Saturday, May 4, 2013

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးမိတ်ဆက်သင်တန်း မှတ်စု (ဆောက်လုပ်ရေး) (၄)


ဂွန်ဒိုလာ (Gondola)


            ဂွန်ဒိုလာပေါ်တွင် ၀န်ချိန်မည်မျှ (SWL = Safe Working Load) တင်နိုင်သည်။ လူဘယ်နှစ်ဦး လိုက်ပါနိုင်သည်။ မည်သည့် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်း (PPE) များဝတ်ဆင်ရမည် စသည်တို့ကို ဖော်ပြထားပါသည်။ ဤသည်တို့ကို အတိအကျ လိုက်နာရန် လို၏။




ဂွန်ဒိုလာပေါ်၌ လူနှစ်ဦးလိုက်ပါနိုင်လျှင် ထိုဂွန်ဒိုလာအတွက် အသက်ကယ်ကြိုး (Life Line) နှစ်ချောင်းလို၏။ အန္တရာယ်ကင်းကိုယ်သိုင်းကြိုး (Safety Harness) နှင့် ထိုအသက်ကယ်ကြိုးကို ချိတ်ရန် ပြုတ်ကျခြင်းမှကာကွယ်သည့် ကိရိယာ (Fall Arrester) လည်း လိုသည်။
v  ဂွန်ဒိုလာသုံးသူသည် အန္တရာယ်ကင်းကိုယ်သိုင်းကြိုးကို Fall Arrestor နှင့်ချိတ်လျှက် ထို Fall Arrestor ကို အသက်ကယ် Life Line တွင် ချိတ်တွဲထားရမည်ဖြစ်၏။
 v  အလုပ်လုပ်ရန်ယူဆောင်သွားမည့် လက်နက်ကိရိယာ၊ ပစ္စည်းပစ္စယများကို ပုံး၊ သေတ္တာ စသည်တို့အထဲ၌ ထည့်ထားရမည်။
v  ဂွန်ဒိုလာကို စတင်မသုံးမီ ဂွန်ဒိုလာသည် ကောင်းစွာအလုပ်လုပ်မလုပ် သေချာစွာစစ်ဆေးရမည်။
v  အသက်ကယ်ကြိုးသည် ခိုင်ခိုင်ခံ့ခံ့ရှိမရှိကိုလည်း စစ်ဆေးကြည့်ရှုရန် လို၏။
v  အဆောက်အဦကြမ်းပြင်ပေါ်မှ ဂွန်ဒိုလာပေါ်သို့လည်းကောင်း၊ ဂွန်ဒိုလာပေါ်မှ အဆောက်အဦကြမ်းပြင် ပေါ်သို့လည်းကောင်း ခုန်ကူးခြင်း မည်သည့်အခါမှ မလုပ်ပါနှင့်။
v  မည်သည့်အခါမှ ဂွန်ဒိုလာတွင်ဖော်ပြထားသည့် ၀န်အားထက် မပိုပါစေနှင့်။ လူပိုလိုက်ပါစေခြင်း မပြုပါနှင့်။

ပြုတ်ကျလျှင် ဖမ်းထားသည့်စနစ် (Fall Arrest System)

            ဥပဒေအရ ၂ မီတာထက်ပိုမြင့်သည့်နေရာတွင် အလုပ်လုပ်သူများအတွက် ပြုတ်ကျလျှင် ဖမ်းထားသည့်စနစ် (Fall Arrest System) ပံ့ပိုးပေးရမည်။
            Fall Arrest System အမျိုးမျိုးရှိ၏။

၁။ ထောင်လိုင်လှေခါးကို တက်/ဆင်းရာတွင် သုံးသည့်စနစ်


၂။ ခေါင်မိုးပေါ်၌ အလုပ်လုပ်ရာတွင် သုံးသည့်စနစ်


၃။ အမြင့်တစ်နေရာ၌ အလုပ်လုပ်ရာတွင် သုံးသည့်စနစ် - - - စသည်


ဤစနစ်၌ အသက်ကယ်ကြိုး (Life line), ကိုယ်သိုင်းကြိုး (Full Body Harness), ဆက်ကြိုး (Lanyard), ဖမ်းသည့်ကိရိယာ (Fall Arrester) စသည်တို့ပါသည်။

ခေါင်မိုးပေါ်၌ အလုပ်လုပ်ခြင်း (Working On the Roof)

v  ခေါင်မိုးပေါ်၌ အလုပ်လုပ်သူများအတွက် ပြုတ်ကျခြင်းမှ ကာကွယ်သည့်စနစ် တပ်ဆင်ပေးထားရမည်။
v  ခေါင်မိုးတစ်ခုမှ တစ်ခုသို့ ခုန်လွှားကူးပြောင်းခြင်း မပြုရ။
v  မတ်စောက်သောခေါင်မိုးများပေါ်သို့ အသက်ကယ်ကြိုးမ၀တ်ဆင်ဘဲ မတက်ရ။
v  ခေါင်မိုးပေါ်သို့ တက်/ဆင်းမည့် လှေခါးထားရှိပေးရမည်။
v  ဖြစ်နိုင်လျှင် ခေါင်မိုးအစွန်းများကို လက်ရမ်းတန်းများဖြင့် ကာရံပေးထားရမည်။
v  ခေါင်မိုးပေါ်တွင်နင်းရန် သုံးထပ်သားကဲ့သို့ အခင်းများခင်းပေးရမည်။
v  ခေါင်မိုးပေါ်တွင် အလုပ်လုပ်ရန် ကောင်းစွာလေ့ကျင့်ပေးထားသူအားသာ လုပ်ကိုင်စေရမည်။
v  ကွဲတတ်သော မှန်၊ ပလတ်စတစ်ကဲ့သို့ အမိုးများပေါ် မနင်းရ။ အကယ်၍ မှန်အမိုးများပေါ်၌ လျှောက်ရမည်ဆိုလျှင် ခိုင်ခံသော လျှောက်လမ်းများ ခင်းပေးရမည်။
v  မည်သည့် ပစ္စည်းမှ ခေါင်မိုးပေါ် ပျံ့ကြဲမထားရ။ အလုပ်လုပ်ပြီးသည့်အခါတိုင်း သန့်ရှင်းရေး လုပ်ရမည်။
v  အလုပ်လုပ်ရန်ယူဆောင်သွားမည့် လက်နက်ကိရိယာ၊ ပစ္စည်းပစ္စယများကို ပုံး၊ သေတ္တာ စသည်တို့အထဲ၌ ထည့်ထားရမည်။






ပြုတ်ကျခြင်းမှ ကာကွယ်ပေးသည့် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်း (PPE for Fall Arrest) များ ရွေးချယ်ခြင်းနှင့် စစ်ဆေးခြင်း

            မိမိအလုပ်အတွက် သင့်တော်သည့် ပီပီအီး (PPE) ကိုရွေးရမည်။ မည်ကဲ့သို့ ရွေးရမည်မှန်းမသိလျှင် လုပ်ငန်းခွင် အန္တရာယ် ကင်းရေးအရာရှိ (Safety Officer) ထံချဉ်းကပ် မေးမြန်းပါ။
မိမိကိုထုတ်ပေးထားသော ပီပီအီး (PPE) ကို စနစ်တကျသုံးစွဲရန်၊ သိမ်းဆည်းရန်၊ ထိန်းသိမ်းရန် အရေးကြီးပါသည်။
များသောအားဖြင့် အလုပ်သမားအများစုမှာ မိမိတို့၏ ကိုယ်သိုင်းကြိုး (Safety Harness) ကို ဂရုတစိုက် မထိန်းသိမ်း တတ်ကြပါ။ ဤသည်မှာ ၎င်းတို့အတွက် အလွန်အန္တရာယ်များ၏။ မိမိအသက်အန္တရာယ်ကို ကာကွယ်ပေးမည့် ကိုယ်သိုင်းကြိုး ကို ကောင်းစွာထိန်းသိမ်းထားရန် လွန်စွာအရေးကြီးသည်။
 
v  ပြုတ်ကျသည့်အခါ လူ့ခန္ဓာကိုယ်ပေါ်သက်ရောက်သည့်အားမှာ အလွန်ကြီးမား၏။ ထို့ကြောင့် မည်သည့်အခါမှ ခါးပတ် (Safety Belt) ကို မသုံးပါနှင့်။ ပြုတ်ကျလျှင် ခါးရိုးကျိုးကာ အပြင်းအထန် ဒဏ်ရာရနိုင်ပါသည်။
v  ဓါတုဗေဒဆေးရည်များ ကိုယ်သိုင်းကြိုးကို ထိမိလျှင်ကိုယ်သိုင်းကြိုး၏ခံနိုင်အားကို လျော့ကျစေသဖြင့် ကိုယ်သိုင်းကြိုးပေါ်တွင် ဆော့ပင် (Soft Pen) ၊ မာကာပင် (Marker Pen) များဖြင့် မိမိနာမည်များ၊ နံပါတ်များရေးခြင်း မပြုရ။
v  မိုးရွာ၊ နေပူထဲ၌ ကိုယ်သိုင်းကြိုးကို ပစ်ထားခြင်း၊ ကိုယ်သိုင်းကြိုး များပေါ်တွင် ခြစ်ရာ၊ ရှရာများပေါ်ခြင်း၊ ကိုယ်သိုင်းကြိုးမှ ကွင်းအဆက်များ သံချေးတက်နေခြင်း စသည်တို့သည် ကိုယ်သိုင်းကြိုး၏ ခံနိုင်ရည်ဒဏ်အားကို လျော့ကျစေသည်။ ထို့ကြောင့် ကိုယ်သိုင်းကြိုးကို အေးပြီး၊ ခြောက်သွေ့သောနေရာတွင် စနစ်တကျ သိမ်းဆည်းထားရမည်။


Safety Harness and Lanyards

v  Safety Harness (Full Body Harness) အတွက် standard မှာ EN361 ဖြစ်၏။
v  Lanyard အတွက် standard မှာ EN354 ဖြစ်၏။
v  Energy Absorber အတွက် standard မှာ EN355 ဖြစ်၏။
v  Connector အတွက် standard မှာ EN362/EN12275 ဖြစ်၏။



            Lanyard တွင် လင်းယတ်တစ်ချောင်း (Single Lanyard) နှင့် လင်းယတ်နှစ်ချောင်း (Double Lanyard) ဟု နှစ်မျိုး ရှိသည့်အနက် စင်ကာပူတွင် Double Lanyard ကို သုံးရသည်။ သာမန်အမြင့်၌ အလုပ်လုပ်ခြင်းအတွက် Double Laynard ကို ခန္ဓာကိုယ်နောက်ပိုင်းတွင်ရှိသော body harness ၏ Dorsal connection တွင် တွဲရသည်။ ထောင်လိုက်လှေခါးများ၊ ထောင်လိုက်ချထားသော ကြိုးများကို တက်/ဆင်းခြင်း အတွက် Laynard ကို ခန္ဓာကိုယ်ရှေု့ပိုင်းတွင်ရှိသော body harness ၏ Sternal connection တွင် တွဲရသည်။





v  အင်နာဂျီအက်ဇောဘား (energy absorber) မပါသော လင်းယတ်ကို အလုပ်နေရာချထားခြင်း (work positioning) သို့မဟုတ် လှုပ်ရှားမှုအထိန်း (work restraint) အတွက်သာသုံးသည်။
v  အလုပ်နေရာချထားခြင်း (work positioning) lanyard သုံးလျှင် အမြဲ အသက်ကယ်ကြိုးနှင့် အင်နာဂျီအက်ဇောဘား ပါသော လင်းယတ်ကိုပါ တွဲသုံးရသည်။
v  လင်းယတ်ကို အသက်ကယ်ကြိုး သို့မဟုတ် အခြားခိုင်မြဲသောနေရာ (anchor point) ၌ အမြဲ ချိတ် ချိတ်ထားရမည်။ ၎င်းကို အင်္ဂလိပ်လို 100% tie off ဟု ခေါ်၏။ ကိုယ်သိုင်းကြိုးကို ချိတ်မချိတ်ဘဲ (အလွတ်) မည်သည့်အခါမှ မနေခြင်းကို ဆိုလို၏။
v  နိမ့်သောနေရာများ၌ လင်းယတ်အတိုကို သုံးခြင်းသည် ပိုကောင်း၏။
v  လင်းယတ်ရှည်နေသောကြောင့် တိုလိုသောရည်ရွယ်ချက်ဖြင့် ကြိုးကို မည်သည့်အခါမှ အထုံးမထုံးရပါ။
v  အင်နာဂျီ အက်ဇောဘားမပါဘဲ လင်းယတ်ကို harness မှ D ring တွင် တိုက်ရိုက်ချိတ်ခြင်း မည်သည့်အခါမှမလုပ်ရ။
v  အင်နာဂျီ အက်ဇောဘားဟူသည် တစ်ခါသုံးအတွက်သာ ဖြစ်သည်။ ပြုတ်ကျပြီးသွားသော အင်နာဂျီအက်ဇောဘား ကို မည်သည့်အခါမှ ပြန်မသုံးရပါ။





လင်းယတ်နှစ်ချောင်းကိုသုံးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ တစ်နေရာမှ တစ်နေရာသို့ လျှောက်သွား၊ ကူးပြောင်းသည့်၍ လင်းယတ်တစ်ချောင်းကို ဖြုတ်ရန်လိုသည့်အခါ ကျန်တစ်ချောင်းကို ချိတ်တွင် ချိတ်ထားရန် ဖြစ်၏။ ချိတ်တွင်မချိတ်ဘဲ လင်းယတ်နှစ်ချောင်းလုံး မည်သည့်အခါမှ အလွတ်မနေရ။ အနည်းဆုံး တစ်ချောင်းချိတ်ထားရမည်။ ဤသည်ကိုပင် 100% tie off ဟု ခေါ်ခြင်းဖြစ်၏။

ပြုတ်ကျလာသူအား ဖမ်းယူထားသည့်စနစ်မှ ပစ္စည်းအချို့

၁။ ပိုက်ကွန်များ (Nets)

ပိုက်ကွန်များကို ဒုတိယအကာအကွယ်အဖြစ် သုံးလေ့ရှိသည်။ (ပထမအကာအကွယ်မှာ ပြုတ်မကျအောင် ထိန်းပေးသည့် Full body harness နှင့် Life lines များဖြစ်သည်။)

၂။ လေအိတ်များ (Air bags)

            ပြုတ်ကျသူအား အသက်ဆုံးရှုံးခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ ကျိုးကြေခြင်းမဖြစ်စေရန် လေအိတ်များကို အောက်တွင်ခင်းပေးသည့်စနစ်ရှိသော်လည်း စင်ကာပူမှ ဆောက်လုပ်ရေးလုပ်ငန်းများတွင် သုံးသည်ကို တွေ့ရခဲပါသည်။



အသက်ကယ်ကြိုး (Life Lines) များကို ဖမ်းထားသည့်ကိရိယာ (Fall Arrestor) များအဖြစ် အသုံးပြုခြင်း

            ပြုတ်မကျစေရန် ကာကွယ်သည့်စနစ်တွင် အသက်ကယ်ကြိုးများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်၏။

(၁) ရေပြင်ညီ အသက်ကယ်ကြိုး (Horizontal Life Line)

            မြင့်သောကြမ်းပြင်များပေါ်တွင် အလုပ်လုပ်သည့်အခါ ရေပြင်ညီအသက်ကယ်ကြိုးကို သုံးသည်။



(၂) ထောင်လိုက် အသက်ကယ်ကြိုး (Vertical Life Line)



            အသက်ကယ်ကြိုးများအား သတ်မှတ်ထားသော လူအရေအတွက်သာ သုံးရမည်။ ဥပမာ - ရေပြင်ညီအသက်ကယ် ကြိုးတစ်ခုကို လူ ၂ ဦးအတွက်သာ သတ်မှတ်ထားပါက ထိုအသက်ကယ်ကြိုးတွင် လူနှစ်ဦးသာ ကိုယ်သိုင်းကြိုး ချိတ်ရမည်။ လူ သုံးဦးဖြစ်လာပါက နောက်ထပ် အသက်ကယ်ကြိုးတစ်ချောင်းထပ်မံ တပ်ဆင်ရမည်။


Self-Retracting Lifelines

ဤအသက်ကယ်ကြိုးမှာ ကြိုးကို ဘူးအတွင်းခွေသွင်းထား၏။ အတွင်း၌စပရင်ပါသဖြင့် ကြိုးတန်းလန်းကျမနေ။ ဖြည်းညင်းစွာ ကြိုးကိုဆွဲသွင်းဆွဲထုတ် လုပ်ပါက အလိုက်သင့် အတိုအရှည်ဖြစ်မည်။ သို့သော် ကြိုးကို ရုတ်တရက် ဆွဲထုတ်လိုက်ပါက ဘရိတ်ဖမ်းထားလိုက်ပါလိမ့်မည်။ ဤနည်းဖြင့် ရုတ်တရက်အောက်သို့ပြုတ်မကျစေရန် ကာကွယ်ပေး ထား၏။


            Self-Retracting lifeline သည် ဒေါင်လိုက်အတွက်သုံးရန်ဖြစ်ပြီး အလျားလိုက်အတွက် သုံးရန်မဟုတ်ပါ။ အလျား လိုက်အတွက် သုံးလိုလျှင် ထုတ်လုပ်သူ၏ အကြံဉာဏ်ကို ရယူရပါမည်။

ဆက်ပါဦးမည်။

အေးငြိမ်း
၎ မေလ၊ ၂၀၁၃။ ည ၁၀း၀၆ နာရီ






No comments: