Wednesday, May 8, 2013

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးမိတ်ဆက်သင်တန်း မှတ်စု (ဆောက်လုပ်ရေး) (၆)


၆၊ ၁၃။ အလုပ်လုပ်ခွင့်လက်မှတ် (Permit To Work System) (PTW)

            အမြင့်တွင် အလုပ်လုပ်ခြင်းအား အလွန်အန္တရာယ်များသောအလုပ် (High Risk Work) အဖြစ်သတ်မှတ်ထား၏။ အန္တရာယ်များသည့်အလုပ်များအတွက် အလုပ်လုပ်ခွင့် ခွင့်ပြုမိန့် ရယူရသည်။ ထိုအလုပ်များတွင် အောက်ပါတို့ ပါဝင်၏။

၁။ အမြင့်တွင် အလုပ်လုပ်ခြင်း (Working At Height)
၂။ မီးနှင့်အလုပ်လုပ်ခြင်း (Hot Work)
၃။ ၀န်ချီခြင်း (Lifting Work)
၎။ မြေကတုတ်ကျင်း၊ တိုင်ကီ၊ ချိုင့်များ၊ တွင်းများအတွင်းဝင်ရောက်ခြင်း (Entering into Confined Space)
၅။ ပိုင်ရိုက်ခြင်း (Piling Work)
၆။ မြေတူးခြင်း၊ မြောင်းတူးခြင်း  (Excavation and Trenching Work)
၇။ အဆောက်အဦ ဖြိုဖျက်ခြင်း (Demolition Work)

၆၊ ၁၃၊ ၁။ အလုပ်လုပ်ခွင့်လက်မှတ် (PTW) လျှောက်ထားခြင်း


၆၊ ၁၃၊ ၂။ အလုပ်လုပ်ခွင့်လက်မှတ် လျှောက်ထားပုံ အဆင့်ဆင့်

၁။ အထက်ဖော်ပြပါ အလုပ်များအတွက် အလုပ်လုပ်ခွင့်လက်မှတ် (PTW) ကို လုပ်ငန်းမစတင်မီ လျှောက်ထားရသည်။ PTW ကို သက်ဆိုင်ရာ ကြီးကြပ်ရေးမှူး (Supervisor) က လျှောက်ထားရ၏။

            ထိုလက်မှတ်၌ -
  • Ø  အလုပ်လုပ်စတင်မည့် နေ့ရက်၊ အချိန်။ အလုပ်ပြီးမည့် နေ့ရက်၊ အချိန်။
  • Ø  မည်ကဲ့သို့သော အလုပ်မျိုးဖြစ်သည်။
  • Ø  မည်သည့်စက်ကိရိယာများ သုံးမည်။
  • Ø  မည်သည့် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ ၀တ်ရန်လိုသည်။
  • Ø  အခြား နည်းဥပဒေအရ လိုအပ်ချက်များ
  • Ø  လုပ်ငန်းအတွက် လိုအပ်သည့် အထောက်အပံ့ပစ္စည်းများ အစုံအလင်ရှိမရှိ


-       စသည်တို့ကို ဖော်ပြပြီး အလုပ်လုပ်ရန်အတွက် သင့်တော်သည့် အထောက်အပံ့အားလုံး ဖြည့်ဆည်းထားပြီး ဖြစ်ကြောင်း လက်မှတ်ရေးထိုး တင်ပြရသည်။

၂။ စစ်ဆေးသူ (Safety Assessor) က ထိုလျှောက်လွှာ၌ ဖော်ပြထားချက်များ မှန်/မမှန် ထပ်မံစစ်ဆေးပြီး မှန်လျှင် မှန်ကြောင်း လက်မှတ်ရေးထိုး ထောက်ခံရသည်။

၃။ ထို့နောက် အခွင့်အာဏာရှိသူ (စီမံကိန်း (Project) ၌ ဆိုလျှင် စီမံကိန်းမန်နေဂျာ (Project Manager)) မန်နေဂျာက စစ်ဆေးပြီး အတည်ပြုပေးရသည်။  

၎။ အလုပ်လုပ်ခွင့်လက်မှတ်ကို မန်နေဂျာက အတည်ပြုပေးပြီးလျှင် လုပ်ငန်းစလို့ ရပါပြီ။

၅။ ထိုလက်မှတ်အရ အလုပ်လုပ်သည့်အခါ သတ်မှတ်ထားသော အန္တရာယ်ကင်းစွာအလုပ်လုပ်သည့်နည်းလမ်းများ (Safe Work Procedures) အရ လုပ်ကိုင်ရသည်။

၆။ အကယ်၍ အခြေအနေအကြောင်းကြောင်းကြောင့် ခွင့်ပြုမိန့်တွင် ဖော်ပြထားသည့် အချက်များထဲမှ တစ်ချက်ချက်ကို ဖောက်ဖျက်ကျူးလွန်မိပါက ထိုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းပြီး အလုပ်လုပ်ခွင့်ကို ရပ်နားထားရမည်။

၇။ အလုပ်ပြန်စနိုင်ရန် ထိုဖောက်ဖျက်ကျူးလွန်ထားသော အချက်ကို မူလအတိုင်း အန္တရာယ်ကင်းသည့်အနေအထားရောက် အောင် ပြန်လည်ပြင်ဆင်ရသည်။

၈။ ပြန်လည်ပြင်ဆင်ပြီးကြောင်း စစ်ဆေးသူက စစ်ဆေးပြီးမှသာ ယခင် ရုပ်သိမ်းထားသည့်လက်မှတ်ကို ပြန်လည်ထုတ်ပေး ကာ အလုပ်ပြန်စနိုင်သည်။

၉။ အလုပ်လုပ်နေစဉ်တစ်လျှောက်လုံး လုပ်ငန်းကြီးကြပ်သူက အလုပ်လုပ်ခွင့်လက်မှတ်ပါ အချက်များအတိုင်း လုပ်မလုပ် အမြဲ စောင့်ကြပ် ကြည့်ရှုနေရမည်။

၁၀။ တစ်နေ့တာ လုပ်ငန်းပြီးဆုံးသောအခါ ထို အလုပ်လုပ်ခွင့်လက်မှတ်ကို အလုပ်ပြီးကြောင်း ပိတ်သိမ်းလက်မှတ်ထိုးပြီး Safety ဌာနသို့ လက်မှတ်ထိုးကာ ပြန်လည်အပ်နှံရမည်။

၁၁။ ထိုမှတ်တမ်းများကို စနစ်တကျသိမ်းဆည်းထားရမည်။ ထိုစာရွက်စာတမ်းများကို စီမံကိန်းပြီးသွားသည့်တိုင် အနည်းဆုံး ၃ နှစ် သိမ်းဆည်းထားရမည်။

အောက်တွင် အလုပ်လုပ်ခွင့်လက်မှတ်နှင့် စစ်ဆေးချက်မှတ်တမ်း များကို နမူနာအဖြစ် ဖော်ပြထားပါသည်။

            စင်ကာပူတွင် ၂ မီတာထက်ပိုမြင့်သော နေရာများ၌ အလုပ်လုပ်လိုလျှင် ထိုအလုပ်လုပ်ခွင့်လက်မှတ် (Permit To Work for Working At Height) ကို လျှောက်ထားရသည်။ 




၆၊ ၁၄။ ကိရိယာများအား စစ်ဆေးခြင်း (Equipment Inspection)

            ပြုတ်ကျခြင်းမှ အကာအကွယ်ပေးသည့် ပစ္စည်းကိရိယာများကို ပုံမှန် စစ်ဆေးနေရန် လိုပါသည်။ စစ်ဆေးခြင်း အမျိုးအစား (၃) မျိုးရှိ၏။

၁။ သုံးစွဲသူမှ စစ်ဆေးခြင်း (User Examination)
            သုံးစွဲသူသည် ပစ္စည်းကို မသုံးမီ ကောင်း၊ မကောင်း အမြဲစစ်ဆေးရမည်။

၂။ ပုံမှန်စစ်ဆေးခြင်း (Periodic Examination)
            ပစ္စည်းကို လုပ်ငန်းခွင်အတွင်း သုံးပြီးသွားသည့်အခါ စစ်ဆေးခြင်း (ဥပမာ - တစ်လတစ်ကြိမ်)

၃။ ကောင်းစွာစစ်ဆေးခြင်း (Thorougn Examination)
            ပြုတ်ကျခြင်းမှ အကာအကွယ်ပေးသည့် ပစ္စည်းကိရိယာများကို လက်မှတ်ရစစ်ဆေးသူက အနည်းဆုံး ၁၂ လ တစ်ကြိမ် စစ်ဆေးရမည်။



၆၊ ၁၄၊ ၁။ ကိုယ်သိုင်းကြိုးကို မ၀တ်မီ စစ်ဆေးခြင်း
  •  
  • ကိုယ်သိုင်းကြိုးနောက်ဘက်ရှိ ကွင်းမှ (D-Link) ကိုင်ကာ စစ်ဆေးပါ။
  • ကိုယ်သိုင်းကြိုးဟာ သက်တမ်းကုန်နေပြီလား။
  • ခါးပတ်ကြိုးတွေမှာ စုတ်ပြဲနေတာ၊ ခြစ်ရာ၊ ရှရာတွေရှိသလား။
  • ဓါတုဆေးရည်တွေနဲ့ ထိထားသလား။
  • အဆက်ကွင်းတွေ သံချေးတက်၊ ပျက်စီးနေသလား။
  • ချိတ်က ခလုတ်တွေဟာ ကောင်းကောင်းအလုပ်လုပ်သေးလား။ ပျက်နေပြီလား။
  • ချုပ်ရိုးအဆက်တွေ စုတ်နေပြီလား။ ချုပ်ရိုးတွေ ပြုတ်နေသလား။
  • ကိုယ်သိုင်းကြိုးဟာ မူလအရောင်မရှိတော့ဘဲ အရောင်ဖျော့နေပြီလား။
  • ကိုယ်သိုင်းကြိုးမှ တံဆိပ် (label) ကို ကြည့်ပြီး ထုတ်လုပ်သည့်ခုနှစ်ကို ရှာပါ။ ကိုယ်သိုင်းကြိုး၏ သက်တမ်းမှာ ထုတ်လုပ်သည့်ခုနှစ်မှစ၍ ၅ နှစ်ဖြစ်သည်။







ကိုယ်သိုင်းကြိုးမှ ချိတ်များ (Snap Hook, Karbiners) ကောင်းစွာအလုပ်လုပ်မလုပ် စစ်ဆေးပါ။


၆၊ ၁၅။ ကိုယ်သိုင်းကြိုးကို စနစ်တကျ ၀တ်ဆင်ခြင်း

၆၊ ၁၆။ အမြင့်မှ ပြုတ်ကျခြင်းကို ကာကွယ်ပေးသည့် ပစ္စည်းများ (Fall Prevention Equipment) အား ထိန်းသိမ်းခြင်း

  • ပစ္စည်းများကို သုံးပြီးသည့်အခါတိုင်း သန့်ရှင်းရေးလုပ်ပါ။
  • ရေသန့်သန့်တွင် ဆပ်ပြာမှုန့်အနည်းငယ်ထည့်ပြီး သန့်ရှင်းရေး လုပ်နိုင်ပါသည်။
  • သံကွင်းများကို ခြောက်သွေ့သော အ၀တ်စသန့်သန့်ဖြင့် သုတ်ပါ။
  • အခြောက်ခံသည့်အခါ ကျောဘက်ရှိ ကွင်း (D-Ring) မှ ချိတ်လှန်းပါ။
  • နေပူထဲတွင်မလှန်းပါနှင့်။ အရိပ်ထဲတွင်ပင် လှန်းပါ။
  • ကိုယ်သိုင်းကြိုးကို သန့်ရှင်းရေးလုပ်ရာတွင် အရောင်ချွတ်ဆေး၊ ချေးချွတ်ဆေးစသော မည်သည့် ဓါတုဗေဒပစ္စည်းမှ မသုံးပါနှင့်။
  • ကိုယ်သိုင်းကြိုးကို နေရောင်တိုက်ရိုက်ကျသည့်နေရာ၊ ပူလွန်းသောနေရာများတွင် မထားပါနှင့်။
  • အေး၍ခြောက်သွေ့သောနေရာတွင် ထားပါ။
  • ကြာရှည်မသုံးပါက သန့်ရှင်းသောအိတ်အတွင်း ထည့်ထားပါ။



၆၊ ၁၇။ ပြုတ်ကျလျှင် မည်ကဲ့သို့ ပြုလုပ်ရမည်နည်း

  • ပြုတ်ကျသည့်အခါ ခန္ဓာကိုယ် လေထဲတွင် တန်းလန်းနေနိုင်ချိန်မှာ ၈ မိနစ်မှ ၁၀ နစ်ထက် မပိုပါ။
  • ပြုတ်ကျလျှင် ခန္ဓာကိုယ် သွေးလှည့်ပတ်မှုကို အနှောင့်အယှက်ပြုမည်။
  • ခြေထောက်ပိုင်းတွင် သွေးများသည် နှလုံးသို့ ပြန်ရောက်နိုင်အား နည်းသွားသည်။
  • နှလုံးမှ ခန္ဓာကိုယ်တစ်ခုလုံးသို့ သွေးပို့နိုင်စွမ်း ကျသွားသည်။
  • မူးဝေလာမည်။
  • မေ့မျောသွားနိုင်သည်။
  • ပြုတ်ကျပြီး ဆယ်မိနစ် အတွင်း မကယ်နိုင်လျှင် အသက်အန္တရာယ်ရှိပါသည်။


ပြုတ်ကျလျှင် တန်းလန်းနေခြင်းထက် ဒူးကိုကွေးပြီး ထိုင်သည့်ပုံစံရောက်အောင် နေခြင်းဖြင့် သက်သာရာ ရစေနိုင်ပါသည်။ ကြိုးကိုဆွဲပြီး မိမိဘာသာဆွဲတက်နိုင်လျှင် ပိုကောင်းပါသည်။ အကယ်၍ ဆွဲတက်ရန် အားမရှိပါက အသက်ကယ်ကြိုး (life line) ကို ကွင်းပြုလုပ်ကာ ထိုကွင်းအတွင်း တက်ရပ်နေလျှင် ကြာရှည်နေနိုင်ပါသည်။ သို့မဟုတ် နံရံကိုကန်ထားကာ ကိုယ်အလေးချိန်ကို ပင့်ထားခြင်းဖြင့် သက်သာရာရစေနိုင်ပါသည်။



ဆက်ပါဦးမည်။

အေးငြိမ်း
၈၊ မေ၊ ၂၀၁၃။ ည ၁၀း၂၀ နာရီ


No comments: