Sunday, October 29, 2023

မဖွံ့ဖြိုးသေးသည့် အခါကာလများ၌ နေထိုင်ရခြင်းသည် ဖွံ့ဖြိုးသည့်ကာလများ၌ နေထိုင်ရသည်ထက် ပိုပြီး ပျော်စရာ ကောင်းသည် ဆိုခြင်းအကြောင်း (၁)

(၁) ဝါးတောကွင်းရွာသစ် ဖြစ်တည်လာပုံ

 

တစ်ခါတစ်ခါ ကျွန်ုပ်သည် ငယ်စဉ်က နေခဲ့ရသော တောသားဘဝကို လွမ်းလွမ်းဆွတ်ဆွတ် ပြန်လည် တမ်းတမိလေ၏။

 

ကျွန်ုပ်မွေးဖွားရာ ဝါးတောကွင်းရွာသည် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၏ အနောက်ဘက် အစွန်ဆုံး ရခိုင်ရိုးမ တောင်ခြေ၌ ကပ်လျက်ရှိ၏။ တည်နေရာအားဖြင့် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၄၁ မိနစ် ၅၆ စက္ကန့်၊ အရှေ့လောင်ဂျီကျု ၉၅ ဒီဂရီ ၁ မိနစ် ၃ စက္ကန့်တွင် ရှိ၏။ အလွန်ခေါင်လှသည့်ဒေသဖြစ်သည့်အလျောက် မည်သည့် ကားလမ်း၊ ရထားလမ်း နှင့်မှ မနီး။ အခြား မြို့ရွာများသို့ သွားလိုလျှင် ခြေလျင်လမ်းဖြင့်သာ သွားရ၏။ နွေရာသီတွင် နွားလှည်းနှင့် သွားနိုင်၏။

 

ခြေလမ်းဆိုတာတောင် သီးသန့်ဖောက်လုပ်ထားသည့်လမ်း မဟုတ်။ လူအများသွားလာကြသဖြင့် လမ်းဖြစ်နေသည့် လယ်ကန်သင်းပေါင်၊ တောလမ်း စသည့်လမ်းမျှသာ ဖြစ်၏။ ကွင်းကောက်သို့ ထိုခြေလျင်လမ်းမှသွားလျှင် (၄) နာရီ လောက် သွားရ၏။ လေးမျက်နှာသို့လည်း (၄) နာရီလောက်ပင် သွားရ၏။ အဖြောင့်တိုင်းလျှင် ကွင်းကောက်သို့ ၁၃.၅ ကီလိုမီတာ၊ လေးမျက်နှာသို့ ၁၆.၅ ကီလိုမီတာ ရှိ၏။ များသောအားဖြင့် ကျွန်ုပ်တို့ သွားကြသည်မှာ ၉၆၉၃ နည်း ဖြစ်၏။ 

 

ကျွန်ုပ်ငယ်စဉ်က ကျွန်ုပ်တို့ရွာမှာ အညိုရောင်နယ်မြေဘဝတွင်ပင် ရှိပါသေး၏။ အညိုရောင်နယ်မြေဆိုသည်မှာ (အစိုးရ အခေါ်) သူပုန်များ မကင်းစင်သေးသည့် နယ်မြေ ဖြစ်၏။ သူရို့ပြောသည့် သူပုန်ဆိုသည်မှာ အစိုးရကို ခံတိုက်နေသည့် ပီဒက် (ဟုတ်ပေါင်) ဗကပတို့ ဖြစ်၏။ 

 

ထိုအခါ စစ်တပ်က ဗကပကို အပြုတ်ဖြုတ်ရန် ဆင်မင်းစစ်ဆင်ရေးအမည်တပ်လျက် ထိုးစစ်ဆင်၏။

ကျွန်ုပ်တို့ရွာသည် ရခိုင်ရိုးမနှင့် ကပ်လျက်ရှိရာ ကျွန်ုပ်တို့ရွာကို ခြေကုပ်ယူလျက် ဗကပတို့ကို တိုက်စစ်ဆင်ရန် အစီအစဉ် ဆွဲ၏။ လက်ရှိ ကျွန်ုပ်တို့ရွာ အနေအထားမှာ ချောင်းရိုးတလျောက် တည်ထားသည့် ရွာတန်းရှည်ကြီးဖြစ်ရာ စစ်တပ် အခြေချဘို့ အကွက်အကွင်းမကောင်း။ ထို့ကြောင့် လယ်မြေများကို သိမ်းယူလျက် ဝါးတောကွင်းရွာသစ်တည်၏။ ရွာဟောင်းမှ ရွာသစ်ကိုပြောင်းတော့ ကျွန်ုပ်မှာ ၄-၅ နှစ်သားလောက်သာ ရှိဦးမည် ထင်ပါသည်။ ကောင်းကောင်း မမှတ်မိ။ ရွာဟောင်းတုန်းက အစိုးရမူလတန်းကျောင်းမရှိသေး။ ရွာသစ်ရောက်ပြီး သိပ်မကြာခင် ကျွန်ုပ် မူလတန်း တက်ရ၏။ ကျွန်ုပ်၏ လက်ဦးဆရာများမှာ ဆရာဦးမြစိုး၊ ဦးထိန်ဝင်းနှင့် (၄) တန်းရောက်တော့ ဆရာဦးမောင်ကြည်တို့ ဖြစ်၏။

 

ရွာသစ်သည် လေးထောင့်ပုံသဏ္ဍာန်ရှိ၏။ ပေ (၃၀) ကျယ်သော အရှေ့အနောက် လမ်းမကြီး သုံးသွယ်ရှိ၏။ နီလာလမ်း၊ ဆင်မင်းလမ်း၊ ချစ်မြေလမ်းဟု အမည်ပေးထား၏။ 

 

တောင်မြောက်တန်းလျက် (၁၅) ပေကျယ်သော လမ်းကလေးနှစ်လမ်းလျှင် ပေ (၃၀) ကျယ်သော လမ်းကျယ်ကြီး တစ်လမ်းခြားကာ စုစုပေါင်း လမ်းသွယ် (၁၀) လမ်း၊ လမ်းကျယ် (၃) လမ်း ဖောက်ထား၏။ လမ်းအားလုံးကိုလည်း ကျောက်မီးသွေးလမ်း၊ ရွှေလမ်း၊ ရတနာလမ်း၊ ပတ္တမြားလမ်း၊ သံလမ်း၊ ရွှေတွင်းတူးလမ်းစသဖြင့် နာမည်များ ပေးထား၏။

 

ထိုလမ်းများအကြားတွင် အစွန်နှစ်ဘက်၌ ခြံရာ (၃) ကွက်၊ အတွင်းဘက်၌ (၂) ကွက်စီ ခြံရာကွက်များ ချထားပေးရာ တစ်တန်းလျှင် ခြံရာကွက် (၁၀) ကွက်စီပါ၏။ ထိုကဲ့သို့သော ခြံရာကွက်အတန်း စုစုပေါင်း (၂၄) တန်းရှိ၏။ ခြံရာကွက်များအားလုံးကို အကွက်နံပါတ်များ ပေးထားရာ ကျွန်ုပ်တို့အိမ်နံပါတ်မှာ (၁၁၁) ဖြစ်၏။ 

 

တစ်ရွာလုံးကို ရပ်ကွက် (၄) ကွက် ခွဲထားရာ (၁) ရပ်ကွက်၊ (၂) ရပ်ကွက်၊ (၃) ရပ်ကွက်၊ (၄) ရပ်ကွက် ဟု ခေါ်၏။ ကျွန်ုပ် တို့အိမ်မှာ (၃) ရပ်ကွက်၊ သံလမ်း၌ရှိ၏။ 

 

အားမနာတမ်း ပြောရလျှင် အစွန်ဆုံးဖြစ်သော (၁) ကွက် နှင့် (၄) ကွက်တို့တွင် ဆင်းရဲသူများနေလျက် အလယ်ပိုင်း (၂) ကွက် နှင့် (၃) ကွက်တို့တွင် ပစ္စည်းရှိသူများ နေ၏။ (၂) ကွက်နှင့် (၃) ကွက်ထဲတွင်တောင်မှ အစွန်ပိုင်းကျသည့် အကွက် များမှာ ဆင်းရဲသားအိမ်များဖြစ်ပြီး အတွင်းဘက်ကျသည့် အိမ်ခြံရာကွက်များမှာ ချမ်းသာသူများ မဟုတ်သည့်တိုင် တင့်တောင့်တင့်တယ် ရှိသူများ၏ အိမ်များ ဖြစ်၏။ ဆိုလိုသည်မှာ ရွာဒီဇိုင်းမှာ ချမ်းသာသူများ၏အိမ်များကို ဆင်းရဲသူ များ၏ အိမ်များက ခြံရံထားသည့် ဒီဇိုင်းဖြစ်၏။ (ကျွန်ုပ်ငယ်စဉ်ကမူ ရွာကို ဤကဲ့သို့ တည်ဆောက်ထားမှန်း မသိခဲ့။ အခုမှ ရိပ်မိတာဖြစ်၏။)

 

ခြံရာတစ်ကွက်လျှင် ပေ (၄၀) x ပေ (၆၀) ကျယ်၏။ ဘုန်းကြီးကျောင်းက ခြံရာကွက် (၁၂) ကွက်စာ နေရာယူ၏။ ရွာကို ပတ်လျက် (၁၅) ပေကျယ်သည့် ရွာပတ်လမ်းလည်း ရှိ၏။ နွားများ ပြန်သွင်းလာသည့်အခါ ထို ရွာပတ်လမ်းမှ မောင်းလာ လျက် မိမိတို့လမ်းရှိရာနေရာမှ အိမ်သို့ သွားကြတာ ဖြစ်၏။ သို့အတွက် နွားအုပ်များ သွင်းလာသည့်တိုင် ရွာအတွင်း၌ ဖုံ တထောင်းထောင်း ထမနေတော့။ မိုက်တယ်နော။ ထို့ပြင်တဝ ရွာလမ်းများမှာလည်း ကျောက်ခင်းလမ်းများဖြစ်ရာ ဖုံ သိပ်မထပါ။

 

ရွာပတ်လမ်း အပြင်ဘက်တွင် ရွာကိုပတ်လျက် ဝါးခြံစည်းရိုးခတ်ထား၏။ ထိုခြံစည်းရိုး အရှေ့၊ အနောက်၊ တောင်၊ မြောက်တို့ဘက်တွင် တံခါးတစ်ပေါက်စီ ဖောက်ထား၏။ တံခါးပေါက်တိုင်း၌ ကင်းတဲရှိ၏။ ရွာသားတို့သည် အလှည့်ကျ ကင်းစောင့်ရ၏။ ညတိုင်ဆိုလျှင် ရွာအဝင်တံခါးမကြီးများကို ပိတ်ထား၏။ လူစစ်ပြီးမှ တံခါးဖွင့်ပေးရ၏။

 

ရွာလယ်တွင် အစိုးရမူလတန်းကျောင်း၊ ဘောလုံးကွင်း၊ လလသသ (လယ်ယာနှင့်လုပ်ငန်းပေါင်းစုံ သမဝါယမအသင်း) ဆိုင် (နောက်တော့ သမဝါယမဆိုင် ဖြစ်သွား၏။)၊ ဆေးခန်း စသဖြင့် ဆောက်ဘို့ ကွက်လပ်များ ထားပေး၏။ ထိုစဉ်က ရွာတွင်း၌ ခံတပ်ကတုတ်များ ဆောက်ထားတာ မှတ်မိပါသေး၏။ နောက်တော့ ဖျက်ပစ်လိုက်၏။ 

 

ထိုစဉ်က သူပုန်ရန် နှိမ်နှင်းရန် ရွာကို စစ်ကြောင်းများ မကြာခဏလာ၏။ စစ်သားများမှာ အိမ်များ၌ တည်းကြ၏။ ကျွန်ုပ် တို့အိမ်တွင်လည်း တည်း၏။ စစ်သားများနှင့် ရွာသူရွာသားများမှာ ချစ်ချစ်ခင်ခင်ပင် ဖြစ်ပါ၏။ 

 

စစ်ကြောင်းများ ဝင်လာလျှင် ကျွန်ုပ်တို့ အလွန်ပျော်၏။ အဘယ်ကြောင့်ဆိုသော် စစ်သားများ စားဘို့သောက်ဘို့ရာ အစား အသောက်များပါ ပါလာလေရာ ၎င်းတို့ကို မှီလျက် ကျွန်ုပ်တို့လည်း ထိုအစားအသောက် အချို့ကို စားရသောက်ရ၏။ ထို အစားအသောက်များထဲမှ ယခုတိုင် ကျွန်ုပ်မှတ်မိနေသည်မှာ လက်ဖက်ရည်နှင့် အမဲနှပ်ဘူး၊ ငါးသေတ္တာဘူးတို့ ဖြစ်၏။

 

လက်ဖက်ရည်မှာ ရေကို ဧရာမဒန်အိုးကြီးထဲထည့်ပြီး ပွက်ပွက်ဆူအောင်ကြို၊ အချိုခြောက်ခပ်၊ နို့ဆီဘူးများဖောက်ပြီး တစ်ဘူးပြီးတစ်ဘူး ပစ်ထည့်သည်ဖြစ်ရာ လက်ဖက်ရည်နံ့ရသည်နှင့် ကျွန်ုပ်တို့မှာ သွားရေကျနေပြီ။ လက်ဖက်ရည်နံ့မှာ အလွန်မွှေးလှ၏။ ရဲဘော်များ လက်ဖက်ရည်သောက်ချိန်တွင် ကျွန်ုပ်တို့လည်း လက်ဖက်ရည်သောက်ရလေရာ ထိုစဉ်က သောက်ခဲ့ရသော လက်ဖက်ရည်အရသာကို ခုထိမှတ်မိနေပါသေး၏။

 

ထို့ပြင် ရဲဘော်များသည် ၎င်းတို့ပြန်သွားသည့်အခါ သူတို့တည်းခိုသည့်အိမ်များကို စည်သွပ်ဘူး၊ ဘီစကွတ်၊ သကြားလုံး စသည့် စားစရာသောက်စရာများ ပေးထားခဲ့သည်ဖြစ်ရာ အသားငါးရှားပါးလှသည့် ကျွန်ုပ်တို့ တောရွာအတွက် အလွန် အဖိုးတန်လှပေ၏။

 

အများထက်စာလျှင် ကျွန်ုပ်အဖို့ ပိုပျော်စရာကောင်းသည်ဟု ဆိုရပါမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်က ငယ်စဉ် ကတည်းက စာအုပ်များကို ရေငတ်သကဲ့သို့ ဖတ်တာဖြစ်၏။ အလွန်ခေါင်လှသော တောရွာကလေး၌ မည်သည့် စာအုပ်များ ရနိုင်ပါမည်နည်း။ စစ်ကြောင်းများဝင်လာသည့်အခါ ရဲဘော်များ၌ စာအုပ်များ ပါလာတတ်ရာ (အနည်းဆုံး တော့ ပြည်သူ့တပ်မတော်စာစဉ်များ ပါလာတတ်၏။) ကျွန်ုပ်အဖို့မူ ရေငတ်သူသည် ရေတွင်းထဲ ပြုတ်ကျသကဲ့သို့ ဖြစ်ဘိ၏။ ရဲဘော်များကောင်းမှုဖြင့် ကျွန်ုပ် ဝတ္ထုစဖတ်ဖူးတာ (၅) တန်းကျောင်းသားဘဝကတည်းက ဖြစ်၏။ 

 

ထိုစဉ်က ကျွန်ုပ်တို့အိမ်၌တည်းသည့် ရဲဘော်များအနက် ရဲဘော်ကြည်ရွှေသည် ကျွန်ုပ်ကို အလွန်ချစ်လေ၏။ ကာဘိုင် သေနတ်ပစ်တာ အလွန်လက်ဖြောင့်သည် ဆိုသော ဗိုလ်မြင့်အောင် (နောက်တော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်သည်ဟု သိရ) သည် ကျွန်ုပ်အောက် ညီမလေး မြင့် ကို အလွန်ချစ်၏။ 

 

ထိုစဉ်က ကျွန်ုပ်တို့မှာ သူပုန်များ ဝင်တိုက်လျှင် ဘယ်လိုလုပ်ရမည်ဆိုပြီး ညဘက်တွင် drill (ဇာတ်တိုက်လေ့ကျင့်ခန်း) များ လုပ်ခဲ့ရတာ မှတ်မိပါသေး၏။ ရွာက ပြည်သူ့စစ်များ သေနတ်များကို ပစ်ဖောက်ကာ ရွာသူရွာသားများက အိမ်အောက်ရှိ ကတုတ်ကျင်းများအတွင်း ဝင်ပုန်းကြ၊ သတင်းပို့ကြနှင့် လုပ်ကြ၏။ ထိုစဉ်က ကျွန်ုပ်တို့ရွာတွင် ပြည်သူ့စစ် တပ်ဖွဲ့ ဖွဲ့ပေးထားကာ သေနတ်များပါ တပ်ဆင်ပေးထားသည် ထင်ပါ၏။ (၁) ကွက်က ဦးမာဒင်တို့တောင် အဲသည် သေနတ်တွေနှင့် တောပစ်ထွက်ကြသေးသည် မဟုတ်လော။  

 

ကျွန်ုပ်တို့ (၇) တန်းကျောင်းသားဘဝတွင် ဗိုလ်ဘခက်ဆိုလား၊ ဗိုလ်အောင်ဒင်ဆိုလား၊ ဆိုသူကို ဖမ်းမိပြီးနောက်ပိုင်း တိုက်တာခိုက်တာတွေ လုံးဝပြတ်စဲသွားပြီးနောက် စစ်ကြောင်းများလည်း မလာတော့။ အဆစ်အနေနှင့် ကျွန်ုပ်တို့ရွာမှ အပျိုချောများမှာ စစ်သားများနှင့် ညားကုန်ကြလေသတည်း။ 

 

 

(၂) ကျွန်ုပ် တောသားအစစ် ဖြစ်ပုံအကြောင်း

 

ဝမ်းနည်းစရာကောင်းသည်မှာ ယခုအခါ ကျွန်ုပ်တို့ရွာအနီးတဝိုက်၌ တောဆို၍ ဘာတောမှ မရှိတော့ဘဲ အကုန် ပြောင်သလင်း ခါနေပြီ ဖြစ်၏။ ရွာကလူများ ပြောစကားအရ သစ်ကလေး ဝါးကလေးလိုချင်လို့ တောတက်လျှင် တစ်နေကုန်သည် ဆို၏။

 

ကျွန်ုပ်တို့ငယ်စဉ်ကမူ ရွာမှ တစ်နာရီသာသာလောက် လျှောက်လိုက်လျင်ပင် သစ်ဝါးတောများအတွင်းသို့ ရောက်လေ၏။ ကျွန်ုပ်ငယ်ငယ်က အဖေကြီးနှင့် အိမ်သုံးသစ်ဝါး၊ ထင်းများအတွက် တောတက်ခဲ့ဖူးပါ၏။ တောတက်၊ ထင်းခုတ်ပြီး အိမ်ပြန်လာပါက မနက် ၁၀ နာရီခွဲလောက်ဆို ပြန်ရောက်ပြီ။ ထင်းဆိုလျှင် မျောက်ချောသား ကောင်း၏။ ဖြတ်ရ၊ ခွဲရ လွယ်၏။ မီးကောင်း၏။ ခုခေတ် ကလေးတွေကတော့ ထင်းခုတ်တယ် ဆိုသည့်စကား ကြားဖူးချင်မှတောင် ကြားဖူး ကြပါလိမ့်မည်။ ကျွန်ုပ်တို့ငယ်စဉ်ကမူ ထင်းအတွက် တောတက်ရတာ အလုပ်တစ်ခု ဖြစ်၏။ လယ်သမားများ လယ်သိမ်း ပြီးကြသည့်အခါ တောတက်၍ မိုးတွင်းအတွက် ထင်း၊ ဝါးများ ခုတ်ယူ စုဆောင်းကြ၏။

 

ဤတွင် ကြားဖြတ်၍ ကလော်တုတ်ချင်သည်မှာ ဟိုမေဘေးများ ပေါက်တတ်ကရ ပြောတာကို ဖြစ်၏။

၎င်းတို့က တောများပြုန်းတီးရသည်မှာ ထင်းခုတ်၍ ဖြစ်သည် ဆို၏။ ထိုနှမလွှားတွေသည် ထင်းမခုတ်ဘူးပဲ ပေါက်တတ် ကရ အလေနတောတွေ လျှောက်ပြောတာ ဖြစ်၏။ အသင်တို့ ထင်းခုတ်ကြည့်စမ်းပါ။ ဘယ်လောက် ခက်ခဲ ပင်ပန်းသတုံး ဆိုတာ။ 

 

ထင်းအတွက် သစ်ပင်လှဲတယ်ဆိုတာ အဖေကြီးနှင့် ကျွန်ုပ် သားအဖနှစ်ယောက် ချွေးတဒီးဒီးကျအောင် ငါးမန်းစွယ်လွှနှင့် ဖြတ်တောက် ခုတ်လှဲရတာ ဖြစ်၏။ လှဲပြီးတော့လည်း ဒီအတိုင်း အသာလေး လှည်းပေါ်တင်လာလို့ရတာ မဟုတ်။ အကိုင်းအခက်တွေကို ခုတ်ရထွင်ရ ချိုင်ရသေး၏။ နောက်ပြီး သစ်ပင်ဆိုတာ မြေပြန့်မှာ ပေါက်တာမဟုတ်။ တောင်ပေါ် မှာ ပေါက်တာဖြစ်၏။ ထိုလှဲပြီး၊ ထွင်ပြီးသွားသည့် သစ်တုံးကို မြေပြန့်ရောက်အောင် နွားများနှင့် စွပ်ချရသေး၏။ ပြီးမှ ပင်စည်ကို သုံးပိုင်းတန်သည်၊ လေးပိုင်းတန်သည် ဖြတ်ကာ လှည်းပေါ်တင်ရတာဖြစ်၏။

 

သည်မျှ ပင်ပင်ပန်းပန်း ခုတ်လှဲရသည့်သစ်ပင်ကို အားအားလျားလျား မည်သူက မနေနိုင် မထိုင်နိုင် သွားလှဲနေပါမည် နည်း။ အခု ရွာအနီးပတ်ဝန်းကျင်တွင် ဘာသစ်တောမှ မရှိတော့။ အဲသဟာ ထင်းခုတ်တာနှင့် လားလားမှ မဆိုင်။ ထင်းခုတ်ခြင်းကြောင့် တောပြုန်းသည်ဆိုလျင်ပင် ထိုထင်းခုတ်ခြင်းသည် တောပြုန်းရခြင်းအကြောင်းရင်း၏ ၅% မျှပင် မရှိဟု ကျွန်ုပ် ဆိုချင်ပါ၏။

 

ဟိုနှမလွှားများသည် သစ်ပင်ခုတ်သည့် လွှစက်ကြီးများ၊ သစ်လုံးတင်ရန် ၁၂ ဘီးကားကြီးများနှင့်လာကာ ရှိသမျှ သစ်ပင် များကို အသုံးတည့်သည်ရော မတည့်သည်များပါမကျန် အကုန် အပြောင်ရှင်းသောကြောင့် ဖြစ်သတည်း။ ၎င်းတို့ ယန္တရားစက်ကြီးများသွားဘို့ လမ်းဖောက်တာတင် သစ်ပင်များ ပြောင်တလင်း ခါကုန်ပြီ ဖြစ်၏။ နောက်ပြီး ၎င်းတို့ လိုချင်သည့် သစ်ပင်ရရန် ဘေးနားက သစ်ပင်ကလေးများကိုပါ အကုန်ခုတ်ပစ်၏။ ကျွန်ုပ်တို့သားအဖ ငါးမန်းစွယ်နှင့် တစ်နာရီလောက် လှဲရသည့် သစ်ပင်ကို ၎င်းတို့က လွှစက်များသုံးလျက် မိနစ်ပိုင်းအတွင်း ခုတ်နိုင်၏။

 

သူ့ပထွေးတွေ သစ်တောတွေခုတ်လို့ ပြောင်သလင်းခါကုန်တာကို တောသားတွေ ထင်းခုတ်လို့ တောပြုန်းရပါသည်လို့ လွှဲချတာကတော့ ဦးဏှောက်မရှိရုံတင်မက ပညာမဲ့စွာ အရူးချီးပန်း လျှောက်ပြောရာလည်း ရောက်ပါသည်။

 

ကျွန်ုပ်တို့တောတွင် အိမ်အသုံးအတွက် သစ်ဝါးများကို ကိုယ့်ဘာသာ ခုတ်ယူ သုံးစွဲကြ၏။ ခြံကာဘို့ ဝါးခုတ်ရ၏။ အိမ်ခေါင်မိုးဘို့၊ အိမ်ကာဘို့၊ ခင်းဘို့ ဝါးလို၏။ ကြိုးချည်ဘို့ နှီးကို ဝါးမှဖြာယူ၏။ ယုတ်စွအဆုံး အီအီးပါတာတောင် ဝါးနှင့် သုတ်သင်တာ ဖြစ်၏။ 

 

ဆိုတော့ ဝါးကိုလည်း ခုတ်ရ၏။ ပြောတော့သာ လွယ်တာ ခင်ဗျား။ ဝါးခုတ်တာလည်း ထင်းခုတ်တာလိုပင် ပင်ပန်း ပါသည်။ ဝါးတစ်စည်းရဘို့ မနည်း အသည်းအသန် ခုတ်ယူရတာ ဖြစ်၏။ ဝါးဟူသည် တစ်ပင်တည်း ဖြောင့်ဖြောင့် တန်းတန်းကလေး ပေါက်နေတာ မဟုတ်။ အရုံလိုက်ပေါက်နေတာ ဖြစ်၏။ ဝါးကောင်းက ဝါးရုံ အပြင်ဘက်မှာဆို ဘာ ခဲယဉ်းပါမတုံး။ အသာလေး ခုတ်လိုက်ရုံ ဖြစ်၏။ သို့သော် ဝါးရုံအတွင်း၌ ပေါက်နေသည့် ဝါးကောင်းကိုထုတ်ယူဘို့ မလွယ်လှ။ ဝါးပင်များမှာ တစ်ပင်နှင့်တစ်ပင် အကိုင်းအခက်များ ရှုပ်ထွေးနေသည်ဖြစ်ရာ ထိုအကိုင်းအခက်များကို မနည်းရှင်းထုတ်ယူရ၏။ ကျွန်ုပ်တို့ဘက်တွင် အသုံးများသည့် အိမ်သုံးဝါးများမှာ ကြသောင်းဝါး၊ မျှင်ဝါး၊ တင်းဝါး၊ ဝါးနက်ဝါး၊ နှီးဝါးများဖြစ်၏။

 

ဝါးစည်းကိုထမ်းပြီး ပြန်လာရတာလည်း မသက်သာလှပါ။ ကျွန်ုပ်တို့မူ နွားလှည်းရှိ၍ တော်ပါသေး၏။ 

ကျွန်ုပ်ငယ်စဉ်က ထင်းခုတ်၊ ဝါးခုတ်တာတို့ လုပ်ခဲ့ဖူးပါ၏။ လျှာတန်းလန်းထွက်အောင် ပင်ပန်းလှ၏။

 

မြို့သို့သွား၍ လောကဓာတ်ကျောင်း တက်နေသည် ဆိုသည့်တိုင် ကျောင်းပိတ်ရက်များတွင် အဖေကြီးကို ကူလုပ်ပေးရ သဖြင့် တောသားတွေလုပ်သည့် ဝါးဖြင့် အိမ်ခြံစည်းရိုးကာတာ၊ အိမ်ခေါင်မိုးတာ၊ မြက်ရိတ် ကောက်ရိတ်တာ၊ လယ်ထွန် ပျိုးနှုတ်လုပ်တာ၊ ကောက်လှိုင်းစည်း၊ ကောက်လှိုင်းသယ်၊ တလင်းနယ်တာ၊ စပါးသယ်၊ နွားကျောင်းစတာတွေ အကုန် ကျွန်ုပ်လုပ်တတ်ပါသည်။ သို့သော် မြက်ရိတ်၊ ကောက်ရိတ်တာ ကျွန်ုပ် သိပ် အဖြစ်မရှိပါ။ များသောအားဖြင့်တော့ အဖေကြီးသာ ရိတ်ပေးရပါသည်။

 

ကျွန်ုပ်တို့လယ်နှင့် ရွာအကြားတွင် ကျွန်ုပ်ဘကြီးများ ဥယျာဉ်လုပ်ထားသည့် တောင်ကုန်းကလေးတစ်ခု ရှိ၏။ ညနေဘက် နွားစာမြက်ရိတ်အပြီး မြက်ထုံး ရှေ့တစ်ထုံးနောက်တစ်ထုံး ထမ်းကာ ပြန်လာသည့်အခိုက် ထိုတောင်ကုန်းပေါ် တက်ရ သည်မှာ ရွှံ့များနှင့် ချောနေသည့် မြင့်မိုရ်တောင်ကို ဟိုဂန်းမကလေး ပုခုံးထမ်းပြီး တက်ရသလို အလွန် ပင်ပန်းလှ၏။ 

 

တောင်ထိပ်ရောက်သည်နှင့် ကျွန်ုပ်မှာ မြက်ထုံးထမ်းပိုးကို ဝုန်းကနဲပစ်ချလျက် မြေကြီးပေါ်လှဲအိပ်လိုက်ရ လေသတည်း။ ပင်ပန်းလိုက်သည်မှာ မပြောပါနှင့်။ ခညားတို့ အင်မတန်ပင်ပန်းပါသည် ဆိုတာထက် ၃.၅ ဆလောက် ပိုသေးသည်။

 

နောက်ပြီး နွားတွေလည်ပုံ ပြောပြပါရစေဦး။

နွားများသည် လူများထက်လည်သေး၏။

ကျွန်ုပ် ဆယ်တန်းဖြေပြီးတော့ အောင်စာရင်းစောင့်၊ အောင်စာရင်းသိရပြန်တော့ တက္ကသိုလ်တက်ဘို့စောင့် နှင့်။ ထိုအားလပ်နေသည့် ကာလများတွင် အဖေကြီးနှင့် တောင်သူအလုပ်များ ကူလုပ်ရ၏။

အထက်တွင်ဖော်ပြခဲ့သည့် ထင်းခုတ်၊ ဝါးခုတ်အလုပ်များမှာ ထိုကာလများတွင် လုပ်ခဲ့ရတာ ဖြစ်၏။

 

အဖေကြီးက ယွကျားတို့တပ်အပ်သည့် အဋ္ဌာရသ တစ်ဆယ့်ရှစ်ရပ်ကို မတတ်မနေရ တတ်စေရန် ကျွန်ုပ်ကို တောသူ တောင်သားတို့ တတ်အပ်တာမှန်သမျှ​ အကုန်ခိုင်းလေ၏။

 

ဆိုတော့ မိုးကျလာသည့်အခါ ထယ်ထိုးခြင်း၊​ လယ်ထွန်ခြင်းအမှုများကို ပြုရလေတော့၏။ ထယ်မှာ တစ်သွားထယ် ဖြစ်လေရာ တစ်ခါဆွဲမှ တစ်ကြောင်းသာပြီး၏။ လယ်တစ်ကွက်လုံးပြည့်အောင် ထပ်ခါထပ်ခါ လှည့်လည်ထိုးသွားရ လေရာ အင်မတန် ပျင်းစရာကောင်းသည့် အလုပ်ဖြစ်၏။ ထယ်ထိုးတုံးက ဘသားချောများမှာ သိပ်မဆိုးလှ။ သဘောကောင်းပါသေး၏။

 

ထယ်ထိုးပြီးနောက် လယ်ထွန်ရ၏။ လယ်ထွန်ရခြင်းမှာ ရွှံ့ထဲတွင် တဗွမ်းဗွမ်းနှင့် ထွန်ရလေရာ ခြေလှမ်းရသည်မှာ အလွန် ပင်ပန်းလှ၏။ မနက်ပိုင်းမှာ သိပ်ကိစ္စမရှိသေး။ ဆယ်နာရီလောက် ရောက်လာတော့ မောင်မင်းကြီးသားတို့က ပင်ပန်းလာသဖြင့် ပညာပြတော့၏။ ဟျောင့် - ဟို ဂန်းမသားလေး ငါတို့ကို အနားမပေးဘဲ တောက်လျှောက်ခိုင်းနေတာ လွန်လာပြီကွ။ ငါတို့ ပညာပြရ မကောင်းဘူးလား ဟု အချင်းချင်းတိုင်ပင်လျက် ဘယ်လိုမောင်းမောင်း မသွားတော့ဘဲ ရွှံ့ထဲတွင် ပေရပ်နေလေ၏။ 

 

ကျွန်ုပ် သူတို့ကို ချော့မောင်းကြည့်၏။ မရ။ မောင်မင်းကြီးသားတို့က ခေါင်းလေးအသာခါလျက် ပေရပ်နေလေ၏။ အောင်မယ်၊ စားမြုံ့လေးများတောင် ပြန်နေလိုက်ပါသေး။ စွကျိုးနဲ။

 

ကျွန်ုပ်လည်း အလွန်စိတ်တိုလာလေရကား လက်ထဲရှိကြိမ်လုံးနှင့် ၎င်းတို့ ကျောပြင်ကို ဗျောတင်လေ၏။ ပထမ ၃-၄-၅ ချက်။ ဘယ်လိုမှ မနေ။ သို့နှင့် နောက်ထပ် ဆင့်ကာဆင့်ကာရိုက်လေရာ နှစ်ကောင်သား အတိုင်အဖောက်ညီစွာ ထွန်ကြီး တန်းလန်းနှင့် ကန်သင်းများကို ကျော်ခွလျက် အသားကုန် ပြေးလေ၏။ စိုက်ပြီးသား လယ်ကွက်များကိုပါ ဖြတ်ပြေး သဖြင့် ကျွန်ုပ်မှာ မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် နောက်က အတင်းလိုက်ရ၏။ လယ် ၃-၄ ကွက်ကျော်မှ ရပ်၏။ ထွန်သံများ အကုန်ကျိုးလေပြီ။ ယွကျားရင့်မလေး (အခုမှ ၁၆ နှစ်ဆိုတော့ ယောက်ျားရင့်မကြီးမဖြစ်သေး။) ဖြစ်သဖြင့် ချုံးပွဲချ မငိုသည့်တိုင် ကျွန်ုပ်မှာ မျက်ရည် ၆ စက်ခွဲတိတိ ကျလေသော ဟူသတတ်။

 

နောက်ပြီး လှည်းမောင်းတော့လည်း ပညာပြ၏။ 

 

အခြားလှည်းများနှင့်အတူ မောင်းနေလျှင် ပြဿနာမရှိ။ ရှေ့ဆင့်နောက်ဆင့် ဆိုတော့ သူတို့နှင့် မှေးလိုက်သွားလို့ ရ၏။ အဲ ကိုယ့်တစ်စီးတည်းသာ ဆိုလိုကတော့ မောင်မင်းကြီးသားတို့က ကောင်းကောင်း ပညာပြ၏။ ခြေကို မလှမ်းချင့် လှမ်းချင် လှမ်းကာ သွားနေ၏။ ဘယ်လိုမှ မောင်းလို့မရ။ သူတို့ပြေးချင်ပြီဆိုလျှင်လည်း ဘယ်လိုမှ​ ဆွဲလို့မရ။

 

သို့တိုင် အခါခပ်သိမ်းတော့လည်း မဟုတ်ပါ။ သူတို့စိတ်မထင်သည့်အခါမှ လုပ်တာဖြစ်၏။

ကျွန်ုပ်တို့က နေ့တိုင်း ထိတွေ့ ဆက်ဆံနေရတာဆိုတော့ ကိုယ့်အိမ်သူအိမ်သားများလို ဖြစ်နေပါပြီ။ ထို့ကြောင့် များသော အားဖြင့် အဆင်ပြေသည်ဟု ဆိုနိုင်ပါသည်။ ကျွန်ုပ်ကလည်း သူတို့ကို ချစ်ပါသည်။ လှည်း၌ တပ်လိုက်သည်နှင့် မောင်းနေ စရာတောင် မလို။ ကိုယ်က နည်းနည်းလောက် ထိန်းကျောင်းပေးလိုက်လျှင်ပင် သွားချင်သည့်ခရီးကို ရှောရှောရှူရှူ ရောက်ပါ၏။

 

မနက် မိုးလင်းလာလျင် မျက်နှာသစ်ပြီးပြီးချင်း တင်းကုပ်ပေါ်တက်ရ၏။

သူတို့ကို ဂွတ်မောနင်းလုပ်လျက် နွားချေးများ ထိုးချ။ ကောက်ရိုးများ ထပ်ဖြည့်ပေး။ ရေကလေးလည်း ဖြန်း။

ညနေဘက်ရောက်လို့ အလုပ်ပြီးပြီဆိုလျှင် သူတို့ကို ရေချိုးပေးရ၏။ 

 

ကျွန်ုပ် နွားများကို မရိုက်တတ်ပါ။ ရိုက်လေ့မရှိပါ။ ရိုက်လည်းမရိုက်ချင်ပါ။ သူတို့ခမျာ ပိုက်ဆံလည်း တစ်ပြားမှ မရပါဘဲလျက် အလုပ်လည်း အလကားလုပ်ပေးရသေးသည်။​ အရိုက်လည်း ခံရသေးသည်ဆိုလျှင် အဘယ်မှာလျင် တရားပါမည်နည်း။

 

နောက်ပြီးတော့ အကောင်ပလောင်လေးများ သတ်ရမှာကိုလည်း ကျွန်ုပ် လက်မရွံ့။

တစ်ခါက ကျွန်ုပ် အစ်မတစ်ဝမ်းကွဲတော်သူ မမစိန်လှက မောင်လေးစားဘို့ ဆိုပြီး ကြက်တစ်ကောင် ပေးလိုက်၏။ ထိုကြက်ကြီးကိုင်ပြီး ကျွန်ုပ် ဘာလုပ်ရမှန်းမသိ။ ကြက်ကို မသတ်ရဲ။

ဖိုးတင်ဦးက ဒါလေးများကွာ ဆိုပြီး သရက်ပင်နှင့် သုံးလေးချက်ကိုင်ရိုက်လိုက်တော့ ကြက်ကလေးမှာ ကတော်ကတော် တောင် မအော်နိုင်။ ကိစ္စချောသွားလေ၏။

 

နွေပေါက်ပြီလားဆိုမှဖြင့် တောရွာများ၌ မလုပ်မဖြစ် လုပ်ရသည့် အလုပ်တစ်ခုမှာ အိမ်မိုးခြင်း ဖြစ်သတည်း။

များသောအားဖြင့် အိမ်၊ မီးဖိုချောင်၊ တင်းကုပ်များကို သက်ကယ် (သက်ငယ်) ပျစ်များဖြင့် မိုး၏။ ပိုက်ဆံသိပ် မတတ်နိုင်သူများကတော့ ဖက်မိုးရ၏။ တချို့ကျတော့ အိမ်ကို သက်ကယ်မိုးကာ မီးဖိုချောင်နှင့် နွားတင်းကုပ်ကို ဖက်မိုး၏။

 

အိမ်မိုးတာ ဘာအဖိုးအခမှ ပေးစရာမလိုပါ။ ကျွန်ုပ်တို့လို လူငယ်တစ်သိုက်က လူစုလျက် သူ့အိမ်ကိုယ်မိုး၊ ကိုယ့်အိမ် သူမိုး၊ အလှည့်ကျ လိုက်မိုးပေးတာ ဖြစ်ပါ၏။ သားသမီးမရှိသူများလည်း ဘာမှ ပူစရာမလို။ ထိုလူငယ်တစ်သိုက်ကပင် လူစုလျက် သွားမိုးပေးလိုက်တာဖြစ်၏။ 

 

သက်ကယ်ဆိုလျင် တစ်ပျစ်နှင့်တစ်ပျစ် ခပ်စိပ်စိပ်ထပ်ကာ နှစ်နှစ်ခံ၊ သုံးနှစ်ခံ စသဖြင့် မိုးလို့ရ၏။ သို့သော် ဖက်ကတော့ ဘယ်လောက်ကောင်းသည့်ဖက် ဖြစ်ဖြစ် တစ်နှစ်တစ်ခါ အမိုးသစ် လဲကြရ၏။ 

 

ဖက်ဆိုလျှင် မထောင်းတာ။ သက်ကယ်မှာ အလွန်ယားလှ၏။ အထူးသဖြင့် အမိုးသစ်မိုးရန် အမိုးဟောင်းကို ဖျက်သည့် အခါ သက်ကယ်ရွက်များ ကျိုးကြေကုန်လျက် အလွန်ယား၏။ အမိုးကိုဖျက်သည့်အခါလည်း အထူးသတိထား ဖျက်ကြ၏။ အချို့ကောင်းသေးသည့် အပျစ်များကို သပ်သပ်ခပ်ခပ် ချကာ သီးသန့်ပုံထားရ၏။ ၎င်းတို့ကို အိမ်သာ၊ ကောက်ရိုးစင် စသည်တို့၌ ပြန်မိုးနိုင်သေး၏။ 

 

ခေါင်မိုးမိုးတာ ညအခါ လသာသည့် ညများတွင် မိုးကြတာ ဖြစ်၏။ 

ဟင့်အင်း၊ ကျွန်ုပ်တို့ အိမ်ခေါင်မိုးပေါ်တက်ပြီး အလုပ်လုပ်ကြသည့်တိုင် ခေါင်မိုးပေါ်က ပြုတ်ကျတာ တစ်ခါဖူးမှ မကြား စဖူးပါ။ သည်လိုပဲ တိုင်တွေကို ဖက်တက်ကြ၊ မိုးပြီးလို့ ပြန်ဆင်းလာတော့လည်း ဝါးလှေခါးဖြင့် ပြန်ဆင်းလာကြတာ ဖြစ်၏။ သို့သော် အချို့ခေါင်မိုးဆင့်ဝါးလုံးများမှာ ပိုးထိုးနေတတ်သဖြင့် သတိထားကြရန် အပြန်အလှန် သတိပေးကြ၏။ 

 

မိုးပြီးသည့်အခါ သည်အတိုင်း ပစ်ထားခဲ့တာမဟုတ်ပါ။ ဖျက်ချထားသည့် ဖက်/သက်ကယ်ပျစ်ဟောင်းများကို စုပုံကာ အမှိုက်သရိုက်များကိုလည်း ရှင်းပေးခဲ့သေးတာဖြစ်၏။ အားလုံးပြီးတော့ အနားမှာရှိသည့် ရေတွင်း၌ ရေချိုးကြ၏။ ရေချိုးပြီးတော့ အိမ်ရှင်တည်ခင်းသည့် ကြက်သားနှင့်ဘူးသီး ကာလသားချက်နှင့် ညစာကို မြိန်ရည်ရှက်ရည် စားကြ၏။ ကျွန်ုပ်တို့ ငယ်စဉ်က ညအခါ၊ လသာသာ၊ ကစားမလား နားမလ . . လ . . (ဟုတ်ပေါင် - မွှားကုန်ပြီ) 

ကျွန်ုပ်တို့ ငယ်စဉ်က ညအခါ၊ လသာသာတွင် ခေါင်မိုးမိုးကြ၊ ကြက်ကာလသားဟင်းနှင့် စားကြသည်ကို အခုပြန်တွေး၊ အခုသွားရည်ကျ၏။ လွမ်းထှာ . . . ကတောက်စ်

 

ဤတွင် အိမ်မိုးသည့်ပစ္စည်းများအကြောင်း နည်းနည်းလောက် လျှာရှည်ပါရစေဦး။

သက်ကယ်ကို သက်ကယ်ကျင်းများ၌ ရိတ်ယူရ၏။ နောက်ပြီး မိန်းမပျိုလေးများက သက်ကယ်ပျစ်၏။ သက်ကယ်က ဖက်ထက်ပိုခံ၏။ ကျွန်ုပ်တို့ရွာဘက်တွင် သက်ကယ်ကျင်းများမရှိ။ အရှေ့ဘက်ရွာများဆီက ဝယ်ရ၏။ 

 

ဖက် ဆိုသည်မှာ အင်ဖက်များ ဖြစ်၏။ ကျွန်ုပ်တို့ရွာ၏ တောင်နှင့်မြောက်ဘက် မလှမ်းမကမ်း၊ နာရီဝက်၊ ၄၅ မိနစ် လောက် သွားရသည့်နေရာတွင် ကုန်းပြင်မြင့်ကြီးတစ်ခုစီ ရှိ၏။ ကျွန်ုပ်တို့ရွာမှာ ထိုကုန်းပြင်မြင့်ကြီး နှစ်ခုအကြားတွင် ရှိ၏။ ထိုကုန်းပြင်မြင့်ကြီးများကို ကျော်ချလိုက်ပါက မြောက်ဘက်လားသော် ကျီးပင်၊ ထုံးပေါ် စသည့်ရွာများသို့ ရောက်၏။ တောင်ဘက်လားသော် ရှားတော၊ လဲခုံကြီး၊ လဲခုံလေး စသည့်ရွာများသို့ ရောက်၏။ 

 

ထိုကုန်းပြင်မြင့်ကြီးပေါ်တွင် အင်တောကြီးများ ရှိ၏။ အင်ပင်မှ အင်ရွက်ရ၏။ အင်ရွက်ကြီးများမှာ ဗျက် ၄၀၀ မှ ၅၀၀ မီလီမီတာ၊ အရှည် ၅၀၀ မှ ၆၀၀ မီလီမီတာခန့်ထိ ရှိ၏။ ဝါးတောကွင်းသူများသည် ထိုကုန်းပေါ်သို့တက်လျက် ဖက်ကောက် သွားကြ၏။ ပြန်လာသော် ပိုးမထိုးစေရန် ထိုဖက်ထုပ်များကို ရေထဲ၌ စိမ်ထားရ၏။ ၄-၅ ရက်လောက် ရေစိမ်ပြီးနောက် ဆယ်ကာ ၁ မီတာခွဲလောက် အရှည်ရှိသည့် ဝါးတံကလေးများတွင် ဝါးအပ်ကလေးများနှင့်ထိုးကာ တပ်၏။ ဖက်ထိုးသည်ဟု ခေါ်၏။ ထိုဖက်များကို အမိုးအတွက်သာမက ဆင်းရဲသည့်အိမ်များက ကာရန်အတွက်ပါ သုံးကြ ၏။ 

 

ကျွန်ုပ်တို့ ငယ်စဉ်ကမူ ရွာနံဘေးတွင် ချောင်းရှိရာ ထိုချောင်းရေထဲ၌ ဖက်ထုပ်များကို ရေစိမ်ကြ၏။ ဟိုတစ်ခေါက် ရွာရောက်တော့ ချောင်းမှာ ကောနေလေပြီ။ သူတို့ ဘယ်သွား ဖက်ထုပ်ရေစိမ်ကြပါလိမ့်။ အဲလေ -

 

အဲသဟာတွေ အခုတော့ ပါးစပ်ရာဇဝင်လေး တစ်ခု ဖြစ်ကျန်ခဲ့ပါပြီ။ အနှီကျောပြင်ကြီးများကို ဟိုဒါးဇောင်းများသည် အကုန်သိမ်းပိုက်၊ ဝင်းခတ်လျက် ဘယ်သူမှမဝင်ရ ဟု လုပ်ထားကြောင်း သိရ၏။ ထို အင်တောကြီးများနှင့် ကျွန်ုပ်တို့ ငယ်စဉ်က ကောက်စားခဲ့သော သပြေသီးများသီးပေးသည့် သပြေပင်ကြီးများမှာ အကုန်ပြောင်သလင်းခါနေလောက် ပါပြီ။ ထိုအေဘေးတွေရှိနေသမျှ​ ကာလပတ်လုံး ကျွန်ုပ်ချစ်သော မြန်မာပြည်ကြီးသည် ငါးပါးမှောက်နေဦးမည် ဖြစ်၏။ ထိုခွားမသေးအားလုံးသည် အမြန် မသာပေါ်ကြပါစေသတည်း။ ကာလနာ တိုက်ကြပါစေသတည်း။ ငရဲသို့ နေ့မဆိုင်း၊ ညမဆိုင်း express နှင့် ရောက်ကြပါစေကုန်သတည်း။ 

ဆက်ပါဦးမည်။

 

အေးငြိမ်း

၂၈ အောက်တိုဘာ၊ ၂၀၂၃

Saturday, October 21, 2023

ဘုန်းမောင့်တစ်ယောက်ထဲရယ်

ကျွန်ုပ် ဗန်းမော်တင်အောင် ၏ “ဘုန်းမောင့်တစ်ယောက်ထဲရယ်” ကို ဖတ်ဖို့ ရှာဖွေကြည့်သည့်အခါ -

Myanmar ebook library ၌ epub အနေနှင့် တင်ထားတာတွေ့ရ၏။ အဖုံးတွင် စိတ်ကူးချိုချို အနုပညာ၊ ဆဋ္ဌမအကြိမ် ဟု ဖော်ပြထား၏။

https://www.mm-lib.com/book/200




 ဖတ်ကြည့်တော့ အရင်ဖတ်ဖူးထားတာနှင့် မတူသည်ကို သတိပြုမိ၏။ ၎င်းတို့က စာကိုပြန်ရိုက်ပြီး တင်ထားသည်ဖြစ်ရာ ဤစာသားများမှာ စိတ်ကူးချိုချိုကထုတ်ထားသည့် စာအုပ်ပါ စာသားများအတိုင်း ဟုတ်သလား မဟုတ်ဘူးလား ဆိုသည် ကိုတော့ စိတ်ကူးချိုချိုက စာအုပ်ကို မဖတ်ဖူး၍ ကျွန်ုပ်မသိပါ။ 

 

သို့နှင့် ထပ်ရှာကြည့်တော့ mmteashop က စာရိုက်ကာ pdf လုပ်ထားတာတစ်ခု သွားတွေ့ပြန်၏။ သူလည်း မထူးပါ။ စာများမှာ epub က စာသားများအတိုင်း ဖြစ်၏။ mmteashop စာအုပ်မျက်နှာဖုံးတွင်မူ “ဘုန်းမောင်တစ်ယောက်ထဲ ရယ်” ဟု ရေးထားလေရာ အတော်ဆိုးပါသည်။ “ဘုန်းမောင့်တစ်ယောက်တည်းရယ်” နှင့် “ဘုန်းမောင်တစ်ယောက်ထဲ ရယ်” အဓိပ္ပာယ် အတော်ကွာ၏။ ဤကဲ့သို့ ပြီးစလွယ်လုပ်သည့် အလုပ်မျိုးကို ကျွန်ုပ် နည်းနည်းမှ မနှစ်သက်ပါ။

https://zarmanee.files.wordpress.com/2011/07/e18098e180afe18094e180b9e180b8e180b1e18099e180ace18084e180b9e18090e18085e180b9e180b1e1809ae180ace18080e180b9e18091e180b2e1809be1809a.pdf

 



ထိုစာနှစ်အုပ်ကိုဖတ်ပြီး ကျွန်ုပ် မကျေနပ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် “ဘုန်းမောင့်တစ်ယောက်ထဲရယ်” ထဲက စာသားများကို ကျွန်ုပ် မှတ်မိနေသဖြင့် မူရင်းစာအုပ်ကော်ပီကို ထပ်ရှာပြန်ပါ၏။ ထိုအခါ အောက်ပါ FB link တွင် စာအုပ်ကို scan လုပ်ထားသည့် pdf file တစ်ခုကို ကျေးဇူးတင်စွာ ရပြန်ပါ၏။ ထိုစာအုပ်မှာ ၂၀၁၂၊ နိုဝင်ဘာလ၊ လင်းယုန်စာပေက ထုတ်ထားသည့် စာအုပ်ကို scan ဆွဲထားတာ ဖြစ်၏။

https://m.facebook.com/familybooks53/posts/3194278430794084/




 အထက်တွင်ဖော်ပြခဲ့သည့် epub စာအုပ်တွင်ရော၊ mmteashop စာအုပ်တွင်ပါ အမှာစာများ တစ်ခုမှ ထည့်မထား။ လင်းယုန်စာပေကထုတ်သည့် စာအုပ်ကို scan ဆွဲထားသည့် pdf တွင်မူ အမှာစာအားလုံးပါ၏။

 

ကျွန်ုပ်မူ “ဘုန်းမောင့်တစ်ယောက်တည်း” ကို တစ်မျိုးသာဖတ်ဖူးပါ၏။ ယခု epub နှင့် mmteashop ပါ စာသားများကိုမူ ယခုမှ တအံ့တဩဖတ်ဖူးရတာ ဖြစ်ပါ၏။ 

 

နောက်တစ်ခုမှာ အကယ်၍သာ အသင်တို့သည် ဗန်းမော်တင်အောင်၏ စာအုပ်များကို ဖတ်ဖူးသူဖြစ်ပါက ၎င်း၏ အရေးအသားကို သတိပြုမိပါလိမ့်မည်။ အောက်တွင် ဗန်းမော်တင်အောင်၏ အရေးအသားအနည်းငယ်ကို ပြထားပါ၏။

 

“အင်မတန်ရင်းနှီးသော မိတ်ဆွေချင်းမို့သာပဲ သူသည် ကိုဘုန်းနိုင်ကို ယခုကဲ့သို့ လာရောက် ကြည့်ရှုကာ အားပေးခြင်း ဖြစ်လေသည်။”

“သူ့ရောဂါကိုလည်း ကိုဘုန်းနိုင်သည် ကောင်းစွာပဲ သိပါသည်။”

“သူသည် စိတ်ချုံးလူချုံးဖြစ်ကာ ဗုန်းဗုန်းကြီး လဲကျသွားခြင်းပဲ ဖြစ်လေသည်။”

“ဒါပေမဲ့တော့ကာ ဗမာပြည်က တက္ကသိုလ်ကျောင်းစရိတ်သည် အင်မတန်ပဲ ဈေးကြီးလှပါဘိသည်။”

 

epub နှင့် mmteashop မှ စာအုပ်များတွင် ဗန်းမော်တင်အောင့် ရေးဟန်များကို ကျွန်ုပ် မတွေ့မိပါ။ နောက်မှ သူ့ အရေးအသားကို သူမကြိုက်၍ ပြန်ပြင်ရေးထားတာ ဆိုလျှင်တော့လည်း မပြောတတ်ပါ။ 

 

လွန်ခဲ့သော ၁၀ နှစ်ခန့်က ကျွန်ုပ် ဆရာကြီးရွှေဥဒေါင်း၏ ‘တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ’ စာအုပ်ကို အင်တာနက်မှ download လုပ်ခါ ဖတ်ခဲ့ဖူးပါ၏။ စာရိုက်သည့်အဖွဲ့က Myanmar Cupid Forum ထင်ပါသည်။​ မေ့နေပြီ။ ထိုစာအုပ်ကိုလည်း ကွန်ပြူတာစာစီထားရာ စာရိုက်သူ၏ အမှားအယွင်း အကျအပေါက် များစွာတွေ့ရသဖြင့် အတော်လေး စိတ်မသက်မသာ ဖြစ်ခဲ့ဖူးပါ၏။ 

 

ထိုသို့ဆိုလိုက်သဖြင့် ထိုအမှားများကြောင့် ထိုစာများကို ကျွန်ုပ် နားမလည်တော့ပြီလားဟု အသင်တို့ မေးစရာရှိပါ၏။ နားတော့လည်ပါ၏။ ပမာပြရလျှင် အသင်တို့သည် အင်မတန် အရသာရှိလှသော ဒံပေါက်ထမင်းကို စားနေစဉ် မကြာခဏ ခဲ ကိုက်မိပါက အသင်တို့ ဘယ်လိုနေမည်နည်း။ ယခုလည်း အဲသလိုပဲ ဖြစ်ပါ၏။

 

ထိုစာအုပ်များကို ကွန်ပြူတာစာပြန်စီသူများသည် အဘယ်ရည်ရွယ်ချက်နှင့် စာပြန်စီကြသည်ကို ကျွန်ုပ် မသိပါ။ ကျွန်ုပ် သဘောကို ပြောရပါလျှင် ထိုစာအုပ်များကို ဖြန့်ဝေလိုပါကလည်း စာတစ်အုပ်လုံးကို scan ဆွဲလိုက်တာက အချိန်ကုန် လည်း သက်သာ၏။ လူလည်း သက်သာ၏။ ကုန်ကျစရိတ်လည်း ပိုနည်း၏။ 

 

စာအုပ်မျှဝေသူများကို ကျေးဇူးတင်ချင်ပါသည်။

သို့သော် သေသေသပ်သပ်၊ သပ်သပ်ရပ်ရပ်၊ အမှားအယွင်းကင်းကင်းကလေး ဖတ်ရလျှင် အပြည့်အဝ ကျေးဇူးတင်ရမည် ဖြစ်ပါ၏။

ယခုမူ ကျေးဇူးတင်သည့်တိုင် အောင့်သက်သက်နှင့် တင်ရတာဖြစ်၏။

 

အသင်တို့သည် မည်သည့်ပုံစံနှင့် ကျေးဇူးတင်ခံရတာကို အလိုရှိပါသနည်း။

ဤသည်မှာ အသင်တို့ပေါ်သာ မူတည်ပါသည်။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၁ အောက်တိုဘာလ၊ ၂၀၂၃

Sunday, October 15, 2023

အသင်တို့ အမှိုက်ကို တွေ့ကရာမပစ်ခြင်းသည် ပိုက်ဆံကိုချွေတာရာရောက်သည် ဆိုခြင်းအကြောင်း

အလုပ်သမားများအားသင်ရသော သင်တန်းတွင် စင်ကာပူ၌ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအကြောင်းပါ သင်ရ လေရာ ကျွန်ုပ်က စင်ကာပူတွင် အမှိုက်ကို တွေ့ကရာပစ်ခဲ့သည်ရှိသော် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၂၀၀၀ ထိ တပ်ရိုက်နိုင်ကြောင်း ပြော၏။

 

ထိုအခါ သင်တန်းသားများထဲမှ စကားကို အ,ထစ် အ,ထစ်နှင့် မြန်မြန်ပြောတတ်သော ကောင်လေးတစ်ယောက်က ထလာကာ တစ်ခုခုပြော၏။ သူ ဘာပြောမှန်း ကျွန်ုပ်က နားမလည်။ ဘာပြောတာလဲကွ ဆိုတော့ သူ့ဘေးက ကောင်လေးတစ်ယောက်က သူ စီးကရက်တိုပစ်မိ၍ ဒဏ်ငွေ ၃၀၀ ဆောင်ရတာ ပြောသည့်အကြောင်း ဘာသာပြန် ပြသဖြင့် သိရ၏။ 

 

ဘယ်လိုဖြစ်တာတုံးကွ၊ လုပ်စမ်းပါအုံး ဆိုတော့ သူ စီးကရက်သောက်ပြီး စီးကရက်တိုကို လမ်းပေါ်ပစ်ချကာ ဖိနပ်နှင့် နင်းလိုက်စဉ် “Excuse me” ဆိုပြီး လူတစ်ယောက်အနားကပ်လာကာ ကပ်ကလေးတစ်ခု ထုတ်ပြသည်ဆို၏။ ထို့နောက် ထိုသူက blah blah blah နှင့် ရှင်းပြ၏။ တစ်လုံးကမှ နားမလည်။ နောက်တော့ စာရွက်ဖြတ်ပိုင်းလေး ထုတ်ပေးလို့ ကြည့်လိုက်တော့မှ သဘောပေါက်။ 

 

အောင်မငီး၊ ခုနင်က စီးကရက်တို ပစ်ချမိလို့ ပိုက်ဆံ ၃၀၀ ဘိုးနပ်စ်ပေးသွားမှန်းသိရ။ 





 

၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့က Jurong East တွင် အမျိုးသားတစ်ဦး ရပ်ထားသော သူ့ကားဆီလျှောက်လာရင်း လက်ယားလာ၍ သားရေကွင်းနှစ်ကွင်းကို ရှေ့နောက်ပစ်လိုက်သည်ဆို၏။ ဤသည်ကို NEA officer မြင်လေသော် $300 ဒဏ်ရိုက်လေ၏။ 

https://www.straitstimes.com/singapore/environment/man-fined-300-for-shooting-2-rubber-bands-onto-public-road

 

ထိုနှစ် ၂၀၁၉ မေလ ၁၆ ရက်နေ့ကလည်း Woodland တွင် အမျိုးသားနှစ်ယောက် အအေးသောက်ပြီး ဘူးများကို အနီးရှိ ထင်းရူးသေတ္တာပုံးပေါ် တင်ခဲ့မိသဖြင့် တစ်ဦးလျှင် စလုံး ၃၀၀ ဒဏ်ရိုက်ခံရလေသည်။ 

 

၂၀၁၈ ခုနှစ်အတွင်း အမှိုက်ပစ်သူ ၃၉၀၀၀ ကို NEA က ဖမ်းဆီးအရေးယူခဲ့၏။ 

https://www.straitstimes.com/singapore/environment/litterbugs-going-out-of-fashion-as-nea-turns-to-tech-issuing-7000-more-fines

 

အများပြည်သူပိုင်နေရာ၌ အမှိုက်ပစ်ပါက ပထမအကြိမ် S$2000, ဒုတိယအကြိမ် S$4000, တတိယနှင့် နောက်အကြိမ် များအတွက် S$10,000 ထိ ဒဏ်ရိုက်နိုင်၏။ အလုပ်ကြမ်းလည်း ခိုင်းနိုင်၏။


 

ကျွန်ုပ်တို့ စာသွားသင်နေသည့် Ever Safe သင်တန်းကျောင်းက ဂျူကွန်းတွင်ရှိ၏။ ထိုနေရာက Ever Safe တွင် သင်တန်းပေါင်းများစွာကို လူမျိုးပေါင်းများစွာတို့ လာတက်၏။ များသောအားဖြင့် အလုပ်သမားများ ဖြစ်၏။

 

ဆေးလိပ်သောက်တတ်သူများက ကျောင်းရှေ့ သရက်ပင်အောက်တွင် ဆေးလိပ်သောက်ကြ၏။ တချို့က ပလက်ဖောင်း ၌ထိုင်လျက်၊ တချို့က ဝင်းအပြင်ဘက် ရေမြောင်းလက်တန်းများကို မှီလျက် ဆေးလိပ်သောက်ကြ၏။ 

 

NEA officer ကလည်း လူဗားခင်ဗျာ။

ဗမာပြည်က မော်တော်ပီကယ်တွေဆီမှာ သင်တန်း ၃ နှစ်လောက် သွားတက်ထားသလား အောက်မေ့ရ။

ဘယ်သူ့ကို ဘယ်နားဖမ်းရမလဲဆိုတာ အင်မတန် အကင်းပါးလေ၏။ 

သူတို့က ဟိုနားသည်နား မယောင်မလည်၊ ဟိုသွားတော့မလို ဒီသွားတော့မလို လျှောက်နေ၏။ ရင်ဘတ်မှာ ဟိုအပြားကြီး ချိတ်မထားသဖြင့် သူတို့ကို NEA officer မှန်း ဘယ်သူမှ မသိနိုင်။ အနို့ ထလိန်နင်စင်တာဆိုတော့ လူပေါင်းစုံ လာကြသကိုးစ်။

 

ဆိုတော့ တီးဘရိတ်နားခိုက် အပြင် ဆေးလိပ်ထွက်ရှူ (ဆေးလိပ်ငွေ့ကို ရှူတာပဲဖြစ်မပေါ့ဗျာ။ ဘယ့်နှာလုပ် သောက်မတုံး။ အဟက်စ်) ကြ၏။ 

 

ထိုနံရောအခါတွင် ကတွတ်ပေါက်က ဗျိုင်းစောင့်သလို စောင့်နေသည့် ကိုNEA officer က excuse me ဆိုပြီး ပြုံးဖြဲဖြဲနှင့် အနားကပ်လာ၊ ကပ်ကလေးပြလျက် ဘောင်ချာလေး ဆုတ်ပေးလေ၏။ 

$500

အောင်မငီး၊ တေဗျဇီ။

 

ခုမှ ရှင်ဂပူရောက်ခါစ။ အလုပ်ဆိုလို့ တစ်ရက်ကမှ မလုပ်ရသေး။

ပိုက်ဆံဆိုလို့ တစ်ပြားမှ မဝင်သေးမီ အစိုးရကို $500 ကွန်ထရီဘျူ့စ်လိုက်ရလေ၏။ 

အမျှ အမျှ အမျှ ယူတော်မူကြပါ။

ဆာဒူး၊ ဆာဒူး၊ ဆာဒူး

(မြန်မာပြည်မှာတုံးက သာဓု၊ သာဓု လုပ်နေပြီး စင်ကာပူရောက်မှ ဆာဒူး ဆာဒူး လုပ်နေတဲ့လူတွေကို သောက်မြင်ကပ်ချက်တော့။ ငှက်ပျောမှန်းမသိ၊ ချေးမှန်းမသိဆိုတာ သူတို့ကို ပြောတာ။ အဟိ)

 

အဲလေ အလှမ်းမတော် $200။ Orchard မှာ ဆေးလိပ်သောက်တဲ့နေရာကနေ ခြေတစ်လှမ်းကျွံမိလို့ $200 ဒဏ်ရိုက်ခံရတဲ့ သူမျိုးလည်း ရှိပါသေး။ 

https://www.straitstimes.com/singapore/man-claims-he-was-fined-200-despite-having-one-foot-outside-smoking-area-nea-says-he-was

 

ဖိုင်းများဖြင့် ပြည့်နှက်နေသည့် စလုံးတွင် အသင်တို့သည် “အပစ်မတော် ၃၀၀” မဖြစ်ရလေအောင် သတိပြုဆင်ခြင်းကာ နေထိုင်ကြပါ ဆိုသည့်အကြောင်း။

 

လူအချင်းချင်း ဖိုင်းရိုက်ခြင်း ကင်းဝေးကြပါစေ။ (ဟုတ်ပေါင်)

 

အေးငြိမ်း

၁၅ အောက်တိုဘာလ၊ ၂၀၂၃

Friday, October 13, 2023

ISO 45001 အကြောင်း

ISO 45001 ဟူသည် လုပ်ငန်းခွင်အန္တရာယ်ကင်းရေး၊ ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်အတွက် ရေးဆွဲပြဌာန်းပေးထားသည့် အပြည်ပြည်ဆိုင်ရာ စံနှုန်းတစ်ခု ဖြစ်၏။

 

အပြည်ပြည်ဆိုင်ရာစံနှုန်းဖြစ်သည့်အတွက် စံနှုန်းစတင်းဒတ်နှင့် ကိုက်ညီအောင် စကားလုံးကြီးကြီးကျယ်ကျယ်များ သုံးနှုန်းရေးသားထား၏။ ထို့အတွက် တော်ရုံတန်ရုံလူ ဖတ်၍နားမလည်နိုင်။ မယုံရင် ဖတ်ကြည့်ပါ။ ဟောဒီမှာ download link.

 

https://insighttoinfluence.com/website/brochures/ISO%20FDIS%2045001_E%20OH&S%20Management%20Systems.pdf

 

ထိုစံနှုန်းကို လက်တွေ့ အသုံးချဘို့မပြောပါနှင့်။ သေသေချာချာရှင်းမပြဘဲ ဘာတွေရေးထားတယ်ဆိုတာတောင် နားမလည်နိုင်။ နားလည်ဘို့မလွယ်ကူ။

 

ထိုစံနှုန်းအကြောင်း နားလည်ဘို့ဆို တတ်ကျွမ်းနားလည်သည့်ဆရာက သေချာစွာ ရှင်းလင်းပြောပြပေးမှ ဖြစ်နိုင်မည်။ 

 

ထိုစံနှုန်းအကြောင်း နားလည်သွားသည့်တိုင်လည်း လက်တွေ့ အသုံးချဘို့ မလွယ်လှသေးပါ။

ဤစာအုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရေး၊ ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်အတွက် လိုအပ်ချက်များကိုသာ ပြထားရုံ ဖြစ်၏။ 

 

ဤစံနှုန်းက အလွန် ပြုပြင်ပြောင်းလဲရလွယ်၏။ မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုး၊ မည်သည့်အရပ်ဒေသ၊ မည်သည့် လုပ်ငန်း၊​ မည်သည့်ကုမ္ပဏီမဆို သုံးလို့ရသည် ဆိုတော့ သုံးလို့ရအောင်လည်း လုပ်ထား၏။ 

 

သည့်အတွက် အသေးစိတ်အချက်များ တစ်ခုမှမပါ။

ဆိုလိုသည်မှာ ဤစာအုပ်ကို တိုက်ရိုက်အသုံးချလို့မရ။ ဤစာအုပ်ပါ ညွှန်ပြချက်များအတိုင်း မိမိကုမ္ပဏီ၊ အဖွဲ့အစည်းနှင့် ကိုက်ညီအောင် လုပ်ငန်းခွင်အန္တရာယ်ကင်းရေး၊ ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်ကို မိမိတို့ကိုယ်တိုင် ရေးဆွဲရမည် ဖြစ်၏။

 

မိမိကုမ္ပဏီ၏ တည်နေရာ၊ ကုမ္ပဏီအရွယ်အစား၊​ လုပ်ကိုင်သည့် လုပ်ငန်းသဘာဝ အစရှိသည်တို့အပေါ် မူတည်၍ မိမိတို့၏ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်ကို မိမိတို့ကိုယ်တိုင် ရေးဆွဲရမည်။

မိမိတို့ကိုယ်တိုင် မရေးနိုင်လျှင် ရေးတတ်သူများကို ငှားရမ်း ရေးဆွဲနိုင်၏။

(ကျွန်ုပ်ကိုငှားပါ။ အဟိစ်)

 

သို့သော် သူများလုပ်ထားတာ ဟိုကကူး၊ ဒီကကူးတော့ မလုပ်သင့်။ 

အဘယ်ကြောင့်ဆိုသော် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်မှာ ကုမ္ပဏီတစ်ခုနှင့်တစ်ခု မတူနိုင်။ အပေါ်မှာပြောခဲ့သည့် အချက်အလက်များအတိုင်း ကုမ္ပဏီတစ်ခုနှင့် အခြားတစ်ခု ပြောင်းလဲနိုင်၏။ တခြားသူတွေ ရေးထားတာကို နမူနာယူနိုင်၏။ သို့သော် ကူးမချရ။

 

အခု ကျွန်ုပ်က ISO 45001 စာအုပ်ကို လူအများနားလည်စေရန် ရည်ရွယ်၍ ရှင်းလင်းတင်ပြထားပါသည်။ သို့တိုင် Safety နှင့်ပတ်သက်၍ အခြေခံမရှိသူများ နားလည်ဘို့ရာ မလွယ်လှပါ။

 

ထို့ပြင်တဝ ဤစာအုပ်ကို မိမိတို့လုပ်ငန်းအတွက် တိုက်ရိုက်အသုံးချလို့မရ။

အထက်တွင် ဖော်ပြခဲ့သလို မိမိတို့ကုမ္ပဏီ၊ လုပ်ငန်းသဘာဝနှင့် ကိုက်ညီအောင် “လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်” ကို မိမိတို့ဘာသာ ရေးဆွဲရမည်ဖြစ်၏။ 

 

ကျွန်ုပ်၏ ရှင်းလင်းချက်စာအုပ်သည် မြန်မာနိုင်ငံသား လူအများတို့အတွက် တစုံတရာ အကျိုးရှိသွားမည်ဆိုလျှင်ပင် ကျွန်ုပ် အားထုတ်ရေးသားရကျိုး နပ်ပြီ ဖြစ်ကြောင်း။

 

ကျေးဇူးတင်ပါသည်။

 

 

ISO 45001 လက်မှတ်

 

နောက်တစ်ခုက ISO 45001 လက်မှတ် ဖြစ်၏။

ISO 45001 စံနှုန်းက သူတို့လက်မှတ်လိုချင်လျင် ဘာတွေနှင့် ကိုက်ညီရမယ်ဆိုတာကို ပြဌာန်းထားတာလည်း ဖြစ်၏။ ဆိုတော့ အဲသည်လက်မှတ်ရဘို့ အဲသဟာတွေနဲ့ ကိုက်ညီရမည်။

 

ကုမ္ပဏီများသည် ISO 45001 လက်မှတ် ယူကြ၏။

လက်မှတ်ယူတာလဲ ယူကြတာပေါ့။

ဒါပေမက်စ် . . . 

 

ရင်နာစရာကောင်းသည်မှာ ISO 45001 လက်မှတ်ကို ခုတုံးလုပ်ပြီး လုပ်စားနေသူ ပွဲစားများ ဖြစ်သတည်း။

 

ပွဲစား (ပွဲစားပဲဆိုကြပါစို့) များသည် ISO 45001 လက်မှတ်ရရေးအတွက် လုပ်ပေးကြ၏။

အမှန်က လက်မှတ်ရဘို့ဆိုသည်မှာ လက်တွေ့ ဘာတွေလုပ်ထားထား မထားထား၊ စာရွက်စာတမ်း အထောက်အထား များပြလျင် ရနိုင်လေ၏။ ဤလက်မှတ်ယူထားသည့် ဗလွတ်ရွှတ်တ ကုမ္ပဏီများကိုလည်း ကျွန်ုပ် မျက်မြင်ကိုယ်တွေ့ တွေ့ဖူးပါ၏။

 

ISO 45001 လက်မှတ်ရရေးအတွက်ပြင်ဆင်ရသည့် ထိုစာရွက်စာတမ်းများအားလုံး ထိုကိုရွှေပွဲစားများတွင် အကုန်ရှိ၏။

၎င်းတို့အတွက် ထိုစာရွက်စာတမ်းများတစ်စုံရှိလျှင်ပင် ၎င်းကို ရေလဲသုံးကာ ဟင်းမျိုးစုံချက် (ဟုတ်ပေါင်) ကုမ္ပဏီ နာမည်လေးပြောင်းတပ်၊ ဟိုဟာဒီဟာလေး ကျုပ်ကျက်လိပြီး အောဒစ်လေး လုပ်လိုက်ရုံမျှဖြင့် ကုမ္ပဏီများထံက ပိုက်ဆံများကို သဲ့ယူသလို ရ၏။

 

အသင်တို့သည် ငါက ISO 45001 ဆာတီဖိုင်းကွ ဟု လက်မ မထောင်ပါလေနှင့်။

ISO 45001 လက်မှတ်ဟူသည် အိမ်ရှေ့ခန်းမှာ ဘွဲ့လက်မှတ်ကြီးချိတ်ပြီး ကြွားထားသလို ကြွားစရာလက်မှတ်တစ်ခု မဟုတ်။ 

အင်ဂျင်၂၀၀ ဘွဲ့ရပြီး ယူနစ်ကွန်ဗားရှင်းကလေးတောင် မလုပ်တတ်လျှင် အသင်တို့သည် အင်ဂျင်၂၀၀ ဖြစ်ကြောင်း မည်ကဲ့သို့ ကြွားနိုင်ပါအံ့နည်း။ 

(ကျွန်ုပ်ပြောတာ လွန်သည်မထင်ပါနှင့်။ ကျွန်ုပ် ပင်နင်ဆူလာတွင် Piping Engineering ကို ပညာဒါန သင်ပေးစဉ်က လက်တွေ့မျက်တွေ့ တွေ့ခဲ့ရပါ၏။)

 

သည်ကဲ့သို့ပင် ISO 45001 လက်မှတ်ဟူသည် ငါတို့က ISO 45001 ဆာတီဖိုင်းကွ ဟု လက်မထောင်ဘို့ ထားတာမဟုတ်။ ထိုလက်မှတ်ကိုယူထားသည့်တိုင် လုပ်သားများ၏ အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးအတွက် ဘာမှ လုပ်မပေးဆိုလျှင် ထိုလက်မှတ်သည် စက္ကူတစ်ရွက်ထက် ပို တန်ဘိုးမရှိပါချေ။

 

အဓိကက 45001 လက်မှတ်ထက် (အဲလေ၊ လက်မှတ်ရှိဘို့လည်း အရေးကြီးသပေါ့။ သဟာမှ လူပုံအလယ် မျက်နှာပန်းလှမှာကိုးလို့စ်။) တကယ်လုပ်ဖို့ ပိုအရေးကြီးပါသည်။

 

ISO 45001 ကို တကယ်လက်တွေ့အသုံးချခြင်းသည် အသင်တို့ လော်ကြီး အလုံး (၂၀) လောက်ဆင်ပြီး အသံမစဲ (ဘာတဲ့) ကို နေ့မနား ညမနား ခုနစ်ရက်သားသမီးတွေ နားမခံသာအောင် ဘာမှန်းညာမှန်းမသိ စွပ်အော်နေတာထက် ပို ကုသိုလ်ရပါ၏။ (ကျွန်ုပ်ကို ဒိဋ္ဌိဆိုပြီး ဝိုင်းပြီးဆဲကြပါကုန်။)

 

ထို့ကြောင့် . . . 

(ဒါလောက်ဆို ဘာလုပ်ရမယ်ဆိုတာ သိပြီဟု ယူဆပါ၏။)

 

အေးငြိမ်း

 

၁၃ အောက်တိုဘာ၊ ၂၀၂၃