Monday, July 30, 2018

ISO 45001 အကြောင်း သိကောင်းစရာ

(၁) ISO ဆိုတာ ဘာလဲ

ISO45001 အကြောင်းမပြောခင် ထိုစံနှုန်းကို ရေးဆွဲအတည်ပြုပြဋ္ဌာန်းခဲ့သည့် ISO အဖွဲ့ကြီးအကြောင်း အမြည်းမျှ ပြောလိုပါသည်။

ISO (International Organization for Standardization) အဖွဲ့သည် လွတ်လပ်သော၊ အစိုးရမဟုတ်သည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်၏။ အဖွဲ့ဝင် ၁၆၁ နိုင်ငံရှိသည်။ ထိုအဖွဲ့ကြီးက ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများအတွက် ပြဿနာ ဖြေရှင်းနည်းများ ပံ့ပိုးပေးရန် နှင့် တီထွင်ကြံဆမှုများအတွက် ပံ့ပိုးမှုများပေးရန် ဈေးကွက်နှင့် ကိုက်ညီသော၊ ကောက်ယူရရှိသော အချက်အလက်များပေါ် အခြေခံထားသော၊ လိုက်နာသင့်သည့် အပြည်ပြည်ဆိုင်ရာစံနှုန်းများကို အဖွဲ့ဝင်နိုင်ငံများမှ ကျွမ်းကျင်သူများ၏အကူအညီဖြင့် ရေးဆွဲပြဋ္ဌာန်းပေးသည်။

(ဤနေရာတွင် voluntary ကို လိုက်နာသင့်သည့် ဟု ဘာသာပြန်ထားပါသည်။ Voluntary ဆိုသည်မှာ လူတို့အကျိုးစီးပွားအတွက် လိုက်နာသင့်သော စည်းမျဉ်းများသာဖြစ်ပြီး ဥပဒေဖြင့်ပြဋ္ဌာန်းထားသည့် စည်းမျဉ်းစည်းကမ်းများကဲ့သို့ မလိုက်နာမနေရ မဟုတ်။ မလိုက်နာသည့်တိုင် ထိုသူ၊ ထိုအဖွဲ့အစည်းကို အရေးယူလို့မရပါ။ ဥပမာပြရလျှင် ISO45001 သည် အလုပ်လုပ်နေသူများ၏ အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသဖြင့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေနှင့် လိုက်နာ ကျင့်သုံးရန် သင့်တော်လှ၏။ သို့သော် ISO45001 ကို မလိုက်နာဟု ဆိုကာ အစိုးရက ထိုအဖွဲ့အစည်း/ကုမ္ပဏီကို အရေးယူ၍ မရပါ။ ဤကား စကားချပ်)

အပြည်ပြည်ဆိုင်ရာစံနှုန်းများက ထုတ်ကုန်များ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် စနစ်များ၏ အရည်အသွေး၊ အန္တရာယ်ကင်းရေးနှင့် စွမ်းရည်တို့ကို ပိုမိုကောင်းမွန်လာစေသည်။ ယခုအခါ ISO က အပြည်ပြည်ဆိုင်ရာစံနှုန်းနှင့် ၎င်းတို့နှင့်ဆက်နွယ်နေသည့် စာရွက်စာတမ်းပေါင်း ၂၂၂၀၉ ကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်၏။

ယခုတော့ ISO အကြောင်း ဤမျှနှင့်တော်ပါပြီ။ နောင်အလျဉ်းသင့်လျှင် ဆောင်းပါးတစ်ပုဒ် သီးသန့်ထပ်ရေးပါမည်။


(၂) ISO45001 ဖြစ်ပေါ်လာပုံ


            ILO စစ်တမ်းများအရ ကမ္ဘာပေါ်တွင် တစ်ရက်လျှင် လူ ၇၆၀၀ ကျော်၊ တစ်နှစ်လျှင် ၂.၇၈ သန်းတို့ မတော်တဆမှုကြောင့် သေဆုံးနေရသည်။ ဤအရေအတွက်ကို နည်းလှသည်ဟု မဆိုနိုင်။
            နေရာဒေသအလိုက် ဖော်ပြရပါမူ အောက်ပါအတိုင်း ဖြစ်၏။


