါ။
ရက်တိုးခြင်းကို စာကြည့်တိုက်သို့ ကိုယ်တိုင် သွား၍ သော်လည်းကောင်း၊ www.nlb.gov.sg သို့မဟုတ် www.pl.sg တွင်သော်လည်းကောင်း၊ သက်တမ်း မကုန်မီ တစ်ရက်ကြိုပြီး fax ပို့ခြင်းဖြင့်သော် လည်းကောင်း၊ သက်တမ်း မကုန်မီ တစ်ပတ်ကြိုပြီး စာတိုက်မှစာ ပို့ခြင်းဖြင့် သော်လည်းကောင်း၊ ကက်တလောက် စတေရှင် များတွင် သော်လည်းကောင်း ပြုလုပ်နိုင် ပါသည်။ ရက်လွန်လျှင်မူ စာအုပ်၊ မဂ္ဂဇင်း တစ်အုပ် လျှင် တစ်ရက် ၁၅ ပြား၊ ဗီစီဒီ၊ ဒီဗီဒီ တစ်ချပ်လျှင် တစ်ရက် ငါးမူး စသဖြင့် ဒါဏ်ကြေးပေးရပါမည်။ ပျက်စီး၊ ပျောက်ဆုံးခြင်း အတွက် ပစ္စည်းတစ်မျိုးလျှင် ပစ္စည်းတန်ဘိုးနှင့် S$ 7.15၊ စီဒီ အခွံများ ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်း အတွက် တစ်ခုလျှင် S$ 1.05 ပေးဆောင်ရပါမည်။

စာကြည့်တိုက်များတွင် လူကြီးများ အတွက် စာဖတ်ခန်း၊ ကလေးများအတွက် စာဖတ်ခန်း၊ အင်တာနက် သုံးနိုင်သည့် နေရာ၊ အင်္ဂလိပ်စာ လေ့လာလိုသူများ အတွက် သင်ကြားရေး စီဒီများကို နားဆင်နိုင်သည့် နေရာ စသည်ဖြင့် ရှိပါသည်။ စာအုပ်များကို ဘာသာရပ် အလိုက် ၀တ္တု၊ အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ၊ အနုပညာ၊ ဘာသာစကား၊ အိုင်တီ၊ ဘာသာရေး၊ အားကစား စသဖြင့် ခွဲခြားထားပေးပါသည်။ စာအုပ်များကို အင်္ဂလိပ် ဘာသာ၊ တရုပ် ဘာသာ၊ မလေးဘာသာ၊ တမီးလ် ဘာသာ စသဖြင့် ဘာသာ လေးမျိုးဖြင့် ထားရှိပေး ထား ပါသည်။
စာအုပ်ငှားရာတွင်လည်း အလွန် အဆင်ပြေလှပါသည်။ စာအုပ်ငှားရန် ကွန်ပြူတာများ ထားပေးပါသည်။ မိမိ မှတ်ပုံတင်ကဒ်ကို စက်ပေါ်တင်ကာ မိမိ ငှားလိုသော စာအုပ်ကို သတ်မှတ်ထားသော နေရာတွင် တင်လိုက်ပါက ကွန်ပြူတာ က မောင်ဘယ်သူသည် ဘာစာအုပ် ကို ဘယ်နေ့က ငှားသည်၊ မည်သည့်နေ့တွင် ပြန်အပ်ရမည် ဆိုသည်ကို မှတ်ထားပေး ပါသည်။ စာအုပ် လေးအုပ် ငှားလိုပါက စာအုပ် တစ်အုပ် ချင်း စက်ပေါ်တင်ပေးရပါသည်။ အားလုံး ပြီး၍ မိမိကဒ်ကို စက်ထဲမှ ပြန်ထုတ်လိုက်သော အခါ စက်က မိမိနာမည်၊ မှတ်ပုံတင် အမှတ်၊ မိမိ ငှား ထားသော စာအုပ် စာရင်း၊ ပြန်အပ်ရမည့် နေ့များ ကို လက်ခံ ဖြတ်ပိုင်း ထုတ်ပေးပါ လိမ့်မည်။ ထိုဖြတ်ပိုင်း ကလေးကို သိမ်းထားပါ။ သို့မှ မည်သည့်နေ့တွင် ပြန်အပ်ရမည် ကို မမေ့ မလျော့ပဲ ရှိပါလိမ့်မည်။
စာအုပ်များ ပြန်အပ်ရာတွင် ပို အဆင်ပြေသေးသည်။ စာအုပ်ပြန်အပ်ရန် စာကြည့်တိုက် အဖွင့် စောင့်နေစရာ မလိုပါ။ စာကြည့်တိုက်များ ရှေ့တွင် Book Drop ဟူသည့် စာအုပ်ပြန်အပ်ရန် သေတ္တာ ရှိပါသည်။ ၂၄ နာရီ ဖွင့်ထားသဖြင့် မည်သည့် အချိန်မဆို သွားပြန်အပ်လို့ ရပါသည်။ ပြန်အပ်သည့် အခါ သေတ္တာ အတွင်းသို့ စာအုပ် တစ်အုပ်ချင်း ထည့်ပါ။ စာအုပ်ကျသွား သည်နှင့် RETURNED ဟု မီးလင်းလာပါလိမ့်မည်။ ဆိုလိုသည်မှာ စာအုပ်ကို မိမိ ပြန်အပ်ကြောင်း စက်က အသိအမှတ် ပြုလိုက်ခြင်း ဖြစ်ပါသည်။
ပို၍ အဆင်ပြေသည်မှာ သည်စာအုပ်ကို သည်စာကြည့်တိုက်က ငှားလာသည့် အတွက် သည်စာကြည့်တိုက်မှာပင် ပြန် အပ်ရန် မလိုပါ။ NLB (National Library Board) စာကြည့်တိုက်က ငှားလာလျှင် စင်ကာပူရှိ မည်သည့် NLB စာကြည့်တိုက်တွင် မဆို ပြန်အပ်၍ ရပါသည်။
စင်ကာပူရှိ စာကြည့်တိုက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Regional Libraries
Jurong Regional Library
Tampines Regional Library
Woodlands Regional Library

စင်ကာပူတွင် လူကြီးလူငယ်မရွေး စာကြည့်တိုက်သွားကြသည်ကို တွေ့ရပါသည်။ ကား၊ ရထားများပေါ်တွင် စာကြည့်တိုက်မှ ငှားလာသော စာအုပ်များကို ဖတ်နေသူများကိုလည်း အခါအားလျော်စွာ တွေ့နိုင်ပါသည်။ စာဝါသနာအိုးများ အတွက် စင်ကာပူ စာကြည့်တိုက်သည် အလွန် အဖိုးတန်လှသော ရတနာသိုက်ကြီး တစ်ခု ဖြစ်ပါသည်။ အခမဲ့ ဖတ်ရခြင်း ဖြစ်သဖြင့် စာဖတ်ဝါသနာပါသူ မည်သူမဆို စာကြည့်တိုက်သို့ အမြဲ ရောက်နေမည်သာ ဖြစ်ပါသတည်း။

No comments: