Friday, July 17, 2009

Build Your Future III

၁၊ ၃။ အလုပ်ရှာခြင်း

စင်ကာပူသို့ ရည်ရွယ်ချက် အမျိုးအမျိုးဖြင့် လာရောက်ကြရာတွင် အများစုမှာ အလုပ်လုပ်ရန် လာရောက်ကြခြင်း ဖြစ် ပါသည်။ အလုပ်လုပ်ရန် လာမည်ဖြစ်ခြင်းကြောင့် အခြားမည်သည့် အရာမှ မပြင်ဆင်သေးမီ ပထမဆုံး လုပ်ရမည့် အလုပ်မှာ အလုပ်ရှာခြင်း ဖြစ်ပါသည်။

အလုပ်ရှာသည် ဆိုရာတွင် ပညာအရည်အချင်းတူ၊ လုပ်ငန်းအတွေ့အကြုံချင်းတူ၊ အသက်ချင်းတူလျှင်သော်မှ ရသော အလုပ်၊ လခ၊ ရာထူး စသည်တို့ မတူနိုင်ပါ။ ထို့ပြင် သွားရောက်သူ အများစုမှာ ပညာအခြေခံ နည်းသူများ ထဲမှ ဖြစ်ရာ ပညာနည်းသည့် အလျှောက် အလုပ်ကြမ်းသာ လုပ်ရမည်ကို မျှော်မှန်းထားရပါမည်။ မိမိ တစ်ခါမှ မရောက်ဖူးသော တိုင်းပြည် သို့ သွားရောက် လုပ်ကိုင်ရမည် ဖြစ်ရာ မိမိသည် မည်သူများနှင့် ပေါင်းသင်း ဆက်ဆံရမည်။ မည်သည့် အလုပ်များ လုပ်ရမည် ကို မသိနိုင်ပါ။ တခါတရံ မြန်မာပြည်တွင် ပြောလိုက်တုံးက တစ်မျိုး၊ စင်ကာပူ ရောက်လာတော့ လုပ်ရသည်က တစ်မျိုး ဖြစ် နေတတ်ပါသည်။
အလုပ်ရှာသည့် နေရာတွင် အကြမ်းဖျဉ်း အားဖြင့် သုံးမျိုး ခွဲနိုင်ပါသည်။ ပထမ တစ်မျိုးမှာ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင် ကုမ္ပဏီများ (Employment Agent) မှ တစ်ဆင့် ရှာခြင်း၊ ဒုတိယ တစ်မျိုးမှာ မိတ်ဆွေများ အဆက် အသွယ်ဖြင့် အလုပ်ရှင်နှင့် တိုက်ရိုက် အင်တာဗျူးရခြင်း၊ တတိယ တစ်မျိုးမှာ မိမိကိုယ်တိုင် စင်ကာပူသို့ သွားကာ အလုပ်ရှာ ခြင်း ဖြစ်ပါသည်။
စင်ကာပူသို့ မိမိကိုယ်တိုင် သွားပြီး အလုပ်ရှာသူများမှာ ပညာအခြေခံ ရှိပြီးသူများသာ ဖြစ်နိုင်ပါ လိမ့်မည်။ ထို့ပြင် ထိုသူတို့ အနေနှင့် စင်ကာပူတွင် အပေါင်းအသင်း၊ မိတ်ဆွေများ ရှိနေနှင့်ပြီးလည်း ဖြစ်နိုင်ပါသည်။ လုပ်တတ်၊ ကိုင်တတ်၊ ပြောတတ်၊ ဆိုတတ်၊ သွားတတ်၊ လာတတ် ထဲက ဖြစ်ရပါမည်။ အလုပ်ရခြင်း မရခြင်းမှာ ပုံသေ တွက်ထား၍ မရပါ။ မိမိကြိုးစားမှုနှင့် ကံတရားပေါ် မူတည်ပါသည်။ ထိုသူတို့အဖို့ တစ်ခု ကောင်းသည်မှာ ကြားလူမရှိဘဲ မိမိနှင့် အလုပ်ရှင် တိုက်ရိုက် စကားပြောရသဖြင့် သူတို့ လိုချင်သည်များ၊ မိမိ လုပ်တတ်သည်များ၊ လခ စသည်တို့ကို သေသေချာချာ ဆွေးနွေး နိုင်ပါသည်။
တခါတရံတွင် စင်ကာပူရှိ မိမိ အပေါင်းအသင်းများ အဆက်အသွယ်ဖြင့် အေးဂျင့် ကြားခံမထားဘဲ အလုပ်ရှင်မှ မြန်မာ ပြည်သို့ တိုက်ရိုက် အင်တာဗျူး လာခြင်းများလည်း ရှိတတ်ပါသည်။ အကယ်၍ ဤအခွင့်အရေးမျိုးနှင့် ကြုံလျှင် အလွန် ကံကောင်းသည် ဟု ဆိုရပါမည်။ အဘယ်ကြောင့်ဆိုသော် အလုပ်ရှင်နှင့် တိုက်ရိုက်ဆက်သွယ် စကားပြောနိုင်သည့်ပြင် အေးဂျင့်ကြေးလည်း များများစားစား ပေးရန် မလိုသောကြောင့် ဖြစ်ပါသည်။ သို့သော် ဤသို့ သော အခွင့်အရေးမှာ အလွန် နည်းပါသည်။ အလုပ်ရှင်နှင့် မိမိမိတ်ဆွေမှာ အသိအကျွမ်း ဖြစ်နေသောကြောင့် မိမိ အလုပ်ရဘို့လည်း ပိုမို သေချာပါသည်။ တစ်ခုရှိသည်မှာ မိမိ မိတ်ဆွေက မိမိအပေါ် သစ္စာရှိဘို့တော့ လိုပါသည်။ ရလာသော အခွင့်အရေးကို အသုံးချပြီး မိမိကို ခုတုံး လုပ်မသွားစေရန် သတိထားရပါလိမ့်မည်။
အများစု သွားနေကြသော ပုံစံမှာ အလုပ်အကိုင် ရှာဖွေရေး အေးဂျင့်များမှ တစ်ဆင့် ဖြစ်ပါသည်။ အေးဂျင့်များသည် ကား ၎င်းတို့၏ အလုပ် ဖြစ်နေသောကြောင့် ထိုသူတို့ထံတွင် သတင်းစုံသလို၊ အလုပ်မျိုးစုံ လည်း ရှိတတ်ပါသည်။ မကြာခဏ လည်း အလုပ်ခေါ် တတ်ပါသည်။ သို့သော် မိမိ အလုပ်အပ်လိုက်သော အေးဂျင့်သည် မှန်မှန်ကန်ကန် ဖြစ်ဘို့တော့ လိုပါသည်။
အလုပ်မသေချာ သေးဘဲ ပိုက်ဆံ များများစားစား လက်လွန်မထားဘို့ ပို အရေးကြီးပါသည်။
အချို့အေးဂျင့်များမှာ အလုပ်အပ်ပြီဆိုကတည်းက သက်ဆိုင်ရာ သင်တန်းများ ပေးတတ်ကြပါသည်။ ဥပမာ - ဂဟေ သင်တန်း၊ ပိုက်ပြင် ပိုက်ဆက် သင်တန်း၊ သံချီသံကွေး သင်တန်း စသည်။ စင်ကာပူတွင် အလုပ်လုပ်လျှင် အလုပ်သမားတိုင်း အတွက် အလုပ်ရှင်မှ အစိုးရသို့ Levy ကြေးဟု ပေးရရာ ကျွမ်းကျင်သူနှင့် မကျွမ်းကျင်သူ နှစ်မျိုးအနက် ကျွမ်းကျင်သူ အတွက် ပေးရသောကြေးမှာ မကျွမ်းကျင်သူများအတွက် ပေးရသော ကြေးထက် အများကြီး သက်သာပါသည်။
ကျွမ်းကျင်၊ မကျွမ်းကျင်ကို စာမေးပွဲဖြင့် စစ်ဆေးသည် ဖြစ်ရာ ထို စာမေးပွဲအတွက်လည်း သင်တန်းများပေးပါ သေးသည်။ ထိုစာမေးပွဲမှာမူ အလုပ်ရှင်အတွက်ရော အလုပ်သမားအတွက်ပါ အများကြီး အကျိုးရှိသဖြင့် အောင်ထားသူသည် မအောင်သူထက် ပိုမို အခွင့်အလမ်းများပါသည်။ (Levy အကြောင်းကို ဒုတိယပိုင်း တွင် အသေးစိတ် ဖော်ပြထားပါသည်။)

၁၊ ၄။ အင်တာဗျူးဖြေခြင်း

အင်တာဗျူးဖြေရာတွင် အရေးကြီးဆုံး အချက်မှာ ရိုးသားခြင်း ဖြစ်ပါသည်။ မိမိသိမှ သိသည်ဟုပြောပြီး မသိသည် ကို မသိဟု ဖြေပါ။ မသိတာကို သိဟန် မဆောင်ပါနှင့်။ ဒါ လုပ်တတ်သလား မေးလျှင်လည်း လုပ်တတ်မှ လုပ်တတ်သည် ဖြေပါ။ မလုပ်တတ်တာကို လုပ်တတ်သည်ဟု လိမ်လည် ဖြေဆိုပါက မိမိဒုက္ခကို မိမိဝယ်သလို ဖြစ်ပါလိမ့်မည်။
ဒုတိယပိုင်း တွင် အင်တာဗျူးဖြေခြင်းနှင့် ပတ်သက်၍ အသေးစိတ် ရေးသားထားပါသည်။ သို့အတွက် ဤနေရာတွင် သိသင့်သည့်အချက် အနည်းငယ်မျှကိုသာ ဖော်ပြပါမည်။
အင်တာဗျူးခေါ်ကတည်းက မိမိတတ်ကျွမ်းသည့်အလုပ်ကို ရွေးဝင်နိုင်လျှင် ပိုကောင်းပါသည်။ သို့သော် General Worker အလုပ်ဆိုလျှင်တော့ ဘာမှ ရွေးစရာမလိုတော့ပါ။ သူတို့ခိုင်းသမျှ လုပ်နိုင်ဘို့သာ လိုပါသည်။
အင်တာဗျူးဝင်လျှင် အ၀တ်အစား သပ်သပ်ယပ်ယပ် ၀တ်ဆင်ပါ။ စကားကို ဖြေးဖြေးနှင့် မတိုးလွန်း၊ မကျယ်လွန်း ပီပီသသ ပြတ်ပြတ်သားသား ပြောပါ။ အလောသုံးဆယ် မပြောပါနှင့်။ အင်တာဗျူးသူကို ကြောက်လန့်မနေပါနှင့်။ မိမိကိုယ် ကို ယုံကြည်စိတ်ချမှု ရှိပါ။ ငါလုပ်နိုင်ရမည် ဟု ယုံကြည်စိတ် အပြည့်ထားပါ။ ဘာမေးလာလျှင် ဘယ်လိုပြန်ဖြေမလဲ ဟု နဂို ကတည်းက ကြိုတင်ပြင်ဆင်ထားပါ။ ထိုင်သည့်နေရာတွင် ကိုယ်ကို ခွေခေါက်မထားပါနှင့်။ ကိုယ်ကိုဆန့်ပြီး ရွှင်လန်းတက်ကြွ နေသည့် ပုံစံမျိုးနှင့်ထိုင်ပါ။ ဒူးနှံ့ခြင်း၊ နှာခေါင်းနှိုက်ခြင်း၊ ဟိုကြည့်သည်ကြည့် ကြည့်ခြင်းများ မလုပ်ပါနှင့်။
မိမိဖြည့်ထားသော ကိုယ်ရေးမှတ်တမ်း (Curriculum Vitae) ထဲမှ လုပ်ငန်းအတွေ့အကြုံများကို ပြောတတ်ရန် လေ့ကျင့်ထားပါ။ သူမေးလာလျှင် အထစ်အငေါ့မရှိ ဖြေနိုင်ပါစေ။ --- အဲလိုတော့ ထင်ထာပဲ၊ မေ့နေတယ် စသော စကားမျိုး မပြောပါနှင့်။ သိရင် သိတယ်၊ မသိရင် မသိဘူး ပြတ်ပြတ်သားသား ဖြေပါ။ မည်သည့်အခါမှ Yes, No, Yes, No ဟု အခြား ဘာမှ မပြောတတ်တော့သည့် ပုံစံမျိုးနှင့် စကားတစ်လုံးထဲ ထပ်ကာ ထပ်ကာ မဖြေပါနှင့်။
အင်တာဗျူးပြီး၍ ပြန်ထွက်လာလျှင် ယခုလို အင်တာဗျူးခေါ်ခြင်းအတွက် ကျေးဇူးတင်ပါတယ်။ ငါ မင်းတို့နဲ့ ပြန်လည် ဆုံတွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ် စသဖြင့် နှုတ်ဆက်ပြီးမှ ပြန်ထွက်လာပါ။

၁၊ ၅။ SOC (Safety Orientation Course) အတွက် ကြိုတင်ပြင်ဆင်ခြင်း

အသစ်ပြောင်းလဲလိုက်သော ဥပဒေအရ စင်ကာပူသို့ ရောက်ရှိလာသူ အလုပ်သမားမှန်သမျှ စင်ကာပူ MOM မှ စစ်ဆေးသော SOC ကို အောင်မြင်မှWork Permit ကဒ် ထုတ်ပေးပါသည်။ စာမေးပွဲကို ၃ ကြိမ်သာ ဖြေဆိုခွင့်ရှိပြီး ၃ ကြိမ်လုံး မအောင်ပါက မိခင်တိုင်းပြည်သို့ ပြန်လွှတ်ပါသည်။ ထို့ကြောင့် ထိုစာမေးပွဲမှာလည်း အလွန် အရေးကြီးပါသည်။ သို့သော် ထိုစာမေးပွဲဖြေရန် မည်သူမျှ ကြိုတင် ပြင်ဆင်ထားခြင်း မရှိသေးပါ။ လေ့လာရမည့် စာအုပ်စာတမ်းလည်း မရှိပါ။ သို့အတွက် ဒုတိယပိုင်းတွင် တတ်နိုင်သလောက် ဖော်ပြထား ပါသည်။
စင်ကာပူတွင် အလုပ်လုပ်ဖူးသူများအဖို့ safety ဟူသည် ဘာကို ဆိုလိုသည်ကို သိမည် ဖြစ်သော်လည်း ယခုမှ စင်ကာပူသွားမည့် သူများအတွက် အစိမ်းသက်သက် ဖြစ်နေပါလိမ့်မည်။ ဗမာလို ရှင်းပြလျှင် နားလည်နိုင်မည် ဖြစ်သော်လည်း အင်္ဂလိပ် အခေါ်အဝေါ်များကိုမူ ဘာကို ဆိုလိုမှန်း သဘောပေါက်ချင်မှ ပေါက်ပါလိမ့်မည်။
အလုပ်ရပြီး စင်ကာပူရောက်ပြီး မှ SOC မအောင်သဖြင့် ပြန်လာရလျှင် အလွန်နစ်နာပါသည်။ သို့အတွက် ဒုတိယပိုင်း တွင် ဖော်ပြထားသော Safety နှင့် ပတ်သက်သည့် ဗဟုသုတ များကို တတ်နိုင်သမျှ မှတ်မိနေအောင် လေ့လာထားရန် လိုပါ သည်။
ထို့ပြင်လည်း မိမိတစ်ခါမျှ မလုပ်ဖူးသော အလုပ်များကို လုပ်ရမည် ဖြစ်ရာ မိမိတွင် ကျရောက် လာမည့် အန္တရာယ်များ ကို ကြိုတင် လေ့လာထားခြင်းဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ်များမှ ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။ အလုပ်များမှာ ဗဟုသုတ ရှိပြီး ညွှန်ကြား ထားသည့်အတိုင်း လုပ်လျှင် ဘာအန္တရာယ်မှ မရှိသော်လည်း မသိဘဲဖြစ်စေ ဂရုမစိုက်ဘဲ ဖြစ်စေ ရမ်းလုပ်ပါက အသက် အန္တရာယ် ရှိနိုင်ပါသည်။ သို့အတွက် safety ဟူသည် ဘာကို ဆိုလိုမှန်း စင်ကာပူတွင် အလုပ်သွားလုပ်မည့် သူတိုင်း သဘောပေါက် ထားရန် လိုပါသည်။
သူတို့ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများကို မလိုက်နာပါက မိမိအတွက် အန္တရာယ်ရှိရုံတင် မဟုတ်သေး။ သူတို့လာ ဖမ်းလျှင်လည်း ဒါဏ်ရိုက်ခံရမည် ဖြစ်ပါသည်။ ဒါဏ်ရိုက်ရုံတင်ဆို မထောင်းတာပါ။ အလုပ်မှ ထုတ်ပစ်သည်ထိ အရေးယူပါက အလွန် နစ်နာလှပါသည်။ သို့အတွက် တင်ကြိုလေ့လာ ထားကြပါ ဟု တိုက်တွန်းလိုပါသည်။

No comments: