Tuesday, June 29, 2010

ကိုယ်ချင်းစာတရား

ကျွန်တော်နှင့် အလွန်ရင်းနှီးသော သူငယ်ချင်းတစ်ယောက်နှင့် ပတ်သက်၍ ကိုယ်ချင်းစာတရားအကြောင်း တွေးမိပါသည်။
လူတိုင်းသာ ကိုယ်ချင်းစာတရားရှိပါမူ ဤသည့်လောကကြီး၌ အနှီဒုစရိုက်၊ မကောင်းမှုမျိုးများ ပေါ်ပေါက်လာစရာ မရှိနိုင်။ ရှိလျှင်သော်မှ အလွန့်အလွန် နည်းပါးပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်ချင်းစာတရားဟူသည် သူ့ကို ဒီလိုလုပ်လိုက်ရင်၊ ငါ့ကို ဒီလိုလုပ်ရင်ကော ခံနိုင်ပါ့မလား။ သူ့ကို ဒီလိုပြောလိုက်ရင် ငါ့ကို ဒီလိုပြောရင်ကော ခံနိုင်ပါ့မလား ဟု ချင့်ချိန်နိုင်စွမ်း။ စာနာနိုင်စွမ်း ဖြစ်သောကြောင့်တည်း။
ဘယ်သူမဆို နိုင်ငံခြားလာပြီး အလုပ်လုပ်ပြီဆိုကတဲက ကိုယ့်အိုးကိုယ့်အိမ်နှင့်၊ သားမယားနှင့်၊ မိဘ ဆွေမျိုးများနှင့် ခွဲခွာပြီး နေကြရသူချည်းဖြစ်သည်။ မည်သူမဆို မည်မျှစုတ်ချာ မွဲတေနေပါစေ။ ကိုယ့်အိမ်ကိုယ်တော့ ခုံမင်၊ စုံမက် ကြသူချည်း ဖြစ်သည်။ မည်မျှ ကောင်းကောင်းမွန်မွန်နေရသည်ဆိုစေ၊ ကိုယ့်မြို့ကိုယ့်ရွာကိုတော့ လွမ်းကြသူချည်းဖြစ်သည်။ သို့သော် ထိုသို့ခုံမင်၊ စုံမက်၊ လွမ်းသည်ဆိုရုံနှင့်မပြီး။ ဤချစ်ခင်စုံမက်လှပါသည်ဆိုသော ကိုယ့်မိသားစုအပေါ် သစ္စာရှိဘို့တော့ လိုသည်ထင်၏။
ကိုယ့်ဇနီးမယားကွယ်ရာမှာ ကိုယ်ကဖောက်ပြားနေလျှင် ကိုယ့်ဇနီးအနေနှင့် ဘယ်သို့ခံစားရမည်နည်း။ သူငယ်ချင်း များက “ဟာ-ဒါက ဒီမှာဖြစ်တဲ့ကိစ္စ။ ဗမာပြည်ပြန်သွားရင် ခေါ်သွားမှာမှ မဟုတ်ဘဲ” ဟု ဆင်ခြေတက်သည်ဆိုအံ့။ ကျွန်တော်ကလည်း ပြန်လည်မေးလိုက်ချင်ပါသည်။ “ဒါဖြင့်ဗျာ။ ခင်ဗျားစင်္ကာပူလာနေတုံး ဟိုကမိန်းမက ကောင်လေး တစ်ယောက်ယောက်နဲ့ ဖြစ်နေမယ်။ ခင်ဗျားပြန်လာတော့ ‘ကောင်လေး၊ နင်အိမ်ခဏပြန်နေဦး။ ဟိုမှာ အိမ်ကလူကြီးပြန်လာပြီ’ ဆိုရင် ခင်ဗျားဘယ့်နဲ့နေမလဲ”။ သည်သို့ဆိုလျှင် သင်ဘာပြောချင်ပါသနည်း။ ကျွန်တော် ဂွစကားပြောခြင်း မဟုတ်ပါ။ တွေးသင့်တွေးထိုက်သည်ကို တွေးနိုင်စေရန် ပြောပြခြင်းသာဖြစ်ပါ၏။ ဟုတ်ပါပြီ။ ကိုယ့်ဇနီး သူတပါးနှင့် ပျော်ပါးနေသည်ကို လက်သင့်ခံ ကြည်ဖြူနိုင်သည်ဆိုပါက သင်လည်း သူ့လိုပဲ တခြားမိန်းကလေးတစ်ဦးနှင့် ပျော်ပါးပါလေ။ သို့သော် ကိုယ့်သမီးလောက်ကလေးနှင့်တော့ မပျော်ပါနှင့်ဟု ထပ်မံသတိပေးလိုပါသေးသည်။ အဘယ့်ကြောင့်ပါနည်း။
ကိုယ့်သမီးနုနုထွတ်ထွတ်ကလေး အိမ်ထောင်သည် ယောက်ျားတစ်ယောက်နှင့် တွဲနေသည်ကို အဘယ်မည်သော ဖခင်သည် သည်းညည်းခံပြီး ကြည့်နေနိုင်ပါမည်နည်း။ ကိုယ့်သမီးကို အိမ်ထောင်သည် ယောက်ျားတစ်ဦးနှင့် တွဲသွားသည်ကို မကြည့်နိုင်သော ဖခင်တစ်ဦးအနေနှင့် ကိုယ့်သမီးလောက်သာရှိသော ကောင်မလေးတစ်ဦးနှင့် မတွဲပါနှင့်ဟုသာ အကြံပေး ချင်ပါသည်။ ဒါ-ကျွန်တော်က ကိုယ်ချင်းစာတရား လက်ကိုင်ထားကာ စဉ်းစဉ်းစားစားလုပ်စေချင်သော စေတနာနှင့် ပြောခြင်းသာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ နစ်နာစေလို၍ ပြောခြင်းမဟုတ်ပါ။
ကျွန်တော်နှင့် အတော်လေးရင်းနှီးသော ကောင်လေးတစ်ယောက် ရှိပါသေးသည်။ သူနှင့်ကျွန်တော်က ဟိုဘက်စားပွဲ သည်ဘက်စားပွဲ အတူတွဲကာ (Keppel Shipyard ထဲတွင်) အလုပ်လုပ်ရ၏။ ငါနဲ့ ဘယ်ကောင်မလေးနဲ့ ဘယ်လိုဖြစ်လိုက်တာ၊ ဘာတွေဖြစ်လို့ ဘယ်ဆေးခန်းမှာ ဘယ်လိုလုပ်လိုက်ရတယ် (သူပြောနေသည်များမှာ အင်မတန် ရုံ့ရင်းကြမ်းတမ်းလှသဖြင့် စာနှင့်ရေးပြ၍မကောင်းပါ။) စသဖြင့် သူ့သူငယ်ချင်းကို မြိန်ရည်ရှက်ရည် ပြောပြနေသည်များကို နားနှင့်ဆတ်ဆတ် ကြားရသောအခါ ကျွန်တော့်မှာ ဤလိုလူမျိုးများကို အလွန်အော့နှလုံးနာ၊ ရွံလည်း အလွန်ရွံရှာမိပါသည်။
သို့သော်မကြာပါ။ သူ့နှမ ယောက်ျားတစ်ယောက်နှင့် လိုက်ပြေးသည်ဟု ကြားရသောအခါ သူ့မှာ ဆတ်ဆတ်ခါ နေပါတော့သည်။ သူ့နှမ လိုက်ပြေးသော ထိုငနဲသည်ကား တခြားသူမဟုတ်။ အစင်းသိ၊ ဓါတ်သိဖြစ်နေသော သူ့သူငယ်ချင်း ဖြစ်နေသောကြောင့်တည်း။ သူနှင့် တစ်ခန်းထဲနေသူ၊ သူ့အကြောင်းကောင်းကောင်းသိသူ သူ့သူငယ်ချင်း၊ ကျွန်တော့်သူငယ် ချင်းက “ဟင်- သူများနှမကျတော့ ဘယ်လိုလုပ်လိုက်တာ။ ညာလိုလုပ်လိုက်တာနဲ့ တပြောထဲ ပြောနေတဲ့ကောင်၊ မှတ် ပလားကွ၊ သူ့နှမကျတော့ ဖြစ်နေလိုက်တာ” (သူပြောသည်များမှာ သည့်ထက်ပြင်းထန်ပါသည်။ စာနှင့်ရေးပြလို့မကောင်းပါ။) စသဖြင့် ပယ်ပယ်နယ်နယ် နှံပါသည်။ ကာလ၀ိပါက် နောက်ပိုးတက်ဆိုသည်မှာ ဤသည်ကို ခေါ်ရောထင့်။
ဤကိစ္စတစ်မျိုးထဲသာမဟုတ်ပါ။ များစွာသော လူမှုရေးနယ်ပယ်မှ ကိစ္စများစွာတို့ပင် ကိုယ်ချင်းစာတရားရှေ့ထား လိုက်ပါက ပြေလည်သွားမည့် ကိစ္စများချည်းဖြစ်ပါသည်။ ဥပမာ- ပိုက်ဆံချေးပြီး ပြန်တောင်းရခက်သော ပြဿနာ၊
သူခိုးလက်မှ သူဝှက်လုခြင်း၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်၍ သူတစ်ပါးပစ္စည်းကို မတရားယူခြင်း စသည်၊ စသည်။
ပြီးခဲ့သောလက ဧရာဝတီ အင်တာနက်မဂ္ဂဇင်းတွင် နာမည်ကျော်စာရေးဆရာမကြီးတစ်ဦး၏ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက် ရ၍ အတော်ကသိကအောက်ဖြစ်ရဘူးသည်။ ဆောင်းပါးတွင် သူတို့ငယ်စဉ် ကျောင်းသူဘ၀က သူငယ်ချင်းတစ်စုတို့ စားကြသောက်ကြရန် တစ်နေရာသို့ မြင်းလှည်းတစ်စီးနှင့် သွားကြသည်။ လူကများပြီး မြင်းမကလေးက ငယ်နေသဖြင့် မြင်းမကလေးမရုံးနိုင်တာကို မည်သူကမျှဆင်းပေးမည်ဟု စိတ်မကူးကြပဲ မြင်းမဆွဲနိုင်တာကိုပင် ပျော်ပါးနေ လိုက်ကြသေးသည်။ နောက် ကျောင်းသားတစ်ယောက်က ဆင်းတွန်းပေးလိုက်သဖြင့် မြင်းမကလေးမှာ မနိုင့်ရင်ကာ ဆွဲသွား ရတော့သည်။ ခရီးဆုံးရောက်တော့ မြင်းမကလေးမှာ ဆတ်ဆတ်တုန်ကာ ချွေးများကို သံပြားနှင့်ပင် ခြစ်ချရသည်ဆို၏။
ထိုဆောင်းပါးဖတ်ပြီး ကျွန်တော့်မှာ အတော်မကျေမချမ်းဖြစ်မိပါသည်။ လူများစင်စစ်ဖြစ်လျှက်ကနှင့် မြင်းမရုံးနိုင် ဘူးဆိုတာ သိဘို့မကောင်းဘူးလား။ တက္ကသိုလ်ကျောင်းသူတွေ ဖြစ်နေပြီး ဒီလောက်မှ မသိတတ်ကြတော့ဘူးလား။ ကိုယ်ပျော်ချင်တာတစ်ခုတည်းနှင့် မြင်းမကလေးကို မနိုင့်ဝန်ထမ်းခိုင်းတာ တရားပါရဲ့လား။ ကျွန်တော်သာထိုအဖွဲ့ထဲပါလျှင် ခြေလျင်လျှောက်သွားမှာ သေချာသလို ယောက်ျားလေးအားလုံးကိုလည်း မြင်းလှည်းပေါ်မှ ဆင်းခိုင်းမှာ ဖြစ်ပါသည်။ မနိုင့်ရင်ကာ ဆွဲနေရသောမြင်းမကလေးကို သနားတာနှင့်ပင် ကျွန်တော်စီးဖြစ်မှာမဟုတ်ပါ။ မြင်းမကလေးနေရာကို ခဏကလေးဝင်ပြီးနေကြည့်စမ်းပါ။ သင် ဘယ်လိုခံစားရမည်လဲ သိနိုင်ပါမည်။
နောက်တစ်ခု- ကျွန်တော်စိုက်ပျိုးရေးတက္ကသိုလ်တွင်လုပ်နေစဉ် ၁၉၉၄ ခုနှစ်ဝန်းကျင်လောက်က စက်ပစ္စည်း ၀ယ်ရန်တာဝန်ဖြင့် မန္တလေးသို့ သွားရပါသည်။ မန္တလေးသို့သွားလျှင် ဈေးလည်းသက်သာ။ ဘူတာနှင့်လည်း နီးသော သမ၀ါယမ တည်းခိုခန်းတွင် အမြဲတည်းလေ့ရှိပါသည်။ ပြန်မည့်နေ့နံနက်တွင် ဘူတာသို့ လမ်းလျှောက်လာစဉ် (မနက် ၄ နာရီခန့်သာ ရှိပါသေးသည်) သစ်ပင်များပေါ်တွင်အိပ်နေကြသော ငှက်ကလေးများကို လေသေနတ်များနှင့်ပစ်ချနေသော လူတစ်စုကို တွေ့ရသည့်ခဏ ကျွန်တော့်မှာ အလွန့်အလွန် စိတ်မချမ်းမသာဖြစ်မိပါသည်။ သူတို့ဘာသာသူတို့ အေးအေး ချမ်းချမ်းအိပ်နေသော ငှက်ကလေးများကို သွားပြီးသတ်ဖြတ်ရက်သော ထိုလူများကို ကျွန်တော်က “ခင်ဗျားတို့မိသားစု အိပ်နေတုံး လူဆိုးတစ်စုကလာပြီး ခုလိုပဲ သေနတ်တွေနဲ့ပစ်ခတ် သတ်ဖြတ်ရင် ခင်ဗျားတို့ ဘယ်လိုခံစားရမလဲ” ဟု မေးချင်ပါသည်။
ထို့အတူ စိုက်ပျိုးရေးတက္ကသိုလ်တွင်ပင် ရှိနေစဉ် တစ်နေ့ ဆန်အိတ်များကိုတင်လာသော မြင်းလှည်းတစ်စီး ကျွန်တော်တို့ အိမ်ရှေ့မှတံတားကို ကူးရန်ကြိုးစားနေသည်ကို တွေ့ရပါသည်။ ဆန်အိတ်နှင့်လှည်းမှာ မမျှပါ။ မနိုင့်ရင်ကာ တင်လာခြင်းဖြစ်၏။ မြင်းခမျာ တံတားကိုမတက်နိုင်ဖြစ်နေပါသည်။ ထိုအခါ မြင်းလှည်းသမားမှာ လှည်းကို ဆင်းပြီးတွန်းမည်မကြံဘဲ မြင်းကိုသာ လှိမ့်ရိုက်နေပါသည်။ ကျွန်တော့်မှာ မဆီမဆိုင်စိတ်တိုလာကာ ‘ကိုင်း-ဒါလောက်တောင်ရှိလှတဲ့ ခွေးမသားတော့ တွေ့ကြသေးတာပေါ့ကွာ’ ဟု မြင်းလှည်းသမားအား လက်သီးနှင့်ထိုးရန် အိမ်ပေါ်မှဆင်းပါသည်၊ ကျွန်တော်ပဲ ကံကောင်းသည်လား မသိပါ။ ထိုခဏ မြင်းလေးမှာ အားစိုက်ရုံးလိုက်သည်နှင့် ထိုတံတားကို ကျော်လွန်သွားပါတော့သည်။ ကျွန်တော်လည်း တိုနေသောစိတ်ကိုထိန်းကာ အိမ်ပေါ်ပြန်တက်ခဲ့ပါ တော့သတည်း။ မဟုတ်လျှင် မဆိုင်သူကို ထိုးကြိတ်မှုနှင့် ဘယ်သို့ဖြစ်လေမည်မဆိုနိုင်။ (မှတ်ချက်။ ။ ကျွန်တော်ငယ်စဉ် က အလွန်စိတ်တိုကာ ဒေါသကြီးတတ်သူ ဖြစ်ပါသည်။ ယခု အသက်ကလေးရလာတော့မှ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းရသည်။)
ထိုသို့သောဖြစ်ရပ်မျိုး ကျွန်တော်မကြာခဏ ကြုံဖူးပါသည်။ စာရှုသူတို့လည်း ကြုံဖူးကောင်းကြုံဖူးကြပါလိမ့်မည်။ ကိုယ်ချင်းစာစိတ်ကလေးနည်းနည်းလောက်ထားကာ ထိုထိုသော ဘာမှ ဆင်ခြေမကန်နိုင်သည့်၊ ဘာမှပြန်မလုပ်နိုင်သည့် သခင် ခိုင်းရာခံနေရသော တိရိစ္ဆာန်ကလေးများကို သနားသောအားဖြင့် မျှမျှတတ၊ သူနှင့်သူ တန်ရာတန်ရာ ၀န်ကို ဆွဲခိုင်းသင့်ပါသည်။ သူတို့ခမျာ အဘိုးအခ တစ်ပြားတစ်ချပ်မှ မရဘဲ မိမိကို လုပ်ကျွေးသမှုပြုနေသည်ဆိုတာ သတိထားဘို့ ကောင်းပါသည်၊ ချက်စားဘို့မွေးထားသော ကြက်ကို သတ်စားတာကတော့ တခြားဖြစ်၏။ သို့သော် ကြင်နာသနားစိတ် သာရှိမည်ဆိုပါက သတ်စားရက်မည် မဟုတ်ပါလေ။
ကျွန်တော် အလယ်တန်းကျောင်းသားဘ၀က ‘လူလိုသိပါ ကိုယ်ချင်းစာ’ ဟူသော တရားစာအုပ်လေးကို ဖတ်ဖူး ပါသည်။ ထိုစာအုပ်တွင် ဘုရားအလောင်းက ကျေးတောသားကလေးဘ၀။ သူ့တွင် အစ်ကိုတစ်ဦးလည်း ရှိပါသည်။ (နာမည်ကတော့ သုဓနု လိုလို။ သုမန လိုလို ကျွန်တော်မမှတ်မိတော့ပါ။) သူတို့၏ မိခင်ကြီး နာမကျန်းဖြစ်သောအခါ ဆေး ဆရာခေါ်ပါသည်။ ဆရာက ရောဂါကို ယုန်သားနှင့်ကုမှ ပျောက်မည်ဆို၏။ ထိုအခါ အစ်ကိုကြီးဖြစ်သူက ဘုရားလောင်း ညီငယ်ဖြစ်သူအား ယုန်ဖမ်းရအောင် တောထဲသို့ လွှတ်လိုက်သည်။ ညီဖြစ်သူက တောတွင်းဝင်၍ ယုန်ဖမ်းရာ အလွယ် ပင်ရသည်။ ထိုအခါ ယုန်ကလေးမှာ ကြောက်ရှာလွန်း၍ တုန်နေသည်။ အမေယုန်မကြီးမှာလည်း သားအတွက်ရတက်ပွေကာ အနားမှမခွာနိုင်ဘဲ ဟိုပြေးလိုက်၊ သည်ပြေးလိုက် ဖြစ်နေရှာပါသည်။ ထိုဖြစ်ရပ်ကိုမြင်ရသော ဘုရားလောင်း ကျေးတောသားလေးမှာ ယုန်လေးကို မဖမ်းရက်တော့ဘဲ ပြန်လွှတ်လိုက်ပါသည်။
လက်ချည်းဗလာဖြင့် အိမ်ပြန်လာသော ညီဖြစ်သူအားတွေ့ရသောအခါ အစ်ကိုကြီးမှာ ဒေါသူပုန်ထကာ ထိုးမည် ကြိတ်မည် လုပ်၏။ သို့သော် အမေကြီးမှာ ရောဂါပျောက်နှင့်နေပြီဖြစ်၏။ ညီဖြစ်သူ၏ ကိုယ်ချင်းစာနာစိတ်က အမေအို၏ ရောဂါကို ပျောက်ကင်းအောင် ကုသပေးလိုက်ခြင်းပင် ဖြစ်သည်။
ကျွန်တော်ငယ်စဉ် ဒေသကောလိပ်ကျောင်းသားဘ၀က ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက်တွင် တည်းကာ ကျောင်းတက်ရပါသည်။ ကျောင်းနှင့်မျက်နှာချင်းဆိုင် ရေကာတာကြီးတစ်ဖက်ခြမ်းတွင် နွားသတ်ရုံရှိ၏။ မနက်စောစော ကျွန်တော်ဆွမ်းအုပ်ယူရာမှပြန်လာတိုင်း နွားများကိုပေါ်ကာ အမဲသားများကို တောင်းကြီးများတွင်ထည့်လျှက် ဆိုက်ကား များဖြင့် ဈေးသို့သယ်သွားသည်ကိုတွေ့ရပါသည်။ တစ်ခါတစ်ခါ ညနေ ကျောင်းမှပြန်လာချိန်တွင် ပေါ်မည့်နွားများကို ကြိုး များဖြင့်သီလျှက် ဆွဲလာသည်ကိုလည်းတွေ့ရတတ်သည်။
ဗမာပြည်တွင်က အသားစားရန် နွားများကို သီးသန့်မွေးတာ အင်မတန်ရှားလှပြီး များသောအားဖြင့် ခိုင်းနွားများကို အိုမင်းမစွမ်းဖြစ်လာသောအခါ ပေါ်စားကြတာများပါသည်။ ထို့ကြောင့် ထိုပေါ်မည့်နွားများမှာ ငယ်ငယ်ရွယ်ရွယ် နွားများထက် နွားအို၊ နွားမင်းများသာများ၏။ သို့မို့ကြောင့် ပိန်ချုံးကာ၊ အားအင်ကုန်ခမ်းနေသော နွားကြီးများသာဖြစ်သည်။
ရှေးလူကြီးများကတော့ နွားများသည် လူနှင့်အနေနီးသောကြောင့် လူများအကြောင်းနားလည်သင့်သလောက် နားလည်နေကြသည် ဆို၏။ ဆိုလိုသည်မှာ လူများလှုပ်ရှားတာကိုကြည့်ပြီး ဒီလူတွေဘာလုပ်မယ်ဆိုတာ သဘောပေါက် နေတတ်သည်။ ကျွန်တော်ကတော့ ဤသည်ကိုယုံပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့်အဖေမှာ လယ်သမားဖြစ်ရာ ကျွန်တော်ငယ်စဉ်က လယ်ယာလုပ်ငန်းကို နွားများနှင့် တရင်းတနှီးအတူတကွ လုပ်ကိုင်ခဲ့ဖူးသောကြောင့်ဖြစ်၏။ ထို့ကြောင့် အမဲပေါ်တော့မည်ဆိုသည်နှင့် ထိုနွားမှာ သိနေပါသည်။ မျက်ရည်များကျတတ်သည်။ ကတုန်ကယင် ဖြစ်နေတတ်သည်။ သေရမည်ကို မကြောက်သော အဘယ်သတ္တ၀ါများရှိပါသနည်း။ သက်ရှိသတ္တ၀ါမှန်က ကိုယ့်အသက်ကိုယ်တော့ နှမြောတတ်ကြသည်ချည်း။
ထိုကဲ့သို့ပင် သားသတ်ရုံသို့ အတွဲလိုက်ဆွဲလာသောထိုနွားအုပ်များထဲတွင် မျက်ရည်စီးကြောင်းများနှင့် နွားအို ကြီးများကို တွေ့ရသောအခါ ကျွန်တော့်ရင်မှာ အင်မတန်ထိခိုက်လှပါသည်။ အချို့နွားကြီးများမှာ ရိုက်ထားသဖြင့် အရှိုး ရာများပင်မပျောက်သေးပါ။ လူများလုပ်သမျှခံနေရသော ထိုသနားစရာ သတ္တ၀ါကြီးများ၏ အသားကို အဘယ်မှာလျှင် ကျွန်တော်မျိုကျနိုင်ပါအံ့နည်း။ ထို့ပြင်တ၀ လယ်တီဆရာတော်ဘုရားကြီးရေးသော နွားမေတ္တာစာကို ဖတ်လိုက်ရသောအခါ ကျွန်တော့်မှာ တစ်သက်တာပတ်လုံး အမဲသားပြတ်သွားပါတော့သတည်း။ ခိုင်းလည်းခိုင်းသေးရဲ့၊ အသားကုန်ခိုင်းပြီး ခိုင်းလို့မကောင်းတဲ့အခါကျတော့ သတ်အစားခံရမည် ဆိုသည်ကို ထိုနွားကြီးများနေရာတွင် ခဏကလေးဝင်ကာ ကိုယ်ချင်းစာ ကြည့်ကြပါကုန်။
ကျွန်တော်ကတော့ လယ်ယာလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများကို စက်နှင့်သာဖြစ်စေချင်ပါသည်။ Fully Mechanized Farming အဆင့်သို့ ရောက်ပြီဆိုပါက ကျွဲနွားများကို သုံးစရာမလိုတော့။ လယ်ယာလုပ်ငန်း အစအဆုံးကို စက်များနှင့်သာ လုပ်ရတော့မည်။ လူလည်းသက်သာ။ မြန်လည်းမြန်။ ကျွဲနွားများလည်း ချမ်းသာရာရ။ အဟောဝတ ကောင်းလေစွ။
ကျွန်တော်ယခုလုပ်နေသော ကုမ္ပဏီတွင် ကျွန်တော်တို့နှင့် လုပ်ဖော်ကိုင်ဘက် မလေးတစ်ယောက်ရှိပါသည်။ သူက ငါးမျှားရတာ အင်မတန် ၀ါသနာပါသည်။ အားလပ်ရက်တိုင်း ငါးမျှားသွားသည်ဆို၏။ ချက်စားဘို့မျှားခြင်းထက် အပျော်မျှားခြင်းသာ ဖြစ်၏။ ကျွန်တော်က ငါးမျှားချိတ်နှင့် သူ့အသားကို မနာမကျင်ထိုးရင်း သူ့ကိုရှင်းပြသည်။
“မင်းကိုခုလိုငါးမျှားချိတ်နဲ့ထိုးတာ နာသလား (ဟာ-နာတာပေါ့)။ ဟုတ်လား၊ မင်းအသားကျတော့ နာတတ်လိုက်တာ၊ ငါး ပါးဟက်ကို ဒီငါးမျှားချိတ်ကြီးနဲ့ ဟောသလို ဟောသလို ချိတ်ပြီးဆွဲတာကျတော့ မင်းက မနာဘူးလို့ထင်သလား။ မင်းပျော်ဘို့ပါးဘို့အတွက်နဲ့ ငါးကလေးခမျာ အင်မတန် မချိမဆန့်နာပြီး အသက်သေရတယ်။ ဖြစ်နိုင်ရင်တော့ မင်း ငါးမျှားပြီးအပန်းဖြေတာကို လျှော့လိုက်ပါကွာ။ တခြား အပန်းဖြေစရာတွေ တပုံကြီးပါ” ဟု ပြောပြပါသည်။ သူတော့ မည်မျှ နားဝင်သည်မသိ။ ကျွန်တော်တို့ ပင်လယ်ကမ်းစပ်တွင် အလုပ်လုပ်ရသည့်အခါတိုင်း ငါးများမြင်လျှင် မနေနိုင်။ ဟာ-ငါးကြီး၊ ငါးကြီး နှင့် မျှားချင်စိတ် အလွန်ပြင်းထန်နေတတ်ပါသည်။ လူတစ်ဦး၏ ၀ါသနာ၊ ဗီဇဆိုတာ ဖျောက်ရခက်သားကလား။
ထို့အတူပင်၊ အလုပ်ထဲတွင်လည်း လုပ်နေရင်း တခြားသူများပစ္စည်းထားသွားသည်ကိုမြင်လျှင် အလစ်သုတ်ချင် သည်။ ကျွန်တော်က “ဟေ့ကောင်၊ မင်းပစ္စည်းကို သူများယူသွားရင် မင်းဘယ်လိုခံစားရမလဲ” ဟုမေး၏။ ကိုယ်က ဘာမ ဟုတ်သည့် သူ့ပစ္စည်းကလေးကို ယူထားလိုက်သည်။ ကိုယ့်အနေနှင့် လောလောဆယ် ဘာမှအသုံးမတည့်။ နောင်ကျမှ အသုံး တည့်ချင်တည့်မည်။ သို့သော် လောလောဆယ်လုပ်နေသူအဖို့တော့ ပစ္စည်း၏ ငွေတန်ဘိုးထက် အသုံးရည်တန်ဘိုးသည် အင်မတန် တန်ဘိုးကြီးလှပေရာ ထိုပစ္စည်းကလေးမရှိသည်နှင့် လုပ်ငန်းရှေ့ဆက်လို့ မရဟုဆိုလျှင် ထိုသူ့အနေနှင့် မည်မျှ စိတ်ဆင်းရဲလိုက်ပါမည်နည်း။ ကျွန်တော် ကိုယ်တိုင်လည်း လုပ်နေသည်ဖြစ်ရာ ဘာမှတန်ဘိုးမရှိသောပစ္စည်းကလေးပင် ဖြစ်လင့်ကစား တစ်ခါတစ်ရံ ထိုပစ္စည်းကလေးမရှိသည်နှင့် ဘာမှဆက်လုပ်လို့မရသော အခြေအနေမျိုး မကြာခဏ ကြုံရတတ် ပါသည်။ ထို့ကြောင့် ဘာပဲလုပ်လုပ် ငါသာဆိုရင် ဆိုသောအတွေးမျိုး အမြဲတွေးသင့်ပါသည်။ ကိုယ်ချင်းစာစိတ် အမြဲ ထားသင့်ပါသည်။
သို့မို့ကြောင့် ကျော်ဟိန်းက “ညအိပ်ယာဝင်တိုင်း၊ အသေအချာတွေး၊ မင်းလုပ်ခဲ့တာ တစ်နေ့လုံး၊ ပြန်စစ်ဆေး၊ ဘာတွေ ဘယ်လိုမှားယွင်းနေခဲ့လဲ၊ စဉ်းစားကြည့်သူငယ်ချင်း” ဟု သူ၏ အဓိပ္ပါယ်ရှိသောလူ တွင် သတိပေးထားခြင်း ဖြစ်ပါ၏။ မိတ်ဆွေတို့ရော အိပ်ယာဝင်သည့်အခါများတွင် ဤကဲ့သို့ စစ်ဆေးဘူးပါသလား။ စဉ်းစားသင့်ပါ၏။ ငါပြောသလို လုပ်။ ငါလုပ်သလိုမလုပ်နဲ့ ဟု နောက်သလိုလိုနှင့် တကယ်မပြောပါနှင့်။ ဟေ့၊ ငါ့လိုလုပ်ပြ၊ နေပြလိုက်စမ်းပါကွ ဟု ရဲရဲဝံ့ဝံ့ လူငယ်များအတွက် စံနမူနာယူလောက်သူအဖြစ် နေပြလိုက်စမ်းပါဟု တိုက်တွန်းလိုက်ရပါသည်။

မြတ်စွာဘုရားရှင် ဟောထားသည်ကတော့ အင်မတန် ရှင်းလှပါ၏။ သားတော်ရာဟုလာကို သွန်သင်ရာတွင် - -

၁။ ပြောမည်ကြံလည်း၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား။ ဘယ်သူ့များ ထိမလဲ။
၂။ ပြုမည်ကြံလည်း၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား။ ဘယ်သူ့များ ထိမလဲ။
၃။ တွေးမည်ကြံလည်း၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား။ ဘယ်သူ့များ ထိမလဲ။

ဤသည်မှာ ကိုယ်ချင်းစာတရား၏ အချုပ်ပင် ဖြစ်ပါသည်။ ဤကဲ့သို့သာ လုပ်မည်၊ တွေးမည်၊ ပြောမည် ကြံတိုင်း ဆင်ခြင်ပြီး လုပ်၊ တွေး၊ ပြောမည် ဆိုပါက ဤကမ္ဘာလောကကြီး အဘယ်မျှ သာယာလိုက်ပါမည်နည်း။ သို့မို့ကြောင့် မိမိပြောမည်၊ လုပ်မည်၊ တွေးမည် ကြံတိုင်း ငါ ဒီလို ပြော၊ လုပ်၊ တွေးလိုက်ရင် သူဘယ်လိုများ ခံစားရပါလိမ့်မလဲ ဟု ဆင်ခြင်တိုင်းထွာကာ ပြောနိုင်၊ လုပ်နိုင်၊ တွေးနိုင်ကြပါစေ ဟု ဆန္ဒပြုလိုက်ရပါသတည်း။ ။


အေးငြိမ်း
၂၆-၁၂-၂၀၀၃

ဆယ်ကုဋေသော ပူမှု (ဒုတိယပိုင်း)

ဤစာကို ရေးရခြင်းမှာ စင်ကာပူတွင် သည်သို့သည်နှယ်ဇာတ်လမ်းများ ရှိသည်ဆိုခြင်းကို အခြား စင်ကာပူ တွင် အလုပ်လုပ်နေကြသူ မြန်မာများလည်း သိစေလို၍ ဖြစ်ပါသည်။ သူတို့အဖြစ်ကို သိထားခြင်းဖြင့် တို့သာဆို ဘယ်လိုလုပ်မလဲ ဟု စဉ်းစားဆင်ခြင်နိုင်ကြမည် ဖြစ်ပါသည်။ ကိုယ်တိုင်မဟုတ်လျှင်သော်မှ ကိုယ့်ပတ်ဝန်းကျင်တွင် ဤလိုကိစ္စမျိုးကြားသိလာရပါက ဒါကတော့ ဒီလိုရှိတယ်ဟု အကြံဉာဏ်များ ပေးနိုင်မည် ဖြစ်ပါသည်။

ပြီးခဲ့သော ဇာတ်လမ်းကို ဆက်ကြပါစို့။

(၁) လူစင်စစ်က ဘောလုံးဖြစ်ရခြင်း

သည်နေ့ (၂၅-၆-၂၀၁၀) တွင်တော့ အားလုံးချောမောစွာ ပြီးသွားပါပြီ။ သို့သော် အဖုအထစ်များစွာနှင့် ဖြစ်၏။

ယမန်နေ့ (၂၃-၆-၁၀) က MOM မှ အရာရှိက ထိုကိစ္စ သူဘာမှမတတ်နိုင်ပါ။ Foreign Manpower Management Division သို့ သွား ဆိုလိုက်ရာ မျှော်လင့်ချက်ကြီးနှင့် လာခဲ့ကြသော ကိုယ့်လူများလည်း စိတ်ဓါတ်ကျကုန်ကာ ကျွန်တော့်ဆီ ဖုံးလှမ်းဆက်၏။ ကျွန်တော်လည်း Foreign Manpower Management Division ကဘာတွေလုပ်သနည်း ဟု အင်တာနက်တွင် ရှာကြည့်သောအခါ တရားမ၀င် အလုပ်သမားများ ခန့်ထားခြင်း၊ အလုပ်သမားများ၏ နေရေးထိုင်ရေး၊ ကျန်းမာရေး၊ အလုပ်သမားများကို မျက်နှာလွဲခဲပစ် ထားခြင်း ကိစ္စများ၊ ထွက်ပြေးခြင်း ကိစ္စများ၊ အေးဂျင့်များ တရားဥပဒေကို လေးစားလိုက်နာရေး စသည်တို့ကို ဆောင်ရွက်သောအဖွဲ့ဖြစ်သည်ဟု တွေ့ရ၍ ဟုတ်ပြီ၊ သူတို့ကမှ တတ်နိုင်လိမ့်မည် ထင်သည်ဟု ကိုဒုက္ခသည်တို့ကို နက်ဖြန် အဲဒီ WMMD ကို သွားဖြစ်အောင် သွားပါ။ သူတို့လုပ်ပေးနိုင်ပါလိမ့်မည် ဟု တိုက်တွန်းရ၏။

သို့နှင့် ၂၄-၆-၁၀ နေ့တွင် တစ်အုပ်လုံး FMMD သို့ ချီတက်ခဲ့ကြသည်။ မျှော်လင့်ချက်များ ကိုယ်စီနှင့်။ FMMD ရောက်တော့ ထုံးစံအတိုင်း သူတို့ကို စစ်ချက်ယူသည်။ စာရွက်စာတမ်းများယူသည်။ မေးမြန်းပြီးတော့မှ ‘အာ၊ မင်းတို့လခကိစ္စက ငါတို့နဲ့မဆိုင်ဘူး၊ MOM ကို သွားကွ’ ဟု ပုတ်လွှတ်ပြန်ပါ၏။
အာ၊ ဆရာရယ်၊ မနေ့က MOM officer က ဒီကိုသွားပါဆိုလို့ ကျွန်တော်တို့ ဒီကိုလာခဲ့တာပါ။ ခု MOM ကလည်း ဒီလွှတ်၊ ဒီကလည်း ဒါ ငါတို့ကိစ္စမဟုတ်ဘူးဆိုတော့ ကျွန်တော်တို့ ဘယ်သူ့သွားအဖေခေါ်ရမလဲ ခင်ဗျာ။
‘မဟုတ်ဘူးလေကွာ၊ အဲ ဟုတ်တယ်လေကွာ။ နေဦးနေဦး၊ ငါ စာရေးပေးလိုက်မယ်။ မင်းတို့ အဲဒီစာ ယူသွား။ ဒါဆို သူတို့လုပ်ပေးလိမ့်မယ်။ အလုပ်ရှင်နဲ့ အလုပ်သမားကိစ္စ ဆိုတာ သူတို့နဲ့ တိုက်ရိုက်ပတ်သက်တာကွ။ ရော့ရော့ အဲဒီစာ ယူသွား။ ငါတို့ကလွှတ်လိုက်တာပါလို့ သူတို့ကို ပြောပြ။‘

သို့နှင့် ထိုစာကိုယူ။ MOM သို့ တစ်ခေါက်ပြန်လာရပြန်၏။ လိုရမယ်ရဆိုကာ ထိုစာကို copy တစ်စောင် ကူးထားလိုက်သည်။ သည်တစ်ခါ MOM တွင် ဆုံရသည်က အမျိုးသမီး officer ဖြစ်၏။ သူကလည်း ‘ဟဲ့၊ အကောင်ကလေးတွေရဲ့၊ သည်လိုကိစ္စမျိုးဆိုတာ FMMD နဲ့သာဆိုင်တာဟဲ့၊ ငါတို့နဲ့ ဘာပတ်သက်တာ လိုက်လို့။ အဲဒီစာရွက်တွေထားခဲ့။ ရော့၊ ဒီစာယူသွား။ ငါတို့က လွှတ်လိုက်တာ၊ ဒါ မင်းတို့နဲ့ပဲ ပတ်သက်တယ် လို့ ပြောလိုက်။ သွားမှာသွားပါကွယ်။ မင်းတို့ကို အဆင်ပြေအောင် လုပ်ပေးပါလိမ့်မယ်။’

ဟိုက် ရှာလပတ်ရည်။ ငါတော့ သေသာသေလိုက်ချင်တော့တာပဲ။ FMMD က ပေးလိုက်သော စာကို MOM မှ ယူထားလိုက်သည်ဖြစ်ရာ သူတို့မှာ လိုရမယ်ရကော်ပီကူးထားသော စာရွက်ကလေးနှင့် ပြန်လာရပြန်၏။

FMMD ရောက်သော် MOM မှပေးလိုက်သော စာရွက်ကိုပြကာ ၀င်ခဲ့၏။ သည်တစ်ခေါက်တော့ ကံအနည်း ငယ် တက်လာပြီ ဆိုရမည်။ သူတို့တစ်သိုက် အရာရှိကို နတ်သံနှောကာ တိုင်နေစဉ် အိန္ဒိယအမျိုးသား အရာရှိတစ်ဦး ၀င်လာပြီး ဘာဖြစ်ကြတာလဲ ဟု မေး၏။ သူတို့က အကျိုးအကြောင်းရှင်းပြသောအခါ ထို အရာရှိမှာ အနည်းငယ် တင်းသွားဟန်တူ၏။ သို့နှင့် သူက စာရွက်စာတမ်းများတောင်းကာ စစ်ဆေးကြည့်ရှုပြီး သဟာဖြင့် မင်းတို့ဘာမှ မပူလေနှင့်။ ငါရအောင်လုပ်ပေးမည် ဆိုကာ အင်တာနက်မှ တစ်ဆင့် ကုမ္ပဏီအုပ်ချုပ်ရေး ဒါရိုက်တာများ၏ အမည်နှင့် ဖုံးနံပါတ်များကို ကူးယူကာ ဘယ်သူရှိသလားဟေ့ ဟု ဖုံးဆက်ပါတော့၏။
ဆရာ နိုင်ငံခြားသွားပါတယ်ရှင့်။
ဒါဖြင့် မင်းတို့ ဒါရိုက်တာနဲ့ ဖုံးပြောချင်တယ်ကွယ်။
ဆရာကြီး မရှိပါဘူး၊ အပြင်ထွက်သွားပါတယ်ရှင့်။
ဒါဖြင့် မင်းမှတ်ထားလိုက်စမ်းကွယ်။ ငါက MOM က officer ဦးဘယ်သူကွဲ့။ မင်းတို့ဆီက မြန်မာလူမျိုး S Pass holder တွေ ငါ့ဆီရောက်နေတယ်။ မင်းတို့စာရွက် စာတမ်းတွေလည်း ငါကြည့်ပြီးပြီ။ မင်းတို့ သူတို့ရစရာရှိတဲ့ ပိုက်ဆံတွေ ရှင်းပေးလိုက်ပါ။ ခု၊ ငါသူတို့ကို လွှတ်လိုက်မယ်။ သူတို့ကို ပိုက်ဆံပေးတဲ့အခါ လက်မှတ်ထိုးယူခိုင်းပါ။ နောက်ပြီး အဲဒီ လက်မှတ်ထိုးထားတဲ့ စာရွက်တွေ ငါ့ဆီ fax ပို့လိုက်ပါ။ င့ါ fax နံပတ်က x x x x x x x ၊ နားလည်တယ်နော်။
ဟုတ်ကဲ့၊ မှတ်ထားလိုက်ပါ့မယ်ရှင့်။
ဟိုး၊ ဟိုး၊ ဆရာ၊ ခဏ၊ ခဏလေးနေပါဦး။ ကျွန်တော်ရှင်းပြပြစေဦး။ ဆရာ၊ သူတို့က ကျွန်တော်တို့ဆို၊ ချေး - ခွေးနိုင်သလို နိုင်တာ ဆရာရဲ့။ သည်တော့ ကျွန်တော်တို့သာ သွားတောင်းလို့ကတော့ မပေးရေးချ၊ မပေးထဲကပါပဲ ခင်ဗျာ။ သည်တော့ သူတို့ကို ဆရာ့ဆီလာပေးခိုင်းပါ ခင်ဗျာ။ ကျွန်တော်တို့ ဆရာ့ဆီကပဲ လာယူပြစေ။ ဒါလေးတော့ ကူညီပါဆရာ။

ဟဲဟဲ၊ ဒီမှာ ဗိုလ်အောင်ဒင်ပါကွ။ မင်းတို့ဘာမှ မပူလေနဲ့။ မင်းတို့ရုံးကို သွားမှာသာသွားချေ။ သူတို့ ကကြိုးကကြောင်လုပ်နေရင် ငါ့ဆီဖုံးလှမ်းဆက်လိုက်။ ရော့ ဟောဒီမှာ ငါ့ဖုံးနံပါတ်။ ဟုတ်ပြီလား။ မပူပါနဲ့ ကွာ။ ငါရှိပါတယ်။ ကဲ ကဲ အချိန်ရှိတုံး ရုံးကိုပြန်။ ခဏနေဦး။ ငါ မင်းတို့ရုံးကို ထပ်မှာလိုက်ဦးမယ်။ ဟဲလို၊ အေးအေး၊ ငါပြန်ဆက်တာဟေ့၊ မောင်ရင်ကလေးတွေတော့ မင်းတို့ဆီလာနေပြီ။ သူတို့ရစရာရှိတာတွေ အကုန်ရှင်းပေးလိုက်နော်။ မဟုတ်ရင်တော့လား၊ ဟင်း ဟင်း။

စာဖတ်သူတို့ မျက်စေ့ညောင်းသက်သာအောင် ခရီးချုံ့လိုက်ရလျှင် သူတို့ရုံးကို ပြန်ရောက်သွား၏။ အောင်မယ်၊ ခုတော့လည်း မျက်နှာတွေက တစ်မျိုးပါလား။ ဟင်၊ သူတို့မဟုတ်တဲ့အတိုင်း။ တကယ် ဆော်ပလော်တီးမည့်သူနှင့်တွေ့တော့လည်း အချိုးတစ်မျိုးပြောင်းသွား၏။ မင်းတို့လက်မှတ်မထိုးရင် gang star နှင့်ပြန်ပို့မယ် ဟု ကြိမ်းဝါးထားသော (တကယ်လည်း နှစ်ယောက်ကို မနက်က gang star အစောင့် အရှောက်များနှင့်အတူ ပြန်ပို့လိုက်ပါ၏။ သို့သော် ဟားဟား၊ ဗမာတဲ့ကွ။ နင်တို့လုပ်ချင်တိုင်း လုပ်လို့ရမလား။ ထိုနှစ်ယောက်ယခုတိုင် စင်ကာပူထဲတွင် ရှိနေပါသေးသည်။ မင်းတို့ငါ့ကိုထိရဲထိကြည့်၊ ကိုးသုံးလုံး နှိပ်လိုက်မယ် ဟု တင်းလိုက်သောအခါ ထို ကျားကိုးစီးစားမကုန်သော gang star ဆိုသူများ နောက်ဆုတ်သွားရသော ဟူ၏။) အဲ ကြိမ်းဝါးထားသော မန်နေးဂျင်းဒါရိုက်တာဆိုသူများမှာ သူများမိန်းမကို ကြာကူလီရိုက်သော ယောက်ျား၏ မျက်နှာပေးမျိုးဖြင့် သူတို့တစ်သိုက်ကို မျက်နှာချိုသွေးကာ မင်းတို့ကွာ၊ ငါတို့နဲ့ အေးအေးဆေးဆေးညှိလို့လည်း ရပါတယ်ကွ၊ ကဲ ဘာဖြစ်ချင်သလဲပြော၊ ငါတို့ ညှိပေးမယ် ဆို၏။ ဆိုကာ ရစရာရှိတာများတော့ မပေး။ ပိုက်ဆံငါးရာနှင့် လာဘ်ထိုး၏။ ထို့ပြင်လည်း သူတို့အုပ်စုထဲမှ ခေါင်းဆောင်လုပ်သူကို ညီလေး၊ ဟဲဟဲ ဟိုကောင်တွေပြန်လွှတ်လိုက်ပါကွာ။ မင်း ငါတို့နဲ့အတူ ဆက်ပြီးလက်တွဲမယ် မဟုတ်လား။ မင်းကိုငါတို့ ရာထူးနဲ့ လခတိုးပေးမယ် ဟု တိုးတိုးတိတ်တိတ် သွေးခွဲပြန်၏။
သူတို့ ကလိမ်ကကျစ်လုပ်နေသဖြင့် မောင်ဟိုဒင်းတို့လည်း ကယ်တင်ရှင် ဗိုလ်အောင်ဒင့်ထံ ဖုံးဆက်ရပြန်၏။ ထိုအခါ ဗိုလ်အောင်ဒင်က သူတို့မန်နေဂျာထံ ဖုံးခေါ်ကာ (ဘာတွေပြောသည်တော့မသိ၊ ပိုက်ဆံရှင်းပေးရန် ပြောသည် ထင်သည်။) ပြောရာ သူတို့ရုံးက ဟုတ်ကဲ့ပါ ဆရာ၊ ကျွန်တော်တို့ သူတို့ကို နက်ဖြန်လာခဲ့ပါ။ ရစရာရှိတာ အကုန်ရှင်းပေးမယ် လို့ ပြောလိုက်ပြီးပါပြီ။

ထိုအခါ ဗိုလ်အောင်ဒင်က သူတို့ထံဖုံးဆက်ကာ ‘ဟေ့ကောင်တွေ။ ဒါနဲ့ သူတို့ပြောတော့ မင်းတို့ကို အကုန်ရှင်းပေးဘို့ နက်ဖြန် ချိန်းထားတယ် ဆိုကွ။ သူတို့ ငါ့ကို ခုပဲ ပြောတယ်။ ‘
ခက်တော့နေပါပြီ ဆရာ။ အဲဒါ သူတို့ သက်သက်လိမ်တာ ဆရာရဲ့။ အဲဒါကြောင့် ကျွန်တော်က ပိုက်ဆံကို ဆရာ့ကိုလာပေးစေချင်တာ။ ကျွန်တော်တို့ကို ပိုက်ဆံငါးရာပေးပြီး ချွေးသိပ်နေတာဗျာရဲ့။
‘ဟေ၊ ဟုတ်လား။ ဒီလိုလုပ်ကွာ။ ငါ မင်းတို့စာရွက်စာတမ်းတွေ၊ စစ်ချက်တွေ။ ငါတွေ့ရှိချက်တွေ။ မင်းတို့ရုံးနဲ့ သဘောတူညီချက်တွေ အကုန်လုံး စုံစုံလင်လင် MOM ကို email ပို့လိုက်မယ်။ မင်းတို့နက်ဖြန် MOM သွား လိုက်။ သူတို့ အပြီးဖြတ်ပေးလိမ့်မယ်။ ဟုတ်ပြီလား။’

ဝှူး၊ မလွယ်ပါလား။

(၂) ဖောင်ပိတ်သတင်း။

သို့နှင့် ယနေ့ ၂၅-၆-၂၀၁၀ တွင် သူရို့တစ်သိုက် MOM သို့ လာခဲ့ရပြန်၏။ သည်တစ်ခါတွေ့ရသည့် officer ကတော့ အသက်လည်း နည်းနည်းကြီးပြီး အတွေ့အကြုံလည်းရှိ၊ မိမိကိုယ်ကိုလည်း ယုံကြည်မှုအပြည့် ရှိသည့်သူ ဖြစ်ပုံရသည်။ ခပ်ပြတ်ပြတ်ပင်။ သူတို့စာရွက်စာတမ်းတွေ စစ်ကြည့်ပြီး ညနေ ၃ နာရီတွင် ပြန်လာခဲ့ရန် ချိန်းဆိုလိုက်ကာ သူဌေးကို နေ့လည် ၁၂ နာရီလာရန် ခေါ်လိုက်၏။ သူဌေးပြန်သွားပြီးနောက် ညနေ ၃ နာရီတွင် သူတို့နှင့် ပြန်တွေ့ပြန်၏။
မင်းတို့ အစကတဲက S Pass ဖြစ်ရဲ့နဲ့ လခအပြည့်မရတာ ဘာဖြစ်လို့ ငါတို့ကို မပြောတာလဲ။
မပြောဆို ဆရာရယ်၊ ကျွန်တော်တို့က ခုမှရောက်တာ၊ ရောက်ရောက်ချင်း သူဌေးနဲ့ ပြဿနာဖြစ်ပြီး ချက်ခြင်း ပြန်လွှတ်လို့ကတော့ ဂိန်ပြီပေါ့ဆရာ။ ကျွန်တော်တို့ ဒီရောက်ဘို့ ရင်းနှီးထားရတာ မိန်းမ စိန်တစ်ဆင်စာလောက် ရှိတယ်ဆရာရဲ့။
အေးလေ၊ ခုတော့ သူတို့က မင်းတို့ကို နေစရာနဲ့ သွားရေးလာရေးစီစဉ်ပေးထားတယ် ဆိုတော့ နောက်ပြီး ၁၈၀၀ ရပါတယ်ဆိုတဲ့ စာရွက်ပေါ်မှာလည်း မင်းတို့က လက်မှတ်ထိုးထားသေးတယ်။ ဒီတော့ ဒီလိုလုပ်ကွာ၊ မင်းတို့ လခ ၁၈၀၀ နဲ့ပြန်ရှင်းပေးဘို့ဆိုတာတော့ မဖြစ်နိုင်ဘူး။ မင်းတို့ဆီက ဖြတ်တောက်ထားတာတွေ အကုန်ရစေ့မယ်။ နောက်ပြီး ပြန်လွှတ်တဲ့အတွက် မင်းတို့ဆီက ၁၀၀၀ ဖြတ်မယ်ဆိုတာ မဖြတ်စေရဘူး။ မင်းတို့ကိုလည်း ဘယ်သူမှ လက်ဖျားနဲ့ မတို့စေရဘူး။ သူတို့ မင်းတို့ကို ရစရာရှိတာအားလုံးရှင်းပေးပြီး အေးအေးဆေးဆေး ပြန်လွှတ်စေရမယ်။ ကျေနပ်ပြီလား။
ဟုတ်ကဲ့ပါဆရာ။ ဒါနဲ့ ဟို S Pass ကို ၁၈၀၀ မရဘဲ လိမ်ခန့်ထားတဲ့ ကိစ္စ - -
အေး၊ ဒါ ငါတို့ကိစ္စ။ ဒီကောင်တွေ ဥပဒေကို မလေးမစားလုပ်တဲ့အတွက် မှတ်လောက်သားလောက်အောင် ဆုံးမရမယ်။ တွေ့ကြသေးတာပေါ့ကွာ ဟင်း။

ပုံပြင်လေးမှာ ဤမျှသာ ဖြစ်ပါ၏။

တချို့ကျတော့လည်း ဆရာရယ်၊ ကျွန်တော်တို့ကို S Pass သာရအောင် လျှောက်ပေးပါခင်ဗျာ။ လခကို ကြိုက်သလောက်သာပေးပါ၊ ကျွန်တော်တို့ လုပ်ပါ့မယ် ဟု ဆိုသူများလည်း ရှိပါ၏။ သည်တော့ ဆင်ခြင်ကြပါ။ ကိုယ့်အလွန်လည်း မဖြစ်စေနှင့်။ သူတို့အလွန်လုပ်လျှင်လည်း သူတို့အမှားကို ကိုယ့်အမှားမဖြစ်အောင် သတိထားပါဟုသာ မှာချင်ပါသည်။ သင်ခန်းစာယူနိုင်ကြစေရန် ဝေမျှလိုက်ရပါ၏။

အေးငြိမ်း
၂၅-၀၆-၂၀၁၀
ည ၁၁း၃၀ နာရီ

ဆယ်ကုဋေသော ပူမှု

(၁)

လူတစ်ခု ပူမှုရယ်ကဆယ်ကုဋေ ဟု မြန်မာစကားပုံရှိပါသည်။ ထို ဆယ်ကုဋေထဲမှ သုံးခုလောက် ဝေမျှပါအံ့။
ပြီးခဲ့သည့် တနင်္ဂနွေ (၁၃-၆-၂၀၁၀) က မိတ်ဆွေတစ်ဦး၏ မိတ်ဆက်ပေးမှုဖြင့် ECC project တွင် လုပ်ခဲ့ဖူး သည်ဆိုသော မောင်ရင်ကလေး နှစ်ဦးနှင့် အချိန်းအချက်ပြုကာ မြန်မာတို့၏စုရပ် ပင်နင်စူလာ ပလာဇာတွင် တွေ့ဆုံ စကားစမြည် ပြောကြဆိုကြပါသည်။ သူတို့၏အပူမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ စင်ကာပူမှ မြန်မာအများ ကြုံတွေ့ရတတ်သည့် အပူများစွာထဲမှ တစ်ခုဖြစ်၏။
အစ်ကိုရယ်၊ ကျွန်တော်တို့ကို ဒီ contract စာချုပ်ကြီးပေးပြီး အတင်းလက်မှတ်ထိုးခိုင်းနေတယ်။ မထိုးရင် ပြန်ပို့မယ်တဲ့။ ဒီအထဲရေးထားတာတွေက မတရားဘူးဆိုတာတော့ သိတယ်။ ဘာတွေ မတရား သလဲဆိုတာ ကျွန်တော်တို့ သေသေချာချာ မသိဘူး။ အဲဒါ Shimizu က ဦး x x x က အစ်ကို့နံပါတ်ပေးလို့ လှမ်းဆက်လိုက်တာ - ဟုဆိုကာ သူတို့ကုမ္ပဏီမှ လက်မှတ်ထိုးရန် ပေးထားသော စာချုပ်ကို ပြပါသည်။
သူတို့က S Pass holder များ ဖြစ်၏။ စုစုပေါင်း ၇ ဦးဖြစ်သည်။ ကျွန်တော်လည်း ECC တွင် လုပ်ခဲ့သည့်အတွက် သူတို့ကုမ္ပဏီကို ကျွန်တော်သိခဲ့ဖူးပါသည်။ သို့သော် အကြောင်းစုံကိုတော့ ယခုမှသိရ ခြင်းဖြစ်၏။
Contract letter ကို ကျွန်တော်ဖတ်ကြည့်သောအခါ အချက်တော်တော်များများမှာ ဖောင်း ဖြစ်နေ၍ ကျွန်တော်က အကုန်လုံးကို မပြောပြနေပဲ သဘောလောက်သာပြပြီး ယူလာခဲ့သည့် ကျွန်တော့် စာအုပ် “အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း” ကို ပေးလိုက်ကာ ဒုတိယပိုင်းက ဟောသည်စာမျက်နှာ တွေမှာ Foreign Workers Employment Act အကြောင်း ရေးထားတယ်။ သေသေချာချာဖတ်ပါ။ သည်တော့မှ ဘာတွေ မတရားလုပ်ထားသလဲ ကျကျနနသိမယ် ဟု ညွှန်းလိုက်ပါသည်။
Contract letter စာမျက်နှာ (၁) တွင် ရာထူးကို ဖော်ပြထားပြီး ထိုရာထူးနှင့်လျော်ညီစွာ အရည်အချင်းမပြည့်မီ၊ မလုပ်နိုင်သည့်အတွက် လက်ရှိလစာကို ပြန်လည်ညှိနှိုင်းမည်ဟု ဖော်ပြထားပါသည်။
စာမျက်နှာ (၂) တွင် လက်ရှိလစာကို ဖော်ပြထားပြီး လစာအသစ်ကိုလည်း ဖော်ပြထားပါသည်။ အမှန်ဆို လစာဟုပင် မခေါ်နိုင်ပါ။ လုပ်ခကို နာရီနှင့်ဖော်ပြထား၍ လုပ်ခ ဟုပင် ခေါ်ရမည် ဖြစ်ပါသည်။ S Pass ဆိုသဖြင့် သူ့လုပ်ခကို ကျွန်တော်တွက်ကြည့်သောအခါ Basic Pay S$650 ဖြစ်ကြောင်း တွေ့ရပါသည်။ (Basic Pay တွက်ပုံမှာ အကြမ်းဖျဉ်းအားဖြင့် တစ်ပတ်တွင် ပုံမှန်အလုပ်လုပ်ရသည့် နာရီပေါင်း ၄၄ နာရီ x တစ်လလျှင် ၄ ပတ် + ၂ ရက် (၁၆ နာရီ) = တစ်လလျှင် ၁၉၂ နာရီ x တစ်နာရီ လုပ်အားခ ဖြစ်ပါသည်။)
ပုံမှန်အလုပ်ချိန်ကို ၄၄ နာရီ ဟု ဖော်ပြထားသော်လည်း အလုပ်ရှင်က လိုအပ်၍ လုပ်ခိုင်းလျှင် ပုံမှန် အလုပ်ချိန် ၄၈ နာရီဖြင့် လုပ်ပေးနိုင်ရမည်ဟု ထပ်ဆောင်းဖော်ပြထားပါသည်။
အထက်ဖော်ပြပါ သာမန်အလုပ်ချိန် ၄၈ နာရီထက်ကျော်မှ အိုဗာတိုင်ဟု သတ်မှတ်မည် ဖြစ်ပြီး အိုဗာတိုင်ကို သာမန်လုပ်ခ၏ တစ်ဆခွဲ ဟု ဖော်ပြထားပါသည်။ ထို့ပြင် Sunday နှင့် public holiday နေ့များ တွင် ကုမ္ပဏီမှ လုပ်ခိုင်းပါက လုပ်ခ၏ တစ်ဆခွဲပေးမည်။ အလုပ်လုပ်လိုပါသည်ဟု အလုပ်သမားက တောင်း ဆိုလျှင် သာမန်လုပ်ခသာပေးမည် ဟုလည်း ဖော်ပြထားပါသည်။
ခွင့်ခံစားခွင့်ကို တစ်နှစ်ပြည့်သောအခါမှ ၇ ရက်ပေးမည်။ ခွင့်လိုချင်လျှင် ၁၄ ရက်တင်ကြို လျှောက်ထားရမည် ဟု ရေးထားပါသည်။
ကုမ္ပဏီမှကျခံမည့် ဆေးကုသစရိတ် (ဆေးခန်းသာ၊ ဆေးရုံတက်ခြင်းမပါ) ကို တစ်နှစ်လျှင် အများဆုံး ၂၀၀ ဟု သတ်မှတ်ထားပါသည်။
Probation period (အစမ်းခန့်ကာလ) ကို ၃ လ ဟုဖော်ပြထားပါသည်။
အကယ်၍ အကြောင်းတစ်ခုခုဖြင့် ပြန်အလွှတ်ခံရပါက ထိုအကြောင်းသည်လည်း အလုပ်ရှင် ကြောင့်မဟုတ်၊ အလုပ်သမားကြောင့်ဖြစ်ခဲ့ပါမူ ထိုအလုပ်သမား စင်ကာပူသို့လာလုပ်ရန် အလုပ်ရှင်က စီစဉ်ပေးရသည့်အတွက် နစ်နာစရိတ်ကို ကာမိရန် ဒါဏ်ငွေ S$ ၁၀၀၀ ကို အလုပ်သမားက ပေးဆောင်ရမည် ဆို၏။
အလုပ်သမား၏ ၀င်ငွေခွန်ပေးဆောင်ရန် တစ်လလျှင် S$၅၀ စီ ကုမ္ပဏီမှ ထိန်းသိမ်းထားမည်၊ income tax ပေး၍ ပိုသောငွေကိုမူ ကန်ထရိုက်စာချုပ်ပြည့်၍ မိမိတိုင်းပြည်သို့ ပြန်သောအခါတွင် ပြန်ပေးမည်ဆို၏။
Work Permit ဖြစ်စေ၊ S Pass ဖြစ်စေ၊ ပတ်စ်ပို့ကို အလုပ်ရှင်မှ သိမ်းထားမည်ဖြစ်ပြီး သက်တမ်း စေ့၍ မိမိတိုင်းပြည် ပြန်သောအခါမှ ပြန်ပေးမည်ဆို၏။

သို့ဆိုလျှင် အထက် စာချုပ်ပါ အချက်များကို ပြန်သုံးသပ်ကြည့်ကြပါစို့။

ပထမဦးစွာတွေ့ရသည်မှာ လခ ဖြစ်ပါသည်။
ကျွန်တော်က သူတို့ကို S Pass တစ်ဦးသည် လခ ၁၈၀၀ ရနိုင်ကြောင်း သိမသိမေးရာ သိသည် ဟု ဆိုပါသည်။ သို့နှင့်တောင်မှ ယခု အဘယ်ကြောင့် ၆၅၀ ဖြစ်နေရပါသနည်း ဟု မေးရာတွင် သူတို့က အောက်ပါအတိုင်း ရှင်းပြပါ၏။
သူတို့ (သူတို့ဆိုသည်မှာ S Pass ၇ ဦးဖြစ်ပါသည်။) အင်တာဗျူးစဉ်က work permit နှင့် ဗျူးခြင်း ဖြစ်သည်။ နောက်မှ သူတို့စာရွက်စာတမ်းများကို စစ်ဆေးပြီး ဘွဲ့ရသူများဖြစ်သဖြင့် လခမပြောင်းဘဲ S Pass တင်ပေးခြင်း ဖြစ်သည် ဆို၏။ စတင်ခန့်ထားစဉ်ကမူ သုံးလပြည့်လျှင် လခ ၁၀၀၀ ထိ တိုးပေးမည် ဟု ကတိ က၀တ်ထားရှိခဲ့သည် ဆိုပါသည်။ သို့သော် သုံးလပြည့်၊ ခြောက်လပြည့် နောက်ဆုံး တစ်နှစ်ပြည့်သည့်တိုင် လခ မတိုးပေး။ သူတို့ကတောင်းဆိုသောအခါ နှစ်ကုန်လျှင် လခတိုးပေးမည် ပြောပြီး တကယ်နှစ်ကုန်သော အခါ လခတော့ မတိုးပေး။ ဘောနပ်စ်သဘောမျိုး တစ်ဦးလျှင် ၃၀၀ စီ နှင့် နှစ်ဦး။ အခြား ၅ ဦးကိုမူ ၅၀ စီ ပေးသည်၊ သူတို့ လခတိုးတောင်းသည့်ကာလနှင့် မရှေးမနှောင်း ယခုစာချုပ်ကို အတင်းလက်မှတ် ထိုးခိုင်း သည်၊ မထိုးလျှင် မြန်မာပြည်သို့ ဆိုင်းမဆင့်၊ ဗုံမဆင့် ပြန်ပို့မည် ဆို၏။
ဒုတိယအချက်မှာ သာမန်အလုပ်ချိန်ကို ၄၈ နာရီဟု သတ်မှတ်ခြင်း ဖြစ်သည်။
အလုပ်သမားတစ်ဦး၏ သာမန်အလုပ်ချိန်သည် တစ်ပတ်လျှင် ၄၄ နာရီ ဖြစ်သည် ဟု Employment Act အခန်း ၄၊ အပိုဒ် ၃၈(ခ) တွင် ဖော်ပြထား၏။ (စာမျက်နှာ ၁၂၃ - အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း)။
တတိယအချက် - Sunday နှင့် Public Holiday များတွင် အလုပ်လုပ်ခြင်းအတွက် အချိန်ပိုလုပ်ခ တစ်ဆခွဲသာပေးမည် ဟု စာချုပ်ထဲတွင် ဖော်ပြထား၏။
Sunday နှင့် Public Holiday များတွင် အလုပ်လုပ်ခြင်းအတွက် အချိန်ပိုလုပ်ခ နှစ်ဆပေးရမည် ဟု Employment Act အခန်း ၄၊ အပိုဒ် ၃၇၊ ၃ (ခ) တွင် ဖော်ပြထား၏။ (စာမျက်နှာ ၁၂၅ - အနာဂတ်တစ်ခု ဖန်တီး တည်ဆောက်ခြင်း)။
စတုတ္ထအချက်။ ခွင့်ခံစားခွင့်ကို တစ်နှစ်ပြည့်သောအခါမှ ၇ ရက် ပေးမည် ဆို၏။ Employment Act အခန်း ၄၊ အပိုဒ် ၄၃ တွင် အလုပ်ဝင်ပြီး သုံးလပြည့်ချိန်မှစ၍ တစ်နှစ်လျှင် ၇ ရက် ခွင့်ခံစားနိုင်သည်ဟု ဖော်ပြထား၏။ (စာမျက်နှာ ၁၂၅ - အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း)။
နောက်တစ်ချက်။ ကုမ္ပဏီမှကျခံမည့် ဆေးကုသစရိတ် (ဆေးခန်းသာ၊ ဆေးရုံတက်ခြင်းမပါ) ကို တစ်နှစ်လျှင် အများဆုံး ၂၀၀ ဟု သတ်မှတ်ထားခြင်း။ MOM website, Medical Insurance for S pass holder ကို ၂၀၁၀၊ ဇန္န၀ါရီလ ၁ ရက်နေ့မှ စကာ S$ 15,000 ဟု သတ်မှတ်လိုက်ပါသည်။ Employment of Foreign Manpower Act, Second Schedule, အပိုဒ် ၁၂ တွင် အလုပ်သမား၏ ဆေးကုသစရိတ်ကို အလုပ်ရှင်မှ ထောက်ပံ့ပေးရမည် ဟု ပြဌာန်းထားပါသည်။ သို့သော် ဘယ်ရွေ့ဘယ်မျှ ဆိုတာမပါ။ ထို့ပြင် ထိုဥပဒေ Fifth Schedule အပိုဒ် ၃ တွင်လည်း အလုပ်ရှင်သည် S Pass အလုပ်သမားတစ်ဦးအတွက် ဆေးကုသစရိတ်များကို ကျခံရမည်ဟုလည်း ပြဌာန်းထားပါသည်။ (အချို့ ကုမ္ပဏီများဆို ၂၀၀ တောင် မပေးပါ။ သူတို့ကမှ နည်းနည်းတော်သေးသည် ခေါ်ရမည်။)
အလုပ်သမား၏ ၀င်ငွေခွန်ပေးဆောင်ရန် တစ်လလျှင် S$၅၀ စီ ကုမ္ပဏီမှ ထိန်းသိမ်းထားမည်၊ income tax ပေး၍ ပိုသောငွေကိုမူ ကန်ထရိုက်စာချုပ်ပြည့်၍ မိမိတိုင်းပြည်သို့ ပြန်သောအခါတွင် ပြန်ပေးမည်ဆို၏။ - - - အလုပ်သမား၏ ၀င်ငွေခွန်ကို အလုပ်သမားကသာ ပေးဆောင်ရပါမည်။ ကုမ္ပဏီနှင့် မဆိုင်။ ဆိုင်သည်ဆိုလျှင်သော်မှ တစ်လမှ ၆၅၀ ရသောသူတစ်ဦးအဖို့ တစ်နှစ်ကို ဘယ်နည်းနှင့်မျှ နှစ်သောင်းမကျော်နိုင်။ တစ်နှစ်ဝင်ငွေ နှစ်သောင်းကျော်ရှိသူများမှသာ ၀င်ငွေခွန်ဆောင်ရန် လိုပါသည်။ (ရည်ညွှန်း - စာမျက်နှာ ၁၂၆ - ၁၃၁၊ အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း)။ သို့အတွက် တစ်လ ၅၀ စုပေးထားသည်ဆိုခြင်းမှာ သည်အလုပ်သမား ထွက်ပြေး(သို့မဟုတ်) တစ်ခုခုလုပ်မှာစိုး၍ ချည်ထားသည့် သဘောဖြစ်နိုင်ပါသည်။ တမင်သက်သက် တောင်းရန်မကောင်းတတ်၍ အကြောင်းတစ်ခု ပြလိုက်ခြင်းသာ ဖြစ်ပါသည်။
Workpermit သမားများကိုမူ မဆိုလိုပါ။ သို့သော် S Pass သမားများ၏ ပတ်စ်ပို့ကို လုံခြုံရေး အတွက် သူတို့သိမ်းထားရပါသည် ဆိုခြင်းမှာ မြန်မာပြည်ကြီး ချောက်ထဲကျတော့မှာမို့ ကျုပ်တို့က ကယ်တင်လိုက်ရပါသည် ဆိုသော ကယ်တင်ရှင်ကြီးများ၏ လေသံနှင့် တူနေပါသည်။
သူတို့က စာချုပ်ပါ အချက်အလက်များနှင့်ပတ်သက်၍ ဆွေးနွေးချင်သည်ဟု ဆိုသောအခါ အလုပ်ရှင်က မဆွေးနွေးနိုင်။ လက်မှတ်ထိုးမလား၊ လေယာဉ်လက်မှတ် ယူမလား။ သည်နှစ်လမ်းကိုသာ ရွေးပါဟု ပြောသည် ဆို၏။
သို့အတွက် ကျွန်တော်က သူတို့ကို အလုပ်ရှင်နှင့် ထိပ်တိုက်မတိုးရန်၊ MOM သွားပြီး အကျိုးအကြောင်းရှင်းပြရန် အကြံပေးလိုက်ပါသည်။ သူတို့အုပ်စု MOM သွားသောအခါ officer နှင့် တွေ့ရန် ရက်ချိန်းပေးလိုက်ပါသည်။ နာရီဝက်ဆွေးနွေးခွင့်ရမည်။ လိုအပ်သော စာရွက်စာတမ်း အထောက်အထားများ မိတ္တူဆွဲပြီး ယူခဲ့ပါဆို၏။
ကံဆိုးပုံတော့ မပြောချင်ပါ။ သူတို့ဆွေးနွေးခွင့်ရသည့် MOM officer မှာ အတွေ့အကြုံ နုနယ်သေးပုံရသည့် လူငယ်လေးတစ်ဦး ဖြစ်ရကား မင်းတို့ကိစ္စငါတို့ မတတ်နိုင်ပါ။ Foreign Manpower Management Division သို့သွားပါဟု တွန်းလွှတ်လိုက်ပါသည်။ သူတို့ ဒုက္ခသည်တစ်စုလည်း ခေါင်းငိုက်စိုက်နှင့် ပြန်ခဲ့ရသည်။
ဤသည်မှာ ထိုအုပ်စု ကြုံတွေ့ရသော အပူတစ်ခု ဖြစ်ပါ၏။ ဤကိစ္စမျိုး စင်ကာပူတွင် အလုပ်လုပ်နေသူတိုင်း ကြုံရတတ်သည်။ သို့အတွက် စာချုပ်ပေးတိုင်း ဘာမှန်းညာမှန်းမသိဘဲ ရမ်းသမ်း လက်မှတ်မထိုးမိလိုက်ကြစေရန် သတိပေးသောအားဖြင့် ဤစာကို ရေးပါသည်။ စွတ်ရွတ် လက်မှတ်ထိုးပြီးမှ ကိုယ့်သေတွင်း ကိုယ်တူးမိသလို ဖြစ်နေလျှင် စာချုပ်မပြည့်မချင်း ခံပေရော့။

(၂)

စင်ကာပူ ဆိုသောကြောင့် သည်မျှ ပူနေသလား မသိ။ သို့ဆိုလျှင် “စင်ကာအေး” ဟုသာ နာမည်ပြောင်းဘို့ ကောင်းတော့သည်။ (ကျွန်တော်တို့အောက်ထပ်မျှ လေခပ်ထွားထွား အမျိုးသမီးကမူ “စင်ကာပူ ဆိုတာ မှားတယ်ကွဲ့။ အမှန်က “စင်ကာပေါ” ဖြစ်ရမယ်” - ဟု ကျွန်တော့်အမျိုးသမီးကို လက်ချာပေးနေတာ တစ်ခါက ကြားဖူးပါသည်။ မိတ်ဆွေတို့လည်း အပူများလျော့လိုလျှင် ထိုအမျိုးသမီးကဲ့သို့ “ပေါ” လိုက်ကြပါကုန်။)

ယခု တနင်္ဂနွေ (၂၀-၆-၂၀၁၀) နေ့တွင်မူ အခြားနှစ်ဦးနှင့် ဆုံတွေ့ပါသည်။ ထိုအနက် တစ်ဦးမှာ ကျွန်တော် အလုပ်လုပ်ခဲ့ဖူးသည့် ရေဆင်းမှ ဖြစ်ပါသည်။ သူ့မိဘများက ကျွန်တော့်ကို ကောင်းကောင်းသိပါသည်။ ကျွန်တော့်အရွယ်နှင့်နှိုင်းယှဉ်ပါက တူသားအရွယ်လောက်သာ ရှိပါသေးသည်။ သူလည်း သူ့အပူနှင့်သူ ဖြစ်၏။ သူ့အပူကို အောက်ပါအတိုင်း ရင်ဖွင့်ပါသည်။

ကျွန်တော်က networking လုပ်ပါတယ်ဦး။ မြန်မာပြည်မှာကတည်းက ၃ နှစ်လုပ်ခဲ့ဖူးတာဆိုတော့ အလုပ် အတွက် ဘာမှ သိပ်အခက်အခဲ မရှိပါဘူး။ နောက်ပြီး ကျွန်တော်ဝါသနာပါတဲ့အလုပ် ဖြစ်လို့ လုပ်ရတာလည်း ပျော်ပါတယ်။ ကုမ္ပဏီက သိပ်မကြီးဘူး။ အားလုံးပေါင်းမှ လူလေးငါးယောက်ပဲ ရှိတယ်။ ကျွန်တော်တို့ ကုမ္ပဏီမှာ မြန်မာအစ်မကြီး တစ်ယောက်လည်း ရှိသေးတယ်။ သူက NUS က M.Sc ပြီးတာ။ ဒါပေမဲ့ စာတွေ့ ပဲ ရှိတာ။ လက်တွေ့သိပ်မရှိဘူး။

ခက်တာက ဦးရဲ့။ သူဌေးမက လုပ်ငန်းအကြောင်း နားမလည်ဘူး။ ဒီတော့ ကျွန်တော်တို့လုပ်နေတာ သူမသိ ဘဲ ရမ်းရမ်းဟောက်နေတာ။ အရမ်း ဖိအားပေးတာ ကျွန်တော် မခံနိုင်ဘူး။ အရမ်းစိတ်ညစ်တယ်။ တစ်ခါ တစ်ခါ အလုပ်ကလုပ်ရင်း ပြဿနာတွေတက်တာက တစ်မျိုး၊ သူက တလစပ်နားပူနေတာကတစ်မျိုးနဲ့ ရူး တောင် ရူးချင်တယ်။

ဦးလဲ ကွန်ပြူတာသုံးနေတာ သိမှာပါ။ ကျွန်တော်တို့ အိုင်တီသမားဆိုတာ Hardware လုပ်ရတဲ့သူတွေလို မြင်ရတာ မဟုတ်ဘူး။ ကျွန်တော်တော့ အင်ဂျင်နီယာအလုပ်တွေ သေသေချာချာ နားမလည်ပါဘူး။ ဒါပေမဲ့ ကျွန်တော်စဉ်းစားမိသလောက် ပြောရရင် ဥပမာ စက်တစ်ခု ပြင်မယ် ဆိုပါတော့။ စက်ကြီးကို မြင်နေရတယ်။ ဘယ်အပိုင်းက ကောင်းမကောင်း လက်တွေ့မျက်စိနဲ့ စစ်ကြည့်လို့ရတယ်။ မကောင်းတဲ့အပိုင်းကို ကောက် ကက် လဲလိုက်လို့ရတယ်။

ဒါပေမဲ့ ကွန်ပြူတာကျတော့ မျက်စိနဲ့မြင်ရတာ မဟုတ်ဘူး။ တစ်ခါတစ်ခါ ပြဿနာတက်ရင် ခေါင်းအရမ်းစား တယ်။ ပြဿနာက လွယ်လွယ်နဲ့ ပြီးသွားရင်တော်ရဲ့။ တော်တော်နဲ့ မပြီးနိုင်ရင် ခုနက သူဌေးမက ဖုံးမကြာ ခဏခေါ်တော့တာပဲ။

ကျွန်တော်တို့က ရုံးတွေမှာ စက်တွေသွားဆင်ပေးရတယ်။ တစ်ခါတစ်လေ နှစ်နာရီ၊ သုံးနာရီနဲ့ ပြီးတယ်။ တစ်ခါတစ်လေ တစ်နေ့လုံးကြာချင် ကြာသွားတတ်တယ်။ တစ်ခါက ကျွန်တော် ရုံးတစ်ခုမှာ ကွန်ပြူတာ ၄ လုံး network သွားဆင်ပေးတော့ ဘုံသုံးတဲ့ printer တစ်လုံးကို လေးလုံးစလုံးနဲ့ ချိတ်သုံးတယ်။ သုံးလုံးကတော့ လွယ်လွယ်နဲ့ ဖတ်ပါရဲ့။ နောက်တစ်လုံးက printer ကို detect မလုပ်ဘူး ဖြစ်နေတယ်။ တော်တော်နဲ့မရဘူး။ ဒီမှာ လုပ်လို့မရလို့ ချွေးပြန်နေတုံး သူဌေးမက တစ်နာရီကို တစ်ခါ ဖုံးဆက်နေတယ်။ မပြီးသေးဘူးလား။ နင်တို့အဲဒီလိုလုပ်နေပုံနဲ့ ဘယ့်နဲ့လုပ် အလုပ်ဖြစ်မလဲ။ ဘာညာနဲ့ ဟိန်းလိုက်၊ ဟောက်လိုက်။ ဒါနဲ့ ကျွန်တော်တို့ဆီမှာ ဆယ်နှစ်လောက်လုပ်သက် ရှိနေပြီဖြစ်တဲ့ တရုတ်တစ်ယောက်ကို လွှတ်လိုက်တယ်။ အဲဒီကောင်လုပ်တာလည်း ညနေ ငါးနာရီသာထိုးသွားတယ် မပြီးဘူး။ နောက် သူ့သား လိုက်လာတယ်။ လုပ်တယ်။ မရဘူး။ ဒါပေမဲ့ သူ့သားနဲ့ အဲဒီ တရုတ်ကိုကျတော့ ဘယ်လိုမှမပြောဘဲ ကျွန်တော့်ကိုပဲ ဖိဟောက်နေတယ်။ ဦးပဲ စဉ်းစားကြည့်ပါဗျာ။ တရားသလားလို့။

နောက်ပြီး အလုပ်ချိန်ကလည်း သတ်သတ်မှတ်မှတ် ရှိတာမဟုတ်ဘူး။ မနက် ၈ နာရီ စတာဆိုပေမဲ့ ညနေ ၅ နာရီ ပြန်လို့ရတာ မဟုတ်ဘူး။ တစ်ခါတစ်လေ ည ၉ နာရီလောက်မှ ပြီးတယ်။ နောက်ပြီး ပြောလိုက်သေးတယ်။ လိုအပ်လို့ရှိရင် တနင်္ဂနွေပါ လာဆင်းပေးရမှာနော်တဲ့။ ဒါပေမဲ့ အလုပ်လုပ်ဖို့သာ ပြောတာ။ အဲဒီလို လုပ်တဲ့အတွက် လုပ်အားခတော့ allowance လေးဘာလေးပေးမယ်လို့ တစ်ခါမှ စိတ်မကူးမိဖူးဘူး။

ဒီကုမ္ပဏီနဲ့ ဘယ်လိုဆက်မိသလဲ လား။ ကျွန်တော် မြန်မာပြည်ကလာတုံးက visit နဲ့ လာတာ။ ဒီရောက်တော့ စလုံးအေးဂျင့်တစ်ခုနဲ့ ချိတ်မိပြီး သူရှာပေးတာ။ အလုပ်အပ်တော့ ၁၀၀၀ ပေးရတယ်။ အင်တာဗျူးတော့ ၁၀၀၀။ နောက် အလုပ်ရတော့ ၁၀၀၀။ စုစုပေါင်း ၃၀၀၀ ပေးရတယ်။ အေးဂျင့်ခ များမှန်းတော့ သိတယ်။ ဒါပေမဲ့ ကျွန်တော်က stay လည်း သိပ်မကျန်တော့လို့ လုပ်လိုက်ရတာ။ အဲဒီ အေးဂျင့်နဲ့ ကျွန်တော်ခုလုပ်နေတဲ့ ကုမ္ပဏီနဲ့က Building တစ်ခုထဲမှာ။ အပေါ်ထပ်၊ အောက်ထပ်။
ဆိုတော့ ကျွန်တော် အေးဂျင့်ကို သွားပြောတယ်။ မင်း ကြည့်လုပ်အုံး။ ငါ အလုပ်ချိန်အများကြီးဆင်းပေးရ တာတောင် ဘာ allowance မှ မရဘူး။ ဆိုတော့ ဘာမှမပြောဘူး။ အင်းမလုပ်၊ အဲမလုပ်။ ကျွန်တော့်ဆီက ၃၀၀၀ တောင်ယူထားတာ၊ သူပြောပေးဘို့ မသင့်ဘူးလား။ ဝေးတာလည်း မဟုတ်ဘူး။

ကျွန်တော် အလုပ်ကို မကြောက်ပါဘူး ဦးရယ်။ ဒါပေမဲ့ အမြဲတမ်း pressure ကြီးနဲ့။ stress ကြီးနဲ့တော့ ကျွန်တော် မလုပ်နိုင်ဘူး။ ကြာကြာလုပ်ရင် အသက်တိုလိမ့်မယ်။ ကျွန်တော့်အလျင်က လူတွေလည်း အဲဒီလိုပဲ။ သူဌေးမဒဏ် မခံနိုင်လို့ ခဏနဲ့ထွက်ကုန်ကြတာ။ ဟို မြန်မာ အစ်မကြီးကိုလည်း အလျင်ကပေး ထားတဲ့လခကို ပြန်ပြီးလျှော့မယ်လို့ သတင်းကြားနေရတယ်။ သူတော့ ဘယ်လိုနေမလဲမသိဘူး။

ခုတော့ ကျွန်တော် အလုပ်သစ်ထပ်ရှာနေတယ်။ အေးဂျင့်ကိုလည်း ငါ မင်းရှာပေးတဲ့ ကုမ္ပဏီမှာ မလုပ်နိုင်လို့ အလုပ်သစ်ထပ်ရှာနေတယ်။ မင်းကိုပေးထားတဲ့ ၃၀၀၀ထဲက တစ်ချို့တစ်ဝက်တော့ ပြန်ပေးကွာ လို့ပြောမလို့။
ခုတော့ သင်ခန်းစာရသွားပြီ။ နောက်ကုမ္ပဏီကျရင်တော့ အလုပ်ချိန်ကို အလုပ်မ၀င်ခင်ကတည်းက သေသေ ချာချာပြောထားမှ။ နောက်ပြီး အလုပ်ချိန်ကျော်သွားရင် allowance ဘယ်လောက်ပေးမလဲ ဆိုတာ ကျကျနန မေးထားမှ တော်မယ်။

အမှန်တော့ သည်ကိစ္စသည်လည်း ဆန်းလှသည်ဟု မဆိုနိုင်။ စင်ကာပူတွင် အလုပ်လုပ်နေသူမှန်က ကြုံဖူး ကြမည့်သူချည်း။ သို့သော် မတွေ့ကြုံဖူးသေးသောသူများ သင်ခန်းစာ ယူနိုင်စေရန် ရေးလိုက်ခြင်း ဖြစ်ပါသည်။

(၃)

၂၀-၆-၂၀၁၀ နေ့ကတွေ့သော နှစ်ဦးအနက် အခြားတစ်ဦးမှာ ကျွန်တော်နှင့် အလွန်ရင်းနှီးသော မိန်းကလေး တစ်ဦးဖြစ်ပါသည်။ သူ့အကြောင်းကိုမူ ရှေးမဆွကတည်းက သိခဲ့ပြီးဖြစ်၏။ သို့သော် ယခုအချိန်ကား critical condition ဖြစ်လာ၍ တွေ့ဆုံကြခြင်း ဖြစ်ပါသည်။

ကံဆိုးသူမောင်ရှင်များထဲတွင် ထိုမိန်းကလေးလည်း ပါပါသည်။ ပြီးခဲ့သည့် သုံးနှစ်ခန့်ကဆို ချပေးလိုက်သည့် S Pass, ချပေးလိုက်သည့် PR ၊ တကယ့်ကို ဘုံးဘောလအော။ ကိုရေချမ်းကတော့ ကိုအေးငြိမ်းရယ်၊ တခြားသူတွေတော့ မပြောတတ်ဖူး။ ကျွန်တော်တို့ကုမ္ပဏီက S Pass ဆိုတဲ့ ကုလားလေးကတော့ ကားရေဆေးနေတာပဲ ဟု ပြောဖူးပါသည်။ ဘယ်မျှအထိလဲဆိုလျှင် Keppel Shipyard တွင် ကျွန်တော်နှင့် တစ်ကုမ္ပဏီထဲ အတူလုပ်ခဲ့ဖူးသူ THS (နတ်မောက် စက်မှုအထက်တန်းကျောင်း)၊ ITC (ဆင်တဲ) မှ ပြီးလာသူများပင် NTC 3 တက်ကာ S Pass ကျ၊ PR တွေ ဖြစ်သွားကြပါပြီ။

ယခုတော့ NTU, NUS တက္ကသိုလ်များမှ M.Sc ပြီးလာသူများပင် PR ချမပေးတော့။ အထက်ဖော်ပြပါ မိန်းကလေးမှာ သူကျောင်းတက်နေစဉ်ကာလက ICA မှ PR Offer letter ပေးပြီးသား ဖြစ်ပါသည်။ ထိုစာနှင့် PR လျှောက်တာတောင် မကျ။ သေမဲ့နှစ်မှ စစ်ထဲလိုက်မိလျက်သား။ ဖြစ်ပုံများတော့ မပြောချင်ပါ။ နတ်မောက်ကျောင်းဆင်းများက PR ဖြစ်သွားပြီး NTU တွင် သေလုခမန်းကြိုးစားပြီးမှ PR မကျ ဆိုတော့ ကိုယ့်နဖူးကို လက်ဖ၀ါးနှင့် အချက်နှစ်ဆယ်လောက်ရိုက်ကာ သေဟဲ့ နန္ဒိယ ဟု အခါ နှစ်ဆယ်လောက် ကုန်းအော်လိုက်ဖို့သာ ကောင်းတော့သည်။

အဆိုပါ မိန်းကလေးမှာ ကျောင်းပြီးတော့ PR လျှောက်ထားစဉ်ကာလက student pass နှင့်နေကာ ကုမ္ပဏီ တစ်ခုတွင် လခနည်းနည်းနှင့် အလုပ်လုပ်နေပါသည်။ (M.Sc ဆိုသော လက်မှတ်ကြီးကို အားနာစရာ ကောင်းသော လခ ဖြစ်ပါ၏။) လခနည်းသည် ဆိုရခြင်းမှာ ကိုယ့်ဖာသာကိုယ် အိမ်ငှားနေရသည်။ အလုပ်သို့ ကိုယ့်စရိတ်နှင့်ကိုယ် သွားရသည်။ သည်တော့ လခ တစ်ထောင်ကျော်မှ ထို အိမ်လခနှင့် ကားခ နှုတ်လိုက်ပါ က ၆၀၀ ကျော်မျှသာ ကျန်တော့၏။ ပညာမတောက်တခေါက်တတ်သော ရိုးရိုး work permit တစ်ဦးပင်လျှင် လခ ၇၅၀၊ ၈၀၀ ရနိုင်ပါ၏။ သို့သော် သူတို့ကျ အလုပ်ရှင်က အိမ်နှင့် သွားလာရေးစီစဉ်ပေးသည်။ ထို့အပြင် အိုဗာတိုင်ရသည် ဆိုတော့ လခ ၁၀၀၀ လောက် ထုတ်ရသည်။
သာမန် work permit တစ်ဦးကမှ လခ ၉၀၀၊ ၁၀၀၀ ရသေးသည်။ M.Sc ဘွဲ့ကြီးကိုင်ကာ လခ ၁၀၀၀ ကျော် (အိမ်လခနှင့်ကားခနှုတ်က ၆၀၀ ကျော်) မျှသာ ရသည်ဆိုတော့ တစ်ခုခုတော့ လွဲနေသည် ဟု ကျွန်တော် ခံစားမိပါသည်။
သို့သော် သူက သိပ်ချေးမများ။ အလုပ်ကလည်း ရှာရတာခက်တော့ သည်မှာပဲ လုပ်နေပါသည်။ အလုပ်က ပြဿနာ မရှိပါ။ သို့သော် သူကလည်း မနက် ၈ နာရီမှ ညနေ ၇ နာရီ ထိ (စနေနေ့အပါအ၀င်) နေ့စဉ် လုပ်ပေးရပါသည်။ သူကဒါကိုလည်း ခေါင်းထဲမထည့်ပါ။ ကျွန်မအဖို့တော့ ဆရာရယ်၊ တစ်ကိုယ်ထဲသမားဆိုတော့ အိမ်မှာလည်း ဘာမှလုပ်စရာမရှိတာ။ လုပ်ပေးရတာ မထောင်းတာပါဘူး ဟု ဆိုပါသည်။

သို့သော် ခက်သည်က သူဌေးဆိုသူက အင်မတန် နှပ်ချေးကျခြင်း ဖြစ်သည်။ သူတို့လေသံနှင့် ပြောရလျှင် very calculative ဖြစ်၏။ သူ PR လျှောက်တော့ ရုံးကစာပါယူရသည်။ ဤသည်ကို သူတို့က ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေ၏။ ပုံမှန်အားဖြင့် PR လျှောက်ရာတွင် ရုံးမှ ဘာစာမှ မပါလည်း ဖြစ်ပါသည်။
(PR လျှောက်ခြင်းအကြောင်းကို အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း၊ တတိယပိုင်း၊ အခန်း ၇ ၊ စာမျက်နှာ ၃၃၇ မှ ၃၆၉ ထိ အကျယ်တ၀င့် အသေးစိတ် ရှင်းပြထားပါသည်။)
PR လျှောက်ရာတွင် ရုံးမှစာ တောင်းလာပါက မိမိကတောင်းသော်လည်း မရနိုင်ကြောင်း စာရွက်အလွတ်ပေါ်တွင် စာတစ်ကြောင်းနှစ်ကြောင်းမျှ ရေးတင်လိုက်လျှင် ပြီးပါ၏။ ကျွန်တော့်တုံးကလည်း သည်လိုပဲ ရေးတင်ခဲ့သည်။ သို့မဟုတ်ပါက ကုမ္ပဏီက ဤသည်ကို အကြောင်းပြကာ မိမိကို ဘယ်နှနှစ်လုပ်ပေးရမည်။ နှစ်မစေ့ခင်ထွက်လျှင် ဘယ်မျှလျော်ရမည် စသဖြင့် ချုပ်ပါလိမ့်မည်။ အချုပ်မခံကြပါနှင့်ဟု မှာပြစေ။

ထိုမိန်းကလေးက ယခု PR မကျ။ Reject ဖြစ်သည်။ ထိုအခါ သူ စင်ကာပူတွင် ဆက်အလုပ်လုပ်ဖို့ work pass တစ်ခုခု လျှောက်မှ ဖြစ်တော့မည်။ ထိုအခါ သူလက်ရှိလုပ်နေသည့် ကုမ္ပဏီက ဘာဖြစ်တယ်၊ ညာဖြစ် တယ် အကြောင်းအမျိုးမျိုးပြပြီး သူ့ကို လက်ရှိအလုပ်ထက် နောက်ထပ်အလုပ်များပါ တိုးလုပ်ဖို့ (သူဌေးနှင့် သူဌေးမ၏ အလုပ်များကိုပါ ကူလုပ်ဖို့) စသဖြင့် ပြောလာပါသည်။ work pass လျှောက်ပေးမပေးကိုလည်း ပြတ်ပြတ်သားသား မပြော။ သို့နှင့် ကျွန်တော်နှင့်တွေ့သောအခါ ကျွန်တော်က အကယ်၍ သူတို့ pass တစ်ခုခု လျှောက်ပေးလျှင်သော်မှ လခတိုးတောင်းဘို့၊ အလုပ်ချိန်ကို တစ်ပတ်လျှင် ၄၄ နာရီ ပြန်သတ်မှတ် ပေးဘို့ စသည်များပြောလိုက်ပါသည်။ သို့သော် အဆင်မပြေပါ။ သို့နှင့် သူလည်း အေးဂျင့်နှင့် အလုပ်ထပ်ရှာ ရပါတော့သည်။

စင်ကာပူမှ ပူမှု ဆယ်ကုဋေများအကြောင်း အများသိစေရန် ဝေငှလိုက်ခြင်း ဖြစ်ပါသည်။

အေးငြိမ်း
၂၃-၀၆-၂၀၁၀
ည ၁၁း၅၅ နာရီ

ကာမေသု မိစ္ဆာစာရာ (၂)

နိဒါန်း

ယမန်နှစ်က သံလွင်အိပ်မက်တွင် “စင်ကာပူနိုင်ငံသား ခံသင့်၊ မခံသင့်” ခေါင်းစဉ်ချပေးပြီး ဆွေးနွေးခိုင်းရာ ပါဝင်ဆွေးနွေးကြသူများ၏ ဘက်ပေါင်းစုံမှ အမြင်များသည် စိတ်ဝင်စားစရာကောင်းသဖြင့် ကျွန်တော် တစိုက်မတ်မတ် ဖတ်ရှုဖြစ်ခဲ့ပါ၏။

ဒုတိယ ဖတ်ဖြစ်လိုက်သော (နောက်တော့လည်း ခေါင်းနောက်လာတာနှင့် ဆက်မဖတ်ဖြစ်တော့) ဆွေးနွေးချက်တစ်ခုမှာ မကြာသေးမီက အင်တာနက်သုံးသူတို့အကြား အလွန်ရေပန်းစားသွားသော မဟုတ်တာသွားမေးသည့် သတင်းထောက်ကောင်မလေးကို ထက်ထက်မိုးဦးက ပါးရိုက်လိုက်သော ဆွေးနွေးချက်များ ဖြစ်ပါ၏။ နောက်တော့လည်း ဆွေးနွေးတာတင်မဟုတ်တော့ သတင်းထောက်ဂိုဏ်းနှင့် ထက်ထက်မိုးဦးဂိုဏ်း နှစ်ဂိုဏ်းကွဲသွားကာ အပြန်အလှန် ပုတ်ခတ်ရေးသားကြသဖြင့် ကျွန်တော် ဆက်မဖတ်ဖြစ်တော့ပါ။ အချိန်ကုန်တာသာ အဖတ်တင်ပါသည်။

တတိယ ယခု “ကာမေသု မိစ္ဆာစာရာ” ခေါင်းစဉ်ဖြင့် post တင်လိုက်ရာ ကိုတိတိမှ အစပြု၍ ၀င်ရောက်ဆွေးနွေး လာသူများ၏ မှတ်ချက်များကို ပုံမှန်ဖတ်ဖြစ်ပါသည်။ မိမိအမြင်ဖြင့် ဆွေးနွေးချက်များမှာ စိတ်ဝင်စားစရာ ကောင်းပါ၏။ ပုဂ္ဂိုလ်ရေးပုတ်ခတ်မှုမပါဘဲ လွတ်လွတ်လပ်လပ် မိမိအမြင်ကိုတင်ပြခွင့် လူတိုင်းမှာ ရှိပါသည်။

ယခုတလော အရေးတကြီးလုပ်စရာအလုပ်များ ပေါ်လာသဖြင့် ကျွန်တော့်မှာ မအားလပ်နိုင်အောင် ရှိပါသည်။ သည်ကြားထဲ သင်တန်းတစ်ခုလည်း သွားတက်နေသည်ဖြစ်ရာ အချို့ရက်များမှာ ည ၁၀ နာရီခွဲကျော်လောက်မှ ပြန်ရောက်ပါသည်။ ယခုမူ ဆွေးနွေးချက်များကိုဖတ်ရင်း ရင်ထဲ၌ ကျလိကျလိ ဖြစ်လာ၍ အိပ်ချိန်ကိုလျှော့ချကာ ဤပို့စ်ကို ရေးပါသတည်း။

သည်းခံခွင့်လွှတ် နားဆင်ကြပါခင်ဗျား။

(၁)

စက္ခုရူပေန သံဝါသာ၊ ရာဂပုတ္တံ ၀ိဇာယတိ။ စက္ခုတည်းဟူသော မျက်စိအကြည်ဓါတ်သည်၊ ရူပါရုံတည်း ဟူသော အဆင်းနှင့် သံဝါသ - ပေါင်းဖော်လိုက်သောအခါ၊ ရာဂမည်သော ပုတ္တံ - သားကို၊ ၀ိဇာယတိ - မွေးစေသတည်း။ ဤသည်မှာ မြတ်စွာဘုရားဟောကြားသော တရားတော်ဖြစ်ပါ၏။

အရှင်ဘုရား၊ တပည့်တော်တို့ မာတုဂါမ (မိန်းမ) များနှင့် ဆက်ဆံလျှင် မည်သို့ဆက်ဆံရပါမည်လဲ ဟု အခါတစ်ပါးတွင် ညီတော်အာနန္ဒာက မြတ်စွာဘုရားကို လျှောက်၏။
မြတ်စွာဘုရား - အာနန္ဒာ၊ သူတို့နှင့် မဆက်ဆံနဲ့။
အာနန္ဒာ - အရှင်ဘုရား၊ မဆက်ဆံလို့ မဖြစ်၊ ဆက်ဆံရတော့မည် ဆိုလျှင်ကော။
မြတ်စွာဘုရား - အာနန္ဒာ၊ သူတို့ကို မကြည့်နဲ့။
အာနန္ဒာ - အရှင်ဘုရား၊ မကြည့်မဖြစ်၊ ကြည့်ရတော့မည် ဆိုလျှင်ကော။
မြတ်စွာဘုရား - အာနန္ဒာ၊ သူတို့နဲ့ စကားမပြောနဲ့။
အာနန္ဒာ - အရှင်ဘုရား၊ စကားမပြောလို့မဖြစ်၊ ပြောရတော့မည် ဆိုလျှင်ကော။
မြတ်စွာဘုရား - အာနန္ဒာ၊ မာတုဂါမများနှင့် မဆက်ဆံလို့မဖြစ် ဆက်ဆံရတော့မည်ဆိုလျှင် သူတို့ကို ကိုယ့် အမေအရင်း၊ နှမအရင်းကလေးများကဲ့သို့ သဘောထားပြီး ဆက်ဆံပါလေ။

ဤသည်မှာ မြတ်စွာဘုရားက ရဟန်းတော်များအား အမျိုးသမီးများနှင့်ဆက်ဆံရာတွင် ထားရှိရမည့် သဘောထားကို ညွှန်ပြထားခဲ့ခြင်း ဖြစ်ပါသည်။ ရဟန်းတော်များသာမက ကျွန်တော်တို့ ယောက်ျားဘသား များပါ ထားရှိရမည့် သဘောထားလည်း ဖြစ်ပါသည်။ မိမိ၏ အမေ၊ နှစ်မများကိုသာမက၊ အခြား မိမိ၏ ဇနီးမဟုတ်သော အမျိုးသမီးများကို ဆက်ဆံလျှင် ဤကဲ့သို့ ဆက်ဆံရန် ဖြစ်ပါ၏။

ကျွန်တော်၏ ပထမပို့စ်တွင် “ကျွန်တော်ကတော့ ထိုမုဒိန်းမှုများဖြစ်ရခြင်းမှာ ယခုခေတ် မိန်းကလေးများ၏ မလုံမလဲ ၀တ်စားဆင်ယင်မှုများသည် အဓိကတရားခံဖြစ်သည် ဟု မြင်ပါသည်။” ဟု ကျွန်တော့်အမြင်ကို တင်ပြခဲ့ပါသည်။ ကျွန်တော်တစ်ဦးတစ်ယောက်ထဲ၏ အမြင်ဖြစ်သဖြင့် မှန်/မမှန် မပြောလိုပါ။ မိမိဘာသာ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါသည်။ သို့သော် ဆွေးနွေးကြသော အချက်တွင် ဤအချက်သည် အဓိက ဖြစ်သွား၏။ “အ၀တ်အစားကို မလုံမခြုံဝတ်ခြင်းသည် မုဒိန်းမှုကို အားပေးရာရောက်သည်” ဟူသော ခေါင်းစဉ်အောက်တွင် စကားစစ်ထိုးနေကြခြင်း ဖြစ်ပါ၏။ ဆက်လက်၍ ဆွေးနွေးကြပါကုန်။

သို့သော် ဖြစ်စဉ်တစ်ခု၏နောက်တွင် အကြောင်းအပေါင်းများစွာတို့ ရှိနေသည်ဖြစ်ရာ အနှီ မုဒိန်းကျင့်ခံရ သော ကိစ္စများတွင်လည်း အကြောင်းများစွာရှိပါသည်။ ဆွေးနွေးချက်များတွင် ထိုအကြောင်းများ ပါသွားပြီး ဖြစ်ပါသည်။ ကျွန်တော်က အားလုံးကို ခြုံငုံသုံးသပ်လိုက်ခြင်း ဖြစ်ပါ၏။

၁၉၁၄ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် သြစတီးယားအိမ်ရှေ့မင်းသား ဖရန်စစ်ဖာဒီနန် လုပ်ကြံခံလိုက်ရသဖြင့် ပထမကမ္ဘာစစ်ကြီး ဖြစ်သွားခဲ့ရသည်။ သို့သော် ထိုမင်းသားအသတ်ခံရသည့် ကိစ္စသည် ပထမကမ္ဘာစစ် ဖြစ်ရခြင်း အကြောင်းရင်းမဟုတ်။ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် အသတ်ခံလိုက်ရသဖြင့် ၈လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်ကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပြုတ်ကျလျှက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်ခဲ့ရသည်။ သို့သော် ဤကဲ့သို့ အာဏာရှင် ဦးနေ၀င်းကို ဖြုတ်ချလိုက်နိုင်ခြင်းမှာ မောင်ဖုန်းမော်ကြောင့်မဟုတ်။ ထိုအကြောင်းများမှာ ပေါက်ကွဲလုနီးနီးဖြစ်နေသော ဗုံးတစ်လုံးကို ရှို့လိုက်သော စံနက်တံကလေး တစ်ချောင်းမျှသာ ဖြစ်ချေသည်။

(၂)

ပါပသ္မိံ ရမတိ မနော ဟူ၏။ စိတ်သည် မကောင်းမှု၌သာ မွေ့လျော်လေ့ရှိသည်။ ထို့အတူ ဆိတ်ငြိမ်မှုသည် မကောင်းမှုပြုလုပ်ရန် အားပေးသည်။ မြန်မာစကားပုံတွင် စိတ်ဆင်ရိုင်းကို ချွန်းကဲ့သို့အုပ် ဟုလည်း ရှိပါသည်။

မိတ်ဆွေတို့ မုဒုလက္ခဏ ဇာတ်တော်ကို ဖတ်ဖူးကြပါလိမ့်မည်။ ဇာတ်တော်ပါ ရသေ့ကြီးသည် ဟိမ၀န္တာ တောအတွင်း သီတင်းသုံးပြီး တရားကျင့်လျှက် ဈာန်ရနေသော ရသေ့ကြီးတစ်ပါး ဖြစ်ပါသည်။ နေ့စဉ် ဘုရင့်နန်းတော်သို့ ကောင်းကင်ခရီးဖြင့် ဆွမ်းခံဝင်လေ့ရှိသည်။ တစ်နေ့သောအခါ ဆွမ်းအလို့ငှာ နန်းတော်သို့ ကောင်းကင်ခရီးဖြင့် ကြွလာစဉ် လေသာပြတင်းပေါက်အနီး သလွန်ပေါ်တွင် လျောင်းနေသော မိဖုရားကြီးက ရသေ့ကြီး၏ သင်္ကန်းသံကိုကြားလိုက်သဖြင့် ရုတ်တရက်ထလိုက်ရာ ရင်လွှာလျှောကျသွားသည် ဆို၏။ ဤသည်ကို အမှတ်တမဲ့မြင်လိုက်သည့် ရသေ့ကြီးသည် ရထားသော ဈာန်တို့ပျောက်ကွယ်ကာ မိဖုရားကြီးကို မရလျှင် မနေနိုင်၊ အစွဲလမ်းကြီးစွဲလမ်းသွားခဲ့ပါသည်။

ဒေ၀ကိမိလရသေ့သည် အမ္ဗုသိကာနတ်သမီး၏ ရင်ခွင်တွင် နတ်စည်းစိမ်အတွေ့နှင့် ခြောက်လတာ မေ့မျော နေခဲ့သည် ဆို၏။ ဥမ္မာဒန္တီ၏ အလှတွင် အရူးအမူးဖြစ်သွားသော သိဝိဘုရင်ကြီးကို ကြည့်ပါ။

ရိုးရိုးသားသားမပြောဘဲ အဘယ်ကြောင့် ဇာတ်တော်များကို ရည်ညွှန်းရပါနည်း ဆိုလျှင် ကျွန်တော်တို့လို သာမန် ဘာကမှမဟုတ်သည့် ပုထုဇဉ်လူသားများကို မဆိုထားဘိ။ ပါရမီဆယ်ပါးကို ဖြည့်ကျင့်နေသော ဘုရားအလောင်းတော်များတောင်မှ ကာမဂုဏ်နှင့်ပတ်သက်လာလျှင် အလွန်ထိလွယ်ခိုက်လွယ်၊ မှားလွယ် တတ်သည်ကို ဆိုလိုခြင်းဖြစ်ပါသည်။

သမိုင်းတွင် အလွန်ထင်ရှားလှသော ဆရာတော်ကြီး (ကျွန်တော်၏ အလွန်နုံချာလှသော မှတ်ဉာဏ်ကြောင့် ဘွဲ့တော်ကို မမှတ်မိခြင်းအား ခွင့်လွှတ်ကြပါကုန်) အကြောင်း ကြားဖူးကြပါလိမ့်မည်။ သူ၏ သီလဂုဏ်ကြောင့် ဓါးမကူးဆရာတော်ဟု လူသိများပါသည်။ ကျွန်တော့်အထင် တောင်ဖီလာ ဆရာတော်ဖြစ်မည် ထင်ပါသည်။ ကောင်းကောင်းမမှတ်မိတော့ပါ။

တစ်နေ့သ၌ အင်းဝဘုရင်က ဆရာတော်ကြီး၏ သီလကို စမ်းသပ်လိုသဖြင့် နန်းတွင်းသူတစ်ယောက်ကို ဆရာတော်ကြီး၏ ကျောင်းသို့ ညအချိန်သွားရန် စေလွှတ်လိုက်ပါသည်။ ဆရာတော်ကြီးမှာ တောင်ဖီလာ အရပ်တွင် တစ်ပါးတည်းသီတင်းသုံးလျှက် ရှိ၏။ ဘုရင်လွှတ်လိုက်သော အမျိုးသမီးက ကပိုကယို ၀တ်စား လျှက် ကိုယ်ကို ရေများစိုစေကာ ဆရာတော်ကြီးကျောင်းသို့ ညအချိန်မတော် ရောက်လာပါသည်။ ရောက်လျှင် ဆရာတော်ကြီးအား ဒုက္ခရောက်လာသဖြင့် သည်ည ကျောင်းတွင်တည်းပါရစေ ဟု လျှောက်ထားပါသည်။ ဆရာတော်ကြီးက ရဟန်းတော်များနှင့် မာတုဂါမများ တစ်မိုးအောက်တွင် အတူမအိပ် ကောင်းကြောင်း ပြောသော်လည်း အမျိုးသမီးမှာ ကုတ်နှင့်ကော်ထုတ်တောင် ရမှာမဟုတ်သည့်အတွက် ကျောင်းတွင် အိပ်ခွင့်ပြုလိုက်ရသည်။

ဆရာတော်ကြီးက ကပိုကယိုဝတ်စားကာ ရေများစိုလာသည့် မိန်းမပျိုကြောင့် မိမိစိတ်များဖောက်ပြန်မည်ကို စိုးရိမ်တော်မူသဖြင့် သင်တုန်းဒါးဖြင့် ခြေသလုံးကိုလှီးကာ တစ်ညလုံး ဝေဒနာနုပဿနာ ရှုနေပါသည်။

မိုးလင်းသောအခါ မဟုတ်တာကိုမှ ရွေးကြံတတ်သည် ဘုရင်သည် ကျောင်းသို့နောက်လိုက်နောက်ပါများနှင့် ရောက်လာသည်။ ဆရာတော်ကြီးက သူ့သီလမြဲကြောင်းကို သည်ဒါးသက်သေရှိသည်ဟု ဒါးကို ကန်ထဲတွင် ပစ်ချပြလိုက်ရာ ဒါးသည် အသက်ရှိသော ငါးများကဲ့သို့ ရေတွင်ကူးပြပြီး ဆရာတော်ကြီး၏ သီလကို ထောက်ခံခဲ့ရာ ဒါးမကူးကန်ဟု ယခုတိုင်ရှိသေးသည်။

အင်းဝခေတ်စာဆိုအကျော် ရှင်မဟာသီလ၀ံသ ကလည်း မိခင်နှင့်သား၊ ဖခင်နှင့်သမီး၊ မောင်နှင့်နှမ တို့ အတူမအိပ်သင့်ကြောင်း ဆုံးမစာ ထားရစ်ခဲ့ပါသည်။

(၃)

မည်သည့်အရာမဆို အကြောင်းတရားများပေါင်းဆုံမှ ဖြစ်နိုင်သည်ဖြစ်ရာ အထက်ပါ မုဒိန်းမှုများကို သုံးသပ် ကြည့်လျှင် အောက်ပါတို့ ပါဝင်နိုင်ပါသည်။
၁။ ပတ်ဝန်းကျင်တွင် မည်သူမျှမရှိချိန်၊ ဆိတ်ငြိမ်ရာအခန်းတွင်း သမီးနှင့်အဖေ၊ နှမနှင့်မောင် စသည်တို့ အတူနေကြခြင်းသည်လည်း တစ်ကြောင်း။
၂။ မိုးလင်းက မိုးချုပ် အလုပ်၊ အလုပ် ဖြစ်နေသဖြင့် မိဘနှင့် သားသမီးတို့အကြား နွေးထွေးကြင်နာသော ဆက်ဆံမှု လျော့နည်းနေခြင်းလည်း တစ်ကြောင်း။ (ကျွန်တော်နှင့် အလွန်ရင်းနှီးသော သူငယ်ချင်းတစ်ဦး ၏ အမျိုးသမီး အလုပ်လုပ်ခဲ့သော အိမ်တွင် ကလေးနှစ်ယောက်ရှိရာ ထိုကလေးများသည် ကြပ်တည်းစွာ အုပ်ချုပ်သော သူ့တို့အမေကို မချစ်၊ သူငယ်ချင်း၏ အမျိုးသမီးကိုသာ ချစ်လျှက် အမေနှင့်အိပ်ရမည်ကို ကျားမြီးဆွဲရမည်ကဲ့သို့ ကြောက်ရွံ့ကာ အနှီမိန်းကလေးကိုသာ တန်းတန်းစွဲဖြစ်ခဲ့သည်ကို ကိုယ်တွေ့။)
၃။ ဆိတ်ငြိမ်မှုသည် မကောင်းမှုကို အားပေးသည်က တစ်ကြောင်း။
၎။ မတော်တလျော် ၀တ်ဆင်ထားသော မိန်းကလေးသည် ယောက်ျား (ဖခင်ဖြစ်စေ၊ မောင်ဖြစ်စေ၊ ပထွေးဖြစ်စေ၊ ဦးလေးဖြစ်စေ၊ တစိမ်းဖြစ်စေ) တို့ကို မြှူဆွယ်နေဘိသကဲ့သို့ ဖြစ်နေသည်က တကြောင်း။
၅။ နဂိုကတည်းက ပညာအခြေခံနည်းသဖြင့်၊ ပညာပင်တတ်သော်လည်း ဆင်ခြင်တုံတရား နည်းသဖြင့်၊ ဆင်ခြင်တုံတရားပင် ရှိသော်လည်း စိတ်မထိန်းနိုင်သဖြင့် တကြောင်း။

ကျွန်တော်တို့ယောက်ျားများ ရာဂစိတ်များသည် မပြောပါနှင့်။ ဘုရား၊ ရဟန္တာ မဖြစ်သေးသရွေ့ ကာလပတ်လုံး၊ တစ်နည်းဆိုရသော် အာသဝေါတရား လေးပါးတို့ မကုန်ခမ်းသရွေ့ကာလပတ်လုံး။ အနာဂမ် ပင်လျှင်သော်မှ အနုသယ ကိလေသာတို့ ရှိသေးသည်။ ကျောင်းအမကြီး ၀ိသာခါကား သောတာပန် ဖြစ်၏။ သို့သော် မြေးတစ်ရာဆိုလား၊ များတော့ အတော်များသည်။ ပျော်လို့ပါးလို့ကောင်းတုံး ရှိသေးသည်။

ယောက်ျားလည်းဖြစ်၏။ ရဟန္တာလည်းမဟုတ်။ အခြောက်လည်း မဟုတ်။ (အဲလေ သေသေချာချာတော့ မပြောတတ်ဘူး။ အခြောက်တွေလည်း ပါချင်ပါမှာပေါ့။) - မဟုတ်ပါက ဖော်လှစ်ထားသော မိန်းကလေး ကိုမြင်လျှက် ဘာစိတ်မှမဖြစ်ပါဟုဆိုသူသည် တစ်ခုခုမှားယွင်းနေသူ ဖြစ်ရမည်။ ကျွန်တော်တို့လို ဗလချီးနမ်းလူသားများကို မပြောပါနှင့်။ တရားကျင့်ကာ ဈာန်ရနေသော ရသေ့ကြီးပင် မိဖုရားကြီး ကိုယ်ရုံလျှောကျသည်ကို လှစ်ကနဲမြင်ခါမျှနှင့် ဈာန်လျှောကျပေသေးသည်။ (အဲလေ - ဆရာတော် သမားတော်ကြီးများ၊ သူတော်ကောင်းကြီးများ။ အင်း၊ အပုပ်ကောင်ကြီးကို အ၀တ်လွှမ်းပေးထားတာ ပါကလား၊ သြော် - အရိုးစု ကြီးကို အလှဆင်ထားလိုက်ကြတာ ဟု အရာရာကို တရားသဘောနှင့်သာ အမြဲ ရှုမြင်သူများ မပါပါ။ - ဒါလေးလည်း ထည့်ရေးမှ၊ တော်ကြာ အသားလွတ်ဆော်ခံထိနေမယ်။)






အထက်ပါ ပုံသုံးပုံကို ယှဉ်ကြည့်ပါ။ မိတ်ဆွေ အမျိုးသားတို့စိတ်ထဲ ဘယ်ပုံက ဘာကိုဖြစ်စေလဲဆိုတာ (မညာပါနှင့်) အမှန်အတိုင်းပြောကြည့်စမ်းပါ။ အားလုံးမြန်မာအမျိုးသမီးကလေးများ ဖြစ်ပါသည်။ (လက်ထဲတွင်ရှိသည့် ကျွန်တော့်တူမများ၏ ဓါတ်ပုံကို သူတို့မသိပဲ သုံးတာ မတရားပါ။ သို့သော် အခြားပုံလည်းမရှိသည်နှင့် အလွယ်တင်လိုက်ခြင်း ဖြစ်ပါသည်။)

သည့်အတွက် သည်လိုအမှုမျိုးများ လျော့နည်း ပပျောက်စေရန် အမျိုးသားများရော၊ အမျိုးသမီးများမှာပါ တာဝန်ရှိပါသည်။ နည်းလမ်းများအနက် အချို့မှာ အထက်တွင် ကျွန်တော်တင်ပြခဲ့သော မုဒိန်းမှု ဖြစ်နိုင်ခြေ အချက်များကို ပြောင်းပြန်လှန်လိုက်လျှင် ကိစ္စပြီးပါ၏။

၁။ ပတ်ဝန်းကျင်တွင် မည်သူမျှမရှိချိန်၊ ဆိတ်ငြိမ်ရာအခန်းတွင်း သမီးနှင့်အဖေ၊ နှမနှင့်မောင် စသည်တို့ အတူမနေကြပါနှင့်။
၂။ မိဘနှင့် သားသမီး၊ ညီအစ်ကို၊ မောင်နှမတို့အကြား နွေးထွေးကြင်နာသောဆက်ဆံမှု ရှိပါစေ။
၃။ ဆိတ်ငြိမ်မှုနှင့်ကြုံရလျှင် (တရားစာ သို့မဟုတ် ကောင်းသော) စာများဖတ်နေပါ။ တရားနာပါ။
၎။ မိန်းကလေးများ အထူးပြောစရာမလို။ မြန်မာလိုဝတ်လျှင် ပြီးပါ၏။ (အို၊ ကိုယ့်ဘာသာကိုယ် ကြိုက်သလို ၀တ်မှာပေါ့ ဆိုလျှင် ၀တ်ပါ။ ဖြစ်လာတော့မှ အမယ်လေး၊ ဘလေး မတပါနှင့်။ သဟာမျိုးဆိုတာ ပိုက်ဆံပေးပြီး ပြင်လို့ရစကောင်းသော အရာမဟုတ်။ မိုးပေါ်က ဘိုးသိကြားတောင် မတတ်နိုင်။)
၅။ ယောက်ျားဘသား (မိန်းမဘသမီးများလည်း အပါအ၀င်) စိတ်ဆင်ရိုင်းကို ချွန်းဖြင့် အုပ်ပါ။

အခြားအချက်များ ရှိနိုင်ပါသေးသည်။ ထပ်ဖြည့်ကြပါ ခင်ဗျား။

အေးငြိမ်း
၅-၆-၂၀၁၀

Friday, June 18, 2010

Sunday, June 6, 2010

ကာမေသု မိစ္ဆာစာရာ

(၁)

၂၀၀၉ ခုနှစ်ဆန်းပိုင်းက ကျွန်တော် ခွင့်ယူပြီး မြန်မာပြည် ခေတ္တပြန်သွားပါသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာပြည်မှပြန်အလာ လေယာဉ်ပေါ်တွင် Sunday Times သတင်းစာ ယူဖတ်ပါသည်။ တနင်္ဂနွေနေ့ဖြစ်၍ ထုံးစံအတိုင်း Special Report ပါပါသည်။ Special Report များတွင် စိတ်ဝင်စားစရာ အကြောင်းအရာများ ပါတတ်၍ ကျွန်တော်လည်း ရှာဖတ်ရာတွင် လူမသိ၊ သူမသိ ခံစားသွားရသော စင်ကာပူမှ လူငယ်ကလေးများ ၏ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုအကြောင်း ရေးထားတာ ဖတ်ရ၏။

ထိုဆောင်းပါးကိုဖတ်ပြီး စင်ကာပူမှ မုဒိန်းမှုများအကြောင်းသိရတော့ ကျွန်တော် အတော်ပင်မျက်လုံးပြူးမိ သွားရပါ၏။ အဘယ်ကြောင့်ဆိုသော် မုဒိန်းမှုကျူးလွန်သူများသည် ဖခင်အရင်း၊ အစ်ကိုအရင်း၊ ဦးလေးအရင်း၊ အဖိုးအေအရင်းများ ဖြစ်နေသောကြောင့်တည်း။ ပထွေးများလည်း ပါတော့ပါသည်။ အဖေအရင်းများထက် ရာခိုင်နှုံးပိုနည်းသည်။ ထူးဆန်းပါပေ့ ဆတွတ်ရယ် ဟု ဗိုက်ကလေးလိုသာ အော်လိုက်ချင်တော့သည်။

Report နာမည်နှင့် စာရေးသူအမည်ကို မှတ်မထားလိုက်မိပါ။ မူရင်းဆောင်းပါးဖတ်လိုသူများ 1/2/2009 Sunday Times Special Report ကို ရှာဖွေဖတ်ရှုကြပါ ခင်ဗျား။

(၂)

Special Report တွင် ၁၉၉၉ ခုနှစ်က မိခင်တစ်ဦးသည် (မုဆိုးမ သို့မဟုတ် တစ်ခုလပ် ဟု ဖော်ပြမထားပါ) နောက်အိမ်ထောင်ပြုသည် ဆို၏။ သူအိမ်ထောင်ပြုအပြီး လေးလကြာသောအခါ အသက် ၁၁ နှစ်နှင့် ၁၃ နှစ်ရှိသူ သမီးနှစ်ဦးသည် ပထွေးဖြစ်သူ၏ မုဒိန်းကျင့်မှုကို ခံခဲ့ရသည်။ အသက် ၄၅ နှစ်ရှိပြီဖြစ်သော ထို ပထွေးဖြစ်သူအား တရားရုံးမှ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် ကြိမ်ဒါဏ် ၂၄ ချက်နှင့် ထောင်ဒါဏ် အနှစ် ၃၀ ချမှတ်ခဲ့သည်။

စင်ကာပူမှ (သတင်းပို့ခဲ့သည့်) မုဒိန်းမှုများမှာ -
၂၀၀၆ ခုနှစ်က - ၁၁၈ မှု
၂၀၀၇ ခုနှစ်က - ၁၂၉ မှု
၂၀၀၈ ခုနှစ်က - ၁၇၂ မှု - ဖြစ်သည်။ သို့သော် ဂုဏ်ပျက်မည် စိုး၍သော်လည်းကောင်း၊ ကျူးလွန်သူသည် ဖခင် သို့မဟုတ် မောင်ဘွားများ ဖြစ်နေ၍သော်လည်းကောင်း ရှက်သဖြင့် သတင်းမပို့ပဲ ဖုံးကွယ်ထားသော အမှုများမှာ ထို့ထက် နှစ်ဆ သို့မဟုတ် သည့်ထက်ပင်ပိုကောင်း ပိုနိုင်ပါသေးသည်။

Ministry of Community Development, Youth and Sports (MCYS) ၏ ၂၀၀၅ ခုနှစ် စစ်တမ်းများအရ ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်မှုသည် ၂၀၀၀ ခုနှစ်တွင် ၁၅ မှု၊ ၂၀၀၁ ခုနှစ်တွင် ၁၇ မှု၊ ၂၀၀၂ ခုနှစ်တွင် ၂၉ မှု၊ ၂၀၀၃ ခုနှစ်တွင် ၃၂ မှု၊ ၂၀၀၄ ခုနှစ်တွင် အမှု ၂၀ စသဖြင့် ဖြစ်ပါသည်။
Ref: http://www.mcys.gov.sg/MCDSFiles/Resource/Materials/Protect_Children_in_Spore.pdf

MCYS က ၂၀၀၅ ခုနှစ်တွင် မိသားစုဝင် သို့မဟုတ် မိမိနှင့် ဆွေမျိုးသားချင်း မကင်းသော သူများက မုဒိန်းကျင့်ခြင်း ခံရသည့် ကလေးသူငယ် ၈၀ ကို စစ်တမ်းကောက်ယူခဲ့ရာ မုဒိန်းကောင်များ၏ ၄၀% သည် မိဘအရင်းအချာ၊ ၂၅ % မှာ ပထွေး၊ မိထွေးများ၊ ကျန် ၃၅% မှာ ညီအစ်ကို၊ မောင်နှမများနှင့် အခြားဆွေမျိုး သားချင်းများ ဖြစ်သည်ဟု ဆိုပါသည်။ မုဒိန်းမှု ၁၀ မှုအနက် ၈ မှုမှာ မိမိနှင့်သိကျွမ်းသောသူများက မုဒိန်းကျင့်ခြင်း ဖြစ်သည်ဟုလည်း ဆိုပါသည်။
၂၀၀၁ ခုနှစ် စာရင်းဇယားများအရ မုဒိန်းမှု ၃၈ မှုအနက် ၂၈ မှုတွင် မုဒိန်းကျင့်ခံရသူများမှာ အသက် ၉ နှစ်နှင့်အောက် ကလေးသူငယ်များ ဖြစ်သည်ဟု ဆိုပါသည်။ ထို ၃၈ မှုတွင် မုဒိန်းကောင်များသည်ကား -
၇ ယောက်သည် ဦးလေး၊ ၂ ယောက်သည် အမေဖြစ်သူ၏ boyfriend၊ ၄ ယောက်သည် ဖခင်အရင်း၊ ၂ ယောက်သည် ပထွေး၊ ၁ ယောက်သည် အဖိုးအေ နှင့် ကျန်သည့် ၂၂ ယောက်ကား မျက်နှာစိမ်းများဖြစ်သည် ဟု ဆိုပါသည်။ (according to the IMH- Institute of Mental Health Report)

(၃)

၁၉၈၁ ခုနှစ်ခန့်က ကျွန်တော်တို့မြို့ကလေးနှင့် မလှမ်းမကမ်းမှ ကျေးရွာတစ်ခုတွင် ဖခင်အရင်းမှ သမီးဖြစ်သူကို မုဒိန်းကျင့်သည်ဟူသောသတင်း သိုးသိုးသန့်သန့် ကြားခဲ့ရပါသည်။ ထိုစဉ်က ကျွန်တော့်မှာ ဟင်္သာတ ဒေသကောလိပ်တွင် ကျောင်းတက်နေသည်ဖြစ်ရာ ထိုသတင်း မှန်၊ မမှန်၊ မည်သို့ဆက်ဖြစ်သည် စသည်များကို မသိခဲ့ပါ။

ကျွန်တော်တို့မြန်မာလူ့အသိုင်းအ၀ိုင်းတွင် မိဘများကို အနန္တောအနန္တငါးပါးတွင် သွင်းလျှက် ဘုရားနှင့် တစ်ဂိုဏ်းထဲ ထားသည်ဖြစ်ရာ မိဘများက သားသမီးအရင်းအချာအပေါ် မုဒိန်းကျင့်သည်ဆိုသည်မှာ အင်မတိ အင်မတန် ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ပါသည်။ ထို့အတူ မိမိ၏ မောင်နှမသားချင်း၊ ဦးလေး ဆိုသူများက မိမိတို့၏ နှမ၊ တူမများကို မုဒိန်းကျင့်သည် ဆိုသည်ကိုလည်း ကြားရခဲပါသည်။ ကြားရဘို့မဆိုထားပါနှင့်။ ထိုကဲ့သို့ ရှိသည်ဆိုလျှင်ပင် ကျွန်တော်တို့ မြန်မာများအဖို့ အင်မတန်ထူးဆန်းနေသည်ဟု ခံစားရမည် ထင်ပါသည်။ ထိုသူအားလည်း လူအစစ်မဟုတ်သူ၊ လူ့တိရိစ္ဆာန်အဖြစ် သတ်မှတ်ကြမှာ မလွဲပါပေ။

မြန်မာပြည်တွင်မူ မိဘဆွေမျိုးသားချင်းများကို စဉ်လျှက် တစိမ်းတရံဆံက မုဒိန်းကျင့်သည် ဆိုသော သတင်းကိုပင်လျှင် ရှားရှားပါးပါး မကြားရသလောက် ဖြစ်ပါသည်။ (ဖြစ်မည်ထင်ပါသည်။ ကျွန်တော့်မှာ စင်ကာပူတွင် အမြဲလိုလို နေသည်ဖြစ်၍ ထိုသတင်းများကို မသိတာများလားမဆိုနိုင်။ သို့သော် ကျွန်တော် စင်ကာပူမလာခင် မြန်မာပြည်မှာ နေစဉ်ကတဲက မုဒိန်းသတင်းများကို မကြာခဏမကြားမိဖူးပါ။)

ကျွန်တော်စင်ကာပူရောက်စ ၂၀၀၀ ခုနှစ်ပတ်ဝန်းကျင်ကလည်း မလေးရှားမှ ဖခင်ဖြစ်သူတစ်ဦး မိမိသမီးကို မုဒိန်းကျင့်သည်ဟု သတင်းဖတ်လိုက်ရပါသည်။ ထိုစဉ်က ထိုသတင်းသည် ကျွန်တော့်အဖို့ အလွန်ထူးဆန်း နေလျှက် ပထမ ယုံပင်မယုံမိပါ။ အလွန်လည်း အံ့သြတမော ဖြစ်ရပါသည်။

ကျွန်တော်ငယ်စဉ်က ပြစ်မှုမဂ္ဂဇင်း နှင့် မှုခင်းစုံဂျာနယ်များကို အမြဲလိုလို ဖတ်ရှုခဲ့ပါသည်။ ထိုမဂ္ဂဇင်း၊ ဂျာနယ်များထဲတွင် ရေးသားထားချက်များအရ ထောင်သားချင်းတူလျှင်သော်မှ လူသတ်သောသူ၊ ဓါးပြ၊ သူခိုး၊ ခါးပိုက်နှိုက်များကို သူလိုငါလို ဆက်ဆံလျှက် ပေါင်းသင်းကြသော်လည်း မုဒိန်းသမားကိုမူ လူရာမသွင်း၊ ရှုတ်ချကြလျှက် ၀ိုင်းကြဉ်ထားသည်ဟု သိရပါသည်။ ဆိုလိုသည်မှာ ရာဇ၀တ်မှု ကျူးလွန်တာခြင်းအတူတူ မုဒိန်းမှုမှာ အင်မတန် ယုတ်ညံ့လှသောအမှုဟု ကျွန်တော်တို့မြန်မာများ ခံယူထားကြောင်း ဖော်ပြနေခြင်းဖြစ်ပါသည်။

(၄)

အထက် special report တွင် အဘယ်ကြောင့် မိမိသားသမီး၊ နှမ၊ တူမများကို မုဒိန်းကျင့်ရသနည်း ဟူမူ အလွယ်၊ အချောင်ရသော သားကောင်ဖြစ်ခြင်း၊ မိမိသည် သူ့ဖခင်၊ မောင်ဘွားဖြစ်နေသဖြင့် ရှက်သဖြင့် ထုတ်ပြောမည် မဟုတ်ခြင်း၊ ဤကျူးလွန်မှုကို မိသားစု၏ ဂုဏ်သိက္ခာကြောင့် အခြားမိသားစုဝင်များကပါ ၀ိုင်းဝန်း ပိတ်ပင်ထားမည်ဖြစ်ခြင်း တို့ကြောင့် ဖြစ်သည် ဟု ဆိုပါသည်။

ကျွန်တော်ကတော့ ထိုမုဒိန်းမှုများဖြစ်ရခြင်းမှာ ယခုခေတ် မိန်းကလေးများ၏ မလုံမလဲ ၀တ်စားဆင်ယင်မှုများသည် အဓိကတရားခံဖြစ်သည် ဟု မြင်ပါသည်။ ထို့ပြင် လွတ်လပ်လှသော အင်တာနက်website များတွင် လိင်ပိုင်းဆိုင်ရာ ဓါတ်ပုံ၊ ဗီဒီယိုများကို လွတ်လွတ်လပ်လပ် ပေါပေါများများ ကြိုက်သလောက် ကြည့်လို့ရခြင်း၊ သူတို့လူနေမှုစနစ်တွင် မိန်းမတို့ဣနြေ္ဒ ရွှေပေးလို့မရ ဆိုတာ မရှိခြင်း၊ Girlfriend, boyfriend များထားသော အလေ့များခေတ်စားလာခြင်း၊ မိဘနှင့်သားသမီးအကြား အပြန်အလှန် ရိုသေလေးစားမှုမရှိခြင်း စသည်တို့ကြောင့် ဖြစ်မည် ထင်ပါသည်။

MCYS ကမူ ထိုကိစ္စများလျော့နည်းပပျောက်အောင် မည်သို့လုပ်ရမည်ကို ပညာပေးအစီအစဉ်များနှင့် တကွ ညွှန်ပြထားပါသည်။
Ref: http://law.nus.edu.sg/news/pastevents/2006/PowerpointSlidesPdf/Panel%203/3.%20Karen%20Sik.pdf

အထက်ပါ report ကိုကြည့်လျှင် မုဒိန်းကောင်များ၏ ထက်ဝက်ခန့်မှာ ဖခင်အရင်းများ ဖြစ်နေသည်ကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တွေ့ရပါသည်။ ပထွေး၏ အန္တရာယ်သော်မှ သည့်လောက်မများ။

ယခုအခါ ကျွန်တော်တို့မြန်မာပြည်တွင်လည်း ကောင်မကလေးများသည် နိုင်ငံခြားသူများကို အတုခိုးလျှက် ဖော်လို့ရတာ တဖြည်းဖြည်းနှင့် အကုန်ဖော်လာကြပြီ ဖြစ်ရာ မြန်မာဖခင်များသည်လည်း စင်ကာပူဖခင်များကို အတုမခိုးလာပါစေနှင့်ဟု ရင်တုန်ပန်းတုန် ဆုတောင်းမိပါသည်။ အနန္တောအနန္တငါးပါးဂိုဏ်းဝင် ဆိုသည့်ဂုဏ် ကို ဆက်လက်ထိန်းသိမ်း ထားနိုင်ကြပါစေကုန်သတည်း။

ကျွန်တော်တို့ မဟာပုရိသ ယောက်ျားဘသားများသည် ငါးပါးသီလမှ အခြားသောသီလများကို မထိန်းနိုင်သည် ဖြစ်စေကာမူ ကာမေသု မိစ္ဆာစာရ ကံကိုတော့ အသက်ထက်ဆုံးလုံခြုံစွာ ထိန်းနိုင်ကြပါစေ ဟု ဆန္ဒပြုမိပါသည်။

အခြားဖတ်စရာ - A Study of Alleged Rape Cases in Singapore by S.P.Sng and K.C.Ng (Published in Singapore Medical Journal, Vol. 19, No. 3. September 1978)

အေးငြိမ်း
ဇွန် ၆၊ ၂၀၁၀ (တနင်္ဂနွေ)
ညနေ ၅ နာရီခွဲ

Friday, June 4, 2010

Thursday, June 3, 2010

ပိုက်ပြင်ပိုက်ဆက်လက်စွဲ (၁၃)












ဆီးချိုသမားတစ်ဦး၏ ဒုက္ခ

၁။ ဆီးချိုကျခြင်း အန္တရာယ်

မနေ့က (၁၊ ၆၊ ၂၀၁၀) ညစာစားအပြီး ပျို့ချင်သလိုလို၊ အန်ချင်သလိုဖြစ်ကာ တစ်ကိုယ်လုံး နေမထိ ထိုင်မသာနှင့် ရှိနေသဖြင့် ဘာများဖြစ်ပါလိမ့်၊ အစားများ များသွားလို့လား စသဖြင့် အတော်နေလို့ ထိုင်လို့ အဆင်မပြေ ဖြစ်နေပါသည်။ နောက်တော့ တစ်ကိုယ်လုံး တုန်ရီလာကာ ချွေးစေးများပြန်လာသဖြင့် ဆီးချိုကျတာ ဖြစ်မည်ဟု ကမန်းကတန်း သွေးဖောက်စစ်လိုက်တော့ ထင်သည့်အတိုင်းပင် ဆီးချိုမီတာက 3.6 ဟု ပြနေပါသည်။
ပုံမှန်ဆိုလျှင် ထမင်းစားပြီးခါစ၌ ဆီးချိုတိုင်းကြည့်ပါက 9.0 မှ 10.5 ထိ ရှိရမည် ဖြစ်ပါသည်။ သို့မရှိလျှင်တောင် အနည်းဆုံး 8.0 တော့ ရှိရမည်ဖြစ်၏။ ယခု 3.6 ဆိုတော့ အတော်အခြေအနေဆိုးသည် ခေါ်ရပါ မည်။ အခန့်မသင့်လျှင် သတိတောင်လစ်နိုင်သည်။ သို့နှင့် ကျွန်တော်လည်း သကြားကို လက်ဖက်ရည်ဇွန်းနှင့် တစ်ဇွန်းအပြည့် ကောက်မျိုချလိုက်ရပါသည်။ သို့နှင့်တောင် ပုံမှန်အနေအထားကို တော်တော်နှင့်ပြန်မရောက်။ အိပ်ယာပေါ်လှဲနေရ၏။ မအီမသာနှင့်တော်တော်လေး ခံလိုက်ရပါသည်။ ခဏနေတော့ ပါးစပ်ထဲ တံတွေးများ များလာ သဖြင့် ရေစင်သို့အသွား အလွန်အန်ချင်လာသည်နှင့် ပလတ်စတစ်အိတ်ကို အမြန်ဖွင့်ကာ ရေစင်၌ ထိုးအန်ချလိုက် ရ၏။ ယနေ့ညစာ စားထားသမျှ အကုန်ပြန်ထွက်သွားသည်။ ဗိုက်ထဲ အစာမရှိတော့မှ နေရထိုင်ရ အတော်သက် သာသွားပါသည်။
နာရီဝက်ခန့်ကြာမှ တော်တော်နေလို့ထိုင်လို့ကောင်းသွားပါသည်။ သို့သော် ဘာမှဆက်မလုပ်နိုင်တော့သဖြင့် ဖွင့်ထားသောကွန်ပြူတာကို ပြန်ပိတ်၊ ဖျော်ထားသော ကော်ဖီကို ဆန်ကာနှင့်အုပ်ကာ အိပ်လိုက်ရသည်။
ပုံမှန်ဆိုလျှင် အစာစားပြီး ဆီးချိုချက်ခြင်းကျသည်ဆိုသည်မှာ ဖြစ်တောင့်ဖြစ်ခဲ။ မဖြစ်နိုင်ဟု ထင်ရသောအရာ ဖြစ်ပါသည်။ ကျွန်တော်လည်း မကြာခဏ ဆီးချိုကျဖူးပါသည်။ သို့သော် ယခုမှ ထမင်းစားပြီးခါစဆိုတော့ ဖြစ်စက ဆီးချိုကျတာ မဟုတ်ဟု ထင်မိ၏။
ဆီးချိုသမားများအတွက် အဓိက အန္တရာယ်မှာ ရုတ်တရက် ဆီးချိုကျခြင်းဖြစ်ပါသည်။ အိမ်မှာ သို့မဟုတ် ရုံးမှာ ဆိုလျှင် ကိစ္စမရှိ။ အကယ်၍ ကားမောင်းနေစဉ် သို့မဟုတ် ဘတ်စ်ကားပေါ်၊ ရထားပေါ်လို ဘာမှ မရနိုင်သည့် နေရာမျိုးမှာ အလွန် အန္တရာယ်များပါသည်။ ကားမောင်းနေစဉ် ဆီးချိုကျပါက ကားကိုမထိန်းနိုင်ပဲ accident ဖြစ်တတ် သည်။ ခံနိုင်ရည်နည်းသူများအဖို့ မူးမိုက်ကာ လဲတတ်သည်၊ ချက်ခြင်းမေ့တတ်သည်။
သို့အတွက် ထိုအန္တရာယ်မှ ကာကွယ်ရန် ဆီးချိုသမားများသည် သကြားလုံးကဲ့သို့သော စားစရာများ အိတ် အတွင်း အဆင်သင့်ဆောင်ထားသင့်ပါသည်။ သို့မှ အချိန်အခါ နေရာမရွေး ဆီးချိုကျသည်နှင့် တစ်ခုခု ကောက်စား လိုက်လို့ ရပါသည်။ ဆီးချိုရှိသူများ အထူးသတိထားသင့်ပါ၏။ ဆီးချိုကျလျှင် သကြားဓါတ်ပါသော အစာတစ်ခုခုကို အလျှင်အမြန်စားရန် လိုပါသည်။
တစ်ခါကလည်း Pulau Ular ကျွန်းရှိ ECC project တွင် အလုပ်လုပ်နေစဉ်က ဖြစ်၏။ အလုပ်မှ ပြန်အလာ သည်ဘက်ကမ်းပြန်ရောက်တော့ သင်္ဘောပေါ်မှ ဆင်းဆင်းချင်း ဆီးချိုကျ၏။ ကားဂိတ်သို့ မနည်းအပြေးအလွား လာရသည်။ ထို့နောက် Clementi မှ ဆိုင်တန်းများရှိရာသို့ သုတ်ခြေတင်ကာ သီးမွှေးငှက်ပျောသီး တစ်တွဲဝယ်၍ တစ်လုံးကို အမြန်နွှာကာ ပလုတ်ပလောင်းစားလိုက်ရသည်။ တစ်လုံးနှင့် မပြေ။ သုံးလုံးဆင့်ကာ စားလိုက်မှ တုန်တာ ပျောက်သွားသည်။
ဆီးချိုကျသည့် လက္ခဏာမှာ တစ်ကိုယ်လုံး တုန်ရီလာကာ ချွေးစေးများပြန်လာခြင်း ဖြစ်ပါသည်။ မူးဝေ အော့ အန်ခြင်းများလည်း ဖြစ်တတ်သည်။

၂။ ဖြစ်ရပုံ

ဆီးချိုရောဂါအတွက် သုံးလလျှင် တစ်ခါ ကျွန်တော်ဆေးစစ်ရပါသည်။ ပြီးခဲ့သည့် သုံးလပတ် ဆေးစစ်တော့ ဆီးချိုတက်နေသည်။ သို့အတွက် ဆရာဝန်က ဆေးတိုးပေးလိုက်၏။ ယခင်က Metformin 850mg မနက်တစ်လုံး၊ ည တစ်လုံး၊ Glitazone 5mg မနက်နှစ်လုံး၊ ညနှစ်လုံး သောက်နေရာမှ ယခု Glitazone ကို မနက်သုံးလုံး၊ ညသုံးလုံး တိုးပေးလိုက်ခြင်း ဖြစ်သည်။ သို့သော် ဆီးချိုက ကျမသွား။ တက်မြဲတမ်းတက်နေ၏။ ကျွန်တော်လည်း ချိုတာမှန်သမျှ တတ်နိုင်သမျှ ရှောင်ပါသည်။ သကြားပါတာ ဘာမှမစား။ သိကြားနှင့်တိုးမှာစိုး၍ သင်္ကြန်မှာတောင် ရေပက်ခံမထွက်။ အချိုရှောင်တာဆို မချိုဆီတောင် ဖုံးမဆက်တာကြာပေါ့။
ပြီးခဲ့သည့် နှစ်ပတ်လောက်က ဇက်ကြောတွေ မချိမဆန့်တက်လာသဖြင့် စာတောင် ကောင်းကောင်းမဖတ် နိုင်။ ညီမအငယ် ဂွမ်းဆီဖုံးဆက်တော့ အစ်ကိုကြီး ဆရာဝန်အမြန်သွားပြလေ ဆိုသဖြင့် ပင်နင်စူလာမှ ဒေါက်တာ ဆီ သွားပြသည်။ ကျွန်တော်က ဆီးချိုအကြောင်းပြောသဖြင့် သူစစ်ကြည့်ရာ 10.2 ဖြစ်နေသဖြင့် သူက Metformin မနက် 1000mg, နေ့လည် 1000mg, ည 1000mg တစ်နေ့ သုံးကြိမ်သောက်ခိုင်းရာ နေ့ခင်း ဆေးသောက်အပြီး ဆီးချို ကျသဖြင့် နေရထိုင်ရ အတော်မသက်သာ၍ ကျွန်တော်လည်း ကိုယ့်သဘောနှင့်ကိုယ် နေ့ခင်းဆေးကို ဖြတ်လိုက်သည်။ (မူလက မနက် 850, ည 850 သာ သောက်နေရာမှ ယခု တစ်နေ့ကို 3000 ထိ တိုး ပေးလိုက်တာ အတော်များမှန်း သိပါသည်။) ဇက်ကြောတက်တာအတွက်မူ ဆေးထိုးပေးလိုက်၏။ သောက်ဆေးလည်း တစ်နေ့နှစ်ကြိမ်သောက်ရန် ပေးလိုက်သည်။ အားဆေးအဖြစ် B12 ပါပေးလိုက်သည်။ ထမင်းမစားနဲ့ဗျ။ ဂျုံခေါက်ဆွဲ နဲ့ ပဲကြာဇံ ပြောင်းစား ဟုလည်း အကြံပေးလိုက်ပါသေးသည်။
သို့သော် ထိုဆေးကို တစ်ပတ်မျှသောက်သော်လည်း ဇက်ကြောတက်နေတာ ပျောက်မသွားပါ။ သို့အတွက် ကျွန်တော် မမဆီဖုံးဆက်ပြီး အကြံတောင်းတော့ သူက Polyclinic သွားပါလားဟဲ့ ဟုဆိုပါသည်။ ညီမ မူမူ ကမူ အစ်ကိုကြီး၊ အသက် ၄၀ ကျော်လာတဲ့သူတွေမှာ အရိုးကြီးပေါင်း တက်တတ်တယ်။ အရိုးကြီးပေါင်းတက်ရင်လည်း အရမ်း ဇက်ကြောတက်တယ် ဟု ပြောပါသည်။ မေလ ၃၁ ရက်နေ့တွင် ကျွန်တော်လည်း ပြနေကျ Jurong Polyclinic ကို သွားပြပါသည်။ ကံကောင်းတော့ ပျောက်ချက်သားကောင်းနေသော ဆရာဝန် ဒေါက်တာအောင်သိန်းနှင့် တွေ့ပါသည်။ (ယခင် အခေါက်ဆေးစစ်စဉ်အခါများက ကျွန်တော် သူနှင့် မကြာခဏ ပြဖူးပါသည်။ နောက်တော့ ဆေးခန်းတွင် မတွေ့ရ တော့ဘဲ ယခုမှ ပြန်ပေါ်လာခြင်းဖြစ်ပါ၏။ ဤကား စကားချပ်။)
ကျွန်တော်က ဇက်ကြောတက်နေကြောင်း ပြောသောအခါ ဒေါက်တာအောင်သိန်းက စမ်းသပ်ပြီး ခင်ဗျား၊ အာရုံကြောကြောင့်ဖြစ်မယ်၊ အရိုးကြီးပေါင်းတက်တာပေါ့ ဟု ဆိုကာ ဓါတ်မှန်သွားရိုက်ခိုင်းပါသည်။ ဓါတ်မှန်ရိုက်ပြီး အဖြေကို တစ်နာရီစောင့်ရ၏။ အဖြေရ၍ ဆရာဝန်ဆီပြန်သွားရာ သူက အရိုးကြီးပေါင်း စတက်နေသည်။ သတိထားပါ။ ခေါင်းငုံ့ရသော အလုပ်မလုပ်ပါနှင့်။ ခေါင်းအုံးမြင့်မြင့် မအုံးပါနှင့်။ ခေါင်းလေ့ကျင့်ခန်း လုပ်ပါဟု ဆိုသည်။ ရောဂါ တစ်ခု ပြီး တစ်ခု တိုးလာနေခြင်းအပေါ် စိတ်ပျက်မိပါသည်။ သို့သော် ဘာများတတ်နိုင်ပါမည်နည်း။
(ကျွန်တော် လောလောဆယ် ဆီးချိုနှင့် Hyperthyroid ရောဂါနှစ်မျိုးအတွက် ဆေးသောက်နေရပါသည်။)
သူက ကျွန်တော့်ယခင်အပတ်များက ဆေးစစ်ချက်များကို ကြည့်ပြီး ဆီးချိုတက်ပြီးရင်း တက်နေသည် ဆိုသဖြင့် ကျွန်တော်ကလည်း ဟုတ်ကြောင်း၊ ယခုသောက်နေသော ဆေးများပြောလိုက်၏။ သူက Metformin 850mg ကို မနက်တစ်လုံး၊ နေ့ခင်းတစ်လုံး၊ ညတစ်လုံး သောက်ဖို့ပြောလိုက်၏။ သို့နှင့် နောက်နေ့ ၁-၆-၂၀၁၀ တွင် Metformin 850mg နေ့ခင်းတစ်လုံးတိုးသောက်လိုက်သည်။
ညနေ အလုပ်မှပြန်ရောက်ရောက်ချင်း အိတ်ကို ဘုတ်ကနဲပစ်ချကာ အ၀တ်လဲလျှက် Jurong Lake Park ပန်းခြံထဲတွင် 3km ပြေးပါသည်။ မပြေးတာကြာပြီ။ ယခု ဆီးချိုများတက်ပြီးရင်း တက်နေသဖြင့် ပြေးဦးမှတော်မည် ဆိုကာ ပြေးခြင်းဖြစ်ပါ၏။ နေ့ခင်းကလည်း ဆေးသောက်ထားသည်။ ဘီစကစ် သုံးလေးချပ်မှလွဲ၍ တစ်နေ့ခင်းလုံး လည်း ဘာမှမစား။ ယခု တော်တော်ဆာနေပြီ ဖြစ်သော်လည်း မပြေးခင် ဘာမှမစားချင်သေး၍ ၂၅ မိနစ်ခန့် ပြေးလိုက်ခြင်း ဖြစ်ပါသည်။
ပြေးရာမှ ပြန်အလာ ဆီးချိုဆေးသောက်အပြီး ဗိုက်အရမ်းဆာနေသည်နှင့် နွားနို့တစ်ဖန်ခွက် သောက်လိုက် ပါသည်။ သို့သော် ဆီးချိုကျချင်သည့် လက္ခဏာများပြလာသဖြင့် ရှောက်ချိုသီး တစ်ခြမ်းလည်း စားလိုက်ပါသေးသည်။ ထို့နောက် ၀က်ခေါင်းစွပ်ပြုတ် လုပ်သောက်သည်။ ready made ခေါက်ဆွဲတစ်ခွက်လည်း စားလိုက်ပါသေး၏။ စားတာ နည်းနည်းများသွားသည်။
အဲ - စားလည်းပြီးရော အထက်တွင် ဖော်ပြခဲ့သလို ဒုက္ခ အလွန်များပါတော့သည်။


၃။ ဆီးချိုစဖြစ်ခြင်း (ရောဂါလက္ခဏာများ)

၂၀၀၆ ခုနှစ် မတ်လခန့်က ကျွန်တော် Marine Teknik တွင် ဒီဇိုင်နာအဖြစ် အလုပ်လုပ်ပါသည်။ ထိုအချိန်က ကျွန်တော် ဘာဖြစ်မှန်းမသိ။ လမ်းမလျှောက်နိုင်။ လှေခါးမတက်နိုင်။ လမ်းအနည်းငယ်မျှ လျှောက်လျှင်ပင် အလွန် ပင်ပန်းမောဟိုက်ကာ ခြေမသယ်ချင်၊ လက်မသယ်ချင် ဖြစ်နေပါသည်။ တော်သေး၏။ အလုပ်က စားပွဲတွင်ထိုင်ကာ တွက်ချက်၊ ပုံဆွဲနေရသဖြင့် ဘယ်မှ သိပ်မသွားရ။ သို့သော် အလုပ်သွားအလုပ်ပြန် ဘတ်စ်ကားမှတ်တိုင်နှင့် အိမ်၊ ရုံး တို့ကို သွားနေရတာပင် အလွန်ပင်ပန်းလှသည်။ လှေခါးလေးငါးထစ်မျှကိုပင် မနည်းအားယူပြီး တက်နေရ၏။
ထိုအကြောင်း မမဆီဖုံးဆက်တော့ သူက ပျားရည်တွေ ပို့ပေး။ စတုမဓူတွေစား နှင့် ဘယ်လိုမှ အားတက် မလာပါ။ ပိုဆိုးသည်က ညဘက်တွင် ခြေလက်များ မခံမရပ်နိုင်အောင် ပူခြင်းဖြစ်ပါသည်။ အဘယ်မျှ ပူသနည်းဟူမူ မအိပ်နိုင်၍ ရေခွက်ကို နံဘေးတွင်ထားကာ ခြေခုံနှင့် လက်ဖမိုးများကို အ၀တ်ရေစိုဖြင့်မပြတ် အုပ်ထားပေးရပါသည်။ ကြာသော် ရေခွက်ထဲမှ ရေများပင် ပူလာသည်ဟူ၏။ ထို့ပြင် နံနက်အိပ်ယာထပြီး အပြင်ကိုကြည့်လိုက်လျှင် ရှုခင်းများမှာ ရေဆေးပန်းချီတစ်ချပ်ကို ကြည့်ရသည့်နှယ် ဖြစ်ပါ၏။ တိုက်တာများ သစ်ပင်များမှာ အရောင်နှင့် ခပ်ဝါးဝါး သာ မြင်ရပါသည်။ မိမိရှေ့ မလှမ်းမကမ်းတွင် ထိုင်နေသည့်သူကိုပင်လျှင် မျက်နှာကိုသေသေချာချာ မမြင်ရပါ။ မျက်မှန် တပ်လျှင်မူ စာဖတ်၍ရပါသည်။
ဤသို့ဖြစ်ပြီး တစ်ညတွင်မူ ခေါင်းများဂျွမ်းသဒ္ဓါလန်အောင်မူးကာ ချွေးစေးများပြန်လျှက် ဘယ်လိုမှနေလို့မရ သည့်အဆုံး ဆေးခန်းသို့သွားပါသည်။ Jurong Point မှ Acumed ဆေးခန်း ဖြစ်ပါ၏။ အရေးထဲမှ လူနာများ များနေသဖြင့် တစ်နာရီနီးပါးစောင့်ရသည်။
ကိုယ့်အလှည့်ရောက်သော် ဆရာဝန်ကို ကိုယ်ခံစားရသည်များ ပြောပြလိုက်၏။ ဆရာဝန်က ကျွန်တော့်ကို ရှေ့တည့်တည့် လမ်းလျှောက်ခိုင်းသည်။ လက်နှစ်ဖက်ကို ရှေ့သို့ဆန့်တန်းထားခိုင်းသည်။ ထို့နောက်တော့ မင်းဖြစ်နေ တာ ဆီးချိုဖြစ်မယ် ဆိုကာ ဆီးချိုတိုင်းကြည့်တော့ မျက်လုံးပြူးစရာ တွေ့ရပါ၏။ ပုံမှန်လူကောင်းတစ်ဦးအနေနှင့် ဆီးချို ပမာဏမှာ 5.5 mmoL/L သို့မဟုတ် 99 mg/dL သာဖြစ်ရပါမည်။ ယခု ကျွန်တော့်သွေးကို ဖောက်စစ်လိုက်တော့ ဆီးချိုမီတာက 33 mmoL/L ပြနေပါသည်။ အဆမတန်တက်နေခြင်း ဖြစ်၏။
ဆရာဝန်က အချိုလုံးဝမစားဘို့၊ ထမင်းလျှော့စားဘို့၊ လေ့ကျင့်ခန်းလုပ်ဘို့၊ whole grain cereal များစားဘို့ စသည်ဖြင့် ပြောလိုက်ပါသည်။ သည်တော့မှ ကျွန်တော်က အားနည်းသည်ထင်လို့ ပျားရည်တွေသောက်လေ ဆီးချို တွေမတရားတက်လေ ဖြစ်နေမှန်း သိရပါတော့သည်။ တော်ပါသေးရဲ့။ ဘာမှ မဖြစ်ပေလို့။ ဒီလို ဆီးချိုအရမ်းတက်ရင် coma ရတတ်တယ် ဟု အန်ကယ် ဦးအုံးကျော်က ပြောပါသည်။ သူက ၀ါရင့်ဆီးချိုသမားကြီးဖြစ်၏။
သည့်နောက်တော့ ကျွန်တော် အသီးအရွက်စွပ်ပြုတ်သောက်ခြင်း၊ ထမင်းလျှော့စားခြင်း၊ အချိုရှောင်ခြင်းတို့ လုပ်ခဲ့ရာ ပုံမှန်ပြန်ဖြစ်သွားပါသည်။ သည်မှစ၍ ဆီးချိုဒုက္ခသည်များအသင်းတွင် အသင်းဝင်တစ်ဦးတိုးပွားသွားပါ တော့သည်။

၎။ ဆီးချိုသမားတစ်ဦး၏ ဒုက္ခ

ဆီးချိုဖြစ်ပြီဆိုသည်နှင့် ဆီးချိုနှင့်ပတ်သက်သည့် စာအုပ်စာတမ်းများ၊ အင်တာနက်စာမျက်နှာများကို ၀င်ရောက်မွှေနှောက်ဖတ်ရှု။ http://www.diabeticdietsecrets.com တွင် mail list တင်ထားရာ သူတို့ကလည်း နေ့တိုင်းမပြတ် အီးမေးလ်များပို့ပေးပါ၏။ အစပိုင်းတော့ နေ့တိုင်းလိုလို ဖတ်ဖြစ်သေး၏။ သိတယ်မို့လား။ လူဆိုတာ ကြာတော့ ရိုးသွား၊ သည်တော့ သုံးလေးရက်တစ်ခါမှ ဖတ်ဖြစ်။ ယခုတော့ ဖတ်တောင် မဖတ်ဖြစ်တော့။ ၀ါရင့်၊ သမ္ဘာရင့်ဆီးချိုသမားကြီးများထံ ချဉ်းကပ်မေးမြန်း။ သည်ကြားထဲ သာဂဒိုး၏ နွယ်မြက်သစ်ပင်ဆေးဘက်ဝင် စာအုပ်များသည်လည်း လူကြားထဲ ခေတ်စားနေချိန် (အချို့ဆို သည်စာအုပ်များ ကြောင့် စာအုပ်ထဲပါ စူလာနဖာပင်ကို နှုတ်ရောင်းတာနှင့် ဆန်အိုးကို ဆန်မပြတ်အောင် ဖြည့်တင်းနိုင်သည် ဆို၏။) ဖြစ်ရာ စူလာနဖာဆိုတာ ဘယ်ပုံရှိသလဲဟု လိုက်လံမေးမြန်း၊ မြက်ခင်းမှန်သမျှ ရှောက်ရှာ။ စူလာနဖာတွေ့သည်နှင့် နှုတ်ပြီး ပြုတ်သောက်။
လုံးတီးဆန်ကပိုကောင်းတယ် ဆိုသဖြင့် လုံးတီးဆန်ဝယ်စား။ (စင်ကာပူမှာတော့ဖြင့် လုံးတီးဆန်က ပို ဈေးကောင်းနေပါလား ကိုယ့်ဆရာ၊ ကျွန်တော်တို့ဆီမှာ ထောင်သားတွေကိုကျွေးတာ ဆိုလား။ ဒါဖြင့် ဒို့ဆီက ထောင် သားတွေ တန်ဘိုးကြီးတဲ့ဆန်စားနေရတယ်တောင် ဆိုရမလို။)။ ကွေကာအုတ်ကြမ်းကိုကြိုကာ ဆားခပ်သောက်။ အသားပြုတ်ပြီး ဟင်းရွက်နှင့် (ထမင်းမစားဘဲ) စွပ်ပြုတ်လုပ်သောက်။ လဖက်ရည် - သွား။ ကော်ဖီ - အနားမကပ်နှင့်။ ဘီယာ (အဲလေ အရင်ကလည်း သောက်လေ့သောက်ထ သိပ်မရှိပါဘူး။ ကိုယ့်ဟာကိုယ်ဆို ပိုက်ဆံကုန်မှာစိုးလို့ သူများတိုက်မှ တစ်ခါတစ်လေသောက်တာပါ၊ အဟိ။) နံပြတ်။ ကိုကာကိုလာ ဖြစ်ဖြစ်၊ မ’ လာ ဖြစ်ဖြစ် စိတ်မ၀င်စား။ ယခင်က မကြာခဏ စားဖြစ်သော လမ်းဘေးတွင် လှည်းကလေးနှင့်ရောင်းသည့် တစ်ကျပ်တန် ရေခဲမုန့်ကို သေခန်းပြတ်။
ဘယ်လောက်ဒုက္ခများသနည်းဟူမူ လဖက်ရည်ဆိုင်ထဲ သူငယ်ချင်းများနှင့် ၀င်သွားလျှင် ဘာမှာလို့ မှာရမှန်းတောင် မသိ။ နောက်ဆုံး Chinese Tea ခေါ် တစ်ခွက် ပြား ၆၀ ပေးရသော ရေနွေးကြမ်းသာ မှာသောက် လိုက်ရတော့၏။ စားစရာဆိုလို့ နထ္ထိ။ NTUC ထဲဝင်သွားလျှင်ရော။ ဟင်းသီးဟင်းရွက် (ဖရုံသီး၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ ကလောဥ မပါ)၊ အသားငါးကလွဲလျှင် တခြားစားစရာ ဘာမှ ၀ယ်စရာမရှိ။ ကျွန်တော်က အသီး(fruit) စားရတာ သဘောကျသည်။ ယခင်က MRT ပေါ်တွေ့တွေ့နေရသည့် ကြော်ငြာဖြစ်သော Take an apple a day, keep the doctor away. ဆိုသည်ကို သဘောကျကာ ထမင်းစားပြီးတိုင်း ပန်းသီးတစ်လုံး အချိုတည်းနေကျ ဖြစ်၏။ ယခုတော့ ပန်းသီး တစ်လုံး မရတော့။ တစ်ခြမ်းတောင် ဆီးချိုတက်လှချည့် ဆိုသဖြင့် တစ်စိတ်ကိုသာ အာသာပြေ စားရတော့သည်။ စပျစ်သီးလား - ဆောရီး။ ဖရဲသီး - ဟင့်အင်း။ သင်္ဘောသီး - မတည့်ဘူး။ ငှက်ပျောသီး - ဆီးချိုအရမ်းတက်တယ်။
ကော်ဖီမစ် - သောက်လို့မရဘူး။ ရယ်ဒီမိတ်ကွေကာအုတ် - သကြားပါလို့။ Milo - ချိုတယ်လေ။ ပေါင်မုံ့ - Whole meal ကို ၀ယ်ပါကွယ်။ တယ်လေ၊ ငါ၊ စိတ်တိုလာပြီ။ ဟုတ်ပါ့။ ခုတော့ ထမင်းကို လုံးတီးဆန်တစ်ဝက်၊ ဆန် ချောတစ်ဝက်ရောကာ။ တစ်ခါစားလျှင် နို့ဆီဗူးတစ်ဝက် မပြည့်တတ်ပြည့်တတ်။ (ထမင်းအိုးထဲပါသည့် ဆန်ချင်ခွက်မှာ နို့ဆီဗူး တစ်ဝက်နှင့် ညီပါသည်။ ထိုခွက်နှင့် မပြည့်တတ်ပြည့်တတ်။) တစ်ခါတလေ ညစာကို ထမင်းမစားဘဲ စွပ်ပြုတ် သာသောက်လိုက်တော့သည်။

မနှစ်ကတော့ သုတပဒေသာထဲမှာ အိန္ဒိယက ဆီးချိုအမြစ်ဖြတ်တဲ့ဆေး နောက်နှစ်ဆို ဈေးကွက်တင်နိုင်ပြီ ဟု ဖတ်လိုက်ရသည်။ ခုထိတော့ ဘာသတင်းမှ မကြားရသေး။ ခပ်သွက်သွက်ကလေးလုပ်ကြပါဗျာတို့။ ဘယ်လောက် ဈေးကြီးကြီး ၀ယ်သောက်ပြစေ။ နေ့တိုင်း မနက်ပြန် ညပြန် ဆေးသောက်နေရတာကြီး ငြီးငွေ့လှပေါ့။ နောက်ပြီး အမြဲတမ်း ဆေးခန်းမှာ ဘွတ်ကင်ယူထားရတယ်။ ဆေးခန်းနဲ့ ထာဝရမိတ်ဆွေကြီးကို ဖြစ်လို့။ ခုတစ်ခါပြ၊ ပြီးတာနဲ့ နောက်တစ်ခါသွားရမဲ့ရက်ကို ဘွတ်ကင်ယူ။ နောက်တစ်ခါသွားပြ၊ နောက်တစ်ခါ ပြန်ပြရမဲ့ရက်ကို ဘွတ်ကင်ထပ်ယူ။ ဟူး - မောပါ့။

ဒါပါပဲခင်ဗျား။ မိတ်ဆွေများ။
ဆီးမချိုချင်ကြပါနှင့်။ ခုထက်ထိတော့ အမြစ်ပြတ်အောင် ကုနိုင်တဲ့ဆေး မပေါ်သေးပါ။ ဖြစ်မိပြီဆို မိန်းမယူမိတာထက် ဆိုးသေး။ မိန်းမကမှ အမျိုးမျိုးအကြောင်းပြပြီး ယောက္ခမအိမ် ပြန်ပို့ထားလို့ရသေး(ခဏပေါ့နော)။ ဆီးချိုကိုတော့ ဘယ်ယောက္ခမအိမ်မှ သွားပို့ထားလို့မရ။ အရိပ်ပမာ မခွဲခွာ။

သိချင်သူများအတွက် နည်းနည်း ဗဟုသုတ ပြောပြရဦးမယ်။

ဆီးချိုဆိုတာ ဘာလဲတဲ့
လူ့ခန္ဓာကိုယ် သရက်ရွက်က ထုတ်ပေးနေကျ အင်ဆူလင်ကို အပြည့်အ၀ မထုတ်ပေးနိုင်တော့လို့ဖြစ်စေ၊ လုံးဝ မထုတ် နိုင်တော့လို့ ဖြစ်စေ၊ ထုတ်လိုက်တဲ့ အင်ဆူလင် အာနိသင် မပြည့်ဝတော့တာကြောင့်ဖြစ်စေ သွေးချိုဖြစ်ပါတော့၏။ အင်ဆူလင်သည် စားလိုက်သမျှအစာထဲရှိ ဂလူးကို့စ်၊ ဖရူးတို့စ် စသော သကြားဓါတ်များကို အင်အားအဖြစ် ပြောင်းပေး၏။ အင်ဆူလင်က အလုပ်မလုပ်တော့ ထို ဂလူးကို့စ် စသော သကြားဓါတ်များသည် အားမဖြစ်တော့ဘဲ သကြားအဖြစ်သာ ဆက်ရှိနေခြင်းကို သွေးချိုသည်ဟု ခေါ်သည်။ ထိုချိုနေသော သွေးမှ သကြားဓါတ်အချို့ကို ကျောက်ကပ်က နိုင်သလောက် ချက်ပေးပါ၏။ သူမနိုင်တော့သည့်အခါတွင်မူ ဆီးပါချိုလာကာ ဆီးချိုရောဂါ ဖြစ်ပါတော့သတည်း။

ဆီးချိုနှစ်မျိုး
ဆီးချိုကား မျိုးရိုးလိုက်တတ်၏။ မျိုးရိုးအလိုက်ဖြစ်သော ဆီးချိုကို ကု၍မရ။ ၎င်းကို Diabetic Type A ဟု ခေါ်သည်။ အများအားဖြင့် ဆေးသောက်၍ မရ။ အင်ဆူလင် ထိုးရသည်။ ဆီးချိုအနုအရင့်ကို လိုက်၍ အင်ဆူလင် ဘယ်နှယူနစ် စသဖြင့် ထိုးရ၏။
မျိုးရိုးမဟုတ်ဘဲ အကြောင်းကြောင်းကြောင့်ဖြစ်လာသော ကျွန်တော့်လို ဆီးချိုးသမားကျတော့ Diabetic Type B ဟု ခေါ်၏။ သူကတော့ ကုလို့ရရန် မျှော်လင့်ချက်ကလေး ခပ်ရဲ့ရဲ့ ရှိသေးသည်။ ကောင်းတာကတော့ အစားအသောက်နှင့်ထိန်း။ Control by meal. ဒါပေသိ။ အင်မတန်ခက်တာကလား။ လူဆိုတာမျိုးဟာ အချိုကြိုက် တတ်လေတော့။ မလွယ်ပါချေ။ သည်တော့ ဆေးနှင့်ထိန်း။ ဆေးခန်းပုံမှန်ပြ။

ဘာတွေမတည့်ဘူးလဲ
အဓိကရန်သူကား ကာဘိုဟိုက်ဒြိတ် ဖြစ်၏။ မိတ်ဆွေတို့သိပြီးဖြစ်သည့်အတိုင်း ကာဘိုဟိုက်ဒြိတ် ဆိုသည်မှာ ခင်ဗျားတို့ ကျွန်တော်တို့ တစ်နေ့သုံးထပ်စားနေသော ထမင်း (ပေါင်မုံ့) ဖြစ်ပါ၏။ (ထမင်းနဲ့မတည့် ဆိုမှတော့ သေပြီဆရာ။) ဗီတာမင်နှင့် ပရိုတိန်း အဓိကထား စားပေး။ (ဗမာပြည်က လူတွေနဲ့ဆိုရင်တော့ ရိုက်ပေါက်။ ဟဲ့အကောင်၊ ပရိုတိန်း၊ ပရိုတိန်းနဲ့ လျှောက်လျှောက်ပြောမနေနဲ့။ ၀က်သားတစ်ပိဿာ ဘယ်လောက်များမှတ်လို့လဲ။) ဒါဆို ငါး စားပေါ့ဗျာ။ (အောင်မယ်၊ လာချေသေး၊ အကြောင်းသိရအောင် ရှင် တစ်ခါလောက် ဈေးသွားကြည့်စမ်းပါ။)
ချိုတာမှန်သမျှ အကုန်ရှောင်ပါ။ (ချိုပြုံးဓါတ်ပုံတောင် မချိတ်ပါနဲ့။) စေးကပ်တဲ့ ဥပမာ၊ အာလူး၊ မျောက်ဥ၊ ကောက်ညှင်း မတည့်ပါ။ သကြား၊ နို့ဆီများနှင့် ဖျော်ထားသည့် လဖက်ရည်၊ ကော်ဖီ မတည့်ပါ။ အချိုရည်အားလုံး မတည့်ပါ။ အရက်၊ ဘီယာ မတည့်ပါ။ ဆေးလိပ်- ကြိုက်တတ်လျှင်တောင် ဖြတ်ဖြစ်အောင် ဖြတ်လိုက်ပါ။
သစ်သီး (fruit) အားလုံးလိုလို မတည့်ပါ (ပြီးပါလေရော။) ကျွန်တော်ကတော့ သခွားသီးခပ်လတ်လတ်တွေ ၀ယ်၊ ရေဆေး၊ ဆားနဲ့တို့ပြီး ဒီအတိုင်းကိုက်စားလိုက်တယ်။ (ဆားနဲ့တို့စားဗျ၊ ဒီအတိုင်းစားရင် သိပ်အရသာမရှိဘူး)။

တည့်တာ
ကိုက်လန်၊ မုန်ညင်း၊ မုန်လာ၊ ကျောက်ဖရုံသီး၊ ငြုပ်သီး၊ ပဲသီး၊ သခွားသီး၊ ကြက်ဟင်းခါးသီး။ (ကိုက်သာ ကြည့်လိုက်ပါဗျာ၊ မချိုဘူးဆို အကုန်တည့်တယ်။)
အသား (နီတဲ့အသားဆို ပိုတည့်တယ် ဆိုပဲ။)၊ ဥ၊ ငါး၊ ပုဇွန်(ကြိုက်သလောက်စား)
ဆန်ကြမ်း (မနန်းခမ်းမြစိန်ကတော့ ဘာစမာတီဆန် စားခိုင်းတယ်)။ ဂျုံကြမ်း၊ ဂျုံကြမ်းနဲ့လုပ်ထားတဲ့ မုံ့ (ပေါင်မုံ့ကြမ်း)။

နောက်ဆက်တွဲ ရောဂါများ
ဆီးချိုကား ကြောက်ဖို့ကောင်း၏။ သူတစ်ယောက်ထဲ မနေတတ်။ ကြာလာသောအခါ ပျင်းလှသည်ဟု သွေးတိုး၊ နှလုံး၊ ကျောက်ကပ် စသော အပေါင်းအပါများကိုပါ ခေါ်ယူတတ်ချေသေးသည်။ very complicated ဟု ပြောကြပါသည်။ ဆီးချိုတက်တာကြာလျှင် ကျောက်ကပ်ကို ဒုက္ခပေးနိုင်သည်။ မျက်လုံးကို ပြဿနာရှာသည်။ ခြေထောက်များကို မျက်စောင်းထိုးသည်။ ကြပ်ကြပ်သတိထားကြပါ။

အေးငြိမ်း
၂-၆-၂၀၁၀