Monday, July 13, 2009

Living in Singapore XXXV (Living Style IV)

၁၂၊ ၆။ NTUC / Shop and Save / 7 Eleven / ABC

စင်ကာပူမှ လူနေမှု ဘ၀ အကြောင်းပြောလျှင် NTUC, Shop and Save, 7 Eleven နှင့် ABC Store များ မပါဘဲ မပြည့်စုံနိုင်ပါ။
နေ့စဉ် စားသောက်ရေး အတွက် ထမင်း၊ ဟင်းချက်စရာ ဟင်းသီးဟင်းရွက်၊ အသားငါး၊ ဆန်ဆီဆား၊ ငြုပ်၊ ကြက်သွန် စသည့် အခြောက် အခြမ်းများ၊ မုံ့၊ ကော်ဖီ၊ ဘီစကွတ်၊ အအေး စသည့် အချိုတည်း စရာများ၊ ဆပ်ပြာ၊ သွားတိုက်ဆေး စသော နေ့စဉ် လူသုံးကုန် ပစ္စည်းများကို နိစ္စဒူဝ ၀ယ်ခြမ်းနေကြရသည်။ နေ့တိုင်း စားနေသည် ဖြစ်ရာ နေ့တိုင်း ၀ယ်ခြမ်း ကြရသည်။ သို့အတွက် ထိုပစ္စည်းများ ၀ယ်ခြမ်းရန် ဈေးသို့ သွားကြရ သည်။
ဤကဲ့သို့ ၀ယ်ခြမ်းကြရာတွင် အဆင်ပြေဆုံးနေရာမှာ တစ်နေရာထည်း နှင့် ပစ္စည်းအစုံ ရနိုင်သော ဆိုင်ကြီးများ ဖြစ်သည်။ ထိုကဲ့သို့သော ဆိုင်ကြီး (Super Market) များ စင်ကာပူတွင် အများအပြား ရှိရာ ထို ဆိုင်ကြီးများထဲမှ လူများ အသွားဆုံး ဆိုင်ကြီးများကို ပြပါဟု ဆိုလျှင် NTUC (National Trades Union Congress) မှ ဖွင့်လှစ်ထားသော Fair Price ဆိုင်ကြီးများ နှင့် Shop n Save ဆိုင်ကြီးများကို ပြရပါလိမ့်မည်။
Fair Price Super Market များကို NTUC က ၁၉၇၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါ သည်။ ထိုမှ တစ်စတစ်စ တိုးချဲ့ဖွင့်လှစ်လာခဲ့ရာ ယခု ဆိုလျှင် စင်ကာပူ တစ်နိုင်ငံလုံး Fair Price ဆိုင် ပေါင်း ၂၂၅ ဆိုင်မျှ ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါသည်။ ထို့ပြင် ယခုအခါ Fair Price Xtra ဆိုင်များကိုပါ တိုးချဲ့ ဖွင့်လှစ်ထားရာ ထိုဆိုင်များတွင် လိုချင်တာ မရ မရှိရလေအောင် ပစ္စည်းအစုံ တင်ထားသည်ကို တွေ့ရပါသည်။

Fair Price ဟု ဆိုသည့်အတိုင်း ထို ဆိုင် များတွင် ပစ္စည်းများမှာ ဈေးချိုပါသည်။ ပစ္စည်းမှာ လည်း အမယ်စုံရပါသည်။
ဆန်၊ ဆီ၊ ဆား၊ ငြုပ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငြုပ်ကောင်း၊ ချင်းတက်၊ ပဲ၊ အာလူး၊ အချိုမှုံ့၊ မန်ကျည်းသီး၊ ငြုပ်ဆီ၊ ငံပြာရည်၊ ရှာလကာ ရည် မှ အစ။ အုန်းနို့၊ အုန်းသီးမှုံ့၊ ဟင်းချက်မှုံ့၊ ကြာဇံ၊ ခေါက်ဆွဲ အစို၊ အခြောက်၊ မှိုခြောက်၊ ပန်းခြောက် စသည့် ဟင်းချက်စရာ အခြောက်အခြမ်း မျိုးစုံ။
ကိုက်လန်၊ ဂေါ်ဖီ၊ မြင်းခွာရွက်၊ ကန်စွန်း ရွက်၊ ဟင်းနုနွယ်၊ ငြုပ်သီးစိမ်း၊ နံနံပင်၊ ပူစီနံ၊ ပျဉ်းတော်သိမ်၊ ပြောင်းဖူး၊ ဘိုစားပဲသီး၊ ပဲတောင့် ရှည်သီး၊ ဗူးသီး၊ သခွားသီး၊ ရုံးပတီသီး၊ ခရမ်းချိုသီး၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ သံပုရာသီး၊ ရှောက်သီး၊ ခ၀ဲသီး၊ ဒန့်ဒလွန်သီး၊ ပြောင်းဖူး၊ ပိန်းဥ၊ ကန်စွန်းဥ၊ နိုကိုဥ စသော အသီးအရွက် မျိုးစုံ။
ကြက်ဥ၊ ကြက်သား၊ ကြက်မြစ် ကြက်သည်း၊ ကြက်နက်၊ ဘဲသား၊ ၀က်သား၊ ၀က်လျှာ၊ ၀က်အသည်း၊ ၀က်နံရိုး၊ အမဲသား၊ ငါးဆုပ်၊ ငါးမျိုးစုံ၊ ကဏန်း စသော အသားငါးမျိုးစုံ။
ပန်းသီး၊ လိမ္မော်သီး၊ ရှောက်ချိုသီး၊ သရက် သီး၊ ဒူးရင်းသီး၊ သစ်တော့သီး၊ စပျစ်သီး၊ ဖရဲသီး၊ သခွား ချိုသီး၊ နာနတ်သီး၊ ငှက်ပျောသီး၊ သင်္ဘောသီး၊ ကျွဲကော သီး၊ အုန်းသီး စသည့် သစ်သီးဝလံ မျိုးစုံ။
ချောကလက်မျိုးစုံ၊ ဘီစကစ်မျိုးစုံ၊ ပေါင်မုံ့ မျိုးစုံ၊ ကိတ်မုံ့ မျိုးစုံ၊ ယိုမျိုးစုံ၊ ထောပတ်၊ မာဂျရင်း၊ နို့ဆီ၊ ကော်ဖီ၊ ကော်ဖီ မိတ်၊ ကော်ဖီမစ်၊ ကွေကာအုတ်၊ မြေပဲလှော်၊ သီဟိုလ်စေ့လှော်၊ ပဲမျိုးစုံလှော်၊ နေကြာစေ့၊ ကွာစေ့ စသော သွားရေစာမျိုးစုံ။
နွားနို့၊ ကိုကာကိုလာ၊ ဆဲဗင်းအပ် စသော အအေးဗူး မျိုးစုံ၊ သစ်သီးဖျော်ရည်မျိုးစုံ။
ကလေးငယ်များ သုံးသော ပစ္စည်းအစုံ၊ အရွယ်စုံသောက်ရန် နို့မှုံ့ဗူး မျိုးစုံ။
ခေါင်းလျှော်ရည်၊ ခေါင်းလိမ်းဆီ၊ ကိုယ်လိမ်း ကရင်၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ အိမ်သာသုံး ဆပ်ပြာ၊ ဆပ်ပြာမှုံ့၊ ဆပ်ပြာရည်၊ ရေမြှုပ်၊ ရေချိုးခန်းသုံး ပစ္စည်း၊ အိမ်သာသုံး ပစ္စည်းမျိုးစုံ၊ တံမြက်စည်း၊ မော့ပ်၊ အမှိုက် သိမ်းခွက် စသည့် နေ့စဉ်သုံး သန့်ရှင်းရေး ပစ္စည်းမျိုးစုံ။
စာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံ၊ ပေကြိုး၊ တိပ်၊ ဒါး၊ အိုးခွက် ပန်းကန်မျိုးစုံ။
မီးသီး၊ မီးခေါင်း၊ မီးကြိုး၊ ၀ါယာ စသည့် အိမ်သုံး လျှပ်စစ်ပစ္စည်း မျိုးစုံ။
ဘီယာ၊ ၀ီစကီ၊ ဘရန်ဒီ စသော အရက်မျိုးစုံ။
- စသည့် ပစ္စည်းမျိုးစုံကို တစ်နေရာတည်းတွင် ဈေးချိုစွာ ၀ယ်ယူရရှိနိုင်သဖြင့် NTUC , Shop n Save တို့တွင် အမြဲလိုလို အထူးသဖြင့် လူများ အလုပ်မှ ပြန်ချိန် ညနေပိုင်းတွင် လူစည်ကား နေတတ်ပါသည်။
အခါကြီး ရက်ကြီးများတွင် (ဥပမာ - တရုပ်နှစ်ကူးနေ့ မတိုင်မီ နေ့များ) ညဥ့်သန်းခေါင်ထိ ဆိုင်ဖွင့်ပေးပါသည်။ ပုံမှန် ရက်များတွင်တော့ ည ၉ နာရီခွဲ တွင် ဆိုင်ပိတ် ပါသည်။ သူတို့ဆီတွင် ဈေးဝယ်အောင် ဆွဲဆောင် ထားသော အခြားတစ်ချက် မှာ NTUC Link Point စံနစ် ဖြစ်ပါသည်။ NTUC အသင်းဝင်များ အတွက် ငွေ တစ်ကျပ်ဖိုးဝယ်လျှင် ၂ မှတ် ပေးပါသည်။ အမှတ် ၁၅၀၀ ရလျှင် ငွေ ၁၀ တန် ဘောက်ချာ တစ်ခု ရပါ သည်။ အမှတ် ၃၀၀၀ ပြည့်လျှင် ငွေ ၂၀ တန် ဘောက်ချာ တစ်ရွက် ပေးပါသည်။ ငွေ ၂၀ တန် ဘောက်ချာဖြင့် ပစ္စည်း ၂၀ ဘိုး ၀ယ်၍ ရပါ သည်။ ထို့ပြင်လည်း ဘာပစ္စည်း ၀ယ်လျှင် ဘယ်နှမှတ် ပေးမည် စသဖြင့် promotion အရောင်းမြှင့်တင်ရေး များလည်း မကြာခဏ တွေ့ရတတ်ပါသေးသည်။
လူသိများပြီး နေရာ အနှံ့အပြားတွေ့နိုင်သော နောက်တစ်ဆိုင်မှာ နံနက် ၇ နာရီတွင် ဖွင့်ပြီး ည ၁၁ နာရီမှ ပိတ်သည် ဆိုသော 7 Eleven ဆိုင်များ ဖြစ်ပါသည်။ စင်ကာပူ တစ်နိုင်ငံလုံး တွင် 7 Eleven ဆိုင်ပေါင်း ၄၀၀ ကျော် ရှိပါသည်။
ထိုဆိုင်များတွင်တော့ ပေါ့ပေါ့ပါးပါး စားနိုင် သောက်နိုင်သော စားစရာ သောက် စရာများ ရောင်းချပါသည်။ Green Tea, Soya Bean Milk, Pepsi, Coke, 7 up, 100 Plus စသော အအေး မျိုးစုံ။ ကိတ်မုံ့၊ ပေါင်မုံ့၊ ဘီစကွတ်၊ မြေပဲလှော်၊ အာလူးကြော်၊ သကြားလုံး၊ ပူရှိန်း စသည့် ထွေလီ ကာလီ စားစရာ မျိုးစုံ။ အိုက်စကရင်၊ အမြန် ချက်ပြုတ် စားနိုင်သော ခေါက်ဆွဲခြောက်ကဲ့သို့ fast food များ၊ ကော်ဖီ စသည်တို့ကို ရောင်းချ ပါသည်။
ထို့ပြင် ထူးခြားချက် တစ်ခုမှာ M1 Prepaid Card များကို မှတ်ပုံတင်ပေးခြင်း၊ တယ်လီဖုံးခွန်များ ဆောင်ပေးခြင်း၊ ရေခ၊ မီးခများ ဆောင်ပေးခြင်း၊ eZ link card, Cash Card များ ပိုက်ဆံ ထပ်မံဖြည့်တင်း ခြင်း၊ 4D, Toto စသည့် ထီထိုးခြင်း စသော ၀န်ဆောင်မှုများ ကိုလည်း ပေးပါသေး၏။

နောက် လူသိများသော ဆိုင်တစ်ခုမှာ ABC စတိုး ဆိုင်များ ဖြစ်ပါ၏။ ပေါချောင်ကောင်း လိုချင်သူ များ ထိုဆိုင်များသို့ သွားပါ။ တစ်ကျပ်တန် ပစ္စည်းများ ရောင်းသော ဆိုင် ဖြစ်ပါသည်။ ပစ္စည်းအများစုမှာ ၁ ကျပ်တန်ချည်း လိုလို ဖြစ်ပါသည်။
ဓါတ်ခဲ မျိုးစုံ၊ သွားတိုက်ဆေး၊ သွားတိုက်တန်၊ အိုးခွက် ပန်းကန်၊ အင်္ကျီချိတ်များ၊ ဆပ်ပြာ အရည် အမှုံ့၊ ခေါင်းလျှော်ရည်၊ ကိုယ်လိမ်း ကရင်၊ သွားကြားထိုးတံ၊ ခဲတံ၊ ပေတံ၊ ဘောပင်၊ ကွန်ပါဗူး၊ မှတ်စုစာအုပ်၊ တစ်ထည်လျှင် ၂ ကျပ်ခွဲတန် အင်္ကျီ၊ တစ်ထည်လျှင် ၃ ကျပ်တန် ဘောင်းဘီ၊ ၁ ကျပ်တန် စွပ်ကျယ်၊ ၁ ကျပ်တန် ဖိနပ်။
ခေါက်ဆွဲခြောက် မျိုးစုံ၊ ဘီစကွတ်မုံ့ မျိုးစုံ၊ အအေးမျိုးစုံ တော်တော် စုံစုံလင်လင် တည်ခင်း ရောင်းချပါသည်။

No comments: