Sunday, January 18, 2009

Living in Singapore XIX (Shopping)

အခန်း (၅)

ဈေးများ

လူတို့၏ နေ့စဉ်နေထိုင်မှု ဘ၀အတွက် လူ့အသုံး အဆောင် ပစ္စည်းများ ကို မ၀ယ်မဖြစ် ၀ယ်ယူ သုံးစွဲ နေရသည် ဖြစ်ရာ ထိုပစ္စည်းများ ၀ယ်ယူရမည့် ဈေးများ အကြောင်းကို လည်း သိရှိထားရန် လိုပေသည်။ မည်သည့် ပစ္စည်းကို မည်သည့် နေရာတွင် ၀ယ်လို့ရမှန်း သိလျှင် အချိန်ကုန် သက်သာပြီး စိတ်ချမ်းသာ လွယ်ကူ ပါသည်။ ထိုမျှသာ မကသေး မည်သည့် နေရာတွင် ၀ယ်ပါက ပစ္စည်းချင်း တူလျှင် ဈေးပိုသက်သာ ကြောင်း သိရှိထားလျှင် မကုန်တန်တာ မကုန် တော့ပေ။ သို့အတွက် ဤ အခန်းတွင် စင်ကာပူ တနံတလျားရှိ ဈေးများအကြောင်း ဖော်ပြလိုက် ပါသည်။
စင်ကာပူသည် နိုင်ငံငယ် သလောက် လူမျိုးစုံတို့ လာရောက် ကျက်စားလေ့ ရှိရာ ထို နိုင်ငံတကာ ခရီးသည် များကို ဆွဲဆောင်ရန် ဈေးများ ကိုလည်း နေရာအနှံ့ တွေ့နိုင်ပေသည်။ ထို နိုင်ငံတကာ ခရီးသည်များ အဆင်ပြေစွာ ၀ယ်ခြမ်း စေနိုင်ရန် အလို့ငှာ နိုင်ငံတကာ သုံး ငွေကြေး လဲလှယ်ခြင်း လုပ်ငန်း ကလေးများ ကိုလည်း ဈေးတိုင်းလိုလို တွေ့ နိုင်ပေသည်။ ယနေ့ ၁၆-၀၁-၀၉ သောကြာနေ့ ငွေ လဲလှယ်နှုံးမှာ အမေရိကန် တစ်ဒေါ်လာ လျှင် စင်ကာပူ ဒေါ်လာ ၁.၄၉၃၅၉၅ ဖြစ်ပါသည်။
စင်ကာပူတွင် စူပါ မားကက် ကြီးများ ရှိသလို သက်ဆိုင်ရာ မြို့များ အတွင်း ဖွင့်လှစ်ထားသော ဈေးများ၊ လမ်းဘေးတွင် ဆိုင်များဖွင့်ကာ ရောင်းသော ဈေးများ၊ အသီးအရွက်နှင့် သားစိမ်း ငါးစိမ်းများ ရောင်းသော ဈေးများ၊ ယာယီ မဏ္ဍပ်များ ထိုးကာ ရောင်းသော ဈေးများ ဟု အစားစား ရှိပါသည်။ ထို့ပြင် ရောင်းသော ကုန်ကို လိုက်၍ ကွန်ပြူတာ ပစ္စည်းများချည်း ရောင်းသော ဈေးများ၊ အထည်များချည်း ရောင်းသော ဈေးများ၊ စားသောက် ကုန်များချည်း ရောင်းသော ဈေးများ စသဖြင့်လည်း ရှိပါသေးသည်။
အရည်အသွေးကောင်း၊ နာမည်ကြီး တံဆိပ်များကို ၀ယ်လိုလျှင် စူပါ မားကက်ကြီးများသို့ သွားနိုင်ပါသည်။ သို့သော် ပစ္စည်းကောင်း သလို ဈေးလည်း ကြီးပါလိမ့်မည်။ တော်ရုံတန်ရုံ သုံးလို့လည်းကောင်း ဈေးလည်း သိပ်မများလှ သော ပစ္စည်းများကို Local Market ခေါ် မြို့တွင်း ဈေးများတွင် ၀ယ်နိုင်ပါသည်။ ပေါချောင်ကောင်း အလွန် ဈေးချိုလှသော ပစ္စည်းများကို ရောင်းသော ဆိုင်များလည်း ရှိပါသည်။ ဈေးချိုပြီ ဆိုမှတော့ ပစ္စည်းကောင်း ကို မျှော်မှန်းလို့ မရနိုင်ပါ။

၅၊ ၁။ ၁၂ ပွဲဈေးများ

ပထမ ဦးစွာ ပစ္စည်းလည်းစုံ၊ ဈေးလည်း ပေါလှသော ၁၂ ပွဲဈေးများ အကြောင်း ပြောပါမည်။
၁၂ ပွဲဈေးဆိုသည်မှာ ဗမာပြည်တွင် ဘုရားပွဲများ အပါအ၀င် ရာသီ အလိုက် ကျင်းပသော ပွဲများဖြစ်ပါသည်။ စင်ကာပူ တွင်လည်း ၁၂ ပွဲ ဈေးများကို နေရာအနှံ့ အမြဲလိုလို တွေ့ရတတ်ပါသည်။ ဗမာပြည်တွင် တပေါင်း လပြည့်မို့ ဘုရားပွဲ ကျင်းပသည် အမည် ခံသော်လည်း စင်ကာပူ တွင်တော့ ဘာကြောင့်မှန်း ကျွန်တော် မသိပါ။ ကျွန်တော်တို့ ဘုရားပွဲနှင့် တူသော ပွဲဈေးတန်း များကို ဟိုနေရာ၊ သည်နေရာတွင် အမြဲ တွေ့ရတတ် ပါသည်။
ထို ၁၂ ပွဲဈေးများသည် အမြဲတမ်း အဆောက်အဦ များတွင် ဖွင့်လှစ်သည် မဟုတ်ပဲ ကွင်းပြင်များတွင် မဏ္ဍပ်များ ထိုး၍ သော်လည်းကောင်း၊ လမ်းဘေး တွင် တန်းလျားများ ထိုး၍ သော် လည်းကောင်း တည်ခင်း ရောင်းချခြင်း ဖြစ်ပါ သည်။ ဈေးပွဲတော် ရှိစဉ် ခဏ မဏ္ဍပ်ထိုးပြီး ဈေးပွဲပြီးသည်နှင့် ထိုမဏ္ဍပ်များကို ဖျက်ပစ်လိုက်တာ ဖြစ်ပါသည်။ တခါတရံ MRT ဘူတာ ပတ်ဝန်းကျင် ကွက်လပ်များတွင် ကျင်းပပြီး၊ တခါတရံ လူနေရပ်ကွက်များ အတွင်း လမ်းဘေးများတွင် တဲတန်းများ ထိုးကာ ကျင်းပပါသည်။
ထို ၁၂ ပွဲဈေးများ၏ ပုံစံသည် အဘယ်သို့ ရှိသနည်း ဟု စင်ကာပူ မရောက်ဖူးသူ မြန်မာများ မှန်းဆလိုလျှင် ရွှေတိဂုံဘုရား တပေါင်းပွဲကို သွားကြည့်ပါ ဟု ညွှန်းလိုပါသည်။ ဘုရား မရှိတာ၊ မိုးဝင်းဇာတ် စသဖြင့် ပွဲလမ်း သဘင် မပါတာ၊ လိပ်ကိုပြပြီး တိရိစ္ဆာန် တစ်ကောင်လျှင် အကောင်ငါးမျိုး ပါသည် ဟု ညာတာပါတေး ဖြင့် ရုံသွင်း ပိုက်ဆံ မတောင်းတာက လွဲလျှင် စင်ကာပူ ၁၂ပွဲဈေးနှင့် ရွှေတိဂုံ တပေါင်းပွဲမှာ အားလုံး အတူတူပင် ဖြစ်ပါ၏။ ဗမာဘုရားပွဲ တွင် ရေမုံ့၊ မုံ့လင်မယား၊ မုံ့ဆီကြော်၊ အမဲအူပြုတ်၊ အမဲအူသုတ်၊ မုံ့ဟင်းခါး၊ လက်သုတ် စသည်ဖြင့် ဗမာမုံ့သည်များ ရှိသလို စင်ကာပူပွဲ တွင် လည်း စင်ကာပူမုံ့များ ဖြစ်သော ဟိုအကင်၊ ဒီအကင်၊ ခေါက်ဆွဲကြော်၊ ကြက်တောင်ပံကြော် စသည်ဖြင့် ရှိပါသည်။ ကံစမ်းမဲ နှိုက်တာ၊ ဘဲခေါင်းကို သားရေကွင်း စွပ်တာကစ တူပါသည်။
ဗမာပြည် ဘုရားပွဲများတွင် ပေါချောင်ကောင်းများ ကို တိုးဝှေ့ ၀ယ်ကြသလို စင်ကာပူ ၁၂ပွဲ ဈေးများ တွင်လည်း ခြေညှပ်ဖိနပ် တစ်ရံလျှင် တစ်ကျပ်၊ ဗီစီဒီ ၃ ခွေ ၁၀၊ ဂျင်းဘောင်းဘီ တစ်ထည် ၁၀၊ ဦးထုပ် တစ်လုံး ၂ ကျပ်ခွဲ စသဖြင့် ကြိတ်ကြိတ်တိုး ၀ယ်ယူ အားပေးကြပါ၏။ ထို့ပြင် အလှစိုက် ပန်းအိုးကြီးများ၊ အိမ်ထောင် ပရိဘောဂများ၊ အိပ်ယာ ခန်းနားများ လည်း ရောင်းချပါ၏။ တခါတရံ အရစ်ကျနှင့် ပေးချေရသော ကားများပင် ပြထား ပါသေး၏။ စင်ကာပူတွင် တစ်လ ၅၀၀ လောက် သွင်းနိုင်လျှင် ကားစီးလို့ ရပါသည်။
ဆန်၊ ဆီ၊ ဆား၊ ငြုပ်၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်၊ မန်ကျည်းသီး စသည့် မီးဖိုချောင်သုံး ပစ္စည်း ရောင်းသော ဆိုင်များ၊ ကလေးအ၀တ်၊ မိန်းမ၀တ်၊ ယောက်ျားဝတ် စသည့် ဈေးပေါပေါ လောလော နှင့် ရသော အ၀တ် အထည်များ၊ ဖိနပ်၊ ဦးထုပ် နှင့် မိန်းကလေး အလှပြင် ပစ္စည်း ရောင်းသော ဆိုင်များ၊ တူ၊ လွှ၊ ပလာယာ စသော ကုန်မာ ပစ္စည်း ရောင်းသော ဆိုင်များ။
ဗီစီဒီ ရောင်းသော ဆိုင်များကတော့ ဆောင်းဘောက် အကြီးကြီးများကို နားကွဲမတတ် ဖွင့်ထားကာ ဆိုင် တစ်ဖက် တစ်ချက်တွင်လည်း ၂၁ လက်မ တီဗီ တစ်လုံး စီချပြီး အစမ်းကားများ ပြထားပါ၏။ ထို အစမ်းကား များကို ရပ်ကြည့်နေသော ပရိသတ် မှာလည်း မနည်းလှပါပေ။
မြန်မာပြည်မှာ ကဲ့သို့ပင် ဒီဂရီ အမျိုးမျိုး ကပ်ထားသော စာကြည့် မျက်မှန်များ ကိုလည်း ၃ ကျပ်၊ ၄ ကျပ် မျှ နှင့် ရနိုင်ပါ၏။ (မျက်မှန် ဆိုင်ကြီး များတွင် သွားလုပ်လျှင် စမ်းသပ်ခ ရော မျက်မှန်လုပ်ခ ပါ အနည်းဆုံး ၅၀ မှ ၁၀၀ ထိ ကျသင့် ပါသည်။)
အပ်၊ အပ်ချည်လုံး၊ ပန်းကန်ဆေး ရေမြှုပ်တုံး၊ ဓါတ်ဖူး အဖုံး ဖော့တုံး၊ မွေးညှပ်၊ နဖားကလော် စသည့် တိုလီ မုတ်စ များကို ဤသည့် ဈေးများတွင် အလွန် ဈေးချိုစွာ ရနိုင်ပါသည်။ မည်သည့် နေရာတွင် ၀ယ်ရမှန်း မသိပါက ထို ပစ္စည်း ကလေးများမှာ သာမန် အချိန်များတွင် အလွန် ရှာရ ခက်ပါသည်။ ၁၀ ထက်မပိုသော ငွေ ပမာဏ မျှနှင့် ထို အသုံးတည့်သော ပစ္စည်းကလေး များကို တော်တော် စုံစုံ လင်လင် ရနိုင်ပါသည်။
မြန်မာပြည်နှင့် တူစွာပင် တခါတရံ ထိုပွဲများတွင် မျက်လှည့်ဝိုင်း များကိုလည်း လူများ ကြိတ်ကြိတ် တိုးလျှက် တွေ့နိုင်ပါ သေးသည်။
ဖရဲသီး၊ သင်္ဘောသီး၊ ငှက်ပျောသီး၊ ပိန္နဲသီး၊ ပန်းသီး၊ စပျစ်သီး၊ သစ်တော်သီး၊ ဒူးရင်းသီး စသော သစ်သီးဝလံ မျိုးစုံ နှင့် အခြား အကင်၊ အဖုတ်၊ အပြုတ်၊ အကြော်၊ အလှော် အစားအသောက် မျိုးစုံကို မီးခိုး မှိုင်းများ အကြားတွင် တန်းစီ ၀ယ်ယူ နေသူများ ကို တွေ့နိုင်ပါ၏။ ပြောင်းဖူးစေ့ ပြုတ်၊ မုံ့ဖက်ထုပ်၊ ပူတင်း၊ ပေါက်စီ၊ ဆမူဆာ၊ ပလာတာ။ ကုလား မုံ့၊ တရုပ်မုံ့၊ မလေးမုံ့ မုံ့မျိုးစုံကို တစ်နေရာ ထည်းတွင် မြည်းစမ်း ကြည့်နိုင်ပါ သည်။
နေရာကျယ်သော ကွင်းပြင်များ ဖြစ်ပါက ကလေးများစီးသော ချားများ၊ ရဟတ်များ၊ လှုပ်နေသည့် လေယာဉ်ပျံ ရုပ်၊ ဆင်ရုပ်၊ မြင်းရုပ်များ ကို ပါ ဆင်ထားပေး ပါသည်။ ကလေး တစ်ခါစီး တစ်ကျပ် ဖြစ်ပါ၏။ လူလတ်ပိုင်းများ စီးသည့် ဒိုင်းနမိုက် ချားမှာမူ အလွန် အသည်း ယားစရာ ကောင်းလှပါ၏။ ဧရာမ အ၀ိုင်း ကြီးပေါ်တွင် စားပွဲတွင် ၀ိုင်းထိုင် သကဲ့သို့ ထိုင်ခုံ ၅ ခုံ ကို ဆင်ထားကာ အ၀ိုင်းကြီးကလည်း လှည့်၊ စားပွဲဝိုင်း ကလည်း လှည့်၊ ထိုင်ခုံကလည်း လှည့် ဖြင့် သုံးဆင့် လှည့်ပြီး ဆောင်းဘောက်စ် မှလည်း မြူးမြူး ကြွကြွ တီးလုံးကို ဖွင့်ပေးထား သဖြင့် ဆယ်ကျော်သက် ကောင်လေး၊ ကောင်မကလေးများမှာ ထို ၀ိုင်းနားတွင် ၀ိုင်း နေပါသည်။ တစ်ခါစီး ၅ ကျပ် ဖြစ်ပါ၏။ အန္တရာယ် ရှိပါသည်။ ပြုတ်ကျလျှင် မိမိတာဝန်သာ ဖြစ်သည် ဆိုသော စာကိုလည်း အ၀င်ဝတွင် ရေးထားလိုက်ပါသေး၏။
သို့သော် ထိုပွဲများမှာ အစဉ်မရှိ၊ တခါတရံသာ ကြိုကြား ကြိုကြား တွေ့နိုင်ပါသည်။

၅၊ ၂။ လမ်းဘေးဈေးများ (Street Shops)

လမ်းဘေး ဈေးများမှာ ရန်ကုန်ရှိ လမ်းမဘေးတွင် ဖွင့်ထားသော ဆိုင်တန်းများနှင့် အလားသဏ္ဍာန် တူပါသည်။ သူတို့သည်လည်း လမ်းနှင့် ကပ်လျှက် အိမ်များက အောက်ထပ်ကို ဆိုင်ဖွင့်ကာ ရောင်းချကြခြင်း ဖြစ်ပါသည်။ အချို့မှာ ပလက်ဖောင်းပေါ် ၌ပင် ဆိုင်ခင်းလိုက် ကြပါသေး၏။ ဥပမာ ပြရလျှင် Geylang Lor 17 ပတ်ဝန်းကျင် Sims Avenue လမ်းမကြီး တစ်လျှောက်တွင် သစ်သီးဆိုင်များကို လမ်းဘေး ပလက်ဖောင်းများ၌ တည်ခင်း ရောင်းချနေသည် ကို တွေ့ နိုင်ပါသည်။

Geylang Street Shops

လမ်းဘေး ဈေးများအနက် အ၀တ် အထည်များကို အမျိုးစုံ၊ ဈေးသက်သက် သာသာ နှင့် ၀ယ်လိုပါက Little India နှင့် Mustafa ပတ်ဝန်းကျင်က ကုလားဆိုင် များကို သွားပါ။ အသီးအနှံ မျိုးစုံဝယ်လို ပါက Geylang လမ်းဘေးဆိုင် များကို သွားပါ။
တစ်ပတ်နွမ်း ပစ္စည်းများကို ၀ယ်လိုပါကလည်း အောက်ပါ link တွင် ရှာကြည့်နိုင်ပါသည်။
http://www.streetdirectory.com/businessfinder/zone/40/2223/Second_Hand_Store/

Geylang, Little India, Kallang, Chai Chee, Arab Street, Orchard, City Hall, Sungei Kadut, Marine Parade, Bedok, Ang Mo Kio, Punggol, Serangoon, Lavender စသည့် နေရာများတွင် သွားရောက် မွှေနှောက် ရှာဖွေနိုင် ပါသည်။
ထို့ပြင် ပိုမို စိတ်ချရသော တစ်ပတ်နွမ်း ပစ္စည်းများကို ၀ယ်လိုပါက သို့မဟုတ် မိမိတွင် အသုံးမလို တော့သော ပစ္စည်းဟောင်း များကို ရောင်းလိုပါက Cash Converter ဟူသော ဆိုင်များ ရှိပါသည်။ အတော်လတ်သေးသော ရေနွေး ဓါတ်ဗူးကြီးတစ်လုံးကို ၂ ကျပ်မျှ နှင့် ရနိုင်ပါ၏။ စီဒီများကိုလည်း ၃ ကျပ်၊ ၄ ကျပ် အစားစား ရနိုင်ပါသည်။ စင်ကာပူတွင် Admiralty , Ang Mo Kio, Bedok North, Jurong East, Toa Payoh စသည့် နေရာများ၌ ထိုဆိုင်ခွဲ ၅ ဆိုင်ရှိပါသည်။
(Ref: http://www.cashconverters-asia.com/loc_amk.htm ) မိမိ ပစ္စည်းကို ရောင်းမည်ဆိုလျှင်တော့ ပစ္စည်းသည် ကောင်းသေးသော (သုံးလို့ ရသေးသော) ပစ္စည်း ဖြစ်ရမည်။ တိုက်ချွတ် ဆေးကြောထားရမည်။ ကျိုးရာ၊ ပဲ့ရာ မပါရပါ။ သူတို့တွင် စစ်ဆေးပြီး ဈေးဖြတ်ပေးသော ရာဖြတ်များ ရှိပါသည်။ မည်သည့် ပစ္စည်းကိုမဆို ထို ရာဖြတ်က ဖြတ်ပေး သော ဈေးနှင့် ရောင်းနိုင်ပါ၏။
နောက် ကုသိုလ်လည်းရ၊ ၀မ်းလည်းဝ လုပ်နိုင်သော နေရာ တစ်ခုမှာ Salvation Army များ ဖြစ်ပါ၏။ ဗမာ လို ပရဟိတ ဟု ခေါ်နိုင်ပါသည်။ မိဘမဲ့ ကလေးများ၊ မစွမ်းမသန်များ၊ ခိုးကိုးရာမဲ့ သက်ကြီးရွယ်အိုများ ကို စောင့်ရှောက်နေ သော အဖွဲ့ ဖြစ်ပါ၏။ ကမ္ဘာတစ်ဝှမ်းတွင် ထို အဖွဲ့များ ရှိပါသည်။ ထိုနေရာများတွင်လည်း မိမိတို့ အသုံးမလိုတော့သော ပစ္စည်းများကို လှူနိုင်သလို၊ သင့်တင့်သော ဈေးတစ်ခုနှင့် ရောင်းချနိုင်ပါ၏။ များသော အားဖြင့် အ၀တ်အထည်များကို မရောင်းပဲ လှူကြပြီး ပရိဘောဂများ ကိုသာ ရောင်းချတာ တွေ့ရပါသည်။
မြန်မာပြည်တွင်လည်း Salvation Army ရုံးခွဲများ ရှိပါသည်။ ၁၉၁၅ ခု နှစ်ကတည်းက စတင် ဖွင့်လှစ်ခဲ့ပြီး ယခု အခါ မြန်မာပြည် အနှံ့ ဌာနခွဲပေါင်း ၄၅ ခုထိ ရှိနေပြီ ဖြစ်ပါသည်။ ထို Salvation Army များတွင် ဈေးသက်သက် သာသာ နှင့် ပစ္စည်းကောင်းကောင်းများ ရနိုင်ပါသည်။ ထို ဌာနတွင် ၀ယ်ခြင်းအားဖြင့် မိမိအလိုလည်း ပြည့်၊ တစ်ဖက်မှ လည်း ထို ပရဟိတ ဂေဟာများသို့ ထောက်ပံ့ပြီး ဖြစ်သွားပါသည်။
ပစ္စည်းဟောင်း ၀ယ်နိုင်သော စင်ကာပူရှိ Salvation Army ရုံးခွဲများ မှာ အောက်ပါအတိုင်း ဖြစ်ပါ၏။
ထို့ပြင် အခြား ပစ္စည်းဟောင်းများ ရောင်းနိုင်သော နေရာ များစွာ ရှိပါသေး၏။ အလွန် များပြားလှ သဖြင့် အသေးစိတ် မဖော်ပြတော့ပါ။ အောက်ပါ link တွင် ရှာကြည့် နိုင်ပါသည်။
http://www.sec.org.sg/recylce_htm/recycle_r_contents.htm

၅၊ ၃။ Wet Markets (ကုန်စိမ်းဈေးတန်း)

လူနေရပ်ကွက်များ အတွင်း ကုန်စိမ်းဈေးများ လည်း ရှိပါသည်။ ဟင်းသီးဟင်းရွက် လတ်လတ် ဆတ်ဆတ်၊ သား၊ ငါး အစိမ်း လတ်လတ် ဆတ်ဆတ် များ ၀ယ်ယူရရှိနိုင်ပါသည်။ မြန်မာပြည်မှ ကုန်စိမ်းဈေးများ ကဲ့သို့ပင် နံနက် ပိုင်းတွင် သာဖွင့်ပြီး ၁၁ နာရီခွဲ ခန့်တွင် ဆိုင်များ သိမ်းပါသည်။ ၁၂ နာရီကျော်လျှင်မူ ညနေပိုင်း ထိ ဖွင့်သော ဟင်းသီး ဟင်းရွက်ဆိုင် တစ်ဆိုင်တလေမှ လွဲ၍ ဘာဆိုင်မှ မရှိတော့ပါ။
ကုန်ခြောက်တန်း၊ သစ်သီးတန်း၊ ဟင်းသီး ဟင်းရွက်တန်း၊ ငါးတန်း၊ ကြက်သားတန်း၊ ဆိတ်သားတန်း၊ ၀က်သားတန်း ဟု ခွဲထားပါသည်။ မွတ်ဆလင် များလည်း အများအပြား နေထိုင်သော နိုင်ငံဖြစ်ရာ ကြက်၊ ဆိတ် စသော အသားများကို ဟာလာ လုပ်၍ ရောင်းပါ သည်။
ခေါက်ဆွဲကြော်ရန် ခေါက်ဆွဲအစို၊ ပဲပင်ပေါက်၊ ပဲပြား စသည့် ခေါက်ဆွဲကြော်ရာတွင် ထည့်သည့် ပစ္စည်းများ သပ်သပ် ရောင်းသော ဆိုင်များလည်း ရှိပါ၏။ ယခင်နှစ်များကမူ ၂၀ ဘိုးလောက် ၀ယ်လိုက်လျှင် တစ်ပတ်စာ ကောင်းကောင်း စားလို့ ရပါသည်။ အစစ အရာရာ ဈေးများတက်နေသော ယနေ့တွင်မူ ၀က်သားမှာလည်း အသား ပေါ်မူတည်၍ တစ်ကီလို လျှင် ၈ ကျပ် မှ ၁၀၊ ငါး မှာလည်း တစ်ကီလိုလျှင် ၆ ကျပ် မှ ၁၂ ကျပ် စသဖြင့် ဖြစ်ပါသည်။
သို့သော် ထို ကုန်စိမ်းဈေးများမှ ဈေးနှုံးများမှာ စူပါမားကက်ကြီးများမှ ဈေးများထက် ပိုမို သက်သာပါသည်။
ထို့ပြင် ထို ကုန်စိမ်းဈေး များမှ ၀က်သားများမှာ မလေးရှားမှ တင်သွင်းလာသော အသားများ ဖြစ်ပြီး စူပါ မားကက်ကြီးများမှ အသားများမှာမူ သြစတေးလျ နှင့် နယူးဇီလန် နိုင်ငံများမှ ရေခဲရိုက်ပြီး တင်သွင်း လာသော အသား များ ဖြစ်သဖြင့် တနည်းအားဖြင့် ကုန်စိမ်းဈေးမှ အသားများမှာ ပို လတ်သည်ဟု ဆိုနိုင်ပါ လိမ့်မည်။
စင်ကာပူ ကုန်စိမ်းဈေး တန်းများမှာ သားငါးများပင် ရောင်းသော်ငြား သန့်ပါသည်။ သို့သော် မရှောင်သာ၊ မလွှဲသာ ညှီနံ့ကတော့ ရမည်မှာ သေချာပါ၏။ ရေများနှင့် စိုစိ စိုစိ လည်း ဖြစ်နေပါလိမ့်မည်။ သို့သော် ယင်ကောင်များ သိပ်မရှိပါ။ စင်ကာပူတွင် ထင်ရှားသော ကုန်စိမ်းဈေး ကြီးများ ရှိပါ၏။ ၎င်းတို့မှာ အောက်ပါတို့ ဖြစ်ပါသည်။

ထို့ပြင် ပစ္စည်းများများဝယ်ပါက Wholesale Centre (လက္ကား ဖြန့်ချိရေး) များသို့ သွားဝယ်လျှင် ပိုကိုက် ပါ သည်။ မလေးရှားမှ တိုက်ရိုက် တင်သွင်း ရောင်းချခြင်း ဖြစ်၍ အခြား ဈေးများနှင့် ယှဉ်ပါက အလွန် ဈေးချိုပါသည်။ အချို့သော Wholesale Centre များမှာ Pasir panjang Wholesale Centre နှင့် Victoria Street Wholesale Centre တို့ ဖြစ်ပါသည်။ သို့သော် အခြား Wholesale Centre များလည်း အများ အပြား ရှိပါသေးသည်။
၅၊ ၄။ ရပ်ကွက် ဈေးများ

စင်ကာပူတွင် Sembawang Town, Marine Parade Town, Tampines Town, Ang Mo Kio Town စသဖြင့် ရှိရာ ထို့ မြို့များတွင် ဈေးများ ရပ်ကွက် အလိုက် ဆိုသလို ရှိပါသည်။ Jurong West ဘက်တွင် မတော့ Boon Lay Place Shopping Centre မှာ လူသိများပြီး စည်ကားပါသည်။ တည်နေရာမှာ -

Boon Lay Place Market and Food CentreBlk 221A Boon Lay Place Singapore 641221 - ဖြစ်ပါသည်။ ထို ဈေးနှင့် သိပ်မဝေး လှသော ရထားလမ်း တစ်ဖက် တွင် Taman Jurong Shopping Centre ရှိပါသည်။ ထို့အတူ Jurong East MRT နှင့် ကပ်လျှက်တွင် လည်း Shopping Centre တစ်ခု၊ West Coast Shopping Centre စသည်ဖြင့် အများကြီး ရှိပါသည်။

၅၊ ၅။ စူပါမားကက်ကြီးများ

စင်ကာပူတွင် shopping mall နှင့် super market ကြီးများ အများ အပြား ရှိပါသည်။ အချို့ ကို ဖော်ပြရလျှင် Bugis Junction, Causeway Point, The Centrepoint, East Point Mall, Golden Mile Complex, Great World City, IMM Shopping Mall, Lucky Plaza, Northpoint Shopping Centre, People's Park Centre, Raffles City, Sim Lim Square, Suntec City Mall, Tampines Mall, Tiong Bahru Plaza, VivoCity, West Mall, Wisma Atria Mustafa Centre စသဖြင့် ဖြစ်ပါသည်။
အီလက် ထရောနစ် နှင့် ကွန်ပြူတာ ပစ္စည်းများ ၀ယ်လိုလျှင် Sim Lim Square, Funan IT Mall စသည်တို့တွင် စိတ်ကြိုက် ၀ယ်ယူနိုင်ပါသည်။
မည်မျှ shopping mall ကြီးများ များပြား သော်လည်း တည်နေရာ၊ အပြင်အဆင် နှင့် နာမည်သာ ကွဲသွားသည်။ အထဲတွင် ရှိသော ဆိုင်များမှာ မူ သိပ် ထူးမခြားနား လှပါ။ နာမည်ကြီး ဆိုင်များ ဖြစ်သော Starbucks, Coffee Bean Delifrance, KFC, McDonald, Giordano, Burger King, NTUC, Shop N Save, Golden Village, Esprit, John Little, Courts, Robinsons စသည့် ဆိုင်များကိုသာ ပုံစံ အမျိုးမျိုးဖြင့် တွေ့ရမည် ဖြစ်ပါသည်။ လက်ဝတ်ရတနာ ပစ္စည်း များ၊ အမျိုးသမီး အသုံးအဆောင် အလှပြင် ပစ္စည်းများ၊ အားကစား ပစ္စည်းများ၊ ကလေး ကစားစရာ ပစ္စည်းဆိုင်များ၊ စီဒီ ဆိုင်များ၊ စာအုပ်ဆိုင်များ၊ စားသောက်ဆိုင်များ စသည် တို့မှာ စူပါမားကက် ကြီးများတွင် တွေ့ရသည့် မရိုးနိုင်သော မြင်ကွင်းများ ဖြစ်ပါ၏။ ထို့ပြင် Golden Village စသော ရုပ်ရှင်ရုံများလည်း အပေါ်ဆုံး ထပ်တွင် ရှိတတ်ပါ သည်။
မြို့လယ် ဟု ခေါ်နိုင်သည့် သံရုံးများ လည်း ရှိသည့် နိုင်ငံခြားသား မျိုးစုံကို တွေ့နိုင်သော နေရာတစ်ခု မှာ နာမည်ကြီး Orchard Road ဖြစ်ပါသည်။ Orchard Road ပေါ်တွင်မူ အခြား နေရာများထက် Shopping Centre ကြီးများ ကို ပိုမို များပြားစွာ တွေ့ရပါလိမ့်မည်။ ပိတောက်ပင်ကြီးများ အုပ်ဆိုင်းနေသော Orchard Road လမ်းမ တစ်လျှောက် လျှောက် သွားကြည့်လိုက်လျှင် Centrepoint, DFS Galleria Scottswalk, Far East Plaza, The Heeren, Tanglin Shopping Centre, Delfi Orchard, Forum the Shopping Mall, The Shopping Gallery at Hilton, International Building, Liat Towers, Lucky Plaza, Midpoint Orchard, Ngee Ann City, OG Orchard Point, Orchard Plaza, Orchard Towers, Pacific Plaza, Palais Renaissance, Paragon Shopping Centre, Shaw House, Wisma Atria စသည့် များမြောင်လှသော Shopping Mall ကြီးများကို တွေ့ရပါလိမ့်မည်။

သို့သော် မြို့လယ် ဖြစ်သည့်အတွက် ပစ္စည်းဈေးနှုံး များမှာမူ အခြားနေရာ များထက် ပိုကြီး ပါသည်။ Takashimaya တွင် အလွန်ကြီးမားသော Kinokuniya စာအုပ်ဆိုင်ကြီး ရှိပါသည်။ စာအုပ်ဝါသနာအိုး များအဖို့ စာအုပ် မျိုးစုံကို စိတ်ကြိုက် ရှာနိုင်သော နေရာ ဖြစ်ပါသည်။ ထို့ပြင် Orchard ဘူတာနှင့် မလှမ်းမကမ်း တွင် Border စာအုပ် ဆိုင်ကြီးကိုလည်း တွေ့ရမည် ဖြစ်ပါသည်။
Jurong Point Shopping Mall တွင်မူ အလွန် လူစည်ကားလှ ပါသည်။ Jurong မှာ စင်ကာပူ အနောက်ပိုင်း ကျပြီး သင်္ဘောကျင်း နှင့် စက်ရုံများ ရပ်ကွက် ဖြစ်သဖြင့် နိုင်ငံခြားသား အလုပ်သမား အများစု နေထိုင်သော နေရာ တစ်ခု လည်း ဖြစ်ပါသည်။ မြို့စွန် ကျသဖြင့် ထို အနီးပတ်ဝန်းကျင်တွင် အခြား လည်စရာ ပတ်စရာ သိပ်မရှိ။ သို့အတွက် အလုပ်ပိတ်ရက် သို့မဟုတ် အလုပ် စောစော သိမ်းရက် များဖြစ်သော စနေ၊ တနင်္ဂနွေ နေ့ ညနေပိုင်း များတွင် Boon Lay ဘူတာနှင့် Jurong Point ပတ်ဝန်းကျင် တွင် နိုင်ငံခြားသား (ဘင်္ဂလား၊ အိန္ဒိယ၊ မြန်မာ၊ တရုတ်) အလုပ်သမား အများ အပြား လာရောက် စုဝေးကာ အချင်းချင်း တွေ့ကြ၊ ဆုံကြ၊ စားကြ သောက်ကြ နှင့် တိုးမပေါက်အောင် စည်ကားလှပါ သည်။ ယခုအခါတွင် Boon Lay ဘူတာ အနီး၌ ပန်းခြံကြီး တစ်ခု ဖန်တီးပြီး သွားပြီဖြစ်ရာ ထို ပန်းခြံ မြက်ခင်းပြင်များ ပေါ်တွင် အုပ်စုဖွဲ့ကာ ဘီယာ ထိုင်သောက် နေကြသူများ၊ တစ်ခုခု စားရင်း စကားပြောဆို ရယ်မော နေကြသူများ ကို အဖွဲ့ လိုက်၊ အဖွဲ့လိုက် အများအပြား တွေ့နိုင်ပါသည်။
နောက်တစ်ခု စိတ်ဝင်စားစရာ ကောင်းသော နေရာ တစ်ခုမှာ Mustafa Centre ဖြစ်ပါ၏။ ပိတ်ချိန်မရှိ၊ ၂၄ နာရီ ဖွင့်ကာ ပစ္စည်းအမျိုးပေါင်း မြောက်များစွာကို အဖိုးနှုံး ချိုသာစွာ နှင့် ၀ယ်ယူနိုင် ပါသည်။ အလွန် လက်ရာ လှပသော ရွှေငွေ လက်ဝတ် ရတနာများ၊ တစ်လုံးလျှင် ၁၀ တန် မှ ရာကျော်ထိ တန်သော နာရီ အစားစား။ ပိတ်စများ၊ ဘောင်းဘီ များ၊ အင်္ကျီများ၊ ဖိနပ် စသည့် ကျားဝတ်၊ မ ၀တ် အ၀တ်အစား မျိုးစုံ။။ ထမင်းပေါင်းအိုး၊ ဒန်အိုး၊ စတီးအိုး၊ ဒယ်အိုး၊ ခေါင်းအုံး၊ မွေ့ယာ၊ စောင် စသော အိမ်သုံး ပစ္စည်း မျိုးစုံ။ ဘီစကွတ်၊ ချောကလက်၊ သကြားလုံး စသော မုံ့မျိုးစုံ။ ဆန်၊ ဂျုံမှုံ့၊ ဆီ၊ ဆား၊ ငြုပ်၊ စသော ဟင်းချက် ပစ္စည်း မျိုးစုံ။ ကျန်းမာရေး အတွက် သွေးပေါင်ချိန် စက်၊ အနှိပ်စက်၊ ဆီးချို တိုင်းစက် စသည်များ။ ကင်မရာ၊ MP3 Player၊ DVC player စသော အီလက်ထရောနစ် ပစ္စည်းများ။ ရေမွှေး၊ ပေါင်ဒါ၊ မိတ်ကပ်၊ နှုတ်ခမ်းနီ စသော အလှပြင် ပစ္စည်းများ၊ ခရီးသွားများ အတွက် မရှိမဖြစ် လိုအပ်သော Luggage အရွယ်မျိုးစုံ၊ ဒီဇိုင်းမျိုးစုံ စသော ပစ္စည်း အစုံကို တစ်နေရာ ထဲတွင် စိတ်ကြိုက် ရွေးချယ် ၀ယ်ယူ နိုင်ပါသည်။ အထူးသဖြင့် မြန်မာပြည် ပြန်မည့် သူများ လက်ဆောင် ပေးရန် ၀ယ်လို့ ကောင်းသော နေရာ ဖြစ်ပါ၏။
စင်ကာပူတွင် မြန်မာများ မရောက်မဖြစ် ရောက်ရသော နေရာ တစ်ခုရှိပါ၏။ စင်ကာပူ မြို့လယ် City Hall MRT နှင့် ကပ်လျှက်တွင် ရှိသော Peninsula Plaza ဖြစ်ပါ၏။ ပင်နင်စူလာသည် ကား စင်ကာပူ ၏ ရန်ကုန် ဖြစ်ပါ၏။ စင်ကာပူ မှ မြန်မာဆိုင် အများစုမှာ ပင်နင်စူလာတွင် ရှိပါသည်။

သူငယ်ချင်း အပေါင်း အသင်းများ နှင့် တွေ့ရန် သော် လည်းကောင်း၊ မြန်မာ အစားအစာ များ စားရန်သော် လည်းကောင်း၊ မြန်မာ စာအုပ်၊ သီချင်း၊ ရုပ်ရှင်ကား စသည် တို့ ၀ယ်ရန်သော် လည်းကောင်း၊ ကွမ်းစားလိုသူများ ကွမ်းယာ ၀ယ်ရန် သော်လည်းကောင်း။ ထို့ထက် မိမိတို့ လုပ်အားခ ထဲမှ မိမိ သုံးရန် တစ်လစာ ချန်ထားပြီး ပိုငွေကို မြန်မာပြည်ရှိ မိသားစု ထံ ပြန်ပို့ရန် သော် လည်းကောင်း စင်ကာပူ ရောက် မြန်မာ အများစု သည် ပင်နင်စူလာ သို့ လာကြပါသည်။
မြန်မာပြည် အာဆီယံ အသင်းဝင် ဖြစ်ပြီး ၁၉၉၇ ခုနှစ်မှ စကာ စင်ကာပူသို့ မြန်မာများ အလုံးအရင်း နှင့် လာရောက် အလုပ်လုပ်ကိုင် ကြပါသည်။ ၂၀၀၀ ခုနှစ် မတိုင်မီ နှစ်များက ပင်နင်စူလာ သွားလျှင် စနေ၊ တနင်္ဂနွေ ပိတ်ရက်များ သော်မှ လူသိပ် မများလှပါ။ ယခုမူ ပိတ်ရက်များ တွင် ပလာဇာ စင်္ကြန်လမ်းများ တလျှောက် လမ်းလျှောက် ၍ မရလောက် အောင်ပင် မြန်မာ အင်အားစု တိုးပွားခဲ့ပါသည်။
မြန်မာဆိုင် များမှာလည်း ယခင်က သုံးထပ် တစ်ထပ်ထဲ တွင်သာ ရှိသော်လည်း ယခုမူ စက်လှေခါး ရောက်ရာ ငါးထပ်စလုံး အပြည့်မျှ နေရာယူထားပြီး ဖြစ်ပါ၏။
ထို ပင်နင်စူလာ နှင့် ကပ်လျှက်တွင် Funan IT Mall ရှိရာ ကွန်ပြူတာ ၀ါသနာအိုးများ အဖို့ ပင်နင်စူလာ လာရင်း လျှောက် လေ့လာလို့ ရပါသည်။ ဤနေရာတွင် မကြာခဏ ဆိုသလို promotion IT show ပွဲများ ရှိရာ ကွန်ပြူ တာ ပစ္စည်းများကို လျှော့ဈေး နှင့် ၀ယ်ယူနိုင် ပါ၏။
ပစ္စည်းဝယ်ရာတွင် အောက်ပါ အချက်များကို သတိထားရန် လိုပါသည်။
၁။ ပစ္စည်းတစ်ခု ၀ယ်တော့မည် ဆိုလျှင် မိမိ ၀ယ်မည့် ပစ္စည်း မည်မျှ ပေါက်ဈေး ရှိကြောင်း ကြိုသိထားလျှင် ဈေးနှုံးကို ချိန်ဆလို့ ရပါ၏။
၂။ ဖြစ်နိုင်လျှင် အီလက်ထရောနစ် ပစ္စည်းများကို ဆိုင်မှ မထွက်ခွါမီ စစ်ဆေး စမ်းသပ် ကြည့်ခိုင်းပါ။ ထို့ပြင် ၀ယ်သည့် ဗူးထဲတွင် ပစ္စည်း အစုံပါမပါ ဖွင့်လှစ်ကြည့်ပါ။
၃။ Warranty ပစ္စည်း ဖြစ်ပါက သက်ဆိုင်ရာ ကုမ္ပဏီသို့ ဖြတ်ပိုင်း ပြန်ပို့ရန် မမေ့ပါနှင့်။
၎။ သေချာလိုလျှင် ဘောက်ချာ ဖြတ်ပိုင်းတောင်းပါ။ မြန်မာပြည်မှ ခေတ္တ အလည် လာသူများ GST claim စာရွက် တောင်းပါ။
(မှတ်ချက်။ စင်ကာပူ တွင် ၀ယ်သည့် ပစ္စည်း တိုင်းကို GST (Goods and Service Tax) ၇ ရာခိုင်နှုံး ပေးရ ပါသည်။ စင်ကာပူသို့ ခေတ္တ အလည်အပတ် လာသူများ ဤငွေကို လေဆိပ်တွင် ပြန်တောင်း၍ ရပါသည်။ သို့သော် စင်ကာပူတွင် နေထိုင်သူများ၊ အလုပ်လုပ် နေသူများ ပြန်တောင်း၍ မရပါ။ ဤသို့တောင်းရန် GST claim စာရွက် ကို ဆိုင်မှ တောင်းရန် လိုပါသည်။ ထိုစာရွက်နှင့် လေဆိပ်အ၀င် အခွန်ဌာန ၌ ပြန်တောင်း၍ ရပါသည်။)
Ref: 1. http://www-singapore.com/singaporeshopping/
2. http://www.visitsingapore.com/publish/stbportal/en/home/what_to_do/shopping/where_to_shop.html

Friday, January 16, 2009

Living in Singapore XVIII (Taxi)

၇၊ ၅။ တက္ကစီ ဖြင့် ခရီးသွားလာခြင်း လွန်ခဲ့သည့် နှစ်နှစ်ကထိ စင်ကာပူတွင် တက္ကစီ စီးရသည်မှာ အလွန် ဈေးချိုလှပါသည်။ ကမ္ဘာ့ဈေး အချိုဆုံး တက္ကစီများ ထဲတွင် စင်ကာပူမှ တက္ကစီ များလည်း ပါခဲ့ပါ၏။ အဘယ်မျှ ဈေးချိုသနည်း ဆိုသော် အကယ်၍ သူငယ်ချင်း လေးယောက် သွားစရာ ရှိသည် ဆိုပါစို့။ ခရီးသာ သိပ်မဝေး ပါက တက္ကစီဖြင့် သွားခြင်းသည် ဘတ်စ်ကားဖြင့် သွားခြင်း နှင့် စရိတ်စက အတူတူပင် ဖြစ်ပါသည်။ သို့သော် ယခုမူ ဈေးတက် သွားပြီ ဖြစ်ပါ၏။
၂၀၀၈ ခုနှစ်တွင် စင်ကာပူ၌ ကုမ္ပဏီ ၈ ခုမှ တက္ကစီ အစီးရေပေါင်း ၂၄၀၂၂ ပြေးဆွဲနေပြီး တစ်ရက်လျှင် ခရီးစဉ် ပေါင်း ၆ သိန်း ခန့် ပြေးဆွဲပေး နေပါသည်။ တက္ကစီ တိုင်း၌ မီတာ တပ်ဆင်ထားပြီး ကားခကို မီတာနှင့် မတောင်းဘဲ ကြိုက်သလို တောင်းပါက ကားမောင်းသူကို ဒါဏ်ငွေ ၅၀၀ ထိ တပ်ရိုက်နိုင် ပါသည်။ စင်ကာပူ တက္ကစီများ အားလုံး၏ ၉၀ ရာခိုင်နှုံးတွင် ရေဒီယို တပ်ဆင်ထား ပါသည်။ ထို့ပြင် ဌာနချုပ်နှင့် GPS (Global Positioning System) မှ သော် လည်းကောင်း၊ စကားပြောစက် မှ သော်လည်းကောင်း တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။
စင်ကာပူတွင် အဓိက အားဖြင့် CityCab (အ၀ါရောင်), Comfort (အပြာရောင်), Silvercab (ငွေရောင်), SMART Cabs (အစိမ်းရောင်), SMRT Taxi (အညိုရောင်ဖျော့ဖျော့), TansCab (အနီနှင့် အဖြူကျား) နှင့် Prime (ကြေးနီရောင်) ဟု ပြေးဆွဲနေပါသည်။ ထို့ပြင် တသီး ကုမ္ပဏီမဟုတ်ဘဲ တသီး ပုဂ္ဂလ ပြေးဆွဲနေသော တက္ကစီများ လည်း ရှိပါသေးသည်။ သို့သော် အစီးရေ ၅၀၀ လောက်သာ ရှိပါသည်။
စင်ကာပူ တက္ကစီ မောင်းသူများသည် Land Transport Authority (LTA) ၏ Quality of Service (QoS) (၀န်ဆောင်မှု အရည်အသွေး စံနှုံး) ကို အပြည့်အ၀ လိုက်နာရန် လိုပါသည်။ အကယ်၍ မလိုက်နာ၊ ပျက်ကွက်ခဲ့ ပါက ၎င်း ၏ တက္ကစီ မောင်းခွင့် လိုင်စင်ကို ပြန်သိမ်း နိုင်ပါသည်။ သို့အတွက် စင်ကာပူ တက္ကစီ တော်တော် များများမှာ ၀န်ဆောင်မှု ကောင်းပါသည်။ ခရီးသည်ကို စိတ်ကျေနပ်အောင် ဆက်ဆံကြ ပါသည်။ မိမိ သွားလိုသော လမ်းကို ညွှန်ပြလို့ ရသလို အကယ်၍ မိမိ လမ်းကြောင်း မသိပါက လည်း အတိုဆုံး လမ်းမှ အမြန်ဆုံး ရောက်အောင် မောင်းပါဟု ညွှန်ကြားလို့ ရပါသည်။ သို့သော် ကျသမျှ အားလုံးကို ခရီးသည်ကသာ ပေးဆောင်ရ ပါသည်။
တက္ကစီတွင်း ၌ လည်း အစားမစားရ။ ဒူးရင်းသီး မသယ်ရပါ။ အမြဲ ခါးပတ် ပတ်ထားရန်လည်း လိုပါသည်။

၂၀၀၇ ဒီဇင်ဘာမှ စ၍ တက္ကစီ ဈေးနှုံးများကို ၁၀ ရာနှုံးမှ ၄၉ ရာနှုံးထိ တိုးမြှင့်လိုက်ပါသည်။ ၂၀၀၈ ခုနှစ် ဇူလိုင် လတွင် ထပ်တက်ပြန်ပါ၏။ (ဤကဲ့သို့ တက်လိုက် သည့်တိုင် စင်ကာပူသည် အခြား ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ယှဉ်လိုက်ပါက ဈေးသက်သာ နေပါသေး သည်။) တက္ကစီ ဈေးနှုံးများမှာ အောက်ပါ အတိုင်း ဖြစ်ပါ၏။
ထို့ပြင် ERP (Electronic Road Pricing) ဖြတ်လျှင် ဖြစ်စေ၊ ပိုက်ဆံပေးရသော parking များအတွင်း ၀င်လျှင် ဖြစ်စေ မည်သည့် အတွက်ကြောင့် ကျသင့်သည် ဖြစ်စေ ကျသမျှကို ခရီးသည်က သာ ပေးရပါသည်။ တက္ကစီ တစ်စီးလျှင် ရှေ့ဘက်တွင် တစ်ဦး၊ နောက်ခန်းတွင် ၃ ဦး၊ စုစုပေါင်း ခရီးသည် ၄ ဦး (လူကြီး) သို့မဟုတ် လူကြီး ၃ ဦး + ကလေး ၂ ဦး သို့မဟုတ် လူကြီး ၂ ဦး + ကလေး ၃ ဦး သို့မဟုတ် လူကြီး ၁ ဦး + ကလေး ၄ ဦး သို့မဟုတ် ကလေး ၆ ဦး လိုက်ပါခွင့် ရှိပါသည်။ အသက် ၁၂ နှစ်အောက် ကလေး ၃ ဦး ကို လူကြီး ၂ ဦး နှင့် ညီသည် ဟု တွက်ပါသည်။
တက္ကစီ Booking လုပ်လိုလျှင် 6-3425-222 ကို ခေါ်နိုင် ပါသည်။ အလွယ်မှတ် လိုပါက 6-DIAL-CAB ဟု မှတ်နိုင်ပါသည်။ (လက်ကိုင်ဖုံး key pad ပေါ်မှ နံပါတ်နှင့် ဆိုင်ရာ အက္ခရာများ ဖြစ်ပါ၏)။ ထိုနံပါတ်နှင့် မည်သည့် တက္ကစီကို မဆို ခေါ်နိုင်ပါ သည်။ သို့မဟုတ်ပါက အောက်ပါ နံပါတ်များ ကို ခေါ်နိုင်ပါသည်။ Booking Hotlines
6552 1111 - Comfort Transportation Pte Ltd, CityCab Pte Ltd (ComfortDelgo)
6293 5545 - Yellow Top Taxi (ComfortDelgo)
6555 8888 - SMRT Taxis Pte Ltd
555 3333 - Trans-Cab Services Pte Ltd
6485 7777 - Smart Automobile Pte Ltd
6363 6888 - Premier Taxis Pte Ltd
6778 0808 - Prime Car Rental & Taxi Services Pte Ltd 6552 2828 - Comfort Premier Cabs
သို့မဟုတ် တယ်လီဖုံး message ပို့၍လည်း booking လုပ်နိုင်ပါ၏။ message ပို့ပုံပို့နည်းမှာ -
၇၊ ၆။ ခရီးသွားများ သိသင့်သိထိုက်သည့် အချက်အလက်များ

စင်ကာပူမှ ခြေလျင် ခရီးသည်များ သွားလာရန် ခင်းပေး ထားသော ပလက်ဖောင်းများ မှာ အလွန် အဆင်ပြေ ပါသည်။ ကားလမ်းနှင့် လူသွားလမ်း ပလက်ဖောင်း စပ်ကြားတွင် အထစ် ဖြစ်မနေပဲ ဆင်ခြေလျှော လုပ်ပေး ထားသဖြင့် လက်တွန်းလှည်း၊ ဘီးတပ် ကုလားထိုင်၊ စက်ဘီး များအတွက် သာမက လမ်းလျှောက်ခြင်း အတွက် ပါ အဆင်ပြေပါ၏။ ထို့ပြင် လူသွားလမ်း ပလက်ဖောင်း များမှာလည်း လမ်းလျှောက်ရန် လုံလုံ လောက်လောက် ကျယ်ပြန့် ပါသည်။
များစွာသော နေရာများတွင် ကားလမ်းကူးရန် လူကူး တံတားများ၊ မြေအောက် လမ်းများ ရှိပါသည်။ ထို့ပြင် မီးပွိုင့် များတွင်လည်း လူကူးရန် အချက်ပြ မီးစိမ်း၊ မီးနီများ ရှိပါသည်။ လူကူး မီးစိမ်းပြမှ လမ်းဖြတ် ကူးခြင်းသည် အန္တရာယ် ကင်းပါ၏။ မီးစိမ်းပြရန် မီးပွိုင့်မှ လူကူးမီး ခလုတ်ကို နှိပ်ပါ။ မီးနီခါနီး နောက်ဆုံး တစ်စက္ကန့် အလိုကျမှ အတင်း ဖြတ်ပြေး ကူးခြင်းမျိုး မလုပ်သင့်ပါ။ လူကူး မျဉ်းကြားမှ ကူးသည့်တိုင် ကား အသွားအလာ ကို ကြည့်ပြီးမှ ကူးသင့်ပါသည်။
ဘတ်စ်ကား နှင့် ရထားများပေါ်တွင် Priority Seat (ဦးစားပေး ထိုင်ခုံ) ဟု ရှိပါသည်။ ထို ထိုင်ခုံများကို အသက် အရွယ် ကြီးရင့်သူများ၊ ကိုယ်ဝန် ဆောင်များ၊ မသန် မစွမ်းများ၊ ကလေးများ၊ အထုပ်အပိုး ပါသူများအား ဦးစား ပေးရ ပါမည်။

ရထား ပေါ်တက်လျှင် ဆင်းသူများကို အရင် ဦးစားပေးရ ပါမည်။ ရထား တံခါးပေါက်ဝ တွင် ပိတ်ရပ် မနေရပါ။ Waiting Line များ၏ အပြင်မှ စောင့်ရ ပါမည်။
စက်လှေခါး စီးသော အခါတွင် ဘယ်ဘက် ကပ်စီးရပါမည်။ ကျော် တက်လိုသူ များ ညာဘက်မှ ကျော်တက်နိုင်စေရန် ဖြစ်ပါ၏။ စက်လှေခါး မတော်တဆ ဖြစ်ပါက ထိခိုက် ဒါဏ်ရာ မရစေ ရန် စီးသည့် အခါ လက်ကိုင်တန်း များကို ကိုင်ထားရန် လိုပါသည်။
ဓါတ်လှေခါးများ စီးသောအခါ တစ်ခါတရံ ဓါတ်လှေခါး ပျက်သောအခါ အထဲတွင် ပိတ်မိနေ တတ်ပါ သည်။ ထို အခါ မျိုးတွင် တံခါးကို အတင်းဖွင့်ရန် မကြိုးစားပါနှင့်။ ထိတ်လန့်စရာလည်း မလိုပါ။ မိမိတွင် ဖုံးပါ ပါက ဓါတ်လှေခါး အတွင်းပိုင်း တွင် အရေးပေါ် ဖုံးနံပါတ်ကို ခလုတ်များ အပေါ်ပိုင်းတွင် ပြထားပါသည်။ ထိုနံပါတ်ကို ခေါ်ပြီး မိမိ ရောက်နေ ရာ အဆောက်အဦး နံပါတ်၊ ဓါတ်လှေခါး နံပါတ်တို့ကို ပြောပြ သတင်းပေး နိုင်ပါသည်။ သူတို့ လာဖွင့်ပေးပါလိမ့်မည်။ သို့ မဟုတ်ပါကလည်း ဓါတ်လှေခါး များ အတွင်း၌ ခေါင်းလောင်း (bell) များ တပ်ထားသဖြင့် ခလုတ်နှိပ်ကာ မိမိ ပိတ်မိနေ ကြောင်း အပြင်မှ လူများကို အသိပေးနိုင်ပါသည်။
ကိစ္စရှိပါက အရေးပေါ် ခေါ်နိုင်သော နံပါတ်များမှာ Police – 999, မီးသတ် နှင့် အရေးပေါ်ယဉ် - 995 တို့ ဖြစ် ပါသည်။
တက္ကစီ စီးသောအခါတွင် ခါးပတ် ပတ်ထားရန် လိုပါသည်။ တက္ကစီခကို ပိုက်ဆံဖြင့် ပေးချေနိုင်သလို ဘဏ်ကဒ် ရှိပါက ဘဏ်ကဒ်ဖြင့် (NETS) ပေးချေ နိုင်ပါသည်။ သို့မဟုတ် cash card ယခုအခါ အသစ် ထုတ်ပေးထား သော CEPPAS ကဒ်ဖြင့် ပေးနိုင်ပါသည်။
အမှိုက်များကို ပစ်စလက်ခတ် မပစ်ရသလို တံတွေးကိုလည်း ဟိုထွေး သည်ထွေး မထွေးရပါ။ အမှိုက်ပုံး များကို နေရာတိုင်းတွင် (ပန်းခြံများ အပါအ၀င်) ထားပေး ထားပါသည်။ အစားအသောက် ကိုလည်း နေရာတိုင်းတွင် စားလို့ မရပါ။ စားမည်ဆိုလျှင် ကန့်သတ်ထား သော နေရာ ဟုတ်မဟုတ် အရင် လေ့လာရ ပါမည်။ အထူးသဖြင့် ဆေးလိပ် သောက်ခြင်း ဖြစ်ပါ၏။ မည်သည့် နေရာများတွင် ဆေးလိပ် မသောက်ရ ဆိုသည်ကို လေ့လာ ထားရန် လိုပါမည်။ စင်ကာပူတွင်း တရားဝင် ရောင်းချသော ဆေးလိပ်မှလွဲ၍ အခြား ဆေးလိပ်များ မသောက်ရပါ။ တရားမ၀င် ဆေးလိပ်များကို သောက်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်း များအတွက် ဥပဒေ နှင့် သတ်မှတ် ထားပါသည်။

Living in Singapore XVII (Trains3)

၇၊ ၄၊ ၃။ LRT (Light Rail Transit) line များ


ပထမဦးဆုံး LRT line ကို ၁၉၉၉ ခုနှစ် နိုဝင်ဘာလ တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ၃ လိုင်း အထိ တိုးချဲ့ ပြေးဆွဲ နေပြီ ဖြစ်ပါသည်။ LRT line များပေါ်တွင် စုစုပေါင်း ၃၃ ဘူတာ ရှိပြီး ရထားလမ်း အရှည် စုစုပေါင်း ၂၈.၈ ကီလို မီတာ ရှိပါ သည်။ LRT line များမှာ MRT line များမှ လူနေ တိုက်တာ အိမ်ခြေများ အထိ ပြေးဆွဲ ပေးသော သံလမ်း တစ်လမ်း ထဲ ပေါ်တွင် ပြေးသည့် ရထားလမ်း ကလေးများ ဖြစ်ပါသည်။ ရထား ကလေးများမှာ ဘတ်စ်ကား အရွယ်မျှသာ ရှိပြီး မောင်းသူမပါဘဲ အလိုအလျှောက် computer control စနစ်ဖြင့် မောင်းခြင်း ဖြစ်ပါသည်။

တစ်ခုကောင်းသည်မှာ ရထား ကလေးများသည် ဘတ်စ်ကား အရွယ်မျှသာ ရှိသော်လည်း ဘတ်စ်ကား များ ကဲ့သို့ မီးပွိုင့်များ ဖြတ်ရခြင်း ကင်းသဖြင့် လိုသောခရီးကို အမြန် ပို့ဆောင် ပေးနိုင်ခြင်း ပင် ဖြစ်ပါသည်။ ထို့ပြင် MRT ဘူတာများနှင့် တစ်ဆက်တည်း ဖောက်လုပ် ပေးထားရာ ဘတ်စ်ကား များကဲ့သို့ ကားဂိတ်ရှိရာ လမ်းလျှောက် စရာ မလိုတော့ဘဲ ဘူတာထဲမှပင် ကူးပြောင်း သွားနိုင်ခြင်း ဖြစ်ပါသည်။
၁၉၉၉ ခုနှစ် နိုဝင်ဘာလ တွင် ပထမဆုံး ဖွင့်လှစ်ခဲ့သော LRT လမ်းမှာ Bukit Panjang LRT လမ်းဖြစ်ပြီး စုစုပေါင်း ၁၄ ဘူတာ ရှိပါသည်။ Sengkang LRT ကို ၂၀၀၃ ဇန္န၀ါရီလတွင် ဖွင့်လှစ်ခဲ့ပြီး East Loop တွင် ၆ ဘူတာ၊ West Loop တွင် ၉ ဘူတာ ရှိပါသည်။ Punggol LRT ကို ၂၀၀၅ ဇန္န၀ါရီ လတွင် ဖွင့်လှစ် ခဲ့ပြီး East Loop တွင် ၈ ဘူတာ၊ West Loop တွင် ၈ ဘူတာ ရှိပါသည်။ နောင်တွင် Jurong Region Line ကိုပါ ဖောက်လုပ် မည်ဖြစ်ပြီး NTU တက္ကသိုလ် ထိ ရောက်မည် ဖြစ်ပါသည်။ ရထားခ မှာ ၆၄ ပြားမှ ၈၄ ပြားထိ ဖြစ်ပါသည်။ အကြွေနှင့် ပေးလျှင်မူ ပြား ၈၀ မှ တစ်ကျပ် ထိ ကျသင့်ပါ လိမ့်မည်။

References:
1. http://www.smrt.com.sg/main/index.asp
2. http://en.wikipedia.org/wiki/Mass_Rapid_Transit_(Singapore)
3. http://en.wikipedia.org/wiki/Light_Rapid_Transit_(Singapore)

Living in Singapore XVI (Trains2)

၇၊ ၄၊ ၁။ ရထားများ


ရထားတစ်စီးလျှင် တွဲ ၆ တွဲပါပြီး တွဲ တစ်တွဲလျှင် တံခါးပေါက် ၈ ပေါက် ရှိပါသည်။ တွဲ အမျိုးအစား ပေါ် မူတည်၍ အချို့တွဲ များမှာ ထိုင်ခုံ ၆၂ ခုရှိပြီး၊ အချို့တွဲ များမှာ ထိုင်ခုံ ၅၀ ပါ ပါသည်။ နောက် ရောက်လာသော တွဲသစ်များ တွင် ထိုင်ခုံကို လျှော့ထားပြီး ရပ်၍ မှီရန် တန်းများ လုပ်ပေးထား ပါသည်။ အရှေ့- အနောက်၊ တောင်- မြောက် သွား ရထား များတွင် မောင်းသူ ပါပြီး အရှေ့-မြောက် သွား ရထား များတွင် မောင်းသူမပါ ပါ။
ရထားတစ်စီးလျှင် အများဆုံး ခရီးသည် ၁၈၀၀ တင်နိုင်ရန် ဒီဇိုင်း ဆွဲထားသော်လည်း ခရီးသည် အသွား အများ ဆုံး၊ လူ အထူထပ်ဆုံး အချိန်များတွင် ရထား တစ်စီးလျှင် ခရီးသည် ၁၄၀၀ ခန့် တင်ဆောင် နိုင်ပါသည်။ သို့သော် ပျမ်းမျှ အားဖြင့် တစ်စီးလျှင် ၁၂၀၀ ခန့်သာ တင်ဆောင် ပါသည်။ လူထူထပ် ချိန်များတွင် ၁ စတုရန်း မီတာ အတွင်း ခရီးသည် ၄ ဦး လိုက်ပါ စီးနင်းပါသည်။ အခြား လူဦးရေ ထူထပ်သော နိုင်ငံများတွင် ၁ စတုရန်း မီတာ အတွင်း ခရီးသည် ၆ ဦး လိုက်ပါ စီးနင်းသည် ဟု သိရပါသည်။

၇၊ ၄၊ ၂။ ရထားလမ်းများ

စင်ကာပူ ရထားလမ်း များ အားလုံးမှာ မြေလျှိုး၊ မိုးပျံ ရထား လမ်းများ ချည်း ဖြစ်ပါသည်။ စင်ကာပူတွင် လက်ရှိ ပြေးဆွဲနေသော ရထားလိုင်း သုံးလိုင်း ရှိပါသည်။ အရှေ့- အနောက် လိုင်း (East West Line – EW line)၊ တောင်- မြောက် လိုင်း (North South Line – NS line) နှင့် ယခု နောက်ဆုံး ဖွင့်လိုက် သော အရှေ့ -မြောက်လိုင်း (North East Line – NE line) တို့ ဖြစ်ပါသည်။ အရောင်နှင့် ခွဲရလျှင် EW line မှာ အစိမ်းရောင်၊ NS line မှာ အနီရောင်၊ NE line မှာ ခရမ်းရောင် တို့ ဖြစ်ပါသည်။
အစိမ်းရောင် EW line တွင် Pasir Ris လမ်းပိုင်း ကို ၁၉၈၇ ဒီဇင်ဘာ လ ၁၂ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပြီး Changi Airport လမ်းပိုင်းကို ၂၀၀၁ ဇန္န၀ါရီလ ၁၀ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ ပါသည်။ထိုလမ်းပေါ်တွင် စုစုပေါင်း ၂၉ ဘူတာ ရှိပြီး ၄၅.၉ ကီလို မီတာ ရှည်ပါသည်။ အရှေ့ဘက်၌ Tanah Merah ဘူတာတွင် နှစ်လိုင်း ထပ်ခွဲ သွားပြီး တစ်လိုင်းမှာ Pasir Ris တွင် လမ်းဆုံး၍ နောက် တစ်လိုင်းမှာ Changi Airport တွင် လမ်းဆုံး ပါသည်။
အနောက် ဘက်ဆုံးတွင် Boonlay ဘူတာ၌ လမ်းဆုံးပါသည်။ ယခုအခါ ထိုဘူတာမှ နောက်ထပ် တိုးချဲ့ကာ ပင်လယ် ကမ်းခြေ သင်္ဘောကျင်း များထိ ဖောက်လုပ် ထားပါသည်။ ထိုတိုးချဲ့ သောလိုင်းပေါ်တွင် နောက်ထပ် ၂ ဘူတာ ရှိပြီး အရှည် ၃.၈ ကီလိုမီတာ ရှိပါသည်။ ထိုလိုင်းကို ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ လကုန် တွင် စတင် ဖွင့်လှစ်မည် ဖြစ်ပါသည်။

အစိမ်းရောင် EW line လိုင်းနှင့် ခရမ်းရောင် NE line တို့ Outram Park ဘူတာ တွင် ဆုံပါသည်။ အရှေ့ အနောက် သွား ခရီးသည်များ အရှေ့ မြောက်လိုင်း သို့ ပြောင်းချင်လျှင် ထိုဘူတာ မှ ပြောင်းရပါမည်။

အစိမ်းရောင် EW line ပေါ်တွင် ရှိသော ဘူတာများမှာ -
အနီရောင် NS line ကို ၁၉၈၇ နိုဝင်ဘာ လ ၇ ရက်နေ့ တွင် စတင် ပြေးဆွဲခဲ့ပြီး ရထား လမ်းပိုင်း မှာ ၄၄ ကီလို မီတာ ရှည်ပြီး စုစုပေါင်း ၂၅ ဘူတာ ရှိပါသည်။ ထိုလိုင်းမှာ တစ်ဖက်တွင် Marina Bay ဘူတာ တွင် လမ်းဆုံး၍ အခြား တစ်ဖက်တွင် အစိမ်းရောင်လိုင်းနှင့် လာဆုံကာ Jurong East ဘူတာတွင် လမ်းဆုံး ပါသည်။ အစိမ်း ရောင်လိုင်း EW line နှင့် အနီရောင် NS line သည် City Hall နှင့် Raffles Place ဘူတာ များတွင် လမ်းဆုံ ပါသည်။ အရှေ့ အနောက် လိုင်းမှ လာသူများ တောင်မြောက် လိုင်းသို့ ပြောင်းချင်လျှင်သော် လည်းကောင်း၊ တောင်မြောက် လိုင်းမှ လာသူများ အရှေ့ အနောက် လိုင်းသို့ ပြောင်းချင်လျှင်သော် လည်းကောင်း ထို လမ်းဆုံ ဘူတာများ တွင် ပြောင်းစီးရ ပါသည်။
အနီရောင် NS line ပေါ်တွင် ရှိသော ဘူတာများမှာ -
ခရမ်းရောင် NE line ကို ၂၀၀၃ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။ ရထားလမ်း အရှည် ၂၀ ကီလို မီတာ ဖြစ်ပြီး စုစုပေါင်း ၁၆ ဘူတာ ရှိပါသည်။ ထိုလိုင်းမှာ တစ်ဖက်တွင် Harbour Front တွင် လမ်းဆုံးပြီး အခြား တစ်ဖက်တွင် Punggol ဘူတာ၌ လမ်းဆုံးပါသည်။
ခရမ်းရောင် NE line ပေါ်တွင် ရှိသော ဘူတာများမှာ -
လိမ္မော်ရောင် Circle line ကို ၂၀၀၉ ခုနှစ် တွင် စတင် ဖွင့်လှစ်ရန် ရည်ရွယ်ထားပြီး လမ်းပိုင်း တစ်ခုလုံး ကိုမူ ၂၀၁၁ ခုနှစ်တွင် စတင် ပြေးဆွဲရန် ရည်မှန်း ထားပါသည်။ ရထားလမ်း အရှည် ၃၃.၃ ကီလို မီတာ ဖြစ်ပြီး စုစုပေါင်း ၃၁ ဘူတာ ရှိပါသည်။ ထိုလိုင်းမှာ တစ်ဖက်တွင် Dhoby Ghaut တွင် လမ်းဆုံး ပြီး အခြား တစ်ဖက်တွင် HarbourFront နှင့် Marina Bay ဘူတာတို့၌ လမ်းဆုံး ပါသည်။
လိမ္မော်ရောင် Circle line ပေါ်တွင် ရှိသော ဘူတာများမှာ -

Living in Singapore XV (Trains)

၇၊ ၄။ ရထားဖြင့် ခရီးသွားခြင်း

စင်ကာပူမှ ရထားများမှာ လျှပ်စစ်ဖြင့် မောင်းသော ရထားများ ဖြစ်ပါသည်။ လူအများကြီးကို လိုရာခရီးရောက် အောင် အမြန် သယ်ပို့ ပေးနိုင်သဖြင့် MRT (Mass Rapid Transit) ဟု ခေါ်ပါသည်။ ရထားနှင့် ခရီးသွားရ သည်မှာ အလွန် အဆင်ပြေ ပါသည်။ စင်ကာပူ MRT လိုင်းများမှာ မနီလာ တွင် ပြေးဆွဲခဲ့ သော LRT ရထား လမ်းများ ပြီးလျှင် အရှေ့ တောင် အာရှတွင် ဒုတိယ ရှေး အကျဆုံး လိုင်းများ ဖြစ်ပါသည်။ ပထမ ဦးဆုံး MRT လိုင်းမှာ Yio Chu Kang မှ Toa Payoh သို့ ပြေးဆွဲသောလိုင်းဖြစ်ပြီး ၁၉၈၇ ခုနှစ်တွင် စတင် ဖွင့်လှစ် ခဲ့ပါသည်။ ၂၀၀၇- ၂၀၀၈ စာရင်းများ အရ နေ့စဉ် ရထားစီး ခရီးသည် ဦးရေမှာ ၁.၅၆၄ သန်း ဖြစ်ပါသည်။ (ထိုအချိန်က ဘတ်စ်ကား ဖြင့် သွားလာသော ခရီးသည် ဦးရေ မှာ ၂.၉၆၉ သန်း ဖြစ်၏။
အစောဆုံး ရထားမှာ ပထမဦးဆုံး ထွက်သော ဘူတာမှ (ဥပမာ Boon Lay, Pasir Ris) နံနက် ၅ နာရီခွဲခန့်တွင် ထွက်ပြီး နောက်ဆုံး ရထားမှာ ၁၁ နာရီ ခွဲခန့် ဖြစ်ပါသည်။ ကြားဘူတာ များမှာ နေရာကို လိုက်၍ (ဥပမာ Common Wealth, Red Hill) အဦးဆုံး ရထားသည် ၆ နာရီ ပတ်ဝန်းကျင် နှင့် နောက်ဆုံး ရထားမှာ ညသန်းခေါင် ခန့် ဖြစ်ပါသည်။
နိုင်ငံရပ်ခြားမှ လာသည့် ခရီးသည်များ သည် လေဆိပ်ဘူတာ မှ စပြီး ရထားစီး နိုင်ပါသည်။ ရထားချိန် များမှာ -
ရထားမောင်းချိန်မှာ ပျမ်းမျှခြင်း တစ်ဘူတာနှင့် တစ်ဘူတာ အကြား ဘူတာဆက် နီးလျှင် ၁ မိနစ်မှ ဘူတာ ဆက် ဝေး လျှင် ၅ မိနစ်ထိ ကြာတတ်ပါသည်။ ဥပမာ - Somerset နှင့် Orchard အကြားတွင် ရထား မောင်းချိန်၊ ရပ်ချိန် စုစုပေါင်း မှာ တစ်မိနစ် ခန့်သာ ကြာပြီး Expo နှင့် Changi Airport ဘူတာများ အကြားတွင် မောင်းချိန်၊ ရပ်ချိန် စုစုပေါင်း ၅ မိနစ် ခန့် ကြာပါသည်။ အရှေ့ အနောက် အစိမ်းရောင်လိုင်းမှ ဘူတာများမှာ ဘူတာစဉ် စိတ်ပြီး ရထား မောင်းချိန် တစ်ဘူတာမှ တစ်ဘူတာ အကြား (မောင်းချိန်၊ ရပ်ချိန် စုစုပေါင်း) ပျမ်းမျှ နှစ်မိခန့်သာ ကြာပါသည်။

တောင်မြောက် အနီရောင် လိုင်းမှ ဘူတာများမှာ ဘူတာစဉ် ကြဲပြီး ရထား မောင်းချိန် တစ်ဘူတာမှ တစ်ဘူတာ အကြား (မောင်းချိန်၊ ရပ်ချိန် စုစုပေါင်း) ပျမ်းမျှ သုံးမိကျော် ကြာပါသည်။
ရထားဘူတာ အားလုံးမှာ မြေပေါ် (မိုးပျံ) နှင့် မြေအောက် ဘူတာများ ချည်း ဖြစ်ပါသည်။ မြေအောက် ဘူတာများမှာ ဝေဟင်မှ ဗုံးကြဲချသည့် ဒါဏ်ကို ခံနိုင်ရည် ရှိ သော ဘူတာများ တစ်နည်းအားဖြင့် အရေး ကြုံလျှင် ဗုံးခိုကျင်းများ အဖြစ်သုံးနိုင်သော ဘူတာများ ဖြစ်ပါသည်။ ဘူတာ အားလုံးတွင် အများ ပြည်သူသုံး တယ်လီဖုံး များ တပ်ဆင်ပေး ထားပါ၏။ ရထားအားလုံးနှင့် မြေအောက်ဘူတာ အားလုံးတွင် လေအေးပေး စံနစ် တပ်ဆင်ထား ပါသည်။ ဘူတာ အားလုံးတွင် စက်လှေခါး များ တပ်ဆင်ထားပြီး ထိုစက်လှေခါး များမှာ သာမန် စက်လှေခါး များထက် နှစ်ဆခန့် ပိုမြန်ပါသည်။ ထို့ပြင် ယခုအခါ ၀န်ထုပ်ဝန်ပိုးများ သယ်ဆောင် လာသူများနှင့် ဘီးတပ် ကုလားထိုင်၊ ကလေး လက်တွန်းလှည်း တွန်းလာသူ များအတွက် အဆင်ပြေစေရန် ဘူတာတိုင်းတွင် ဓါတ်လှေခါး များပါ တပ်ဆင်ပေး ထားပါသည်။ မျက်မမြင်များ စမ်းသပ်သွားလာ နိုင်ရန် အတွက်လည်း လျှောက်လမ်း များ လုပ်ပေး ထားပါ၏။
ဘူတာ အ၀င်အထွက်များတွင်လည်း လက်တွန်းလှည်းများ တွန်းနိုင်ရန်၊ ဘီးတပ် ကုလားထိုင်များ အဆင်ပြေ စွာ တက်၊ ဆင်း နိုင်ရန် ဆင်ခြေလျှော လမ်းများ လုပ်ပေး ထားပါသည်။ ထို့ပြင် လက်မှတ်ပေါက် များတွင်လည်း ဘီးတပ် ကုလားထိုင်များ ၀င်၊ ထွက်နိုင်ရန် ကျယ်သော လက်မှတ်ပေါက် များ ထားရှိ ပေးပါသည်။
ဘူတာရုံတိုင်းတွင် လက်မှတ် ၀ယ်သောစက် (GTM – General Ticketing Machine) အနည်းဆုံး လေးလုံး ထား ရှိပေးပါသည်။ မိမိ သွားလိုသော ဘူတာကို ဖန်သားပြင် ပေါ် တွင် လက်နှင့် ထောက် ရွေးချယ်ကာ ကျသင့်သော ပိုက်ဆံကို ထည့်လိုက်ပါက လက်မှတ် ထွက်ကျလာပါ လိမ့်မည်။ တစ်ခါသုံး လက်မှတ်များ အတွက် Deposit S$ 1.00 ဆောင်း ပေးရပြီး ခရီးဆုံးလျှင် ထို စက်၌ပင် လက်မှတ်ကို ထိုးထည့်လိုက် ကာ Deposit ပေးထားသော S$ 1.00 ကို ပြန်လည် ထုတ်ယူ နိုင်ပါသည်။ သို့မဟုတ် ထိုလက်မှတ် ၀ယ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ထို GTM စက်များ၌ ပြန်လည် ထုတ်ယူနိုင်ပါသည်။


လက်မှတ်ခများမှာ အနည်းဆုံး လူကြီးခ S$ 0.70 နှင့် ကလေးခ S$ 0.40၊ တစ်ခါသုံး Standard Ticket S$ 1.00 တို့ ဖြစ်ပါသည်။ Changi Airport မှ Boon Lay သို့ S$ 1.84 ဖြစ်ပြီး Punggol သို့ S$ 2.09 ဖြစ်ပါ သည်။ ဤ ဘူတာများမှာ အဝေးဆုံး ဘူတာများ ဖြစ်သဖြင့် အများဆုံး ဤ လောက်သာ ကျသင့်သည် ဟု ယူဆနိုင် ပါသည်။ သို့သော် Standard Ticket ဆိုပါမူ S$ 2.20 ကျပါမည်။
ရထား လက်မှတ်မှာ အထက်တွင် ဖော်ပြခဲ့ပြီး ဖြစ်သည့် ကားစီးသော Ez link card ပင် ဖြစ်ပါသည်။ ထိုကဒ်ထဲ၌ ပိုက်ဆံ ကုန်သွားပါက ဘူတာများ အတွင်းရှိ Ez Link Card Top-up Station များတွင် မိမိရှိ ဘဏ်ကဒ်နှင့် ပိုက်ဆံ ထပ်ထည့်၍ ရပါသည်။ ဘဏ်ကဒ် မရှိပါ ကလည်း Customer Service Centre တွင် ပိုက်ဆံ ပေး၍ ထပ်ဖြည့်ခိုင်း လို့ ရပါသည်။ အနည်းဆုံး S$ 10.00 ထည့်ရ ပါသည်။
ကဒ်မရှိသေး သူများလည်း ထို Customer Service Centre များတွင် ၀ယ်လို့ ရပါသည်။ ကဒ်သစ်ဝယ် လျှင် ၁၅ ကျပ် ပေးရပါသည်။ ကဒ်ဖိုး ၅ ကျပ်၊ Travel Deposit ၃ ကျပ် နှင့် မိမိသုံးနိုင်သော တန်ဘိုး ၇ ကျပ် ဖြစ်ပါသည်။ ကဒ်၏ သက်တမ်းမှာ ၅ နှစ် ဖြစ်ပါ၏။
ကဒ်ကျိုးသွားပါက ချက်ခြင်း ကဒ်သစ်နှင့် ပြန်လဲပါ။ သန့်ရှင်း ပြီး ခြောက်သွေ့ နေအောင် အမြဲ ဂရုစိုက်ပါ။ နေရောင်နှင့် တိုက်ရိုက် မထိ ပါစေနှင့်။ ကဒ်ပေါ်တွင် စတစ်ကာများ၊ ဓါတ်ပုံများ မကပ်ပါနှင့်။ အပေါက်
ဖောက်ခြင်း ၊ခေါက်ခြင်း၊ ခြစ်ခြင်းများ မပြု ပါနှင့်။ ကဒ်ကို card reader စက်ပေါ်တွင် တစ်ကြိမ်သာ ပြပါ။ ကဒ်ကို ပိုက်ဆံအိတ်ထဲ ထည့်ထားရာမှ ပိုက်ဆံအိတ်ကို ဖင်ခု ထိုင်မိခြင်း မပြုမိပါ စေနှင့်။
ဘူတာရုံများနှင့် ရထားပေါ်တွင် အစားအစာများ စားသောက်ခြင်း မပြုရ ပါ။ ရထားပေါ်သို့ သာမန် Hand
Carry သေတ္တာ အရွယ် အထုပ်အပိုးများသာ သယ်ခွင့် ရှိသည်။ သယ်ခွင့်ရှိသော အကြီးဆုံး သေတ္တာ အရွယ်မှာ ၈၁ x ၅၈ x ၃၀ စင်တီ မီတာ ဖြစ်ပါသည်။
ရထားပေါ်တက်လျှင် အပေါက်ဝ ၌ ရပ်မနေပဲ အတွင်းသို့ ၀င်ပါ။ ထိုင်ခုံများ ကို အသက်ကြီးသူများ၊ ကိုယ်ဝန်ဆောင် များ၊ ကလေးငယ်များ၊ မသန်စွမ်းသူ များအား ဦးစားပေးပါ။


ဘတ်စ်ကားများကဲ့သို့ပင် ရထားပေါ်တွင်လည်း -
Ø ဒူးရင်းသီးမသယ်ရ။
Ø အိမ်မွေးတိရိစ္ဆာန်များလည်း သယ်ခွင့်မပြု။
Ø ဆေးလိပ်မသောက်ရ။ သောက်လျှင် ဒါဏ်ကြေး - S$ ၁၀၀၀.၀၀
Ø အစားအသောက် မစားမသောက်ရ။ စားလျှင် ဒါဏ်ကြေး -S$ ၅၀၀.၀၀
Ø အမှိုက်မပစ်ရ။
Ø ဂက်စ်အိုးစသည့် မီးလောင်ပေါက်ကွဲစေတတ်သော ပစ္စည်းများ မသယ်ရ။ သယ်လျှင် ဒါဏ်ကြေး - S$ ၅၀၀၀.၀၀
ရထား စောင့်နေစဉ် ဘူတာ ပလက်ဖောင်း ၌ အ၀ါရောင် သား ထားသော မျဉ်း၏ နောက်မှသာ စောင့်ပါ။
ရထား ဆိုက်လာလျှင် မျဉ်းသား ထားသော စောင့်လိုင်း (Waiting Lines) အပြင်မှသာ စောင့်ပါ။ ဆင်းသူများ ကို အရင် ဦးစားပေးပါ။ အကယ်၍ ရထား စောင့်နေစဉ် မတော်တဆ ပစ္စည်း တစ်ခုခု ရထားလမ်း ပေါ် ကျသွားပါက ရထား လမ်းများ ပေါ် သို့ ဆင်း မကောက်ရ။ ဗို့အားမြင့် လျှပ်စစ်လိုင်း များ လွှတ်ထားသဖြင့် အသက်ဘေး အန္တရာယ် ရှိပါသည်။ ဘူတာ အတွင်းတွင် ရထား ၀န်ထမ်းများ စောင့်ကြပ် နေပါသည်။ သူတို့ကို အကြောင်းကြား နိုင်ပါသည်။ အကယ်၍ ရထား လမ်းများပေါ် ဆင်းပါက ဒါဏ်ငွေ S$ ၅၀၀၀ ထိ တပ်ရိုက် နိုင်ပါသည်။
ရထားကြမ်းပြင်နှင့် ပလက်ဖောင်း အကြား လပ်နေသော နေရာမှာ ၃ လက်မခန့် သာ ရှိပါသည်။ သို့သော် ထို အပေါက်အတွင်း ခြေချော် မကျစေရန် အတက်၊ အဆင်း များတွင် သတိပြုပါ။


ရထား၏ အစွန်ဆုံးတွဲ ထိပ်တည့်တည့် ရှိ အရေးပေါ် တံခါးပေါက် များကို မမှီပါနှင့်။ ရထား တံခါး ပိတ်ကာနီး တွင် အတင်း ပြေး တက်ခြင်း မပြုပါနှင့်။ ရထားပေါ်တွင် ပစ္စည်း တစ်ခုခု တွေ့ပါက သွား မကိုင်ပါနှင့်။ ရထား ၀န်ထမ်းများကို အကြောင်းကြားပါ။ ပစ္စည်း ပျောက်လျှင် ၆၇၆၇ ၃၃၀၀ သို့ ခေါ်၍ လည်းကောင်း၊ corpcomms@smrt.com.sg သို့ အီးမေးလ် ပို့၍ သော်လည်းကောင်း စုံစမ်း နိုင်ပါသည်။
ဘူတာ အ၀င်ဝနှင့် ရထား ပလက်ဖောင်း များ တွင် ရထား ၀င်ချိန်များ၊ အန္တရာယ် ကင်းရှင်းရေး သတိပေးချက် များ၊ ရုပ်ရှင် ကြော်ငြာများ ပြသသည့် LCD တီဗီ ဖန်သားပြင်များ ရှိပါသည်။ ရထား ၀င်ရန် ၄ မိနစ်လိုသေးသည် စသဖြင့် သိနိုင်ပါ သည်။
နံနက်ပိုင်း နှင့် ညနေပိုင်း အသွားအလာ များသော အချိန်များတွင် ၂ မိနစ်လျှင် ရထား တစ်စီး ရှိပြီး နေ့လည် နေ့ခင်း ခရီး သည် နည်းပါးသော အချိန်များတွင်မူ ၆ မိနစ် သို့မဟုတ် ၇ မိနစ် မှ ၈ မိနစ်လျှင် ရထားတစ်စီး ရှိပါသည်။
နောက်တစ်ခု သဘောကျဘို့ ကောင်းသည်မှာ ဘူတာတိုင်း တွင် အိမ်သာ ရှိခြင်း ဖြစ်ပါသည်။ စကားကြုံ၍ ပြောရလျှင် စင်ကာပူ ၌ နေရာတိုင်း လိုလို အိမ်သာ ရှိပါသည်။ စူပါ မားကက်ကြီးများမှ အစ လဖက်ရည်ဆိုင်၊ Hawker Centre ခေါ် စားသောက်ဆိုင် များ အလယ်၊ ကား၊ ရထားဂိတ်များ အဆုံး အိမ်သာများ ရှိသဖြင့် အလွန် အဆင်ပြေ ပါသည်။
အချို့ ဘူတာများမှာ စူပါမားကက် ကြီးများနှင့် တွဲထားသဖြင့် ဈေးဝယ်ရ၊ ခြမ်းရ လွယ်ပါသည်။ ယခုမူ ဘူတာတိုင်း လိုလို တွင် Cheers ဆိုင်များ ရှိသဖြင့် အလွယ်တကူ စားသောက်နိုင်သော အစားအစာ၊ အအေး၊ ရေဗူး များကို အလွယ်တကူ ၀ယ်ယူနိုင်ပါသည်။