ဤကဲ့သို့ လုပ်ငန်းခွင်မတော်တဆမှုများကြောင့် သေဆုံးနေရမှုများကို လျှော့ချရန် ISO45001 ကို ရေးဆွဲပါသည်။   ရေးဆွဲသောအဖွဲ့မှာ ISO/PC283 ဖြစ်၏။ PC မှာ Project Committee ဖြစ်ပါသည်။ ထိုကော်မတီ၏ အဓိကတာဝန်မှာ ISO45001 စံနှုန်းတစ်ရပ်ထွက်ပေါ်လာရေး လုပ်ဆောင်ရန်ဖြစ်၏။ စံနှုန်းမူကြမ်းရေးဆွဲရာတွင် နိုင်ငံပေါင်း (၇၀) မှ ပညာရှင်များ ပူးပေါင်းပါဝင်ခဲ့ကြသည်။
            ISO45001 ကိုရေးဆွဲရန် ၂၀၁၃ အောက်တိုဘာ၊ ၂၅ ရက်တွင် တင်ပြခဲ့၏။ ၂၀၁၄ ဇန္နဝါရီလတွင် စံနှုန်းမူကြမ်း ထွက်လာပြီး ကြေငြာခဲ့ရာ သဘောထား မှတ်ချက်ပေါင်း ၁၃၀၀ လက်ခံရရှိခဲ့၏။ ထို့နောက် ဇူလိုင်လ၊ ၂၀၁၄ တွင် ကော်မတီ မူကြမ်း ထွက်ခဲ့သည်။ သို့သော် အတည်မပြုနိုင်ခဲ့ပါ။ ထိုမူကြမ်းအပေါ် မှတ်ချက်ပေါင်း ၂၅၀၀ ရရှိခဲ့၏။ ထို့နောက် ၂၀၁၅ မတ်လ တွင် ဒုတိယအကြိမ် ကော်မတီမူကြမ်း ထပ်ထွက်လာပြန်သည်။ မူကြမ်းအပေါ်သုံးသပ်ဝေဖန်ခြင်းကို ဇွန်လ ၂၀၁၅ တွင် ပိတ်ခဲ့ရာ မှတ်ချက်ပေါင်း ၂၅၀၀ ထပ်မံရရှိခဲ့ပြန်သည်။


            နောက်ဆုံးစံနှုန်းမူကြမ်း (DIS-Draft Internation Standard) ကို ၂၀၁၆ ဇန္နဝါရီလ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် ထိုစံနှုန်းမူကြမ်းကို၂၀၁၆၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ မေလ ၁၂ ရက်နေ့ထိ ဆန္ဒခံယူခဲ့၏။ ၂၀၁၇ ဇန္နဝါရီလတွင် ထို နောက်ဆုံးစံနှုန်းကို ပုံနှိပ်ရန် ရည်မှန်းခဲ့၏။
            နောက်ဆုံးအတည်ပြုပြီး ISO45001 ကို မတ်လ ၁၂ ရက်၊ ၂၀၁၈ တွင် ပုံနှိပ်ခဲ့၏။

(၃) အမျိုးသားစံနှုန်းအဖြစ် လက်ခံကျင့်သုံးခြင်း

            ISO45001 သည် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုသည့် ကမ္ဘာ့ပထမဆုံး လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး စံနှုန်းဖြစ်၏။ ISO45001 ကို နိုင်ငံအတော်များများက ၎င်းတို့၏ အမျိုးသားစံနှုန်းဖြစ် လက်ခံကျင့်သုံးကြရာ ထိုနိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်၏။
            အယ်လ်ဘေးနီးယား၊ အာဂျင်တီးနား၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဘရာဇီးလ်၊ ဘူလ်ဂေးရီးယား၊ ချီလီ၊ ကော့စ်တာရီကာ၊ ခရိုအေးရှား၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ဂျာမဏီ၊ အိုင်ယာလန်၊ အီတလီ၊ နယ်သာလန်၊ နော်ဝေ၊ ရိုမေးနီးယား၊ ဆာဗီးယား၊ ဆလိုဗေးနီးယား၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ယူကေ၊ အုရုဂွေး၊ သြစတေးလျား။
            ယခုစံနှုန်းကို အရွယ်အစားမရွေး၊ လုပ်ငန်းသဘာဝမရွေး မည်သည့် ကုမ္ပဏီမဆို လိုက်နာကျင့်သုံးနိုင်ရန် ရည်ရွယ် ရေးဆွဲထား၏။ သေးငယ်ပြီးအန္တရာယ်နည်းသော လုပ်ငန်းများသည်လည်း ကြီးမားရှုပ်ထွေးပြီး အန္တရာယ်များသည့် လုပ်ငန်းကြီး များကဲ့သို့ပင် အညီအမျှလိုက်နာကျင့်သုံးနိုင်၏။ ဤစံနှုန်းက လိုက်နာကျင့်သုံးသော မည်သည့်အဖွဲ့အစည်းကို မဆို ချမှတ်ပြဋ္ဌာန်း ထားသော ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်စေရန် ကူညီပေးသည်။

(၄) ISO45001 ကိုလိုက်နာကျင့်သုံးခြင်းဖြင့် ရရှိလာမည့် အကျိုးအမြတ်များ

Ø  အလုပ်ကြောင့်ဖြစ်သည့် ဒဏ်ရာအနာတရဖြစ်မှုများ၊ ကျန်းမာရေးထိခိုက်မှုများ၊ သေဆုံးမှုများကို လျှော့ချနိုင်ခြင်း
Ø  လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး အန္တရာယ်များကို ဖျောက်ဖျက်နိုင်ခြင်း သို့မဟုတ် အနည်းဆုံးသို့ လျှော့ချနိုင်ခြင်း
Ø  လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး လုပ်ငန်းများနှင့် ထိရောက်မှုကို တိုးတက်လာစေခြင်း
Ø  ပံ့ပိုးမှုကွန်ရက် လိုအပ်ချက်များနှင့် ကိုက်ညီစေခြင်း နှင့် ကုမ္ပဏီ၏တာဝန်ယူမှုကို ပြသနိုင်ခြင်း
Ø  အမှတ်တံဆိပ်၏ ဂုဏ်သိက္ခာ ကာကွယ်နိုင်ခြင်း
Ø  ဝန်ထမ်းများအား အကြံပြုရန်နှင့် ပါဝင်ဆောင်ရွက်နိုင်ရန် စေ့စပ်ပေးခြင်း၊ အားပေးအားမြှောက်ပြုခြင်း
Ø  လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး အန္တရာယ်များကိုပိုမို သတိပြုမိလာစေခြင်း
Ø  သင့်တော်သည့် အရေးယူဆောင်ရွက်မှုများပြုခြင်းဖြင့် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး ဆောင်ရွက်ချက်များကို သုံးသပ်ခြင်းနှင့် တိုးတက်စေရန်ကြံဆောင်ခြင်း
Ø  လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေးအရေးကိစ္စများတွင် လုပ်သားများတက်ကြွစွာပါဝင်လာစေရန် သေချာစေခြင်း

တိုက်ရိုက်အကျိုးအမြတ်

Ø  ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများကို လိုက်နာနိုင်စွမ်း ပိုမိုမြင့်မားလာခြင်း
Ø  မတော်တဆမှုကြောင့် ကုန်ကျရသော စရိတ်အားလုံးကို လျှော့ချနိုင်ခြင်း
Ø  လုပ်ငန်းဆောင်ရွက်ရာ၌ အနှောင့်အယှက်များကြောင့် ကုန်ကျစရိတ်များနှင့် နှောင့်နှေးကြန့်ကြာမှုများကို လျှော့ချနိုင်ခြင်း
Ø  အာမခံအတွက် ပေးရသည့် ငွေကြေးပမာဏကို လျှော့ချနိုင်ခြင်း
Ø  အလုပ်ဆင်းရန်ပျက်ကွက်မှုများနှင့် လုပ်သားများအတွက် ကုန်ကျစရိတ်ကို လျှော့ချနိုင်ခြင်း
Ø  အပြည်ပြည်ဆိုင်ရာတန်းဝင်သွားပြီဟု အသိအမှတ်ပြုခံရခြင်း
(၅) ISO45001 လက်မှတ်ရအောင် ကြိုးစားပုံအဆင့်ဆင့်

အဆင့် (၁)

ဤပထမဦးဆုံးဆန်းစစ်မှုက ISO45001 တွင်ပြဆိုထားသည့် မရှိမဖြစ်လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ ရှာဖွေစစ်ဆေးပေးသည်။ အကယ်၍ လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေးစနစ် (နောက်ပိုင်းတွင် လအကစ ဟု အတိုကောက် သုံးနှုန်းပါမည်) လိုအပ်ချက်များနှင့်ကိုက်ညီပါက အဆင့် (၂) ကို ဆက်သွားနိုင်သည်။

အဆင့် (၂)

ဒုတိယဆန်းစစ်မှုက စနစ်၏ ထိရောက်မှုကို ဆန်းစစ်သည်။ ထို့ပြင် စီမံခန့်ခွဲမှုစနစ်ကို လက်တွေ့အကောင်အထည်ဖော်မဖော်၊ တကယ် လုပ်ဆောင်မှုရှိမရှိ အတည်ပြုပေးရန် ရှာဖွေသည်။

ထောက်ခံချက်ပေးခြင်းနှင့် လက်မှတ်ထုတ်ပေးခြင်း

ဤအဆင့်တွင် အဆင့် (၁) နှင့် (၂) စစ်ဆေးစဉ် တင်ပြခဲ့သော ရှာဖွေတွေ့ရှိချက်များကို ပြန်လည်ပြင်ဆင်မှုများပြုလုပ်ခြင်းရှိမရှိ သုံးသပ်သည်။ လက်မှတ်ထုတ်ပေးရန် ထောက်ခံချက်ပေးလိုက ပေးနိုင်သည်။

လက်မှတ်ကို ပြန်လည်သုံးသပ်ခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း

လွတ်လပ်ပြီး ဘက်လိုက်မှုမရှိသော စစ်ဆေးရေးအဖွဲ့က အဖွဲ့အစည်း၏ ဖိုင်များကို ပြန်လည်သုံးသပ်ပြီး လက်မှတ်ထုတ်ပေး/မပေး ဆုံးဖြတ်ချက်ချသည်။

လက်မှတ်ရရှိခြင်း

လျှောက်ထားသူကို လက်မှတ်ထုတ်ပေးရန် စစ်ဆေးချက်အောင်မြင်ကြောင်း အကြောင်းကြားပြီး လက်မှတ်ထုတ်ပေးသည်။

(၆) ISO45001 ကို လက်တွေ့အသုံးချခြင်း

ဤစနစ်ကို လက်တွေ့အသုံးချရာတွင် ထိရောက်စေရန် နှင့် ရည်ရွယ်ထားသည့်ရလဒ်များ ရရှိနိုင်စေမည့် သော့ချက်များ

က) ထိပ်ပိုင်းစီမံခန့်ခွဲရေးအဖွဲ့၏ ဦးဆောင်မှု၊ ကတိကဝတ်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများ
ခ)  ရည်ရွယ်ထားသည့် လအကစ စနစ်ရလဒ်များကို ပံ့ပိုးပေးမည့် အလေ့အထကောင်းများကို တည်ဆောက်ခြင်း၊ စံပြပြုလုပ်ပြခြင်း နှင့် မြှင့်တင်ခြင်း
ဂ) ဆက်သွယ်ခြင်း (သတင်းအချက်အလက်များ ဖြန့်ဝေခြင်း)
ဃ) အလုပ်သမားများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များသည် ၎င်းတို့ရောက်ရာနေရာမှ ပူးပေါင်းပါဝင်မှုနှင့် အကြံပြုမှု
င) လိုအပ်သည့်ရင်းမြစ်များကို စနစ်တကျနေရာချထားမှု နှင့် ထိန်းသိမ်းထားမှု
စ) မဟာဗျူဟာရည်ရွယ်ချက် နှင့် အဖွဲ့အစည်း၏ လားရာတို့နှင့် ကိုက်ညီသော လအကစမူဝါဒများ
ဆ) အန္တရာယ်များကို ထောက်ပြခြင်း၊ လအကအန္တရာယ်များကို ထိန်းချုပ်ခြင်းနှင့် အခွင့်အလမ်းများကို အသုံးချခြင်းတို့အတွက် ထိရောက်သောလုပ်ငန်းစဉ်
ဇ) လအကဆောင်ရွက်ချက်များတိုးတက်စေရန် လအကစ စနစ်၏ လုပ်ဆောင်ချက်များကို စဉ်ဆက်မပြတ် စောင့်ကြည့်နေ၊  ဆန်းစစ်နေခြင်း
ဈ) လအကစ စနစ်ကို အဖွဲ့အစည်း၏ စီးပွားရေးလုပ်ငန်းနှင့် ပေါင်းစပ်ခြင်း
ည) လအကမူဝါဒနှင့်ကိုက်ညီသည့် လအကဆိုင်ရာရည်မှန်းချက်များ၊ အဖွဲ့အစည်းအတွက် အန္တရာယ်များ၊ လအကဆိုင်ရာ အခွင့်အလမ်းများနှင့် ဆိုးကျိုးဖြစ်နိုင်ချေ (risk) တို့ကို ထည့်သွင်းစဉ်းစားခြင်း
ဋ) ဥပဒေ၊ နည်းဥပဒေ၊ အခြားလိုအပ်ချက်များနှင့် ကိုက်ညီစေခြင်း

အဖွဲ့အစည်း၏ လအကစစနစ်အောင်မြင်ဘို့တွင် အောက်ပါအချက်များပေါ် များစွာမူတည်နေသည်။

v  အဖွဲ့အစည်းဖွဲ့စည်းပုံ (ဥပမာ - လုပ်သားအရေးအတွက်၊ ကုမ္ပဏီအရွယ်အစား၊ ကုမ္ပဏီ၏လုပ်ငန်းအမျိုးအစားနှင့် သဘာဝ၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရေးဆိုင်ရာ အလေ့အထများ၊ ဥပဒေ၊ နည်းဥပဒေနှင့် အခြားလိုအပ်ချက်များ)
v  အဖွဲ့အစည်း၏ လအကစစနစ် နယ်ပယ်
v  အဖွဲ့အစည်း၏ လှုပ်ရှားမှုများ၊ ဆက်စပ်နေသည့် လအကဆိုင်ရာ ဆိုးကျိုးဖြစ်နိုင်ချေများ (risks)


(၇) စီမံ-လုပ်-စစ်-ပြင် စက်ဝိုင်း (Plan-Do-Check-Act cycle)


(၈) ISO 45001 ၏ ရည်မှန်းချက်

Ø  လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး ဆိုးကျိုးဖြစ်နိုင်ချေများနှင့် အခွင့်အလမ်းများကို စီမံခန့်ခွဲရာ၌ မူဘောင်တစ်ခု ပံ့ပိုးပေးရန်
Ø  အလုပ်သမားများအား အလုပ်နှင့်သက်ဆိုင်သည့် ဒဏ်ရာအနာတရဖြစ်မှုများနှင့် ကျန်းမာရေးထိခိုက်မှုများမှ အကာအကွယ်ပေးရန်
Ø  အန္တရာယ်ကင်းပြီး ကျန်းမာသည့် လုပ်ငန်းခွင်တစ်ခု ဖန်တီးပေးရန်
Ø  အန္တရာယ်များကို ဖယ်ရှားပစ်ရန်၊ ထိရောက်သော အကာအကွယ်၊ အတားအဆီးများဖြင့် လအကဆိုးကျိုးဖြစ်နိုင်ချေများကို လျှော့ချရန်။
Ø  လအကဆိုးကျိုးဖြစ်နိုင်ချေများကိုစီမံခန့်ခွဲရန်နှင့် လအကစွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်
Ø  တရားဥပဒေဆိုင်ရာနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်

(၉) ISO 45001 ဖွဲ့စည်းထားပုံ

အခန်း (၁)
နယ်ပယ်
အခန်း (၂)
ရည်ညွှန်း စံနှုန်းများ
အခန်း (၃)
ဝေါဟာရများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်
အခန်း (၄)
အဖွဲ့အစည်း ဖွဲ့စည်းပုံ
လိုအပ်ချက်များ
အခန်း (၅)
ခေါင်းဆောင်မှု
အခန်း (၆)
အစီအမံရေးဆွဲခြင်း
အခန်း (၇)
ပံ့ပိုးမှုပေးခြင်း
အခန်း (၈)
ဆောင်ရွက်ခြင်း
အခန်း (၉)
ဆောင်ရွက်ချက်များကို ဆန်းစစ်ခြင်း
အခန်း (၁၀)
တိုးတက်မှု
နောက်ဆက်တွဲ (က)
ဤအပြည်ပြည်ဆိုင်ရာစံနှုန်းကို မည်ကဲ့သို့ အသုံးပြုရမည်ဟု ညွှန်ကြားချက်

ဝေါဟာရအက္ခရာစဉ်

(၁၀) ISO 45001 အကျဉ်းချုပ်

(စာတစ်အုပ်လုံးဖတ်ရန် အချိန်မရသူများအတွက် ဤအကျဉ်းချုပ်ကို သိသာရုံမျှ ဖော်ပြထားခြင်း ဖြစ်ပါသည်။ အခန်း (၃) နှင့် နောက်ဆက်တွဲများ ချန်ခဲ့ပါသည်။ ဤကားစကားချပ်)

အခန်း (၁) နယ်ပယ်

Ø  လအကစစနစ်အတွက် လိုအပ်ချက်များကို သတ်မှတ်ပေးခြင်း
Ø  လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့်ကျန်းမာရေးတို့ တိုးတက်လာစေရန် လအကစ စနစ်ကို ချမှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်း၊ ထိန်းသိမ်းခြင်းတို့ ပြုလုပ်ရန် ဆန္ဒရှိသော မည်သည့်အဖွဲ့အစည်းအတွက်မဆို အသုံးချနိုင်ခြင်း
Ø  ၎င်း၏ လအကစ စနစ်က မျှော်မှန်းထားသည့် ရည်မှန်းချက်များရရှိရန် အဖွဲ့အစည်းကို အကူအညီပေးခြင်း
Ø  အလုပ်သမားများ၊ အခြားပတ်သက်နေသည့် အဖွဲ့အစည်းများ၏ ဆိုးကျိုးဖြစ်နိုင်ချေများမှလွဲ၍ ထုတ်ကုန်ပစ္စည်းများ၏ အန္တရာယ်ကင်းမှု၊ ဓနဥစ္စာတို့ ပျက်စီးဆုံးရှုံးမှု၊ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုစသည်တို့ကို ထည့်သွင်းမစဉ်းစားခြင်း
Ø  လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးစီမံခန့်ခွဲမှုစနစ် စနစ်တကျ တိုးတက်ကောင်းမွန်လာစေရေးအတွက် စံနှုန်းတစ်ခုလုံးကိုသော်လည်းကောင်း၊ အစိတ်အပိုင်း အလိုက်သော်လည်းကောင်း အသုံးပြုနိုင်ခြင်း

အခန်း (၂) ရည်ညွှန်းစံနှုန်းများ

ISO 45001 တွင် ရည်ညွှန်းစံနှုန်းမရှိပါ။ သို့တိုင် ဆက်ဖတ်လိုသူများအနေနှင့် Bibliography စာရင်းပါစာအုပ်များကို ဖတ်နိုင်ပါသည်။ စာအုပ်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Bibliography

[1] ISO 9000:2015, Quality management systems — Fundamentals and vocabulary
[2] ISO 9001, Quality management systems — Requirements
[3] ISO 14001, Environmental management systems — Requirements with guidance for use
[4] ISO 19011, Guidelines for auditing management systems
[5] ISO 20400, Sustainable procurement — Guidance
[6] ISO 26000, Guidance on social responsibility
[7] ISO 31000, Risk management — Principles and guidelines
[8] ISO 37500, Guidance on outsourcing
[9] ISO 39001, Road traffic safety (RTS) management systems — Requirements with guidance for use
[10] ISO Guide 73:2009, Risk management — Vocabulary
[11] IEC 31010, Risk management — Risk assessment techniques
[12] ILO. Guidelines on occupational safety and health management systems, ILO-OSH 2001.
       2nd ed. International Labour Office, Geneva, 2009. Available at: http://www.ilo.org/safework/
       info/standards­and­instruments/WCMS_107727/lang­­en/index.htm
[13] ILO. International Labour Standards (including those on occupational safety and health).
       International Labour Office, Geneva. Available at: http://www.ilo.org/normlex (click on
       “instruments”, then “Conventions and Recommendations by subject”)
[14] OHSAS 18001. Occupational health and safety management systems — Requirements. 2nd ed.
       OHSAS Project Group, London, July 2007, ISBN 978 0 580 50802 8
[15] OHSAS 18002. Occupational health and safety management systems — Guidelines for the
       implementation of OHSAS 18001:2007. 2nd ed. OHSAS Project Group, London, Nov 2008,
       ISBN 978 0 580 61674 7


အခန်း (၄) အဖွဲ့အစည်း ဖွဲ့စည်းပုံ

Ø ကောင်းကျိုး (သို့) ဆိုးကျိုးဖြစ်စေနိုင်သည့် အရေးကြီးကိစ္စရပ်များကို ကျကျနနနားလည်သဘောပေါက်ခြင်း နှင့် တာဝန်ဝတ္တရား များကို စီမံခြင်း
Ø အဖွဲ့အစည်း၏ လုပ်ငန်းစဉ်များအပေါ် အကျိုးသက်ရောက်စေနိုင်သည့် အချက်အလက်နှင့်အခြေအနေများ။ ဥပမာ - နည်းဥပဒေများ၊ အုပ်ချုပ်ရေး၊ ပတ်သက်နေသည့် အဖွဲ့အစည်းများ
Ø အဖွဲ့အစည်း၏ အလေ့အထများအပေါ် မည်သည်တို့က မောင်းနှင်နေသနည်း
Ø ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းများမှာ မည်သူတို့ဖြစ်သနည်း။ ၎င်းတို့၏ မျှော်မှန်းချက်နှင့် လိုအပ်ချက်များကား အဘယ်တို့နည်း။ ဥပမာ - အလုပ်သမားများ၊ ဆပ်ကန်ထရိုက်တာများ၊ ဖောက်သည်များ၊ ယှဉ်ပြိုင်ဘက်များ
Ø အဖွဲ့အစည်း၏လုပ်ငန်းများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ မျှော်မှန်းချက်များနှင့် ဆက်စပ်နေသည့် လအကစ စနစ်နယ်ပယ်
Ø လအကစစနစ်နှင့် လုပ်ငန်းများဆိုင်ရာ အပြောင်းအလဲမရှိခြင်း

ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းများ၏ လိုအပ်ချက်များနှင့် မျှော်လင့်ချက်များ

ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းများသည် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေး နှင့် ပတ်သက်ဆက်နွယ်နေ၊ မနေ ဆုံးဖြတ်ခြင်း

အခန်း (၅) ခေါင်းဆောင်မှု

ထိပ်ပိုင်းစီမံခန့်ခွဲရေးအဖွဲ့သည် ခေါင်းဆောင်မှု (စီမံခန့်ခွဲခြင်းမဟုတ်) နှင့် ကတိကဝတ်များပေးကြောင်း ပြသခြင်း
လအကစနစ်ကို အထောက်အပံ့ပြုရန်၊ စွမ်းဆောင်ရည်မြင့်မားလာစေရန် နှင့် အကာအကွယ်ပေးရန် အလုပ်သမားများနှင့်  ညှိနှိုင်းဆောင်ရွက်ခြင်း (သေချာစေခြင်းမဟုတ်)
လအကမူဝါဒ၌ လုပ်သားများ ပူးပေါင်းပါဝင်ရေးနှင့် ဆက်သွယ်ဆောင်ရွက်ရေးကို ပိုမိုအာရုံစိုက်ခြင်း
တာဝန်ဝတ္တရားများ၊ တာဝန်ခံမှု၊ အခွင့်အာဏာ၊ ရာထူးအဆင့်အတန်းတို့တွင် အပြောင်းအလဲမရှိခြင်း
အလုပ်သမားများ၏ ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းမှုနှင့် ဆက်သွယ်ဆောင်ရွက်မှုတို့ ပိုမိုကောင်းမွန်လာစေရန် ပိုမိုအလေးထားခြင်း

မူဝါဒ

စဉ်ဆက်မပြတ်တိုးတက်နေမှုအတွက် အဖွဲ့အစည်း၏ကတိကဝတ်များကို ဖော်ထုတ်ပြသရန် လိုအပ်ခြင်း၊ အလုပ်သမားများ၏ ပူးပေါင်းပါဝင်မှုနှင့် အကြံပြုချက်များကို အသိအမှတ်ပြုခြင်း

အခန်း (၆) အစီအမံရေးဆွဲခြင်း

Ø ၄.၁ တွင်ဖော်ပြထားသော အကြောင်းကိစ္စများနှင့် ပူးတွဲပါလာမည့် ဆိုးကျိုးဖြစ်နိုင်ချေ နှင့် အခွင့်အလမ်းများကို ထည့်သွင်း စဉ်းစားခြင်း
Ø ဆိုးကျိုးဖြစ်နိုင်ချေများကိုဖော်ထုတ်ရာ၌ ထိရောက်မှုကိုတိုင်းတာခြင်း နှင့် အခွင့်အလမ်းများအပေါ်အလေးထားမှု ပိုမိုတိုးမြင့် လာစေခြင်း - ဖြစ်ပြီးမှလုပ်ခြင်းထက် မဖြစ်မီကြိုတင်ပြုလုပ်ခြင်း
Ø လအကရည်မှန်းချက်များ အောင်မြင်စေခြင်း၊ ရနိုင်သည့်ရင်းမြစ်များနှင့်ကိုက်ညီမည့် စီမံချက်ချခြင်း
Ø ရည်မှန်းချက်များ အောင်မြင်သလားဆိုခြင်းနှင့် တိုးတက်မှုတည်ဆောက်ရန် နည်းလမ်းများနှင့် အချိန်၊ တာဝန်နှင့် ဝတ္တရားများကို ထောက်ပြခြင်း
Ø ထိုအရာများအောင်မြင်ရေး ရည်မှန်းချက်နှင့် အစီအမံများသည် မှတ်တမ်းတင်ထားသည့် သတင်းအချက်အလက်များ ဖြစ်ခြင်း

အခန်း (၇) ပံ့ပိုးမှုပေးခြင်း

Ø ရင်းမြစ်များ၊ ကျွမ်းကျင်တတ်မြောက်မှု၊ သတိထားမိခြင်း၊ အဆက်အသွယ် နှင့် မှတ်တမ်းတင်ထားသော သတင်းအချက်အလက် များ (စာရွက်စာတမ်းများနှင့် မှတ်တမ်းများ)
Ø အဖွဲ့အစည်းသည် မည်သည့်ရင်းမြစ်များလိုအပ်သည်ကို ရှာဖွေကာ ထောက်ပံ့ပေးခြင်း
Ø အစီအစဉ်များ မလိုအပ်တော့သည့်တိုင် ကျွမ်းကျင်မှုကို ဆန်းစစ်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေရန်အတွက် စာနှင့်ရေး မှတ်တမ်းတင်ထားသည့် လအကသတင်းအချက်အလက်များရှိခြင်း
Ø မူဝါဒလိုအပ်ချက်၊ အန္တရာယ်နှင့် ဆိုးကျိုးဖြစ်နိုင်ချေ၊ လအကဆောင်ရွက်ချက်များ၌ ၎င်းတို့၏ အခန်းကဏ္ဍအတွက် လုပ်သားများအကြား နိုးကြားအသိရှိလာစေန် ဖန်တီးပေးခြင်း
Ø ဆက်သွယ်ဆောင်ရွက်မှု၏ ရည်မှန်းချက်သည် အဘယ်နည်း။ ၎င်းသည် ထိရောက်ပါသလား။
Ø အစီအမံလိုအပ်ချက်များနေရာတွင် ရေးသားမှတ်တမ်းတင်ထားသည့် သတင်းအချက်အလက်များနှင့် အစားထိုးခြင်း
Ø (အဖွဲ့အစည်း၏ အတွင်း/အပြင်) ရေးသားမှတ်တမ်းတင်ထားသည့် သတင်းအချက်အလက်များကို ထိန်းချုပ်ခြင်း

အခန်း (၈) ဆောင်ရွက်ခြင်း

Ø လက်တွေ့ဆောင်ရွက်ရမည့် အစီအမံများ နှင့် ထိန်းချုပ်မှု၊ အပြောင်းအလဲအတွက် စီမံခန့်ခွဲမှု၊ ပြင်ပအရင်းအမြစ်များ၊ ပစ္စည်းများ လက်ခံရယူခြင်း၊ ကန်ထရိုက်တာများ၊ အရေးပေါ်အတွက် ကြိုတင်ပြင်ဆင်ထားမှု နှင့် တုံ့ပြန်ခြင်း
Ø လုပ်ငန်းဆောင်ရွက်ချက်များထိန်းချုပ်ရေး၌ အန္တရာယ်များနှင့် ဆိုးကျိုးဖြစ်နိုင်ချေများကို ထိန်းချုပ်ရန် စီမံထားရမည်။
Ø ဆိုးကျိုးဖြစ်နိုင်ခြေများကို စီမံခန့်ခွဲခြင်းအလိုက်၊ နှစ်ချိုက်ဖွယ်ရာအစီအစဉ်အလိုက်၊ အန္တရာယ်ထိန်းချုပ်မှုအဆင့်ဆင့်က သတ်မှတ် ပြဋ္ဌာန်းပေးသည်။
Ø စီမံထားသည့်အပြောင်းအလဲ (ဥပမာ - အပြောင်းအလဲ) ကို စီမံခန့်ခွဲခြင်း အတွက် လိုအပ်ချက်များနှင့် ဖြစ်နိုင်ချေရှိသော ရင်းမြစ်များ
Ø ပြင်ပလုပ်ငန်းများနှင့်ဆက်သွယ်ဆောင်ရွက်ခြင်းအတွက် လိုအပ်သည့် စံများ
Ø ကုန်ပစ္စည်းများကို လက်ခံရယူခြင်း
Ø ကန်ထရိုက်တာများ၊ ကန်ထရိုက်တာများနှင့်ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် ထိန်းချုပ်မှုများအား တည်ဆောက်ခြင်း
Ø အရေးပေါ်ပြင်ဆင်မှုများနှင့် ပြန်လည်တုံ့ပြန်မှုများကို ပိုမိုကျယ်ပြန့်အောင်နှင့် အားကောင်းလာအောင် ပြုလုပ်ခြင်း

အခန်း (၉) ဆောင်ရွက်ချက်များကို ဆန်းစစ်ခြင်း

Ø  တရားဥပဒေလိုအပ်ချက်များ၊ အခြားလိုအပ်ချက်များနှင့် မည်မျှ ကိုက်ညီသနည်းဆိုသည်ကို စောင့်ကြည့်ခြင်း၊ တိုင်းတာခြင်း၊ သုံးသပ်ခြင်းနှင့် ဆန်းစစ်ခြင်း။ ဌာနတွင်းလုပ်ငန်းစစ်၏ ရည်မှန်းချက်များက မှတ်တမ်းတင်ထားသည့် သတင်းအချက်အလက်များ ကို အာရုံစိုက်မှုအား တိုးတက်မြင့်မားလာစေသည်။
Ø  ဌာနတွင်းလုပ်ငန်းစစ်အဆင့်ဆင့်တွင် လအကစနစ်ကို ပိုမိုတိုးတက် ကောင်းမွန်စေရန် အထောက်အပံ့ဖြစ်စေရေးအတွက် လုပ်သားများ၊ လုပ်သားကိုယ်စားလှယ်များနှင့် ဆက်ဆံရေး ပါဝင်သည်။
Ø  စနစ်၏ထိရောက်မှု၊ ဆိုးကျိုးဖြစ်နိုင်ချေနှင့် အခွင့်အလမ်းများပေါ်အခြေခံ၍ ဆက်သွယ် ဆောင်ရွက်မှု၊ တိုးတက်မှုတို့အပေါ် အလေးထားခြင်းကို ထပ်လောင်းဖြည့်စွက်ထားသည့် စီမံခန့်ခွဲမှုအဖွဲ့၏ သုံးသပ်ချက်

အခန်း (၁၀) တိုးတက်မှု

Ø  မတော်တဆမှု၊ ဥပဒေစည်းမျဉ်းများနှင့်မကိုက်ညီမှု၊ ပြန်လည်ပြင်ဆင်ရန် အရေးယူဆောင်ရွက်ချက် နှင့် စဉ်ဆက်မပြတ် တိုးတက်မှု။
Ø  ကြိုတင်ကာကွယ်ရန် အရေးယူဆောင်ရွက်ချက်ကို ယခုအခါ လုံးဝမသုံးတော့ပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းကို ဤစံနှုန်း တလျှောက် သေချာစွာရှင်းပြထားသော အန္တရာယ်အခြေခံတွေးခေါ်မှု၏ သဘောတရားအောက်တွင် စီမံထား၍ ဖြစ်သည်။ 

Ø  မတော်တဆမှု သို့မဟုတ် ဥပဒေနှင့်မကိုက်ညီမှုတို့ကို ထိန်းချုပ်ရန် အချိန်နှင့်အမျှ တိုက်ရိုက်အရေးယူမှုပြုခြင်း၊ အကျိုးဆက် များအား ကိုင်တွယ်ဖြေရှင်းခြင်း။ ကာကွယ်ခြင်းထက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို ပိုဦးစားပေးခြင်း။
Ø  အကြောင်းရင်းမြစ်ကို ပိုင်းခြားစိတ်ဖြာလေ့လာခြင်း (Root cause analysis)
Ø  စဉ်ဆက်မပြတ်တိုးတက်ခြင်းအတွက် အရေးယူဆောင်ရွက်ချက်များ၊ ဆက်သွယ်ဆောင်ရွက်ခြင်း၊ ထိရောက်မှုရှိမရှိ ပြန်လည်ဆန်းစစ်ခြင်းကို ထိန်းထားရန်
Ø  စဉ်ဆက်မပြတ်တိုးတက်ရေး ရည်မှန်းချက်များကို မပြောင်းမလဲဆက်လက်ထားရှိရန်
Ø  စဉ်ဆက်မပြတ်တိုးတက်ရေး လုပ်ငန်းစဉ်များသည် စနစ်အတွင်းရှိ အမျိုးမျိုးသော အခန်းကဏ္ဍများမှ ရရှိလာသည့် လအကစ စနစ်၏ ရလဒ်ဖြစ်သင့်သည်။

မှတ်ချက်။

Risk ကို ကိုသန်းလွင် အကြံပေးသည့် "ဆိုးကျိုးဖြစ်နိုင်ချေ" ဟု ဘာသာပြန်ထားပါသည်။

References:

1. PECB: Migration from OHSAS 18001: 2007 to ISO 45001
2. https://www.iso.org/home.html
3. PJR: FDIS ISO 45001
4. AON: ISO 45001 - Safety Management System Discussion_Abstract 

အေးငြိမ်း (လေးမျက်နှာ)
၃၀ ဇူလိုင်၊ ၂၀၁၈