Thursday, June 28, 2018

ကြိုးကြာတောင်ပံ နှင့် ဝသန်လေ

(၁) ဂျင်းထည့်သည် ဆိုခြင်း

မနေ့က ဆရာဝန်တစ်ယောက်၏ ပို့စ်တစ်ခုကို ဖတ်လိုက်ရပါသည်။

သူက စာရေးဆရာများသည် ခေတ်အဆက်ဆက်က ဆရာဝန်များကို ဂျင်းထည့်ခဲ့ကြောင်း၊ သူတို့ရေးခဲ့သောစာများကြောင့် ဆရာဝန်များအပေါ် လူနာများ နားလည်မှုလွဲခဲ့ရကြောင်း (သူက ဝတ္တုများထဲတွင် ဆရာဝန်များက အစဉ်အမြဲပြုံးရွှင်နေသည့် အတွက် ပြင်ပလောက၌ ဆရာဝန်များက ပြုံးမပြသည့်အခါ လူဆိုးကြီးများဖြစ်ကြရကြောင်း စသဖြင့်ရေးထားပါသည်။ မူရင်းတွင် ဖတ်ကြည့်ပါ။)

ဝတ္တုထဲက ဆရာဝန်များမှာ အလွန်တော်ကြ၊ တတ်ကြကြောင်း၊ ထိုအခါ ပြင်ပလောကမှ ၎င်းတို့ကဲ့သို့ ဆရာဝန်ငယ်များမှာ အလွန် မျက်နှာငယ်ကြရကြောင်း။

လင်္ကာရည်ကျော်၏ ဇာတ်ကောင်ဆရာဝန်မှာ နယ်သို့အလွန်သွားချင်သူဖြစ်ကြောင်း၊ ထိုကဲ့သို့ လမ်းပမ်းဆက်သွယ်ရေး မကောင်း သည့်နေရာသို့သွားပြီး လူစွမ်းကောင်းလုပ်ပြခြင်းသည် ထိုနေရာများသို့ မသွားချင်သူ ဆရာဝန်များအား လူဆိုးကြီးများဟု အထင်ခံရစရာ ဖြစ်လာကြောင်း၊ လူအများအား ထိုဒေသများကို လမ်းပမ်းဆက်သွယ်ရေး ကောင်းလာအောင် လုပ်ပေးရမည် ဟူသော အတွေးအခေါ်များမှ ကင်းဝေးသွားစေကြောင်း . . စသဖြင့် ရေးထားပါသည်။ (လမ်းပမ်းဆက်သွယ်ရေး ခေါင်းပါးတဲ့ဒေသ က သူတွေအတွက် လုပ်ကိုင်ပေးချင်လို့သွားတာနဲ့ "လူတွေအမြင်မှာ လမ်းပမ်းဆက်သွယ်ရေးကောင်းလာအောင် ဘယ်လို လုပ်ပေးရမယ်ဆိုတဲ့ အတွေးမဝင်တော့ပါဘူး" ဆိုတော့ကာ အင်း၊ ဘယ်လိုအတွေးအခေါ်တွေနဲ့များ ဆြာဝန်ဖြစ်လာပါလိမ့်။ အံ့သြဘ။)

ထို့ပြင် တက္ကသိုလ်ဘုန်းနိုင်၏ ဇာတ်ဆောင် အထူးကုဆရာဝန်ကြီးက အစိုးရဆေးရုံမှာ တောကအဘွားကြီးကို နားဖောက်ပေးတာ ပင် အပြစ်တစ်ခုလို ဝေဖန်ထားပါသည်။ တစ်ယောက်က ကွန်မင့်မှာ ထိုအခန်းကို ဝတ္ထုမှ screen shot ရိုက်ကာ တင်ပေးထားပါ သည်။ မိတ်ဆွေတို့ သွားဖတ်ကြည့်ပါ။ ဘယ်သူကမှ သူ့နားကို ဖောက်မပေးလို့ ဆရာဝန်ကြီးဆီလာ မေတ္တာရပ်ခံလို့ ဆရာဝန်ကြီးက မေတ္တာနဲ့ နားဖောက်ပေးတဲ့ကိစ္စကို နားမလည်နိုင်တာ ကျွန်တော်ဖြင့် အံ့သြလို့ မဆုံးနိုင်ပါ။

ထို့ပြင် ကြိုးကြာတောင်ပံခတ်သံမှ ဆရာဝန်မှာ ထမင်းစားချိန်ပင် မရလောက်အောင် လူနာများအပေါ် စေတနာလွန်ကဲလှပါသည်။ ထမင်းစားချိန်သည် ၁၀ မိနစ် ၁၅ မိနစ်ထက် ပိုမကြာပါ။ သို့အတွက် လူနာများကို ကုသနေရ၍ ထမင်းငတ်သည်ဆိုသည်မှာ လွန် လွန်လွန်းလှသည်ဟု ဆိုပါသည်။ သူပြောတာ ဖြစ်နိုင်ပါသည်။ သို့သော် အချိန်မီမခွဲလိုက်ရလျှင် ထို ၁၀ မိနစ် ၁၅ မိနစ်အတွင်း သေသွားနိုင်သည့် ကိစ္စများလည်းရှိကြောင်း ဆရာဝန်တစ်ဦးနေနှင့် သူမသိတာမဖြစ်နိုင်ပါ။ (ထိုကဲ့သို့ဆရာဝန်များ အပြင်တွင် တကယ်ရှိကြောင်း စာရေးသူ ဆရာဝန်ကြီးက ဝန်ခံထားတာကို အမှာစာတွင် ဖတ်နိုင်ပါသည်။)

သူအဓိကဝေဖန်သည်မှာ စာရေးစရာ သုံးဦးကို ဖြစ်၏။ တက္ကသိုလ်ဘုန်းနိုင်၊ လွန်းထားထား (ဆေးတက္ကသိုလ်) နှင့် လင်္ကာရည်ကျော် တို့ ဖြစ်၏။

သူ့အပြောအရ ထိုစာရေးဆရာများ၏ ဆရာဝန်များမှာ အလွန်သိ၊ အလွန်တတ်၊ အလွန်တော်၊ အလွန်စိတ်ထားမြင့်မြတ်၊ အလွန် ချမ်းသာသူများဖြစ်ပြီး ဝတ္ထုအလွန်ဆန်လွန်းနေသည် ဟု ဆိုပါသည်။ (အယ်မယ်လေးဗျာ၊ ဝတ္ထုထဲကဇာတ်ကောင်ကို ဝတ္ထုဆန်ပါ သည် ဆိုတော့ ကျွန်တော့်မှာ ငါးသလောက်ပြုံးသလို ပြုံးမိလိုက်ရပါ၏။)

သူကိုယ်တိုင်က မေ့နေသည်မှာ သူသည် ကောင်းကင်တစ်နေရာမှထိုင်ကာ တကယ့်လူ့လောကမှ လူများကို ကြည့်နေခြင်း မဟုတ်ဘဲ ဝတ္ထုတစ်ပုဒ်ကို ဖတ်နေသည်ဟု သတိမထားမိခြင်း ဖြစ်ပါသည်။

Post link:
https://www.facebook.com/min.htetnaing.18/posts/2011208935580471

(၂) အနုပညာ

ဝတ္တုဆိုသည်မှာ တကယ့်အဖြစ်အပျက်များပေါ်အခြေခံကာ စာရေးဆရာ၏ စိတ်ကူးနှင့်ပေါင်းစပ်ပြီး စာဖတ်သူကို တစ်ခုခုပေးရန် ရေးသားထားသည့် စာပေတစ်မျိုးဖြစ်ပါသည်။ သို့အတွက် ဝတ္တုအားလုံးမှာ စိတ်ကူးယဉ်ချည်းဖြစ်ပြီး မည်သည့်ဝတ္တုမှ အပြင် လောကမှာ တကယ်ဖြစ်ပျက်နေသည့်အတိုင်း ရေးသားထားတာ မရှိပါ။ အပြင်လောကမှာ တကယ်ဖြစ်ပျက်နေသည့်အတိုင်း ရေးမည်ဆိုလျှင် ဝတ္တုမဟုတ်တော့ဘဲ အတ္ထုပ္ပတ္တိသာ ဖြစ်ပါလိမ့်မည်။ အတ္ထုပ္ပတ္တိတွင်ပင် ဖတ်ကောင်းအောင် အနည်းငယ် ပြုပြင် ရေးရပါသေးသည်။

ဝတ္ထုရေးရာတွင် ချန်သင့်သည့်အရာများကို ချန်ခဲ့ရသည်။ ထည့်သင့်သည့် အရာများကို ထည့်ရသည်။ ဖိသင့်သည့်အကြောင်းအရာ များကို ဖိရသည်။ ဖော့သင့်သည့် အကြောင်းအရာများကို ဖော့ရသည်။ ပြင်ပလောကအတိုင်း ရေးလို့ ဘယ်လိုမှမရပါ။ မိမိပေးလိုသည့် သတင်းစကားကို လူအများသတိပြုမိလာအောင် မီးမောင်းထိုးပြခြင်းသည်ပင်လျင် အနုပညာဖြစ်ပါသည်။

ဤသည်မှာ အနုပညာ၏လုပ်ရပ်၊ အနုပညာ၏ တာဝန်ပင်ဖြစ်၏။

မိတ်ဆွေတို့ ဝတ္တုများစွာဖတ်ဖူးပါလိမ့်မည်။ ရုပ်ရှင်ကားများစွာ ကြည့်ဖူးကြပါလိမ့်မည်။ ကာတွန်းစာအုပ်များစွာ ဖတ်ဖူးကြပါ လိမ့်မည်။ မည်သည့်ရုပ်ရှင်၊ ကာတွန်း၊ ဝတ္တုသည် အပြင်၌ တကယ်ဖြစ်ပျက်နေသည့်အတိုင်း ရေးသား၊ ရိုက်ကူးထားတာ ရှိပါ သနည်း။ အကယ်၍သာ အပြင်မှာဖြစ်ပျက်နေသည့်အတိုင်း ရေးသား၊ ရိုက်ကူးမည်ဆိုလျှင် ထိုဝတ္ထုရေးဆရာမှာ ထမင်းငတ်ကိန်း ရှိပြီး ထို ရုပ်ရှင်မှာ ခွက်ခွက်လန်အောင်ရှုံးကာ ရုပ်ရှင်ကုမ္ပဏီမှာ ဒေဝါလီခံရကိန်းရှိသည်။

ယခု - တစ်ပတ်လျှင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀ လောက်ဝင်ငွေရခဲ့သည့် Jurassic World, Deadpool 2, Infinity World စသည်တို့ကို ကြည့်ပါ။ မည်သည့်ကားသည် အပြင်လောကနှင့် ကိုက်ညီပါသနည်း။ ဤကားများထဲကအတိုင်းသာ အပြင်၌ ဖြစ်ကြစတမ်းဆို လူတွေတောင် နေစရာရှိတော့မည် မဟုတ်ပါ။ ဤမျှသဘာဝမကျသောကားများဖြစ်ပါလျက် အဘယ်ကြောင့် လူကြိုက်များရပါသနည်း။ ထိုကားများဆိုလျှင် ပြင်ပလောကမှ တကယ့်အဖြစ်အပျက်များကို အခြေခံတာပင် မဟုတ်။ တစ်ကားလုံး စိတ်ကူးယဉ်ချည်း ဖြစ်၏။

အနုပညာတွင် ပရိသတ်ကိုဆွဲဆောင်ရန် ဇာတ်နာအောင် လုပ်ပေးရတာတွေ ရှိသည်။ အပြင်လောက က အတိုင်းသာရေးပါက မည်ကဲ့သို့ စိတ်ဝင်စားစရာ ကောင်းပါမည်နည်း။ လူကြမ်းက မင်းသားကို နှိပ်စက်သည့်အခန်း၌ သာသာထိုးထိုးကလေး နှိပ်စက် ပေးရသည်။ သို့မှသာ ပွဲကြည့်ပရိသတ်က လူကြမ်းကိုမုန်းပြီး မင်းသားကို သနားမည်မဟုတ်ပါလော။

မိတ်ဆွေတို့ သတိထားမိပါလိမ့်မည်။ မည်သည့်ရုပ်ရှင်၊ ဝတ္ထုဖြစ်စေ၊ ဇာတ်အထွဋ်ကိုရောက်ပြီဆိုလျှင် မင်းသားမှာ သေခါနီးထိ အလူးအလဲခံရတာချည်း ဖြစ်၏။ လူဆိုးများက ဇာတ်လိုက်ကို အသဲအသန် နှိပ်စက်နေစေခြင်းဖြင့် ပရိသတ်ကို မရိုးမရွ ဖြစ်စေသည်။ သို့သော် မင်းသားဟူသည် သေရိုးထုံးစံမရှိ။ နောက်ဆုံးတွင် သေခါနီးဆဲဆဲမှ ထလာကာ ၎င်းကို အပြတ်အသတ် နှိပ်စက်ခဲ့သော အင်မတန် အားခွန်ဗလ ကောင်းလှသည့် လူဆိုးကြီးကို လက်သီးကလေးတစ်ချက်တည်း ထိုးကာ အနိုင်ယူ လိုက်နိုင်သည်ချည်း ဖြစ်၏။ ဤသည်မှာ သဘာဝကျပါသလား။ လုံးဝမကျပါ။ သို့ပေမင့် ဤသည်ကိုပင် ပရိသတ်က သဘောကျ နှစ်ချိုက်နေကြတာ ဖြစ်လေသည်။

Infinity world တွင် ဇာတ်လိုက်ကို အနိုင်မပေးဘဲ သေပစ်လိုက်သည့်အတွက် ကျွန်ုပ်သည်ပင်လျှင် ရုံထဲကထွက်လာသည့်အခါ ရင်ထဲ၌ မတင်မကျ၊ ခိုးလိုးခုလု ဖြစ်ခဲ့ရပါသေးသည်။ ကလေးဆန်တယ်ပဲပြောပြော Avengers အဖွဲ့ကို အနိုင်ရစေချင်သည်။

ဤသည်ကိုမှ သဘာဝမကျ၍ မကြည့်ချင်ပါဆိုလျှင် မကြည့်ပါနှင့်။ ဘာမှမဖြစ်ပါ။ ကြည့်ချင်သူတွေ ကြည့်ပါလိမ့်မည်။

အကယ်၍ သင်သည် သဘာဝအတိုင်းချည်းသာ ကြည့်လိုပါသည်ဆိုလျှင်၊ သဘာဝအလွန်ကျသည့် ဇာတ်ရုပ်များကိုသာ ဖတ်လိုသည် ဆိုပါလျှင် သင်္ဘောဆိပ်၊ ဘူတာရုံ၊ စူပါမားကက်ကြီးများ၊ သီရိမင်္ဂလာဈေး၊ လှိုင်သာယာက မီးခွက်ဈေး၊ ကျူးကျော် တဲများ စသည်တို့သို့သွားကာ တစ်နေကုန် တစ်နေခမ်း ထိုင်ကြည့်ပါလေ။ အလွန်သဘာဝကျလှသည့် လှုပ်ရှားမှုများကိုသာ တွေ့ရမည်ဖြစ်သတည်း။

သို့မဟုတ် လက်တွေ့ဆန်သည့်စာများကိုသာ ဖတ်လိုပါသည်ဆိုလျှင် သတင်းများကိုဖတ်ပါ။ သတင်းများသည် လက်တွေ့အဖြစ် အပျက်များကို တကယ်ဖြစ်သည့်အတိုင်း ရေးထားတာဖြစ်ပါသည်။

ဝတ္ထုများ၊ ကာတွန်းများ၊ ရုပ်ရှင်များ၌ သဘာဝကျသည့် အချင်းအရာကိုရှာနေပါသည် ဆိုလျှင်တော့ အတော်ရူးသည့်သူဟုသာ သမုတ်ရပေလိမ့်မည်။

(၃) ကြိုးကြာတောင်ပံခတ်သံ

အဝေးသင်တက္ကသိုလ်၊ တတိယနှစ်မြန်မာစာ၌ ကြိုးကြာတောင်ပံခတ်သံ သည် ပြဋ္ဌာန်းစာတစ်ပုဒ်အဖြစ် ပါလာ၏။ ထို့ကြောင့် ကျွန်တော်လည်း ဆရာလင်္ကာရည်ကျော်၏ ကြိုးကြာတောင်ပံခတ်သံကို ဖတ်ပါသည်။ ဝတ္တုကလေးမှာ တော်တော်ကောင်း၏။ တက်သစ်စ ဆရာဝန်ကလေးများကို သူ့ဝတ္တုဖြင့် ဆရာဝန်တို့၏ကျင့်ဝတ်၊ ပြောဆိုနေထိုင်၊ လုပ်ကိုင်ရမည့် သဘောတရားများကို ညွှန်ပြသွားသည်ဟု နားလည်မိပါသည်။

ဆရာကြီးကိုယ်တိုင်ကလည်း သူ့ဝတ္တုမှ ဒေါက်တာလတ်ငြိမ်းမှာ ပြင်ပလောကတွင်  သူတွေ့ခဲ့ဖူးသည့် ဆရာဝန်များ၏ စွန့်လွှတ် စွန့်စားခဲ့မှု၊ အနစ်နာခံခဲ့မှုများကို ကိုယ်စားပြုရေးဖွဲ့ထားခြင်းဖြစ်ကြောင်း ဝန်ခံထားပါသည်။ ဆိုလိုသည်မှာ ဒေါက်တာလတ်ငြိမ်း သည် စိတ်ကူးယဉ်သက်သက်မဟုတ်။ ဒေါက်တာလတ်ငြိမ်းကဲ့သို့ ဆရာဝန်တွေ ပြင်ပလောကမှာ အများကြီးရှိသည်။ (သို့သော် ဒေါက်တာလတ်ငြိမ်းမှာ ပြင်ပလောကမှ ဆရာဝန်တစ်ယောက်ကို ကိုယ်စားပြုခြင်းမဟုတ်မူ၍ အပြင်တွင် တကယ်ရှိခဲ့ဖူးသော ဆရာဝန်များ၏ ကောင်းမြတ်သည့် လုပ်ရပ်များကို စုစည်းကာ ဒေါက်တာလတ်ငြိမ်း၌ အားလုံးစုပြုံထည့်ထားခြင်း ဖြစ်ပါသည်။)

ကြိုးကြာတောင်ပံခတ်သံမှ ဆရာကြီးပေးချင်သည့် သတင်းစကားမှာ ဆရာဝန်များသည် လူနာများကို ပြုစုကုသရာ၌ စေတနာ၊ မေတ္တာအပြည့်ထားပါ ဆိုတာ ဖြစ်ပါသည်။ ဤသတင်းစကားလေးတစ်ခုကို ကြိုးကြာတောင်ပံခတ်သံအဖြစ် ဖန်တီးထားတာ ဖြစ်၏။ ဝတ္ထုရေးဆရာတို့၏ အတတ်ပညာဖြင့် ဒေါက်တာလတ်ငြိမ်းကို ပရိသတ် သဘောကျလာအောင်၊ ဒေါက်တာလတ်ငြိမ်းကဲ့သို့ လုပ်ချင်ကိုင်ချင်စိတ်များ စာဖတ်သူရင်ထဲရောက်သွားအောင် ဒေါက်တာလတ်ငြိမ်းကို သာမန်လူသားများထက် ပိုလွန်ဖန်တီးရမည် မှာ သေချာလှပါသည်။

(သို့တိုင် ကြိုးကြာတောင်ပံခတ်သံ၏ ဇာတ်သိမ်းပိုင်းကိုမူ ကျွန်တော်မကြိုက်ပါ။)

ဆရာကြီးမင်းသိင်္ခ၏ လျက်ဆားပုလင်းအာဖျံကွီး (ဟုတ်ပေါင် မောင်ဝဏ္ဏနဲ့ မှားကုန်ပြီ) ဆားပုလင်းနှင်းမောင်လိုလူမျိုး မြန်မာပြည်၌ ပေါ်ထွန်းခဲ့ဖူးသည်ဟု အသင်တို့ ကြားဖူးပါသလော။ ဆားပုလင်းနှင်းမောင်၌ သဘာဝ ယုတ္တိမတန်သည့် အရည်အချင်းများ အကုန် ရှိသည်။ သို့သော် ကျွန်ုပ်တို့သည် ဆားပုလင်းနှင်းမောင်ကို မချစ်ပါသလော။ အဘယ်ကြောင့်နည်း ဥပဒေဘက်တော်သားဖြစ်ကာ မကောင်းမှုကို နှိမ်နှင်းနေသူဖြစ်သည့်အတွက် ချစ်ကြပါသည်။ ၎င်း၏ယောက်ျားပီသမှု၊ အရာရာကို တတ်သိနားလည်မှုများကပင် ပရိသတ်ကို လူစွမ်းကောင်းတစ်ဦးအဖြစ် နှစ်သက်လာစေရန် ဆွဲဆောင်ပေးထားသည်။

အကယ်၍ ဝတ္ထုဇာတ်လိုက်တစ်ဦးသည် သူလိုငါလို ငဒူတစ်ယောက်သာဖြစ်သည် ဆိုလျှင်ဖြင့် မည်သူ စိတ်ဝင်စားပါမည်နည်း။
ဤသည့်အချက်လောက်မှ အကဲမခတ်တတ်သည့် ထို ဆရာဝန်အား ကျွန်ုပ်မှာ လွန်စွာမှ သနားကရုဏာ သက်မိပါသည်။

ဤသည်မှာ ကျွန်တော့်အယူအဆ သက်သက်ဖြစ်၏။ မှန်ရမည်။ မိတ်ဆွေတို့ သဘောတူရမည်ဟု မဆိုလို။
လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါသည်။ သဘောကွဲလွဲနိုင်ခွင့် လူတိုင်းတွင်ရှိ၏။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၈ ဇွန်လ၊ ၂၀၁၈

Monday, June 25, 2018

Voluntary Standards

ယနေ့ SMCES ဟောပြောပွဲအပြီးတွင် တစ်ယောက်က ISO45001 ကို အဘယ်ကြောင့် လိုက်နာကျင့်သုံးရန် လိုပါသနည်း။ ဤစံနှုန်းမှာ မသုံးမနေရဖြစ်ပါသလော။ ဤစံနှုန်းကို မသုံးလျှင် မည်ကဲ့သို့ အပြစ်ပေး အရေးယူခံရနိုင်ပါသနည်း ဟု မေးလာပါသည်။

စံနှုန်းများ (Code of Practices, Standards) မှာ ဥပဒေမဟုတ်ပါ။ ဥပဒေ၊ နည်းဥပဒေ (Law, Act, Rules and Regulations) စသည်တို့ကိုသာ မလိုက်နာလျှင် အရေးယူလို့ရပါသည်။ ဥပဒေမဟုတ်သည့် စံနှုန်းများကို မလိုက်နာလျှင် အရေးယူလို့မရပါ။

သို့ဆိုလျှင် ဘယ့်အတွက် သည်စံနှုန်း၊ စနစ်များကို အရေးတကြီးထား ပြောဆိုနေရပါသနည်း။

ဥပမာ ပြပါမည်။

ကလေးတစ်ယောက်သည် ကွမ်းစားခြင်းအမှု၊ ဆေးလိပ်သောက်ခြင်းအမှုများကို ငယ်စဉ်ကတည်းက ပြုသည်။ ဟိုနားစီကနဲဆိုလည်းသူ၊ သည်နားစီကနဲဆိုလည်းသူ ဆိုလျှင် ရပ်ရွာချဉ်ဖတ်မဖြစ်ပါလော။ အမှန်ပင် ဖြစ်ပေမည်။ သို့သော် ဤကဲ့သို့ဖြစ်နေခြင်းဖြင့် ထိုကလေးကို မည်ကဲ့သို့ အရေးယူလို့ ရပါသနည်း။ အရေးယူလို့မရသည့်တိုင် ထိုကလေးကို ရပ်ရွာက မည်ကဲ့သို့ သုံးပါမည်နည်း။ မည်သူ မျက်နှာသာ ပေးပါမည်နည်း။

ကလေးတစ်ယောက်သည် ငယ်စဉ်ကတည်းက စည်းကမ်းနှင့် ကလနားနှင့်နေလာသည်။ လူကြီးသူမ ပြောစကားကို နားထောင်သည်။ ငယ်စဉ်ကတည်းက တတ်သိလိမ္မာသည်ဆိုလျှင် ထိုကလေးကို ရပ်ရွာက မချစ်ပါသလော။ မချီးမွမ်းပါသလော။ ထိုကလေးကို မျက်နှာသာ မပေးပါသလော။

Standard ဆိုသည်များမှာလည်း ဤအတိုင်းပင်ဖြစ်၏။ သင်တို့အား စက်မှုဇုန်ထုတ်ကားများနှင့် နိုင်ငံခြားမှ တင်သွင်းလာသည့် မူရင်းကားများကို ရွေးပါဆိုလျှင် သင်တို့သည် မည်သည့်ကားကို ရွေးမည်နည်း။ အဘယ်ကြောင့်နည်း။

ပစ္စည်းချင်းတူပါက ဂျပန်လုပ်ပစ္စည်းနှင့် တရုတ်လုပ်ပစ္စည်းနှစ်ခုအနက် သင်တို့သည် မည်သည့်ပစ္စည်းကို ရွေးမည်နည်း။ အဘယ်ကြောင့်နည်း။

ဤသည်မှာ စံနှုန်းများရှိခြင်း၏ အားသာချက်ပင် ဖြစ်ပါသည်။ တိုယိုတာဟေ့ ဆိုလျှင် ပြောစရာကိုမလို။ ဘယ်လိုကားမှန်း လူသိသည်။ မာစီးဒီးဟေ့ဆိုလျှင် ဘယ်လောက်တန်မှန်း ပြောစရာကိုမလို။ (ဖို့ဒ်ကားအကြောင်းကိုတော့ ရန်ကုန်အစိုးရ ပြောပါလိမ့်မည်။)

ထို့ကြောင့် ကျွန်ုပ်က အထက်ပါမေးခွန်းမေးလာသူမိတ်ဆွေအား ဤကဲ့သို့ ပြန်ဖြေလိုက်ပါသည်။

"ဤစံနှုန်းများကို မလိုက်နာခြင်းဖြင့် မည်ကဲ့သို့မှ အရေးယူလို့မရပါ။ သို့သော် ဥပဒေအရ မလိုအပ်သော်လည်း ဈေးကွက်အတွက် အလွန် အရေးကြီးပါသည်။ အသင်၏ ကုမ္ပဏီ၊ လုပ်ငန်း အောင်မြင်ဘို့ရာ၊ အသင်၏ ပစ္စည်းများကို လူကြိုက်များဘို့ရာ အသင်သည် ဤစံနှုန်းများအတိုင်း လိုက်နာလုပ်ဆောင်ရန် လိုပါသည်။ အသင်၏ Name Card ပေါ်တွင် ISO45001 တံဆိပ်ကို ထည့်နိုင်မည်။ အသင်၏ကုမ္ပဏီသည် ISO9001, ISO14001 လက်မှတ်များ ရထားပါသည်ဆိုလျှင် အခြားသူများထက် သင်သည် ဈေးကွက်တွင် ပို၍ မျက်နှာပန်းလှလိမ့်မည်။ အသင်၏ပစ္စည်းများကို လူကြိုက်ပိုများလိမ့်မည်။ သို့အတွက် ဤစံနှုန်းလက်မှတ်များကို ရယူထားရန် လိုပါသည် ခင်ဗျား။"

(ကိုရွေသန်းရေ့ -
ကျွန်တော် ISO45001 အကြောင်း မြန်မာလို စရေးနေပါပြီခင်ဗျား။
ဒါပေမယ့် လောလောဆယ် ကျောင်းသုံးစာအုပ်တွေက သောက်တလွဲတွေအကြောင်းရေးနေတာ လက်စသပ်လိုက်ပါအုံးမယ်။ အဲဒီ ဆောင်းပါးကို ဂျာနယ်တိုက်ပို့ပြီးမှ ISO45001 ကို ဆက်ပါမယ်။)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၅၊ ဇွန်လ၊ ၂၀၁၈

Wednesday, June 20, 2018

အိမ်အကူများအတွက် ILO ပြဋ္ဌာန်းချက်




























၅ တန်း သင်္ချာ

ကမ္ဘာပေါ်က ဘယ်ဒေသမှာ မိုးရေချိန် မီတာ ၁၀၀ ရွာပါသလဲ? 
ပညာရေးဝန်ကြီး လာဖြေပါ . . .
.
.
.
.
လို့
. . . 
နာမေးရရင်
မကောင်း ရှိရော့မယ်

၅ တန်း သင်္ချာ အတွဲ (၁) စာမျက်နှာ ၁၁၇.

အဲလေ အခု ကျွန်တော် ၅ တန်း နဲ့ ၈ တန်းစာအုပ်တွေကို
မိုက်ခရိုစကုပ်နဲ့ လိုက်ရှာနေပါကြောင်း
(ပညာရေးဝန်ကြီး ကြိုပြီး ရင်တုန်လို့ရအောင် စေတနာနဲ့ အသိပေးတာပါ)


အေးငြိမ်း
၂၀ ဇွန် ၂၀၁၈


Sunday, June 17, 2018

သူများမျက်ရည်နှင့် ထမင်းစားခြင်း

(၁)

ဤဒွန္နယာကြီးတွင် ဘယ်သူသေသေ ငတေမာပြီးရော ဆိုသည့်သူများသည် ရှိ၏။ အခြားသူများ ဘယ်လိုနေနေ၊ ဘာဖြစ်ဖြစ် သူတို့ ဂရုမစိုက်။ ငါ့ဘို့တစ်ဘို့တည်းသာ တွေးကြလေသည်။ အခြားသူများ မျက်ရည်ပေါက်ကြီးငယ်ကျတာ သူတို့အလုပ်မဟုတ်။ အခြားသူများ ဒုက္ခပင်လယ်ဝေသွားတာ သူတို့နှင့် လားလားမှ မပတ်သက်။ သူတို့ရဘို့သာ သိသည်။ သူတို့ရဘို့ဆို ဘာမဆို လုပ်ရဲသည်။ ဘာမဆို လုပ်ဝံ့သည်။ သံသရာတို့၊ ငရဲတို့၊ ဝဋ်တို့ဆိုတာ သူတို့ အဘိဓာန်တွင် မရှိ။

ထိုသူများသည် ၎င်းတို့ပြုခဲ့သော မကောင်းမှုများကို ချေဖျက်ရန် ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်း စသော အမှုများကိုလည်း ပြုကြလေသေး၏။ သို့သော် မကောင်းမှုသည် မကောင်းမှုသာ ဖြစ်၍ ကောင်းမှုသည် ကောင်းမှုသာ ဖြစ်လေသည်။ ကောင်းမှုနှင့် မကောင်းမှုကို ချေဖျက်လို့ရသည်ဟု ၎င်းတို့ကို မည်သူကများ သင်ပေးထားပါလိမ့်။ ကုသိုလ်ပြုသည်ဆိုရာ၌ မည်မျှကုသိုလ်ရသည် ဆိုသည်မှာ ပြုသူ၏ စိတ်စေတနာပေါ် များစွာ မူတည်နေ၏။ မကောင်းမှုလုပ်တာတွေကို ချေဖျက်ဘို့ ကုသိုလ်လုပ်သည်ဆိုလျှင်ဖြင့် စကတည်းက မမှန်သောစေတနာဦးဆောင်နေ၍ ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာ ဖြစ်ဘို့သာများလေသည်။

ထိုငတေများထဲတွင် ခေါင်းပေါင်းကြီးနှင့်၊ တိုက်ပုံကြီးနှင့် လူရှေ့သူရှေ့တွင် ဟန်ကြီးပန်ကြီး၊ ဆောင့်ကြွား ဆောင့်ကြွား လုပ်နေသူများလည်းပါ၏။ လည်ပင်းတွင် လက်မလုံးလောက် ရွှေဆွဲကြိုးကြီးဆွဲထားကာ တစ်လောကလုံးကို သူတစ်ယောက်တည်း လုပ်ကျွေးနေရသည့် မျက်နှာပေးမျိုးရှိသော ဒေါ်စိန်မမတို့လည်း ပါ၏။ 

တော်တန်ရုံလူ သူတို့အနားမသီဝံ့။ မျက်နှာကျောတစ်ချက်လောက် မြင်ရရုံနှင့် ဆယ်ခါပြန် ဖျားသွားလောက်သည်။ ထို့ကြောင့် သူတို့ပါးစပ်ဖျားမှထွက်သမျှ ဥပဒေကဲ့သို့ယူမှတ်ကာ လိုက်နာလက်ခံကြရ၏။ တော်တန်ရုံလူ အထွန့်မတက်ရဲ။ မမှန်ဘူးထင်၍ မဝံ့မရဲများ အထွန့်တက်မည်မကြံနှင့်။ မျက်ခုံးတစ်ဖက် ပင့်ကြည့်လိုက်ရုံနှင့် "မဟုတ်၊ မဟုတ်ပါဘူးခင်ညာ၊ ကျွန်တော်က ဒီလိုထင်လို့ ပြောမိတာပါ၊ တောင်းပန်ပါတယ်" ဟု ကိုယ့်စကားကိုယ် ပြန်ရုပ်သိမ်းသွားရလိမ့်မည်။

(၂)

ကျွန်တော်က စင်ကာပူမှာ အိမ်အကူအနေနဲ့အလုပ်လုပ်ဖို့ အနည်းဆုံး အသက် ၂၃ နှစ်ပြည့်ရမယ် ဟု ဆိုသည့်အခါ အသက်ခပ်ကြီးကြီး သင်တန်းသူတစ်ဦးက အသက်အငယ်ဆုံးက ၂၃ နှစ်ဆိုတော့ အသက်အကြီးဆုံးကို ဘယ်လို သတ်မှတ်ထားပါသလဲ ဟု မေးလာ၏။ ဟုတ်ကဲ့၊ လျှောက်လွှာတင်တဲ့အချိန်မှာ အသက် ၅၀ ထက် မကျော်ရင်ရပါတယ် ဟု ဖြေလိုက်သောအခါ သူ့ခမျာ ပင့်သက်ရှိုက်သွားရှာ၏။

ဟင်၊ ကျွန်မကို အသက်ကြီးလို့ဆိုပြီး အသက်လျှော့ဘို့အတွက် ပိုက်ဆံ ၅ သိန်းတောင်းသွားတယ် ဆို၏။
ဒါဖြင့် ခင်ဗျားအသက်က ဘယ်လောက်မို့လို့လဲ ဆိုတော့ ၃၅ နှစ်ဆို၏။
အသက် ၃၅ နှစ်က အရမ်းကြီးနေလို့ ၃၂ နှစ်ကို လျှော့ချရမယ်။ အဲဒီအတွက် ၅ သိန်းကျမယ်။ မဟုတ်ရင် ထွက်လို့ရမှာ မဟုတ်ဘူး ဆိုတာနဲ့ ကျမလဲ လာချင်နေတော့ ၅ သိန်းပေးလိုက်ရတယ်။ ပိုက်ဆံကမရှိတော့ အတိုးနဲ့ချေးပေးလိုက်ရတယ် ဆိုကာ ငိုသံပါလာလျှက် မျက်ရည်များပါ ကျလာလေ၏။

သူမျက်ရည်ကျတော့ ကျွန်ုပ်လည်း မျက်ရည်ကျချင်လာသည်နှင့် မျက်တောင်ကို အသားကုန် ပုတ်ခတ်ပုတ်ခတ်လုပ်ရ၏။

ဒါတောင် ၅ သိန်းနဲ့မလောက်လို့ဆိုပြီး နောက်ထပ် တစ်သိန်းခွဲ ထပ်တောင်းသွားသေးတယ် ဆို၏။
အဲဒီ အေးဂျင့်နာမည်သိလားဆိုတော့ အင်္ဂါနံနှစ်ထပ်ကို ဗုဒ္ဓဟူးနောက်ပိတ်ထားသည့် နာမည်တစ်ခု ရွတ်ပြ၏။

အင်း၊ မြန်မာပြည်က အေးဂျင့်တွေကတော့ လူတွေရဲ့ မသိနားမလည်မှုပေါ် အခွင့်ကောင်းယူပြီး လုပ်စားနေကြတာ အတော် စိတ်ပျက်စရာ ကောင်းတယ်ဗျာ။ ဒါနဲ့ အေးဂျင့်ဖီးက ဘယ်လောက်ပေးခဲ့ရသလဲ ဆိုတော့ -
(၇) လ စာဟု ဆို၏။ ဟိုက် ရှားဘားစ်။
ဘယ့်နှယ်ဗျာ။ လူတကာ (၆) လစာပဲယူတဲ့ကိစ္စ သူက ဘာကိစ္စ (၇) လဖြစ်သွားရသလဲဟု ကျွန်ုပ်လည်း ငိုချင်ရက်ဖြစ်နေသူကို လက်တို့လိုက်၏။
နောက်ပြီး သူများတွေပြောတာ အိမ်ပြောင်းရင် (၁) လစာ ပေးရတယ် ပြောတယ်။
ဟုတ်တယ်လေ။ အိမ်တစ်ခါပြောင်းရင် (၁) လစာ၊ ဒါ ထုံးစံဘဲ။
မဟုတ်ဘူးရှင့်။ အိမ်တစ်ခါပြောင်းရင် နှစ်လစာပေးရမယ်လို့ ကျွန်မကို ပြောလိုက်တယ်။

ကိုင်း၊ သူ့ထက်ဆိုးတဲ့သူတောင် သူ့လောက်ဆိုးမယ်မထင်ပါလား အရပ်လူကြီးတို့။ စင်ကာပူမှာ လုပ်သမျှ သူ့အတွက်ချည်း ဖြစ်နေပါပေါ့လား။ ဘုရား၊ ဘုရား။

သင်တန်းအပြီးတွင် -
ကိုယ်က ပညာလည်းမတတ်တော့ အဆင်မှပြေပါ့မလားလို့ တချိန်လုံး အားငယ်လိုက်ရတာ။ အခု ဆရာပြောပြမှ အတော် အားတက်သွားတော့တယ် ဟု ဆိုကာ ထိုင် ကန်တော့ရှာပါသည်။
မဟုတ်တာဗျာ။ ကျွန်တော်က သင်ပေးရမယ့် ဝတ္တရားရှိလို့ သင်ပေးတာပဲ။
ဒါပေမယ့် အခု ကျွန်မ အများကြီးသိသွားပြီ။ ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။
ဟုတ်ကဲ့ပါ။ အခက်အခဲရှိလို့ဖြစ်ဖြစ်၊ အကူအညီလိုရင်ဖြစ်ဖြစ် အချိန်မရွေး၊ နာရီမရွေး ဖုန်းသာဆက်လိုက်ပါဗျာ။ ကျွန်တော် တတ်နိုင်သလောက် ကူညီပါမယ် ဟု ပြောလိုက်ပါသည်။

(၃)

စင်ကာပူလာသူ အိမ်အကူများထဲတွင် သူ့လို ဘယ်နှစ်ယောက်ရှိမည် မဆိုနိုင်။ သူတို့ခမျာ အေးဂျင့်များ ပြုသမျှ နုကြရရှာသည်။
စီးပွားရှာတာ ရှာပေါ့။ ဒါပေသိ သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်မျှ မကြည့်သင့်ပါလားခင်ဗျာ။
ယောက်ျားလေးတွေ Work Permit နဲ့လာတော့လည်း အေးဂျင့်ဖီး ၃၀၀၀ ကျော်လောက်ပဲ ပေးရတာပါဘဲ။ ဒါပေသိ သူတို့က အိမ်အကူတွေထက် လခအများကြီး ပိုကောင်းသည်။ ပိုပြီး လွတ်လွတ်လပ်လပ်ရှိသည်။ အိမ်အကူဆိုသည်မှာ ၂၄ နာရီပတ်လုံး လုပ်ငန်းခွင်တွင် ရှိနေတာ။ အိမ်ရှင်၏ မျက်မှောက်မှာ ရှိနေရတာ ဖြစ်သည်။

ကျွန်တော်ကတော့ သူတို့ကို သစ္စာတွေရော၊ မေတ္တာတွေရော၊ ရိုးသားခြင်းဆိုတာဘာ၊ ကိုယ့်ဘဝတိုးတက်ရာ တိုးတက်ကြောင်း အတွက် ဘာတွေလုပ်လို့ရတယ် ဆိုတာများပါမကျန် အကုန် သေသေချာချာ ရှင်းပြပါသည်။ တစ်ခါတလေ တစ်ယောက်တည်း ရှိသည့်တိုင် ကျွန်တော့်စံချိန်ကို မလျှော့ပါ။ တစ်ယောက်တည်းပေမယ့် သူတို့က စာသင်ခကို အပြည့်ပေးထားတာ မဟုတ်ပါလား။

နောက်ပြီး အကြောင်းရှိကဆက်ရန် ကျွန်တော့်ဖုန်းနံပါတ်ပါပေးလိုက်ပါသည်။ ဒါ ကျွန်တော်လုပ်ပေးနိုင်တာ အကုန်ဖြစ်၏။

သေလျှင်ကိုယ့်နောက်ပါသွားမှာမဟုတ်သည့် ပစ္စည်းဥစ္စာများအတွက် လောဘဇောကလေးများကို နှစ်ပြားဘိုးလောက်လျှော့ကာ အိမ်အကူကလေးများဘက်မှ နည်းနည်းလောက်စဉ်းစားပေးပါရန် ဦးဦးအေးဂျင့်၊ ဒေါ်ဒေါ်အေးဂျင့်၊ ကိုကိုအေးဂျင့်၊ မမအေးဂျင့် တို့အား မေတ္တာရပ်ခံလိုက်ပါသည်။

လူအချင်းချင်း ညာတုတ်ခြင်း၊ ကင်းရှင်းကြပါစေ။

အေးငြိမ်း

၁၅ ဇွန်၊ ၂၀၁၈

ကျွန်တော်မေ့မရသော ထမင်းပွဲများအကြောင်း

(၁)

ကျွန်တော့်ဘဝတွင် သည့်ကနေ့အထိ မေ့လို့မရသော ထမင်းပွဲများ ရှိခဲ့ပါသည်။ သို့သော် ထမင်းပွဲခေါ်မလား၊ ထမင်းဝိုင်း ခေါ်မလားတော့ မပြောတတ်ပါ။ ထမင်းဝိုင်းလည်းမမည် ထမင်းပွဲလည်းမကျ ဖြစ်ပါလိမ့်မည်။

မေ့မရသော ထမင်းပွဲဆို၍ အလွန် စားကောင်းသောက်ကောင်းလှသော ဟိုတယ်ကြီးများမှ ထမင်းဝိုင်းများဟု မိတ်ဆွေတို့ထင်လျှင် မှားပါလိမ့်မည်။

ဟော်တယ်များ၌ ထမင်း အနပ်တော်တော်များများ ကျွန်ုပ်စားဖူးပါ၏။ သို့သော် ထိုဟော်တယ်များမှ ထမင်းဝိုင်းများသည် ကျွန်ုပ် ယခုဖော်ပြလတ္တံ့သော ထမင်းပွဲများလောက် ကျွန်ုပ်အာရုံကို ဆွဲဆောင်မှု မရှိပါ။

သို့ဆိုလျှင် သည်ထမင်းဝိုင်းများသည် အဘယ်ကဲ့သို့သော ထမင်းဝိုင်းများ ဖြစ်ချိမ့်မည်နည်း။ ဋီကာချဲ့ပါအံ့။

(၂)

ကျွန်တော်ငယ်စဉ်က ၅ တန်းမှ ၈ တန်းအထိကို ကွင်းကောက် တွဲဘက်အလယ်တန်းကျောင်းတွင် တက်ခဲ့ရ၏။ တောကျောင်းကလေးဆိုတော့ ကျောင်းသားများမှာလည်း တောသားများပေပေါ့။ တောသားရိုက်တော့ ပေါကားပွဲ ထွက်တော့မပေါ့။ (ဟုတ်ပေါင်၊ ဆွေဇင်ထိုက်နဲ့ ရောကုန်ပြီ။ ဘဘဘိုကလေးတင့်အောင် မသိပါစေနဲ့ဗျာ။)

ကျွန်တော်တို့မောင်နှမတစ်စုမှာ ကွင်းကောက်တောင်ဘက်ကမ်းရှိအိမ်တွင် နေကာ မြောက်ဘက်ကမ်းမှ ကျောင်းကို ခြေလျင်တလှည့်၊ ကုန်းကြောင်းတလှည့်သွားကာ ကျောင်းတက်ကြ၏။ ဆိုတော့ နေ့လည်စာကို အိမ်မှ စားသွားကြသည်။ (ထင်ပါသည်၊ မေ့နေပြီ။) ကျွန်တော်တို့သူငယ်ချင်း အဖတ်ကြီး (နာမည်ရင်းမှာ သိန်းအောင် ဖြစ်ပြီး သူ့ကို အဖတ်ကြီးဟု ခေါ်ကြ၏။ ဘာကြောင့် အဖတ်ကြီးခေါ်မှန်းမသိ။ မေ့နေပြီ။) ကတော့ မြောက်ဖက်ကမ်းမှ တောင်ဘက်ကမ်းသို့ ပြန်ကာ နေ့လည်စာ စားသည်။ သူက လမ်းကို တစ်နာရီ မိုင် ၃၀ နှုန်းနှင့် အသားကုန်နှင်၏။ သူ့အစား ကျွန်တော် ပင်ပန်းလှပါဘိ။

ကျွန်တော့်ထက် ကျွန်တော့်အစ်ကိုဝမ်းကွဲ ကိုသန်းနိုင်က အသက် ၂ နှစ်ပိုကြီးသလို အတန်းလည်း ၂ တန်းပိုကြီး၏။ ကျွန်တော်က အစ်ကိုဖြစ်သူ၏ သူငယ်ချင်းများနှင့်လည်း ခင်သည်။ ကိုသန်းနိုင်၏ငယ်နာမည်မှာ တင်ထူး ဖြစ်ပြီး ကျွန်တော်က ကိုကိုတင်ထူး ဟု ခေါ်၏။

တစ်နေ့သ၌ ကျွန်တော်တို့ကျောင်းသွားရန် ကိုကိုတင်ထူး၏သူငယ်ချင်းဖြစ်သူ ကိုမြငွေကို သွားခေါ်ကြသည်။ ကိုမြငွေတို့ အိမ်မှာ နန္ဒာလဘုရားကုန်းခြေရင်းမှ ဘောလုံးကွင်း ဘေး၌ရှိ၏။ အမှန်ဆို ကျွန်တော်တို့အိမ်မှာ ကျောင်းဘက်ပိုကျသည်ဖြစ်ရာ ကိုမြငွေကို ခေါ်ရန် နောက်ကြောင်းပြန်သွားရ၏။

ကိုမြငွေ၏ မိဘများမှာ ဆင်းရဲလှသဖြင့် လေးတိုင်စင် ခြေတံရှည်အိမ်ကို အင်ဖက်မိုး၊ အင်ဖက်ကာကာ ဝါးခြမ်းများဖြင့် ကြမ်းခင်း ထား၏။ ဝါးကြမ်းခင်းမှာ ကျိုးတို့ကျဲတဲ။ အိမ်ပေါ်သို့ မနည်းသတိထား တက်ရသည်။

ကျွန်တော်တို့ရောက်သွားတော့ ကိုမြငွေမှာ နှပ်ထားသော ထမင်းအိုးကို ချခါစ ဖြစ်၏။ သန်းနိုင်ရေ၊ ခဏကွာ ဟု ဆိုကာ သူက မြေအိုးထမင်းအိုးထဲမှ အငွေ့တထောင်းထောင်းထနေသည့် ထမင်းများကို ဆေးများကွာနေပြီဖြစ်သော ကြွေပန်းကန်ထဲသို့ သစ်သားယောက်မကလေးဖြင့် ကော်ထည့်၏။

ထို့နောက် ဆားအနည်းငယ်ဖြူးကာ ထိုထမင်းပူပူကို အသားကုန် လွေးပါလေတော့၏။ ကျွန်တော်တို့မှာ သူ့ကိုစောင့်ရင်း သူထမင်းစားတာကို ငေးကြည့်နေမိ၏။ သူစားတာကြည့်ပြီး ဗိုက်တောင် အတော်ဆာလာပါသည်။

ရခိုင်ရိုးမတောင်ခြေတွင် ကပ်နေသည့် ရွာကလေးမှလာသော ကျွန်တော်တို့လည်း မချမ်းသာပါ။ သို့တိုင် (မှတ်မှတ်ရရ) ထမင်းကိုတော့ တစ်ခါမှ ဆားဖြူးပြီး မစားခဲ့ရစဖူးပါ။

ကျွန်တော်အသက် ၁၁ နှစ်သားလောက်က တွေ့ခဲ့ရသော ကိုမြငွေ၏ ထမင်းဝိုင်းကို ယနေ့ထက်တိုင် မေ့လို့မရပါ။ ယခုတွေးလျှင် ကိုမြငွေ ထမင်းစားနေသည့်ပုံရိပ်မှာ ယခု အတွေးထဲ ဝင်လာပါသည်။ ဘာကြောင့်လဲဟု မမေးပါနှင့်။ ကျွန်တော်လည်း မပြောတတ်ပါ။

ဤသည်မှာ ကျွန်တော့်ဘဝတွင် ပထမဆုံးတွေ့ခဲ့ရသည့် မေ့မရနိုင်သော ထမင်းဝိုင်းတစ်ခု ဖြစ်ပါသည်။

(၃)

နောက်တစ်ခုမှာလည်း ထိုကွင်းကောက်မှာ ကျောင်းတက်နေစဉ်ကပင် ဖြစ်ပါသည်။ အရီးက အိမ်ဆိုင်ကလေးဖွင့်ကာ ဈေးရောင်းတော့ တောဘက်ကျေးရွာများမှ မိတ်ဆွေများကို အကြွေးရောင်းပါသည်။

အရီးက အနောက်ဘက်ရှိရွာများသို့ ကြွေးတောင်းရန်သွားတော့ ကျွန်တော်လည်း လိုက်သွားသည်။ ထန်းပင်ကုန်းဟု ခေါ်သော ရွာကလေးသို့ရောက်သော် အသိတစ်ယောက်အိမ် ဝင်ကြသည်။

လူကြီးမှာ အသက် ၄၀ ခန့် လယ်သမားကြီးဖြစ်၏။ ကျွန်တော်တို့ ရောက်သွားတော့ လယ်ထဲမှ တက်လာခါစ။ အပေါ်ပိုင်း အင်္ကျီမရှိ။ ပုဆိုးနံငယ်ပိုင်းဝတ်ကာ ထမင်းစားနေသည်။

ဟင်းမှာ ရွှေဖရုံသီးဟင်း တစ်မယ်တည်းဖြစ်၏။ လူကြီးမှာ ထမင်းကိုရွှေဖရုံသီးဟင်းနှင့်နယ်လျှက် အားရပါးရလွေးနေ၏။ ကျွန်တော့်မှာ သူစားနေတာကြည့်ကာ အလွန်အားကျမိလေသည်။ နောင် အလျဉ်းသင့်၍ ရွှေဖရုံသီးဟင်းနှင့် ထမင်းစားတိုင်း မကြာခဏဆိုသလို ထိုလူကြီး၏ ထမင်းဝိုင်းကို သတိရမိ၏။

မင်းကွာ၊ ရွှေဖရုံသီးဟင်းနဲ့ထမင်းစားတာများ ဘာဆန်းတာလိုက်လို့။ ကနေ့ထိ မေ့လို့မရဘူးဆိုတာကတော့ လွန်ကို လွန်လွန်းတယ်ဟု ထင်ချင် ထင်ကြပါခင်ဗျား။

ထိုလူကြီးထမင်းစားနေပုံကိုလည်း ကိုမြငွေ ထမင်းစားသည့်ပုံရိပ်ကဲ့သို့ ယခုတွေးလိုက်လျှင် ယခု အတွေးပုံရိပ်ထဲ ထင်မြင်လာဆဲ ဖြစ်ပါသည်။

လမ်းလျှောက်ရလွန်းသဖြင့် ခြေညောင်းကာ ထမင်းအလွန်ဆာနေသောကြောင့် ဖြစ်နိုင်ပါသည်။ ကျွန်တော် သေသေချာချာ မသိပါ။

(၄)

နောက်တစ်ခုမှာ ကိုယ်တိုင်စားရတာ ဖြစ်၏။
ကျွန်တော် ဒေသကောလိပ်ကျောင်းသားဘဝက တစ်ဝမ်းကွဲအစ်ကို ကိုအေးသောင်းမှာ စိုက်ပျိုးရေးဝန်ထမ်းဘဝဖြင့် ဝါးခယ်မတွင် တာဝန်ကျသည်။ တစ်ခါသော် ကိုကိုတင်ထူး၏ အဖေဖြစ်သူ ဦးကြီးဖိုးထောင်နှင့် ကျွန်တော်တို့ ကိုအေးသောင်းရှိရာ ဝါးခယ်မသို့ အလည်သွားကြ၏။

ချောင်းကလေးဘေးနားတွင်ရှိသော ရွာကလေးတစ်ရွာက ကျွန်တော်တို့ကို ညစာထမင်းဖိတ်ကျွေးသည်။ ငါးသလောက် အစိမ်းချက် ဟင်းနှင့်။

ကျွန်တော့်ဘဝတစ်လျှောက်တွင် ငါးသလောက်အစိမ်းချက်ဟင်း အကြိမ်များစွာ စားဖူးပါသည်။ သို့သော် ဝါးခယ်မတွင် စားခဲ့ရသော ငါးသလောက် အစိမ်းချက်ဟင်းကိုတော့ ဘယ်ဟင်းမှ မမီဟု ထင်ပါသည်။ ဦးကြီးကတော့ ပင်လယ်ထဲက လတ်လတ် ဆတ်ဆတ် ဖမ်းလာတဲ့ငါးတွေမို့ စားကောင်းတာ ဟု ဆို၏။ (စားကောင်းကောင်းနဲ့ အသားကုန်လွေးလို့ လည်ချောင်းပင် နင်လိုက် ပါသေး။)

ထို ငါးသလောက်အစိမ်းချက်ဟင်းကိုလည်း ကျွန်တော် ပြန်တွေးတိုင်း သတိရ၊ လွမ်းဆွတ်မိပါသည်။ ထမင်းဘိတ်ကျွေးသော ဘကြီးများကိုလည်း ကျေးဇူးတင်မိ၏။

(၅)

နောက် မမေ့နိုင်သော ထမင်းဝိုင်းမှာ ရေဆင်းမှာတုံးက ဖြစ်၏။ ကျောင်းဆရာလခနှင့် မစားလောက်တော့ မမတို့က အိမ်ရှေ့မှာ မုန့်ဟင်းခါးဆိုင် ဖွင့်သည်။ အဖေကြီးက ဟင်္သာတမုန့်ဟင်းခါး ဟု သူ့ဘာသူ ကတ္ထူစက္ကူတွင် လက်ရေးနှင့်ရေးကာ ဆိုင်းဘုတ် တင်၏။ (ပြောရလျှင် သည်ဆိုင်းဘုတ်ကိစ္စ ကျွန်တော် ဘာမှ လုပ်မပေးဖြစ်ခဲ့။ လက်ထောက်ကထိကတန်မယ့် မုန့်ဟင်းခါး ရောင်းရတာ ရှက်နေလို့လားမပြောတတ်။)

မုန့်ဟင်းခါးဖတ်ကို ရေဆင်းရွာ၊ တင့်တင့်တို့ မုန့်ဟင်းခါးဖိုမှ ကျွန်တော် သွားယူသည်။ ညှပ်ခေါက်ဆွဲကိုမူ မမတို့က ကိုယ်တိုင်လုပ်၏။ ညှပ်ခေါက်ဆွဲလုပ်ဘို့ မုန့်ရည်ကျိတ်ရန် ကျွန်တော်က ဟီးရိုးစက်ဘီးကိုစီးကာ ပေါက်ကုန်းရွာမှ မုန့်ကြိတ်ဆုံတွင် သွားကြိတ်၏။ မုံ့ကြိတ်ဆုံဆိုလို့ ကြီးကြီးကျယ်ကျယ် မမှတ်ပါလင့်။ ကျောက်ဆုံကို ခနော်နိ၊ ခနော်နဲ့ လေးတိုင်စင် ကလေးမိုးကာ အဖွားကြီးမြေးအဖွားက ကြိတ်ထိုးပေးတာဖြစ်၏။ ကျွန်တော်ရောက်ပြီဆို အဖွားကြီးက ပေါ်ကြီးရေ ဟု အသက် ၇ နှစ်၊ ၈ နှစ်အရွယ် သူ့မြေးကို မုန့်ကြိတ်ရအောင် အမြဲ လှမ်းအော်ခေါ်တတ်သည်။

တစ်နေ့ ကျွန်တော် မုံ့ကြိတ်သွားတော့ ပေါ်ကြီးထမင်းစားနေတာ တွေ့၏။ ဘာတွေနဲ့စားနေတုံးက ဟု ကျွန်တော်စပ်စုတော့ ပေါ်ကြီးက နှပ်ကို ရှူးကနဲရှုတ်သွင်းကာ မော်ကြည့်သည်။

ပေါ်ကြီး၏ ထမင်းပန်းကန်ထဲတွင် ထမင်းကို ဘူးရွက်ပြုတ်ရေ ဆမ်းထားလျက် ဟင်းအဖြစ် ဘူးရွက်တစ်ရွက်ကို ကိုက်စား နေ၏။ ကျွန်တော် အတော်စိတ်မကောင်းဖြစ်မိသည်။ ပေါ်ကြီးကတော့ နှပ်တရှုတ်ရှုတ်နှင့် ထမင်းကို မြိန်ရှက်စွာပင် စားနေလိုက်ပါသေး။ ထိုစဉ်ကနှပ်တွဲလောင်းနှင့် ပေါ်ကြီးလည်း ယခုလောက်ဆို လူပျိုကြီးဖြစ်လို့ အိမ်ထောင်ရက်သားကျကာ ကလေးတွေ မြေးကင်းတွေနှင့် ဖြစ်နေလောက်ပါပြီ။ ကျွန်တော်ကတော့ ပေါ်ကြီး၏ ထမင်းပွဲကို ယနေ့ထက်တိုင် မျက်စိထဲက မထွက်သေး။

(၆)

နောက်ထမင်းတစ်ဝိုင်းမှာ ကျွန်တော် ဆယ်တန်းစာမေးပွဲ ဖြေထားစဉ်က ဖြစ်၏။ ထိုစဉ်က ဦးကြီးဖိုးထောင်နှင့် တာတွင်း (ငဝန်မြစ် အရှေ့ဘက်ခြမ်း) ရှိ အလှူတစ်ခုသို့ လိုက်သွားသည်။

အလှူမှာ တော်တော်ကြီးကြီးကျယ်ကျယ် လှူတာ ဖြစ်၏။ ထိုအလှူတွင် ငါးခြောက်နှပ်၊ ငါးပိကြော်၊ ဟင်းချိုတို့နှင့် ထမင်းကျွေးသည်။ ထိုအလှူမှ ငါးခြောက်နှပ်နှင့် ငါးပိကြော်သည်လည်း ကျွန်တော့်အတွက် အမှတ်ရစရာ ဖြစ်ခဲ့၏။ ထမင်းစားပြီးတော့ ဖရဲသီးများ ကျွေးသေးသည်။

နောက်တစ်နပ်မှာ ရှမ်းပြည်နယ်၊ ရပ်စောက်တွင်ဖြစ်၏။ ကျွန်တော် ကျောင်းဆရာဘဝက တိုးတိုးရှိရာ ရပ်စောက်သို့ အလည်လိုက် သွားသည်။ ရပ်စောက်ရောက်တော့ ည ၇ နာရီလောက်ရှိပြီ။ ဗိုက်ကလည်းဆာနေတော့ စားရသည့် ရှမ်းထမင်းနှင့် ငါးသလောက် ပေါင်းမှာ အလွန်ခံတွင်းမြိန်လှသည်။ သည်ထမင်းဝိုင်းကိုလည်း မမေ့။

နောက်ထမင်းဝိုင်းမှာမူ အတော်လေး ဓာတ်ပျက်ခဲ့သော ထမင်းဝိုင်းဖြစ်၏။
ကျွန်တော် ဆယ်တန်းဖြေပြီး အောင်စာရင်းမထွက်သေးခင် အားနေတော့ အနီးအနား ဟိုရွာသည်ရွာ သွားလည်သည်။ တစ်ခါသား အရီးမလှတင်တို့ အမျိုးများရှိရာ ရှားတောရွာသို့ ရောက်သွား၏။ သူတို့ကလည်း ကျွန်တော့်ကို ခင်ရှာပါသည်။ ခင်တော့ ဝက်သားနှင့် ထမင်းကျွေး၏။

ဟိုက်ရှားဘားစ်၊ ဝက်သားမှာ မနူးသေး။ သူတို့က ဝက်သားဆိုတာ ကိုက်စားရမှ အရသာရှိတာကွ ဟုပြော၏။ နောက်ပြီး ဝက်သားတုံးကြီးတွေကို အကြီးကြီးတွေ တုံးထားသည်။

ခုမှ မီးဖိုပေါ်ကချခါစ ဝက်သားဟင်းမှာ အငွေ့တထောင်းထောင်းနှင့် စားချင့်စဖွယ် မွှေးနေပါသည်။ သို့သော် ကျွန်တော့်မှာ ကိုက်မရ၊ ဖဲ့မရဝက်သားတုံးနှင့် အတော် ဒုက္ခရောက်နေ၏။ သူတို့ကတော့ စားကွ၊ စားကွ နှင့် ဟင်းများ ထည့်ပေး၏။ အတုံးလိုက်မြိုချရအောင်ကလည်း ဟင်းတုံးကြီးတွေမှာ အကြီးကြီးဆိုတော့ ဘယ်လိုမှ မြိုချလို့မဖြစ်။ ဤထမင်းပွဲမှာ ကျွန်တော့်ဘဝတွင် အတော်ချွေးပြန်ခဲ့ရသော ထမင်းပွဲ ဖြစ်ချေသည်။

ကျွန်တော်မမေ့ခဲ့နိုင်သော ထမင်းပွဲများအကြောင်းကို ကျွန်တော့်ဘဝ၌ ဓာတ်အပျက်ရဆုံး ထမင်းပွဲနှင့် အဆုံးသတ်ပါမည်။

တစ်ခါသော် ကျွန်တော် ဗိုလ်ချုပ်တို့မြို့ဖြစ်သည့် နတ်မောက်သို့သွား၏။ ဘာကိစ္စမှန်းမမှတ်မိတော့ပါ။ ကျွန်တော် နတ်မောက်ကို သွားမည်ဆိုတော့ နတ်မောက်နယ်ခံတွေက ကျွန်တော် အီးအီးပါဘို့အရေးကို ခေါင်းချင်းဆိုင် တိုင်ပင်ကြ၏။ ဟဲ့၊ ဘုန်းကြီးကျောင်း က အိမ်သာဆို ဖြစ်လောက်တယ် ဟု တီးတိုးတီးတိုး သဖန်းပိုးလုပ်ကြ၏။

သို့နှင့် ဒေါ်ဆိုးရင်ကို လမ်းပြအဖြစ်ခေါ်ကာ ကျွန်တော် နတ်မောက်ကို ထွက်ခဲ့သည်။ လမ်းတွင် လေးတိုင်စင်ရွာ၌ ကားပြောင်းစီးရ သည်။ လေးတိုင်စင်တွင် ကားစောင့်နေစဉ် ကျွန်တော်တို့ နေ့လည်စာ စားကြ၏။ အနီးအနားတွင် အိမ်၌ဖွင့်ထားသော ထမင်းဆိုင် ကလေးကလွဲလို့ တခြား ဘာမှ စားစရာမရှိ။

ကျွန်တော်လည်း တစ်ခုတည်းသော ထိုဆိုင်ကလေးသို့သွားလျက် ဘာဟင်းတွေရသလဲ မေးသော် ကြက်သားဟင်းရတယ် ဆို၏။ ထို့ကြောင့် ကျွန်တော်လည်း ကြက်သားဟင်း နှင့် ထမင်းနှစ်ပွဲမှာကာ ဒေါ်ဆိုးရင်နှင့် တစ်ယောက်တစ်ပွဲစီ စားကြ၏။

ဟင်းခွက်ကိုမြင်လိုက်ကတည်းက အင်း၊ သည်တစ်ခါတော့ မှားပြီထင်ပါရဲ့ဟု တွက်ဆမိ။
ကျွန်တော့်ဘဝတွင် စားခဲ့ဖူးသော ထမင်းဟင်းများအနက် အနှီ လေးတိုင်စင်ရွာမှ ကြက်သားဟင်းလောက်ညံ့ဖျင်းသောဟင်းဟူ၍ သည်ကနေ့ထိ မတွေ့ခဲ့ဖူးသေးပါ။
ကျွန်တော် အစားအသောက်နှင့်ပတ်သက်၍ သိပ်ချေးများတတ်သူ မဟုတ်ပါ။ သို့တိုင် သည်ကြက်သားဟင်းကိုမူ ဘယ်လိုမှ စားမဖြစ်၍ အနည်းငယ်သာ စားပြီး ပြန်ပေးလိုက်ပါသည်။
ဆရာတော့ မစားနိုင်ဘူးထင်တယ် ဟု ဒေါ်ဆိုးရင်က ပြော၏။
နတ်မောက်ခရီးတွင် ကြက်သားနှင့် အဖော် နောက်တစ်မျိုးရှိသေးသည်။

နတ်မောက်သို့ ည ၇ နာရီလောက် ရောက်သွား၏။
ရောက်သော် ကိုင်း၊ ညစာစားဘို့ ဘယ်မှာ ဆိုင်ရှိသတုံး ဆိုသော် တရုတ်ထမင်းဆိုင်တစ်ခုသို့လိုက်ပို့၏။
အင်း၊ တရုတ်ဆိုင်ဆိုတော့ သိပ်မဆိုးဘူး ထင်ပါရဲ့ဟု တွက်မိ။
သို့နှင့် ခေါက်ဆွဲကြော် နှစ်ပွဲမှာသည်။ ဒေါ်ဆိုးရင်ဘို့ တစ်ပွဲပေါ့။

အောင်မယ်လေးဗျ။
ခေါက်ဆွဲကြော်ကလည်း နေ့ခင်းက စားခဲ့ရသည့် ကြက်သားဟင်းနှင့် သမီးယောက္ဖတော်သည်။
ချွဲပြစ်ပြစ် ဆီများနိုင်းချင်းနှင့် အချိုမှုန့်များများခတ်ထားသော သည် ခေါက်ဆွဲကြော်ကိုလည်း ကျွန်တော် ပွဲတစ်ဝက်ပင် ကုန်အောင် မစားနိုင်။

(၇)

ဤသည်မှာ ကျွန်တော် မမေ့နိုင်ခဲ့သော ထမင်းပွဲများအကြောင်း ဖြစ်၏။ အခြားထမင်းပွဲများပင် ရှိသေးသော်လည်း ထို ထမင်းပွဲများ လောက် အမှတ်ထင်ထင် (အမှတ်ထင်ထင် ဟုသာ ဆိုပါသည်။ ရွှေရေးထင်ထင် ဟု မဆိုပါ။) မဖြစ်မိခဲ့။

မိတ်ဆွေတို့တွင်လည်း ကျွန်တော့်လို့ အမှတ်တရ ထမင်းပွဲများ တစ်နည်းမဟုတ်တစ်နည်း ရှိနေနိုင်ပါသည်။ အသင်တို့၏ အမှတ်ရစရာ ထမင်းပွဲများအကြောင်း ကျွန်တော့်ကို ရှဲချင်ပါက ပိုင်အိုးနီးယားဘူတာနားမှ ၂၄ နာရီဆိုင်သို့ လာခဲ့ပါ။ ဘီယာစုပ်ရင်း (ဟုတ်ပေါင်) လဖက်ရည်သောက်ရင်း လေကန်နိုင်ပါသည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၇ ဇွန်လ၊ ၂၀၁၈

Wednesday, June 13, 2018

လေးစားမိသော ပုဂ္ဂိုလ်နှစ်ဦး

ကျွန်တော် ဒေါ်နယ်ထရမ့်ကို ရွေးကောက်ပွဲကာလကစပြီး ဘယ်တုံးကမှ အထင်ကြီးလေးစားခဲ့မိခြင်းမျိုး မရှိခဲ့ပါ။
ထို့အတူ ကင်ဂျုံအမ်းကိုလည်း (ကိုယ့်ကိုလည်း ဘာမှလုပ်တာမဟုတ်ပါဘဲလျက်) မျက်နှာမြင်တာနှင့် အကုသိုလ်များမိတာချည်း သာ ဖြစ်လေသည်။

ကင်(မ်) နျူကလီးယားထိပ်ဖူးတွေ စမ်းသပ်ပစ်ကာ ကမ္ဘာကြီးကို သရော်လှောင်ပြောင်နေတုံးက ကျွန်တော် မြန်မာပြည်က လောက်စာလုံးနှင့် လောက်လေးခွမှာကာ မြောက်ကိုးရီးယားကို ဒရုန်းစီးသွားပြီး လောက်လေးနှင့်ပစ်ဘို့တောင် ကြံရွယ်ခဲ့မိသေးသည်။ နောက်တော့မှ အင်း၊ ဘယ်မှမသွားဘဲတောင် သည်လောက်နှာစေးနေတာ။ ဒရုန်းနဲ့သာ သွားလို့ကတော့ နှာခေါင်းအောက်မှာ ထွေးခံ ခံထားရလိမ့်မယ်ဟု တွေးမိသည်နှင့် (ကျန်းမာရေးကြောင့်) မချင့်မရဲ လက်လျှော့လိုက်ရတာ ဖြစ်၏။

ထရမ့်နှင့် ကင်မ်တို့ တွေ့ကြမည်ဆိုတော့ အတော်လဲ ကျယ်လိုက်တဲ့ -င်ခေါင်းပါလားဟု စိတ်ထဲမှာ သရော်ခဲ့မိသေးသည်မှာ အမှန်။
အရင်တခါ တွေ့ဆုံပွဲ ပျက်မလိုလိုဖြစ်သွားတုံးက ငါမှန်းရင် လွဲခဲပါတယ်ကွာဟု ကိုယ့်ကိုယ်ကိုယ်တောင် အသားလွတ် အထင်ကြီးခဲ့မိသေးသည်။

ယခု ၎င်းတို့ တူဝရီး စင်ကာပူမှာ တကယ်တွေ့ကြလေပြီ။

သမိုင်းအစဉ်အဆက်က မတည့်ခဲ့ကြသည့်နိုင်ငံ နှစ်နိုင်ငံ။ သူတို့လက်ထက်မှာ လက်ဆွဲနှုတ်ဆက်နိုင်တယ်ဆိုတာ နည်းတဲ့စကေးလား ခင်ဗျာ။

ဤသည်မှာ ကောင်းသည့်လက္ခဏာဖြစ်၏။

ဂုဏ်ယူပါသည် ဘကြီးထရမ့်နှင့် ညီလေး ကင်မ်။
ယခု သင်တို့အပေါ် မကြည်မလင်ဖြစ်နေသော ကျွန်ုပ်အမြင်များ ပြောင်းလဲသွားပါပြီ။ သင်တို့နှစ်ဦးအား အလွန်လေးစားမိပါ ကြောင်း။

တစ်သက်လုံးက မတည့်ခဲ့ကြတဲ့ သူတွေတောင် လက်ဆွဲနှုတ်ဆက်၊ လက်မှတ်တွေထိုးကုန်ကြပြီ။ ကျုပ်တို့ဆီက စစ်ဘေးဒုက္ခသည်တွေ ဘယ်တော့များမှ နေရပ်ပြန်နိုင်ကြမှာပါလိမ့်။ တွေးရင်းတွေးရင်း ဝမ်းနည်းမိသဖြင့် မျက်ရည်နှစ်စက် ကျသွားသည်။
 တောက်၊ တောက်

အေးငြိမ်း

၁၃ ဇွန်၊ ၂၀၁၈