Saturday, November 14, 2009

၂၀၁၂၊ ရေကြည်ကုန်းဘုန်းကြီး နှင့် ရှမ်းဘုန်းကြီး အိပ်မက်များ

၂၀၁၂ ကျရင် ကမ္ဘာကြီးပျက်မယ် ဆိုတာ တကယ်လားဗျ ဟု မိတ်ဆွေတစ်ဦးက တစ်နေ့တွင် မေးလာပါ၏။ ထို မိတ်ဆွေမှာ မြန်မာပြည်မှ အင်ဂျင်နီယာဘွဲ့ ရရှိလာခဲ့သူ ဖြစ်ပါသည်။
ကျွန်တော့်မှာ စင်ကာပူပိုင် Pulau Ular ကျွန်း၊ ဓါတုဗေဒ စက်ရုံ ဆောက်လုပ်ရေး လုပ်ငန်းတွင် သွားရောက် အလုပ်လုပ်နေရသည် ဖြစ်ရာ ထို ကျွန်းသို့နေ့စဉ် သင်္ဘောဖြင့် သွားရသည်။ သင်္ဘောစီးရန် နာရီဝက်မျှ တန်းစီရသည် ဖြစ်ရာ ထိုသို့ တန်းစီရင်း နေ့စဉ် တွေ့ရာမှ ထို သူနှင့် မိတ်ဆွေ ဖြစ်လာခဲ့ခြင်း ဖြစ်ပါသည်။ ထိုမိတ်ဆွေ မေးလိုက်သော မေးခွန်းပေါ် အခြေခံ၍ ကျွန်တော့်တွင် တွေးစရာ တော်တော်များများ ရလာခဲ့ပါသည်။
ထို မိတ်ဆွေကိုမူ အချိန်လည်း သိပ်မရသည်နှင့် အတိုချုံးကာ ဖြစ်နိုင်၊ မဖြစ်နိုင်ကို သူများပြောတာတွေ လိုက် နားယောင် နေတာထက် မိမိကိုယ်တိုင် ခိုင်လုံသော သတင်း အချက်အလက်များ ကို လေ့လာပြီး မိမိဉာဏ်နှင့် ချင့်ချိန် ယုံရန် ပြောလိုက်ပါသည်။ သည် ၂၀၁၂ တစ်ခုထဲ မဟုတ်ပါ။ အခြားကိစ္စများကိုလည်း မိမိဉာဏ်နှင့် ချင့်ချိန် ယုံကြည်ကြရန် အရေးကြီးပါသည်။
ယခုတလော ထို ၂၀၁၂ အကြောင်း သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အင်တာနက် နှင့် အီးမေးလ် များတွင် အတွေ့ရ များလာခဲ့ပါသည်။ အထူးသဖြင့် ၂၀၁၂ အကြောင်း ရိုက်ကူးထားသော ရုပ်ရှင်ကြောင့် ပို ဖြစ်နိုင်ပါသည်။ ထို ၂၀၁၂ တွင် ကမ္ဘာပျက်မည် ဆိုသည်နှင့် ပတ်သက်၍ မြတ်နိုးခင် က http://www.anyarnwaytamarmyay.blogspot.com/ တွင် အကျယ်တ၀င့် ရှင်းလင်းပြောပြထားပါသည်။ ကျွန်တော် ပြောလိုသည်မှာ ၂၀၁၂ အကြောင်း မဟုတ်၍ ဤနေရာတွင် ချန်လှပ် ခဲ့ပါမည်။
ကျွန်တော့်အနေနှင့်မူ ၂၀၁၂ တွင် ကမ္ဘာပျက်မည် ဟု ပြောသည်ကို မထူးဆန်း။ ထူးဆန်းနေသည်မှာ ထို ကမ္ဘာပျက် မည် ဆိုသည်ကို ယုံယုံကြည်ကြည်နှင့် တုန်လှုပ် ချောက်ချားစွာ ပြောဆိုနေသူ အများစုမှာ ပညာတတ်များ ဖြစ်နေခြင်း ပင် ဖြစ်ပါသည်။
သို့ဆိုလျှင် ပညာ ဟူသည် အဘယ်နည်း။ ပညာဟူသည်မှာ အမှားအမှန်ကို ဝေဖန် ပိုင်းခြားနိုင်စွမ်း ဟု အဓိပ္ပာယ် ဖွင့်ပါသည်။ သို့အတွက် ပညာတတ် ဟူသည် အမှားအမှန်ကို ဝေဖန်ပိုင်းခြား သုံးသပ်နိုင်စွမ်းရှိသူ ဟု မှတ်ယူရမည် ဖြစ်ပါ သည်။ ထိုကြောင့်ပင် ထို ပညာတတ် ဆိုသူများက ရှမ်းဘုန်းကြီး အိပ်မက်များကို စွဲစွဲလမ်းလမ်း ယုံကြည်နေခြင်း၊ ဇူလိုင်လ ၂ ရက်နေ့တွင် ဆူနာမီ တိုက်မည် ဆိုသည်ကို စွဲလန်းကြောက်လန့်စွာ email များ အဆက်မပြတ် ပေးပို့ခြင်း၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် နေ့တာသည် ၂၅ နာရီ ဖြစ်မည်ဆိုသည်ကို ထူးထူးဆန်းဆန်း ဖြစ်နေခြင်း၊ ၂၀၁၂ ခုနှစ်တွင် ကမ္ဘာပျက်မည် ဆိုသည်ကို ထိတ်လန့် ချောက်ချားနေခြင်း တို့အား ကျွန်တော် အလွန် အံ့သြမိပါသည်။
ထိုကဲ့သို့ ဆိုလျှင် ပညာ ဟူသော အဓိပ္ပာယ်နှင့် ပညာတတ် ဟူသော အဓိပ္ပာယ်တို့ အကြား ကွဲလွဲမှု တစ်စုံတစ်ရာ တော့ ရှိနေပြီ ဟု ကျွန်တော် သံသယ ဖြစ်မိပါသည်။
ယနေ့ခေတ်သည် ယခင်ကာလများက ကဲ့သို့ သတင်း အချက်အလက်များကို ခဲခဲယဉ်းယဉ်း ရှာဖွေနေရသော ကာလ မဟုတ်ပါ။ မိမိသိလိုသည်ကို အင်တာနက် စာမျက်နှာပေါ်တွင် စာလုံးအနည်းငယ်မျှ ရိုက်ထည့်လိုက်ရုံမျှနှင့် ပညာရှင်ပေါင်းစုံ ၏ အချက်အလက်ပေါင်းစုံ၊ သတင်းပေါင်းစုံ ကို အလွယ်တကူ ဖတ်ရှုနိုင်ပါသည်။ သို့သော် ထို အချက်အလက်များ မှန်မမှန်၊ စိတ်ချရ မချရ ဆိုသည်မှာ မိမိ၏ ဉာဏ်ဖြင့် ဝေဖန်ပိုင်းခြားဘို့ ဖြစ်ပါသည်။

ကျွန်တော် လေးမျက်နှာမြို့တွင် နေခဲ့စဉ်ကာလက ဖြစ်ပါသည်။ ၁၉၈၃ ခုနှစ်လောက်က လေးမျက်နှာမြို့၏ မြစ်တစ်ဖက်ကမ်း တွင်ရှိသော ရေကြည်ကုန်းရွာမှ ဘုန်းကြီးသည် ရေမန်း အလွန်စွမ်းသည် ဆိုသဖြင့် အနယ်နယ် အရပ်ရပ်မှ ကားကြီးကားငယ် အသွယ်သွယ်ဖြင့် လာရောက် ကြသော ဖြစ်ရပ်တစ်ခု ကြုံခဲ့ဖူးပါသည်။ ထို ရေမန်းကို သောက်လိုက်လျှင် ရောဂါမျိုးစုံတို့ ပျောက်ကင်းကာ စီးပွား လာဘ်လာဘတို့ တိုးပွားသည် ဟူ၏။ လာသည့်သူများ အလွန်များသဖြင့် ကွင်းလယ် တွင် မဏ္ဍပ်ကြီး ထိုးလျှက် လူများကို ရေခွက်များကိုင်ကာ တန်းစီထိုင်စေပြီး ဘုန်းကြီးက ထို ရေခွက်များကို လက်နှင့် လိုက်ထိ ပေးရသည် ဆို၏။ နောက် လူများသထက် များလာသောအခါ ဘုန်းကြီးမှာ ရေခွက်များကို ထိပေးခြင်းငှာ မတတ်သာတော့ဘဲ ရေကန်ကိုမန်းပေး၊ ထိုမှ နောက်တွင်မတော့ ရေတွင်းကို မန်းပေးကာ ထိုရေတွင်းမှ ရေများကို ရေမန်းအဖြစ် ခပ်ယူကြသည် ဟူ၏။ ထိုကဲ့သို့ ရေမန်းယူရန် လာကြသူအများထဲတွင် ပညာတတ် အများအပြား ပါဝင်ပါသည်။
ကျွန်တော် ငယ်စဉ်က ကျွန်တော်တို့ရွာနှင့် သိပ်မဝေးလှသော ရွာကြီးတစ်ခုတွင် ဇော်ဂျီပေါ်ခဲ့ဖူးသော ဖြစ်ရပ် တစ်ခု လည်း ကြားဖူးခဲ့ပါသည်။ ကျွန်တော့် ဖခင်ကြီးများ လက်ထက် ဖြစ်ပါ၏။ ထို ဇော်ဂျီပေါ်သည့် ရွာနှင့် ကျွန်တော်တို့ ရွာမှာ မိုင် ၂၀ ခန့်မျှသာ ဝေးသည်ဖြစ်ရာ ကျွန်တော်နှင့် ဦးလေးတော်သူ ဦးရွှေကွယ်က ကိုယ်တိုင်သွားကြည့်ပါသည်။ သူပြန်လာသော အခါ ပြောပြသည်မှာ အောင်မယ်လေးကွာ၊ ငါ့နှယ်၊ ဇော်ဂျီဆိုလို့ သွားကြည့်ပါတယ်။ တို့ရွာက သောက်ရူး လှရွှေ ဖြစ်နေတာ ကိုး။ အလိုကွယ်၊ ဒီကောင်က အ၀တ်နီကြီး တကားကားနဲ့ တယ်ကောင်းစားနေပါကလား ဟူ၏။ ထို လှရွှေ ဆိုသူမှာ အလုပ်ကို လက်ကြောတင်းအောင် လုပ်သူမဟုတ်။ မည်သူကမှ လူရာမသွင်း။ ဘာမှ အသုံးကျသူ မဟုတ်ရကား ကျွန်တော်တို့ ရွာတွင် စားပေါက်မချောင်၍ တစ်နယ်ရပ်ခြားသွားကာ သူဉာဏ်ရှိသလို လုပ်စားနေခြင်း ဖြစ်ပါသည်။
၁၉၉၅ ခုနှစ်ပတ်ဝန်းကျင် ကလည်း တောင်ငူတွင် သူနှင့် ဖက်အိပ်လိုက်လျှင် ရောဂါပျောက်သည် ဆိုသော မိန်းကလေး တစ်ဦး ပေါ်ခဲ့ပါသေးသည်။ ဤနေရာသို့လည်း လူအများ အုတ်အော် သောင်းတင်း သွားရောက်ခဲ့ကြပါ၏။
သူများပြောတာ ဟုတ်မဟုတ် ကိုယ်ပိုင်ဉာဏ်နှင့် ချင့်ချိန်မယုံတတ်သူများကြောင့် ကျွန်တော်တို့ မြန်မာပြည်တွင် ဤကဲ့သို့ လုပ်စားနေသူ ဘုန်းကြီးပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များ နေရာအနှံ့ ပေါ်ပေါက်နေခြင်း ဖြစ်ပါသည်။

ယခုခေတ်သည်ကား email များကို အင်တာနက်မှ တစ်ဆင့် လွယ်ကူလျှင်မြန်စွာ လူပေါင်းများစွာသို့ စက္ကန့်ပိုင်း အတွင်း ပို့နိုင်နေပြီ ဖြစ်ရာ သတင်း နှင့် အချက်အလက်များမှာ ချက်ခြင်း ပျံ့နှံ့ပါသည်။ ထိုသတင်း၊ အချက်အလက်များ ထဲတွင် ကောင်းတာလည်း ပါ၊ မကောင်းတာလည်း ပါ၊ မှန်တာလည်း ပါ၊ မမှန်တာလည်း ပါပါသည်။
ဥပမာ - လက်ကိုင်ဖုံးနှင့် စကားပြောလျှင် ဖုံးမှ ထုတ်လွှင့်သော ရေဒီယို သံလိုက်လှိုင်းများကြောင့် ဦးဏှောက်ကို ပျက်စီးစေသည်၊ ကင်ဆာဖြစ်စေသည် ဟူသည့် သတင်းများမှာ အင်တာနက် စာမျက်နှာများပေါ်တွင် အများအပြား ရေးသား ထားသော်လည်း အခြေအမြစ်မရှိ၊ မှန်လည်း မမှန်ပါ။ သို့သော် ထိုသတင်းမှားကို ထုတ်လွှင့်သူမှာ လူအထင်ကြီးစေရန် အချက်အလက်များ နှင့်တကွ ရေးသားထားသဖြင့် အသေးစိတ် မလေ့လာသူများအနေနှင့် ဒွိဟ ဖြစ်စရာ ဖြစ်ပါသည်။
ထို့ပြင် ကွန်ပြူတာနှင့် အိုင်တီ နည်းပညာများသည်လည်း မယုံကြည်နိုင်လောက်အောင် ဖြစ်ပေါ် တိုးတက်လျှက် ရှိရာ အချို့သော သတင်းများမှာ လူအများကို ထင်ယောင်ထင်မှား ဖြစ်စေရန် လှည့်စားနိုင်ပါသည်။ ဓါတ်ပုံနှင့် ဗီဒီယိုများကို အပြင်တွင် တကယ် ဖြစ်ပျက်နေဟန် ဖန်တီးနိုင်ပါသည်။ ထို ဓါတ်ပုံနှင့် ဗီဒီယိုကို ကြည့်လိုက်ရသဖြင့်လည်း ယုံကြည်ရန် လွယ် ကူလှပါသည်။
ဥပမာ - မည်သည့်တိုင်းပြည်၊ မည်သည့်မြို့တွင် မည်သူသည် လူများကို သတ်ဖြတ်ပြီး ရေခဲသေတ္တာအတွင်း သိုလှောင်ကာ စားသောက်နေသည်။ မည်သည့်တိုင်းပြည်တွင် ကလေးအသေများကို ခုတ်ထစ် ချက်ပြုတ်ကာ ထူးဆန်းသော အစားအသောက် အနေနှင့် ရောင်းချနေသည် ဟူသော သတင်းမျိုးများ။
ဤသတင်းများသာ မှန်ခဲ့ပါက နေ့စဉ်ထုတ် သတင်းစာကြီးများတွင် ပါလာရမည် အမှန် ဖြစ်ပါ၏။ ထိုသတင်းစာကြီး များမှ သတင်းထောက်များသည်ကား အလွန်ထက်မြက်လှသူများ ဖြစ်လေရာ ချောင်ကြိုမြောင်ကြားတွင် ဖြစ်ပျက်နေသည် များကိုပါ ထောက်လှမ်းနိုင်စွမ်း ရှိသဖြင့် ဤမျှ ရုပ်ပျက် ဆင်းပျက် အဖြစ်အပျက်များကို မသိ ဆိုသည်မှာ မဖြစ်နိုင်ပါ။

ပြီးခဲ့သည့် နှစ်အနည်းငယ်က ကျွန်တော့်ထံ ၀င်လာသော email တစ်စောင်တွင် စင်ကာပူ East Coast ကမ်းခြေတွင် ငါးမန်း ပေါ်ပြီး အပန်းဖြေသူများကို တိုက်ခိုက် သတ်ဖြတ်ကြောင်း ဓါတ်ပုံနှင့်တကွ ဖော်ပြထားပါသည်။ ဤသတင်းကို မိတ်ဆွေများ သို့ forward လုပ်လိုက်သောအခါ မိတ်ဆွေတစ်ဦးက ဤသတင်းမှာ လုပ်ကြံထားသော သတင်းမှား ဖြစ်ကြောင်း အသိပေး လာပါ၏။ အကယ်၍သာ ဤသတင်းမှန်လျှင် Strait Times သတင်းစာကြီးတွင် ပါလာရမည် မုချ ဖြစ်ပါသည်။
ထို့ပြင် မကြာခဏ လက်ခံရရှိတတ်သော email တစ်ခုမှာ ရှမ်းဘုန်းကြီး အိပ်မက်များ ဖြစ်ပါသည်။ ထိုစာများကို ကျွန်တော် အလယ်တန်းကျောင်းသား ဘ၀ကပင် စတင် တွေ့ရှိခဲ့ရပါသည်။ ရွှေပေလွှာ ဟု အမည်ရပါ၏။ ဤစာကို ခုနစ်စောင် ကူးပြီး ဝေပါ။ ဤကဲ့သို့ ကူးပြီး ဝေသဖြင့် အနှီရွာမှ အနှီမည်သော သူမှာ ငါးသိန်းထီပေါက်၍ နေ့ချင်းညချင်း ချမ်းသာသွား သည်။ မည်သည့်ရွာမှ မည်သူသည်ကား စာကိုမဝေမိသဖြင့် သားဖြစ်သူ သေဆုံးရသည် ဟူသော စာမျိုး ဖြစ်ပါ၏။
ယခု ရွှေပေလွှာများတွင် ဗုဒ္ဓပုံတော်များ၊ ဆရာတော်ကြီးများ ပုံများပါ ပါပါသည်။ Apple ကုမ္ပဏီမှ Designer က သူ့မျက်နှာကို ဗုဒ္ဓ၏ ပုံတော်တွင် ထည့်သွင်းလိုက်သော အခါ ကမ္ဘာတစ်ဝှမ်းမှ ဗုဒ္ဓဘာသာဝင် အများ မခံမရပ်နိုင် တုံ့ပြန်ထား တာ ဖတ်ရပါသည်။ သို့သော် ထိုသူတို့ ကိုယ်နှိုက်က ဘုရားပုံကို ရွှေပေလွှာများ အဖြစ် အသုံးချနေခြင်းကို ကျွန်တော် နားမလည်နိုင်ပါ။
ဗုဒ္ဓပုံတော်ကို လူအများကြည်ညိုနိုင်စေရန် တစ်ဦးနှင့် တစ်ဦး email များ ပို့ခြင်းမှာ အလွန် ကျေးဇူးတင် ၀မ်းမြောက် ဖွယ် ဖြစ်ပါ၏။ သို့သော် အဆောင်လက်ဖွဲ့ အနေနှင့် အသုံးချရန်ကား မသင့်တော်လှပါပေ။

လွန်ခဲ့သည့်လကမူ ဘာသာရေး ဆိုင်ရာ တိုက်ခိုက်မှုများ တွေ့လိုက်ရပါသည်။ မည်သူက အစပျိုးလိုက်သည် မသိပါ။ ထို email များတွင် ဘာသာတစ်ခုနှင့် တစ်ခု ယုံထင် ကြောင်ထင် ဖြစ်စေရန်၊ ရန်ဖြစ်စေရန်၊ အဓိကရုဏ်းများ ဖြစ်ပေါ်စေရန် နှိုးဆွထားသော အကြောင်းအရာ များစွာ ပါဝင်ပါသည်။ email မှာ forward လုပ်ထားသော mail ဖြစ်၍ mail ပါ address များကို ကြည့်လိုက်ခြင်းဖြင့် ကမ္ဘာတစ်ဝှမ်းရှိ သူများထံ ပျံ့နှံ့နေပြီ ဖြစ်ကြောင်း သိနိုင်ပါသည်။
အလွန်အောက်တန်းကျသော လုပ်ရပ်များ ဖြစ်ပါ၏။ အရေးကြီးသည်မှာ ဤ mail များကို ရရှိလာလျှင် ကောင်းသည်၊ ဆိုးသည် မိမိဉာဏ်ဖြင့် ဝေဖန်ပြီး အခြားသူများသို့ မပို့သင့်ပါက မိမိဘာသာ သိမ်းလိုသိမ်း၊ မသိမ်းလိုလျှင်လည်း တစ်ခါတည်း delete လုပ်ပစ်လိုက်သင့် ပါသည်။ မိမိ နားမလည်သော၊ မကျွမ်းကျင်သော အကြောင်းအရာတစ်ခုကို လျှောက်ဖွဘို့ မသင့်ပါ။
လူအများ၏ အသိဉာဏ်ကို ထင်ယောင်ထင်မှား ဖြစ်သွားလျှင်၊ အသိမှားများကို စွဲမြဲယုံကြည် သွားလျှင် မိမိတွင်လည်း တာဝန် မကင်းပါ။
မိတ်ဆွေအားလုံးသည် မိမိ ပညာအဆင့်အတန်းနှင့် လျော်ညီစွာ ပိုင်းခြားဝေဖန် သုံးသပ်တတ်သူများ ဖြစ်လာကြပါ စေကုန်သတည်း။

အေးငြိမ်း
၁၄ - ၁၁ - ၂၀၀၉