Friday, July 17, 2009

Build Your Future V

အခန်း (၃)
လေယာဉ်ဖြင့် ခရီးသွားခြင်း

လေယာဉ်ဖြင့် ခရီးသွားခြင်းသည်လည်း အတွေ့အကြုံသစ် တစ်မျိုးဖြစ်ပါသည်။ လေယာဉ်လက်မှတ် ၀ယ် ယူခြင်း၊ ပစ္စည်းများ လေယာဉ်ကွင်းတွင် စစ်ဆေးခြင်း၊ လူဝင်မှု ကြီးကြပ်ရေး ဂိတ်များကို ဖြတ်ခြင်း တို့သည် အရေးကြီးသဖြင့် ဤနေရာ တွင် အပြည့်အစုံ ဖော်ပြလိုက်ပါသည်။

၃၊ ၁။ လေယာဉ်လက်မှတ် ၀ယ်ယူခြင်း (MAI - မြန်မာလေကြောင်းလိုင်း)

လေယာဉ်လက်မှတ်ကို တစ်ကြောင်းသွားလက်မှတ်များ ၀ယ်ယူနိုင်သလို အသွားအပြန် နှစ်ကြောင်းသွား လက်မှတ် များလည်း ၀ယ်၍ ရပါသည်။ အလုပ်လုပ်ရန် သွားမည့်သူများ အနေနှင့် နှစ်နှင့်ချီကာ နေရမည် ဖြစ်သဖြင့် တစ်ကြောင်းသွား လက်မှတ်သာ လိုအပ်ပြီး အလည်အပတ် သွားသူတို့အဖို့မူ ဗီဇာလျှောက်ရန် အသွားအပြန် နှစ်ကြောင်းသွား လက်မှတ်ကို ၀ယ်ယူရမည် ဖြစ်ပါသည်။ နှစ်ကြောင်းသွားလက်မှတ် ကို စင်ကာပူတွင် မိမိနေမည့် ရက်ကိုလိုက်၍ နှစ်ပတ် လက်မှတ်၊ ၁ လ လက်မှတ်၊ ၂ လ လက်မှတ်၊ တစ်နှစ် လက်မှတ် ဟု ၀ယ်နိုင်ပါသည်။ ဤတွင်လည်း အပြန်ရက်ကို ဖွင့်ထားသော လက်မှတ်နှင့် အပြန်ရက်ကို အသေသတ်မှတ်ထားသော လက်မှတ်ဟု နှစ်မျိုးရှိ ပါသည်။

မြန်မာပြည်မှ စင်ကာပူသို့ အဓိကအားဖြင့် မြန်မာလေကြောင်းလိုင်း (MAI - Myanmar Airways International) နှင့် စင်ကာပူ လေကြောင်းလိုင်း (Silk Air) ဟု နှစ်လိုင်း ရှိပါသည်။ ဈေးနှုံးအားဖြင့် MAI က ပို သက်သာပါသည်။ MAI အနေနှင့် လက်မှတ်ခ ၁၅ မှ ၂၀ ရာခိုင်နှုံးထိ ပိုမို သက်သာသည် ဟု ဆိုပါသည်။
လက်မှတ်ခများမှာမူ ပုံသေမဟုတ်ဘဲ အမြဲ ပြောင်းလဲနေတတ်ပါသည်။ လက်ရှိအားဖြင့် တစ်ကြောင်းသွား ခရီးစဉ် အတွက် MAI လက်မှတ်ခမှာ (စင်ကာပူ ပေါက်ဈေး) စင်ကာပူ ဒေါ်လာ ၂၇၀ ခန့် ရှိပါသည်။ အသွားအပြန် နှစ်ပတ် လက်မှတ် မှာမူ စင်ကာပူ ဒေါ်လာ ၃၃၀ ဖြစ်ပါသည်။ တစ်နှစ်လက်မှတ် မှာ ပို ဈေးကြီးပါသည်။ ပျမ်းမျှခြင်း စင်ကာပူဒေါ်လာ ၅၅၀ ခန့် ရှိပါသည်။

MAI လေကြောင်း အနေဖြင့် ရန်ကုန်မှ စင်ကာပူသို့ လေကြောင်းခရီးစဉ်အမှတ် 8M6232 ဖြင့်လည်းကောင်း၊ စင်ကာပူမှ ရန်ကုန်သို့ လေကြောင်းခရီးစဉ်အမှတ် 8M6231 ဖြင့်လည်းကောင်း ပြေးဆွဲပေးလျှက် ရှိပါသည်။
တစ်ပတ်လျှင် လေးရက် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ) ပြေးဆွဲပေးပြီး လေယာဉ် အချိန်များမှာ -
ရန်ကုန် - စင်ကာပူ ခရီးစဉ် အတွက် ရန်ကုန်မှ နေ့လည် ၂ နာရီ ၁၅ မိနစ် ထွက်ခွာပြီး စင်ကာပူသို့ ညနေ ၆ နာရီ မိနစ် ၄၀ တွင် ဆိုက်ရောက်ပါသည်။
စင်ကာပူ - ရန်ကုန် ခရီးစဉ် အတွက် စင်ကာပူမှ နေ့လည် ၁၂ နာရီ ၁၀ မိနစ် ထွက်ခွာပြီး ရန်ကုန်သို့ နေ့လည် ၁ နာရီ ခွဲ တွင် ဆိုက်ရောက်ပါသည်။
ရန်ကုန် - စင်ကာပူ လေယာဉ်ပျံသန်းချိန်မှာ ၃ နာရီခန့် ဖြစ်ပါသည်။ သို့အတွက် ရန်ကုန်မှ ၂ နာရီ ၁၅ မိနစ် ထွက်လျှင် စင်ကာပူသို့ ညနေ ၅ နာရီတွင် ဆိုက်ရမည် ဖြစ်ပါသည်။ သို့သော် မြန်မာပြည်နှင့် စင်ကာပူ ဒေသစံတော်ချိန် ကွာ ခြားချက်မှာ ၁ နာရီခွဲ ဖြစ်သဖြင့် ၅ နာရီကို ၁ နာရီ ခွဲ ထည့်ပေါင်းလိုက်သဖြင့် ညနေ ၆ နာရီ ခွဲတွင် စင်ကာပူသို့ ဆိုက်သည် ဖြစ်သွားခြင်း ဖြစ်ပါသည်။
MAI လေယာဉ်လက်မှတ်ကို on-line မှ Booking လုပ်လိုလျှင် - http://www.maiair.com/တွင် လုပ်နိုင်ပါသည်။ သို့မဟုတ်ပါကလည်း bookings@maiair.com သို့ e-mail ပို့ကာ booking လုပ်နိုင်ပါသည်။ ဖုံးနံပါတ်မှာ (၉၅-၁) ၂၅၅ ၄၄၀ ဖြစ်ပါသည်။ သို့မဟုတ် လေယာဉ်လက်မှတ် ရောင်းသော အေးဂျင့်များထံတွင် ၀ယ်ယူနိုင်ပါသေးသည်။
ရန်ကုန်ရှိ MAI လေယာဉ် လက်မှတ်ရုံးမှာ အခန်း-၂၊ ၈ ထပ်၊ ဆာကူရာ တာဝါ၊ အမှတ် ၃၃၉၊ ဗိုလ်ချုပ်အောင်ဆန်း လမ်း တွင် ရှိပါသည်။ လေယာဉ်လက်မှတ် ကိစ္စများနှင့် ပတ်သက်၍ ဖုံးနံပါတ် - (၉၅-၁)၂၅၅ ၂၆၀ သို့ ဆက်သွယ် မေးမြန်း နိုင်ပါသည်။
ရိုးရိုး Economy Class မှ သွားလျှင် လက်ဆွဲ တန်ဆာမပါ ကီလို ၂၀ သယ်ခွင့်ရှိပြီး Business Class မှ ယူသော လက်မှတ်များအတွက်မူ ကီလို ၃၀ သယ်ခွင့် ရှိပါသည်။ လူနှင့်အတူ သယ်၍ရသော hand carry luggage မှာမူ ၇ ကီလိုထိ သယ်၍ ရပါသည်။

၃၊ ၂။ လေယာဉ်ပေါ်သို့ သယ်ဆောင်ခွင့်မပြုသော ပစ္စည်းများ

လုံခြုံရေးအတွက် အန္တရာယ်ပြုနိုင်သည်ဟု ယူဆနိုင်သော အောက်ပါ ပစ္စည်းများကို လေယာဉ်ဖြင့် သယ်ခွင့်မပြုပါ။
Ø မီးလောင်စေတတ်သော၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ
Ø မီးလောင်လွယ်သော အရည်၊ အစိုင်အခဲများ (လောင်စာဆီ၊ သုတ်ဆေးများ၊ လျှပ်စစ်ဖြင့် မီးညှိသည့် ကိရိယာ စသည်)
Ø အိမ်သန့်ရှင်းရေး ပစ္စည်းများဖြစ်သော ဆပ်ပြာမှုံ့၊ ရေမြောင်းဆေးရည်၊ ပိုးသတ်ဆေး စသည်
Ø ဖိအားဖြင့်ထည့်ထားသော ဓါတ်ငွေ့၊ ဓါတ်ငွေ့ရည်များ (ဥပမာ-ဖြန်းဆေးရည်ဗူးများ၊ ကာဘွန်ဒိုင်အောက်ဆိုဒ် ဗူးများ စသည်)
Ø လက်နက်များ (ဥပမာ - မျက်ရည်ယိုဗုံး၊ သေနတ်၊ ဗုံး၊ ယမ်းမှုံ့၊ ကျည်ဆံ စသည်)
Ø အခြား အန္တရာယ်ရှိသော ပစ္စည်းများ (ဥပမာ - ရေခဲခြောက်၊ အဆိပ်၊ ဘက်ထရီအိုး၊ ရေဒီယို သတ္တိကြွ ပစ္စည်းများ စသည်)
Ø မည်သည့်အရွယ်အစား၊ အရှည်မဆို ဓါးမှန်လျှင် မည်သည့်ဓါးမှ သယ်ခွင့်မပြု၊ ကတ်ကြေး၊ သတ္တဖြင့်ပြုလုပ်ထားသော ချွန်ထက်သော ပစ္စည်းများ

၃၊ ၃။ Silk Air (စင်ကာပူ လေကြောင်း)

မြန်မာပြည်နှင့် စင်ကာပူ ပြေးဆွဲပေးနေသော လေယာဉ် ခရီးစဉ် နှစ်ခုအနက် နောက်တစ်ခုမှာ စင်ကာပူ လေကြောင်း ပိုင် Silk Air ဖြစ်ပါသည်။ Silk Air မှာ MAI ထက်စာလျှင် လေယာဉ် လက်မှတ်ခ အနည်းငယ် ပိုဈေးများသော်လည်း နေ့စဉ် ခရီးစဉ် ရှိ၍ စီးရတာ ပို အဆင်ပြေပါသည်။ ထို့ပြင် တစ်နေ့လျှင် လေယာဉ် နှစ်စီး၊ အချို့ရက်များတွင် သုံးစီး ရှိသဖြင့်လည်း လေယာဉ် လက်မှတ် ၀ယ်ရတာ ပိုမိုလွယ်ကူပါသည်။

ဥပမာအားဖြင့် ဆိုရလျှင် ၂၀၀၉ ခုနှစ် ဇွန်လ ၂၈ ရက် တနင်္ဂနွေနေ့ နှင့် ဇူလိုင် ၃ ရက် သောကြာနေ့တွင် လေယာဉ် သုံးစီး ရှိပါသည်။ ရန်ကုန်မှ စင်ကာပူသို့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် လေယာဉ် ခရီးစဉ်အမှတ် MI511 ၊ ညနေ ၄ နာရီ ၃၅ မိနစ်တွင် လေယာဉ် ခရီးစဉ်အမှတ် MI517 ၊ ညနေ ၅ နာရီခွဲ တွင် လေယာဉ် ခရီးစဉ်အမှတ် MI519 တို့သည် လည်းကောင်း။
စင်ကာပူမှ ရန်ကုန်သို့ နံနက် ၇ နာရီ ၅၅ မိနစ်တွင် လေယာဉ် ခရီးစဉ်အမှတ် MI512 ၊ နေ့လည် ၂ နာရီ ၂၀ မိနစ်တွင် လေယာဉ် ခရီးစဉ်အမှတ် MI518 ၊ ညနေ ၃ နာရီ ၂၀ မိနစ် တွင် လေယာဉ် ခရီးစဉ်အမှတ် MI520 တို့သည် လည်းကောင်း ပြေးဆွဲပေးပါသည်။
Silk Air တွင်လည်း တစ်ကြောင်းလက်မှတ်၊ နှစ်ကြောင်းလက်မှတ် (နှစ်ပတ် လက်မှတ်၊ ၂ လ လက်မှတ်၊ တစ်နှစ် လက်မှတ်) စသဖြင့် ၀ယ်၍ ရပါသည်။ တစ်ကြောင်းစာ အတွက် စင်ကာပူဒေါ်လာ ၂၉၀ ခန့် ရှိပြီး နှစ်ပတ်လက်မှတ်ခမှာ စင်ကာပူဒေါ်လာ ၃၆၀ ခန့်၊ နှစ်လ လက်မှတ်ခမှာ စင်ကာပူဒေါ်လာ ၄၅၀ ခန့်၊ တစ်နှစ်လက်မှတ်ခမှာ စင်ကာပူဒေါ်လာ ၅၆၀ ခန့် ရှိပါသည်။ လက်မှတ်ခများမှာ အနည်းငယ် အတက်အကျ ရှိပါသည်။
လက်မှတ်များကို online booking လုပ်နိုင်သလို agent များမှတဆင့်လည်း ၀ယ်ယူနိုင်ပါသေးသည်။ Online Booking လုပ်လိုသူများ http://www.silkair.com/ တွင် လုပ်နိုင်ပါသည်။ မိမိ ထွက်ခွာမည့်နေရာ၊ မိမိ သွားလိုသော နေရာ၊ လူကြီး ဘယ်နှယောက်၊ ကလေး ဘယ်နှယောက်၊ တစ်ကြောင်း သို့မဟုတ် သွားပြန် လက်မှတ် စသည်တို့ကို ရွေးချယ်ပြီး မိမိနှစ်သက်ရာ နေ့ရက် မှ ခရီးစဉ်ကို အလွယ်တကူ Booking လုပ်နိုင်ပါသည်။ ရန်ကုန်တွင် လေယာဉ် လက်မှတ်ရောင်းသော အေးဂျင့်များ အများအပြားရှိပါသည်။ ထို့ပြင် Silk Air ရုံးတွင် သွားရောက်၍လည်း ၀ယ်ယူနိုင်ပါသေးသည်။ ရန်ကုန်ရှိ Silk Air ရုံးလိပ်စာမှာ -

အမှတ် ၃၃၉၊ ဆာကူရာ တာဝါ
၀၂၀၂ (ဒုတိယထပ်)
ဗိုလ်ချုပ်အောင်ဆန်းလမ်း
ရန်ကုန်
ဖုံး - (၉၅-၁) ၂၅၅ ၂၈၇၊ ၂၅၅ ၂၈၈၊ ၂၅၅ ၂၈၉
ဖက်စ် - (၅၉-၁) ၂၅၅ ၂၉၀ ဖြစ်ပါသည်။
ရုံးဖွင့်ချိန် - တနင်္လာမှ သောကြာ - နံနက် ၉ နာရီမှ ညနေ ၅ နာရီ ထိ
စနေနေ့ - နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ ခွဲ ထိ
တနင်္ဂနွေ နှင့် အများပြည်သူ ရုံးပိတ်ရက်များတွင် ပိတ်ပါသည်။

စင်ကာပူရောက် မြန်မာများ မြန်မာပြည် ပြန်လိုလျှင် ပင်နင်ဆူလာရှိ ဆိုင်များတွင် လေယာဉ်လက်မှတ် ၀ယ်ယူ ရရှိ နိုင် ပါသည်။ ကိုယ်တိုင်ပင် သွားစရာမလိုပါ။ မိမိသွားလိုသော ရက်ကို လှမ်းဖုံးဆက်လိုက်လျှင် ရပါသည်။

၃၊ ၄။ အထုပ်အပိုးများ ပြင်ဆင်ခြင်း

စင်ကာပူတွင် ခြင်မကိုက်သဖြင့် ခြင်ထောင်များ ယူလာရန် မလိုပါ။ ထုံးစံအားဖြင့် အိပ်ယာခန်းနားနှင့် ပတ်သက်၍ ဘာမှ ယူခဲ့စရာ မလိုပါ။ လိုအပ်သော အ၀တ်အစား အနည်းငယ်၊ အသုံးအဆောင် ပစ္စည်း အနည်းငယ် ဆိုလျှင် လုံလောက် ပါသည်။ တန်ဘိုးကြီးသော ပစ္စည်း၊ ပိုက်ဆံ၊ ရွှေထည်၊ ငွေထည်၊ ကျောက်သံပတ္တမြား၊ ဆေးဝါးများ၊ ပတ်စ်ပို့ နှင့် အရေးကြီး သော စာရွက်စာတမ်းများကို Luggage ထဲမထည့်ဘဲ မိမိနှင့် တပါတည်း သယ်မည့် လက်ဆွဲအိတ်အတွင်း ပစ္စည်းများမထည့်မီ ကတည်းက သပ်သပ်ခွဲထားကာ ထည့်ထားသင့်ပါသည်။ သို့မဟုတ်ပါ က လူဝင်မှုကြီးကြပ်ရေး ကို ဖြတ်သောအခါ လိုအပ် သော စာရွက်စာတမ်းများ ထုတ်ပြရာတွင် အခက်အခဲ တွေ့တတ်ပါသည်။ အားလုံး ထုပ်ပိုးပြီးသော အခါ အထုပ်ကို သော့ခတ် ရန် မမေ့ပါနှင့်။ မိမိအထုပ်အပိုးများပေါ်တွင် မိမိနာမည်၊ လိပ်စာ၊ ဆက်သွယ်ရန် ဖုံးနံပါတ်တို့ ရေးထားပါ။ သို့မှသာ လေဆိပ်မှ အထွက် အထုပ်ချင်းမှားလျှင် အလွယ်တကူ ဆက်သွယ်နိုင်မည် ဖြစ်ပါသည်။
ပတ်စ်ပို့စာအုပ်၊ ခေါ်စာများ၊ မှတ်ပုံတင်၊ ပြည်ပထွက်ခွါခွင့် လက်မှတ် (D Form)၊ ငွေသွင်းချလံ၊ အလုပ်လုပ်ရန် သွားသူများ IPA letter၊ လေယာဉ်လက်မှတ် စသည်တို့ကို အလွယ်တကူ ထုတ်ယူနိုင်ရန် မိမိလက်ကိုင်အိတ်အတွင်း ထည့်ထားသင့်ပါသည်။ ထို့ပြင် မျက်မှန်၊ ဘောပင်၊ ဖောင်တိန် တို့ကိုပါ ဆောင်ထားသင့်ပါသည်။ လေယာဉ်ပေါ်တွင် White Card ဖြည့်ရန် ဖြစ်ပါသည်။
အားလုံးထုပ်ပိုးပြီးလျှင် အလေးချိန် ချိန်ကြည့်သင့်ပါသည်။ သိပ်များနေပါက ကီလိုပိုကြေး ပေးရပါလိမ့်မည်။ အိမ်ငှားခြင်း၊ ၀ယ်ခြင်း၊ လေယာဉ်လက်မှတ် ၀ယ်ခြင်း၊ ပစ္စည်းသယ်ခြင်း စသည်တို့အတွက် အောက်ပါ အကျိုးဆောင် ကုမ္ပဏီတွင် အကြံဉာဏ် တောင်းခံနိုင်ပါသည်။

မြန်မာပြည် လိပ်စာ - သိန်းသန်း သစ္စာ
အမှတ် - ၃၈၊ မြေညီထပ်၊ ၂ လမ်း
လမ်းမတော်မြို့နယ်
ရန်ကုန်
ဖုံး - ၂၂၅၁၃၄၊ ၂၂၀၄၉၂၊ ၂၂၁၁၅၆၊ ၀၉၅၁၇၂၅၁၄

စင်ကာပူ လိပ်စာ - သပြေနု
111, North Bridge Road
#05-20/21, Peninsula Plaza
Singapore 179098
Tel: 6336 7703, 6336 7601
Fax: 6336 3117

ခရီးဆောင်အိတ် (Luggage) သယ်နိုင်သော နှုံးထားမှာ Business Class အတွက် ကီလို ၃၀ (၆၆ ပေါင်) (၁၈ ပိဿာ ၆၀ ကျပ်သား) ဖြစ်ပြီး၊ Economy Class အတွက် ကီလို ၂၀ (၄၄ ပေါင်)(၁၂ ပိဿာ ၄၀ ကျပ်သား) ဖြစ်ပါသည်။
မိမိနှင့်အတူ သယ်နိုင်သော လက်ဆွဲအိတ် (Hand Carry) အရွယ်အစားမှာ အကြီးဆုံး အရွယ် အလျား၊ အနံ၊ အမြင့် သုံးနားပေါင်း ၁၁၅ စင်တီမီတာ (၄၆ လက်မ) ဖြစ်ပါသည်။ အလေးချိန်အားဖြင့် ၇ ကီလို (၄ ပိဿာခွဲ) ဖြစ်ပါသည်။ ထို hand carry အပြင် အမျိုးသမီး လက်ကိုင်အိတ်၊ အပေါ်အင်္ကျီ၊ ခြုံစောင်၊ ဖတ်စရာ စာတစ်အုပ်နှစ်အုပ်၊ ထီး သို့မဟုတ် လမ်းလျှောက် တုတ် ကောက်၊ ကင်မရာ အသေး သို့မဟုတ် မှန်ပြောင်း စသည်တို့ပါ ယူဆောင်နိုင်ပါသေးသည်။
လေဆိပ်ထဲတွင် ပစ္စည်းချိန်ရန် ကတ္တားများ ထားရှိပေးပါသည်။ ကောင်းသည်မှာ မိမိပစ္စည်းကို Luggage မချိန်ခင် ဦးစွာ မိမိဘာသာ ချိန်ကြည့်သင့်ပါသည်။ အလေးချိန်များ ပိုနေပါက လျှော့သင့်တာ လျှော့ခဲ့ရပါမည်။ အဘယ်ကြောင့် ဆိုသော် အပိုကြေးပေးရသည်မှာ ဈေးများပါသည်။ အပိုကြေးမှာ တစ်ကီလို (၆၂ ကျပ်သား) လျှင် စင်ကာပူဒေါ်လာ ၁၁ ဒေါ်လာ ရှိသောကြောင့်ပါတည်း။ တခါတရံ ပစ္စည်း၏ တန်ဘိုးမှာ ထို ပေးလိုက်ရသော အပိုကြေးမျှပင် မတန်ပါ။

2 comments:

TT said...

်ရှင်းပြထားတာလေးတွေအတွက်ကျေးဇူးတင်ပါတယ်.

Anonymous said...

မြန်မာတွေအဆင်ပြေဖို့ မြန်မာအချင်းချင်းကူညီတဲ့ စီးပွားရေးအဖွဲ့အစည်းတစ်ခုအနေနဲ့ .. ကျေးဇူးတင်မိသလို၊ ဂုဏ်လည်းယူပါတယ်။
ဒါပေမဲ့ .. သပြေနုက ၀န်ထမ်းတွေရဲ့ မြန်မာ့အကျင့်ဆိုးတွေကို မဖျောက်နိုင်ကြသေးတာတော့ စိတ်မကောင်းစရာပါ။ တကူးတက ဖုန်းဆက်ပြီးမေးမြန်းစုံစံခဲ့တဲ့ ကိုယ်ရဲ့မြန်မာ customer တွေအပေါ်မှာ နှစ်လိုဖွယ်မကောင်းသော၊ အထင်သေးသော၊ စိတ်မရှည်သော၊ မောက်မာသော လေသံအမူအရာတွေက ... မြန်မာတွေကိုကိုယ်စားပြုပြီး တိုင်းတပါးမှာနေထိုင်တဲ့သူတွေအနေနဲ့ .. အလွန်းဆိုးရွားတဲ့အပြုအမူပါ ..
စေတနာနဲ့အကြံပြုချင်ပါတယ် .. ကိုယ့်ရဲ့အမူအရာဟာ .. ကိုယ့်ရဲ့တန်ဖိုးပါ (ကိုယ့်ဘ၀ရဲ့တန်ဖိုးပါ) ကိုယ့်ကိုကိုယ်တန်ဖိုးရှိအောင်ကျိုးစားရင်း မြန်မာအချင်းချင်းလည်းလေးစားပေးပါ။

ဝန်ဆောင်မှုအားလုံးအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။