Saturday, July 31, 2010

လုပ်ချင်စိတ်

သား မောင်ဘုန်း ၅ နှစ်သားလောက်တုံးက မော်လမြိုင်ကို သွားလည်ခဲ့တဲ့ တစ်ညကို ကောင်းကောင်း မှတ်မိ နေသေးတယ်။ သူ့အဒေါ်များအိမ်မှာ တည်းတာပေါ့။ ညကျလို့ အိပ်ချိန်ရောက်တော့ ဧည့်ခန်းထဲလှမ်းကြည့် လိုက်တဲ့အခါ သူကစားထားတဲ့ အရုပ်တွေနဲ့ ရှုပ်ပွနေတာ တွေ့လိုက်ရတယ်။
“ဘုန်းဘုန်းရေ” လို့လှမ်းခေါ်လိုက်ရင်း “သားအိပ်ယာမ၀င်ခင် သားအရုပ်တွေသိမ်းလိုက်ဦးလေကွာ” လို့ ပြောလိုက်တယ်။
“သား အရုပ်တွေသိမ်းဘို့ သိပ်ပင်ပန်းနေပြီ ဖေဖေ” လို့ သူက ပြန်ပြောတယ်။
ကျွန်တော့်အနေနဲ့ မင်း၊ ဒီအရုပ်တွေသိမ်းပြီးမှ အိပ်ရမယ် လို့ ပြောလိုက်ချင်သား။
ဒါပေမဲ့ အဲဒီလိုပြောမဲ့အစား အိပ်ယာထဲ ကျွန်တော်ဝင်သွားပြီး လှဲချလိုက်တယ်။ နောက်ပြီး “ဘုန်းဘုန်းရေ၊ ဖေဖေနဲ့ တကူကူးဆော့တမ်း ကစားရအောင်ဟေ့” လို့လှမ်းခေါ်လိုက်တယ်။

သူ အတင်းပြေးလာပြီး ကျွန်တော့် ခြေထောက်ပေါ်ခွထိုင်လိုက်တယ်။ “တကူကူးကူးကူး၊ တကူကူးကူးကူး” လို့ အော်ရင်း ကျွန်တော်ခြေထောက်ကို မြှောက်လိုက်တဲ့အခါ သူ ကျွန်တော့်ခြေထောက်ပေါ်က ချော်ကျ သွားတယ်။ သူအရမ်းပျော်သွားပြီး ဆက်ကစားရအောင် ဖေဖေ လို့ ပြောလိုက်တယ်။ အဲဒီမှာ ကျွန်တော်က ကစားတာပေါ့ သားရ။ ဒါပေမဲ့ သားအရုပ်ကလေးတွေ သိမ်းပြီးမှ ဆက်ကစားအောင်နော် လို့ ပြောလိုက်တယ်။

နည်းနည်းလေးမှ ဆိုင်းမနေဘဲ သူ ချက်ခြင်းပြေးထွက်သွားပြီး အရုပ်တွေသိမ်းလိုက်တာ ခဏလေးနဲ့ ပြီးသွား တယ်။ တကယ်သာ သိမ်းမယ်ဆို ဒါထက်အများကြီး ပိုကြာမှာ။ နောက်ပြီး သူ ချက်ခြင်းပြန်ပြေးဝင်လာပြီး ကျွန်တော့် ခြေထောက်ပေါ် ခွထိုင်လိုက်တယ်။ ဖေဖေ ဆက်ကစားရအောင်လေ တဲ့။

သား၊ ခုနပြောတော့ ပင်ပန်းလွန်းလို့ အရုပ်တွေ မသိမ်းနိုင်တော့ဘူး ဆိုကွ။
ပင်ပန်းတာတော့ ပင်ပန်းတာပေါ့ ဖေဖေရ။ ဒါပေမဲ့ သား ဖေဖေနဲ့ တကူကူးဆော့တမ်း ကစားချင်တာကိုး တဲ့။

ဘယ်အလုပ်ကိုမဆို ကျွန်တော်တို့ ပြီးနိုင်ပါတယ်။ လုပ်ချင်စိတ် ရှိရင်ပေါ့လေ။

အေးငြိမ်း
၃၁-၀၇-၂၀၁၀
ည ၁၁ နာရီ။


မူရင်း - "Want to!", by: Neil Eskelin ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။

Sunday, July 4, 2010

ကျွန်တော်နှင့် ရွှေငါးကလေးများ

ကျွန်တော့်ထမင်းစားစားပွဲ၏ ရှေ့မလှမ်းမကမ်းတွင် စားပွဲတစ်လုံးရှိရာ ထိုစားပွဲပေါ်၌ ကျွန်တော်တို့ရုံးမှ မန်နေဂျာ တစ်ယောက်၏ အလှမွေး ငါးကန်တစ်ခု ရှိသည်။ ကန်ထဲ၌ ရွှေငါးလေး နှစ်ကောင်ကို မွေးမြူထားသည်။ တစ်ကောင်မှာ ခပ် ကြီးကြီး၊ တစ်ကောင်မှာ ခပ်သေးသေးဖြစ်၏။
ကျွန်တော်အလုပ်မှ ပြန်လာချိန်မှာ ညနေ ခုနစ်နာရီခန့်ဖြစ်သည်။ အလုပ်မှ ပြန်ရောက်ရောက်ချင်း ချက်ပြုတ်၊ ရေမိုးချိုးကာ စားပွဲ၌ အကျအနထိုင်လျှက် ညနေစာကို သေသေချာချာ စားလေ့ရှိ၏။ (သေသေချာချာ စားသည်ဟု ဆိုရခြင်းမှာ တောင်တောင်အီအီမတွေးဘဲ ထမင်း၌သာ အာရုံဝင်စားလျှက် အေးအေးဆေးဆေးစားခြင်းကို ဆိုလိုပါသည်။)
ထမင်းစားပြီးလျှင် အိုးခွက်ပန်းကန်အားလုံးကို ဆေးကြော၏။ အားလုံးပြီးပြီဆိုမှ စားပွဲတွင် အကျထိုင်ကာ သစ်သီး တစ်မျိုးမျိုးကို စားပြီး ကော်ဖီတစ်ခွက်ကို ဇိမ်ဆွဲကာ အရသာခံလည်း သောက်လိုက်ပါသေးသည်။ ထိုသို့ အသီးစားနေစဉ် နှင့် ကော်ဖီသောက်နေစဉ်တွင်မူ ထမင်းစားစဉ်ကကဲ့သို့ ဘာမှမတွေးပဲ မနေနိုင်တော့ပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော့်မျက်စိ ရှေ့တွင် ငါးနှစ်ကောင် လူးလာခေါက်ပြန် ကူးခပ်နေသည်ကို တွေ့နေရ၍ ဖြစ်သည်။

ငါးနှစ်ကောင် အရှေ့နှင့်အနောက်၊ အထက်နှင့်အောက် မရပ်မနားကူးခပ်နေသည်ကို ကြည့်ရင်း ကျွန်တော့်တွင် တွေး စရာများ ရလာပါသည်။ ကျွန်တော် နေ့တိုင်းအလုပ်ကပြန်ရောက် ထမင်းစားပြီး မည်သည့်အခါမဆို ကြည့်လိုက်တိုင်း ထို ငါး နှစ်ကောင်မှာ ထိုအတိုင်း မရပ်မနား ဆက်တိုက် လူးလာတုံ့ပြန် ကူးခပ်နေသည်ကိုသာ တွေ့နေရသည်။ မနေ့ကလဲ ဒီအတိုင်း၊ ဒီနေ့လဲ ဒီအတိုင်း။ နက်ဖြန်လဲ ဒီအတိုင်း ဆက်လက်ကူးခပ်နေဦးမည်သာ ဖြစ်သည်။

သို့ဆိုလျှင် ထိုငါးနှစ်ကောင်၏ အသက်ရှင်နေမှုသည် ဘာများအဓိပ္ပါယ်ရှိပါသနည်း။ အလွန်ကျဉ်းမြောင်းလှသော ထို မှန်အိမ်လေးထဲတွင် အသက်သေသည်ထိ အစဉ်မပြတ်ကူးခပ်ရင်းပင် ပြီးဆုံးသွားတော့မည်လော။ ဤအတိုင်းပင်ဖြစ်ရမည် မှန်၏။ ထိုငါးလေးများမှာ ရွှေငါးလေးများဖြစ်သဖြင့် သဘာဝအလျှောက် မွေးဖွားလာခြင်းမဖြစ်နိုင်။ လူတို့က သားဖောက် သဖြင့်သာ မွေးဖွားလာရခြင်း အမှန်ဖြစ်၏။ ထို့ကြောင့် ထိုငါးလေးများမှာ မွေးကတည်းက မှန်အိမ်ထဲတွင်မွေးပြီး မှန်အိမ်ထဲ တွင်ပင်နေကာ မှန်အိမ်ထဲတွင်ပင် သေတော့မည်မှာ ရာနှုံးပြည့် သေချာနေပေသည်။ ထိုဖြစ်ရပ်မှာ ထိုငါးနှစ်ကောင်ထဲ အတွက်သာမှန်သည်မဟုတ်။ ရွှေငါးအားလုံးအတွက် မှန်ပေလိမ့်မည်။

ရွှေငါးလေးများကို မှန်အိမ်ထဲတွင်သာနေရသဖြင့် အလွန်ဘောင်ကျဉ်းလှပေသည်ဟု ကျွန်တော်မြင်မိသည်။ ထိုမှ တစ်ဆင့်တက်၍ တွေးမိသည်မှာ အနို့ငါတို့ကရော၊ ဘယ့်ကလောက်များ ဘောင်ကျယ်ကျယ်ဝန်းဝန်းထဲတွင် နေနေရပါသနည်း။ ဤသို့မေးမိသောအခါ ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် ဟိုး ကောင်းကင် အမြင့်ကြီးပေါ်ဆွဲတင်ကာကမ္ဘာကြီးကို အားလုံးခြုံကြည့်လိုက်ပါသည်။

အလို၊ ကျွန်တော် ကောင်းကင်အမြင့်ကြီးမှ ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးကို ကြည့်လိုက်သောအခါ သစ်ပင် စိမ်းစိမ်းများအကြားမှ အဆောက်အဦများကြားတွင် ပုရွက်ဆိပ်များကဲ့သို့ လူများသည် ဟိုမှသည်မှ ဥဒဟို သွားနေသည်ကို တွေ့ရသည်။ ကျွန်တော်နေ့စဉ်ရက်ဆက် ဆက်ကာ ထိုကောင်းကင်အမြင့်ကြီးပေါ်တွင်ထိုင်လျှက် လူများကိုကြည့်နေသည်။
ဟင်-ဘာများထူးပါသလဲ။ ကျွန်တော်တို့လူသားများသည်လဲ ဟို ရေကန်ကျဉ်းကျဉ်းလေးထဲက ရွှေငါးများလို ဖြစ်နေ ပါပကော။ မနေ့ကလဲ ဒီရုံးကိုသွားသည်။ ဒီနေ့လဲ ဒီရုံးကို သွားသည်။ နက်ဖြန်လဲ ဒီရုံးကိုပင် သွားရဦးမည်။ လူတော်တော်များများသည် နေရာတစ်ခုထဲကို နေ့စဉ်နေ့တိုင်း ထပ်ကာထပ်ကာ သွားနေကြသည်။ တချို့ကျတော့ အချိန်ကာလတစ်ခုကို လွန်ပြီးသောအခါ တစ်နေရာသို့ ပြောင်းရွှေ့သွားသည်ကိုတွေ့ရသည်။ သို့သော် မူလနေရာဟောင်းနှင့် သိပ်တော့ဝေးလှသည် မဟုတ်ပါ။ နေရာတစ်ခုသို့သွားသည်။ မိုးချုပ်တော့ နေရာတစ်ခုသို့ပြန်လာသည်။ နောက်တစ်နေထွက်ပြန်တော့ မနေ့ကနေရာကိုပင် ထပ်မံသွားပြန်သည်။ ထိုတစ်မိုးချုပ်ပြန်တော့ ပြန်လာနေကျ နေရာကိုပင်ပြန်လာပြန်သည်။

သို့ဆိုလျှင် ကျွန်တော်တို့ မှီတင်းနေထိုင်ရာကမ္ဘာကြီးသည် ရွှေငါးကလေးများနေသော ရေကန်အကြီးစားကြီးနှင့်တူပြီး လှုပ်လှုပ်ရွရွ သွားလာနေကြသော လူများသည် ရွှေငါးများကဲ့သို့ ဖြစ်မနေပါလား။

ထိုမှတစ်ဆင့်တက်ကာ ကျွန်တော်မွေးဖွားရာ ဇာတိရွာကလေးကို မြင်ယောင်ကြည့်မိပြန်ပါသည်။ ကျွန်တော်တို့ ရွာသူ ရွာသားများမှာ ကျွန်တော်တွေးတာထက်ပင် ပိုပြီးကျဉ်းမြောင်းနေပါသေးသည်။ ထိုရွာကလေးမှာပင် မွေး၊ ထိုရွာကလေးမှာပင် ကြီးကာ ထိုရွာကလေး၌ပင် ခေါင်းချသွားကြသူတွေသာများသည်။ တချို့ဆိုလျှင် အနီးဆုံးဖြစ်သော မြို့ငယ်ကလေးကိုပင် မရောက်စဖူး။ ကား၊ ရထားကိုပင်မမြင်ဘူးဘဲ သေသွားကြသည်။ ရွာသူရွာသားအားလုံး၏ ၉၉ ရာခိုင်နှုံးလောက်မှာ ဤအတိုင်းချည်းဖြစ်သည်။ ကျွန်တော်တို့ကဲ့သို့ တချို့တလေမှလွဲ၍ အများစုမှာ ရွာ၌ပင်လုပ်ကိုင်စားသောက်ကာ သားစဉ်မြေးဆက် ရွာ၌ပင်နေထိုင်လျှက် မိရိုးဖလာ လယ်ယာလုပ်ငန်းကိုပင်လုပ်ကိုင်၍ ရိုးသားစွာအသက်မွေးမြူနေထိုင် သွားကြသည်။ ခုနက ကျွန်တော်ပြောခဲ့သော ရွှေငါးကလေးများ၏ ဘ၀နှင့် ထိုရွာသူရွာသားများ၏ ဘ၀မှာ ဆင်မနေပေဘူးလား။ ရွှေငါးကလေးများသည် မှန်လှောင်အိမ်ထဲတွင်နေ၍ ထိုရွာသူရွာသားများမှာ ထိုရွာထဲတွင်ပင်နေကြသည်။ ဘာများကွာခြားပါသလဲ။

မွေးလာသည်။ ကလေးငယ်တို့ဘာသာဘာဝ ဆော့ကစားရင်း ကြီးပြင်းလာသည်။ အရွယ်ရောက်လာတော့ ကျောင်းနေမည်။ မူလတန်းပညာပြီးသည်နှင့် လယ်ယာလုပ်ငန်းခွင်သို့ စတင်ဝင်ရပြီ။ အသက်ဆယ့်လေးငါးခြောက်နှစ် လောက်ရောက်သည်နှင့် အိမ်ထောင်ပြုဘို့ စိုင်းပြင်းတော့သည်။ ထို့နောက် အိမ်ထောင်ပြု၊ တစ်အိုးတစ်အိမ်ခွဲကာ မိဘလက်ငုတ် လယ်ယာလုပ်ငန်းကိုပင် ဆက်လက်အမွေခံကာ လုပ်ကိုင်သည်။ ကလေးမြေးကင်းများရသည်။ မိုးကျလျှင် လယ်ထွန်၊ ပျိုးနှုတ်၊ ကောက်စိုက်၊ စပါးပင်များ ကြီးထွားနေစဉ်ကာလ စပါးမရိတ်ခင်ထိ အားလပ်နေသည်။ တစ်ရွာနှင့် တစ်ရွာသို့ အလည်အပတ် သွားချင်သွားမည်။ လူငယ်ကာလသားများမှာ တစ်ရွာနှင့် တစ်ရွာချိန်းကာ ဘောလုံးကန်ချင်ကန်မည်။ သို့မဟုတ် ယခုကာလတွင် မြို့သို့သွားကာ လိုအပ်သည်များကိုဝယ်မည်။ စပါးများ ရင့်မှည့်ချိန်တွင် ကောက်ရိတ်မည်။ စပါးများကိုရောင်းချမည်။
နွေရောက်လျှင် ထင်းမီးများစုဆောင်းမည်။ နောက်နှစ်အတွက် လယ်ကို ကြိုတင်ပြင်ဆင်မည်။ အလှူအတန်းလုပ်မည်။ တစ်ရွာနှင့်တစ်ရွာ အလှူ၊ မင်္ဂလာဆောင်များသို့ အပြန်အလှန်သွားကြမည်။ မိုးကျပြီဆိုသည်နှင့် ထွန်တုံးထွန်တံ ကိုပြန်ကိုင်ကာ လယ်ယာသို့ပြန်ဝင်မည်။

ဒါ တစ်နှစ်မဟုတ်၊ နှစ်နှစ်မဟုတ်။ လူလားမြောက်သည်မှ စကာလုပ်လာခဲ့ရသော လယ်သည် အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ် သားသမီးမြေးမြစ်များသို့ လက်လွှဲလိုက်ရသည်အထိဖြစ်သည်။ အနားယူပြီဆိုသည်နှင့် ဘာမှလုပ်စရာမရှိတော့။ အိမ်တွင်ပင် မြေးမြစ်များကို ထိန်းကျောင်း၊ ဘုရားသွားကျောင်းတက်၊ ဒါနှင့်ပဲ သေသည်အထိ သွားတော့သည်။
ဒါ တစ်ဦးထဲမဟုတ်။ တစ်ရွာထဲမဟုတ်။ တစ်နိုင်ငံထဲမဟုတ်။ ရွာပေါင်းများစွာ။ နိုင်ငံပေါင်းများစွာမှ ရွာငယ်အားလုံး အတူတူပင်ဖြစ်သည်၊ နိုင်ငံမတူသဖြင့် လူမျိုး။ကိုးကွယ်သည့်ဘာသာ။ ပြောဆိုသည့်ဘာသာစကား။ လုပ်သည့် အလုပ်အကိုင် သာကွာမည်၊ သဘောတရားအားဖြင့်တော့ တူသည်ချည်း၊

ရွှေငါးကလေး ကန်ထဲတွင် အထက်အောက် လူးလာခေါက်တုံ့ကူးခပ်နေသည်ကို ဘာမှအဓိပ္ပါယ်မရှိဟု မြင်မိသော ကျွန်တော့်မှာ ထိုအခါမှ ကောင်းစွာတရားရမိတော့သည်။ ကျွန်တော်တို့ရော သတ်မှတ်ထားသော နေရာနှစ်ခုကို နေ့စဉ် နေ့တိုင်း ခေါက်တုံ့ခေါက်ပြန် သွားနေရသည်မှာ ရွှေငါးနှစ်ကောင်ထက် ဘာများပိုပြီး အဓိပ္ပါယ်ရှိပါသလဲ။
တစ်ခုခုတော့ ဒီ့ထက်ပိုပြီး အဓိပ္ပါယ်ရှိသင့်သည်။ ရှိသင့်သည်ဟု ကျွန်တော်ထင်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့သည် တိရိစ္ဆာန်များထက် ပိုပြီးအသိဉာဏ်ရှိသော လူသားများ ဖြစ်နေသောကြောင့်ပင်တည်း။

မွေးကာမတ္တ၊ ပိုက်ဆံရှာကာမတ္တ၊ ကာမဂုဏ်အာရုံများ ခံစားကာမတ္တမျှနှင့်တော့ ခုနက ရွှေငါးလေးများနှင့် ကျွန်တော်တို့လူသားများသည် ဘာမျှခြားနားဘွယ်မမြင်။ မန်လည်ဆရာတော်ဘုရားကြီးကတော့ မဃဒေ၀လင်္ကာသစ်တွင် အိပ်စားကာမ ဤသုံးဝကား၊ နွားနှင့် ကျားနှင့်အတူတည်း ဟု သတိပေးထားပါသည်။ သို့ဆိုလျှင် ဘာတွေ ခြားနားအောင်လုပ်သင့်သလဲ တဲ့။ အင်မတန် စိတ်ဝင်စား စရာကောင်းသော မေးခွန်းဖြစ်၏။ နည်းနည်းလောက် ဖြန့်တွေးကြည့်ကြပါစို့။

တခြားမကြည့်ပါနှင့်။ တိရိစ္ဆာန်များသည် အ၀တ်မ၀တ်။ လူသာဝတ်သည်။ သို့ဆိုလျှင် သင်ဝတ်ထားသော အ၀တ်ကို ဘယ်ကရသလဲ။ ဘယ်လိုလုပ်သလဲ။ လူတွေနွေးနွေးထွေးထွေး လှလှပပ ၀တ်နိုင်အောင် ဘယ်သူတွေကများ တီထွင်ထားပါလိမ့်။ ဤကဲ့သို့သော အ၀တ်မျိုးဖြစ်အောင် သင်လုပ်တတ်ပါသလား။ လုပ်တတ်ဘို့ထားပါဦး။ ဘယ်လိုလုပ်ရသလဲဆိုတာလောက် သိပါသလား။ သင်ထမင်းချက်စားနေသော သတ္တုအိုးကို ဘယ်က ထုတ်ယူလို့ရပါသလဲ။ မြေကြီးထဲကနေ ဒီလို သတ္တုအိုးဖြစ်လာတဲ့အထိ အဆင့်ဆင့် လုပ်ပုံကိုင်ပုံတွေကို သင်သိပါသလား။ ဤတိုးတက်နေသော ခေတ်ကြီးတွင် တစ်နေရာမှ တစ်နေရာသို့ ခြေလျင်သွားနေစရာမလို။ သက်သက်သာသာနှင့် အမြန်ရောက်နိုင်သော ကားများ၊ ရထားများကို ပိုက်ဆံပေးပြီးစီးကာ သွားနိုင်ပေပြီ။ လူတွေ လွယ်ကူလျှင်မြန်စွာသွားနိုင်စေ ရန် ထို ကား၊ ရထားများ၊ လေယာဉ်ပျံများကို ဘယ်သူတွေကများတီထွင်ထားပါလိမ့်ဟု အသင်စဉ်းစားမိပါသလား။
တိရိစ္ဆာန်များသည် သီချင်းနားမထောင်။ လူများသာသီချင်းဆိုသည်။ နားထောင်သည်။ သို့ဆိုလျှင် သင် အပျင်းပြေ နားဆင်နိုင်ရန် သင်ကြိုက်နှစ်သက်သော သီချင်းများကို ခလုပ်ကလေးနှိပ်လိုက်ရုံနှင့် နားထောင်လို့ရသည့်အတွက် ထိုကဲ့သို့ နားဆင်နိုင်စေရန် ထိုကက်ဆက်၊ တိတ်ခွေ၊ စီဒီ၊ MP3/4 player etc. များကို တီထွင်ထားသူများအား ကျေးဇူးတင်ဘို့ သတိရမိပါသလား။

ထို့ထက်-
သတင်းအချက်အလက်ခေတ်ဟု လူအများပြောနေကြသည့် မျက်မှောက်ခေတ်ကြီးမှာ ပိုမိုအံ့သြဘွယ်ကောင်း လောက်အောင်ပင် တိုးတက်နေပေသေးသည်။ ကမ္ဘာပေါ်ရှိမည်သည့်နေရာကိုမဆို စက္ကန့်ပိုင်းအတွင်း ချက်ခြင်း ဆက်သွယ်နိုင်သော နည်းပညာများ၊ ကိုယ်လိုရာ၊ သိချင်သည်များကို မိမိစားပွဲတွင်ထိုင်နေရင်းက လက်ညှိုးကလေးကစားကာမျှနှင့် သိနိုင်သောနည်းပညာများ၊ ယခင်ခေတ်က စာကလေးတစ်စောင်ပို့ဘို့ တစ်နေရာနှင့် တစ်နေရာကို ရက်ပေါင်းများစွာ၊ ပင်ပန်းဆင်းရဲစွာ သွားရသောခေတ်မှသည် ယခုခေတ်တွင် စက္ကန့်ပိုင်းအတွင်း ထိုင်ရာမထ ခလုပ်တစ်ချက်နှိပ်ရုံမျှနှင့် ပို့နိုင်ခြင်း စသည့် လူအများအတွက် အင်မတန်အသုံးဝင်လှသည့် အတတ်ပညာများကို ဘယ်သူတွေကများ တီထွင်ထားပါလိမ့်ဟု သင် တွေးမိ၊ ကျေးဇူးတင်မိပါသလား။
ကျွန်တော်တို့ရော လူတွေအတွက် အသုံးကျစေမည့် တစ်ခုခုများ လုပ်ပေးခဲ့ဘူးပါသလား။ လုပ်ပေးဘို့ကော စိတ်ကူး မိပါသလား။ ဒီဘ၀မှာ ဒီလိုဘဲနေပြီး ဒီလိုဘဲ သေသွားတော့မှာလား။ ဒါဆို ခုနက ရွှေငါးလေးတွေနှင့် ကျွန်တော်တို့ဘ၀ကို နှိုင်းယှဉ်ကြည့်မိဘို့ကောင်းသည်။ လူတိုင်းတော့ တွေးချင်မှတွေးမိမည်ဖြစ်သည်။ လူတိုင်းမတွေးမိတောင် တော်တော်များများတော့ တွေးမိဘို့သင့်သည်ထင်၏။ အဘယ့်ကြောင့်ဆိုသော် လူတိုင်းမတွေးမိ၍ မလုပ်ပဲနေပါက တွေးမိပြီးလုပ်သောသူများနောက် အပုံကြီးနောက်ကျ ကျန်နေခဲ့တော့မည်။

အလွန်လျှင်မြန်တိုးတက်ပြောင်းလဲနေသော ခေတ်ကြီးတွင် နည်းပညာများမှာ လိုက်မမီနိုင်အောင်ပင် ရှိတော့၏။ သူများထက် တိုးပြီးမတီထွင်နိုင်သည်ဖြစ်စေ။ သူများတီထွင်ပြီးသားကို သိနားလည်အောင် တနည်းအားဖြင့် သူများချက်ပြီး သား ထမင်းကို အဆင်သင့် ခူးခပ်စားတတ်အောင်လောက်တော့ သင်ထားသင့်သည်။ သို့မှ တခြားသူတွေ ဘာတွေလုပ်နေ သည်။ ငါတို့လည်း ဘာတွေလုပ်သင့်သည်။ ဘာတွေလုပ်ရမည် ဆိုသည်ကို နားလည်သင့်သလောက် နားလည်မည်။
ကျွန်တော် ကိုးတန်းကျောင်းသား ဘ၀က မြန်မာစာဘာသာရပ်ကို သင်ကြားသူမှာ ဆရာဦးစံအေးဖြစ်၏။ ဆရာ သင်သည်များတွင် တခြားစာတွေတော့ မမှတ်မိ။ သို့သော် ထူးထူးခြားခြား သူပြောသွားသော စကားလေးတစ်ခွန်းကိုတော့ ကျွန်တော့်ဦးနှောက်ထဲ စွဲစွဲမြဲမြဲ မှတ်မိနေပါသည်။

“ဒီလိုနေရင် ဒီလိုနေရမယ်၊
ဒီလိုမနေရင် ဒီလိုမနေရဘူး၊”

ဟူ၍ ဖြစ်ပါသည်။

စကားလေးမှာ တိုသော်လည်း အဓိပ္ပါယ် အင်မတန် ကျယ်ဝန်းလှပါသည်။
အတိုချုပ် ပြန်ဆိုရသော် ----
ဘာမှ မကြိုးစားဘဲ ဒီအတိုင်းပေါ့ပေါ့နေသောသူသည် ဒီဘ၀ထက်ပိုပြီး မတိုးတက်နိုင်။
ဒီအတိုင်း ပေါ့ပေါ့မနေဘဲ ဆထက်ထမ်းပိုး ကြိုးစားနေသောသူသည် ဒီ့ထက် အဆင့်မြင့်သော အသိပညာများကို ရကာ ဒီ့ထက်ပိုမိုကောင်းမွန်သောဘ၀ကို ရရှိပိုင်ဆိုင်နိုင်မည် -- ဟု ပြန်နိုင်မည် ထင်ပါသည်။

ဘာမှမလုပ်လို့ ဘာမှသိဘဲနေပါက ဘာမှဖြစ်လာနိုင်မည် မဟုတ်ပါ။
ဤကဲ့သို့ ဘာမှမဖြစ်လာဘဲ နေမြဲလေးအတိုင်း နေသာသလို ဆက်နေသွားပါက အထက်က ကျွန်တော်နှိုင်းယှဉ်ပြခဲ့သော ရွှေငါးလေးများ၏ ဘ၀နှင့် ဘာမှခြားနားတော့မည် မဟုတ်ပါချေ။ ။

အေးငြိမ်း
၂၀-၁၂-၂၀၀၃