Tuesday, May 14, 2013

မြန်မာပြက္ခဒိန်


မြန်မာ တစ်သိန်းကို လိုက်မေးကြည့်ရင် မြန်မာပြက္ခဒိန်အကြောင်း သေသေချာချာ သိတဲ့သူ တစ်ယောက်တောင် ရှာတွေ့ဘို့ ခက်ပါလိမ့်မယ်။ 

အခု မြန်မာလူဦးရေ သန်း ၆၀ ထဲမှာ မြန်မာပြက္ခဒိန်အကြောင်း သေသေချာချာသိတဲ့သူကို စစ်စစ်ပေါက်ပေါက် လိုက်မေးရင် ၁၀၀ တောင် ရှိမယ် မထင်ပါဘူး။

မိတ်ဆွေ - သင်ရော မြန်မာပြက္ခဒိန်အကြောင်း ဘယ်လောက်သိပါသလဲ။

(အိုဗျာ။ မြန်မာပြက္ခဒိန်ရှိဘို့ လိုလို့လား။ ခု ၂၀၁၃၊ မေလ ၁၃ ရက်ဆိုတာသိတယ်ဆို ပြီးတယ်မဟုတ်လား။)

ဒါဆို ခင်ဗျားတို့ သိပ်မကြာသေးခင်က သွားစားတဲ့ မုံ့လုံးရေပေါ်တွေ အလကားကျွေးတဲ့ (စင်ကာပူကလူတွေ မကျေနပ်လို့ လေးခါလောက်ပြန်ကျင်းပတဲ့) သင်္ကြန်ဆိုတာ အဲဒီ ၂၀၁၃ ဆိုတဲ့ ပြက္ခဒိန်ကို အမှီပြုလုပ်တာလား။ ကဆုန်လပြည့်တို့၊ ဘုန်းကြီးတွေ ၀ါဆိုဝါကပ်တဲ့ ၀ါဆိုလပြည့်တို့၊ သီတင်းကျွတ်လပြည့်တို့၊ အမျိုးသားနေ့ကျင်းပတဲ့ တန်ဆောင်မုန်းလပြည့်ကျော် ဆယ်ရက်နေ့တို့ကို အခု မိတ်ဆွေတို့ စားပွဲပေါ်တင်ထားတဲ့ ၂၀၁၃ ခုနှစ် ဆိုတဲ့ ပြက္ခဒိန်မှာ ကြည့်လို့ရပါသလား။ ဖော်ပြထားပါသလား။
အဲဒီရက်တွေသိဘို့အတွက် မြန်မာပြက္ခဒိန် မလိုအပ်ဘူးလား။

ဗုဒ္ဓဘာသာမှန်ရင် အနည်းအကျဉ်းတော့ ဥပုသ်စောင့်တယ်ဆိုတာ လုပ်ကြတာပါဘဲ။ အဲဒီဥပုသ်စောင့်တဲ့ ရက်တွေကို မြန်မာပြက္ခဒိန်မှာ မကြည့်၊ ဘယ်သွားကြည့်ပါသလဲ။

(ခင်ဗျားဗျာ။ အလုပ်မရှိ အလုပ်ရှာလို့။ သူများတွေ သင်္ကြန်ဆို ကြန်လိုက်ပေါ့ဗျ။ သူများတွေ လပြည့်ဆို ပြည့်လိုက်ရုံပေါ့။ ဘာခက်တာလိုက်လို့။ ဒါထက်သေချာချင်ရင် ဆိုင်သွားပြီး ပြက္ခဒိန်ဝယ်လိုက်ပေါ့။ မကျေနပ်ရင် နှစ် ၁၀၀ ပြက္ခဒိန်တောင် ၀ယ်လို့ရသေး။)

အင်း၊ ဒါလဲဟုတ်တာပဲ။ ဆိုင်မှာပဲ သွားဝယ်လိုက်ပါတော့။

ဒါပေမဲ့ပေါ့ဗျာ။ မြန်မာမှန်ရင် မြန်မာပြက္ခဒိန်အကြောင်း အတိအကျမတွက်တတ်တောင် နည်းနည်းလောက် သိထားရင် မကောင်းဘူးလား။ အနည်းဆုံးတော့ သင်္ကြန်ဆိုတာ ဘာလဲ။ ဘယ်အချိန်မှာ ကျတယ်။ တက်တယ်။ ဘာဖြစ်လို့ ကြားထဲမှာ (ကြတ်) နေရတယ်။ တစ်ခါတလေ ၁ ရက်ပဲကြတ်ပြီး၊ တစ်ခါတလေကျတော့ ၂ ရက်ကြတ်တယ် စတာတွေကို ပြောပြချင်သဗျ။ နောက်ပြီး အဲဒီသင်္ကြန်အကြောင်း သေသေချာချာလဲမသိဘဲ အင်တာနက်မှာ တောင်ရေး၊ မြောက်ရေး လျှောက်ရေးကြ။ (ကျေးဇူးတင်ပါတယ်ရှင့်၊ ရှယ်လိုက်ပြီ) တွေလုပ်ကြတာ ကျုပ်အလကားနေရင်း အူယားလှသဗျာ။

ဒီတော့ ခုလာမဲ့ တနင်္ဂနွေနေ့ကစပြီး ကျွန်တော့်တူမလေးတွေရယ်၊ စိတ်ဝင်စားတဲ့ သူ့သူငယ်ချင်းတွေရယ်ကို မြန်မာ ပြက္ခဒိန်အကြောင်း ပြောပြဘို့ရှိပါတယ်။ တနင်္ဂနွေနေ့တိုင်းပေါ့။

အင်မတန် ပျင်းစရာကောင်းတဲ့ ဆပ်ဘ်ဂျက်ကြီးဖြစ်လို့ စာသင်တဲ့ပုံစံမဟုတ်ဘဲ အမေးအဖြေ စကားဝိုင်းပုံစံနဲ့ လုပ်ဖို့ စိတ်ကူးထားပါတယ်။ မဟုတ်လို့ကတော့ ဆယ်မိနစ်တောင် ခံမှာမဟုတ်ဘူး။ အကုန်အိပ်ပျော်ကုန်ကြမှာဘဲ။

ဒါဖြင့် ဘာတွေပြောပြဘို့ စိတ်ကူးထားပါသလဲ တဲ့။

v  ဘာဖြစ်လို့ ပြက္ခဒိန် ခေါ်သလဲ။
v  မြန်မာနှစ်တစ်နှစ်ရဲ့ အစမှတ်ဟာ ဘယ်နေရာလဲ။ ဘာကြောင့် အဲဒီနေရာကနေစရတာလဲ။
v  မြန်မာတစ်နှစ်မှာ ဘယ်နှစ်လရှိသလဲ။ ဘာကြောင့် အဲဒီ ဘယ်နှစ်လတွေ ဖြစ်နေရသလဲ။
v  မြန်မာတစ်နှစ်မှာ ဘယ်နှစ်ရက်ရှိသလဲ။ ၀ါထပ်တယ်ဆိုတာ သိသလား။ ဘာကြောင့် ၀ါထပ်ရသလဲ။
v  မြန်မာပြက္ခဒိန်ဟာ ကောင်းကင်က ဂြိုဟ်တွေ၊ နက္ခတ်တွေနဲ့ တိုက်ရိုက်ပတ်သက်နေတယ် ဆိုတာသိသလား။
v  မြန်မာပြက္ခဒိန်နဲ့ အင်္ဂလိပ်ပြက္ခဒိန် ဘာတွေကွာသလဲ။
v  အင်္ဂလိပ်ပြက္ခဒိန်က ဘာကို အခြေပြုတွက်ထားတာလဲ။
v  အခု မြန်မာနှစ် ၁၃၇၅ ဆိုတာ ဘယ်နေရာကနေ စရေတာလဲ။

တော်ရောပေါ့ဗျာ။ ဒါလောက်ဆို။ သိပ်များသွားရင် သိပ်ပျင်းစရာကောင်းသွားမယ်။
တနင်္ဂနွေ သုံးပတ်လို့ မှန်းပါတယ်။ သိပ်ကြာသွားရင် အီသွားမှာစိုးလို့။
သေသေချာချာတွက်တတ်အောင်ဆိုရင်တော့ ၃ လလောက်နဲ့တောင် ရပါ့မလားမသိဘူး။

စိတ်မ၀င်စားတဲ့သူတွေ မလာပါနဲ့။

စိတ်ဝင်စားတဲ့သူတွေ လာရောက် ဆွေးနွေးနိုင်ပါတယ် ခင်ဗျား။

လိပ်စာ -

Blk 663D, Jurong West St. 65
#15-233
Singapore 644663
Near Boon Lay MRT

န့လည် ၄ နာရီကနေ ၅ နာရီထိ ဖြစ်ဘို့ များပါသည်။

အေးငြိမ်း
၁၃၊ ၅၊ ၂၀၁၃

No comments: