Saturday, September 27, 2014

SCAV (Safety Compliance Assistance Visit)

ကိုဟိုဒင်းက SCAV ဆိုတာဘာလဲ ပြောပြစမ်းပါဆိုလို့ (အားတော့မအားဘူးပေါ့ဗျာ။ အခု ဂဟေဆော်နေတယ် (ဟုတ်ပေါင်) ဂဟေဆက်တဲ့စာအုပ်ကို မနေမနားရေးနေပါတယ်) အားလုံးသိရအောင် အကျဉ်းရေးပေးလိုက်ပါတယ်။ ခပ်သုတ်သုတ်ပေါ့ဗျာ။

အဓိကကတော့ ပြုတ်ကျပြီး မကြာခဏသေကြတဲ့အတွက် MOM က လူကြီးတွေ ခေါင်းကိုက်လွန်းလို့ ပရောဂျက်တွေ ကို လျှောက်သွား၊ လိုတာတွေ လုပ်ဖို့ပြောပြတာပေါ့ဗျာ။

သူတို့ရည်ရွယ်ချက် -

၁။ စူပါဗိုက်ဆာတွေနဲ့ အလုပ်သမားတွေကို ပညာပေးဘို့။
၂။ ပစ္စည်းကိရိယာတွေပြ၊ သရုပ်ပြခြင်းအားဖြင့် အမြင့်မှာအလုပ်လုပ်တဲ့အခါ ဘာတွေလိုက်နာဘို့ လိုမလဲဆိုတာ သတိပြုမိလာစေဘို့။
၃။ လုပ်ငန်းခွင်ထဲမှာ လိုအပ်နေတာတွေကို အကြံဉာဏ်တွေပေးခြင်းဖြင့် အမြင့်မှာ အလုပ်လုပ်တာနဲ့ပတ်သက်တဲ့ စံတွေကို ပိုပြီး တိုးမြှင့်ပေးဘို့။

ဘာတွေလုပ်မလဲတဲ့

၁။ လုပ်ငန်းခွင်တွေ လျှောက်စစ်မယ်။
၂။ Safety harness ကို ဘယ်လိုဝတ်ရမယ်။ ဘယ်နေရာမှာ ချိတ်ရင်တော့ ပြုတ်ကျတဲ့အခါ သေနိုင်တယ်။ အဲသဟာကြောင့် ဘယ်လိုနေရာတွေမှာ ချိတ်သင့်တယ် စတာတွေကို အာပေါက်အောင်လည်းပြော၊ သရုပ်လည်းပြ။ (ခုန်တော့လည်း  ချမပြလောက်ဘူး ပေါ့ဗျာ)
၃။ Safety harness ကို ဘယ်လိုဝတ်ရမယ်ဆိုတာ သင်ပေးမယ်။

၎။ နောက်ပြီး ပညာပေးစာအုပ်တွေလည်း အလကားပေးအုံးမယ်ဗျာ။


၅။ နောက်ပြီး အမြင့်မှာအလုပ်လုပ်တဲ့အခါ ဆောင်ရန်၊ ရှောင်ရန်လေးတွေ ဗီဒီယိုလည်း ပြအုံးမတဲ့ဗျာ။ 


ဟောဒီလိုကားလေးလာရင် အမြန်ပြေးပေတော့ (ဟုတ်ပေါင်) လမ်းမကို ထွက်ကြိုနေပါတဲ့။ နောက်ပြီး ဗမာပြည်မှာလို လန်းဆန်းလေးလည်း ကမ်းလိုက်ပါအုံး။ ဘာလဲ၊ နားရှုပ်သွားသလား။

ဟိုတုံးက (ဘာတဲ့) အဲဒီ လန်းဆန်းကမ်းတယ် ဆိုလား။ မျက်နှာအဆီပြန်နေတဲ့ လူကြီးတွေလာတော့ မျက်နှာ လုပ်ရတာ။
ကျုပ်ကလည်း ဒူပ့ါ။ လန်းဆန်းကမ်းတယ် ဆိုတာ နားမလည်။ ဟဲ့၊ လန်းစန်းကမ်း ဆိုတော့ နင်တို့ဟာ ဘာလဲ။ တရုတ်စကားလား၊ ယိုးဒယားစကားလား၊ ကမ္ဘောဒီးယားစကားလား ပေါ့။

ဘယ်ဟုတ်လိမ့်မတုံး။

ဟိုဗျာ၊ ပင်နင်ဆူလာ ၄ ထပ်၊ ၅ ထပ်မှာ ၅ ကျပ်တန် ဆံပင်သွားညှပ်ရင် အဲဒီက မမကြီးက ခင်ဗျားတို့ကိုပေးတဲ့ စွပ်ကျယ်စုတ်ကိုရေဆွတ်၊ ကုလားရေမွှေးနည်းနည်းထည့်ပြီး ပလတ်စတစ်အိတ်ထဲသွပ်ထားတဲ့ဟာ စနိုးတောင်ဝယ် ဆိုလား။ အဲဒါမျိုး၊ တောမှာဆိုတော့ စနိုးတောင်ဝယ် ဘယ်ရမလဲဗျာ။ အဲဒီတော့ မျက်နှာသုတ်ပုဝါကို ရေဆွတ်၊ ရေမွှေးဆွတ်ပြီး၊ မေမြတ်နိုးတို့အရွယ်ကောင်မလေးတွေက ဗန်းလှလှလေးတွေနဲ့ လူကြီးတွေကို ကမ်းရတာ။ (သောက်ကျိုးနည်း၊ သူတို့မှ လူ။ ကျုပ်ပြန်တော့ဖြင့် ဘယ်သူမှ ကမ်းဖူးပေါင်။ ဟင်း ဟင်း၊ တွေ့မယ် နင်တို့လား။)

ညီမဖြစ်သူ မြင့် က နင်ကလည်းတုံးပါ။ ပင်ပန်းလာတဲ့လူကြီးတွေ လန်းလန်းဆန်းဆန်းဖြစ်သွားအောင် ကမ်းပေးတဲ့ ပုဝါကို ခေါ်တာဟဲ့ လို့ သုတ်လိုက်တော့မှ သိပါဘူးဟယ်၊ နင်တို့ အသုံးအနှုန်းတွေ၊ ငါ့ဖြင့် တရုတ်ဒစ်ရှင်နယ်ရီတောင် သွားဝယ်တော့မလို့ လုပ်နေတာလို့ ရှက်ပြုံးပြုံးလိုက်ရပါသေး။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၇၊ ၉၊ ၂၀၁၄ ညနေ ၅ နာရီ မခွဲတခွဲ

Friday, September 26, 2014

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) စာအုပ်

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) စာအုပ် ရှေ့လထဲထွက်ပါမည်။ ရပ်ဝေးရပ်နီးမှ စာအုပ်အလိုရှိသူများ ဆက်သွယ်ပါရန်

ဦးမြတ်သွင် - ရန်ကုန် ဖုံး - ၀၉၄၉ ၂၇၂၁ ၂၄

ဒေါ်ကျင်ကျင် - ရန်ကုန် ဖုံး - ၇၀၉၅၁၀



Monday, September 22, 2014

ပဉ္စမကြိမ် စုပေါင်းမြွေဆိပ်ဖြေဆေးလှူဒါန်းပွဲအတွက် စည်းဝေးပွဲ

(၁) The Straits Times

ဒီနေ့တော့ ဒိုင်စားသဗျို့။ ခုထိ စာတစ်လုံးမှ မရေးရသေးဘူး။

ကြားရက်တွေမှာ အလုပ်ဆင်းနေရတာနဲ့ အချိန်မရလို့ ကျွန်တော် သတင်းစာ မဖတ်ဖြစ်ဘူး။ သတင်းအကျဉ်းတွေကို ဖုံးပေါ်မှာဘဲ ဖတ်တယ်။ တနင်္ဂနွေကျမှ တစ်ပတ်စာ အကုန်စုဖတ်တယ်။ ဒီတော့ တနင်္ဂနွေဆို တစ်မနက်လုံး သတင်းစာ ဖတ်တာနဲ့ အချိန်ကုန်တာပဲဗျို့။ အရှိန်လွန်သွားရင် နေ့ခင်းပါဆက်ဖတ်ရတယ်။ ဒါပေမဲ့ ဒီလောက်များတဲ့ သတင်းစာပုံကြီး ဘယ့်နှာလုပ် လုံးစေ့ပါဋ်စေ့ ဖတ်နိုင်ပါမတုံး။ ကိုယ်စိတ်ဝင်စားတဲ့သတင်းလောက်ပဲ သေသေချာချာ ဖတ်သပေါ့။ (ဥပမာ - ISIS ကို ၀ိုင်းသမကြမယ်ဆိုတဲ့ သတင်း၊ အမေကသားကိုသတ် စတဲ့သတင်းမျိုးတွေပေါ့။)

The Straits Times သတင်းစာကို ဖတ်ဗျ။ ဖတ်စရာတွေ အများကြီးပါတယ်။ အထူးသဖြင့် Part D က special report တွေဆို တော်တော်ကောင်းတယ်။ ကျွန်တော်တော့ ကိုယ်ကြိုက်တဲ့အပိုင်းဆို ဖြတ်ပြီးသိမ်းထားတယ်။ Part A က Opinion, Think, Part B က Home စတာတွေမှာ ဖတ်စရာတွေ အများကြီးပါတယ်။ Part C က Recruit session နောက်ဆုံးစာမျက်နှာ မှာ ဒါရိုက်တာကြီးတွေ၊ ပရော်ဖက်ဆာတွေ စသဖြင့်ရေးတဲ့ ဆောင်းပါးတွေပါတယ်။ ကျွန်တော် ဘာသာပြန်ချင်တာ လက်ယား နေတာပေါ့ဗျာ။ ဒါပေမဲ့ မအားရတာနဲ့ မရေးဖြစ်ဘူး။ ဖြဲပြီး စုထားရတယ်။ နည်းနည်းအချိန်လေးရရင် နည်းနည်းချင်း ရေးလို့ ရအောင်။ အဲဒီအခန်းမှာ များသောအားဖြင့် ပညာရေးနဲ့ပတ်သက်တာ။ အလုပ်နဲ့ပတ်သက်တာ။ စီမံခန့်ခွဲမှုနဲ့ပတ်သက်တာ စတဲ့ဆောင်းပါးကောင်းတွေ ပါတယ်။ စနေနေ့ထုတ်တဲ့ သတင်းစာက recruit session မှာဆို အလုပ်နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ အများကြီးပါတတ်တယ်။ လက်တွေ့နယ်ပယ်မှာ တကယ်လိုက်နာကျင့်သုံးရမဲ့ဟာတွေကို လက်တွေ့ဆန်ဆန် ရေးထားတာ။

ကျွန်တော်စိတ်မ၀င်စားလို့ တစ်ခါမှ လှန်မကြည့်ဖြစ်တဲ့ စာမျက်နှာတွေလည်း ရှိတယ်။ Sport နဲ့ money ပဲ။ စီးပွားရေး အကြောင်း ကျွန်တော် နကန်းတစ်လုံးမှ နားမလည်ပါ။ ထို့အတူ အားကစားကိုလည်း စိတ်မ၀င်စားပါ။ ဒါပေမဲ့ F1 ကိုတော့ နည်းနည်း စိတ်ဝင်စားမိသား။ Life က ပျော်ပွဲရွှင်ပွဲတွေနဲ့ ပြည့်နေတဲ့အတွက် တော်ရုံသဖြင့်ပဲ လှန်ကြည့်လိုက်တယ်။ သိပ်မဖတ်ဖြစ်ပါဘူး။
မိတ်ဆွေတို့ကိုလည်း သတင်းစာနေ့တိုင်းဖတ်ဖို့ တိုက်တွန်းပါ၏။ ဖေတော့မောင်တော့တွေနဲ့ အချိန်မကုန်ပါစေနဲ့လို့ လူငယ် လူရွယ်လေးတွေကိုလည်း တိုက်တွန်းပါတယ်။ သတင်းများနဲ့ကင်းလွတ်နေသူဟာ လောကကြီးနဲ့ ကင်းကွာနေသူပါဘဲ။ စမတ်ဖုံးတွေခေတ်စားတဲ့ ခုခေတ်အဘို့တော့ လွယ်ပါတယ်။ နေရာတကာ ဖတ်လို့ရ . .


အဲဗျ။ မေ့တော့မလို့။ သိချင်လည်း သိပြီးဖြစ်မှာပါ။ မြန်မာပြည်က မိတ်ဆွေများ ပြောပါတယ်။ တချို့ စင်ကာပူက The Straits Times သတင်းစာကို ဖတ်ချင်တယ်လို့ သိရပါတယ်။ ဖတ်ချင် ဖတ်လို့ရပါသဗျား။ ဘာခက်တာလိုက်လို့။ အွန်လိုင်းကနေ ပိုက်ဆံပေးလိုက်ရင် တစ်ကမ္ဘာလုံး အင်တာနက်ရှိတဲ့ ဘယ်နေရာကမဆို ဖတ်လို့ရပါသဗျာ။ 


အဲလေ စက္ကူနဲ့ ကိုင်ဖတ်ရမှ အားရသဗျာ ဆိုရင်တော့ ပို့ခပိုပေးရလိမ့်မပေါ့ဗျာ။ ဒါပေမဲ့ တစ်ခါတလေကျတော့ ပို့ခက ပစ္စည်းတန်ဘိုးထက် ပိုများတတ်သဗျ။ နောက်ပြီး အနည်းဆုံး တစ်ရက်လောက်နောက်ကျပြီးမှ ရောက်လာလိမ့်မယ်။


ဟောဒီမှာ ဈေးနှုန်းတွေ ကြည့်ပါ။ စာရွက်သတင်းစာက ၂၄ ကျပ် ၆၅ ပြား။ အင်တာနက်ကနေဖတ်ရင် ၂၆ ကျပ် ၆၅ ပြား။ အွန်လိုင်း၊ စာရွက်၊ အိုင်ဖုံး၊ ငါးပက် (ဟုတ်ပေါင်) အိုင်ပက် အကုန်ယူရင် ၂၈ ကျပ် ၆၅ ပြား။ တစ်လမှ ပိုက်ဆံ ၃ - ၄ ကျပ် လောက်ကွာတာတော့ ဘယ်ကြည့်တော့မလဲဗျာ။ ကျွန်တော်တော့ All in one ပဲယူလိုက်တော့တာပေါ့။ (မနှစ်က ၃၁ ကျပ်ဗျ။ အခု နည်းနည်းဈေးကျသွားတာ။ အခု ကျွန်တော် တစ်လကို ၃၁ ကျပ်နဲ့ ချေနေရတယ်။)

ဒါပေမဲ့ ခွကျတာက အွန်လိုင်းက pdf နဲ့ဖတ်လို့ရတဲ့သတင်းစာကို save လုပ်ထားလို့မရဘူးဗျ။ ကျွန်တော်လည်း မကျေနပ်တာ နဲ့ မင်းတို့သတင်းစာက ဘာလို့ save လုပ်လို့မရသတုံး ဆိုတော့ ဒါ သူတို့ ပေါ်လစီပါ။ လိုချင်သပဆို တစ်ပုဒ်ချင်း ပရင့်ထုတ်ပါ တဲ့။ လုပ်ပုံ။ စိတ်တိုသဗျာ။ ကျုပ်အိမ်ဆိုတာ သတင်းစာတွေနဲ့ ပြည့်နေတာပဲ။ တကယ်လို့ pdf version ကို save လုပ်လို့ရရင် အဲဒီ စာရွက်ပုံကြီးစုထားစရာ ဘယ်လိုတော့မတုံးဗျာ။

(၂)

မနက်ပိုင်း ၁၂ နာရီကျော်ထိ သတင်းစာဖတ်တာနဲ့ အချိန်ကုန်။ နေ့ခင်း ထမင်းစားပြီးတော့ Work At Height သင်တန်း လက်တွေ့ ပြစရာရှိတာနဲ့ သွားပြ။ သင်တန်းပြီးတာနဲ့ မြွေဆိပ်ဖြေဆေးစည်းဝေးပွဲ ဆက်သွား။

စည်းဝေးပွဲကို ဖူနန်စင်တာ၊ ၅ ထပ်က စားသောက်ဆိုင်တန်းမှာ လုပ်တယ်။ အဲဒီနေရာက ကျွန်တော်တို့ စည်းဝေးပွဲ လုပ်နေကျ နေရာ။ ဟိုးအရင်နှစ်တွေတုံးကတော့ ဘယ်သူမှမရှိဘူး။ ကျွန်တော်တို့ချည်း တိတ်တိတ်ဆိတ်ဆိတ်။ အဲဒီနေရာလေးက ကျယ်လည်းကျယ်။ ဆိုဖာတွေနဲ့ဆိုတော့ ထိုင်လို့လည်းကောင်း။ လူသူလည်း သိပ်မရှိတော့ ပြောလို့ ဆိုလို့ကောင်းတယ်။
ဒါပေမဲ့ အဲဒါ ရှေးတုံးကဗျ။ ဒီနေ့တော့လား။ အယ်မယ်လေးဗျာ။

ကျွန်တော်ရောက်သွားတော့ အဲဒီနေရာမှာ လူတွေပြည့်ကျပ် ဆူညံလို့ပါလား။ တခြားသူတွေ ဟုတ်ပါရိုးလားဗျာ။ နံရံကပ် ထိုင်ခုံရှည်တွေနဲ့ စားပွဲရှည် ၅ လုံး။ အလယ်မှာ စားပွဲရှည် ၂ လုံး။ နောက်ပြီး စားပွဲဝိုင်း ၂ စုံ မှာ ကျွန်ုပ်တို့ ရွှေမြန်မာတွေ အပြည့် နေရာယူထား၊ အော်ကျယ်ဟစ်ကျယ်နဲ့ စကားပြောနေကြပါလားဗျို့။ ကြည့်ရတာ ကျွန်တော်တို့လိုပဲ စည်းဝေးပွဲ လုပ်နေကြ ထင်ပါရဲ့။
မအော်လို့ကလည်း မဖြစ်ဘူး။ ဟိုစားပွဲကဆူ။ သည်စားပွဲကဆူ ဆိုတော့ သူလည်းအော် ငါလည်းအော်။ စင်ကာပူရီယမ်နဲ့ တူတာဆိုလို့ စားပွဲဝိုင်း ခပ်သေးသေးတစ်ခုမှာ ကောင်လေးတစ်ယောက် တိတ်တိတ်ဆိတ်ဆိတ် တစ်ယောက်တည်း စားနေလေရဲ့။

သူတို့ကိုကြည့်ရင်း ကျွန်တော် တွေးမိသေးတယ်။ အင်း၊ အဲဒါကြောင့်လည်း ငါတို့ကို သူတို့နိုင်ငံသားတွေ မကြိုက်တာနဲ့ တူပါရဲ့။ နေရာကောင်းတွေကို ကျွန်တော်တို့အကုန်သိမ်းပိုက်ထားတော့ သူတို့ ထိုင်လို့မရတော့ဘူးပေါ့။ ရထားဆိုလည်း ကြည့်လိုက်ပါဦး။ အလုပ်သမားတွေကို မြို့စွန်မှာထားတော့ ဘူတာအစက သူတို့တက်လာပြီး ခုံအားလုံးထိုင်ထားလိုက်တော့ နောက်ဘူတာတွေမှာတက်လာတဲ့ စလုံးတွေ မထိုင်ရတော့ဘူး။ အဲဒါတွေ သူတို့ကွန်ပလိန်းတက်တာ။

အိမ်ပြန်ရောက်တော့ ည ၉ နာရီ။ ရေမိုးချိုး၊ စားသောက်ပြီးတော့ ၉ နာရီခွဲကျော်။

အဲဒီတော့မှ အခု စည်းဝေးပွဲမှတ်တမ်းကို စရေးရတယ်။ စည်းဝေးပွဲမှတ်တမ်း ရေးမှာရေးတာမဟုတ်ဘူး။ လေက ရှည်နေလိုက်ရသေး။

(၃)

ပဉ္စမကြိမ် စုပေါင်းမြွေဆိပ်ဖြေဆေးလှူဒါန်းပွဲအတွက် စည်းဝေးပွဲ

စည်းဝေးပွဲမှတ်တမ်း

၁။         နေ့ရက်၊ အချိန်။                ။ ၂၁၊ ၉၊ ၂၀၁၄။ ညနေ ၆ နာရီ

နေရာ။                            ။ Food Court, 5th Storey, Funan IT Mall

တက်ရောက်လာသူများ (ဖုံးနံပါတ်နှင့် email များမထည့်တော့ပါ)


စဉ်
အမည်
အဖွဲ့
ဦးအေးငြိမ်း
စနေဓမ္မမိတ်ဆွေများအဖွဲ့
ဦးသောင်းတန်
ဒေါ်ထားထားလှိုင်
ကိုလှိုင်ဌေးဦး
အောင်လံသုခိတာ
ကိုဇေယျာဦး
ကိုဝင်းမင်းထွန်း
ကိုဇေယျကြည်ဝင်း
မြေလတ်မိသားစု
ကိုဟိန်းလတ်ဝင်း
ကိုသန့်ဇင်
PSA Myanmar Family
၁၀
ကိုမင်းအောင်
၁၁
ကိုမင်းမင်းဦး
Save the Aged
၁၂
ကိုကျော်ကျော်ထွေး
ထားဝယ်မိသားစု
၁၃
ကိုမင်းကျော်ဇင်
၁၄
ကိုကျော်စွာဖြိုး
၁၅
မမိုးစွေဦး
၁၆
မမိုးစင်ဦး
၁၇
ကိုနေ၀င်းထွဋ်
၁၈
ကိုမြတ်စိုး
၁၉
မမူယာနွဲ့
Lotus Foundation
၂၀
မမြင့်မြတ်ဆွေ
ပညာပါရမီ

၂။ ဆွေးနွေးသည့်အကြောင်းအရာများ

ပထမဦးစွာ ကိုသောင်းတန်က မြွေဆိပ်ဖြေဆေးလှူဒါန်းရခြင်းအကြောင်းနှင့် သူမြန်မာပြည်ပြန်စဉ်က ကြုံတွေ့ခဲ့ရသော အခြေအနေများကို ရှင်းပြပါသည်။

- စင်ကာပူရောက် မြန်မာပရဟိတ အဖွဲ့များ စုပေါင်း၍ မြန်မာပြည်မှ မြွေကိုက်အများဆုံးဒေသများသို့  မြွေဆိပ်ဖြေဆေးများ လှူဒါန်းခဲ့ရာ ယခုအကြိမ်ဆိုလျှင် ၅ ကြိမ်တိုင်ခဲ့ပြီဖြစ်ကြောင်း
- စင်ကာပူအဖွဲ့များအနေနှင့် ပိုက်ဆံကိုကောက်ခံစုဆောင်းပေးရုံမျှဖြစ်ပြီး အလှူခံလာသော ဒေသများနှင့်ဆက်သွယ်ခြင်း၊ မြွေဆိပ်ဖြေဆေးများဝယ်ယူခြင်း၊ ပေးအပ်ပွဲကျင်းပခြင်း၊ လှူဒါန်းလိုက်သောနေရာများမှ သတင်းအချက်အလက်များ ပြန်လည် စုဆောင်းခြင်း၊ စင်ကာပူမှ အဖွဲ့များသို့ မြွေဆိပ်ဖြေဆေးသုံးစွဲမှုအခြေအနေ သတင်းများ မပြတ်ပေးပို့ခြင်း စသည်တို့ကို မြန်မာပြည်မှ မိတ်ဆွေများက လုပ်ကြရကြောင်း၊ ထိုသူများအား ကိုစိုးသိန်းနှင့် ကိုကျော်ဇောက အဓိက ဦးဆောင် လှုပ်ရှားခြင်း ဖြစ်ပြီး ကိုကျော်ဇောနှင့် ကိုကျော်ဝဏ္ဏတို့မှာ စင်ကာပူတွင်အလုပ်လုပ်စဉ်က ကျွန်ုပ်တို့နှင့်လက်တွဲကာ ပရဟိတလုပ်ခဲ့ကြသူများ ဖြစ်ကြောင်း
- ယခုတစ်ခေါက် မြန်မာပြည်ပြန်စဉ် ၎င်းတို့က သူတို့ထံတွင် မြွေဆိပ်ဖြေဆေး အလှူခံထားသော စာတော်တော်များများ ရထားပြီ ဖြစ်ကြောင်း၊ ယခုအချိန်မှာလည်း လယ်သိမ်းချိန်ဖြစ်သဖြင့် မြွေအကိုက်များသော အချိန်ဖြစ်သဖြင့် မြွေဆိပ်ဖြေဆေး လှူဒါန်းရန် အချိန်ကျနေပြီဖြစ်သဖြင့် နိုဝင်ဘာလထဲ၌ လှူဒါန်းလိုသည်ဟု သတိပေးကြောင်း၊ သို့သော် ကျွန်တော်က နိုဝင်ဘာလတွင် လှူဒါန်းရန်မှာ သိပ်မလွယ်လှကြောင်း၊ အလှူငွေစုဆောင်းရန် စင်ကာပူမှ အဖွဲ့များကို အချိန်ပေးရန် လိုသဖြင့် ဒီဇင်ဘာလထဲတွင် လှူရန်ပြောခဲ့ကြောင်း၊
- မြွေဆိပ်ဖြေဆေးကို ယူနီဗာဆယ် ကုမ္ပဏီမှ ၀ယ်နိုင်ကြောင်း၊ ဆေးတစ်လုံးလျှင် ၁၇ ဒေါ်လာခန့်ကျသင့်ကြောင်း၊
- ထို့ကြောင့် အလှူငွေများကို ဒီဇင်ဘာလတွင် ကောက်ခံရန်ဖြစ်နိုင်မဖြစ်နိုင် တိုင်ပင်ကြစေလိုကြောင်းပြော၏။

ဦးအေးငြိမ်း -

- ယခုတက်ရောက်လာသည့်အဖွဲ့များမှာလည်း စုံသလောက်ရှိပြီဖြစ်သည့်ပြင် တက်ရောက်လာသည့် အဖွဲ့ခေါင်းဆောင်များ အနေနှင့် အလှူငွေအပ်နိုင်မည့်ရက်ကို တစ်ပါတည်းဆုံးဖြတ်နိုင်က ဆုံးဖြတ်ပေးစေလိုကြောင်း၊ ဒီဇင်ဘာလတွင် လှူနိုင်ရန် အလှူငွေများကို နိုဝင်ဘာလလယ်နောက်ဆုံးထား ကောက်ခံရန်လိုကြောင်း၊ သို့မှသာ ရန်ကုန်အဖွဲ့များအနေနှင့် ဆေးဝယ်ယူရေးအဆင်ပြေမှာ ဖြစ်ကြောင်း၊
- ထို့ပြင် မြွေဆိပ်ဖြေဆေးအလှူငွေသာမက မြွေဆိပ်ဖြေဆေးပေးအပ်လှူဒါန်းပွဲကျင်းပရေးအတွက်လည်း မများလှသော အလှူငွေကို (တစ်ဖွဲ့လျှင် စင်းဒေါ်လာ ၅၀ ခန့်) လှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံလိုပါကြောင်း၊ အကြောင်းမှာ မြန်မာပြည်အဖွဲ့အနေနှင့် နယ်များသို့ဖုံးဆက်ခ၊ ခရီးသွားလာစရိတ်စသည့် အထွေထွေစရိတ်စကများကို ကိုယ်ပိုင်ငွေထဲမှ ကျခံသုံးစွဲနေရသည်ဖြစ်ရာ မြွေဆိပ်ဖြေဆေးပေးအပ်ပွဲအတွက် ထပ်မကုန်စေလိုသောကြောင့် ဖြစ်ကြောင်း။

ကိုသောင်းတန် -

- မြွေဆိပ်ဖြေဆေးလှူဒါန်းပွဲသို့ ယခုလှူဒါန်းသည့်အဖွဲ့များမှ ကိုယ်စားလှယ် မိသားစုများ တက်ရောက်ကြပါရန် မေတ္တာရပ်ခံပါကြောင်း။ ဆေးများကို အလှူခံသည့်နေရာများသို့ ကိုယ်ထိလက်ရောက် လှူဒါန်းစေလို၍ ဖြစ်ပါကြောင်း
- ပေးအပ်လှူဒါန်းပွဲကို ယခင်နှစ်များကကဲ့သို့ပင် မရမ်းကုန်း၊ နာဂလိုဏ်ဂူကျောင်းတိုက်၊ ဓမ္မာရုံတွင် ကျင်းပမည်ဖြစ်ကြောင်းနှင့် နယ်မှလာပြီး နေ့ချင်းပြန်လိုသူများ အဆင်ပြေစေရန် နေ့လည်ပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း၊ ကျင်းပမည့်ရက်ကို ထပ်မံ ကြေငြမည်ဖြစ်ကြောင်း။
- လှူဒါန်းသောအဖွဲ့များအနေနှင့် မိမိတို့ဒေတွင် မြွေကိုက်များသဖြင့် မြွေဆိပ်ဖြေဆေးအလှူခံလိုပါက အလှူခံနိုင်ပါကြောင်း။


ဆုံးဖြတ်ချက် -

- ၂၃၊ ၁၁၊ ၂၀၁၄ နေ့တွင် ထပ်မံတွေ့ဆုံကြပြီး အလှူငွေများကိုပါ တစ်ပါတည်း လွှဲအပ်မည်ဖြစ်ပါသည်။







မှတ်တမ်းတင်သူ

ဦးအေးငြိမ်း
၂၁၊ ၉၊ ၂၀၁၄

Tuesday, September 16, 2014

ထားရှိအပ်သော သဘောထား

ဝှူး . . . .။

ဂဟေစာအုပ်ကို ဇောက်ချရေးမယ်လို့ ကြံကာမှ ဟိုဟာသည်ဟာတွေ ပေါ် ပေါ်လာသဗျာ။ တခြား ဟုတ်ပါဘူး။ မှတ်ချက်လေးတွေနဲ့ ပတ်သက်လို့ စဉ်းစားမိတာပါ။

ဆရာကိုသိန်းသန်းက ကျွန်တော့် “လေးမျက်နှာသို့ပေးစာ” ကို မျှဝေလိုက်တော့ လူကြီးတစ်ယောက်က လူအထင်ကြီးအောင် လျှောက်ရေးနေတာပါ . . . တဲ့။ မှတ်ချက်ပေးတယ်။

နောက်ပြီး စိုက်ပျိုးရေးက ကိုတက်ပုက ကျွန်တော့် ဆောင်းပါးတစ်ပုဒ်ကိုပြန်လည် ဝေမျှလိုက်တော့ (စိုက်ပျိုးရေးကျောင်းဆင်းပဲနဲ့ တူပါတယ်) တစ်ယောက်က လှောင်ပါတယ်။ နောက်ပြီး နိုင်ငံခြားမှာနေပြီး ချစ်ပြနေလိုက်တာ။ တကယ်တိုင်းပြည်ချစ်ရင် ပြန်လာလုပ်လှဲ့ပါလား တဲ့၊ ပြောလိုက်သေးတယ်။

ကျွန်တော်သူတို့ကို ပြန်လည်ချေပနေစရာအကြောင်းမရှိပါ။ စာများများဖတ်ပါ၊ ဆက်စပ်တွေးခေါ်တတ်အောင် လေ့ကျင့်ပါလို့တော့ ပြောလိုက်ပါတယ်။

အဲဒါနဲ့ပတ်သက်လို့ ပြောစရာလေးတွေ ရှိလာပြန်သဗျ။ သူတို့ချည်းထဲမဟုတ်ပါဘူး။ အားလုံးအတွက်ပါ။
ဒီအကြောင်းကို ကျွန်တော် “ပြောစရာနည်းနည်း ရှိလို့ပါ” ဆိုတဲ့ခေါင်းစဉ်နဲ့ ၂၀၁၁ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရေးခဲ့ပါသေးတယ်။ ဖတ်ချင်သူများ Link: http://www.shwenyein.blogspot.sg/2011/02/blog-post_22.html
မှာ ဖတ်နိုင်ပါတယ်။

ပြောချင်တဲ့အဓိက အကြောင်းက ကျွန်တော်တို့ ခံယူရမဲ့ သဘောထား အကြောင်းပါ။

အခု ကျွန်တော်တို့ အသက် ၅၀ ကျော်လာပါပြီ။ အချိန်မရွေး သေမင်းက လာခေါ်သွားနိုင်ပါတယ်။ ကျွန်တော်တို့မှာ သိထား၊ တတ်ထား၊ လေ့လာထားတာတွေ၊ လူ့ဘ၀အတွေ့အကြုံတွေ၊ မှားခဲ့တာတွေ၊ နောင်တတွေ တော်တော်များများ စုမိဆောင်းမိ ရှိနေပါပြီ။

အကယ်၍ ကျွန်တော်တို့သာ အဲဒါတွေကို နောင်လာနောက်သားတွေအတွက် ပြန်လည် ဝေမျှမပေးခဲ့ဘူးဆိုရင် ကျွန်တော်တို့သေတာနဲ့ အဲဒီအဖိုးတန်ပညာ၊ ရတနာတွေဟာ တစ်ခါတည်း မြေမြှုပ်သဂြိုဟ်ပြီးသား ဖြစ်သွားမှာပါ။ အင်မတန် နှမြောစရာ မကောင်းပေဘူးလားဗျာ။

၂၀၁၁ ခုနှစ်လောက်က ထင်ပါရဲ့။ မိတ်ဆွေတွေဖိတ်လို့ ပဌာန်း (၂၄) ပစ္စည်းရွတ်ရအောင်သွားတော့ အဲဒီအိမ်မှာ သူငယ်ချင်းက မိတ်ဖွဲ့ပေးလို့ မြန်မာအရာရှိတစ်ယောက်နဲ့တွေ့ပါတယ်။ လျှပ်စစ်ဌာနဘက်ကပါ။ စကားစပ်ရင်းနဲ့ ကျွန်တော်က စာအုပ်တွေကို လူငယ်တွေကို ပြန်ဝေမျှဘို့ တိုက်တွန်းတော့ ဘာပြန်ပြောတယ် မှတ်သလဲ။

ဘယ်ဖြစ်မလဲဗျ။ ဒါက ကျွန်တော့်ထမင်းအိုးပဲ ဥစ္စာ . . . တဲ့။

ကျွန်တော့်မှာတော့ ထုံးစံအတိုင်း အံ့သြလွန်းလို့ သေတော့မယ် ပေါ့ဗျာ။ အဲဒါ ဘုရားတရားလုပ်နေတဲ့သူပါ တဲ့။
ကျွန်တော်က အင်မတန် စကားပြော အပေါက်ဆိုးတဲ့လူပါ။ စိတ်တိုချက်ကလည်း နှစ်လက်မတောင် မပြည့်ဘူး။ အဲဒီလူသာ ကျွန်တော့်သူငယ်ချင်းဆိုရင်တော့လား. . ဟင်း ဟင်း။

ကျွန်တော်နဲ့ရင်းနှီးတဲ့ ကိုကျော်ဝဏ္ဏတို့ဆို မကြာခဏ အပြောခံရသပေါ့။ ခင်ဗျားတို့လုပ်နေတာ ဘာတရားလဲ။ အဲဒါ ဓမ္မတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ အဓမ္မပဲ ဖြစ်ရမယ် စသဖြင့် ရင့်ရင့်သီးသီး အပြောခံရတယ်။ သူတို့က ကျွန်တော့် အကြောင်း သိနေလို့သာပေါ့ဗျာ။ မဟုတ်ရင် ဆွဲထိုးခံရမှာပေါ့။

မိတ်ဆွေများခင်ဗျား။ ပညာဆိုတာ ဆီမီးတိုင်နဲ့တူတယ်။ ဆီမီးတိုင်ဆိုတာ နောက်ဆီမီးတိုင်တစ်ခုကို ထပ်ဆင့်မီးညှိ ပေးလိုက်ခြင်းအားဖြင့် သူ့မူရင်း အလင်းရောင် လျော့ကျမသွားတဲ့ပြင် အဲဒီနောက်ထပ် ဆီမီးတိုင်တွေကြောင့် ပိုတောင် လင်းလာပါသေးတယ် ဆိုတာ မိတ်ဆွေတို့ သိပြီးသားပါ။

ပြီးခဲ့တဲ့ ဆရာစားချန်ခြင်းအကြောင်း” ဆိုတဲ့ ဆောင်းပါးမှာလဲ ကျွန်တော်ရေးခဲ့ပြီးပါပြီ။ မဖတ်ရသေးသူများအတွက် Link: http://www.shwenyein.blogspot.sg/2013/11/blog-post_7878.html  

ကျွန်တော့်ဆီမှာ safety နဲ့ ပတ်သက်တဲ့စာအုပ် ၂၀၀ ကျော်လောက်ရှိပါလိမ့်မယ်။ အဲဒီစာအုပ်တွေအကုန် ကျွန်တော့်ဆီက လာယူလှဲ့ပါ။ တစ်နှစ်လောက် အချိန်ယူပြီး အကုန်အစင်ဖတ်ပါ။ အဲဒီစာအုပ်တွေ အကုန်ဖတ်မိရုံနဲ့ safety ဘာသာရပ်မှာ ခင်ဗျားတို့ ကျွန်တော့်လောက် တတ်၊ သိ လာမယ်ဆိုရင် ကျွန်တော့်အိမ်မှာ နေ့တိုင်း ထမင်းတင်ကျွေးထားပါမယ်။ အရင်တုံးကလည်း ပြောခဲ့ပါပြီ။ အဲဒီစာအုပ်တွေ ဝေမျှလိုက်ရုံနဲ့ ထမင်းအိုး ကွဲသွားရမယ်ဆိုတာကိုဖြင့် ကျွန်တော်တော့ ဘယ်လိုမှ မစဉ်းစားတတ်ပါဘူးဗျာ။ ဒါဆို ဘာကြောင့် နှမြောတွန့်တို နေရသလဲ။

ကျွန်တော် အခုရေးနေတာတွေဟာ ပိုက်ဆံလိုချင်လို့လည်း မဟုတ်ဘူး။ လူအထင်ကြီးခံချင်လို့လည်း မဟုတ်ပါ။ (ထုတ်ပြောရတာ ရှက်ဘို့တောင်ကောင်းလိုက်တာဗျာ။) နေပါဦး။ ခင်ဗျားတို့ ကျွန်တော့်ကိုအထင်ကြီးတော့ ကျွန်တော် လခပိုရလားသလား။ ကျွန်တော် စီးပွားတွေပိုတက်လာသလား။ ကျွန်တော်က ၂၀၁၅ သမ္မတရွေးပွဲမှာ ၀င်ပြိုင်မှာလည်း မဟုတ်တဲ့အတွက် လူတွေကျွန်တော့်ကို ပိုကြိုက်လာအောင် လုပ်စရာလည်း အကြောင်းမရှိပါဘူးဗျာ။ ပိုက်ဆံ လိုချင်တယ်ထင်ရင် စင်ကာပူက safety officer တစ်ယောက် လခဘယ်လောက်ရလဲဆိုတာ စုံစမ်းကြည့်ပါ။ အဲသလောက် နုံဖျင်း၊ သေးသိမ်တဲ့ကိစ္စတွေ ကျွန်တော်မပြောပြစေနဲ့။

ကျွန်တော်ရေးနေတာက မြန်မာပြည်သူပြည်သားတွေ အကျင့်စာရိတ္တတွေ ဒီထက်ပိုကောင်းလာပါစေ၊ အသိအမြင်တွေ ဒီထက်ပိုကြွယ်ဝလာပါစေ၊ အသိပညာတွေ ဒီထက်ပို တိုးတက်လာပါစေဆိုတဲ့ စေတနာနဲ့ပါ။ အဲဒီအတွက် ကျွန်တော့်ကို ဘယ်လိုဆဲဆဲ၊ ဘယ်လိုထင်ထင် ကျွန်တော်ဂရုစိုက်စရာမလိုပါ။ ဘယ်နေ့သေမယ်ဆိုတာ မသိတဲ့ အတွက် မသေခင် ပေးနိုင်သမျှ ပေးသွားမယ်ဆိုပြီး အသည်းအသန် လုပ်နေတာ။ အဲဒါမှ ကြွားပြောတယ်ထင်လဲ မတတ်နိုင်ဘူး။ ထင်ချင်သလို ထင်ပါ။ ခင်ဗျားတို့ဆဲလဲ အသားပဲ့သွားတာမှ မဟုတ်တာနော။

အဲဒီတော့ အစပိုင်းက ကျွန်တော်ပြောခဲ့သလို မိတ်ဆွေများကိုလည်း မသေခင် မိတ်ဆွေတို့ သိထား၊ တတ်ထား၊ လေ့လာထားတာတွေကို ကိုယ်တတ်နိုင်သလောက် ပြန်လည် ဝေမျှပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ အထူးသဖြင့် ပညာတတ်မိတ်ဆွေတွေကိုပါ။ (ကြားဖြတ်ပြောရရင် သူငယ်ချင်းကိုတင်လတ်တို့ ကျောင်းဖွင့်ထားတာကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ကျောင်းဆိုတာ ပညာတွေကို ဝေမျှပေးတဲ့ တစ်ခုတည်းသော နေရာပါပဲ။)

စာအုပ်ဆိုင်တန်းတွေ လျှောက်ကြည့်လိုက်စမ်းပါ။ မြန်မာလိုရေးထားတဲ့ တူတူတန်တန် အင်ဂျင်နီယာစာအုပ်တွေ ရှိပါသလား။ အင်ဂျင်နီယာဘာသာရပ်တွေထဲက ဆရာကြီးဦးညီလှငယ်ရေးထားတဲ့ မြို့ပြအင်ဂျင်နီယာ စာအုပ်တချို့ပဲ ရှိပါတယ်။ စက်မှုနဲ့ပတ်သက်လို့၊ ရေနံဓာတုနဲ့ပတ်သက်လို့၊ ကုန်ထုတ်ဓာတုနဲ့ပတ်သက်လို့၊ သတ္တုတွင်းနဲ့ပတ်သက်လို့၊ သတ္တုဗေဒနဲ့ ပတ်သက်လို့၊ ချည်မျှင်အထည်နဲ့ ပတ်သက်လို့၊ ပိသုကာနဲ့ပတ်သက်လို့ ဘာစာအုပ်တွေများရှိပါသလဲ။
ကျွန်တော်က စာအုပ်ဝါသနာပါတော့ ရနိုင်သမျှ အင်ဂျင်နီယာ၊ စိုက်ပျိုးရေး စာအုပ်စာရင်းတွေ ပြုစုထားပါတယ်။ မိတ်ဆွေတို့ အလိုရှိရင် လှမ်းတောင်းလိုက်ပါ။
ဦးအုန်းမြင့် (ဒီဇယ်) ထုတ်တဲ့စာအုပ်တွေ၊ ဆရာဦးဖေသိန်းတို့ရေးတဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်ရေး၊ ဦးသန်းမြင့်ရဲ့ ရေဒီယိုပြင်နည်း စတဲ့ စာအုပ်တွေကို အင်ဂျင်နီယာတွေ လေ့လာရမဲ့စာအုပ်တွေလို့ မိတ်ဆွေတို့ ထင်ပါသလား။ (သက်မွေးဝမ်းကျောင်းလူငယ်တွေအတွက် အဲဒီစာအုပ်တွေဟာ အင်မတန် အားကိုးရလို့ အဲဒီဆရာကြီးတွေဟာလည်း မြန်မာပြည်ရဲ့ ကုန်ထုတ်တိုးရေးအတွက် အင်မတန်ကျေးဇူးကြီးတဲ့သူတွေ ဖြစ်ပါတယ်။)

နောက်ပြီး အသိပညာ၊ အတတ်ပညာနဲ့ပတ်သက်လို့ မြန်မာပြည်မှာ လူငယ်တွေအတွက် ဟောပြောပွဲတွေ၊ ပြပွဲပြိုင်ပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ ဘယ့်ကလောက်များ ရှိပါသလဲ။ လုပ်ပေးဘို့ရော ဘယ်သူတွေ အိပ်မက် မက်ဖူးပါသလဲ။ မယောင်ရာဆီလူးတဲ့ သိန်း ၁၀၀၀ လိုကိစ္စတွေရဲ့ သုံးပုံတစ်ပုံလောက် လုပ်ပေးရင်ကိုပဲ အင်မတန် အကျိုးရှိလှပါပြီ။

အဲသလောက်ပြောလိုက်ရင် မြန်မာပြည်ရဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် အင်မတန်မှ လစ်ဟာနေတဲ့ ကွက်လပ်ကြီးကို မိတ်ဆွေတို့ မြင်လောက်ပါပြီ။ မလုပ်တဲ့သူတွေကို အပြစ်တင်မနေပါနဲ့။ အာညောင်းပါတယ်။ မိတ်ဆွေတို့ ကိုယ်တတ်နိုင်သလောက် လုပ်ကြစမ်းပါ။ စာရေးပါ။ ဟောပြောပွဲတွေ လုပ်ပေးပါ။ အတွေ့အကြုံ ရှင်းလင်းပွဲတွေ လုပ်ပေးပါ။ သင်တန်းတွေ ဖွင့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပြစေ။ ပိုက်ဆံစကားမပြောပါနဲ့။ တကယ်လုပ်ချင်ရင် ပိုက်ဆံမလိုပါဘူး။

နောက်တစ်ခု။

နိုင်ငံခြားကနေများ တိုင်းပြည်ကို ချစ်ပြနေလိုက်ရတာ ဆိုတဲ့သူတွေကို နည်းနည်းလောက် ရှင်းပြပြစေ။

ကျွန်တော် စိုက်ပျိုးရေးတက္ကသိုလ်ကထွက်ပြီး စင်ကာပူကိုလာတော့ ကျွန်တော်နဲ့ အလွန်ရင်းနှီးတဲ့ (အမျိုးသမီး) မိတ်ဆွေတစ်ယောက်က အင်မတန် ရှုတ်ချပါတယ်။ ထုံးစံအတိုင်း အများသူငါပြောသလိုပေါ့။ ပညာတတ်တွေ ထွက်သွားတာ တိုင်းပြည် ဘယ်လောက်နစ်နာသလဲ ပေါ့။

ကျွန်တော် စိုက်ပျိုးရေးတက္ကသိုလ်မှာ ဆက်နေရင် အခုလို Piping Engineering တွေ၊ Safety နဲ့ပတ်သက်တဲ့ အသိပညာတွေ ရနိုင်ပါ့မလား။ ကိုယ့်မှာပဲရှိတဲ့ Agri Engineering အသိသညာလေးတွေကို အတင်း ခြစ်ချုပ်ပြီး သင်ပေးနေရအုံးမှာပါဘဲ။ နောက်ပြီး international standard တွေအကြောင်း လေ့လာဘို့ အခွင့်ရပါ့မလား။ နိုင်ငံခြား ပညာတော်သင် သွားရတယ်ဆိုရင်တောင် လက်တွေ့လုပ်နေရတာလောက်တော့ ဘယ်နည်းနဲ့မှ နားလည်နိုင်စရာ အကြောင်းမရှိပါ။ စာတွေ့ပဲ သိပါလိမ့်မယ်။

ကျွန်တော်တို့နိုင်ငံခြားထွက်လာလို့ တိုင်းပြည်နစ်နာသွားပါပြီတဲ့။ ပြည်တွင်းက အင်ဂျင်နီယာတွေရော။ အကုန် သိမ်းကြုံးပြောတာမဟုတ်ပါ။ ကျွန်တော့်ပတ်ဝန်းကျင်က လေးယောက်လောက်ကို နမူနာပြပါမယ်။
ကျွန်တော့်ရန်ကုန်ကအိမ် (တိုက် ၂၄အေ၊ နာနတ်တောလမ်း၊ ကမာရွတ်) မှာ ကျွန်တော်နဲ့အတန်းတူ သူငယ်ချင်း အင်ဂျင်နီယာ ၃ ယောက်ရှိပါတယ်။ အဲဒီ အင်ဂျင်နီယာသုံးယောက်လုပ်တာ တိုင်းပြည်အတွက် ဘယ်လောက် အကျိုးရှိသလဲဆိုတာ သွားကြည့်ပါ။ ခဏကလေး အပေါ်ယံလေး မကြည့်ပါနဲ့။ အနီးကပ်ပြီး တစ်လလောက် လေ့လာကြည့်ပါ။ ထုတ်ပြောရတာ မကောင်းပါဘူး။

နောက် ကျွန်တော်တို့တိုက်နဲ့ မလှမ်းမကမ်းမှာ တစ်ယောက်ရှိပါသေးတယ်။ လျှပ်စစ်အင်ဂျင်နီယာနဲ့ ကျောင်းပြီးတာပါ။ သိချင်ရင် ကျွန်တော့်အစ်မကြီး (ဖုံးနံပါတ် - ၇၀၉၅၁၀) ကို သွားမေးပါ။ သူ စုံရေဆန်ရေ အကုန်ပြောပြပါလိမ့်မယ်။


ကျွန်တော် စင်ကာပူကသူငယ်ချင်းတွေစုပြီး စနေဓမ္မမိတ်ဆွေများအဖွဲ့ဆိုပြီး လတိုင်း လှူနေတာ အခုဆို ၁၂ နှစ် ကျော်ပါပြီ။ အဲဒီ ၁၂ နှစ်အတွင်း အစိုးရ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းပေါင်း ၈၀ လောက်ကို ပြင်ပေးပြီးသွားပြီ။ ဘုန်းတော်ကြီးသင်၊ သီလရှင်သင်ကျောင်းပေါင်း ၇၀ လောက်ကို လှူပြီးသွားပြီ။ ပရဟိတ ဂေဟာ ၂၀ လောက်ကို အထောက်အပံ့တွေ ပေးပြီးပြီ။ တခြား ရေတွင်းရေကန်၊ လမ်းတံတား၊ ဆေးရုံဆေးခန်း၊ ပညာသင် ထောက်ပံ့ကြေးတွေ အတော်များများ လုပ်ပေးပြီးပြီ။ မြန်မာငွေ သိန်း ၁၀၀၀ ကျော်ဘိုး လှူပြီးပြီ။
မြန်မာပြည်မှာနေရင် အဲသလောက်လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်မထင်ပါ။

ကျွန်တော့်လခထဲကနေ ကိုယ်နဲ့ဘာသွေးသားမှမတော်စပ်တဲ့ မိဘမတတ်နိုင်တဲ့ ဆေးကျောင်းသူတစ်ယောက်ကို ပထမနှစ်ကနေ နောက်ဆုံးနှစ်၊ ဟောက်ဆာဂျင်ဆင်းပြီး ဘွဲ့ယူစရိတ်တွေပါမကျန် ကျွန်တော် ထောက်ပံ့ပေးခဲ့ဖူးပြီ။ ဒေါ်မေအေးဦးအဆက်အသွယ်နဲ့ ဆယ်တန်းတက်နေတဲ့ ကျောင်းသားတွေကို ကျောင်းထားပေးခဲ့ဖူးပြီ။

စိုက်ပျိုးရေးတက္ကသိုလ်မှာ ခုထိ ကျောင်းဆရာပဲဆက်လုပ်နေဦးမယ်ဆိုရင် အဲသလိုတွေ လုပ်ပေးနိုင်မလား ပြောပါ။
ဒါ ကျွန်တော်က စိုက်ပျိုးရေးတက္ကသိုလ်က ဆရာတွေကို နှိမ့်ချလို့ ပုန်ကန်လို့ ပြောတာမဟုတ်ပါဘူး။ ကျွန်တော် စင်ကာပူလာလုပ်လို့ ဒီလို ဒီလို အကျိုးကျေးဇူးတွေ ရတယ်ဆိုတာ (အခုထိ နားဖာမပေါက်သေးတဲ့သူတွေကို) ပြောပြတာ။

မြန်မာပြည်ကိုနှစ်ပတ်လောက်ပြန်တဲ့အတောအတွင်း ကျွန်တော် အိမ်မှာ အေးအေးဆေးဆေး ဇိမ်နဲ့နှပ်နေတာ လေးရက်တောင် မပြည့်ပါဘူး။ လယ်သမားတွေအတွက်၊ ကျောင်းသားတွေအတွက် ဟောပြောပွဲတွေ ကျွန်တော် လိုက်လုပ်ပေးတယ်။ သူတို့ကို ကျွန်တော့်ဘို့ ဘာလက်ဆောင်မှ မပေးပါနဲ့။ ရေတောင် တိုက်စရာမလိုပါဘူး။ ကျွန်တော်က ပြောချင်လွန်းလို့ လာပြောတာလို့ မှာထားပါတယ်။ ပိုက်ဆံလိုချင်လို့ လျှောက်လုပ်နေတာမဟုတ်ဘူး ဆိုတာ သိအောင် ပြောပြတာ။
ဒီနှစ် တနင်္သာရီတိုင်း၊ ရေဖြူကို သွားပြောမယ်။ တစ်ချက်ခုတ် သုံးချက်ပြတ်။
ကျောင်းသားတွေအတွက် ပညာရဲ့တန်ဘိုး။
လယ်သမားတွေအတွက် လယ်ယာလုပ်ငန်းခွင် အန္တရာယ်ကင်းရေး။
အလုပ်သမားတွေအတွက် ဆောက်လုပ်ရေး လုပ်ငန်းခွင် အန္တရာယ်ကင်းရေး ပြောမယ်။ ဖြစ်အောင် စီစဉ်ပေးပါ လို့ ကိုစံပွင့်ကို မှာထားပါတယ်။

အဆုံးသတ်ပါမယ်။

သြော်၊ ခဏလေး။ မေ့တော့မလို့။ ဟိုမမလေးက ပြောသေးတယ်ခင်ဗျ။ လူငယ်တွေကိုပဲ ပုံချနေတယ်တဲ့။
ပုံချတာ မဟုတ်ပါဘူးဗျာ။ လူငယ်တွေကို ဖြစ်စေချင်တာပါ။ ဘာဖြစ်လို့ လူငယ်တွေကိုပဲ ပြောရသလဲ။
လူကြီးတွေဆိုတာ အရိုးရင့်သွားပြီခင်ဗျ။ ဘယ်လိုပြောပြော နားမ၀င်တော့ဘူး။ ထုံသွားအီသွားပြီ။ နောက်တစ်ခုက သူတို့လူ့လောကမှာနေဘို့ အချိန်သိပ်မရှိတော့ဘူး။ ဒီတော့ ပြောလို့ရမဲ့၊ နားဝင်မဲ့၊ အနာဂတ်ကို ဖန်တီးနိုင်မဲ့၊ ဖန်တီးဘို့ အချိန်လဲရှိသေးတဲ့ လူငယ်တွေကိုပဲ အာရုံထားပြောရတာပါ ခင်ဗျ။

ဒီတော့ ဒီကနေ့ကစပြီး -

၁။ မိတ်ဆွေတို့ဆီမှာရှိတဲ့ စာအုပ်တွေ ဘီရိုထဲက ထုတ်ပါ။ လူငယ်တွေကို မျှဝေလိုက်ပါ။ ဖတ်လို့ စာအုပ်စုတ်သွားတာဟာ မဖတ်ဘဲနဲ့ဆွေးသွားတာထက် အများကြီးပိုတန်ဘိုးရှိပါတယ်။

၂။ အခါအားလျော်စွာ စာတွေရေးပါ။ ဘာသာရပ်ဆိုင်ရာ စာအုပ်တွေရေးထုတ်ပါ။ ကျွန်တော်တို့တိုင်းပြည်မှာ ဘာသာရပ်ဆိုင်ရာစာအုပ်တွေ အများကြီးလိုနေပါတယ်။ နောင်လာနောက်သားတွေအတွက် ကိုယ့်ပညာတွေ ဝေမျှပေးလိုက်စမ်းပါ။ (ကျွန်တော်က piping နဲ့ safety အကြောင်းလောက်ပဲ နားလည်တာပါ။ ကျွန်တော် နားမလည်တာတွေ အများကြီးပါ။ တစ်ယောက်တစ်လက် ၀ိုင်းကြ၀န်းကြမှ ဘာသာစုံ စာအုပ်တွေ ပေါ်ထွက်လာမှာပါ။)

၃။ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ၊ စကားဝိုင်းတွေ လုပ်ပေးပါ။ လူငယ်တွေကို မေးခွန်းတွေ မေးခွင့်ပေးပါ။ သူတို့ မေးလာခဲ့ရင် သေသေချာချာ ပြန်ဖြေပေးပါ။ ကိုယ်မသိဘဲ ရမ်းမဖြေပါနဲ့။ သူတို့မေးခွန်းကို စာနဲ့ရေးမှတ်ထားပါ။ နောက်ပြီး သိအောင်လုပ်ပါ။ အဖြေကို သေသေချာချာသိပြီဆိုမှ ဖြေပါ။ အဖြေမှားကြီးကို ဘယ်တော့မှ မပေးပါနဲ့။ ကျွန်တော်တို့ဟာ ဘုရားမဟုတ်တဲ့အတွက် အကုန်သိဘို့ တတ်ဘို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မတုံး။

အဲဒါပါဘဲခင်ဗျား။
စာအရှည်ကြီးဖတ်လိုက်ရလို့ အတော်အီသွားလောက်ပြီ။
အားနာပါတယ် မိတ်ဆွေများ။


ဟူး . . . အာညောင်းလိုက်တာ။ ဒီတစ်ခါ တကယ်တော်ပြီဗျို့။


အေးငြိမ်း
၁၆ စက်တင်ဘာ၊ ၂၀၁၄။ ည ၁၀း၁၄ နာရီ